News @ M-Media

Category: ဆောင်းပါးရှင် အာဘော်

  • အဖေ သူပုန်နှင့် အနာဂတ် မွတ်စလင်မ်တော်လှန်ရေး

    အဖေ သူပုန်နှင့် အနာဂတ် မွတ်စလင်မ်တော်လှန်ရေး

    အောက်တိုဘာ ၁၃၊ ၂၀၁၃
    M-Media
    ဇွဲတေဇာ

    အခုချိန် ကုလားဆန့် ကျင်ရေး ရေရှိန်မြင့်လာနေတော့ ပြောသင့်မပြောသင့်မသိပါ။ သို့ သော် ပြောချင်၍ပြောပါမည်။ ကျနော့အဖေသည် သူပုန်တစ်ယောက်ဖြစ်သည်။ ၈၈ အရေးအခင်းအတွင်း ကျနော်တို့ မြို့တွင် ရှေ့တန်းကပါဝင်ခဲ့ရာ စစ်တပ် အာဏာသိမ်းသည့်အခါ တောခိုသည်။ ရှင်းရှင်းပဲ ပြောပါမည်။ တောခို၍ လက်နက်ကိုင် တပ်ဖွဲ့သို့ ရောက်သဖြင့် သူပုန်ဖြစ်သည်ပေါ့။

    သူပုန်ထက် တော်လှန်ရေးသမားဟု ခေါ်ချင်သည်။ သို့ သော် ထွက်ပြေးတဲ့လူဟု သတ်မှတ်ကြသည့်အတွက် အဖေ့ကို သူပုန်ဟုသာခေါ်တော့မည်။ ၀မ်းနည်းစရာမရှိပါ။

    ၈၈ အရေးအခင်း ဖြစ်တုန်းက ကျနော့်အသက် ၁၀-နှစ်မပြည့်သေး။ အရေးအခင်းပြီးပြီးချင်း အဖေ တောခိုစ ဘယ်ရောက် ဘယ်ပေါက်ဆိုတာ မသိရခင် ရပ်ကွက်ထဲက မိတ်ရင်းဆွေရင်းဆိုသူ မွတ်စလင်မ် အဒေါ်ကြီးက ခုလိုပြောသည်။ “နင့်အဖေ ပြေးပြီမလား၊ ကောင်းတယ်လေ ဒီမိုကရေစီလို ချင်အုံး”။ လုပ်ကြံမပြောပါ။ ကုရ်အာန် ကိုင်ပြီး ကျိန်ရဲသည်။

    အဲ့ဒီ မွတ်စလင်မ်အဒေါ်ကြီးရဲ့ စကား နှစ်ပေါင်း အစိပ်ကျော်လည်း မှတ်မိနေဆဲပါ။ နံနက်ခင်း ပလီ ကျောင်းအဆင်း သူ့ အိမ်တောင်ဖက်လမ်းကြားမှဖြတ်ပြန်စဉ် အုတ်ခုံပေါ်တွင်ထိုင်နေရင်းကမှ လှမ်းပြောခြင်းဖြစ်သည်။

    ကျနော်က ဒီအတိုင်း အိမ်မပြန်ခဲ့ပါ။ သူ့ ပန်းခြံထဲက ပန်းပင်များကိုဖျက်ဆီးပစ်သည်။ မွတ်စလင်မ်တွေကိုနှိမ်တာ လုံးဝမခံနိုင်တဲ့အဖေ၊ ကျောင်းမှာတော်ပေမဲ့ ကျောင်းပြီး တော့ ကုလားဖြစ်လို့ ဆိုပြီး အလုပ်မရတဲ့ အဖေ့အကြောင်း နောက်မှသိရပေမဲ့ အဖေနိုင်ငံရေးလုပ်တာ ငယ်ငယ် ကတည်းက ကျနော်အားပေးတဲ့အတွက် အဖေကို ပြေးပြီ မလားလို့ ပြောတာ လက်ပိုက်ကြည့် မနေခဲ့ပါ။ အဖေ့သွေးလောက် ကျနော့်သွေးလည်း ရဲသည်။

