News @ M-Media

Month: October 2013

  • သံတွဲ ဗောဓိကုန်းရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ

    သံတွဲ ဗောဓိကုန်းရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ထွန်းတောက်

     

    သံတွဲ ဗောဓိကုန်းရှိ ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ (Breaking News ၁၀း၀၅-နာရီ)

    ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲ အဏ္ဏ၀ါရပ်ကွက် ငပလီ အဏ္ဏ၀ါရိပ်သာမှာ ရှိနေသော ယခုအချိန် (ည ၁၀း၀၅-နာရီ) မှာပင် သံတွဲ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် အိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။

    =================

    ဗောဓိကုန်းရပ်ကွက် မီးရှို့မှု နောက်ဆက်တွဲသတင်း (Breaking News ၁၀း၂၀-နာရီ)

    သံတွဲမြို့နေ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှ ပိုင်သော ဗောဓိကုန်းရပ်ကွက်ရှိအိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း၊ ရဲနှင့် ရပ်ကွက်မှ လူ ၆၀-ခန့် ရောက်ရှိကြောင်း၊ မီးသတ်ဌာနသို့ အကြောင်းကြားထားသော်လည်း မီးသတ်ကား မရောက်လာသေးကြောင်း၊ အနီးအနားဝန်းကျင်မှဝိုင်းပြီး မီးငြိမ်းသတ်ရန် လုပ်ဆောင်နေကြောင်းကို သံတွဲမြို့မှ ထပ်မံ သတင်းပေးပို့လာပါတယ်။

    =================

    သံတွဲမြို့ ရွှေကျောင်းပြင်ရပ်ကွက်အားလည်း အကြမ်းဖက်သမားများ ၀ိုင်းထား (Breaking News ၁၀း၃၅-နာရီ)

    သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေရာမှ ယခုအခါ ကမန်တိုင်းရင်းသားအများစုနေထိုင်သည့် ရွှေကျောင်းပြင်ရပ်ကွက်ကို အကြမ်းဖက်ရန် အကြမ်းဖက်သမားများ ၀ိုင်းထားသည်ဟု သံတွဲမြို့မှ သတင်းရရှိပါတယ်။

    =================


    သံတွဲမြို့ နောက်ဆက်တွဲသတင်း (Breaking News ၁၁း၀၀-နာရီ)

    သံတွဲမြို့ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် ဗောဓိကုန်းရပ်ကွက်ရှိ အိမ်တစ်လုံးအား အကြမ်းဖက်သမားများမှ မီးရှို့ခဲ့ပြီး ဦးရှဖီးယား၏ အိမ်အားလည်း မီးကွင်း ၂-ကြိမ်ပစ်ခဲ့ကာ ပထမအကြိမ်တွင် သစ်ပင်အား ထိမှန်၍ မီးမလောင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အိမ်ကို မီးအနည်းငယ် လောင်ကျွမ်းခဲ့ပါတယ်။

    ယခုအခါ သေနတ်ပစ်ဖောက်သံ ၈-ချက်ကို ကြားရပြီး အခြေအနေ မည်သို့ ရှိနေသည်ကိုမူ အသေးစိတ် မသိနိုင်ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများတွင် ဦးဆောင် ပါဝင်နေသူမှာ သံတွဲမြို့မှ ရဲတပ်ကြပ် စိန်ဝင်း၏ ညီဖြစ်သူ ကိုဇော်ဆိုသူဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်းပါဝင်နေကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။

     

     

  • သံတွဲမြို့ အကြမ်းဖက်မှုများအတွက် ကမန်အမျိုးသားတိုးတက်ရေးပါတီမှ သဘောထားထုတ်ပြန်

    သံတွဲမြို့ အကြမ်းဖက်မှုများအတွက် ကမန်အမျိုးသားတိုးတက်ရေးပါတီမှ သဘောထားထုတ်ပြန်

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    သုတ

     

