News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • အကူအညီများအား တားဆီးခြင်းမပြုရန် ကုလအကြီးအကဲက မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆို

    အကူအညီများအား တားဆီးခြင်းမပြုရန် ကုလအကြီးအကဲက မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆို

    သြဂုတ် ၁၈၊ ၂၀၂၃

    M-Media 


    -လိုအပ်နေသူတွေကို နိုင်ငံတကာက အကူအညီပေးရာမှာ တားမြစ်ဟန့်တားခြင်းမပြုဖို့ ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ ဒုတိယအကြီးအကဲ မာတင် ဂရစ်ဖစ်က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပါတယ်။ 

    ဂရစ်ဖစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ 

    မြန်မာလူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ လူပေါင်း ၁၈ သန်းလောက် အကူအညီတွေ လိုအပ်နေတယ်လို့ ဂရစ်ဖစ်က ပြောပါတယ်။ 

    “တစ်ခုပြီးတစ်ခု ဖြစ်နေတဲ့ ပြဿနာတွေကြောင့် မြန်မာနိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆီကနေ အကူအညီတွေပိုရဖို့ သူတို့ မျှော်လင့်နေကြပါတယ်” 

    ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ မတည်မငြိမ်မှုတွေကြောင့် နိုင်ငံအတွင်း အကူအညီလိုအပ်သူ အရေအတွက်ဟာ ၅ ဆ မြင့်တက်လာတယ်လို့ ကုလရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။ 

    အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာ အကူအညီတွေကို တားဆီးပိတ်ပင်တာ၊ လုပ်ငန်းဆောင်ရွက်ဖို့ ခက်ခဲအောင်လုပ်ထားတာတွေရှိပြီး ဒါတွေကို ရပ်တန့်ဖို့နဲ့ အကူအညီပေးခွင့် ပိုမိုခွင့်ပြုဖို့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဥ်မှာ ပြောကြားခဲ့ကြောင်း ဂရစ်ဖစ်က ပြောပါတယ်။ 

    နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေမှာ ရန်ပုံငွေ နည်းပါးမှုနဲ့ ကြုံတွေ့နေရပြီး ဒီအတွက် အလှူငွေ ပိုမိုထည့်၀င်ကြဖို့လည်း ကမ္ဘာ့နိုင်ငံတွေကို သူက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။ 

    Ref: Reuters 

  • ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၅)

    ရော်ဒရီဂို (သို့မဟုတ်) ဘောလုံးပါရမီဖြင့် မွေးဖွားလာသူ (၅)

    သြဂုတ် ၇၊ ၂၀၂၃

    M-Media 


    ရီးယဲလ်မက်ဒရစ်ဇာတ်လမ်း

    ဆန်းတို့စ်က ရူးလောက်စရာပါ – ဖခင်

    (ဆန်းတို့စ်အသင်းကြီးမှာတုန်းက) ရူးလောက်စရာ အချိန်တွေပဲ။ သူ ပွဲတိုင်း ၀င်ကစားရတယ်။ ဥရောပ အသင်းကြီးတော်တော်များများရဲ့ ကမ်းလှမ်းမှုတွေလည်း ရလာပါတယ်။ ရော်ဒရီဂိုက အခန်းနံရံမှာ ရီးယဲလ်မက်ဒရစ် ပိုစတာကပ်ထားတာကို ကျွန်တော် မှတ်မိတယ်။ 

    နေ့တိုင်း မအိပ်ခင် အဲဒီပိုစတာကို သူ ကြည့်တယ်။ တစ်ခေါက် ဘုရားကျောင်းမှာ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျရင်း တစ်ယောက်က “မင်းသား ရီးယဲလ်မက်ဒရစ်ကို ရောက်လိမ့်မယ်” လို့ ပြောဖူးတယ်။ 

    အဲဒီမတိုင်ခင် နှစ်အတော်ကြာအရင်က ကျွန်တော် သူ့အတွက် ရီးယဲလ်မက်ဒရစ်ဂျာစီ ၀ယ်ပေးထားဖူးတယ်။ အသင်းက သူ့ကိုခေါ်ရင် သုံးလို့ရအောင်ပါ။ 

    အခုတော့ ရီးယဲလ်က သူ့ကိုလိုက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားတယ်။ ဒါပေမယ့် အသင်းဖက်က တရား၀င်ပြောတာမျိုး မဟုတ်ပါဘူး။ 

    ကျွန်တော်တို့က စောင့်နေတာပေါ့။ နောက်ဆုံးတော့ တစ်ခြား ဥရောပ အသင်းကြီးတစ်သင်းနဲ့ အားလုံးပြောဆိုပြီးသွားပြီ။ ရော်ဒီရီဂို လက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်။ 

