News @ M-Media

Category: ဆောင်းပါးရှင် အာဘော်

  • ဂူလန် လှုပ်ရှားမှု၊ အာဒိုဂန်နဲ့ တူရကီ ဒီမိုကရေစီ တခန်းရပ် ဇာတ်သိမ်းခန်း

    ဂူလန် လှုပ်ရှားမှု၊ အာဒိုဂန်နဲ့ တူရကီ ဒီမိုကရေစီ တခန်းရပ် ဇာတ်သိမ်းခန်း

    ဇူလိုင် ၂၁ ၊ ၂၀၁၆
    ဆောင်းပါးရှင်-မြင်သစ်
    .Trukey
    လတ်တလော သတင်းတွေ မြင်ထား ကြားထားတဲ့ စာဖတ်သူတွေအတွက် ဒီခေါင်းစဉ်က ဝေဝါးသွားစေမည်မှာ အသေအချာပင်။
    .
    လောလောဆယ် ကမ္ဘာကြီးက သိထားတဲ့ အာဒိုဂန်က စစ်တပ်အာဏာသိမ်းမှုကို မမှု မရွံ့ ပြည်သူ့အင်အားနဲ့ တန်ပြန်အောင်နိုင်ခဲ့သူ ဒီမို သူရဲကောင်းကြီး။
    .
ြဿနာတွေရဲ့ အစက တူရကီ ဒီမိုကရေစီ ဇာတ်သိမ်းခန်း နိဒါန်းလို့ပြောရမယ့် ၂၀၁၃က ဖြစ်ခဲ့တဲ့ အာဒိုဂန်နဲ့ ဝန်ကြီးအဖွဲ့ ခြေရှုပ်ခဲ့တဲ့ ချစားမှုကြီးပါ။
    .
    ဒီမိုကရေစီ စစ်စစ်ကို ကျင့်သုံးတဲ့ ယခင်တူရကီမှာ တရားရေးက အုပ်ချုပ်ရေးလက်အောက်မဟုတ်ဘဲ သီးသန့် ရပ်တည်နိုင်ခဲ့ပါတယ်။
    .
    အဲ့တော့ အဲ့ဒီ လာဘ်စားမှုကို တရားရေးဘက်က လိုက်လံဖော်ထုတ်အရေးယူရင်း မြို့ တော်ဝန်တစ်ယောက်၊နိုင်ငံတော် ဘဏ်ရဲ့ ဒါရိုက်တာ၊ စီးပွားရေးသမားတွေနဲ့ ဝန်ကြီးအချို့ရဲ့ မိသားစုဝင်တွေပါ ဖမ်းဆီးခံခဲ့ရပါတယ်။
    .
    ထိုချိန်က ဝန်ကြီးချုပ် အာဒိုဂန်နဲ့ မိသားစုဝင်တွေပါ ပါဝင်ပတ်သက်နေတဲ့ အသံတွေ ထွက်လာခဲ့ပြီး အမှုကို ဖိအားပေး ရပ်ဆိုင်းခြင်းခံလိုက်ရပါတယ်။
    .
    အာဒိုဂန်နဲ့ အစိုးရဖွဲ့က အာဏာသုံးပြီး အမှုဖော်ထုတ်ရေးမှာ ပါဝင်ခဲ့တဲ့ တရားရေးနဲ့ ပြည်ထဲရေး အရာရှိတွေကို ထုတ်ပယ် ဖမ်းဆီးတာတွေ တန်ပြန်လုပ်ခဲ့ပါတယ်။
    .
    ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး အာဏာသုံးပြီး တရားရေးကို အုပ်ချုပ်ရေးအောက်ပြန်ထည့်ခဲ့ပါတယ်။
    .
    အာဒိုဂန်က သူ့ဝန်ကြီး သုံးဦးကိုတော့ ထုတ်ပလိုက်တယ်။
    .
    အဲ့ဒီနောက် အာဒိုဂန်က ဖသုလ်လာဟ်ဂူလန်ကို စွပ်စွဲ တိုက်ခိုက်တော့တာပါပဲ၊ ရန်ငြိုးထားတော့ပါပဲ။
    .
    အဲ့ဒီမှာ ဖသုလ်လာဟ်ဂူလန် ဘယ်သူလဲပေါ့။ သူက တူရကီလူမျိုး ကမ္ဘာကျော် တွေးခေါ်ပညာရှင် စာရေးဆရာ ပညာရေး ငြိမ်းချမ်းရေးနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူ အစ္စလာမ့် ပညာရှင်။
    .
    တူရကီမှာရော နိုင်ငံတကာမှာပါ သူ့ကို လေးစားချစ်ခင်သူ သန်းချီရှိပြီး ကမ္ဘာက အလယ်အလတ်ကျ အစွန်းမရောက်တဲ့ အစ်စလာမ့် ပြယုဂ် အဖြစ် လက်ခံထားခံရသူ။
    .
    ကာ့ဒ်လူမျိုး တွေးခေါ်နဲ့ အစ္စလာမ့် ပညာရှင် စအီးဒ်နူစရီရဲ့ နူရ်လှုပ်ရှားမှု ခေါ် ဘာသာရေးနဲ့ ဥာဏ်သစ်လောင်း လှုပ်ရှားမှုကို ဆက်ခံခဲ့သူ။
    .
    စအီးဒ်နူစရီက ကမ္ဘာကြီးမှာ လူသားတွေ အတိဒုက္ခရောက်နေရတာဟာ အဓိကက ပညာမဲ့လို့၊ ဆင်းရဲလို့နဲ့ မညီညွတ်လို့ဆိုပြီး ဖွင့်ဆိုပြခဲ့တယ်။
    .
    အဲ့ဒီအတွက် အဖြေအဖြစ် ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့၊ လူမှုဖွံ့ ဖြိုးရေးတွေ လုပ်ဖို့နဲ့ မတူကွဲပြားတဲ့ လူ့အသိုင်းအဝန်းတွေကြား ဆက်ဆံရေးတည်ဆောက်ဖို့ ချပြခဲ့တယ်။
    .
    ခေတ်ပြိုင်ဖြစ်ပေမယ့် ပညာရှင် စအီးဒ်ကို မဆုံဘူးလိုက်တဲ့ ဂူလန်လေးဟာ သူ့ ရဲ့ နာမည်ကျော် ရိစာအိလ်နူးရ် အလင်းရဲ့သတင်းစကားဆိုတဲ့ ကျမ်းတွဲကို လေ့လာမိပြီး သူ့ရဲ့အတွေးအခေါ်တွေကို လက်တွေ့ အကောင်အထည်ဖော်သူ ဖြစ်လာခဲ့တယ်။
    .
    ဘာသာရေးပညာရှင်နဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လာသူ ဂူလန်ဟာ နိုင်ငံအနှံ့ သွားရောက်ပြီး လူငယ်တွေကို ဘာသာရေး၊ပညာရေး၊ အကျင့်စာရိတ်တနဲ့ ပရဟိတပိုင်းတွေ ဟောပြောစည်းရုံးပြီး လူသားကောင်းကျိုးပြုဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်။
    .
    ဘာသာရေးနဲ့ ခေတ်ပညာရေးကို ချိတ်ဆက်အကောင်ထည်ဖော်ခဲ့တယ်။ ဘာသာရေးရော ပညာရည်ပါပြည့်လာတဲ့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ ဦးဆောင်မှုပိုင်းမှာ ပါဝင်ခွင့်ရလာခဲ့တယ်။
    .
    အာဒိုဂန်နဲ့ သူ့  ယခင်ဝန်ကြီးအချို့ကိုယ်တိုင် အဲ့ဒီ ပထမမျိုးဆက်တွေပါ။
    .
    နောက်ပြီး ဂူလန်ဟာ လူငယ်တွေကို ကမ္ဘာကြီးကို အလှဆင်ဖို့ နေရာအနှံ့  ခြေဆန့်ပေးဆပ်ကြဖို့ ဟောပြောခဲ့တယ်။
    .
    ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေးကို လုပ်ဆောင်ကြဖို့ ဆော်သြခဲ့ပြီး မိမိကိုယ်တိုင်လည်း ဂျူးနဲ့ ခရစ်ယာန် ရဟန်းမင်းကြီးတွေနဲ့တွေ့ဆုံခဲ့တယ်။
    .
    သူက အကြမ်းမဖက်လမ်းစဉ်ကို စွဲကိုင်ထားပြီး ဒီမိုကရေစီကို အားပေးပြီး တရားနည်းလမ်းကြ စီးပွားရှာဖို့ မီဒီယာကို ဖွံ့ဖြိုးအောင်လုပ်ဖို့လည်း တိုက်တွန်းခဲ့တယ်။
    .
    ဂူလန်ဟာ သူ့ဘဝတစ်ခုလုံးကို လူမှုတိုးတက် ပြုပြင်ပြောင်းလဲရေးအတွက် စာရေးသားခြင်း ဟောပြောခြင်းနဲ့ ကုန်ဆုံးစေခဲ့တယ်။
    .
    အဲ့ဒီအကျိုးဆက်အနေနဲ့ တူရကီလူငယ်တွေကနိုင်ငံတွင်းရော နိုင်ငံတကာမှာပါ ကျောင်းတွေ ဖွံ့၊လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆောင်ရွက်၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းအဖွဲ့တွေ တည်ထောင်၊ မီဒီယာနဲ့ ဘဏ်လုပ်ငန်းတွေ လုပ်လာကြတယ်။
    .
    အဲ့ဒီ အလုံးစုံဖွံ့ဖြိုးရေးလှုပ်ရှားမှုကို တူရကီလို Hizmet ပေးဆပ်ခြင်း အကျိုးဆောင်ခြင်းဆိုပြီး ခေါ်ကြတယ်၊ အချို့ကလည်း အစပျိုး နှိုးဆော်ခဲ့တဲ့ ဂူလန်ကို အစွဲပြုပြီး ဂူလန်လှုပ်ရှားမှုဆိုပြီးခေါ်ကြတယ်။
    .
    ဂူလန်ဟာ သူ့ရဲ့ ဟောပြောရေးသားမှုတွေကနေတဆင့် လူငယ်တွေကို တွေးတတ်မြင်တတ် ပေးဆပ်ရဲ ဖောက်ထွက်ရဲစေခဲ့တာဖြစ်ပြီး အဲ့ဒီ့လူငယ်တွေရဲ့ လုပ်ငန်းတွေမှာ အုပ်ချုပ်ရေး ငွေရေးကြေးရေးအရ လုံးဝပတ်သက်ခြင်းမရှိခဲ့ပါ။
    .
    ဂူလန် စေ့ဆော်တဲ့ လှုပ်ရှားမှုကြီးရဲ့ လက်ထွက် ပထမမျိုးဆက်တွေ ဖြစ်တဲ့ အာဒိုဂန်နဲ့ အစိုးရအဖွဲ့ဟာ အစောပိုင်းမှာ ဂူလန်နဲ့ မဟာမိတ်ရင်းတွေ ဖြစ်ခဲ့ပါတယ်။
    .
    ဒါပေမယ့် ဆရာတပည့်ကြားမှာ အက်ကြောင်းတွေ ဖြစ်လာခဲ့ပါတယ်။ တူရကီမှ ဂါဇာသို့ လူသားချင်းစာနာမှု ထောက်ပံ့ သင်္ဘောလွှတ်ရာမှာ အစ္စရေးက သံသယနဲ့ တိုက်ခိုက်ခဲ့တဲ့လကိစ္စမှာ ဂူလန်က တူရကီအနေနဲ့ အစ္စရေးကို တရားဝင် အကြောင်းကြားသင့်ကြောင်း တိုက်ခိုက်ခံရမှုကို ရှောင်ကာ ထောက်ပံ့မှု အောင်မြင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး အာဒိုဂန်ကတော့ မွတ်စလင်မ် ကမ္ဘာနဲ့အတူ ပေါက်ကွဲပြခဲ့ပါတယ်။
    .
    နောက် ကာ့ဒ်ဒေသအရေးပါ။ ဂူလန်က ကာ့ဒ်ခွဲထွက်မှုကို ရပ်တန့် လိုလျှင် ကာ့ဒ်ဒေသကို ငြိမ်ချမ်းစေလိုလျှင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့လိုကြောင်း ခံယူပြီး ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ မြှုပ်နှံဖို့ စပျိုးခဲ့တယ်။ တူရကီလူမျိုးကြီးဝါဒီ နိုင်ငံရေးနဲ့ စစ်တပ်အင်အားစုအတွက် ကာ့ဒ်အရေးဟာ နိုင်ငံရေးလက်နက်ကောင်းဖြစ်တာမို့လို့ Hizmet ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လက်ဝင်ခွင့်မရခဲ့ပါဘူး။
    .
    နောက်အက်ကွဲကြောင်းတစ်ခုကတော့ ဆီးရီးယားအရေးပါ။ အာဒိုဂန်က စစ်ရေးအရ ဝင်ပါလိုချိန်မှာ ဂူလန်က အကြမ်းမဖက် လူမှုပြောင်းလဲရေးကိုသာ ယုံကြည်ထားသူဖြစ်ပြီး စစ်ရေးစွက်ဖက်မှုကို လုံးဝဆန့်ကျင်ခဲ့ပါတယ်။
    .
    လုံးဝကို အက်ကွဲသွားစေတဲ့ အရာကတော့ လာဘ်စားချစား အပုပ်နံထွက်မှုမှာပါ။ အာဒိုဂန်က ဒီလုပ်ရပ်ဟာ ဂူလန်က သူ့အစိုးရကို ဖြုတ်ချဖို့လုပ်တာ၊ ဂူလန်က စင်ပြိုင်အစိုးရထောင်တာဆိုပြီး စွပ်စွဲတိုက်ခိုက်တော့တာပါပဲ။
    .
    အဲ့ဒီအချိန်မှာ ဂူလန်ဟာ သူ့  ကျန်းမာရေးအတွက်ဆိုပြီး အမေရိကန်မှာ သွားနေနေပါပြီ။ ကျန်းမာရေး အကြောင်းအပြင် secularist ဘာသာရေးမဖက်နိုင်ငံရေး ထောက်ခံသူတွေနဲ့ ဘာသာမဲ့ စစ်တပ်နဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ခြိမ်းခြောက်မှုကနေ ရှောင်တာလည်း ပါမှာပါ။
    .
    ဂူလန်ဟာ အသက် ၇၇နှစ်ရှိပြီး နာတာရှည် သွေးချိုနဲ့ နှလုံးရောဂါကို ခံစားနေရပါတယ်။
    .
    တခြားနိုင်ငံတွေနဲ့ မတူတာက တူရကီ စစ်တပ်က သမိုင်းကြောင်းအရ secularist နဲ့ atheist အင်အားစုပါ။
