News @ M-Media
Category: Our Perspectives
  • သမိုင်းဟူသည် ဤသို့တည်
    သမိုင်းဟူသည် ဤသို့တည်
    ပြုစုသူ-  ရဲရင့်သစ္စာ
    ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာအုပ်ပါ အလွဲသမိုင်းများအား ထောက်ပြပြင်ဆင်ပေးသည့်ကျမ်းငယ်
    စာရေးသူအမှာစာ
    ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် လို့ အမည်ရတဲ့ စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော် ရဲ့ဘွဲ့အမည်ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော်ကတော့ အဲဒီစာအုပ်ကို သမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေးတာ မအအောင်လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။
    အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန် ကိုဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်းကြီးစွာလည်း ဖြစ်မိပါတော့တယ်။ ဘာကြောင့် အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်……. စာရေးသူ ဆရာတော်ဟာ သမိုင်းပညာရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင်မဟုတ်ဟု သာ ယူဆမိပါသည်။) အတွက် သမိုင်း ကြောင်းတွေကိုနားမလည်တာ၊ အလွဲအမှားတွေရေးတာဟာမထူးဆန်းလှ ပေမဲ့၊ ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ် ပညာတတ် ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော် အထင်ကြီးလေးစားမိခ့တဲ့ဲ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန်(အငြိမ်းစား သမိုင်းပါမောက္ခ) (စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထားပါတယ်။) ဖြစ်နေလို့ပါဘဲ။
    အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ် အမှာစာစာမျက်နှာ (ဋ) မှာ စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်း ဖြတ်ပေးခ့တဲ့ဲ
    ဆရာကြီးများ ရဲ့ အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူး တင်ကြောင်းမှတ်တမ်းတင်ထားပါတယ်။ ကျွန်တော့် အနေနဲ့ အဲဒီ အမည်စာရင်းပါ ဆရာကြီးများရဲ့ အမည်တွေကိုကူးယူဖော်ပြပေးချင် ပါတယ်။
    ၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်
    ၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘဲဂျွန်
    ၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်
    ၄။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်း အုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊
    ၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ) ဆရာကြီး ဦးထွန်းအောင်ချိန်
    အဲဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့အစည်းတွေက လေးစားအပ်တဲ့ပညာရှင်များကိုယ်တိုင်ကစာမူကိုဖတ်ရှုတည်းဖြတ် ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်း အကြောင်းအရာ အတော်များများဟာ အလွဲကြီး လွဲနေကြောင်းသိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်းမိပါတော့တယ်။
    ကျွန်တော်သမိုင်းပညာရှင်တစ်ဦးလုံးဝမဟုတ်ပါဘူး၊သို့သော်သမိုင်းပညာရပ်နဲ့ပညာရှင်တွေကိုချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်းပညာရပ်ကို အလွတ်တမ်းလေ့လာလိုက်စားဖြစ်ပါတယ်။ ကျွန်တော်လေးစားရတြဲ့မန်မာနိုင်ငံက သမိုင်းပညာရှင်ကြီးတွေထဲက ပညာရှင်ကြီးအချို့ရဲ့ အမည် တွေကိုရွတ်ပြရရင်ဖြင့်…..
    ၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း
    ၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်
    ၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်
    ၄။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း
    ၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်
    စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော် အလွန်လေးစားပါတယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင်ပါတယ်။ ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။ ငြိမ်နေလိုက်ရင်တော့ သမိုင်းကိုသစ္စာဖောက်တ့၊ဲ မတည်ကြည် မဖြောင့်မတ်တဲ့ လူသားတစ်ယောက်အဖြစ်ကိုရောက်ရှိသွားမှာဘဲလို့ခံယူထားပါတယ်။ အဲဒီအဖြစ်မျိုးရောက်မှာကိုတော့အလန်ွရံွေ ကြာက်ပါတယ်။ လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု၊ ဘာသာအယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ သမိုင်းကိုတော့ စိတ်ဆောင်ရာလိုက်ပြီးအလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့ မသင့်တော်ပါဘူး။ တကယ်လို့ အလွဲအမှားတွေကိုသိသိကြီးနဲ့ အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက်တွေအပေါ် ကြီးမားစွာလွန်ကျူးခြင်းဘဲဖြစ်မယ် ဆိုတာ ဖြောင့်မတ်တဲ့လူသားတိုင်းသဘောတူမယ်လို့ ယုံကြည်မိပါတယ်။
    Thamine Hu The
  • ရဲလျှင် မင်းဖြစ်
    ရဲလျှင် မင်းဖြစ်
    လူမင်းဟန်
    ၁၅၃၃ မှာ နတ်ရွာစံခါနီး မော်စကိုနယ်စားကြီး Vasily III ဟာ အသက်သုံးနှစ်သာရှိသေးတဲ့ သူ့သား အိုင်ဗင် ကို နန်းလျာအဖြစ်နဲ့ ကြေငြာလိုက်ပါသည်။ နောက်ပြီး အသက်ငယ်ငယ်ပဲ ရှိသေးတဲ့ သူ့မိဘုရား ဟဲလင်နာ ကို အိုင်ဗင်အရွယ် ရောက်တဲ့အထိ ရင်ခွင်ပိုက်ဘုရင်မ အဖြစ်အုပ်ချုပ်ဖို့ စီစဉ်ပါတယ်။ ဒီအစီအမံဟာ နန်းတော်ထဲက သူကောင်းမျိုးတွေ အတွက်တော့ ၀မ်းသာစရာကြီးပါ။ ရုရှားမှာ boyer လို့ခေါ်တဲ့ သူကောင်းမျိုးတွေရှိပါတယ်။ ရာထူးကြီးကြီးယူထားကြတဲ့ သူတွေပေါ့။ ကွယ်လွန်သွားတဲ့ မော်စကိုနယ်စားကြီးဟာသူ့ရဲ့အာဏာစက်ကို ပျံ့နှံ့ဖို့အထူးကြိုးစားခဲ့ပါတယ်။ အခုဆို နယ်စားကြီးလဲ ကွယ်လွန်သွားပြီ။ သူ့နန်းလျာကလည်း ဥမမည် စာမမြောက် သုံးနှစ်သားလေး၊ ရင်ခွင်ပိုက်အဖြစ်ထားခဲ့တဲ့ ဘုရင်မဆိုတာကလည်း အသက်ငယ်ငယ်၊ အတွေ့အကြုံလည်းမရှိ။ ဒါဟာ boyer တွေအတွက်တော့ တိုင်းပြည်အာဏာ လုဖို့အကယ့်ကို အခွင့်ကောင်းပါပဲ။ ဒါတွေကို မြင်တဲ့ မိဘုရားဟာ တိုင်းပြည်အုပ်ချုပ်ရေးအတွက် သူ့သူငယ်ချင်း မင်းသား Obolensky ကို အကူအညီတောင်းပါတယ်။ ဒါပေမယ့် ဒီလိုအုပ်ချုပ်ရင်း ငါးနှစ်လောက်နေတော့ ဟဲလင်နာ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ရတာကလဲ အဆိပ်ခပ်ခံရတာပါ။ အဆိပ်ခပ်တဲ့သူကတော့ boyer တွေထဲမှာ ကြောက်စ ရာအကောင်းဆုံး Shuisky မိသားစုထဲကတစ်ယောက်ပါ။
