News @ M-Media
Category: ဥရောပ
  • လက်ယာစွန်းရောက်ပါတီအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဂျာမနီတွင် ပြုလုပ်
    လက်ယာစွန်းရောက်ပါတီအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဂျာမနီတွင် ပြုလုပ်
    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media
    – နိုင်ငံအတွင်းရှိ လက်ယာစွန်းရောက်ပါတီအား ချီတက်ဆန္ဒပြပွဲ တစ်ခုကို ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    ထောင်ပေါင်းများစွာသော ဂျာမန်ပြည်သူများမှာ ‘နာဇီဝါဒကို ဟန်နိုဗာက အလိုမရှိ’ ‘လူမျိုးရေးခွဲခြားမှုဝါဒ ဆန့်ကျင်ကြ’ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြပြီး လူမျိုးရေးအစွန်းရောက်မှုကို ဆန့်ကျင်သော ကြွေးကြော်သံများကိုလည်း ဟစ်အော်ခဲ့ကြသည်။
    ဂျာမနီလက်ယာစွန်းရောက်ပါတီ Alternative for (AfD) က ၎င်းတို့၏ ခေါင်းဆောင်ရွေးပွဲကို ဟန်နိုဘာမြို့တွင် ပြုလုပ်မှုအား ဆန့်ကျင်သည့်အနေဖြင့် ထိုကဲ့သို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
    လူအုပ်ကြီးမှာ AfD ပါတီ အစည်းအဝေးလုပ်မည့် အဆောက်အဦးသို့ သွားသော လမ်းများတွင် ထိုင်သပိတ်များ ပြုလုပ်ခဲ့ခြင်းကြောင့် စည်းဝေးပွဲမှာ တစ်နာရီနီးပါး နောက်ကျခဲ့ရသည်။
    ချီတက်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်အများအပြား အသေးစားဒဏ်ရာများ ရရှိခဲ့သည်။
    အစ္စလာမ်ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး ပါတီဖြစ်သော AfD မှာ စင်တင်ဘာ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၀၀ နီးပါး ရရှိခဲ့သော်လည်း လူပြိန်းကြိုက် ၀ါဒဖြန့်မှုများ ပြုလုပ်နေမှုကို ဆန့်ကျင်သောအားဖြင့် အကြီးတန်းအဖွဲ့ဝင်နှစ်ဦးမှာ နောက်ပိုင်းတွင် နှုတ်ထွက်သွားခဲ့သည်။
    ဥရောပသီးသန့်ဝါဒဖြင့် ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ထိုပါတီမှာ အစ္စလာမ်ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေးကို အဓိကထား လုပ်ဆောင်ခဲ့သည်။
    ၎င်းတို့၏ ပထမဆုံး အကြီးအကဲ ဘာ့န်ဒ် လက်ကီက ပါတီမှာ အစ္စလာမ်မုန်းတီးရေးနှင့် နိုင်ငံခြားသား မုန်းတီးရေးဖက်သို့ ဦးတည်နေသည်ဟုဆိုကာ ၂၀၁၅ ခုနှစ်တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။
    Ref : Aljzeera
  • ရိုဟင်ဂျာများ၏အခွင့်အရေးကို လေးစားဖို့ မြန်မာခေါင်းဆောင်များကို ပုပ်ရဟန်မင်းကြီး တိုက်တွန်းခဲ့
    ရိုဟင်ဂျာများ၏အခွင့်အရေးကို လေးစားဖို့ မြန်မာခေါင်းဆောင်များကို ပုပ်ရဟန်မင်းကြီး တိုက်တွန်းခဲ့
    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media
    – ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ အမှန်တရားဟာ အပေးအယူလုပ်ရမယ့် ကိစ္စမဟုတ်ဘဲ ဒီလူတွေရဲ့ အခွင့်အရေးကို လေးစားဖို့ မြန်မာအရပ်ဖက်၊ စစ်ဖက်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ ပုပ်ရဟန်မင်းကြီး ဖရန်စစ်က ဖွင့်ဟလိုက်ပါတယ်။
    မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို သွားရောက်ပြီးနောက်ပိုင်း မနေ့က ရောမကို ပြန်မယ့်အချိန်  ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖရန်စစ်က ဒီလို ပြောကြားလိုက်တာပါ။
    မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့အတွက် မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်က တာဝန်ရှိတွေ တိုက်တွန်းခဲ့တာကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီစကားလုံးကို မိန့်ခွန်းတွေမှာ အသုံးမပြုခဲ့ပါဘူး။
    ဒါ့ကြောင့် တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။
    မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးမပြုခဲ့ပေမယ့် သူတို့တွေ ခံစားနေရတဲ့ အခြေအနေတွေ၊ သူတို့ရဲ့ အခွင့်အရေးတွေအကြောင်း ပြောခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။
    “တရားဝင်မိန့်ခွန်းတွေမှာ ဒီစကားလုံးကို အသုံးပြုမယ်ဆိုရင် ကျွန်တော့်ကို စိတ်ကွက်မှာပါ။ ဒါ့ကြောင့် လူထုကို ပြောတဲ့ မိန့်ခွန်းမှာ အခြေအနေတွေ၊ အခွင့်အရေးအကြောင်းတွေ၊ နိုင်ငံသားဖြစ်ရေးမှာ ဘယ်သူ့ကိုမှ ချန်ထားလို့ မရဘူး ဆိုတာလောက်ကိုပဲ ပြောခဲ့ပြီး သီးခြားတွေ့ဆုံမှုတွေမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက သတင်းထောက်တစ်ယောက်ရဲ့ အမေးကို ပြန်ဖြေခဲ့ပါတယ်။
    မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်အတွင်းမှာ ရိုဟင်ဂျာတွေဖက်က ရပ်တည်ခဲ့ပြီး သူတို့ရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်တယ်ဆိုတာ ပြောကြားခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။
    သောကြာနေ့က ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် မျက်ရည်ကျမိတယ်လို့လည်း ဖရန်စစ်က ဖွင့်ဟခဲ့ပါတယ်။
    တနင်္လာနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ပုပ်ရဟန်မင်းကြီး ဖရန်စစ်ဟာ စစ်ခေါင်းဆောင်တွေကို ကြာသာပတေးနေ့မှ တွေ့ဆုံဖို့ စီစဉ်ထားပေးမယ့် ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ တနင်္လာနေ့ ညပိုင်းမှာပဲ ရန်ကုန်မှာ ပုပ်ရဟန်းမင်းကြီးကို လာရောက်တွေ့ဆုံခဲ့တာပါ။
    အရပ်ဖက်ခေါင်းဆောင်တွေကို မတွေ့ခင် စစ်ခေါင်းဆောင်တွေကို တွေ့ဆုံတာဟာ သံတမန်ကျင့်ဝတ်ကို ကျော်လွန်လုပ်ဆောင်ရာရောက်တယ်ဆိုတာ မိမိတို့ သိရှိကြောင်း ဗာတီကန်က ၀န်ခံခဲ့ပါတယ်။
    မြန်မာစစ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးမှုဟာ ကောင်းမွန်တယ်လို့ ပုပ်ရဟန်မင်းကြီးက ပြောပါတယ်။
    “ကောင်းမွန်တဲ့ ဆွေးနွေးမှုပါ။ အမှန်တရားနဲ့တော့ အပေးအယူမလုပ်ပါဘူး”
    အဲဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာဆိုတဲ့စကားလုံး သုံးခဲ့သလားဆိုတဲ့အမေးကိုတော့ “သူတို့ နားလည်သဘောပေါက်စေမယ့် စကားလုံးကိုတွေကို ရွေးသုံးခဲ့တယ်။ သူတို့နားလည်ပြီဆိုရင်တော့ ကျွန်တော် ပြောချင်တာကို ပြောဖို့ နောက်မတွန့်တော့ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
    အဲဒီအဖြေနောက်မှာ လက်တင်စကား Intelligenti Pauca ဆိုတာကို ဖရန်စစ်က ထည့်ပြောခဲ့ပြီး ‘အရိပ်ပြရင် အကောင်မြင်သူအတွက် စကားလုံးနည်းနည်းက လုံလောက်ပါတယ်’ ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါဟာ စစ်ခေါင်းဆောင်တွေ မလိုလားတဲ့စကားလုံးကို အသုံးပြုခဲ့တယ်လို့ သွယ်ဝိုက်ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။
    Ref: Reuters
  • အမုန်းဗီဒီယိုကိစ္စ ၎င်းအားဝေဖန်သည့် ဗြိတိန်ဝန်ကြီးချုပ်ကို ထရမ့် ပြန်လည်တုန့်ပြန်
    အမုန်းဗီဒီယိုကိစ္စ ၎င်းအားဝေဖန်သည့် ဗြိတိန်ဝန်ကြီးချုပ်ကို ထရမ့် ပြန်လည်တုန့်ပြန်
    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    – ဗြိတိန်က လက်ယာစွန်းရောက်တစ်ဦးရဲ့ မွတ်စလင်မုန်းတီးရေး ဗီဒီယိုတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ဆင့်မျှဝေမှုနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒေါ်နယ်ထရမ့်တို့အကြား အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ယူကေအစိုးရက အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Britain Firsts အဖွဲ့ ဒုတိယခေါင်းဆောင် ဂျေဒါ ဖရဆန်ရဲ့ Twitter စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယို ၃ ခုကို ထရမ့်က ယမန်နေ့မှာ ထပ်ဆင့် မျှဝေလိုကတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဝေဖန်ခဲ့တာပါ။
    ထရမ့်က သူ့ကိုဝေဖန်နေမယ့်အစား ဗြိတိန်က အကြမ်းဖက်ဝါဒကို အာရုံစိုက်ပါလို့ Twitter စာမျက်နှာကနေတစ်ဆင့် ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    “ထရီဇာမေခင်ဗျား- ကျွန်တော့်အပေါ်မှာ အာရုံမစိုက်ပါနဲ့။ ယူကေမှာ ဖြစ်နေတဲ့ အဖျက်သဘောဆောင်တဲ့ အစွန်းရောက်အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒကို အရုံစိုက်ပါ။ ကျုပ်တို့က အေးဆေးပါပဲ” လို့ မနေ့က နှောင်းပိုင်းမှာ ထရမ့်က ရေးသားခဲ့ပါတယ်။
    အစွန်းရောက်ဝါဒဖြန်မှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ဖရန်ဆန်ရဲ့ ဗီဒီယိုကို ထရမ့်က ပြန်လည်မျှဝေမှုနဲ့ပတ်သက်ပြီး ထရီဇာမေရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ Britain First အဖွဲ့ဟာ ‘အမုန်းစကားတွေ၊ လိမ်လည်သတင်းတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွင်း သွေးကွဲအောင်၊ တင်းမာမှုတွေ မြင့်တက်လာအောင်’ လုပ်
    ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
    ထရမ့်ရဲ့ ဒီလိုလုပ်ဆောင်မှုကို ဗြိတိန်က နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။
