News @ M-Media
Month: October 2016
  • အစွန်းရောက်ဝါဒအတွက် ဘုရားနာမတော်ကို အသုံးမပြုသင့်ဟု ပုပ်ရဟန်းမင်းကြီးက အဇာဘိုင်ဂျန် ဗလီဝတ်ကျောင်းတော်တွင် ပြော
    အစွန်းရောက်ဝါဒအတွက် ဘုရားနာမတော်ကို အသုံးမပြုသင့်ဟု ပုပ်ရဟန်းမင်းကြီးက အဇာဘိုင်ဂျန် ဗလီဝတ်ကျောင်းတော်တွင် ပြော
    အောက်တိုဘာ ၄၊ ၂၀၁၆
    M-Media
    – အစွန်းရောက်ဝါဒကို တန်းညှိဖို့အတွက် ဘုရားသခင်ရဲ့ အမည်နာမကို အလွဲသုံးစား မလုပ်သင့်ဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မွတ်စလင်အများစုရှိရာ အဇာဘိုင်ဂျန်မှာ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေကို ပြောကြားလိုက်ပါတယ်။
    တနင်္ဂနွေနေ့မှာ မြို့တော်ဘာကူက ဟေဒါ ဗလီဝတ်ကျောင်းတော် (Heydar Mosque) က မိန့်ခွန်းမှာ ဒီလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပြီး အမုန်းတရား၊ လူသားဝါဒနဲ့ ဆန့်ကျင်ဖက် ပုံစံမျိုးနဲ့ ဘုရားသခင်ရဲ့ နာမတော်ကို မထိလေးစားပြုတာ၊ အသုံးပြုတာမျိုး မဖြစ်ရဘူးလို့လည်း ဆိုပါတယ်။
    “ကြီးကျယ်တဲ့ အထိမ်းအမှတ်နေရာတစ်ခုဖြစ်တဲ့ ဒီဗလီဝတ်ကျောင်းတော်ကနေ စိတ်ခံစားမှုအပြည့်နဲ့ ပြောချင်တာက – ဘုရားသခင်ရဲ့ နာမတော်ကိုသုံးပြီး အကြမ်းဖက်မှုတွေ ထပ်မဖြစ်ဖို့ပါပဲ။ ဘုရားသခင်ရဲ့ နာမတော်မြတ်ကို အမုန်းတရား ပုံစံ၊ လူသားဝါဒနဲ့ ဆန့်ကျင်တဲ့ ပုံစံမျိုးတွေကနေတစ်ဆင့် အသုံးချခံပစ္စည်းမျိုးအဖြစ် မရိုမသေ မလေးမစား လုပ်တာမျိုး ဒါမှမဟုတ် ခိုင်းနှိုင်းပြောဆိုတာမျိုးမှာ အသုံးပြုရမှာ မဟုတ်ပါဘူး”
    “ဘုရားသခင်ကို ကိုယ့်အကျိုးစီးပွားနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုလို့မရသလို အစွန်းရောက်ဝါဒ၊ အရင်းရှင်ဝါဒ၊ ကိုလိုနီဝါဒ ဘယ်လိုပုံစံမျိုးနဲ့မဆို တန်းညှိတာမျိုးမှာ အသုံးပြုလို့မရပါဘူး” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။
    ဟေဒါ ဗလီဝတ်ကျောင်းတော်မှာ ပြုလုပ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ အဲဒီ မိန့်ခွန်းပြောကြားမှု အခမ်းအနားမှာ မွတ်စလင်၊ ခရစ်ယာန်၊ ဂျူးနဲ့ အခြားသော ဘာသာတရားများမှ အဖွဲ့ဝင်တွေက တက်ရောက်ခဲ့ကြပါတယ်။
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အရင်ကလည်း ဒီလိုစကားမျိုးတွေ ပြောခဲ့ဖူးပြီး ကမ္ဘာတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေကိုလည်း သွားရောက် လည်ပတ်ခဲ့ဖူးပါတယ်။
    ဒါပေမယ့် လူဦးရေ ၉ သန်းရှိပြီး အများစုဟာ ရှီယိုက်မွတ်စလင်တွေဖြစ်ကြတဲ့ အဇာဘိုင်ဂျန်နိုင်ငံက ဒီမိန့်ခွန်းကတော့ ဗလီဝတ်ကျောင်းတော်ထဲက အဓိက၀တ်ပြုဆောင်မှာ အခြားဘာသာဝင်တွေရဲ့ ကိုယ်စားလှယ်တွေအရှေ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံး ဒီလိုပြောကြားမှု ဖြစ်ပါတယ်။
