News @ M-Media

Category: အာဖရိက

  • သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဖရိကဖလားတွင် ဆီနီဂေါ  ဗိုလ်စွဲ

    သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဖရိကဖလားတွင် ဆီနီဂေါ ဗိုလ်စွဲ

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    -မနေ့က ကစားခဲ့တဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

    ဒါဟာ သမိုင်းတစ်လျှောက် အာဖရိကဖလားကို ပထမဆုံးအကြိမ် ရရှိမှုပါ။ ဒီအောင်မြင်မှုအတွက် ဆီနီဂေါတစ်နိုင်လုံးက အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

    ပွဲကစားချိန်အတွင်း ဆီနီဂေါဟာ အီဂျစ်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲအစ ၇ မိနစ်မှာရတဲ့ ပင်နယ်တီကိုလည်း တိုက်စစ်မှူး ဆာဒီယိုမာနေး လွဲလျော်ခဲ့ပါတယ်။

    ဒါပေမယ့် ပင်နယ်တီမှာ မာနေးက အဆုံးအဖြတ် ဂိုးကို ကန်သွင်းယူကာ အီဂျစ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နောက်ဆုံးဗိုလ်လုပွဲမှာ အလ်ဂျီးရီးယားကို ရှုံးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ကြမ္မာဆိုးကို ဆီနီဂေါတို့ ဒီတစ်ကြိမ်မှာ ချိုးဖျက်နိုင်ခဲ့ပါတယ်။

    “ဆီနီဂေါဟာ ဗိုလ်လုပွဲမှာရှုံးပြီး ဖလားလက်လွှတ်ရတာတွေ များနေပါပြီ။ အခု အလုံးကြီး ကျသွားပြီ။ နောက်ဆုံးတော့ ချန်ပီယံဖြစ်ပြီပေါ့ဗျာ” လို့ ဆီနီဂေါမြို့တော် ဒါကာမှာ သူငယ်ချင်းတွေနဲ့အတူ အောင်ပွဲခံနေတဲ့ အသက် ၃၁ နှစ်အရွယ် ပါပီ မာလစ် ဒီဘာက ပြောပါတယ်။

    အီဂျစ်က ၂၀၁၇ ခုနှစ် ဖိုင်နယ်မှာ ကင်မရွန်းကို ရှုံးပြီး ဒုတိယသာ ရခဲ့သလို အဲဒီနောက်ပိုင်း ပထမဆုံး ဖိုင်နယ်တက်လာတဲ့ အခုနှစ်မှာလည်း ဒုတိယနဲ့သာ ထပ်မံကျေနပ်ခဲ့ရပါတယ်။ နာမည်ကြီး တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ပွဲအပြီးမှာ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့ပါတယ်။

    Ref: Reuters

  • မော်ရိုကိုမှ ရေတွင်းထဲကျသွားသည့် ၅ နှစ်အရွယ်ကလေးငယ် အသက်မရှင်

    မော်ရိုကိုမှ ရေတွင်းထဲကျသွားသည့် ၅ နှစ်အရွယ်ကလေးငယ် အသက်မရှင်

    ဖေဖော်ဝါရီ ၆၊ ၂၀၂၂
    M-Media

    -ရေတွင်းထဲကျသွားတဲ့ အသက် ၅ နှစ်အရွယ် ရိုင်ယန် အောင်ရမ်ဟာ ကယ်ဆယ်ရေးသမားတွေ မရောက်ခင်မှာပဲ သေဆုံးသွားတယ်လို့ မော်ရိုကိုအစိုးရက ထုတ်ပြန်ပါတယ်။

