News @ M-Media

Category: မြန်မာသတင်း

မြန်မာသတင်း

  • ဒေါက်တာ ထက်မြက်ထံသို့ အိတ်ဖွင့်ပေးစာ

    ဒေါက်တာ ထက်မြက်ထံသို့ အိတ်ဖွင့်ပေးစာ

    သြဂုတ်၊ ၂၈၊ ၂၀၁၂

    M-Media

    ဂျူလိုင်ရဲရင့်

    ဆိုရှယ်မီဒီယာတွင် ပြန့်နှံလျက်ရှိတဲ့ ဒေါက်တာထက်မြက်ဆိုသူရဲ့ စာ

    ရက်စွဲ။   ။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်

    ဒေါက်တာ ( ဦး ) ထက်မြက် ခင်ဗျား !

    ကျွန်ုပ်သည် မြန်မာပြည်ကိုချစ်သော မြန်မာနိုင်ငံဖွား တိုင်းရင်းသားမုစ်လင်မ်တစ်ဦးဖြစ်သည်နှင့် အညီ လူကြီးမင်း၏ အတည်ပေါက် ရုပ်လုံးဖော်နေချက်အပေါ် မလိုလားအပ်သည့်အကျိုးဆက် မဖြစ်ပေါ်စေရေး အလို့ငှါ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားလိုက်ပါသည်။

    ပထမဦးစွာ မေတ္တာရပ်ခံလိုသည်မှာ ကျွန်ုပ်မှ လူကြီးမင်းအား စလာမ်ဆိုနှုတ်ခွန်းဆက်သမှု မပြုဘဲ ရေးသားခြင်းကို နားလည်ပေးပါရန်ဖြစ်သည်။ လူကြီးမင်းသည် အမှန်တကယ် အစ္စလာမ်သာသနာဝင် မုစ်လင်မ် တစ်ဦး ဟုတ်မဟုတ်ဟူသည် မသေချာ၍ဖြစ်ပါသည်။

    ဒုတိယအချက်မှာ လူကြီးမင်းသည် အစ္စလာမ်သာသနာနှင့် အများမုစ်လင်မ်ထု၏ကောင်းကျိုးအား ကိုယ်စားပြုဆောင်ရွက်ကြောင်းမှန်ကန်ပါလျှင် အမည်ရင်း၊ မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကဒ်ပြား) နံပါတ် နှင့် ကိုယ်စားပြုအုပ်စုတစ်ရပ်ရပ်ကို တိကျစွာဖော်ပြအပ်ပါသည်။ လူကြီးမင်းအနေဖြင့် တစ်သီးပုဂ္ဂလ လှုပ်ရှားနေပါ သည်ဟုဆိုလျှင်ပင် ရိုးသားပွင့်လင်းရန်အရေးကြီးပါသည်။ တောင်ကြီးမြို့မုစ်လင်မ်အသိုင်းအ၀ိုင်း၌ ဒေါက်တာ ထက်မြက်ဟူသောအမည်ဖြင့် ဆရာဝန်သော်လည်းကောင်း၊ ပါရဂူဘွဲ့ရပညာရှင်သော် လည်းကောင်း မရှိပါ။ လူကြီးမင်း၏ရေးသားချက်များမှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏သက်ဆိုင်ရာတာဝန်ရှိသူများထံအပြင် အခြား ဌာနများသို့တင်ပြထားသည့် စာအမျိုးအစားဖြစ်သည့်အတွက် ကလောင်အမည်/အမည်ဝှက် ကို အသုံးပြုရန် အကြောင်းမရှိသောကြောင့် လူကြီးမင်းသည် မည်သူမည်ဝါဖြစ်ခြင်း ကို မည်သူမျှ သိလိမ့်မည် မဟုတ်ပါ။

    တတိယအချက်သည် လူကြီးမင်း၏နေရပ်လိပ်စာကိစ္စဖြစ်ပါသည်။ ကျွန်ုပ်သည် တောင်ကြီးသား စစ်စစ်ဖြစ်ပါသည်။ တောင်ကြီးမြို့ရှိ အိမ်နံပါတ်များကို ရပ်ကွက်ချင်းအလိုက် အိမ်ရာအရေအတွက်ပေါ်မူတည်၍ သတ်မှတ်ထားပါသည်။ အိမ်ခြေငါးရာအထိရှိသောရပ်ကွက်ဟူ၍ တောင်ကြီးမြို့၌ ယနေ့တိုင် မပေါ်ပေါက်သေး ပါ။ ထို့ကြောင့် လူကြီးမင်းဖော်ပြထားသည့် အိမ်အမှတ် ၇၈၆ ဟူသည်မှာ ရယ်စရာကြီးဖြစ်လို့နေပါသည်။ ကျွန်ုပ်တို့မြို့၌ စ၀်စံထွန်းလမ်းဟူသည် အမှန်ရှိနေသော်ငြား လူကြီးမင်းဖော်ပြထားသော ဗိုလ်ဗထူးရပ်ကွက် ဆိုသည်မှာ တောင်ကြီးမြို့ပေါ်ရှိ လေးဖက်သွားကလေးသူငယ်မှသည် ဆံဖြူသွားကျိုးတောင်ဝှေးကိုင်အရွယ်ထိ အဘယ်လူသားမှ မကြားစဖူးပါ။ ကျွန်ုပ်ထံတွင် တောင်ကြီးမြို့၏မြေပုံကားချပ်လည်း ရှိနေပါသည်။ လူကြီးမင်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုနိုင်ပါသည်။ သို့ဖြစ်ရာ လူကြီးမင်း၏အတည်ပေါက်ဖြီးလုံးက အလွန်ပင် မသေမသပ် ဖြစ်လွန်းလှပါကြောင်း အလွယ်တကူကောက်ချက်ချ သုံးသပ်ရပေသည်။

    စတုတ္ထအချက်မှာ လူကြီးမင်းမှ ဖော်ကျူးသည့်အရေးကိစ္စကို လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရန်( ဆန္ဒပြရန် ) အဆင့်ထိ မလိုအပ်ကြောင်း အသိဥာဏ်ပြည့်ဝသူတိုင်းမှ နားလည်ထားပြီးဖြစ်ပါသည်။ နိုင်ငံတော်မှ ကျွန်ုပ်တို့အား လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ပေးထားသည်မှန်သော်ငြား ဆန္ဒထုတ်ဖော်တင်ပြနိုင်သည့်နည်းလမ်းများစွာရှိနေပါလျက်နှင့် ဤသို့ လျှပ်တစ်ပြက် အဆင့်ကျော်သွားခြင်း  ၌ သွေးရိုးသားရိုးမှဟုတ်ပါလေစဟု သံသယ၀င်မိပါသည်ခင်ဗျား !

