News @ M-Media

Month: October 2013

  • အောက်တိုဘာ၊ ၁၀ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းတို

    အောက်တိုဘာ၊ ၁၀
    M-Media

    ရွေးကောက်ပွဲ ဆန္ဒမဲလက်မှတ်တွင် ဖယောင်းသုတ်မှု တိုင်ကြားသည့် ဦးဥာဏ်ဝင်းကို ပြစ်ဒဏ်ချမှတ်

    ၂၀၁၂-ခု ကြားဖြတ် ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအမှတ်အသားပါရှိသော မဲလက်မှတ်များပေါ်တွင် ဆန္ဒမဲ မပေးနိုင်စေရန်
    ဖယောင်းသုတ်ထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းမှ တိုင်ကြားမှု သည် မမှန်မကန် သတင်းပေးတိုင်းကြားမှုဖြစ်သည်ဟုဆိုကာ ဦးဥာဏ်ဝင်အား ရွေးကောက်ပွဲကော်မရှင်မှ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် တိုင်ကြားခဲ့သဖြင့်
    ဦးဥာဏ်ဝင်းအား တရားရုံးမှ ထောင်ဒဏ် ၁-လ သို့မဟုတ် ငွေဒဏ်တစ်ထောင်ကျခံရန် ယနေ့ အမိန့်ချမှတ်လိုက်သည်ဟု ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။
    _______________________

    ပညာရေးစီမံမှု ညံ့ဖျင်းကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ပြောပြီ

    ဒီနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပညာရေးနှင့်ပတ်သက်ပြီး ၀န်ကြီးဌာနများရဲ့ ပြုပြင်ပြောင်းလဲမှုများ ထင်သာမြင်သာရှိစေရန်၊တွဲဖက်အထက်တန်းကျောင်း များ တိုးမြှင့်ပေးရန် အချက်များကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်င့ရဲ့ လက်ရှိပညာရေး စီမံခန့်ခွဲမှု ညံ့ဖျင်းနေတယ်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီနေ့ ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ကြောင်း RFA သတင်းမှာ ဖော်ပြပါရှိပါတယ်။
    ______________________

    ကေအိုင်အို ပါဝင်ရန်ကြိုးပမ်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး

    ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားထားသည့်အောက်တိုဘာလတွင် ကျင်းပမည်ဟု တစ်နိုင်ငံလုံးအပစ်အခတ်အရပ်စဲရေးကို KIO အနေဖြင့် တစ်နိုင်ငံလုံး
    အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်သော်လည်း လက်မှတ်ရေးထိုးမည် မထိုးမည်ကို ပြောကြားထားခြင်းမရှိကြောင်း မဇ္ဈိမသတင်းဌာနတွင်
    ဖော်ပြထားထားပါတယ်။
    ______________________

    ပြည်တွင်းစစ်နှင့်ငြိမ်းချမ်းရေးကဗျာစာအုပ် ရောင်းရငွေ စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းမည်

    ကဗျာဆရာ ၁ဝဝကျော် ပါဝင်ရေးသားထားတဲ့ “စစ်၊ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေး” ကဗျာစာအုပ်ကို ရောင်းချပြီး စစ်ဘေးဒုက္ခသည်တွေကို ထောက်ပံ့နိုင်ဖို့ NLD ပညာရေး၊ ကျန်းမာရေး ကွန်ရက်တွေကတစ်ဆင့် လှူဒါန်းသွားမယ်လို့ အောက်တိုဘာ ၁ဝရက်နေ့မှာ ပြောဆိုလိုက်ကြောင်း ကမာရွတ်ရုပ်သံသတင်းမှတဆင့် သိရှိရပါတယ်။
    ______________________

    အီးယူ လူ့အခွင့်အရေးလှုပ်ရှားမှုဆုအား မာလာလာ ရရှိ

    201310716440260734_20

    တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် သေလုမြောပါးအခြေအနေဖြစ်ခဲ့ပြီး အသက်ဘေးမှလွတ်မြောက်လာခဲ့သည့် ပါကစ္စတန် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မာလာလာ ယူဆက်ဖ်ဇာအီမှာ ဥရောပသမဂ္ဂမှချီးမြှင့်သည့် လူ့အခွင့်အရေးလှုပ်ရှားမှုဆုအား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    “ဒီကနေ့ ပိုကောင်းတဲ့အနာဂတ်အတွက် ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဟာ မာလာလာ ယူဆက်ဖ်ဇာအီလို လူငယ်လေးတွေအပေါ်မှာ တည်ရှိနေတယ်ဆိုတာ ကမ္ဘာကြီးကိုပေးသိဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဥရောပပြည်သူ့ပါတီ (EPP) မှ ဥက္ကဌ ဂျိုးဆက်ပ် ဒေါလ်က ယနေ့တွင်ပြောကြားလိုက်သည်။

