News @ M-Media

Category: အားကစား

  • အောက်တိုဘာ ၂၆၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၆၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၂၆၊ ၂၀၁၃
    M-Media

    ဘာလော့တယ်လီမှာ ကာကာထံမှ သင်ယူရန်လိုအပ်သည်ဟု အဘာတီဆို


    စံပြုလောက်သော ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး ဖြစ်လာရန် ဘာလော့တယ်လီအနေဖြင့် ကာကာထံမှ သင်ယူနိုင်သည်ဟု အေစီမီလန်အသင်း၏ ညာနောက်ခံလူ အစ်ဂ်နာဇီယို အဘာတီကပြောကြားခဲ့သည်။

    ထို့ပြင် ကာကာမှာ လူငယ်ကစားသမားများ၏ စံပြုစရာကစားသမားတစ်ဦး ဖြစ်သည်ဟု ယုံကြည်နေပြီး၊ အငြင်းပွားဖွယ်လုပ်ရပ်များကို လုပ်ဆောင်နေသည့် ဘာလော့တယ်လီအား ပြုပြင်ရန်လည်း တိုက်တွန်းလိုက်သည်။

    မန်စီးတီးအသင်း တိုက်စစ်မှူးဟောင်း ဘာလော့တယ်လီမှာ ပေါင်ဒဏ်ရာ ခံစားနေရပြီး၊ ဒဏ်ရာမှ အမြန်ဆုံးသက်သာစေရန် လိုအပ်သောဆေးကုသ မှုများအား ဆောင်ရွက်ခြင်းမရှိပေ။ ကာကာမှာလည်း ပြီးခဲ့သည့်လက ဒဏ်ရာပြဿနာနှင့်ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့်တစ်ပါတ်က အသင်းတွင် ပါဝင်ကစားနိုင်ခဲ့သည်။

    ထို့ကြောင့် ဘာလော့တယ်လီအနေဖြင့် ကာကာ၏ လေ့ကျင့်မှုနှင့် အစားအသောက် နည်းစနစ်အား သင်ယူရမည်ဟု ခံစားနေရသည့် အဘာတီက “ကာကာဟာ အားလုံးအတွက် စံနမူနာကောင်းတစ်ခုပါ။ အထူးသဖြင့် လူငယ်ကစားသမားတွေ အတွက်ပေါ့။ သူဒဏ်ရာရနေတဲ့အခါ လေ့ကျင့်ကွင်းကို မနက်ကတည်းကလာပြီး ညနေကျမှပြန်ပါတယ်” ဟု Gazzetta dello Sport အားကစားသတင်းစာသို့ ပြောကြားခဲ့သည်။
    goal
    _______________________

    ရီးယဲလ်မက်ဒရစ်၏ ကြမ်းတမ်းသောကစားပုံအား ကြောက်ရွံ့နေမည်မဟုတ်ဟု မာတီနိုဆို


    ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ရီးယဲလ်မက်ဒရစ်အသင်းထံမှ ကြမ်းတမ်းသောကစားပုံများအား ကြောက်ရွံ့နေမည်မဟုတ်ဘဲ ဒိုင်လူကြီးအနေဖြင့် ပွဲစဉ်အား ထိန်းသိမ်းနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် မာတီနိုက ရီးယဲလ်အသင်း၏ ခြိမ်းခြောက်မှု များအားစိုးရိမ်နေမည်မဟုတ်ဘဲ မက်ဆီအားဟန့်တားနိုင်သောသူမှာ ၎င်းတစ်ဦးတည်းသာဖြစ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ရီးယဲလ်၏ ကြမ်းတမ်းသောကစားပုံက ပွဲရလဒ်အဖြေအား သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ဟု ပြောဆိုခဲ့သည့် မာတီနိုက “မက်ဒရစ်ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကို ကျွန်တော် ကြောက်ရွံ့ရမှာလား။ မကြောက်ပါဘူး။ အသင်းတိုင်းဟာ ကိုယ်ပိုင် စွမ်းဆောင်ရည်အရ ကစားတာပါ။ ပြီးတော့ ဆုံးဖြတ်ပေးမယ့် ဒိုင်လူကြီးလည်းရှိနေပါတယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြိုင်ဆိုင်မှုပြင်းထန်လှသည့် လာလီဂါပြိုင်ဘက်များဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့မှာ ယနေ့ညတွင် ဘာစီလိုနာအသင်း၏ နျူးကမ့်ကွင်းတွင် ယှဉ်ပြိုင်ရန်ရှိနေသည်။ ပြီးခဲ့သည့်နှစ်က ၎င်းတို့နှစ်သင်းကစားခဲ့သည့် ပွဲစဉ်နှစ်ခုတွင် စုစုပေါင်း အ၀ါကဒ် ၁၆ ကဒ်နှင့် အနီကတ် ၁ ကဒ် ပြသခြင်းခံခဲ့ရသည်။
    goal
    _______________________

    တိုက်စစ်မှူးများ၏ ကစားပုံများနှင့် ပက်သက်ပြီး မော်ရင်ဟိုပျော်ရွှင်နေ

    နောက်ဆုံးကစားခဲ့သည့် ချယ်ဆီးအသင်း၏ ပွဲများတွင် ဂိုးများသွင်းယူခဲ့ကြသည့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နှင့် ဆင်မြူယဲလ်အီတိုးတို့အား အသင်းနည်းပြ မော်ရင်ဟိုက ချီးကျူးလိုက်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များနှင့်ပက်သက်၍ ကျေနပ်မိကြောင်း ပြောဆိုလိုက်သည်။

    ချယ်ဆီးအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ၇-ပွဲတွင် ရှုံးပွဲမရှိခဲ့ပဲ တောရက်စ်နှင့် အီတူးတို့မှာလည်း ကာဒစ်ပွဲနှင့် ရှော်လ်ကာ ပွဲတို့တွင် ဂိုးများ အသီးသီးသွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း အသင်း၏ အခြားတိုက်စစ်မှူး တစ်ဦးဖြစ်သည့် ဒမ်ဘာဘားမှာ ယခုရာသီတွင် တစ်ဂိုးသာ သွင်းယူထားနိုင်သေးသည်။

    “တိုက်စစ်မှူးအားလုံးရဲ့ စွမ်းဆောင်ရည်ကြောင့် ကျွန်တော်ပျော်ရွှင်မိပါတယ်။ သူတို့ဂိုးတွေမသွင်းနိုင်တဲ့အချိန်မှာ ကြိုးစား ကစားခဲ့ပြီး အသင်းအတွက် အကောင်းဆုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ အသင်းအတွက် မတူညီတဲ့ ကူညီမှုမျိုးတွေလည်း လုပ်ဆောင်ပေးပါတယ်။ တစ်ခါတရံမှာဂိုးတွေသွင်းပြီး ဒါဟာတကယ့်ကို အရေးပါတဲ့အရာပါပဲ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    _______________________

    Swiss Indoors ပြိုင်ပွဲ ဆီးမီးဖိုင်နယ်သို့ လက်ရှိချန်ပီယံတက်ရောက်


    ဆွစ်ဇလန်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Swiss Indoors တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အာဂျင်တိုင်းတင်းနစ်သမား ဂျူအန် မာတင် ဒယ်လ်ပေါ်ထရိုမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဟု သိရသည်။