    အဖေပြေးတော့ ရပ်ကွက်ရုံးကြော်ညာဘုတ်မှာ စာကပ်သည်။ အဖေ့ကို ကုလားဆိုး ဆိုပြီး။ ဒီမိုကရေစီလုပ်ချင်းတူတူ မွတ်စလင်မ်မဟုတ်သူများပြေးတော့ ဦးဘယ်သူ ကိုဘယ်သူဟုသာ စာကပ်ပြီး အဖေ့ကျမှ ကုလားဆိုးဟု ကင်ပွန်းတပ်သည်။ ရပ်ကွက်လူကြီးများ ကုလားကိုအလေး မထားခြင်းမှာ မဆန်းပါ။ ဆိုးသည်မှာ ခုနက မွတ်စလင်မ် အဒေါ်ကြီး။ အဖေနိုင်ငံရေးလုပ်ရသည့် ရည်ရွယ်ချက်မှာ အာဏာရှင်စနစ်အောက်မှလွတ်မြောက်ဖို့ ၊ မွတ်စလင်မ်များ အနှိမ်ခံရသည့်ဘ၀၊ ဖိနှိပ်ခံရသည့် ဘ၀မှ လွတ်မြောက်ပြီး တန်းတူအခွင့်အရေးရဖို့ ။

    ဒီလိုလူမျိုးကို အားပေးရမည့်အစား၊ ဒီလိုလူမျိုးမရှိပါက မွေးထုတ်ရမည့်အစား၊ ဒီလိုနိုင်ငံရေးသမား ထောင်ကျလျှင် သူနိုင်ငံရေးအလုပ်ဆက်လုပ်နိုင်ရန်၊ တခြားနိုင်ငံရေး သမားများလည်း မိသားစု နောက်ဆန်မတင်းပဲ တိုင်းပြည်အရေး မွတ်စလင်မ်အရေး ဆက်လုပ်နိုင်ရန် သူ့ မိသားစုကို တာဝန်ယူပေးရမည့်အစား၊ အဖေနိုင်ငံရေး လုပ်သည် ကို အပစ်ပုံချသည်။ ပြေးပြီမလား ဒီမိုကရေစီ ရချင်အုံးဟု ဆိုသည်။

    အဖေပြေးတော့ စာနာသူများရှိသည်။ သို့ သော် အဖေထွက်ပြေးရကောင်းမလား၊ သူများတွေ အလင်းဝင်လာနေလျက် အဖေ အလင်းပြန်ဝင်မလာရကောင်းလားဆိုပြီး တာဝန်မဲ့သူတဦးအဖြစ်၊ အလုပ် လက်ကြောမတင်းတဲ့လူအဖြစ် အပစ်တင်ကြသည်။ ကလေးများအတွက် ဂရုဏာဒေါကြောင့် လည်းဖြစ်ပေလိမ့်မည်။ သို့ သော် ပြည်သူလူထု၏ အခြေအနေ၊ မွတ်စလင်မ်လူထု၏ အခြေအနေ သည် နိုင်ငံရေးအပေါ်မူတည်ပြီး အခွင့်အရေးများကို နိုင်ငံရေးအရ တိုက်ယူရမည်ဟု နားလည်ကြပုံ မပေါ်။ နိုင်ငံရေးကို အလုပ်လက်ကြောမတင်းသည့်လူများအလုပ်ဟုသာ ထင်ကြသည်။

    ဤသို့ သော အမြင်များသည် မြန်မာမွတ်စလင်မ်အများစု၏ အမြင်ဖြစ်တော့သည်။ တလောကပင် မွတ်စလင်မ်အဖွဲ့ ကြီးတစ်ဖွဲ့ မှ မွတ်စလင်မ်များအား နိုင်ငံရေး ၀င်မလုပ်ရန် တားမြစ်စာထုတ်သည့် အနေအထားသို့ပါရောက်တော့သည်။

