News @ M-Media

Category: အာဖရိက

  • ဆူဒန်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်

    ဆူဒန်တွင် အာဏာသိမ်းရန် ကြံစည်မှုဖြစ်

    စက်တင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -အင်္ဂါနေ့မနက်ပိုင်းမှာ အာဏာသိမ်းဖို့ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်အစိုးရက ထုတ်ပြန်ပါတယ်။

    အာဏာသိမ်းမယ့်အဖွဲ့ဟာ ဝန်ကြီးများကောင်စီ ရုံးထိုင်ရာ အဆောက်အဦး၊ နိုင်ငံပိုင် ရေဒီယိုအပါအဝင် အဓိကကျတဲ့ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ဖို့ ကြိုးစားစဉ်မှာ နှိမ်နှင်းခံလိုက်ရတာ ဖြစ်ပါတယ်။

    ဖမ်းဆီးခံထားရတဲ့ အာဏာရှင်ဟောင်း အိုမာ ဘရှီးကို ထောက်ခံတဲ့ စစ်ဖက်၊ အရပ်ဖက် အရာရှိတွေက ပူးပေါင်းကြံစည်တာဖြစ်ပြီး ခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်လို့ ဆူဒန်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီး ဟမ်ဇာ ဘာလူလ်က ပြောပါတယ်။

    အာဏာသိမ်းဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားသူဟာ အယောက် ၄၀ လောက်ရှိနေပြီး ထွက်ပြေးနေသူတွေကိုလည်း လိုက်လံဖမ်းဆီးနေတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

    နှစ်ပေါင်း ၃၀ ကြာ တိုင်းပြည်ကို အုပ်စိုးလာတဲ့ အာဏာရှင် ဘရှီးကို ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း ဆူဒန်နိုင်ငံရေးက တည်ငြိမ်မှု မရှိသေးပါဘူး။ ဘရှီးကို သစ္စာခံတဲ့အဖွဲ့က အာဏာသိမ်းဖို့ အကြိမ်ကြိမ်ကြိုးစားမှုဖြစ်ခဲ့တယ်လို့ အသွင်ကူးပြောင်းရေးအစိုးရက အရင်အကြိမ်တွေမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ် အလ်ဒဲလာ ဟမ်ဒေါ့ လုပ်ကြံခံခဲ့ရပေမယ့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

    အာဏာရှင်ဟောင်း ဘရှီးကို ၂၀၀၀ ပြည့်နှစ်တွေက နိုင်ငံအနောက်ပိုင်း ဒါဖာဒေသမှာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအတွက် ဆူဒန်အစိုးရက ဖမ်းဆီးထားပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အစ္စရေးအဆင့်မြင့်ထောင်မှ ပါလက်စတိုင်းအကျဉ်းသား ၆ ဦး ထောင်ဖောက်ပြေး

    အစ္စရေးအဆင့်မြင့်ထောင်မှ ပါလက်စတိုင်းအကျဉ်းသား ၆ ဦး ထောင်ဖောက်ပြေး

    စက်တင်ဘာ ၇၊ ၂၀၂၁
    M-Media

    -အစ္စရေးက လုံခြုံ​ရေးအဆင့်မြင့်ထောင်ကနေ ပါလက်စတိုင်းအကျဉ်းသား ၆ ဦး မယုံနိုင်စရာ ထောင်ဖောက်ထွက်ပြေးသွားခဲ့ပြီး အစ္စရေးအာဏာပိုင်တွေကတော့ ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။

    အစ္စရေးမြောက်ပိုင်းမှာရှိတဲ့ Gilboa ထောင်ကနေ လှိုင်ခေါင်းဖောက်ပြီး အကျဉ်းသားတွေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ Gilboa ဟာ အစ္စရေးက အလုံခြုံဆုံးထောင်တွေထဲက တစ်ခုဖြစ်ပြီး ဒီလို ထောင်ဖောက်​ပြေးတာမျိုး အရင်က မရှိခဲ့ပါဘူး။

    ရဲတပ်ဖွဲ့၊ စစ်သားနဲ့ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ Shin Bet တို့ ပူးပေါင်းကာ ပိုက်စိပ်တိုက် ရှာဖွေမှုတွေ ပြုလုပ်နေပြီး၊ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း အစ္စရေးစစ်တပ်က တပ်တွေ ထပ်တိုးချထားဖို့ စီစဉ်နေပါတယ်။

    ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲမှာ ပါလက်စတိုင်းအာဏာရ ဖာတာပါတီရဲ့ မြို့နယ်အဆင့် ခေါင်းဆောင်ဟောင်း အသက် ၄၆ နှစ်အရွယ် ဇာကာရီယီ ဇူဘိုင်ဒီနဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့အစည်း Islamic Jihad က အဖွဲ့ဝင် ၅ ဦး ပါဝင်ပါတယ်။

    ၂၀၀၀ ပြည့်နှစ်တွေက အစ္စရေးရဲ့ ကျူးကျော်မှုကိုဆန့်ကျင်တဲ့ ပါလက်စတိုင်းလူထုအုံကြွမှုအတွင်း အစ္စရေးတွေကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီ ၆ ဦးကို အစ္စရေးအာဏာပိုင်တွေက တစ်သက်တစ်ကျွန်း ချထားတာ ဖြစ်ပါတယ်။

    သူတို့အတူနေရတဲ့ အကျဉ်းဆောင် အိမ်သာအောက်ကနေ လှိုင်ခေါင်းတူးကာ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ပြင်ပက အကူအညီ ပါလိမ့်မယ်လို့လည်း ယူဆရပါတယ်။

    ပါလက်စတိုင်းအကျဉ်းသားများအဖွဲ့ အကြီးအကဲ ကွာဒူရာ ဖာရက်စ်က လုံခြုံရေးမြင့်တဲ့ အကျဉ်းထောင်ကနေ ဒီလို ထွက်ပြေးလွတ်မြောက်သွားမှုဟာ မတရားဖမ်းဆီးခံရတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေရဲ့​ ​အောင်မြင်မှုဖြစ်တယ်လို့ ​ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့တွေဖြစ်တဲ့ ဟားမက်စ်နဲ့ Islamic Jihad အဖွဲ့တို့ကလည်း ဒီလွတ်မြောက်မှုကို ချီးကျူးပြောဆိုခဲ့ပြီး ဒါဟာ အစ္စရေးရဲ့ လုံခြုံရေးစနစ်ကို အောင်နိုင်မှုဖြစ်တယ်လို့ ဆိုပါတယ်။

    အစ္စရေးဟာ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်တွေမှာ ပါလက်စတိုင်း စုစုပေါင်း ၄၇၅၀ ကို ဖမ်းဆီးအကျဉ်းချထားပြီး အဲဒီအထဲမှာ အမျိုးသမီး ၄၂ ဦး၊ ကလေးငယ် ၂၀၀၊ တရားစွဲမှုမလုပ်ဘဲ လုံခြုံရေးအကြောင်းပြချက်နဲ့ တရားလက်လွတ် ဖမ်းဆီးထားသူ ၅၅၀ ဦး ပါဝင်ပါတယ်။

    ပါလက်စတိုင်းတွေရဲ့ ဒီထောင်ဖောက်မှုဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၁၉၉၅ ခုနှစ်က Kfar Yona အကျဉ်းထောင်က ပါလက်စတိုင်း ၃ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ အခုဖြစ်တဲ့ အကျဉ်းထောင်အနီးက Shata ထောင်မှာလ ၂၀၁၄ ခုနှစ်တုန်းက အခုလို လှိုင်ခေါင်းဖောက်ထွက်ပြေးဖို့ကြိုးစားမှု ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • တိုင်းပြည်ကို ကယ်တင်တာလို့ဆိုတဲ့ ဂီနီ အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်သူလဲ

    တိုင်းပြည်ကို ကယ်တင်တာလို့ဆိုတဲ့ ဂီနီ အာဏာသိမ်းစစ်ခေါင်းဆောင်က ဘယ်သူလဲ

    စက်တင်ဘာ ၇၊ ၂၀၂၁
    M-Media

    -အာဖရိကအနောက်ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီမှာ တနင်္ဂနွေနေ့က စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးကြီး မာမာဒီ ဒွမ်ဘူယာက အထူးတပ်ဖွဲ့ဝင်တွေကို ဦးဆောင်ပြီး အာဏာသိမ်းခဲ့တာပါ။