    ဒယ်လ်ပေါ်ထရိုမှာ ပြင်သစ်တင်းနစ်သမား ပေါလ်-ဟင်နရီ မက်သယူးအား ၆-၄၊ ၆-၄ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်အကောင်းဆုံး ကစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့စပေးဘောတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာပါတယ်” ဟု ပေါ်ထရိုက ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ပေါ်ထရိုမှာ ဆီမီးဖိုင်နယ်တွင် ပြင်သစ်တင်းနစ်သမား အဒူယာ့ဒ် ရော်ဂျာ-ဗက်စ်လင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။
    skysports

    _______________________

    WTA Championships ဆီးမီးဖိုင်နယ်သို့ လီနာတက်ရောက်


    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်နေသည့် ရာသီပိတ် WTA Championships တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တရုတ်တင်းနစ်မယ် လီနာ တက်ရောက်သွားပြီဟု သိရသည်

    လီနာမှာ ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုရီးယား အဇာရန်ကာအား ၆-၂၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားခြင်းဖြစ်သည်။ ထိုပွဲအနိုင်မှာ လီနာ၏ အဖြူရောင်အုပ်စုအတွင်း သုံးပွဲဆက်နိုင်ပွဲဖြစ်သည်။
    ဆားဘီးယားတင်းနစ်မယ် ဂျလီနာဂျန်ကိုဗစ်မှာ အုပ်စုနောက်ဆုံးပွဲတွင် အီတလီ တင်းနစ်မယ် ဆာရာ အီရာနီအား ရှုံးနိမ့်ခဲ့သော်လည်း လီနာ၏နိုင်ပွဲကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားနိုင်ခဲ့သည်။

    အခြားအုပ်စုတစ်ခုဖြစ်သည့် အနီရောင်အုပ်စုမှ အမေရိကန် နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံနှင့် ပီထရာကဗီတိုဗာတို့ ဆီမီးဖိုင်နယ်သို့ အသီးသီးတက်ရောက်လာခဲ့သည်။

    WTA Championships ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ တင်းနစ်မယ်များသာ ၀င်ရောက်ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အဖြူရောင်အုပ်စုနှင့် အနီရောင်အုပ်စုဟူ၍ အုပ်စုနှစ်ခုခွဲထားသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လီနာနှင့် ကဗီတိုဗာ၊ ဆရီနာဝီလီယံနှင့် ဂျလီနာဂျန်ကိုဗစ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysoprts
    _______________________

  • အောက်တိုဘာ-၂၅ အားကစားသတင်းများ

    အောက်တိုဘာ-၂၅

    M-Media

    အိုဇေးလ်က အာဆင်နယ်အသင်းအတွက် အကောင်းဆုံးများကို ယူလာမည်ဟု ဖာဘရီဂတ်ဆို

    ဘာစီလိုနာအသင်းတွင်ကစားနေသည့် ကွင်းလယ်လူဖာဘရီဂတ်စ်က အာဆင်နယ်အသင်း၏ ကွင်းလယ်လူ အိုဇေးလ်အား ချီးကျူးလိုက်ပြီး အသင်းအားအဆင့်တစ်ခုသို့ရောက်အောင် မြှင့်တင်ပေးနိုင်သည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

    အာဆင်နယ်အသင်းတွင် ကွင်းလယ်ကစားသမားများစွာရှိနေပြီး အိုဇေးလ်အား မလိုအပ်ဟု ပြောဆိုမှုများရှိနေသော်လည်း ထိုပြောဆိုမှုများအား ဖာဘရီဂတ်စ်ကပယ်ချလိုက်သည်။

    “ခင်ဗျားအနေနဲ့ အိုဇေးလ်ဖို့ခေါ်ယူဖို့ အခွင့်အရေးရမယ်ဆိုရင်၊ အဲဒီအခွင့်အရေးကို ခင်ဗျားလက်လွတ်ခံနိုင်မှာ မဟုတ်ပါဘူး။ သူဟာ အာဆင်နယ်အတွက် ကစားချင်ခဲ့ပါတယ်။ သူဟာ နေရာလွတ်တွေကိုရှာဖွေပေးပြီး၊ သူ့ရဲ့ဖြတ်တင်ဘေတွေဟာလည်း လက်ဖျားခါလောက်ပါတယ်” ဟု ဖာဘရီဂတ်စ်က Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်းနှင့် ဆက်သွယ်ခဲ့သော်လည်း ဘာစီလိုနာအသင်းတွင် ဆက်လက်ရှိနေခဲ့သည့် ဖာဘရီဂတ်စ်က အာဆင်နယ်အသင်းသို့ နည်းပြအနေဖြင့် ပြန်လာနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။

    ……………………………………….
    ဖလားရရန်အတွက် မန်ယူအသင်းမှာ ကစားသမား ၁၀ ဦးလိုအပ်သည်ဟု ရော်ဂျာဆို


    ပရီးမီးယားလိဂ်ဖလားအားရရှိရန် ၎င်း၏အသင်းအနေဖြင့် ကစားသမားသစ် ၈ ဦးခန့်လိုအပ်ပြီး မန်ယူအသင်းမှာ ထိုထက်ပိုလိုအပ်သည်ဟု လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားအား ရရှိရန်နီးစပ်ခြင်းမရှိသေးဟု မန်ယူနည်းပြဟောင်းဖာဂူဆန်၏ ရေးသားမှုအားပြန်လည်တုံ့ပြန်သောအားဖြင့် ရော်ဂျာက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ဖာဂူဆန်၏နောက်ဆုံးထွက် ကိုယ်ရေးအထုပ္ပတ္တိတွင် လီဗာပူးလ်နည်းပြဟောင်း ကင်နီဒဂ်လစ်ရှ်၏ ငွေကြေးသုံးစွဲမှုကို ဝေဖန်ရေးသားထားပြီး၊ ပရီးမီးယားလိဂ် ဖလားအားကိုင်မြှောက်ခွင့်ရရန် ယခုနှစ် လီဗာပူးလ်အသင်းမှာ ကစားသမား ၈ ဦးခန့်လိုအပ်သည်ဟုလည်း ထည့်သွင်းရေးသားထားသည်။ ထို့ပြင် လီဗာပူးလ်ကွင်းလယ်လူဟန်ဒါဆန်နှင့်ပက်သက်၍လည်း ဖာဂူဆန်ကဝေဖန်ပြော ကြားထားသေးသည်။

    သို့သော်လည်း လီဗာပူးလ်အသင်းမှာ မန်ယူအသင်းထက် ပိုမိုကောင်းမွန်သော အနေအထားတွင်ရှိနေသည်ဟု ရော်ဂျာက ယုံကြည်နေသည်။

    ………………………………….
    အီဗရာဟီမိုဗစ် အသင်းသို့ပြန်လည်ရောက်ရှိလာပါက ကောင်းမည်ဟု ရော်ဘင်ဟိုဆို


    ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်အနေဖြင့် အေစီမီလန်သို့ရောက်ရှိလာပါက မာရီယိုဘာလော့တယ်လီနှင့် အတွဲညီလိမ့်မည်ဖြစ်ပြီး ကာကာမှာလည်း သူ၏ အကောင်းဆုံးပုံစံကို ရရှိနေပြီဟု အေစီမီလန်အသင်း၏ ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် မီလန်အနေဖြင့် အီဗရာဟီမိုဗစ်အား ပြန်လည်ခေါ်ယူခဲ့လျှင် အဆုံးအရှုံး ရှိလိမ့်မည်မဟုတ်ဟု ရော်ဘင်ဟိုက၀န်ခံခဲ့သည်။

