News @ M-Media

Category: M-Media Blog

  • # တစ်ကျော့ပြန် #

    # တစ်ကျော့ပြန် #

    ဇန်နဝါရီ ၂၇ ၊ ၂၀၁၅
    M-Media
    10347485_626164910822999_3134236253809444867_n
    ကျည်ဆံတွေကြားမှာ အဖြူ အစိမ်းတွေ

    အဖြူ အစိမ်းတွေကြားမှာ အနီရောင်တွေ

    အနီရောင်တွေကြားမှာ အခွင့်တူကြယ်တွေ

    အခွင့်တူကြယ်တွေကြားမှာ ဥသြဆွဲသံတွေ

    ဥသြဆွဲသံတွေကြားမှာ ကမ္ဘာမကြေသီချင်းသံတွေ

    ကမ္ဘာမကြေသီချင်းသံတွေကြားမှာ သွေးစွန်းလိပ်ပြာတွေ

    သွေးစွန်းလိပ်ပြာတွေကြားမှာ လွတ်မြောက်လိုခြင်းတွေ

    လွတ်မြောက်လိုခြင်းတွေကြားမှာ ယုံကြည်ပြတ်သားခြင်းတွေ

    ယုံကြည်ပြတ်သားခြင်းတွေကြားမှာ အနိဌာရုံမြင်ကွင်းတွေ

    အနိဌာရုံမြင်ကွင်းတွေကြားမှာ ပြက္ခဒိန်စာမျက်နှာတွေ

    ပြက္ခဒိန်စာမျက်နှာတွေကြားမှာ သံသရာစက်ဝိုင်းတွေ

    သံသရာစက်ဝိုင်းတွေကြားမှာ အဖြူ အစိမ်းတွေ

    အဖြူ အစိမ်းတွေကြားမှာ ကျည်ဆံတွေ။

    ကျည်ဆံတွေကြားမှာ ——

    ——————-
    အိမ်ဝေးသူ(KZ)
    ——————-
    မှတ်ချက်။ ပုံများကို အွန်လိုင်းစာမျက်နှာများမှ ရယူပြီး ပေါင်းစည်းထားခြင်းဖြစ်ပါသည်။

  • # သူပေါ့ ( ဦးရာဇတ် ) #

    # သူပေါ့ ( ဦးရာဇတ် ) #

    ဇန်နဝါရီ ၂၅ ၊ ၂၀၁၅
    M-Media
    .အိမ်ဝေးသူ(KZ) ရေးသည်။
    10353114_623435831095907_1811112100575750641_n
    သူပေါ့
    မ,တစ်ထောင်တစ်ကောင်ဘွားဆိုတာ။
    x
    သူပေါ့
    အမျိုးသားရေး တအားတွေးလို့
    ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့တာ။
    x
    သူပေါ့
    “က” နဲ့ “ယ” ခြားနားခြင်းကိုသိခဲ့လည်း
    အမျိုးသားရေးခေါင်းစဉ်အောက်မှာ
    ကွဲပြားခြင်းတွေကို အားအင်ဖြစ်စေခဲ့တာ။
    x
    သူပေါ့
    ရေလိုက်ငါးလိုက်တရား မဟောဘဲ
    အမျိုးသားလွတ်မြောက်ရေးတရား
    အင်တိုက်အားတိုက် ဟောပြောခဲ့တာ။
    x
    သူပေါ့
    ပညာရေးအခြေခံပြီး
    လူငယ့်အင်အားနဲ့တည်ဆောက်ထားတဲ့
    နိုင်ငံတော်ကြီးကို မြင်ယောင်တိုင်း
    ကျောင်းဆရာဖြစ်ရခြင်းကို ဂုဏ်ယူခဲ့တာ။
    x
    သူပေါ့
    ကျော်ကြားမှုကို ရန်သူလိုသဘောထား
    အမှန်တရားကိုတော့ သွေးသားရင်းချာလိုဆက်ဆံ
    အောင်မြင်မှုကို စည်းစိမ်တစ်ခုလိုမခံစားဘဲ
    ပြည်သူ့အောင်ပွဲအတွက် ပညာရေးမီးအိမ်ကို ကိုင်ဆွဲရင်း
    လွတ်မြောက်မှုကို မြတ်နိုးတတ်အောင်
    ချုပ်နှောင်မှုတွေအကြောင်း ထပ်တလဲလဲပြောပြခဲ့တာ။
    x
    သူပေါ့
    တန်းတူညီမျှတရားဟောရင်း
    ခွဲခြားဆက်ဆံခြင်းကို တိုက်ဖျက်ခဲ့တာ။
    ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာရွတ်ရင်း
    ပညာရေးမျိုးစေ့တွေ နေရာအနှံ့ ပျိုးကြဲခဲ့တာ။
    သူ့အခွင့်အရေးအတွက် ထည့်မတွက်ရင်း
    လူ့အခွင့်အရေးအတွက် အသက်စွန့်ခဲ့တာ။
    x
    သူပေါ့
    ငါတို့ အနာဂတ်အတွက် အုတ်မြစ်ချခဲ့တာ။
    ငါတို့ ပညာရေးအတွက် လမ်းပြဆောင်ခဲ့တာ။

