News @ M-Media
Category: မြန်မာသတင်း
မြန်မာသတင်း
  • တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ
    တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ
    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၅
    M-Media
    သတင်း – ဟိန်းထက်
    1934609_141056316263423_1967768195376760947_n
    ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် Peace Cultivation Network-(PCN) နှင့် ကမာကဆစ်ဆရာတော် ဦးဧသိက တို့ ပူးပေါင်း ဖွင့်လှစ်သည့် တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနသင်တန်း ဖွင့်ပွဲ့အခမ်းအနားကို  ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ကမာကဆစ်အနောက် ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၀ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။
    အခမ်းအနားကို မနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်၊ သင်ကြားမည့် ဆရာ၊ ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    အနောက်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က ဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပညာဒါနသင်တန်းကို ပံ့ပိုးကူညီပေးသည့် “ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN)” မှ ဒုဥက္ကဌ ဦးတင်မျိုးဝင်း(ဗိုလ်မှူး ငြိမ်း) က သင်တန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် ကိစ္စများကို တင်ပြခဲ့သည်။
    ဒလမြို့အုပ်ချုပ်ရေးမှူးရုံး လူမှုအထောက်အကူပြုဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဆရာများကိုယ်စား ဆရာဦးစိုးအောင်က ပညာဒါနသင်တန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
    အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းမှာ အခမဲ့ဖြစ်ပြီး ကျောင်းသားများအား၊ ဗလာစာအုပ်၊ ဘောပင်တို့ အပါအ၀င် ကျောင်းသုံးပစ္စည်းများ၊ သင်ကြားမည့် စာရွက်စာတမ်းများကိုပါ အခမဲ့ ဝေငှသွားမည်ဖြစ်ကာ၊ မေခွန်းဟောင်း စာအုပ်များကိုလည်း တစ်ယောက်တစ်အုပ်စီ အခမဲ့ပေးအပ်သွားရန် အစီအစဉ်ရှိနေသည်ဟု သင်တန်းတွင် အင်္ဂလပ်စာသင်ကြားပေးမည့် ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့သည်။ လက်ရှိတွင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားဦးရေမှာ ၃၅ ဦးရှိနေသည်ဟု သိရသည်။
    ပညာဒါနသင်တန်း သင်ကြားမည့်အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး၊ စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီမှ ၁၂ ခွဲအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ တစ်ကြိမ် သင်ကြားပေးသွားမည်ဖြစ်သည်။ ပညာဒါနသင်တန်းတွင် စုစုပေါင်း ဆရာ၊ ဆရာမ ၁၆ ဦးရှိပြီး နောက်ထပ် ဆရာများကိုလည်း ထပ်မံ ပေါင်းထည့်သွားမည်ဟု သိရသည်။
    10615419_141055702930151_7031100829342592329_n
    အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြားခဲ့ခြင်းဖြစ်ပြီး အောင်ချက်ကောင်းမွန်မှုကြောင့် ဒလမြို့ရှိပြည်သူများ အားထားရာ ပညာဒါန သင်တန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။
