News @ M-Media

Category: အားကစား

  • စက်တင်ဘာ ၁၅ အားကစားသတင်းများ

    စက်တင်ဘာ ၁၅ အားကစားသတင်းများ

    စက်တင်ဘာ ၁၅၊ ၂၀၁၃
    M-Media

    လီဗားပူးလ်အသင်း လေ့ကျင့်ကွင်းတွင် ဂျရတ်အား ပရိတ်သတ်တစ်ဦးမှ အသက်အန္တရာယ် ခြိမ်းခြောက်သည်စကား ပြောဆိုခဲ့


    လီဗာပူးလ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ စတီဗင်ဂျရတ်မှာ လေ့ကျင့်ရေးကွင်းတွင်လေ့ကျင့်နေစဉ် အသင်းပရိတ်သတ်တစ်ဦး၏ ကြမ်းတမ်းစွာ ပြောဆို ခြိမ်းခြောက်မှုကို ခံခဲ့ရကြောင်း သိရသည်။ မနက်ဖြန်တွင်ကစားမည့် ဆွမ်းဆီးအသင်းနှင့်ပွဲစဉ်အတွက် လီဗာပူးလ်အသင်း၏လေ့ကျင့်ရေးကွင်း Melwood complex တွင် ဖရီးကစ်လေ့ကျင့်နေသည့် ဂျရတ်အား လာရောက်ကြည့်ရှုနေသည့် ပရိတ်သတ်တစ်ဦးမှာ ခြံစည်းရိုးအား ဖက်တက်ကာ ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်းဖြစ်သည်။

    အသက် ၃၀-ကျာ် ၄၀-ဆယ်နီးပါးဟု ယူဆရသည့် အဆိုပါပရိတ်သတ်မှာ ဂျရတ်အား မည်သည့်နေရာတွင်နေသည်ကို သိရှိပြီး ဂျရတ်၏ နေအိမ်အားမီးရှို့မည်ဟု ပြောဆို ခဲ့ကာ၊ ဂျရတ်နှင့် သူ၏ ကလေးငယ်များအား သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ဖြစ်ပွားရသည်ကို မှတ်ချက်ပေးရန် လီဗာပူးလ်အသင်းမှငြင်းဆိုခဲ့သည်။
    dailymail
    __________________________


    တီဗက်ဇ်မှာ ဂျူဗီတွင် ထူးခြားသည့်ကစားသမားဖြစ်လာလိမ့်မည်ဟု မန်စီနီဆို


    မန်ချက်စတာစီးတီးအသင်း၏ နည်းပြဟောင်းဖြစ်သူ ရောဘတ်တို မန်စီနီက အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်မှာ ဂျူဗင်တပ်စ်အသင်းတွင် ထူးခြားသည့် ကစားသမား ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။ မန်စီနီနှင့် တီဗက်ဇ်တို့မှာ မန်စီးတီးအသင်းတွင် လက်တွဲကာ ပရီးမီးယားလိဂ်ဆုဖလားအား ဆွတ်ခူးခဲ့သည်။ အသက် ၂၉-နှစ် အရွယ်ရှိ တီဗက်ဇ်မှာ ဂျူဗင်တပ်စ်အသင်း၏ပွဲစဉ်နှစ်ခုတွင် ဂိုးသွင်းယူပေးထားနိုင်သည်။

    “ကားလို့စ်(တီဗက်ဇ်)ဟာ ထူးခြားမှုတွေကို ပြုလုပ်နိုင်သူပါ။ ဘာကြောင့်လဲဆိုတော့သူဟာ အားကြိုးမာန်တက်ယှဉ်ပြိုင်တယ်၊ ဂိုးတွေသွင်းတယ် ပြီးတော့ အသင်းကို အရှေ့ကိုခေါ်သွားနိုင်ပါတယ်။ ဂျူဗင်တပ်စ်မှာလည်း သူကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ အရှေ့တန်းတိုက်စစ်မှူးတစ်ယောက်အဖြစ် သူဟာထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ သူဟာထက်မြတ်တယ်၊ နောက်ပြန်မဆွဲပါဘူး။ သူပါတဲ့ဂျူဗင်တပ်စ်အသင်းမှာ ဥရောပမှာအကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ” ဟု မန်စီနီက Radio Dee Jay သို့ပြောကြားခဲ့သည်။
    goal
    __________________________


    လမ်းပတ်မှာ စခိုးလ်ထက်ပိုကောင်းသည်ဟု ကာရေဂါဆို

    ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက် အကောင်းဆုံး အလယ်တန်းကစားသမားများ စာရင်းတွင် စတီဗင်ဂျာရတ်ပြီးနောက် ပေါလ်စခိုးလ်ကိုကျော်ကာ လမ်းပတ်မှာ ဒုတိယနေရာတွင်ရှိသည်ဟု ကာရေဂါက ပြောဆိုလိုက်သည်။
    အသက် ၃၅ နှစ်အရွယ်ရှိပြီး ဘောလုံးလောကမှာအနားယူသွားပြီဖြစ်သည့် လီဗာပူးလ် နောက်ခံလူဟောင်း ကာရေဂါက “ဖရန့်(လမ်းပတ်)ဟာ ရွှေရောင်အချိန်တွေတော်တော်များများရှိပါတယ်။ ဒီအချက်ကြောင့် ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး အလယ်တန်း ကစားသမား ၃-ဦးစာရင်းမှာ သူ့ကို့ စတီဗင်ဂျာရတ်ရဲ့နောက် ပေါလ်စခိုးလ်ရဲ့အရှေ့မှာ ထားလိုက်တာပါ။ ဘာစီလိုနာရဲ့ ကွင်းလယ်လူ အင်နီယေစတာက စခိုးလ်ဟာ ပြီးခဲ့တဲ့ နှစ်-၂၀ အတွင်း အကောင်းဆုံးကစားသမားလို့ ပြောခဲ့တာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ပွဲကြီးတွေမှာ ဖရန့်ဟာ လွှမ်းမိုးမှုပိုရှိပါတယ်။ သူရဲ့ဂိုးတွေကြောင့် ၂၀၀၅ မှာ ချယ်ဆီး ပရီးမီးယားလိဂ်ဖလားကိုရခဲ့တယ်။ ပြီးတော့ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာလည်း သူဟာ ဂိုးတွေသွင်းယူခဲ့ပါတယ်” ဟု Daily Mail သတင်းစာရှိ သူ၏ ကဏ္ဍတွင် ရေးသားခဲ့သည်။
    goal
    __________________________
    စီးရီးအေထိပ်ဆုံးငါးသင်းဝင်ရန် ရိုးမားပစ်မှတ်ထားနေ


    ရိုးမားအသင်းမှာ အပြောင်းအရွှေ့ရာသီတွင် ကစားသမားမြောက်များစွာကို ရောင်းချခဲ့သော်လည်း နည်းပြ ရူဒီဂါစီယာက စီးရီးအေတွင် ထိပ်ဆုံး ငါးသင်းစာရင်း ၀င်နိုင်ရန် မျှော်လင့်နေသည်ဟု သိရသည်။ ရိုမားအသင်းမှာ အသင်းရှိအားထားရသည့် ကစားသမားများဖြစ်သည့် မာကွင်ဟို၊ အော့စ်ဗာလ်ဒိုနှင့် လမယ်လာတို့အား ရောင်းချခဲ့သည်။
    စီးရီးအေ၏ ထိပ်ဆုံးငါးသင်းတွင်ဝင်ရောက်နိုင်ရန် ဖြစ်နိုင်သည်ဟု ယုံကြည်နေသည့် ဂါစီယာက “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လား။ အသင်းမှာရှိတဲ့သူတွေထက် ကျွန်တော်က ဒါကိုပိုဖြစ်ချင်ပါတယ်။ ဒါပေမယ့် ပထမ ယူရိုပါလိဂ်ဝင်ဖို့နဲ့နောက်ပိုင်းကျမှ ချန်ပီယံလိဂ်ဝင်ခွင့်ရတာကိုလိုချင်ပါတယ်။ ထိပ်ဆုံးငါးသင်းမှာဝင်ဖို့ကျွန်တော်တို့ ပစ်မှတ်ထားထားပါတယ်” ဟု သတင်းထောက်များအား ယမန်နေ့က ပြောကြားခဲ့သည်။
    goal
    __________________________

    မန်ယူကစားသမားများဟန်ဆောင် လှဲချတာမျိုး မလိုချင်ဟု မိုယက်စ်ဆို

    ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရသည့်ပွဲစဉ်တွင် ဟန်ဆောင်လှဲချခဲ့သည့် တောင်ပံကစားသမား အက်ရှ်လေယန်းအား နည်းပြဒေးဗစ်မိုယက်စ်က ဝေဖန်ပြောဆိုလိုက်ပြီး နောက်နောင်တွင်ထိုကဲ့သို့သော လုပ်ရပ်များအား ရပ်တန့်ရန် တိုက်တွန်းလိုက်သည်။ အဲဗာတန်ပင်နယ်တီ ဧရိယာအတွင်း အရှက်လေယန်းမှာ အဲဗာတန်ကစားသမား ကာဂီရှို ဒစ်ဂါကွိုင်၏ထိခိုက်မိ၍ လဲကျသကဲ့သို့ပြုလုပ်ခဲ့သော်လည်း အနှေးပြကွက်များအရ ထိခိုက်မိခြင်းမရှိခဲ့ချေ။ “ဟန်ဆောင်လှဲချတာကိုမကြိုက်ဘူးလို့ ကျွန်တော်အမြဲတမ်းပြောပါတယ်။ သူ(အက်ရှ်လေယန်း)ဟာ ပြစ်ဒဏ်နဲ့ထိုက်ဒဏ်ပါတယ်။ ပဲလေ့စ်ကစားသမားတွေက သူရဲ့ခြေထောက်ကိုချုပ်ထားပေမယ့်လည်း သူက သူရဲ့ခြေထောက်ကို ချိတ်ထားတာပါ။” ဟု ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal
    __________________________