    ထိုသို့ သော အမြင်ကျဉ်းမြောင်းမှုရလဒ်ကြောင့် ၈၈ မှစ၍ ယခု ၂၅ နှစ်အတွင်း မွတ်စလင်မ် အသိုင်းအ၀ိုင်းထဲတွင် အထင်ကရ နိုင်ငံရေးသမားမရှိတော့။ ၈၈-ကျောင်းသား ခေါင်းဆောင်အချို့နှင့် ၉၀ နောက်ပိုင်းမျိုးဆက် လက်တဆုတ်စာသာရှိသည်။ မွတ်စလင်မ်များအား မီးကုန်ယမ်းကုန် တိုက်ခိုက်နေသည့် ယခုလို အချိန်အခါတွင်တောင် နိုင်ငံရေးအရ အခွင့်အရေးတောင်းဆိုရန် အင်အားကောင်းသည့် နိုင်ငံရေးအဖွဲ့ ၊ နိုင်ငံရေးအခြေခံ၊ နိုင်ငံရေးသမားမရှိ။ မရှိရခြင်း၏ အဓိက တရားခံများမှာ ယခင် မွတ်စလင်မ်လူကြီးများ (သို့ ) ယခင်မွတ်စလင်မ်မျိုးဆက်ဖြစ်သည်။ ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်ရကောင်းမှန်းမသိ၊ နိုင်ငံရေးလုပ်သူကို အားပေးအားမြောက်ပြုရမှန်းမသိသည့် အပြင် နိုင်ငံရေးကြောင့် တောခိုရသူကိုပင် ကဲ့ရဲ့ ဝေဖန်ကြသည်။ အဖေမကောင်းကြောင်း ခနခနကြားရသဖြင့် အဖေနိုင်ငံရေး သမား သူပုန်လုပ်ပေမဲ့ အဖေ့သား အဖေ့သမီး တစ်ယောက်မှ နိုင်ငံရေးထဲမရောက်တော့။ ဗိုလ်ချုပ်သမီး ဒီမိုကရေစီခေါင်းဆောင်ဖြစ်ပေမဲ့ အဖေသူပုန်ရဲ့သား သမီးများ နိုင်ငံရေးစိတ်မ၀င်စား။ ခေါင်းဆောင်ဖြစ်ဖို့  ဝေးစွ (ဗိုလ်ချုပ်သမီးနှင့် မနှိုင်းယဉ်လိုပါ၊ သို့ သော် ဥပမာကောင်းတခုဖြစ်သည့်အတွက် တင်ပြခြင်းဖြစ်သည်။ မြန်မာပြည်နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများလေ့လာလျှင် အဖေခြေယာ အမေခြေယာ ဆက် ဆံသော နိုင်ငံရေးခေါင်းဆောင်များ၊ အတိုက်အခံခေါင်းဆောင်များကို တွေ့ ရပါလိမ့်မည်)။

    နယ်စပ်တွင်အလုပ်ရစဉ်က ပြန်စဉ်းစားမိလာသည်။ သူများတကာ ဆန္ဒပြသည်။ ထောင်ကျခံ သည်။ နိုင်ငံရေးလုပ်သည်။ ထောက်လှမ်းရေးလိုက်သဖြင့် နယ်စပ်သို့ ထွက်ပြေးသည်။ အချို့ လည်း စီးပွားပျက်ခံပြီး နိုင်ငံရေးလုပ်သည်။ နိုင်ငံခြားအဖွဲ့ များနှင့် ဆက်သွယ်သည်၊ သတင်းပို့ သည်။ အ ခန့် မသင့် သဖြင့် ထောင်ကျသည်။ အချို့ ကံကောင်း၍ လွတ်မြောက်နယ်မြေရောက်ကြသည်။ ထိုထွက်ပြေးသူများ ထောင်ကျသူများကို သူတို့ အသိုင်းအ၀ိုင်းက လေးစားကြသည်။ မိသားစုကို တာဝန်ယူ ပေးကြသည်။ သူ့ ငါကြည့် ငါ့သူကြည့် ဖေးမပြီး စစ်အာဏာရှင်စနစ်ကို တိုက်ကြောင်း ဒုက္ခသည်စခန်းရောက် နိုင်ငံရေးအကျဉ်းသားမိသားစု အသိုင်းအ၀ိုင်းဆီမှ သိခွင့်ရသည်။

    ကျနော်တို့ မွတ်စလင်မ်တွေမှာသာ နိုင်ငံရေးသမားများကို လေးစားဖို့ အနေသာ၊ အားပေးဖို့ အနေသာ၊ ပြုစုပျိုးထောင်ဖို့ အနေသာ၊ ဖေးမဖို့ အနေသာ၊ ကဲ့သာရဲ့ကြ သည်။ မကဲ့ရဲ့တောင် မမြင်ချင်ဟန် ဆောင်ကြသည်။ စွန့် လွတ်သည့်လူ၊ အနစ်နာခံသည့်လူကို အလေးမထားသဖြင့်၊ ကိုယ်ကျိုးစွန့် လွတ်ကာ နိုင်ငံရေးတိုက်ပွဲဝင်မည့် လူလည်းမရှိတော့။ သတ္ထိလည်းမရှိတော့။ နမူနာယူစရာလည်း မရှိ၊ အားကျစရာလည်းမရှိ၊ အသိုင်းအ၀ိုင်းလည်းမရှိ။

