News @ M-Media

Category: သိပ္ပံနှင့်နည်းပညာ

  • ဒရုန်းများကို ဟန့်တားရန် အင်္ဂလန်ရဲတပ်ဖွဲ့ သိမ်းငှက်များ အသုံးပြုမည်

    ဒရုန်းများကို ဟန့်တားရန် အင်္ဂလန်ရဲတပ်ဖွဲ့ သိမ်းငှက်များ အသုံးပြုမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    egale

    – မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေကို အသုံးပြုပြီး ရာဇ၀တ်မှုတွေ ကျူးလွန်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေတဲ့အချိန် အင်္ဂလန်ရဲတပ်ဖွဲ့ကတော့ ဒရုန်းတွေကို ဟန့်တားဖို့အတွက် သိမ်းငှက်ကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

    လက်ရှိအချိန်မှာ ဒီနည်းစနစ်ကို နယ်သာလန်နိုင်ငံမှာ စမ်းသပ်အသုံးပြုနေတာဖြစ်ပြီး အင်္ဂလန်ရဲတပ်ဖွဲ့က စိတ်ဝင်စား နေတာဖြစ်ပါတယ်။

    “အမြဲတမ်းပြောင်းလဲနေတဲ့ အဖွဲ့အစည်းတစ်ခုကို မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော်တို့ဟာ အယူအဆအသစ်တွေအားလုံးကို စိတ်ဝင်တစားရှိနေပြီး ဒက်ခ်ျရဲတပ်ဖွဲ့ရဲ့ သိမ်းငှက်အသုံးပြုမှုကိုလည်း စောင့်ကြည့်နေပါတယ်” လို့ အင်္ဂလန်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    IS အဖွဲ့အပါအ၀င် အခြား အကြမ်းဖက်ဂိုဏ်းတွေဟာ ဗြိတိန်နိုင်ငံထဲမှာ ဒရုန်းတွေအသုံးပြုပြီး အကြမ်းဖက်မှုတွေ ပြုလုပ်လာဖွယ်ရှိတယ်လို့ ယူကေသတင်းစာတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာအစောပိုင်းလောက်က ရေးသားဖော်ပြခဲ့ပါတယ်။

    “အကြမ်းဖက်သမားတွေဟာ ပေါင် ၁၀၀ သာသာလောက်ပဲ ကျသင့်တဲ့ လူလိုက်ပါစရာမလိုတဲ့ စက်ကိရိယာတွေ အသုံးပြုပြီး လူစုလူဝေးကြားတွေထဲမှာ ပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေ ချပစ်ဖို့ လုပ်နေပါတယ်” လို့ ဗြိတိန်နာမည်ကြီး ထောက်လှမ်းရေးဖြစ်တဲ့ MI5 က ပြောကြားခဲ့ပါတယ်။

    တရားရေးဝန်ကြီးဌာနကတော့ အင်္ဂလန်နဲ့ ဝေးလ်စ်အကျဉ်းထောင်တွေမှာ ၂၀၁၅ ရဲ့ ပထမငါးလအတွင်း အကျဉ်းထောင်ထဲ ဒရုန်းဝင်ရောက်ပျံသန်းမှု ၉ ခုလောက် တွေ့ရတယ်လို့ ဆိုပါတယ်။ ဒရုန်းအသုံးပြုပြီး ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ မူးယစ်ဆေးကုန်သွယ်မှုတွေကို ဖမ်းဆီးရာမှာ သိမ်းငှက်နဲ့ လင်းယုန်ငှက်များ အသုံးပြုနိုင်မယ့် အလားအလာ ရှိနေပါတယ်။

    နယ်သာလန်အခြေစိုက် Guard From Above ကုမ္ပဏီဟာ အန္တရာယ်ရှိတဲ့ ဒရုန်းတွေကို ငှက်တွေအသုံးပြုပြီး လို
    က်လံတားဆီးမယ့် အစီအစဉ်ကို ပထမဆုံးဆောင်ရွက်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
    Ref; Presstv

  • Facebook နှင့် Instagram တို့က လက်နက်ဆိုင်ရာ ကိစ္စများအား ပိတ်ပင်

    Facebook နှင့် Instagram တို့က လက်နက်ဆိုင်ရာ ကိစ္စများအား ပိတ်ပင်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    face

