News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • ခရိုက်ချက်ဗလီ အကြမ်းဖက်ခံရမှုရုံးချိန်တွင် နာဇီသီချင်းလာဖွင့်သည့် အမျိုးသားကို နယူးဇီလန် ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲ

    ခရိုက်ချက်ဗလီ အကြမ်းဖက်ခံရမှုရုံးချိန်တွင် နာဇီသီချင်းလာဖွင့်သည့် အမျိုးသားကို နယူးဇီလန် ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲ

    ဇွန် ၁၄၊ ၂၀၁၉
    M-Media

    အကြမ်းဖက်မှုမှ လွှတ်မြောက်လာသူ အဘ်ဒူလ်အဇစ် (ယာ)က၊
    ရိုဒရစ် ဝိန်းဝုဒ်စ် (ဝဲ) ကို ထွက်သွားရန် ဖျောင်းဖျနေစဉ်

    -ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ ရုံးချိန်းမှာ တရားရုံးရှေ့လာရောက်ပြီး နာဇီသီချင်း ဖွင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို နယူးဇီလန်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပါတယ်။

    လူ ၅၀ သေဆုံးခဲ့တဲ့ အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူ ဘရန်တန် တားရန့်ကို မနေ့က ခရိုက်ချက်မြို့ ဟိုက်ကုတ်တရားရုံးမှာ ဗီဒီယိုကနေတစ်ဆင့် ကြားနာ စစ်ဆေးခဲ့ပါတယ်။

    ကြားနာမှုအပြီး လူတွေ ပြန်ထွက်လာတဲ့အချိန်မှာ အသက် ၃၃ နှစ်အရွယ် ရိုဒရစ် ဝိန်းဝုဒ်စ်ဆိုသူက တရားရုံးရှေ့မှာ နာဇီသီချင်း ဖွင့်ခဲ့ပြီး တရားရုံးလာရောက်တဲ့ ကျန်ရစ်သူမိသားစုတွေကိုလည်း လူမျိုးရေး၊ ဘာသာရေးစော်ကားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဝိန်းဝုဒ်စ်ကို ဖမ်းဆီးကာ မလျော်ကန်တဲ့ အပြုအမူ ပြုလုပ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

    တရားသူကြီးက နောက်ပိုင်းမှာ ဝိန်းဝုဒ်စ်ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့မှာ အမှုကိုကြားနာဖို့ ရုံးချိန်ပေးခဲ့ပါတယ်။ ပြစ်မှုထင်ရှားရင် သူဟာ အမြင့်ဆုံး ဒဏ်ငွေ ကန်ဒေါ်လာ တစ်ထောင် ပေးဆောင်ရမှာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အလ်နူရ် ဗလီနဲ့ လင်ဝုဒ် ဗလီတွေရဲ့ ပတ်ဝန်းကျင် မီတာ ၅၀ အတွင်း မ၀င်ဖို့၊ သြဂုတ်လ ၁၆ ရက်နေ့ တားရန့်ရဲ့ ရုံးချိန်းမှာ တရားရုံးပတ်ဝန်းကျင် မီတာ ၅၀၀ အတွင်း မလာဖို့လည်း တရားသူကြီးက အမိန့်ပေးခဲ့ပါတယ်။

    မနေ့က ကြားနာမှုမှာ တားရန့်က တိုက်ခိုက်မှုတွေအတွက် သူ့မှာ အပြစ်မရှိဘူးလို့ ရှေ့နေကတစ်ဆင့် လျှောက်လှဲခဲ့ပါတယ်။ သြစတေးလျ နိုင်ငံသား တားရန်ဟာ ဥရောပက လူဖြူအစွန်းရောက်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ နယူးဇီလန်နဲ့ သြစတေးလျ အာဏာပိုင်တွေက
    သတင်းထုတ်ပြန်ထားပါတယ်။

