News @ M-Media

Category: ကမ္ဘာ့မွတ်စလင် သတင်းများ

  • Google က ဂုဏ်ပြုတဲ့ ပါရှန်သိပ္ပံပညာရှင် အိုမာရ်ခေယမ်ဆိုတာ ဘယ်သူလဲ

    Google က ဂုဏ်ပြုတဲ့ ပါရှန်သိပ္ပံပညာရှင် အိုမာရ်ခေယမ်ဆိုတာ ဘယ်သူလဲ

    မေ ၁၉၊ ၂၀၁၉
    M-Media

    -Google ဟာ မနေ့က သူ့ရဲ့ Home page စွယ်စုံရ ပညာရှင်ကြီးတစ်ယောက်ရဲ့ ပုံကို လွှင့်တင်ပြီး သူ့ရဲ့ အောင်မြင် ကျော်ကြားမှုကို ဂုဏ်ပြုခဲ့ပါတယ်။

    ပါရှန်းပညာရှင်ကြီး အိုမာရ် ခေယမ်ရဲ့ ပုံဖြစ်ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံက Home page တွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ခေယမ်ရဲ့ပုံ အပါအ၀င် သူ့ရဲ့ အောင်မြင်မှုတွေကိုလည်း Google က တစ်ပါတည်း ဖော်ပြခဲ့ပါတယ်။ Google ဟာ ခေယမ်မွေးဖွားမှု ၉၇၁ နှစ် ပြည့်မြောက်မှုကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။

    အိုမာရ်ခေယမ်ကို ခရစ်သက္ကရာဇ် ၁၀၄၈ ခုနှစ်မှာ ယနေ့ အီရန်နိုင်ငံလို့ခေါ်တဲ့ဒေသက ကုန်သွယ်ရေးမြို့ နရှီပူးရ်မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က ကြွယ်ဝတဲ့ ဆေးဆရာတစ်ယောက်ဖြစ်ပြီး ခေယမ်ဟာ နီရှာပူးရ်မြို့က ဗလီရှေ့ဆောင်အီမာမ် မိုဝက်ဖက် နီရှာပူရီ၊ ရှိခ်မိုဟာမက် မန်ဆူရီတို့အပါအ၀င် ပါရှန်နဲ့ အာရပ် ပညာရှင်တွေဆီမှာ သိပ္ပံ၊ ဒဿနနဲ့ သင်္ချာပညာရပ်တွေကို လေ့လာဆည်းပူးကာ ထူးထူးချွန်ချွန် တတ်မြောက်ခဲ့ပါတယ်။

    အသက် ၁၈ နှစ်မှာ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ ခေယမ်ဟာ ကုန်သည်တွေနဲ့ ခရီးထွက်ရာကနေ သိပ္ပံနဲ့ ဂဏန်းသင်္ချာမှာ ထူးချွန်တာကြောင့် ပါရှန်ဘုရင် ရှမ် အလ်-မွတ်လ်က သူ့အနားမှာ ခေါ်ထားကာ ချီးမြှင့်မြှောက်စားခဲ့ပါတယ်။

    အသက် ၂၂ နှစ်အရွယ်မှာပဲ သင်္ချာဆိုင်ရာကျမ်းကြီး Treatise on Demonstration of Problems of Algebra and Balancing ကို ရေးသားပြီးစီးခဲ့ကာ နာမည်ကျော်ကြားခဲ့ပါတယ်။ အဲဒီကျမ်းကြီးထဲမှာ ခေယမ်ဟာ cubic equation၊ quadratic equation နဲ့
    သင်္ချာဆိုင်ရာ ပြဿနာတွေကို အသေအချာ ရှင်းပြခဲ့ပါတယ်။

    ခေယမ်ဟာ သင်္ချာ၊ နက္ခတဗေဒနဲ့ ဒဿနဆိုင်ရာ အခြား စာအုပ်တွေကိုလည်း ရေးသားခဲ့ပြီး သူ့ရဲ့ သင်္ချာကျမ်း တော်တော်များများဟာ ဂရိပညာရှင်ကြီး ယူကလစ်ရဲ့ သင်္ချာဆိုင်ရာ အတွေးအခေါ်ကနေ ဖောက်ထွက်ကာ ခေတ်သစ် သင်္ချာပညာရပ် ဖြစ်လာဖို့အတွက် လမ်းခင်းပေးခဲ့ပါတယ်။