    ထိုစိတ်ဓာတ်၏ ရလဒ်မှာ ယခုကဲ့သို့ မွတ်စလင်မ်မုန်းတီးရေး အရှိန်မြင့်လာသောအခါ ဘာလုပ်ရ မှန်းမသိဖြစ်နေခြင်းပင်။ သူများကဲ့သို့  တကိုယ်တော် ဆန္ဒပြမည့် လူတောင် တယောက်မှမတွေ့ ရသေး။ သူများတကာ လမ်းလျှောက်၊ ချီတက်ဆန္ဒပြ၊ အစာငတ်ခံ၊ ထုတ်ဖော်စသဖြင့် နိုင်ငံရေး လမ်းကြောင်းအရ မွတ်စလင်မ်များမှာ မလုပ်ကြ၊ မလုပ်ရဲ။ လုပ်၍ တစုံတခုဖြစ်ရင်လည်း နောက်က လိုက်မည့်လူရှိမရှိ မသေချာ။ ပလီမီးရှိ့ မှာမလို့  ဖယ်ပေးလိုက်ပါဆိုတဲ့ မွတ်စလင်မ်လူကြီးဆို သူတွေကြောင့် ငါလိုလူ ဆန္ဒပြလို့  ဆွဲခံထိရင် နည်းတောင်နည်းသေးတယ်ဟု ဆဲလေမလားဟု ထင်မိသည်။

    သို့ သော် မွတ်စလင်မ်များ စော်ကား မတရားခံနေရသည်ကို သည်းမခံနိုင်တော့သည့် မွတ်စလင်မ်လူငယ်ထုတစ်ရပ်ကို ယခု မွတ်စလင်မ်ဆန့် ကျင်ရေး လှုပ်ရှားမှုက မွေးထုတ်ပေးလျက်ရှိကြောင်း မြင်နေရသည်။ လုပ်ရပ်တိုင်းတွင် တန်ပြန်အကျိုးသက်ရောက်မှုရှိသည့်အတွက် နှစ်ပေါင်းများစွာ မိန်းနေသည့် မွတ်စလင်မ် လူငယ်များ မွတ်စလင်မ် ဆန့်ကျင်ရေးကြောင့် ပြန်နိုးထလာနေသည်ကို တွေ့ နေရသည်။ မွတ်စလင်မ်လူကြီးများ အားမပေးခဲ့၊ ပျက်ကွက်ခဲ့သော်လည်း လူငယ်များသည် လက်တွေ့ကို မြင်လာနေပြီဖြစ်သည်။ တော်လှန်ရေးအင်အားစု၊ နိုင်ငံရေး အင်အားစု မရှိသဖြင့် ဤမျှခံနေရသည့် မွတ်စလင်မ်လူထုအတွက် အမြင်ချို့ခဲ့သည့် လူကြီးများ၏ အမှားကို ချေပဖို့  တော်လှန်မည့် လူငယ်များရှိလာနေပြီဖြစ်သည်။ လက်နက်ကိုင်သည့် တော်လှန်ရေးမဟုတ်ပဲ မတရားမှုကို နိုင်ငံရေးအရ တော်လှန်မည့် တော်လှန်ရေးဖြစ်သည်။ တရားမျှတရေးအတွက် နိုင်ငံရေးတိုက်ပွဲဖြစ်သည်။

    “ပြေးပြီမလား၊ ကောင်းတယ်လေ ဒီမိုကရေစီလို ချင်အုံး” ဟု နောက်တခါ မပြောမိပါစေနှင့်။

    * ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • ဟမ္မူရာဘီထက် လက်စောင်းထက်သော မြန်မာပြည်မှ ပုဂ္ဂိုလ်များ