    – လက်နက်တွေ၊ သေနတ်အစိတ်အပိုင်းတွေနဲ့ ကျည်ဆံတွေ အရောင်းအ၀ယ်ပြုလုပ်မှုနဲ့ ပတ်သက်တဲ့ စီစဉ်မှုတွေကို ပြုလုပ်ခွင့်ပေးမှာမဟုတ်တော့ဘူးလို့ Facebook နဲ့ သူ့ရဲ့ တွဲဖက်ဝန်ဆောင်မှုဖြစ်တဲ့ Instagram တို့က ကြေငြာလိုက်ပါတယ်။

    “လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ လူတွေဟာ Facebook အသုံးပြုပြီး တစ်ယောက်နဲ့တစ်ယောက် ပစ္စည်းအရောင်းအ၀ယ်ပြုလုပ်ဖို့ ဆောင်ရွက်လာကြပါတယ်။ ဒါနဲ့ပတ်သက်လို့ လူတွေ အသုံးပြုရ ပိုကောင်းလာအောင် ကျွန်တော်တို့ဟာ ထုတ်ကုန်အသစ်တွေကို တီထွင်၊ စမ်းသပ်၊ ဖြန့်ဖြူးနေပြီး၊ ကုန်ပစ္စည်းဆိုင်ရာ မူဝါဒတွေကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်” လို့ Facebook ရဲ့ ကမ္ဘာ့မူဝါဒရေးရာ စီမံခန့်ခွဲမှုဥက္ကဌက မိုနီကာ ဘစ်ကာ့တ်က သောကြာနေ့မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

    Facebook ဟ ၂၀၁၄ မတ်လကတည်းက သေနတ်နဲ့ဆက်စပ်နေတဲ့ ကိစ္စတွေအတွက် အရေးယူမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး အရွယ်မရောက်သေးသူတွေပါဝင်တဲ့ သေနတ်ရောင်းချမှုပို့စ်တွေကို ဖယ်ရှားတာ၊ ပြည်နယ်နဲ့ ဖက်ဒရယ် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့တိုက်တွန်းတဲ့ Page ထားရှိဖို့ လိုအပ်ချက်တွေသတ်မှတ်တာ စတာတွေ ပါဝင်ပါတယ်။ ဆေးခြောက်၊ ဆေးပစ္စည်းနဲ့ မူးယစ်ဆေးရောင်းချဖို့ စီစဉ်မှုကိုလည်း Facebook က ပိတ်ထားခဲ့ပါတယ်။

    ဒါပေမယ့် လိုင်စင်နဲ့ လုပ်ကိုင်သူများကိုတော့ ခြွင်းချက်ပေးထားပြီး ၎င်းတို့အနေနဲ့ အွန်လိုင်းပေါ်က ရောင်းဝယ်ခွင့်မရှိပေမယ့် လုပ်ငန်းကြော်ငြာတာမျိုးတော့ ပြုလုပ်နိုင်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အစီအစဉ်အသစ်မှာတော့ လက်နက်ရောင်းချမှုနဲ့ဆိုက်တဲ့ ကိစ္စရပ်အားလုံး အကျုံးဝင်မှာဖြစ်ပါတယ်။

    အချို့အသုံးပြုသူတွေက သုံးစွဲသူအခွင့်အရေးချိုးဖောက်တယ်လို့ ရှုမြင်တဲ့အတွက် စည်းမျဉ်းအသစ်ထုတ်ပြန်လိုက်တာကို မကြိုက်နှစ်သက်ကြပါဘူး။ Facebook ကတော့ စည်းမျဉ်းချိုးဖောက်သူတွေရဲ့ပို့စ်ကို အရင်ဆုံး ဖယ်ရှားမှာဖြစ်ပြီး အခြေအနေအလိုက် သုံးစွဲသူတွေကို အရေးယူသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်က အခြားဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Craiglist ဟာလည်း လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ထားပြီး၊ Googl AdWords လို ကြော်ငြာလုပ်ငန်းအများအပြားဟာလည်း လက်နက်ကြော်ငြာတွေကို ပိတ်ပင်တားမြစ်ထားပါတယ်။