    တခြားရွေးစရာလည်း မရှိပါဘူး။ 

    လက်ခံလုဆဲဆဲ 

    ရီယဲလ်မှာ မကစားရတော့ဘူးဆိုတာ လက်ခံလုဆဲဆဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်အနည်းငယ်တော့ ကျွန်တော့်မှာ ရှိနေသေးတယ်။ အခြားတစ်သင်းနဲ့ စာချုပ်အကြောင်း အဖေ ကျွန်တော့်ကို ပြောတဲ့အချိန်က ဗစ်တိုးရီးယားအသင်းနဲ့ အိမ်ကွင်းမှာ ကစားရတော့မယ့်အချိန်။ 

    “ရီးယဲယ်မက်ဒရစ်ရောအဖေ” ကျွန်တော်မေးလိုက်တယ်။

    “ဘာမှမလာဘူး သား” 

    “နည်းနည်းတော့ စောင့်ပေးပါနော်”

    ဖခင်ရဲ့အမြင် 

    ဒီကောင်လေး ရူးသွားပြီလို့ ကျွန်တော်တွေးလိုက်မိတယ်။ 

    ကျွန်တော့်တို့ရထားတဲ့စာချုပ်က ပစ်ရက်စရာမရှိဘူး။

    “ရထားတဲ့အခွင့်အရေးကို မင်းလက်လွှတ်လို့ မရဘူးနော်” လို့ ကျွန်တော် သူ့ကို ပြောလိုက်သေးတယ်။ 

    ယုံကြည်မှုအပြည့်နဲ့ ရော်ဒရီဂို

    နည်းနည်းပဲစောင့်ပေးလိုက်။ ကျွန်တော် ဒီတစ်ပတ် ၃ ဂိုးသွင်းမယ်။ ရီးယဲလ်က လိုက်လာလိမ့်မယ် လို့ ကျွန်တော် ပြောတယ်။ မိဘတွေကတော့ အဲဒီလိုဖြစ်ပါစေလို့ မျှော်လင့်တယ်ပေါ့။ ယုံကြည်မှုမရှိဘူးဆိုတာ သူတို့ မျက်လုံးမှာ ကျွန်တော် မြင်လိုက်ရပါတယ်။ 

    ပွဲစပြီ ၂၂၊ ၂၆၊ ၃၁ မိနစ်။ ၉ မိနစ်အတွင်း ကျွန်တော် ဟက်ထရစ်သွင်းလိုက်တယ်။ ပထမပိုင်းပြီးသွားပြီ။ 

    မက်ဒရစ်က ကျွန်တော့်အဖေရဲ့ဖုန်းနံပါတ်ကို ရှာနေပြီဆိုတာ ကျွန်တော် သိလိုက်ပါတယ်။ 

    ဖခင်ကို ဆက်သွယ်ပြီ 

    ပွဲပြီးတော့ ကျွန်တော့်ဆီ ဖုန်းတစ်ခု ၀င်လာတယ်။ 

    “ခင်ဗျားသား ရီးယဲလ်မက်ဒရစ်မှာ ကစားဖို့ စိတ်၀င်စားလား” တဲ့

    စပရိုက်အတိုက်ခံရတဲ့ ရော်ဒရီဂို

    “ကျွန်တော်ပြောသလို ရီးယဲလ်က ဆက်သွယ်လားဟင်” 

    အိမ်ပြန်ရောက်တော့ ကျွန်တော်မေးလိုက်တယ်။

    “ဘယ်သူမှ မဆက်သွယ်ဘူး” အဖေက ပြန်ဖြေတယ်။

    ကျွန်တော် စိတ်တော်တော်ပျက်သွားပါတယ်။ နောက်နေ့ လေ့ကျင့်ရေးမရှိဘူး။ ဗီဒီယိုဂိမ်း ကစားနေတဲ့အချိန် အဖေ အပြင်ထွက်သွားတယ်။ 

    ၀တ်စုံအပြည့်နဲ့ဆိုတော့ အဖေဘယ်သွားမှာလဲလို့ အမေ့ကို ကျွန်တော် မေးတယ်။ 

    “မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့မလို့” အမေက ပြန်ဖြေပါတယ်။ 

    ညတော်တော်နက်မှ အဖေပြန်ရောက်လာတယ်။ ကျွန်တော်က ဧည့်ခန်းထဲမှာ ဂိမ်းကစားနေတုန်း။ ကျွန်တော့်ဘေးကဖြတ်ပြီး ကျွန်တော့အခန်းထဲကို ၀င်သွားတယ်။ 