    ဟမ္မူရာဘီထက် လက်စောင်းထက်သော မြန်မာပြည်မှ ပုဂ္ဂိုလ်များ

    အောက်တိုဘာ ၁၂၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင် – ဝေယံ

    HAMMURABI CODE
    HAMMURABI CODE

    ရှေးနှစ်ပေါင်း (၃၅၀၀) ကျော်ခန့်က ဘေဘီလုံဘုရင် ဟမ္မူရာဘီ၏ ကိုဓဥပဒေ အကြောင်းကို သမိုင်းတွင် ဖတ်ဖူးကြပေမည်။ လူသားသမိုင်းတွင် ပထမဦးဆုံး ရေးဆွဲ ခဲ့သော အဆိုပါဥပဒေတွင် မျက်လုံးတစ်လုံး အစား မျက်လုံးတစ်လုံး အလျော်ပေးရမည်။သွားတစ်ချောင်းအစား သွားတစ်ချောင် အလျော်ပေးရမည်ဟု  ပြဌာန်းခဲ့သည်။ (eye for eye , tooth for tooth) အကြမ်းမဖက် မူဝါဒအား အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သော အိန္ဒိယ နိုင်ငံ၏ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ မှ အကယ်၍ မျက်လုံးတစ်လုံး အစား မျက်လုံးတစ်လုံး အလျော် ပေးနေရပါက ကမ္ဘာပေါ်ရှိ လူသားတိုင်းမျက်လုံးတစ်လုံးဘဲ ကျန်ရှိနေမည်ဟု သတိပေး ဟောပြောခဲ့ဖူး သည်။
    လူ့သမိုင်းတွင် လူသားများသည် အလွန်တရာအရုပ်ဆိုးအကျဉ်းတန်သောခေတ် သမိုင်းများကို ဖြတ်သန်းခဲ့ကြရသကဲ့သို့ လူမှုရေး၊ စီးပွားရး၊ နိုင်ငံရေးရာများ တော်လှန် ပြောင်းလဲခဲ့ရသည့် ခေတ်ကာလများကိုလည်းဖြတ်သန်းခဲ့ကြရသည်။ ထိုကဲ့သို့လူသားတို့ဖြတ်သန်းခဲ့ရသည့် ခေတ်သမိုင်းအဖြစ်အပျက်များ အတွင်းမှ ကောင်းဆိုးများ အား သင်ခန်းစာ ယူကာ လက်ရှိလူသားများအနေဖြင့် အသိဥာဏ်မြင့်မားပြီး ငြိမ်းချမ်းသာယာသော လူမှုအသိုင်းအ၀ိုင်းတစ်ခုအား  ကြိုးစားတည်ဆောက်နေကြရသည်။ သို့မဟုတ်ပါက မိမိတို့သည် အနာဂါတ်မျိုးဆက်များ၏ သမိုင်းတရားခံများအဖြစ်ပြစ်တင်ပြောဆိုခြင်းကိုခံရပေမည်။
    မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပျက်နေသော အကြမ်းဖက်မှုများအား အနုလုံ ပတိလုံ လေ့လာကြည့်ပါက မြန်မာနိုင်ငံအတွင်း အသိဥာဏ်နုံခြာပြီး ဆင်ခြင်တုံတရား အားနည်းသော လူ့အသိုင်းအ၀ိုင်းတစ်ခု အခိုင်အမာ ရှိနေပြီဆိုသည်ကို သိရှိလာရပေမည်။ ၂၀၁၂-ခု ဇွန်လ အတွင်း အကြမ်းဖက်မှုကြီး စတင်ဖြစ်ပွားရာ ရခိုင်ပြည်နယ် ရှိ လူ့အဖွဲ့အစည်းအားလေ့လာကြည့်မည်ဆိုပါက ဤအကြမ်းဖက်မှု၏ အခြေခံ အကြောင်းအရာများအား ခြုံငုံသုံးသပ်နိုင်ပေမည်။

    လူဦးရေ (၄) သန်းနီးပါးခန့်ရှိသော ရခိုင်ပြည်နယ်အတွင်း (၂-သန်းခွဲ) နီးပါးသော လူဦးရေမှာ ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ ၈၀% သော ရခိုင်လူမျိုးများ သည် တောနေလူတန်းစားများဖြစ်ကြသည်။ ရခိုင်ပြည်နယ်ရှိ မြို.နယ်တစ်ခုတွင် ပျမ်းမျှအားဖြင့် အထက်တန်းကျောင်း(၃)ကျောင်း အလယ်တန်း ကျောင်း(၈)ကျောင်း၊ မူလတန်းကျောင်း(၁၅၀) ကျောင်းသာရှိပါသည်။ ထို့ကြောင့်ရခိုင်ပြည်နယ်သည် တိုင်းနယ် ပြည်နယ် (၁၄) ခုတွင် ပညာရေး၊စီးပွားရေး၊ လူမှုဆက်ဆံရေး အလွန်တရာမှ အားနည်းသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ဤလူ့အဖွဲ့အစည်းသည် စီးပွားရေး နှင့်ဘာသာရေးအား အကြောင်းပြပြီး သွေးထိုး လှုံ့ဆော်ရန် အလွန်လွယ်ကူ နေပါသည်။ ရခိုင်လူမျိုးများ၏ အထွေထွေအားနည်းချက်အား အသုံးချပြီး ရခိုင်ခေါင်းဆောင်ဆိုသူများမှ နိုင်ငံရေး၊စီးပွားရေး အမြတ်ထုတ်နေသည်မှာ တနေ့တခြား ပေါ်လွှင်ထင်ရှားလာနေပါသည်။