    .
    စောစောက အာဒိုဂန် စွပ်စွဲမှု ဘယ်လောက်မှန် သုံးသပ်ကြည့်ရင် တရားရေးက ခြေဥအရ သူ့အလုပ်သူလုပ်တာပါ။ အာဒိုဂန် ကိုယ်တိုင် ဂူလန်လှုပ်ရှားမှု မျိုးဆက်ဖြစ်ခဲ့သလို တရားရေူဘက်မှာ အဲ့ဒီ လှုပ်ရှားမှုကြောင့် ဥာဏ်ပွင့်ပညာရှာခဲ့တဲ့ ဘာသာရေးလေးစားသူ အရာရှိတွေ ရှိမှာပါ။ တရားရေးနဲ့ မိုင်ရာချီမှာ တပသီနေနေတဲ့ ဂူလန်ကို ဆွဲချိတ်တာကတော့ သူ့လုပ်ရပ်တွေကို ကြည့်ပြီး လာဘ်စားမှုမှာ ပါဝင်ခဲ့တယ်လို့ ယူဆလို့ရတဲ့ အာဒိုဂန်ရဲ့ နိုင်ငံရေး ရမယ်ရှာမှု နိုင်ငံရေး လှည့်စားမှုပါပဲ။
    .
    ဂူလန်ကို ပြန်ကြည့်ရင်လည်း Hizmet လှုပ်ရှားမှုနဲ့ နာမ်ပိုင်းရေးရာနဲ့ တွေးခေါ်ပိုင်းပဲ လွှမ်းမိုးပတ်သက်တယ်။ သူ့ရပ်တည်ချက်အတိုင်း ဒီမိုကရေစီကို ထောက်ခံတယ်။ အကျင့်ပျက် ခြစားတဲ့ အစိုးရကို လက်မခံဘူး။ ဒီမိုကရေစီနည်းမကျတာကို ဆန့်ကျင်တယ်။
    .
    လွှတ်တော်မှာ ထိုင်ခုံများတဲ့ အာဒိုဂန်ကတော့ ဒီမိုစံနှုန်းတွေကို အေကေပီ ပါတီအားနဲ့ပြောင်းတာနဲ့ တင်မရပ်ဘဲ ဂူလန်ကို အကြမ်းဖက်သမားလို့ စွပ်စွဲ လူသားကျိုးပြု Hizmet ကို အကြမ်းဖက်ဖွဲ့လို့ စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။
    .
    ဂူလန်ရဲ့ ဂရင်းကတ် (ပါစ်ပို့တ်အစိမ်း)ကို ရုတ်သိမ်းပြီး သူ့ကို တူရကီကို ပြန်လွှဲဖို့ အမေရိကန်ကို တိုက်တွန်းခဲ့တယ်။
    .
    အမေရိကန်အစိုးရနဲ့ လူ့ခွင့်ရေးဖွဲ့စည်းတွေက အဲ့ဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီး အာဒိုဂန်ကို ဝေဖန်ခဲ့ပါတယ်။
    .
    နောက်ဆက်တွဲအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ သူ့ အာဏာရပါတီဟာ သမိုင်းတလျှောက် အမတ်ဦးရေ နည်းဆုံးဖြစ်ခဲ့ရတယ်။
    .
    ကံကောင်းသွားတာက တူရကီမှာ သမိုင်းဝင် ပထမဆုံး လူထုက တိုက်ရိုက်ရွေးချယ်တဲ့ သမ္မတ ရွေးပွဲပါ။ ယခင်စနစ်ကနေ လူထုမဲပေးစနစ်ကိုဖြစ်လာအောင် ပြောင်းလဲရေးမှာ ဒီမိုကရေစီစနစ်ထောက်ခံသူ ဂူလန်လည်း အားတက်သရောပါခဲ့တတယ်။ အဲ့ဒီပွဲမှာ အာဒိုဂန် နိုင်ခဲ့ပါတယ်။
    .
    ကမ္ဘာသိ ချစားတဲ့ အာဒိုဂန် ဘာလို့နိုင်လဲပေါ့။ ပြိုင်ဘက်ပါတီတွေ မဲကွဲခဲ့တယ်၊ ပြိုင်ဘက်ပါတီကြီးက လူရွေးမှားခဲ့တယ်။ နိုင်ငံတကာမှာ နာမည်ကြီး ပေမယ့် ပြည်တွင်းမှာ ဘယ်သူမှ မသိတဲ့ အိုအိုင်စီ အတွင်းရေးမှူးချုပ်ဟောင်းကို ရွေးခဲ့တယ်။
    .
    အာဒိုဂန်က ဆယ်စုနှစ်အတွင်းမှာ နိုင်ငံကို တိုးတက်အောင်လုပ်ပြနိုင်ခဲ့တယ်။ တူရကီလူမျိးကြီး ဝါဒကျင့်သုံးတယ်။ နိုင်ငံတကာမှာ မွတ်စလင်မ် ဖိနှိပ်ခံတွေနဲ့ လူနည်းစုအရေးမှာသူရဲကောင်းဖြစ်နေတယ်။ တူရကီမှာ ဘာသာရေးကျင့်သုံးမှု ဖိနှိပ်ခံရချိန်မှာ သူနဲ့ မိသားစုက ဖိနှိပ်ခံပြီး ကျင့်သုံးခဲ့တယ်။ အဲ့တော့ ဘာသာရေးဟာ သူ့  အတွက် နိုင်ငံရေးလက်နက် အလိုလိုဖြစ်လာတယ်။ နောက်တစ်ချက်က နိုင်ငံရေး ကြွယ်တယ် ရဲတင်းပြတ်သားတယ် ရက်စက်တယ်။ အဲ့ဒီ အချက်တွေက်ကြောင့် တူရကီ နိုင်ငံသား ထက်ဝက်ကျော်နဲ့ နိုင်ငံတကာမှာပါ သည်းချေကြိုက်ဖြစ်နေဆဲပါ။
    .
    သမိုင်းဝင်သမ္မတဖြစ်ပြီး လူရင်း ယခင်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးပညာရှင် ဂလူကို ဝန်ကြီးချုပ်လွှဲပြီး စိတ်ကြိုက် အာဏာတည်ဆောက်ပြီး နိုင်ငံရေးပြိုင်ဘက်တွေကို ကောင်းကောင်း နှိပ်ကွက်တော့တာပါ။
    .
    သူ့လာဘ်စားမှုပုပ်နံ့ထွက်စေတယ် ဆိုတဲ့ အငြိုးနဲ့ ဂူလန်ကိုရော Hizmetရော ဂူလန်ကို ချစ်တဲ့သူတွေကိုပါ နည်းမျိုးစုံနဲ့နှိပ်ကွပ်တာပါ။
    .
    သူအဓိက ဖိနှိပ်တာက ဒီမိုကရေစီရဲ့ စံတွေဖြစ်တဲ့ Freedom of media နဲ့ Freedom of speech မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုပါ။ အဲ့ဒီမှာ လူရင်းနဲ့ သဘောမတိုက်ဆိုင်ဖြစ်ပြီး ဝန်ကြီးချုပ်ဂလူ နှုတ်ထွက်ပြီး လက်စောင်းထက်တဲ့ သူ့ဆရာအကြောင်း သိသူပီပီ နိုင်ငံရေးလောကမလာပါဘူးဆိုသွားလေရဲ့။
    .
    အဲ့ဒီအတွက် နိုင်ငံတကာရဲ့ ဝေဖန်ခံနေရစဉ်အတွင်းပဲ ဗြုန်းဆို တူရကီစစ်တပ်တစ်စုရဲ့ အာဏာသိမ်းကြိုးပမ်းမှု ပေါ်တာပါပဲ။
    .
    ဖြစ်နေစဉ် နာရီပိုင်းအကြာမှာကို အာဒိုဂန်ရဲ့ တရားရေးဝန်က ဂူလန်ကြိုးကိုင်တာဆိုပြီး ယိုးစွပ်ခဲ့ပြီး ချက်ချင်း ဝန်ကြီးချုပ်နဲ့ အာဒိုဂန်က သံယောင်လိုက်ခဲ့တယ်။
    .
    ဂူလန်နဲ့ သူ့နောက်လိုက်တွေက ဒီစွပ်စွဲမှုကို ချက်ချင်း ငြင်းဆိုပြီး နိုင်ငံရေး ချောက်ချ ခြင်းဖြစ်ကြောင်း Hizmet ကို အကြောင်းရှာ ဖြိုခွဲလိုလို့ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်ကိုသာ ထောက်ခံကြောင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ အာဒိုဂန် ကိုယ်တိုင်က လုပ်ဇာတ်လုပ်တာဖြစ်လိုကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။
    .
    ခေတ်သမိုင်းမှာ တခြားအာဏာသိမ်းပွဲများနဲ့ ချိန်ထိုးလျှင်နည်းစနစ်ရော စီမံမှုပါ ညံ့ဖျင်းတဲ့ အာဏာသိမ်းကြိုးပမ်းမှုကို အာဒိုဂန်အစိုးရ ၄၈နာရီ မပြည့်ခင် အနိုင်ယူခဲ့ပြီး ဂူလန်ကို လုံးဝ ပုဒ်မတပ်ခဲ့တယ်။
    .
    အာဏာသိမ်းမှု အစမှာ အမေရိကန် အီးယူနှင့် တစ်ကမ္ဘာလုံး ဒီမိုကရေစီအတွက် အာဒိုဂန်နဲ့ ရပ်တည်ပေးခဲ့ကြတယ်။
    .
    နောက်ပိုင်းမှာတော့ အာဏာသိမ်းဖြစ်စဉ်နဲ့ အာဒိုဂန်ရဲ့ တုန့်ပြန်မှု အပေါ်မူတည်ပြီး ဂူလန်နည်းတူ တခြားသုတေသီနဲ့ ဝေဖန်ရေးဆရာများ နိုင်ငံတကာမီဒီယာများလည်း လုပ်ဇာတ်ဖြစ်နိုင်ကြောင်း စွပ်စွဲဝေဖန်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။
    .
    အာဒိုဂန်ကတော့ သူ့ရပ်တည်ချက်အတိုင်း ဂူလန်ကို ပုဒ်မတပ် အာဏာသိမ်းနှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ ဗိုလ်ချုပ် ၅ ယောက်နဲ့စစ်သားများမှစလို့ အစိုးရအဖွဲ့က ဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေ၊ကျောင်းဆရာတွေသောင်းချီ ၊ကျောင်းအုပ်တွေထောင်ချီကို ဖြုတ် ဖမ်းဆီး လိုင်စင်သိမ်းတွေလုပ်နေပါပြီ။ဂူလန်ရဲ့ နှိုးကြားမှုနဲ့ လူငယ်တွေ တည်ထောင်ထားတဲ့ လူမှုရေးလုပ်ငန်းတွေ၊ နိုင်ငံတွင်းကျောင်းတွေသာမက တူရကီသြဇာလွှမ်းတဲ့ ပြည်ပနိုင်ငံအချို့က ကျောင်းတွေကိုပါ အတင်းပိတ်တာတွေ လုပ်နေပါပြီ။
    .
    ပြည့်သူတောင်းဆိုချက်ဆိုပြီး သေဒဏ်ကို ပြန်အသက်သွင်းဖို့ လုပ်နေပါပြီ။
    .
    အစောပိုင်းက ရပ်တည်ပေးခဲ့တဲ့ နိုင်ငံတကာအသိုက်အ၀န်းက အာဒိုဂန်အစိုးရကို အာဏာသိမ်းနဲ့ မဆိုင်သူတွေကို မဖမ်းဖို့၊ ဖမ်းဆီးထားသူတွေကိုလည်း ခြေဥနဲ့ အညီသာ အရေးယူဖို့၊ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့ စောင့်ကြည့်သတိပေးနေရပါပြီ။
    .
    ဂူလန်ကို သူ့အစိုးရဆီ လွဲပြောင်းရုံးတင်ဖို့ကိုလည်း အာဒိုဂန်က အမေရိကန်ကို အတင်းအရေးဆိုနေပြီး အမေရိကန်ကလည်း တိကျတဲ့ အထောက်အထားတွေလိုကြောင်း၊ လောလောဆယ် ဂူလန်မှာ ဥပဒေနဲ့ အညီနေသူဖြစ်ကြောင်း ပြန်ထားပြီး နှစ်နိုင်ငံကြား သံတမန်ဖုထစ်ဖြစ်လာနိုင်ပါတယ်။
    .
    လက်ရှိအာဏာသိမ်းမှု ဖြစ်စဉ်ဟာ သူ့အတွက် ဘုရားသခင်ရဲ့ ဆုလာဘ်လို့ ကိုယ်တိုင် ခံယူထားတဲ့ အာဒိုဂန်အတွက် အာဏာ တည်ဆောက်ရေး ဖြုတ်ထုတ်သတ်ပွဲဆိုတာတော့ ဘယ်နိုင်ငံရေး သုသေတီမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။
    .
    လူမျိုးကြီးဝါဒနဲ့ ဘာသာရေး လက်နက်တွေနဲ့အတူ နိုင်ငံရေး သဘာရင့် အာဒိုဂန်ရဲ့ ဒီမိုအာဏာရှင် ဇာတ်ဝင်ခန်းကတော့ မလွဲမုချ တူရကီ ဒီမိုကရေစီရဲ့ ဇာတ်သိမ်းခန်း အစပါပဲ။
    .
    အာဒိုဂန်က အာဏာဆက် တည်ဆောက်မယ်၊ ဖသုလ်လာဟ်ဂူလန်ကလည်း လူငယ်တွေနဲ့အတူ ကမ္ဘာကြီးကို ဆက်တည်ဆောက်နေဦးမယ် ထင်ပါတယ်။
    .
    အာဏာသိမ်းတရားခံစစ်က ဘယ်သူလဲ။ တူရကီ ဒီမိုအာဏာရှင်ကြီး အာဒိုဂန်ကို ဘယ်သူကများ ရပ်တန့်နိုင်မလဲ။ စအီးဒ်နူစရီက ဂူလန်လေးကို လက်ဆင့်ကမ်းခဲ့သလို ဂူလန်ကို ဘယ်သူကများ ဆက်ခံမလဲ။
    .
    ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက်လား၊ လူကြိုက်များတာနဲ့ ဒီမိုကရေစီလားဆိုတဲ့ အတွေးများနဲ့ ဒီနေ့နဲ့ မနက်ဖြန်ရဲ့ ဒီမိုကရေစီအတွက် စိုးရွံ့ခြင်းများနဲ့…။