    ကမန်အမျိုးသားတိုးတက်ရေးပါတီ သဘောထားထုတ်ပြန် ကြေညာချက်

    ရန်ကုန် ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့အတွင်း ဘာသာရေးကို အကြောင်းပြု၍ တကျော့ပြန်အကြမ်းဖက် မီးရှို့ဖျက်ဆီး၊ လူသတ်မှု၊ လုယက်မှုများအတွက် ကမန်အမျိုးသား တိုးတက်ရေးပါတီမှ ယနေ့ အောက်တိုဘာ ၂-ရက်နေ့တွင် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်သည်။

    ဘာသာရေးကိုအကြောင်းပြု၍ အကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိရာ သံတွဲမြို့တွင် ဖြစ်ပေါ်လာသည့် တကျော့ပြန် အကြမ်းဖက်သည့် တဖက်သက် အနိုင်ကျင့်၊ မီးရှို့ လူသတ်၊ လုယက်မှုများသည် တိုင်းပြည် အေးချမ်းရေးနှင့် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို များစွာ ထိခိုက်လျက်ရှိပြီး၊ နိုင်ငံတော် သမ္မတကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရှိနေချိန်တွင် သံတွဲ၌ ယခုကဲ့သို့ ဖြစ်မှုအား မြန်မာပြည်သူလူထုနှင့် ကမန်တိုင်းရင်းသားများအနေဖြင့် လုံးဝမလည်နိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး ပျက်ပြားလျက်ရှိပြီး ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်မှ တရားဥပဒေစိုးမိုးရေး စီမံခန့်ခွဲမှု ညံ့ဖျင်း၊ ဘက်လိုက်မှုများရှိကြောင်း ကို ထုတ်ပြန်ထားသည်။

    မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အစွန်းရောက်အကြမ်းဖက်သူများ၊ အဖွဲ့အစည်းများကို မြန်မာနိုင်ငံသားအားလုံး ၀ိုင်းဝန်းဖော်ထုတ်ရန်နှင့် ယခုကဲ့သို့ အကြမ်းဖက်ခံရသော ကျေးရွာများသည် ကမန်တိုင်းရင်းသားအများစု နေထိုင်သည့် ကျေးရွာများလည်း ဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးရေးနှင့် ပျက်စီးဆုံးရှုံးမှုများအား နိုင်ငံတော်မှ အမြန်ဆုံး ပြန်လည်ထူထောင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းကိုလည်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

  • သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

    သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ဇာဏီ

    image-1380706651925-V

    သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေးတာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံအတိုင်း မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။

    သေဆုံးသူ ၅-ဦးတွင် အမျိုးသမီး ၁-ဦး၊ အမျိုးသား ၄-ဦးဖြစ်ပြီး၊ ၄-ဦးမှာ ဓါးခုတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ပြီး ၁-ဦးမှာ မီးရှို့ခံရပြီး သေဆုံးသွားခြင်းဖြစ်ပါတယ်။

    ဓါးခုတ်ခံရသူများမှာ ဒေါ်ခင်ကြည် (၉၃-နှစ်)၊ ကိုမြင့်လွင် (၄၅-နှစ်)၊ ဦးအဗ္ဗဒွလ်မီယာ (၆၀-နှစ်)၊ ဦးအဗ္ဗဒွလ်စမတ်စ် (၈၆-နှစ်)တို့ဖြစ်ပြီး ကိုခင်ဇော် (၅၀-နှစ်)မှာ ဗလီအတွင်း မီးရှို့ခံရပြီး သေဆုံးသွားခြင်းဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။

    ပြန်လည်ခုခံနိုင်စွမ်းအား မရှိသည့် အသက် ၉၃-နှစ်အရွယ်ရှိ အဘွားအိုတစ်ယောက်အား ဓါးဖြင့် ရက်စက်စွာ ခုတ်ဖြတ်သတ်ဖြတ်နိုင်သည့် အကြမ်းဖက်သမားများကို မြင်ရခြင်းအားဖြင့် လူစိတ်ပျောက်နေပြီး အရိုင်းအစိုင်းတိရိစ္ဆာန်စိတ် ၀င်နေခြင်းသာဖြစ်တယ်လို့သည်း သံတွဲမြို့ခံ ဗုဒ္ဓဘာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။