    လီဗာပူးလ်တွင် မိမိ၏အတ္တအတွက် နေရာမရှိဟု ရော်ဂျာပြောကြား

    လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက တစ်ကိုယ်ကောင်းဆန်မှုအတ္တအတွက် လီဗာပူးလ်တွင်နေရာမရှိဟု တိုက်စစ်မှူး စတားရစ်ဂ်ျနှင့် လူးဝင်ဆွာရက်ဇ် တို့အား သတိပေးပြောကြားလိုက်သည်။ လီဗာပူးလ်အသင်း၏ ရည်မှန်းချက် ဖြစ်သည့် ချန်ပီယံလိဂ်ဝင်ခွင့်ရရေးကြိုးပမ်းမှုကို အသင်းရှိ တိုက်စစ်မှူး နှစ်ဦး၏ တစ်ဦးချင်းစွမ်းရည်ထက် အသင်းတစ်သင်းလုံးပေါ်တွင် အခြေတည်ကာဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။ ဆွာရက်ဇ်မှာ ၁၀ ပွဲ ပယ်ပြစ် ဒဏ်ကျခံနေရပြီး လာမည့် ၁၀-ရက် အတွင်းကစားမည့် မန်ချက်စတာယူနိုက်တက်နှင့် ကပီတယ်ဝမ်းပြိုင်ပွဲတွင် ပါဝင်လာဖွယ်ရှိနေသည်။ စတာရစ်ဂ်ျမှာလည်း ဆွာရက်ဇ်မရှိသည့် တိုက်စစ်အား ဦးဆောင်ကာ ပရီးမီးယားလိဂ်ရာနှုန်းပြည့်နိုင်ပွဲရနေသည့် လီဗာပူလ်းအသင်းအတွက် ဂိုးများကို ပွဲတိုင်းသွင်းယူပေးခဲ့သည်။ “လူးဝစ်(ဆွာရက်ဇ်)ရော စတားရစ်ဂ်ျပါ အသင်းမှာ အခရာမကျပါဘူး။ ကျွန်တော်တို့အသင်းဟာ အတ္တတွေကိုအားပြုတဲ့အသင်းမျိုးမဟုတ်ပါဘူး။ ကစားသမားတွေကို ဘယ်နေရာမှာ ကစားရမယ် ဆိုတာကို ပြောတဲ့ အသင်းမျိုးပါ။ သူတို့ကိုဒီမှာ ဖူးဖူးမှုတ်မထားပါဘူး။ ဒီကိုရောက်လာပြီး အကောင်းဆုံးလုပ်ဆောင်ဖို့သာ မျှော်လင့်တာပါ။ တကယ်လို့ သူတို့ စူပါစတားဖြစ်ချင်တယ်၊ တစ်ဦးကောင်းဖြစ်ချင်တယ်ဆိုရင်တော့ ကြိုက်တဲ့နေရာကို သူတို့သွားနိုင်ပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။
    mirror
    _________________________
    WTA Tashkent Open ချန်ပီယံဆုအား ဂျိုဗာနော့ဗ်စကီးဆွတ်ခူး


    ဥဇဘက်ကစ္စတန်နိုင်ငံ Tashkent တွင်းကျင်းပပြုလုပ်သည့် WTA Tashkent Open တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ရာ ဆားဘီးယား တင်းနစ်မယ် ဘိုဂျာနာ ဂျိုဗာနော့ဗ်စကီးက ဘီလာရုဇ်တင်းနစ်မယ် အိုဂါ ဂိုဘော့တ်ဆိုဗာကို အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    နိုင်ခြေအဆင့် ၁ သတ်မှတ်ခြင်းခံထားရသည့် အသက် ၂၁ နှစ်အရွယ်ရှိ ဂျိုဗာနော့ဗ်စကီးက ဂိုဗော့တ်ဆိုဗာအား ၄-၆၊ ၇-၅၊ ၇-၆(၇-၃)ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ချန်ပီယံဖြစ်ခဲ့ခြင်းမှာ ပြီးခဲ့သည့်နှစ် အဇာဘိုင်ဂျန်တွင်ကျင်းပခဲ့သည့် Baku Open တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် ပထမဦးဆုံးဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ်သည်။
    skysports

  • စက်တင်ဘာ ၁၄ အားကစားသတင်းများ

    စက်တင်ဘာ ၁၄ အားကစားသတင်းများ

    စက်တင်ဘာ ၁၄၊ ၂၀၁၃
    M-Media

    ၁။ ၀ီလ်ရှိုင်းယားမှာ အင်္ဂလန်၏ ဘော်ဘီမိုး လက်သစ်ဖြစ်လာလိမ့်မည်ဟု ၀င်းဂါးဆို

    အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အသင်းရှိလူငယ်ကစားသမား ဂျက် ၀ီလ်ရှိုင်းယားမှာ အင်္ဂလန်အသင်း၏ ဘော်ဘီမိုး လက်သစ် ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။ ၀ီလ်ရှိုင်းယားကို ချီးကျူးလွန်းသည်ဟုစွပ်စွဲမှုများအား စိုးရိမ်မှုမရှိဘဲ သူ၏ အလယ်တန်းကစားသမားအား ယုံကြည်စွာဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်ရှိ ၀ီလ်ရှိုင်းယားမှာ အင်္ဂါနေ့က ကစားခဲ့သည့် ယူကရိန်းအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် လူစား ၀င်ကစားခဲ့သော်လည်း ၀င်းဂါးက ၀ီလ်ရှိုင်းယားမှာ အံ့သြဖွယ်ကစားသမားတစ်ဦးဖြစ်ပြီး လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအား ဦးဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ဘောလုံးအင်အားကြီးနိုင်ငံတိုင်းတွင် အလှည့်အပြောင်းလုပ်နိုင်မည့် ကစားသမားလိုအပ်ပြီး ၀ီလ်ရှိုင်းယားမှာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည့် အင်္ဂလန်အသင်းခေါင်းဆောင် ဘော်ဘီမိုး၏ နေရာအား ၀င်ယူနိုင်မည့် လုပ်နိုင်စွမ်းရှိနေသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ထောက်ခံပြောဆိုခဲ့သည်။
    “နိုင်ငံအသင်းတွေမှာ ဖိအားတွေကိုလျော့ချပြီး အောင်မြင်မှုတွေယူနိုင်မယ့် ကစားသမားတစ်ဦးလိုအပ်ပါတယ်။ ဘောလုံးမျိုးဆက်ကောင်းတစ်ခုလိုအပ်ပေမယ့် ကစားသမားတစ်ဦးသာ အခရာပါ။ ဂျက်(၀ီလ်ရှိုင်းယား)က ဒီလိုကစားသမားမျိုးပါ။ သူဟာ ငယ်သေးပြီး အသက် ၂၁-နှစ် ပဲရှိပါသေးတယ်။ သူဟာ ဒီလိုလုပ်ဖို့ (မိုးရဲ့နေရာကိုယူဖို့) လက္ခဏာတွေ ရှိနေပါတယ်။ ပြိုင်ပွဲရဲ့ဖိအားက သူကိုနှောက်ယှက်နိုင်မှာမဟုတ်ပါဘူး။ သူ့ကို ချုပ်ချယ်ထားလို့မရပါဘူး။ ဒါပေမယ့် ဘာ ပြဿနာမှမရှိဘဲ ၆ လလောက် ကောင်းကောင်းကစားနိုင်ဖို့လိုပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    mirro

    ၂။ အိုဇေးလ်အား ဖိအားပေးထွက်သွားခိုင်းခြင်း မဟုတ်ဟု အန်ဆယ်လော့တီ ဆို

    ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြ အန်ဆယ်လော့တီက ရီးယဲလ်ကစားသမားဟောင်း မီဆု အိုဇေးလ်အား အသင်းမှ အတင်းအဓ္ဓမ ဖိအားပေး ထွက်ခွာခိုင်း ခဲ့ခြင်းမဟုတ်ကြောင်း ပြောဆိုလိုက်သည်။ အိုဇေးလ်မှာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင်မှ အာဆင်နယ်အသင်းသို့ ယူရိုသန်း ၅၀ ဖြင့် ပြောင်းရွှေ့ သွားခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်အသင်းက ၎င်းအားယုံကြည်မှုမရှိဟု အိုဇေးလ်က ဖွင့်ဟခဲ့သည်။ သို့သော်လည်းအန်ဆယ်လော့တီက ထိုကဲ့သို့သောကိစ္စမျိုး လုံးဝ မရှိခဲ့ဘဲ အသင်းသို့ အစ္စကိုနှင့် ဘေးလ်တို့ရောက်လာပြီးနောက်ပိုင်း ပုံမှန်နေရာအတွက် ယှဉ်ပြိုင်ရမည်ကို ပူပန်သောကြောင့် အသင်းမှ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ပြန်လည်ချေပခဲ့သည်။
    “အိုဇေးလ်ပြေတာတွေ တော်တော်များများ ကျွန်တော်ကြားခဲ့ပြီး ကျွန်တော့်ဘက်ကနေ ပြောပါမယ်။ ကျွန်တော်တို့ သူ့အပေါ်မှာ  ယုံကြည်မှု နည်းခဲ့တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် အသင်းရဲ့ရာသီအစသုံးပွဲမှာ အိုဇေးလ်ဟာ နှစ်ပွဲပါဝင်ခွင့်ရခဲ့ပါတယ်။ သူတို့ဆန္ဒမရှိဘဲနဲ့ ဘယ်ကစားသမားမှ မပြောင်းပါဘူး။ ပွဲထွက်ခွင့်ရဖို့ ပြိုင်ဆိုင်မှုအသစ်တွေရှိလာတာကြောင့် အများကြီးကြိုးစားရတော့မယ်လို့ထင်ပြီး အသင်းက ထွက်ခွာခွင့် တောင်းခဲ့တာပါ” ဟု အန်ဆယ် လော့တီ က သတင်းထောက်များအား ပြောကြားခဲ့သည်။
    goal

