News @ M-Media

Category: နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်းများ

  • အူရဒူဘာသာစကား မြှင့်တင်ပေးမှုအတွက် ရှာရွတ်ခန်း ဒေါက်တာဘွဲ့ချီးမြှင့်ခံရ

    အူရဒူဘာသာစကား မြှင့်တင်ပေးမှုအတွက် ရှာရွတ်ခန်း ဒေါက်တာဘွဲ့ချီးမြှင့်ခံရ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    urdu

    – ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် အူရဒူဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးခဲ့သည့်အတွက် ဘောလီးဝုဒ်အကျော်အမော် မင်းသား ရှာရွတ်ခန်းအား မောင်လာနာ အဇဒ် အမျိုးသား အူရဒူ တက္ကသိုလ် (MANUU) က ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ယမန်နေ့ကပြုလုပ်သည့် တက္ကသိုလ်၏ ၆ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် MANUU မှ ပါမောက္ခချုပ် ဇာဖာရ် ဆာရက်ရှ်ဝါလာက ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများက သောင်းသောင်းဖျဖျ သြဘာပေးခဲ့ကြသည်။

    ရှာရွတ်ခန်းကမူ မိခင်ဖြစ်သူ၏ ဇာတိရှိ တက္ကသိုလ်မှ ထိုကဲ့သို့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရရှိခဲ့သည့်အတွက် မိဘနှစ်ပါးက ပျော်ရွှင်လိမ့်မည်ဟု ၎င်း၏ ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ ဖခင်မှာ မောင်လာနာ အဘူ ကလမ် အဇဒ်၏ နောက်လိုက်တစ်ဦးဖြစ်ပြီး အူရဒူနှင့် ပါရှန်ဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သည်ဟု ဆိုသည်။

    “ကျွန်တော် နည်းနည်းပါးပါးပြောတတ်တာ အဖေ့ကြောင့်ပါ။ ပညာရေးပိုင်း၊ အူရဒူနဲ့ ဘာသာစကားပိုင်းမှာ အဖေဟာ တော်တော်လေး တာဝန်ကျေခဲ့ပါတယ်။ မပြောပလောက်ပေမယ့် ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် (အူရဒူဘာသာစကား မြှင့်တင်ရေး) လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သွား
    မယ်လို့ ကျွန်တော် ကတိပြုပါတယ်”

    Ref: Twocircles.net

  • အမေရိကန်လူမည်းတစ်ဦး လူဖြူအမျိုးသားရေးအစွန်းရောက် ၂၀၀ ခန့်ကို အစွဲချွတ်နိုင်ခဲ့

    အမေရိကန်လူမည်းတစ်ဦး လူဖြူအမျိုးသားရေးအစွန်းရောက် ၂၀၀ ခန့်ကို အစွဲချွတ်နိုင်ခဲ့

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    balck-4
    လူဖြူအမျိုးသားရေးအစွန်းရောက် ၂၀၀ ခန့်ကို အစွဲချွတ်နိုင်ခဲ့သူ ဒါရိုင်း ဒေးဗစ်

    – အမေရိကန်က ကေသုံးလုံး (KKK) အစွန်းရောက်အဖွဲ့ကို လူတိုင်း ကြားဖူးကြမှာပါ။

    နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး အဲဒီ လူဖြူအစွန်းရောက် အမျိုးသားရေးဝါဒီအဖွဲ့ဟာ လူမည်းတွေအပါအ၀င် ခြားလူနည်းစုတွေအပေါ် မုန်းတီးရေးဝါဒဖြန့်သလို၊ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်မှုတွေပြုလုပ်တဲ့ လက်မရွံ့လူသတ်သမားတွေလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် ချီကာဂိုက လူမည်း အဆိုတော်တစ်ယောက်ကတော့ ဒီ ဆိုးသွမ်းဂိုဏ်းက လူ ၂၀၀ လောက်ရဲ့ လူမျိုးရေးမုန်းတီမှုအစွဲတွေကို ချွတ်ပစ်နိုင်ခဲ့ပါတယ်။