    နောက်ဆုံးအချက်မှာ အကယ်၍ လူကြီးမင်းသည် မုစ်လင်မ် (အစ္စလာမ်သာသနာဝင်) တစ်ဦးမဟုတ်ပါက တကယ့် မုစ်လင်မ်ကဲ့သို့ ရေးပေါက်ရေးဟန်မျိုး ရေးသားနိုင်ခြင်း အပေါ် ချီးကျူးပါကြောင်း ပြောလိုပါသည်။ မုစ်လင်မ်ဟု အရေခြုံထားသူတစ်ဦး (၀ါ) တစ်စုတစ်ဖွဲ့၏လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့မုစ်လင်မ်ပြည်သူ တစ်ဦး တစ်ယောက်မှာမှ တာဝန်မရှိပါကြောင်း လူကြီးမင်းအား သိစေအပ်ပါသည်။ အကယ်၍ လူကြီးမင်းသည် တကယ်စင်စစ် မုစ်လင်မ်တစ်ဦးဖြစ်နေပါကလည်း အစ္စလာမ့်တရားစစ်တရားမှန်အနက်မှ ဟုဒိုင်းဗီယဟ်စံနစ် ကို လုံးဝ နားမလည်သေးသူ သို့တည်းမဟုတ် တစ်စုံတစ်ရာသော ကိုယ်ကျိုးစီးပွားအတွက် သိသိကြီးနှင့်မိုက်လုံးကြီးလိုသူ အစွန်းရောက်ဝါဒီတစ်ဦးသာ ဖြစ်ကြောင်း ပေါ်လွင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် လူကြီးမင်း၏လှုပ်ရှားမှုမှာ အစွန်းရောက် စည်းဝိုင်းတွင်းသို့ ခြေလှမ်း ကျွံဝင်နေသောကြောင့်ဖြစ်သည်။ အစွန်းရောက် အတွေးအခေါ်များ၊ လုပ်ရပ်များဖြင့် မည်သည့် ငြိမ်းချမ်းရေး နှင့် တိုးတက်ဖွံ့ဖြိုးရေးကိုမျှ မဖော်ဆောင်နိုင်ကြောင်း ကမ္ဘာ့သမိုင်းက သက်သေပြုနေပါသည်။ ဗုဒ္ဓဘာသာ၏အနှစ်သာရမှာ မေတ္တာတရား၊ အစ္စလာမ်သာသနာ၏အနှစ်သားမှာ ငြိမ်းချမ်းရေး၊ ခရစ်ယာန်ဝါဒ၏အချုပ်မှာ ခွင့်လွှတ်မှုဖြစ်ကြောင်း အသိ နှင့် သတိ လက်ကိုင်ပြုစေလိုပါသည် ( မှားယွင်းသည်ဟု ထင်မြင်လျှင် ပြင်ပေးနိုင်ပါသည်၊ ကျွန်ုပ် စိတ်မဆိုးပါ )။ တဖန် လူကြီးမင်း၏ရည်ရွယ်ချက် အထမြောက်ခဲ့ပါကလည်း ကျွန်ုပ်တို့ မုစ်လင်မ်အပေါင်းမှာ အသိဥာဏ်နိမ့်ကျသူများအဖြစ် လည်းကောင်း၊ အခွင့်အရေးသမားများအဖြစ် လည်းကောင်း၊ သွေးဆူ   သွေးကြွလွယ်သူများအဖြစ်လည်းကောင်း မလွဲမသွေ တစ်ထစ်ချ မှတ်ချက်ပြုခံရနိုင်ပါသည်။ ဤသို့ဤနှယ် ဆိုင်းဘုတ်တပ်ခံရမည်ကို လူကြီးမင်းမှ လိုလားနေခြင်းလော ?

    ဒေါက်တာထက်မြက် ခင်ဗျား !

    ဆိုရေးရှိက ဆိုရပါတော့မည်။ ကျွန်ုပ်သည် ၁၉၈၇ ခုနှစ်၊ ငွေသိမ်းကိစ္စဆန္ဒပြမှုမှသည် ဆယ်နှစ်ဝန်းကျင် တစ်လျှောက် အရေးအခင်းများ၊ ဆန္ဒပြခြင်းများ စသည့် လှုပ်ရှားမျိုးစုံ၌ အတိုင်းအတာတစ်ရပ်အထိ ပါဝင်ဖူးသူဖြစ်ပါသည်။ (နိုင်ငံရေးကို အလျဉ်း ၀ါသနာမပါ၍ ဘေးထွက်ထိုင်နေသူတစ်ဦး ဖြစ်ပါသည်)။ သို့အတွက် မြွေမြွေချင်း ခြေမြင်ပါသည်။ သသနာ့အရေးနှင့် တိုက်ရိုက်ဆက်နွှယ်လာသဖြင့် ကျွန်ုပ်၏ကလောင် ရှေ့တစ်လှမ်းတိုးရခြင်း ဖြစ်ပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲဟု ဆိုသော်ငြား နောက်ဆက်တွဲဆိုးကျိုးများစွာ တန်းစီနေပါသည်။ ၄င်းပြင် တန်ပြန်ဆန္ဒထုတ်ဖော်ခြင်းများ လည်း အရံသင့်စောင့်ဆိုင်းနေကြမည်လားဟု အနိမ့်ဆုံးအားဖြင့် တွက်ဆမိပေသည်။ သို့သာမက လူကြီးမင်း၏ရည်ရွယ်မှု အထမြောက်စေရေးအတွက် ဤမျှလွယ်ကူလျင်မြန်စွာ ခွင့်ပြုခံရခြင်းမှာ ထူးခြားနေပါသည်။ ရုပ်သေးရုပ်ကို ကြိုးရှုပ်အောင် ကစားနေခြင်းလော ဟု ဆက်လက် အတွေးပွားစရာ ဖြစ်ရပါသည်။ တစ်ခါ ကျွန်ုပ်၏အတွေ့အကြုံအရ အပြင်းအထန် ဘေးတီးထိုးဆွတတ်သူအများစုမှာ တကယ်ဖြစ်လာချိန်ဝယ် ကုတင်အောက်ဝင်၍ Remote  Control  ကို  နှိပ်နေတတ်သူများသာ ဖြစ်လေ့ရှိကြောင်း သိရှိထားပါသည်။ လူကြီးမင်းအနေနှင့် ကုတင်အောက်မှသတ္တိခဲလော၊ လူသိရှင်ကြားရှေ့ထွက်လာသူလော ဟူသည်ကို များမကြာမီ အဖြေပေါ်လာပါဦးမည်။ မည်သို့ပင်ဆိုစေကာမူ လူကြီးမင်းအဖို့ ချိန်ကိုက်ဗုံးတစ်ခုအဖြစ် ရမ်းရော်မှန်းဆထားခြင်းဖြစ်နိုင်ကောင်းသော်လည်း ကန့်လန့်ကာကြားမှ မလုံမလဲပြူထွက်လာသည့် ထူးခြားချက်အချို့ ကြောင့် ကျွန်ုပ်အပါအ၀င် မုစ်လင်မ်လောကအတွက် သတိပေးခေါင်းလောင်းသံမျှသာဖြစ်ပါကြောင်း သိစေအပ်ပါသည် ခင်ဗျား !  ဤအိတ်ဖွင့်ပေးစာအပေါ် ပြေလည်ကျေနပ်မှုမရှိပါက ကျွန်ုပ်နှင့် တိုက်ရိုက်ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။

     

    ဂျူလိုင်ရဲရင့်  –  Online Blogger

  • သံတွဲ NLD သို့ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရေးသားထားသော စာတစ်စောင် ရောက်ရှိ

    သံတွဲ NLD သို့ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရေးသားထားသော စာတစ်စောင် ရောက်ရှိ

    သြဂုတ်၊ ၂၈၊ ၂၀၁၂

    YPI မှ ကူးယူဖော်ပြသည်။

    လွန်ခဲ့သောနှစ် ၃၀ ခန့်က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ထုတ်ဝေခဲ့သော စာအား ကိုးကားရေးသားထားသော စာတစ်စောင်ကို ယမန်နေ့က စာတိုက်မှတစ်ဆင့်ရရှိခဲ့ကြောင်း သံတွဲမြို့နယ် NLD အတွင်းရေးမှူးကပြောသည်။

    သံတွဲမြို့ကိုကယ်တင်ပါ ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါစာတွင် ဘင်္ဂါလီမွတ်စလင်များက ဗုဒ္ဓဘာသာ မိန်းကလေးများကို သိမ်းသွင်းလက်ထပ်နေမှုအားစိုးရိမ်ကြောင်းဖော်ပြထားပြီး အစ္စလာမ်ဘာသာနှင့် ပတ်သက်ပြီးမှားယွင်းသည့်အယူအဆများပါရှိကြောင်း NLD ပါတီဝင်တစ်ဦးက ပြောသည်။