    ၂၈.၀၉.၂၀၁၃ နေ့တွင်စတင်ဖြစ်ပွားခဲ့သော သံတွဲမြို့အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှဦးဝင်းမြိုင်၏ အင်တာဗျူး တစ်ခု တွင် ရခိုင်ပြည်နယ်နှင့် ပြည်မအတွင်းဖြစ်ပွားခဲ့သော မွတ်ဆလင်များအပေါ် အကြမ်းဖက် မီရှို့၊ လူသတ်မှု အားလုံးသည် မွတ်စလင်မ်များမှ အစပြုခဲ့ခြင်းဖြစ်သည်ဟု ဆင်ခြင်တုံတရားမဲ့၊ လူ့ဂုဏ်သိက္ခာမဲ့စွာ ပြောဆိုခဲ့သည်။ ဦးဝင်းမြိုင်ကဲ့သို့ တခြားရခိုင်ခေါင်းဆောင်းများ အနေဖြင့်လည်း ဤကဲ့သို့ အရှက်သိက္ခာ ကင်းမဲ့သော စကားများ အား လူထုရှေ့ရောက်အောင် ပြောဆိုရဲသည်မှာ အလွန် အံ့သြဖွယ်ရာ ဖြစ်ပါသည်။ ၎င်း တို့အနေဖြင့် ပညာမဲ့အသိုင်းအ၀ိုင်း ရှေ့မှောက်တွင် ယာယီ သူရဲကောင်းဖြစ်လာ နိုင်သော်လည်း ပြသနာတစ်ခုအား ရှုထောင့်စုံမှ လေ့လာသုံးသပ်တတ်သော အသိဥာဏ်ရင့်ကျက်သည့် လူ့အသိုင်းအ၀ိုင်းရှေ့မှောက်တွင် အဆိုပါပုဂ္ဂိုလ်များအား လူ့အသိဥာဏ်မဖွံ့ဖြိုးသေးသော လူသားများအဖြစ် ထင်မြင်ယူ ဆကြပေမည်။

    ကမ္ဘာပ်ါရှိမည်သည့်လူ့အသိုင်းအ၀ိုင်းတွင်မဆို လူပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး ကြားပြစ်မှုဆိုင်ရာ ပြသနာ ကြီးငယ်များ ရှိနိုင်ပါသည်။ ဘာသာ လူမျိုးပေါင်းစုံ အတူတကွ နေထိုင်သော လူ့အသိုင်းအ၀ိုင်းတစ်ခုအတွင်း ဘာသာတူခြင်းသော်လည်းကောင်း၊ ဘာသာမတူခြင်းသော်လည်းကောင်း ပြသနာရှိနိုင်သည်မှာလည်း သဘာဝတရားပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော ပြစ်မှုဆိုင်ရာပြသနာများအတွင်း မွတ်ဆလင်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တစ်ဦးအား ကျူးလွန်မိသော ပြစ်မှုတစ်ခုအားရွေးထုတ်ပြီး မွတ်စလင်မ်များအား အကြမ်းဖက်၊မီးရှိုး၊လူသတ် နေကြသည်ကို အပြစ်မမြင်သည့်အပြင် မွတ်စလင်မ် အသိုင်းအ၀ိုင်းတစ်ခုလုံးအား အပြစ်တင်နေကြသူများသည် ပုံမှန်အသိဥာဏ်ရှိသောလူသားများ ဟုတ်မဟုတ် ဦးနှောက်အထူးကု ပါရဂူ များဖြင့် စမ်းသပ်စစ်ဆေးသင့်ပေသည်။ ပြစ်မှုကျူးလွန်သူ မွတ်စလင်မ်တစ်ဦးအား တရားဥပဒေအရ အပြစ်ပေးခြင်းသည် မွတ်စလင်မ်အသိုင်းအ၀ိုင်းအနေဖြင့် မည်သို့မှ အပြစ်ဆိုဖွယ်မရှိပေ။ သို့သော် မြန်မာမွတ်စလင်မ် အသိုင်းအ၀ိုင်းတစ်ခုလုံးအပေါ်တရားမ၀င်သီးသန့် ပြဌာန်းထားသော မွတ်စလင်မ်တစ်ဦးနှင့်ဗုဒ္ဓဘာသာဝင်တစ်ဦးပတိပက္ခဖြစ်ပါက ပတ်ဝန်းကျင်ရှိမွတ်ဆလင်များနှင့် ၎င်းတို့ပိုင်ပစ္စည်းများ မီးရှို့၊ ဖျက်ဆီး၊သတ်ဖြတ်နိုင်သည် ဟူသော ဥပဒေသည် လွန်ခဲ့သော နှစ်ပေါင်း (၃၅၀၀) ကျော်ခန့်ကဘေဘီလုံနိုင်ငံမှ လူထုအားပြဌာန်းခဲ့သော ဥပဒေထက် ပိုဆိုးနေပါသည်။ ကိုးကွယ်ရာဘာသာတရား မရှိသေးသော ထိုခေတ်လူသားများရေးဆွဲခဲ့သောဥပဒေတွင် သူတပါး သွားတစ်ချောင်းအား ရိုက်ချိုးခဲ့သူသည် မိမိသွားတစ်ချောင်း ရိုက်ချိုးခံရပေမည်။ မြန်မာနိုင်ငံတွင် မွတ်စလင်မ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တစ်ဦး၏ သွားတစ်ချောင်းအား ရိုက်ချိုးခဲ့ပါက ထိုပြစ်မှုအားကျူးလွန် ခဲ့သော မွတ်စလင်မ်၏ သွားအားလုံး ရိုက်ချိုးခံ ရသည့်အပြင် မွတ်စလင်မ်အသိုင်းအ၀ိုင်းတစ်ခုလုံး၏ သွားများလည်းရိုက်ချိုးခံနေရပါသည်။

