News @ M-Media

Tag: ခရီးသွားဆောင်းပါး

  • ကျနော် နေခဲ့ရသော ဇင်းမယ်ပြည်

    ကျနော် နေခဲ့ရသော ဇင်းမယ်ပြည်

    အောက်တိုဘာ၊ ၁၀ ၊ ၂၀၁၂

    M-Media

    မောင်လူငယ်

    လွန်ခဲ့သော 10 လခန့်မှ စကာ ကျနော်သည် ဇင်းမယ်ပြည်တွင် နေထိုင်ရန် အကြောင်းဖန်လာခဲ့သည်။ ပြည်တွင်းတွင် အခက်အခဲပေါင်းစုံကြောင့် ထွက်ခွာလာခဲ့ရပြီး မြန်မာအငွေ့အသက်ရှိရာ ဇင်းမယ်မြို့တွင် မိမိဘ၀အတွက် အလုပ်လုပ်ကိုင်ကာ စားဝတ်နေရေးကို ရှာဖွေနေရပေသည်။ အစည်းအဝေးကိစ္စ၊ သင်တန်းကိစ္စဖြင့် ဘန်ကောက်သို့ အကြိမ်ကြိမ် ရောက်ရှိခဲ့သော်လည်း ဇင်းမယ်သို့ ရောက်ရှိနေမည်ဟု မည်သည်အခါမျှ အိပ်မက်ပင် မမက်မိချေ။

    ဇင်းမယ် ကျုံးနန်းတော်ဟောင်း

    ယိုးဒယားတို့ အခေါ် ချင်းမိုင်သည် တချိန်က မြန်မာတို့ ပိုင်နယ်မြေဖြစ်ခဲ့ပြီး ယခုအခါ ထိုင်း (ယိုးဒယား) တို့၏ ဒုတိယမြို့တော်ဖြစ်လေသည်။ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီး တို့၏ လက်ထက်တွင် ဇင်းမယ်သည် မြန်မာတို့ပိုင်ဖြစ်လာခဲ့ပြီး ဘုရင်နောင်မင်းတရားကြီး၏ သားတော် နော်ရထာစော ထီးနန်းစိုက်ချိန် တွင် ရာစုနှစ် ၂စု ကျော်ခန့် မြန်မာတို့ အစဉ်အဆက် နေထိုင်လာခဲ့ပြီး မြန်မာအငွေ့အသက်၊ မြန်မာဓလေ့ ထုံးစံတို့ကို တွေ့မြင်ရလေသည်။

    မိဘမဲ့ကလေးများနဲ့ မသန်စွမ်းတွေအတွက် အလှူခံနေတဲ့ ထိုင်းရဲ

    ကုန်းဘောင်မင်းဆက် စဉ့်ကူးမင်းလက်ထက်တွင် မြန်မာတို့ ဇင်းမယ်ကို လက်လွှတ်ခဲ့ရသည်။ ဇင်းမယ်မြို့ဟောင်းသည်စတုရန်းမိုင် ၄ မိုင်ခန့် ကျယ်ဝန်းပြီး ရှေးဟောင်းလက်ရာ၊ ကျုံးမြို့ရိုးဟောင်းများကို ယနေ့တိုင်တွေ့မြင်ရပြီး ဘန်ကောက်နန်းတော်ထက် ကျယ်ဝန်းလေသည်။ လူဦးရေတိုးပွားကာ ဖြည်းဖြည်း တိုးချဲ့လာသောကြောင့် မြို့ရိုးအပြင်ဘက်သို့တိုင်အောင် ရောက်ရှိခဲ့ပြီး စီးပွားရေး ရပ်ကွက်လည်း ရှိသည်။ ဇင်းမယ်တွင် ယိုးဒယား၊တရုတ်၊လာအို၊ရှမ်းနှင့်မြန်မာများနေထိုင်ပြီး ယိုးဒယားပေါက် မြန်မာများ၊ရှမ်းများကိုလည်း တွေ့မြင်ရသလို ယိုးဒယားလူမျိုးနှင်လာအိုတို့က ရှမ်းများကို တိုင်းလန် သို့မဟုတ် အကိုကြီးဟု ခေါ်ဆိုကြသည်ကို သိရှိရလေသည်။ အဘယ်ကြောင့်ဆိုသော် ယိုးဒယား၊ရှမ်းနဲ့လာအို တို့မှာ အချင်းချင်း ဆွေမျိုးသားချင်းများဖြစ်လေသည်။