    ဖရန်စစ်ဟာ အဇာဘိုင်ဂျန်ရဲ့ မြို့တော်ဘာကူကို ရောက်ပြီးနောက်မှာ ပထမဆုံး ကက်သလစ်ဘုရားကျောင်းကို သွားရောက်ခဲ့ပြီး ကက်သလစ်လူ့အဖွဲ့အစည်းကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
    ရေနံနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝပြီး ရုရှား၊ အီရန်၊ တူရကီတို့နဲ့ ထိစပ်နေတဲ့ အဇာဘိုင်ဂျန်မှာ ကက်သလစ်ဘာသာဝင် ၇၀၀ လောက်သာရှိပြီး အများစုက နိုင်ငံအတွင်း သံရုံးတွေက ၀န်ထမ်းတွေ၊ နိုင်ငံခြားသားအလုပ်သမားတွေနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၀န်ထမ်းတွေ ဖြစ်ပါတယ်။
    Virgin Mary’s Immaculate Conception လို့ အမည်ရတဲ့ ကက်သလစ်ဘုရားကျောင်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအများစုကို ပုပ်ရဟန်းမင်းကြီးက အင်္ဂလိပ်လို ပြောကြားခဲ့တာဖြစ်ပြီး ညီညွတ်ရေးကို ရှေ့ရှုတဲ့မိန့်ခွန်း ဖြစ်ပါတယ်။
    အဲဒီဘုရားကျောင်းဟာ ဆိုဗီယက်အုပ်ချုပ်မှုလက်ထက် ၁၉၃၁ ခုနှစ်မှာ ဖြိုချဖျက်စီးခံလိုက်ရတဲ့ ဘုရားကျောင်းအမည်ကို ပြန်ပေးထားတာဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။
    မတူကွဲပြားမှုအင်အားကို ယုံကြည်ပါ
    “သတ္တိရှိပါ။ ကြောက်ရွံ့မှုမရှိဘဲ ရှေ့ဆက်လျှောက်ပါ။ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံမှု ခံရပြီးနောက်ပိုင်းမှာ ယုံကြည်မှုဟာ အံ့သြစရာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘုရားသခင်ကို ယုံကြည်အပ်နှံထားတဲ့၊ အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်နေရပေမယ့် ယုံကြည်မှုကို မစွန့်လွှတ်ခဲ့တဲ့ ခရစ်ယာန်တွေရဲ့ သူရသတ္တိကို ကျွန်တော် ပြန်ပြောင်း အမှတ်ရစေချင်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။
    ဖရန်စစ်ဟာ ဂျော်ဂျီယာကနေ အဇာဘိုင်ဂျန်ကို ရောက်ရှိလာတာဖြစ်ပြီး၊ တနင်္ဂနွေနေ့ညက ရောမကို ပြန်သွားခဲ့ပါတယ်။
    ဟေဒါ ဗလီဝတ်ကျောင်းတော်က ဘာသာပေါင်းစုံတွေ့ဆုံပွဲကို မတက်ရောက်မီမှာ ပုပ်ရဟန်းမင်းကြီးဟာ သမ္မတ အစ်လ်ဟမ် အလီယဗ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
    ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အလွန်အမင်း စိတ်မေကာင်းဖြစ်မတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    Ref : Huffingtonpost
  • မြန်မာပြည်ရဲ့ အမုန်းတရားဖြန့်ဝေရာ လော်စပီကာ ဖြစ်လာသော ဆိုရှယ်မီဒီယာ
    မြန်မာပြည်ရဲ့ အမုန်းတရားဖြန့်ဝေရာ လော်စပီကာ ဖြစ်လာသော ဆိုရှယ်မီဒီယာ
    အောက်တိုဘာ ၄ ၊ ၂၀၁၆
    M-Media
    6-ma-ba-tha-posters_aung-myin-ye-zaw
    ယမန်နှစ် စက်တင်ဘာလအတွင်း မျိုးစောင့်ဥပဒေလေးရပ် အတည်ပြုခံရခြင်း အခမ်းအနား၌ မဘသအဖွဲ့မှ ခင်းကျင်းဆင်ယင်ထားသည့် မွတ်စ်လင်မ်ဆန့်ကျင်ရေး ပိုစတာနှင့် ဓာတ်ပုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ – အောင်မြင်ရဲဇော်၊ The Myanmar Times)