    နိုင်ငံမြောက်ပိုင်းက တောင်တန်းဒေသဖြစ်တဲ့ Chefchaouen မှာ ရိုင်ယန်တစ်ယောက် အင်္ဂါနေ့က ရေတွင်းထဲ ပြုတ်ကျသွားတာဖြစ်ပါတယ်။ ရိုင်ယန်ကို ကယ်ဖို့အတွက် မော်ရိုကိုအစိုးရက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြတဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    ရေတွင်းအ၀ဟာ ၁၈ လက်မသာကျယ်ပြီး အတွင်းပိုင်းမှာ ပိုကျဉ်းသွားတာကြောင့် ကယ်ဆယ်ရေးသမား​တွေ ဆင်းကယ်ဖို့ မလွယ်ကူပါဘူး။ ရိုင်ယန်ဟာ ရေတွင်းအောက် ပေ ၁၀၀ လောက်မှာ ညပ်နေတာ ဖြစ်ပါတယ်။

    ကယ်ဆယ်ရေးသမားတွေဟာ ရေတွင်းဘေးနားက မြေတွေကို ဖြိုချပြီး အလျားလိုက် မြောင်းဖောက်ကာ ကယ်ဖို့ ကြိုးစားခဲ့ကြတာပါ။ တောင်ကုန်းဖြစ်ပြီး မြေကလည်း ပျော့တာကြောင့် မြေပြိုမယ့်အန္တရာယ်ကို အထူးရှောင်ရှားပြီး တူးခဲ့ရတာ ဖြစ်ပါတယ်။

    မနေ့ကညပိုင်းက ရိုင်ယန်ညပ်နေတဲ့နေရာကို ရောက်ရှိခဲ့ပေမယ့် အသက်မမီတော့ပါဘူး။

    ရေတွင်းထဲပြုတ်ကျပြီးပြီးချင်းမှာ ရိုင်ယန်ဟာ အသက်ရှင်သေးပြီး ကယ်ဆယ်ရေးသမားတွေက အောက်ဆီဂျင်နဲ့ ရေတွေကို အပေါ်ကနေ ချကာ အသက်ဆက်နိုင်အောင် ကြိုးစားခဲ့ကြပါသေးတယ်။​ Chefchaouen ဒေသဟာ ဆောင်းတွင်းမှာ အလွန်အေးတဲ့ ဒေသလည်း ဖြစ်ပါတယ်။

    ရိုင်ယန်လေးသေဆုံးသွားမှုအတွက် ဝမ်းနည်းကြောင်း မော်ရိုကိုဘုရင် မိုဟာမက်က ကြေငြာချက် ထုတ်ပြန်ခဲ့သလို၊ မော်ရိုကိုနဲ့ ကမ္ဘာတစ်ဝှမ်း ပြည်သူတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

    Ref: Reuters

  • အီသီယိုးပီးယားပြည်တွင်းစစ် အရှိန်ပိုမြင့်လာ၊ ၀န်ကြီးချုပ်ကိုယ်တိုင် ထွက်တိုက်မည်ဟုဆို

    အီသီယိုးပီးယားပြည်တွင်းစစ် အရှိန်ပိုမြင့်လာ၊ ၀န်ကြီးချုပ်ကိုယ်တိုင် ထွက်တိုက်မည်ဟုဆို

    နို၀င်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -နို၀င်ဘာ ၂၃ ရက်နေ့ကစတင်ပြီး စစ်တပ်ကိုဦးဆောင်ကာ ရှေ့တန်းစစ်မျက်နှာကို ထွက်တိုက်မယ်လို့ အီသီယိုးပီးယား ၀န်ကြီးချုပ် အဘီအဟ်မဒ်က ကြေငြာလိုက်ပါတယ်။

    နိုင်ငံမြောက်ပိုင်း တီဂရေးဒေသမှာ တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) နဲ့ အီသီယိုးပီးယား အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့နှစ် နိုင်၀င်ဘာလကတည်းက စတင်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ဟာ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာပြီး တစ်ခြားဒေသတွေပါ ပြန့်နှံ့လာပါတယ်။ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကလည်း TPLF နဲ့ မဟာမိတ်ဖွဲ့ကာ အစိုးရကို တိုက်ခိုက်လာကြပါတယ်။