    Ref: nzherald

  • အစ္စလာမ်ဘာသာအား လက်ခံယုံကြည်ရသည့်အကြောင်းကို မန်ယူတိုက်စစ်မှူး ပေါ့ဘာ ဖွင့်ဟ

    အစ္စလာမ်ဘာသာအား လက်ခံယုံကြည်ရသည့်အကြောင်းကို မန်ယူတိုက်စစ်မှူး ပေါ့ဘာ ဖွင့်ဟ

    ဇွန် ၁၂၊ ၂၀၁၉
    M-Media

    -အစ္စလာမ်ဘာသာကို အရွယ်ရောက်လာမှ လေ့လာသက်ဝင်တာဖြစ်ပြီး အစ္စလာမ်သာသနာရဲ့
    သွန်သင်ချက်တွေက မိမိကို ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်စေတယ်လို့ မန်ချက်စတာယူနိုက်အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာက ဗြိတိန်သတင်းစာ The Times ရဲ့ podcast အစီအစဉ်မှာ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

    The Times သတင်းစာက မနေ့မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးမှာ ပေါ့ဘာဟာ သူယုံကြည်တဲ့ အယူဝါဒအကြောင်း၊ ဘောလုံးလောက လူမျိုးရေးခွဲခြားမှုတွေအကြောင်း၊ သူ့ရဲ့ ဆံပင်စတိုင်အကြောင်း၊ ဖခင်တစ်ယောက်ဖြစ်ရတဲ့ ပီတိ စတာတွေကို ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

    နာမ်ပိုင်းဆိုင်ရာ သက်ဝင်ယုံကြည်မှုနဲ့ပတ်သက်လို့ ပြောကြားရာမှာ ပေါ့ဘာက သူ့အမေဟာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဘာသာရေးလေးစားပေမယ့် သူကတော့ အစ္စလာမ်ဘာသာဝင်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာ မဟုတ်ဘူးလို့ ၀န်ခံခဲ့ပါတယ်။

    အရွယ်ရောက်လာတဲ့အခါမှာ နာမ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ မိမိကိုယ်ကိုယ် မေးခွန်းတွေ ထုတ်ကာ ဘာသာတရားတွေကို လေ့လာဆန်းစစ်မှု လုပ်ဆောင်ခဲ့တယ်လို့လည်း ပေါ့ဘာက ဆိုပါတယ်။

    အွမ္မရာဟ်ဘုရားဖူး သွားရောက်ခဲ့သည့် ပေါ့ဘာ

    “အစ္စလာမ်မှာ အားလုံးပြည့်စုံပါတယ်။ ဘ၀မှာ နေတတ်ထိုင်တတ်အောင် သွန်သင်ပေးတယ်။ ကျွန်တော့်ကို ပြောင်းလဲပေးတယ်။ ဘ၀ဆိုတာကို ပိုပြီး နားလည်လာစေတယ်။ နာမ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှုကိုလည်း အစ္စလာမ်က ပေးပါတယ်။ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အဖြစ် ကြီးပြင်းခဲ့တာ မဟုတ်ပါဘူး။ အမေကတော့ မွတ်စလင်တစ်ယောက်ပါ”

    အစ္စလာမ်ဘာသာကို သင်ဝင်ယုံကြည်ပြီးတဲ့နောက် ပိုမိုကောင်းတဲ့ လူသားတစ်ယောက် ဖြစ်လာတယ်လို့လည်း ပေါ့ဘာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကိစ္စတော်တော်များများနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီး မေးခွန်းထုတ်တယ်။ လေ့လာဆန်းစစ်မှုတွေလည်း လုပ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဘုရားတစ်ခါ ၀တ်ပြုပြီးတဲ့နောက် ထူးထူးခြားခြား ခံစားလိုက်ရတယ်။ သိပ်ကို အေးချမ်းတဲ့ ခံစားမှုမျိုးပါ”

    အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပြင်သစ်နိုင်ငံသား ပေါ့ဘာဟာ ချယ်ဆီးနောက်ခံလူ ကာ့တ် ဇူမာနဲ့အတူ ပြီးခဲ့တဲ့လက ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို အွမ္မရာဟ်ဘုရားဖူး သွားရောက်ကာ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ဓာတ်ပုံတွေ လွှင့်တင်ခဲ့ပါတယ်။

    အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ခဲ့တဲ့ ရည်ရွယ်ချက်တွေထဲမှာ မိမိကိုယ်ကို ထိန်းချုပ်လိုတဲ့ ဆန္ဒလည်း ပါဝင်တယ်လို့ ပေါ့ဘာက အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အစ္စလာမ်က ကျွန်တော့်နှလုံးသားကို ဖွင့်ပေးတယ်။ ပိုကောင်းတဲ့ လူသားတစ်ယောက်ဖြစ်အောင် လုပ်ပေးတယ်လို့တောင် ဆိုနိုင်ပါတယ်။ လူသားတွေမှာ အချင်းချင်း ဆက်ဆံရေးတွေ၊ အပြန်အလှန်လေးစားမှုတွေ၊ အသားအရောင်ဆိုတာတွေ ရှိကြတယ်။ အစ္စလာမ်ဟာ အဲဒီ လူသားဝါဒကို အလေးထားတဲ့ ဘာသာတရား ဖြစ်ပါတယ်”

    ပေါ့ဘာကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်စားထက်သန်နေပြီး မန်ယူနည်းပြ ဆိုးလ်ရှားက ရောင်းချမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    Ref : The Times

  • အေသင်မြို့၏ ပထမဆုံးဗလီ စက်တင်ဘာတွင် ဖွင့်လှစ်မည်

    အေသင်မြို့၏ ပထမဆုံးဗလီ စက်တင်ဘာတွင် ဖွင့်လှစ်မည်

    ဇွန် ၈၊ ၂၀၁၉
    M-Media

    အေသင် ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်း

    − အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ဆောက်လုပ်ထားတဲ့ အေသင်မြို့က ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို လာမယ့် စက်တင်ဘာလမှာ ဖွင့်လှစ်နိုင်တော့မယ်လို့ ဂရိ ပညာရေးနဲ့ သာသနာရေးဝန်ကြီး Kostas Gavroglou က မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အေသင်မြို့လယ်ကောင်မှာရှိတဲ့ အဲဒီဗလီဝတ်ကျောင်းတော်ဟာ လွန်ခဲ့တဲ့ ၃ နှစ် လွှတ်တော်က အတည်ပြုပြီးတဲ့နောက်ပိုင်း ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီး Kostas Gavroglou ဟာ သောကြာနေ့က တာဝန်ရှိသူတွေနဲ့အတူ ဆောက်လုပ်ဆဲ ဗလီဝတ်ကျောင်းတော်ကို လာရောက် ကြည့်ရှုခဲ့ပါတယ်။

    “အေသင်ဗလီ ရှေ့ဆောင်အီမာမ်ရဲ့ ပထမဆုံးဝတ်ပြုမှုကို တွေ့ရတော့မယ်ဆိုတော့ သိပ်ကောင်းပါတယ်။ စက်တင်ဘာလောက်မှာ စတင် ၀တ်ပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။

    ကန်ဒေါ်လာ ၁ သန်းနီးပါး ကုန်ကျခဲ့တဲ့ အေသင်က ဒီဗလီဟာ ကမ္ဘ္ဘာပေါ်က တစ်ခြားဗလီဝတ်ကျောင်းတော်တွေလို အမိုးခုံးတွေ၊ ၀တ်ပြုဖို့နှိုးဆော်တဲ့ မျှော်စင်တွေ မပါဝင်ပါဘူး။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုကို ကန့်ကွက်တဲ့အုပ်စုတွေ ရှိခဲ့ပေမယ့် အစိုးရက ပြေလည်အောင် ညှိနှိုင်းပေးနိုင်ခဲ့ပါတယ်။ ဒီဗလီဟာ နှစ်ပေါင်း ၁၈၀ အတွင်း အေသင်မြို့ရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော်ဟာ တစ်ချိန်တည်းမှာ လူပေါင်း ၃၅၀ လောက် ၀တ်ပြုနိုင်မှာပါ။

    ဂရိ သာသနာရေးဝန်ကြီး Kostas Gavroglou က ဗလီဟာ တစ်ဦးပိုင်မဟုတ်ဘဲ အများပိုင်နေရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီနေရာက တစ်ဦးပိုင်နေရာမဟုတ်ဘူး။ ပြည်သူအားလုံး ပိုင်တဲ့နေရာပါ။ လူတစ်ဦး၊ လူတစ်စု ဒါမှမဟုတ် နိုင်ငံခြား တိုင်းပြည်တစ်ခုက ပိုင်ဆိုင်တာမျိုး မဟုတ်ပါဘူး”

