News @ M-Media
Category: အားကစား
  • အောက်တိုဘာ- ၂၃ အားကစားသတင်းများ
    အောက်တိုဘာ- ၂၃
    M-Media
    အသင်း၏ ရလဒ်များနှင့် ပက်သက်၍ အသင်းသားများကိုသာ အပြစ်တင်ရမည်ဟု အီဗန့်ဆို
    john event
    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ယူအသင်း၏ ဆိုးရွားသော စွမ်းဆောင်မှုများနှင့်ပက်သက်၍ ကစားသမားများတွင်သာ တာဝန်ရှိပြီး၊ နည်းပြ ဒေးဗစ်မိုယက်စ်ကို အပြစ်တင်၍မရကြောင်း နောက်ခံလူ ဂျွန်နီ အီဗန့်စ်က ပြောကြားခဲ့သည်။
    သို့သော်လည်း ကစားသမားအပေါ် မိုယက်စ်၏ စီစစ်မှုမှာ ပြင်းထန်သည်ဟု အီဗန့်စ်က ခံစားနေရပြီး၊ အသင်း၏ လတ်တလောစွမ်းဆောင်ရည်များမှ ပိုမို တိုးတက်ရန် လိုအပ်သည်ဟု ၀န်ခံခဲ့သည်။
    “တစ်ဦးချင်းအနေနဲ့ကော၊ အသင်းလိုက်အနေနဲ့ပါ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ ဆန်းစစ်ရမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာအောင် လုပ်ရပါမယ်” ဟု အီဗန့်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
    ……………………………………
    ချယ်ဆီးနှင့်ကစားခဲ့သည့်ပွဲတွင် ရှော်လ်ကာအသင်းမှာ အလွန်နုံအခဲ့သည်ဟု ဒရက်ဇလာဆို
    ရှော်လ်ကာအသင်း၏ ဂျာမန်ကစားသမား ဂျူလီယန်ဒရက်ဇလာက ချယ်ဆီးနှင့်ပွဲတွင် ပါးနပ်သူက အနိုင်ရရှိခဲ့သည်ဟု ထင်မြင်နေပြီး၊ ၎င်း၏အသင်းအနေဖြင့် နောက်တစ်ဆင့်သို့တက်ရောက်ရန် အခွင့်အရေးရှိနေသည်ဟု ပြောဆိုလိုက်သည်။
    ချန်ပီယံလိဂ်အုပ်စု တတိယပွဲစဉ်အဖြစ် ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင် ရှော်လ်ကာအသင်းမှာ အိမ်ကွင်းတွင် ချယ်ဆီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီး ဒရက်ဇလာက မိမိတို့အသင်းမှာ နုံအခဲ့သည်ဟု ခံစားနေရသည်။
    “ကျွန်တော်တို့အသင်း နည်းနည်း နုံခဲ့တာဖြစ်မှာပါ။ ချယ်ဆီးလိုအသင်းနဲ့ ကစားရတဲ့အခါမျိုးမှာ တစ်ဦးချင်းအမှားတွေ မလုပ်ရပါဘူး။ ဒီညမှာ ပိုပြီးပါးနပ်တဲ့အသင်းဟာ အနိုင်ရရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု UEFA ၀ဘ်ဆိုဒ်သို့ ဒရက်ဇလာက ပြောကြားခဲ့သည်။
    သို့သော်လည်း ရှော်လ်ကာအသင်းမှာ နောက်တစ်ဆင့်တက်လိမ့်မည်ဟု ယုံကြည်နေကြောင်း ဒရက်ဇလာက ထပ်လောင်းပြောကြားသွားသည်။ ရှော်လ်ကာအသင်းမှာ ချန်ပီယံလိဂ်အုပ်စု E တွင် ချယ်ဆီး၊ စတူအာဘူခါရက်၊ ဘေဆယ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး သုံးပွဲကစား ၆ မှတ်ရရှိကာ ချယ်ဆီးနှင့် အမှတ်တူဂိုးကွာခြားဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    …………………………………………….
    ဘာစီလိုနာနှင့်ပွဲတွင် ပြသခဲ့သည့်ခြေစွမ်းကြောင့် ကာကာအား ဂါလီယာနီ ချီးကျူး
    ဘာစီလိုနာအသင်းနှင့် ၁ ဂိုးစီသရေကျခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြသခဲ့သည့် ကာကာ၏ခြေစွမ်းအား အေစီမီလန်အသင်း၏ စီအီးအိုဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက ချီးကျူးပြောဆိုလိုက်သည်။
    ကာကာမှာ အေစီမီလန်သို့ပြောင်းရွှေ့လာပြီးနောက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ရော်ဘင်ဟိုသွင်းယူခဲ့သည့် ဂိုးအား ဖန်တီးပေးနိုင်ခဲ့သည်။
    “ကာကာရဲ့ တိုက်စစ်ကစားပုံကို ကျွန်တော်သဘောကျပါတယ်။ ဒီပွဲမှာ ကာကာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကာကာအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒီအသင်းမှာ သူကစားတဲ့အခါ သူဟာ ကောင်းကောင်းကစားနိုင်ပြီး အသင်းအတွက်အများကြီးပေးဆပ်နိုင်တယ်ဆိုတာ လူတွေအားလုံးကလည်း နားလည်စ ပြုလာပါပြီ” ဟု ဂါလီယာနီက ပြောကြားခဲ့သည်။
    ထို့ပြင် တိုက်စစ်မှူးဘာလော့ တယ်လီ အသင်းမှထွက်ခွာတော့မည်ဆိုသည့် သတင်းများနှင့်ပက်သက်၍ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ဘာလော့ တယ်လီအား အသင်းမှ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ဂါလီယာနီက ထည့်သွင်းပြောကြားခဲ့သည်။
    ………………………………
    WTA Championships ပထမအစဉ်တွင် ဆရီနာအနိုင်ရ
    ယခုနှစ်ရာသီပိတ် တင်းနစ်ပြိုင်ပွဲဖြစ်သည့် အစ္စတန်ဘူလ်၌ ကျင်းပနေသည့် WTA Championships ပထမအဆင့်ပွဲစဉ်တွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံက ဂျာမနီ အမျိုးသမီး တင်းနစ်အကျော်အမော် အိန်ဂျလီ ကာရ်ဘာရ်အား အနိုင်ရရှိခဲ့သည်ဟုသိရသည်။
    ဆရီနာ ၀ီလီယံမှာ ထိုပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခံထားရသူဖြစ်ပြီး ကာဘာရ်အား သက်တောင့်သက်သာကစားကာ ၆-၃၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကာဘာရ်မှာ ပြီးခဲ့သည့်နှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ဆရီနာ ၀ီလီယံအား အနိုင်ကစားနိုင်ခဲ့သော်လည်း ယခုအကြိမ်တွင် ပုံစံကောင်းများရရှိနေသည့် ၀ီလီယံအား အရှုံးပေးခဲ့ရသည်။
    ထို့ပြင် ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုရီးယား အဇာရန်ကာကလည်း အီတလီတင်းနစ်မယ် ဆာရာအီရာနီအား အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၇-၆(၇-၄)၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။
    ရာသီပိတ်ပွဲစဉ်ဖြစ်သည့် WTA Championships တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ ကစားသမားသာပါဝင်ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခုဖြစ်သည်။
    ————————————-
    ချယ်ဆီး၊ အက်သလက်တီကို၊ နာပိုလီ၊ ဇင်းနစ်တို့ အဝေးကွင်းတွင်အောင်ပွဲခံခဲ့ပြီး၊ ဘာကာသရေကျ၊ အာဆင်နယ် ရှုံးပွဲ စတွေ့ခဲ့သည့် ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယမြောက်ပွဲစဉ်များ
