News @ M-Media

Month: October 2013

  • ရန်ကုန်မြို့တွင်း ဂတ်စ် စွမ်းအင်သုံး ယာဉ်များ ခရီးသည်များ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် ဆောင်ရွက်ထားသင့်

    ရန်ကုန်မြို့တွင်း ဂတ်စ် စွမ်းအင်သုံး ယာဉ်များ ခရီးသည်များ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် ဆောင်ရွက်ထားသင့်

    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media
    လင်းလင်း

    ဓါတ်ပုံအညွှန်း - ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားလိုင်း တစ်ခု၏ မြင်ကွင်း
    ဓါတ်ပုံအညွှန်း – ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားလိုင်း တစ်ခု၏ မြင်ကွင်းတစ်နေရာ

    ရန်ကုန်  ။       ။         ရန်ကုန်မြို့တွင်းပြေးဆွဲနေသော ဂတ်စ်စွမ်းအင်သုံး ကားများအနေဖြင့် မကြာခဏ ဂတ်စ်အိုးကွဲမှု၊ ဂတ်စ်ပိုက်ပေါက်မှုများ ဖြစ်ပေါ်တတ်သဖြင့် ပိုမိုဂရုပြုရန် လိုအပ်နေကြောင်း သိရသည်။
    လွန်ခဲ့သော အောက်တိုဘာ ၆-ရက်နေ့ မွန်းလွဲ ၁-နာရီခွဲခန့်တွင် လှည်းတန်းမှတ်တိုင်အနီး၌လည်း အမှတ် ၄၅-မော်တော်ယာဉ်လိုင်းမှ ခရီးသည်တင် ဘတ်စ်ကား တစ်စီးမှာ ဂတ်စ်ပိုက်လိုင်းပေါက်ပြီး ကားမှ မီးခိုးများ အူလာပြီး မီးတောက်များ ထွက်လာသဖြင့် အနီးရှိ သဲ၊ ရေတို့ဖြင့် ငြိမ်းသတ်နိုင်လိုက်သဖြင့် မီးလောင်မှု၊ ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ဟု သိရသည်။
    အဆိုပါ ဘတ်စ်ကားပေါ်တွင် လိုက်ပါ စီးနှင်းခဲ့သူ ခရီးသည်တစ်ဦးမှ “လှည်းတန်းမီးပွိုင့်ကိုကျော်ပြီး လှည်းတန်းမှတ်တိုင်ရောက်ခါနီးမှာ ကားကရုတ်တရက်  မီးခိုးတွေ ထွက်လာတယ်၊ မီးလောင်တယ်ဆိုပြီးခရီးသည်တွေ အမြန်ဆင်းပြေးကြတယ်၊ ခရီးသည်တွေလည်း ရုတ်တရက်ထွက်ဖို့မလွယ်တော့ တစ်ကားလုံး ဆူညံသွားတယ်”ဟု ပြောပြခဲ့သည်။
    “ကားဂက်စ်ပိုက်ပေါက်တဲ့နေရာက အိတ်ဇောနဲ့လည်းနီးတော့ ရုတ်တရက်မီးခိုးတွေအူထွက်လာတာပါ၊ မီးတောက်အကြီးကြီးတော့မဟုတ်ပါဘူး။ မီးခိုးတွေကတော့ တစ်စီးလုံးအူနေတာပေါ့၊ လှည်းတန်းဂိတ်နားမှာ ဆိုတော့ သဲနဲ့ ရေကအလွယ်တကူရလို့တော်သေးတယ်။ ကားပေါ်မှာပါတဲ့ မီးသတ်ဆေးဘူးနဲ့
    အမြန်ဖျန်းလို့တော်သေး တာပေါ့၊ မဟုတ်ရင် မလွယ်ဘူးဟု”ဘတ်စ်ကားပေါ်တွင် စီးနင်းလိုက်ပါခဲ့သူ ခရီးသည်များက ပြောသည်။
    ဂက်စ်ကိုအဓိက အားထားအသုံးပြုနေရသော ရန်ကုန်ရှိ ယာဉ်များတွင် ခရီးသည်များလုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် ဆောင်ရွက်ထားသင့်ကြောင်း ခရီးသည်များက ပြောခဲ့သည်။

     