    အသက် ၅၈ နှစ်အရွယ်ရှိတဲ့ ဒါရိုင်း ဒေးဗစ်ဆိုသူဖြစ်ပြီး လူဖြူအစွန်းရောက်တွေရဲ့ အတွင်းစည်းအထိ ထိုးဖောက်ဝင်ရောက်ကာ အမုန်းတရားကင်းစင်ရေးဆောင်ရွက်မှုကို နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

    သူ့ရဲ့ ဒီကြိုးပမ်းမှုတွေကိုတော့ Klan-destine Relationships: A Black Man’s Odyssey in the Ku Klux Klan ဆိုတဲ့ ခေါင်းစဉ်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

    မေရီလန်းပြည်နယ်က ရော်ဂျာ ကယ်လီလို့ခေါ်တဲ့ KKK အကြီးတန်းတာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံခဲ့ပုံကို သူက ဒီလို ဖွင့်ဟခဲ့ပါတယ်။

    “သူ့ကိုတွေ့ရင် ကျွန်တော် ပြောရမှာတွေနဲ့ပတ်သက်ပြီး သေသေချာချာ ပြင်ဆင်ထားခဲ့ပါတယ်။ ကေသုံးလုံးက ရေးတဲ့စာအုပ်တွေ အားလုံးနီးပါး ကျွန်တော့်မှာရှိနေပြီး အားလုံးကိုလည်း ဖတ်ထားပါတယ်။ တကယ်တော့ ကေသုံးလုံးအဖွဲ့ဝင် အများစုထက်ကို ဒီအဖွဲ့အကြောင်း ကျွန်တော်က ပိုသိပါတယ်”

    နောက်ပြီး ရန်သူ ဒါမှမဟုတ် ကိုယ်နဲ့ အမြင်မတူတဲ့သူတွေနဲ့ ရင်ဆိုင်ရာမှာ လေ့လာမှု၊ သတင်းအချက်အလက်၊ ဇ၀နဉာဏ်နဲ့ ဒါတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးချနိုင်ခြင်းက အကြမ်းဖက်မှု ဒါမှမဟုတ် သေစေနိုင်တဲ့လက်နက်တွေထက် ပိုပြီး အစွမ်းထက်တယ်လို့ ဒေးဗစ်က ပြောကြားခဲ့ပါတယ်။

    black-3
    မေရီလန်းပြည်နယ်မှ ကေသုံးလုံးအကြီးတန်းအဖွဲ့ဝင် ရော်ဂျာ ကယ်လီနှင့် တွေ့ဆုံစဉ်

    “ကျွန်တော့က ဒီအရည်းအချင်းတွေကို ပြည့်နေအောင်ဖြည့်တယ်။ ရော်ဂျာ ကယ်လီက ကျွန်တော့်ကို သတ်လိမ့်မယ်လို့ သူ့မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို ပြောပါတယ်။ လက်နက်မပါဘဲနဲ့ လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့ပြီး ဒီယုံကြည်မှု မှန်ကန်ကြောင်း ကျွန်တော် သက်သေပြနိုင်ခဲ့ပါတယ်” လို့ ဒေးဗစ်က ဆိုပါတယ်။

    နောက်ပိုင်းမှာတော့ မေရီလန်းက လူဖြူအမျိုးသားရေးအစွန်းရောက် ၄ ဦးလောက်က ဒေးဗစ်နဲ့ ဆက်သွယ်တွေ့ဆုံခဲ့ပါတယ်။