    “ရန်ကုန်က ပို့တာပါ။ စာအိတ်မှာ ပေးသူအမည်က မထင်ရှားဘူး။ အတွင်းကစာမှာလည်း မြန်မာ နိုင်ငံသားတစ်ဦးလို့ပဲ ရေးထားတယ်” ဟု ၎င်းက ပြောသည်။သံတွဲသို့ရောက်ရှိလာသော ပေးပို့သူအမည် သဲကွဲစွာမပါရှိသည့်စာအိတ် သြဂုတ် ၂၂ ရက်စွဲဖြင့် ပေးပို့သော စာတိုက်တံဆိပ်တွင် စာရွေးစာပို့စခန်း၊ စာရွေး ၃ ဟု ရိုက်နှိပ်ထားသည်။

    ပူးတွဲပေးပို့သော လှုံ့ဆော်စာမှာ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခဖြစ်စေရန် လုပ်ကြံထားသောစာဖြစ်ကြောင်း အသက် ၆၅ နှစ်အရွယ် သံတွဲဒေသခံတစ်ဦးက ပြောသည်။

    “ဒါက ၁၉၈၀ ကျော်လောက်က ဖြန့်ခဲ့တဲ့စာတွေပါ။ (၁၉၈၀ က) သံတွဲမှာ ဒီစာတွေဖြန့်လို့ ဖမ်းဆီးမိခဲ့တဲ့သူတွေဟာ မွတ်စလင်တွေမဟုတ်ပါဘူး”ဟု ပြောသည်။

    သံတွဲမြို့နယ် NLD ပါတီဝင်တစ်ဦးကလည်း “ ဒီစာကို ဘာကြောင့်ပို့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မပြောထားတဲ့အတွက် လှုံ့ဆော်စာ သက်သက်ဖြစ်နေပါတယ်။ နောက်ထပ်ဘယ်နေရာတွေကို ပို့ထားသလဲဆိုတာက စိုးရိမ်စရာပါ ” ဟု ပြောသည်။

    ပြီးခဲ့သည့်ဇွန်လအတွင်းက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံးကာ ၆၄,၀၀၀ ၀န်းကျင် အိုးအိမ်မဲ့ဘ၀ရောက်ခဲ့ရသည် ဟုအစိုးရစာရင်းများကဆိုသည်။

  • ရခိုင်ဒေသ ကိုယ်တိုင် ရောက်ခဲ့သူ အချို့ထံမှ သိရတဲ့ မွတ်စလင်မ်တို့ အခြေအနေ(၁)

    သြဂုတ်၊ ၂၇ ၊၂၀၁၂

    M-Media

    ရခိုင်ပြည်နယ်မှာ လူမျိုးတုန်း သတ်ဖြတ်မှု မရှိနေ (သေး) ပါ။ ဒါပေမယ့် လူမျိုးတုန်းသေစေမှုကို တွန်းပို့နေတဲ့ အနေအထားတွေ တွေ့ရပါတယ်။ ဥပမာ… သူတို့တွေ ဘာမှ ဝယ်လို့မရ ဘယ်မှ သွားလို့မရ တစ်သက်တာ ၂၄နာရီ မာရှယ်လော ရှိနေတာပါ။ နောက်တစ်ချက်က ဒီအတိုင်းသွားရင် သူတို့တွေဟာ ဒုက္ခသည် စခန်းမှာ ပိတ်မိနေပြီး များမကြာမီ သူတို့ဟာသူတို့ သေကုန်ကြနိုင်ပါတယ်။ ဝမ်းရောဂါကပ်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါတွေ အတော်ကို ပြန့်နေပါတယ်။ မျက်စိရှေ့တင် အပြင်းအထန် ကယ်ဖို့ ကြိုးစားရင်း ကွယ်လွန်ကုန်သူတွေ ရှိပါတယ်။

    အိမ်သာ မရှိပါ။ သောက်ရေ၊ သုံးရေသန့် မရှိပါ။ ရေကန်အနီးမှာ မစင်ပုံတွေ ခြေချစရာ မရှိအောင်တွေ့နေရပါတယ်။ ဆေးဝါး မရှိပါ။ တီဘီရောဂါသည် နဂိုက ဆေးသောက်အသက်ရှင်နေရသူတွေ ကြားထဲမှာ ဆေးမရလို့ ပိုးက ဆေးယဉ်သွားပါပြီ။

    ခြင်ထောင်မရှိပါ။ မိုးက မရပ်မနား ရွာနေတာတောင် ခြင်က အံ့သြလောက်စရာ အဆုပ်လိုက်အဆုပ်လိုက် ပက်ပါတယ်။

    အာဟာရပြတ်တဲ့ ကလေးလူကြီးတွေ မရေတွက်နိုင်အောင် ရှိနေပါတယ်။ (ဓာတ်ပုံများပြပါတယ်။) ဗိုက်ပူနံကား ကလေးတွေပါ။ အသားခြောက်နဲ့ငါး စားရပေမယ့် မြက်ကလွဲလို့ ဘာ ဟင်းသီးဟင်းရွက်မှ မရှိပါ။ မြက်ပဲ ဝါးစားနေရသူတွေ၊ ဘာမှကို စားစရာ မရှိလို့ အမေက ဆံပင်ဖြတ်ကျွေးတာကို စားခဲ့ကြရတဲ့ သားသမီးတွေ တွေ့ခဲ့ရပါတယ်။

    ဆေးကုဖို့ ဆေးခန်းကို လာကြစဉ် အတင်း တိုးဝှေ့ နေကြတော့ နယ်ခံ ခေါင်းဆောင်က ကူထိမ်းပေးပါတယ်။ အနားတိုးလာသူ မှန်သမျှကို ဂျပန် ပါးရိုက်သလို ရိုက်၊ ကြိမ်နဲ့ ရိုက်ပြီး နောက်ပြန်ဆုတ်ခိုင်းရပါတယ်။ အရိုက်ခံရတာကို (ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ) နာကြပုံ မပြပါ။ နွားများကဲ့သို့ သနားဖွယ် ပြုသမျှ ခံနေရပါတယ်။ အကြောက်လွန်ပြီး စိတ်ပုံမှန်မဟုတ်တဲ့ စိတ်ကျရောဂါမျိုး အများစုမှာ စွဲကပ်ကုန်ပါပြီ။

    အများစုက ဘာစာကိုမျှ ရေးတတ် ဖတ်တတ် မရှိကြပါ။

    အလှူပေးပို့လိုက်တဲ့  သိန်းထောင်ဂဏန်းဟာ တစ်ဦးစီအတွက် ဆန် နို့ဆီဘူး ခြောက်လုံးစာ၊ တစ်ဦးကို ပိုက်ဆံ ထောင်ဂဏန်း နည်းနည်းလေးပဲ ရခဲ့တာပါ။ နိုင်ငံတကာ အကူအညီတွေ လက်ဝယ် မရကြသေးခင်အထိ သူတို့ ဘယ်လို နှစ်ပါးသွားကြရမယ် မသိပါ။

    ဒီလူတွေဟာ လက်ရှိမှာ ရခိုင်ပြည်နယ်တွင်းမှာ နဂိုကနဲ့ မတူတဲ့ အခြေအနေဆိုးတစ်ခုနဲ့ ပိတ်မိပြီး အသတ်မခံရဘဲ သေကြရမယ့် အခြေအနေမှာ ရှိနေတာပါ။ ဒီတော့ သူတို့တွေကို ကျွန်တော်တို့က သေနိုင်မှန်း သိသိကြီးနဲ့ လစ်လျူရှုကြရင် သူတို့ကို သွယ်ဝိုက် သတ်တဲ့ လူသတ်တရားခံထဲ ပါနိုင်ပါတယ်။