    အသက် ၁၆နှစ်အရွယ်သာရှိသေးသည့် မာလာလာမှာ အစ္စလာမ်အမည်ခံ အစွန်းရောက်ဝါဒအား ဆန့်ကျင်ခဲ့သူဖြစ်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်လည်း အမည်တင်သွင်းခြင်းခံခဲ့ရသည်။ ၎င်းမှာ ပါကစ္စတန်နိုင်ငံရှိ တာလီဘန်တို့ကြီးစိုးသည့် ဆွက်တောင်ကြားဒေသတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အမျိုးသမီးများ ပညာ သင်ယူရေးအား တားမြစ်ခဲ့သည့် တာလီဘန်တို့၏ ၀ါဒများကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့သူဖြစ်သည်။

    ———————————–

    ပါလက်စတိုင်းဒုက္ခသည်များအား ဒေါ်လာ ၅ သန်း ဂျပန်အကူအညီပေးမည်

    ဆီရီးယားတွင်ဖြစ်ပွားနေသည့်ပြည်တွင်းစစ်ကြောင့် နေရာပြောင်းရွှေ့နေရသည့် ပါလက်စတိုင်းဒုက္ခသည်များအား အလျင်အမြန်အကူအညီပေးရန်အတွက် ကန်ဒေါ်လာ ၅ သန်းထောက်ပံ့မည်ဟု ဂျပန်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့သည်။

    ပါလက်စတိုင်းနိုင်ငံဆိုင်ရာ ဂျပန်ကိုယ်စားလှယ် မတ်ဆုရာက ဆီးရီးယားတွင်ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ပတ်ဝန်းကျင်နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပါလက်စတိုင်းဒုက္ခသည် ၅ သိန်းကျော်ကို ကူညီထောက်ပံ့ပေးရန်အတွက် ဤကဲ့သို့အကူအညီပေးခြင်းဖြစ်ပြီး ကလေးငယ်များ၏ ပညာရေးအတွက် အဓိကရည်ရွယ်သည်ဟု ပြောဆိုခဲ့သည်။

    အဆိုပါ ငွေးကြေး အကူအညီအား ကုလသမဂ္ဂမှတစ်ဆင့်ပေးအပ်သွားမည်ဖြစ်သည်။ ဆီးရီးအားအတွက် ဒေါ်လာသန်း ၆၀ အကူအညီပေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့သည့် စက်တင်ဘာလ ကြေညာခဲ့ပြီး ယခုပေးအပ်သည့် အကူအညီမှာ ထိုထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

    …………………………………..
    သံအမတ်အား ဖမ်းဆီးခဲ့ခြင်းအတွင် ရုရှားအား နယ်သာလန်တောင်းပန်

    နယ်သာလန်နိုင်ငံ Hague မြို့ရှိ ရဲတပ်ဖွဲ့က ရုရှားသံအမတ်အား ဖမ်းဆီးထားခြင်းနှင့်ပက်သက်၍ နယ်သာလန်နိုင်ငံက ရုရှားနိုင်ငံအား တောင်းပန်ပါကြောင်း နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး ဖရန့် တင်မာမန်စ်က ယမန်နေ့တွင်ပြောကြားလိုက်သည်။

    ရုရှားသံအမတ် ဒီမီထီ ဘိုရိုဒင်အား ပြီးခဲ့သည့် စနေနေ့က ရဲစခန်းတွင် နာရီအနည်းငယ် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ဖမ်းဆီးမှုက နိုင်ငံများအကြား အပြန်အလှန်သံတမန်ဆက်ဆံရေးနှင့်ပက်သက်ပြီး ချမှတ်ထားသော ဗီယင်နာသဘာတူညီချက်ပါ စည်းကမ်းများကို ဖောက်ဖျက်ခြင်းဖြစ်သည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါကြောင်း တင်မာမန်စ်ကထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်သော အစီရင်ခံစာတွင် “နယ်သာလန်နိုင်ငံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံအား တောင်းပန်အပ်ပါသည်” ဟု ရေးသားဖော်ပြခဲ့သည်။

    ရုရှားသံအမတ်မှာ အရက်မူပြီး ပတ်ဝန်ကျင်အားနှောက်ယှက်နေသည့်အတွက် ဖမ်းဆီးရကြောင်း နယ်သာလန်ရဲတပ်ဖွဲ့ကပြောဆိုခဲ့သော်လည်း ရုရှားသမ္မတ ပူတင်က ထိုကဲ့သို့ဖမ်းဆီးမှုမှာ ဂျီနီဗာ သဘောတူညီချက်အား ချိုးဖောက်ခြင်းဖြစ်သည့်အတွက် နယ်သာလန်အနေဖြင့် ရုရှားအား တောင်းပန်ရန် ပြီးခဲ့သည့် အင်္ဂါနေ့က တောင်းဆိုခဲ့သည်။
    Ref: aljazeera
    ……………………………….
    အီဂျစ်အားပေးအပ်နေသည့် စစ်ရေးအထောက်အပံ့များအား အမေရိကန်ရပ်ဆိုင်း

    မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကို ထောက်ခံသူများနှင့် အဏာသိမ်းစစ်အစိုးရအားထောက်ခံသူအများအကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က အီဂျစ်စစ်တပ်အား ပေးအပ်နေသည့် အဓိကစစ်လက်နက်ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

    အီဂျစ်စစ်တပ်အား နှစ်စဉ်ပေးအပ်နေသည့် ထောက်ပံ့ငွေ ကန်ဒေါ်လာသန်း ၂၆၀ အပါအ၀င် အဆင်မြင့်စစ်လက်နက်ပစ္စည်းထောက်ပံ့နေမှုအား ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ထိုကဲ့သို့ရပ်ဆိုင်းမှုမှာ စစ်တပ်ကအာဏာသိမ်း၍ အုပ်ချုပ်နေသည့် အီဂျစ်နိုင်ငံအတွင်း သီတင်းပတ်ပေါင်းများစွာ ဖြစ်ပွားနေသည့် သွေးမြေကြမှုများနှင့်ပက်သက်ပြီး စိုးရိမ်ကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ထိုရပ်ဆိုင်းမှုမှာ အမြဲတမ်းမဟုတ်သော်လည်း မျှတ၍လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ ထွက်ပေါ်လာ၍ ယုံကြည်စိတ်ချရသော တိုးတက်မှုများကိုတွေ့မြင်ရသည့်အချိန်အထိ စောင့်ကြည့်နေမည်ဟု အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန် ပီဆာကီက ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

    အီဂျစ်နိုင်ငံမှာ အစ္စရေးပြီးလျှင်အမေရိကန်ထံမှ စစ်ရေးအထောက်အပံ့ အများဆုံးရသောနိုင်ငံဖြစ်ပြီး အပါချီရဟတ်ယာဉ်များ၊ F 16 တိုက်လေယာဉ်များ၊ M1A1 တင့်ကားအစိတ်အပိုင်းများ၊ ဟာပွန်ဒုံကျည်များ အစရှိသဖြင့် အဆင့်မြင့်စစ်လက်နက်များပါဝင်သည်ဟု တာဝန်ရှိသူများက သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref:channelnewsasia
    ……………………………….
    မလေးရှားတွင် လေယာဉ်ငယ်တစ်ဦးပျက်ကျ ၁ ဦးသေဆုံး

    မလေးရှားနိုင်ငံ ဆာဘားပြည်နယ်တွင် ယနေ့နံနက်ပိုင်းက ခရီးသည်တင် လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    မလေးရှားလေကြောင်းလိုင်းမှ Twin Otter အမည်ရ လေယာဉ်ငယ်မှာ ပြည်တွင်းတွင်ပြေးဆွဲရသည့် လေယာဉ်ဖြစ်ပြီး လေယာဉ်ကွင်းသို့ ဆင်းသက်ရာမှ လေယာဉ်ကွင်းအနီး အကူဒက်ဒေသတွင်ပျက်ကျခဲ့ကာ လူနေအိမ်တစ်လုံးအား တိုက်မိခဲ့သည်ဟုသိရသည်။

    လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များမှ ၁၆ ဦးအား ကယ်တင်နိုင်ခဲ့ပြီး စိုးရိမ်ရသည့် ခရီးသည် ၃ ဦးအပါအ၀င် ၆ ဦးဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သေခံ မီးသတ်တပ်ဖွဲ့မှပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ဒဏ်ရာရရှိသူခြောက်ဦးထဲမှ တစ်ဦးမှာ သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ပြောကြာခဲ့သည်။

    …………………………………………..
    စာပေဆိုင်ရာနိုဘယ်ဆု ကနေဒါ စာရေးဆရာမတစ်ဦးရရှိ

    ယခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုကို ကြေညာခဲ့ရာ ကနေဒါ စာရေးဆရာမ အလိုက်စ် မွန်ရိုက ဆွတ်ခူးရရှိသွားခဲ့သည်ဟု သိရသည်။

    နိုဘယ်ဆုရွေးချယ်ရေးကော်မတီက မွန်ရိုအား ခေတ်ပြိုင်ဝတ္ထုတိုရေးသားရာတွင်ဆရာတစ်ဆူဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။

    အသက် ၈၂ အရွယ်ရှိပြီဖြစ်သည့် မွန်ရိုမှာ စာအုပ်ပေါင်းမြောက်များစွာကို ရေးသားခဲ့သူဖြစ်ပြီး ဆုများစွာကိုလည်းရရှိခဲ့သူဖြစ်သည်။ Hateship, Friendship, Courtship, Loveship, Marriage စသည့် စာအုပ်များအတွက် အမေရိကန်ရှိ နာမည်ကြီးစာပေအကဲဖြတ်ရေး အဖွဲ့မှ ချီးမြှင့်သည့် National Book Critics Circle  ဆုကိုရရှိခဲ့သူဖြစ်ပြီး ကနေဒါ၏ အမြင့်ဆုံးစာပေဆုဖြစ်သည့် Governor General ဆုကိုလည်း သုံးကြိမ်တိုင်တိုင်ရရှိခဲ့သူဖြစ်သည်။