    ——————————-
    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။

  • မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းပေါ်မှ ၀န်ထုပ်ဝန်ပိုးများ

    မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းပေါ်မှ ၀န်ထုပ်ဝန်ပိုးများ

    Friday Time
    ကျော်နေမင်း (မြို့ပြ) ရေးသည်။

    လေးစားအပ်ပါသော စာဖတ်ပရိသတ်ကြီးခင်ဗျား

    ယခုတင်ပြမည့်အကြောင်းအရာများဟာ သတင်းဆောင်းပါးတစ်ပုဒ်ထက် “လူထုအခြေပြုလူမှုမှတ်တမ်း” များဆိုရင် ပိုမှန်ပါလိမ့်မယ်(၂၀၀၀)ပြည့်နှစ်က အစပြုလို့ ယခု၂၀၁၆ခုနှစ်တိုင်အောင် မြန်မာနိုင်ငံတ၀ှမ်း မှာရှိတဲ့မြို့ရွာဒေသပေါင်း (၁၀၀)ကျော်ကို ခြေဆန့်ပြီးရလာခဲ့တဲ့ အခြေခံအချက်အလက်တွေအပေါ် မူတည် ပြီး ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။

    အမှန်တကယ်တော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအစ္စလာမ်ဘာသာဝင် အများစုကြီးဟာ၊ အခြားနိုင်ငံသားအများစုနည်းတူ ဆင်းရဲသားလူတန်းစားများသာဖြစ်ပါတယ်။ အချို့သောအဖွဲ့အစည်းများ၊ အဆိုးမြင်မီဒီယာ တချို့နှင့် ရန်လိုနေသော ပုဂ္ဂိုလ် တချို့စွပ်စွဲသလို “ဘာသာခြားတွေချမ်းသာနေကြတယ်”ဆိုတဲ့ မဟုတ်မှန်စွပ်စွဲချက်တွေကို ယခုဆောင်းပါးအားဖြင့် အမှန် ပကတိအခြေအနေကို သိမြင်လာကြစေရန်နှင့် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းအပေါ် တင်ရှိနေသော ၀န်ထုတ်ဝန်ပိုးများ ခံစားနေကြရသော ဒုက္ခ၊ သုခများနှင့် တွေ့ကြုံနေရသော လက်တွေ့အခြေအနေများကို အနာဂတ်တိုင်းပြည်ကိုခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသားများထံသို့ အသိပေးလိုသော ရည်ရွယ်ချက်များ ဖြစ်ပါတယ်။ သတင်းဆောင်းပါး အတွက် ပါဝင်ကူညီပေးခဲ့သော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအားလည်း အထူးကျေးဇူးတင်ရှိပါတယ်။

    လူတန်းစားအဆင့်အတန်း
    —————————
    နိုင်ငံသားအစ္စလာမ်များရဲ့ ၄ရာခိုင်နှုန်းက ကြွယ်ဝ ချမ်းသာကြပါတယ်။ ဒါပေမယ့်ဒီနေ့ မြန်မာပြည်မှာခေတ်စားနေတဲ့ ဘီလီယံနာခရိုနီ စာရင်းဝင်တစ်ဦးမှ မရှိပါဘူး။ ချမ်းသာတယ် ဆိုပေမဲ့လည်း တရုတ်နွယ်ဖွား သူဌေးတွေရဲ့ ချမ်းသာမှုမျိုးတောင် မရှိနိုင်ပါဘူး။ အချမ်းသာဆုံး သူဌေးဟာ ကိုးကန့်သူဌေး အလယ်အလတ်တန်းစားတစ်ဦးရဲ့ အဆင့်နဲ့ပဲညီမျှနိုင်ပါတယ်။ ပင်မငွေပင်ငွေရင်းနည်းပါးတာကြောင့် လူမှုအကူအညီပေးရေးFoundation မျိုးတွေထူထောင်ထားခြင်းမရှိပါဘူး။ သိပ်ချမ်းသာတဲ့ တစ်ဦးတစ်လေရှိကောင်း ရှိနိုင်သော်လည်း၊ လူမှုအကူအညီပေးတဲ့လုပ်ငန်းတွေကို စိတ်မ၀င်စားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အသင့်အတင့်နေထိုင်နိုင်သော အလယ်လတ်တန်းစား လူတန်းစား(၁၂)ရာခိုင်နှုန်းရှိပါတယ်။ ဒါပေမယ့်ဝမ်းနည်း စရာကောင်းတဲ့ အချက်က သူတို့တတွေ အထဲက ၁ ရာခိုင်နှုန်းလောက်ကသာ လူမှုအကူအညီပေးရေးလုပ်ငန်းတွေကို စိတ်ဝင်စားကြပါတယ်။ များသောအားဖြင့် ကြုံကြိုက်လာတဲ့ အခြေအနေပေါ်မှာ ၀င်ရောက် ကူညီပေးလေ့ရှိကြပြီး၊ တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်လေ့မရှိကြပါဘူး။

    နိုင်ငံသားအစ္စလာမ်တွေရဲ့ (၇၅)ရာခိုင်နှုန်းက လက်လုပ်လက်စား ဆင်းရဲသားအများစုကြီးပါ။ ရရာအလုပ်တွေ နေ့တဓူဝ ကိစ္စတွေကိုဖြေရှင်းနေကြရတာပါ။ လယ်သမား၊ အလုပ်သမား၊ ဈေးသည်များနဲ့လက်လီ အရောင်းအ၀ယ်လေးတွေကို လုပ်ကိုင်နေကြရပါတယ်။ ထူးခြားမှု တစ်ခုကတော့ လုပ်ခစားအလုပ်ဝင်ရောက်လုပ်သူနည်းပါးလာပြီး၊ တနိုင်တပိုင်လမ်းဘေး အရောင်းအ၀ယ်၊ ပွဲစားလုပ်ငန်းများနှင့် ၀န်ဆောင်မှု လုပ်ငန်းတွေမှာ အများစုကို တွေ့မြင်ရပါတယ်။ အလုပ်လက်မဲ့အဖြစ် မနေကြဘဲ ရရာအလုပ်ကိုလုပ်ကိုင်ကြတဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေကြတာဟာ ထူးခြားချက်တစ်ခုပါ။