    ဤ ဥပဒေအား မြန်မာနိုင်ငံအတွင်း မေတ္တာတရား ကြီးမားသော ဘာသာဝင် လူပုဂ္ဂိုလ် တစ်စုမှ လူထုရှေ့မှောက်တွင် တရားဝင် ထောက်ခံအတည်ပြုထားသော ဥပဒေဖြစ်ပါသည်။ တနည်းဆိုရသော် ရှေ့နှစ်ပေါင်း (၃၅၀၀)ကျော်ခန့်က တည်ရှိခဲ့ သာ ဘာသာမဲ့လူ့အသိုင်းအ၀ိုင်းတစ်ခုထက် အသိဥာဏ်နိမ့်ကျနေသော၊ လူသားမပီသသော ဘာသာရှိလူ့အသိုင်းအ၀ိုင်းတစ်ခု မြန်မာနိုင်ငံအတွင်း အခိုင်အမာရှိနေပါ သည်။ ထိုလူ့အသိုင်းအ၀ိုင်းရှိ ခေါင်းဆောင်များသည် ဟမ္မူရာဘီထက် ပိုလက်ဇောင်းထက် နေကြောင်းတွေ့မြင်နေရသည်မှာ မြန်မာနိုင်ငံအနာဂါတ်အတွက်
    အလွန်တရာရင်လေးစရာ ဖြစ်နေပါသည်။

     

  • အာဇာနည်နေ့ နှင့် မြန်မာမွတ်စလင်မ်

    ဇူလိုင်- ၁၉ ၊ ၂၀၁၃
    M-Media
    photo
    ၁၉ ဇူလိုင် ကျရောက်ပြန်ခဲ့ပါပြီ။ ဒီအချိန်အခါကတော့ အာဇာနည်နေ့ ရဲ့ စစ်မှန်တဲ့ အရေးပါမှုကို ထုတ် ဖော် ပြသကြရမယ့် အချိန်ပါပဲ။

    မြန်မာ့မြေပေါ်က အစ္စလာမ်သာသနာဝင်များအတွက် ယခုနှစ် အာဇာနည်နေ့ဟာ ဥပုသ်လနဲ့ တိုက်ဆိုင်နေတာကြောင့် လည်းကောင်း၊ ဖြစ်ပျက်နေခဲ့တဲ့ အနေအထားတွေအရ လည်းကောင်း ယခင်နှစ်များထက်ပိုပြီး ထူးခြားနေသလို အခြားနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားညီရင်းအစ်ကိုမောင်ရင်းနှမများကလည်း မြန်မာပြည်ဖွား မွတ်စလင်မ်များကို သူတို့ရဲ့သာသနာအပေါ်မှာ လုံးဝဥဿုံ ပျပ်ဝပ်ထားရင်းနဲ့မှ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကို ဘယ်လို ထုတ်ဖော်ပြသမလဲ၊ ဘယ်လို ရပ်တည်ပြမလဲဆိုတာ တွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်ကောင်း စောင့်ကြည့်နေပါလိမ့်မယ်။

    အစ္စလာမ့်သွန်သင်ချက်ကတော့ ဒီလိုပါ။ မွတ်စလင်မ်တစ်ဦး တစ်ယောက်က မိမိရဲ့ တစ်ပြည်တည်း သားချင်းကို ရန်ဘက်ပြုမယ် ဆိုရင်တော့ အဲဒီမွတ်စလင်မ်က အစ္စလာမ့်အရင်းခံ သွန်သင်ချက်ကို ဖောက်ဖျက် ကျူးလွန်သူပါ။ အစ္စလာမ့် တမန်တော်ကြီး မုဟမ္မဒ် (သခင့်အပေါ်သို့ ငြိမ်းချမ်းခြင်း သန္တိ သုခအဖြာဖြာ ကျရောက်ပါစေ)က အသင်တို့ရဲ့ တိုင်းပြည်ပေါ်မှာ ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ဟာ (သာသနာအပေါ်) သက်ဝင်ယုံကြည်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုပြီး အလွန်တရာ လှပသိမ် မွေ့စွာ သွန်သင်မိန့်ကြားတော်မူခဲ့ပါတယ်။