    ဇင်းမယ်သည် ယိုးဒယားနိုင်ငံမြောက်ပိုင်း၏ မြို့တော်ဖြစ်ပြီး မဲနန်မြစ်၏ မြစ်လက်တက်ဖြစ်သော မဲပင်မြစ်ကမ်းဘေးတွင် တည်ရှိပြီး မိုးမျှော်တိုက်တာအဆောက်အအုံ မရှိသလောက် နည်းပါးလှသည်။ သစ်တောထူထပ်သောတောင်ကြီးများ ၀န်းရံလျှက်ရှိပြီး ဒွိုက်စူသက်တောင် သည် ဇင်းမယ်မြို့၏ အလှကို တင့်တယ်အောင် ပြသနေလေသည်။ မြန်မာပြည်ဘက် ကယားနီနယ်နှင့် မိုင် ၈၀ အကွာတွင် ရှိကာ အလွန်နီးလှသည်။ မြန်မာပြည်မှာ ထွက်လာသောသူများနှင့် မြန်မာအလုပ်သမား ၄ သိန်းခန့် နေထိုင်လျက်ရှိကြသည်။ ယိုးဒယားနိုင်ငံနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော ကရင်၊ကယားနီ၊မွန်နှင့် ရှမ်းပြည်နယ်မှာ တိုင်းရင်းသားများသည်လည်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှုနှင့် နေရာဒေသမရွေး တိုက်ပွဲတွေကြောင့် စွန့်ခွာလာခဲ့ပြီး မိမိတို့ စားဝတ်နေရေးအတွက် ဇင်းမယ်တွင် ရရာ အလုပ်များကို လုပ်ကိုင်စားသောက်နေထိုင်ကြသည်ကို ကျနော်သည် တွေ့မြင်ခဲ့ရသည်။ ၀မ်းနည်းဖို့ကောင်းလေသည်မှာ မိမိတို့ တိုင်းရင်းသူတချို့သည် မိသားစု စားဝတ်နေရေးအတွက် မိမိဘ၀ကို ရင်းနှီးရသည်ကို စိတ်မကောင်းခြင်းကြီးစွာ ကျနော် မြင်ခဲ့ရလေသည်။ မည်သူကို ကျနော်အပြစ်တင်ရမည်နည်း။

    ရွှေ့လျား ဆိုင်ကယ်ဈေးရောင်း

    ယိုးဒယားနိုင်ငံ၏ စီးပွားရေးသည် မြန်မာပြည်ထက်ပင် အစစ အရာရာ သာလွန်လျက် နိုင်ငံတကာ ခရီးသည်များကို ဆွဲဆောင်နိုင်လေသည်။ အစားအသောက်ဈေးနှုန်းမှာလည်း သင့်တင့်မျှတပြီး ဟိုတယ်၊ အင်းများ၏ တည်းခိုးစရိတ်မှာ မြန်မာပြည်ထက်ပင် ဈေးချိုလေသည်။ ပေးရသော် ဘတ် ၄၀၀ မှ ၅၀၀ ကြားရှိလေသည်။ ကျနော်စရောက်သည်အချိန်က ဇင်းမယ်သည် မန္တလေးနှင့် အတော်တူလေသည်။ သို့သော် ကွဲပြားခြားနားချက်တော့ ရှိလေသည်။ မန္တလေးတွင် အတော်ပူသလောက် ဇင်းမယ်တွင် သိပ်မပူချေ။ မန္တလေးတွင် မိုးနည်းသလောက် မည်သည်အချိန်တွင် မိုးရွာမည်ကို မခန့်မှန်းနိုင်ဘဲ ရွာတော့မည်ဆိုလျှင် အငြိုးကြီးစွာ ရွာတတ်သည်။ ဇင်းမယ်ကား တမျိုးထူးလေသည်။ မိုးမရွာခင် ရှေ့ပြေးအတိတ်နမိတ်လေးများပြတတ်ပြီး တိမ်တိုက်တိမ်လိပ်များ ထူထပ်ကာ လေခပ်ကြမ်းကြမ်းတိုက်ခတ်တတ်သည်။ ဖုန်ထူတာခြင်းတွင် အတော်တူလေသည်။

    ဆောင်းရာသီကာလတွင် အသည်းခိုက်အောင်ချမ်းလှပေသည်။ ဆိုင်ကယ်များလည်း အတော်ပေါပြီး ဥပဒဟို သွားလာလှုပ်ရှားလျက်ရှိသည် အပြင် ထူးခြားချက်မှာ ဆိုင်ကယ်ရှေ့မီးကို မနက်၊ ည ဖွင့်ထားခြင်းမှာ ဇင်းမယ်၏ ထုံးစံလို ပင်ဖြစ်နေသည်။ ကျနော်သည် ဆိုင်ကယ်မစီးပါ။ လမ်းလျှောက်သွားလာတတ်သဖြင့် ကျနော်အား တွေ့မြင်ကြသော ယိုးဒယားသားများက အထူးအဆန်းသဖွယ် ကြည်သွားလေသည်။ ကြည်ဖန် များလာသောအခါ မိမိကိုယ်ကို ပြန်လည် စစ်ဆေးကြည်ရှုလေသည်။ နောက်ပိုင်းတွင် သိရသည်မှာ လမ်းလျှောက်သွားကြသွားသူများမှာ နိုင်ငံခြားသာမှန်း သိရှိစေသောကြောင့်ဖြစ်သည်။ ဘက်စ်ကား၊ အဲယားကွန်းဘက်စ် ကို မတွေ့ရဘဲ။ ၄ ချိတ် ကားအနီ၊ အ၀ါ၊ အညို တို့ကို လမ်းပေါ်တွင် အများအပြား တွေ့ရသလို သုံးဘီးဆိုင်ကယ်လို့ ခေါ်တဲ့ တုတ်တုတ်ကို လည်း တွေ့ရသည်။