    ဥရောပချန်ပီယံလိဂ် အုပ်စု E၊ F၊ G၊ H များ၏ အုပ်စု တတိယပွဲစဉ်များကို ယနေ့နံနက်က ယှပြိုင်ကစားခဲ့ရာ ချယ်ဆီးနှင့် အက်သလက်တီကိုတို့ အဝေးကွင်းတွင် ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ နာမည်ကြီး ဘာစီလိုနာအသင်းမှာ ဆန်စီရိုတွင် ၁ မှတ်သာ ရယူနိုင်ခဲ့ပြီး၊ ခြေစွမ်းကောင်းများရနေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်း အီမရိတ်တွင် ဒေါ့မွန်အသင်းအား အရှုံးပေးခဲ့ရသည်။
    အုပ်စု E
    ရှော်လ်ကာ ၀-၃ ချယ်ဆီး
    တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းတည်ငြိမ်လာသည့် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ ဂျာမန်မြေတွင် အိမ်ရှင်ရှော်လ်ကာအသင်းအား အမှားအယွင်းမရှိ အနိုင်ရယူနိုင်ခဲ့သည်။
    အိမ်ရှင်ရှော်လ်ကာအသင်းမှာ တိုက်စစ်မှူး ဟန်တယ်လာနှင့် ဂျက်ဖာဆင် ဖာရန်တို့မပါဝင်နိုင်သောကြောင့် အားနည်းသည်ဟုဆိုနိုင်ပြီး ချယ်ဆီးအသင်းက ပြီးခဲ့သည့် စနေနေ့ ကာစ်ဖ်အား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သောပွဲမှ လူစာရင်းအား ငါးနေရာအပြောင်းအလဲလုပ်ကာ ရှော်လ်ကာအား ရင်ဆိုင်ခဲ့သည်။
    ချယ်ဆီးအသင်းအတွက်ဂိုးများကို ပွဲအစ ၅ မိနစ်နှင့် ဒုတိယပိုင်း ၆၈ မိနစ်တို့တွင် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က သွင်းယူပေးခဲ့ပြီး အလယ်တန်းကစားသမား အေဒင် ဟာဇာဒ်က ပွဲပြီးကာနီး ၈၇ မိနစ်တွင်နောက်ဆုံးပိတ် အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည်။ တောရက်စ်မှာ ချယ်ဆီးအသင်းအတွက် ပွဲ ၁၀၀ ပြည့်ကစားခဲ့ခြင်းဖြစ်ပြီး ယခုပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းမှာ ၃ ပွဲကစား ၆ မှတ်ရရှိကာ ရှော်လ်ကာအသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုအား ဦးဆောင်နိုင်ခဲ့သည်။
    စတူအာဘူခါရက် ၁-၁ ဘေဆယ်
    ရိုမေးနီးယားတွင်ကစားခဲ့သည့် ထိုပွဲတွင် အိမ်ရှင်အသင်းမှာ ကံကောင်းစွာဖြင့် သရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ ဧည့်သည် ဘေဆယ်အသင်းက မာဆယ်လို ဒီအက်ဇ်၏ ဒုတိယပိုင်း ၄၈ မိနစ်သွင်းဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး ပွဲပြီးကာနီး ၈၈ မိနစ်တွင်မှ အိန်ဂျယ်လို မာတင်က ဘူခါရက်အတွက် နောက်ကျချေပဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် အိမ်ရှင်အသင်းမှာ အဖိုးတန် သရေတစ်မှတ်ကို အရယူနိုင်ခဲ့သည်။
    …………………………………………
    အုပ်စု F
    အာဆင်နယ် ၁-၂ ဒေါ့မွန်
    အီမရိတ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် အာဆင်နယ်အသင်းမှာ ဒေါ့မွန်အား တိုက်စစ်မှူး လီဝန်ဒေါ့စကီး၏ နောက်ကျအနိုင်ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။
    အဖွင့်ဂိုးကို ဧည့်သည့်ဒေါ့မွန်အသင်းက စတင်ရရှိခဲ့ပြီး ၁၆ မိနစ်တွင် ဟင်းနရစ် မခီတာယန်က သွင်းယူပေးခဲ့သည်။ ၄၁ မိနစ်တွင် အာဆင်နယ်တိုက်စစ်မှူး ဂျီရူးက ချေပဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးကာနီး ၈ မိနစ်အလိုတွင် ရော်ဘတ် လီဝန်ဒေါ့စကီးက ဒေါ့မွန်အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။
    မာဆေးလ် ၁-၂ နာပိုလီ
    ပြီးခဲ့သည့် အုပ်စုပွဲစဉ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့သည့် နာပိုလီအသင်းမှာ ပြင်သစ်မြေတွင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အမှားအယွင်း မရှိအနိုင်ယူနိုင်ခဲ့ကာ အုပ်စုတက်ရေး အိပ်မက်ကို ဆက်လက်ရှင်သန်စေခဲ့သည်။
    ၂ ဂိုး ၁ ဂိုးဖြင့်ဧည့်သည်နာပိုလီအသင်းက အနိုင်ရရှိခဲ့သော အဆိုပါပွဲစဉ်တွင် နာပိုလီအသင်းအတွက်ဂိုးများကို ၄၂ မိနစ်နှင့် ၆၇ မိနစ်တို့တွင် ကာလီဂျွန်နှင့် ဒူဗန် ဇပါတာတို့က အသီးသီးသွင်းယူပေးခဲ့ပြီး အိမ်ရှင်မာဆေးလ်အသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၈ မိနစ်တွင် အန်ဒရီ အေယွယ်က သွင်းယူပေခဲ့ခြင်းဖြစ်သည်။
    မာဆေးလ်အသင်းမှာ သုံးပွဲကစားပြီး သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုတက်ရေးမှာ အဆုံးသတ်သွားပြီဖြစ်သည်။
    …………………………………..
    အုပ်စု G
    သြစတြီးယားဝီအန် ၀-၃ အက်သလက်တီကို
    ပြီးခဲ့သည့် အုပ်စုပွဲစဉ်နှစ်ခုတွင် အနိုင်ကစားနိုင်ခဲ့သည့် စပိန်ကလပ် အက်သက်လက်တီကို မက်ဒရစ်အသင်းမှာ ယခုပွဲတွင်လည်း အသင်းငယ် သြစတြီးယားဝီအန်အသင်းကို အဝေးကွင်းတွင်း ၃ ဂိုးပြတ်အနိုင်ရရှိအောင်
    ကစားနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲကို ထိန်းထားနိုင်ခဲ့သည်။
    အဖွင့်ဂိုးအား ပွဲအစ ၈ မိနစ်မှာပင် အက်သလက်တီကိုအသင်းက စတင်ရရှိခဲ့ပြီး ရာအူး ဂါစီယာက သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင်လည်း အက်သလက်တီကို အသင်းကပင် အသာစီးဖြင့်ကစားနိုင်ခဲ့ပြီး မိနစ် ၂၀နှင့် ၅၃ မိနစ်တို့တွင် ဒီယေဂို ကော်စတာက ဒုတိယနှင့် တတိယဂိုးတို့ကို သွင်းယူပေးခဲ့သည်။
    ယခုနိုင်ပွဲကြောင့် အက်သလက်တီကိုအသင်းမှာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်ရန်သေချာသလောက်ရှိသွားပြီးဖြစ်သော်လည်း၊ သြစတီးယားဝီအန်အသင်းမှာ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် မဆိုစလောက်သာ ကျန်ရှိတော့သည်။
    ပေါ်တို ၀-၁ ဇင်းနစ်
    ပေါ်တူဂီတွင် ကစားခဲ့သည့် ယခုပွဲစဉ်တွင် ပေါ်တိုအသင်းမှာ ပွဲအစ ၆ မိနစ်မှာပင် ဟက်တာ ဟာရီရာ အထုတ်ခံခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံး ၁၀ ယောက်တည်းဖြင့်ကစားခဲ့ရသည်။
    သို့သော်လည်း ဧည့်သည်ဇင်းနစ်အသင်း၏ အဖိုးတန်အနိုင်ဂိုးကို ၈၅ မိနစ်တွင်မှ ရရှိခဲ့ပြီး အလက်ဆန်ဒါ ကာဇာကောဗ့်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဇင်းနစ်အသင်းမှာ ပေါ်တိုအသင်း၏ အိမ်ကွင်း၌ ပထမဦးဆုံးအနိုင်ရရှိခဲ့သည့် ရုရှားကလပ်အသင်းဖြစ်လာခဲ့ပြီး ၃ ပွဲကစား ၄ မှတ်ဖြင့် အပေါ်တို၏အထက် ၁ မှန်ကွာဖြင့် အုပ်စုဒုတိယနေရာတွင်ရှိနေသည်။
    ………………………………