    Ref: RT

  • ရာသီဥတုပြောင်းလဲမှုကို ထောက်လှမ်းနိုင်မည့် ဂြိုဟ်တုတစ်ခုကို နာဆာလွှတ်တင်

    ရာသီဥတုပြောင်းလဲမှုကို ထောက်လှမ်းနိုင်မည့် ဂြိုဟ်တုတစ်ခုကို နာဆာလွှတ်တင်

    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media

    nasa

    – ကမ္ဘာကြီးပူနွေးမှု မြင့်တက်လာခြင်းနှင့် နောက်ဆက်တွဲ ရာသီဥတုဆိုင်ရာ ပြဿနာများအား စောင့်ကြည့်ရန်အတွက် ဂြိုဟ်တုအသစ်တစ်ခုကို နာဆာက လွှတ်တင်လိုက်သည်ဟု သိရသည်။

    Jason-3 ဟုအမည်ပေးထားသည့် ဂြိုဟ်တုဖြစ်ပြီး SpaceX Falcon 9 ဒုံးပျံဖြင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ Vandenberg အာကာသစခန်းမှ ယမန်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ကန်ဒေါ်လာ သန်း ၁၈၀ တန်ဖိုးရှိသည့် အဆိုပါ ဂြိုဟ်တုမှာ ကမ္ဘာမြေမှ ကီလိုမီတာ ၁၃၀၀ အကွာအဝေးတွင် လည်ပတ်ကာ ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာကြီး ပူနွေးလာမှုတွင် သမုဒ္ဒရာ၏ အခန်းကဏ္ဍနှင့် သက်ဆိုင်သည့် အချက်အလက်များကို စောင့်ကြည့်ပေးပို့သွားမည်ဖြစ်သည်။

    ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်များနှင့် ရေခဲတောင်များမှာ အရည်ပျော်ကြကာ ပင်လယ်ရေမျက်နှာပြင်များကို မြင့်တက်စေပြီး ရေရှည် စောင့်ကြည့်တိုင်းတာရန် လိုအပ်နေသည်။

    Jason-3 ဂြိုဟ်တုမှာ တစ်စက္ကန့်ကို ၆ ကီလိုမီတာနှုန်းဖြင့် သွားနိုင်ပြီး ၁၀ ရက်ကြာတိုင်း ကမ္ဘာကြီး၏ နေရာတိုင်း၏ အချက်လက်အလက်များကို ပေးပို့နိုင်မည်ဖြစ်သည်။ ထိုဂြိုဟ်တုမှာ အယ်နီညိုအခြေအနေကိုလည်း စောင့်ကြည့်နိုင်မည်ဖြစ်သည်။

    Ref : Aljazeera

  • Intel က လက်ချောင်းအရွယ်ရှိ ကွန်ပျူတာကို မိတ်ဆက်ပြသ

    Intel က လက်ချောင်းအရွယ်ရှိ ကွန်ပျူတာကို မိတ်ဆက်ပြသ

    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media

    intel

    – လက်ချောင်းအရွယ်ရှိ ကွန်ပျူတာအသစ်တစ်မျိုးကို Intel က နည်းပညာကုန်ပစ္စည်းအသင်း၏ ၂၀၁၆ ပြပွဲတွင် မိတ်ဆက်ပြသခဲ့သည်။

    ထိုကွန်ပျူတာမှာ ယခင်ထွက်ပြီးသားပုံစံကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး မမ်မိုရီ 2GB မှ 4 GB အထိ တပ်အဆင်အသုံးပြုနိုင်သည်။ Hard Disk ၏ သိုလှောင်နိုင်သည့်ပမာဏမှာ 32/64 GB အထိ ရှိပြီး Intel M3 သို့မဟုတ် Intel M5 ပရော်ဆက်ဆာကို အသုံးပြု၍ Window 10 ထည့်သွင်းထားသည်။

    ယခုကွန်ပျူတာအသစ်တွင် USB နှစ်ပေါက် ပါဝင်ပြီး တစ်ပေါက်မှာ USB 3.0 မြန်နှုန်းရှိသည်။ ထို့ပြင် ၀ိုင်ဖိုင်ဆက်သွယ်မှုကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် ထွက်ခဲ့သည့် ကွန်ပျူတာအငယ်စား နှစ်မျိုးတွင် Intel Atom PC တွင် မူ မမ်မိုရီ 2GB သာပါဝင်ပြီး ယခု Core M3/M5 ဗားရှင်းတွင်မူ မိမ်မိုရီ 4GB နှင့် Hard disk 64 GB ပါဝင်သည်။ သို့သော်လည်း ၎င်းတို့တွင် USB တစ်ပေါက်သာ ပါဝင်သည်။