    အဓိက ကတော့ သူတို့အတွက် လတ်တလော အရေးပေါ် လိုအပ်ချက် ဖြစ်မယ့် စားရေးနဲ့ ကျန်းမာရေးအတွက် အမြန် ထပ်စီစဉ်ပေးကြရပါမယ်။

  • ရခိုင်အရေး အင်ဒိုနီးရှား အကူအညီ စတင်

    ရခိုင်အရေး အင်ဒိုနီးရှား အကူအညီ စတင်

    သြဂုတ်၊ ၂၅၊ ၂၀၁၂

    ဗွီအိုအေ ၊မြန်မာပိုင်း

    ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေမှာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အတွင်း ဒုက္ခရောက်နေကြသူတွေကို ကူညီဖို့အတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အကူအညီပေးရေး အဖွဲ့တခုကို ဒီကနေ့ မြန်မာနိုင်ငံကို စေလွှတ်လိုက်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ဒုက္ခ ရောက်နေသူတွေကို ပထမအဆင့် အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ က ဆိုပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက ပြောပြပါမယ်။

    ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခရောက်နေကြရတဲ့ ဒုက္ခသည်တွေအတွက် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့က အဖွဲ့ဝင် ၈ ဦးပါတဲ့ ပထမအသုတ် အကူအညီပေးရေး အဖွဲ့ဟာ တကိုယ်ရည် သန့်ရှင်းရေး အသုံးဆောင် ပစ္စည်းတွေ၊ စောင်နဲ့ အ၀တ်အထည်တွေ အပါအ၀င် ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဒီကနေ့ မနက်မှာပဲ ဂျကာတာမြို့တော် လေတပ်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ပထမအဆင့် အကူအညီတွေကို ပေးအပ် သွားမှာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး Budi Adiputro က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

    “အခု ပထမအဆင့် ဒီ သုံးလ အတွင်းမှာ ပဋိပက္ခထဲမှာပါတဲ့ ဘယ် ဘက်ကိုမှ ဘက်လိုက်ခြင်းမရှိတဲ့ ကြားဝင် ဆောင်ရွက်မှုတွေနဲ့ ကူညီသွားမှာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် အစားအစာနဲ့ အကူအညီတွေ လုံလုံလောက်လောက် ရဖို့အတွက် ကနဦးအဆင့် အကူအညီတွေ ပေးသွားမှာ ဖြစ်ပါတယ်။”  

    ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ဒီလထဲမှာပဲ သွားရောက် လေ့လာခဲ့ပြီးတဲ့နောက် ခုလို အကူအညီပေးရေး လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် အားစိုက် ကြိုးပမ်းခဲ့တဲ့အကြောင်းလည်း မစ္စတာ Budi Adiputro က ပြောပါတယ်။

    Indonesian Red Cross (PMI) chairman Jusuf Kalla checks humanitarian aid headed to Myanmar’s Rohingnya minority before leaving Halim Perdana Kusuma Airport in East Jakarta on Saturday.
    The Jakarta Post, Jakarta | World | Sun, August 26 2012

    “ကျနော်တို့ မြန်မာပြည်က ပြန်ရောက်လာကတည်းက ဒီကိစ္စကို အားစိုက် ကြိုးပမ်းနေခဲ့တာပါ။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျနော်တို့ရဲ့ လွတ်လပ်ရေးနေ့ နဲ့ အစ္စလာမ်တို့ရဲ့ အထွဋ်အမြတ် အစ်နေ့ကလည်း ဒီလထဲမှာ ကျရောက်တာပါ။ ဒီလို အလုပ်ရှုပ်နေတဲ့ကြားကပဲ ကျနော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးအနေနဲ့ ကုန်တင် လေယာဉ်တစီးနဲ့ အကူအညီတွေကို ရန်ကုန်မြို့ကို တိုက်ရိုက်ပို့ပေးခဲ့တာက သူတို့နဲ့ အတူတူ ပူးပေါင်းပြီး ကူညီပေးရေး လုပ်ငန်းတွေကို ကျနော်တို့ စတင် ဆောင်ရွက် သွားချင်တယ် ဆိုတာကို ပြသတဲ့ သဘောပါ။ ခုလို ပထမဆင့် အကူအညီတွေ ပေးပို့ခြင်းအားဖြင့် မြန်မာအစိုးရနဲ့တကွ နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးကပါ ဒီလို လုပ်ဆောင်တာဟာ စစ်မှန်တဲ့ ချဉ်းကပ်မှုလို့ ယူဆစေချင်ပါတယ်။ ဒီလိုပဲ အကူအညီပေးတဲ့ တခြား နိုင်ငံတွေလည်း ရှိပါတယ်။ ရခိုင်ဒေသတွင်း ဒုက္ခရောက်နေသူတွေအတွက် တူရကီနိုင်ငံကလည်း အကူအညီပစ္စည်းတွေ ပေးပို့ခဲ့တာပါ။”

    ရခိုင်ပြည်နယ်မှာ အကူအညီပေးရေး အစီအစဉ်တွေကို ဦးဆောင်လုပ်ကိုင်ဖို့ အတွက် အင်ဒိုနီးရှား ဒုတိယ သမ္မတဟောင်း၊ လက်ရှိ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အကြီးအကဲ ဖြစ်တဲ့ ဂျုဆက်ဖ် ကာလား (Jusuf Kella) ကိုလည်း အင်ဒိုနီးရှား သမ္မတက အထူး သံတမန်အဖြစ်နဲ့ ခန့်အပ်ထားပါတယ်။ မစ္စတာ ကာလားနဲ့ အဖွဲ့ဟာ ဒီလ သြဂုတ်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင် သွားလေ့လာခဲ့တာဖြစ်သလို အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ သာမကပဲ ရခိုင်တိုင်းရင်းသားတွေကိုလည်း အကူအညီပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လတွေကတည်းကစလို့ ဖြစ်ပွားလာခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ဒီလထဲမှာပဲ ဖွဲ့စည်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေအနေနဲ့ စုံစမ်းစစ်ရေး ကော်မရှင်ကို သတင်းအချက်အလက် ပေးပို့နိုင်ကြောင်းတဲ့ အကြောင်းလည်း ကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကျေးရွာတွေ အတော်များများ ပျက်စီးခဲ့သလို ခန့်မှန်းချေ လူ ၇ သောင်းလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။

  • စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး

    စစ်တွေတွင် အကြမ်းဘက် တိုက်ခိုက်ခံခဲ့ ရသော မွတ်စလင်မ်တို့နှင့် အင်တာဗျူး

    သြဂုတ်-၂၆-၂၀၁၂
    M-Media

    စစ်တွေတွင် အကြမ်းဘက်တိုက်ခိုက်ခြင်းခံခဲ့ရသော မွတ်စလင်မ်မိသားစု တစ်စု မှ အဖြစ်အပျက်များ ပြန်လည်ပြောပြစဉ်

    Interview With Rohingya အပိုင်း(၁)