  • သံတွဲ အကြမ်းဖက်မှုတွင် မီးရှို့ဖျက်ဆီးခံရသည့် အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ/အိမ်/စာသင်ကျောင်း နှင့် အိုးအိမ်မဲ့ လူဦးရေ စာရင်း

    အောက်တိုဘာ၊ ၉

    M-Media

    ရခိုင်ပြည်နယ်၊ သံတွဲ အကြမ်းဖက်မှုတွင် မီးရှို့ဖျက်ဆီးခံရသည့် အစ္စလာမ် ဘာသာဝင်တို့၏ ဗလီ/အိမ်/စာသင်ကျောင်း နှင့် အိုးအိမ်မဲ့ လူဦးရေ စာရင်း (၂၀၁၃-ခု၊ စက်တင်ဘာ ၂၉ – အောက်တိုဘာ ၂-ရက်နေ့)

    Thandwe Damage (Sep 29 - Oct 2 2012)

  • အရေးပေါ်လူနာပြုစုနည်းဟောပြော

    အရေးပေါ်လူနာပြုစုနည်းဟောပြော

    အောက်တိုဘာ ၉၊ ၂၀၁၃
    M-Media
    အငယ်လေး

    DSC00357
    ရန်ကုန်  ။      ။       Myanmar Teaching English Network မှ ဒေါက်တာသန်းတင် ဟောပြောသည့် အရေးပေါ် လူနာပြုစုနည်း ဟောပြောပွဲ တစ်ရပ်ကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်းဖို့မြေရပ်ကွက်ရှိ အစ္စလာမ့် ဘာသာရေးစာသင်ကျောင်းတွင် ယနေ့ အောက်တိုဘာ ၉-ရက် ညနေ ၅း၃၀-နာရီတွင် ပြုလုပ်ခဲ့သည်။

    ၎င်းအခမ်းအနားတွင် (MTEN) မှ ဥက္ကဌ ဦးအောင်မြင့်မှ ယခုလို ဟောပြောပွဲလေးဟာ အလွန်အနှစ်သာရ ရှိတဲ့ကိစ္စဖြစ်ပြီး ကျန်းမာရေးနှင့် သက်ကြီးရွှယ်အိုများကို အရေးပေါ်ကိစ္စများပြုစုရန်အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစ္စလာမ့်ဘာသာရေးစာသင်ကျောင်း ဥက္ကဌ ဦးလှဝင်းမှလည်း ဤစာသင်ကျောင်း တွင် အင်္ဂလိပ်စာပေများ၊ ဘာသာရေး စာပေများ မြန်မာမွတ်စလင်မ် အမျိုးသမီးများ လူနေမှုဘဝ တိုးတက်စေရန် အတွက် ရည်ရွှယ်ပြီးလုပ်ဆောင်နေကြောင်း၊ ဆက်လက်ပြီး ကြိုးစားသွားမှာ ဖြစ်ကြောင်းပြောကြားခဲသည်။

    အခမ်းအနားတို့တက်ရောက်သူများထဲမှ မနှင်းနုဝေကလည်း ယခုကဲ့သို့ ဟောပြောပွဲများသည် အမျိုးသမီးများအတွက် အတွေ့အကြုံများစွာပြီး၊ အစ္စလာမ်အမျိုးသမီးများ အတွက် ယခုလို အစီအစဉ်များပြုလုပ်ပေးသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ၆း၄၅-နာရီ အချိန်တွင် ရုပ်သိမ်းခဲ့သည်။

    အဆိုပါ ဟောပြောပွဲသို့ လူ ၄၀-ခန့် တက်ရောက်ခဲ့ပါသည်။

  • ကမ္ဘာတဝှမ်းမှ မွတ်စလင် (၂)သန်း ဟဂ်ျပြုလုပ်ရန် မက္ကဟ်သို့ ရောက်ရှိ

    အောက်တိုဘာ၊ ၉
    M-Media

    03

    ဂျစ်ဒဟ် – JEDDAH။        ။ ဘ၀သက်တမ်းတစ်လျှောက်တွင် တစ်ကြိမ်တော့ ပြုလုပ်ရမည်ဖြစ်သော ဟဂ်ျကျင့်ဝတ်ကို ကျင့်ဆောင်ရန် အဖြူရောင်ခြုံလွှာများဖြင့် ကမ္ဘာအ၀န်းမှ လာရောက်ကြသငည့် ဟာဂျီလောင်း ၂ သန်းကျော်သည် “ လဗ်ဗိုင်းက အလ္လာဟွန်းမ လဗ်ဗိုင်းက် ” (အို – မြင့်မြတ်တော်မူသော အရှင်သခင်၊ အရှင်၏ ခေါ်ဆိုမှုကို နာခံလျက် ကျွန်ုပ် ယခုရောက်ရှိနေပါပြီ) ဟု ရွတ်ဆိုကာ မက္ကဟ်မြို့တော်သို့ ရောက်လာကြပြီဖြစ်၏။