    ဥပမာအားဖြင့် ရန်ကုန်မြို့ရဲ့ယခင်မဂိုလမ်း ယခုရွှေဘုံသာလမ်းနေရာမှာ ပစ္စည်းအဟောင်းအရောင်းအ၀ယ် လုပ်နေသူအများစုကိုကြည့်ရင် အစ္စလာမ်အများစုကိုတွေ့ရမှာဖြစ်ပြီး၊ နံနက်ပိုင်းမှာရပ်ကွက်တကာ၊ လမ်းတကာမှာအော်ဟစ်ပြီးပစ္စည်းအဟောင်းလိုက်ဝယ်ပြီး၊ ညနေခင်းမှာအဟောင်းတန်းကိုလာပြီး ၀ယ်ယူသူတွေကိုရောင်းချပေးလေ့ရှိပါတယ်။ အလုပ်မဲ့အကိုင်မဲ့၊ အိုးမဲ့အိမ်မဲ့ အခြေတကျမရှိသူ(၅)ရာခိုင်နှုန်းလောက်ရှိပြီး၊ ယခုအခါနိုင်ငံရဲ့ တချို့ဒေသမှာရှိတဲ့ ဒုက္ခသည် စခန်းက အစ္စလာမ်ဘာသာဝင်လူဦးရေ စာရင်းကိုပါ ထည့်တွက်ရင် ၈ရာခိုင်နှုန်းအထိတိုးပွားသွားနိုင်ပါတယ်။ ဒါဟာ တကယ်တော့ရင်လေးစရာပါ။ အလုပ်လုပ်နိုင်တဲ့အရွယ်ကောင်းတွေဟာ ဒုက္ခသည်စခန်းမှာ ချောင်ပိတ်မိနေနိုင်ပြီး၊ တိုင်းပြည်ရဲ့လူသားအရင်းအမြစ်တွေဆုံးရှုံးနေရခြင်းပါ။ တဆက်တည်းမှာပဲ မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုသဖွယ် တည်ရှိလို့နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် NLD ဦးဆောင်တဲ့အစိုးရလက်ထက်မှာတိုင်းပြည်နိုင်ငံတ၀ှမ်းက ဒုက္ခသည်တွေ အားလုံးရဲ့ ပြဿနာပြေလည် သွားနိုင်မယ်လို့မျှော်လင့်မိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည် စခန်းမှာလည်း နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဒုနဲ့ဒေးပါ။

    တောင်းရမ်းသူတို့စစ်တမ်း
    —————————
    သောကြာနေ့ ၀တ်ပြုပြီးချိန်ဆိုရင် တောင်းရမ်းသူတွေ တသီတတန်း ၀တ်ကျောင်းတော်ရှိတဲ့ နေရာ အတော်များများမှာ မြင်နိုင် ပါတယ်။ ထူးခြားချက် အများစုဟာရေသာခို အချောင်လိုက်ကြတဲ့ သူတွေဖြစ်နေတာပါ။ နာမကျန်းသူတွေ သက်ကြီးရွယ်အိုတွေ ကိုယ်လက် အင်္ဂါချို့တဲ့သူတွေကို ပေးကမ်းကြရင်းနဲ့ အတုတွေဟာများပြားလာပါတယ်။ မျက်မမြင်အတွက်၊ လမ်းမလျောက်နိုင်သူအတွက် အကြောင်းပြချက်နဲ့လူကောင်း တွေက အဖော်ပြုပြီးတောင်းရမ်းနေကြတာပါ။ မြန်မာ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာနဲ့ သဒ္ဓါတရား အားကောင်းတဲ့မြန်မာရဲ့အကျင့်စရိုက် အတိုင်း မြန်မာ မွတ်စလင်တွေက ပေးကမ်းနေကြတော့၊ သူတောင်းစားတွေ ဘ၀လည်း ပျက်သထက် ပျက်လာပါတော့တယ်။ တဖြည်းဖြည်းနဲ့ ရပ်ကွက်လမ်းတွေပေါ်မှာ၊ ကားတန်းကြီးတွေကြားထဲမှာပါ တောင်းရမ်းသူတွေ များပြားလာခြင်းပါ။ ချိုင်းထောက် အတုတွေနဲ့ လူတွေကို အလွယ်တကူမြင်တွေ့နိုင်ပါတယ်။ ဆိုးဝါးလှတဲ့ အချက်ကတော့ တောင်းရမ်းသူတွေဟာ ဘာသာရေး အဆောင်အယောင်တွေ ၀တ်စား ဆင်ယင်ထားခြင်းပါ။ အမျိုးသမီးတွေက ခေါင်းပုဝါတွေခြုံ၊ အကာအကွယ် ၀တ်ရုံ(ဗုရခါ)တွေဝတ်ပြီး တချို့တောင်းရမ်းနေသလို၊ အမျိုးသားတွေက ဦးထုပ်တွေဆောင်း၊ အဖြူရောင် ၀တ်ရုံရှည်ကြီးတွေဝတ်ပြီး၊ မြင်တွေ့ရသူအပေါင်းကို အထင်မှတ်မှားစေတာပါ။ တကယ်တော့တောင်းရမ်းသူတွေ
    ဆီက ဒီလို အယောင်ဆောင်မှုတွေကို ခွာချလိုက်သင့်တာပါ။

    ဒီကြားထဲအယောင်ဆောင်တချို့က အမည်ခံ မိဘမဲ့ကျောင်းတွေကိုအကြောင်းခံပြီး လုပ်စားကြသူတွေလည်းရှိပါတယ်။ စစ်တမ်းက အံ့ဩစရာ မွတ်စလင်တောင်းရမ်းသူ ၈၀ရာခိုင်နှုန်းဟာ အတုတွေ ရေသာခိုသမားတွေပါတဲ့၊ ဒီကြားထဲအစ္စလာမ် မဟုတ်ဘဲ အယောင်ဆောင်ဝတ်စား ဆင်ယင်သူက ထက်ဝက်နီးပါး(၃၅)ရာခိုင်နှုန်းရှိပါသတဲ့၊ (၁၈)ရာခိုင်နှုန်းကတော့ တကယ် မရှိတာရယ်၊ ကျန်းမာရေး အခက်အခဲတွေကြောင့် အမှန်တကယ် တောင်းစားနေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် သူတောင်းစားတွေရဲ့ ၇၈ရာခိုင်နှုန်းက အိုးအိမ် အတည်အကျမရှိသူတွေနဲ့ လမ်းဘေးမှာဖြစ်သလိုနေတဲ့ သူတွေပါ။ အကယ်၍များ အလုပ်အကိုင်တစ်ခုခုရှိရင် ဒီအလုပ်စွန့်မလားဆိုတဲ့မေးခွန်းကို ၃၀ရာခိုင်နှုန်းလောက်သာ စွန့်မယ်လို့ဖြေပြီး၊ ကျန်တဲ့လူတွေက ဒီအလုပ်ကိုနှစ်သက်ပါသတဲ့။ လွယ်ကူတဲ့ ရပေါက်ရလမ်းတွေရှိနေတော့ အလုပ်လုပ်ဖို့ပျင်းရိကုန်ကြပါပြီ။ ၀မ်းနည်းစရာကောင်းတဲ့ အချက်က သူတို့နဲ့အတူ လူမမယ်ကလေးတွေ၊ ကျောင်းနေအရွယ်ကလေးတွေ ပညာမသင်ရခြင်းပါ။ ကလေးတွေကိုခုတုံးလုပ်ပြီးတောင်းစားနေတဲ့သူတွေက ၄၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ကလေးတွေကို ကျောင်း တက်မလားဆိုတဲ့မေးခွန်းကို ၁၀ ယောက်မှာ ၉ယောက်ဖြစ်တဲ့ ၉၀ရာခိုင်နှုန်းက ကျောင်းဝတ်စုံ ၀တ်ထားတဲ့ ကလေးတွေကိုကြည့်ပြီး တက်ချင်တယ်လို့ဖြေခဲ့တာဟာဖြင့် ကျွန်တော့်ကို မျက်ရည်စို့စေခဲ့ပါတယ်။ သူတို့ရဲ့အနာဂတ်ကိုသိလို့ မဟုတ်ဘဲ ၊ကလေးတွေရဲ့ပင်ကိုယ်စိတ်နဲ့ဖြေခဲ့တာပါ။ ဒီလို မသမာတဲ့တောင်းရမ်းသူတွေကြောင့် ကလေးတွေ အနာဂတ်ပျောက်နေကြရပါပြီ။ အသက်အရွယ်ကြီးရင့်ပြီးတောင်းစားနေသူရဲ့ ၆၅ ရာခိုင်နှုန်းက ခိုလှုံဖို့တစ်နေရာ အလိုရှိပြီး၊၂၀ရာခိုင်နှုန်းက စည်းကမ်း ချုပ်ချယ်တဲ့ ရိပ်သာအစား လွတ်လွတ်လပ်လပ်ပဲနေချင်ပါသတဲ့။

    ဒီလူတွေအားလုံး နီးပါးဖြေကြတာက အစ္စလာမ်ဘာသာဝင် အသက်အရွယ်ကြီးရင့်သူတွေ အတွက် ဘိုးဘွားရိပ်သာတွေက လုံလောက်မှု မရှိဘူးဆိုတာပါဘဲ အဖွဲ့တစ်ဖွဲ့က”သူတောင်းစား ပပျောက်ရေးနဲ့ အလုပ်အကိုင် နေရာချထားရေး” အတွက်ကြိုးစားခဲ့ပေမယ့် ထုထည် ပမာဏကြီးလွန်းတာရယ်၊တောင်းရမ်းသူတွေကကို၌က စိတ်မ၀င်စားတာရယ်ကြောင့် လက်လျှော့ခဲ့ရပါတယ်။ အရင်တုန်းက စီမံချက်နဲ့တောင်းရမ်းသူတွေကို ဖမ်းဆီးတဲ့အခါ မှာ စခန်းတရားရုံးကို အပေးအယူလုပ် လိုက်ဖြေရှင်းပေးတဲ့ ငွေကြေးရှင်(ငွေတိုးချေးစားသူ) တွေရှိပြီး၊အမှုပြီးရင် ကြီးမားတဲ့ အတိုးနှုန်းနဲ့ ပြန်ဆပ် ရပါတယ်။ဝမ်းနည်းစရာကောင်းတဲ့ အချက်က မြန်မာမွတ်စလင် အများစုဟာ ကောင်းရောင်း၊ ကောင်းဝယ် လုပ်စားနေသူတွေကို၊ ထိုက်တန်တဲ့အခကြေးငွေပေးဖို့ တွန့်တိုတတ်ကြပေမယ့် တောင်းရမ်းသူတွေကိုတော့ အကျိုးစ၀ပ် (ကုသိုလ်)ကိုမျှော်ကိုးပြီး တလွှဲဆံပင်ကောင်း လှူဒါန်းလေ့ရှိပါတယ်။

    လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ
    ———————————–
    နိုင်ငံသားအစ္စလာမ်တို့ဟာ ခေတ်အဆက်ဆက်အခွင့်အရေးတွေ လျစ်လျူရှုခံရပြီး၊ အထူးသဖြင့်ဦးနေ၀င်းရဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ စခဲ့ပါတယ်။ မလွတ်လပ်ခင်နဲ့လွတ်လပ်ရေးရပြီးဦးနုရဲ့ ဒီမိုကရေစီအစိုးရအထိ တိုင်းရင်းသားအစ္စလာမ်တို့ဟာ ၀န်ကြီးရာထူးများ အထိတက်လှမ်း နိုင်ခဲ့ကြပါတယ်။ ထိုက်တန်သူများရှိသော်လည်းဦးနေ၀င်းရဲ့ အစိုးရလက်ထက် မှာ တဖြည်းဖြည်း ဖယ်ရှားခံခဲ့ရပါတယ်။ စစ်အစိုးရကနေ ယခုအစိုးရ လက်ထက်တိုင်အောင်၊ နိုင်ငံသားအစ္စလာမ်တွေ အနေနဲ့ဝန်ထမ်း အကြီးအကဲတွေ ဖြစ်လာဖို့ခဲယဉ်းသွားခဲ့ရတာပါ။ ဒါဟာစနစ်တကျနဲ့ဖယ်ရှားခဲ့တာပါ။ သာမန်နိုင်ငံသား အစ္စလာမ်တွေအဖို့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားဟာ မလွယ်ကူတဲ့ကိစ္စပါ။ အမျိုးမျိုးသောကဒ်တွေကို ထုတ်ပေးခဲ့ပြီး၊နိုင်ငံသား အဖြစ်မရရှိအောင်ခွဲခြား ခံခဲ့ရတာဟာ စိတ်မကောင်းဖွယ်ရာပါ။ နိုင်ငံသားစီစစ်ရေးကဒ် မရှိတဲ့အတွက် ခရီးသွားလာခွင့် ပညာသင်ကြား ခွင့်နဲ့ သင်ကြားမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များရရှိဖို့ ငြင်းဆန်ခြင်းခံခဲ့ရပါတယ်။