    အင်္ဂါနေ့ကစတင်ပြီး ရှေ့တန်းကိုထွက်ကာ စစ်တပ်ကို ဦးဆောင်တော့မယ်လို့ ၀န်ကြီးချုပ် အဘီ အဟ်မဒ်က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    “အီသီယိုးပီးယားမျိုးဆက်သစ်တွေ ပြောစမတ်ပြုစရာအဖြစ် သမိုင်းကျန်ခဲ့ချင်သူတွေ ဒီကနေ့ တိုင်းပြည်အတွက် လက်ထောင်လိုက်ပါ။ ရှေ့တန်းမှာ ကျွန်တော်တို့ တွေ့ကြမယ်”

    ၁ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ အီသီယိုးပီးယား ပြည်တွင်းစစ်မှာ လူထောင်ချီ သေဆုံးခဲ့ပြီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သိန်းချီ ရှိနေပါတယ်။ အာဖရိကရဲ့ ဒုတိယလူဦးရေအများဆုံး နိုင်ငံက ဒီပြဿနာဟာ ဒေသတွင်းကိုပါ ရိုက်ခတ်လာမှာကို ကမ္ဘာ့အသိုင်းအ၀ိုင်းက စိုးရိမ်နေကြပါတယ်။

    TPLF အဖွဲ့ဟာ မြို့တော် အက်ဒစ် အဘာဘာကို သိမ်းဖို့ ကြိုးစားနေပြီး မြို့တော် အရှေ့မြောက်ဖက် ၁၃၆ မိုင်သာ၀ေးတဲ့ ရှီ၀ါရိုဘစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • ဒီမိုကရေစီလမ်းကြောင်းဆီ ချီတက်မည်ဟု စစ်တပ်ထံမှ အာဏာပြန်ရသည့် ဆူဒန်ဝန်ကြီးချုပ်ပြော

    ဒီမိုကရေစီလမ်းကြောင်းဆီ ချီတက်မည်ဟု စစ်တပ်ထံမှ အာဏာပြန်ရသည့် ဆူဒန်ဝန်ကြီးချုပ်ပြော

    နိုဝင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    ဆူဒန်ဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့

    -နယ်ပယ်စုံက တတ်သိပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ်တွေနဲ့ အစိုးရတစ်ရပ်ဖွဲ့ကာ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်မယ်လို့ စစ်တပ်လက်ထဲကနေ အာဏာပြန်ရခဲ့တဲ့ ဆူဒန်ဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့က ပြောပါတယ်။

    ဟမ်ဒေါ့ဟာ အောက်တိုဘာ ၂၅ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ် ဖာတာ ဘူရ်ဟန်ရဲ့ အာဏာသိမ်း ဖြုတ်ချမှုကို ခံခဲ့ရပြီး သူနဲ့ အစိုးရရာရှိတွေ နေအိမ်အကျယ်ချုပ်မှာ နေခဲ့ရတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ပြည်သူလူထုက ဆန္ဒပြခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာကြောင့် အနည်းဆုံး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

    နိုင်ငံရေးအကျပ်အတည်း ပြေလည်ဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဘူရဟန်၊ ဟမ်ဒေါ့နဲ့ နိုင်ငံရေးနယ်ပယ်ကသူတွေ၊ အခြားတတ်သိပညာရှင်တွေ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် မနေ့က အချက် ၁၄ ချက်ပါ သဘောတူညီချက်တစ်ခုကို ရခဲ့ပါတယ်။

    သဘောတူညီချက်အရ ဟမ်ဒေါ့က ဝန်ကြီးချုပ်တာဝန်ပြန်ယူကာ တတ်သိပညာရှင်တွေနဲ့ အစိုးရဖွဲ့ရမှာဖြစ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေအားလုံးကို စစ်ခေါင်းဆောင်က ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဟမ်ဒေါ့ဟာ အာဏာဘယ်လောက်ပမာဏအထိ ရယူကျင့်သုံးနိုင်မလဲဆိုတာ တိတိကျကျ မသိရပါဘူး။

