News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၏ စကားကို လိုသလိုဆွဲယူ၍ သတင်းဖော်ပြသော မီဒီယာများသိစေရန်

    ဧပြီ ၄ ၊ ၂၀၁၃

    Ko Win Naing ၏ FB စာမျက်နှာဖော်ပြချက်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
    https://www.facebook.com/goldenwinnaing/posts/450631578349044

    U aung kyi
    ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်၊၄၈-လမ်း၊ရေကျော်ဗလီ မီးလောင်မှု နှင့်ပတ်သက်၍ ဧပြီ(၂)ရက် ညနေတွင်ပြုလုပ်သော တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲတွင် မီးလောင်မှုစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဒု-ညွှန်ကြားရေးမှူးဦးအောင်ကြည်ကို မီဒီယာများမှ သိလိုသည်များ အလွတ် သဘောမေးမြန်းခဲ့ကြပါသည်။ အဆိုပါဖြေကြားချက်များအပေါ် သတင်းမီဒီယာအချို့က လိုရာဆွဲကောက်နှုတ်ဖော်ပြနေသည်ကိုတွေ့ရှိရသဖြင့် ဧပြီလ(၄)ရက်နေ့က တိုင်းဒေသကြီးသာသနာရေးမှူး အား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

    မေး။ ။ တိုင်းသာသနာရေးမှူးခင်ဗျား၊ ယနေ့ မီဒီယာတွေမှာဖော်ပြနေတဲ့ ဧပြီ(၂)ရက်နေ့ စာနယ်ဇင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ တိုင်းသာသနာရေးမှူးရဲ့ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ ဗလီများဟာ တရားမ၀င် ဗလီများသာဖြစ်တယ်လို့ ပြောကြားခဲ့တဲ့အပေါ် ဘယ်လိုများ အတည်ပြုနိုင်ပါသလဲခင်ဗျာ။

    ဖြေ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနစာရင်းအရ အစ္စလာမ် ဗလီပေါင်း ၁၄၀ ခန့်ရှိပါတယ်။ ဗလီအများစုဟာ ကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ သာသနာရေးဌာနအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ဟိန္ဒူဘာသာ၊ အစ်စလမ်ဘာသာ ဘာသာကြီးလေးခု နဲ့ ပတ်သက်တဲ့ သာသနိက အဆောက်အဦးတွေ ဆောက်လုပ်ခြင်း၊ပြုပြင်ခြင်းနဲ့ပတ်သက်ပြီး ခွင့်ပြုပိုင်ခွင့်မရှိပါဘူး၊

    ဗလီများတည်ဆောက်ခွင့်၊ပြုပြင်ခွင့်ပြုခြင်းကို သာသနာရေးဌာနက လုပ်ပိုင်ခွင့်မရှိပါဘူး၊လိုအပ်လို့ကျွန်တော်တို့ဌာနကို တင်ပြလာတဲ့အခါ ဌာနရဲ့သဘောထားမှတ်ချက်ကို “သာသနာရေးရှုထောင့်မှ ကန့်ကွက်ရန်မရှိကြောင်း ဆောက်လုပ်ပြုပြင်သည့်အခါ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက်ရန်” လို့သာ ပေးရပါတယ်။ဗုဒ္ဓဘာသာ သာသနိကအဆောက်အဦ၊ ဘုန်းတော်ကြီးကျောင်းများနှင့်ပတ်သက်၍လည်း ယခုလိုပဲ သံဃနာယကအဖွဲ့နဲ့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ဖို့ မှတ်ချက်ပေးရပါတယ်။ ခွင့်ပြုခွင့်မရှိလို့ခွင့်ပြုလို့ မရပါဘူး။ဆောက်လုပ်ပြုပြင်ဖို့ လိုအပ်လာရင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ကိုသာ တင်ပြဆောင်ရွက်ကြရပါတယ်။

    ဒါကြောင့် ဧပြီ(၂)ရက်နေ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ မီဒီယာတွေ အလွတ်သဘောမေးမြန်းမှုကို တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ထားတဲ့ ဗလီများအပေါ် ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာန အနေနဲ့မိမိရဲ့လုပ်ပိုင်ခွင့်အရ ခွင့်ပြုထားခြင်း မရှိပါ လို့ ရိုးရိုးသားသား ပြန်လည်ဖြေကြားခဲ့ခြင်းသာဖြစ်ပါတယ်။