    ၁၉၄၇၊၁၉၇၄၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့စပ်လျဉ်းပြီး အတိအလင်းဖော်ပြထား ခဲ့ပေမယ့်၊ တကယ် ပကတိအခြေအနေမှာ မရရှိခဲ့ပါဘူး။ ၀တ်ကျောင်းတော်များ တားဆီး ပိတ်ပင်ခံရမှု၊ ပြန်လည်ပြုပြင် တည်ဆောက်ခွင့်ရရှိခဲ့တာဟာ လက်ချိုးရေတွက်လို့ရပါတယ်။ ထို့အတူ ဘာသာရေးစာသင်ကြားမှုတွေကိုလည်း မတူညီတဲ့ဒေသအလိုက် ဟန့်တားခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် တရားစီရင်ရေးနဲ့ပတ်သက်ပြီး ကိုးကွယ်ရာ ဘာသာတရားတွေ၊ ကွဲပြားတဲ့လူမျိုးတွေကို အကြောင်းပြုပြီးခွဲခြားဆက်ဆံခြင်း ခံခဲ့ရပါတယ်။ စွပ်စွဲမှု အမျိုးမျိုးနဲ့ခေါင်းစဉ်တွေအောက်မှာ မတရားတဲ့ တရားစီရင်မှုတွေ ရှိနေခဲ့ရပါတယ်။ တချို့ဆိုရင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တာတွေအထိ ခွဲခြားခဲ့ပါတယ်လို့ ဆိုကြပါတယ်။

    ဒါကြောင့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ဒေသဖွံ့ဖြိုးရေးတို့ဟာ တချို့သော ပြည်နယ်တွေလိုပဲ နိမ့်ကျနေခဲ့ပါတယ်။ နိုင်ငံနဲ့အ၀ှမ်းမှာပေါ်ပေါက်ခဲ့တဲ့အကြမ်းဖက်မှုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အစိုးရအနေနဲ့ ထိရောက်စွာကိုင်တွယ်မှု မရှိဘဲ ပဋိပက္ခဖန်တီးနေတဲ့
    အင်းအားစုတွေကို အရေးယူခြင်း မရှိခဲ့ဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ ယခင်စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်ပြောကြားခဲ့တဲ့၊ ခွဲခြားမှုများ၊ မိန့်ကြားချက်တွေဟာ ယခုအခါမှာပေါ်ထွက်လာခဲ့ပြီး၊ နိုင်ငံနှင့်အ၀ှမ်း အမုန်းတရားဟောပြောဖြန့်ချီတဲ့သူတွေကို အရေးမယူခြင်းဟာ၊ အစိုးရအပေါ်မှာ လုံးလုံးလျှားလျှားတာဝန် ရှိခဲ့ပါတယ်။

    ဒါကြောင့်တိုင်းနှင့်ပြည်နယ်နေရာဒေသ၉ခုက လူပေါင်း တစ်ထောင်ခန့်ကို မေးမြန်းထားတဲ့ စစ်တမ်းတစ်ခုအရ ၂၀၁၀ပြည့်နှစ်က နိုင်ငံသား အစ္စလာမ်တွေကို ခွဲခြားမှုနဲ့ စပ်လျဉ်းလို့ လူဦးရေရဲ့ ၆၀ရာခိုင်နှုန်းက နိုင်ငံသားစိစစ်ရေးနဲ့ ဘာသာရေးကိစ္စမှအပ တန်းတူရည်တူ ဆက်ဆံခြင်းခံရပါတယ်လို့ ဖြေဆိုပြီး၊ ၃၀ရာခိုင်နှုန်းကလုံးဝခွဲခြားခံရပါတယ်လို့ ယူဆကြပါတယ်။ ကျန် ၁၀ ရာခိုင်နှုန်းက ဖြေဖို့စိုးရိမ်ကြပါတယ်။ ယခု ၂၀၁၅မှာ ဒီစစ်တမ်းလေးကို ပြန်လည်မေးမြန်းကြည့်တဲ့ အခါမှာ မေးမြန်းခံရသူရဲ့ ၉၃ရာခိုင်နှုန်းကလုံးဝခွဲခြားခြင်းခံရပါတယ်လို့ ဖြေဆိုကြ ပါတယ်။

    ဒီလိုမယုံကြည်မှုတွေ လွှမ်းမိုးခံနေရတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ယုံကြည်မှုတွေပြန်လည် တည်ဆောက်ဖို့အတွက် “ဒီမိုကရေစီ အစိုးရသစ်” မှာ တာဝန်ရှိသလို၊ တန်းတူရည်မျှတဲ့ဆက်ဆံရေးတွေ လျင်မြန်စွာ အသက်ဝင်လာမယ် လို့လဲမျှော်လင့်မိပါတယ်။ တစ်ဦး ချင်းအနေနဲ့ ခွဲခြားဆက်ဆံမှုခံရတာတွေဟာ အပုံအပင်ပါ၊ ထိုနည်းတူစွာနိုင်ငံသား အစ္စလာမ်တွေအနေနဲ့ လည်းဘာသာမတူ လူမျိုးမတူဆိုတဲ့ အခြေအနေတွေအောက်မှာ သူစိမ်းပြင်ပြင်လို သဘောထားပြီးဆက် ဆံမှုဟာ၊ မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းဟာ ပိုပြီးဝေးသထက်ဝေးလာတာကိုတွေ့နေရပါတယ်။ ယခု နောက်ဆုံးပေါ် ခွဲခြားဆက်ဆံခံရမှုကတော့၊ မြန်မာတို့ရဲ့အစဉ်အလာ ဓလေ့ထုံးစံတွေအရကျင်းပပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ လမ်းဘေးဈေးရောင်းကြတဲ့အစ္စလာမ်တွေကို အဟန့်အတားပြုလုပ်နေကြခြင်းဟာ အတော့်ကိုဆိုးဝါးလှပါတယ်။

    ဆောင်ရွက်ရန်နည်းလမ်းများ
    —————————-
    ဒီပြဿနာရပ်တွေဖြေရှင်းရေးအတွက် အပိုင်း၂ ပိုင်းရှိပါတယ်။ အစိုးရရဲ့တာဝန်ရှိမှုနဲ့မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းကိုယ်၌က တာဝန်ခံမှုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ရှည်လုပ်ယူရမယ့် Longtime Plan မျိုးဖြစ်ပါ တယ်။ အစိုးရအနေနဲ့ ဘာတွေလုပ်ပေးနိုင်ပါသလဲ၊ ကြည့်ရအောင်ပါ။ပြည်သူပြည်သားတွေ အားလုံးခွဲခြားရေးအမြင်တွေ၊စိတ်ဓာတ်တွေ၊ အမုန်းတရားတွေပြေပျောက်ဖို့အတွက် အမှန်တကယ်ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု အစီအစဉ်တွေကိုအောက်ခြေက စတင်ရပါမယ်။အခုလက်ရှိအစိုးရလုပ်သလို ဟန်ပြလုပ်ငန်း မျိုးမဖြစ်စေရပါဘူး။ လုပ်နေတဲ့ လူတွေက ကြိုးစားနေပေမယ့် အစိုးရက ထင်သလောက်အားမပေးပါဘူး။

    ကလေးသူငယ်တွေရဲ့ပညာသင်ရိုးညွှန်းတမ်းတွေမှာ Religious Study ဆိုတဲ့ ဘာသာတရားများ လေ့လာမှု အစီအစဉ်ထည့်သွင်းပြီး၊ငယ်စဉ်ကတည်းက အမြင်မသွေလွဲအောင်ကြိုးပမ်းရပါမယ်။ လွတ်လပ်စွာ ၀တ်ပြုကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ တရားဥပဒေရဲ့စောင့်ရှောက်မှုရယူခွင့်၊ အမှုထမ်းခွင့်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းခံရခွင့်၊ စီးပွားရေးတွင်တရားမျှတစွာပါဝင်ယှဉ်ပြိုင်နိုင်ခွင့် စသည့်ဆုံးရှုံးခဲ့မှုများကို ပြန်လည် ကုစားပေးသင့်ပါသည်။

    မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းအနေနဲ့လည်းဒီနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစား တန်ဖိုးထားရပါမယ်။ ဘာသာရေးအရ အစွန်းရောက်မှုတွေကို ရှောင်ရှားပြီး၊ တရားမျှတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ရပါမယ်။ရေသာခိုအချောင်သမားများကို အားမပေးဘဲ၊ချို့တဲ့သူများ၏ ဘ၀များကိုတောင်းရမ်းမှုမှသည် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးရပါမယ် အတတ်ပညာအသိပညာ များဖြင့် အနာဂတ်မျိုးဆက်ကို လက်ဆင့်ကမ်းရပါမယ်။

    မိမိတို့၏ရင်သွေးများကိုနိုင်ငံကျေးဇူး သိတတ်သော၊ နိုင်ငံသစ္စာ ခံယူတတ်သော အလေ့အထများမွေးမြူစေ ရပါမယ်။ နိုင်ငံဝန်ထမ်းများတွင်ပါဝင်လုပ်ကိုင်စေ ရပါမယ်။ ရှေးမှုမပျက်ချစ်ကြည်ရင်းနှီးခဲ့သော အစဉ်အလာများအတိုင်း အနာဂတ်နိုင်ငံ၏ ဦးဆောင်မှုကဏ္ဍ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဆိုသလို ပါဝင်ကူညီရပါ မယ်။ တိုင်းနိုင်ငံတစ်ဝှမ်း မြန်မာ-မွတ်စလင်လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသော “မီဒီယာများ”ပေါ်ထွန်းလာ ရေးကို ကူညီပေးသင့်ပါတယ်။သို့မှသာ မှန်ကန်သောသတင်းဖြစ်ရပ်များ အချိန်နှင့် တပြေးညီထုတ် ပြန်နိုင်မှာဖြစ်ပါတယ်။

    နိဂုံးချုပ်အနေနဲ့ ဒီစစ်တမ်းလေးရဲ့တွေရှိချက်တွေကို သုံးသပ်အကြံပြုတင်ပြချက်တွေကို ပေါ်ပေါက်လာမယ့် “ဒီမိုကရေစီအစိုးရသစ်” တစ်ရပ်အနေနဲ့ ဆောင်ရွက်ပေးပါလို့မေတ္တာရပ်ခံရင်းနဲ့ တစ်ပြိုင်နက်တည်း၊ မြန်မာ-မွတ်စလင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့လည်းဝန်ထုပ်ဝန်ပိုး တွေကိုစုပေါင်းဖြေရှင်းရင်း၊ တိုင်းပြည်ရဲ့ပြုပြင်ပြောင်းလဲရေး ခရီးလမ်းတစ်လျှောက်မှာ ပါဝင်ဆောင်ရွက်ကြပါစို့လို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား။