    ဖြေ ။ (ယောက်ျား)    ကျောက်နီမော်မှာဖြစ်တဲ့ ကိစ္စနဲ့ဖြစ်တယ်လို့ပြောတယ် သူတို့က ငါတို့ရခိုင်တွေကို မင်းတို့မွတ်စ်လင်မ်တွေဒီလိုလုပ်တယ်ဆိုပြီးတော့ အဲဒီလိုခုတ်တာ။ ဒီနေရာမှာ ကျွန်တော်တို့မြို့ထဲမှာနေတာ ကျွန်တော်တို့ ဘိုးဘင်ဘောင်ဆက်ထဲက အဲဒီမှာမြို့ထဲမှာနေတာ။ အဲဒီမှာရခိုင်တွေမရှိဘူး မွတ်စ်လင်မ်နေရာတွေပဲ အဲဒီမှာ ရခိုင်တွေမရှိဘူး နောက်တော့မှရခိုင်တွေ နည်းနည်းပြန်ဝင်လာကြတာ။ မွတ်စ်လင်မ်တွေကျတော့ တစ်ခြားဒီမှာ လူနှိမ်မှု၊ ဖိနှိပ်မှုတွေရှိတော့ ကျွန်တော်တို့ မွတ်စ်လင်မ်တွေက ရန်ကုန်ကိုသွားကြ နိုင်ငံခြားကိုသွားကြသလိုပဲ သွားကြတယ်။ ကျွန်တော်တို့ရွာနာမည်က မွတ်စ်လင်မ်လိုခေါ်ရင် ရိုဟင်ဂျာပါရာလို့ခေါ်တယ်။ ဒီလို ရွာလုံးကျွတ်ခေါ်ရင်တော့ ဈေးဟောင်းမောလိပ်လို့ခေါ်တယ်။ အဲဒီမှာကျွန်တော်တို့ ရပ်ကွက်ဖြစ်လာတော့ ကျောက်တလင်းရပ်ကွက်ရယ် ရူပတောင် ရပ်ကွက်ရယ် မောလိပ်ရပ်ကွက်ရယ်ဆိုပြီးတော့ အပိုင်းသုံးပိုင်း ပိုင်းသွားတယ်။ အဲဒီမှာ အဲဒီလိုအိမ်ခြေ ၁၂၀ လောက်ရှိတဲ့နေရာ အဲဒီလိုဖိနှိပ်မှုတွေရှိလာတော့ လူတွေကမနေတော့ဘူး။

    တစ်ဖြည်းဖြည်း တစ်ဖြည်းဖြည်း ရခိုင်တွေကိုပဲရောင်းပြီးတော့ စိတ်ချရတဲ့နေရာ၊ လုံခြုံမှုရှိတဲ့နေရာကိုပြောင်းသွားကြတယ်။ ခဏခဏဒီလိုပဲ သူတို့ပြဿနာဖြစ်လိုလာလို့ရှိရင် အဲဒီမှာပဲကျွန်တော်တို့ကို လူနည်းစု ဖိနှိပ်မှုတွေအများကြီးလုပ်တယ်။ တစ်ခြားကျွန်တော်တို့အခုဖြစ်နေတဲ့အချိန်မှာ ရဲစခန်းကိုကျွန်တော်တို့ အခေါက်တစ်ရာလောက်ဖုန်းဆက်တယ်။ အဲဒီမှာ ဘယ်သူနဲ့ဖြစ်လဲ၊ ဘယ်သူတွေတက်လာတာလဲ၊ ဘယ်သူတွေလုပ်လဲ၊ ရခိုင်တွေလား? မွတ်စ်လင်မ်တွေလား? အဲဒီလိုမေးတယ်။ မေးတော့ ရခိုင်တွေတက်လာတာ။ အဲဒီလိုဆိုအရေးမကြီးဘူးဆိုပြီး ဖုန်းချလိုက်တယ်။ အဲဒါက အများကြီးပဲ အဲဒီလိုပြောတာ။

    (မိန်းမ)   ဒီလိုလုပ်တာ ကျွန်မတို့ကို အကြိမ် ၄ ကြိမ်ရှိပြီ။
    (ယောက်ျား)  အများကြီးပဲလုပ်တာ။
    (မိန်းမ)    ၈၅ရယ်၊ ၂၀၀၀ရယ်၊ နောက်ပြီး ၂၀၀၄ရယ်၊ အခု၂၀၁၂ ဒီ ၂၀၁၂ကတော့ ပိုပြီးထူးခြားသွားတာ။ အရင်တုန်းကလုပ်တာလိုမျိုးထင်ပြီးတော့ အိမ်ပေါ်ကနေကျွန်မတို့ လုံးဝမဆင်းခဲ့ရဘူး။ အရင်လိုမဟုတ်ဘူးလို့ ကျွန်မတို့နေခဲ့တာ။ အရင်ထက်ထူးဆန်းရင် ဒီလိုမျိုးဖြစ်လာမယ်ဆိုလို့ရှိရင် ကျွန်မတို့ကြိုတင်ပြီးတော့ ရွှေ့ပြောင်းလာမှာပါ။ အဲတော့လာလို့မရလိုက်ဘူးလေ ကျွန်မတို့ ဒီတိုင်းပဲ အိမ်ပေါ်မှာပဲ ကျွန်မတို့နေခဲ့ရတာ။ ဘယ်လိုလုပ်နေခဲ့ရလဲဆိုတော့ ကျွန်မတို့နေတဲ့နေရာမှာ ဗလီကရှိနေတယ်ဆိုတော့ ဗလီကိုထားပြီးတော့ ကျွန်မတို့ကျောခိုင်းပြီးတော့ ဘယ်နေရာမှမထွက်ချင်ဘူးဆိုပြီးတော့ ဗလီပေါ်မှာပဲနေခဲ့တာ။ အခုကျွန်မတို့ ဒီလိုအိမ်တွေပျက်ဆီးသွားတယ်။ နောက်ပြီးတော့ အိုးအိမ်တွေပျက်ဆီးတယ်။ ပစ္စည်းဥစ္စာတွေဒီလောက်ဆုံးရှုံးတာ ကျွန်တို့ အဲဒီလောက်မနှမြောဘူး။ ကျွန်မလုံးဝ နှမြောတာက ကုရ်အာန်စာအုပ်တွေနဲ့ ဗလီတစ်လုံးကိုပဲ အဲတာကိုအရမ်းသတိလည်းရတယ်။ စိတ်လည်းမကောင်းဘူး။ ဒီလိုကုရ်အာန်စာအုပ် အိမ်ပေါင်းမြောက်များစွာမှာရှိတဲ့ ဗလီမှာရှိတဲ့စာအုပ်တွေကို သူတို့ဘယ်လိုလုပ်တာလဲဆိုတာ မသိဘူး  အရမ်းကိုဝမ်းနည်းမိတယ်။