    အဆိုပါ ကွန်ပျူငယ်လေး၏ တန်ဖိုးမှာ ၁၅၉ ဒေါ်လာ၊ ၃၉၉ ဒေါ်လာနှင့် ၄၉၉ ဒေါ်လာ အသီးသီးရှိကြပြီး ဖေဖော်ဝါ ရီလမှစတင်၍ ဈေးကွက်သို့ အမြောက်အများ ဖြန့်ချီမည်ဖြစ်သည်။

    Ref: IINA

  • Facebook ၏ အခမဲ့အင်တာနက်ဝန်ဆောင်မှုအစီအစဉ် အိန္ဒိယတွင် ပြင်းထန်သော ဆန့်ကျင်မှုနှင့် ကြုံနေရ

    Facebook ၏ အခမဲ့အင်တာနက်ဝန်ဆောင်မှုအစီအစဉ် အိန္ဒိယတွင် ပြင်းထန်သော ဆန့်ကျင်မှုနှင့် ကြုံနေရ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media

    – အခမဲ့ အင်တာနက်အသုံးပြုခွင့်ရဖို့အတွက် အိန္ဒိယနိုင်ငံဟာ စစ်မြေပြင်ဖြစ်လာခဲ့ပြီး နိုင်ငံအတွင်းမှာ အင်တာနက် အခမဲ့အသုံးပြုခွင့်ပေးဖို့ Facebook တည်ထောင်သူ မာ့ခ်ဇူကဘာ့ဂ်ရဲ့ ကြိုးပမ်းမှုကို ဒေသအတွင်းက နည်းပညာကုမ္ပဏီတွေ ပူးပေါင်းကာ ကန့်ကွက်ဖို့ အားကြိုးမာန်တက် လုပ်ဆောင်နေကြပါတယ်။

    Fee Basics လို့ခေါ်တဲ့ Facebook ရဲ့ အဲဒီ အခမဲ့အင်တာနက်အစီအစဉ်ကို လောလောဆယ်မှာ ခဏဆိုင်းငံ့ထားဖို့ အိန္ဒိယအစိုးရက အမိန့်ပေးထားပြီး သူတို့ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် ဆောင်ရွက်နေကြပါတယ်။

    ဖွံ့ဖြိုးဆဲနိုင်ငံ ၃၀ ကျော်လောက်မှာ ဆောင်ရွက်နေတဲ့ ဒီအစီအစဉ်ဟာ ၀ဘ်ဆိုက်တွေကို မိုဘိုင်းဖုန်းထဲ ရောက်ရှိစေပြီး၊ Facebook ကို မက်ဆေ့ခ်ျအပါအ၀င် ပိုက်ဆံပေးစရာမလိုဘဲ သုံးစွဲနိုင်ပါတယ်။

    ဒါပေမယ့် Reliance Communications ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၁၀ လကတည်း အိန္ဒိယမှာ လုပ်ဆောင်နေတဲ့ Facebook ရဲ့ အခမဲ့အင်တာနက်အစီအစဉ်ဟာ အင်တာနက်ကုမ္ပဏီတွေကို ဥပဒေက တူညီစွာ ဆက်ဆံရမယ်ဆိုတဲ့ စည်းကမ်းကို ချိုးဖောက်နေတယ်လို့ ဝေဖန်ဆန်းစစ်သူတွေက စောဒကတက်ခဲ့ကြပါတယ်။ ၀ဘ်ဆိုက်ကုမ္ပဏီအသေးလေးတွေနဲ့ တည်ထောင်ကာစ ကုမ္ပဏီလေးတွေကိုလည်း ထိခိုက်စေတယ်လို့လည်း ဆိုကြပါတယ်။

    “အိန္ဒိယဟာ Facebook လို ကုမ္ပဏီတစ်ခုအတွက် အစမ်းသပ်ခံနေရာပါပဲ။ ဒီမှာဖြစ်တာတွေဟာ အဲဒီ အင်တာနက် အခမဲ့အစီအစဉ်ကို သွားလုပ်မယ့် အခြားသော နိုင်ငံငယ်လေးတွေမှာလည်း သက်ရောက်မှာပါ။ အဲဒီနိုင်ငံတွေမှာ အခုအချိန်အထိ သတိမပြုမိကြသေးပါဘူး” လို့ နည်းပညာနဲ့ အင်တာနက် အကြံပေး ပြဿနာတွေနဲ့ပက်သတ်ပြီး အလုပ်လုပ်နေတဲ့ နယူးယောက်အခြေစိုက် ဥပဒေပညာရှင် မီရှီချောင်ဒရီက ဆိုပါတယ်။