    ဆောင်းပါးရှင်၏ ခွင့်ပြုချက်ဖြင့် Firday Times ဂျာနယ်မှ ကူးယူဖော်ပြပါသည်။

  • မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ဘဝအမော ဇာစ်မြစ်များ

    မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ ဘဝအမော ဇာစ်မြစ်များ

    myanmar-migrants-wpcf_728x413
    မြန်မာရွှေ့ပြောင်း မိသားစုများကို ထိုင်းရဲတပ်ဖွဲ့များမှ စစ်ဆေးနေပုံ ၂၀၁၄ ခုနှစ်က ပုံဖြစ်ပါသည်။ ဓါတ်ပုံ (ဧရာဝတီ)

    David Scott Mathieson

    ထိုင်းတရားရုံးတစ်ခုက မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ခရစ္စမတ်အကြိုနေ့တွင် သေဒဏ် ချမှတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ အတွင်း ပြစ်တင်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့သည်။ ၂ဝ၁၄  စက်တင်ဘာလအတွင်းက ထိုင်းအပန်းဖြေစခန်း ခိုတောင်ကျွန်းတွင် ဗြိတိန်ကမ္ဘာလှည့်နှစ်ဦး ဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝီသာဝေ့ခ်ျတို့ကို သတ်ဖြတ်သည်ဆိုသော စွပ်စွဲမှုဖြင့် အသက် ၂၂ နှစ် ဝန်းကျင် အရွယ်များဖြစ်ကြသည့် ဇော်လင်း၊  ဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့သည်။

    သံသယဖြစ်ခံရသူ ၎င်းတို့နှစ်ဦးထံမှ ကနဦးဖြောင့်ချက်များ ရရှိစေရန် ရဲတို့က နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော ပြောဆိုမှုများအပါအဝင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု၊ တရားရုံးစစ်ဆေးကြားနာမှုတို့အပေါ် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ထိုင်းရဲတပ်ဖွဲ့က ထိုစွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ ပြစ်ဒဏ်ချမှတ်ရာတွင် အဓိကသက်သေအဖြစ် ဆွဲယူခဲ့သည့် ဝီသာဝေ့ခ်ျ အဓမ္မပြုကျင့် ခံရမှုတွင် တွေ့ရသော ဒီအင်န်အေနှင့်ပတ်သက်၍ ထိုင်း၊ သြစတြေးလျတို့မှ သေမှုသေခင်း စစ်ဆေးရေးပညာရှင်များက မေးခွန်း ထုတ်ခဲ့ကြသည်။ တရားခံတို့၏ ရှေ့နေများက တရားရုံး စီရင်ချက်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

    ယင်းစီရင်ချက်အပေါ် ပြန်လည် သုံးသပ်ပေးရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများက တောင်းဆိုခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးအနီးတွင်လည်း ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၅,ဝဝဝ က စုပေါင်းလက်မှတ်ရေးထိုးကာ မျှတသောတရားစီရင်ရေး အတွက် တောင်းဆိုခဲ့သကဲ့သို့ နှစ်နိုင်ငံ နယ်စပ်မြို့များတွင် ဆန္ဒပြုမှုများလည်း လုပ်ဆောင်ခဲ့သည်။ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကလည်း ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။

    အဆိုပါ အမှုသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်သန်းကျော် ဆိုးရွားစွာ ဆက်ဆံခံနေရမှုကို မီးမောင်းထိုးပြ သကဲ့သို့ ဖြစ်နေသည်။ ယင်းကဲ့သို့ ဆက်ဆံခံရမှုသည်လည်း  အိမ်နီးချင်းနှစ်နိုင်ငံအကြား မကြာခဏတင်းမာမှုကို ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ကမ်းလွန်ငါးဖမ်းလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်သည့်စက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ အထည်စက်ရုံများ၊ လူသုံးကုန်ပစ္စည်းစက်ရုံများ အပြင် နိုင်ငံ၏ဘဏ္ဍာငွေအမြောက်အများကို ရရှိစေသည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၌ပင် လူသတ်မှု၊ ရိုက်နှက်မှု၊ လူကုန်ကူးမှု၊ အလုပ်သမားတို့အပေါ် နှိပ်စက်မှုများကို ထိုင်းရဲများ၊ အစိုးရအရာရှိများ၊ အလုပ်ရှင်များက ပါဝင်ကျူးလွန်နေကြသည်။ ယင်းလုပ်ရပ်များကို Human Rights Watch အဖွဲ့နှင့် အခြားအဖွဲ့အစည်းများက ဆယ်စုနှစ်ပေါင်းများစွာကပင် မှတ်တမ်းများ ပြုစုထားကြသည်။

    မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာသည့်တိုင် အလုပ်သမားများက အန္တရာယ်များရောပြွမ်းနေသည့် ထိုင်းနိုင်ငံတွင် အဘယ်ကြောင့် အလုပ်သွားရောက်လုပ်ကိုင်နေကြ  သနည်း။ မြန်မာနိုင်ငံနေရာအများအပြားတွင် ရှိနေသေးသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ထိုက်သင့်သည့်လစာမရရှိမှု၊ ညံ့ဖျင်းသည့် လုပ်ငန်းခွင် အခြေအနေ တို့သည်လည်း  ရွှေ့ပြောင်းလုပ်ကိုင်ရမှုတွင် အကြောင်းရင်းများအဖြစ်  ပါဝင်နေသည်။

    ယခုသေဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ်နှစ်ဦးတို့၏ ဇာတိဖြစ်သော ရခိုင်ပြည်နယ်တွင် လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းမှု၊ အလုပ်အကိုင် စီးပွားရေးအခွင့်အလမ်းနည်းပါးမှုများ ပေါ်ပေါက်နေသည်။ စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများ၊ အခြေခံ လူနေမှုဘဝလိုအပ်ချက်များ မရရှိခြင်း စသည်တို့တွင် ရခိုင်ပြည်နယ်အနေဖြင့် အခြား ပြည်နယ်တို့ထက် ပိုမိုဆိုးရွားစွာ ခံစားခဲ့ရသည်။

    အလုပ်သမားများမှာ မိသားစုထံ ငွေပြန်ပို့နိုင်ရန် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်နေကြရသည်။ မိမိတို့ဒေသအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးနေသော် လည်း ဒေသခံများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် အခြားအကျိုးကျေးဇူးများ ခံစားရခွင့် နည်းပါးသည်။ ထိုင်းတရားရုံးက ရခိုင်လူငယ်နှစ်ဦးကို ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည့် အချိန်မှာပင်     ကျောက်ဖြူမြို့နယ်အတွင်း မြေဧက ၄,ဝဝဝ ပေါ်တွင် အထူးစီးပွားရေးဇုန်တစ်ခု၊ ရေနက်ဆိပ်ကမ်းတစ်ခုတို့ကို တရုတ်နှင့်  ထိုင်းစီးပွားရေးကုမ္ပဏီများ လုပ်ကိုင်ခွင့်အတွက် လွှတ်တော်က အတည်ပြုလိုက်သည်။ သို့သော် ယင်းခွင့်ပြုချက်တွင် အလုပ်သမားအခွင့်အရေး ကာကွယ်မှုအတွက်  ပြဋ္ဌာန်းချက်များ မပါဝင်ဘဲ စီမံကိန်းတွင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်သာ ဆောင်ရွက်ထားသည်။

    ခိုင်ခံ့လုံခြုံမှုမရှိသည့်  လှေများဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ  မလေးရှားသို့ ရွှေ့ပြောင်းနေကြသည့် ရိုဟင်ဂျာမွတ်ဆလင်များ၏ ဒုက္ခကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေကြသည်။ ရခိုင်ပြည်နယ်အတွင်း  လူမျိုးရေးအဓိကရုဏ်းအပြင်  ဆင်းရဲနွမ်းပါးသည့် ရခိုင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး နှိပ်စက်ညှဉ်းပန်းမှုများ ကြုံတွေ့နေရသည့်အပြင်  လူကုန်ကူးသမားများ၊  အလုပ်အကိုင်ပွဲစားများ၏ လိမ်လည်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ ဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းသည် မြန်မာစစ်အစိုးရကြောင့် ဖြစ်ရသည်ဟု ရခိုင်တိုင်းရင်းသား အများအပြားက နားလည်ထားကြသည်။

    မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင်  မြေသိမ်းမှုများဖြစ်ပွားနေခြင်းကလည်း  ကျေးလက်နေပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်စေပြီး ၎င်းတို့၏ သားသမီးများကို နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ကာ အလုပ်လုပ်ခိုင်းထားရသည်။ သဘာဝရင်းမြစ်များ တူးဖော် ထုတ်လုပ်ရာတွင် မြေယာဆုံးရှုံးမှုအများအပြား ဖြစ်ပွားနေခြင်းကြောင့် ကျေးလက်ဒေသအချို့တွင် မတည်ငြိမ်မှုနှင့် လာရောက်လုပ်ကိုင်သည့် ကုမ္ပဏီတို့အပေါ် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်။ မြေယာသိမ်းမှုအချို့တွင် စစ်တပ်၏ ပါဝင်မှုများလည်း ရှိကြောင်း Global Witness အဖွဲ့၏ လေ့လာဆန်းစစ်မှုတစ်ရပ်တွင် ဖော်ပြထားသည်။ ၂ဝ၁၅ ခုနှစ်အတွင်းက ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ ကျေးရွာအချို့သို့ ရောက်ရှိခဲ့ရာတွင် အာဏာပိုင်များ၊ စစ်တပ်အရာရှိကြီးများ၏ မတရားသဖြင့် မြေသိမ်းယူမှု၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ အစိုးရကိုဝေဖန်သူများကို ခြိမ်းခြောက် ဖမ်းဆီးမှု၊ မြေယာဆုံးရှုံးခြင်း အတွက် လျော်ကြေးမရမှုတို့ကြောင့်  ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် အသက် ၂ဝ ဝန်းကျင် လူငယ်တချို့နှင့် တွေ့ ခဲ့ရသည်။ ၂ဝ၁၁ တွင် အရပ်သားတစ်ပိုင်းအစိုးရ တက်လာရာ  နိုင်ငံအတွင်း အခွင့်အလမ်းကောင်းများ ပေါ်ပေါက် လာပြီး ထိုင်းမှ ပြန်လာရမည်ဖြစ်သော်လည်း မိမိတို့ဘဝတိုးတက်မလာသည့်အပြင် ပိုမိုဆိုးရွားမှုများကို ကြုံတွေ့လာရသည့် နောက်ထပ် မျိုးဆက်တစ်ခုသည်လည်း ပြည်ပသို့ပင် ထွက်ခွာ အလုပ်လုပ်ကိုင်ကြရပြန်သည်။

    ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မကြာမီလပိုင်းအတွင်းကပင် အရပ်သား တစ်သောင်းကျော် နေရပ် စွန့်ခွာ  ထွက်ပြေးရသည်။ ၎င်းတို့အနက်မှ အများအပြားသည်  ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ရောက်ရှိသွားကြကာ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်း စစ်ကြောင့် ထွက်ပြေးပြီး ယင်းဒေသသို့ ရောက်ရှိနေကြသည့် ရှမ်းတိုင်းရင်းသား ထောင်ပေါင်း များစွာထံ ရောက်ရှိသွားကြသည်။ ငြိမ်းချမ်းရေးနှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ပြောနေကြသော်လည်း မြန်မာနိုင်ငံတွင်  ၂ဝ၁၁  မှစတင်၍ လက်နက်ကိုင်တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာသည်။ ကချင်ပြည်နယ်တွင် ပြင်းထန်သည့် တိုက်ပွဲများကြောင့်  အရပ်သား  ၁၃ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာနေရပြီး အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသားများ ထပ်မံ ရွှေ့ပြောင်းမည့်အခြေအနေရှိနေသည်။

    မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများအပြားက ခိုတောင်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်တုန်လှုပ်နေကြပြီး ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနှိမ်ခံနေရမှုအပေါ် မကျေနပ်ကြသည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။  ရွှေ့ပြောင်း အခြေချနေထိုင်သူများအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှုများ  ရပ်တန့်ရန်  ထိုင်းအစိုးရကို တောင်းဆိုနေကြသော်လည်း မကြာမီအာဏာရလာတော့မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေဖြင့်  လူနေမှုဘဝများစွာကွာဟခြင်း၊ လုပ်အား ခေါင်းပုံဖြတ် ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံသားများ နှစ်ပေါင်းများစွာကပင် ပြည်ပထွက် အလုပ်လုပ်နေရမှု ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေသည်။

    သဘာဝရင်းမြစ်သယံဇာတများမှရရှိသော အကျိုးအမြတ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အသက်မွေးဝမ်းကျောင်း အာမခံချက်မရှိသေးသော ကျေးလက်ဒေသနေ နွမ်းပါးသည့် ပြည်သူများ အတွက် ထိထိရောက်ရောက်  မျှဝေသုံးစွဲခြင်း မပြုသရွေ့ မြန်မာနိုင်ငံကို အနာဂတ်စီးပွားရေး အလားအလာကောင်းများ ရှိနေသည့် နိုင်ငံအဖြစ် သတ်မှတ်ရန် ခဲယဉ်းပေလိမ့်မည်။     ။

    David Scott Mathieson သည် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အာရှရေးရာဌာန၏ အကြီးတန်းသုတေသီတစ်ဦးဖြစ်သည်။

    Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

  • အမှန်တကယ်ပြောင်းလဲဖို့ (ဆောင်းပါးရှင် အာဘော်)

    အမှန်တကယ်ပြောင်းလဲဖို့ (ဆောင်းပါးရှင် အာဘော်)

    နိုဝင်ဘာ ၆ ၊ ၂၀၁၅
    M-Media
    တင်မောင်ထွေးရေးသည်။

    စာရေးဆရာ မောင်သော်က(ခ) ဗိုလ်မှုးဘသော်အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန်ခွန်းပြောသည့် အခမ်းအနားတခုတွင် အတူတွေ့ရစဉ် ( ဆရာမောင်သော်ကသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုကော်မတီဝင်ဖြစ်ပြီး ၊၁၉၉၁ ခုနှစ်၊ ဇွန်လ ၁၁ တွင် အင်းစိန်ထောင်တွင်း ကျဆုံး)

    ကျွန်တော်ဟာ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာပဲ ကြီးပြင်းခဲ့တဲ့ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ ကျွန်တော့် ဘိုးစဉ်ဘောင်ဆက်ကလည်း မြန်မာနိုင်ငံသားတွေပါပဲ။ သို့သော် ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက်ကနေ ကိုးကွယ်တဲ့ ဘာသာကတော့ အစ္စလာမ်ဘာသာဖြစ်ပါတယ်။ ဒီလို ဘာသာရေးကို ထည့်သွင်းပြောပြရတာကိုတော့ အင်မတန်မှ မရိုးမရွံ့ဖြစ်မိပါတယ်။ နိုင်ငံတကာမှာ ဥပမာ ပေါ့ဗျာ၊ ပါတီကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးကို ဖတ်ရင် ကိုးကွယ်တဲ့ဘာသာ ဘာဖြစ်သလဲဆိုတဲ့ ကိစ္စက အရေးမပါတဲ့ကိစ္စမို့ အဲဒါကို တချို့နိုင်ငံ တွေမှာဆိုရင် လျှို့ဝှက်တောင် ထားကြပါတယ်။

    ကျွန်တော်အမှတ်ရနေတဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ကျွန်တော်တို့အိမ်ရှေ့မှာ အိမ်က ကားကိုရပ်ထားတော့ ကားရှိတဲ့နေရာကို ကျွန်တော်က သွားနေတဲ့ အချိန်၊ ကားရဲ့တဘက်မှာ အင်္ကျီကျွတ်နဲ့ ရပ်နေတဲ့ လူတစ်ယောက်က ကျွန်တော့်ကို သေချာကြည့်ပြီး ဟေ့ကောင် ကုလား ၊ ဒါမင်းတို့နိုင်ငံ မဟုတ်ဘူး၊ ဒီမှာလာပြီး -င်ဂေါင်းကျယ်ပြမနေနဲ့ဆိုပြီး ပြောပါတယ်။ ကျွန်တော်သူ့ကို တခါမှ မမြင်ဖူးပါဘူး။ ဒါကြာခဲ့ပါပြီ။ ၂၀၀၂ ခုနှစ်လောက်က ဖြစ်ခဲ့တာပါ။ အဲလိုအပြောခံရတော့ ကျွန်တော့်ရဲ့ ရပိုင်ခွင့် (rights) ကို ဘယ်သူက အကာအကွယ်ပေးမှာလဲ ဆိုတာ ကျွန်တော်စဉ်းစားခဲ့မိတယ်။ ကျွန်တော်အဖြေမရခဲ့ပါဘူး။ ရပိုင်ခွင့်ဆိုတာ နိုင်ငံသားတစ်ယောက် ရပိုင်ခွင့်ကို ပြောတာပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအကြို အင်တာဗျူး
    ===============================

    ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲအကြိုအင်တာဗျူး ဗွီဒီယိုဖိုင်ကို ကျွန်တော်ကြည့်ဖြစ်ပါတယ်။ အင်တာဗျူး ကျင်းပနေစဉ်အချိန်မှာတော့ ဘီဘီစီရဲ့ ဂျိုနာ ဖစ်ရှာကို တွီတာကနေ follow လုပ်ပြီး တက်လာသမျှ ဖတ်ပါတယ်။ သူကလည်း မေးခွန်း အားလုံးလောက်နီးပါးကို ဆက်တိုက် တင်ပေးနေပါတယ်။

    အားရကျေနပ်ပါတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်မြင်နေကျ မုသားကင်းပြီး ပင်ကိုယ်စိတ်ရင်းကို အခံထားတဲ့ မျက်နှာပေးတစ်ခုကို ဒီနေ့လည်း ကျွန်တော်ထပ်ပြီး မြင်တွေ့ခဲ့ပါတယ်။

    ဒီအင်တာဗျူးမှာ ကျွန်တော်တို့ (အထူးသဖြင့် မွတ်စလင် လူနည်းစု) အတွက် အဖိုးတန်ခဲ့ အာမခံချက်တစ်ခုကို အဲန်အဲလ်ဒီကနေ ပေးလိုက်ပါတယ်။ ဒါကြောင့် ၂၀၁၅ နိုဝင်ဘာ ၅ ၊ အဲန်အဲလ်ဒီရဲ့ ရွေးကောက်ပွဲအကြို အင်တာဗျူးက သမိုင်းဝင်ပါပဲ။

    သမိုင်းဝင်ရအောင် ဘယ်လိုအာမခံချက်မျိုးကို အဲန်အဲလ်ဒီက ပေးလိုက်တာပါလဲ………..?

    ရိုဟင်ဂျာ
    =======

    ရိုဟင်ဂျာတွေက အရေးတကြီး အကူအညီလိုနေတယ် ၊ ခင်ဗျားရဲ့အစီအစဉ်က ဘယ်လိုလဲဆိုပြီး ဂျာမန်ရေဒီယိုကနေ မေးပါတယ်။ တခါ sky ကလည်း ရခိုင်က ဂျီနိုဆိုက်ဒ်ကို ခင်ဗျား ရှုံ့ချမှာလားဆိုပြီး မေးပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က ပြဿနာကို ချဲ့ကားတာမျိုး မလုပ်ဖို့ ပြောပါတယ်။ အဲလိုပြောရမှာ မြန်မာစကားပုံဖြစ်တဲ့ ကြီးတဲ့ပြဿနာငယ်စေ၊ ငယ်တဲ့ပြဿနာပပျောက်စေဆိုတာမျိုးလို ပြဿနာကို ကိုင်တွင်ဖြေရှင်းဖို့ မလွယ်တဲ့အထိ အကျယ်မချဲ့ကြဖို့ သေချာပြောပါတယ်။ အဲဒီအဖြေနဲ့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောကြားတာက – နိုင်ငံသားတွေအားလုံးအတွက် ထိရောက်တဲ့ ဥပဒေအကာအကွယ်နဲ့ လူအခွင့်အရေးစံချိန် စံညွှန်းတွေလည်း ရှိစေရမယ်လို့ ကတိပြုမှာဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ သို့သော် ဂျိုနာဖစ်ရှာရဲ့ တွီဒ်မှာ အဲဒီကတိပေးပုံမျိုး ထည့်မရေးထားတာကြောင့် မသိခဲ့ရပါဘူး။

    အထူးသဖြင့် ကျွန်တော်တို့ သတိပြုရမှာက အဲန်အဲလ်ဒီသည် နိုင်ငံသားတိုင်းအတွက် ထိရောက်တဲ့ ဥပဒေအကာအကွယ်နဲ့ လူ့အခွင့်အရေးစံချိန်တွေ ရစေရမယ်လို့ ကတိပြုတယ်ဆိုတဲ့အချက်ပါပဲ။

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလို အထူးကရုစိုက်ဖြေကြားရမယ့် ထိလွယ်ရှလွယ်တဲ့ ကိစ္စတစ်ခုမှာ နုတ်ဆိတ်နေတယ်လို့ ဝေဖန်ခံနေ ခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲလိုပဲ ယူဆခဲ့မိတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ သို့သော် သူကသာ အလျင်ကတည်းက ဖိနှိပ်ခံ လူနည်းစုအတွက် တခုခု ပြောခဲ့မယ်ဆိုရင်တောင် သူ့စကားက ဘယ်လောက်ထိတာသွာမှာလည်း။ နိုင်ငံတကာမှာတော့ အမြင်လှနိုင်ပေမယ့် ပြည်တွင်းမှာ အဲဒီစကားကို အသုံးတော်ခံပြီး အမြတ်ထုတ်ကြမှာ မလွဲမသွေပါပဲ။ သူစကားကို အာဏာရ အစိုးရကလည်း ဘယ်လို မှသဘောထားမှာ မဟုတ်ပါဘူး၊ သူ့စကားကြောင့် အခြေအနေ တိုးတက်လာစရာအကြောင်းလဲ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲန်အဲလ်ဒီက အာဏာရ ပါတီ မဟုတ်လို့ပါပဲ။ ဒါကို စဉ်းစားကြစေလိုပါတယ်။

    ၁၉ ၈၂ နိုင်ငံသားပြုခွင့်ရှိရေး ဥပဒေ
    =======================

    ၁၉ ၈၂ နိုင်ငံသားဥပဒေနဲ့ပတ်သတ်ပြီး မေးခွန်းတစ်ခု တက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကို သူပြဌာန်းတာမဟုတ်တဲ့ အကြောင်းနဲ့ ဥပဒေပြုလွှတ်တော်ကသာ ပြဌာန်းတဲ့အကြောင်း ပြောပါတယ်။ တဆက်တည်း အဲန်အဲလ်ဒီ အနေနဲ့ အခုအချိန်မှာ အဖြေမပေးနိုင်တဲ့ မေးခွန်းများရှိနေတဲ့ အကြောင်း၊ လူထုရဲ့ အားပေးထောက်ခံမှုကို ရပြီး အဲန်အဲလ်ဒီ အနိုင်ရရေးက အဓိက ကျကြောင်းဖြင့် ဖြေကြားထားပါတယ်။

    ဒီနေရာမှာ အထူးသဖြင့် သတိပြုရမှာက ၁၉ ၈၂ ဥပဒေနဲ့ ပတ်သတ်ပြီး ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကို ဥပဒေပြုလွှတ်တော်က ပြဌာန်းတယ်ဆိုတာမှာတင် ရပ်မပြစ်ဘဲ နိုဝင်ဘာ ၈ ရက်နေ့ နောက်ပိုင်းထိ စောင့်ကြည့်ပါ။ အဲန်အဲလ်ဒီနိုင်ရင် ဘာလုပ်မလဲဆိုတာ သိရပါလိမ့်မယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။ ဒါဟာ လိုအပ်လို့ ပြောခြင်းဖြစ်ပါတယ်။ မလိုအပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တိုတောင်းတဲ့ အဖြေတွေကို ပြတ်ပြတ်သားသားဖြေသွားတာကို သတိထားကြရမှာ ဖြစ်ပါတယ်။