    လူမျိုးဘာသာမရွေး လက်ခံသင်ကြားပေးသည့် အဆိုပါပညာဒါနသင်တန်းမှာ ချို့တဲ့သူသောပြည်သူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေး အတွက် ရည်ရွယ်သည်ဟု ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့ပြီး ဖွင့်လှစ်ခဲ့သည့်သက်တမ်း တစ်လျှောက်လုံး ကျောင်းထိုင်ဆရာတော် အပါအ၀င် ကမာကဆစ် အနောက်ကျောင်းတိုက်မှ လိုလေသေးမရှိ ကူညီပေးခဲ့သည်ဟု ဆိုသည်။
    12360295_546123302217507_6060416007306161999_n
  • ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း
    ကမန်ဒုက္ခသည်များကို နေရပ်ရင်း အတင်းပြန်ခိုင်း
    BE329DF0-7C84-4F1A-838B-58B8D8872AE6_w640_r1_s_cx5_cy0_cw79
    အလုပ်အကိုင် ရှာဖွေဖို့နဲ့ ကျောင်းတက်ဖို့အတွက် လာကြတဲ့ မြန်မာနိုင်ငံသား မှတ်ပုံတင်ရထားပြီးသား ရခိုင်ပြည်နယ်တွင်းက ကမန်တိုင်းရင်းသား ဒုက္ခသည်တွေကို လူဝန်မှုကြီးကြပ်ရေးဌာန ကနေ နေရပ်ရင်းကို ပြန်ခိုင်းနေပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
    ရခိုင်ပြည်နယ်တွင်းက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ် အပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရခိုင်လူမျိုးနဲ့ ကမန်လူမျိုး တိုင်းရင်းသားတွေထဲက နိုင်ငံသားမှတ်ပုံတင် ရရှိပြီးသား လူ ၂၀ ကျော်ဟာ ကျောင်းတက်ဖို့နဲ့ အလုပ်အကိုင်ရှာဖွေဖို့အတွက် နေရပ်ကနေ ထွက်ခွာလာခဲ့ပြီး ရန်ကုန်ကို ရောက်ရှိလာခဲ့တာ ၁ လခန့် ရှိပြီ ဖြစ်ပါတယ်။ သူတို့တွေကို လူဝန်မှုကြီးကြပ်ရေး ဌာနဆိုင်ရာက တာဝန်ရှိသူတွေက နေရပ်ရင်း ကို ပြန်ခိုင်းနေတယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ဆိုပါတယ်။
    “ဒီလူတွေကို ပြန်လွှတ်တယ်ဗျ။ ဘာကြောင့် ပြန်လွှတ်လဲဆိုတော့ တာမွေမြို့နယ်မှူးတို့၊ မရမ်းကုန်းမြို့နယ်မှူးတို့၊ သူတို့ကပေါ့ဗျာ တိုင်းဦးစီးက ခိုင်းတဲ့အခါ မြို့နယ်အဆင့်တွေက ဘာပြောလဲဆိုတော့ ဒီလူတွေကို ပြန်လွှတ်တော့မယ်ပေါ့နော်။ camp ထဲမှာ သတင်းမပို့လို့တဲ့ ဟ ခင်ဗျားက သတင်းပို့ရလောက်အောင် ကျုပ်တို့က အကျယ်ချုပ် ကျနေတာမှ မဟုတ်ဘဲလို့။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံတော်ကလည်း ဒီလူတွေ မှတ်ပုံတင် ပေးထားတာလည်း အများကြီးပဲလို့။ အဲဒီမှာ ကျောင်းသားတွေ ပါတယ်ဗျာ။ ကျောင်းမတက်ရတာ ဆယ်တန်းအောင်ပြီး ၄ နှစ်ရှိပြီလို့။ ဂုဏ်ထူး ၃ ဘာသာ၊ ၄ ဘာသာ ပါတဲ့ကလေးတွေ ၄ နှစ်ရှိပြီ။ စာမသင်ရတာ။ နောက်တခါ အလုပ်အကိုင်လုပ်နိုင်တဲ့ ကျန်းမာရေးသန်စွမ်းတဲ့ ကလေးတွေကလည်း ယောကျာ်းလေးတွေကလည်း ၁၀ ယောက်ကျော်ကျော်လောက် ရှိတယ်ဗျာ။ ဒီလူတွေလည်း အဲဒီစခန်းထဲမှာ တနေ့ကို ဆန်တဗူးနဲ့ တလကို ဆီတပုလင်းနဲ့ ဒါနဲ့ပဲ နေလာတာလည်း ၄ နှစ်ကျော်ပြီ။ အစိုးရကိုလည်း ကျနော်တို့ တင်ပြတာ၊ တင်ပြတာ၊ တင်ပြတာ ဆိုရင် တင်ပြတာပဲ အဖတ်တင်တယ်။ ဘာမှ ဖြစ်မလာဘူး။ ဘာဖြစ်လို့လဲ ကျနော်တို့က ပြစ်မှုတစုံတရာ ကျူးလွန်ပြီးတော့ အိမ်တွေ၊ ယာတွေ အကုန် မီးရှို့ဖျက်ဆီးခံရပြီးတော့ တခါ ကျနော်တို့ကို စခန်းထဲ ထည့်ရလောက်အောင် ကျနော်တို့က ဘင်္ဂါလီ မဟုတ်ဘူး။ ကျနော်တို့က တိုင်းရင်းသားတွေ။ ခိုးလာတာမဟုတ်ဘူး။ ရမ်းဗြဲကနေ သံတွဲကို ကားစီးတယ်။ သံတွဲကနေ လေယာဉ်ပျံနဲ့ ရန်ကုန်ကို လာကြတာ။”