    ပြန်ထွက်လာတော့ ရီးယဲလ်မက်ဒရစ်ဂျာစီပါလာတယ်။ အနောက်မှာ ရော်ဒရီဂို ဆိုတဲ့ နာမည်နဲ့ 

    “မင်းအိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီ ငါ့သား” 

    အဖေ့ကိုတစ်လှည့် အင်္ကျီကိုတစ်လှည့် ကျွန်တော်ကြည့်လိုက်တယ်။ 

    ကျွန်တော် ဘာမှကို နားမလည်တော့ဘူး။

    အဖေက အကြောင်းစုံ ရှင်းပြပါတယ်။ ပွဲပြီးတော့ ဖုန်းတစ်ခုရတယ်။ ပြီးတော့ ဆော်ပေါ်လိုကိုသွားပြီး စာချုပ်ချုပ်တယ်။ အပြောင်းအရွှေ့ မသေချာသေးလို့ ကျွန်တော့်ကို အသိမပေးခဲ့တာ။ 

    ကျွန်တော်တို့ ၀မ်းသာအားရ ဖက်လိုက်ကြတယ်။ 

    ဆန်းကြယ်လိုက်တဲ့ ကံကြမ္မာ 

    ဘုရားသခင်တည်းသာလျှင် လုပ်ဆောင်ပေးနိုင်တဲ့ အရာမျိုးပါ 

    ကံကောင်းမှုဟုဆိုလာသည့် ဖခင် 

    ကံလို့ ပြောလို့ရတယ်။ စာချုပ်ချုပ်တုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ နောက်တစ်နှစ်မှာ ရီးယဲလ်ကို ရောက်သွားတယ်။

    အသက် ၁၈ နှစ်နဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအသင်းကို ရောက်တယ်။ ၅ နှစ်မှာ ချန်ပီယံလိဂ်ဖလား ၄ လုံးရတဲ့အသင်း။ အဲဒီလိုအသင်းကို ရောက်သွားတယ်။ ဇီဒိန်းက အသင်းနည်းပြ။ ဇီဒိန်းနော်။ စဥ်းစားသာကြည့်တော့။     

    (ဆက်ရန်……) 

  • မီဇိုရမ်တွင် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ ကောက်ယူနေ

    မီဇိုရမ်တွင် မြန်မာနိုင်ငံသားများ၏ အချက်အလက်များ ကောက်ယူနေ

    ဇူလိုင် ၃၀၊ ၂၀၂၃

    M-Media 


    -အိန္ဒိယ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်အရ နိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေရဲ့ ဇီ၀အချက်အလက်တွေကို ကောက်ယူနေပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ မီဇိုရမ်ဖက်ကို ထွက်ပြေးရသူ ၃ သောင်းကျော် ရှိပါတယ်။

    မြန်မာနိုင်ငံသားတွေရဲ့ ဇီ၀အချက်အလက် ကောက်ယူမှုကို မီဇိုရမ်မှာ ပြီးခဲ့တဲ့တစ်ပတ်က စတင်ပြီး လုပ်ဆောင်ခဲ့တာပါ။ ကပ်နေတဲ့ မဏိပူရ ပြည်နယ်မှာလည်း ဒီလို ကောက်ယူမှုတွေ လုပ်ဆောင်နေပါတယ်။ 

    မီဇိုရမ်မှာ မြန်မာနိုင်ငံသားတွေကို စာရင်းကောက်ယူပြီး သက်သေခံလက်မှတ်ထုတ်ပေးတာမျိုး အရင်က လုပ်ဆောင်ဖူးပါတယ်။

    အာဏာရ ဟိန္ဒူအစွန်းရောက်ပါတီ BJP အစိုးရဟာ မြန်မာနိုင်ငံက ၀င်ရောက်လာသူတွေကို နိုင်ငံရေးအတွက် အသုံးချတာမျိုး ရှိနေပါတယ်။ 

    မဏိပူရက ကသည်းတွေနဲ့ ကူကီးလူမျိုးတွေရဲ့ ပဋိပက္ခမှာ မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ချင်းလူမျိုးတွေက ဆွပေးတယ်လို့ အိန္ဒိယအစိုးရ တာ၀န်ရှိသူတစ်ချို့က စွပ်စွဲထားပါတယ်။ 

    Ref: Deccan Herald 

  • မြန်မာ့အရေး အာဆီယံ၀န်ကြီးများအစည်းအ၀ေးမှာ ဘာထူးလဲ

    မြန်မာ့အရေး အာဆီယံ၀န်ကြီးများအစည်းအ၀ေးမှာ ဘာထူးလဲ

    ဇူလိုင် ၁၃၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေ မနေ့က အစည်းအ၀ေး ပြုလုပ်ခဲ့ပါတယ်။ 

    အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက အာဆီယံက လက်ခံသဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ 