    အဲဒီနောက်မှာတော့ Shuisky တွေကပဲ တိုင်းပြည်အာဏာကိုထိန်းချုပ်လိုက်ပြီး Obolensky ကိုလည်း ထောင်ထဲမှာ အစာ ငတ်ထားပြီး သတ်လိုက်ပါတယ်။ ခုဆိုရင် အိုင်ဗင် ဟာ အသက် ရှစ်နှစ်ရှိပါပြီ။ သူ့ကို ဂရုစိုက်တဲ့၊ ခင်မင်တဲ့ လူမှန်သမျှကို Shuisky တွေက အပြတ်ရှင်းပစ်ပါတယ်။ အိုင်ဗင် ဟာ Shukisky တွေနဲ့မတွေ့အောင်ရှောင်ပုန်းရင်း နန်းတော်ထဲမှာ မ၀ရေစာစားပြီး နေခဲ့ရပါတယ်။ တခါတလေမှာ သူ့ကိုတွေ့တာနဲ့ ပလ္လင်ပေါ်တင်၊ သရဖူဆောင်းပေးပြီး နောက်ပြောင်ကြ ပါတယ်။
    ဒီလိုနေလာတဲ့တစ်လျှောက်လုံးမှာ အိုင်ဗင် ဟာ သူတို့လုပ်သမျှကို ဘာမှ ပြန်မပြောဘဲ ငြိမ်ခံနေပါတယ်။ boyer တွေက လည်း အိုင်ဗင်ကို အဖြစ်မရှိတဲ့သူ တစ်ယောက်အနေနဲ့ သိတ်ဂရုမစိုက်ကြတော့ပါဘူး။ စိတ်ကူးထဲတောင် ထည့်တွက်မ ထားဘူး ဆိုတဲ့ အခြေအနေကို ရောက်လာပါတယ်။ ဒါပေမယ့် သူတို့မသိတာက အိုင်ဗင် ဟာ နန်းတော်စောင့်တပ် ဖွဲ့ကို အသေအချာစည်းရုံးထားပြီးပါပြီ။ ရက်စက်ကြမ်းကြုပ်တဲ့ Shukisky တွေကိုမုန်းတီးနေတဲ့ နန်းတော်စောင့်တပ်တွေ ကလည်း အိုင်ဗင် ကို ကူညီဖို့သဘောတူပါတယ်။
    ၁၅၄၃ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းမှာ အိုင်ဗင် က Shuisky ခေါင်းဆောင်မင်းသား ကို သူ့အခန်းကိုလာဖို့ ဖိတ်လိုက်ပါတယ်။ မင်းသားရောက်လာချိန်မှာတော့ အခန်းထဲမှာ နန်းတော်စောင့်တပ်သားတွေ ရှိနေပါတယ်။ အိုင်ဗင် က ဘာတစ်ခွန်းမှ မပြောပဲ မင်းသားကိုလက်ညှိုးထိုးပြီး ဖမ်းပြီး သတ် ဖို့ အမိန့်ပေး လိုက်ပါတယ်။ ပြီးတဲ့နောက် အလောင်းကို နန်းတော်ထဲက ခွေးလှောင်အိမ်ထဲ ပစ်ထည့်ပြီးခွေးစာကျွေးပစ် လိုက်ပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ Shuisky တွေအကုန်လုံးကို ဖမ်းပြီး သတ်ပစ်လိုက်ပါတယ်။ Shuisky တွေဟာ ဘာမှပြင် ဆင်ချိန်မရလိုက်ပဲ အငိုက်မိခံလိုက်ရပါတယ်။ အခုတော့သူတို့ နှိပ်စက်သမျှခံလာရတဲ့ အိုင်ဗင်ကို အသေအလဲ ကြောက်ရတဲ့ဘ၀ကို ရောက်သွားပါတော့တယ်။ အိုင်ဗင် ဟာ ပထမဆုံးဇာဘုရင် အနေနဲ့ ရှရှားနိုင်ငံကို အုပ် ချုပ်ခဲ့ပါတယ်။ သူ့ကို Ivan The Terrible လို့နောက်ပိုင်းမှာခေါ်ကြပါတယ်။
    ကျတော်တို့တော်တော်များများဟာ တုံ့ဆိုင်းတတ်ပါတယ်။ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့်လုပ်ရမှာ ကြောက်ကြပါတယ်။ အတိုက်အခံလုပ်ရမှာ၊ အခြေအနေတင်းမာ မှာတွေကို ရှောင်ရှားလိုကြပါတယ်။ သူများတွေက ဘယ်လိုထင်မှာပါလိမ့်၊ ဘယ်နှယ့်ပြောမှာပါလိမ့်နဲ့စိုးရိမ်နေတာနဲ့ကို လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်ရတော့ပါဘူး။ ဒီလိုရဲရဲရင့်ရင့်လုပ်တတ် ဖို့ လေ့ကျင့်ယူလို့ရပါတယ်။ အစကတည်းက သတ္တိနဲ့မွေးလာတဲ့သူ ရှားပါတယ်။ နပိုလီယန် ကိုယ်တိုင်တောင် သတ္တိကို စစ်ပွဲအတွေ့ အကြုံတွေကနေ လေ့ကျင့်ယူခဲ့ရတယ်လို့ဆိုပါတယ်။ စစ်ပွဲအနိုင်အရှုံးဆိုတာ ဆုံးဖြတ်ချက်ရဲရင့်ပြတ်သား မှု့ ကအဓိက မဟုတ်လား။ ရဲရင့်မှု့မှာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ တန်ခိုးတွေရှိပါတယ်။ အိုင်ဗင် ကိုပဲ ကြည့်ပါ။ တသက်လုံးက သူများ အနိုင်ကျင့်ခံလာရတဲ့ ခပ်တုံးတုံး ဘ၀ကနေ ရဲရင့်မှု့တစ်ခုကြောင့် ဘ၀တစ်ခုလုံးပြောင်းလဲခဲ့ရတာ ပါ။ နောက်တစ်ခုက ရဲရင့်ပြတ်သားသူတွေဟာ သူတို့ရဲ့ ပြောပုံဆိုပုံ၊ ကိုယ်နေဟန်ထားအမူအရာကအစ အများနဲ့ မတူပဲ ထူးခြားနေတတ်ပါတယ်။ အဲလိုလူမျိုးကို လူတိုင်းက လေးစားနေရာပေးခံရတတ်ပါတယ်။
    ကျတော်တို့ အမြင်သာဆုံး ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ လေ့လာကြည့်ရအောင်။ ဒေါ်စုကို တစ်ကမ္ဘာလုံးက ဘာလို့လေးစားကြတာလဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့လား။ ဒါတစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ဘူးဗျ။ ဗိုလ်ချုပ်ရဲ့ သားကြီး အောင်ဆန်းဦး ကိုဘယ်သူမှ မလေးစားကြပါဘူး။ ရှိတယ်ဆိုတာတောင် မေ့နေတယ်။ နိုင်ငံရေးလုပ်လို့လား။ ဒါကြောင့်လည်း မဟုတ်ဘူးဆိုတာ သိသာပါတယ်။ တစ်ခြားနိုင်ငံရေးလုပ်တဲ့သူတွေလည်းအများကြီးပဲဟာ။ တကယ်ပြော စတမ်းဆို ဒေါ်စုကမှ ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်နဲ့နေခဲ့ရတော့ သူ့ခမျာ နင်လားငါလား နိုင်ငံရေးလုပ်ရတဲ့ အချိန်က ဘယ်လောက်ရှိလို့လဲ။  သူ့ရဲ့ ရဲရင့်ပြတ်သားတဲ့ ပြောဆိုမှု့၊ ကိုယ်ရည်ကိုယ်သွေး ဟာ သူ့ကိုလူတွေလေးစားကြ တဲ့အကြောင်းထဲက အရေးကြီးတဲ့ အချက်တစ်ခုလို့ ကျတော်ကတော့ ထင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ တစ်ခါမှ မကြားဘူးတဲ့ လူ တစ်ယောက်ကို ခေါ်ပြရင်တောင် ဒေါ်စုကိုမြင်တာနဲ့ ကြောက်ကြောက်လန့်လန့်ဖြစ်နေမယ့် မိန်းမမဟုတ်ဘူး။ ရဲရင့်တဲ့၊ ပြတ်သားတဲ့၊ ပြောတဲ့အတိုင်းလုပ်မယ့် မိန်းမဆိုတာ တန်းပြောနိုင်လိမ့်မယ်လို့ထင်တာပဲ။ ကျတော့်အထင်တော့ ဒေါ်စုလည်း မွေးရပါ သတ္တိကောင်းသူ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ freedom from fear ဆိုတဲ့မိန့်ခွန်းထဲမှာ “အကြောက်တရားမရှိခြင်းသည် ဆုလဒ် တစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ထို့ထက်ပို၍ တန်ဖိုးရှိသည်မှာ ကြိုးပမ်းမှု့မှ ရရှိလာသော သတ္တိ၊ အကြောက်တရားက လွှမ်းမိုးသော မိမိ၏ လုပ်ရပ်များကို ထိန်းချုပ်နိုင်သော သတ္တိ၊ များပြားလှသော ဖိနှိပ်မှု့များ ကို မကြောက်မရွံ့ အဖန်တလဲလဲ ရင်ဆိုင်ရဲသော သတ္တိ များ ဖြစ်ပါသည်။”  လို့သူကိုယ်တိုင် ပြောခဲ့တယ်ဗျ။