    ရန်ကုန်ကို ရောက်လာသူတွေထဲမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ကမန် အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ပြီး သူတို့တွေဟာ အရင်က အိုးအိမ်တွေရှိခဲ့ပေမဲ့ ပဋိပက္ခတွေအတွင်း မီးရှို့ဖျက်ဆီးခံ လိုက်ရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဒုက္ခသည်စခန်းမှာ နေထိုင်စရာ အိုးအိမ်တွေလည်း ပျက်စီးနေပြီဖြစ်သလို စားသောက်ရေး ခက်ခဲနေတဲ့အတွက် လ၀က က ပြန်ခိုင်းပေမဲ့ ပြန်မှာမဟုတ်ဘူးလို့  ရခိုင်ဗုဒ္ဓဘာသာဝင်ေ ဒ်ါဆိပ်ကေ က ဆိုပါတယ်။
    “သူတို့ ပြန်ခိုင်းပါစေ။ ကျမတို့ မပြန်ဘူး။ အရင်က အိမ်ရှိတယ် ကျမတို့မှာ အရေးအခင်းမဖြစ်ခင်က။ ဒီလို မီးရှို့ ဒုက္ခသည်တွေ အိမ်မရှိတော့ဘူး။”
    ဒီလူတွေကို နေရပ်ရင်းကို ပြန်ပို့မယ်ဆိုတာနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့အနေနဲ့ ကမန်အမျိုးသားတိုးတက်ရေး ပါတီကတော့ နိုင်ငံတော် က တာဝန်ရှိသူတွေကို တရားဝင် စာပို့ထားတယ်လို့ ဦးတင်လှိုင်ဝင်း က ဆိုပါတယ်။
    “ကျနော်တို့ တာဝန်ယူပါတယ်။ တာဝန်ခံပါတယ်ဆိုပြီး ကျနော်က ပါတီကစာနဲ့ တရားဝင် စာပို့တယ်ဗျ။ ဒါလည်း မပြီးသေးဘူးဗျ။ ကျနော်တို့ကို တခါ ဒီလူတွေ ဘယ်မှာနေလဲ။ လိပ်စာတွေ၊ ဘာတွေ မေးတယ်ဗျာ။ မိတော့တခါ ကျနော်တို့ကလည်း တိုင်းရင်းသားပဲ။ ဘာကြောက်စရာရှိသလဲ ဒါ ကျနော်တို့ နိုင်ငံပဲလေ။ လ၀က က နေ့တဓူဝ မေးလာတဲ့အခါ ခင်ဗျားတို့ ဒီလောက် အရေးတကြီးဖြစ်အောင် ဘာကြောင့် မေးရတာလဲလို့။ ကျနော်က မေးတဲ့အခါ သူတို့က သူတို့ ပြန်လွှတ်မယ်လို့ ပြောတယ်ခင်ဗျ။ ဟ ခင်ဗျားတို့ ဒါ ဥပဒေကို ချိုးဖောက်တာပဲ။ နိုင်ငံသားတယောက်ကို အဲ့လို လုပ်ပိုင်ခွင့်ရှိသလားလို့ မေးတဲ့အခါ အခု နိုင်ငံတော်သမ္မတကြီး ကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ နောက်တခါ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကိုရော၊ နောက်တခါ ရန်ကုန်တိုင်း လ၀က ဦးစီးကိုရော ကျနော်တို့ တရားဝင် စာတင်ထားပါတယ်။”
    ဒီကိစ္စနဲ့ပတ်သက်လို့ နေရပ်ရင်းကို ပြန်ခိုင်းတဲ့ လ၀က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ အခုလက်ရှိ ရန်ကုန်ကိုရောက်ရှိလာကြတဲ့ ရမ်းဗြဲမြို့ ဒုက္ခသည်စခန်းက လာကြသူတွေဟာ မကြာသေးခင်က နေပြည်တော်ကပြုလုပ်ပေးတဲ့ မိုးပွင့်စီမံချက်အရ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိထားသူများ ဖြစ်တယ်လို့လည်း ပြောပြကြပါတယ်။
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    http://burmese.voanews.com/content/rakhine-kaman-refugee/3110659.html
  • မြန်မာပြည်တွင်း ဆူပူလှုံ့ဆော် သူတွေကို ထောက်ပံ့ခြင်းမပြုဖို့ ကန် လွှတ်တော်ပြဌာန်း
    မြန်မာပြည်တွင်း ဆူပူလှုံ့ဆော် သူတွေကို ထောက်ပံ့ခြင်းမပြုဖို့ ကန် လွှတ်တော်ပြဌာန်း
    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၅