    “အီဗရာဟာ ထူးချွန်တဲ့ကစားသမားပါ။ သူ့ကိုအသင်းက ပြန်ခေါ်မယ်ဆိုရင် မနစ်နာနိုင်ပါဘူး။ ဘာလော့တယ်လီနဲ့ အီဗရာကို အရှေ့မှာထားပြီး ကျွန်တော်နဲ့ ကာကာက အနောက်မှာနေပါတယ်။ တိုက်စစ်မှူးတွေပိုများလေလေ နေရာလွတ်တွေ ကျွန်တော် ပိုရလေလေပါ။ ပြီးတော့ ကျွန်တော်တို့ ဂိုးသွင်းခွင့်လည်း ပိုရလေလေပါပဲ” ဟု ရော်ဘင်ဟိုက Corriere dello Sport သတင်းစာသို့ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ အေစီမီလန်အသင်းမှ ပီအက်စ်ဂျီသို့ ၂၀၁၂ ခုနှစ်က ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

    ………………………………………..
    လူမျိုးရေးခွဲခြားမှုများကို မဖြေရှင်းနိုင်ပါက ကမ္ဘာ့ဖလားအား သပိတ်မှောက်မည်ဟု ယာယာတိုးယေး ခြိမ်းခြောက်
    YayaToure_1509466a

    ရုရှားအနေဖြင့် ၎င်း၏နိုင်ငံသားများ၏ လူမျိုးရေးခွဲခြားမှုများကို မဖြေရှင်းနိုင်ပါက ၂၀၁၈ ကမ္ဘာ့ဖလားကို လူမည်းကစားသမားများက သပိတ်မှောက်သွားမည်ဟု မန်စီးတီးအသင်း၏ ကွင်းလယ်လူ ယာယာတိုးယေးက ပြောကြားလိုက်သည်။

    မန်စီးတီးအသင်းနှင့် စီအက်စ်ကေအေမော်စကိုအသင်းတို့ မော်စကိုတွင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် တိုးယေးမှာ လူမျိုးရေးခွဲခြားသောစကားများဖြင့် အော်ဟစ်လှောင်ပြောင်ခြင်းခံခဲ့ရပြီး ထိုကိစ္စအားအရေးယူရန် မန်စီးတီးအသင်းကလည်း ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေအား တိုက်တွန်းထားသည်။

    ထို့ပြင်မော်စကိုတွင်ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ကစားသမားများ မရောက်ခင် ရုရှားအနေဖြင့် လူမျိုးရေးခွဲခြားမှုများအားအရေးယူနိုင်ရန် ကြိုစားရမည်ဟု တိုးယေးက ထပ်လောင်းပြောဆိုခဲ့သည်။

    ရုရှားအနေဖြင့် လူမျိုးရေးခွဲခြားမှုများအားတိုက်ထုတ်ရန် လိုအပ်ခြင်းရှိမရှိမေးမြန်းရာ တိုးယေးက “တကယ်ကို လိုအပ်ပါတယ်။ ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလာဖို့ ကျွန်တော်တို့မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိရင် ကျွန်တော်တို့လာမှာမဟုတ်ပါဘူး” ဟု ပြေကြားခဲ့သည်။

    Ref: Goal.com
    http://www.goal.com/en/news/89/africa/2013/10/25/4358841/yaya-toure-threatens-world-cup-boycott?ICID=OP

  • အောက်တိုဘာ ၂၄ အားကစားသတင်းများ

    အောက်တိုဘာ-၂၄

    M-Media

    ရီးယဲလ်ဆိုစီဒက်နှင့်ပွဲတွင် ပြသခဲ့သည့် ကာဂါဝါ၏ ခြေစွမ်းအား ဒေးဗစ်မိုယက်စ် ချီးကျူး

    Kagawa

    မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားခွင့်နည်းပါးလှပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေသည်မှာကြာပြီဖြစ်သည့် ဂျပန် အလယ်တန်းကစားသမား ရှင်ဂျီကာဂါဝါ၏ ရီးယဲလ်ဆိုစီဒက်နှင့်ပွဲတွင် ပြသခဲ့သည့် ခြေစွမ်းအား မန်ယူ နည်းပြ ဒေးဗစ်မိုယက်စ်က ချီးကျူးပြောဆိုလိုက်သည်။

    မန်ယူအသင်းမှာ ယနေ့နံနက်က ကစားခဲ့သည့် ရီးယဲလ်ဆိုစီဒက်နှင့်ပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး၊ ထိုပွဲတွင် ဒေးဗစ်မိုယက်စ်လက်ထက် ပွဲထွက်ခွင့် နည်းပါးသည့် ကာဂါဝါမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ကာ ချီးကျူးဖွယ်ကောင်းသည့် ခြေစွမ်းအား ပြသခဲ့သည်။

    “ကျွန်တော်အသင်းကို ကိုင်တွယ်တဲ့အချိန်ကတည်းက ရှင်ဂျီရဲ့ အကောင်းဆုံးခြေစွမ်းလို့ ကျွန်တော်ထင်ပါတယ်။ သူခြေပြန်မတွေ့သေးပါဘူး။ ဒါပေမယ့် အခြားပွဲတွေမှာထက်စာရင် ဒီပွဲမှာ သူ့ဆီက ပိုကောင်းတဲ့ခြေစွမ်းကို ကျွန်တော် တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တကယ့်ကို ကျေနပ်ပါတယ်” ဟု ကာဂါဝါနှင့် ပက်သက်သည့် မိုယက်စ်၏ ပြောကြားမှုအား မန်ယူအသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    မန်ယူအသင်းမှာ ချန်ပီယံလိဂ် အုပ်စု A တွင် ရီးယဲလ်ဆိုစီဒက်၊ ရှက်တာဒိုးနက်၊ လေဗာကူဆင်အသင်းတို့နှင့်အတူ ကျရောက်နေပြီး ၃ ပွဲကစားထားကာ ၇ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။

    ………………………………………….
    ချီလီနီ၏ အနီကဒ်က ပွဲကိုပြောင်းလဲစေခဲ့သည်ဟု အန်ဆယ်လော့တီဆို

    ဘာနေဗျူးတွင်ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂျူဗီကစားသမား ချီလီနီအား ထုတ်ပယ်ရန် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်မှာ ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့သည်ဟု ရီးယဲလ်အသင်း၏နည်းပြဖြစ်သူ ကားလို့စ် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    ထိုပွဲတွင် ပွဲကစားချိန် ၄၈ မိနစ်၌ ချီလီနီက ဘောလုံးဖျက်ထုတ်ရာတွင် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုအားထိခိုက်ခဲ့ပြီး ထိုဖျက်ထုတ်မှုမှာ သဘောရိုးဖြင့်ဖျက်ထုတ်ခဲ့သည်ဟု မြင်ရသော်လည်း ဒိုင်လူကြီး မန်နျူယဲလ် ဂရာဖီက ချီလီနီအား တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်လိုက်သည်။ ထိုအချိန်တွင် ရီးယဲလ်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်ဦးဆောင်ထားပြီး တစ်ယောက်မလျော့ခဲ့ပါက ဂျူဗီမှ ချေပဂိုးသွင်းယူနိုင်မည့် အခြေအနေကောင်းတစ်ခု ရှိနေသည်။