    “ခြိမ်းခြောက်ခံရတာမျိုး ရှိသလို၊ နှစ်ကြိမ်လောက် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာလည်း ရှိပါတယ်။ အဲဒီ နှစ်ကြိမ်စလုံးမှာ ကံကောင်းပြီး ကျွန်တော် နိုင်ခဲ့ပါတယ်။ ဒါမျိုးက အချိန်တိုင်း ဖြစ်နေတာပါ။ ဒါကိုတော့ မျှော်လင့်ထားရမယ်။ ကိုယ့်ကိုမုန်းနေတဲ့သူတွေ၊ အသားအရောင်မတူတာကြောင့် ကိုယ့်ကို အမှုန့်ချေချင်တဲ့လူတွေနဲ့ တွေ့ရတာလေ။ တစ်ချို့လူတွေဆို တော်တော်ဆိုးတာဗျ။ လူမည်းတစ်ယောက်ကိုတွေ့တာနဲ့ ရိုက်ချင် နှက်ချင်ကြတာ”

    လူဖြူအစွန်းရောက်တွေဟာ သူတို့ ဘယ်လောက် မြင့်မြတ်ကြောင်းကို တစ်ကွေ့မဟုတ် တစ်ကွေ့မှာ ပြောတတ်ကြပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ဖို့ တစ်ဖက်သားကို နှိမ့်ချပြောဆိုတယ်လို့လည်း ဒေးဗစ်က ဆိုပါတယ်။

    ဒါပေမယ့် ပေးဆပ်မှုက ရရှိတဲ့ရလဒ်နဲ့ဆိုရင် ထိုက်တန်ပါသတဲ့။

    “သူတို့ရဲ့ တွေးခေါ်ဉာဏ် ပွင့်လာတာ၊ ဖုန်းခေါ်ပြီး ဒီအဖွဲ့က ထွက်တော့မယ်လို့ ပြောလာတာတွေကို မြင်ရတဲ့အခါ သိပ်ကြည်နူးစရာကောင်းပါတယ်။ ကျွန်တော်ကတော့ သူတို့ဝါဒကို စွန့်လွှတ်ဖို့ ဘယ်တော့မှ စမပြောပါဘူး။ ‘ခင်ဗျား ကျွန်တော့်ကို မသိဘဲနဲ့များ ဘာ့ကြောင့် မုန်းနေရတာလဲဗျာ’ ဆိုတဲ့ မေးခွန်းအတွက် အဖြေရဖို့ကိုသာ လမ်းကြောင်းပေးခဲ့တာပါပဲ” လို့ ဒေးဗစ်က ပြောကြားခဲ့ပါတယ်။

    balck-2
    မစ်ဇူရီပြည်နယ်မှ လူဖြူအစွန်းရောက်များနှင့်

    Ref: Metro

  • သတင်းမှားကို အခြေခံကာ နျူဖြင့် လက်စားချေမည်ဟု ပါကစ္စတန်က အစ္စရေးကို သတိပေး

    သတင်းမှားကို အခြေခံကာ နျူဖြင့် လက်စားချေမည်ဟု ပါကစ္စတန်က အစ္စရေးကို သတိပေး

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    paki
    ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်

    – အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် သတင်းမှားတစ်ခုကို အမှန်ဟုယူဆ၍ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးမှာ အစ္စရေးအား နျူလက်နက်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

    ပါကစ္စတန်မှာ ဆီးရီးယားသို့ စစ်တပ်များ စေလွှတ်မည်ဆိုလျှင် မိမိတို့က နျူကလီးယားလက်နက်ဖြင့် ပါကစ္စတန်ကို တိုက်ခိုက်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်က ပြောကြားသည်ဆိုသော သတင်းတစ်ပုဒ်ကို AWD ၀ဘ်ဆိုက်တွင် ဖော်ပြပြီးနောက်ပိုင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်က ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