    မြန်မာနိုင်ငံ၏ လက်ရှိ အင်တာနက် တော်လှန်ရေးမှာ အမှောင်ဖုံးလွှမ်းနေဆဲပင်။
    ဖေ့စ်ဘွတ်ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများသည် ဆဲလ်ဖီဓာတ်ပုံများ၊ စတစ်ကာများ၏နောက်ကွယ်တွင် အမုန်းတရားအမုန်းစကားများ ပျိုးထောင်သန်စွမ်းရေးအတွက် အခင်းအကျင်းသစ်တစ်ခု ဖြစ်လို့နေသည်။
    အမုန်းစကားပြန့်ပွားမှု (တစ်နည်း) လူ့အခွင့်အရေးဆိုင်ရာအပိုဒ် ၁၉ ရည်ညွှန်းချက်ဖြစ်သည့် “နိုင်ငံသား၊ လူမျိုး၊ ကိုးကွယ်ရာဘာသာတရားအပေါ် အခြေခံသော အမုန်းရန်ငြိုးကို အားပေးအားမြှောက်ပြုခြင်း” ဟူသည် ဤနိုင်ငံထဲတွင် သမိုင်းနှင့်ချီ၍ ကြာမြင့်လာလေပြီ။
    ထို့ပြင် ဆယ်စုနှစ်များတစ်လျှောက် မီဒီယာကဏ္ဍမှာ အပြောင်းအလဲ ဖြစ်လာကြသော်လည်း စိတ်ကူးစိတ်သန်း အများစုမှာမူ ထူးမခြားနားသေးပေ။
    ၁၉၃၀ ခုနှစ်များမှ နာမည်ကြီးသီချင်းတစ်ပုဒ် ရှိ၏။ ၎င်း၌ အိန္ဒိယသားနှင့် မွတ်စ်လင်မ်တို့အပေါ် “ငါတို့၏အကျိုးစီးပွားကို ဖျက်ဆီးသူ၊ ငါတို့အမျိုးသမီးတို့ကို လူမျိုးရေးအရ ၀ါးမျိုးသူ” အဖြစ် အဆိုးမြင်သဘောဖြင့် စပ်ဆိုသီကုံးထားခဲ့သည်။
    ၁၉၉၆ ခုနှစ်အရောက်တွင်လက်ကမ်းစာစောင်တစ်ခု၌ “မြန်မာနိုင်ငံသားတို့ သတိပြုကြ။ မွတ်စလင်မ်တို့သည် မြေ၊ ငွေ၊ အမျိုးသမီးနှင့် အာဏာများကို တိတ်တဆိတ် ရယူခြင်းဖြင့် ဗုဒ္ဓဘာသာအား ဖျက်ဆီးကာ ၎င်းတို့၏ သာသနာကို ပြန့်ပွားအောင် ကြံဆောင်ကြိုးစားနေကြသည်” ဟူ၍ ပြင်းထန်စွာ ရေးသားထားကြောင်း တွေ့ရပြန်သည်။
    လတ်တလောသမယများမှာတော့ အမျိုးသားရေးဝါဒီဆိုသူများက စီဒီ၊ ဒီဗီဒီခွေများဖြင့် အလားတူ သွေးထိုးလှုံ့ဆော်သည့် သတင်းစကားတို့ကို ထည့်သွင်း၍ ကျေးလက်ဒေသအဆင့်ထိပင် ပုံဟန်အမျိုးမျိုးဖြင့် ဖြန့်ချိနေလျက်ရှိကြ၏။
    တစ်ချိန်တစ်ခါက ဤအခြင်းအရာမှာ အရင်းအမြစ်၊ လူအင်အား၊ ပထ၀ီဝင်အနေအထားများအရ အတိုင်းအတာတစ်ရပ်အထိ အကန့်အသတ် ရှိခဲ့သော်လည်း ယခုအခါမှာတော့ အင်တာနက်ဆက်သွယ်မှု ပေါ်ထွက်လာခြင်းက မကြုံစဖူးလောက်အောင် ကျယ်ပြန့်လာစေတော့သည်။
    ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မိုဘိုင်းသုံးစွဲမှု တိုးတက်နှုန်းမှာ ၄ ရာခိုင်နှုန်းမျှသာရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ ယမန်နှစ်၌ ၆၃ ရာခိုင်နှုန်းအထိပင် ရောက်ရှိသွားကြောင်း ဆိုကြသည်။
    ရန်ကုန်မြို့အခြေစိုက် Amara Digital Marketing Agency ၏အဆိုအရ ဖေ့စ်ဘွတ်အသုံးပြုသူ အရေအတွက်မှာ တစ်နှစ်မပြည့်မီကာလအတွင်း နှစ်ဆမြင့်တက်ပြီး ၉.၇ သန်းအထိ များပြားလာခဲ့သည်။
    Telenor နှင့် MPT ၏ အခမဲ့အသုံးပြုနိုင်မှု အစီအစဉ်ကြောင့် ဆိုရှယ်မီဒီယာအသုံးပြုသူ အရေအတွက် ဤမျှအထိ မြင့်တက်လာရပေသည်။ ယင်းကွန်ရက်နှစ်ရပ်ပေါင်း၏ ပုံမှန်ငွေဖြည့်အသုံးပြုနေကြသူများမှာ ၃၆.၉ သန်း အနိမ့်ဆုံး ရှိနေ၏။