    အသက် ၂၆ နှစ်အရွယ်မှာပဲ ခေယမ်ဟာ အလ်-မွတ်လ် အကူအညီနဲ့ အစ္စဖာဟန်မြို့မှာ သုတေသနဌာနတစ်ခု တည်ဆောက်ခဲ့ပြီး ပါရှန်ပြက္ခဒိန်ကိုလည်း ပြုပြင်ပြောင်းလဲခဲ့ပါတယ်။

    အနောက်တိုင်းမှာ ကျော်ကြားခဲ့တဲ့ ခေယမ်ရဲ့ လက်ရာကတော့ Rubáiyát လို့ခေါ်ဆဲ့ လေးကြောင်းကဗျာစာအုပ်ကြီး ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ၁၈၀၀ ပြည့်နှစ်တွေမှာ အဒ်ဝပ် ဖစ်ဂျာရဲလ်က အင်္ဂလိပ်ဘာသာကို ပြန်ဆိုကာ Rubáiyát of Omar Khayyám ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။

    အိုမာရ်ခေယမ်ဟာ အသက် ၈၃ နှစ်အရွယ် ၁၁၃၁ ခုနှစ်မှာ နီရှာပူးရ်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာတော့ ရှားဘုရင်ဟာ ခေယမ်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ပြန်လည်တူးဖော်ကာ နီရှာပူးရ်မြို့က အထိမ်းအမှတ်ဂူဗိမာန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ခေယမ်ရဲ့ ဂူဗိမာန်က ကမ္ဘ္ဘာ့လှည့်ခရီးသွားတွေ စိတ်ဝင်စားရာနေရာတစ်ခု ဖြစ်နေပါတယ်။

    ခေမ်ယမ်ရဲ့ မိသားစုအကြောင်းကို အသေးစိတ်မသိရဘဲ ဇနီးနဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

    Google ဟာ ၂၀၁၂ ခုနှစ်ကလည်း သူ့ရဲ့ Home page မှာ ခေယမ်ကို အခုလို ဂုဏ်ပြု ဖော်ပြခဲ့ဖူးပါတယ်။

    Ref: Economic Times

  • နယ်သာလန်ဘုရင် ဝီလီယံ မွတ်စလင်များနှင့်အတူ စုပေါင်းဝါဖြေ

    နယ်သာလန်ဘုရင် ဝီလီယံ မွတ်စလင်များနှင့်အတူ စုပေါင်းဝါဖြေ

    မေ ၁၈၊ ၂၀၁၉
    M-Media

    နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါး (ရွှေရောင်ဆံပင်ဖြင့်)

    – နယ်သာလန်ဘုရင် ဝီလီယံ အလက်ဇန်းဒါးဟာ မနေ့က သည်ဟေ့ဂ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ စုပေါင်းဝါဖြေခဲ့တယ်လို့ သိရပါတယ်။

    ဘုရင် ဝီလီယံဟာ အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းဝါဖြေတဲ့ Mandelaplein စင်တာကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲနဲ့ ရုတ်တရက် လာရောက်ခဲ့တာဖြစ်ပြီး ပြည်သူတွေက အံ့အားသင့်သွားခဲ့ကြပါတယ်။ ဘုရင်ကတော့ ပြည်သူတွေ ၀န်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတဲ့အတွက် ကြိုတင်အကြောင်းမကြားတာလို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ အစ်ဖ်သာရ်ဝါဖြေပွဲမှာ အခြားသော ဘာသာဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