    ကျတော့်သူငယ်ချင်းတစ်ယောက်ရှိသည်။ သူက သူ့ကောင်မလေးကို အသေကြောက်ရတာ။ သူ့ကိုအဲလောက်မကြောက် ဖို့ပြောရင်တော့သူက ချစ်တာပါလို့ပြန်ပြောလေ့ရှိသည်။ ကျတော်က တော့ ချစ်တာနဲ့ ကြောက်တာ ဘာမှမဆိုင်လို့ထင် တာပဲ။ သူ့ဟာက ဘာမှမဟုတ်တဲ့ လက်ဘက်ရည်ဆိုင်ထိုင်တာမျိုး၊ ဖုန်းဆက်ဖို့ ၁၀မိနစ်လောက်နောက်ကျတာမျိုးကအစ ကြောက်နေရတယ်ဆိုတာတော့ မဟုတ်တော့ပါဘူး။ ကျတော်ကတော့ ကိုယ်ရည်ကိုယ်သွေးကိုညံ့ဖျင်းတာလို့ထင်တာပဲ။ အဲလိုလူမျိုးနဲ့ဆိုရင်တော့ ကျတော့်အမတွေ နှမတွေကို သဘောမတူပါဘူး။ အပေါ်ယံအားဖြင့်ကြည့်ရင် ငါ့နှမ၊ ငါ့အမကို ဂရုစိုက်မယ့်သူလို့ထင်စရာပါပဲ။ ဒါပေမယ့် အိမ်ထောင်ပြုတာ ဂရုစိုက်နေတာ တစ်ခုတည်းနဲ့မရပါဘူး။ နောက်ပြီး ဒီလို စိတ်ဓာတ်ပျော့ညံ့တဲ့သူဟာ အိမ်ထောင်ပြုပြီးတာနဲ့ အိမ်ထောင်ရေးပြသာနာတွေ ဖန်တီးဖို့ ရာခိုင်နှုန်းများတယ်လို့ ထင် ပါတယ်။ ကျတော်ကယောက်ျားလေး တစ်ယောက်ဟာအိမ်ထောင်ပြုရင် ကိုယ့်အိမ်ထောင်ကို ဦးဆောင်ဦးရွက်လုပ်ရမည့် သူ လို့ယုံကြည်ပါတယ်။ နောက်ပြီး ဖခင်တစ်ယောက်ဟာ မွေးလာမည့် သားသမီးတွေရဲ့ စံပြဖြစ်နေသင့်တယ်။ သူ့လိုလူမျိုးဟာ ဘယ်လိုလုပ်ပြီး မွေးလာတဲ့သားသမီးတွေအတွက် စံပြဖြစ်နိုင်မှာလဲ။ အိမ်ထောင်တစ်ခုကို ဘယ်လို ဦးဆောင်ဦးရွက် လုပ်မှာလဲ။
    ဒါဖြင့် မိန်းမတွေ၊ ကလေးတွေကို အနိုင်ကျင့်ရိုက်နှက်နေရမယ်လို့ဆိုလိုသလား။ လုံးဝမဟုတ်ပါဘူး။ တကယ် ရဲရင့်ပြတ် သားတဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဟာ ရိုက်နှက်အနိုင်ကျင့်နေစရာမလိုပါဘူး။ သူဟာခေါင်းဆောင် ပဲဆိုတာ သူ့ရဲ့ အပြောအဆို၊ အမူအရာကို ကအော်ပြောနေသလိုပါပဲ။ “ခေါင်းဆောင်မှု့ဆိုတာ လွှမ်းမိုးချုပ်ကိုင်တာမဟုတ်ဘူး။ တူ ညီတဲ့ပန်းတိုင်ကိုရောက်အောင်အလုပ်လုပ်ဖို့ လူတွေကို ဆွဲဆောင်စည်းရုံးနိုင်တာ” ဆိုတာ စကားကို ကျတော်သဘောကျ သည်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်တုန်းကမှ ကျမကို ခေါင်းဆောင်တင်ကြပါ လို့လဲ မပြောဘူးပါဘူး။ သေနတ်တွေနဲ့လည်း မခြိမ်းခြောက်ဘူးပါဘူး။ ဒါပေမယ့် တကမ္ဘာလုံးက သူ့ကိုလူထုခေါင်းဆောင်လို့ အသိအမှတ်ပြုထား ပါတယ်။
    ခေါင်းဆောင်တစ်ယောက်ဟာ ရဲရင့်ပြတ်သားရပါမယ်။ သတ္တိရှိရပါမယ်။ အဲလို ရဲရင့်ဖို့ သတ္တိရှိဖို့ဆိုရင် မှန်တာလုပ်သူဖြစ်ရ ပါမယ်။ အမှားတွေလုပ်နေသူဟာ မှန်ကန်တဲ့ သတ္တိရှိသူမဖြစ်နိုင်ပါဘူး။ အမှားတွေလုပ်နေသူဟာ မိုက်ရူးရဲလုပ်တာသာ လျှင်ဖြစ်နိုင်ပါတယ်။ အမှားတွေလုပ်နေသူတစ်ယောက်ရဲ့နောက်ကိုလဲ လူတွေ ရေရှည်မှာမလိုက်ကြပါဘူး။ အာဏာနဲ့ ခြိမ်း ခြောက်ထားလို့ ခဏသာ လိုက်ချင်လိုက်မယ်။ ရေရှည်မှာတော့ အဆုံးသတ် မလှကြပါဘူး။ နောက်တစ်ခုက Risk Analysis လဲလုပ်တတ်ဖို့လိုပါတယ်။ သတ္တိရှိတာပဲဟေ့ ဆိုပြီး မဖြစ်နိုင်တာတွေလျှောက်လုပ်လို့မရပါဘူး။ ဒါသတ္တိရှိတာ မဟုတ်ပဲ မိုက်ရူးရဲ လုပ်တာလို့ပဲပြောရပါမယ်။ ကိုယ်လုပ်တဲ့ အလုပ်ဟာ အကျိုးနဲ့ ဒုက္ခကာမိပါ့မလား ဆိုတာ သေချာ ဝေဖန်ခွဲခြားစိတ်ဖြာတတ်ဖို့လိုပါတယ်။ ဒီလို ချင့်ချိန်တတ်တာလဲ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အရည်အသွေးထဲမှာပါ ၀င်ပါတယ်။
    ဒီနေရာမှာ ကျတော် လူတွေ အပေါ်မှာ လွှမ်းမိုးနိုင်တဲ့ အရာနှစ်ခုကိုပြောချင်ပါတယ်။ တစ်ခုက Personal Power ပါ။ နောက်တစ်ခုက Positional Power ပါ။ Personal Power ဆိုတာက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် လူတွေကိုယ့်ကို ကြည်ညိုတာပါ။ သူဟာ ဘာရာထူး၊ ဘာနေရာမှ မလိုပါဘူး။ အထင်ရှားဆုံးဥပမာဆိုရင် ကျတော်တို့တမန်တော်မြတ်(ဆွ)၊ သခင်ယေရူ၊ ဗုဒ္ဓ စတဲ့ ဘာသာရေးခေါင်းဆောင်တွေပါ။ သူတို့မရှိတော့တဲ့နောက် နှစ်ပေါင်းထောင်ချီတာတောင် သန်းနဲ့ချီတဲ့လူတွေအပေါ်မှာ သြဇာလွှမ်းမိုးတုန်းပါပဲ။ ဒီခေါင်းဆောင်တွေမှာ ဘာရထူးမှမရှိပါဘူး။ ဘာမှလည်း ခြိမ်းခြောက်တာမျိုးမရှိပါဘူး။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဆွဲဆောင်စည်းရုံးနိုင်မှု့တွေကြောင့်သာ သူတို့သြဇာ သက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်၊ မဟတ္တမဂန္နီ၊ ဗိုလ်ချုပ်အောင်ဆန်း တို့လို နိုင်ငံခေါင်းဆောင် တွေပါ။ သူတို့မှာလည်း ဘာရာထူး ဘာခြိမ်းခြောက်မှု့မှမရှိပါဘူး။ ဒါပေမယ့် လူတွေအများကြီးသူတို့နောက်ကိုလိုက်ကြပါတယ်။
    Personal Power နဲ့လူတွေကို လွှမ်းမိုးနိုင်ဖို့ဆိုရင် ကိုယ်ရည်ကိုယ်သွေးဟာ အဓိကကျပါတယ်။ ကျတော်ပြောတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ မှန်တာကို ရဲရဲဝံ့ဝံ့ပြောရဲရမယ်၊ လုပ်ရဲရမယ်။ ကတိတွေအများကြီးမပေးသလို ပေးတဲ့ကတိကို လည်း စောင့်ထိမ်းနိုင်ရမယ်။ ကိုယ်ကျင့်တရားကောင်းရမယ်။ ဘာသာရေးခေါင်းဆောင်တွေဟာ မတူညီတဲ့ ၀ါဒတွေရှိပေ မယ့်လို့ တူညီတာတစ်ခုရှိပါတယ်။ အဲဒါက ကိုယ်ကျင့်တရား ဒေါင်ဒေါင်မြည်အောင်ကောင်းတယ်ဆိုတာပါပဲ။
    Positional Powerဆိုတာကရထူးကြောင့်၊ နေရာကြောင့် လူတွေကိုလွှမ်းမိုးတာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေရဲ့နောက်ကိုလူ တွေရေရှည်မလိုက်ကြပါဘူး။ ဒီလိုလူမျိုးတွေဟာ သူတို့ အာဏာတည်ဖို့အတွက် ရက်စက်ကြမ်းကြုပ်တဲ့နည်းတွေ၊ ခြိမ်း ခြောက်မှု့တွေနဲ့ အပြင်းအထန်နှိပ်ကွပ်ရပါတယ်။ ဒီလိုလူမျိုးတွေဟာ သူတို့ကို တော်လှန်တဲ့သူပေါ်လာလို့ပဲဖြစ်ဖြစ်၊ ဒါမှ မဟုတ်လဲ သေသွားရင်ပဲဖြစ်ဖြစ် လူတွေသူတို့ကို မေ့သွားကြပါတယ်။ စပ်ဆုတ်ရွံ့ရှာမှု့ နဲ့တော့ သတိရချင်ရမှာပေါ့။ သေချာတာကတော့ သူတို့ သြဇာ မတည်နိုင်တော့ပါဘူး။ သူတို့ရဲ့အာဏာဟာ သူတို့အသက်ရှိနေတုန်း ဒါမှမဟုတ်လဲ ရာထူးမှာ တည်မြဲနေတုန်းလောက်သာ သက်ရောက်နိုင်ပါတယ်။
    ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကို Napoleon Hill က သူ့ရဲ့ Think and Grow Rich ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒါတွေက
    (၁) မယိမ်းမယိုင်တဲ့သတ္တိရှိခြင်း
    (၂) ကိုယ့်ကိုကိုယ် ထိမ်းချုပ်နိုင်ခြင်း
    (၃) တရားမျှတမှု့ရှိခြင်း
    (၄) ဆုံးဖြတ်ချက်တိကျသေချာခြင်း
    (၅) အလုပ်တစ်ခုလုပ်တဲ့အခါမှာ တိကျတဲ့ အစီအစဉ်ရှိခြင်း
    (၆) တာဝန်ရှိတာထက်ပိုအလုပ်လုပ်ခြင်း
    (၇) နှစ်လိုဖွယ် စရိုက်ရှိခြင်း
    (၈) ကိုယ်ချင်းစာတတ်မှု့၊ နားလည်တတ်မှု့ရှိခြင်း
    (၉) သက်ဆိုင်ရာအလုပ်ကို အသေးစိတ်ကျွမ်းကျင်ခြင်း
    (၁၀) အပြည့်အ၀ တာဝန်ယူတတ်ခြင်း