    ဤသို့ ရုတ်တရက် တအုံတကျင်း အသုံးပြုလာမှုသည် အများနှင့် ပုဂ္ဂလဆိုင်ရာ ဆွေးနွေးချက်တို့နှင့် ဒွန်တွဲဖြစ်တည်လာခြင်း မဟုတ်သောကြောင့် အကြောင်းအရာများအပေါ် ဝေဖန်ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများစွာတို့မှ စိုးရိမ်မိကြောင်း The Myanmar Times သို့ပြောကြားသည်။
    မြန်မာနိုင်ငံသည် မီဒီယာနှင့် သတင်းအချက်အလက်ပညာအပေါ် ခွဲခြားသိမြင်မှု အဆင့်နိမ့်ပါးနေသေးသည်ဟု ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ယူနက်စကို(မြန်မာ)ရုံး၏ အဆိုအရ သိရသည်။
    လူပေါင်းများစွာတို့သည် စူးစမ်းသော (၀ါ) ခွဲခြမ်းစိပ်ဖြာသော အမြင် မရှိဘဲ မြင်မြင်သမျှ အဟုတ်အမှန်ဟု ယုံကြည်နေတတ်သည်ကို ဤအချက်က ညွှန်းဆိုပြသနေသည်။
    “(အသုံးပြုသူအချို့က) ဘယ်ဟာက အဖြစ်မှန်၊ ဘယ်ဟာက လုပ်ကြံဖန်တီးချက် ဆိုတာကို ဝေဖန်ပိုင်းခြားမှု မလုပ်တတ်ကြဘူး” ဟု NGO ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
    အမျိုးသားရေးဝါဒီများသည် တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုလိုက်သော်လည်းကောင်း အွန်လိုင်းကျင့်ဝတ်ချိုးဖောက်၍ လူနည်းစုဝင်များအား သွေးခွဲချိုးနှိမ်နှိမ့်ချခြင်း၊ အကြမ်းဖက်မှုဖြစ်ပေါ်အောင် အွန်လိုင်းပေါ်မှတွန်းအားပေးခြင်း စသည်တို့ကို လုပ်ဆောင်နေကြကြောင်း အမုန်းစကားစောင့်ကြည့်ရေး အဖွဲ့အစည်းအသီးသီးက The Myanmar Times သို့ ပြောပြကြ၏။
    စောင့်ကြည့်လေ့လာရေးအဖွဲ့များက ဘာသာရေးနှင့် လူမျိုးရေးဆန့်ကျင်ခွဲခြားခြင်းကို အတုအယောင်လုပ်ကြံသတင်းများနှင့် သိမှတ်ဖွယ်အသွင်ဆောင်အချက်အလက်ပို့စ်များအားဖြင့် ဆိုရှယ်မီဒီယာပေါ်မှ လမ်းကြောင်းဖော်လျက်ရှိသည်ဟု ဖွင့်ချအသိပေးခဲ့ကြသည်။
    “အွန်လိုင်းပေါ်က အမုန်းစကားရဲ့ တာသွားမှုကို တစ်ယူသန်အစွန်းရောက်တွေက ကောင်းကောင်း သိနေကြပြီး ဒါကိုပဲ ထပ်ခါတလဲလဲ အသုံးချနေကြပါတယ်။ သတင်းအတုအယောင်တွေ၊ မုသားအချက်အလက်တွေအပေါ် like ပေး၊ comment ရေး၊ share လုပ်တဲ့အရေအတွက်ဟာ ကြောက်ခမန်းလိလိ ဖြစ်နေပါတယ်ရှင်” ဟု PEN Myanmar Center ပညာပေးအဖွဲ့မှ ပရိုဂရမ်မန်နေဂျာ မဇာခြည်ဦးက ပြောဆိုလိုက်ပါသည်။
    ×××××××××××××××
    မြင့်မိုရ်မောင်မောင်
    The Myanmar Times မှ Nick Baker ၏ How social media became Myanmar’s hate speech megaphone ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • ” ပြည်ထောင်စုသား မွတ်စလင်မ်များ ” သမိုင်းစာအုပ် ထွက်ရှိ (စာအုပ်အညွှန်း)
    ” ပြည်ထောင်စုသား မွတ်စလင်မ်များ ” သမိုင်းစာအုပ် ထွက်ရှိ (စာအုပ်အညွှန်း)
    အောက်တိုဘာ ၃ ၊ ၂၀၁၆
    M-Media
    သီဟ
    pyidaungsu-muslims