    အကြမ်းဖက်မှုတွေကို မရပ်တန့်နိုင်ရင် တွေ့ဆုံဆွေးနွေးရေးနဲ့ အကူအညီပေးရေး ဆောင်ရွက်နိုင်မယ့် အခြေအနေမျိုး ပေါ်ပေါက်လာမှာမဟုတ်ဘူးလို့ မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့လမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး မြန်မာ့အရေးဆွေးနွေးပွဲတစ်ခု လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ 

    ဒီအတွက် အာဆီယံအဖွဲ့၀င်နိုင်ငံတွေက ၀ေဖန်ခဲ့ပါတယ်။ 

    ထိုင်နိုင်ငံခြားရေး၀န်ကြီး ဒွန် ပရာမွဒ်၀ီနိုင်းက မြန်မာပြဿနာကြောင့် ထိုင်းနိုင်ငံက ကြုံတွေ့နေရတဲ့ နယ်စပ်ကိစ္စ၊ ကုန်သွယ်ရေးနဲ့ ဒုက္ခသည်ကိစ္စတွေ ပြေလည်စေရေး ကျင်းပရခြင်းဖြစ်တယ်လို့ မနေ့ကအစည်းအ၀ေးမှာ ကာကွယ်ပြောကြားခဲ့ပါတယ်။ 

    ဒေါ်စုနဲ့တွေ့ 

    ပရာမွဒ်၀ီနိုင်းက မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်စဥ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သီးခြားပြောကြားခဲ့ပါတယ်။ 

    ထိုင်းနိုင်ငံခြားရေး၀န်ကြီးဟာ မြန်မာနိုင်ငံကို ဧပြီလမှာတစ်ကြိမ်၊ ဇွန်လမှာတစ်ကြိမ် သွားရောက်ခဲ့တာဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နောက်ထပ်တစ်ကြိမ် သွားရောက်မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁ နာရီကြာ တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်လို့ သူက ဆိုပါတယ်။ 

    ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး၊ လက်ရှိ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ပရာမွဒ်၀ီနိုင်းက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

    ဒီပြောကြားမှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ 

    အာဆီယံမူ မပြောင်း 

    အင်ဒိုနီးရှားနိုင်ငံခြားရေး မာဆူဒီက မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်စွဲကိုင်သွားမှာဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

    “အခြားကြိုးပမ်းမှုတွေဟာ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုကို ထောက်ခံအားပေးတာမျိုးသာ ဖြစ်ရပါမယ်”

    Ref: AFP

  • မြန်မာ့အရေး ပြေလည်ရန် အင်ဒိုနီးရှား နောက်ကွယ်မှကြိုးပမ်းနေဆဲ

    မြန်မာ့အရေး ပြေလည်ရန် အင်ဒိုနီးရှား နောက်ကွယ်မှကြိုးပမ်းနေဆဲ

    ဇူလိုင် ၁၀၊ ၂၀၂၃

    M-Media 


    – မြန်မာနိုင်ငံက ပဋိပက္ခကို ဖြေရှင်းဖို့အတွက် မိမိတို့ဖက်က လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။ 

    အင်ဒိုနီးရှားဦးဆောင်မယ့် အာဆီယံအဖွဲ့ဟာ အခုတစ်ပတ်အတွင်း နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအ၀ေးတစ်ခုကို ကျင်းပဖို့ ရှိနေပြီး မြန်မာ့အရေး အဓိက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 

    ဒီအစည်းအ၀ေးမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှား နိုင်ငံခြားရေး၀န်ကြီးတို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ 

    သောကြောနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာဆူဒီက အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်သူတွေနဲ့ လူချင်း၊ အွန်လိုင်းနဲ့ ဖုန်းအစည်းအ၀ေး စုစုပေါင်း ၁၁၀ ခုလောက် လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

    အဲဒီလိုဆွေးနွေးမှုတွေထဲမှာ စစ်ကောင်စီတာ၀န်ရှိသူတွေ၊ NUG တာ၀န်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ ပါ၀င်ပါတယ်။ 

    “ဆွေးနွေးပွဲတွေနဲ့ ပြီးသွားဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိရေး အားလုံးပါ၀င်တဲ့ ဆွေးနွေးမှု ဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်အတွက် ဒါက လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။  အားလုံးပါ၀င်တဲ့ ဆွေးနွေးမှု မရှိဘဲနဲ့ အာလုံးလက်ခံနိုင်တဲ့၊ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ရမှာ မဟုတ်ပါဘူး။ အဲလိုဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရလာမှာ မဟုတ်ပါဘူး” လို့ မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အင်ဒိုနီးရှားဟာ အခုနှစ် အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

    Ref: The Diplomat