    image
    အမေရိကန်လွတ်တော်နှစ်ရပ်လုံးက မနေ့က မဲခွဲထောက်ခံအတည်ပြုလိုက်တဲ့ ၂ဝ၁၆ ခုနှစ်အတွက် သုံးစွဲငွေ ဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် သွေး ထိုးလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေကိုဖြစ်စေ၊ တသီးပုဂ္ဂလတွေကိုဖြစ်စေ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဏာငွေနဲ့ တစုံတရာ ကူညီထောက်ပံ့ခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်။
    ဒါ့အပြင် အဲ့ဒီကိစ္စနဲ့စပ်လျဉ်းပြီး ဆုံးဖြတ်လုပ်ကိုင်ရာမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မစိုးရိမ်တိုက် ဆရာတော် အရှင်ဝီရသူကို လေ့လာသုံးသပ်ဖို့လည်း အတိအကျထည့်သွင်း ညွှန်ကြား ထားတယ်လို့ဆိုပါတယ်။
    လာမယ့် စက်တင်ဘာလကုန်အထိ အကျုံးဝင်တဲ့ အဲ့ဒီ ၂ဝ၁၆ ခုနှစ် နိုင်ငံတော်သုံးစွဲငွေ ဥပဒေမူကြမ်းမှာ သမ္မတ အိုဘားမား အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက ခရစ်ယာန် ဘာသာဝင်တွေ ညင်းပန်းနှိပ်စက်ခံနေရတာတွေကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုပြဌာန်းထားတဲ့ အတွက်  ကျေနပ်အားရမိတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Ed Royce က ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
    အဲ့ဒီ ဥပဒေမူကြမ်းအရ အမေရိကန်အစိုးရဟာ အခုဘဏ္ဏာရေးနှစ်အတွက် ငွေ သန်းပေါင်း ဘီလီယံ တစ်ထောင့် တစ်ရာခန့် သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်လုံးက မူကြမ်းကို အခု အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် သမ္မတ အိုဘားမားလက်မှတ်ထိုးပြီးရင် ဥပဒေဖြစ်လာပါလိမ့်မယ်။ အစွန်းရောက်မွတ်စလင်တွေ နှိမ်နှင်းရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စတွေအတွက် ငွေကြေးပိုမိုသုံးစွဲဖို့နဲ့ နှစ် ၄ဝ ကြာပိတ်ပင်ထားတဲ့ ပြည်ပရေနံ တင်ပို့ခွင့် ပြန်လည်ခွင့်ပြမှု စသဖြင့် စာမျက်နှာ နှစ်ထောင်ကျော် ပါဝင်တဲ့ အဲ့ဒီမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အခုလို အချိန်ယူဆွေးနွေးပြီး အတည်ပြုနိုင်ခဲ့တဲ့အတွက် သမ္မတ အိုဘားမားက လွှတ်တော်ခေါင်းဆောင်တွေကို တယ်လီဖုန်းဆက်ပြီး ချီးကျူးစကား ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
    RFA မှ တဆင့် ကူးယူဖော်ပြသည်။
    ဓါတ်ပုံ-အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦး။
    http://www.rfa.org/burmese/news/us-parliament-12182015211327.html
  • မြန်မာလူငယ်များအကြား ဒရုန်းနည်းပညာကို စိတ်ဝင်စားမှု မြင့်တက်လာ
    မြန်မာလူငယ်များအကြား ဒရုန်းနည်းပညာကို စိတ်ဝင်စားမှု မြင့်တက်လာ
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    drone
    – ပျားပန်းခတ်မှ စည်းကားလှသည့် ရန်ကုန်မြို့ရှိ ဈေးတစ်ခု၏ နောက်တွင်ရှိသော ယိုင်နဲ့နဲ့ဝပ်ရှော့တစ်ခုတွင် ကြည်သာတစ်ယောက် အိမ်တွင်းလုပ် ဒရုန်းလေယာဉ်၏ ပလက်စတစ်ပန်ကာကို ပြင်ဆင်နေသည်။