    နိုင်ငံတကာ ခရီးသည်များအကြိုက် ဆိုက်ကားလည်းရှိသည်။ သို့သော် မြန်မာပြည်မှာ ဆိုက်ကားနှင့် လုံးဝပင်မတူပါ။ ယိုးဒယားဆိုက်ကားတွင် အလယ်မှာ နင်းသူရှိသဖြင့် များစွာ ကွဲပြားလေးသည်။ စီးနင်းခမှာ ဈေးအတော်ကြီးသည်။ ကျနော်နေသော အဆောင်မှာ မြို့လယ်နှင့် အတော်နီးပြီး မြန်မာအများစုနေထိုင်ကြပြီး မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများနှင့် ယိုးဒယားများကိုတွေ့မြင့်ရသည်အပြင် မြန်မာပြည်သားများနေထိုင်ရာ ရပ်ကွက်တွင်လည်း ကွမ်းယာဆိုင်များကို တွေ့ရသည်အတွက် မြန်မာနှင့်  ကွမ်းယာ မည်သို့မျှ မခွဲနိုင် ဟု ကျနော်တွေးမိလေသည်။ ကျနော်သည် ကွမ်းမစားသော်လည်း မြန်မာပြည်သား တိုင်းရင်းသားလူမျိုးဘာသာမရွေး ကွမ်းယာကို အတော်ကြိုက်မှန်း သဘောပေါက်မိသည်။ မြန်မာပြည်မှာ အသုံးအဆောင်များကို ရနိုင်သလို မြန်မာဆေးများကိုလည်း တွေ့ရလေသည်။

    ဇင်းမယ်ရှိ ဗလီဝတ်ကျောင်းတော်

    ကျနော်သည် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ဖူးသော်လည်း ဇင်းမယ်သင်္ကြန် ကို ပထမဆုံးအကြိမ်ဆင်နွှဲမိသည်။ မြန်မာပြည်ဘက်နှင့် လုံးဝပင်မတူညီဘဲ ကွဲပြားခြားနားလေသည်။ မြန်မာသင်္ကြန်တွင် ရေကို ဖောဖောသီသီ လှိုင်လှိုင်သုံးသလောက် ဇင်းမယ်တွင် သိပ်မသုံးချေ။ ကျုံးမြို့ရိုးပတ်လည်သည်အစည်းကားဆုံးဖြစ်ပြီး ဆိုင်ကယ်များ၊ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် ပျော်ရွှင်မြူးထူးကြပြီး ကားပေါ်တွင် စည်ပိုင်းပုံးများတင်ကာ တဦးနှင့် တဦး အပြန်အလှန် ပျော်ရွှင်စွာ ရေပက်ကြလေသည်။ ဘေးတဖက်တချက်တွင် လမ်းဘေးအစားအသောက်များ ရေခဲဆိုင်များအပြည့်ပင်ဖြစ်သည်။ ထူးခြားသည်မှာ အရက်သေစာ ရောင်းချခွင့်မရှိချေ။ 7 eleven ဆိုင်များတွင် ရောင်းချသည်။ သို့သော် ဈေးနှုန်းထက် ၂ဆ တင်ရောင်းလေသည်။ အရက်ပုလင်း၊ ဘီယာပုလင်းကို လူရှေ့သူရှေ့နှင့် ကားပေါ်တွင် ပေါ်ပေါ် ထင်ထင် သောက်ခွင့်မရှိချေ။ ထိုင်းရဲများက တွေ့မြင်လျင် ဒဏ်ကြေးကြီးကြီး ပေးဆောင်ရသည်။ ခိုက်ရန်ဖြစ် ပွားပြီ်း ဒဏ်ရာအနာတရ ဖြစ်စဉ်ကို အတွေ့ရနည်းပြီး ဆိုင်ကယ် မတော်တဆသာ တွေ့ရှိရလေသည်။ အမျိုးသမီးများအပေါ်တွင် နှိမ့်ချခြင်း၊ ဆဲဆိုခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကို မတွေ့ရချေ။ ကျုံးအတွင်းရှိ ရေများကို ခပ်ယူပက်ကြလေသည်။ ရေရောပေါင်ဒါဖြင့် အပြန်အလှန် လေးစားမှုဖြင့် မျက်နှာပေါ်တွင် သုတ်လိမ်းကြသည်။ နိုင်ငံခြားသားများဖြစ်လျင် ယိုးဒယားလူမျိုးများမှာ ဖက်လှဲတကင်း ပျူငှာကြိုဆိုကာ အတူ ရေကစားပျော်ရွှင်ကြလေသည်။ ကျနော်မြင်ခဲ့ရသော ဇင်းမယ်သင်္ကြန်ပင်ဖြစ်သည်။

    မြန်မာတို့ အတုယူရန်လိုအပ်လှပေသည်။ မြန်မာပြည်သင်္ကြန်တွင် စိတ်ပျက်စရာ တချို့တလေကို တွေ့မြင်ရသော်လည်း အကျယ်ချဲ့ မပြောလိုတော့ပါ။

    တနင်္လာနေ့နှင့် လပြည့်နေ့တိုင်း ယိုးဒယား တပြည်လုံးတွင် အရက်သေစာရောင်းချခွင့်မရှိသည်ကိုလည်း ထူးခြားစွာတွေ့မြင်ရလေသည်။ အဘယ်ကြောင့်ဆိုသော့် ယိုးဒယားနိုင်ငံ၏ ပြည်သူ့ချစ် ဘုရင်ကြီးမှာ တနင်္လာသားဖြစ်သောကြောင့်သိရှိရလေသည်။ ဇင်းမယ်တွင် ယိုးဒယား လူမျိုး အစလာမ့်ဘာသာဝင်များနှင့် ဂျူးလူမျိုး အနည်းငယ်ကို လည်း တွေ့မြင်ရသည်။ တောင်ပိုင်း မူဆလင်များနှင့် များစွာမတူ ကွဲပြားကာ အေးအေးချမ်းချမ်းရှိကာ နှစ်လိုဖွယ် ပေါင်းသင်းဆက်ဆံရေး ကောင်းလှသည်။ ဂျူးလူမျိုးများကို ချန်ဂလမ်လမ်းမပေါ်တွင် အတွေ့ရများပြီး ရှာဘတ်ဆိုင်ဟု ဆိုလိုလျင် တမြို့လုံးသိကြလေသည်။ ထိုဆိုင်တွင် ဂျူးလူမျိုးများ ဆုံရပ်ဖြစ်ပြီး ယိုးဒယားရဲများက အလှည့်ကျ လုံခြုံရေး တာဝန်ယူပေးသည်ကို တွေ့မြင်ရသည်။