    (၁၁) ပူးပေါင်းဆောင်ရွက်တတ်ခြင်း
  • အပြောင်းအလဲ၊ ဒီမိုကရေစီနှင့် မြန်မာမွတ်ဆလင်မ်
    ဇော်မင်းထွေး
    2010 ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှ စတင်သော ဒီမိုကရေစီရေးအပြောင်းအလဲရေးစီးသည် ထောက်ခံမှု၊ ကန့်ကွက်မှုများအကြားမှ လူးလွန့်လှုပ်ရှားနေခဲ့ ကာ သိသာထင်ရှားသော အပြောင်းအလဲတချို့ကို မြင်တွေ့နေရပြီး အချို့အခြေအနေများသည်လည်း နဂိုမူရင်းအတိုင်း မပျက်မယွင်း မပြောင်းလဲပဲ တည်ရှိနေသည်မှာ ယနေ့ မြန်မာနိုင်ငံ၏ ပစ္စက္ခ အနေအထားပင်ဖြစ်သည်။
    သို့လော သို့လော မေးခွန်းများအကြား NLD ၏ Bi- Election ကာလအောင်ပွဲခံမှုနှင့်အတူ EU နှင့် အမေရိက အပါအဝင် နိုင်ငံကြီးများ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ပိတ်ဆို့ရေးနှင့် စီးပွားရေးမူဝါဒတို့ အလွန်အမင်းပျော့ပြောင်းလာကြပြီး နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၏ မျက်စိကျစရာ နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်မှာ ဧကန်မုချပင်ဖြစ်သည်။
    Photo: ABC Australia
    မြန်မာပြည်သူများအနေဖြင့် “သားရွှေအိုးထမ်းလာ” သောမြင်ကွင်းမျိုးကို စောင့်စားနေခဲ့သည်မှာ ဆယ်စုနှစ် အတန်ကြာခဲ့ပြီဖြစ်သည်။ နယ်စပ်အချို့တွင် တိုက်ပွဲနှင့် မငြိမ်သက်မှု အချို့၊ စနစ်ဟောင်း၏ အကျွင်းအကျန် ချစားမှုတစ်ချို့ရှိလင့်ကစား  “အပြောင်းအလဲရေစီးမှာ လိုက်ပါစီးမျောလိုက်ဦးမဟဲ့”  ဟူသောရွှေရောင်အိပ်မက်များက လူတိုင်းနီးပါး၏ အတွေးတို့တွင် မင်းမူထားကြသည် သို့ရာတွင်ကျွန်တော့်အတွေးစဉ်ထဲ၌ သံသယတို့ကကြီးစိုးနေဆဲ ပင်။
    အပြောင်းအလဲဆိုသည်မှာအတိတ်နှင့်လက်ရှိအချိန်တို့တွင်ဖြစ်ပေါ်နေသောအနေအထားနှင့်စနစ်တို့ကိုလက်မခံနိုင်သောကြောင့် ပိုကောင်းသည့်အနေအထားတစ်ရပ်ကိုဖန်တီးခြင်းဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။ သို့လင့်ကစား၊ လက်ရှိကျွန်တော်တို့လူ့အသိုင်းအဝိုင်း၏ပရမ်းပတာမျှော်လင့်ချက်နှင့် တလွဲအသုံးချလိုသည့် အကျိုးရှာစိတ် ဓာတ်များအကြားပေါက်ဖွါးလာခါစအပြောင်းအလဲမှာမည်သို့ဆိုးရွားစွာပုံသွင်းခံရမည်ကိုမတွေးဝံစရာပင်ဖြစ်သည်။ မှန်ပါသည်။ စနစ်ဟောင်းအကြား အကျဉ်းချခံထားရသည့် ဦးဏှောက်များနှင့် ကြီးပြင်းလာကြသော ကျွန်တော်တို့သဘောထားမကြီးနိုင်ကြသေးသည်မှာ အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စရာသည်။ သို့ပေငြား ယခုလက်ရှိဖြစ်ပေါ်နေသောအနေအထားတို့ကို သုံးသပ်ချက်များအရ မြန်မာပြည်သူများသည် စစ်မှန်သည့်အပြောင်း အလဲကိုအကယ်စင်စစ်လိုလားရဲ့လား ဟူသည့်အချက်မှာမေးခွန်းထုတ်စရာပင်ဖြစ်သည်။တိုင်းပြည်တည်ဆောက်ရေးတွင် အမျိုးသားစည်းလုံး ညီ ညွတ်ရေးနှင့်ရင်ကြာစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလွန်အရေးပါသော “Social Capital”ဟူသည့် လူမှုအရင်းကိုအသုံးချရေးအတွက် လူတိုင်း ပူးပေါင်းဆောင် ရွက်ရေးတို့မှာနိုင်ငံစည်ပင်ဖွံ့ဖြိုးရေးအတွက် အသက်သွေးကြောများသဖွယ်ဖြစ်သည်။ သို့ပေငြား အမျိုးသားစည်းလုံးညီ ညွတ်ရေးကို မျက်ကွယ်ပြုလိုသောမျိုးချစ်အမည်ခံအဖျက်သမားများနှင့်အမျိုးသားရေးခေါင်းစဉ်အောက်တွင်လူမျိုးရေးမုန်းတီးမှုကိုအသက်သွင်းနေကြသောနောက်ပြန်ဆွဲဝါဒီတို့အကြား၊မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာဝိုးတဝါးနှင့်အချိန်မရွေးပျောက်ပျက်သွားနိုင်သောအနေအထားတွင်ရှိနေ သည်။
    ယခုလက်တလောအွန်လိုင်းမီဒီယာများနှင့်၊ လူမှုရေးဝက်ဘ်ဆိုဒ်များ တွင် တွေ့နေရသောပို့စ်အများစု၊ကွန်းမန့်များနှင့်ဓာတ်ပုံအချို့တို့သည် လူမျိုးရေး မုန်းတီးမှုကိုအရှိန်အဟုန်ပြင်းပြင်းဖြင့်ဖန်တီးနေကြလျက်ရှိပြီးအဓိကအားဖြင့်မြန်မာမွတ်ဆလင်မ် များ(အထူးသဖြင့်”ရိုဟင်ဂျာ”)ကိုပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြသည်။ထိုအချက်ကထူးပြီးမဆန်းလှ။အသိဥာဏ်အမှောင်တိုက်ထဲပိတ်မိနေသောလူတစ်စု၏လုပ်ရိုးလုပ်စဉ်မျှသာဖြစ်ပြီး၊ယခင်ကလည်းရှိခဲ့သည်၊ ယခုလည်းလုပ်နေသည်၊နောင်လည်းဆက်လက်ရှိသွားမည်ဖြစ်သည်။သို့သော်၊ကျွန်တော့်အတွက် ထူးဆန်းနေသည်ကား၊နိုင်ငံကိုချစ်လှပါသည်ဆိုသောနိုင်ငံရေးသမားကြီးများကရေငုံနှုတ်ပိတ်နေကြသည်။
    နောက်ကိုပြန်မလှည့်ပါဆိုသောပုဂ္ဂိုလ်များကမျက်ကွယ်ပြုထားကြသည်။ပွင့်လင်းလာပါသည်ဆိုသောမီဒီယာကသတင်းထိန်ချန်ထားကြသည်။ထို့ထက်ပိုပြီးဆိုးသည်ကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင်ယက်မသဖွယ်ပဲ့ကိုင်ထိန်းသိမ်းပေးရန်တာဝန်ရှိသောလူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း(NGO)များနှင့်အဆိုပါNGOတို့၏တာဝန်ရှိ သည့်သူများကပါဝိုင်းဝန်းမြောက်ထိုးပင့်ကော်လုပ်ကြသောအခါ….။……
    ကျွန်တော်လွန်စွါမှပင်တုန်လှုပ်ခြောက်ခြားမိပါသည်။
    ယခင့်ယခင်ကဖွဲ့စည်းပုံအခြေခံဥပဒေများအရကော၊ယခုလက်ရှိ 2008 ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရပါ၊နိုင်ငံသားဖြစ်ခွင့်ဟူသည်ကို..
    • Person born of parents both of whom are nationals of the Republic of the Union of Myanmar
    • Person who is already a citizen according to law on the day this Constitution comes into operation.
    Sect: 345, 2008 constitution
    အဆိုပါအတိုင်းဖွင့်ဆိုထားသည်ကိုတွေ့ရသည်။သို့ဖြစ်သောကြောင့်၊လူတစ်ဦးအနေဖြင်၎င်းကိုယ်တိုင်ကော၊ ၄င်း၏မိဘနှစ်ပါးကပါမြန်မာပြည်တွင်  မွေးဖွါးသည်ဆိုပါ ၊မြန်မာနိုင်ငံသားဖြစ်ခွင့်ကိုအလိုအလျောက်ရရှိပြီး ဖြစ်သည်။
    • Equal rights before the law and legal protection
    • Non- discrimination based on race, birth, religion, official position, status, culture, sex and wealth
    • Equal opportunity
    (a) Public employment
    (b) Occupation
    (c) Trade
    (d) Business
    (e) Technical know-how and vocation
    (f) Exploration of art, science and technology.