    ကုရ်အာန်ကျမ်းတော်က မွတ်စလင်မ်များကို မိမိတို့အထက်က အုပ်ချုပ်သူများအား နာခံဖို့ အခု လို သွန်သင်ထားပါတယ်။

    “အို-သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ် တမန်တော်၏ အမိန့်တော်များကို လည်းကောင်း၊ မိမိတို့အနက်မှ အာဏာပိုင်များ၏အမိန့်ကို လည်းကောင်း၊ လိုက်နာကြလေကုန်။” (ကုရ်အာန် ၄.၅၉)

    တဖန် တမန်တော်မုဟမ္မဒ်က အခုလို သွန်သင်ထားပြန်ပါတယ်။

    “ငါ့အားနာခံသူဟာ ဘုရားရှင်ကို နာခံသူဖြစ်တယ်။ ငါ့ကို မနာခံသူကတော့ ဘုရားရှင်ကို မနာခံသူဖြစ်တယ်။ ဘယ်သူမဆို မိမိအထက်က အုပ်ချုပ်သူကို နာခံမယ်ဆိုရင် ငါ့ကို နာခံတာနဲ့ သဏ္ဌာန်တူဖြစ်တယ်။ မိမိအထက်က အုပ်ချုပ်သူကို မနာခံသူကတော့ ငါ့ကို မနာခံတာနဲ့ သဏ္ဌာန်တူပဲ ဖြစ်တယ်။” (မွတ်စလင်မ်ကျမ်း၊ ကိတာဗ်အလ် အိမာရာဟ်)

    ဒါကြောင့် တိုင်းပြည်အုပ်ချုပ်သူများကို နာခံဖို့နဲ့ မျိုးချစ်စိတ်ဓာတ် ထားရှိကြဖို့ကို ကုရ်အာန်ကျမ်း တော်နဲ့ တမန်တော်ကြီး မုဟမ္မဒ်တို့က ရှင်းလင်းစွာ သွန်သင်ထားပြီးဖြစ်ပါတယ်။ ဒီလို မိမိတို့ရဲ့ မွေးရပ်မြေနိုင်ငံတော် အပေါ် သာမက အမျိုးသားချင်းများ အပေါ်မှာပါ သစ္စာမဖောက် ဖျက်စတမ်း ထားရှိရမယ့် မျိုးချစ်စိတ်ဓာတ်နဲ့ ပတ်သက်ပြီး အစ္စလာမ့်သွန်သင်ချက် ကတော့ လက်တွေ့ကျသလို မင်းမဲ့ စရိုက်တွေနဲ့ သူပုန်ထမှု တွေကိုပါ အမြစ်ကနေ တွန်းလှန်ဖို့ ရည်ရွယ်ပါတယ်။

    အစ္စလာမ့်သွန်သင်ချက်က ကမ္ဘာလုံးဆိုင်ရာ(ယူနီဗာဆယ်) ဖြစ်သလို မွတ်စလင်မ်တွေအားလုံးကိုလည်း ငြိမ်းချမ်းစွာ ဘ၀ကျောင်းလမ်းစေဖို့  ဆင့်ဆိုပါတယ်။ ဒီသွန်သင်ချက်က မွတ်စလင်မ်တွေကို သစ္စာစောင့်သိရိုသေမှုနဲ့ပတ်သက်ပြီး ဘယ်သောအခါမှ  ဇဝေဇဝါဖြစ်စေဖို့ရာ လမ်းညွှန်ထားတာမျိုးမရှိပါ။ ဒါကြောင့် လည်း မြန်မာ့လွတ်လပ်ရေးကျိုးပမ်းမှုသမိုင်းမှာ အစ္စလာမ်သာသနာကို မမှိတ်မသုန် ယုံကြည် သက်ဝင်ထားကြတဲ့ မြန်မာနိုင်ငံသား အမြောက်အမြား ကို တွေ့ရမှာဖြစ်သလို အာဇာနည်ကြီးများ စာရင်းမှာ လည်း မြန်မာမွတ်စလင်မ်များ ကိုယ်စားပြု ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေးတို့ကို တွေ့ကြရမှာပါ။

    ဒါကြောင့် ယနေ့ကြရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခါသမယမှာ မြန်မာမွတ်စလင်မ်များကလည်း ထက်သန်သော မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များနဲ့ အာဇာနည်ကြီးများကို ဂါရ၀ပြုအပ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။