    Ref: Aljazeera
  • တရားခွင်တွင် အဆိပ်သောက်သည့် ဘော့စနီးယား ခရိုအက်စစ်ရာဇ၀တ်ကောင် သေဆုံး
    တရားခွင်တွင် အဆိပ်သောက်သည့် ဘော့စနီးယား ခရိုအက်စစ်ရာဇ၀တ်ကောင် သေဆုံး
    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    – ယမန်နေ့က သည်ဟေ့ဂ်ရှိ နိုင်ငံတကာ ခုံသမာဓိရုံးတွင် ကြားနားစစ်ဆေးစဉ် အဆိပ်သောက်ခဲ့သည့် ဘော့စနီးယားမှ ခရိုအက် စစ်ရာဇ၀တ်ကောင်မှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။
    ခရိုအက်စစ်ခေါင်းဆောင်ဟောင်း စလိုဘိုဒန် ပရာလ်ဂျက်ဆိုသူ ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ဘော့စနီးယား ပြည်တွင်းစစ်အတွင်း မွတ်စလင်များအပေါ် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့်အတွက် ၎င်းနှင့်အတူ အခြား ခရိုအက် စစ်ရာဇ၀တ်ကောင် ၆ ဦးမှာ ၂၀၁၃ ခုနှစ်က ထောင်ဒဏ် စုစုပေါင်း ၁၁၁ နှစ် ချမှတ်ခံခဲ့ရသည်။
    အမှုအတွက် နောက်ဆုံးကြားနာမှုအဖြစ် ယမန်နေ့တွင် ခုံသမာဓိရုံးက ၎င်းတို့၏ အယူခံများကို ပယ်ချခဲ့ပြီးနောက် ပရာလ်ဂျက်မှာ ‘ဆုံးဖြတ်ချက်ကို ငါ လက်မခံဘူး။ ငါဟာ စစ်ရာဇ၀တ်ကောင်မဟုတ်ဘူး’ ဟု ဆိုကာ အဆိပ်သောက်ခဲ့ခြင်းဖြစ်သည်။
    ထို့ကြောင့် ကြားနာမှုအား ရပ်နားခဲ့ပြီး ပရာလ်ဂျက်အား ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
    ခုံသမာဓိရုံးက ထုတ်ပြန်သော ကြေငြာချက်တွင် ပရာလ်ဂျက်မှာ ဆေးရုံ၌ သေဆုံးသွားခဲ့ပြီး၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်ဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။
    Ref: Aljazeera
  • မွတ်စလင်မုန်းတီးရေးကို သတင်းမှားများ၊ အကောင့်တုများဖြင့် ၀ါဒဖြန့်ဟု သုတေသနတစ်ခုတွင် တွေ့ရှိ
    မွတ်စလင်မုန်းတီးရေးကို သတင်းမှားများ၊ အကောင့်တုများဖြင့် ၀ါဒဖြန့်ဟု သုတေသနတစ်ခုတွင် တွေ့ရှိ
    နိုဝင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    – ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ဆန့်ကျင်ရေး အုပ်စုတွေဟာ ဆိုရှယ်မီဒီယာ အကောင့်အတုတွေ၊ သတင်းလိမ်တွေ၊ ဖြတ်ညှပ်ကပ်တွေနဲ့ သူတို့ရဲ့ ၀ါဒဖြန့်မှုကို မြှင့်တင်နေကြတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
    လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ Hope Not Hate က သုတေသန ပညာရှင်တွေဟာ ဒီလေ့လာမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ယူကေကို လာရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ အမေရိကန်က မွတ်စလင်ဆန့်ကျင်ရေးသမား ပါမီလာ ဂျဲလာဟာ Twitter စာမျက်နှာမှာ bot အကောင့် ၁၂၀ ခု သုံးပြီး ၀ါဒဖြန့်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
    Twitter က bot အကောင့်တွေဟာ ပို့စ်တွေကို အလိုအလျောက် တင်တာ၊ ဖြန့်ဝေတာတွေ လုပ်ဆောင်ပေးတာပါ။