    “ဆီးရီးယားက IS အကြမ်းဖက်တွေကို တိုက်ခိုက်မှုမှာ ပါကစ္စတန်ရဲ့ အခန်းကဏ္ဍအတွက် အစ္စရေးကာကွယ်ရေးဝန်ကြီးက နျူလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပါကစ္စတန်လည်း နျူလက်နက်ပိုင်ဆိုင်တယ်ဆိုတာ အစ္စရေးက မေ့နေလားမသိဘူး” ဟု အာဆစ်ဖ်က သောကြာနေ့နှောင်းပိုင်းတွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    သို့သော် AWD ၏ အဆိုပါသတင်းမှာ လုပ်ကြံသတင်းဖြစ်ပြီး မိုရှေးယာလွန်မှာလည်း အစ္စရေးကာကွယ်ရေးဝန်ကြီးအဖြစ်မှ မေလတွင် အနားယူသွားခဲ့သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါသတင်းမှာ မှားယွင်းပြီး၊ မိုရှေးယာလွန်အနေဖြင့် ထိုကဲ့သို့ မည်သည့်အခါကမှ ပြောကြာခဲ့ခြင်းမရှိဟု Twitter စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့သည်။

    အစ္စရေးနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးတွင် နျူလက်နက်များ ရှိသည်ဟု ယူဆရပြီး နျူလက်နက်မပြန့်ပွားရေးစာချုပ် NPT တွင် လက်မှတ်မထိုးထားချေ။

    အစ္စရေးမှာ ၁၉၆၀ ပြည့်နှစ်များကတည်းက နျူကလီးယားလက်နက်ကို ပိုင်ဆိုင်သည်ဟု အများစုက ယူဆကြသော်လည်း အစ္စရေးနိုင်ငံက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

    ပါကစ္စတန်နှင့် အစ္စရေးတို့မှာ သံတမန်အဆက်အသွယ်လည်းမရှိဘဲ ပါကစ္စတန်မှာ အစ္စရေးအား အသိအမှတ်မပြုပေ။

    အွန်လိုင်းအချက်အလက်စစ်ဆေးရေး ၀ဘ်ဆိုက်တစ်ခုဖြစ်သော Snopes က AWD သတင်းဝဘ်ဆိုက်မှာ ယုံကြည်စိတ်ချ၍မရသော ၀ဘ်ဆိုက်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ယခင်ကလည်း ဂျော်ဒန်ဘုရင် အဘ်ဒူလာမှာ ၎င်းမိဘုရား ရာနီယာကို သတ်ဖြတ်ခဲ့သည်ဟု လွှင့်တင်ခဲ့ဖူးသည်။ ရာနီယာမှာ ယခုအချိန်အထိ အသက်ထင်ရှား ရှိနေသေးသည်။

    Ref: RT

  • ခရစ္စမတ်မှာ လူနည်းစုခရစ်ယာန်များနှင့် တစ်သားတည်းရှိကြောင်း ပြသလိုက်တဲ့ အီရတ်မွတ်စလင်များ

    ခရစ္စမတ်မှာ လူနည်းစုခရစ်ယာန်များနှင့် တစ်သားတည်းရှိကြောင်း ပြသလိုက်တဲ့ အီရတ်မွတ်စလင်များ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    iraq
    ဘဂ္ဂဒတ်မြို့လယ်ကောင်မှ ခရစ္စမတ်သစ်ပင်တစ်ခု

    – ဘဂ္ဂဒတ်မြို့ရှိ ရှော့ပင်းမောလ်တစ်ခုရှေ့တွင် စိုက်ထူထားကာ ကြီးမားပြီး လင်းလက်တောက်ပနေသည့် ခရစ္စမတ်သစ်ပင်မှာ မွတ်စလင်အများစုရှိရာ အီရတ်နိုင်ငံတွင် ခရစ္စမတ်ပွဲတော်ကို တစ်မူထူးခြားစေသည်။

    မြို့၏ အရှေ့တောင်ပိုင်း Smaa Mall ရှိ ကြယ်များ၊ ခေါင်းလောင်းလေးများဖြင့် ဆင်ယင်ချယ်သထားပြီး ၇ မီတာမြင့်သည့် အဆိုပါ ခရစ္စမတ်သစ်ပင်က နိုင်ငံအတွင်းရှိ ခရစ်ယာန်လူနည်းစုများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် နိုင်ငံတစ်ဝှမ်း စိုက်ထူထားသော ခရစ္စမတ်သစ်ပင်များစွာထဲမှ တစ်ခုဖြစ်လေသည်။