    sect: 347, sect: 348, Sect:349
    ဖေါ်ပြပါမူရင်းအတိုင်းတရားဥပဒေရှေ့မှောက်တွင်လူတိုင်းအခွင့်အရေးတန်းတူရှိရမည်ဟူ၍၄င်း၊မျိုးနွယ်၊ ကိုးကွယ်ယုံကြည်မှု၊ရာထူးရာခံ၊ယဉ်ကျေးမှု၊ဥစ္စာဓန၊လိင်သဘာဝ၊စသည်အားတို့ဖြင့်ခွဲခြားဆက်ဆံမှုမပြုရဟူ၍၄င်းဖေါ်ပြပါရှိပြီးဖြစ်သည်။
    ထိုအချက်များကိုထောက်ရှုခြင်းအားဖြင့်တရားဥပဒေစိုးမိုးရေး၊ဒီမိုကရေစီနှင့်တိုင်းပြည်တည်ဆောက်ရေးကိုအမှန်တကယ်လိုလား
    သည်ဆိုပါကလူတစ်ဦးခြင်းစီ၏ဖြစ်တည်မှု၊နိုင်ငံသားတို့၏ရပိုင်ခွင့်နှင့်၎င်းတို့၏တန်ဖိုးတို့ကိုလက်ခံလေးစားပေးမှုပြုရမည်ဖြစ်ပြီး
    ထို့အပြင် နိုင်ငံသားတို့၏နောက်ဆက်တွဲအခွင့်အရေးများအဖြင့်အခြေခံဥပဒေမှပြဒါန်းထားသေးသည်တို့မှာ
    • The Right to life, dignity and personal freedom (sect:44,353, 354, 355)
    • Freedom of opinion and expression
    • Peaceful assembly
    • Freedom of association and organization
    • The right to language, culture , literature, education and health ( sect: 22,28,366)
    • Force labor, enslaving and anti-trafficking in person are prohibited. (sect:358, 359)
    • Religious freedom ( sect:34)
    ဖြစ်ကြပေရာ၊မြန်မာပြည်တွင်ပေါက်ဖွါးသောမိဘကမွေးဖွါးသည့်၊မြန်မာပြည်သားကျွန်တော်တို့မြန်မာမွတ်ဆလင်မ်အားလုံး၏ရပိုင်ခွင့်တို့နှင့်အကျုံး ဝင်နေသည်မှာအထင်အရှားပင်ဖြစ်သည်။
    သို့ပေငြားမျိုးချစ်ဝါဒီခေါင်းစီးအောက်တိုင်းပြည်ကိုအောက်ကျနောက်ကျအခြေအနေတွင်ဆက်လက် အကျဉ်းချထားလိုသော ပုဂ္ဂိုလ်တချို့၏ ဆင်ကန်း တောတိုးလုပ်ရပ်များအကြားလက်ရှိမြန်မာမွတ်ဆလင်မ်တို့၏အသက်အိုးအိမ်စည်းစိမ်များမလုံခြုံမှုနှင့်ဂုဏ်သိက္ခာပျောက်ရှမှုတို့ကိုတစ်ပြိုင်နက်ထဲခံစားနေရ သည်မှာနိုင်ငံကိုချစ်တတ်သူတိုင်းအတွက်အသည်းနာဖွယ်ရာကောင်းလှသော၊တိုင်းပြည်ခေါင်းဆောင်၊လူထုခေါင်းဆောင်ဟု ကင်ပွန်းတပ်ခံပုဂ္ဂိုလ်များအ တွက်အရှက်ရဖွယ်ကောင်းလှသော ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်လို့နေသည်။
    ရိုဟင်ဂျာအားမြန်မာပြည်သားဖြစ်ခွင့် ပေးမပေးကိစ္စနှင့်ပတ်သက်၍မှတ်ချက်ကျွန်တော်မပေးလိုပါ။
    သို့ရာတွင်လူဖြစ်တည်ခွင့်နှင့်လူ့ဂုဏ်သိက္ခာဟူသည့်လူတိုင်းလေးစားလိုက်နာရမည့်လောကပါလတရား အောက်တွင်၎င်းတို့၏ဖြစ်တည်ခွင့်နှင့် ပတ်သက် ၍ ကျွန်တော်ဆွေးနွေးကြည့်ချင်သည်။
    ယခုလက်ရှိရိုဟင်ဂျာလူမျိုးများကိုနိုင်ငံတကာအသိုက်အဝန်းက Stateless People များဟူ၍ကင်ပွန်းတပ်ပေးထားကြသည်။ နိုင်ငံမဲ့ပြည်သူများဟူ သည်မည်သည့်နိုင်ငံ၏ဥပဒေများအောက်တွင်မှအကာအကွယ်၊ အစောင့်အရှောက်ခံယူခွင့်မရပဲအကြမ်းဖက်နှိပ်စက်မှု၊ဖိနှိပ်မှုနှင့်၊လူသားအခွင့်အရေး ဆုံးရှုံးမှုတို့ကိုနင့်နင့်သီးသီးခံစားရသူများဟု ဆိုလိုသည်လူဖြစ်တည်မှုကိုလေးစားသည်ဟူလျှင်နိုင်ငံသားဖြစ်ခွင့်ကိုဘေးအသာချိတ်၍၄င်းတို့၏ရှင်သန်ရပ်တည်မှုအတွက်ဦးစွာပထမစဉ်းစားပေးရမည်ဖြစ်သည်။ရိုဟင်ဂျာဖြစ်ခြင်း၊ကရင်ဖြစ်ခြင်း၊အင်္ဂလိပ်ဖြစ်ခြင်း၊ဗမာဖြစ်ခြင်းဟူသည်ကျွန်တော်တို့၏ရွေးချယ်မှုမဟုတ်ပါ။
    သဘာဝတရားကြီးကမွေးဖွါးခြင်းနှင့်အတူတစ်ပါတည်းသတ်မှတ်ပေးလိုက်သောပြောင်းလဲ၍ မရသည့်အမှတ်သညာများပင်ဖြစ်သည်။ ထိုအမှတ်သညာ များသည်ကွဲပြားခြားနားခြင်း၏အလှတရားဖြစ်သည်မှာငြင်းဆန်စရာမလိုသည့်ပကတိအမှန်တရားပင်။သို့လင့်ကစား၊အသားအရောင်ကွဲပြားမှု၊လူမျိုးခြား နားမှု၊မတူညီသောဘာသာရေးယုံကြည် ချက် တို့အကြား လူ့သမိုင်းမှာသွေးအလိမ်းလိမ်းစစ် ပွဲများဖြင့်ညစ်ထေးခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီး တွင်မှ လူ့တန်ဖိုးကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဟူသည့်အယူအဆထွန်းကားပြန့်ပွါးလာခဲ့ပြီးကုလသမဂ္ဂမှတစ်ကမ္ဘာလုံးလက်ခံစံပြုရမည့်လူ့အခွင့်အရေး ကြေငြာစာတမ်းကို၁၉၄၈တွင်ထုတ်ပြန်ခဲ့သည်။အဆိုပါလူ့အခွင့်အရေးကြေငြာစာတမ်း၏အပိုဒ်သုံးတွင် ,
    “Everyone has the right to life, liberty and security of person. The right to life , liberty and security of person are connected with the right not to be tortured and slavery”
    လူသားတိုင်းသည်အသက်ရှင်ခွင့်၊လွတ်လပ်ခွင့်၊လုံခြုံခွင့်အစရှိသည့်အခြေခံအချက်သုံးချက်ကိုပြည့်ပြည့်ဝဝရရှိရမည်ဟူ၍လည်းကာင်း၊ အဆိုပါအခွင့် အရေးများသည်တစ်ခုနှင့်တစ်ခုအပြန်အလှန်အမှီသဟဲပြုနေပြီးမည်သူကမှမည်သူ့ကိုမျှနှိပ်စက်ငြင်းပန်းမှုနှင့်ကျွန်ပြုမှုမပြုလုပ်ရဟုပြင်းပြင်းထန်ထန်တားမြစ်ထားသည်။သို့ဆိုလျင်ဒီမိုကရေစီဘက်တော်သားများဟုမိမိကိုယ်ကိုမိမိယူဆသူများအနေဖြင့်ရိုဟင်ဂျာများအပေါ်မိမိတို့၏သဘောထားအားမိမိတို့ကိုယ်တိုင်ဆန်းစစ်စေလိုသည်။
    ကျွန်တော်သည်ရိုဟင်ဂျာများကိစ္စကိုသာဇောင်းပေးပြောဆိုလိုခြင်းမဟုတ်ပါ။
    မည်သည့်လူသားမဆိုအဆိုပါအခွင့်အရေးတို့တွင်အကျုံးဝင်၍အကျိုးခံစားခွင့်ရှိစေရမည်ဖြစ်သည်။
    ယိုးဒယားတစ်နိုင်ငံတည်းတွင်မြန်မာလုပ်သားလေးသန်းခန့်ရှိသည်။မလေးရှားနိုင်ငံတွင်လည်း၎င်းအရေအတွက်နီးပါးပင်။
    အများစုမှာတရားမဝင်လုပ်သားများဖြစ်ကြသည်။ကျွန်တော်တို့နိုင်ငံသားများဖြစ်ကြ သည်။သို့ဖြစ်ရာအချို့သောလုပ်ငန်းရှင်များ၏ခွဲခြားဆက်ဆံမှု၊အဆိုပါနိုင်ငံသားတို့၏အထင်သေးနှိမ့်ချမှုတို့ကိုမြန်မာများခါးစည်းခံစားနေကြရသည်။အဆိုပါသတင်းများကိုကြားရတိုင်း အဖြစ်အပျက်တို့ကိုမြင်တွေ့ သိရှိရတိုင်းမြန်မာနိုင်ငံသားဟုမိမိကိုယ်မိမိ ခံယူထားပါက ရင်နာခံစားရမည်သာဖြစ်သည်။ နိုင်ငံတကာတွင်မြန်မာလူမျိုးဆိုပါက ကျွန်တော်တို့ မျက်နှာငယ်ရသည်။အများအာဖြင့်နှိမ့်ချစော်ကားမှုခံစားရ သည် ဂုဏ်သိက္ခာပျောက်ဆုံးနေမှုကို မြန်မာတို့ခံစားနေရသည်မှာ ဆယ်စုနှစ်များစွာရှိပြီဖြစ် သည်။
    သို့သော်ထိုကဲ့သို့နိမ့်ပါးနေသည့်သမိုင်းကြောင်းကိုအသစ်အကောင်းနှင့်အစားထိုးရန်ကျွန်တော်တို့ကြိုးပမ်းကြမည့်အစားလူမျိုးရေးမုန်းတီးမှုများအားဖန်တီးကာဖြင့်တိုင်းပြည်ကိုနိမ့်ကျသည်ထက်နိမ့်ကျအောင်ဖန်တီးနေ ကြသည်မှာမကြည့်ချင်မြင်လျက်သားပင်။