    အုပ်စု H
    အေစီမီလန် ၁-၁ ဘာစီလိုနာ
    ဆန်စီရိုတွင်ကစားခဲ့သည့် ယခုပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ဘာစီလိုနာအသင်းက အဖိုးတန်တစ်မှတ်ကိုရယူနိုင်ခဲ့သည်။
    ဘာစီလိုနာအသင်းတွင် ဒဏ်ရာမှ သက်သာလာသည့် မက်ဆီပါဝင်ကစားခဲ့သည်။ ဦးဆောင်ဂိုးကို အိမ်ရှင်အေစီမီလန်အသင်းက ပွဲအစ ၉ မိနစ်တွင်ရရှိခဲ့ပြီး ကာကာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ရော်ဘင်ဟိုက သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဘာစီလိုနာအသင်းက ကစားအားမြှင့်တင်ခဲ့ပြီး ပွဲအားစိုးမိုးထားနိုင်ခဲ့သည်။ ထို့ကြောင့် ၂၄ မိနစ်တွင် ဘာစီလိုနာအသင်းက ချေပဂိုးရရှိခဲ့ပြီး အင်နီယေစတာ၏ ပေးပို့မှုမှတစ်ဆင့် မက်ဆီက သွင်းယူပေးနိုင်ခဲ့သည်။
    နောက်ပိုင်းတွင် နှစ်သင်းစလုံးမှာ အခွင့်ရေးကောင်းများရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ၁ ဂိုးစီသရေဖြင့်ပြီးဆုံးခဲ့သည်။ ဘာစီလိုနာအသင်းမှာ ၃ ပွဲကစား ၇ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေပြီး မီလန်မှာ ၃ ပွဲကစား ၅ မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။
    ဆဲလ်တစ် ၂-၁ အေဂျက်
    ကစားပြီးခဲ့သည့် ၂ ပွဲတွင် အမှတ်မရရှိခဲ့သည့် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းမှာ အိမ်ကွင်းတွင် အေဂျက်အသင်းအား အနိုင်ကစားကာ ၃ မှတ်ရယူနိုင်ခဲ့သည်။
    ပထမပိုင်းတွင် ပွဲမှာအနည်းငယ်အေးခဲ့ပြီး ကွင်းလယ်၌သာ အချိန်ကုန်ခဲ့သည်။ သို့သော်လည်း ပထမပိုင်းပြီးကာနီး ၄၄ မိနစ်တွင် အိမ်ရှင်တို့ ပင်နယ်တီရရှိခဲ့ပြီး ဂျိမ်းဖောရက်စ်က အမှားအယွင်း မရှိကန်သွင်းယူနိုင်ခဲ့သည်။
    ဒုတိယပိုင်းတွင် နှစ်သင်းစလုံးက ကစားအားကိုမြှင့်တင်ခဲ့သောကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ၅၃ မိနစ်တွင် ဆဲလ်တစ်အသင်းက ဒုတိယဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဘီရမ် ကာယာလ်က သွင်းယူပေးခဲ့သည်။ ပွဲပြီးကာနီး ၁၀ မိနစ်အလိုမှစ၍ ဧည့်သည့်အေဂျက်အသင်းက တရစပ်ဖိကစားခဲ့ပြီး ချေပဂိုးရရန်ကြိုးစားခဲ့သော်လည်း ဒုတိယပိုင်းနာကျင် အချိန်ပိုတွင်မှ နှစ်သိမ့်ဂိုးတစ်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို စကုန်းကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
  • အောက်တိုဘာ ၂၂၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၂၂၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၂၂၊ ၂၀၁၃
    M-Media
    ကာဒစ်ဖ်စီးတီးနှင့်ပွဲတွင် ပြုမူခဲ့သောအပြုအမူအတွက် မော်ရင်ဟိုအား FA အရေးယူရန်ရှိနေ
    ကာဒစ်ဖ်စီးတီးအသင်းအား ၄-ဂိုး ၁-ဂိုးဖြင့်အနိုင်ရရှိခဲ့သောပွဲတွင် ဒိုင်လူကြီးအား ကြမ်းတမ်းစွာပြောဆိုခဲ့သော ချယ်ဆီးအသင်းနည်းပြ မော်ရင်ဟိုမှာ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA ၏ အရေးယူမှုကို ခံရဖွယ် ရှိနေသည်။
    စနေနေ့က ကစားခဲ့သောအဆိုပါပွဲတွင် ချယ်ဆီးကစားသမား အိုင်ဗန်နိုင်ဗစ် အချိန်ဆွဲနေမှုအား ဒိုင်လူကြီးက သတိပေးခဲ့မှုကို မကျေနပ်သည့်မော်ရင်ဟိုက ဒိုင်လူကြီး အား ကြမ်းတမ်စွာပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုအပြုအမူကြောင့် ပွဲကြီးကြပ်သူများက မော်ရင်ဟိုအား ပရိတ်သတ် ခုံတန်းတွင်သွားရောက် ထိုင်နေရန် ညွှန်ကြားခဲ့ပြီး ကျန်ရှိသည့် ပွဲချိန်မိနစ် ၂၀ အား ပရိတ်သတ်ခုံတန်းပေါ်မှ အသင်းအား ကြီးကြပ်ခဲ့ရသည်။
    ထိုကိစ္စနှင့်ပက်သက်၍ FA က ကြေညာချက်ထုန်ပြန်ခဲ့ပြီး မော်ရင်ဟို၏ ဆိုးရွားသောအပြုအမူအတွက် တရားစွဲဆိုထားကြောင်း၊ ထိုတရားစွဲဆိုမှုကို အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားကာ ဖြေရှင်းရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ရေးသားဖော်ပြထားသည်။
    ထို့ကြောင့်မော်ရင်ဟိုမှာ ၎င်း၏အပြုအမူအတွက် ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံရဖွယ်ရှိနေသည်။
    goal
    __________________________
    ဘာစီလိုနာနှင့်ပြိုင်ပွဲအမီ ဘာလိုတယ်လီပြန်လည် ကြံ့ခိုင်လာလိမ့်မည်ဟု အယ်လီဂရီဆို
    အေစီမီလန်အသင်း၏ နည်းပြဖြစ်သူ အယ်လီဂရီက အသင်းရှိ အားထားရသည့်တိုက်စစ်မှူး ဘာလော့တယ်လီအား ယနေ့ညကစားမည့် ဘာစီလိုနာနှင့်ပွဲအမီ ကြံ့ခိုင်လာ မည်ဟု မျှော်လင့်ကြောင့် ပြောကြားခဲ့ပြီး ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရသော်လည်း ဘာစီလိုနာအသင်းနှင့်ပွဲတွင် သတ္တိရှိရှိဖြင့်ကစားရန် အသင်းသားများအား တိုက်တွန်းပြောဆိုခဲ့သည်။
    ဘာလော့တယ်လီမှာ ပေါင်ဒဏ်ရာခံစားနေရသောကြောင့် ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သည့် အူးဒီးနီးစ်အသင်းနှင့် ကစားခဲ့သောပွဲတွင် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ဘာစီလိုနာအသင်းနှင့် ကစားမည့် ပွဲတွင် ပါဝင်နိုင်မည်လားဟူသော မေးခွန်းများပေါ်ထွက်လာပြီး အယ်လီဂရီက ဘာလော့တယ်လီ၏ အနေအထားအား စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
    အေစီမီလန်အသင်းမှာ ချန်ပီယံလိဂ် အုပ်စု H တွင် ဘာစီလိုနာ၊ အေဂျက်၊ ဆဲလ်တစ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး နှစ်ပွဲကစား ၄ မှတ်ဖြင့် ဘာစီလိုနာ အသင်း၏အောက် ဒုတိယနေရာတွင်ရှိနေသည်။
    goal
    __________________________
    အာဆင်နယ်သို့ပြောင်းရွှေ့ရန် သုံးကြိမ်တိုင်တိုင်နီးစပ်ခဲ့သည်ဟု ဆာဟင်ဆို
    အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန်တစ်ကြိမ်ထက်မက နီးစပ်ခဲ့ပြီး၊ ၎င်းနှင့် အလွန်ရင်းနှီးသည့် မီဆု အိုဇေးနှင့် ပြန်လည်တွေ့ဆုံရမည့်အတွက် ပျော်ရွှင်မိကြောင်း ဒေါ့မွန်အသင်း၏ တူရကီအလယ်တန်းကစားသမား နူရီဆာဟင်က ပြောကြားလိုက်သည်။