    ဇင်းမယ်တွင် တက္ကသိုလ်ကြီး ၂ခု ရှိပြီး ဇင်းမယ် အရှေ့ဘက်တွင် ချင်းမိုင်တက္ကသိုလ်ရှိကာ အနောက်ဘက်တွင် ဖရတ် တက္ကသိုလ်ရှိလေသည်။ မြန်မာကျောင်းသား အများအပြားရှိပြီး နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီအစဉ်အရ လာရောက်ကြသောကျောင်းသားများကိုလည်း တွေ့မြင်ရသလို မြန်မာလူမျိုး ဆရာများလည်း သင်ကြားပို့ချကြောင့် သိရှိရသည်။ ဇင်းမယ်ညဈေးသည် အတော်စည်းကားလှသည်။ ကျနော်နေသောနေရာမှာ ၁၅ မိနစ်ခန့် လမ်းလျှောက်သွားလျင် Anusarn Night Bazeerနှင့် Pantip Plaza ရှိသည်။ ညဈေးသည် ညနေ ၆နာရီတွင်ဖွင့်ကာ ည ၁၂ နာရီတွင် ဆိုင်ပိတ်လေသည်။ နိုင်ငံတကာပေါင်းစုံမှာ ခရီးသည်များဖြင့် စည်ကားလှသည်။ ဂျပန်များနှင့် ကိုးရီယားလူမျိုးများကို အများဆုံးတွေ့မြင်ရသည်။ ထို့ဈေးတွင် ပစ္စည်းမျိုးစုံကို စုံလင်စွာ ရောင်းချပြီး လိုချင်သောဈေးနှုန်းကို ဂဏန်းပေါင်းစက်ဖြင့် ပြကာ ရောင်းသူ ၀ယ်သူ ကျေနပ်လောက်သည်အထိ အရောင်းအ၀ယ်ဖြစ်သည်ကိုလည်း တွေ့မြင်ရသည်။ Pantip Plaza တွင် ကွန်ပြူတာပစ္စည်းနှင့် ဆက်သွယ်ရေးပစ္စည်းများကို အဓိက ရောင်းချသည်။

    ဇင်းမယ်တွင် လက်ချိုးရေတွက်လို့ ရသော Plaza များ အနက် အထင်ရှားဆုံးမှာ Airport Plaza ပင်ဖြစ်သည်။ မယ်ဟောင်စင်သွား လမ်းမကြီးနှင့် လေဆိပ်သွားလမ်းမကြီးဆုံရာလမ်းဆုံတွင်ရှိပြီး ဇင်းမယ်မြို့ဟောင်းနှင့် ခပ်လှမ်းလှမ်းတွင် ရှိသည်။ ထို့ပလာဇာမှာ အကြီးစားဖြစ်ကာ လိုအပ်သမျှ အစုံ ရှိသည်။ အပေါ်ထပ်တွင် ရုပ်ရှင်ရုံရှိကာ သမီးရည်စားစုံတွဲများကို အများစုံတွေ့ရသည်။ အလွန်အံ့သြမိသည်က အမျိုးသားအချင်းချင်း စုံတွဲ၊ အမျိုးသမီးအချင်းချင်းစုံတွဲများကို မြင်မိသည်။ အမှန်အတိုင်း ၀န်ခံရလျင် ကျနော်သည် ရေအိုင်ထဲက ဖားသူငယ်ပင်ဖြစ်ကာ နားကို မလည်နိုင်အောင်ဖြစ်ရလေသည်။ ယိုးဒယားတွင် လူ့အခွင့်အရေး အပြည့်အ၀ ရသောနိုင်ငံဖြစ်သဖြင့် လိင်တူချစ်သူများ ၊ လိင်တူလိင်ကွဲစိတ်ဝင်စားသူများကို ကျနော်ဘ၀တွင် ပထမဆုံးမြင်တွေ့မိရခြင်း ဖြစ်သည်။ သေချာစဉ်းစားမိသော လောကတွင် လူရယ်လိုဖြစ်လာချိန်တွင် စိတ်ကသာ အရေးကြီးဆုံး ပြသာနာဖြစ်ကြောင့် စဉ်းစားမိလေသည်။ မွေးစဉ်က အမျိုးသားဖြစ်သော်လည်း စိတ်က အမျိုးသမီးဖြစ်နေလျင် မည်သို့မျှ ပြုပြင်နိုင်မည်မဟုတ်ပါ။ နားလည်လက်ခံပေးချင်သာ အကောင်းဆုံးပင်ဖြစ်သည်။ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအပေါ် ခွဲခြားနှိမ့်ချသော အခေါ်အဝေါ်ကို မသုံးစွဲသည်ကို ကျနော်သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် ခေါ်ဝေါ်မိလျင် ဒဏ်ကြေးပေးဆောင်ရလေသည်။ ဥပမာပြောရလျင် – အခြောက်၊ ဂန်ဒူး၊ အပုန်း၊ ယောက်ျားလျာ၊ မိန်းမလျာ၊ တွမ်ဘွိုင်း၊ ဆွံ့အ၊ အပင်း၊အအ၊ကျီးကန်၊ အကျိုးအကန်း၊ ထော့ကျိုး၊ိ မျက်ကန်း၊ ဒုက္ခိတ၊ မသန်မစွမ်း ဟု ခေါ်ဝေါ်သုံးစွဲခြင်းကို တားမြစ်ထားလေသည်။ ထို့အသုံးအနှုန်းများမှာ သူတို့အား နှိမ့်ချခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်လေသည်။