    ဘုရင်ဝီလီယံဟာ စင်တာအတွင်းက စားပွဲတွေကို လှည့်လည်စားသောက်ခဲ့ပြီး ဝါဖြေသူတွေ၊ စင်တာလုပ်သားတွေနဲ့လည်း စကားစမြည် ပြောဆိုခဲ့ပါတယ်။ Mandelaplein စင်တာရဲ့အကြောင်း၊ စင်တာမှာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေအကြောင်းကိုလည်း ဘုရင်က မေးမြန်းခဲ့ပါတယ်။

    စင်တာမှာ လုပ်အားပေးတဲ့ နီဒီးရ် အဘ်ဒဲလ် မူမင်က ဘုရင်ကြီးကို ရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ ပြောစရာစကား ရှာမတွေ့ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

    “ဘာအကြောင်း ပြောရမလဲ၊ နိုင်ငံရေးအကြောင်းပဲ ပြောရမလားပေါ့။ ဘုရင်ကြီးက မော်ရိုကိုရောက်တုန်း သူ သွားလည်ခဲ့တဲ့ဒေသအကြောင်းတွေ ပြောတော့မှပဲ အဆင်ပြေသွားတယ်။ ဒီဝါဖြေပွဲဟာ သူ့အတွက် ပထမဆုံး ဝါဖြေပွဲဖြစ်တယ်လို့ ဘုရင်ကြီးက ပြောခဲ့ပြီး ကျွန်တော်တို့ကလည်း လိုလေသေးမရှိ ပြုစုခဲ့ပါတယ်”

    Ref: NL Times

  • သီရိလင်္ကာတွင် အစ္စလာမ်ဘာသာဝင်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရက်ဆက်ဖြစ်ပေါ်

    သီရိလင်္ကာတွင် အစ္စလာမ်ဘာသာဝင်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရက်ဆက်ဖြစ်ပေါ်

    မေ ၁၄၊ ၂၀၁၉
    M-Media

    -အစ္စလာမ်ဘာသာဝင်တွေ ရက်ဆက် တိုက်ခိုက်ခံနရတဲ့ မြောက်ပိုင်းက ပြည်နယ်တစ်ခုမှာ သီရိင်္လာအစိုးရက ရက်အကန့်အသတ်မရှိတဲ့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

    အနောက်မြောက်ပိုင်းပြည်နယ်က အစ္စလာမ်ဘာသာဝင်တစ်ဦးက Facebook စာမျက်နှာမှာ comment တစ်ကြောင်း ရေးသားမှုအပေါ် ခရစ်ယာန်တွေက မကျေနပ်တဲ့အတွက် တနင်္ဂနွေနေ့ကစလို့ ပြည်နယ်တစ်ဝှမ်း အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုအတွင်း အစ္စလာမ်ဘာသာဝင်တစ်ယောက် အသတ်ခံခဲ့ရပြီး ဗလီတွေ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေ၊ ဆိုင်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ ပစ္စည်းတွေ လုယက်ခံရတာတွေ ရှိခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားပေမယ့် မနိုင်တာကြောင့် တနင်္လာနေ့မှာတော့ နိုင်ငံတစ်ဝှမ်း ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်
    ထုတ်ပြန်ခဲ့ပါတယ်။

    မနေ့ညက မိန့်ခွန်းမှာ သီရိလင်္ကာဝန်ကြီးချုပ် ရာနီးလ် ၀စ်ကရီဆင်ဟီက လူမျိုးရေးအထိကရုဏ်းတွေဖြစ်အောင် အမည်မသိအုပ်စုတွေက ဖန်တီးနေတာကို တားဆီးဖို့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သီရိလင်္ကာမှာ ဧပြီလ ၂၁ ရက်နေ့က ခရစ်ယာန်ဘုရားကျောင်း ၃ ခုနဲ့ ဟိုတယ် ၃ ခုအပါအ၀င် နေရာ ၈ ခုမှာ အသေခံ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၅၇ ဦးသေဆုံးကာ ၅၀၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ နိုင်ငံအတွင်းက မထင်မရှား မွတ်စလင်အစွန်းရောက်အဖွဲ့နှစ်ခု ပူးပေါင်းလုပ်ဆောင်တာလို့ သီရိလင်္ကာအစိုးရက ထုတ်ပြန်ထားပြီး IS ကလည်း ဆီးရီးယားမှာ သူတို့ရဲ့ စခန်းဆုံးရှုံးရမှုအတွက် လက်တုန့်ပြန်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း သီရိင်္လာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ရန်လိုမှုတွေ မြင့်တက်လာခဲ့ပြီး တိုက်ခိုက်မှုတွေလည်း ခပ်စိပ်စိပ် ဖြစ်လာခဲ့ပါတယ်။