    “သင်တို့ စိတ်ရှည်သည်းခံကြဖို့တော့လိုတယ်။ အင်န်ရှာအလ္လာဟ်၊ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ စိတ်မပူကြပါနဲ့ ” ဟု ယဉ်ကျေးမှုနှင့်ပြန်ကြားရေးဝန်ကြီးဌာန (Ministry of Culture and Information) မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဟမ်ဒန် (Hamdan) မှ ထောင်နှင့်ချီသောဟာဂျီလောင်းတို့အား ဂျစ်ဒဟ်လေဆိပ်ရှိ ဟာဂျီများ နားနေဆောင်တွင် ပြောကြားခဲ့သည် ဟု  အောက်တိုဘာလ ၇ ရက်၊ တနင်္လာနေ့၌ Bernama မှတင်ပြခဲ့သည်။

    ဟမ်ဒန်သည် ယခုလ ဟဂ်ျလာရောက်သူများအတွက် လေဆိပ်သီးသန့်ခန်းတွင် တာဝန်ယူရန် နှင့်  လာရောက်လေ့လာသော သတင်းထောက်များအား နေရာချ စီစဉ်ပေးရန် အကူညီပေးရသည့် ဆော်ဒီအာဏာပိုင်အရာရှိတစ်ဦးဖြစ်သည်။

    ဟမ်ဒန်နည်းတူ အခြားဆော်ဒီအရာရှိများလည်း ခရီးဆက်မည့်ဟာဂျီလောင်းများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုအပေါ် အထူးမေတ္တာရပ်ခံနေကြသည်။

    ဟာဂျီလောင်းများ၏ သက်တောင့်သက်သာရှိမှု နှင့် လွယ်ကူမှုအတွက် ဆော်ဒီအာဏာပိုင်များမှ ၀န်ဆောင်မှုများစွာဖြင့် ကြိုးပမ်းနေကြသော်လည်း အချို့မှာ နှောင့်နှေးမှုများကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

    ဟာဂျီလောင်းများအတွက် လေဆိပ်နားနေစခန်းသည် ပေ ၅ သန်း ပတ်လည် ကျယ်ဝန်းပြီး၊ ရွက်တဲပုံသဏ္ဍာန်ရှိ ဖိုင်ဘာမှန်တပ်အမိုးကြောင့် လူသိများကျော်ကြားသည်။ ခရီးသွားဦးရေ ၈၀,၀၀၀ ကျော် တစ်ပြိုင်နက်ဝတ်ပြုဆုတောင်းနိုင်သော ဗလီတစ်လုံးကို ၄င်း၌ ထားရှိထားခြင်းကြောင့် စောင့်ဆိုင်းနေရသော ဟာဂျီလောင်းများအတွက် ပိုမိုအဆင်ပြေချောမွေ့စေသည်။

    အကောက်ခွန် နှင့် လူဝင်မှုကြီးကြပ်ရေး ခန်းမများတွင်လည်း လေအေးပေးစက်များ တပ်ဆင်ထားပြီး၊ “၀ူဒူ” (ကိုယ်လက်သန့်စင်ရေး) လုပ်ဆောင်ရန် နေရာများ၊ သောက်ရေ စက်များ နှင့် အိမ်သာများ စသည့် ဖြည့်ဆည်းမှု အမြောက်အများပါရှိသည်။