    ၃။ အသင်းဟောင်း ချယ်ဆီးအားအနိုင်ရရန် အဲဗာတန် တိုက်စစ်မှူး လူကာကူ မျှော်လင့်

    ယနေ့ညတွင် ကစားမည့် အဲဗာတန်အသင်းနှင့် ချယ်ဆီးအသင်းတို့ပွဲတွင် အဲဗာတန်အသင်းအနိုင်ရလိမ့်မည်ဟု တိုက်စစ်မှူး လူကာကူက မျှော်လင့်နေသည်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူမှာ အပြောင်းအရွှေ့ရာသီနောက်ဆုံးနေ့တွင် ချယ်ဆီးအသင်းမှ အဲဗာတန်အသင်းသို့  တစ်နှစ် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ ဒီကနေ့ကစားမည့်ပွဲစဉ်အတွက် အဆင်သင့်မဖြစ်သေး၍ ပါဝင်ခွင့်ရမည်မဟုတ်သည့် လူကာကူက “ရိုးရိုးသားသားဆိုရရင် အဲဗာတန်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု အဲဗာတန်အသင်း၏ ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။
    goal

    ၄။ အသင်းမှာနေရာရရှိဖို့ ယှဉ်ပြိုင်ရတာကို နှစ်သက်တဲ့ မာတာ

    ချယ်ဆီးအသင်း၏ ကွင်းလယ်လူမာတာက အသင်းရှိ သူ၏ နေရာတွက် ယှဉ်ပြိုင်မှုများတိုးပွားလာခြင်းကို စိုးရိမ်မည်မဟုတ်ဘဲ ချယ်လ်ဆီး ကစားသမား တစ်ယောက် အဖြစ် ပိုမိုတိုးတက်ရန်ကြိုးစားရာတွင် အာရုံစိုက်သွားမည်ဟုပြောကြားခဲ့သည်။ ချယ်ဆီးအသင်း၏အလယ်တန်းတွင် အော်စကာ၊ ဟာဇာဒ်နှင့် ကစားသမားအသစ်များဖြစ်ကြသည့် ၀ီလီယံ၊ အန်ဒရေရွှတ်ရလာ၊ ကီဗင်ဒီဘရိုင်းတို့ရှိနေပြီး မာတာမှာဒဏ်ရာကြောင့် ယခုနှစ်ရာသီတွင် ပွဲထွက်ခွင့် မရ သေးပေ။ ယခုအခါ ဒဏ်ရာမှသက်သာလာပြီး ကြံ့ခိုင်မှုအပြည့်အ၀ရနေသည့်မာတာက ကစားသမားကောင်းများရှိနေခြင်းမှာ အသင်းအတွက်အကျိုးရှိလိမ့်ဟု မာတာက ပြေဆိုခဲ့သည်။ “အဲဒါဟာ အသင်းအတွက်အများကြီးကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ အသင်းအတွက်ရော နည်းပြအတွက်ရောပါ။ ဒီဘရိုင်း၊ ရွှတ်ရလာနဲ့ ၀ီလီယံတို့ဟာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေပါ။ တစ်ယောက်ချင်းစီမှာ မတူညီတဲ့နေရာ၊ မတူညီတဲ့ စွမ်းရည်တွေရှိကြပါတယ်။ ဒါပေမယ့် သူတို့အားလုံးဟာ ကျနော့်ကိုအများကြီးကူညီနိုင်ပြီး ပြည့်စုံတဲ့အသင်းဖြစ်လာဖို့ ပိုကောင်းတယ်လို့ ကျနော်ထင်ပါတယ်” ဟု မာတာက Sky Sports News သို့ ပြောကြားခဲ့သည်။
    skysports

    ၅။ ဘိုင်ယန်က မက်ဆီကိုဘယ်တော့မှမခေါ်ဟု ဂွါဒီယိုလာဆို

    မက်ဆီကို ဘိုင်ယန်သို့ခေါ်ယူမည်ဆိုသည့်သတင်းအား ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာက ငြင်းဆိုလိုက်ပြီး ဘိုင်ယန်အနေဖြင့် မက်ဆီအား ဘယ်တော့မှ ခေါ်ယူမည်ဟုတ်ဟုပြောဆိုလိုက်သည်။ ဘာစီလိုနာအသင်း၏နည်းပြဟောင်းဖြစ်သူ ဂွာဒီယိုလာမှာ ဘိုင်ယန်မြူးနစ်အသင်းအား ယခုနှစ် ဘောလုံးရာသီမှ စတင်ကိုင်တွယ်ခြင်းဖြစ်ပြီး ဘာစီလိုနာတွင်လက်တွဲခဲ့သည့် သီယာဂို အလ်ကန်တာရာအား ဘိုင်ယန်သို့ခေါ်ယူထားသည်။ “အူလီ ဟိုးနက်စ်(ဘိုင်ယန် အသင်း ပိုင်ရှင်)က မက်ဆီကိုခေါ်ဖို့ဘယ်တော့မှကမ်းလှမ်းမှာမဟုတ်ပါဘူး။ ဘိုင်ယန်ကအဲဒီလိုအလုပ်ကိုဘယ်တော့လုပ်မှာမဟုတ်သလို့ မက်ဆီဟာလည်း ဘာကာမှာ ပျော်နေပါတယ်” ဟု ဂွာဒီယိုလာက သတင်းထောက်များသို့ပြောကြားခဲ့သည်။
    goal

    ၆။ ဇန်န၀ါရီအပြောင်းအရွှေ့တွင် ထွက်ခွာရန် လက်စကော့စဉ်းစားနေ

    အင်္ဂလန်လက်ရွေးစင် နောက်ခံလူဖြစ်သူ လက်စကော့မှာ မန်ချက်စတာစီးတီးအသင်းတွင် ခြေစွမ်းပြကာ ပုံမှန်နေရာရနေသော်လည်း လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာရန် စဉ်းစားနေသည်ဟု ပြောဆိုလိုက်သည်။ ဒဏ်ရာပြဿနာနှင့်ကြုံတွေ့နေရသည့်မန်စီးတီးအသင်းတွင် လက်စကော့မှာ ကြံခိုင်မှုပြည့်ဝသည့် တစ်ဦးတည်းသော နောက်ခံအလယ်လူဖြစ်သည်။ လာမည့် အပြောင်းအရွှေ့ရာသီတွင် ၎င်း၏ နေရာအား အစားထိုးရန် အသင်းနည်းပြပယ်လီဂရီနီ၊ အားကစားဒါရိုက်တာ တဇီကိ ဘက်ဂီရီစတိန်းတို့နှင့် လက်စကော့တို့ ဆွေးနွေးပြီးပြီဟု သိရသည်။ နောက်ခံ လူများအားလုံး ကြံ့ခိုင်မှု ပြည့်ဝလာပါက ၎င်းမှာ ပထမဦးစားပေး ကစားသမားဖြစ်လာမည် မဟုတ်ကြောင်း ထို့ကြောင့် လာမည့် ဇန်န၀ါရီလတွင် အသင်းမှထွက်ခွာကာ အသင်းသစ် ရှာဖွေသွားမည်ဖြစ်ကြောင်း လက်စကော့ကပြောကြားခဲ့သည်။
    dailymail