  • အောက်တိုဘာ ၁၀၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၀၊ အားကစားသတင်း စုစည်းမှု

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media

    ရှေ့တန်းမှာပဲ ကစားဖို့ ထိုက်တန်တယ်လို့ ခံစားရတဲ့ ၀ိန်းရူနီ


    မန်ချက်စတာယူနိုက်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ၀ိန်းရူနီက ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာချင်ခဲ့သော်လည်း ယခုအချိန်တွင် ထိုပြဿနာ အား ဖြေရှင်းပြီးဖြစ်သည်ဟု ပြောဆိုလိုက်သည်။

    ဖာဂူဆန်လက်ထက်က ကွင်းလယ်တွင်ကစားခိုင်းခဲ့သောကြောင့် စိတ်ပျက်ကာ အသင်းမှထွက်ခွာရန် စဉ်းစားခဲ့ဖူးကြောင်းပြောကြားခဲ့ပြီး အသင်းရှိ ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းမရှိချေ။

    ရူနီအား ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်နှင့် ချယ်ဆီးအသင်းတို့မှ ခေါ်ယူရန်စိတ်ဝင်စားခဲ့သော်လည်း မန်ယူအသင်းမှ ရောင်းချရန် ငြင်းဆိုခဲ့သည်။

    ယခုနှစ် ရာသီအစတွင် အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ပြီး ၈-ပွဲကစားကာ ၅-ဂိုးသွင်းယူ ပေးထားသည့် ရူနီက “ကျွန်တော် ဘယ်နေရာမှာ ကစားချင်သလဲဆိုတာ အသင်းမှာရှိတဲ့လူတိုင်းသိကြပါတယ်။ (ပြီးခဲ့တဲ့နှစ်က) ကျွန်တော်မကစားချင်တဲ့ အလယ်တန်းမှာကစားဖို့ တာဝန်ပေးခံခဲ့ရတာပါ။ ကစားနေကျ နေရာမဟုတ်ပေမယ့် ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ကစားနေကျ ရှေ့တန်းမှာပဲ ကစားဖို့ထိုက်တန်တယ်လို့ ကျွန်တော်ခံစားရပါတယ် ” ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။
    goal
    ________________________
    အာဆင်နယ်သို့ပြန်လာနိုင်သည်ဟု ဆောင်းဆို


    လာလီဂါထိပ်သီး ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ အဲလက်စ်ဆောင်းက အသင်းဟောင်းအာဆင်နယ်အား စွဲလမ်းမှုများရှိနေသည်ဟု ၀န်ခံပြောဆိုလိုက်ပြီး ပရီးမီးယားလိဂ်သို့ပြန်လည်သွားရောက်မည်ဟု သတင်းထွက်ပေါ်နေမှုများအား ငြင်းဆိုခြင်းမပြုခဲ့ပေ။

    အသက် ၂၆ နှစ်အရွယ်ရှိ ဆောင်းမှာ ဘာစီလိုနာအသင်းသို့ ပြီးခဲ့သည့်ရာသီက ယူရို ၁၇ သန်းဖြင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ပွဲထွက်ကစားသမားဖြစ်ရန် ရုန်းကန် နေရကာ ယခင်က ၆ နှစ်ကြာကစားခဲ့သည့် အာဆင်နယ်အသင်းသို့ ပြန်လာရန် စိတ်ဝင်စားမှု ရှိနေသည်ဟု ၀န်ခံခဲ့သည်။

    “အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲဒီ(အာဆင်နယ်)မှာ ရင်ခုန်စရာကောင်းတဲ့အချိန်တစ်ချို့ကို ဖြတ်သန်းခဲ့ရ တယ်ဆိုတာကတော့ အမှန်ပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ အခုအချိန်မှာတော့ ကျွန်တော်ဟာ ဘာစီလိုနာ ကစားသမားတစ်ယောက်ပါ” ဟု RMC သတင်းဌာနသို့ အဲလက်စ်ဆောင်းက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က လာလီဂါချန်ပီယံဖြစ်ခဲ့သည့် ဘာစီလိုနာအသင်းတွင် အဲလက်စ်ဆောင်းမှာ ၁၇ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။
    goal
    ________________________