    ကျနော်နေသောအဆောင်တွင် အလုပ်လုပ်နေသော သန့်ရှင်းရေးသမားသည်လည်း လိင်တူချစ်သူတယောက်ပင်ဖြစ်သည်။ ကျနော်သည် အစပထမတွင် မရင်းနှီးသောလည်း ကျနော် နားမကြား တယောက်ဖြစ်ကြောင့် သိရသောအခါ စတင်မိတ်ဆက်ပေးလေသည်။ သူနာမည်၊ မြို့အကြောင်းပြောပြပြီး ကျနော်ကို ဘယ်ကလာလဲလို့မေးတော့ ကျနော်က ဖမားပြည်မှာလာတယ်လို့ပြောတော့ သူက သူကိုယ်သူ မိန်းမစိတ်ပေါက်နေသူပါ၊ လိင်တူချင်းစိတ်ဝင်စားသူပါလို့ ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ယိုးဒယားမှာ ကျမတို့လို လူတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းကို သတိထားစေချင်တယ်တဲ့။ ဘာလိုလဲဆိုတာကို ကျနော်ကမေးတော့ သူမက ပြောတယ်။ မှားသွားရင် မင်းအတွက် မကောင်းလို့ပါ။ ဖမားပြည်က လာတဲ့သူဆိုတော့ မသိတာအများကြီးရှိနေတယ်တဲ့။ အပြောမှားရင် ဒဏ်ငွေဆောင်ရလိမ့်မယ်တဲ့။ အတော်ကိုကောင်းတဲ့ ဥပဒေ စည်းကမ်းချက်တခုဖြစ်လို့ ကျနော်သဘောကျမိတယ်။

    မြန်မာတို့၏ အခါကြီးရက် ဥပုသ်နေ့တွင် အားထားရာ ဘုန်းကြီးကျောင်းလည်း ဇင်းမယ်တွင်ရှိလေသည်။ ထို့ကျောင်းသည် ၀ပ်ဆိုင်းမွန် ကျောင်း ဟု ခေါ်တွင်ပြီး နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိပြီး ဟံသာဝတီ ဆင်ဖြူများသျှင် ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုကုသိုလ်ပင်ဖြစ်သည်။ နန်းကျုံးမြို့ရိုးတောင်ဘက်တွင် တည်ရှိပြီး (၀ပ်ဆိုင်းမွန် ဖမား) ဟု ယိုးဒယားအသံထွက်ဖြင့် ပြောလိုက်လျှင် ဇင်းမယ်တပြည်လုံးသိကြသည်။ ထိုကျောင်းတွင်လည်း စေတနာ နာရေးကူညီမှုအသင်းကို ၂၀၀၈ နိုဝင်ဘာလ ၂၇ တွင် ဖွဲ့စည်းထားပြီး နာရေးကိစနှင့် ပတ်သက်သမျှ လူမျိုးဘာသာ မရွေး တတ်နိုင်သမျှ အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

    ဇင်းမယ်ရောက် မြန်မာပြည်သားများ ပြီးခဲ့သော် ဇူလိုင်လခန့်က ထိုကျောင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနှင့် ယိုးဒယားတို့ အချင်းများခဲ့ကြသေးသည်။ မြန်မာကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီးနောက် ကျောင်းထိုင်ဆက်ခံရေးနှင့်ပတ်သက်ပြီး ယိုးဒယားတို့ဘက်မှာ မြန်မာကျောင်းတွင် ယိုးဒယားကျောင်းထိုင်ဆရာတော်ခန့်အပ်မည်ကို မြန်မာတို့က ကန့်ကွက်ကြခြင်းဖြစ်သည်။နောက်ပိုင်းတွင် မြန်မာဘက်မှ သံတမန်ရေးအရ ပြေလည်စွာဖြေရှင်းပေးမှုကြောင့် ထိုင်း (ယိုးဒယား)အစိုးရမှာ လက်ခံသဖြင့် မြန်မာကျောင်းထိုင်ထားရှိရေးအတွက် ဆက်လက်ဆွေးနွေးကြသည် ကိုလည်း ၀မ်းမြောက်စွာ သိရှိရသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုမှာ ဇင်းမယ်တွင် ယိုးဒယားသားများ မလုပ်သော အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ကြသည်။ ဘွဲ့ရပညာတတ်များပါဝင်သော်လည်း ပြည်တွင်းတွင် အလုပ်အကိုင် ရှားပါးလွန်းသဖြင့် ပြည်ပတွင် လုပ်ကိုင်ရသော်လည်း မြန်မာပြည်မှာ ဘွဲ့သည် အသုံးပင် မ၀င်လှချေ။ ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ကြုံခဲ့ရသော အကြောင်းရင်းပင်ဖြစ်သည်။