    ၇။ မော်ရင်ဟိုနှင့် နွေးထွေးသောဆက်ဆံရေးမှာ အမုန်းဖြင့်စခဲ့ခြင်းဖြစ်သည်ဟု အီတူးဆို

    ချယ်လ်ဆီး တိုက်စစ်မှူးသစ် ဆင်မျူရယ်အီတူးက ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုနှင့် နီးကပ်သောဆက်ဆံရေးမှာ တစ်ယောက်နှင့်တစ်ယောက် မုန်းတီးမှုမှ ဖြစ်လာခဲ့သည်ဟု ထုတ်ဖော်လိုက်သည်။ အသက် ၃၂-နှစ်အရွယ်ရှိ အီတူးနှင့် မော်ရင်ဟိုတို့မှာ အင်တာမီလန် အသင်းအတွက် လက်တွဲခဲ့ဖူးပြီး ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာခဲ့ခြင်းမှာ မော်ရင်ဟိုကြောင့်ဖြစ်သည်ဟု အီတူးက ပြောဆိုခဲ့သည်။ “ကျနော်နဲ့ မော်ရင်ဟိုကြားမှာရှိနေတဲ့ဆက်ဆံရေးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပထမတော့ ကျွန်တော်တို့ အမုန်းနဲ့ အခြေတည်ခဲ့ကြပြီး တဖြည်းဖြည်းနဲ့ မေတ္တာတွေဖြစ်လာတာပါ” ဟု အီတူးက ဘီဘီစီသို့ ပြောကြားခဲ့သည်။ အီတူးမှာ ရုရှားကလပ် Anzhi Makhachkala အသင်းမှ ချယ်ဆီးသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီး အသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ထားသည်။ အင်တာတွင်ရှိနေစဉ်က မော်ရင်ဟိုနှင့် ဆက်ဆံရေးအား “ပွဲတစ်ပွဲမှာ ကျွန်တော်တို့အခြေအတင်ဖြစ်ခဲ့တာကိုလည်း ကျွန်တော် မှတ်မိပါတယ်။ ပြင်းထန်တဲ့စကားလုံးတွေနဲ့ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ပြောခဲ့ကြတယ်။ ဒါပေမယ့်နောက်ပိုင်းမှာကျွန်တော်တို့ နောင်တရခဲ့ကြပါတယ်။ ကျွန်တော်သူ့ကို သဘောကျတာက သူဟာပြဿနာတွေကို ဆွေးနွေးပါတယ်။ ပြီးတော့ လူကြီးလူကောင်းတစ်ယောက်လို ကိုင်တွယ် ပါတယ်။ သူရဲ့ဒီအရည်အချင်းတွေကို ကျနော်နှစ်သက်တာပါ။ သူနဲ့အလုပ်လုပ်ခွင့်ရတဲ့ဘယ်အချိန်မဆို အဲဒီအခွင့်အရေးကို အရယူမှာပါ” ဟု ပြောကြားခဲ့ပြီး “ဟိုဆေး(မော်ရင်ဟို) ဟာ နည်းပြတစ်ယောက်ထက်ကိုပိုပါတယ်။ ပြီးတော့ သူဟာ အမှန်တရားကိုသာ ပြောတတ်သူပါ” ဟု မော်ရင်ဟိုအား ချီးကျူးခဲ့သည်။
    bbc

    ၈။ WTA Taskent Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲသို့ ဂျီုဗာနော့ဗ်စကီး အနိုင်ရ တက်ရောက်


    ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် WTA Tashkent Open တင်းနစ်ပြိုင်ပွဲဆီမီးဖိုင်နယ်တွင် ဆားဘီးယားတင်းနစ်မယ် ဘိုဂျာနာ ဂျိုဗာနော့ဗ် စကီး အနိုင်ရရှိခဲ့သည်ဟုသိရသည်။ စပိန်တင်းနစ်မယ် ထရီဇာ တိုရိုဖလိုဖြင့်ကစားခဲ့သော အဆိုပါ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ဂျိုဗာနော့ဗ်စကီးက ၆-၂၊ ၆-၂ ဖြင့် ၁-ပွဲပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ဘီလာရုဇ်တင်းနစ်မယ် အိုလ်ဂါ ဂိုဗော့တ်ဆိုဗာ က လူဇင်ဘတ်တင်းနစ်မယ် မန်ဒီမီနယ်လ်အား ၆-၂၊ ၇-၅ ဖြင့် အနိုင်ရရှိ ခဲ့သည်။ WTA Taskent Open တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲကို ဒီကနေ့တွင် ယှဉ်ပြိုင် ကစားမည် ဖြစ်ပြီး ဂျိုဗာနော့ဗ်စကီးနှင့် ဂိုဗော့တ်ဆိုဗာတို့ တွေ့ဆုံယှဉ်ပြိုင် ရမည်ဖြစ်သည်။
    skysports

  • စက်တင်ဘာ ၁၃ အားကစားသတင်းများ

    စက်တင်ဘာ ၁၃ အားကစားသတင်းများ

    စက်တင်ဘာ ၁၃၊ ၂၀၁၃
    M-Media

     

    ရိတ်ကိုနင် ဖရာရီအသင်းနှင့် စာချုပ်ချုပ်


    ဖရာရီအသင်း၏ ကားမောင်းသမားဟောင်းဖြစ်သူ ဖင်လန်ပြိုင်ကားမောင်းသမား ကီမီရိတ်ကိုနင်မှာ လာမည့်ပြိုင်ကားမောင်းရာသီတွင် ဖရာရီပြိုင်ကားအသင်းသို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ပြီး ဖာနန်ဒိုအလွန်ဆိုနှင့်တွဲကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ရိတ်ကိုနင်နှင့် ဖရာရီအသင်းတို့မှာ တနင်္ဂနွေနေ့က သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီး ၂-နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ဖရာရီအသင်းက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဖာနန်ဒိုအလွန်ဆိုနှင့် ကီမီရီတ်ကိုနင်တို့မှာ လာမည့်နှစ်ဖရာရီအသင်း၏ အဓိကကားမောင်းသမားများဖြစ်လာမည်ဖြစ်ပြီး ဖော်မြူလာဝမ်းပြိုင်ပွဲဝင်ပြိုင်ကားအသင်းများတွင် ဖရာရီအသင်းမှာ အတောင့်တင်းဆုံးဖြစ်လာမည်ဖြစ်သည်။
    skysports

     

    အန်ဇီအသင်း ၂-နှစ်အတွင်း ပြိုလဲလိမ့်မည်ဟု ကားလို့စ်ဆို

    အသင်းရှိ အဓိကစားသမားများကိုရောင်းထုတ်လိုက်သည့်အတွက် အသင်းမှာ ၂-နှစ်အတွင်းပြိုလဲတော့မည်ဟု ရုရှားကလပ် Anzhi Makhachkala အသင်း၏ လက်ထောက်နည်းပြဟောင်း ရော်ဘတ်တိုကားလို့စ်က ပြောကြားခဲ့သည်။ Anzhi အသင်းမှာ ငွေးကြေးအမြောက်အများသုံးစွဲမှုကြောင့် လူသိများခဲ့သော်လည်း နောက်ပိုင်းတွင် အသင်း၏ပေါ်လစီပြောင်းလဲခဲ့ပြီး ဆင်မျူယဲလ်အီတူး အပါအ၀င် အသင်းရှိအဓိကကစားသမားများကို ရောင်းချခဲ့သည်အထိ ဖြစ်ခဲ့ရသည်။
    ဘရာဇီးဂန္တ၀င်ကစားသမား ကားလို့စ်က ၎င်းနှင့် အသင်းနည်းပြ ဂူဟစ်ဒင့်တို့မရှိခြင်းက အသင်းအားဥရောပတွင် အရေးမပါသောအဆင့်သို့ရောက်ရှိသွားစေမည်ဟု ခံစားရကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။ “တကယ်လို့ ကျွန်တော်နဲ့ ဂူဟစ်ဒင့်တို့မရှိရင် နည်းစနစ်တွေအားလုံး ပြိုလဲသွားလိမ့်မယ်လို့ ကျွန်တော်ပြောလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အမြန်ဖြစ်လာလိမ့်မယ်လို့မထင်ခဲ့ပါဘူး။ တကယ်လို့ကျနော်သာ Anzhi မှာရှိနေခဲ့ရင် ဒါမျိုးဖြစ်မှာမဟုတ်ပါဘူး။ အသင်းမှာ လုံလောက်တဲ့အတွေ့အကြုံမရှိပါဘူး” ဟု ရုရှားအားကစားသတင်းစာတစ်စောင်ဖြစ်သည့် Sport Express သို့ ကားလို့စ်က ပြောကြားခဲ့သည်။
    goal

     

    အင်္ဂလန်ကစားသမားများ တိုးတက်ရေးအတွက် ပရီးမိးယားလိဂ်အသင်းများ ကူညီမည်

    အင်္ဂလန်ကစားသမားများ တိုးတက်ရေးအတွက် FA ကပြုလုပ်မည့်အစီအစဉ်များအား ကူညီရန် ပရီးမီးယားလိဂ် ကလပ်အသင်းများအားလုံးက ကတိပေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါကိစ္စနှင့်ပက်သက်၍ ကလပ်အသင်းများ၏ ဥက္ကဌများနှင့် အက်ဖ်အေ ဥက္ကဌ ဂရက်ဒိုက်တို့ ယမန်နေ့က ဆွေးနွေးခဲ့ကြပြီး အင်္ဂလန်ကစားသမားများ တိုးတက်ရေးအတွက် အက်ဖ်အေ၏အစီအစဉ်အား ကူညီပေးမည်ဟု ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ဝင်များနှင့် ကလပ်အသင်းများက သဘောတူညီခဲ့ကြသည်။ ပရီးမီးယားလိဂ်အဆင့်တွင် အင်္ဂလိပ်ကစားသမားအရည်အတွက်နည်ပါးလာခြင်းက နောက်ပိုင်းတွင် အင်္ဂလန်ဘောလုံးအသင်းအတွက် အန္တရာယ်ဖြစ်စေသော အကျိုးသက်ရောက်မှုများရှိလာနိုင်မည်ကို ဒိုက်က စိုးရိမ်နေသည်။
    “ပရီးမီးယားလိဂ်နဲ့ နိုင်ငံအသင်းတွေမှာ ပါဝင်ကစားနိုင်တဲ့ အရည်အသွေးမီတဲ့ကစားသမားတွေ သူတို့ရဲ့ အကယ်ဒမီတွေကနေထွက်လာဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေမှာ ပြင်းထန်တဲ့ဆန္ဒတွေရှိတယ်ဆိုတာ အဲဒီဆွေးနွေးပွဲက ထင်ရှားမြင်သာစေပါတယ်။ ပရီးမီးယားလိဂ်ရပ်ဝန်းက နိုင်ငံအသင်းအတွက်အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒါကြောင့်မို့လို့ ဒိုက်ကစလုပ်တဲ့ အင်္ဂလန်ကစားသမားတွေကို ကူညီတဲ့အစီအစဉ်မှာ ပရီးမီးယားလိဂ်ကလပ်သင်းတွေ၊ ဘုတ်အဖွဲ့တွေနဲ့ အမှုဆောင်တွေအားလုံး လက်မှတ်ထိုးခဲ့ကြတာပါ” ဟု ပရီးမီးယားလိဂ်၏ ဥက္ကဌဖြစ်သူ အန်တိုနီ ဖရိုင်းက ပြောကြားခဲ့သည်။
    skysports