    စာဖတ်သူတွေကို ယခင်လက ထွက်ရှိခဲ့သော စာရေးဆရာ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ရေးသားပြုစုသည့် ” ပြည်ထောင်စုသား မွတ်စလင်မ်များ ” စာအုပ်နဲ့ မိတ်ဆက်ပေးပါရစေ။
    စာအုပ်မှာ စာမျက်နာ ၃၀၀ ကျော်ပါရှိပြီး ပုဂံခေတ် လူအဖွဲ့အစည်းမှ စတင်ပြီး ၂၀၁၀ နောက်ပိုင်းခေတ် အထိ မြန်မာနိုင်ငံ၏ သမိုင်းတလျောက် မွတ်စလင်မ် လူအဖွဲ့အစည်း ရဲ့ သမိုင်းကြောင်း ဆိုင်ရာများကို သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရေးသားထားတာကို တွေ့ရှိရပါတယ်။ စာအုပ်တွင် အခန်း ၈ ခန်း ပါရှိပြီး အကြောင်းအရာတိုင်းကို သမိုင်းအထောက်အထား အညွှန်းများ၊ အောက်ခြေမှတ်စုများ၊ အကိုးအကား စုံလင်စွာနဲ့ ရေးသား ထားတာကိုတွေ့ရှိရပါတယ်။
    ဒါအပြင် ယခုစာအုပ်ကို အမှာစာရေးပေးသူများတွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဌဟောင်း၊ ပါမောက္ခဒေါက်တာ ခင်မောင်ညွှန့် အပါအဝင် နယ်ပယ်အစုံမှ ထင်ရှားတဲ့ ခေါင်းဆောင်များမှ အမှာစာများ ရေးပေးထားတာကို လည်းတွေ့ရှိရပါတယ်။
    စာရေးသူက ယခု စာအုပ် ရေးသား ရခြင်းရဲ့ ရည်ရွယ်ချက်မှာ
    -သမိုင်းထိန်ချိန်ခံရမှု ကွက်လပ်များကို အရှိအတိုင်း ဖြည့်ဆည်းရေး၊
    – မျိုးဆက်ကွာဟမှုကြောင့် ရှိနေသည့် သံသယနှင့် အထင်အမြင်လွဲမှားများကို ဖယ်ရှားရေ၊
    -တိုင်းပြည်ချစ်စိတ်ကို ဗဟိုပြု၍ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုါ် ရေး လုပ်ငန်းများတွင် လူသား အရင်းအမြစ်များကို စနစ်တကျ အသုံးချနိုင်ရေး၊
    – ကိုးကွယ်ရာ ဘာသာကို အကြောင်းပြု၍ နိုင်ငံသားတိုင်း မူလနိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရေး ၊ ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး၊
    -လူမျိုး ပေါင်းစုံ ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊
    -ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများကို အောက်ခြေလူ့အဖွဲ့အစည်းဝင်များတိုင်အောင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်ပြိး ရေးသားခဲ့ကြောင်း ဖော်ပြထားပါတယ်။
    စာအုပ် ဝယ်ယူလိုသူတွေအနေနဲ့ ဖုန်းနံပါတ် 095134487 ဆက်သွယ်စုံစမ်းနိုင်ပြီး နှင့် စာပေလောကနှင့် အခြားသော စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါတယ်။
    ယခုစာအုပ်ကို အမှာစာရေးပေးသူ အချို့၏ ရေးသားထားမှုများကို ကောက်နှုတ်၍ ဖော်ပြပေးလိုက်ပါတယ်။
    သူရ ဦးတင်ဦး (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ၊သဘာပတိနှင့် နာယက)
    ————————————
    မြန်မာမွတ်စလင်မ် လူ့ အဖွဲ့အစည်းသည် တိုင်းပြည်အေးချမ်းဖွံ့ဖြိုးရေးအတွက် အရေးပါသော လူသား အရင်းအမြစ်တစ်ရပ်အနေဖြင့် နိုင်ငံသားကောင်းပီသစွာ ဆောင်ရွက်သွားကြမည့် အကြောင်းကို သမိုင်းကြောင်းနှင့် ဥပဒေအရ ပြန်တမ်းဝင် အချက်များနှင့် သက်သေသာဓက အထောက်အထားများ ခိုင်မာစွာဖြင့် သုတေသန ပြုရေးသား တင်ပြထားကြောင်း တွေ့ရပါသည်။