    မက္ကဟ်မြို့တော်ရှိ မြင့်မြတ်နယ်မြေများတိုးချဲ့နေရခြင်းကြောင့် ယခုနှစ် ဟာဂျီဦးရေကန့်သတ်သည့်အစီအစဉ်အား ပြီးခဲ့သော ဇွန်လက ဆော်ဒီအာရေဗျမှ ကြေညာခဲ့သည်။ ဆော်ဒီ အာဏာပိုင်များက နိုင်ငံတွင်းမှလာရောက်မည့်ဟာဂျီလောင်းဦးရေအား ထက်ဝက်အထိ၊ နိုင်ငံရပ်ခြားမှလာရောက်မည့် ဟာဂျီလောင်းဦးရေကိုမူ ၂၀ ရာခိုင်နှုန်းနီးပါး လျော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ပြုပြင်နေဆဲကာလအတွင်း  “သွဝါ့ဖ်” (ကအ်ဗဟ်ဗိမာန်အား လှည့်ပတ်ဖူးမြှော်ရန်) အတွက် အဆင်ပြေစေရန် “မသွဖ်” ခေါ် ယာယီပေါင်းကူးတံတားတစ်ခု ထိုးထားပေးသည် ဟု သိရသည်။ ယင်းမသွဖ်တံတားဧရိယာ၌ တစ်နာရီလျှင် လူပေါင်း ၃၅,၀၀၀ အထိ သွားလာလှည့်ပတ်နိုင်မည်ဖြစ်သည်။

    Ref: OnIslam

  • အမျိုးသမီးများ ရှေ့နေ အဖြစ် ဆောင်ရွက်ခြင်းကို ဆော်ဒီ ခွင့်ပြု

    အောက်တိုဘာ၊ ၉
    M-Media

    Saudi Licenses Female Lawyers

    ဆော်ဒီအမျိုးသမီးများအနေနှင့် တရားရုံးတွင် အမှုလိုက်ခွင့် နှင့် အမျိုးသမီးဆိုင်ရာ ဥပဒေအဖွဲ့ တည်ထောင်ခွင့် ရတော့မည်ဖြစ်၏။

    ဘုရင့်နယ်မြေအတွင်း တရားရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ချပေးပြီးနောက် ဆော်ဒီတရားရုံးများတွင် အမှုလိုက်ဆောင်ရွက်ခွင့်ကို  ဆော်ဒီအမျိုးသမီးလေးဦးမှ ပထမဆုံးသမိုင်းဝင် ရရှိသွားပြီဖြစ်သည်။

    “ ဆော်ဒီအမျိုးသမီးလိုင်စင်ရရှေ့နေတွေကို ၀န်ကြီးဌာနက ကိုယ်ပိုင်ဥပဒေအကျိုးဆောင်ရုံးဖွင့်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ အမျိုးသမီးရှေ့နေများအဖို့ အခက်အခဲမရှိ လုပ်ကိုင်ဆောင်ရွက်သွားနိုင်စေမှာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးသမီးရှေ့နေများနဲ့သာဆက်ဆံလိုတဲ့ မိန်းမသားများကို ကူညီရာရောက် သွားပါတယ် ” ဟု အောက်တိုဘာ ၇ ရက်၊ တနင်္လာနေ့တွင် အမျိုးသမီးရှေ့နေတစ်ဦးဖြစ်သူ Feriyal Al-Kinj က Arab News သို့ ပြောကြားခဲ့သည်။

    ဆော်ဒီအမျိုးသမီးများအနေနှင့် တရားရုံးတွင် အမှုလိုက်ခွင့် နှင့် အမျိုးသမီးဆိုင်ရာဥပဒေအဖွဲ့တည်ထောင်ခွင့် ရတော့မည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။

    ဥပဒေပညာကိုသင်ကြားဆည်းပူးခဲ့သော်လည်း ဥပဒေရေးရာလုပ်ငန်းဆောင်ရွက်ခွင့် နှင့် အမှုလိုက်ခွင့် မရရှိခဲ့သော ဆော်ဒီအမျိုးသမီးများစွာက ဤဆုံးဖြတ်ချက်အားမျှော်လင့်စောင့်စားနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။

    လက်ရှိကာလစိန်ခေါ်ချက်များကြောင့် ဥပဒေဘောင်အတွင်းမှ အမျိုးသမီး အခွင့်အရေးအား ကာကွယ်နိုင်ရန်အတွက်  ‘I am a female lawyer’ ခေါင်းစဉ်တပ် ဆိုရှယ်မီဒီယာ ကမ်ပိန်းတစ်ခုကို ဆော်ဒီအမျိုးသမီးများမှ ၂၀၁၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