    မေး ။     ။ အခုလက်ရှိပေါ့ ဒဏ်ရာရတယ်လို့ကျွန်တော်ကြားရတယ်။

    ဖြေ ။     ။ (မိန်းမ)  ဒဏ်ရာရတာကတော့ ကျွန်မတို့မိသားစုထဲမှာ အကုန်လုံး ၅ ယောက်ပါ။ ကလေး ၃ ယောက်ကတော့ သဲချောင်းမှာနေတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ဟိုဘက်ကလေးခေါ်သွားတယ်။ သူ့ကိုခေါ်လို့မရဘူး။ သူက ဟိုဘက်မှာကျန်ခဲ့တယ်။
    (ယောက်ျား) ဒီမှာ ဦးခေါင်းခွံကိုထုပြီးတော့ ဒီမှာပါ တြိဂံပုံ။ ကျွန်တော်ကသတိရှိတယ်။ ဖြစ်တာက တစ်ခြားလူတွေမဟုတ်ဘူး အနီးနားကလူတွေပဲ ကိုယ်နဲ့ရင်းနှီးတဲ့လူတွေက ဘာမှမလုပ်ဘူး နည်းနည်းမသိတဲ့လူတွေကလာပြီးတော့ရိုက်တယ်။ မင်းတို့မွတ်စ်လင်မ်တွေ ငါတို့မောင်းတောမှာ မီးရှို့လိုက်တယ်။ ငါတို့ရခိုင်တွေကို သတ်တယ်ဆိုပြီးတော့ ရခိုင်တွေကိုရိုက်တယ်ဆိုပြီးတော့ အဲဒီလိုလုပ်တာ။နောက်ကျွန်တော်တို့ ၁၁ နာရီ တနင်္ဂနွေနေ့ လဆန်း (၁၀)ရက်နေ့ ၆လပိုင်း ၁၀ ရက်နေ့ ၁၁ နာရီကျော်ကျော်လောက်မှာ ဗလီကိုခဲတွေနဲ့ပေါက်တယ်။ တစ်အားပေါက်တာပဲ လူတွေအများကြီး အဲဒီမှာ (ရ ဝ တ )နဲ့ စိန်ဗွီဒီယိုမှာလုပ်တဲ့ ကောင်လေးတွေပါတယ်။ သူ့နာမည်က ဘယ်လိုလဲ ဆိုတော့ စိုးဝင်းကျော် စိုးဝင်းကျော်နဲ့ အဖွဲ့ နောက်ပြီးတော့ အဲဒီက ကျောက်တလင်းရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဦးလှဝေကဘယ်လိုပြောလဲဆိုတော့ “ဝေ့ မီးမရှို့နဲ့ မီးမရှို့နဲ့ လူကိုအသေမရိုက်နဲ့”
    (မိန်းမ)  မီးမရှို့နဲ့ဆိုတာ သူတို့အိမ်နဲ့ ကျွန်မတို့အိမ်က ကပ်လျက်ဖြစ်နေတယ်။ အဲဒါကြောင့် ကြောက်ပြီးတော့ မီးမရှို့နဲ့လို့ တားနေတာ။ ကျန်တဲ့ဟာတော့မဟုတ်ဘူး။
    (ယောက်ျား)     အရင်ဆို ကျွန်တော်တို့ ဈေးဟောင်းမောလိပ်ရပ်ကွက်မှာ အိမ်ခြေ (၁၂၀) လောက်ရှိတယ်။ ရောင်းရောင်းပြီးတော့ အခု (၃၆) အိမ်ပဲရှိတယ်။
    (မိန်းမ)    နောက်ပြီးတော့ ကျွန်မနားနဲ့ကြားတာ ၁၀နာရီခွဲလောက်မှာ ကျွန်မတို့အုပ်ချုပ်ရေးမှူး ဦးလှဝေနဲ့ နောက်ပြီးတော့ စီးပွားရေးပိုင်ရှင် သူတို့ ပြောတာ အဲဒီစီးပွားရေးပိုင်ရှင်က ကိုယ့်ဘက်ကလာတဲ့လူတွေကိုယ်ထိန်း သူ့ဘက်ကလာတဲ့လူတွေကိုလည်း ထိန်းပေးပါလို့ပြောတယ်။ အဲဒါတောင်မှ အုပ်ချုပ်ရေးမှူးက နာမခံဘူး။ လက်မခံဘူး။ လာတဲ့အချိန်မှာသူက လုံးဝအဲဒီနားမှာမရှိပဲပျောက်သွားတယ်။ အိမ်မှာပဲသွားပုန်းနေတယ်။ သွားပုန်းနေတော့ ကျွန်မတို့ဒီလောက်လုပ်တာ သူဘာတစ်ခုမှဝင်မပြောဘူး။ နောက်ပြီးတော့ ကျွန်မတို့က
    အဲဒီခဲနဲ့ပေါက်တဲ့အချိန်မှာ ကျွန်မတို့အိမ်နောက်ဖေးအိမ်လေးမှာ အခန်းထဲမှာအကုန်လုံးအောင်းနေပြီး ပုန်းနေကြတယ်။ ပုန်းနေတဲ့ အချိန်မှာ ကျွန်မတို့အခန်းကို ဟိုကနေ ဓားနဲ့ထိုး ဒီကနေဓားနဲ့ထိုး ကျွန်မတို့အလယ်တည့်တည့်မှာပဲ အကုန်လုံးစုပြီးနေလိုက်တယ်။ နောက်အဲဒီအခန်းကနေပြီးတော့ နမာဇ်ဖတ်တဲ့အခန်းကနေ ဒီဘက်အခန်းကို ပြတင်းပေါက်ကိုဖောက်တယ်။ ဖောက်တော့ ပြတင်းပေါက်နှစ်ဖက်က တစ်ဖက်ပွင့်သွားတော့ မျက်နှာကိုလုံးဝမပြခဲ့ဘူး။ နောက်ဘက်တစ်အိမ်ကို ကူးသွားတယ်။ ကူးပြီးတော့ ကျွန်မမျက်နှာကိုမြင်တော့ သူကဘာပြောလဲဆိုတော့ “အရီး အရီးတဲ့ ကျွန်တော်မပါဘူးတဲ့ ကျွန်တော့် အပေါင်းအဖော်သူငယ်ချင်းတွေခေါ်လာလို့ ကျွန်တော်ပါလာတာပါတဲ့ ကျွန်တော် ဘာတစ်ခုမှမလုပ်ဘူးဆိုပြီး ကျွန်မတို့ ဒီဘက်အိမ်က ပြတင်းပေါက်ကနေမြင့်တဲ့ အုတ်တံတိုင်းကနေ ကျွန်မတို့ ခုန်ဆင်းပြီးတော့ ကျွန်မတို့အဲဒီနားမှာ စုလိုက်သေးတယ်။
    (ယောက်ျား)    အဲဒီလိုပြောတာက စိုးဝင်းကျော်ပါ။
    (မိန်းမ)        စုပြီးတော့ ကျွန်မတို့ကလေးတွေကို အကုန်လုံးကြိုးနဲ့ချည်တယ်။ ဘာတစ်ခုမှမလုပ်ဘူး ဘာတစ်ခုမှမလုပ်ဘူးဆိုပြီးတော့။ နောက်ပြီးတော့ ကျွန်မအိမ်ရှင်ကိုမေးတယ်။ ဘယ်မှာလဲတဲ့ ခေါ်လိုက်ပါဦးတဲ့ မခေါ်ပဲနေလိုက်မယ်ဆိုရင် ကျွန်တော်တို့ပြန်ဝင်လာတဲ့ အခါတွေ့လို့ရှိရင် အသက်နဲ့ထပ်မှာမဟုတ်ဘူးဆိုပြီးတော့ အဲဒီလိုပဲနောက်ရှာပြီးတော့ ကျွန်မခေါ်လာတယ်။
    (ယောက်ျား)    ကျွန်တော်နဲ့ အတူပုန်းနေတဲ့ မိန်းမနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ကိုထားပြီးတော့ ကျွန်တော်သွားလိုက်မယ်ဆို ပြီးသွားတော့ ထွက်တာနဲ့ကျွန်တော့်ကို သံတုတ်နဲ့ သံပိုက်လုံးနဲ့ ကျွန်တော့်ကိုရိုက်တာ။ လက်ကျိုးသွားတယ်။ လက်ကဆန့်လို့မရဘူး အခု ကွေးထားတော့လေ တစ်ခါတစ်လေကျရင်ကျွန်တော်က ခေါင်းကလည်းမူးနေသလိုဖြစ်တယ်။ ကျွန်တော်တို့ဖြစ်စဉ်က ဒီလိုပါ။ ကျွန်တော်တို့ကို ၁၂ နာရီလောက်မှာ ဝိုင်းပြီးတော့အဲဒီလို လုပ်တယ်။ လုပ်တော့ ကျွန်တော်တို့အကုန်လုံးကို အဲဒီလိုဖမ်းပြီးတော့ အပြင်ကို ထွက်ပြီးတော့ ရိုက်တဲ့လူရိုက်တယ်။ အထဲမှာပုန်းနေတဲ့လူက ပုန်းနေတယ်။ အဲတော့ ကျွန်တော်တို့ကအပြင်ကိုထွက်လာတော့ ရိုက်တယ် ရိုက်ပြီးတော့ အကုန်လုံးခေါင်းကိုရိုက်တယ်။ ရိုက်ပြီးတော့ အကုန်လုံးခေါ်လာပြီးတော့ ကြိုးနဲ့တုတ်တယ်။ ချောင်းနားမှာ ကျွန်တော်တို့ကိုခေါ်သွားတယ်။