    အသင်းပရိတ်သတ်များကို ဘင်နီတက်ဇ်ချီးကျူး


    နာပိုလီအသင်း၏ နည်းပြဖြစ်သူ ဘင်နီတက်ဇ်က အသင်း၏ရာသီအစ ပုံစံကောင်းများရရှိနေခြင်း၏ နောက်ကွယ်တွင် အသင်းပရိတ်သတ်များ၏ အားပေးမှုသည်လည်း အဓိက အခန်းကဏ္ဍက ပါဝင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    နာပိုလီအသင်း၏ စီးရီးအေနှင့် ချန်ပီယံလိဂ်တွင်ရရှိနေသည့် လက်ရှိ ပုံစံကောင်းများအတွက် နာပိုလီပရိတ်သတ်များမှာ အပြုသဘောဆောင် သည့်စွမ်းအားများဖြစ်သည်ဟုပြောဆိုခဲ့သည့် ဘင်နီတက်ဇ်က “ပရိတ်သတ်များရဲ့ အသင်းကိုချစ်တဲ့စိတ်ပြင်းပြမှုဟာ ကျွန်တော်တို့အတွက် စွမ်းအားကောင်းတွေကိုဖြစ်စေပါတယ်။ စိန်ခေါ်မှုတွေရှိနေတဲ့ ရာသီမှာ သူတို့ရဲ့အားပေးမှုဟာ သိပ်ကိုတန်ဖိုးရှိပါတယ်။ သွားရမယ့်ခရီးကရှည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အမြင်ဆုံးကိုလုပ်ဆောင်ပြနေတဲ့ ပြည့်စုံတဲ့ လူစာရင်းရှိပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကြိုစားနေပြီး အသင်းကလည်း တိုးတက်နေပါတယ်” ဟု ပြောကြားခဲ့ကြောင်း နာပိုလီအသင်း၏ ၀ဘ်ဆိုဒ်တွင် လွှင့်တင်ထားသည်။

    နာပိုလီအသင်းမှာ စီးရီးအေတွင် ရိုမားအသင်း၏အောက် ဒုတိယနေရာတွင်ရှိနေပြီး ချန်ပီယံလိဂ်တွင်လည်း ၂ ပွဲကစား ၃ မှတ်ရရှိထားသည်။
    goal
    ________________________
    လီဗာပူးလ်အသင်းမှာ ထိပ်ဆုံးလေးသင်းဝင်နိုင်သည်ဟု တိုးယေးဆို


    လီဗာပူးလ်အသင်း၏ အိုင်ဗရီကို့စ်နောက်ခံလူ ကိုလိုတိုးယေးက အသင်းမှာ လာမည့်နှစ်ချန်ပီယံလိဂ်တွင်ဝင်ခွင့်နေရာအား သေချာပေါက်ရလိမ့်မည်ဟု ထင်မြင်နေပြီး၊ ၎င်း၏ လက်ရှိပုံစံမှာ နိုင်ငံအသင်းအတွက် ပြန်လည်ကစားရန် အဆင်သင့်ဖြစ်နေပြီဟု ပြောဆိုလိုက်သည်။

    ယခုနှစ်ပရီးမီယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ရန် လီဗာပူးလ်တွင် လုံလောက်သော စွမ်းအားများရှိနေသည်ဟု တိုးယေးကယုံကြည်နေသည်။ လီဗာပူးလ်အသင်းမှာ ယခုနှစ်တွင် ပုံစံကောင်းများရရှိနေပြီး ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် ရမှတ်တူဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    “ချန်ပီယံလိဂ်တစ်နေရာရဖို့ အသင်းမှာလုံလောက်တဲ့လူအင်အား ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေအများကြီးရှိပြီး စိတ်ဓာတ်တွေကလည်း အမြင့်ဆုံးအနေအထားမှာရှိပါတယ်” ဟု တိုးယေးက အသင်း၏ ၀ဘ်ဆိုဒ်တွင်ပြောာကြားခဲ့သည်။

    ယခုနှစ်ရာသီ ပရီးမီးယားလိဂ်အခြေအနေနှင့် အသင်းအနေဖြင့်မည်ကဲ့သို့ စွမ်းဆောင်ရမည်ဆိုသည်နှင့်ပက်သက်ပြီး တိုးယေးက “ပွဲတိုင်းမှာ ကျွန်တော်တို့ဟာ အကောင်းဆုံးပုံစံကို ထိန်းသိမ်းသွားဖို့လိုအပ်ပါတယ်။ ပြီတော့ ကျွန်တော်တို့ရဲ့ အသင်းဖော်တွေနဲ့ ပရိတ်သတ်တွေကို ရာနှုန်းပြည့် စိတ်ကျေနပ်မှုတွေပေးရပါမယ်။ ကျွန်တော်တို့ အခုထိပ်ဆုံးရောက်နေပြီး အဲဒီနေရာမှာ ဆက်ရှိနေဖို့အရေးကြီးပါတယ်။ အခုရာသီကတော့မာရသွန်လိုပါပဲ။ ကျွန်တော်တို့မှာ အတက်အကျတွေရှိပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    goal
    ________________________
    ကျောဒဏ်ရာကြောင့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား မာရေးလွဲချော်မည်