    “(ချီလီနီထွက်ပြီးတဲ့နောက်) ပွဲက ပြောင်းလဲသွားခဲ့ပါတယ်။ ဒိုင်လူကြီး ငါးဦးရှိကြပြီး သူတို့ဟာ ဂျူဗင်တပ်စ်အသင်း ကစားသမားကို အရေးယူဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ဒါကို လက်ခံရပါမယ်” ဟု အန်ဆယ်လော့တီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်အသင်းမှာ အုပ်စု B တွင် သုံးပွဲကစားကာ နှစ်မှတ်သာ ရရှိထားသောကြောင့် နောက်တစ်ဆင့်တက်ရန် အခွင့်အလမ်းနည်းနေသည်။

    ………………………………..
    လူမျိုးရေးခွဲခြားမှုနှင့် ပက်သက်ပြီး ပိုမိုတင်းကျပ်စွာကိုင်တွယ်ရန် ယူအီးအက်ဖ်အေအား ယာယာတိုးယေး တိုက်တွန်း

    ၎င်းအား လူမျိုးရေးခွဲခြားမှုများနှင့်ပက်သက်ပြီး အရေးယူရန် ယူအီးအက်ဖ်အေ အား မန်ချက်စတာစီးတီးအသင်း၏ ကွင်းလယ်လူ ယာယာတိုးယေးက တိုက်တွန်းပြောကြားလိုက်သည်။

    ယနေ့နံနက်က ရုရှားမြေတွင်ကစားခဲ့သည့် မန်စီးတီးနှင့် စီအက်စ်ကေအေမော်စကိုတို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် စီအက်စ်ကေအေ ပရိတ်သတ်အချို့က ယာယာတိုးယေးအား လူမျိုးရေးခွဲခြားသည့် စကားများဖြင့် ဟစ်အော်ခဲ့ကြသည်။

    “မယုံနိုင်စရာပါပဲ။ ယူအီးအက်ဖ်အေအနေနဲ့ ပြင်းထန်တဲ့ အရေးယူမှု တစ်ခုပြုလုပ်ဖို့ လိုအပ်ပါတယ်။ (လူမျိုးရေးခွဲခြားမှုနဲ့ပက်သက်ပြီး) ကျွန်တော် ဒိုင်လူကြီးကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ဒါ(လူမျိုးရေးခွဲခြားမှု)ကို ရပ်တန့်ချင်ပါတယ်။ ပြီးတော့ ယူအီးအက်ဖ်အေက တစ်ခုခုလုပ်ဖို့ လိုအပ်ပါတယ်” ဟု Sky Sports သို့ ယာယာတိုးယေးက ပြောကြားခဲ့သည်။

    ထို့ပြင် မန်စီးတီးနည်းပြ ပယ်လီဂရီနီကလည်း ယာယာတိုးရေးအား လူမျိုးရေးခွဲခြားမှု များပြုလုပ်ခဲ့သောအပြုအမူအတွက် အရေးယူရန် ယူအီးအက်ဖ်အေအား တိုက်တွန်းခဲ့သည်။

    …………………………………………..
    ပရိတ်သတ် အပြုမူများနှင့်ပက်သက်ပြီး အေဂျက်အသင်းအား ယူအီးအက်ဖ်အေ တရားစွဲ

    ဆဲလ်တစ်အသင်း၏ ကွင်းတွင် ပြုလုပ်ခဲ့သော ပရိတ်သတ်များ၏ စည်ကမ်းချိုးဖောက်မှုများအတွက် အေဂျက်အသင်းအား ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်ကေက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အေဂျက်အသင်းက အဝေးကွင်းတွင် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် အေဂျက်ပရိတ်သတ်များမှာ ကွင်းလုံခြုံရေးများအား ထိုင်ခုံများချိုးကာ ပစ်ပေါက်ခဲ့သည့် ဓာတ်ပုံများ ပေါ်ထွက်လာပြီးနောက် ယူအီးအက်ဖ်အေက ထိုကဲ့သို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

    ထို့ပြင် ထိုကဲ့သို့ပစ်ပေါက်မှုများကြောင့် လုံခြုံရေးဝန်ထမ်းများ ဒဏ်ရာရခဲ့သည်ဟူသည့် သတင်းများလည်းထွက်ပေါ်လာခဲ့ပြီး၊ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဟု ယူအီးအက်ဖ်အေ ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့တွင်ပြောကြားခဲ့သည်။

    စကော့တလန်ရဲတပ်ဖွဲ့ကလည်း ထိုသတင်းအား အတည်ပြုခဲ့ပြီး ၎င်းတို့အနေနှင့်လည်း ထိုအဖြစ်အပျက်များအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီဟု သတင်းထုတ်ပြန်ခဲ့သည်။

    …………………………………………

  • မန်ယူ၊ မန်စီးတီး တို့အနိုင်ရခဲ့ကြပြီး ဘိုင်ယန်၊ ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့ နောက်တစ်ဆင့်တက်ရန် နီးစပ်သွားခဲ့သည့် ဥရောပချန်ပီယံလိဂ် ကြာသာပတေးနေ့ နံနက်ပွဲစဉ်များ

    အောက်တိုဘာ-၂၄
    M-Media
    Psg
    ချန်ပီယံလိဂ် အုပ်စု A၊ B၊ C၊ D တို့၏ အုပ်စု တတိယပွဲစဉ်များကို ယနေ့ နံနက်ကယှဉ်ပြိုင်ကစားခဲ့ရာ ပရီးမီယားလိဂ် အသင်းများဖြစ်ကြသည့် မန်ယူ၊ မန်စီးတီး အသင်းတို့မှာ အနိုင်ရရှိခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းမှာ အိမ်ကွင်းတွင် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းကို အနိုင်ကစားနိုင်ခဲ့ပြီးဘိုင်ယန်နှင့် ပီအက်စ်ဂျီအသင်းတို့မှာ ပြိုင်ဘက်အသင်းများကို ၅ ဂိုးပြတ်ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြသည်။

    အုပ်စု A

    မန်ချက်စတာယူနိုက်တက် ၁-၀ ရီးယဲလ်ဆိုစီဒက်

    နောက်ဆုံးအိမ်ကွင်းနှစ်ပွဲတွင် အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သည့် မန်ယူမှာ ယနေ့ပွဲတွင် ဆိုစီဒက်ကစားသမား၏ ကိုယ့်ဂိုးကိုယ်သွင်းယူမိသော ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    မန်ယူအသင်းတွင်တိုက်စစ်မှူးဗန်ပါစီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဟာနန်ဒက်ဇ်ကပွဲထွက်လာခဲ့သည်။ မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးမှာ ပွဲအစ ၂ မိနစ်တွင်ရရှိခဲ့ခြင်းဖြစ်ပြီး ဆိုဆီဒက်ကစားသမား အီနီဂို မာတီနက်ဇ်၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့မှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ပွဲတစ်ပွဲလုံးအား မန်ယူအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် စိုးမိုးထားနိုင်ခဲ့သော်လည်း ထပ်မံ ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် ၁ ဂိုး ဂိုးမရှိဖြင့်ပွဲပြီးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် မန်ယူအသင်းမှာ ၃ ပွဲကစား ၇ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နိုင်ခဲ့သည်။