    သို့ဖြစ်ပေရာပေါ်ထွန်းစအပြောင်းအလဲလမ်းကြောင်းကိုအသုံးချ၍တိုင်းပြည်ကိုတိုးတက်ရေးကို ဖေါ်ဆောင်ရန်ရွေးချယ်ကြမည်လား။
    သို့တည်းမဟုတ်ကျွန်တော်တို့မုန်းတီးလွန်းလှသည်၊ ခါးသီးလှပါသည်ဟူသော၊ယခင့်ယခင်နိုင်ငံရေးစနစ်အောက်သို့ပြန်လှည့်ကြမည်လား။
    စဉ်းစားကြဖို့လိုသည်။လက်ရှိအချိန်တွင်ပြုပြင်ရန်လိုအပ်သောကဏ္ဍများစွာရှိနေသည်။ အဖက်ဖက်ကချွတ်ချုံကျနေသောပညာရေး၊ကျန်းမာရေးနှင့် စီးပွါးရေးစံနစ်တို့ကိုပြုပြင်ပြောင်းလဲရန် ကြိုးစားကြရမည်။ ပွင့်လင်းလာမည်ဖြစ်သော စိန်ခေါ်မှုအပြည့်နှင့် ကမ္ဘာ့စီးပွားရေးစနစ်ထဲသို့ ဝင်ရောက် ယှဉ်ပြိုင် ရန် ကျွန်တော်တို့ အသင့်ပြင်ထားကြရမည်။ ကျန်ရှိနေသေးသော သယံဇာတတို့အပေါ် အမြတ်ထုတ်ယူရန် အသားပေးသည့်နိုင်ငံခြားရင်းနှီးမြှပ်နှံ မှု တို့ကို စည်းကျပ်ပေးမည့်မူဝါဒများထူထောင်၍ခေတ်သစ်ကိုလိုနီဝါဒ(Neo-colonism) အောက်ကျွန်တော်တို့တိုင်း ပြည် ပြန်လည် ကျရောက် မသွားအောင် ကာကွယ်ကြရမည်၊ ယောင်ဝါးဝါးအတွေးအခေါ်များနှင့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ နိုင်ငံရေးနောက် မျက်စိမှိတ်လိုက်လိုကြသည့် ပြည်သူအများစု၏ နိုင်ငံရေး အသိ အမြင်များကို အခြေခံမှစတင်ပြောင်းလဲပစ်ကြရမည်။ အပြောင်းအလဲ ဆိုင်းဘုတ်ကိုင်ဆောင်၍ လုပ်ချင်ရာ လုပ်နေကြသေးသော စနစ်ဟောင်း၏ အမာ ခံပုဂ္ဂိုလ်များအား ၎င်းတို့၏မူဝါဒကို ဆက်လက်ဖက်တွယ်သွားမည့်လမ်းကြောင်းတို့ကိုပိတ်ပင်သွားကြရမည်။ မိတ်ဆွေ…. ယနေ့ဖြစ်ပေါ်နေသော အနေအ ထားတို့အားအပြောင်းအလဲဟု သတ်မှတ်မည်ဆိုလျှင် ကျွန်တော်တို့မှာ နိဒါန်းအပိုင်းမှ စတင်ရန်ကြိုးစား ဆဲပင်ရှိသေးသည်။
    စစ်မှန်သောအပြောင်းအလဲဖေါ်ဆောင်ရေးအတွက်ကိုမူ ညီညွတ်သောစိတ်ဓါတ်၊ အဂတိလိုက်စားမှုကင်းသော ပြည်သူ့ဝန်ထမ်းများ နှင့် နိုင်ငံရေး စနစ်၊ တရားဥပဒေစိုးမိုးမှုနှင့်လေးစားလိုက်နာမှုသမာသမတ်ကျသော ခေါင်းဆောင်မှု၊စည်းကမ်းပြည့်ဝ လူ့အခွင့်အရေးကိုလေးစားလိုက်နာသော ပြည်သူများနှင့် အစစ်အမှန်ဒီမိုကရေစီစနစ်တို့ဖြင့် ရေရှည်လျှောက်လှမ်းရမည်ဖြစ်ပါသည်။
    ထို့ကြောင့် …. ကျွန်တော်တို့ညီညွှတ်ကြရမည်။အတူတကွအလုပ်လုပ်ကြရမည်။သာယာခေတ်မီသောလူ့ဘောင်လောကကိုအမြန်တည်ဆောက်ကြရ တော့မည်ဖြစ်ပါသည်။
  • မြန်မာ့အလှ (အလင်းတန်းဂျာနယ်ဆောင်းပါး)
    အေးလွင်
    မြန်မာနိုင်ငံ၏အလှမှာ ရုပ်ပိုင်းဆိုင်ရာမျှမဟုတ်ချေ။ မြန်မာပြည်သားတို့၏ နှလုံးသားတွင်လည်း ထင်ဟပ်လျက်ရှိပါသည်။ အမှန်တရားကို ခုံမင်တန်ဖိုး ထားကြသည့် မြန်မာတို့သည် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံအသီးသီးတို့ဖြင့် ထိုသစ္စာအမှန်ကို လွတ်လပ်စွာ ရှာဖွေခဲ့ကြ၏။ သက်သေအဖြစ်ပြပါဆိုလျှင် ကမ္ဘာ့အဓိက ဘာသာကြီးလေးခုတို့သည် မြန်မာနိုင်ငံ၌ ရောင်ဝါထွန်းလင်းလျက်ရှိ၏။
    မြန်မာတို့၏ ပင်ကိုဗီဇတွင် သနားကြင်နာတတ်သည့် ကရုဏာတရားသည် ကိန်းဝပ်လျက်ရှိပြီးဖြစ်၏။ မြန်မာပြည်သားလူများစုကိုးကွယ်သည့် ထေရဝါဒ ဗုဒ္ဓသာသနာသည် သတ္တဝါဟူသမျှ ကျောသားရင်သားမခွဲခြားဘဲ မေတ္တာထားရန် ညွှန်ပြထား၏။ ပုဂ္ဂိုလ်သတ္တဝါတို့မှာ ရုပ်နှင့်နာမ်ဖြင့်သာ စုဖွဲ့ထား၍ လူ မျိုးအားဖြင့်လည်းကောင်း၊ လူတန်းစားအားဖြင့်လည်းကောင်း ခွဲခြားမှုမရှိစေဘဲ ရှုမှတ်တတ်အောင် သွန်သင်ပြသခဲ့၏။ အိန္ဒိယနိုင်ငံတွင် စတင်ပေါ်ပေါက် ခဲ့သည့် မဟာယန၊ ထေဝါဒဗုဒ္ဓဘာသာနည်းတူ ဟိန္ဒူဓမ္မသည်လည်း ပျူခေတ်ကတည်းက မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သမိုင်းအထောက် အထားများ ရှိပါသည်။ အရှေ့အလည်ပိုင်းမှာ အစပျိုးခဲ့သည့် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာတို့သည်လည်း သူ့အတိုင်းအတာနှင့်သူ မြန်မာ့သမိုင်းမှာ ထည်ဝါသော အခန်းကဏ္ဍဖြင့် အတည်တကျရှိနေပါသည်။
    လူသားတို့အား ကောင်းကျိုးပြု၍ အလင်းဆောင်ခဲ့သည့် ဘာသာသာသနာအသီးသီးတို့မှာ ကမ္ဘာအနှံ့၌ ပွင့်ထွန်းခဲ့ကြသော်လည်း မြန်မာပြည်မှာ စည်ပင် သာယာ၍ ပြန့်ပွားထွန်းကားနေခြင်းမှာ မြန်မာတိုင်းက ဂုဏ်ယူသင့်သောအချက်ဖြစ်၏။ အကယ်စင်စစ်တွင်မူ လူသားတိုင်း၌ မိမိယုံကြည့်ရာကို ရွေးချယ် ပိုင်ခွင့်မှာ လူသား၏ မွေးရာပါအခွင့်အရေးတစ်ရက်ပင်ဖြစ်ပါသည်။ လူမျိုးဟူသည်မှာ မိမိနေထိုင်ရာဒေသ၊ မိမိခန္ဓာကိုယ်၏ ဖွဲ့စည်းတည်ဆောက်မှု စသည့် ရုပ်ဝိသေသလက္ခဏာတို့နှင့် သက်ဆိုင်ပါသည်။ ယုံကြည်ကိုးကွယ်မှုမှာ နှလုံးသားနှင့် လုံးဝသက်ဆိုင်လျက်ရှိပါသည်။ မည်သည့်လူမျိုးမဆို မိမိယုံကြည် ရာကို လွတ်လပ်စွာ လက်ခံကျင့်သုံးခွင်ရှိပါသည်။ ယင်းသို့ယုံကြည်ခြင်းအားဖြင့် လူမျိုးတစ်မျိုးအဖြစ် ပေါ်ထွန်းမလာနိုင်ပါ။ ဘာသာတရားတစ်ခုအား လက်ခံခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်နေထိုင်သော တိုင်းပြည်ပေါ်ချစ်မြတ်နိုးခြင်း၊ သစ္စာစောင့်သိခြင်းနှင့်လည်း မဆိုင်ပါ။ လူမျိုးပေါင်းစုံဖြစ့် ဖွဲ့စည်း ထား သာ နိုင်ငံတွင် ဘာသာပေါင်းစုံရှိနေမည်မှာ သဘာဝနိယာမဖြစ်ပါသည်။ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ တိုင်းပြည်နှင့် ယင်းတိုင်းပြည် တွင်း၌ နေထိုင်ကြသည့် လူသားတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်သာ အဓိကကျပါသည်။
    ဤနေရာတွင် နိုင်ငံသား၊ လူမျိုးနှင့် ဘာသာတို့အား ခွဲခြားစွာသိနိုင်ပါက တိုင်းပြည်တစ်ပြည်၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက် နိုင်ပါလိမ့်မည်။ တိုင်းပြည်တစ်ပြည်တွင် ဘာသာတူ၊ လူမျိုးခြား များရှိနိုင်သလို လူမျိုးတူ ဘာသာခြားများလည်း ရှိနိုင်ပါသည်။ သို့သော ယင်းတို့ အားလုံးမှာ နိုင်ငံသားများသာဖြစ်ကြပါ၏။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းဆောင်ခဲ့သူ ဟန်နရီ ကစ်စင်ဂျာ သည် ဂျာမန်ဂျူးလူမျိုး၊ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပါသည်။ ဂျာမနီနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကူးပြောင်းလာသူတစ်ဦး ဖြစ်ပါသည်။ လူမျိုးရေးနှင့်ပတ်သတ်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ခံယူချက်အား ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်၊ ရွှေတိဂုံစေတီအလယ်ပစ္စယံ၊ ဖဆပ လညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သည့် မိန့်ခွန်းအား လေ့လာကြည့်လျှင် သိနိုင်ပါလိမ့်မည်။ အနည်းငယ်ကောက်နုတ်တင်ပြရပါလျှင်