    ဒေါ့မွန်အသင်းမှာ အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ယနေ့ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အသက် ၂၅-နှစ်အရွယ်ရှိ ဆာဟင်က ၎င်းအနေဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ရန်သုံးကြိမ်တိုင်တိုင်နည်းစပ်ခဲ့သည်ဟုဆိုသည်။
    “၂၀၁၂ တုန်းကတစ်ကြိမ် တော်တော်လေးနီးစပ်ခဲ့ပါတယ်။ ကျွန်နော့်ရဲ့ ကစားသမားဘ၀မှာ သုံးကြိမ်လောက်ရှိပါပြီ။ ပထမဦးဆုံးအကြိမ်ကတော့ အသက် ၁၆-နှစ် လောက်မှာပါ။ ဒါပေမယ့် အပြောင်းအရွှေ့တော့ မဖြစ်ခဲ့ပါဘူး။ ဘောလုံးမှာ ဒါကတော့ ပုံမှန်ပါပဲ” ဟု ဆာဟင်က ပြောကြားခဲ့သည်။
    ထို့ပြင် အဆင်နယ်ကွင်းလယ်လူ မီဆုအိုဇေးနှင့်လည်း နီးကပ်သောဆက်ဆံရေးရှိပြီး အိုဇေးမှာ အာဆင်နယ်အသင်းတွင် အဓိကကျသော ကစားသမားဖြစ်သည်ဟု ဆာဟင်က ထပ်လောင်းပြောကြားခဲ့သည်။
    goal
    __________________________
    ရီးယဲလ်မက်ဒရစ်အား ယုံကြည်မှုအပြည့်နှင့်ရင်ဆိုင်မည်ဟု လော်ရန်တေးဆို
    ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးလော်ရန်တေးက မိမိတို့အသင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းအား ယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု ပြောကြားလိုက်သည်။
    ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ် ၂ ပွဲကစားပြီးထားချိန်တွင် ၂ မှတ်သာ ရရှိထားပြီးအုပ်စုမှတက်ရန် ရုန်းကန်ရမည့်အနေအထားတွင်ရှိနေသော်လည်း ဘာနေဗျူးတွင် ကစားရမည့် ရီးယဲလ်နှင့်ပွဲက အလှည့်အပြောင်းဖြစ်လိမ့်မည်ဟု လော်ရန်တေးက ယုံကြည်နေသည်။
    “အမှတ်တစ်ချို့ယူဖို့ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းပါ။ ဒါပေမယ့် ရီးယဲလ်ဟာ အကောင်းဆုံးအသင်းဖြစ်တဲ့အတွက် လွယ်တော့လွယ်မှာမဟုတ် ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အခွင့်အရေးတွေ အရယူနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု လော်ရန်တေးက Juventus TV သို့ ပြောကြားခဲ့သည်။
    ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်အုပ်စု B တွင် ရီးယဲလ်မက်ဒရစ်၊ ကိုပင်ဟေဂင်၊ ဂါလာတာစာရေးတို့နှင့်အတူ ကျရောက်နေပြီး မနက်ဖြန်တွင် အုပ်စုအတွင်း တတိယ မြောက်ပွဲစဉ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကစားရမည်ဖြစ်သည်။
    goal
    __________________________
  • အောက်တိုဘာ ၂၁ အားကစားသတင်းများ
    အောက်တိုဘာ ၂၁ အားကစားသတင်းများ
    အောက်တိုဘာ- ၂၁
    M-Media
    မန်ယူမှာ ချန်ပီယံပြေးလမ်းအတွင်းက ထွက်သွားခြင်းမရှိသေးဟု ၀င်းဂါးပြော
    Barclays Premier League Table - 2013-10-21_23.18.59
    ပရီးမီးယားလိဂ်တန်းဆင်းဇုန်နားမှ အသင်းများနှင့် အမှတ်ကပ်နေသော်လည်း မန်ယူအသင်းတွင် ချန်ပီယံဆုဖလားရရန်အတွက် ကစားသမားကောင်းများနှင့် အတွေ့အကြုံကောင်းများရှိနေသည်ဟု အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် မန်ယူအသင်း ချန်ပီယံပြေးလမ်းအတွင်းမှ ထွက်ခွာသွားခြင်း မရှိသေးဟု ပြောကြားခဲ့သည်။ မန်ယူအသင်းမှာ ရာသီအစတွင် ရလဒ်များဆိုးရွားနေကာ ကစားပြီးသည့် ပွဲစဉ် ၈ ပွဲတွင် ၃ ပွဲသာအနိုင်ရရှိထားပြီး ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် ၈ မှတ်ကွာဟနေသည်။
    “သိပ်ကိုစောပါသေးတယ်။ ၈ မှတ်ဆိုတာသိပ်မများပါဘူး။ ပြီးတော့ သူတို့ ချန်ပီယံပြေးလမ်းက မထွက်သေးပါဘူး။ ကျွန်တော်တို့ဟာ အသင်းအားလုံးထက် ၂ မှတ်အကွာပဲရှိသေးတာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal.com
    ………………………………….
    ဖီအိုရင်တီးနားအသင်းမှာ မည့်သည့်အသင်းနှင့်မဆို ယှဉ်ပြိုင်နိုင်သည်ဟု ရော့စီဆို
    ဂျူဗင်တပ်စ်အားအနိုင်ရရှိခဲ့သည့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ဖီအိုရင်တီးနားတိုက်စစ်မှူး ရော့စီက ဖီအိုရင်တီးနားအသင်းမှာ မည်သည့်အသင်းနှင့်မဆို ယှဉ်ပြိုင်နိုင်သည်ဟု ပြောဆိုလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် ဖီအိုရင်တီးနားအသင်းမှာ ပွဲပြီးရန် ၂၅ မိနစ်အလိုအထိ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်နေပြီး ရော့စီ၏ ဟက်ထရစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုပွဲအနိုင်ကြောင့် ဖီအိုရင်တီးနားမှာ အဆင့်ငါးအထိ တက်ရောက်လာခဲ့သည်။
    “ဂျူဗင်တပ်စ်ကိုနိုင်လိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့အားလုံး ပျော်ပါတယ်။ ကျွန်တော်တို့ဟာ အနိုင်ရဖို့အတွက် တည်ဆောက်ထားတာပါ။ ဒီအသင်းမှာကောင်းမွန်တဲ့ အခြေခံတွေရှိတယ်။ ပြီတော့ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်တယ်ဆိုတာ ကျွန်တော်တို့ဒီနေ့ ပြသခဲ့ပါတယ်” ဟု Sky Sport Italia ရုပ်သံသို့ ရော့စီက ပြောကြားခဲ့သည်။
    ………………………………….
    သြစတေးလျ Moto GP ဆိုင်ကယ်မောင်းပြိုင်ပွဲတွင် လော်ရန်ဇိုဗိုလ်စွဲ
    သြစတေးလျနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ခဲ့သည့် Moto GP ဆိုင်ကယ်မောင်းပြိုင်ပွဲတွင် စပိန်ဆိုင်ကယ်သမား ဂျော့ဂ်ျ လော်ရန်ဇို လိုပက်ဇ် အနိုင်ရဗိုလ်စွဲသွားခဲ့သည်ဟုသိရသည်။
    Phillip ကျွန်းတွင် ယမန်နေ့က ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် မူလက ၂၆ ပတ်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သော်လည်း ပြေးလမ်းအသစ်တွင် တာယာများ ပျက်ဆီးမှုကို စိုးရိမ်ရသည့်အတွက် ၁၉ ပတ်သာယှဉ်ပြိုင်ခဲ့သည်။
    ယခုပွဲတွင်နိုင်ရရှိမှုကြောင့် ရာသီပြီးဆုံးရန် ၂ ပွဲသာလိုတော့သည့်အချိန်တွင် Yamaha အသင်း၏ ဆိုင်ကယ်သမား လော်ရန်ဇိုမှာ ချန်ပီယံရှစ်အမှတ်ပေးဇယားတွင် Red Bull အသင်း ဆိုင်ကယ်သမား မာက့်မားကွက်ဇ်ထက် ၁၈ မှတ်အသာဖြင့် ဦးဆောင်နေသည်။
    Ref:CNY
    ………………………………….