    ဂရိတ်အားအေသင် ဒေသမှာ အစ္စလာမ်ဘာသာဝင်ပေါင်း ၃ သိန်းလောက်ရှိပြီး ၂၀၀၇ ခုနှစ်ကတည်းက ဗလီဝတ်ကျောင်းတော်တစ်လုံး တည်ဆောက်ဖို့ အစိုးရထံ ခွင့်တောင်းခဲ့ပေမယ့် ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်၊ အမျိုးသားရေးအုပ်စုတွေက ကန့်ကွက်တာကြောင့် ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။

    Ref : Aljazeera

  • အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် ကျောင်းသူတစ်ဦးကို အီရန်တွင် တွေ့ရှိ

    အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် ကျောင်းသူတစ်ဦးကို အီရန်တွင် တွေ့ရှိ

    ဇွန် ၂၊ ၂၀၁၉
    M-Media


    အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်သည့် တာရာ ရှာရီဖီ

    -အီရန်နိုင်ငံက အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဟာ မှတ်ဉာဏ်စွမ်းအား သတ်မှတ်ချက် IQ မှာ ကမ္ဘာကျော် သိပ္ပံပညာရှင်တွေဖြစ်တဲ့ အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့ထက် ပိုမိုသာလွန်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    တာရာ ရှာရီဖီဆိုတဲ့ မိန်းကလေးဖြစ်ပြီး IQ စစ်ဆေးမှုမှာ ၁၆၂ မှတ် ရခဲ့ပါတယ်။ ဒါဟာ ‘ဉာဏ်ကြီးရှင်’ လို့ သတ်မှတ်ထားတဲ့အမှတ် ၁၄၀ ထက် ပိုမိုကျော်လွန်နေတာဖြစ်ပြီး သိပ္ပံပ္ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း၊ အာကာသပညာရှင် စတီဖင်ဟော့ကင်းတို့ထက် ၂ မှတ် သာလွန်နေတာပါ။

    “စစ်ဆေးတဲ့အဖြေရတော့ သမီး အရမ်းတုန်လှုပ်သွားတယ်။ ဒီလောက်ကောင်းတဲ့အမှတ်မျိုး ရမယ်လို့ မထင်မိခဲ့ဘူး” လို့ ရှာရီဖီက ပြောကြားခဲ့ပါတယ်။

    သူမဟာ အောက်စဖို့ဒ် တက္ကသိုလ်က IQ စစ် စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့တာပါ။ စာမေးပွဲမှာ နှုတ်ဖြေ မဖြေရဘဲ စကားလုံးတွေအပေါ် နားလည်နိုင်မှုကိုသာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

    “IQ စစ် စာမေးပွဲကို ၀င်ဖြေဖို့အတွက် မိဘတွေနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာပါ။ Mensa စနစ်မှာ သမီးတို့နိုင်ငံကလူတွေကို တွေ့ခွင့်ရခဲ့တာဟာ အင်မတန်ကောင်းတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” လို့ ရှာရီဖီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမှတ်အလွန်ကောင်းနေတာကြောင့် ရှာရီဖီဟာ အခုအချိန်မှာတော့ IQ မြင့်မားတဲ့သူတွေရဲ့ အဖွဲ့ဖြစ်တဲ့ Mensa မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။ သူမကတော့ အဖွဲ့ရဲ့ အေခမ်းအနားတွေမှာ အခြားသော အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျောင်းကသူငယ်ချင်းတွေကို ပြောပြတော့ သူတို့ တော်တော်လေး အံ့သြသွားကြတယ်။ ကြီးလာရင် သင်္ချာနဲ့ပတ်သက်တဲ့ အလုပ်တွေကို လုပ်ချင်ပါတယ်”

    ရှာရီဖီရဲ့ ဖခင်က သမီးဖြစ်သူရဲ့ IQ ဒီလိုမြင့်မားနေတဲ့အတွက် အလွန်အံ့သြရပြီး ဂုဏ်လည်းယူတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : IFP News

  • ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် လန်ဒန်ဗလီတစ်လုံးက ကလေးဆေးရုံကို ငွေသား လှူဒါန်း

    ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် လန်ဒန်ဗလီတစ်လုံးက ကလေးဆေးရုံကို ငွေသား လှူဒါန်း