    အသက် ၄၁ နှစ်အရွယ်သာရှိသေးတဲ့ ဗိုလ်မှူးကြီးဟာ ပြင်သစ်ကြေးစားစစ်သားဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သမ္မတ အလ်ဖာကွန်ဒီလက်အောက်မှာ အလွန်အမင်းခြစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စီးပွားရေး စီမံခန့်ခွဲမှုအမှားတွေကြောင့် စစ်တပ်မှာ အာဏာသိမ်းဖို့ကလွဲရင် အခြားရွေးစရာ သိပ်မရှိခဲ့ဘူးလို့ မာမာဒီက ပြောပါတယ်။

    ဂီနီမှာ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချတဲ့ခေတ် ကုန်ဆုံးသွားပြီဖြစ်​ကြောင်း၊ နိုင်ငံရေးကို လူတစ်ဦးရဲ့လက်ထဲမှာ အပ်ထားတော့မှာမဟုတ်ဘဲ ပြည်သူအပေါ်မှာသာ အပ်ထားမှာဖြစ်ကြောင်း မာမာဒီက နိုင်ငံပိုင်သတင်းဌာနကနေ မိန့်ခွန်းပြောခဲ့ပါတယ်။ သူဟာ တိုင်းပြည်ကို ကယ်တင်လိုက်တာလို့လည်း ဆိုပါတယ်။

    ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ အလ်ဖာကွန်ဒီဟာ အသက် ၈၃ နှစ်အရွယ်ရှိပြီး အာဏာကို နှစ်ပေါင်းများစွာ ကိုင်ထားမှု​ကြောင့် လူထုရဲ့ ငြိုငြင်မှုကို ခံနေရသူ ဖြစ်ပါတယ်။ ဒါပေမယ် ကုလသမဂ္ဂ၊ အာဖရိကသမ္မဂနဲ့ အနောက်အာဖရိက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Ecowas တို့က စစ်အာဏာသိမ်းမှုကို ရှုတ်ချပါတယ်။

    ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်ပြယ်သွားပြီး အစိုးရကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ မာမာဒီက ကြေငြာခဲ့ပါတယ်။ မနေ့က ဝန်ကြီးဟောင်းတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် သီတင်းပတ်အနည်းငယ်အတွင်း အစိုးရဖွဲ့မှာဖြစ်ကြောင်း မာမာဒီကပြောခဲ့သလို၊ အစိုးရတာဝန်ရှိသူဟောင်းတွေကို ဖယ်ရှားမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    ကြံရာပါလား

    သမ္မတ ကွန်ဒီလိုပဲ ဗိုလ်မှူးကြီး မာမာဒီဟာလည်း မာလင်ကီလူမျိုးစုကဖြစ်ပြီး ဂီနီနိုင်ငံအရှေ့ပိုင်း ကန်ကန်ဒေသက ဖြစ်ပါတယ်။

    သူဟာ ထက်မြက်တဲ့ ဗိုလ်မှူးတစ်ဦးဖြစ်တယ်လို့ တစ်ချို့တွေက ပြောဆိုနေကြပေမယ့်၊ ဘယ်လောက်အထိ ယုံကြည်ရနိုင်လဲဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

    သမ္မတကွန်ဒီလက်ထက် ပြီးခဲ့တဲ့နှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုလုပ်ထားတဲ့ ဂီနီအာဏာပိုင် ၂၅ ဦးစာရင်းမှာ ဗိုလ်မှူးကြီး မာမာဒီလည်း ပါဝင်ပါတယ်။

    တနင်္ဂနွေ​နေ့ အာဏာသိမ်းပြီးနောက်မှာတော့ မိမိတို့အားလုံး ကျူးလွန်ခဲ့ဖူးကြတဲ့ အမှားတွေကနေ သင်ခန်းစာ ယူရမယ်လို့ တိုင်းပြည်ကို သူက ပြောပါတယ်။

    ၁၉၇၉ ဂါနာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်စဉ်က အာဏာသိမ်းခေါင်းဆောင် ဂျာရီ ရော်လင်ပြောခဲ့တဲ့ ‘လူထုခေါင်းဆောင်တွေက လူထုကို ဖိနှိပ်ညှင်းပမ်းလာရင် ပြည်သူတွေကို လွတ်မြောက်အောင် စစ်တပ်က လုပ်ပေးရမှာပဲ’ ဆိုတဲ့စကားကို ဗိုလ်မှူးကြီး မာမာဒီက ပြန်သုံးပါတယ်။