    ATP Kremlin Cup တင်းနစ်ပြိုင်ပွဲတွင် ဂက်စ်ကတ် ဗိုလ်စွဲ
    ရုရှားနိုင်ငံ မော်စကိုမြို့တွင်ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ATP Kremlin Cup တင်းနစ်ပြိုင်ပွဲတွင် ပြင်သစ် တင်းနစ်သမား ရစ်ချတ် ဂက်စ်ကတ်က အနိုင်ရဗိုလ်စွဲသွားသည်ဟုသိရသည်။
    ယမန်နေ့က ယှဉ်ပြိုင်ခဲ့သည့် ဗိုလ်လုပွဲစဉ်တွင် နိုင်ခြေအဆင့် ၁ ရ ဂက်စ်ကတ်မှာ ကာဇက်စတန် တင်းနစ်သမား မစ်ဟေးလ် ကူကုရှ်ကင်အား အကြိတ်အနယ်ကစားက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂက်စ်ကတ်မှာ ပထမပွဲငယ်တွင် ရုံးနိမ်ခဲ့ပြီး ဒုတိယနှင့် တတိယပွဲငယ်တို့တွင် အနိုင်ကစားနိုင်ခဲ့သောကြောင့် ၄-၆၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။
    “ဒီမှာရှိတဲ့သီတင်းပတ်ဟာ ကျွန်တော့်အတွက် အံသြစရာပါပဲ။ ပြီးတော့ အမှတ်တရများစွာလည်း ကျွန်တော်ရခဲ့ပါတယ်။ ဒီရာသီဟာ ကျွန်တော့်ဘ၀ရဲ့အအောင်မြင်ဆုံးရာသီတွေထဲက တစ်ခုပါ” ဟု ပွဲအပြီးတွင် ဂက်စ်ကတ်က ပြောကြားခဲ့သည်။
    —————————————————–
    စပိန်နာမည်ကြီး ဒေးဗစ်ဖာရာ အား အနိုင်ယူကာ Stockholm Open တွင် ဒီမီထရော့ဗ်ဗိုလ်စွဲ
    ဆွီဒင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ATP Stockholm Open တင်းနစ် ပြိုင်ပွဲတွင် ဘူလ်ဂေးရီးယားတင်းနစ်သမား ဂရီဂေါ် ဒီမီထရော့ဗ် ဗိုလ်စွဲခဲ့သည် ဟု သိရသည်။
    ဗိုလ်လုပွဲစဉ်အား ယမန်နေ့တွင်ကစားခဲ့ပြီး ကမ္ဘာ့အဆင့် ၂၉ ရှိ ဒီမီထရော့ဗ်မှာ ကမ္ဘာ့နံပါတ် ၃ စပိန်တင်းနစ်အကျော်အမော် ဒေးဗစ်ဖာရာနှင့် ယှဉ်ပြိုင် ကစားခဲ့ရခြင်းဖြစ်ပြီး အံသြဖွယ်အနိုင်ယူနိုင်ခဲ့သည်။
    လွယ်ကူစွာအနိုင်ရခဲ့ခြင်းမျိုးမဟုတ်ဘဲ ပထမပွဲငယ်တွင် ၂-၆ ဖြင့်ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ပွဲငယ်တွင် ၆-၃ ဖြင့်လည်းကောင်း၊ တတိယ ပွဲငယ်တွင် ၆-၄ ဖြင့် လည်းကောင်း ခက်ခက်ခဲခဲအနိုင်ယူနိုင်ခဲ့သည်။
    “အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါ။ ပထမဆုံးခြေလှမ်းတစ်လှမ်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ လူတိုင်းက ကျွန်တော့်ကို ပြောခဲ့ကြ ပါတယ်” ဟု ဒီမီထရော့ဗ်က ပွဲအပြီးတွင် စိတ်လှုပ်ရှားစွာ ပြောဆိုခဲ့သည်။ ယခုကဲ့သို့ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ကစားသမားသက်တမ်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ATP ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း
  • အောက်တိုဘာ ၂၀၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၂၀၊ အားကစားသတင်း စုစည်းမှု
    အောက်တိုဘာ ၂၀၊ ၂၀၁၃
    M-Media
    ဖလားတစ်လုံးရလျှင်ပင် အဆင်ပြေသည်ဟု မိုယက်စ်အား ဖာဂူဆန်နှစ်သိမ့်
    မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြအဖြစ် ပထမဦးဆုံးရာသီတွင် ဖလားတစ်လုံးဆွတ်ခူးနိုင်ခဲ့လျှင်ပင်အလွန်ကောင်းမွန်သော စွမ်းဆောင်ရည် ဖြစ်လိမ့်မည်ဟု မန်ယူအသင်း၏ ဂန္တ၀င်နည်းပြဟောင်း ဖာဂူဆန်က ယမန်နေ့ ဆောက်သက်တမ်အသင်းအား ၁ ဂိုးစီသရေကျခဲ့သော ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    ယခုပွဲသရေကျမှုကြောင့် လက်ရှိချန်ပီယံ မန်ယူအသင်းမှာ အမှတ်ပေးဇယားတွင် အဆင့် ၈ အထိရောက်ရှိသွားပြီး ချန်ပီယံလိဂ် ၀င်ခွင့်အနေရာထက် ၅-မှတ်လျော့နေ ပြီး၊ တန်းဆင်းဇုန်နှင့် လေးမှတ်အကွာတွင်ရှိနေခြင်းဖြစ်သည်။ မန်ယူအသင်းမှာ ကစားပြီးသည့် ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲတွင် ၃ ပွဲသာအနိုင်ရရှိထားသည်။
    အသင်းတွင် ၂၆ နှစ်တာရှိနေခဲ့ပြီးအောင်မြင်မှုများစွာရယူပေးခဲ့သည့် နည်းပြဖာဂူဆန်မှာ မန်ယူအသင်းသို့ စတင်ရောက်ရှိပြီး လေးနှစ်အကြာမှ အသင်းအတွက် ပထမဦးဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
    “ဒေးဗစ်(မိုယက်စ်)အတွက်တော့ ဖလာတစ်လုံးရခဲ့ရင်တောင်မှ အလွန်ကောင်းမွန်တဲ့ အောင်မြင်မှုမျိုးဖြစ်မှာပါ။ လိဂ်ဖလားဖြစ်ဖြစ်၊ အက်ဖ်အေဖလားဖြစ်ဖြစ်၊ ဥရောပ ဖလားဖြစ်ဖြစ်၊ ပရီးမီးယားလိဂ်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အမှတ်ပေးပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် အသင်းခြောက်သင်းလောက် ပြိုင်နေရတဲ့အတွက် ဗိုလ်စွဲဖို့ဆိုတာ မလွယ်ပါဘူး”ဟု MUTV နှင့် အင်တာဗျူးတွင် ဖာဂူဆန်က ပြောကြားခဲ့သည်။
    channelnewasia
    ______________________
    ATP Stockholm Open တင်းနစ်ပြိုင်ပွဲတွင် ဖာရဲရား ဗိုလ်လုပွဲသို့တက်ရောက်
    ဆွီဒင်နိုင်ငံတွင်ကျင်းပပြုလုပ်လျက်ရှိသည့် ATP Stockholm Open တင်းနစ်ပြိုင်တွင် စပိန်နာမည်ကြီးတင်းနစ်သမား ဒေးဗစ်ဖာရဲရားမှာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဟုသိရသည်။
    နိုင်ခြေအဆင့် ၁ ရ ဖာရဲရားမှာ ဆီးမီးဖိုင်နယ်တွင် လတ်ဗီယား တင်းနစ်သမား အာန်နတ်စ် ဂူလ်ဘစ်နှင့် ကစားခဲ့ရခြင်းဖြစ်ပြီး ပထမပွဲငယ်တွင် ၆-၃ ဖြင့်ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ဒုတိယပွဲငယ်တွင် ၆-၄ ဖြင့်လည်းကောင်း၊ တတိယ ပွဲငယ်တွင် ၆-၁ ဖြင့်လည်းကောင်း အနိုင်ရအောင် ပြန်လည်ကစားနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၃-၆၊ ၆-၄၊ ၆ -၁ ဖြင့် အနိုင်ရရှိခဲ့ကာ နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
    နောက်ဆုံးဗိုလ်လုပွဲတွင် ဖာရဲရားမှာ နိုင်ခြေအဆင့် ၆ ရ ပြင်သစ်တင်းနစ်သမား ဘန်နွိုက် ပိုင်ရီကို ၄-၆၊ ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည့် ဘူလ်ဂေးရီးယားတင်းနစ်သမား ဒီမီထရော့ဗ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