     

    ဂလင်းဂျွန်ဆင်၏ ဒဏ်ရာ အလျင်အမြန်တိုးတက်လာ

    လီဗာပူးလ်အသင်း၏ နောက်ခံလူဖြစ်သူ ဂလင်းဂျွန်ဆင်မှာ မန်ချက်စတာယူနိုက်အား ၁-ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး သီတင်းပတ် ၁၁-ပတ်ခန့်အနားယူရမည်ဟု သတင်းထွက်လာသော်လည်း ဒဏ်ရာအခြေအနေမှာ တိုးတက်လာသည်ဟုသိရသည်။
    အစပထမတွင်ထင်ထားသလောက် ဒဏ်ရာအခြေအနေမှာ ဆိုးရွားခြင်းမရှိဟု သူ၏ တွစ်တာစာမျက်နှာတွင်ရေးသားခဲ့သည့် ဂလင်းဂျွန်ဆင်က “အရင်က ထင်သလောက် ဒဏ်ရာအခြေအနေက မဆိုးပါဘူး။ မျှော်လင့်ထားတဲ့အချိန်ထက် ပိုစောပြီး ပြန်ကစားနိုင်မယ်လို့မျှော်လင့်မိပါတယ်။ အမြန်နေကောင်းပါစေကြောင်း ဆုတောင်း မက်ဆေ့ခ်ျပို့ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ထည့်သွင်းရေးသားထားသည်။
    လီဗာပူးလ်အသင်းမှာ ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲစလုံးတွင် ရာနှုန်းပြည့်အနိုင်ရရှိထားပြီး လာမည့်တနင်္လာနေ့တွင် ပွဲစဉ် ၄ အဖြစ် ဆွမ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    goal

     

    ဘာစီလိုနာရဲ့ ရွှေရောင်လွှမ်းတဲ့နေရက်တွေဟာ ကုန်ဆုံးသွားပါပြီဆိုတဲ့ အိုလီဗာခန်း

    စပိန်ထိပ်သီး ဘာစီလိုနာအသင်း၏ ယမန်နှစ်ချန်ပီယံလိဂ်ခြေစွမ်းက ၎င်းတို့၏အကောင်းဆုံး အချိန် ကျော်လွန်သွားကြောင်း ပြဆိုနေသည်ဟု ဂျာမနီအသင်းနှင့် ဘိုင်ယန်အသင်းတို့၏ ဂိုးသမားဟောင်းဖြစ်သူ အိုလီဗာခန်းက ပြောကြားလိုက်သည်။ ဘိုင်ယန်အသင်းသို့ရောက်ရှိသွားခဲ့သည့် နည်းပြဟောင်း ဂွာဒီယိုလာ၏လက်ထက်တွင် ဘာစီလိုနာအသင်းမှာ လာလီဂါဖလားသုံးခု၊ ချန်ပီယံလိဂ်နှစ်ခု၊ စပိန်ဘုရင့်ဖလား နှစ်ကြိမ်ရရှိခဲ့သည်။
    “ဘာစီလိုနာရဲ့အကောင်းဆုံးနေ့ရက်တွေဟာ ကျော်လွန်သွားခဲ့ပါပြီ။ ဥရောပမှာ ဂျာမန်ကလပ်တွေ ကြောက်ရမယ့် အသင်းမရှိတော့ပါဘူး။ ပုံစံမှန်နေတဲ့ ဘိုင်ယန်ရဲ့အောင်မြင်မှုက အပြောင်းအလဲတခုနဲ့ အတွေးအသစ်တွေကို စိန်ခေါ်နေပါပြီ။ ကစားသမားကောင်းတွေနဲ့ ဒီ(ဘိုင်ယန်)အသင်းဟာ စမ်းသပ်မှုတွေအတွက် အဖြေရှာတွေ့လိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု အိုလီဗာခန်းက ပြောကြားခဲ့သည်။
    goal

     

    ၂၀၂၄ အိုလံပစ်ပြိုင်ပွဲ ကျင်းပရန် လျှောက်ထားတော့မည်မဟုတ်ဟု မက်ဒရစ် မြို့တော်ဝန်ဆို

    စပိန်နိုင်ငံ မက်ဒရစ်မြို့၏ မြို့တော်ဝန်ဖြစ်သူ အန်နာဘိုတယ်လာက ၂၀၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲကျင်းပခွင့်အတွက် မက်ဒရစ်မြို့မှာ ၀င်ရောက်လျှောက်ထားလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။
    မက်ဒရစ်မြို့မှာ ၁၉၇၂၊ ၂၀၁၂၊ ၂၀၁၆ ခုနှစ်များတွင် အိုလံပစ်ပြိုင်ပွဲကျင်းပခွင့်လျှောက်ထားခဲ့သော်လည်း ကျင်းပခွင့်မရရှိခဲ့ပေ။ “ဒီတစ်ခါအိုလံပစ်ပြိုင်ပွဲအတွက် လျှောက်ထားမှုဟာ လာမယ့်နှစ်တွေမှာ အဲဒီကနေရရှိမယ့် အကျိုးကျေးဇူးတွေအများကြီးကို ပေးပြီးပါပြီ။ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲအတွက် မက်ဒရစ်ဟာ လျှောက်ထားတော့မှာမဟုတ်ဘူးဆိုတာ ကျမ ယုံကြည်ပါတယ်” ဟု ဘိုတယ်လာက သတင်းထောက်များသို့ ပြောကြားခဲ့သည်။
    channelnewsasia

     

    တောင်အာရှဖလားတွင် ဗိုလ်စွဲခဲ့သည့် အာဖဂန်အသင်းအား AFC ဥက္ကဌချီးကျူး

    နီပေါနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ကျင်းပပြီးစီးခဲ့သည့် တောင်အာရှဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အာဖဂန်နစ္စတန်အသင်း၏ သမိုင်းဝင်အောင်ပွဲရယူနိုင်မှုအား အာရှဘောလုံးအဖွဲ့ချုပ်(AFC) ဥက္ကဌ ရှိခ် ဆလ်မာန်ဘင် အီဗရာဟင် အလ် ခလီဖာ က ချီးကျူးပြောဆိုလိုက်သည်။
    လက်ရှိချန်ပီယံ အိန္ဒိယအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အံ့ဖွယ်အနိုင်ယူနိုင်ခဲ့သည့် အာဖဂန်အသင်းအား “ဒီလိုကြီးမားတဲ့အောင်မြင်မှုမျိုးရရှိခဲ့တဲ့အတွက် အာဖဂန်ဘောလုံးအသိုင်းအ၀ိုင်းနဲ့ အာဖဂန်ဘောလုံးပရိတ်သတ်တွေကို ဂုဏ်ပြုပါတယ်။ ဒီအောင်မြင်မှုက ကမ္ဘာ့တ၀ှမ်းမှာရှိကြတဲ့ အာဖဂန်ပြည်သူတွေကို အားတစ်ခုဖြစ်လာဖို့ သက်သေတစ်ခုလို့ ကျနော်ခံစားရပါတယ်” ဟု ရှိခ် ဆလ်မာန်က ပြောကြားခဲ့သည်။ ထို့ပြင် အာဖဂန်အသင်းမှာ လာမည့်နှစ်တွင် မော်ဒိုက်နိုင်ငံ၌ ကျင်းပမည့် AFC Challenge Cup ပြိုင်ပွဲဝင်အသင်းများအတွက် အဓိကပြိုင်ဘက်ဖြစ်လာမည်ဟု သူကပြောဆိုခဲ့သည်။ တောင်အာရှဖလား ချန်ပီယံဖြစ်ခဲ့သည့် အာဖဂန်အသင်းမှာ ၂၀၁၅ ခုနှစ် သြစတေးလျနိုင်ငံ၌ ကျင်းပမည့် အေအက်ဖ်စီအာရှဖလားပြိုင်ပွဲအတွက် အလိုလျောက်ဝင်ခွင့်ရသွားခဲ့သည်။
    afc

     