    စစ်အာဏာရှင်အောက် နှစ်ပေါင်းများစွာနေခဲ့ရကာ ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားဖြစ်နေခြင်းက မြန်မာနိုင်ငံကို အင်ဂျင်နီယာပညာရှင်များ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် ထိတွေ့မှု ဆုံးရှုံးစေခဲ့ပြီးနောက် ဖန်တီးနိုင်စွမ်းရှိကြသည့် လူငယ်တီထွင်သူများမှာ ကျန်ကမ္ဘာကြီးကို အမှီလိုက်ရန်အတွက် အင်တာနက်ဆီသို့ လှည့်လာကြလေသည်။
    “မြန်မာနိုင်ငံမှာ ဒရုန်းနည်းပညာကို လေ့လာတယ်ဆိုတာ မလွယ်ပါဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး YouTube မှာ ကျွန်တော်တို့ ဗီဒီယိုတွေကြည့်ပါတယ်” ဟု ကြည်သာက ပြောကြားခဲ့သည်။ ကွန်နက်ရှင်ဆိုးရွားလွန်းသည်ဟု နာမည်ကြီးသည့် မြန်မာနိုင်ငံ၏ အင်တာနက်လိုင်းကို သည်းခံစိတ်ရှည်ကာ ပညာရရှိရန်အတွက် ထိုဗီဒီယိုများအား လပေါင်းများစွာ ကြည့်ရှုခဲ့ရသည်ဟု ၎င်းက ၀န်ခံခဲ့လေသည်။
    “ပထမတော့ ကျွန်တော်တို့ ဘာအောင်မြင်မှုမှမရဘူးဗျ၊ ဒါပေမယ့် တစ်နှစ်လောက် စမ်းသပ်လုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ တော်တော်လေးလုပ်နိုင်လာတယ်”
    အသက် ၂၆ နှစ်အရွယ်ကြည်သာနှင့် ၎င်း၏ အသက် ၃၀ အရွယ် ညီအစ်ကိုဝမ်းကွဲ သက်ဆန်းတို့က ရိုးရိုးယဉ်ယဉ် သစ်သားအိမ်လေးကို ၎င်းတို့၏ အင်ဂျင်နီယာနှင့် နည်းပညာစီးပွားရေးဗဟိုချက် “မြန်မာ့အနာဂတ်သိပ္ပံ” အဖြစ် အသွင်ပြောင်းခဲ့လေသည်။
    နောက်ဖေးမြေကွက်လပ်တွင်ရှိသည့် အလုပ်လုပ်သည့်ခုံတွင်တော့ ၀က်အူများ၊ အလူမီနီယံအချောင်းများ၊ လေယာဉ်ငယ်ကိုယ်ထည်များ ဗရပွဖြစ်နေခြင်းက တက်ကြွသော တီထွင်ဆန်းသစ်မှု၏ လက္ခဏာများ ဖြစ်လေသည်။
    ၎င်းတို့၏ အလုပ်က အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ၀န်ဆောင်မှုပေးခြင်းဖြင့် ၀င်ငွေရှာသည့်အလုပ်ဖြစ်သည်။ ၎င်းတို့ပေးသည့် ၀န်ဆောင်မှုများကတော့ မြေပုံလမ်းကြောင်းရှာခြင်း၊ စိုက်ပျိုးရေးလုပ်မည့်ဒေသများအား ဆန်းစစ်လေ့လာခြင်းတို့ကို ဒရုန်းများ၊ အဝေးထိန်းလေယာဉ်ငယ်များကို အသုံးပြု၍ ဆောင်ရွက်ပေးခြင်းဖြစ်လေသည်။
    သို့သော်လည်း ၎င်းတို့၏ ပြင်းပြသော ဆန္ဒနှင့် အားထုတ်မှုက အောင်မြင်လာဖွယ်ရှိနေသည့် တီထွင်ကြံဆသူများအတွက် နည်းပညာကမ္ဘာကြီးကို ဖွင့်ပေးနေခြင်းလည်း ဖြစ်သည်။ မော်တာငယ်လေးများ၊ ပန်ကန်များ၊ ဒရုန်းပလက်စတစ်ကိုယ်ထည်များ၊ လေယာဉ်ငယ်များ၊ အဝေးထိန်းကားငယ်များ တင်ထားသည့် ဆိုင်ငယ်လေးတစ်ခုလည်း ၎င်းတို့၏ ခြံထဲတွင်ရှိနေသည်။
    နောက်ဆုံးပေါ်နည်းပညာ တိုးတက်မှုများအား လိုက်မီရန်အတွက် မြန်မာလူငယ်များက စိတ်အားထက်သန်ကြသည်။ သို့သော်လည်း ဆယ်စုနှစ်ချီကြားခဲ့သည့် အာဏာရှင်၏ အမွေဆိုးဖြစ်သော ငွေကြေးချို့တဲ့မှုကြောင့် တစ်ခါတစ်ရံတွင် လိုက်မမီနိုင်ကြ။
    အဆင်သင့်အသုံးပြုနိုင်သည့် ဒရုန်းလေယာဉ်တစ်စီး၏ တန်ဖိုးက မြန်မာကျပ်ငွေ ၃ သိန်း(ကန်ဒေါ်လာ ၂၃၀ ၀န်းကျင်) အထိရှိပြီး ကမ္ဘာ့ဘဏ်က ပြည်သူတစ်ဦးလျှင် တစ်နစ်ပျမ်းမျ ၀င်ငွေ ကန်ဒေါ်လာ ၁၂၇၀ သာ ရှိသည်ဟု တွက်ချက်သတ်မှတ်ထားသည့် မြန်မာနိုင်ငံမှ လူငယ်အများစု တတ်နိုင်သည့်ပမာဏထက် ပိုများနေသည်။