    အဲဒီဖြေကြားချက်ကို မီဒီယာတွေအနေနဲ့ ပြောလိုတဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်တာလား၊ လိုရာဆွဲတာလားတော့ မသိဘူး၊ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင်ဗလီမရှိဆိုတဲ့ အနေအထားမျိုးနဲ့ သတင်း ဖော်ပြလာတာကိုတွေ့ရပါတယ်။ ဒီလို ဖော်ပြချက်ကြောင့် အများကြီး အထင်အမြင်လွဲ မှားစရာဖြစ်လာနိုင်တာကို သတိမမူပဲ မီဒီယာများအနေနဲ့ လိုရာ ဆွဲကောက်နှုတ်ပြီး သတင်းအဖြစ် သုံးသပ်တင်ပြခြင်းဟာ သတင်း ကျင့်ဝတ်အပေါ်လိုက်နာမှု အားနည်းတဲ့ သဘောဖြစ်တဲ့အပြင် ကျွန်တော်တို့ ဌာနဆိုင်ရာ တာဝန်ရှိသူများမှာလည်း ၀န်ထုပ်ဝန်ပိုး ဖြစ်ရတဲ့အတွက် ဆင်ခြင် သင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ နောက်နောင်များမှာ ဌာနဆိုင်ရာများနဲ့ သတင်းမီဒီယာများ တွေ့ဆုံဖို့ အခြေအနေပေါ်ပေါက်ခဲ့ရင်လည်း ရည်ရွယ်ချက်ပေါက်မြောက်အောင် ခြေခြေမြစ်မြစ် မေးမြန်းပြီးမှ ပြည်သူကို ချပြသင့်တယ်လို့ အကြံပြုချင်ပါတယ်။
    အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း Eleven မီဒီယာ တင်ခဲ့သည့် သတင်းဖတ်ရန်။

  • မွတ်စလင်များ ဆန္ဒပြမည့် သတင်းမမှန်၊ အစ္စလာမ် ဘာသာရေးအဖွဲ့ နှင့် ဆက်သွယ်မေးမြန်းချက်

    ဧပြီလ ၅၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    မွတ်စလင်များ ဆန္ဒပြမည့် သတင်းမမှန်၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှ ပြောကြားခဲ့ခြင်း၊ တာဝန်ရှိသူ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းချက်

    ko wana shwe

    ရန်ကုန် ။ ။ ယနေ့ထုတ် စောင့်ကြည့်ဂျာနယ်တွင်ပါရှိသော “တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်”ခေါင်းစဉ်သတင်းနှင့်ပတ်သက်၍ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

    Q – ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ကြီးအနေနဲ့ ပြောဆိုခဲ့တာများရှိပါသလား။
    A – ကျွန်တော်တို့မပြောပါဘူး။ ကျွန်တော်တို့ မနေ့ကတည်းက တိုင်းသာသနာရေးမှူးပြောတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ရုံးကို သွားလိုက်တယ်။ အစိုးရအဖွဲ့ရုံးကို သွားပြီးတော့ လူမှုရေးအဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်းကို တင်ပြတယ်။

    Q – ဟုတ်ကဲ့
    A – တင်ပြပြီး ပြန်လာတဲ့အခါ ဦးအောင်ကြည်ကို ကျွန်တော်တို့ တိုက်ရိုက်ဖုန်းဆက်တယ်။ ဦးအောင်ကြည် ပြောခဲ့တဲ့ ဗလီတွေကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်တာ ပြန်ပြင်ဖို့ ပြောတဲ့အခါ၊ သူက သူပြန်ပြင်ပေးပါ့မယ်၊ သူပြောတာ အဲဒီလို မဟုတ်ပါဘူးလို့ပြောတယ်။ ဒီလိုပြောပြီးတော့ မနေ့ညကလည်း ကျွန်တော်တို့ သာသနာရေးဝန်ကြီးရဲ့ PA ဆီကို ကျွန်တော်တို့ အကြောင်းကြားတယ်။
    ဦးအောင်ကြည်ကလည်း ဒါနဲ့ပတ်သက်လို့ မနေ့ညက ၂-ကြိမ်တိုင်တိုင် ကျွန်တော်တို့ကို သူဖုန်းဆက်လာတယ်။ အခု မနက်(၁၀)နာရီကို ကာကွယ်ရေးဝန်ကြီး ရုံးခန်းမှာ တစ်ခါပြန်ချိန်းတယ်။ ကျွန်တော်တို့က အခုမနက်မှာ NLD နဲ့ တွေ့ဆုံဖို့ရှိနေတော့ ဦးအောင်ကြည်နဲ့ နေ့လည် (၂)နာရီမှာ ပြန်ချိန်းထားတယ်။