    ဇွန် ၁၊ ၂၀၁၉
    M-Media

    လှူဒါန်းမှုမြင်ကွင်း

    -ရမ်ဇာန်ဥပုသ်လအတွင်း အကူအညီလိုသူတွေကို ထောက်ပံ့ကူညီမှု တစ်စတ်တစ်ပိုင်းအဖြစ် လန်ဒန်မြို့ အရှေ့ပိုင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ ဒေသတွင်း ကလေးဆေးရုံတစ်ခုကို ငွေကြေးလှူဒါန်းခဲ့ပြီး၊ လူထုအသိပညာပေးရေး လှုပ်ရှားမှုတစ်ခုကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

    ဘာ့ကင်းမြို့ အလ်-မဒီနာ ဗလီက Richard House Children’s Hospice ကလေးဆေးရုံကို လှူဒါန်းခဲ့တဲ့ အလှူငွေ စတာလင်ပေါင် ၃ ထောင်ကို ၀တ်ပြုဖို့ လာရောက်သူတွေက ထည့်ဝင်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

    “အားကျိုးမာန်တက် ၀န်ဆောင်မှုပေးနေတဲ့ ဒီကလေးဆေးရုံကို လှူဒါန်းခွင့်ရတဲ့အတွက် ဗလီဝတ်ကျောင်းတော်က ဂုဏ်ယူမိပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေကို အထောက်အကူဖြစ်စေဖို့အတွက် ကျွန်တော်တို့ တစ်ဖက်တစ်လမ်းက ကူညီပေးတာပါ” လို့ ဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းရေးမှူး အက်ရှ် ဆစ်ဒစ်က် က ပြောကြားခဲ့ပါတယ်။

    “ဒီဆေးရုံက ပေးအပ်တဲ့ ၀န်ဆောင်မှုကို မွတ်စလင်လူ့အဖွဲ့အစည်းက ကလေးငယ်တွေလည်း ခံစားရပါတယ်။ အသိပညာပေးတာ၊ တိုက်တွန်းအားပေးတာ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်တာတွေလို ပူးပေါင်းမှုတွေကနေတစ်ဆင့် ကျွန်တော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက် အောင်မြင်မှာ ဖြစ်ပါတယ်”

    ကလေးဆေးရုံအကြောင်း အသိပညာပေးတဲ့ လှုပ်ရှားမှုကိုလည်း အလ်-မဒီနာဗလီ တာဝန်ရှိသူတွေက အခြား ဗလီဝတ်ကျောင်းတော်တွေမှာ လုပ်ခဲ့ပြီး လူထုကို ဆေးရုံနဲ့ ဆေးရုံကပေးတဲ့ ၀န်ဆောင်မှုတွေအကြောင်း ရှင်းပြတာ၊ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဆေးရုံအကြီးအကဲ ခရစ် ဘေကာက အလ်-မဒီနာဗလီဝတ်ကျောင်းတော်ရဲ့ ဒီလို ပံ့ပိုးကူညီမှုအတွက် အလွန်ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ သုံးစွဲရတဲ့ ငွေကြေးရဲ့ ၄ ပုံ ၁ ပုံကိုသာ အစိုးရက ထောက်ပံ့တာပါ။ ကျွန်တော်တို့ ၀န်ဆောင်မှုပေးရာမှာ ဒေသခံတွေရဲ့ ကူညီပံ့ပိုးမှုတွေက သိပ်ကို အရေးပါပါတယ်”

    ဆေးရုံရဲ့ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ မန်နေဂျာ ဂျော်ဒန် ရပ်ဆဲလ်က “ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဗလီရှေ့မှာ ကျွန်တော်တို့ ဆေးရုံအကြောင်း လူထုကို သတင်းစကားပါးခဲ့တဲ့ အလ်-မဒီနာဗလီရဲ့ လှုပ်ရှားမှုကို ကျွန်တော့်အနေနဲ့ အရမ်းကျေးဇူးတင်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်တွေ၊ ဘ၀ရှင်သန်ဖို့ အခက်အခဲရှိတဲ့ ကလေးငယ်တွေကို ကူညီပေးဖို့ ကျွန်တော်တို့ ဒီမှာရှိနေတယ်ဆိုတာကို ဒေသခံ ပြည်သူတွေ သိရှိဖို့ လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    Ref: Barking and Dagenham Post