    Interview With Rohingya အပိုင်း(၂)

    (ယောက်ျား)        အဲဒီလို ကျွန်တော်တို့အကုန်လုံး (ရ ဝ တ )ရုံးခေါ်ရမယ်ဆိုပြီးမင်းတို့ကိုဒီဘက်မှာခေါ်သွားမယ်ဆိုပြီ့းအဲဒီမှာကတစ်ခြားဗုဒ္ဓဘာသာအုပ်စုရခိုင်အုပ်စုတွေများတယ်။ အဲဒီတော့ ကျွန်တော်တို့သွားပြီး ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ဆုံးပြီ။ ကျွန်တော်တို့ ကလေမာဟ်တွေဘာတွေ ဖတ်နေတယ်။ သမီးတွေဘာတွေ ကျွန်တော့်မိသားစု အကုန်လုံးအဲဒီမှာပါတယ်။ ဒီ စိုးမိုကျော်နဲ့ စိုးမင်းကျော် ၂ယောက်ပဲ မပါဘူး။ ကျွန်တော့်သား စိုးဟိန်းကျော်ဆိုလည်း ခေါင်းကိုသံတုတ်နဲ့ ရိုက်တာ ခေါင်းကလှုပ်လို့မရဘူး။  ဆေးဝါးကုသမှုကလည်း ဘာမှမရဘူး။ အကြီးစားခွဲစိတ်ကုသမှုတွေ ကျွန်တော်တို့ကံကောင်းတာက ကျွန်တော်တို့ကို အဲဒီလိုခေါ်သွားတော့ ချောင်းနားမှာ ကျွန်တော်တို့ကိုထိုင်ခိုင်းတယ်။ ထိုင်ခိုင်းပြီးတော့ ကားနဲ့လာတဲ့လူတွေက ကျွန်တော်တို့ကို ” ဟေး ဒီလူတွေကို ဘာလုပ်ဖို့ထားတာလဲ ရှင်းလိုက်တော့တဲ့ မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်က အဲဒီမှာ မင်းတို့မောင်းတောမှာ ငါတို့ရခိုင်တွေကို အကုန်လုံးရှင်းလိုက်တယ်ပေါ့။” ကျွန်တော့်ဆိုင်မှာ အမြဲလက်ဖက်ရည်သောက်နေတဲ့ ရခိုင်လေးတစ်ယောက်က အဲဒီလိုမလုပ်ပါနဲ့ ဒီလောက်လူအုပ်စုကြီးကို ဘယ်လိုရိုက်မလဲ အဲဒီလိုဆိုပြီးတော့ ကျွန်တော်တို့ကို ရဲစခန်းကိုပို့ပေးပါတယ်။ ဒါဖြစ်စဉ်အမှန်ပဲ။

    (ယောက်ျား)   ရဲစခန်းမှာ လမ်းမှာသွားတော့

    (မိန်းမ)     ကျွန်မကိုရိုက်တယ်။ လူကြီးပိုင်းပဲ အသက် ၅၀ကျော်ပြီ အရပ်ပုပုလေးသူကကျွန်မကိုရိုက်တဲ့အချိန် သားလေးကိုဖက်ထားတယ်။ သားက အရပ်ရှည်တော့သူ့ကို ဘာမှလုပ်လို့မရဘူး။ ကျွန်မကိုသူက သံပြားပြားလေးနဲ့ ဟေးတဲ့နင်တို့တဲ့ ငါတို့ရခိုင်တွေကိုတဲ့ မောင်းတောမှာတဲ့ ငါတို့ရခိုင်တွေကိုကုလားတွေရိုက်တယ်တဲ့။ အဲဒါကြောင့်နင်တို့ကို ငါတို့ရိုက်တယ်ဆိုပြီး ကျွန်မကို တစ်ချက်ခုတ်လိုက်တာ နဖူးမှာ သွေးတွေအကုန်လုံးစီးလာတယ်။

    (ယောက်ျား)    အဲဒီနောက်ကျွန်တော်တို့ အဲဒီကလမ်းလျှောက်ပြီးတော့ ကြောက်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်တွေအုပ်စုတွေ များနေတော့ ဒါပေမယ့် အကုန်လုံးသိကြတဲ့ လူတွေပဲ ကျွန်တော်တို့ရှိတဲ့ အချိန်မှာတောင်မရှိဘူးအဲဒီလူတွေ နောက်မှရောက်လာတာကြတာပဲ။ အဲဒီလူတွေတောင်မှ ကျွန်တော်တို့ကိုတော့ဘာမှမလုပ်ဘူး။ တရုတ်တွေရှိတယ်။ အဓိကလူမျိုးခြားတွေရှိလို့ ကျွန်တော်တို့ကိုအဲဒီလိုမလုပ်ဘူးလို့ထင်တယ်။ အဲဒီကနေပတ်ပြီးတော့ ကျွန်တော်တို့ ရဲစခန်းကိုရောက်တယ်။ရဲစခန်းမှာ ဘာဖြစ်လဲဆိုတော့ အဲဒီက အရာရှိတစ်ယောက်က ခင်ဗျားတို့ ဒီလိုဖြစ်မှာကိုမသိဘူးလားတဲ့ ရှောင်ပုန်းမနေဘူးလားတဲ့။ ကျွန်တော်တို့ဘယ်လိုသိမလဲ ကျွန်တော်တို့ ဒီလိုတစ်ခါမှမဖြစ်ဘူး။ အဲဒီလိုပြောတော့ စခန်းမှူးက ကျွန်တော်တို့နှစ်ယောက်ကို ဓာတ်ပုံရိုက်တယ်။ နောက်ပြီးတော့ ဓာတ်ပုံရိုက်ပြီးတော့ ကျွန်တော်တို့ အနာရတဲ့လူတွေကို ဆေးရုံပို့တယ်။ ဆေးရုံပို့တော့ ကျွန်တော်တို့ကိုထောင်ကားနဲ့ပို့တယ်။ ထောင်ကားနဲ့ပို့ပြီးတော့ ဟိုမှာရောက်တော့ သေသေချာချာလုပ်ပေးပါတယ်။ ကျွန်တော်တို့ကိုခေါ်သွားတယ် ခေါ်သွားပြီးတော့ အဲဒီမှာ အဆောင်မှာမျက်စိဆေးကုဆောင်မှာ ကျွန်တော်တို့ကိုထားပါတယ်။ ထားတော့ ဒီလိုပဲ စိုနေတာပဲ အကုန်လုံးအဲဒီမှာ အဲဒီလိုပဲချပြီးတော့ အဲဒီလိုပဲဆေးကုတာပါ။ နောက်ဘာမှထွေထွေ ထူးထူးမရှိပါဘူး။ ဆရာဝန်ကတော့ ဒေါက်တာ သိန်းထက်အောင် (ခွဲစိတ်ပါရကူ) သူကတော့ ခင်ဗျားတို့ဘယ်သူမှ သူ့ကိုမချုပ်နဲ့ဆိုပြီးတော့ သူကကျွန်တော့်ကိုချုပ်ပေးပါတယ်။ ပြီးတော့ အဲဒီမှာ ရခိုင်အမျိုးသား ဦးနေဝင်းက အဲဒီမှာ ဆရာဝန်နဲ့နေတဲ့ကောင်လေးက သူကထမင်းတွေဘာတွေ သုံးလေးရက်မှာ ထမင်းနည်းနည်း ထမင်းနဲ့ လက်ဖက်ရည်သုံးခွက်လောက်ဝေပေးပါတယ်။ ကျွန်တော်တို့ သုံးရက်နေတဲ့အချိန်မှာ။ ဖြစ်တာက တနင်္ဂနွေနေ့ အဲဒီမှာ ကျွန်တော်တို့ အင်္ဂါနေ့ ညနေ ၆ နာရီကျော်မှာ ကျွန်တော်တို့ သေးချောင်းမှာလာပို့ပါတယ်။ ချုပ်ရိုးကတော့မဖြည်ရသေးဘူး။