    skysports
    ______________________
    Erste Bank Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရော်ဘင်ဟေ့စ်နှင့် တော်မီ ဟက်စ်တို့တွေ့ဆုံမည်
    သြစတြီးယားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Erste Bank Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲတွင် ရော်ဘင်ဟေ့စ်နှင့် တော်မီ ဟက်စ်တို့တွေ့ဆုံယှဉ်ပြိုင်ရမည်ဟု သိရသည်။
    ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဒခ်ျတင်းနစ်သမား ရော်ဘင်ဟေ့စ်မှာ နိုင်ခြေအဆင့် ၁ ရ ပြင်သစ်တင်းနစ်သမား ဂျိုးဝိုင်းလ်ဖရိုင်း ဆွန်ဂါအား အကြိတ်အနယ်ကစားကာ ၇-၅၊ ၇-၆(၆-၄)ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    “သူ(ဆွန်ဂါ)ဟာ ဒဏ်ရာနည်းနည်းရနေပြီး၊ ကျွန်တော်နည်းနည်းတုန်လှုပ်မိပါတယ်။ သူနဲ့ကစားတဲ့အခါမှာ ဘောလုံးကို ထိန်းပြီး သူရဲ့အမှားကိုစောင့်ရပါတယ်။ နောက်ပိုင်းမှာတော့ ပွဲကို ကျွန်တော်ပိုပြီးအာရုံစိုက်နိုင်ခဲ့ပါတယ်” ဟု အဆင့် ၁၀ အတွင်းရှိကစားမားများနှင့် ကစားရသည့် ၁၄ ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ယခု ပွဲတွင်မှ အနိုင် ရရှိခဲ့သည့် ကမ္ဘာ့အဆင့် ၆၃ရှိ ဟေ့စ်က
    ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    နိုင်ခြေအဆင့် ၂ ရ ဂျာမန်တင်းနစ်သမား တော်မီဟက်စ်မှာ နိုင်ခြေအဆင့် ၈ ရ ချက်တင်းနစ်သမား လူးကပ်စ် ရိုဆိုလ်အား ပထမပွဲငယ်တွင် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယ ပွဲငယ်တို့တွင် အနိုင်ကစားနိုင်ခဲ့သောကြောင့် ၃-၆၊ ၆-၄၊ ၇-၆(၇-၀) ဖြင့် အနိုင်ရရှိခဲ့သည်။
    “အရေးကြီးတဲ့ အမှတ်တွေနဲ့ တိုင်းဘရိတ်ရိုက်ချက်တွေမှာ ကျွန်တော် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော်အရမ်းကို ကျေနပ်မိပါတယ်” ဟု တော်မီက ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    skysports
    ______________________
    နေးမာအား ကာကွယ်မှုပေးရန် မာတီနိုတိုက်တွန်း
    အသင်းရှိ လူငယ်ကြယ်ပွင့်ကစားသမား နေးမာအား ပြိုက်ဘက်နောက်ခံလူများမှ ကြမ်းတမ်းစွာဖြတ်ထုတ်မှုများနှင့်ပက်သက်၍ တုန်လှုပ်မိသည်ဟု ဖွင့်ဟခဲ့ပြီး၊ ဒိုင်လူကြီးများအနေဖြင့် နေးမာအား ကာကွယ်မှုများပေးရန် ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ မာတီနိုက ပြောကြားလိုက်သည်။
    ဘာစီလိုနာအသင်းမှာ ယမန်နေ့က ကစားခဲ့သည့် အိုဆူနာအသင်းနှင့် ပွဲစဉ်တွင်ဂိုးမရှိသရေကျခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲစံချိန်ရပ်တန့်သွားခဲ့သည်။ ထိုပွဲတွင်နေးမာမှာ ပြိုင်ဘက်ကစားသမားများ၏ လူကပ်ကစားခြင်းနှင့် ကြမ်းတမ်းသောဖျက်ထုတ်မှုများကိုလည်း ခံခဲ့ရသည်။
    “နေးမာကို ပြိုက်ဘက်နောက်ခံလူတွေ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်တာကို ဒိုင်လူကြီးက ပစ်ဒဏ်ဘောမပေးခဲ့ ပါဘူး။ အထူးသဖြင့် ဘောလုံးမရှိဘဲဖြတ်ထုတ်တဲ့ ပုံစံမျိုးတွေကို သူတို့(ဒိုင်လူကြီး)တွေက ပိုပြီး ဂရုစိုက်သင့်ပါတယ်” ဟု မာတီနိုက ပွဲအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
    နေးမာမှာ ဥရောပသို့စရောက်လာပြီးကတည်းက ပြိုင်ဘက်အသင်း နောက်ခံလူများ၏ ပစ်မှတ်ထားခြင်းကိုခံနေရသူဖြစ်သည်။
    goal
    ______________________
    အာဆင်နယ်၊ ချယ်ဆီးနှင့် ဆွမ်ဆီးတို့ ဂိုးပြတ်ခဲ့ပြီး အဲဗာတန်အနိုင်ရ မန်ယူ၊ လီဗာပူးလ်တို့ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်-၈ စနေနေ့ညပွဲစဉ်များ
    ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် ယနေ့ညတွင်ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်၊ ချယ်ဆီးတို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး မန်ယူနှင့် လီဗာပူးလ်တို့ သရေကျခဲ့သည်။
    နယူးကာဆယ် ၂-၂ လီဗာပူးလ်
    စနေနေ့၏ အစောဆုံးပွဲစဉ်ဖြစ်သည့် လီဗာပူးလ်အသင်းနှင့် နယူးကာဆယ် အသင်းတို့မှာ နယူးကာဆယ်အသင်း၏ အိမ်ကွင်း စိန့်ဂျိမ်းပါ့က်တွင် ကစားခဲ့ကြသည်။
    လီဗာပူးလ်အသင်းတွင် ရဟီမ်းစတာလင်နှင့် ဂျိုအာကွင်းတို့ ပါဝင်ခြင်းမရှိချေ။ လီဗာပူးလ်းအသင်းမှာ နယူးကာဆယ်အသင်းအား အသားစီးကစားနိုင်ခြင်းမရှိဘဲ ဦးဆောင်ဂိုးကိုလည်း အိမ်ရှင်နယူးကာဆယ် အသင်းက စတင်ရရှိခဲ့သည်။ ပထမပိုင်း ၂၃ မိနစ်တွင် ယိုဟန်ကာဘာယီက အဝေးမှကန်သွင်းကာ နယူးကာဆယ် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည့် သို့သော်လည်း ၄၂ မိနစ်တွင် စတီဗင်ဂျရတ်က ပင်နယ်တီမှတစ်ဆင့် ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ထိုပင်နယ်တီမှာ လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်ဇ်အား နယူးကာဆယ်ကစားသမား ယန်ဂါ မဘီဝါမှ ဖျက်ထုတ်မှုကြမ်းတမ်းသောကြောင့် ပေးခဲ့ရခြင်းဖြစ်ပြီး ယန်ဂါမှာလည်း တိုက်ရိုက် အနီကတ် ဖြင့် ထွက်ခဲ့ရသည်။
    တစ်ယောက်လျော့သွားသော်လည်း ကစားအားကျသွားခြင်းမရှိသည့် နယူးကာဆယ်အသင်းမှာ ဒုတိယပိုင်း ၅၇ မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ပြီး ပေါလ် ဒမ်မတ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အတွက် ဒုတိယချေပဂိုးကို ၇၂ မိနစ်တွင် တိုက်စစ်မှူးစတားရစ်ခ်ျက ဆွာရက်ဇ်၏ ဖန်တီးပေးမှုမှတစ်ဆင့် အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ကာ အဝေးကွင်းတွင် သရေတစ်မှတ် ရယူနိုင်ခဲ့သည်။
    …………………………..