    လန်ဒန်တွင် ကျင်းပမည့် ယခုနှစ်တင်းနစ်ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေးမှာ ဒဏ်ရာကြောင့် လွဲချော်တော့မည်ဟု သိရသည်။

    ကမ္ဘာ့ဆင့်-၃ ရှိ မာရေးမှာ ပြီးခဲ့သည့်လက ၎င်း၏ နောက်ကျောဒဏ်ရာအား ခွဲစိတ်ခဲ့ပြီး ATP World Tour Finals ပြိုင်ပွဲအား ၀င်ရောက်စားနိုင်မည်ဟု မျှော်လင့်ခဲ့ သော်လည်း ဆရာဝန်၏ အကြံပေးချက်အရ ၀င်ပြိုင်နိုင်တော့မည်မဟုတ်ဘဲ လာမည့်နှစ်ဇန်န၀ါရီတွင်ကျင်းပမည့် သြစတေးလျအိုးပင်းပြိုင်ပွဲ အတွက် ကြံ့ခိုင်မှု အပြည့် အ၀ရရန် အာရုံစိုက်ရတော့မည်ဖြစ်သည်။

    “လန်ဒန်မှာ မကစားနိုင်တဲ့အတွက် ကျွန်တော် တကယ့်ကို စိတ်ပျက်ပါတယ်။ ကျွန်တော့်နိုင်ငံက ကျွန်တော့်ပရိတ်သတ်တွေရှေ့မှာ ကစားရတာကို ကျွန်တော်နှစ်သက် ပါတယ်။ တင်းနစ်ကစားသမားအားလုံးဟာ လန်ဒန်မှာယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါပြီ။ ကျွန်တော်ကတော့ နောက်နှစ်ပြိုင်ပွဲကို ၀င်ရောက်နိုင်ဖို့သာ လုပ်ဆောင်ရတော့ မှာပါ” ဟု မာရေးက ပြောကြားခဲ့သည်။
    skysport
    ________________________

  • အီဂျစ်အား ပေးအပ်နေသည့် စစ်ရေးအထောက်အပံ့များအား အမေရိကန်ရပ်ဆိုင်း

    အီဂျစ်အား ပေးအပ်နေသည့် စစ်ရေးအထောက်အပံ့များအား အမေရိကန်ရပ်ဆိုင်း

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media

    Untitled

    မွတ်စလင်မ်ဘရားသားဟုဒ် အဖွဲ့ကို ထောက်ခံသူများနှင့် အဏာသိမ်းစစ်အစိုးရအား ထောက်ခံသူအများအကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က အီဂျစ်စစ်တပ်အား ပေးအပ်နေသည့် အဓိကစစ်လက်နက်ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။

    အီဂျစ်စစ်တပ်အား နှစ်စဉ်ပေးအပ်နေသည့် ထောက်ပံ့ငွေ ကန်ဒေါ်လာသန်း ၂၆၀ အပါအ၀င် အဆင်မြင့်စစ်လက်နက်ပစ္စည်းထောက်ပံ့နေမှုအား ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ပြီး ထိုကဲ့သို့ ရပ်ဆိုင်းမှုမှာ စစ်တပ်ကအာဏာသိမ်း၍ အုပ်ချုပ်နေသည့် အီဂျစ်နိုင်ငံအတွင်း သီတင်းပတ်ပေါင်းများစွာ ဖြစ်ပွားနေသည့် သွေးမြေကျမှုများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း အချက်ပြ လိုက်ခြင်းဖြစ်သည်ဟု ၀ါရှင်တန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ထိုရပ်ဆိုင်းမှုမှာ အမြဲတမ်းမဟုတ်သော်လည်း မျှတ၍ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရ ထွက်ပေါ်လာ၍ ယုံကြည် စိတ်ချရသော တိုးတက်မှုများကို တွေ့မြင်ရသည့်အချိန်အထိ စောင့်ကြည့်နေမည်ဟု အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန် ပီဆာကီက ထုတ်ပြန်သော အစီရင်ခံစာ တွင်ဖော်ပြထားသည်။

    အီဂျစ်နိုင်ငံမှာ အစ္စရေးပြီးလျှင် အမေရိကန်ထံမှ စစ်ရေးအထောက်အပံ့ အများဆုံးရသော နိုင်ငံဖြစ်ပြီး အပါချီ ရဟတ်ယာဉ်များ၊ F 16 တိုက်လေယာဉ်များ၊ M1A1 တင့်ကား အစိတ်အပိုင်းများ၊ ဟာပွန်ဒုံကျည်များ အစရှိသဖြင့် အဆင့်မြင့် စစ်လက်နက်များ ပါဝင်သည်ဟု တာဝန်ရှိသူများက သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref : channelnewsasia

