News @ M-Media

Category: အာရှ-ပဖိဖိတ်

  • အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေကို တောင်ကိုရီးယား ပယ်ဖျက်

    အိမ်ထောင်ရေးဖောက်ပြန်မှု ဥပဒေကို တောင်ကိုရီးယား ပယ်ဖျက်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media

    skorea

    – အိမ်ထောင်ရေးဖောက်ပြန်ပါက ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေး၍ရသည့် ဥပဒေကို တောင်ကိုရီးယား အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယနေ့တွင် ပယ်ဖျက်ခဲ့သည်ဟု သိရသည်။

    ၁၉၅၃ ခုနှစ်က ပြဌာန်းထားသည့် အဆိုပါဥပဒေမှာ အခြေခံဥပဒေနှင့် မညီညွတ်ဟုဆိုကာ တရားသူကြီး ၉ ဦးပါ အဆိုပါခုံရုံးက ထောက်ခံမဲ ၇ မဲ ကန့်ကွက်မဲ ၂ မဲဖြင့် ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

    “အိမ်ထောင်ရေးဖောက်ပြန်တာကို ကိုယ်ကျင့်တရားမကောင်းတဲ့ လုပ်ရပ်အဖြစ် ရှုတ်ချသင့်ပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘ၀တွေနဲ့ပတ်သက်လို့ နိုင်ငံတော်အာဏာက ၀င်ရောက်မစွက်ဖက်သင့်ပါဘူး” ဟု အခြေခံဥပဒေခုံရုံး ဥက္ကဌ တရားသူကြီး ပက်ဟန် ချူလ်က ပြောကြားခဲ့သည်။

    အိမ်ထောင်ရေးဖောက်ဖြန်မှုကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်ချက်အတွက် အခြေခံဥပဒဆိုင်ရာ တရားဝင်မှုနှင့် ပတ်သက်၍ ခုံရုံးက စဉ်းစားခဲ့သည်မှာ ယခုအချိန်သည် ပဥ္ဒမအကြိမ်မြောက်ဖြစ်ပြီး ယခုတွင်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ်က လူပေါင်း ၉၀၀ အပါအ၀င် လွန်ခဲ့သည့် ၆ နှစ်အတွင်း အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် တောင်ကိုရီးယားတွင် တရားစွဲဆိုခြင်းခံရသူမှာ ၅၅၀၀ နီးပါး ရှိသည်။ ၂၀၀၄ ခုနှစ်တွင် ထိုဥပဒေဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူ ၂၁၆ ဦး ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၄၂ ဦးသာရှိခဲ့ကာ ထိုအချိန်မှစ၍ ယနေ့အထိ စုစုပေါင်း ၂၂ ဦးသာ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

    Ref: aljazeera

  • သြစတေးလျ မူးယစ်မှောင်ခို ၂ ဦးအား ကွပ်မျက်မည့်နေ့ကို အင်ဒိုနီးရှား ရွှေ့ဆိုင်း

    သြစတေးလျ မူးယစ်မှောင်ခို ၂ ဦးအား ကွပ်မျက်မည့်နေ့ကို အင်ဒိုနီးရှား ရွှေ့ဆိုင်း

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    indo

    – သေဒဏ်ကျခံနေရသည့် သြစတေးလျ မူးယစ်မှောင်ခိုသမား ၂ ဦးအား ကွပ်မျက်ခြင်းကို ၁ လ တိတိ နောက်ဆုတ်လိုက်သည်ဟု အင်ဒိုနီးရှား အစိုးရက ယနေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ သြစတေးလျနိုင်ငံသားနှစ်ဦးမှာ ဘာလီရှိ လူ ၉ ဦးပါဝင်သော မူးယစ်မှောင်ခိုအဖွဲ့၏ ခေါင်းဆောင်များဖြစ်ကြသည့် အန်ဒရူးချန်နှင့် မြူရန် ဆူကူမာရန်တို့ဖြစ်ပြီး လာမည့်အသုတ် ကွပ်မျက်မှုတွင် ပါဝင်မည်ဖြစ်သည်။

    သို့သော်လည်း လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြောင်းအရင်းများကြောင့် ၎င်းတို့အား ကွပ်မျက်မှုကို ၃ ပတ်မှ ၁ လအထိ ရွှေ့ဆိုင်းလိုင်းခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား ဒုတိယသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဟူစိန်အဘ်ဒူလာက ဆိုသည်။ သြစေတးလျဝန်ကြီးချုပ် တိုနီအက်ဘော့ကမူ ၎င်းတို့နိုင်ငံသား ၂ ဦးအား သေဒဏ်မှ လွငြိမ်းချမ်းသာခွင့်ပေးရန် စောစောပိုင်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ နောက်ဆုတ်ခဲ့ခြင်းလည်းဖြစ်သည်။