    အာဆင်နယ် ၄-၁ နော်ဝစ်ခ်ျ
    ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်းအီမရိတ်၌ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ၄ ဂိုး ၁ ဂိုးဖြင့် နော်ဝစ်ခ်ျအား အနိုင်ရရှိခဲ့သည်။ ဂျာမနီအသင်းတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ဖွယ်မရှိဟု သတင်းထွက်ပေါ်ခဲ့သည့် ကွင်းလယ်လူ မီဆု အိုဇေးလ် ပါဝင်လာခဲ့သည်။
    အာဆင်နယ်အသင်းမှာ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ပွဲအစ ၁၈ မိနစ်တွင် အဖွင့်ဂိုးစရခဲ့သည်။ ထိုဂိုးကို ဂျရူနှင့် ၀ီလ်ရှိုင်းယားတို့၏ လှလှပပ ထိုးဖောက်မှုမှတစ်ဆင် ၀ီလ်ရှိုင်းယားက သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကို ကွင်းလယ်လူ အိုဇေးလ်က ၅၈ မိနစ်တွင်သွင်းယူပေးခဲ့ပြီး မိနစ် ၇၀ တွင် ဂျိုနသန်ဟောင်ဆန်က နော်ဝစ်ခ်ျအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့သည်။
    သို့သော်လည်း ၈၃ မိနစ်နှင့် ၈၈ မိနစ်တို့တွင် ရမ်ဆေးနှင့် အိုဇေးလ်တို့က အာဆင်နယ်အသင်းအတွက်အနိုင်ဂိုးများကိုသွင်းပေးခဲ့ပြီး ၄ ဂိုး ၁ ဂိုးဖြင့် ပွဲပြီးဆုံးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ လီဗာပူးထက် နှစ်မှတ်အကွာဖြင့်ပရီးမီးယားလိဂ်ဇယားအား ဆက်လက်ဦးဆောင်ထားနိုင်သည်။
    …………………………………
    ချယ်ဆီး ၄-၁ ကာဒစ်ဖ်
    ယခုနောက်ပိုင်းတွင် ခြေစွမ်းပိုင်းပုံမှန်ဖြစ်လာသည့် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ ကာဒစ်ဖ်အသင်းအား အိမ်ကွင်းတွင် ၄ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူနိုင်ခဲ့သည်။
    သို့သော်လည်း ဦးဆောင်ဂိုးကို ဧည့်သည် ကာဒစ်ဖ်အသင်းက ပွဲအစ ၁၀ မိနစ်တွင်ရရှိခဲ့ခြင်းဖြစ်ပြီး ချယ်ဆီးနောက်ခံလူ လူးဝစ်၏ အမှားမှတစ်ဆင့် ဂျော်ဒန်မတ်ခ်ျက သွင်းယူးပေးခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းအတွက် ချေပဂိုးကို ၃၃ မိနစ်တွင် အလယ်တန်းကစားသမား အေဒင် ဟာဇာတ်က သွင်းယူပေးခဲ့ပြီး၊ ၆၆ မိနစ်တွင် ၀ါရင့်တိုက်စစ်မှူး အီတူးမှလည်းကောင်း၊ ၇၈ မိနစ်တွင် မာတာအားကျော်ကာ မော်ရင်ဟို၏ အခွင့်အရေးအပေးခြင်းကို ခံရသော အော်စကာက လည်းကောင်း၊ ၈၂ မိနစ်တွင် ဟဖာတ်က သူ၏ ဒုတိယမြောက်ဂိုးအဖြစ်လည်းကောင်း အသီးအသီးသွင်းယူခဲ့ကြကာ ချယ်ဆီအသင်းအတွက် အနိုင် ၃ မှတ်ကို သေချာစေခဲ့သည်။
    ………………………………..
    အဲဗာတန် ၂-၁ ဟားလ်စီးတီး
    ပြီးခဲ့သည် သီတင်းပါတ်က ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲစတွေ့ခဲ့သည့် အဲဗာတန်အသင်းမှာ ယခုတစ်ပါတ်အိမ်ကွင်းတွင် ဟားလ်စီးတီအသင်းအား အနိုင်ယူနိုင် ခဲ့သည်။ ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အိမ်ကွင်းသုံးပွဲဆက် နိုင်ပွဲရရှိခဲ့ခြင်းလည်းဖြစ်သည်။
    အဖွင့်ဂိုးကို အဲဗာတန်အသင်းက ပထမိုင်း ၈ မိနစ်တွင် ရရှိခဲ့သည်။ ထိုဂိုးအား ကီဗင် မီရာလာစ်က အနိမ့်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မိနစ် ၃၀ တွင် ဧည့်သည်အသင်းက ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ယန်နစ် ဆဂ်ဘိုက သွင်းယူပေးခဲ့သည်။ အဲဗာတန်အသင်းအတွက် အနိုင်သေချာစေမည့်ဂိုးကို ၅၇ မိနစ်တွင် စတီဗင် ပီးနားက သွင်းယူပေးခဲ့သည်။
    ………………………………..
    မန်ယူ ၁-၁ ဆောက်သက်တမ်
    ဒေးဗစ်မိုယက်စ်၏ မန်ယူအသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်တွင် ယခုအချိန်အထိ နောက်တန်းအကောင်းဆုံးအသင်းဖြစ်သော ဆောက်သက်တမ်အသင်းအား အနိုင်ကစားနိုင်ခြင်းမရှိခဲ့ဘဲ အိမ်ကွင်းတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    ၁ဂိုးစီ သရေကျခဲ့သော အဆိုပါပွဲတွင် အဖွင့်ဂိုးကို မန်ယူအသင်းက ၂၆ မိနစ်တွင် ဗန်ပါစီ၏ ကန်သွင်းမှုဖြင့် ရရှိခဲ့သော်လည်း ၈၉ မိနစ်တွင် အဒမ်လာလ်နာက ဆောက်သက်တမ် အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။
    …………………………………
    ဆွမ်ဆီး ၄-၀ ဆန်ဒါးလန်း
    ဆွမ်းဆီးအသင်းမှာ နည်းပြသစ်ဖြင့် ပွဲထွက်လာသည့် ဆန်ဒါလန်းအသင်းအား အိမ်ကွင်း လေဘာတီတွင် ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    ပထမပိုင်းတစ်ပိုင်းလုံးတွင် ဆွမ်ဆီးအသင်းမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိပိုင်း ၅၇ မိနစ်တွင်မှ ဆန်းဒါလန်းကစားသမား ဖီလ် ဘာဒ်စလေ၏ ကိုယ့်ဂိုးကိုယ် သွင်းမှုကြောင့် ဂိုးစရခဲ့သည်။ ဂိုးစရပြီးနောက် တစ်မိနစ်အကြာတွင်ပင် ဂျိုနသန် ဒီ ဂုဇ်မန်က ဒုတိယဂိုးသွင်းယူနိုင်ခဲ့ပြီး ၆၄ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဘိုနီက
    တတိယဂိုး၊ မိနစ် ၈၀ တွင် ချီကိုက စတုတ္ထဂိုး အသီးသီးသွင်းယူပေးခဲ့သည်။
    ……………………………..