  • အင်ဒိုနီရှားနိုင်ငံသို့ ရေပိုင်နက် ကျူးကျော်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရသော မြန်မာရေလုပ်သားများ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိ

    အင်ဒိုနီရှားနိုင်ငံသို့ ရေပိုင်နက် ကျူးကျော်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရသော မြန်မာရေလုပ်သားများ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိ

    စက်တင်ဘာ-၁၀၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ရန်ကုန်  ။        ။      အင်ဒိုနီရှားနိုင်ငံ၊ ဆာတန်း ဆိပ်ကမ်းမြို့တွင် ရေပိုင်နက် ကျူးကျော်၍ ငါးဖမ်းမှုဖြင့် ထိန်းသိမ်းခံနေရသော မြန်မာရေလုပ်သားများသည် စက်တင်ဘာ ၉-ရက်နေ့၊ မွန်းတည့် ၁၂-နာရီက မင်္ဂလာဒုံ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

    “ထိုင်းနိုင်ငံက သင်္ဘောမှာ သူ့နည်းသူ့ဟန်နဲ့ တရားဝင်ရော တရားမ၀င်ရော သွားလုပ်နေကြတယ်။ အဲဒီတော့ အဲဒီ့နိုင်ငံက ငါးဖမ်း သဘောင်္ပိုင်ရှင်က သူကလည်း ငါးရှိတဲ့နေရာကို လိုက်ရှာမယ်။ ရှာတော့ အခြားနိုင်ငံရဲ့ ရေပြင်ကို သွားတော့ အဲဒီနိုင်ငံရဲ့ဥပဒေအရ အရေးယူ ခံရမယ်။ ဒါတွေ ဘာကြောင့် ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းသေးလို့ ၊ အလုပ်အကိုင် ရှားပါးလို့ အခုလို အခြားနိုင်ငံမှာ သွားလုပ်နေကြရတာ ဖြစ်တယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒု-ဥက္ကဌ ဦးကြီးငွေက M-Media သို့ပြောကြားလိုက်သည်။

    မြန်မာပြည်တွင် အလုပ်ကြမ်း လုပ်ကိုင်သူများမှာ တနေ့လျှင် ၀င်ငွေ-၁၅၀၀၊ ၂၀၀၀-ခန့်သာရရှိ၍ မိသားစု စားဝတ်နေရေး မပြေလည်ကြောင်း၊ ၀င်ငွေ ပိုရသော ဆီသို့ နည်းလမ်းပေါင်းစုံနှင့် သွားရောက် လုပ်ကိုင်နေကြကြောင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် အမျိုးသားများမှာ တစ်ဖက်ကမ်းမှာ ရှိသော အခြားနိုင်ငံမှာ သွားအလုပ် လုပ်ကိုင် နေကြသည်ကို တွေ့ရှိရကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

    “ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေပေါ်ကို လူမှောင်ခို ပွဲစားတွေက ရောင်းစားခဲ့တယ်။ လုပ်ခ ကောင်းကောင်းမရဘူး။ ကမ်းကို ဆင်းခွင့်မပေးဘူး။ သဘောံ ပေါ်မှာ တော်တော်ဒုက္ခရောက်ရတယ်။ ဒုက္ခရောက်လို့ ကိုယ့်နိုင်ငံ ပြန်ချင်တယ် မလုပ်ချင်တော့ဘူး ဆိုရင်လည်း ငြင်းလို့မရဘူး။ နိုင်ငံရပ်ခြားဆိုတာကြီး ကို ကြောက်သွားပါပြီဗျာ။ ဒီမှာပဲ ရရ အလုပ်လုပ်ပြီး မိသားစုနဲ့ မခွဲမခွာနေတော့မယ်” ဟု ကော့သောင်းမြို့က ရေလုပ်သား တစ်ဦး ဖြစ်သော ကိုမိုးသက်က M-Media သို့ပြောသည်။

    မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ” ကိုယ့်နိုင်ငံသားတွေ သူများနိုင်ငံမှာ ဒုက္ခရောက်ရတဲ့ အဖြစ်မျိုး၊ မသိနားမလည်ဘဲ ပြစ်မှု ကျူးလွန်မိတဲ့ အဖြစ်မျိုး မဖြစ်စေချင်ဘူး။ အထူးသဖြင့် ပြည်ပနိုင်ငံတွေမှာ ပြစ်ဒဏ်ချခံရတဲ့အဖြစ်မျိုး၊ နောက် သူများ နှိပ်စက်ခံရတဲ့ အဖြစ်မျိုး မဖြစ် စေချင်ဘူး” ဟု မီဒီယာ များသို့ ပြောသည်။