    အစ ပထမတွင် ကျနော်သည် ဇင်းမယ်သူတွေ လှသည်ကို မသိခဲ့ချေ။ ရှေးတုန်းက မြန်မာရာဇ၀င်စာဆိုများ၏ ဇင်းမယ်အကြောင်း စာပေများဖွဲဆိုခဲ့သော်လည်း ယခုလက်တွေ့မြင်ရမှာ အဆင်းလှသဖြင့် ရင်ခုန်မိသည်။ သို့သော် ကျနော်သည် အချစ်နှင့်ပတ်သက်လာလျှင် အတော်ညံ့သောကြောင့် မပြောဆိုရဲခဲ့ပေ။ ကျနော်ရဲ့ အားနည်းချက်ပင်ဖြစ်သည်။

    နိဂုံးချုပ် ဆိုရသော် ဇင်းမယ်သည် ရှေးစာဆိုနှင့်အညီ ပြည်စုံလှသလို မိမိမျက်ဝန်းထဲတွင် မမေ့နိုင်လောက်အောင် စွဲလန်းမိသလို ဇင်းမယ်သို့ ရောက်ဖူးကြသူများပင်လျင် ကျနော်ကဲ့သို့ ဖြစ်မည်ကို ထင်မြင်မိပါသည်။

    စာဖတ်သူ မိဘပြည်သူများအား ချစ်ခင်လေးစားလျှက်
    မောင်လူငယ်

  • နေရာ……

    ကားစထွက်တော့ ခြောက်နာရီထိုးပြီး ဆယ်မိနစ်ခန့်ပင် စွန်းနေလေပြီ။ အိပ်ယာထနောက်ကျ၍ ကားကိုမှီလုမီခင်ပင် ဖြစ်ပေသည်။ တနင်္ဂနွေမို့ ကားလက်မှတ်ကလည်း ၀ယ်ရကျပ်လေသည်။ ကြိုဝယ်မထားမိသည်က အမှားပင်။ မိုးတွင်းဖြစ်သည်မို့ တစ်ပြောက်နှစ်ပြောက်သော မိုးရေစက်များက ကားစထွက်သည်နှင့် ၀ရုန်းသုန်းကား ရွာချလိုက်လေတော့သည်။ ဘားအံ-မော်လမြိုင် လိုင်းကားလေးကတော့ ခရီးဆက်နေဆဲပင်ဖြစ်သည်………………..။

    မူလတန်းပြဆရာမတစ်ယောက်အတွက်တော့ တနင်္ဂနွေနေ့ဖြစ်သော်လည်း ရှောင်တခင်အလုပ်တာဝန်တစ်ခုပေါ်လာ၍ မလွဲရှောင်သာလှပေ။ ကားက နံနက်ခြောက်နာရီအခေါက်ဖြစ်သည်မို့ ဈေးသည်များပါမက အိမ်ပြန်ကြသည့် တက္ကသိုလ်ကျောင်းသူများဖြင့်ပါ ပြည့်သိပ်ကျပ်နေသည်မှာ ခြေချစရာပင်မကျန်တော့ချေ။ မော်လမြိုင်မြို့မှ ဘားအံမြို့ထိဆိုလျှင် တစ်နာရီခွဲကျော်ခန့်သာ စီးရသော်လည်း ကျွန်မလိုနေရာမရ၍ မတ်တပ်ရပ်စီးရသည့် လူတစ်ယောက်အတွက်တော့ မထောင်းသာလှပေ။ သို့သော်လည်း ခရီးရောက်ဖို့က အရေးကြီးနေသည်မို့ သွားရပေဦးမည်။

    ကျွန်မလိုပင် မတ်တပ်ရပ်စီးကြရသည့် ခရီးသည်များက အပုံအပင်။ သို့သော် သူတို့ဘယ်လမ်း၊ ဘယ်ခရီးတစ်ထောက်တွင် ဆင်းကြမည်ဆိုသည်ကိုတော့ ကျွန်မ မသိချေ။ ကံဆိုးသည်ကတော့ ကျွန်မနံဘေးတွင် မတ်တပ်ရပ်လိုက်ပါလာသူတစ်ဦးမှာ အရက်စော်များနံစော်နေ၍ ကိုယ့်ကိုယ်ကိုပင် မတ်မတ်မရပ်နိုင်ဘဲ ဇက်က ကျိုးကျလုနီးပါးဖြစ်နေပေသည်။ ကျွန်မနှင့် မလှမ်းမကမ်းတစ်ခုံကျော်ရှိ လူကုံထံမိန်းမကြီးတစ်ယောက်ကတော့ သူမအတွက် တစ်ယောက်စာကို ထိုင်ခုံနှစ်ခုံဝယ်ထားသည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ကြီးမားလှသော လက်ကိုင်အိတ်ကြီးကို ကျန်ခုံအလွတ်ပေါ်တွင်တင်၍ ဖုန်းပြောနေပါသည်။ သည်းကြီးမည်းကြီးရွာနေသော မိုးသံတွေကိုတော့ သူမ၏အသံက အံ့သြစရာကောင်းလွန်းလှအောင် ဖြိုခွဲလိုက်နိုင်ပါသည်။ ကိုယ်ပိုင်ကားက စက်တခုခုချို့ယွင်းသွား၍ လိုင်းကားနှင့်သာ ခရီးသွားလိုက်ရသည့်အကြောင်းကို သူမ၏ အယောက်ငါးဆယ်မျှရှိသော မိတ်ဆွေများထံသို့ သေရေးရှင်ရေးတမျှ အကြောင်းကြားလျက်ရှိနေလေသည်။