    လေဗာကူဆင် ၄-၀ ရှက်တာဒိုးနက်

    ဂျာမနီတွင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အိမ်ရှင်လေဗာကူဆင်အသင်းက ၄ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။

    ပွဲတစ်ပွဲလုံးအား လေဗာကူဆင်အသင်းက ထိန်းချုပ်နိုင်ခဲ့ပြီး ဂိုးများကို ၂၂ မိနစ်နှင့် ၇၂ မိနစ်တို့တွင် ကီစ်စလင်းကလည်းကောင်း၊ မိနစ် ၅၀ တွင် အသင်းခေါင်းဆောင် ရိုလ်ဖက်စ်ကလည်းကောင်း၊ ဆမ်က ၅၇ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ……………………………………….
    အုပ်စု B

    ရီးယဲလ်မက်ဒရစ် ၂-၁ ဂျူဗင်တပ်စ်

    ဘာနေဗျူးတွင်ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်ရီးယဲလ်မက်ဒရစ်က ဂျူဗင်တပ်စ်အား အနိုင်ယူကာ ချန်ပီယံလိဂ်တွင် ရာနှုန်းပြည့်နိုင်ပွဲဆက်နိုင်ခဲ့သည်။

    ရီးယဲလ်မက်ဒရစ်အသင်းအတွက် အဖွင်းဂိုးမှာ ပွဲအစ ၄ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ခေဒီရာ၊ အာဘီလိုအာနှင့် ဒီမာရီယာတို့ ပူးပေါင်းဖန်တီးပေး မှုမှတစ်ဆင့် ရော်နယ်ဒိုက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၂၂ မိနစ်တွင် ဧည့်သည်ဂျူဗင်တပ်စ်တို့ ချေပဂိုးရရှိခဲ့ပြီး လော်ရန်တေးကသွင်းယူပေးခဲ့သည်။
    သိပ်မကြာခင် ၂၉ မိနစ်မှာပင် ရီးယဲလ်တို့ ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီး ပင်နယ်တီမှတစ်ဆင့် ရော်နယ်ဒိုကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    ၄၇ မိနစ်တွင် ပွဲ၏အလှည့်အပြောင်းဟု ခေါ်ဆိုနိုင်သည့် အဖြစ်အပျက်တစ်ခုဖြစ် လာခဲ့သည်။ ဂျူဗင်တပ်စ်အသင်း၏ ကစားသမား ချီလီနီမှာ ရော်နယ်ဒိုအား ကြမ်းတမ်းစွာကစားမှုကြောင့် တိုက်ရိုက်အနီကဒ်ဖြင့် အထုတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ရီးယဲလ်အသင်းက ဘောလုံးကိုထိန်းကစားသွားခဲ့ပြီး အနိုင်သုံးမှတ်ကိုရယူသွားသည်။

    ယခုပွဲရှုံးနိမ့်မှုကြောင့် ဂျူဗင်တပ်စ်အသင်းမှာ ၃ ပွဲကစား ၂ မှတ်သာရရှိထားပြီး အုပ်စုတတိယနေရာတွင်ရှိနေကာ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက်မှာ အနည်းငယ်မှေးမှိန်လာခဲ့ပြီဖြစ်သည်။

    ဂါလာတာစာရေး ၃-၁ ကိုပင်ဟေဂင်

    တူရကီကလပ်ဂါလာတာစာရေးမှာ အိမ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် ပွဲတစ်ပွဲလုံးအား စိုးမိုးထားနိုင်ခဲ့ပြီး ပထပိုင်းတွင်ပင် အနိုင်ဂိုး သုံးဂိုးစလုံးကို ရရှိခဲ့သည်။

    ဂါလာတာစာရေးအတွက်ဂိုးများကို ၁၀ မိနစ်တွင် ဖီးလစ်မယ်လိုက လည်းကောင်း၊ ၃၈ မိနစ်တွင် ရီးယဲလ်တိုက်စစ်မှူးဟောင်း စနိုက်ဒါက လည်းကောင်း၊ ပထမပိုင်း နာကျင်အချိန်ပိုတွင် ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။

    ဂါလာတာစာရေးမှာ ယခုပွဲအနိုင်ရရှိမှုကြောင့် ၃ ပွဲကစား ၄ မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    ………………………………………………….
    အုပ်စု C

    အန်ဒါလက်ခ်ျ ၀-၅ ပီအက်စ်ဂျီ

    အန်ဒါလက်ခ်ျအသင်း၏ အိမ်ကွင်းတွင်ကစားခဲ့သော်လည်း ပီအက်စ်ဂျီအသင်းမှာ ခက်ခဲမှုမရှိခဲ့ပဲ အီဗရာဟီမိုဗစ်ခ်ျ၏ သွင်းဂိုးများဖြင့် အောင်ပွဲခံခဲ့သည်။

    ပီအက်စ်ဂျီအသင်းအတွက်ဂိုးများကို ၁၇၊ ၂၂၊ ၃၆၊ ၆၂ မိနစ်များတွင် အီဗရာဟီမိုဗစ်ခ်ျနှင့် ၅၂ မိနစ်တွင် ကာဗာနီတို့က အသီးသီးသွင်းယူပေးခဲ့သည်။ ပီအက်စ်ဂျီမှာ ၃ ပွဲကစား ၃ ပွဲနိုင်ဖြင့် ၉မှတ်ရရှိကာ နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေပြီး အီဗရာဟီမိုဗစ်ခ်ျမှာလည်း ချန်ပီယံလိဂ်တွင် တစ်ပွဲတည်း ၄ ဂိုး သွင်းယူသည့် ၁၀ ယာက်မြောက်ကစားသမားဖြစ်လာခဲ့သည်။

    ဘင်ဖီကာ ၁-၁ အိုလံပီယာကော့စ်

    ပေါ်တူဂီတွင်ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်ဘင်ဖီကာအသင်းမှ ကံကောင်းစွာဖြင့် ၁ မှတ်ရရှိခဲ့ခြင်းဖြစ်သည်။

    ဦးဆောင်ဂိုးကို ဧည့်သည် အိုလံပီယာကော့စ်က ၂၉ မိနစ်တွင် အလက်ဂျန်ဒရို ဒိုမီဂွက်ဇ်၏ဂိုးဖြင့် ရရှိခဲ့ပြီး ၈၃ မိနစ်တွင်မှ အိမ်ရှင်အသင်းအတွက် ကာဒိုဇိုက ချေပဂိုးသွင်းယူပေးနိုင်ခဲ့သည်။
    ………………………………..
    အုပ်စု D