    “သဘောင်္ပေါ်မှာ အလုပ်လုပ်တာ ၁၁-ရက်လောက်ပဲ ရှိသေးတယ်။ ရေပိုင်နက် ကျူးကျော်လို့ အင်ဒိုနီးရှားနိုင်ငံက ထိန်းသိမ်းခဲ့တယ်။ ကျွန်တော်တို့ ကတော့ ပိုက်ချ ငါးရွေး အလုပ်ကို လုပ်ရတာ ဆိုတော့ သူများ ရေပိုင်နက်ထဲ ရောက်တယ်၊ မရောက်ဘူး ဆိုတာကို မသိပါဘူး။ အဆက်အသွယ် မရလို့ အင်ဒိုနီရှား ကျွန်းမှာ ၈-လလောက် နေခဲ့ရတယ်။ ဒုက္ခရောက်တဲ့အချိန်မှာ နိုင်ငံတော် အစိုးရ ကူညီလို့ ပြန်ရောက်ခဲ့တာပါ။”

    ယင်း ရေလုပ်သားများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ သွားရောက်တွေ့ဆုံ ကြိုဆို၍ ၎င်းတို့နေထိုင်ရာ အရပ်ဒေသ အသီးသီးသို့ ပြန်လည် ရောက်ရှိရေး အတွက် ကိုယ်စားလှယ်များထံ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

    တနလာင်္ရီတိုင်းမှ ရေလုပ်သား ၁၂-ဦး၊ ပဲခူးတိုင်းမှ ၆-ဦး၊ မွန်ပြည်နယ်မှ ၅-ဦး၊ ကရင်ပြည်နယ်မှ ၄-ဦး၊ ဧရာဝတီတိုင်းမှ ၃-ဦး၊ မန္တလေးတိုင်းမှ ၁-ဦး၊ မကွေးတိုင်းမှ ၁-ဦး၊ ရန်ကုန်တိုင်းမှ ၅-ဦး၊ စုစုပေါင်း (၃၇)ဦး ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

    အင်ဒိုနီးရှား အစိုးရ အနေဖြင့် လူဝင်မှု ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းခြင်း ခံနေရသော မြန်မာနိုင်ငံသား ရေလုပ်သားများကို ဖမ်းဆီး အရေးယူ ခြင်း မပြုဘဲသက်ဆိုင်ရာ မြန်မာသံရုံးများသို့ အကြောင်းကြားကာ တွေ့ဆုံညှိုနှိုင်း၍ ၎င်းတို့ကို ပေးအပ်ခဲ့ကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် ကုန်ကျ စရိတ်များကို နိုင်ငံတော်မှ ကျခံ ပေးခဲ့ကြောင်းလည်း သိရသည်။

  • ကုရ်ဘာနီအီးဒ်ပွဲတော်ကို နှစ်စဉ်အစဉ်အလာ မပျက်ပြုလုပ်နိုင်ရန် လုံခြုံရေးတောင်းခံ

    အောက်တိုဘာ ၁၀၊ ၂၀၁၃
    M-Media
    အငယ်လေး

    ရန်ကုန်  ။       ။     အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်မည့် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်)ပွဲတော်အား ယခင်ကဲ့သို့ နှစ်စဉ် အစဉ်အလာမပျက် အေးချမ်းအောင်မြင်စွာ ပြုလုပ်နိုင်ရန်အတွက် လုံခြုံရေးတိုးမြှင့်ပေးရန် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တောင်းဆိုလိုက်ကြောင်းသိရသည်။

    ရန်ကုန်မြို့တွင် ကုရ်ဘာနီပြုရန်တွက် (၁) အရှေ့ပိုင်းဇုန် (ဒဂုံမြို့သစ်အရှေ့ပိုင်း-အင်းဝလမ်း ၊ စက်မှုဇုန် ၊ ရွာသာကြီးအနီး)၊ (၂) အနောက်ပိုင်းဇုန် (လှိုင်သာယာမြို့နယ်-အပြင်ပဒန် ပန်းလှိုင်မြစ်ကမ်း၊ ပန်းလှိုင်တံတားဘေး-ယခင်နေရာ)၊ (၃) တောင်ပိုင်းဇုန် (ဒလမြို့နယ်၊ ကမာကဆစ်ဗလီးဝင်းအတွင်း)၊ (၄) မြောက်ပိုင်းဇုန် (ထောက်ကြန့်မြို့နယ်- ဘောလုံးကွင်းရပ်ကွက်၊ (၄) လမ်း၊ မြို့ရှောင်လမ်း- နဆင်းဘိုင် နွားခြံ)ဟု ဇုန်(၄)ဇုန် သတ်မှတ်ပြုလုပ်ရန် သင့်လျော်ကြောင်းနှင့် ယခုဖြစ်ပေါ်လျှက်ရှိသော အခြေအနေများကြောင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော အီဒွလ်အဿွာဟာ (ကုရ်ဘာနိအီးဒ်) ပွဲတော်အား အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေး အထူးတိုးမြင့်ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း အရေးတကြီး တင်ပြတောင်းဆိုလိုက်ကြောင်းသိရသည်။

    img444 img445