    သို့သော်လည်း ကွက်ကျော်မြင်ကြသည့် စီးပွားရေးသမားများက ဒရုန်းတည်ဆောက်ရာတွင် ကော်များအသုံးပြုခြင်း၊ ဈေးပေါသော အင်ဂျင်အစိတ်အပိုင်းများ အသုံးပြုခြင်းအားဖြင့် ကန် ၁၀ ဒေါ်လာလောက်အထိ ကုန်ကျစားရိတ်လျော့ချနိုင်သည့် တီထွင်ကြံဆ နည်းလမ်းများကို မီခိုနေလေသည်။
    “ဒါက ကျွန်တော်တို့ရဲ့ဝါသနာပါ။ ဒီအစိတ်အပိုင်းတွေနဲ့ ပစ္စည်းပစ္စယာတွေဖန်တီးဖို့ ကျွန်တော်တို့ ရူးသွပ်ကြပါတယ်။ မြန်မာနိုင်ငံက အခြားသော ကျောင်းသားလူငယ်တွေကလည်း ဒီလိုပါပဲ” ဟု အစိတ်အပိုင်းအများစုကို တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြည်သာက ဆိုလေသည်။
    လွတ်လပ်စွာ ပျံသန်းမယ်
    ဒရုန်းလေယာဉ်များမှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာနေရာများမှ ဆန္ဒပြမှုများအထိ ဝေဟင်မှရိုက်ကူးရေးကို ဆောင်ရွက်ရန် ဓာတ်ပုံနှင့် ဗီဒီယိုသမားများ၏ ရွေးချယ်စရာပစ္စည်းတစ်ခု ဖြစ်နေသည်။
    သြစတေးလျတွင်တော့ ရေကူးသမားများ ငါးမန်းကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ငါးမန်းများကို ခြေရာခံရာတွင် ဒရုန်းလေယာဉ်များကို စတင်အသုံးပြုနေကြပြီဖြစ်သည်။ Amazon ကတော့ ၎င်းတို့ရောင်းချသည့် ပစ္စည်းများ ပေးပို့ရာတွင် ဒရုန်းများကို အသုံးပြုချင်နေကြသည်။ သို့သော်လည်း ဒရုန်းများကို လူကြိုက်များမှုက လုံခြုံရေးအရ စိုးရိမ်းရမှုကို ဖြစ်စေလေသည်။
    ပြီးခဲ့သည့်စက်တင်ဘာလက ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒရုန်းလေယာဉ်တစ်စီး ပျက်ကျခဲ့သောကြောင့် ပွဲအား ရပ်နားခဲ့ရသည်။ ထိုအဖြစ်အပျက်က ဒရုန်းများအား မှတ်ပုံတင်အသုံးပြုရန် သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံတွင် ဒရုန်းနှင့်ပတ်သက်သည့် နောက်ဆုံးအဖြစ်အပျက် ဖြစ်သည်။
    ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှနိုင်ငံမျးတွင်လည်း ဒရုန်းအသုံးပြုခြင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည်။ သို့သော်လည်း ခေတ်စားလာသည်မှာ မကြာသေးသည့် ဒရုန်းများနှင့်ပတ်သက်၍ နိုင်ငံအများစုကတော့ ယခုအချိန်အထိ မည်သည့်သတ်မှတ်ချက်မျိုးမှ မရှိသေး။
    မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ထိုလေယာဉ်ငယ်များကို တရားဥပဒေဖြင့် ကန့်သတ်ထားခြင်းမျိုးမရှိ။ အာဏာပိုင်များကမူ စည်းကမ်းထုတ်ရန်အတွက် အချိန်ယူ၍ သေချာစဉ်းစားရမည်ဟု ယုံကြည်နေသည်။
    စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် စိတ်ဝင်စားသူအဖွဲ့များက ၎င်းတို့၏ ဒရုန်းများကို ယူဆောင်ကာ ရန်ကုန်မြို့တွင်းနှင့် မြို့ပြင် လူရှင်းသည့် စက်မှုဇုန်များတွင် မောင်းနှင်ကြလေသည်။
    ရန်ကုန်မြို့ရှိ ကြည်ညိုဖွယ်ကောင်းသည့် ရွှေတိဂုံစေတီတော်အနီး ပန်းခြံတစ်ခုတွင် ၎င်း၏ ဒရုန်းလေယာဉ်အသစ်ကို ပျံဝဲမောင်းနှင်နေသည့် အိုင်တီဝန်ထမ်းတစ်ဦးက ဒရုန်းအသုံးပြုမှုကို ပုံမှန်လိုလို ကန့်ကွက်ခံရသည့်အကြောင်းအရင်းမှာ လုံခြုံရေးစိုးရိမ်မှုကြောင်ပင့်ဖြစ်သည်ဟု ဆိုသည်။