    “ ဒီလိုင်စင်က အမျိုးသမီးရှေ့နေတွေ ဒီသက်မွေးလမ်းကြောင်းအတွင်း အလုပ်လုပ်ကိုင်သွားနိုင်စေပါမယ်။ နိုင်ငံ့တရားရုံးတွေမှာအမှုလိုက်ဖို့ အရည်အသွေးပြည့်မီအောင်ဖြည့်ဆည်းပြီးတဲ့ အမျိုးသမီးရှေ့နေတွေကို ဒီလိုင်စင် ထုတ်ပေးမှာဖြစ်တယ်။ ဒါဟာ ထူးမြတ်ကြီးကျယ်တဲ့ ၀တ်ကျောင်းတော်နှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်သူ ဘုရင် အဗ်ဒုလ္လာဟ်က ဆော်ဒီအမျိုးသမီးတွေ အပေါ် အပြည့်အ၀ ကူညီပေးမယ့်ခြေလှမ်းတစ်ရပ်ပါပဲ ” ဟု Arab News ကိုကိုးကား၍ ဆော်ဒီ အမျိုးသမီးရှေ့နေ Bayan Zahran မှ ဆိုပါသည်။

    ဂျီဒဟ်ရှိ King Abdulaziz တက္ကသိုလ်ဘွဲ့ရ Arwa Al-Hujaili အား တရားဝင်ကွင်းဆင်းလေ့ကျင့်သူအဖြစ် ပြီးခဲ့သည့် ဧပြီလက လိုင်စင်ထုတ်ပေးခဲ့ပြီးနောက် သူမသည် သုံးလအတွင်း လိုင်စင်ရအမှုလိုက်ရှေ့နေတစ်ဦး ဖြစ်လာပေတော့မည်။

    “ အမျိုးသမီးရှေ့နေတွေကို လိုင်စင်ထုတ်ပေးခြင်းအားဖြင့် အမျိုးသမီးသက်မွေးလုပ်ငန်းကြီးတစ်ခုကို ဆော်ဒီအာရေဗျက ဖွင့်လှစ်ပေးလိုက်တာပါပဲ ” ဟု အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှု အဖွဲ့ လက်ထောက် ဒါရိုက်တာ Eric Goldstein က Sydney Morning Herald သို့ ဧပြီလတွင် ပြောကြားခဲ့သည်။

    ဤဆောင်ရွက်ချက်မှာ ဆော်ဒီအမျိုးသမီးများအတွက် ပထမဆုံး သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ် မဟုတ်ပါ။ ဤနှစ် ဇန္န၀ါရီလက အမျိုးသားများသာပါဝင်သော အစိုးရအတိုင်ပင်ခံဥပဒေပြုအဖွဲ့ – ယှူရာ ကောင်စီအတွင်း ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်မှ အမျိုးသမီးအမတ် လေးနေရာခန့်အပ်လိုက်ခြင်းဖြင့် ပင်လယ်ကွေ့နိုင်ငံ၌ အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်၍ မှတ်တိုင်တစ်ခု စိုက်ထူခဲ့သည်။ ၂၀၁၁ ခုနှစ်ကလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသမီးများ မဲပေးခွင့် နှင့် ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပေးခဲ့သည်။

    “ ဆော်ဒီလူ့ဘောင်နယ်ပယ်တိုင်းမှာ အမျိုးသမီးရဲ့အခန်းကဏ္ဍအပေါ် ခွဲခြားတာကို ကျွန်တော်တို့ လက်မခံပါဘူး ” ဟု ဘုရင်အဗ်ဒုလ္လာဟ်က ယှူရာကောင်စီသို့ ပြောကြားခဲ့ကြောင်း သိရ၏။

    ဆော်ဒီအမျိုးသမီးတို့အား ဥပဒေရေးရာတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးလိုက်ခြင်းသည် ဘုရင့်နယ်မြေအတွင်းရှိ တရားရုံးစံနစ်အပေါ် အမျိုးသားနှင့်အမျိုးသမီး အာဏာအားပြိုင်မှုအကျိုးသက်ရောက်တော့မည်လောဟု စိုးရိမ်သောက ဖြစ်လာစေသည်။