    ယခုနှစ်အောင်မြင်မှုအပေါ် မိမိ၏ အနာဂတ် မူတည်ဟု ၀င်းဂါးဆို

    နာမည်ကျော် ကွင်းလယ်လူ မီဆုအိုဇေးလ်အား ကလပ်အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ၍ အသင်းအား တည်ဆောက်ထားသည့် ယခုနှစ် အာဆင်နယ် အသင်း၏ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုက မိမိ၏ အာဆင်နယ်နည်းပြ အနာဂတ်အား ဆုံးဖြတ်သွားလိမ့်မည်ဟု အာဆင်ဝင်းဂါးက ဖွင့်ဟခဲ့သည်။
    လာမည့်နှစ် ဇွန်လတွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် အာဆင်ဝင်းဂါးက ၁၇-နှစ် ဖြစ်လာမည့်နည်းပြသက်တမ်းတိုးမြှင့်ရန် သူ၏ဆုံးဖြတ်ချက်မှာ ကြီးမားသောရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် အဆင်နယ်အသင်း လက်ခံနိုင်လောက်သော အောင်မြင်မှုရမရအပေါ် အခြေခံသည်ဟု ၀င်းဂါးက ထည့်သွင်းပြောဆိုခဲ့သည်။
    သက်တမ်းတိုး၊ မတိုး ကိစ္စနှင့်ပက်သက်ပြီး ၀င်းဂါးက “ကျွန်တော်တို့ အလျင်မလိုပါဘူး။ အခု စက်တင်ဘာလပဲ ရှိသေးပြီး ကျွန်တော့်စာချုပ်က ဇွန်လမှပြည့်မှာပါ။ အချိန်အများကြီးရှိနေပြီး အစီအစဉ်ဆွဲဖို့ မလိုပါဘူး။ ကျွန်တော် အကြိမ်တော်တော်များများ ပြောခဲ့ပြီးပါပြီ။ ကလပ်အတွက် အကောင်းဆုံး လုပ်ဆောင်ပေးချင်ပါတယ်။ ပြီးတော့ အဆုံးမှာ ကျွန်တော် ဘယ်လောက်အကောင်းဆုံး လုပ်ပေးနိုင်ခဲ့သလဲဆိုတာ ထိုင်ပြီးတော့ စဉ်းစားမှာပါ။ ဒါမှသာ သက်တမ်းတိုးမလား၊ မတိုးဘူးလား ဆုံးဖြတ်ဖို့ ကျွန်တော့်အတွက် လုံလောက်မှာပါ” ဟု ယမန်နေ့က ပြောကြားခဲ့သည်။
    dailymail

     

    စပါးတိုက်စစ်မှူး အဒီဘာယော အရန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းရမည်

    စပါးအသင်း၏ တိုက်စစ်မှူး အီမန်နျူရယ်အဒီဘာယောမှာ အသင်းသို့ ပြန်လည်ရောက်ရှိလာပါက အရန်အသင်းနှင့် လေ့ကျင့်ခန်းဆင်းရမည်ဟု သိရသည်။ အဒီဘာယောမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ၎င်း၏နိုင်ငံ တိုဂိုသို့ရောက်ရှိနေပြီး လာမည့်သီတင်းပတ်တွင် အသင်းသို့ ပြန်လည် ရောက်ရှိလာဖွယ်ရှိသည်။ ယခင် အာဆင်နယ်နှင့် မန်စီးတီး ကစားသမားဟောင်းဖြစ်သူ အဒီဘာယောမှာ အသင်း၏ ရာသီအကြိုပွဲစဉ်များတွင် ပါဝင်ခွင့်မရခဲ့ဘဲ အသင်းသို့ရောက်ရှိလာသည့် တိုက်စစ်မှူး ဆိုလ်ဒါဆိုနှင့် ဒီဖိုးတို့၏နောက် တတိယနေရာတွင်သာ ရှိနေသည်။

    အဒီဘာယော အနေဖြင့် ကြံ့ခိုင်ပြီဟု ယုံကြည်ရမှာသာ အသင်းကြီးနှင့် လေ့ကျင့်ခန်းဆင်းရမည်ဟု စပါးနည်းပြ ဗီလာဘိုအားစ်က ပြောဆိုလိုက်ပြီး “အခုအချိန်မှာတော့ အဒီဟာ ကျနော်တို့နဲ့ရှိမနေပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် လာမယ့်တနင်္လာနေ့အထိ သူ့နိုင်ငံမှာနေဖို့ ခွင့်ပေးထားပါတယ်။ ဒါ့ကြောင့် (စနေနေ့တွင် ကစားမည့်)နော်ဝစ်ခ်ျနဲ့ပွဲမှာ ပါမှာမဟုတ်ပါဘူး။ ကျနော့်နေနဲ့ သင့်လျော်တာကိုပြောရရင် သူဟာ အရန်အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းရမှာပါ” ဟု ပြောကြားခဲ့သည်။ အဒီဘာယောမှာ စပါးအသင်းသို့ ပြီးခဲ့သည့်ရာသီက ရောက်ရှိခဲ့သော်လည်း အသင်း၏ ပထမကစားသမားအဖြစ် ပါဝင်ခွင့်မရပေ။
    mirror
    ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အင်္ဂလန်အသင်း အဆင့် ၁၇ သို့ကျဆင်း ဘယ်လ်ဂျီယံအသင်းမှာ အဆင့် ၆ သို့ တက်ရောက်လာ


    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ရာ အင်္ဂလန်အသင်းမှာ အဆင့် ၁၇ သို့ ကျဆင်းခဲ့သည်ဟု သိရသည်။ လက်ရှိ အင်္ဂလန်အသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် ယခင်အဆင့် ၁၄ မှ ၁၇ သို့လျော့ကျခဲ့ခြင်းဖြစ်ပြီး ချီလီ၊ ရုရှား၊ ဆွစ်ဇလန်၊ အမေရိကန်၊ ဂရိနှင့် ခရိုအေးရှား စသည့် နိုင်ငံများ၏ အောက်သို့ ရောက်ရှိသွားခဲ့သည်။

    အာဂျင်တီးနားအသင်းမှာ ဂျာမနီအားကျော်ဖြတ်ကာ ဒုတိယနေရာသို့ရောက်ရှိခဲ့ပြီး စပိန်အသင်းက စုစုပေါင်းရမှတ် ၁၅၁၄ မှတ်ဖြင့်ထိပ်ဆုံး၌ ရှိနေသည်။ ပြင်သစ်အသင်းမှာ ၂ ဆင့်ကျသွားကာ အဆင့် ၂၅ သို့ရောက်ရှိသွားပြီး ဘယ်လ်ဂျီယံအသင်းက လေးဆင့်တက်လာကာ အဆင့် ၆ သို့ရောက်ရှိခဲ့သည်။ ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင်ရှိသည့် ထိပ်ဆုံး ၁၀ သင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ စပိန် (၁၅၁၄ မှတ်)
    ၂။ အာဂျင်တီးနား (၁၂၆၃ မှတ်)
    ၃။ ဂျမနီ (၁၂၆၁ မှတ်)
    ၄။ အတလီ (၁၁၉၉ မှတ်)
    ၅။ ကိုလမ်ဘီယာ (၁၁၈၀ မှတ်)
    ၆။ ဘယ်လ်ဂျီယံ (၁၁၅၉ မှတ်)
    ၇။ ဥရုဂွေး (၁၁၂၆ မှတ်)
    ၈။ ဘရာဇီးလ် (၁၀၆၇ မှတ်)
    ၉။ နယ်သာလန် (၁၀၅၈ မှတ်)
    ၁၀။ ခရိုအေးရှား (၁၀၅၁ မှတ်)
    mirror

  • စက်တင်ဘာ ၁၂ အားကစားသတင်းများ

    စက်တင်ဘာ ၁၂ အားကစားသတင်းများ

    စက်တင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    အခြားသူတွေအား ပျော်ရွှင်အောင်လုပ်ရခြင်းကို ကြိုက်သည့် အီဗရာဟီမိုဗစ်
    ပဲရစ်စိန့်ဂျာမိန်းအသင်း၏ တိုက်စစ်မှူးဖြစ်သူ ဇလာတန်အီဗာဟီမိုဗစ်က သူ့အား စိတ်ကြီးဝင်သည်ဟု ပြောဆိုနေမှုများကို ငြင်းဆန်လိုက်ပြီး သူ၏အသင်းဖော်များနှင့် ပရိတ်သတ်များအား ပျော်ရွှင်ကျေနပ်အောင် ပြုလုပ်ပေးသူတစ်ဦးဖြစ်သည်ဟု ပြောဆိုလိုက်သည်။

    အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် အီဗရာဟီမိုဗစ်မှာ သူ၏ ကစားသမား သက်တမ်းတစ်လျှောက် မကြာခဏ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သူဖြစ်ပြီး ဘာစီလိုနာတွင်ရှိစဉ်အခါက နည်းပြ ဂွါဒီယိုလာနှင့် အဆင်မပြေဖြစ်ခဲ့သည့် ဖြစ်ရပ်များစွာလည်းရှိခဲ့သည်။