    IS အကြမ်းဖက်သမားများအပေါ် စစ်ပွဲဆင်နွှဲရာတွင် ရင်ဆိုင်ခဲ့ရသည့် ဒုက္ခသုက္ခများကို အီရတ်ပြည်သူများ မေ့ပျောက်စေရန် ရည်ရွယ်သည့် အဆိုပါသစ်ပင်ကြီးကို မွတ်စလင်စီးပွားရေးသမား ယာစီရ် ဆအဒ်က စတာလင်ပေါင် ၁၉၀၀၀ ခန့် အကုန်အကျခံကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။

    “ဒီခရစ္စမတ်သစ်ပင်က ချင်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းမှုကို ဖော်ကြူးနေတာဗျ။ အီရတ်ခရစ်ယာန်တွေအနေနဲ့ သူတို့ရဲ့ ဇာတိမြေကိုပြန်လာပြီး ပုံမှန်အတိုင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်” ဟု ဘဂ္ဂဒတ်ရှိ အများပြည်သူ အပန်းဖြေပန်းခြံတွင် ထားရှိသည့် ၈၅ ပေမြင့်သော ခရစ္စမတ်သစ်ပင်နှင့်ပတ်သက်၍ လာရောက်လည်ပတ်သူ ဆာဘာ အစ္စမေးလ်က ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံရှိ ခရစ်ယာန်လူနည်ုးများမှာ ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်သည့် ကျူးကျော်စစ်နောက်ပိုင်း ညှင်းပမ်းနှိပ်စက်မှုများကို ကြုံတွေ့ခံစားခဲ့ရသည်။

    အီရတ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက IS ၏ ခြေကုပ်စခန်းဖြစ်သော မူဆိုလ်းတွင် ခရစ်ယာန်များမှာ အစွန်းရောက်သမားများ၏ ပစ်မှတ်ထားမှုကို ခံခဲ့ရသည်။ နှိမ့်ချသည့် အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ခံခဲ့ရသလို၊ မြို့မှထွက်သွားရန် သို့မဟုတ် အသေခံရန် သို့မဟုတ် အစ္စလာမ်ဘာသာကူးပြောင်းရန်
    အကြမ်းဖက်သမားများ၏ အကြပ်ကိုင်ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရသည်။

    ခရစ်ယာန်ဘာသာဝင်များရှိနေသည့် ဘဂ္ဂဒတ်၏ လူစည်းကားရာ ကာရာဒါရပ်ကွက်ရှိ Sama Mall ဈေးဝယ်စင်တာတွင် အလုပ်လုပ်နေသည့် အမ်မာရ် ဟူစိန်က အလွှာအသီးသီးမှ မွတ်စလင်များမှာ ခရစ္စမတ်သစ်ပင်များနှင့် ပွဲတော်ကာလ ထုတ်ကုန်များကို ၀ယ်ယူအားပေးနေကြသည်ဟု ပြောကြားခဲ့သည်။

    “တစ်နိုင်ငံတည်းသားတွေနဲ့ ဒီအားလပ်ရက် အခါသမယမှာ ဆင်နွှဲရတာကို မွတ်စလင်တွေလည်း နှစ်သက်ပါတယ်” ဟု ဟူစိန်က ပြောကြားခဲ့ပြီး နိုင်ငံအတွင်းရှိ ခရစ်ယာန်လူနည်းစုများအပေါ် တရားမဲ့မှုများမှာ မွတ်စလင်များဘက်မှ လာခြင်းမဟုတ်ဘဲ အီရတ်နိုင်ငံကို မုန်းတီးသူ အမုန်းဝါဒီများထံမှ လာခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    မွတ်စလင်ဇနီးမောင်နှံစုံတွဲက မိမိတို့မှာ အစ္စလာမ့်အားလပ်ရက်များနည်းတူ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲရန်အတွက် ခရစ္စမတ်သစ်ပင်ငယ်လေးများ၊ လလ်ဆောင်များကို ၀ယ်ယူခဲ့သည်ဟု ဆိုသည်။