    လှေစီးဒုက္ခသည်များ
    ==============

    boat-people ခေါ် လှေစီးဒုက္ခသည်တွေနဲ့ ဆက်စပ်ပြီး အမေးရှိတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တစ်ခုလုံး မူယာမာယာများတဲ့ ဇာတ်ထုပ်ကြီးဖြစ်နေတာကို နိုင်ငံတကာက အသိအမှတ်ပြုဖို့လိုကြောင်း၊ မတူညီတဲ့ အုပ်စုတွေအကြား အကွဲအပြဲတွေကို ဖန်တီးမယ့်အစား အတူတကွ ပူးပေါင်းနိုင်ဖို့ နိုင်ငံတကာက ကူညီသင့်တဲ့အကြောင်း ပြောပါတယ်။

    သတိပြုရမှာက မတူညီတဲ့ အုပ်စုတွေအကြား အတူတကွ ပူးပေါင်းရေးဆိုတဲ့အချက်ပါပဲ။

    မဘသ
    =====

    ၂၀၁၅ မှာ အဲန်အဲလ်ဒီနိုင်လည်း မဘသကို မလွန်ဆန်နိုင်ဘူး၊ အဲဒီအုပ်စု ဆက်ရှိနေအုန်းမယ်ဆိုတဲ့ အသံတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ မဘသသည် ဖွဲ့စည်းပုံနဲ့ မညီတဲ့အဖွဲ့ဖြစ်တယ်၊ ဘာသာရေးကို နိုင်ငံရေးမှာ မရောယှက်ရဘူး၊ ဒါကြောင့် အဲန်အဲလ်ဒီက ဘာသာရေး ကိစ္စကို မဲဆွယ်စဉ် လုံးဝ ထည့်မပြောပါဘူးဆိုပြီး မဘသအတွက် မေးတဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

    အဲန်အဲလ်ဒီက အခြေခံဥပဒေနဲ့ မညီတဲ့ အဖွဲ့အစည်းကို ဆက်လက်ရပ်တည်ခွင့်ပေးမှာလား ၊ ပေးမယ် မပေးဘူးဆိုတာ ၂၀၁၅ အလွန်ကို ကျော်ပြီး တွေးတောနေမယ်ဆိုရင် သို့လော သို့လောနဲ့ ကိုယ့်မဲတစ်မဲ စွန့်လွှတ်ရကိန်းရှိပါတယ်။

    ကျွန်တော် ကျွန်မတို့ကို ခိုင်းပါ၊ လုပ်ပေးပါရစေလို့ ပြောထားတဲ့ အဲန်အဲလ်ဒီ ဟာ တခါမှ အစိုးရအဖြစ် အခိုင်းမခံရသေးပါဘူး၊ ဒါကို on what basis ပေါ့ဗျာ၊ ဘယ်လို အကြောင်းအကျိုးအကြောင်းတွေနဲ့များ အဲန်အဲလ်ဒီ အာဏာရလည်း မဘသ ဆက်ရှိနေမယ်လို့ တွေးတောပါသလဲ? မဘသ ဆက်ရှိနေရင်တောင် ထင်တိုင်းကျဲလို့ ရနိုင်တော့မယ် မဟုတ်ပါ။

    မြန်မာနိုင်ငံသား မွတ်စလင်များ
    =====================

    နိုင်ငံသား မွတ်စလင်တွေအတွက် အဓိက အာမခံချက်ကတော့ “…proper protection in accordance with the law and in accordance with the norms of the Human rights.” ပါပဲ။ နိုင်ငံသားတိုင်းသည် ဥပဒေရဲ့ အကာအကွယ်ကို စနစ်ကျစွာ ရရှိနိုင်စေရမယ်၊ လူ့အခွင့်အရေး စံတွေအတိုင်းလည်း ဖြစ်စေရမယ်။ ကဲ ၊ ခင်ဗျားတို့ လိုချင်တဲ့ သာတူညီမျှ နိုင်ငံသား အခွင့်အရေး၊ ဒီထက်ဘာကို လိုချင်ပါသေးသလဲ ?

    တရားဥပဒေရဲ့အရှေ့မှာ နိုင်ငံသားတိုင်း တန်းတူဖြစ်စေရမယ်လို့ အာမခံနေပါပြီ။

    တရားဥပဒေစိုးမိုးရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ နိုင်ငံသားတိုင်း သာတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေးဆိုတာ ပါရှိပြီးသားဖြစ်ပါတယ်။ ဒီတော့ အဲန်အဲလ်ဒီရဲ့အာမခံချက်က ကျွန်တော်တို့အတွက် ကျေနပ်စရာ ဟုတ်မဟုတ်ဆိုတာ နဖူးပေါ်လက်တင် စဉ်းစားကြစေလိုပါတယ်။

    သို့သော် နိုဝင်ဘာ ၈ မတိုင်ခင်အထိသာ အချိန်ရတော့ပေမယ့် စဉ်းစားဖို့ လိုအပ်လောက်တဲ့ အချိန်ကလည်း အများဆုံး နာရီပိုင်းခန့်ပဲ လိုအပ်ပါတယ်ခင်ဗျား။

    ** စာရေးသူ၏ ဘလောဂ် စာမျက်နာမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

  • ရွေးကောက်ပွဲမှာ အမျိုးသားရေး ဝါဒီများနှင့် ဘာသာရေး အရေခြုံများ မလိုချင်ပါ

    ရွေးကောက်ပွဲမှာ အမျိုးသားရေး ဝါဒီများနှင့် ဘာသာရေး အရေခြုံများ မလိုချင်ပါ

    malswel2-300x400
    လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တပ်မတော်က စစ်တန်းလျားသို့မပြန်လိုဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တွင် ကန့်လန့်လိုက်ပါနေသောကြောင့် အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာ၌ အခက်အခဲ အတားအဆီးများနှင့် ကြုံနေရချိန်တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ အငြင်းပွားဖွယ်လှုပ်ရှားမှု များကြောင့်လည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် ရှုပ်ထွေးလျက်ရှိနေပါသည်။

    အတိတ်သမိုင်းကိုပြန်ကြည့်လျှင် ရဟန်းသံဃာများ၏အခန်းကဏ္ဍသည် အရေးပါခဲ့သည်မှာ မည်သို့မျှ ငြင်း၍မရ သော်လည်း ထိုစဉ်တုန်းကအခြေအနေနှင့် ယနေ့အခြေအနေတို့သည် အကွဲပြားကြီး ကွဲပြားလျက်ရှိရာ မဘသအဖွဲ့ဝင် သံဃာတော်များ နိုင်ငံရေးတွင်ပါဝင်လာမှုကို ဝေဖန်မှုများစွာရှိလာသကဲ့သို့ ယင်းအဖွဲ့၏ ရပ်တည်ချက်များနှင့်ပတ် သက်၍လည်း မေးခွန်းထုတ်စရာများဖြစ် လာရပါသည်။

    ရွေးကောက်ပွဲအတွက် မဲဆွယ်နေကြသည့် ယခုလိုအချိန်မျိုးတွင်၊ တစ်နည်းအားဖြင့် စနစ်ဆိုးကိုမြေမြှုပ်ကာ စနစ်သစ် ကို မွေးဖွားပေးရန် အရေးတကြီးလိုအပ်နေသည့် ယနေ့လိုအချိန်မျိုးတွင် မဘသအဖွဲ့ဝင်ဆရာတော်အချို့သည် မည်ကဲ့သို့ သောပါတီမျိုးကို မဲမပေးသင့်၊ မည်ကဲ့သို့သောပါတီမျိုးကိုသာ မဲပေးသင့်သည်ဟု စည်းရုံးလှုံ့ဆော်နေကြခြင်းသည် ၄င်းတို့ စိတ်ကြိုက်ပါတီကို ဝင်ရောက်မဲဆွယ်ပေးနေရုံမက ပြည်သူများ၏ မိမိတို့စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ကိုပါ ဝင်ရောက်စွက်ဖက် သလိုလည်း ဖြစ်နေပါသည်။

    တိုက်ဆိုင်စွာပင် မဘသအဖွဲ့၏ အမျိုးစောင့်ဥပဒေအောင်ပွဲခံသည့် အချိန်အခါနှင့် ရွေးကောက်ပွဲမဲဆွယ်သည့်အချိန် အခါတို့ တစ်ပြိုင်နက်တည်းဖြစ်နေချိန်တွင် အချို့သော မဘသဆရာတော်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို နည်းပေါင်းစုံဖြင့် ထိုးနှက်တိုက်ခိုက်နေသလောက် တပ်မတော်အရာရှိဟောင်းများ ဦးဆောင်ဖွဲ့စည်းထားသည့် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဝေဖန်ပြောဆိုမှုမပြုဘဲ နှုတ်ဆိတ်နေကြခြင်းမှာ အကြီးအကျယ်သံသယဖြစ်စရာအဖြစ် ထောက်ပြပြောဆိုမှုများ ရှိနေပါသည်။ တစ်နည်းအားဖြင့် ဤအချက်က မဘသနှင့် အစိုးရကြားတွင် အချိတ်အဆက်များရှိနေသည်ဟူသော သံသယကို ပိုမိုခိုင်မာစေပါသည်။

    ဤနေရာတွင် အမျိုးသားရေးကို ရှေးရှုကာ ဘာသာသာသနာကို အကာအကွယ်ပေးမည့်၊ စောင့်ရှောက်ပေးမည့် ပါတီကိုသာ မဲပေးရန် မဘသဦးဆောင်ဆရာတော်များ၏ ဟောပြောမှုနှင့် တပ်မတော်၏ သဘောထား၊ ပါတီအချို့၏ သဘောထားများ ထပ်မံတိုက် ဆိုင်လျက်ရှိကြပြန်သည်။ အောက်တိုဘာ ၂ဝ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လူရွေးမမှားရန်အတွက် ရွေးချယ်ရမည့် အချက်များကို ပြောဆိုရာ၌ ‘အမျိုးဘာသာသာသနာကို မှန်မှန်ကန်ကန်နှင့် ထိန်းသိမ်းနိုင်သူ’ဖြစ်ရမည်ဟူသည့်အချက်အား ထည့်သွင်းပြောဆိုခဲ့သည်ကို အစိုးရသတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။

    မည်သည့်ကဏ္ဍပဲကြည့်ကြည့် အစစအရာရာချွတ်ခြုံကျနေသော မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေးများ လုပ် ဆောင်ရန် အရေးတကြီးလိုအပ်နေသည့် ယနေ့လိုအချိန်မျိုးတွင် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်နေ သော ကျွန်ုပ်တို့နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည်မှာ အမျိုးသားရေးဝါဒီများမဟုတ်သလို ဘာသာရေးအရေခြုံ များလည်း မဟုတ်ပါ။ နိုင်ငံတွင်းရှိ လူမျိုးဘာသာမရွေး နိုင်ငံသားအားလုံးအတွက် အကျိုးရှိနိုင်မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကဏ္ဍများကို တိုးတက်ကောင်းမွန်ခိုင်မာအောင် ဆောင်ရွက်နိုင်သူများကိုသာ ဦးစားပေးရွေးချယ်ကြရန် အရေးတကြီးလိုအပ်ပါကြောင်း မော်ကွန်းမှ တိုက်တွန်းအပ်ပါသည်။

    မော်ကွန်းအယ်ဒီတာအဖွဲ့
    (၂၀၁၅၊နိုဝင်ဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉) တွင် ထွက်ရှိမည့် အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။)
    http://mawkun.com/opinion/election_malswel/