    ပါမောက္ခဒေါက်တာ ခင်မောင်ညွှန့် (မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဌဟောင်း)
    —————————————-
    ” ပြုစုပုံမှာလည်း ဘွဲ့ယူကျမ်းကဲ့သို့ အကိုးအကားများ၊ အောက်ခြေမှတ်စုများ၊ ဓါတ်ပုံများ၊ စာရင်းဇယားများ ၊ အဆိုအမိန့်များ၊ ကျမ်းကိုးစာရင်းများ ပါဝင်ပါသည်။ .. စာမူသည် အစောအဆုံး သမိုင်းမှ မျက်မှောက် ခေတ်အထိကို ရှာဖွေ စုဆောင်းလေ့လာသုံးသပ်ပြထားသဖြင့် သူ့အား ချီးကျူးပါသည်။ ”
    ဒေါက်တာကျော်ဝင်း (သမိုင်း ပါမောက္ခ(ငြိမ်း)
    ————————————————-
    “.ဤစာအုပ်သည် ခိုင်မာသော အထောက်အထား အကိုးအကာများဖြင့် ပြုစုထားသဖြင့် စာဖတ်သူများ လေ့လာ ဖတ်ရှုသင့်သော စာအုပ်ဖြစ်ကြောင်း ထင်မြင်မိပါသည်။ ”
    ကာဒီနယ် ချားလ်စ်ဘို( ရန်ကုန် ကက်သလစ် ဂိုဏ်းချူပ် သာသနာ)
    —————————————-
    “..ဤစာတမ်းပါ ဖော်ပြချက်များမှာ မြန်မာနိုင်ငံအတွင်း ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ လက်အောက်တွင် မှီတင်းနေထိုင်ခဲ့ကြသော အစ္စလာမ်( မူစလင်မ်) ဘာသာဝင်များအနေဖြင့် နိုင်ငံတော်အပေါ်၊ အစိုးရအပေါ် သစ္စာစောင့်သိ နေထိုင်ခဲ့ကြပြီး နိုင်ငံတော်ကာကွယ်ရေး ၊ ဖွံဖြိုးရေး ကဏ္ဍများတွင်လည်း အားကျိုးမာန်တက် ထမ်းရွက်ခဲ့ကြကြောင်း သမိုင်းအထောက်အထား စုံလင်စွာဖြင့် တင်ပြခြင်းဖြစ်ရာ မြန်မာနိုင်ငံသူ/သား အားလုံး လေ့လာသိရှိသင့်သော စာတမ်းတစ်ခု ဟုလည်း သုံးသပ်မိပါသည်။ ”
    စိုင်းညွှန့်လွင်( ရှမ်းတိုင်းရင်သား ခေါင်းဆောင်)
    ———————————————–
    “… ကျွန်တော်တို့ နိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နေသော ကာလတွင် အစ္စလာမ်ဘာသာကိုးကွယ်သူများသည် သီးခြားဖြစ်မနေသင့်ဘဲ သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် အတိုင်း ဆက်လက်ပါဝင်နေဖို့ လိုအပ်ပါသည်။ နိုင်ငံကောင်းကျိုးသယ်ပိုးခဲ့သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားကြဖို့ လိုအပ်ပါသည်။ ”
    Sayaci Paul Thang Thai (ချင်းတိုင်းရင်းသား ခေါင်းဆောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၀၁၁-၂၀၁၆)
    ——————————–
    ” စာရေးသူ အနေဖြင့် မြန်မာသမိုင်း အဆက်ဆက် နိုင်ငံတော်နှင့် နိုင်ငံသား မွတ်စလင်မ်များ အပြန်အလှန် အကျိုးပြု လေးစားမှုရှိခဲ့ကြောင်းကို အချက်အလက် ခိုင်မာစွာဖြင့် ရေးသား ဖော်ပြထားသည်ကို လေ့လာဖတ်ရှုရသည့် အခါ စိတ်မကောင်းဖြစ်မိပါသည်။ ကိုးကွယ်သော ဘာသာကို အကြောင်းပြု၍ မည်သည့် နိုင်ငံသားမျှ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးသင့်ပါ။ ”
    ဦးအုန်းမောင် (တရားလွှတ်တော် ရှေ့နေနှင့် နိုတြီပတ်ဗလစ်)
    ———————————–