    ဘိုင်ယန်မြူးနစ် ၅-၀ ပါဇန်

    ယခင်နှစ်ပွဲတွင်အနိုင်ရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းမှာ ယခုပွဲတွင်လည်း အသင်းငယ်ပါဇန်အား ဂိုးပြတ်ခြေပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    ဘိုင်ယန်မြူးနစ်အတွက် ဂိုးများကို ရီဘာရီက ပင်နယ်တီတစ်ဂိုးအပါအ၀င် ၂ ဂိုး၊ အလ်ဘာ၊ ရှဝိုင်းစတိုင်ဂါနှင့် ဂေါ့တ်ဇီတို့က တစ်ဂိုးစီသွင်းယူပေးခဲ့သည်။ ယခုပွဲတွင် ဂိုးသွင်းခွင့် ၃၅ ကြိမ်အထိရရှိခဲ့သည့် ဘိုင်ယန်အသင်းမှာ သုံးပွဲကစား ၉ မှတ်ဖြင့် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။

    စီအက်စ်ကေအေမော်စကို ၁-၂ မန်စီးတီး

    ပရီးမီးယားလိဂ်ထိပ်သီးမန်စီးတီးအသင်းမှာ ရုရှားမြေတွင်ကစားခဲ့သည့် ယခုပွဲတွင် အမှားအယွင်းမရှိခဲ့ဘဲ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။

    သို့သော်လည်း ဦးဆောင်ဂိုးကို အိမ်ရှင်အသင်းက ၃၂ မိနစ်တွင် တိုစစ် ၏ သွင်းဂိုးဖြင့်ရရှိခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီး ၂ မိနစ်အကြာတွင်ပင် မန်စီးတီးတို့ ချေပဂိုးရရှိခဲ့ပြီး အဂူရိုက သွင်းယူပေးခဲ့သည်။ ထို့နောက် ၄၂ မိနစ်တွင် မန်စီးတီးအသင်း ဒုတိယမြောက်ဂိုးကို ရရှိခဲ့ပြီး အဂူရိုကပင် သွင်းယူပေခဲ့ခြင်းဖြစ်သည်။

    မန်စီးတီးအသင်းမှာ ယခုပွဲအနိုင်ကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှတက်ရန် မျှော်လင့်လာနိုင်ပြီဖြစ်သည်။

  • အောက်တိုဘာ- ၂၃ အားကစားသတင်းများ

    အောက်တိုဘာ- ၂၃

    M-Media

    အသင်း၏ ရလဒ်များနှင့် ပက်သက်၍ အသင်းသားများကိုသာ အပြစ်တင်ရမည်ဟု အီဗန့်ဆို

    john event
    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ယူအသင်း၏ ဆိုးရွားသော စွမ်းဆောင်မှုများနှင့်ပက်သက်၍ ကစားသမားများတွင်သာ တာဝန်ရှိပြီး၊ နည်းပြ ဒေးဗစ်မိုယက်စ်ကို အပြစ်တင်၍မရကြောင်း နောက်ခံလူ ဂျွန်နီ အီဗန့်စ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ကစားသမားအပေါ် မိုယက်စ်၏ စီစစ်မှုမှာ ပြင်းထန်သည်ဟု အီဗန့်စ်က ခံစားနေရပြီး၊ အသင်း၏ လတ်တလောစွမ်းဆောင်ရည်များမှ ပိုမို တိုးတက်ရန် လိုအပ်သည်ဟု ၀န်ခံခဲ့သည်။

    “တစ်ဦးချင်းအနေနဲ့ကော၊ အသင်းလိုက်အနေနဲ့ပါ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ ဆန်းစစ်ရမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာအောင် လုပ်ရပါမယ်” ဟု အီဗန့်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

    ……………………………………
    ချယ်ဆီးနှင့်ကစားခဲ့သည့်ပွဲတွင် ရှော်လ်ကာအသင်းမှာ အလွန်နုံအခဲ့သည်ဟု ဒရက်ဇလာဆို


    ရှော်လ်ကာအသင်း၏ ဂျာမန်ကစားသမား ဂျူလီယန်ဒရက်ဇလာက ချယ်ဆီးနှင့်ပွဲတွင် ပါးနပ်သူက အနိုင်ရရှိခဲ့သည်ဟု ထင်မြင်နေပြီး၊ ၎င်း၏အသင်းအနေဖြင့် နောက်တစ်ဆင့်သို့တက်ရောက်ရန် အခွင့်အရေးရှိနေသည်ဟု ပြောဆိုလိုက်သည်။

    ချန်ပီယံလိဂ်အုပ်စု တတိယပွဲစဉ်အဖြစ် ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင် ရှော်လ်ကာအသင်းမှာ အိမ်ကွင်းတွင် ချယ်ဆီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီး ဒရက်ဇလာက မိမိတို့အသင်းမှာ နုံအခဲ့သည်ဟု ခံစားနေရသည်။

    “ကျွန်တော်တို့အသင်း နည်းနည်း နုံခဲ့တာဖြစ်မှာပါ။ ချယ်ဆီးလိုအသင်းနဲ့ ကစားရတဲ့အခါမျိုးမှာ တစ်ဦးချင်းအမှားတွေ မလုပ်ရပါဘူး။ ဒီညမှာ ပိုပြီးပါးနပ်တဲ့အသင်းဟာ အနိုင်ရရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု UEFA ၀ဘ်ဆိုဒ်သို့ ဒရက်ဇလာက ပြောကြားခဲ့သည်။

    သို့သော်လည်း ရှော်လ်ကာအသင်းမှာ နောက်တစ်ဆင့်တက်လိမ့်မည်ဟု ယုံကြည်နေကြောင်း ဒရက်ဇလာက ထပ်လောင်းပြောကြားသွားသည်။ ရှော်လ်ကာအသင်းမှာ ချန်ပီယံလိဂ်အုပ်စု E တွင် ချယ်ဆီး၊ စတူအာဘူခါရက်၊ ဘေဆယ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး သုံးပွဲကစား ၆ မှတ်ရရှိကာ ချယ်ဆီးနှင့် အမှတ်တူဂိုးကွာခြားဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    …………………………………………….
    ဘာစီလိုနာနှင့်ပွဲတွင် ပြသခဲ့သည့်ခြေစွမ်းကြောင့် ကာကာအား ဂါလီယာနီ ချီးကျူး

    ဘာစီလိုနာအသင်းနှင့် ၁ ဂိုးစီသရေကျခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြသခဲ့သည့် ကာကာ၏ခြေစွမ်းအား အေစီမီလန်အသင်း၏ စီအီးအိုဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက ချီးကျူးပြောဆိုလိုက်သည်။

    ကာကာမှာ အေစီမီလန်သို့ပြောင်းရွှေ့လာပြီးနောက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ရော်ဘင်ဟိုသွင်းယူခဲ့သည့် ဂိုးအား ဖန်တီးပေးနိုင်ခဲ့သည်။

    “ကာကာရဲ့ တိုက်စစ်ကစားပုံကို ကျွန်တော်သဘောကျပါတယ်။ ဒီပွဲမှာ ကာကာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကာကာအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒီအသင်းမှာ သူကစားတဲ့အခါ သူဟာ ကောင်းကောင်းကစားနိုင်ပြီး အသင်းအတွက်အများကြီးပေးဆပ်နိုင်တယ်ဆိုတာ လူတွေအားလုံးကလည်း နားလည်စ ပြုလာပါပြီ” ဟု ဂါလီယာနီက ပြောကြားခဲ့သည်။