    Facebook ရဲ့ အင်တာနက်အခမဲ့ အစီအစဉ်ဟာ သူတို့ရဲ့ အကြီးဆုံးဈေးကွက်ကြီးကို အမေရိကန်ပြင်ပမှာ ချဲ့ထွင်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၁.၃ ဘီလီယံသော လူဦးရေမှာ အင်တာနက်အသုံးပြုခွင့်ရသူဟာ ၂၅၂ သန်းသာ ရှိပါသေးတယ်။ ဒါဟာ Google နဲ့ Facebook တို့လို လုပ်ငန်းတွေအတွက် ဈေးကွက်တိုးတက်အောင်လုပ်ဖို့ အခွင့်အလမ်းပါပဲ။

    စံချိန်တင်တောင်းဆိုမှု

    အိန္ဒိယ တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ TRAI ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေသတ်မှတ်ရေးလုပ်ငန်းစဉ် ရှေ့ပြေးအဖြစ် အများပြည်သူ အကြံပြုရေးအစီအစဉ်မှာ စံချိန်တင် အကြံပြုမှုကို ရရှိခဲ့တယ်လို့ ဒီကနေ့မှာ ပြောခဲ့ပါတယ်။

    ဒါပေမယ့် Facebook ကနေတစ်ဆင့် ရရှိတဲ့ မှတ်ချက်ပေါင်း ၁.၈ သန်းမှာ ၄ ပုံ ၃ ပုံကျော်ဟာ အခမဲ့အင်တာနက်အစီအစဉ်ကို ထောက်ခံကြတယ်လို့ TRAI ဥက္ကဌ ရမ် ဆီဗက် ရာရ်မာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်ကလည်း Facebook ဟာ အိန္ဒိယမှာရှိတဲ့ အသုံးပြုသူတွေကို TRAI ဆီ လှုမှုကွန်ယက်တွေ၊ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် အခမဲ့အင်တာနက် ပိတ်ပင်ရေးအစီအစဉ်ကို တုန့်ပြန်ပြောဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒါပေမယ့် ပြင်းထန်တဲ့ ဟန့်တားမှုကိုတော့ Facebook က ကြုံတွေ့နေရပါတယ်။

    Reuters သတင်းဌာနက ရရှိခဲ့တဲ့ စာတစ်စောင်ထဲမှာ Alibaba ကျောထောက်နောက်ခံပြုထားတဲ့ Paytm နဲ့ Zomato တို့အပါဝင် တည်ထောင်တာမကြာသေးတဲ့ အင်တာနက်လုပ်ငန်း ၉ ခုက အကြီးအကဲတွေဟာ လက်မှတ်ရေးထိုးထားပြီး TRAI ကို လိပ်မှုထားတာ တွေ့ရပါတယ်။ စာထဲမှာတော့ အင်တာနက်အသုံးပြုခွင့်ကို ဈေးနှုန်း ကွဲပြားမှုမရှိစေဘဲ လုပ်ကိုင်ခွင့်ပေးရေးကို သေချာအောင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

    အင်တာနက်အသုံးပြုခွင့်အတွက် မတူညီတဲ့ ဈေးနှုန်းတွေကို လုပ်မယ်ဆိုရင် Free Basics ၀န်ဆောင်မှုနဲ့ Facebook လို ကုမ္ပဏီအနည်းစုဟာ ဈေးကွက်ကို သိမ်းကြုံးယူသွားလိမ့်မယ်လို့ အဲဒီစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

    ”ဆင်းရဲသူတွေကို အင်တာနက်အသုံးပြုခွင့်ပေးတယ်ဆိုတဲ့ ခေါင်းနဲ့ ကန့်သတ်ထားတဲ့ဝန်ဆောင်မှုတွေကိုပေးပြီး ဒစ်ဂျစ်တယ်လုပ်ငန်းကို ခွဲပစ်ဖို့ကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး” လို့ နည်းပညာဆိုင်ရာ အဲဒီကုမ္ပဏီတွေရဲ့ အကြီးအကဲတွေက ထည့်သွင်းရေးသားခဲ့ပါတယ်။