    “.. မြန်မာနိုင်ငံတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓ္ဓဘာသာများ အဓွန့်ရှည်စွာ ချစ်ကြည်ရင်းနှီးရေး ကို ဖော်ညွှန်းထားသော စာအုပ်ဖြစ်သောကြောင့် လေ့လာထိန်းသိမ်းထားသင့်သော စာအုပ်ဖြစ်ကြောင်း ယူဆပါသည်။ ”
    ကချင်တိုင်းရေးသူ ခေါင်းဆောင် ဆရာမ လဖိုင်ဆိုင်းရော်
    (အာရှ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုဟု တင်စားခံရသော ရေမွန်မက်ဆေးဆေးဆုရှင်)
    ———————————————–
    “… ပြည်ထောင်စုသား မွတ်စလင်မ်များ ” ကို ဖတ်ရှု၍ မေတ္တာ တရား လွှမ်းခြုံနိုင်ပါစေ..”
  • အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းများ အစ္စလာမ့်အသိပညာပေးအစီအစဉ် ဆောင်ရွက်မည်
    အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းများ အစ္စလာမ့်အသိပညာပေးအစီအစဉ် ဆောင်ရွက်မည်
    အောက်တိုဘာ ၃၊ ၂၀၁၆
    M-Media
    ma-church
    – အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းများက အစ္စလာမ်သာသနာကြောင်း အသိပညာပေးမည့် အခမ်းအနားတစ်ခုကို ယခုသီတင်းပတ်အတွင်း ကျင်းပမည်ဟု သိရသည်။
    “အစ္စလာမ့်အကြောင်း စကားစမြည်” ဟူသည့် ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဖြစ်ပြီး မက်ဆာချူးဆက်ပြည်နယ်ရှိ Sherborn Community Center က ဦးဆောင်စီစဉ်ကာ ဝေလန်းရှိ ဘော်စတွန်အစ္စလာမ့်စင်တာမှ တာဝန်ရှိသူ ရှာဟင် အက်ခ်တာရ်က အစ္စလာမ့်အကြောင်း တင်ပြမည်ဖြစ်သည်။
    အဆိုပါအခမ်းအနားတွင် အစ္စလာမ်နှင့်ပက်သက်၍ တင်ပြမှု၊ ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး၊ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးနက်ရှိုင်းစေရန် အခွင့်အလမ်းလည်း ဖြစ်လာမည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။
    “ဒီအခမ်းအနားကနေ ကျွန်တော်တို့အားလုံး မွတ်စလင်တွေရဲ့သက်ဝင်ယုံကြည်မှုအကြောင်းနဲ့ပက်သက်ပြီး ပိုမိုလေ့လာနိုင်မယ့် အခွင့်အရေးတစ်ခု၊ ကျွန်တော်တို့ရဲ့ မွတ်စလင်မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာမှာပါ။ အထူးသဖြင့် အခုလို ကောလဟာလတွေ အပြင်းအထန် မြင့်မားနေချိန်မှာ ဒီလိုအသိပညာပေးလှုံ့ဆော်မှုမျိုးတွေ များများလိုအပ်ပါတယ်” ဟု ခရစ်ယာန်ဘုန်းတော်ကြီး ဆရာတော် ဂျွန်အက်ဖ် ဟွဒ်ဆန်က ပြောကြားခဲ့သည်။
    အက်ခ်တာရ်မှာ မွတ်စလင်အဖွဲ့အစည်းအတွင်း ထင်ရှားသည့် အသိပညာပေးလှုပ်ရှားသူနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်သူတစ်ဦး ဖြစ်ပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးစာအုပ်အသင်းများနှင့် ဆွေးနွေးမှုများ၏ အကြီးအကဲ တစ်ဦးလည်းဖြစ်ကာ ယခုကဲ့သို့ အစီအစဉ်များတွင် ပါဝင်ဆောာင်ရွက်နေသူဖြစ်သည်။
    အဆိုပါ အစ္စလာမ့်ပညာပေးအစီအစဉ်ကို Sherborn Community Center နှင့်အတူ ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်း ၆ ခုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