    ——————-
    အိမ်ဝေးသူ(KZ)
    ——————-
    မှတ်ချက်။
    ပြည်သူချစ်ခဲ့သော အမျိုးသားပညာရေးကျောင်းဆရာကြီး(၀န်ကြီး) ဦးရာဇတ်
    တမလွန်၌ သာယာအေးချမ်းပါစေ။ မျက်မှောက်ခေတ်ကာလ ပညာရေးစနစ်ကိုကြည့်ပြီး
    ဘဝတစ်ပါးရောက် ဆရာကြီး စိတ်မချမ်းမြေ့ ဖြစ်ရခြင်းမှကင်းဝေးပါစေ။

  • စကားကို ပြောမည်ဆို (M-Media Blog ကဏ္ဍ)

    စကားကို ပြောမည်ဆို (M-Media Blog ကဏ္ဍ)

    ဇန်နဝါရီ ၁၅ ၊ ၂၀၁၅
    M-Media
    .ရေးသူ-ချယ်ရီမင်းဆွေ
    images11
    စကားသည် တစ်ဦးနှင့် တစ်ဦးကြား ဆက်သွယ်သော ဆက်သွယ်ရေး ကိရိယာ ပင်ဖြစ်သည်။

    လူတို့သည် အမိဝမ်းတွင်းမှ ကျွတ်ပြီးနောက် အချိန်တန်လျှင် စကားပြောကြပေမယ့် စကားပြောသူတိုင်း စကားပြောတတ်ကြသည်ဟု မဆိုနိုင်ပါ။

    စကားပြောအတတ်သည် ဂရိနိုင်ငံက စတင်ခဲ့သည်ဟု အနောက်နိုင်ငံသားများက ယူဆကြသည်။ဂရိလူမျိုးတို့သည် စကားပြော အတတ်ကို ဟောပြောမှု  ပညာတရပ် အနေနှင့် လိုက်စားခဲ့ကြ၏။ ရှေးဟောင်းဆိုးဖစ်များသည် စကားပြောရာနှင့်ဆိုင်သော တက္ကနယ များကို ကြံဆခဲ့ကြသည်..ဟု မှတ်သားဖူးပါသည်။

    စကားတခွန်းကြောင့် ပျော်ရွှင် ကြည်နူး ရတာမျိုးရှိနိုင်သလို စိတ်ထိခိုက် ၀မ်းနည်းရတာမျိုးလည်း ရှိနိုင်ပါသည်။

    တဖန်” စကား စကား ပြောပါများ စကားထဲက ဇာတိပြ” ဆိုထားသလိုပါဘဲ မိမိပြောလိုက်သော စကားများကြောင့်မိမိ၏ အဆင့်အတန်းကို အလွယ်တကူပင် စကားများမှတဆင့်သိနိုင်ပါသည်.။ဒီနေရာမှာ ငါ့စကားနွားရ ….ဘယ်သူသေသေ
    ငတေမာ ပြီးရော သဘောရှိပြောတတ်သူများ အထူးသတိထားရမှာပင် ။

    တချို့တွေရဲ့ “နှုတ်ချို သျှိုတပါး” ဆိုသည့်အတိုင်း မိမိပြောလိုသော အဓိပ္ပါယ်ကို သူတပါးနားထဲ စွဲငြိသွားအောင်.. သူတပါး နာခံလိုအောင် ပြောတတ်ခြင်းမှာလည်း ပညာတရပ်ပင်တည်း.။

    ဘာရယ်မဟုတ် မိမိပြောလိုက်သော စကားကြောင့် သူတပါး စိတ်ပျော်ရွှင်ချမ်းမြေ့သွားလျှင် မိမိအတွက် ပီတိဖြစ်စေနိုင် သလို….အမှတ်တမဲ့ မစဉ်းစားမဆင်ခြင်ဘဲ ပြောလိုက်သောစကားကြောင့်သူတပါး နာလို ခံရခက် စိတ်ထိခိုက်သွားလျှင်လည်း မကောင်းပါရှင့်..။

    “ကျီစားသန်က ရန်များ၏” ဆိုတဲ့အတိုင်း ပြောမနာဆိုမနာ သူငယ်ချင်းအချင်းချင်း အပျော်သဘော ပြောလိုက်မိသော စကားကြောင့် တခါတရံ ပြောခံရသူမှ စိတ်ဆိုးသွားတာမျိုး ရှိနိုင်သလို…တခါတရံ အချင်းချင်း နားလည်ပေမယ့် ဘေးလူမှ အထင်အမြင်လွဲပြီး မခံရပ်နိုင် ဖြစ်ရသည်များလည်း ရှိတတ်ပါတယ်..