    ဇူကာဘာ့ဂ်ကလည်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    “အင်တာနက်ကို အသုံးပြုနေသူ ၁၀ ဦးမှာ အကြမ်းဖျင်း တစ်ဦးဟာ ဆင်းရဲတဲ့သူဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အိန္ဒိယနိုင်ငံကို တိုးတက်အောင်လုပ်ဖို့ဆိုရင် လူ ၁ ဘီလီယံကျော်လောက်ဟာ အင်တာနက် ဆက်သွယ်အသုံးပြုနိုင်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး၊ လယ်ယာလုပ်ငန်းနဲ့ အမျိုးသမီးအခွင့်အရေးတွေအတွက် အရေးပါတဲ့ ၀န်ဆောင်မှု ရရှိတာကို လက်မခံတဲ့ အကြောင်းအရင်းက ဘာလဲ” လို့ ဒီတစ်ပတ်ထုတ် the Times of India သတင်းစာမှာ ဇူကာဘာ့ဂ်က ရေးသားခဲ့ပါတယ်။

    ဘက်နှစ်ဖက်

    Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သူတို့ရဲ့ Free Basics အခမဲ့အင်တာနက်ဝန်ဆောင်မှုဟာ အင်တာနက်က ဘာတွေကို ပေးအပ်နိုင်လဲဆိုတာကို လူတွေမြည်းစမ်းဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ သူတို့ရဲ့အစီအစဉ်အတွက် ဆန့်ကျင်မှုတွေကို သတင်းစာတွေမှာ စာမျက်နှာအပြည့် ကြော်ငြာတွေထည့်ခြင်း၊ လမ်းတွေမှာ ဆိုင်းဘုတ်အကြီးတွေ ထောင်ခြင်းအားဖြင့်လည်း ပြန်လည်တုန့်ပြန်မှုတွေ ပြုလုပ်နေပါတယ်။

    “Free Basics အဒီအစဉ်ဟာ ပိတ်ပင်ခံရမယ့် အန္တရာယ် ရှိနေပါတယ်။ ပြီတော့ အိန္ဒိယရဲ့ ဒစ်ဂျစ်တယ်တိုးတက်မှုကို နှေးကွေးစေပါလိမ့်မယ်” လို့ မနေ့က မွမ်ဘိုင်းသတင်းစာမှာ ထည့်သွင်းခဲ့တဲ့ Facebook ရဲ့ ကြော်ငြာမှာ သတိပေးထားပြီး ပြည်သူတွေအနေနဲ့ ဒီလှုပ်ရှားမှုကို ထောက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇမ်ဘီယာမှာ စတင်ခဲ့တဲ့ အဲဒီ Free Basics အခမဲ့အင်တာနက်အစီအစဉ်ဟာလည်း အင်တာနက်ဆိုင်ရာ ညီမျှမှုစည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြပါတယ်။ အီဂျစ်မှာတော့ ယမန်နေ့က ကုန်သွားတဲ့ ပါမစ်သက်တမ်းကို ထပ်မတိုးတဲ့အတွက်ကြောင့် Facebook ရဲ့ အဲဒီအစဉ်ဟာ ရပ်ဆိုင်းခံလိုက်ရပါတယ်။

    TRAI ကတော့ နောက်လမှာ သူတို့ နောက်ဆုံး ဆုံးဖြတ်ချက်မချခင်ထိ ဒီ အခမဲ့ အင်တာနက်ဝန်ဆောင်မှုကို ရပ်ဆိုင်းထားပေးဖို့ Facebook နဲ့ Reliance Communications တို့ကို တောင်းဆိုထားပါတယ်။

    “ဒီမိုကရေစီမှာ ဘက်နှစ်ဖက် ရှိပါတယ်။ ဒီလှုပ်ရှားမှုအတွက် Facebook က ငွေတွေအများကြီး သုံးနေသလို။ အခြားတစ်ဖက်မှာလည်း အင်တာနက် တက်ကြွလှုပ်ရှားသူတွေက ကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့အလုပ်ကတော့ တယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာတွေနဲ့ အိန္ဒိယက အသုံးပြုသူတွေ အကျိုးမယုတ်အောင် ပေါ်လစီချမှတ်ပေးဖို့ပါပဲ” လို့ TRAI က တာဝန်ရှိသူ ရှာရ်မာက ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

    (Reuters သတင်းဌာနမှ Facebook fights for free Internet in India, global test-case ဆောင်းပါးကို လေးမောင်မှ ဆီလျောအောင် ဘာသာပြန်ဆိုသည်)