    သူဖွဲ့စည်းမယ့်အစိုးရဟာ ၂၀၁၉ ခုနှစ် အခြေခံဥပ​ဒေဆိုင်ရာ ပဋိဉာဏ်ကို အခြေခံကာ အခြေခံဥပဒေရေးဆွဲရေး၊ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ရွေးကောက်ပွဲကျင်းပကာ ဒီမိုကရေစီလမ်းကြောင်းဆီ ချီတက်ရေး အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ဟမ်ဒေါ့က ပြောပါတယ်။

    ဟမ်ဒေါ့ဖွဲ့စည်းတဲ့ အစိုးရကို စစ်ခေါင်းဆောင် ဘူရ်ဟန်က အကြီးအကဲအဖြစ်တာဝန်ယူထားတဲ့ နိုင်ငံတော်ကောင်စီက အတည်ပြုပေးရမှာဖြစ်ပါတယ်။ ၃ ပတ်ကြာ စစ်အာဏာသိမ်းမှုအတွင်း ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုမှုတွေအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်သွားမယ်လို့လည်း ဟမ်ဒေါ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဟမ်ဒေါ့နဲ့ ဘူရ်ဟန်တို့အကြား ရရှိတဲ့ သဘောတူညီချက်ကို ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။

    Ref: Aljazeera

  • ဆူဒန်အာဏာသိမ်းစစ်တပ်က ဝန်ကြီးချုပ်ကို ရာထူးပြန်ပေးမည်

    ဆူဒန်အာဏာသိမ်းစစ်တပ်က ဝန်ကြီးချုပ်ကို ရာထူးပြန်ပေးမည်

    နိုဝင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    အာဏာသိမ်းစစ်ခေါင်းဆောင် အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန်

    -ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့ကို ရာထူးပြန်ပေးပြီး ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့အတွက် ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင်က သဘောတူခဲ့တယ်လို့ ညှိနှိုင်းဆွေး​နွေးသူတွေက ပြောပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် ဘူရ်ဟန်၊ ဝန်ကြီးချုပ် ဟမ်ဒေါ့၊ နိုင်ငံရေးပါတီတွေ၊ သူပုန်ခေါင်းဆောင်ဟောင်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စနေနေ့မှာ ဆွေးနွေးညှိနှိုင်းပြီး ဒီသဘောတူညီချက်ကို ရရှိခဲ့တာပါ။ နိုင်ငံတော်ကောင်စီက ဒီကိစ္စကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်ဖို့ ရှိတယ်လို့ ဒီကိစ္စကို သိရှိသူတွေက ပြောပါတယ်။

    ဟမ်ဒေါ့ဦးဆောင်ကာ အစိုးရဖွဲ့စည်းမှာဖြစ်ပြီး စစ်တပ်က ဖမ်းထားတဲ့ နိုင်ငံရေးသမားအားလုံးကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ အောက်တိုဘာ ၂၅ ရက်နေ့က ဝန်ကြီးချုပ် ဟမ်ဒေါ့နဲ့ အစိုးရအကြီးအကဲတွေကို ဖမ်းဆီး အာဏာသိမ်းခဲ့ပြီး အဲ့ဒီနောက်ပိုင်း ဆူဒန်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ပြည်သူတွေက ဆက်တိုက် ပြုလုပ်လာပြီး အာဏာသိမ်းစစ်တပ်ကလည်း အကြမ်ဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

    ဗိုလ်ချုပ် ဘူရ်ဟန်ဟာ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး အသွင်ကူးပြောင်းရေးအစိုးရ အကြီးအကဲအဖြစ် သူ့ကိုယ်သူ ခန့်အပ်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့ Forces for the Declaration of Freedom and Change က စစ်တပ်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး၊ စစ်တပ်နဲ့ နိုင်ငံရေးမိတ်ဖွဲ့တာမျိုး မလုပ်ဖို့၊ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးဖို့ နိုင်ငံရေးပါတီတွေကို တောင်းဆိုခဲ့ပါတယ်။

    Ref : Aljazeera