    စတုတ်စီးတီး ၀-၀ ၀က်စ်ဘရွန်း
    မန်အသင်းအား အဝေးကွင်းတွင် အနိုင်ကစားနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအား ဦးဆောင်ဂိုးသွင်းကာ အိမ်ကွင်းတွင်သရေကစားနိုင်ခဲ့သည့် ၀က်စ်ဘရွန်းအသင်းမှာ စတုတ်စီးတီးအသင်း၏ အိမ်ကွင်း ဘရစ်တားနီးယားတွင်ကစားခဲ့သည့် ယခုပွဲတွင် သရေတစ်မှတ်သာရရှိခဲ့သည်။ ထိုပွဲမှာ မည်သူမျှ ဂိုးသွင်းနိုင်ခြင်းမရှိဘဲ ဂိုးမရှိ သရေဖြင့် ပြီးဆုံးခဲ့သည်။
    goal
    http://www.goal.com/en/match/109283/man-utd-vs-southampton/report#
    ______________________
    မန်စီးတီး အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်-၈
    ပပရီးမီးယားလိဂ်ပွဲစဉ်-၈ စနေနေ့ည နောက်ဆုံးပွဲစဉ်အဖြစ် ၀က်စ်ဟမ်းအသင်း နှင့် မန်စီးတီးအသင်းတို့ ၀က်စ်ဟမ်းအသင်း၏ အိမ်ကွင်း အက်ပ်တန်ပါ့က်တွင် ကစားခဲ့ကြပြီး ဧည့်သည့် မန်စီးတီးအသင်းက ၃-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။
    ဒုတိယပိုင်းတွင်လည်း မန်စီတီးအသင်းက ကစားကွက် အသာဖြင့် ကစားနိုင်ခဲ့ပြီး ၅၁ မိနစ်တွင် အဂူရိုကပင် ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ ၅၈ မိနစ် တွင် ၀က်စ်ဟမ်းမှ ရီကာဒို ဗက်ဇ်တီက ချေပဂိုးပြန်သွင်းခဲ့သော်လည်း မိနစ် ၈၀ တွင် ဒေးဗစ်ဆေးလ်ဗားက မန်စီးတီးအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းကာ အဖိုးတန် သုံးမှတ်ကို ရယူသွားခဲ့သည်။
    ယခုပွဲအနိုင်ကြောင့် မန်စီတီးအသင်းမှာ ပရီးမီးယားလိဂ်ဇယား အဆင့်လေး နေရာသို့ရောက်ရှိလာခဲ့ပြီး၊ အဂူရိုဂိုးသွင်းသည့် ၃၁ ပွဲတွင် ၂၉ ပွဲအနိုင် ရရှိသည့် ထူးခြားသည့် စံချိန်တစ်ခုကိုလည်း တင်သွားနိုင်ခဲ့သည်။
    goal
    ______________________
  • အောက်တိုဘာ-၁၉ အားကစားသတင်းများ
    အောက်တိုဘာ-၁၉ အားကစားသတင်းများ
    အောက်တိုဘာ၊ ၁၉
    M-Media
    ခြေစွမ်းပြနေသည့်တောင်းဆန် စပါးနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆို
    စပါးအသင်း၏ အကယ်ဒမီမှထွက်ပေါ်လာခဲ့ပြီး စပါးအသင်းကြီးနှင့် အင်္ဂလန် လက်ရွေးစင်အသင်းတို့တွင် ခြေစွမ်းပြနေသည့် ကွင်းလယ်လူ တောင်းဆန်မှာ စပါးအသင်းနှင့် သက်တမ်းတိုး စာချုပ် ချုပ်ဆို လိုက်ပြီဟုသိရသည်။
    ပြီးခဲ့သည့်ရာသီက ကျူပီအာ အသင်းသို့အငှားဖြင့် သွားရောက်ကစားခဲ့သည့် အသက် ၂၂ နှစ်အရွယ်ရှိတောင်းဆန်မှာ စပါးအသင်းနှင့် ၄ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
    တောင်းဆန်မှာ ယခုရာသီတွင် စပါးအသင်းတွင် ပုံမှန်နေရာ ရရှိနေပြီး အသင်းအတွက် ကစားထားသည့် ၈ ပွဲတွင် ၁ ဂိုးသွင်းယူထားကာ သုံးဂိုး ဖန်တီးပေးနိုင်ခဲ့သည်။
    Ref: Goal.com
    ……………………………………….
    ရူနီမှာ မန်ယူအသင်း၏ အဓိကကစားသမားဖြစ်သည်ဟု မိုယက်စ်ပြော
    Rooney
    တိုက်စစ်မှူး ရူနီမှာ မန်ယူအသင်း၏ အရေးပါသောကစားသမားတစ်ဦးဖြစ်ပြီး ၎င်း၏ခြေစွမ်းများအရ လာမည့်နှစ်နွေရာသီအပြောင်းအရွှေ့တွင်လည်း အသင်းမှထွက်ခွာခွင့်ပြုလိမ့်မည်မဟုတ်ဟု မန်ယူအသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ချယ်ဆီးမှခေါ်ယူရန် အလွန်အမင်း စိတ်ဝင်စားခဲ့သော်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့သည့် ရူနီမှာ ယခုအချိန်အထိ မန်ယူအသင်းနှင့် သက်တမ်းတိုးစာချုပ်အတွက် ဆွေးနွေးရန် ငြင်းဆန်နေဆဲဖြစ်သည်။
    ရူနီ၏ ရင့်ကျက်လာမှုက သူ၏စွမ်းဆောင်ရည်အား တိုးတက်စေသည်ဟု ယုံကြည်နေသည့် မိုယက်စ်က “သူရဲ့ကစားသမားသက်တမ်းမှာ အကောင်းဆုံး အချိန်ကိုရောက်နေပြီး မန်ယူအတွက် အဓိက ကစားသမားတစ်ဦးပါပဲ။ သူဟာ တာဝန်ယူနိုင်တယ်၊ အသင်းအတွက် လိုအပ်တဲ့ဂိုးတွေသွင်းနိုင်တယ်။ ပြီးတော့ ငယ်ငယ်ကတည်းကလည်း သူဟာ ဒီလိုပါပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    ရူနီမှာ ယခုနှစ်တွင် မန်ယူအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၁ ပွဲကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးထားသည်။
    ……………………………………….
    ATP Erste Bank Open တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဆွန်ဂါတက်ရောက်
    သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင်ကျင်းပပြုလုပ်နေသည့် ATP Erste Bank Open တင်းနစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်သို့ ပြင်သစ်တင်းနစ်သမား ဂျိုး ၀ိုင်းလ်ဖရိုင်း ဆွန်ဂါ တက်ရောက်သွားပြီဟုသိရသည်။
    နိုင်ခြေအဆင့် ၁ ရရှိခဲ့သည့် ဆွန်ဂါမှာ အိမ်ရှင်တင်းနစ်သမား  ဒိုမီနစ်သီယမ်အား အကြိတ်အနယ်ကစားခဲ့ကာ အနိုင်ရရှိခဲ့သောကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ၂ နာရီနှင့် ၁၅ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆွန်ဂါက ၆-၄၊ ၃-၆၊ ၇-၆(၇-၃) ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    “သူ(ဒိုမီနစ်)ဟာ ငယ်ရွယ်တဲ့ကစားသမားဖြစ်ပြီး သူ့ပရိတ်သတ်အရှေ့မှာ ကစားရတဲ့အတွက် အခြေအနေကောင်းခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ပြင်းပြင်းထန်ထန်ကစားခဲ့ရတာပါ။ ကျွန်တော်ဟာ ကမ္ဘာ့ဆင့် ၁၀ ၀င်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီလိုပွဲမျိုးကို နိုင်အောင်ကစားဖို့ဆိုတာ ကျွန်တော့်အလုပ်ပါ ” ဟု ဆွန်ဂါက ပွဲအပြီးတွင်ပြောကြားခဲ့သည်။
    ဆွန်ဂါမှာ ဆီမီးဖိုင်နယ်တွင် အီတလီတင်းနစ်အကျော်အမော် ဖေဘီယို ဖော့ဂ်နီနီအား အနိုင်ကစားနိုင်ခဲ့သည့် ဒခ်ျ တင်းနစ် သမား ရော်ဘင်ဟေ့စ်နှင့် တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
    ……………………………..
    အရှေ့အလယ်ပိုင်း ခရီးကြမ်းကားမောင်းပြိုင်ပွဲအား အီရန် လက်ခံကျင်းပမည်
    ကားမောင်းအားကစားနည်းမှာ အီရန်နိုင်ငံတွင် တစ်စထက်တစ်စ လူကြိုက်များလာပြီး ပထမဦးဆုံးအကြိမ်ဖြစ် ခရီးကြမ်းကားမောင်းပြိုင်ပွဲအား ကျင်းပရန် အီရန်နိုင်ငံက စီစဉ်နေသည်ဟုသိရသည်။
    အီရန်မော်တော်ဆိုင်ကယ်နှင့် ကားမောင်းအဖွဲ့ချုပ်(MAFIRI)က အရှေ့အလယ်ပိုင်းနိုင်ငံ များပါဝင်မည့် ကားမောင်းပြိုင်ပွဲတစ်ရပ်ကို ကျင်းပမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။ နိုင်ငံတကာ စက်တပ်ယာဉ်များအဖွဲ့ချုပ်(FIA) ၏ ဒုတိယဥက္ကဌ မိုဟာမက်ဘင် ဆူလေမန်၊ ယူအေအီးကားမောင်းကလပ် (ATCUAE)မှ ဥက္ကဌနှင့် MAFIRI တို့ ယမန်နေ့က ဒူးဘိုင်းတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြိုင်ပွဲအား အီရန်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
    ထိုပြိုင်ပွဲအား မြို့တော်တီဟီရန်၏တောက်ဘက် ၉၁၉ ကီလိုမီတာအကွာရှိ ရှီရက်ဇ်မြို့တွင် ကျင်းပရန်စီစဉ်ထားပြီး၊ အီရန်နိုင်ငံ၏ သမိုင်းဝင်ပြိုင်ပွဲတစ်ခုဖြစ်လာမည့် ထိုပွဲအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီကလည်း လိုအပ်သောဆောင်ရွက် မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။