    ဆော်ဒီတရားစီရင်ရေးစံနစ်မှာ ကွာရှင်းပြတ်စဲခြင်းကိစ္စများ၌ အမျိုးသမီးများကို အခွင့်အရေးမပေးဘဲ ဖခင်များ၊ ခင်ပွန်းများဖက်သို့ တစ်ဖက်သတ်မျက်နှာလိုက်မှုများ ရှိနေသည်ဟု ကျယ်ကျယ်လောင်လောင် ရှုံ့ချစွပ်စွဲခံခဲ့ရသည်။

    “ အမျိုးသမီးရှေ့နေများက အမျိုးသားရှေ့နေများနဲ့ မပတ်သက်ဘဲ လွတ်လပ်စွာ လုပ်ကိုင်သွားနိုင်မှာပါ ” ဟု Zahran က ပြောကြားကြောင်း Arab News မှ ဖော်ပြသည်။

    သို့သော် လိုင်စင်ရအမျိုးသမီးရှေ့နေတို့သည် တရားရုံတော်များအတွင်း ခွဲခြားနှိမ့်ချဆက်ဆံမှု၊ တရားရုံးတက်ရန် တစ်ဦးတည်းလွတ်လပ်စွာသွားလာခွင့် စသော စိန်ခေါ်ချက်အချို့ကို ရင်ဆိုင်ကြရဦးမည်ဖြစ်သည်။

    ဆော်ဒီတရားရေးဝန်ကြီးဌာနမှ တရားရုံးများတွင် အမျိုးသမီးများအတွက် သီးသန့်ခန်းမဆောင်များ တည်ဆောက်ရန် စီမံထားကြောင်း၊ ဘုရင့်နယ်မြေအတွင်း တရားဝင်ဥပဒေအကျိုးဆောင်အမျိုးသမီး ၂၀၀၀ ကျော်ကို လျာထားကြောင်း Al-Kinj က ပြောကြားသည်။ “ ကျွန်တော့်ရဲ့အမှုသည် ၅၀ ရာခိုင်နှုန်းလောက်က အမျိုးသားတွေ ဖြစ်တယ် ” ဟု ၄င်းမှ ပြောပြခဲ့သည်။

    အမျိုးသမီးရှေ့နေဖြစ်ကြောင်း အသိအမှတ်ပြုရေး၌ ၄င်းတို့၏ နိကာ့ဗ် (ခေါင်းမြီးခြုံရိုးရာဝတ်စုံ)ကို မဖယ်ရှားပဲ လက်ဗွေနှိပ်စံနစ်တစ်ရပ်ဖြင့် ၀န်ကြီးဌာနမှ အစားထိုးစီမံထားသည်ဟု တနင်္လာနေ့က ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့သည်။

    ဘုရင် အဗ်ဒုလ္လာဟ် နန်းတက်သည့် ၂၀၀၅ ခုနှစ်မှစ၍ ဆော်ဒီအာရေဗျ၌ အပြောင်းအလဲများစွာကို တွေ့ရှိရသည်။

    ၂၀၀၉ ခုနှစ်တွင် အမျိုးသမီးပညာရေးအတွက် Norah al-Fayez ကို ပညာရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ရာ၊ အမျိုးသမီးတစ်ဦးအနေဖြင့် ၀န်ကြီးအဆင့်သို့ ပထမဆုံးရောက်ရှိသူ ဖြစ်လာခဲ့သည်။

    များမကြာသေးမီကလည်း ဆော်ဒီအမျိုးသမီး နှစ်ဦးမှာ လန်ဒန်အိုလံပစ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အခြေခံပုံဟန် အပြောင်းအလဲဖြစ်သွားသည်။

    သြဂုတ်လ ၈ ရက်နေ့က လန်ဒန်ပြေးခုန်ပစ်ပြိုင်ပွဲတွင် တာလတ်အပြေးသမား Sarah Attar ၀င်ရောက်ယှဉ်ပြိုင်သည်၌ ဆော်ဒီအာရေဗျကိုယ်စားပြု ပထမဆုံးအမျိုးသမီးအားကစားသမားအဖြစ် သမိုင်းဝင်ခဲ့ပြီး၊ ရက်အနည်းငယ်အကြာ ဂျူဒိုပြိုင်ပွဲတွင် ဆော်ဒီအမျိုးသမီး Wojdan Shaherkani ကိုလည်း ထပ်မံ တွေ့မြင်ခဲ့ရ၏။

    Ref: OnIslam