    “လူတွေကတစ်ချိန်လုံး ကျနော့်ကို မာနကြီးတဲ့လူတစ်ယောက်လို့ ထင်နေတယ်ဆိုတာ ကျနော်ဖတ်ရပါတယ်။ သူတို့က ကျနော့်ကို ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့သူ၊ အကျင့်ဆိုးတဲ့သူလို့ပြောကြပါတယ်။ ကျနော် ငယ်ငယ်ကတည်းကနေ ဒါမျိုးတွေ ကြားရခဲ့တာပါ။ ဒါပေမယ့် သူတို့ကျနော်နဲ့ဆုံတဲ့အခါ ‘မင်းဟာ ပုံရိပ်ဆိုးတွေနဲ့မလိုက်ပါဘူးလို့’ ပြောကြပါတယ်။ ဘယ်အသင်းမှာပဲ ကစားခဲ့ကစားခဲ့ ကျနော်အောင်မြင်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့အသင်းဖော်တွေ ပရိတ်သတ်တွေနဲ့ လူတိုင်းပျော်ရွှင်မှသာ ကျနော်ကျေနပ်တာပါ။ ကျနော့်မှာ ကြင်နာတဲ့နှလုံးသားရှိပါတယ်” ဟု အီဗရာဟီမိုဗစ်က ဘီဘီစီသို့ ပြောကြားခဲ့သည်။

     

    မာတာမှာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဟု အိုဗန်နိုဗစ်ဆို
    ချယ်ဆီးနောက်ခံလူ အိုင်ဗန်နိုဗစ်က အသင်းဖော်တိုက်စစ်မှူး ဂျူအန်မာတာမှာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဟုမှတ်ချက်ပေးပြောဆိုလိုက်သည်။ မာတာမှာ ယမန်နှစ်ဘောလုံးရာသီတွင် ယူရိုပါဖလားရရှိခဲ့ပြီး ပရီးမီးယားလိဂ်တတိယနေရာကို ရယူနိုင်ခဲ့သည့် ချယ်ဆီးအသင်းတွင်အထူးခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ၁၉ ဂိုးသွင်းယူကာ ဂိုးသွင်းရန်အတွင် ၃၅ ကြိမ်ဖန်တီးပေးနိုင်ခဲ့သည်။

    “လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက သူဟာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာကျနော်တို့အားလုံးနဲ့ အသင်းတွက်တကယ့်ကို အရေးကြီးတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကျနော့်အတွက်တော့ မာတာဟာ ပရီးမီးယားလိဂ် အကောင်းဆုံးအရည်အသွေးရှိတဲ့ကစားသမားတစ်ဦးပါလို့ ကျနော်အမြဲတမ်းပြောပါတယ်။ ပြောင်မြောက်တဲ့စွမ်းရည်ရှိပြီး သိပ်တော်တဲ့ကစားသမားတစ်ဦးပါ” ဟု အိုင်ဗန်နိုဗစ်ကသတင်းထောက်များသို့ပြောကြားခဲ့သည်။

     

    ကျွန်တော်ဟာ ကယ်တင်ရှင်မဟုတ်ပါဘူးလို့ ဆိုခဲ့သူ ရီဘာရီ

    ဘီလာရုစ်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သောကြောင့် ပြင်သစ်အသင်း၏ ကယ်တင်ရှင်ဟု သတ်မှတ်မှုများအား ကွင်းလယ်လူ ရီဘာရီက ငြင်းဆိုလိုက်သည်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ရီဘာရီမှာ ပြင်သစ်အသင်းက ဘီလာရုဇ်အသင်းအား နောက်မှလိုက်ကစားကာ ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၂ ဂိုးသွင်းယူခဲ့သည်။

    “ကျွန်တော်ဟာ ကယ်တင်ရှင်မဟုတ်ပါဘူး။ ၂ ဂိုး ၁ ဂိုးနဲ့ အနောက်က လိုက်ကစားရတဲ့အချိန်မှာ မြန်မြန် ချေပဂိုးသွင်းဖို့ ကျနော်တို့ ကံကောင်းခဲ့ပါတယ်” ဟု ရီဘာရီက သတင်းထောက်များကို ပြောကြားခဲ့သည်။

    ရီဘာရီ၏ စွမ်းဆောင်ရည်နှင့်ပက်သက်ပြီး ပြင်သစ်နည်းပြ ဒက်စ်ချမ့်က “ကျနော်တို့မှာ ရီဘာရီလိုကစားသမားကောင်းတွေရှိပြီး ဒါကိုလည်း သူက သက်သေပြခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

     

    တောင်အာရှဖလား ဘောလုံးပြိုင်ပွဲတွင် အာဖဂန်နစ္စတန်ဗိုလ်စွဲ

    တောင်အာရှဘောလုံးအဖွဲ့ချုပ် (SAFF) မှကျင်းပသည့် တောင်အာရှဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို နီပေါနိုင်ငံ ကတ်မန်ဒူမြို့တွင်ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ အိန္ဒိယအသင်းအား  အာဖဂန်နစ္စတန်အသင်းက ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားသည်ဟုသိရသည်။

    ပရိတ်သတ်ငါးထောင်နီးပါးလာရောက်ကြည့်ရှုခဲ့ကြပြီး အာဖဂန်နစ္စတန်အတွက်ဂိုးများကို ၉ မိနစ်တွင် မွစ်တာဖာ အဇဒ်ဇွီနှင့် ၆၂-မိနစ်တွင် ဆန်ဂျာ အဟ်မဒ်ဒီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် အာဖဂန်နစ္စတန်အနေဖြင့် ၂၀၁၁-ခုနှစ် ဖိုင်နယ်တွင် အိန္ဒိယအား ရှုံးနိမ့်ခဲ့သည့် `ရှုံးကြွေးအား ပြန်လည်ဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    “ကျနော်တို့နိုင်ငံအတွက်၊ ကျနော်တို့ပြည်သူတွေအတွက် ကျနော်တို့အသင်းအတွင် ပြီးကျနော့်အတွက် ဒီခဏဟာဘယ်လောက်တောင် ကြီးမားသလဲဆို တွေးလို့ကိုမရပါဘူး။ ဒီပွဲဟာ ကျနော်တို့အတွက်အရေးကြီးတဲ့ပွဲဖြစ်ပြီး လက်စားချေလိုချင်တဲ့အတွက်ကြောင့်မဟုတ်ပါဘူး” ဟု အာဖဂန်နစ္စတန်အသင်း၏နည်းပြဖြစ်သူ ယူဆက်ဖ်ကာဂါက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

     

    ဂါရက်ဘေးလ် ရီးယဲလ်နှင့် ပထမဦးဆုံး လေ့ကျင့်ခန်းဆင်း

    ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းသို့ရောက်ရှိလာသော ဂါရက်ဘေးလ်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ယမန်နေ့ကအသင်းနှင့် လေ့ကျင့်ခန်းဆင်းခဲ့သည်ဟုသိရသည်။လေ့ကျင့်ခန်းမဆင်းမီ ခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွေ့ဆုံခဲ့သည့် ဘေးလ်မှာ အသင်းနည်းပြနှင့် ကြံ့ခိုင်မှုဆိုင်ရာလေ့ကျင့်ခန်းများကို ပြုလုပ်ပြီးနောက် အီကာကာဆီးလက်စ်၊ လူကာမိုဒရစ်၊ ကရင်မ်ဘန်ဇီမာ၊ ဒန်နီယဲလ်ကာဗာဂျယ်၊ အလ်ဗာရို မိုရာတာ၊ နာချိုနှင့် ဂျီဆီတို့နှင့်အတူ အပေါ့စားလေ့ကျင့်ခန်းများပြုလုပ်ခဲ့သည်။ လာမည့် စနေနေ့ ဗီလာရီးယဲလ်အသင်းနှင့်ကစားမည့် လာလီဂါပွဲတွင် ဘေးလ်မှာ ရီးယဲလ်အသင်းနှင့် ပထမဦးဆုံးပွဲထွက်ဖွယ်ရှိနေသည်။

  • စက်တင်ဘာ ၁၁ အားကစားသတင်းများ

    စက်တင်ဘာ ၁၁
    M-Media

    မန်စီးတီးမှာ မန်ချက်နှင့် ချယ်ဆီးထက်တောင့်တင်းပြီး ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးဟု အဂူရိုပြော

    Aguero2

    မန်ချက်စတာစီးတီးအသင်း၏ တိုက်စစ်မှူး ဆာဂျီယို အဂူရိုက မန်စီးတီးအသင်းမှာ ပြိုင်ဘက်များဖြစ်ကြသည့် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ချယ်ဆီးအသင်းတို့ထက် ပိုမိုတောင့်တင်းသည့် လူအင်အားရှိသည်ဟု ယုံကြည်နေပြီး ပရီးမီးယားလိဂ် ဖလားအားရယူရန် ရေးပန်း အစားဆုံး အသင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “နည်းပြပြောင်းလိုက်ပေမယ့် မန်ယူကတော့ကျနော့်တို့အတွက်အကြီးဆုံးပြိုင်ဘက်ပါ။ ပြီးတော့ မော်ရင်ဟိုကလည်း ချယ်ဆီးကိုပြန်ရောက်နေပါပြီး။ တော့တင်ဟမ်နဲ့ လီဗာပူးလ်ကလည်း တောင့်တင်းတဲ့အသင်းတွေဖြစ်နေကြပါပြီ။ မန်စီးတီးဟာ နှစ် အတော်ကြာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့တာပါ။ ပြီးတော့ မြန်မြန် ဆန်ဆန်လည်း တိုးတက်နေပါတယ်။ ကျနော်တို့ဗိုလ်စွဲရမယ်ဆိုတာ ကျနော်တို့သိသလို မန်စီးတီးဟာ အသင်းကြီးတွေထဲက တစ်သင်း ဖြစ်ချင်တယ်ဆိုတာ အသစ်ရောက်လာတဲ့သူတွေကလည်း သိကြပါတယ်။” ဟု  Gazzetta Dello Sport သို့ ပြောကြားခဲ့သည်။
    Ref: Goal.com