    အနောက်မြောက်ပိုင်းပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် သီရိလင်္ကာ အစိုးရဟာ ဆိုရှယ်မီဒီယာတွေကို ယာယီ ပိတ်ထားပါတယ်။

    လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဧပြီလ အသေခံဗုံးခွဲမှုတွေနောက်ပိုင်း သီရိလင်္ကာမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် တိုက်ခိုက်မှုတွေဟာ စိုးရိမ်စရာအနေအထား ဖြစ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    သည်းခံဖို့ညွှန်ကြား

    သီရိလင်္ကာနိုင်ငံရဲ့ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ All Ceylon Jamiyyathul Ulama (ACJU) က သည်းခံကြဖို့နဲ့ တုန့်ပြန်တိုက်ခိုက်တာတွေ မလုပ်ဖို့ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းကို တိုက်တွန်းထားပါတယ်။

    “အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သည်းခံခွင့်လွှတ်ပြီး ခံစားချက်တွေကို ရှေ့တန်းမတင်ကြဖို့၊
    မလိုအပ်ဘဲ ဆိုရှယ်မီဒီယာမှာ စာရေးတာ၊ ပို့စ်တင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်”

    ဧပြီလ ၂၁ ရက်နေ့ တိုက်ခိုက်မှုပြီးကတည်းက သီရိလင်္ကာအစိုးရဟာ နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

    Ref: Aljazeera

  • အမေရိကန်ရှိ ဗလီတစ်လုံး မီးရှို့ခံရ၊ အစိုးရစားရိတ်ဖြင့် ပြင်ဆင်ပေးပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ

    အမေရိကန်ရှိ ဗလီတစ်လုံး မီးရှို့ခံရ၊ အစိုးရစားရိတ်ဖြင့် ပြင်ဆင်ပေးပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ

    မေ ၁၄၊ ၂၀၁၉
    M-Media


    မီးရှို့ခံခဲ့ရသည့် Diyanet ဗလီဝတ်ကျောင်းတော်

    -အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ်ပြည်နယ် နယူးဟဲဗန်းမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ တနင်္ဂနွေနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    Diyanet ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက် ပျက်ဆီးခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေမှူး နဒ် လာမွန်က ဒီမီးရှို့မှုကို ရှုတ်ချခဲ့ပါတယ်။

    “ဘယ်ဘာသာရဲ့ ဘာသာရေးအဆောက်အဦးကိုပဲဖြစ်ဖြစ် အမုန်းတရားနဲ့ တိုက်ခိုက်တာမျိုးဟာ ရှက်ရွံ့စရာ၊ စက်ဆုပ်ဖွယ်ရာကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုမျိုး မရှိစေရပါဘူး။ နယူးဟဲဗန်းက တာဝန်ရှိသူတွေနဲ့အတူ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမှာဖြစ်ပြီး ကျူးလွန်သူတွေကိုလည်း အရေးယူသွားမှာပါ”

    မြို့နယ် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အော်လန်ဒို မာကာနိုက ဗလီဝတ်ကျောင်းတော်ကို ပြန်လည် ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး၊ ကျူးလွန်သူတွေ ဖမ်းနိုင်ဖို့ သတင်းပေးရင် ကန်ဒေါ်လာ ၂၅၀၀ ဆုငွေပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ထိခိုက်ခံစားရသူတွေနဲ့အတူ ရှိနေကြောင်း ကျွန်တော် ပြောကြားလိုပါတယ်”