    သုတေသနပညာရှင်တွေဟာ ဗြိတိန်နဲ့ အမေရိကန်က မွတ်စလင်ဆန့်ကျင်ရေး Twitter အကောင့်တွေကို အခုနှစ် မတ်လကနေ နိုဝင်ဘာလအထိ စောင့်ကြည့်ခဲ့ပြီး ပျမ်းမျှအားဖြင့် သူတို့တွေမှာ follower ပေါင်း ၁၁၇ ရာခိုင်နှုန်းအထိ တိုးလာတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။
    အစ္စလာမ်မုန်းတီးရေးအဖွဲ့တွေရဲ့ ပြယုဂ်ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက သတ်မှတ်ထားတဲ့ ဂျဲလာရဲ့ အစီရင်ခံစာဆိုတဲ့ပို့စ်ကို ကြည့်ရှုသူအရေအတွက်ဟာ ဇူလိုင်လနဲ့ အောက်တိုဘာလကြားထဲမှာ ၂ ဆတက်ကာ ၂ သန်းကျော်လောက် ရှိလာခဲ့ပါတယ်။
    ဂျီဟတ်တိုက်ဖျက်ရေးဘလော့ဂ်ဖြစ်တဲ့ The Gates of Vienna ဟာလည်း အဲဒီကာလအတွင်း တစ်လကို လာရောက်ကြည့်ရှုသူ ၂ ဆလောက် တိုးလာခဲ့တာကို လေ့လာသူတွေက တွေ့ခဲ့ရပါတယ်။
    Hope Not Hate က သုတေသနပညာရှင် ပက်ထရစ် ဟာမန်ဆန်က မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေကို ဖြန့်နေတဲ့ Twitter အကောင့်တွေ၊ ၀ဘ်ဆိုက်တွေဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာကြောင်း၊ ဒါ့ကြောင့် လုပ်ကြံဖန်တီးထားတဲ့ မွတ်စလင်ဆန့်ကျင်ရေး အမြင်တွေကို ထိတွေသူဟာ များပြားလာကြောင်း ပြောကြားခဲ့ပါတယ်။
    ယူကေက အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်း ဆိုရှယ်မီဒီယာက မွတ်စလင်ဆန့်ကျင်သူတွေက အမြတ်ထုတ်နေကာ တိုက်ခိုက်မှုနောက်ပိုင်း ယူကေက ထင်ရှားတဲ့ မွတ်စလင်ဆန့်ကျင်ရေး Twitter အကောင့်တွေဟာ follower တွေ သိသိသာသာ များလာတယ်လို့လည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဟာဗျူဟာ အကြီးအကဲဟောင်း စတီဗ်ဘန်နွန်ရဲ့ Breitbart ၀ဘ်ဆိုက်က လုပ်ကြံသတင်းတွေကို ဖြန့်ဝေလေ့ရှိပြီး ‘အစ္စလာမ်နဲ့ မွတ်စလင်အကြောင်းကို ဖော်ပြရမှာ မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကား ဒါမှမဟုတ် လက်ယာစွန်းရောက်စကားတွေနဲ့သာ ဖြစ်တယ်’ လို့လည်း
    လေ့လာမှုက ဆိုပါတယ်။
    အွန်လိုင်း ဖိုရမ်ကွန်ယက်တွေနဲ့ အထင်အမြင်မှားစေတဲ့ ဓာတ်ပုံတွေကိုလည်း ဆိုရှယ်မီဒီယာမှာ မွတ်စလင်ဆန့်ကျင်ရေး ချဲ့ကားပြောဆိုဖို့အတွက် အသုံးပြုတာတွေကို တွေ့ရပြီး အထူးသဖြင့် ၂၀၁၇ ခုနှစ် မတ်လက ၀က်မင်စတာအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အခင်းဖြစ်ပွားရာနေရာမှာ ဟီဂျဘ်ဝတ်ထားတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးက ဖုန်းကြည့်ကာ ဖြတ်လျှောက်သွားတဲ့ ဓာတ်ပုံကို အွန်လိုင်းမှာ ဆိုးဆိုးဝါးဝါး ရေးသားဖော်တာမျိုး ဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြခဲ့ပါတယ်။
    Follower များတဲ့အကောင့်တွေကို ယေဘုယျအားဖြင့် လူတွေက ယုံကြည်လေ့ရှိတာကြောင့် မွတ်စလင်ဆန့်ကျင်ရေးသမားတွေဟာ bot တွေကို အသုံးပြုကာ လူထုအာရုံစိုက်မှုကို ရယူတယ်လို့လည်း လေ့လာမှုမှာ ဖော်ပြခဲ့ပါတယ်။
    Ref: The Guardian