    လိုင်းကားကြီးသည် ကားလမ်းကြမ်းကို ဖြတ်ကျော်တိုင်း ဘယ်ညာယိမ်းထိုးလျက်ရှိရာ ကျွန်မခေါင်းအပေါ်တည့်တည့်ရှိ ကားအမိုး၏ အပေါက်အပြဲကြောင်းမှတဆင့် မိုးပေါက်များက ခေါင်းပေါ်သို့ တဖြောက်ဖြောက်ကျနေပေသည်။ ခံစားတတ်သူအဖို့တော့ ဂီတသံတစ်ခုနှင့်ပင် တူနေသေးပေဦးမည်။ ကျွန်မခြေထောက်အရှေ့တည့်တည့်တွင်တော့ မျှစ်ချဉ်တောင်းများ ဖြစ်မည်ထင်သည်။ မိုးနှင့်အတူ လေတချက်တချက်ဝေ့တိုင်း မျှစ်ချဉ်နံ့က စူးစူးရှရှ ထွက်လာလေသည်။ မျှစ်ချဉ်သည်၊ ငါးခြောက်ငါးပိသည်များနှင့် အမျိုးအမည်အတိအကျမသိသော ကုန်ပစ္စည်းများကို ထုပ်ပိုးကိုင်ဆောင်လာသူ ခရီးသွားများလည်း များစွာရှိလေသည်။ ကားစပယ်ယာတစ်ယောက်၏အသံမှလွဲ၍ ကျန်လူများ၏အသံက တိတ်ဆိတ်လွန်းလှပေသည်။ နံနက်စောစောဖြစ်သည့်အပြင် မိုးကလည်း အေးစိမ့်လှသည်မို့ ကိုယ့်အတွေးနှင့်ကိုယ်မျောနေကြသည့် သူများသာဖြစ်လေသည်။ အချို့ခရီးသွားများ၏ မျက်နှာတွင် ပရိယေသန၀မ်းစာရေးအတွက် အပြင်းအထန်ရုန်းကန်လှုပ်ရှားနေရမှုကြောင့် ပရိဒေ၀အရိပ်အယောင်များက အထင်းသားရှိနေပေသည်။

    ကားနောက်ဆုံးတန်းရှိ တောင်းကြီးဘေးတွင် ထိုင်နေသူမိန်းမကြီးတစ်ယောက်၏ နေလောင်ထားသောမျက်နှာပြင်ပေါ်တွင် ပါးကွက်ကြားကြီးများက နေရာယူထားလေသည်။ မိုးငွေ့တွေက အေးစိမ့်နေသည့်တိုင်အောင် သူမရင်ထဲရှိ သောကမီးကို မငြိမ်းသတ်နိုင်သည့်အလား ပါးကွက်ကြီးပေါ်သို့ နဖူးဆံစမှ ချွေးကြောင်းကြီးများက စီးကျနေပေသည်။ သို့သော် ကြည့်တတ်သူအဖို့ မြင်၏ဟုပင် ပြောရလေမလား သို့မဟုတ် အလှတရားကို မြင်အောင်ကြည့်လျှင် မြင်နိုင်သည်ဟူ၍ပဲ ပြောရလေမလား မသိချေ။ ကျွန်မ၏ မျက်လုံးများထဲတွင်တော့ ထိုပါးကွက်ကြားကြီးများပေါ်ရှိ ချွေးကြောင်းကြီးများသည် သံလွင်မြစ်ကြီးစီးဆင်းနေသယောင်အလား ပသာဒရှိလှပေသည်။ သူမ၏ဘေးတွင်တော့ စာကလေးအကြွပ်ကြော်ခွေရောင်းသည့် ကောင်လေးသည် ပလတ်စတစ်အိတ်ဖြင့် စွပ်၍ချည်ထားသော သူ၏ စာကလေးခွေကြော်များပေါ်ရှိ မိုးရေစက်များကို အပြင်းအထန်ခါချလျက်ရှိကာ ထိုင်ခုံနောက်တန်းက သံတိုင်လေးများကို အပြေးအလွှား ဆုပ်ကိုင်ထားလျက်ရှိပေသည်။ ကားတစ်ချက်ခုန်တိုင်း လွတ်ထွက်သွားလုမတတ်ဖြစ်သော သူ၏လက်များကို ဂရုစိုက်မနေအားဘဲ စာကလေးခွေကြော်များ ကြေမွသွားရတော့မည့်အရေးကိုသာ အာရုံပေးစူးစိုက်နေရသည့် သူ၏ဘ၀ပေးတာဝန်ကိုတော့ ကိုယ့်ကိုယ်ကိုထက်ပင် ကျွန်မ ပိုသနားသွားမိလေသည်။