    (မိန်းမ)     လုံခြုံရေးပါတော့ပါတယ်။ ကျန်တာ ကျွန်တို့ဘက်ကနေ ဘယ်သူမှမပါဘူး။ ကားထဲမှာပဲ ကားမောင်းတဲ့လူ တစ်ယောက်တည်းပါတယ်။ စစ်တပ်ကပါ။ ကျန်တာမပါဘူး။ ဒီတိုင်းပဲ ကျွန်မတို့ကို ချခဲ့တာ။

    မေး   ။     ။ ဘယ်နားမှာ ချပေးခဲ့တာလဲ?
    ဖြေ (မိန်းမ)    ကျွန်မတို့ကို သေးချောင်းတံတား မကျော်ခင်လေးမှာ

    မေး။      ။ ဒါဆိုအဝေကြီးပဲပေါ့။ အဲဒါဘာလဲ လမ်းလျှောက်လာခဲ့ရတာလား?
    ဖြေ (မိန်းမ)  ဆွေမျိုးတွေဆီကို လမ်းလျှောက်လာတာ။ ပထမတော့ ကားနဲ့လာပြီးမှ နောက်တော့ လမ်းလျှောက်လာတာလေ။
    (ယောက်ျား)       အဲဒီမှာ ကျွန်တော်တို့ဆေးကုသပေးပါတယ်။ အဲဒီမှာ ဆန်နီဆိုတဲ့ လူပျိုလေးတစ်ယောက်ကျန်ခဲ့ပါတယ်။ အသက်လေးဆယ်ကျော်လောက်ရှိမယ်။
    (မိန်းမ)   အသက် ၅၀ ပါ။ ၅၂ လောက်ရှိမယ်။
    (ယောက်ျား)   နောက်ပြီးမှကျွန်တော်တို့က လုံးဝသတိမရဖြစ်နေတဲ့အချိန်မှာ သူကညနေမှဝင်လာတာ။

    မေး။       ။ ဘယ်ရွာ ဘယ်ရွာ ဘိုင်တို့က ဘယ်ရွာ ဘယ်ရွာက
    ဖြေ (မိန်းမ)    ကျောက်တလင်းရပ်ကွက်ကပါ။
    မေး။     ။ သြော် ကျောက်တလင်းကလား?
    (ယောက်ျား)  အင်း
    (မိန်းမ)    သူကညနေဘက်မှ ဝင်လာတာ။

    မေး။         ။ ဩော် ဟိုအမွှာပူးကလေးဆုံးသွားတယ်ဆိုတဲ့ နေရာ အဲဒီနေရာလား?
    (ယောက်ျား)   ဟုတ်တယ်။  သူ သူ့မောင်။
    (မိန်းမ)       ကျွန်မ မောင်လေး အရင်းပါ။

    (ယောက်ျား)    ခင်အောင်မြင့် (ခေါ်) နူရ်ဟမ် သူက ၄၂ နှစ်လောက်ရှိမယ်။ ကလေးလေးတစ်ယောက်နဲ့

    မေး။     ။  အင်း….
    (ယောက်ျား)    လူတစ်ယောက်စ တွေ့တာနဲ့
    (မိန်းမ)    တစ်ယောက်ချင်းတွေ့တာနဲ့ အပြီးပဲအဲဒါ လုံးဝအသက်တောင်မထားဘူး။
    (မိန်းမ)    အဲဒီလိုမျိုးအဲဒီနေရာမှာ ပြဿနာဖြစ်တဲ့အချိန်မှာ ချက်ချင်းပဲဆုံးသွားတာ ၃ ယောက် ကျွန်မမောင်လေး တစ်ယောက် အမရဲ့ သားမက်တစ်ယောက် နောက်ပြီးတော့ ကျွန်မတို့မှာ အကိုဝမ်းကွဲတော်မယ့်တစ်ယောက် မောလိပ်ရပ်ကွက်၊ ကျောက်တလင်း ရပ်ကွက် အဲမှာ ၆ လပိုင်း ၁၀ ရက်မှာ ၃ ယောက်ချက်ချင်း ဆုံးတာပါ။ နောက်ကျန်တဲ့နှစ်ယောက်ကကျတော့ ဆန်နီကကျတော့ ဆေးရုံပေါ်မှာဆုံးတယ်။ နောက်တစ်ယောက်ကျတော့ ကျော်စင်ထူး သူက ၁၂ ရက်နေ့က ဆေးရုံက ကျွန်မနဲ့အတူတူဆင်းလာပြီးတော့ ဒီမှာပဲ ၁၈ ရက်နေ့ကဆုံးတာပဲ။ အကုန်လုံး ရွာဆိုရင် စုစုပေါင်း ၅ ယောက်။

    မေး ။      ။ ကျွန်တော်မေးစရာလေး တစ်ခုရှိတာပေါ့နော်။
    ဖြေ (မိန်းမ)    ရပါတယ်။

    မေး။          ။ ဇာတ်လမ်းကတော့ ဖြစ်တဲ့ပြဿနာသိသွားပြီပေါ့နော်။ တကယ်လို့များပေါ့ အခုအခြေအနေနည်းနည်းလေးပြန်ပြီးအေးချမ်းတည်ငြိမ်လို့ရှိရင် ဒီကျောက်တလင်းရပ်ကွက်မှာ အရင်နေခဲ့တဲ့နေရာမှာ ပြန်ပြီးနေချင် တဲ့စိတ်ရှိလား.?
    ဖြေ (ယောက်ျား)      ကိုယ့်နေရာကိုယ်နေရမှာပေါ့။ ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ.? ကျွန်တော်တို့ မွေးဖွားရာဒေသပဲ။ ကျွန်တော်တို့ အခွင့်အရေးရှိတယ်လေ။ လူ့အခွင့်ရေးရှိတယ်လေ ကျွန်တော်တို့မှာ ဗမာပြည်မှာ လူ့အခွင့်ရေးမရှိဘူးဆိုရင်  ကျွန်တော်တို့နေလို့မရဘူးပေါ့။ ဒါပဲရှိတယ်။ ကျွန်တော့်အဖေမှာလည်း မှတ်ပုံတင်ရှိတယ်။ ကျွန်တော့်အမေမှာလည်း မှတ်ပုံတင်ရှိတယ်။ အမျိုးသားမှတ်ပုံတင်ရှိတယ်။ ဒါသူတို့က အလိုလိနှိမ်ချတာ မွတ်စ်လင်မ်ဖြစ်လို့ ဒါပဲရှိတယ်။ နောက်ဘာမှမရှိဘူး။ ကျွန်တော်တို့နေတဲ့ နေရာမှာရခိုင်တွေမရှိဘူး အရင်တုန်းက
    (မိန်းမ)    ဘာမှမဆိုင်တဲ့ ပြဿာနဲ့ အသက်ဆုံးရှုံးရတာ။

    မေး။      ။ အခြေနေအေးချမ်းတည်ငြိမ်ပြီဆိုရင်တော့ မိမိနေရာမှာ မိမိပြန်နေချင်တဲ့ ဆန္ဒရှိလား?
    ဖြေ (ယောက်ျား)    ရှိတာပေါ့။
    (မိန်းမ)    ရှိတယ်။

    မေး။          ။ အင်း ကျေးဇူးအများကြီးတင်ပါတယ်။