    “ကျွန်တော့်ရဲ့ဒရုန်းကနေ ရိုက်ကူးပြီး မြန်မာနိုင်ငံရဲ့ လှပတဲ့ မြင်ကွင်းတွေကို ချပြချင်ပါတယ်။ ဒရုန်းကနေရိုက်ကူးတဲ့ ပုံရိပ်တွေကို ပြည်သူတွေက နှစ်သက်ကြပါတယ်။ လှလည်းလှတာကိုး။ ကျွန်တော့် ဒရုန်းလေး ပျံနေရင် ကျွန်တော် ကြည်နူးမိတယ်ဗျ၊ အရမ်းလည်းပျော်တယ်” ဟု အမည်ပြောင် အီသန်ဟုခေါ်သည့် လူငယ်တစ်ဦးက ပြောကြားခဲ့လေသည်။
    ကန့်သတ်ချက်
    မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင်ရှိပြီး လေယာဉ်ပုံစံ ဆောက်လုပ်ထားသော မြန်မာလေကြောင်းအင်ဂျင်နီယာတက္ကသိုလ်တွင် သုတေသနပညာရှင်များမှာ သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဒရုန်းနည်းပညာကို အသုံးပြုနေကြသည်။
    ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလထိ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခဲ့မှုများကို ဆန်းစစ်ရန်အတွက် ထိုတက္ကသိုလ်က ဒရုန်းလေယာဉ်များဖြင့် စစ်တမ်းကောက်ယူခဲ့သည်။ ထိုသဘာဝဘေးအန္တရာယ်က လူပေါင်း ၁.၆ သန်းခန့်ကို ထိခိုက်ခဲ့လေသည်။
    “တားဆီးဖိုးနဲ့ ပျက်ဆီးမှုကို တိုင်းတာဖို့အတွက် ဒရုန်းကရိုက်ကူးတဲ့ ဓာတ်ပုံတွေဟာ တော်တော်လေး အသုံးဝင်ပါတယ်” ဟု တက္ကသိုလ်၏ မောင်းသူမဲ့ယာဉ်များဌာန အကြီးအကဲ သဲမောင်မောင်က ပြောကြားခဲ့သည်။
    ၎င်းတို့ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုက အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့်ပမာဏကို သိရှိရန်၊ မြစ်ရေတိုက်စားခံခဲ့ရသည့် နေရာများအား မှတ်သားရန်နှင့် ကယ်ဆယ်ရေးစခန်းများအတွက် အကောင်းဆုံးနေရာများကို သတ်မှတ်ရန်အတွက် ရည်ရွယ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ၎င်း၏ ဌာနကသစ်က နိုင်ငံရပ်ခြားမှ နည်းပညာ တိုးတက်မှုများကို လိုက်မှီရန်အတွက် ကြိုးပမ်းနေသည်။ သို့သော်လည်း ထိုသို့ကြိုးပမ်းမှုက ရန်ပုံငွေနည်းပါးမှု၊ နှစ်ပေါင်းများစွာ လစ်လျူရှုခံရမှုတို့ကြောင့် နိမ့်ကြနေသည့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင်း ထူးခြားမှုများဖြစ်လာစေရန် ရည်ရွယ်ခြင်းမဟုတ်။
    သဲမောင်မောင်ကတော့ ကြည်သာနှင့် ၎င်း၏ဖန်တီးမှုအား ၀ယ်ယူအားပေးသူမျာကဲ့သို့ နည်းပညာတွင် စိတ်ဝင်စားသူများက ကျန်ကမ္ဘာကြီးအား အမှီလိုက်ရေးတွင် မြန်မာနိုင်ငံအား ကူညီနိုင်မည်ဟု ပြောကြားခဲ့သည်။
    “နည်းပညာစိတ်ဝင်စားတဲ့လူငယ်တွေကို ကျွန်တော်တို့က တိုက်တွန်းအားပေးဖို့လိုပါတယ်။ ဒါမှသာ ကျွန်တို့ဟာ ဆက်လက်တိုးတက်နိုင်မှာပါ” ဟု သဲမောင်မောင်က ပြောကြားခဲ့လေသည်။
    (AFP သတင်းဌာနမှ ဖော်ပြသည့် Soaring aspirations of Myanmar’s drone enthusiasts ဆောင်းပါးကို လေးမောင်မှ ဆီလျောအောင် ဘာသာပြန်ဆိုသည်။)
  • ရန်ကုန်ရောက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူ ၂၀ ကို ရခိုင်သို့ ပြန်ရန် လဝက ညွန်ကြား
    ရန်ကုန်ရောက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ထားသူ ၂၀ ကို ရခိုင်သို့ ပြန်ရန် လဝက ညွန်ကြား
    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၅
    .front-cover
    ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ဒုက္ခသည်စခန်း တခုမှ ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ ၂၀ နှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၂၂ ဦးသည် ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ ရခိုင်ပြည်နယ်မှ ထွက်ခွာခဲ့သဖြင့် နေရပ် သို့ပြန်ရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။
    အဆိုပါ လူ ၂၀ ထဲတွင် ၂ ဦးသည် ရခိုင်/ဗုဒ္ဓဘာသာ ဖြစ်ပြီး ကျန် ၁၈ ဦးသည် ကမန်/အစ္စလမ် ဘာသာဝင် ဖြစ်ကြောင်း၊ နေရပ်သို့ပြန်ရန် ရန်ကုန်တိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဋ္ဌာန(လဝက)က ညွှန်ကြားခြင်းဖြစ်ပြီး ၄င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် ကမန် အမျိုးသား တိုးတက်ရေး ပါတီက ကူညီဆောင်ရွက်ပေးနေကြောင်း ယင်းပါတီက ဧရာဝတီသို့ ပြောသည်။
    နေရပ်ပြန်ရမည့်သူများတွင် တက္ကသိုလ် တက်ရမည့်သူ ၈ ဦးပါဝင်ပြီး ကျန်သူများသည် အလုပ်လုပ်ကိုင်ရန်နှင့် ဆေးကုသမှု ခံယူရန် ရန်ကုန်မြို့သို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က သံတွဲလေဆိပ်မှတဆင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် ၄င်း တို့အားလုံး နေရပ်ပြန်ရန် ညွှန်ကြားခံရခြင်း ဖြစ်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြော ပြ သည်။
    ဦးတင်လှိုင်ဝင်းက“ကျနော်တို့ သိထားတာက နိုင်ငံရေး စိစစ်ရေးကတ်ရှိသူတွေဟာ မြန်မာနိုင်ငံတွင်းက ဘယ်နေရာကိုမဆို လွတ် လပ် စွာ သွားလာခွင့် ရှိတယ်လို့ သိထားပါတယ်။ အခုက အဲဒီလို မဟုတ်ဘဲ ဒုက္ခသည်စခန်းက အာဏာပိုင်တွေကို အကြောင်း မကြားလို့ ပြန်လွှတ်တာဆိုတော့ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်တာပါပဲ”ဟုလည်း ပြောဆိုသည်။
    ထို လူ ၂၂ ဦးသည် နေရပ်မှ သက်ဆိုင်ရာ အာဏာပိုင်များကို အသိပေး အကြောင်းကြားခြင်းမရှိဘဲ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်ပြီး တခြား ရည်ရွယ်ချက်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးကလည်း ဧရာဝတီသို့ ပြောသည်။
    ဦးမြင့်အောင်က“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အထက်က စာထွက်ထားတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ကို ဆက်သွယ်လာတာက လည်း ပါတီက ဆက်သွယ်လာတာပါ။ ဒီမှာ နေထိုင်သူ ၂ ဦးနဲ့ ပတ်သက်ပြီး သူတို့ နေရပ် ပြန်တာရော၊ ဘာရော အကုန်လုံးကို ပါတီက တာဝန်ယူပါမယ်လို့ ကျနော်တို့ကို ပြောထားပါတယ်။ ဘယ်တော့ ပြန်မယ်ဆိုတာကိုတော့ ကျနော်တို့လည်း မသိပါဘူး”ဟု လည်း ပြောသည်။
    နေရပ်ပြန်ရန် ညွှန်ကြားခံရသူ ၂၀ ကိုင်ဆောင်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများသည် တနိုင်ငံလုံးတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ရရှိရန် ဆောင်ရွက်ပေးခဲ့သည့် မိုးပွင့်စီမံချက်တွင် တရားဝင် ရရှိခဲ့သည့် ကတ်ပြားများ ဖြစ်ကြောင်း သိရသည်။
    ဓါတ်ပုံ- စာပေဗိမာန်  နိုင်ငံဂုဏ်ရည်စာပေတိုက်က ဒီဇင်ဘာလ ၂၀၀၅ ကထုတ်ဝေခဲ့တဲ့ မောင်ဆန္ဒ (လယ်ဝေး) ရေးသားပြုစုသော ကမန်မျိုးနွယ်စုသမိုင်း စာအုပ်မျက်နှာဖုံး
    ဧရာဝတီ မှ ကူးယူဖော်ပြသည်။
    http://burma.irrawaddy.com/news/2015/12/18/103427.html