    စစ်မှုထမ်းသက် ၁၅ နှစ်ရှိတဲ့ မာမာဒီဟာ အာဖဂန်နစ္စတန်၊ အိုက်ဗရီကို့စ်၊ ဒီဘောက်တီ၊ ဗဟိုအာဖရိကနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အစ္စရေး၊ ဆိုက်ပရက်စ်၊ ယူကေနဲ့ ဂီနီနိုင်ငံတို့မှာ အနီးကပ်လုံခြုံရေးတာဝန်တွေ ယူခဲ့ဖူးပါတယ်။

    အစ္စရေးက နိုင်ငံတကာ လုံခြုံရေးအကယ်ဒမီ၊ ဆီနီဂေါ၊ ဂါဘွန်နဲ့ ပြင်သစ်တို့က အထူးတပ်ဖွဲ့ သင်တန်းကျောင်းတွေမှာ လေ့ကျင့်သင်ကြားမှုတွေကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။

    ပြင်သစ်ရဲ့ နိုင်ငံခြားတပ်ဖွဲ့မှာ နှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မာမာဒီကို သူဖြုတ်ချလိုက်တဲ့ သမ္မတ အလ်ဖာကွန်ဒီက ၂၀၁၈ ခုနှစ်မှာ ပြန်ခေါ်ခဲ့ပြီး အထူးတပ်ဖွဲ့အသစ် GFS ကို ဦးဆောင်ဖွဲ့စည်းခိုင်းခဲ့ပါတယ်။

    မာမာဒီဟာ နိုင်ငံအနောက်ပိုင်း ဖိုရီကြာရီယာမှာ ရုံးထိုင်ပြီး နယ်မြေစောင့်ကြည့်ရေးဗျူရို (DST) နဲ့ ထောက်လှမ်းရေးဌာနတွေကို ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

    ဗိုလ်မှူးကြီး မာမာဒီကို ပြန်ခေါ်ပြီး GFS တပ်ဖွဲ့ကို ဖွဲ့စည်းခိုင်းလိုက်တာဟာ သူ့ရဲ့ နိုင်ငံရေးနိဂုံး အစဆိုတာ အလ်ဖာကွန်ဒီတစ်ယောက် မသိခဲ့ရှာပါဘူး။

    Ref: BBC

  • ပုံပြောင်းမှုအလွန်များသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးကို တောင်အာဖရိကတွင် တွေ့ရှိ

    ပုံပြောင်းမှုအလွန်များသည့် ကိုဗစ်မျိုးကွဲသစ်တစ်မျိုးကို တောင်အာဖရိကတွင် တွေ့ရှိ

    ဩဂုတ် ၃၁၊ ၂၀၂၁
    M-Media

    -ပုံပြောင်းမှုများစွာ ဖြစ်ပေါ်တဲ့ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲတစ်ခုကို တောင်အာဖရိ သိပ္ပံပညာရှင်တွေက တွေ့ရှိထားပြီး လက်ရှိ ပြန့်နှံ့နေတဲ့ ကိုဗစ်ပိုးတွေထက် ပိုအန္တရာယ်ရှိလားဆိုတာကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်။

    C.1.2 လို့ အမည်ပေးထားတဲ့ အဲဒီမျိုးကွဲကို မေလမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ နိုင်ငံအတွင်း ပြည်နယ်တော်တော်များများမှာ ပြန့်နှံ့နေတဲ့အပြင် အာဖရိက အခြားတိုင်းပြည်တွေ၊ ဥရောပ၊ အာရှနဲ့ သမုဒ္ဒရာပိုင်း ဒေသတွေအထိပါ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ပိုမိုပြန်နှံ့လွယ်ပြီး၊ ကိုဗစ်ကာကွယ်ဆေးကြောင့် ပေါ်ထွက်လာမယ့် ကိုယ်ခံစွမ်းအားကို အံတုနိုင်မယ့် ပုံပြောင်းမှုမျိုး C.1.2 မျိုးကွဲမှာ တွေ့ရပေမယ့် အတိအကျ ပြောနိုင်ဖို့အတွက် လေ့လာဆန်းစစ်မှုတွေ ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စိုးရိမ်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ထားတဲ့ ကိုဗစ်မျိုးကွဲ ၄ ခုက Beta ဗားရှင်းကို တောင်အာဖရိကမှာ ပထမဆုံး တွေ့ရှိခဲ့တာပါ။