    Q – ဟုတ်ကဲ့။ ဒါဆို ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ “တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်”ဆိုပြီးပါလာတယ်။ အဲဒါကိုရော ဘယ်လိုများ ဖြေရှင်းဖို့ စဉ်းစားထားပါသလဲ။
    A – ကန့်ကွက်ဆန္ဒပြမယ်ဆိုတာမျိုးကို ကျွန်တော်တို့က တတ်နိုင်သမျှ ထိန်းသိမ်းပါတယ်။ လူစုလူဝေးနဲ့ ဆောင်ရွက်တဲ့ဟာက ကျွန်တော်တို့ လူနည်းစုအတွက်က အင်မတန်မှ အခက်အခဲရှိနိုင်တယ်။ ကျွန်တော်တို့က အဲဒါမျိုးတော့ မဆောင်ရွက်စေချင်ဘူး။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ၀န်ကြီးဆီကိုရော၊ ဦးအောင်ကြည်ကိုရော ပြောပြပါမယ်။

    Q – ဟုတ်ကဲ့။
    A – ဗလီကိစ္စနဲ့တ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဆီကိုရော ဦးအောင်ကြည်ကိုရော ပြောပြီးပါပြီ။ ဦးအောင်ကြည်ရဲ့ သဘောထားက ဒါမဟုတ်ပါဘူး။ သူပြောလိုက်တဲ့ဟာကို ဖြတ်ထည့်လိုက်လို့ ဖြစ်ပါလိမ့်မယ်။ အခုတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။

    Q – ဟုတ်ကဲ့၊ အဲဒါဆောင်ရွက်နေတာအတွက်လည်းကောင်းပါတယ်။ အခုက စောင့်ကြည့်ဂျာနယ်မှာ မွတ်စလင်မ်တွေက သာသနာရေးဝန်ကြီးပြောတာကို မကျေနပ်လို့ ဆန္ဒပြမယ်ဆိုတာ ပါလာတော့ ထင်ယောင်ထင်မှားဖြစ်သွားမှာမျိုး ရှိနိုင်ပါလား။
    A – ကျွန်တော်တို့ကတော့ အဲလိုမျိုးလုပ်မယ်လို့ ဘယ်သူ့ကိုမှလည်း မပြောဖူးဘူး။ လုပ်ဖို့လည်းမရှိဘူး။

    Q – ဒါဆိုရင် အကယ်၍ သာသနာရေးဝန်ကြီးနဲ့တွေ့တဲ့အခါမှာ အခုဂျာနယ်ပါကိစ္စကိုရော ထည့်ပြောသင့်တယ်လို့ ထင်ပါသလား။
    A – ပြောသင့်ပါတယ်။ နောက်ပြီး မီဒီယာကလည်း ဒါကို ဖော်ပြပေးသင့်ပါတယ်။ မွတ်စလင်မ်ထုက ဆန္ဒပြဖို့မဟုတ်ဘူး။ ဆန္ဒပြဖို့လည်းမရှိဘူး။ မွတ်စလင်မ်ထုအနေနဲ့ ဒါနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးရော၊ ရန်ကုန်ုတိုင်းအစိုးရအဖွဲ့ရော၊ ကာယကံရှင် ဦးအောင်ကြည်ကိုရော တိုက်ရိုက်တွေ့ဆုံပြီး ဖြေရှင်းသွားဖို့ပဲလုပ်ပါမယ်။

    Q – ဟုတ်ကဲ့ပါ။
    A – ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ အိုလမာအပါအ၀င် (၄)ဖွဲ့ကနေ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နေပါတယ်။ နေ့လည်(၂)နာရီမှာ တွေ့ဆုံပြီး ပြန်လာရင်လည်း ကျွန်တော်တို့တွေ့ဆုံမှုကို ပြောပြပါ့မယ်။

    Q – ဟုတ်ကဲ့ပါ။

  • အဖြစ်မှန်နဲ့ ကင်းကွာပြီး ဥပဒေနဲ့ မညီညွှတ်တဲ့ တိုင်း သာသနာရေးမှူး ရဲ့ ပြောစကား

    ဧပြီ ၅၊ ၂၀၁၃
    M-Media
    သုတေသီ

    U aung kyi
    ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည် Photo Credit-Eleven

    အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ဟု ဒီနေ့ အလဲဗင်း သတင်းမှာ ဖတ်လိုက်ရပါတယ်။

    ဒီစကားဟာ ဥပဒေနဲ့ မညီညွတ်တဲ့ အပြင် အဖြစ်မှန်တွေနဲ့လဲ ကင်းကွာလို့ နေပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဗလီများဟာ ဦးနေ၀င်းခေတ်နဲ့ န.၀.တ ခေတ်မှာ နေရာအသစ် ချထားပေးပြီး ဆောက်လုပ်တဲ့ ဗလီရယ်လို့ မရှိပါဘူး။ အချို့ ဗလီများဟာ ရှေး မြန်မာမင်းများ လက်ထက်ထဲက ဘုရင်တွေ ကိုယ်တိုင်က ဗလီမြေအဖြစ် ချထားပေးခဲ့တဲ့ သာသနာ့မြေ ဖြစ်ပါတယ်။

    အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ (ယခင် မွန်အမည် ဒဂုံမြို့) ရဲ့ သစ်တပ် အတွင်းမှာလဲ ဗလီတွေ ရှိခဲ့တဲ့ သမိုင်း မှတ်တမ်းများရှိပါတယ်။

    မြေဒူးမြို့က မှန်စီ ရွှေချဗလီ ၄လုံးဟာလဲ ၊ ဆင်ဖြူရှင်မြေဒူးမင်း ကိုယ်တိုင် မွတ်စလင်တွေအတွက် ဗလီမြေနေရာ သတ်မှတ် ဆောက်လုပ်ပေးခဲ့တာပါ။

    ရန်ကုန်မြို့မှာ ရှိတဲ့ တခြမ်းပဲ့ ဗလီဆိုရင် ဘကြီးတော်မင်းက အင်္ဂလိပ်မြန်မာ ပထမစစ်အပြီး သူရဲ့ သစ္စာခံ မင်းမှုထမ်းများကို ဆုလာဘ်များ ပေးခဲ့ရာ အေဒီ ၁၈၂၆ခုနှစ်က် တပ်ဗိုလ်မှုးရာထူးဖြင့် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင် ခဲ့ကြသော အစ္စလာမ်ဘာသာဝင် ဦးရွှေသိုင်းနှင့် ဦးရွှေမှိုင်းတို့ ညီအစ်ကို ၂ဦးက ၄င်းတို့အတွက် ၀တ်တက်ရန်နေရာပေးပါလို့ တောင်းဆိုခဲ့လို့ ဘကြီးတော်မင်းက ရန်ကုန်မြို့ အခု အောင်ဆန်းကွင်းအနီးမှာ ၀တ်ပြုရန်မြေလှုဒါန်းခဲ့ပြီး ဗလီဆောက်လုပ်ခွင့် ပေးခဲ့ပါတယ်။ ၁၈၅၂ ခုနှစ် ဒုတိယမြန်မာအင်္ဂလိပ်စစ်ပွဲအပြီး၊ အင်္ဂလိပ်တို့ရန်ကုန်ကိုသိမ်းယူခဲ့ချိန် ရန်ကုန်ကို အုပ်စိုးသော စစ်ဗိုလ် ဆာဖယ်ရာက လမ်းဖောက်ခဲ့ရာ လမ်းနှင့်မလွတ်သောကြောင့် ဖဲ့ချခံရလို့ ထိုအချိန်ကတည်းက တခြမ်းပဲ့ ဗလီဟု တွင်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။

    ဒီလိုဘဲ မန္တလေးမှာလည်း မင်းတုန်းဘုရင် ပေးသနားခဲ့တဲ့ ဗလီတွေ အမြောက်အမြား ရှိယုံမက မက္ကာမြို့  မှာတောင် မြန်မာ မွတ်စလင် ဟာဂ်ျ ဘုရားဖူးများအတွက် မင်းတုန်းမင်းကြီးရဲ့ ကုသိုလ်တော် ဒေါင်းဇရပ်ကြီး ရှိပါတယ်။