    “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ၊ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးခြင်းထပ်ပြီးလျှင် နှစ်ပရီစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းဟု စိတ်ထားရှိသူတို့ ကို တစ်စုတည်းပေါင်း၍ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့်ဘာသာတရား၊ ပြောဆိုသောဘာသာစကားတို့ အရေးထားရမည်ဖြစ် သော်လည်း အေးအတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာဆန္ဒပေါ်တွင် ဝံဿနုရက္ခိတတရားသည် တည်နေပေသည်။”
    မည်သည့်ဘုရားမျှ မပွင့်ခဲ့သည့် မြန်မာပြည်၌ မှီတင်းနေထိုင်ကြသည့် လူသားတို့ ဘာသာပေါင်းစုံကို လက်ခံကိုးကွယ်လျက်ရှိကြပါသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထူထောင်ရမည်ဖြစ်ပါသည်။ လွဲမှားသော အချက်အလက်များပေါ် အခြေခံပြီး စိတ်ဝမ်း ကွဲ ပြားမှုမဖြစ်သည့်ပါ။ လူအများစု ကိုးကွယ်သည့်ဘာသာနှင့် လူနည်းစုကိုးကွယ်သည့်ဘာသာဝင်တို့သည် အပြန်အလှန် စာနာထောက်ထားပြီး လေးစား ချစ်ကြည်ရန် အလွန်အရေးကြီးပါသည်။ လူကို လူလိုမြင်ပြီး ရုပ်နာမ်နှင့် တည်ဆောက်ထားသော လူသားတို့မှာ အခြေခံအားဖြင့် တူညီမှုရှိပြီး ကောင်းရာ လုပ်သောလူနှင့် မကောင်းရာလုပ်သောလူဟူ၍သာ ခွဲခြားအပ်ပါသည်။ ဘာသာတရားအဆုံးအမတို့ မည်မျှကောင်းစေကာမူ ယင်းဘာသာဝင်ပါဟု ခံယူ ထားသူတိုင်း ထိုတရားကောင်းတို့အား မကျင့်ကြပါ။ ထိုအခါ ဝါဒနှင့် ဝါဒီခွဲမြင်ရပါတော့မည်။ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမ ဖြစ်သင့်ပါ သည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ရအောင် ကြိုးစားအားထုတ်ကြရန်သာရှိပါ၏။ ဘာသာဝင်တစ်ဦး အဓမ္မမှုကျူးလွန်လျှင် ထိုသူ၏လုပ် ရပ်အဖြစ်မှတ်ယူပြီး ဘာသာတရား၏ အဆုံးအမကြောင့် ထိုမကောင်းမှုပြုဖြင်းဖြစ်သည်ဟု မခံယူအပ်ပေ။
    လူများစုက လူနည်းစုကို သက်ညှာရသလို လူနည်းစုကလည်း လူအများစု၏ မတူကွဲပြားမှုကို အသိအမှတ်ပြု၍ မှန်ကန်စွာ ဆက်ဆံမှသာလျှင် လူ့အစုဝေး တစ်ရပ်တွင် (Unity in Diversity) မတူကွဲပြားမှုမှ ညီညွတ်မှုတည်ဆောင်နိုင်ပေမည်။ ငါနှင့်မတူ ငါ့ရန်သူဟု မသတ်မှတ်ဘဲ မတူညီခြင်းမှာ ဉာဏ်ကူ ခြင်းဟုခံယူပါက ဗဟုဝါဒ (Pluralism) ၏ အကောင်းနှင့် အပြုသဘောသက်ရောက်မှု (Positive Impact) ကို ရရှိပေမည်။ မတူသူတို့နှင့်အတူ ငြိမ်းချမ်း စွာယှဉ်တွဲ၍ နေထိုင်နိုင်ရန် မတူညီမှုကို နားလည်သဘောပေါက်လက်ခံသည့် စိတ်ထား (Tolerance) ရှိရန်လိုအပ်ပါသည်။
    ~~~~~~~~~~
    နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေခွင့် မကြာမီက ရရှိထားသည့်သတင်းစာ (မေလ ၁ဝ ရက်နေ့ထုတ်) တွင် အစ္စလာမ်နှင့်ပတ်သတ်၍ လွဲမှားသော အချက် အလက်များဖော်ပြထားပါသည်။
    “ကိုလိုနီနယ်ချဲ့ခေတ်က မြန်မာပြည်တွင်းသို့ အိန္ဒိယမှလူများ တံခါးမရှိ ဓားမရှိ ဝင်ခွင့်ရ၍ ဘင်္ဂါလီလူမျိုးများဝင်လာကြောင်း၊ ယင်းတို့သည် သိမ်များကို ဖျက်၍ ဗလီများဆောက်ခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါလီ မွတ်ဆလင်၊ ချစ်တီးများ (ဆောင်းပါးရှင်၏ဖော်ပြချက်) သည် မြန်မာပြည်မှ တောင်သူလယ်သမားတို့ အား ငွေတိုးချေးပြီး ခေါင်းပုံဖြတ်ခဲ့ကြောင်း” စသဖြင့် ရေးသားထားပါသည်။
    မြန်မာပြည်သို့ အစ္စလာမ်သာသနာ ၇ ရာစုနှစ် အေဒီ၊ ပိတ်သုံမင်းလက်ထက် (အေဒီ ၆၅၂ – ၆၆၁) အတွင် အာရပ်လူမျိုးကုန်သည်တို့သည် သထုံ၊ မုတ္တမ အစရှိသော ဆိပ်ကမ်းမြို့သို့ ရောက်ရှိရာမှာ စခဲ့ပါသည်။ (ဦးကြည် ဘီအေ၊ ရာဇဝင်ဂုဏ်ထူး၊ မြန်မာရာဇဝင်သိအပ်ဖွယ်အဖြာဖြာ၊ စာမျက်နှာ (၈၁ – ၈၃)၊ သာသနာရောင်ဝါထွန်းပြောင်စေဖို့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၇ ခု မတ်လထုတ်)။
    ယင်းတို့တွင် ဆူဖီသူတောင်စင်တို့ပါဝင်ကာ မြန်မာပြည်သူတို့က ထိုသူတော်စင်တို့၏ သီလ၊ သမာဓိ၊ ပညာကို လေးစားကြည်ညိုခဲ့ကြပါ၏။ ထိုသူတော်စင် တို့ မြန်မာပြည်သူတို့၏နှလုံးသား (ပရမတ်တရား) နှင့် ဦးနှောက် (ဆင်ခြင်တုံတရား) တို့အပေါ် အောင်မြင်ခဲ့ကြ၏။ (Won the Hearts and Minds of the People) ပုဂံခေတ်ကျောက်စာတို့တွင် တိုင်းရင်းသား၊ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တို့အား ရည်ညွှန်းသည့် “ပန်းသိဃ်”၊ “ပသည်” ဟုရေးသား ချက်များ ပါရှိသည်။ (ဒေါ်တင်စိန်၊ ကုန်းဘောင်ခေတ်ယဉ်ကျေးမှု နိဒါန်း၊ အတွဲ ၃၊ အပိုင်း ၄၊ စာ – ၇၅။ ၁၉၇၃ ခုနှစ် ဇူလိုင်လထုတ်)
    ပုဂံခေတ်ရှေးဦးပိုင်းမှစ၍ တိုင်းပြည်နှင့်လူမျိုးအတွက် ဦးဆွေးဆံမြည့်အမှုထမ်းခဲ့သည့် တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့သည် ယနေ့ ထက်တိုင်ရှိနေပါသည်။ မြန်မာမင်းများက နိုင်ငံခြားသားကျွမ်းကျင်သူ အသိပညာရှင်၊ အတတ်ပညာရှင်တို့အား ငွေကြေးပေး၍ ငှားရမ်းထားသည့် ကြေးစားများအဖြစ်မဟုတ်ဘဲ တိုင်းပြည်၏ ရင်နှစ်သည်းချာ သားသမီးကောင်းရတနာများအဖြစ် အမှုထမ်းသူများတွင် ဝန်ကြီး မဟာဗန္ဓုလ၏တပ်မှူး နေမျိုးဂုဏ္ဍရတ် (အစ္စလာမ်ဘွဲ့အမည် အဗ္ဗဒုလ်လာရင်မ်) (ကုန်ဘောင်ဆက် မဟာရာဇဝင် ဒု – တွဲ၊ စာ ၃၇၉ – ၃၉၂) တောင်တွင်းကြီးစစ်ကြောင်း၏ ဗိုလ်ချုပ်အဖြစ်ခန့်ထားခံရသော အစ္စလာမ်ဘာသာဝင် အက္ကပတ်မြင်းဝန်၊ ပင်လယ်မြို့စားကြီး၊ မင်းကြီးမဟာမင်းထင်ရာဇာဦးခြုံ (ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တ) တွဲ၊ စာ ၈ဝ၉ – ၇၁ဝ၂) တို့အပါအဝင် ဆရာကြီးဦးရာဇတ်ကဲ့သို့ အာဇာနည်သူရဲကောင်း မျိုးချစ်မြန်မာမွတ်ဆလင်ကြီးများ ရှိခဲ့ပါသည်။
    ဆောင်းပါးရှင်သည် ဘင်္ဂါလီလူမျိုးနှင့် ချစ်တီးလူမျိုးကိုပင် ခွဲခြားမသိပေ။ ချစ်တီးတို့မှာ အိန္ဒိယတောင်ပိုင်းမှ ဟိန္ဒူဘာသာဝင်တို့ဖြစ်၏။ ဘင်္ဂါလီလူမျိုးတို့ မှာ ဘင်္ဂလားနယ်မှ ပုဂ္ဂိုလ်များဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များအဖြစ် ရှိနေကြပါသည်။ အစ္စလာမ်သာသနာသည် အတိုး စားခြင်းကို လုံးဝတားမြစ်ထားပါသည်။ ဝက်သားစားခြင်းထက်ပင် ပြစ်မှုထိုက်ပါသည်။ ဤကဲ့သို့ အခြေခံအချက်များကိုပင် မသိဘဲနှင့် မတူကွဲပြားမှု များနှင့် တည်ဆောက်ထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် သွေးဝမ်းကွဲ၍ စည်းရုံးမှုပျက်ပြားစေသည့် အခြေအမြစ်မရှိသော (Misinformation Disinformation) များကို သတင်းစာတစ်စောင်အနေဖြင့် မဖော်ပြသင့်ပါ။ နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် အဆိပ်သင့်စာပေများ ဖြန့်ဖြူးရာဌာနဖြစ်လာပါက နိုင်ငံ၏ကံကြမ္မာမှာ အလွန်ရင်လေးဖွယ်ရာဖြစ်ပါမည်။ မြန်မာ့အလှကို အကျည်းတန်အရုပ်ဆိုးအောင် အမုန်းတရားတို့ဖြင့် မချယ်မှုန်းသင့်ပါကြောင်း တင်ပြအပ်ပါသည်။