    ထို့ပြင် တိုက်စစ်မှူးဘာလော့ တယ်လီ အသင်းမှထွက်ခွာတော့မည်ဆိုသည့် သတင်းများနှင့်ပက်သက်၍ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ဘာလော့ တယ်လီအား အသင်းမှ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ဂါလီယာနီက ထည့်သွင်းပြောကြားခဲ့သည်။

    ………………………………
    WTA Championships ပထမအစဉ်တွင် ဆရီနာအနိုင်ရ

    ယခုနှစ်ရာသီပိတ် တင်းနစ်ပြိုင်ပွဲဖြစ်သည့် အစ္စတန်ဘူလ်၌ ကျင်းပနေသည့် WTA Championships ပထမအဆင့်ပွဲစဉ်တွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံက ဂျာမနီ အမျိုးသမီး တင်းနစ်အကျော်အမော် အိန်ဂျလီ ကာရ်ဘာရ်အား အနိုင်ရရှိခဲ့သည်ဟုသိရသည်။

    ဆရီနာ ၀ီလီယံမှာ ထိုပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခံထားရသူဖြစ်ပြီး ကာဘာရ်အား သက်တောင့်သက်သာကစားကာ ၆-၃၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကာဘာရ်မှာ ပြီးခဲ့သည့်နှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ဆရီနာ ၀ီလီယံအား အနိုင်ကစားနိုင်ခဲ့သော်လည်း ယခုအကြိမ်တွင် ပုံစံကောင်းများရရှိနေသည့် ၀ီလီယံအား အရှုံးပေးခဲ့ရသည်။

    ထို့ပြင် ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုရီးယား အဇာရန်ကာကလည်း အီတလီတင်းနစ်မယ် ဆာရာအီရာနီအား အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၇-၆(၇-၄)၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

    ရာသီပိတ်ပွဲစဉ်ဖြစ်သည့် WTA Championships တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ ကစားသမားသာပါဝင်ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခုဖြစ်သည်။
    ————————————-

    ချယ်ဆီး၊ အက်သလက်တီကို၊ နာပိုလီ၊ ဇင်းနစ်တို့ အဝေးကွင်းတွင်အောင်ပွဲခံခဲ့ပြီး၊ ဘာကာသရေကျ၊ အာဆင်နယ် ရှုံးပွဲ စတွေ့ခဲ့သည့် ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယမြောက်ပွဲစဉ်များ

    ဥရောပချန်ပီယံလိဂ် အုပ်စု E၊ F၊ G၊ H များ၏ အုပ်စု တတိယပွဲစဉ်များကို ယနေ့နံနက်က ယှပြိုင်ကစားခဲ့ရာ ချယ်ဆီးနှင့် အက်သလက်တီကိုတို့ အဝေးကွင်းတွင် ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ နာမည်ကြီး ဘာစီလိုနာအသင်းမှာ ဆန်စီရိုတွင် ၁ မှတ်သာ ရယူနိုင်ခဲ့ပြီး၊ ခြေစွမ်းကောင်းများရနေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်း အီမရိတ်တွင် ဒေါ့မွန်အသင်းအား အရှုံးပေးခဲ့ရသည်။

    အုပ်စု E

    ရှော်လ်ကာ ၀-၃ ချယ်ဆီး

    တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းတည်ငြိမ်လာသည့် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ ဂျာမန်မြေတွင် အိမ်ရှင်ရှော်လ်ကာအသင်းအား အမှားအယွင်းမရှိ အနိုင်ရယူနိုင်ခဲ့သည်။

    အိမ်ရှင်ရှော်လ်ကာအသင်းမှာ တိုက်စစ်မှူး ဟန်တယ်လာနှင့် ဂျက်ဖာဆင် ဖာရန်တို့မပါဝင်နိုင်သောကြောင့် အားနည်းသည်ဟုဆိုနိုင်ပြီး ချယ်ဆီးအသင်းက ပြီးခဲ့သည့် စနေနေ့ ကာစ်ဖ်အား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သောပွဲမှ လူစာရင်းအား ငါးနေရာအပြောင်းအလဲလုပ်ကာ ရှော်လ်ကာအား ရင်ဆိုင်ခဲ့သည်။

    ချယ်ဆီးအသင်းအတွက်ဂိုးများကို ပွဲအစ ၅ မိနစ်နှင့် ဒုတိယပိုင်း ၆၈ မိနစ်တို့တွင် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က သွင်းယူပေးခဲ့ပြီး အလယ်တန်းကစားသမား အေဒင် ဟာဇာဒ်က ပွဲပြီးကာနီး ၈၇ မိနစ်တွင်နောက်ဆုံးပိတ် အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည်။ တောရက်စ်မှာ ချယ်ဆီးအသင်းအတွက် ပွဲ ၁၀၀ ပြည့်ကစားခဲ့ခြင်းဖြစ်ပြီး ယခုပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းမှာ ၃ ပွဲကစား ၆ မှတ်ရရှိကာ ရှော်လ်ကာအသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုအား ဦးဆောင်နိုင်ခဲ့သည်။

    စတူအာဘူခါရက် ၁-၁ ဘေဆယ်

    ရိုမေးနီးယားတွင်ကစားခဲ့သည့် ထိုပွဲတွင် အိမ်ရှင်အသင်းမှာ ကံကောင်းစွာဖြင့် သရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ ဧည့်သည် ဘေဆယ်အသင်းက မာဆယ်လို ဒီအက်ဇ်၏ ဒုတိယပိုင်း ၄၈ မိနစ်သွင်းဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး ပွဲပြီးကာနီး ၈၈ မိနစ်တွင်မှ အိန်ဂျယ်လို မာတင်က ဘူခါရက်အတွက် နောက်ကျချေပဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် အိမ်ရှင်အသင်းမှာ အဖိုးတန် သရေတစ်မှတ်ကို အရယူနိုင်ခဲ့သည်။
    …………………………………………
    အုပ်စု F

    အာဆင်နယ် ၁-၂ ဒေါ့မွန်

    အီမရိတ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် အာဆင်နယ်အသင်းမှာ ဒေါ့မွန်အား တိုက်စစ်မှူး လီဝန်ဒေါ့စကီး၏ နောက်ကျအနိုင်ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။

    အဖွင့်ဂိုးကို ဧည့်သည့်ဒေါ့မွန်အသင်းက စတင်ရရှိခဲ့ပြီး ၁၆ မိနစ်တွင် ဟင်းနရစ် မခီတာယန်က သွင်းယူပေးခဲ့သည်။ ၄၁ မိနစ်တွင် အာဆင်နယ်တိုက်စစ်မှူး ဂျီရူးက ချေပဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးကာနီး ၈ မိနစ်အလိုတွင် ရော်ဘတ် လီဝန်ဒေါ့စကီးက ဒေါ့မွန်အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။

    မာဆေးလ် ၁-၂ နာပိုလီ

    ပြီးခဲ့သည့် အုပ်စုပွဲစဉ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့သည့် နာပိုလီအသင်းမှာ ပြင်သစ်မြေတွင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အမှားအယွင်း မရှိအနိုင်ယူနိုင်ခဲ့ကာ အုပ်စုတက်ရေး အိပ်မက်ကို ဆက်လက်ရှင်သန်စေခဲ့သည်။