  • သံတွဲ ဇီးကျွန်းရှိ ကမန်တိုင်းရင်းသားပိုင် လယ်တောများအား အကြမ်းဖက်မီးရှို့

    သံတွဲ ဇီးကျွန်းရှိ ကမန်တိုင်းရင်းသားပိုင် လယ်တောများအား အကြမ်းဖက်မီးရှို့

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း
    ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း

     

    သံတွဲမြို့ ဇီးကျွန်းကျေးရွာရှိ ကမန်မွတ်စလင်မ်ပိုင် လယ်တောများအား ယနေ့ည ၇း၃၀-နာရီခန့်က အကြမ်းဖက်သမားများက ၀င်ရောက် မီးရှို့နေတယ်လို့ သိရပါတယ်။

    အဆိုပါ ဇီးကျွန်းကျေးရွာတွင် မွတ်စလင်မ်အိမ်များမရှိပဲ ကမန်တိုင်းရင်းသားများ ပိုင်သည့် လယ်တောများနှင့် လယ်တဲ (၂၀)ခန့်သာရှိကြောင်း၊ လယ်တော မည်မျှကို မီးရှို့နေကြောင်း အတိအကျ မသိရသော်လည်း မီးရှို့နေသည့် မီးတောက်နှင့် မြင်ကွင်းကို ပျဉ်ရောင်းမှ လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက M-Media ကို ပြောပါတယ်။

    ယနေ့ညနေပိုင်း သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ဘက်တွင်လည်း လူစုလူဝေး ပြုလုပ်နေမှုကြောင့် သံတွဲမြို့ခံများမှ စိုးရိမ်နေကြပါတယ်။ သမ္မတ ဦးသိန်းစိန် သံတွဲမြို့ကို လာရောက်မည်ဆိုသည့်အတွက် ဇီးကျွန်းတွင် ဒုက္ခသည်စခန်းဖွင့်ကာ ရခိုင်အများစုမှာ အဆိုပါ ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်ကြပြီး သံတွဲမြို့တွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်ခံရမှုများကို ပြောင်းပြန်လုပ်ကာ ရခိုင်များက အကြမ်းဖက်ခံရသည်ဟုဆိုကာ ၎င်းဒုက္ခသည်စခန်းတွင် ဇီးကျွန်းကျေးရွာရှိ ရခိုင် အမျိုးသမီး၊ ကလေး အများစုကို သွားရောက်ပို့ဆောင်ကာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားတယ်လို့ ပျဉ်ရောင်းကျေးရွာမှ သတင်းပေးပို့လာပါတယ်။

    ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း

  • သံတွဲမြို့ပေါ် တည်ငြိမ်နေသော်လည်း အခြေအနေမှာ စိတ်မချရသေး

    သံတွဲမြို့ပေါ် တည်ငြိမ်နေသော်လည်း အခြေအနေမှာ စိတ်မချရသေး

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    KK

    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ
    ဓါတ်ပုံအညွှန်း > မဲကျွန်းကျေးရွာ မီးစရှို့ခံရစဉ် သံတွဲဘက်ကမ်းမှ ရိုက်ကူးထားသည့်ပုံ

     

    စက်တင်ဘာ ၂၉-ရက်က စတင်အခြေတည်လာတဲ့ အကြမ်းဖက်မှုများကြောင့် သံတွဲမြို့ တ၀ိုက်ရှိ မွတ်စလင်မ်ရွာများမှ ကမန်တိုင်းရင်းသား ရာပေါင်းများစွာ အိမ်မဲ့အိမ်မဲ့ဖြစ်ပြီး သေဆုံးသူများလည်း ရှိလာခဲ့ရာ ယနေ့မှာ သံတွဲမြို့သို့ လာရောက်မည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်ကြောင့် သံတွဲမြို့ပေါ်မှာ တည်ငြိမ်နေသော်လည်း စိုးရိမ်နေရသည်ဟု သံတွဲမြို့ခံက ပြောပါတယ်။