    အဆိုပါ အကျဉ်းသားနှစ်ဦးကို ဘာလီအကျဉ်းထောင်မှ လုံခြုံရေး ပိုမိုမြင့်မားသော နူဆာကမ်ဘန်ဂန် ကျွန်းရှိ အကျဉ်းထောင်သို့ ယခုသီတင်းပတ်အတွင်း ပြောင်းရွှေ့ကာ ကွပ်မျက်မည်ဖြစ်ပြီး အင်ဒိုနီးရှား အာဏာပိုင်များကမူ ထောင်မဆံ့ခြင်းအပါအ၀င် အချို့သော အခက်အခဲများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ယခုကွပ်မျက်မည် သြစတေးလျနိုင်ငံသားနှစ်ဦးအတွက် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ အင်ဒိုနီးရှားနှင့် သြစတေးလျတို့၏ ဆက်ဆံရေးမှာ ၂၀၁၄ ခုနှစ်က ပေါ်ထွက်လာခဲ့သည့် လျှို့ဝှက်ထောက်လှမ်းရေး အရှုပ်အထွေးနှင့် လူကုန်ကူးမှုများကြောင့် တင်းမာနေခဲ့ပြီး ယခုပြဿနာက ၎င်းတို့၏ ဆက်ဆံရေးကို ပိုမို ဆိုးရွားစေမည်ဖြစ်သည်။

    Ref:channelnewsasia

  • ထိုင်ဝမ်ထောင်တစ်ခုတွင် အကျဉ်းသားများက ဓားစားခံများဖမ်းကာ ထွက်ပြေးရန်ကြိုးပမ်း

    ထိုင်ဝမ်ထောင်တစ်ခုတွင် အကျဉ်းသားများက ဓားစားခံများဖမ်းကာ ထွက်ပြေးရန်ကြိုးပမ်း

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
    M-Media

    twj

    – ထိုင်ဝမ်နိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်သား အုပ်စုတစ်တစ်စုက ဓားစားခံ ၃ ဦးအား ဖမ်းဆီးကာ ထောင်မှထွက်ပြေးရန် ကြံစည်မှုတစ်ခု ယမန်နေ့က ဖြစ်ပွာခဲ့ပြီး အကျဉ်းသားများမှာ ၎င်းတို့ကိုယ်ကို သတ်သေသွားခဲ့သည်ဟု
    သိရသည်။

    Kaohsiung ထောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ခြောက်ဦးပါဝင်သည့် အုပ်စုမှာ ယမန်နေ့က ထောင်တွင်းရှိ လက်နက်တိုက်ကို ဖောက်ကာ ရိုင်ဖယ်လေးလက်နှင့် ပစ္စတို ၆ လက်ယူဆောင်၍ ဓားစားခံသုံးဦးကို ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ထောင်ပိုင်နှင့် အခြား အကြီးတန်းအရာရှိတစ်ဦးက ဓားစားခံအဖြစ် အဖမ်းခံခဲ့ကာ ကနဦးဖမ်းဆီးထားသည့် ဓားစားခံ ၃ ဦးကို လွတ်မြောက်စေခဲ့သည်။

    အဆိုပါ အကျဉ်းသား ၆ ဦးမှာ လူသတ်မှု၊ ဓားမြတိုက်မှုနှင့် မူးယစ်ဆေးမှုများဖြင့် ထောင်ကျနေကြသူများဖြစ်ပြီး ခေါင်းဆောင်မှာ Bamboo Union လူဆိုးဂိုဏ်းမှ လူသတ်မှုဖြင့် ၂၀၁၂ ခုနှစ်က ထောင်ဒဏ် ၂၈ နှစ်ကျခံနေရသည့် ချန်လီတက်ဆိုသူ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့က မိမိတို့မှာ မမျှမတ ဆက်ဆံခံနေရသည်ဟု ပြောကြားခဲ့ပြီး ထောင်မှလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

    အဆိုပါအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ချန်ကမူ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် လာဘ်စားမှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသည့် သမ္မတဟောင်း ချန်ရှူဘီယန်အား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးမည်ဟု ပြီးခဲ့သည့်လက ကတိပြုခဲ့မှုကို ထောက်ပြခဲ့ကာ ထိုအချင်းအရာက အကျဉ်းများအား ဘက်လိုက်ဆက်ဆံမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အကျဉ်းသားများ နေ့စဉ် အစားအသောက်ရရှိမှု နည်းပါးခြင်းကို ဖြေရှင်းပေးရန်နှင့် ပြစ်မှုကြီးများဖြင့် ထောင်ဒဏ်ကျခံနေရသူများအတွက် ပြစ်ဒဏ်လျော့ပေါ့ခြင်း ပြုလုပ်ပေးသင့်သည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

    အာဏာပိုင်များကမူ ထောင်သားများ၏ တောင်းဆိုမှုများကို လိုက်လျောခဲ့ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့များနှင့် အကျဉ်းထောင်အား ၀ိုင်းထားခဲ့သည်။ သို့သော်လည်း အဆိုပါ ထောင်သားအုပ်စုမှာ မိမိတို့ကိုယ် မိမိတို့ သတ်သေခဲ့ကြသည်ဟု အာဏာပိုင်များက ယနေ့နံနက်တွင် ပြောကြားခဲ့ပြီး ရုပ်သံနှင့် ဓာတ်ပုံအထောက်များကိုမူ ထုတ်ပြန်ခြင်းမရှိခဲ့ချေ။

    Ref: channelnewsasia

  • တောင်ကိုရီးယားအတွင် ကားအစီး ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွား

    တောင်ကိုရီးယားအတွင် ကားအစီး ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွား

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅
    M-Media

    skra

    – တောင်ကိုရီးယား၏ အကြီးဆုံး နိုင်ငံတကာလေဆိပ်သို့ ဦးတည်သည့် အဝေးပြေးလမ်းမတွင် ယမန်နေ့က ယာဉ်အစီး ၁၀၀ ကျော်ဆင့်တိုက်မှု ယနေ့တွင်ဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ဆိုးလ်မြို့နှင့် အင်ချီယွန်နိုင်ငံတကာလေဆိပ်သို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းပေါ်၌ ရှိသော တံတားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် မြူများထူထပ်စွာ ကျနေသည်။ အင်ချီယွန်ရဲစခန်းမှ ပြောရေးဆိုခွင့်ရှိသူကမူ ဇိမ်ခံကားတစ်စီးက အရှေ့မှကားကို ၀င်တိုက်မိပြီးနောက် နောက်တွင်ရှိနေသည့် ကားအစီး ၁၀၀ ကျော်က ဆက်တိုက် ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြူများအလွန်ဆိုင်းနေခြင်းကြောင့် ကာမောင်းသမားများမှာ အရှေ့ ၁၅ မီတာခန့်ကိုသာ မြင်နိုင်ပြီး ထိုယာဉ်တိုက်မှုတွင် နိုင်ငံခြားသား ၅ ဦးအပါအ၀င် ၄၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ကယ်ဆယ်ရေးများကမူ မြူများဖုံးလွှမ်းနေသော အဆိုပါတံတားပေါ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ခဲ့သည်။

    “ကျွန်တော့်ရှေ့မှာ တိုက်မိသံတွေကို ဆက်တိုက်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်ကားဟာ အဲဒီတိုက်မိတဲ့ ကားတွေနောက်ကို ရောက်နေခဲ့ပါတယ်။ ကျွန်တော်ကားက လည်သွားပြီး ကာထားတဲ့သံတိုင်နဲ့ ၀င်တိုက်မိခဲ့တယ်လို့ ကျွန်တော်ခံစားမိပြီး သတိလစ်သွားခဲ့ပါတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့သည်။

    အခြားယာဉ်မောင်တစ်ဦးကမူ မြူများက အမြင်အာရုံကို တားဆီးခဲ့ပြီး မိမိအနေဖြင့် အရှိန်လျော့မောင်းနှင်ခဲ့သော်လည်း ကားပုံကြီးအား ၀င်ဆောင့်မိခဲ့ကြောင်း ပြောကြားခဲ့သည်။

    Ref:channelnewsasia

  • မလေးရှားအတိုက်အခံခေါင်း လိင်မှုကိစ္စဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံရ

    မလေးရှားအတိုက်အခံခေါင်း လိင်မှုကိစ္စဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံရ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
    M-Media

    awr

    – အမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံခဲ့သည်ဆိုသော စွဲချက်အတွက် မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါရ် အီဘရာဟင်၏ အယူခံကို တရားရုံးချုပ်မှ ယနေ့တွင် ပယ်ချခဲ့ပြီး ယခင်ချမှတ်ထားသည့် ထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ကို ကျခံစေရန် အတည်ပြုခဲ့သည်ဟု သိရသည်။