    ဗလီ အများစုနဲ့ စာသင်ကျောင်း အများစုကတော့ အင်္ဂလိပ် လက်ထက်မှာ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ အင်္ဂလိပ်အစိုးရရဲ့ ဥပဒေနဲ့ အညီ ခွင့်ပြု လှူဒါန်း ဆောက်လုပ်ခဲ့တာပါ။ ဒီဥပဒေကလည်း လွတ်လပ်ရေးရပြီး နောက်ပိုင်း ဆက်လက် ကျင့်သုံးပြီး ဒီနေ့အထိ အတည်ဖြစ်နေတဲ့ ဥပဒေ ဖြစ်ပါတယ်။

    ဒီတော့ ဒါတွေဟာ ဥပဒေနဲ့အညီ တည်ရှိနေတာဖြစ်ပါတယ်။ အစိုးရတခု ပြောင်းသွားတိုင်း အသစ်ပြန် လျှောက်စရာ ပြန်အတည်ပြုစရာ မလိုပါဘူး။ အစိုးရတခုက ခွင့်ပြုပြီးရင် ဘယ်အစိုးရတက်တက် အတည်ပါဘဲ။ တရားဝင်ပါဘဲ။

    မြန်မာပြည်မှာ အဆောက်အဦး ဆောက်လုပ်တာဟာ စည်ပင်သာယာနဲ့၊ အိုးအိမ်ဦးစီးဌာနတို့နဲ့သာ သက်ဆိုင်ပြီး သာသနာရေးဦးစီးဌာနနဲ့ သက်ဆိုင်ခြင်းမရှိပါ။ ဥပဒေနဲ့ ညီညွတ်လို့သာ ဗလီ များကို ပြင်ဆင်ခွင့်၊ ပြုပြင်ခွင့် သက်ဆိုင်ရာက ခွင့်ပြုခဲ့ကြခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ

    ပုဒ်မ ၃၅၆ တွင်

    နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။..ဟု ၄င်း

    ပုဒ်မ ၃၆၂ တွင်

    နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်။

    ပုဒ်မ ၃၆၃ တွင်

    နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာကို တတ်နိုင်သမျှကူညီစောင့်ရှောက်မည်။ လို့ ပြဌာန်းထားပါတယ်။

    အခုလို ဒုတိယညွှန်ကြားရေးမှုး ဦးအောင်ကြည်ရဲ့ ပြောကြားချက်များဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့ ဆန့်ကျင်နေတဲ့ အပြင် အခြားဥပဒေပါ အချက် အလက်များနဲ့လဲ ကွဲလွဲနေပါတယ်။ အစိုးရ အာဏာပိုင်အနေနဲ့ အခြေခံ ဥပဒေနဲ့အညီ ကာကွယ်ပေးရမဲ့အစား အခုလို ပြောကြားလိုက်ခြင်းဟာ  ပြသနာ အမျိုးမျိုး ရှုတ်ထွေးနေချိန်မှာ ပြသနာတစ်ရပ်ကို ထပ်မံ အသစ်ဖွင့်လိုက်သလို ဖြစ်နေပါတယ်။

     

  • ကြိုပင်ကောက်တွင် ညမထွက်ရ အချိန်လျော့ချပေး၊ အခြေအနေ တည်ငြိမ်လာသော်လည်း ပြန်လည် ထူထောင်ရေးအတွက် အကူအညီများ မရရှိသေး

    ဧပြီလ ၄၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    kyo pin kyout copy

    အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကြို့ပင်ကောက်တွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့်ကြားမှ ညပိုင်း အိမ် ၂လုံး အဖျက်ခံရ ပြီနောက် ယခု ပြန်လည် တည်ငြိမ်စ ပြုလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