    C.1.2 ကိုဗစ်မျိုးကွဲ လေ့လာမှုမှာ ပါဝင်ခဲ့သူ ကူးစက်ရောဂါပညာရှင် ရစ်ချက် လက်ဆဲလ်စ်က အခုလို မျိုးကွဲတစ်ခု ထပ်ထွက်လာတာကို ကြည့်ခြင်းအားဖြင့် ဒီကပ်ရောဂါ အချိန်တိုတိုနဲ့ ပြီးဆုံးမှာ မဟုတ်ဘူးဆိုတာနဲ့ ဗိုင်းရပ်စ်ဟာ လူတွေကို ပိုမိုကူးစက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေတုန်းပဲဆိုတာကို တွေ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    လက်ရှိ ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ကာ ကူးစက်မှု၊ သေဆုံးမှု အလွန်များပြားခဲ့တဲ့ Delta ဗိုင်းရပ်စ်နေရာကို အခု C.1.2 က အစားဝင်မယ့် အနေအထားမျိုး မရှိသေးဘူးလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    C.1.2 ပတ်သက်တဲ့ တွေ့ရှိချက်တွေကို WHO ထံ သတင်းပေးပို့ထားပြီး တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    Ref: Reuters

  • နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

    နိုက်ဂျီးရီးယားတွင် ခရစ်ယာန်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

    ဩဂုတ် ၁၉၊ ၂၀၂၁
    M-Media

    တိုက်ခိုက်မှုကြောင့် သေဆုံးသွာသူများ

    -နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းမှာ စနေနေ့က မွတ်စလင် ၉၀ ပါတဲ့ ခရီးသွားတွေကို ခရစ်ယာန် ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပါတယ်။

    ​နိုက်ဂျီးရီးယားရဲ့ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ စားကျက်၊ မြေနဲ့ ရေရင်းမြစ် ထိန်းချုပ်လိုမှုတွေကြောင့် မွတ်စလင်မွေးမြူရေးသမားတွေနဲ့ ခရစ်ယာန် လယ်သမားတွေအကြား မကျေလည်မှုဖြစ်နေတာ နှစ်ချီရှိနေပါပြီ။

    အဲဒီပြဿနာတွေကနေတစ်ဆင့် အကြမ်းဖက်သတ်ဖြတ်မှုတွေလည်း ပေါ်ပေါက်လေ့ရှိပါတယ်။ အလယ်ပိုင်း ပလက်တိုပြည်နယ်မြို့တော် ဂျို့စ်ရဲ့ ဆင်ခြေဖုံးမှာ ဖြစ်ခဲ့တဲ့ စနေနေ့အဖြစ်အပျက်မှာ ဘတ်စ်ကား ၅ စီးနဲ့ လိုက်ပါလာတဲ့ မွတ်စလင်တွေကို ခရစ်ယာန် ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ Irigwe က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က တိုက်ခိုက်မှုအတွင်း ၂၁ ဦးသေဆုံးကာ၊ ၁၄ ဦး ဒဏ်ရာရခဲ့ပြီး ၂၁ ဦးကို ကယ်ဆယ်နိုင်တယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပလက်တိုပြည်နယ်အစိုးရ တာဝန်ရှိသူ ဒန်လာဒီ အာတူက သေဆုံးသူအရေအတွက်ဟာ ရဲတပ်ဖွဲ့က ထုတ်ပြန်တာထက် များပြားကာ ပျောက်ဆုံးနေသူတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    Irigwe အဖွဲ့ဟာ တိုက်ခိုက်မှုမှာ ဓားတွေ၊ ကျောက်ခဲတွေ အသုံးပြုခဲ့တယ်လို့ မျက်မြင်ကြုံရသူတွေက ဆိုပါတယ်။

    ပလက်တိုမြို့တော် ဂျို့စ်ဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားလေ့ရှိရာ နေရာဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာက အပြန်အလှန် တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၉၁၃ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Alarabiya