    ၂ ဂိုး ၁ ဂိုးဖြင့်ဧည့်သည်နာပိုလီအသင်းက အနိုင်ရရှိခဲ့သော အဆိုပါပွဲစဉ်တွင် နာပိုလီအသင်းအတွက်ဂိုးများကို ၄၂ မိနစ်နှင့် ၆၇ မိနစ်တို့တွင် ကာလီဂျွန်နှင့် ဒူဗန် ဇပါတာတို့က အသီးသီးသွင်းယူပေးခဲ့ပြီး အိမ်ရှင်မာဆေးလ်အသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၈ မိနစ်တွင် အန်ဒရီ အေယွယ်က သွင်းယူပေခဲ့ခြင်းဖြစ်သည်။

    မာဆေးလ်အသင်းမှာ သုံးပွဲကစားပြီး သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုတက်ရေးမှာ အဆုံးသတ်သွားပြီဖြစ်သည်။
    …………………………………..
    အုပ်စု G

    သြစတြီးယားဝီအန် ၀-၃ အက်သလက်တီကို

    ပြီးခဲ့သည့် အုပ်စုပွဲစဉ်နှစ်ခုတွင် အနိုင်ကစားနိုင်ခဲ့သည့် စပိန်ကလပ် အက်သက်လက်တီကို မက်ဒရစ်အသင်းမှာ ယခုပွဲတွင်လည်း အသင်းငယ် သြစတြီးယားဝီအန်အသင်းကို အဝေးကွင်းတွင်း ၃ ဂိုးပြတ်အနိုင်ရရှိအောင်
    ကစားနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲကို ထိန်းထားနိုင်ခဲ့သည်။

    အဖွင့်ဂိုးအား ပွဲအစ ၈ မိနစ်မှာပင် အက်သလက်တီကိုအသင်းက စတင်ရရှိခဲ့ပြီး ရာအူး ဂါစီယာက သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင်လည်း အက်သလက်တီကို အသင်းကပင် အသာစီးဖြင့်ကစားနိုင်ခဲ့ပြီး မိနစ် ၂၀နှင့် ၅၃ မိနစ်တို့တွင် ဒီယေဂို ကော်စတာက ဒုတိယနှင့် တတိယဂိုးတို့ကို သွင်းယူပေးခဲ့သည်။

    ယခုနိုင်ပွဲကြောင့် အက်သလက်တီကိုအသင်းမှာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်ရန်သေချာသလောက်ရှိသွားပြီးဖြစ်သော်လည်း၊ သြစတီးယားဝီအန်အသင်းမှာ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် မဆိုစလောက်သာ ကျန်ရှိတော့သည်။

    ပေါ်တို ၀-၁ ဇင်းနစ်

    ပေါ်တူဂီတွင် ကစားခဲ့သည့် ယခုပွဲစဉ်တွင် ပေါ်တိုအသင်းမှာ ပွဲအစ ၆ မိနစ်မှာပင် ဟက်တာ ဟာရီရာ အထုတ်ခံခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံး ၁၀ ယောက်တည်းဖြင့်ကစားခဲ့ရသည်။

    သို့သော်လည်း ဧည့်သည်ဇင်းနစ်အသင်း၏ အဖိုးတန်အနိုင်ဂိုးကို ၈၅ မိနစ်တွင်မှ ရရှိခဲ့ပြီး အလက်ဆန်ဒါ ကာဇာကောဗ့်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဇင်းနစ်အသင်းမှာ ပေါ်တိုအသင်း၏ အိမ်ကွင်း၌ ပထမဦးဆုံးအနိုင်ရရှိခဲ့သည့် ရုရှားကလပ်အသင်းဖြစ်လာခဲ့ပြီး ၃ ပွဲကစား ၄ မှတ်ဖြင့် အပေါ်တို၏အထက် ၁ မှန်ကွာဖြင့် အုပ်စုဒုတိယနေရာတွင်ရှိနေသည်။
    ………………………………
    အုပ်စု H

    အေစီမီလန် ၁-၁ ဘာစီလိုနာ

    ဆန်စီရိုတွင်ကစားခဲ့သည့် ယခုပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ဘာစီလိုနာအသင်းက အဖိုးတန်တစ်မှတ်ကိုရယူနိုင်ခဲ့သည်။

    ဘာစီလိုနာအသင်းတွင် ဒဏ်ရာမှ သက်သာလာသည့် မက်ဆီပါဝင်ကစားခဲ့သည်။ ဦးဆောင်ဂိုးကို အိမ်ရှင်အေစီမီလန်အသင်းက ပွဲအစ ၉ မိနစ်တွင်ရရှိခဲ့ပြီး ကာကာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ရော်ဘင်ဟိုက သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဘာစီလိုနာအသင်းက ကစားအားမြှင့်တင်ခဲ့ပြီး ပွဲအားစိုးမိုးထားနိုင်ခဲ့သည်။ ထို့ကြောင့် ၂၄ မိနစ်တွင် ဘာစီလိုနာအသင်းက ချေပဂိုးရရှိခဲ့ပြီး အင်နီယေစတာ၏ ပေးပို့မှုမှတစ်ဆင့် မက်ဆီက သွင်းယူပေးနိုင်ခဲ့သည်။

    နောက်ပိုင်းတွင် နှစ်သင်းစလုံးမှာ အခွင့်ရေးကောင်းများရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ၁ ဂိုးစီသရေဖြင့်ပြီးဆုံးခဲ့သည်။ ဘာစီလိုနာအသင်းမှာ ၃ ပွဲကစား ၇ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေပြီး မီလန်မှာ ၃ ပွဲကစား ၅ မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    ဆဲလ်တစ် ၂-၁ အေဂျက်

    ကစားပြီးခဲ့သည့် ၂ ပွဲတွင် အမှတ်မရရှိခဲ့သည့် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းမှာ အိမ်ကွင်းတွင် အေဂျက်အသင်းအား အနိုင်ကစားကာ ၃ မှတ်ရယူနိုင်ခဲ့သည်။

    ပထမပိုင်းတွင် ပွဲမှာအနည်းငယ်အေးခဲ့ပြီး ကွင်းလယ်၌သာ အချိန်ကုန်ခဲ့သည်။ သို့သော်လည်း ပထမပိုင်းပြီးကာနီး ၄၄ မိနစ်တွင် အိမ်ရှင်တို့ ပင်နယ်တီရရှိခဲ့ပြီး ဂျိမ်းဖောရက်စ်က အမှားအယွင်း မရှိကန်သွင်းယူနိုင်ခဲ့သည်။

    ဒုတိယပိုင်းတွင် နှစ်သင်းစလုံးက ကစားအားကိုမြှင့်တင်ခဲ့သောကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ၅၃ မိနစ်တွင် ဆဲလ်တစ်အသင်းက ဒုတိယဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဘီရမ် ကာယာလ်က သွင်းယူပေးခဲ့သည်။ ပွဲပြီးကာနီး ၁၀ မိနစ်အလိုမှစ၍ ဧည့်သည့်အေဂျက်အသင်းက တရစပ်ဖိကစားခဲ့ပြီး ချေပဂိုးရရန်ကြိုးစားခဲ့သော်လည်း ဒုတိယပိုင်းနာကျင် အချိန်ပိုတွင်မှ နှစ်သိမ့်ဂိုးတစ်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို စကုန်းကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။