    အလင်းတန်းဂျာနယ် အမှတ် (၇၀၅)၊ မေ၂၁၊ တနင်္လာ၊ ၂၁၀၂၊ စာမျက်နှာ ၂၈နှင့် ၂၉ ကိုပြန်လည်ဖော်ပြပါသည်။
  • ဆရာ ဝင်းတင့်ထွန်းသို့ အိတ်ဖွင့်ပေးစာ
    ဆရာ ဝင်းတင့်ထွန်းခင်ဗျား
    ဆရာရေးသားတဲ့ ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်းစာအုပ် ကို ဖတ်ရှုရပါတယ်။ (မဖတ်ရသေးသူများ ဖတ်နိုင်ရန် ပူးတွဲ ပေးပို့လိုက်ပါတယ်)။ ဆရာရေးတဲ့စာအုပ်တွေဟာ ရွှေလို တန်ဖိုးထားရတာမို့ ကျနော် အမြဲတန်ဖိုးထား ဖတ်ပါတယ်။ ဆရာသည် သမိုင်းဆိုင်ရာ စာအုပ်အများအပြားကို ရေးခဲ့သူဖြစ်တဲ့အပြင် တိုင်းပြည်အတွက် အနစ်နာခံခဲ့သူ လေးစားအပ်သော ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုလည်း လေးစားလျှက်ပါ။
    ဆရာဝင်းတင့်ထွန်းက သူ့စာအုပ်သည် ပြီးပြည့်စုံသည်ဟု မဆိုနိုင်ပါဟု ဝန်ခံထားသော်လည်း မြန်မာ့လွတ်လပ်ရေး သမိုင်းမှာ ဖဆပလနှင့် လက်တွဲရုံတင်သာမက ဖဆပလ၏ လက်ရုံးပါတီတစ်ခုအနေနှင့် ထင်ထင်ရှားရှား ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ ဗမာမွတ်စလင် ကွန်ဂရက် (Burmese Muslim Congress)ကို စာအုပ်ထဲမှာ ထည့်သွင်းဖေါ်ပြထားခြင်း မရှိတဲ့အတွက် ဝမ်းနည်းမိသလို အံ့သြမိရပါတယ်။ တစ်ကယ်တော့ ဆရာကြီးဦးရာဇတ်ပင်လျှင် မြန်မာမွတ်စလင် ကွန်ဂရက်ရဲ့ အမတ်တစ်ဦးအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူပါ။
    ဗိုလ်ချုပ်အောင်ဆန်းက စစ်အပြီး မန္တလေးခရီးစဉ်မှာ မြန်မာမွတ်စလင် အဖွဲ့အစည်းတွေ အကွဲကွဲအပြားပြားနှင့် လွတ်လပ်ရေးတိုက်ပွဲဝင်ကြမည့်အစား အားထားလောက်သော အင်အားတစ်ရပ်ဖြစ်လာအောင် တစ်စုတစ်စည်းတည်း ပေါင်းစည်းလုပ်ကိုင်ကြရန် ဆရာကြီး ဦးရာဇတ်ကို မေတ္တာရပ်ခံချက်အရ မြန်မာမွတ်စလင် အဖွဲ့အစည်းပေါင်းစုံ၊ ခေါင်းဆောင်ပေါင်းစုံကို ဆရာကြီးက ဖိတ်ခေါ်ပြီး ၁၉၄၅ခု ဒီဇင်ဘာ ၂၅ မှာ ပျဉ်းမနားတွင် ဖွဲ့စည်းခဲ့သော နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်က ဗမာမွတ်စလင် ကွန်ဂရက်ရဲ့ ပထမဆုံး ဥက္ကဖြစ်ပါတယ်။ ဒီအဖွဲ့ကို အကြောင်းပြုပြီး နိုင်ငံအဝှမ်းက အမြို့မြို့အနယ်နယ်မှာ မြန်မာမွတ်စလင် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖေါ်ဆောင်ရုံမက ဗမာမွတ်စလင် အမျိုးသမီးအဖွဲ့၊ ဗမာမွတ်စလင် လူငယ်အဖွှဲ့ ဆိုတာတွေလည်း ခြိမ့်ခြိမ့်သဲ အစီအရီ ပေါ်ပေါက်ခဲ့ပါတယ်။ (မြန်မာ့သမိုင်းမှာ မြန်မာအသင်းချုပ်GCBA(General Council of Burmese Association)ကို အတုယူပြီး မြန်မာမွတ်စလင် အသင်းချုပ်ကြီး GCBMA(General Council of Burmese Muslim Association) ပေါ်ပေါက်ခဲ့သလို မြန်မာမွတ်စလင် ပညာရေးအဖွဲ့ချုပ်၊ မြန်မာမွတ်စလင် နိုးကြားရေးအဖွဲ့အပြင် အခြားမြန်မာမွတ်စလင်အဖွဲ့အစည်းတွေ အများအပြားလည်း ရှိခဲ့ပါတယ်။ ရှိစေတော့။)
    ဗမာမွတ်စလင်ကွန်ဂရက်သည် မြန်မာ့လွတ်လပ်ရေးအတွက် ဖဆပလအလံတော်အောက်မှာ ဖဆပလ၏ လက်ရုံးပါတီအဖြစ် တိုက်ပွဲဝင်ခဲ့ပြီး မြန်မာမွတ်စလင် လူဦးရေများသော ဒေသများတွင် မြန်မာမွတ်စလင်တွေအတွက် တွဲဖက်အတွင်းရေးမှူးနေရာကိုပင် တမင်ရာထား နေရာပေးခံရသော အဖွဲ့အစည်းဖြစ်ပါတယ်။ တစ်ကယ်တော့ ဖဆပလသည် အဖွဲ့ချုပ်ဖြစ်သည်နှင့်အညီ ပါတီအများအပြားက တွဲဖက်လုပ်ဆောင်ကြရာမှာ ဗမာမွတ်စလင်ကွန်ဂရက်သည် ဖဆပလတည်ထောင်ကာစမှစ၍ ဦးနုလက်ထက်မှာ ဖဆပလနှစ်ခြမ်းကွဲပြီး ဖျက်သိမ်းလိုက်သည်အထိ ဖဆပလနှင့် အရှည်ကြာဆုံး လက်တွဲပြီး တိုင်းကျိုးပြည်ကျိုးဆောင်ခဲ့တဲ့ အင်မတန် ထင်ရှားသော နိုင်ငံရေးပါတီကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုထင်ရှားပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ ဘယ်လိုမှ ဖယ်ချန်ထားလို့မရတဲ့ ဗမာမွတ်စလင်ကွန်ဂရက်ကို ဆရာဝင်းတင့်ထွန်းက ဘယ်လိုလုပ် ချန်လှပ်ထားခဲ့နိုင်ပါသနည်းဆိုတာကို မေးခွန်းထုတ်မယ်ဆိုရင် လက်ခံနားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ တစ်ကယ်တော့ သမိုင်းဆိုတာ မှတ်တမ်းတင်ဖို့၊ သင်္ခန်းစာထုတ်ယူတတ်ဖို့သာဖြစ်ပါတယ်။ သမိုင်းကို ဘယ်လိုလူစွမ်းကောင်းကမှ ပြန်ပြင်နိုင်ရိုး၊ ဖုံးကွယ်ထားတာမျိုး လုပ်လို့ မရနိုင်ပါဘူး။
    ဆရာ့ရဲ့ အမှောင်ကြားက ဗမာပြည်စာအုပ်မှာလည်း တကသကို သန္ဓေတည် စတင်ဖွဲ့စည်းတာကအစ၊ တက္ကသိုလ်မှာ God save The King အစား တို့ဗမာအစည်းအရုံး သီချင်းဆိုဖို့ တက္ကသိုလ်အာဏာပိုင်တွေ အရေးယူမှာကို မကြောက်ဘဲ ပထမဆုံး အဆိုတင်သွင်းတာကအလည်၊ တကသ၊ ဗကသ၊ တက္ကသိုလ်ကျောင်သားသပိတ်တွေနှင့် ပတ်သက်ပြီး သမိုင်းမှာ ဘယ်လိုမှ ဖယ်ချန်လို့မရတဲ့ ဦးရာရှစ်ရဲ့ အင်မတန် အရေးပါလှတဲ့ အခန်းကဏ္ဍတွေကိုတောင် မြန်မာမွတ်စလင်ဖြစ်လို့ တမင်မှိန်ထား၊ ချန်လှပ်ထားတာလားလို့ မေးခွန်းထုတ်ရမဲ့အချက်တွေ ရှိခဲ့ပါတယ်။ သို့သော် စာအုပ်တစ်အုပ်ထဲမှာ အားလုံးကို ဖေါ်ပြဖို့က မဖြစ်နိုင်ဘူးဆိုတာကို နားလည်ပြီး မထောက်ပြခဲ့ပါဘူး။
    အခုစာအုပ်မှာကျတော့ နယ်စပ်က အင်မတန်သေးငယ်သော အဖွဲ့အစည်း၊ မနေ့တစ်နေ့ကမှ ပေါ်ပေါက်လာသော အဖွဲ့အစည်း စသဖြင့် အဖွဲ့ပေါင်းစုံကို ထည့်သွင်းထားပေမဲ့ ကာလရှည်ကြာစွာ ရပ်တည်နေဆဲဖြစ်တဲ့ MLOB(Muslim Liberatoin Organization of Burma)နှင့် ABMU(All Burma Muslim Union)လို မြန်မာမွတ်စလင် အဖွဲ့အစည်းတွေကိုလည်း ချန်လှပ်ထားတာ ထပ်တွေ့ရပြန်တော့- – –
    ဆရာဝင်းတင့်ထွန်းခင်ဗျား။ မြန်မာမွတ်စလင်တွေရဲ့ သမိုင်းဆိုတာဟာ ဆရာဝင်းတင့်ထွန်းမြင်တဲ့ သမိုင်းမှာ တန်းမဝင်၊ စာရင်းမပေါက်များ ဖြစ်နေပါသလားဆရာ။ ဘယ့်အတွက်ကြောင့် ဗမာမွတ်စလင် ကွန်ဂရက်ကို ချန်လှပ်ထားရပါသလဲ ဆရာ။
    လေးစားစွာဖြင့်
    အောင်တင်
    မေလ (၂၂) ၂၀၁၂
    ဗမာပြည်နိုင်ငံရေးပါတီ အဖွဲ့အစည်း အသင်းအပင်းများ အညွှန်းစာအုပ်  PDF Version