    “အမှန်က ဘာသာတရားတွေကို ကိုးကွယ်သူတွေဖြစ်စေ၊ မကိုးကွယ်သူတွေဖြစ်စေ ဘာသာအယူတွေရဲ့ အခြေခံ သဘောတရားတွေ၊ လက်တွေ့ကျင့်သုံးမှုတွေကို နားလည်မှုနဲ့ပတ်သက်လာရင် အားနည်းကြပါတယ်။ ပိုဆိုးတာက ဒီဘာသာတရားတွေနဲ့ပတ်သက်ပြီး မီဒီယာတွေကို သူတို့စိတ်ကြိုက်ဖော်ပြခွင့် ပေးတာပါပဲ။ ဒီအစီအစဉ်က မွတ်စလင်မဟုတ်တဲ့သူတွေ အစ္စလာမ်အကြောင်း နားလည်ဖို့ အခွင့်အရေး ရစေမှာဖြစ်ပြီး၊ ကောလဟာလတွေကို ကျော်လွန်ကာ ဆက်ဆံရေးကိုလည်း နက်ရှိုင်းစေမှာပါ” ဟု ဘုန်းတော်ကြီး ဟဒ်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။
    Ref : IINA
  • မူးယစ်ပြဿနာဖြေရှင်းရေး လူ ၃ သန်းခန့် သတ်ပစ်ရန် ဖိလစ်ပိုင်သမ္မတ ဆန္ဒရှိနေ
    မူးယစ်ပြဿနာဖြေရှင်းရေး လူ ၃ သန်းခန့် သတ်ပစ်ရန် ဖိလစ်ပိုင်သမ္မတ ဆန္ဒရှိနေ
    အောက်တိုဘာ ၃၊ ၂၀၁၆
    M-Media
    duterde
    – ဖိလစ်ပိုင်သမ္မတ ရော်ရီဂို ဒူတာတေးမှာ နောက်ထပ် ဟစ်တလာအဖြစ် တံဆိပ်အကပ် မခံလိုသော်လည်း ၎င်း၏ ရာဇ၀တ်မှုစစ်ဆင်ရေးတွင် လူသုံးသန်းခန့် သတ်ပစ်ရန် ရည်ရွယ်ထားသည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က စနေနေ့တွင် ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်မေလ အာဏာရချိန်မှစ၍ ဒူတာတေးစတင်ခဲ့သည့် မူးယစ်နှိမ်နှင်းမှုအတွင်း ယခုအချိန်အထိ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံတကာကမူ နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာက ဂျူးလူမျိုးများကို မျိုးဖြုတ်သုတ်သင်မှုနှင့် အလားသဏ္ဍာန်တူသည်ဟု ဝေဖန်ရှုတ်ချမှုများ ရှိခဲ့သည်။
    ဒူတာတေးကလည်း ပြီးခဲ့သည့်သောကြာနေ့က မိမိကိုယ်ကို ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်။ သို့သော်လည်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူကမူ သမ္မတ၏စကားမှာ ထိုကဲ့သို့ ရည်ရွယ်ခြင်း မဟုတ်ဟုဆိုသည်။
    “Holocaust မှာ ဂျူးလူမျိုးခြောက်သန်းလောက် အသက်ဆုံးရှုံးခဲ့ရတာကို မမှေးမှိန်စေချင်ပါဘူး” ဟု သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အာနက်စတို အဘယ်လာက သမ္မရုံးက ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
    ထို့ပြင် သမ္မတ၏ ထိုသို့ ခိုင်းနှိုင်းပြောဆိုခြင်းမှာ ဖိလစ်ပိုင်တွင် တရားမ၀င် မူးယစ်ပြဿနာကို အမြစ်ဖြတ်သုတ်သင်ရေး အောင်မြင်ရန်အတွက် လူသန်းနှင့်ချီ သတ်ဖြတ်ရန် ဆန္ဒရှိသည်ဟု ရည်ရွယ်ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
    “ဒူတာတေးအနေနဲ့ ရာဇ၀တ်ကောင်တွေဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူပေါင်း သုံးသန်းလောက်ကို အသေသတ်ပစ်ချင်နေပါတယ်၊ တိုင်းပြည်နဲ့ နောက်မျိုးဆက်ရဲ့ အနာဂတ်ကို ကယ်တင်ဖို့ပေါ့”
    Ref : Bangkokpost