    အကြမ်းဖက် မီးရှို့၊ ဖျက်ဆီး သတ်ဖြတ်မှုများကြောင့် သံတွဲမြို့ပေါ် ၃-ရပ်ကွက်၊ ငကျော်တောင်၊ ရွှေလှေတိုက်နယ် သဗြုချိုင်၊ ပေါက်တော၊ လင်းသီ၊ မဲကျွန်း၊ ကျီးကန်းရဲ အစရှိသည့် ကျေးရွာများမှ မွတ်စလင်မ်လူအိမ်များ၊ ခြံများ၊ လယ်တောမှတဲများ၊ ဗလီများ ပျက်စီးသွားခဲ့ပြီး အိုးအိမ်မဲ့ဖြစ်ရကာ သေဆုံးကြသူများနှင့် ဒဏ်ရာရသူများလည်း ရှိခဲ့ပါတယ်။

    သဗြုချိုင်ကျေးရွာတွင် ရခိုင်အကြမ်းဖက်များမှ လာရောက်အကြမ်းဖက်စဉ် ရွာခံကမန်တိုင်းရင်းသားများမှ ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် နှစ်ဘက် ဒဏ်ရာရသူများရှိခဲ့သလို သေဆုံးမှုလည်း ရှိခဲ့တယ်။

    အကြမ်းဖက်မှုအား ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် လာရောက်အကြမ်းဖက်သူများဘက်မှ ၅-ဦး ခုခံသူများဘက်မှ လူကြီး၊ အမျိုးသမီးနဲ့ ကလေး စုစုပေါင်း လူ ၂၀-ကျော် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

    ယခုမနက်ပိုင်းတွင် သဗြုချိုင်၌ သေဆုံးနေသော ကမန်တိုင်းရင်းသား အလောင်း ၇-လောင်းကို တွေ့ရှိရာ မနက် ၁၁း၃၀-နာရီရှိသည့်တိုင်အောင် ကောက်ယူခွင့်မရသေးကြောင်းလည်း သဗြုချိုင်မှ ကမန်တိုင်းရင်းသားများက ပြောပါတယ်။

    အကြမ်းဖက်မှုအား ပြန်လည် ခုခံတိုက်ခိုက်ကြတာကြောင့် လာရောက်အကြမ်းဖက်သူများဘက်မှ ၅-ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်ခံများဘက်မှ မည်မျှသေဆုံးကြောင်း မသိကြောင်း၊ ၂-ဘက် ဒဏ်ရာရမှုများရှိကြောင်း သဗြုချိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းခင်က M-Media ကိုပြောပါတယ်။ အကြမ်းဖက်ခံများ သူတို့၏အိမ်များတွင် ပြန်လည်နေထိုင်နေကြပြီဟုလည်း ၎င်းက ပြောပါတယ်။

    အိုးအိမ်မဲ့ ဖြစ်သွားသော အကြမ်းဖက်ခံများအနေနှင့် နေစရာ စားသောက်စရာများ မရှိတာကြောင့် သူတို့အား တခြားသော ကျေးရွာများသို့ ခေါ်ဆောင်လိုသော်လည်း ခေါ်ဆောင်ခွင့်မရဖြစ်နေတယ်လို့ သံတွဲမြို့ခံများက ဆိုပါတယ်။

    ဒီကနေ့ သံတွဲမြို့ပေါ်မှာတော့ အခြေအနေများ တည်ငြိမ်နေပြီး ထိုကဲ့သို့တည်ငြိမ်နေခြင်းမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သံတွဲမြို့သို့ လာရောက်မှုကြောင့် ဖြစ်နိုင်ပြီး နောက်ဆက်တွဲ အခြေအနေများ မည်သို့ရှိလာမည်ကို အလွန်တရာ စိုးရိမ်နေကြကြောင်းလည်း သံတွဲမြို့ခံများက M-Media ကို ပြောပါတယ်။