    “ဒီအချိန်ဟာ တစ်နှစ်တာလုံးမှာ ပျော်စရာအကောင်းဆုံးအချိန်ပါ။ အတူယှဉ်တွဲနေထိုင်မှုအတွက် ကျွန်မတို့ ထွေထွေထူးထူး သက်သေပြစရာ မလိုပါဘူး။ ကျွန်မတို့ဟာ တစ်နိုင်ငံတည်းသားတွေပါ” ဟု ၎င်းတို့က ပြောကြားခဲ့သည်။

    ၂ နှစ်အတွင်း ပထမဆုံး ခရစ္စမတ်

    iraq-2
    IS လက်မှလွတ်မြောက်ပြီးနောက် ၂ နှစ်အတွင်း ပထမဆုံး ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲရသည့် အက်ဆီရီယန်ခရစ်ယာန်များ ၀တ်ပြုဆုတောင်းနေစဉ်

    မူဆိုးလ်မြို့အနီး IS အကြမ်းဖက်အဖွဲ့လက်အောက်မှ ယခုနှစ်တွင် လွတ်မြောက်လာခဲ့သည် မြို့များတွင်လည်း ခရစ်ယာန်များမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

    မူဆိုးလ်မြို့အရှေ့ဘက် ၁၃ မိုင်အကွာရှိ အက်ဆီရီယန် မြို့ငယ်လေးမှ ထွက်ပြေးခဲ့ကြရသည့် ခရစ်ယာန်များမှာ ခရစ္စမတ်အကြိုညတွင် ၎င်းတို့ဒေသရှိ Bartella
    ဘုရားကျောင်းသို့ ပြန်လည် လာရောက်စုရုံးခဲ့ကြသည်။

    “ပျော်ရွှင်မှုတွေ၊ ၀မ်းနည်းမှုတွေ ရောထွေးနေပါတယ်။ ကျွန်တော်တို့ရဲ့ မြင့်မြတ်ရာနေရာတွေကို ကျွန်တော်တို့နိုင်ငံသားတွေက ဖျက်ဆီးထားတာတွေကို ကြည့်ရင်း ကျွန်တော်တို့ ၀မ်းနည်းကြေကွဲရပါတယ်။ ဒါပေမယ့် ၂ နှစ်ကျော်အတွင်းမှာ ပထမဆုံး ၀တ်ပြုဆုတောင်းခွင့်ရတဲ့အတွက်လည် ပျော်ရွှင်မိပါတယ်” ဟု ဘုန်းတော်ကြီး မူဆာ ရှီမာနီက ပြောကြားခဲ့သည်။

    Bartell ဘုရားကျောင်းက စစ်ဆင်ရေးဇုန်အတွင်း ဆက်လက်ရှိနေသောကြောင့် အီရတ်စစ်တပ်က အနီးကပ် လုံခြုံရေး ယူပေးထားသည်။ ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များကတော့ ဖျက်ဆီးခံခဲ့ရလေသည်။ ခရစ်ယာန်များမှာ ကားအစီးလိုက်ဖြင့် ဘုရားကျောင်းသို့ ရောက်ရှိလာကြပြီး အီရတ်စစ်တပ်ကလည်း ခရီးလမ်းတစ်လျှောက် လုံခြုံရေးအပြည့်အ၀ ပေးခဲ့သည်။