    ဒါကြောင့် စကားတခွန်းပြောမည် ဆိုလျှင် အရင်ဆုံး မိမိပြောမည့် စကားကသူတပါးကို မထိခိုက်မိဖို့အရေးကြီးတယ်လို့ထင်ပါတယ်.။ မိမိကြောင့် သူတပါး စိတ်အနာတရ မဖြစ်စေဖို့ပေါ့။

    ” ချစ်စေလို ခံတွင်းလက်လေးသစ်
    မုန်းစေလို ခံတွင်းလက်လေးသစ်” ….

    ဟူသောစကားပုံဆိုရိုးလည်း ရှိသည် မဟုတ်ပါလားရှင်….

    ———————————–

    M-Media Blog ကဏ္ဍတွင် ဖော်ပြပေးစေလိုသူများ [email protected] သို့ စာမူများ ပေးပို့နိုင်ပါသည်။

  • အကျဉ်းကျ လွတ်မြောက်ခြင်း  (ကဗျာ)

    အကျဉ်းကျ လွတ်မြောက်ခြင်း (ကဗျာ)

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    .ရေးသူ- အိမ်ဝေးသူ(KZ)
    10675583_616689455103878_6150379180485164092_n (1)
    မလွတ်လပ်ခြင်းက
    လွတ်လပ်ခြင်းကို နှုတ်ဆက်။

    မလွတ်မြောက်နိုင်သူတွေက
    လွတ်မြောက်သွားသူတွေကို တမ်းတ။

    အကျဉ်းကျသူတွေရဲ့
    လွတ်မြောက်လိုခြင်းသံစဉ်တွေကြောင့်
    အကျဉ်းကျခြင်းတွေ သက်တမ်းတိုးကြရ။

    ပြီးဆုံးခဲ့ပြီးသား အတိတ်တစ်ခုရဲ့
    ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေနဲ့အတူ
    မပြီးဆုံးသေးတဲ့ ပစ္စုပ္ပန်တွေ ပြိုလဲကျ။

    ဒီလိုနဲ့
    လွတ်မြောက်ခြင်းအတုကြားက
    မလွတ်မြောက်ခြင်းအစစ်ဟာလည်း
    သက်ဆိုးတစ်နှစ် ရှည်ခဲ့ရ။

    ——————-
    အိမ်ဝေးသူ(KZ)
    ——————-

  • ” စောင့်ကြသူများ” (ကဗျာ)

    ” စောင့်ကြသူများ” (ကဗျာ)

    ဒီဇင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    .ရေးသူ-အိမ်ဝေးသူ(KZ)

    10425095_607026392736851_7121517094900951877_n

    ငါတို့စောင့်ခဲ့ကြတယ်
    မျှော်လင့်ချက်တို့ ပျောက်ရှခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    ယုံကြည်ချက်တို့ မှေးမှိန်ခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    လူမမည်ရှိုက်သံတို့ တိမ်ဝင်ခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    သမီးပျိုတို့ အခါမလင့်ခင် အပျိုရည်လွင့်ခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    အသိုက်အမြုံတို့ ကြေမွပျက်ဆီးခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    သက်ဝင်ယုံကြည်မှုတို့ ချနင်းခံခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    သူရဲကောင်းတို့သွေး မြေခခဲ့တဲ့အထိ။

    ငါတို့စောင့်ခဲ့ကြတယ်
    စောင့်ခဲ့ကြတာ…အနှစ် နှစ်ဆယ်ကျော်တဲ့အထိ။

    ငါတို့စောင့်နေကြစဲ
    ဖုန်းဆိုးမြေမှာ ဖြစ်တည်လာမယ့်
    ပန်းခင်းကြီးကို မျှော်မှန်းရင်း။

    ငါတို့စောင့်နေကြစဲ
    မုန်တိုင်းနောက်က တိုက်ခတ်လာမယ့်
    လေပြည်အေးကို တောင့်တရင်း။

    ငါတို့စောင့်နေကြစဲ
    အလင်းထဲမှာ (မှောင်မိုက်စွာ) နေထိုင်ရင်း
    အမှောင်ထဲမှာ (လင်းလက်စွာ) ရှင်သန်ရင်း
    ငါတို့တတွေ..
    စောင့်ရင်းနဲ့ စောင့်ခဲ့ကြတယ်။
    စောင့်လက်စနဲ့ စောင့်နေကြစဲ။

    ——————–
    အိမ်ဝေးသူ(KZ)
    ——————–