    ဒီကိစ္စအတွက် ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးမှုတွေအပြင် FBI နဲ့ Bureau of Alcohol, Tobacco, Firearms and Explosives ဌာနတွေလို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မီးသတ်တပ်ဖွဲ့ အကြီးအကဲ ဂျွန် အလက်စ်တန်က ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • တရုတ်ရှိ ၀ီဂါမွတ်စလင်များ ဖိနှိပ်ခံရသည့်သတင်း မဟုတ်မှန်ဟု ပါကစ္စတန်သမ္မတ ပြော

    တရုတ်ရှိ ၀ီဂါမွတ်စလင်များ ဖိနှိပ်ခံရသည့်သတင်း မဟုတ်မှန်ဟု ပါကစ္စတန်သမ္မတ ပြော

    မေ ၁၁၊ ၂၀၁၉
    M-Media

    -တရုတ်နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်ရရှိပြီး သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေလည်း ကာကွယ်ပေးခြင်းခံရတယ်လို့ ယုံကြည်ကြောင်း ပါကစ္စတန်သမ္မတ ဒေါက်တာ အာရစ်ဖ် အလ်ဗီက ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းပြည်နယ်က တူရကီစကားပြော ၀ီဂါမွတ်စလင်တွေဟာ တရုတ်အစိုးရရဲ့ ဖိနှိပ်ချုပ်ခြယ်မှုကို နှစ်ပေါင်းများစွာ ခံနေရပြီး၊ ၀ီဂါတစ်သန်းလောက်ကို အကျဉ်းစခန်းတွေမှာ ပိတ်လှောက်ထားတယ်လို့ ကမ္ဘာ့မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ် တင်ပြခဲ့ကြပါတယ်။

    ကွန်မြူနစ်အစိုးရဟာ ၀ီဂါတွေကို ဘာသာတရားကျင့်သုံးခွင့်ပိတ်ပင်တာ၊ ၀က်သားအတင်းစားခိုင်းတာ၊ အရက်အတင်းသောက်ခိုင်းတာ၊ ဥပုသ်သီလဆောက်တည်မှု ပိတ်ပင်တာတွေလည်း ရှိနေပါတယ်။

    ပါကစ္စတန်သမ္မတ အာရစ်ဖ် အလ်ဗီက ဒီသတင်းတွေဟာ ၀ါဒဖြန့်တာသာဖြစ်ပြီး၊ တရုတ်အာဏာပိုင်တွေက ဥပုသ်မစောင့်ခိုင်းဘူးဆိုတာလည်း မဟုတ်ကြောင်း FM-98 Dosti သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ တရုတ်ဟာ လူနည်းစုတွေအပေါ် တာဝန်ယူမှုရှိရှိ ကာကွယ်စောင့်ရှောက်ပေးတယ်လို့လည်း သူက ဆိုပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခေါင်းဆောင်မှုကို ပါကစ္စတန်က အလွန်အားကျပြီး သူဟာ ရှေ့ကိုကြိုမြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။

    ပါကစ္စတန်ဟာ လက်ရှိမှာ အကြွေးနွံနစ်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

    တရုတ်ဟာ ပါကစ္စတန်ရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး၊ စစ်ရေးနဲ့ နည်းပညာကဏ္ဍတွေမှာလည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်းမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်မှုလုပ်ငန်းတွေ အများအပြားရှိနေသလို၊ Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် အခြေခံအဆောက်အဦး တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း တရုတ်က လုပ်ဆောင်ပေးနေပါတယ်။

    သမ္မတ အာရစ်ဖ် အလ်ဗီက တရုတ်နဲ့ စီးပွားရေး၊ လူမှုရေး ဆက်နွယ်မှုဟာ အလွန်ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပြီး တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။

    တိုင်းပြည်က အကြွေးအလွန်တင်နေတာကို အလ်ဗီက ၀န်ခံခဲ့သလို၊ လက်ရှိအစိုးရအနေနဲ့ အဲဒီအကြွေးတွေကို လျင်လျင်မြန်မြန် ဆပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း၊ တရုတ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးတို့လို မိတ်ဖက်နိုင်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Pakistan Today