    IS အကြမ်းဖက်သမားများလက်အောက်တွင် ငြှင်းပမ်းနှိပ်စက်ခံရသည့် ဘာသာရေးလူနည်းစုများမှာ ခရစ်ယာန်တစ်ခုတည်းမဟုတ်။ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နိုင်ငံမြောက်ပိုင်း ဆင်ဂျာဒေသကို တိုက်ခိုက်ခဲ့သည့်အခါတွင်လည်း ယာဇီဒီလူမျိုးများအပေါ် ဆိုးဆိုးဝါးဝါး ငြှင်းပမ်းနှိက်စက်မှု ပြုလုပ်ခဲ့သည်။ ယာဇီဒီများမှာ လက်ရှိအချိန်အထိ IS အကြမ်းဖက်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ခံစားနေရပြီး ကုလသမဂ္ဂကမူ ထိုလုပ်ရပ်များကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ရှုတ်ချပြောဆိုခဲ့လေသည်။

    iraq-1
    ဘဂ္ဂဒတ်မြို့လယ်ကောင်ရှိ Virgin Mary ခရစ်ယာန်ဘုရားကျောင်းတွင် အီရတ်စစ်တပ်မှ လုံခြုံရေးပေးထားသည့်မြင်ကွင်း

    Ref: Independent

  • ပျက်ကျရုရှားစစ်လေယာဉ်တွင် အသက်ရှင်သူမရှိ

    ပျက်ကျရုရှားစစ်လေယာဉ်တွင် အသက်ရှင်သူမရှိ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    russia

    – စစ်တပ်တီးဝိုင်းအပါအ၀င် လူပေါင်း ၉၂ ဦးလိုက်ပါသွားပြီး ပင်လယ်နက်ထဲသို့ ပျက်ကျသွားခဲ့သည့် စစ်လေယာဉ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    အဆိုပါ Tu-154 လေယာဉ်မှာ ယနေ့မနက်ပိုင်းတွင် နိုင်ငံတောင်ပိုင်း အဒ်လာမြို့မှ ဆီးရီးယားနိုင်ငံ လာတာကီယာမြို့သို့ ပျံသန်းစဉ် ဆိုချီမြို့အနီး ပင်လယ်နက်ထဲသို့ ပေါက်ကွဲပျက်ကျခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ကမူ နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့သည်။

    “ဒီလိုအခြေအနေမျိုးမှာ အသက်ရှင်မယ့်အခွင့်အရေး မရှိတော့ပါဘူး။ လေယာဉ်က ချက်ချင်းဆိုသလို ပေါက်ကွဲသွားတာပါ” ဟု ရုရှားလေတပ်မှ လေယာဉ်မှူးတစ်ဦးဖြစ်သူ မာဂိုမဒ် တိုလ်ဘိုယက်ဗ်က ပြောကြားခဲ့သည်။

    ခရီးသည် ၉၂ ဦးတွင် ရုရှားစစ်တပ်မှ နာမည်ကြီး Alexandrov Ensemble တီးဝိုင်းအဖွဲ့နှင့် ခေါင်းဆောင် စုစုပေါင်း ၆၄ ဦး ပါဝင်ခဲ့ပြီး တနင်္ဂနွေနေ့ ညနေပိုင်းအထိ လောင်း ၁၀ လောင်းကို ရရှိထားသည်။ အဆိုပါတီးဝိုင်းအဖွဲ့မှာ ဆီးရီးယားရှိ ရုရှားတပ်များနှင့် ခရစ္စမတ်ပွဲဆင်နွှဲရန် သွားရောက်ခြင်းဖြစ်သည်။

    လေယာဉ်တွင် ဂျာနယ်လစ်များနှင့် တပ်သားများပါဝင်ပြီး ပျက်ကျရသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။

    သမ္မတပူတင်ကမူ ထိုအဖြစ်အပျက်အား စုံစမ်းရန်အတွက် ကော်မရှင်ဖွဲ့ရန်နှင့် ကော်မရှင်တွင် ခေါင်းဆောင်အဖြစ်ဆောင်ရွက်ရန် ၀န်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်အား အမိန့်ပေးခဲ့သည်။

    Ref : Aljazeera