    အသက် ၆၇ နှစ်အရွယ်ရှိ အန်ဝါရ် အီဗရာဟင်မှာ ၂၀၀၈ ခုနှစ်က ၎င်း၏ အမျိုသား အတွင်းရေးမှူးနှင့် လိင်ဆက်ဆံခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် မတ်လက ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းက အယူခံဝင်ပြီး ထိုအယူခံအား တရားရုံးချုပ်က ယနေ့တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။

    ၎င်းအား ထောက်ခံသူများကမူ ထိုစွဲချက်မှာ လက်ရှိအာဏာရပါတီက ၎င်းတို့၏ ပြည်သူ့တရားမျှတရေးပါတီကို နိုင်ငံရေးအရ
    လုပ်ကြံခြင်းဖြစ်သည် ဟုပြောကြားခဲ့သည်။ အန်ဝါရ်ကိုတိုင်ကလည်း တရားရေးဌာနမှာ အာဏာရပါတီ၏ နိုင်ငံရေး
    ပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့သည်ဟု တရားခွင်တွင် ပြောကြားခဲ့သည်။

    “ခင်ဗျားတို့ရဲ့ နိုင်ငံရေးအရှင်သခင်တွေ သတ်မှတ်ချက်အတိုင်း ဦးညွှတ်ခဲ့တဲ့ ခင်ဗျားတို့ဟာလည်း ရဇ၀တ်မှုရဲ့ ကြံရာပါတွေပါပဲ။ ခင်ဗျားတို့ဟာ အမှောင်ဘက်ခြင်းကိုရွေးခဲ့တာပါ” ဟု တရားသူကြီးများအား အန်ဝါရ်က ပြောကြားခဲ့ပြီး တရားသူကြီးများ ထွက်ခွာသွားသည့်အချိန်တွင် “ကျုပ် ဘယ်တော့မှ နှုတ်ဆိတ်နေမှာမဟုတ်ဘူး။ ဘယ်တော့မှ အရှုံးပေးသွားမှာလည်း မဟုတ်ဘူး” ဟု အော်ဟစ် ပြောဆိုခဲ့သည်။

    မလေးရှားအစိုးရကလည်း ယနေ့တွင် ကြေညာချက်တစ်စောင်ထုတ်ခဲ့ပြီး ထိုကြေညာချက်တွင် တရားသူကြီးများမှာ မျှတပြီး ဓမ္မဓိဌာန်ကျကျဖြင့် အထောက်အထားအားလုံးကို လေ့လာသုံးသပ်ပြီးနောက်မှသာ အမိန့်ချမှတ်ရမည်ဖြစ်ကြောင်း၊
    မလေးရှားတွင် လွတ်လပ်သော တရာရေးစနစ်ရှိပြီး မလေးရှားအစိုးရ၏ အကြီးတန်းအရာရှိများကို တရားစွဲဆိုမှုများမှာလည်း
    အများအပြားရှိခဲ့ကြောင်း၊ အန်ဝါရ်၏အမှုမှာ ၎င်း၏အတွင်းရေးမှူးက ရဲတပ်ဖွဲ့သို့ လာရောက်တိုင်းကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့အစိုးရမှ တရားစွဲဆိုခဲ့ခြင်းမဟုတ်ကြောင်း ဖော်ပြထားသည်။

    အန်ဝါရ်၏ ပါတီမှ ပါလီမန်အမတ်ဖြစ်သူ ဟီလွိုင်စီယန်းက မိမိတို့ ပြည်သူတရားမျှတရေးပါတီမှာ မကြာမီနာရီအနည်းငယ် အတွင်း တွေ့ဆုံ သွားမည်ဖြစ်ပြီး နောက်ထပ်ခြေလှမ်းများ အတွက် ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့သည်။

    အန်ဝါရ်မှာ ၁၉၉၀ ပြည့်နှစ်များအတွင်း လက်ရှိ အာဏာရပါတီ Barisan Nasional ၏ ထင်ရှားသည့် ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ခဲ့ပြီး ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက် လက်အောက်တွင် ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၉၈ ခုနှစ်တွင် ရာထူးမှ အနားပေးခြင်း ခံခဲ့ရသည်။ ထို့နောက် ချစားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ထောင်ဒဏ်လည်း ကျခံခဲ့ရဖူးသည်။

    Ref: aljazeera