    ကမ္ဘာ့ဖလားမှာ ပြိုင်မယ့် ဘရာဇီးအသင်းတွက်  ဂိုးသမား ဂျူလီယိုဆီဇာအား ထည့်သွင်းမည်ဟု စကိုလာရီပြော

    Julio Cesar

    အင်္ဂလန် ပထမတန်းကလပ် ကျူပီအာအသင်းနှင့် ပွဲထွက်ခွင့်မရသော်လည်း လာမည့် ကမ္ဘာ့ဖလားတွင် ယှဉ်ပြိုင်မည့် ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက် ဂိုးသမား ဂျိုလီယိုဆီဇာအား ထည့်သွင်းရွေးချယ်သွားမည်ဟု ဘရာဇီးလ်အသင်း၏ နည်းပြ စကိုလာရီက ပြောကြားခဲ့သည်။

    ဆီဇာမှာ စီးရီးအေကလပ် အင်တာမီလန်အသင်းမှ ကျူပီအာသို့ ယခုနှစ်နွေရာသီကမှပြောင်းရွှေ့လာသူဖြစ်ပြီး နေရာရရှိရေးအတွက် ရုန်းကန်နေရသူဖြစ်သည်။

    သို့သော်လည်း ပေါ်တူဂီအသင်းနှင့် ခြေစမ်းပွဲမတိုင်ခင် စကိုလာရီက “ခင်ဗျားတို့ကို သီးသန့်မှတ်ချက်တစ်ခုပေးပါမယ်။ သူ(ဆီဇာ)ဟာ ကလပ်အသင်းအတွက် မကစားရသေးပေမယ့် အဲဒီ(ကမ္ဘာ့ဖလားပွဲ)မှာ ပါဝင်မှာ။ ဂိုးသမားနေရာသုံးနေရာရှိတဲ့အနက် တစ်နေရာကတော့ သူ့အတွက်ပါ။” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
    Ref: Goal.com

    ————————————–

    ဗားလ်ဒက်စ်မှာ ဘာကာအတွက် အကောင်းဆုံးဟု တိုက်စစ်မှူး ပက်ဒရိုပြောကြား

    Valdes

    ဘာစီလိုနာအသင်း၏ ရှေ့တန်းတိုက်စစ်မှူးဖြစ်သူ ပက်ဒရိုက ဂိုးသမား ဗစ်တာ ဗားလ်ဒက်စ်မှာ ဘာကာအတွက် အကောင်းဆုံးဂိုးသမားဖြစ်သည် ဟုပြောဆိုခဲ့ပြီး လာမည့်နှစ်တွက် ဗားလ်ဒက်စ်အသင်း၌ ဆက်ရှိနေစေရန်အတွက် အသင်းရှိ ကစားသမားများမှ တိုက်တွန်းမည်လား ဆိုသည်ကို မပြောဆိုခဲ့ပေ။

    အသက် ၃၁ နှစ်အရွယ်ရှိ ဗားလ်ဒက်စ်မှာ ၂၀၁၄ ခုနှစ်တွင်ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဆက်လက် သက်တမ်းတိုးရန် ဆန္ဒမရှိဟု ပြောဆိုခဲ့ဖူးသည်။

    “ဗားလ်ဒက်စ် အသင်းမှာဆက်ရှိနေဖို့ ကျနော်တို့ ဖျောင်းဖြမလားဆိုတာကို ခင်ဗျားမေးကိုမေးရပါလိမ့်မယ်။ မှန်ပါတယ် ကျနော်တို့အသင်းသား အားလုံး သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ သူဟာ ဘာကာအတွက် အကောင်းဆုံးဂိုးသမားပါ။ ပြီးတော့ သူဟာ အသင်းမှာ အကြာကြီး ကစားခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်” ဟု Mundo Deportivo သတင်းစာသို့ပြောကြားခဲ့သည်။

    …………………………………….
    ပြင်သစ် လိဂ်ဝမ်း ရွှေဖိနပ်ဆုအား ကာဗာနီပစ်မှတ်ထား

    Cavani

    ၎င်း၏ပွဲဦးထွက်ရာသီတွင် အီဗရာဟီမိုဗစ်နှင့် ဖယ်လ်ကာအိုတို့အားကျော်ဖြတ်ကာ လိဂ်ဝမ်းရွှေဖိနပ်ဆုအား ရယူချင်သည်ဟု ပဲရစ်စိန့် ဂျာမိန်း အသင်း၏ ဥရုဂွေး တိုက်စစ်မှူးဖြစ်သူ အီဒင်ဆန် ကာဗာနီက ဖွင့်ဟခဲ့သည်။

    ကာဗာနီမှာ စီးရီးအေကလပ်နာပိုလီအသင်းမှ ပီအက်စ်ဂျီသို့ ယူရို သန်း၆၃ဖြင့် ယခုနှစ်နွေရာသီတွင် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီနှင့် လေးပွဲကစားထားကာ ၂ ဂိုးသွင်းယူပေးထားသည်။

    ———————————-

    ဒဏ်ရာပြဿနာမှ ကောင်းမွန်ရန် အန်ဒါဆန် ကြိုးစားမည်

    Anderson

    မန်ယူအသင်းတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရသည့် ကွင်းလယ်လူ အန်ဒါဆန်က သူ၏ကြံ့ခိုင်မှုအဆင့်ကို တိုးတက်ကောင်းမွန်အောင်ကြိုးစားပြီး နည်းပြသစ် ဒေးဗစ်မိုယက်စ်၏ ယုံကြည်မှုကို ပြန်လည်ရယူရန် စိတ်အားထက်သန်နေသည်ဟု သိရသည်။

    ၂၀၀၇ ခုနှစ် မန်ယူသို့ စရောက်စဉ်ကတည်းက ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေခဲ့ရပြီး အသင်း၏ ပထမ ကစားသမားဖြစ်ခွင့်မရခဲ့သည့် အန်ဒါဆန်မှာ ဆွမ်ဆီးအသင်းအားအနိုင်ရခဲ့သည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင်ပါဝင်ခဲ့ပြီး ၂၀၁၃-၁၄ ဘောလုံးရာသီတွင် အသင်း၌ ပါဝင်ကစားခွင့်ရရန် စိတ်အားထက်သန်နေသည်။ “ကျနော်တ ကစားနိုင်သလောက် ပွဲများများကစားချင်ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ကင်းရှင်းမယ်လို့လဲ ကျနော်မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ————————————–

    အာတူရို ဗီဒယ်လ် ဂျူဗီနှင့် သက်တမ်းတိုးမည်
    Vidal
    ဂျူဗင်တပ်စ်အသင်း၏ ကွင်းလယ်လူ အာတီရို ဗီဒယ်လ်အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မည်ဟု ဂျူဗီအသင်း၏ဒါရိုက်တာ ဘက်ပ်ပီ မာရော့တာက ပြောဆိုလိုက်သည်။

    ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က ခေါ်ယူရန်စိတ်ဝင်စားနေသည့် ဗီဒယ်လ်မှာ ၂၀၀၁ ခုနှစ်က လေဗာကူဆင်အသင်းမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

    “ဗီဒယ်လ် ဒီ(ဂျူဗီ)ကိုစရောက်စဉ်က သံသယတချို့နဲ့ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး အခု အကျိုးခံစားရပါတော့မယ်။ သူ့ကိုစိတ်ဝင်စားနေတဲ့ ဥရောပကလပ်အသင်းကြီးတွေရှိပါတယ်။

    ဒါပေမယ့် များမကြာမီမှာ သူဟာ အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုတော့မှာပါ” ဟု မာရောတာ့ Tuttosport သတင်းစာသို့ဖြေကြားခဲ့သည်။

    ——————————————————

    အသင်းမှထွက်ခွာပါက သူ၏ ရွေးချယ်မှုမှာ မီလန်အသင်း တစ်ခုတည်းမဟုတ်ဟု ဟွန်ဒါဆို

    Honda

    ရုရှားကလပ် စီအက်စ်ကေအေမော်စကိုအသင်းတွင်ကစားနေသည့် ဂျပန်တိုက်စစ်မှူးဟွန်ဒါက ယခုနှစ်ဆောင်းရာသီအပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာတော့မည်ဟု အတည်ပြုလိုက်ပြီး၊ အကယ်၍ ထွက်ခွာခဲ့ပါက သူ၏ ရွေးချယ်မှုမှာ မီလန်အသင်းတစ်သင်းတည်သာမဟုတ်ဟု ပြောဆိုလိုက်သည်။

    စီးရီးအေကလပ် အေစီမီလန်အသင်းမှာ ဟွန်ဒါအားခေါ်ယူရန် အချိန်အတော်ကြာစိတ်ဝင်စားဝင်စားနေခဲ့ပြီး လာမည့်ဆောင်းရာသီတွင် ခေါ်ယူရန် ထပ်မံကြိုးစားဖွယ်ရှိနေသည်။

    “ကျနော်မှာကိုပိုင်းရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကျနော်တတ်နိုင်သလောက် နှိုင်းယှဉ်စဉ်းစားသွားမှာပါ” ဟု ဟွန်ဒါက ပြောကြားခဲ့သည်။