    ယခု လတ်တလောအခြေအနေနှင့် ပတ်သက်၍ ကြိုပင်ကောက်မြို့နေ ဒေသခံ တစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    “ စိုးရိမ်ကြောင့်ကျစွာ နေနေရ ရာကနေ အခုတော့ နည်းနည်းတည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီ။ ညမထွက်ရ အချိန်ကို အခု ည၁၀း၀၀ ကနေ မနက် ၄း၀၀ ထိ လျော့ချပေးထားပါတယ်။ အခု ကွန်တော်တို့အိမ်တွေ အဖျက်ဆီးခံရတဲ့ အနေအထားမှာ ခုကိုယ်ပါကိုယ် နိုင်သလောက်လေး ပြုပြင်ပြီး နေနေရတာပါ။ ပျက်ဆီး ဆုံးရှုံးသွားတဲ့ အိမ်တွေကို ပြန်လည် ပြုပြင်ပေးမယ်လို့ တီဗွီတွေမှာ ပြောတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို လာရောက် မေးမြန်းတာမျိုးတောင် မရှိပါဘူး။အခြားခြားသော အဖွဲ့အစည်းတွေကလည်း လာရောက်လှူဒါန်းတာမျိုးလည်း မရှိသေးပါဘူး ခင်ဗျာ။ ဌာနဆိုင်ရာ ၀န်ကြီးတွေ လာကြပါတယ် ဒါပေမယ့် တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိပါဘူး။အကူအညီ ပေးခြင်း မရှိသေးပါဘူး ခင်ဗျား” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဓါတ်ပုံအညွှန်း- မတ်လ ၂၈ ရက်နေ့ည အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကြို့ပင်ကောက်မြို့ အပျက်အစီးများမြင်ကွင်း ဖြစ်ပါသည်။

  • ဇီးကုန်းမြို့ အခြေအနေပြန်လည် တည်ငြိမ်လာ

    ဧပြီ ၄၊ ၂၀၁၃
    M-Media
    သတင်း- ဆူးထက်

    zingon

    ဇီးကုန်း။ ။ ပဲခူးတိုင်း ဇီးကုန်းတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ မတ်လ ၂၇ရက်နေ့က ဖျက်ဆီးခဲ့ပြီးနောက် ယခု ပြန်လည် အခြေအနေတည်ငြိမ်လာခဲ့ပြီ ဖြစ်ကြောင်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ဒေသခံတစ်ဦးအား ဆက်သွယ် မေးမြန်းချက်အရ သတင်းရရှိသည်။

    “ကျွန်တော်တို့ ဇီးကုန်းနဲ့ ၂မိုင်ကွာက မရင်းရွာက ဗုဒ္ဓဘာသာဝင် လူကြီး လူကောင်း တစ်ဦးဖြစ်တဲ့ အသက်၈၉နှစ်အရွယ် အဘဦးတင်အေးက ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် အယောက် ၁၅၀ ကိုကယ်ထားပေးခဲ့တာပါ။သူစောင့်ရှောက်ကာကွယ်ပေးထားတဲ့ ရက်တွေမှာ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ နေရေးထိုင်ရေး နောက်ဆုံး ကျွန်တော်တို့ရဲ့ လုံခြုံရေး အတွက် လိုလေသေးမရှိ တာဝန်ယူခဲ့ပါတယ်။ရေကအစ အဲဒီရွာက ရေတောင် မတိုက်ဘူး ရေသန့်ဗူးတွေ ၀ယ်တိုက်ပါတယ်။ သူ ကျွေးမွေး စောင့်ရှောက်ထားတဲ့ ကုန်ကျငွေ အားလုံးဟာ သူများဆီက အလှူငွေတွေနဲ့ လုံးဝမဟုတ်ဘူး၊ အားလုံး သူ့ကိုယ်ပိုင် ပိုက်ဆံနဲ့ စောင့်ရှောက်ခဲ့တာပါ။ ကျွန်တော်တို့ကို ဘော်ဒါဆောင် တစ်ခုမှာ နေရာချထားပေးတာပါ။အဲဒီ အဘဦးတင်အေး ကယ်ပေးထားလို့သာ ကျွန်တော်တို့တတွေဟာ ဟိုပြေးလိုက် ဒီပြေးလိုက် နဲ့ ကမ်းနားသစ်ပင် မဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့ နေတဲ့ နေရပ်ကို အာမခံပေးလို့သာ လမ်းကြောင်းနဲ့ ပြန်ပို့ပေးတာပါ၊ ကျွန်တော်အဲဒီရွာမှာ ၅ရက် ခိုလှုံခဲ့ပါတယ် ”

    `“အခုတော့ ကျွန်တော်တို့ ဇီးကုန်းမှာ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ ကံကောင်းလို့ ကွန်တော်အိမ်လေး မပါသွားခဲ့ပါဘူး။ဆိုင်ခန်းပဲ ပါသွားပါတယ်။ ခုဆိုင်လည်း ပြန်ဖွင့်နေပါပြီ ”ဟု အဆိုပါ ဇီးကုန်မြို့ခံမှ M-Media သို့ပြောကြားခဲ့သည်။