    မိုးတွေသည်းကာ ပတ်ဝန်းကျင်တစ်ခွင်လုံး မှုန်မှိုင်းနေသည့်အပြင် ကားကလည်း အသက်လုမောင်းနေရသည့်အတွက် ပတ်ဝန်းကျင်မြင်ကွင်းများကတော့ သဲကွဲမနေပါ။ ရိပ်ကနဲရိပ်ကနဲ ကျန်ခဲ့သော အပင်စိမ်းစိမ်းများ၊ လယ်ကွင်းပြင်များ၊ ဘုရားငုတ်တိုလေးများ၊ ဘုန်းကြီးကျောင်းများနှင့် တောင်တန်းငယ်လေးများကတော့ အတော်ကြည့်ကောင်းလှပေသည်။ ခရီးတထောက်နားလိုက်၊ ခရီးသည်များတက်လိုက်ဆင်းလိုက်ဖြင့်ပင် ကားလေးက ခရီးဆက်နေဆဲ…….။ အမှန်တကယ်တမ်းတော့ လူတစ်ယောက်၏ တာဝန်နှင့်ဝတ္တရာများသည် ပျားတစ်ကောင်ကဲ့သို့ပင် ရှုပ်ထွေးများပြားနေပေသည်။ သည်လိုနှင့်ပင် ဘားအံမြို့နားသို့ ရောက်လုရောက်ခင်ဖြစ်သော ကော့ကျိုက်ကျေးရွာလေးသို့ပင် ဆိုက်ရောက်ခဲ့ချေပြီ။ ကော့ကျိုက်ကျေးရွာမှ ဘားအံမြို့သို့ ကားဖြင့်သွားမည်ဆိုလျှင် တစ်ဆယ့်ငါးမိနစ်ခန့်မျှ ကြာမြင့်ပေလိမ့်မည်။ ကော့ကျိုက်ကျေးရွာအရောက် ကျွန်မ၏ ညာဘက်ဘေးခုံတွဲရှိ လူတစ်ယောက်ဆင်းသွားလေသည်။ ထိုသူထသွားတော့ ထိုင်ခုံနေရာအလွတ်လေးတစ်လုံး ကျန်ခဲ့ပေသည်။

    ထိုအချိန်တွင် မတ်တပ်ရပ်စီးသူများထဲမှ လူရွယ်တစ်ယောက်နှင့် အသက်ခပ်ကြီးကြီးလူကြီးတစ်ယောက်တို့သည် ကျန်လူအားလုံးကို နင်းဖြတ်ကျော်လွှားလာကာ ထိုထိုင်ခုံနားသို့ ဒရောသောပါးဖြင့် ပြေးဝင်လာကြပါသည်။ ထိုအချိန်တွင် မထင်မှတ်သည့် ကိစ္စတစ်ခုက ဖြစ်ပွားလာခဲ့လေသည်။ အသက်ခပ်ကြီးကြီးလူကြီးက ထိုင်ခုံလုပွဲတွင် ပန်းဝင်သွားပြီး ၀င်ထိုင်လုဆဲဆဲ ခြေလှမ်းပြင်နေသည်ကို အစောက လူရွယ်က ခြေဖြင့်လှမ်းထိုးလိုက်ရာ ထိုလူကြီးက ဟန်ချက်ပျက်သွားပြီး ရှေ့သို့အနည်းငယ်ယိုင်သွားကာ မှောက်ကျလုမတတ်ဖြစ်သွားလေသည်။ ပြုတ်ကျမသွားဖို့အရေး ကျန်လူများက ၀ိုင်း၍ ဖမ်းဆုပ်ပေးထားကြရပါသည်။ ထိုရှုပ်ထွေးနေသောအခြေအနေကို အခွင့်ကောင်းယူ၍ လူရွယ်က ၀င်ထုင်လိုက်လေသည်။ ထိုအခါ ခပ်အုပ်အုပ်ရယ်သံများ ကားထဲမှ လွင့်ပျံလာပါသည်။ ရယ်သောသူအများအပြားမှာ ထိုင်ခုံနေရာရထားပြီးသူများနှင့် အစောက လူရွယ်လည်း အပါအ၀င်ပင်ဖြစ်လေသည်။

    ကျွန်မကတော့ အတော်ပင် အံ့သြမှင်သက်မိလေသည်။ တစ်ဆယ့်ငါးမိနစ်မျှသော ခရီးအကွာအဝေးသည် အဘယ်မျှရှိမည်ကိုတော့ ကျွန်မ အတိအကျမသိချေ။ သို့သော် တစ်ဆယ့်ငါးမိနစ်မျှသောအချိန်သည် အလွန်တိုတောင်းနေမှန်းတော့ ကျွန်မ သေချာသိပါသည်။ ထိုတိုတောင်းလှသောအချိန်လေးအတွင်းတွင် ထိုင်စရာနေရာမရတော့ကော ဘာအရေးနည်း။ ဘာတွေများနစ်နာဆုံးရှုံးစရာ ရှိနိုင်မည်နည်း……..။

    ကားနှင့်သွားနေရသည့်ခရီးကို “ဘ၀ခရီး” ဟုပြောလျှင် ကားပေါ်မှခရီးသည်များသည်လည်း “ဘ၀ခရီးသည်” များပင်ဖြစ်လေသည်။ သည်လိုဆိုလျှင် ထိုတိုတောင်းလှသော ဘ၀ခရီးအတွက် ထိုင်စရာနေရာတစ်နေရာကို အများသူငါ မှောက်ရက်လဲအောင် ခြေထိုးပြီး ရှာရမည်လား။ ကျွန်မကတော့ သူများအထုပ်ဖြည်ပြပြီးမှ ရလာမည့်နေရာတစ်ခုကို တမ်းမက်ခြင်းမရှိသည်မှာ သေချာလှပေသည်။ ကျွန်မ၏ ဘ၀ခရီးတွင် ခြေစုံချပြီးပဲ မတ်တပ်ရပ်ရရပ်ရ၊ ခြေတစ်ချောင်းထောက်၍ပဲ မတ်တပ်ရပ်ရရပ်ရ၊ ကျွန်မ၏ ဖြစ်တည်မှုအတွက် ရိုးသားစွာရပ်တည်ခွင့်တစ်နေရာကိုပဲ အာသာငမ်းငမ်းလိုချင်နေမိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် ဘ၀ခရီးကို တစ်ဆယ့်ငါးမိနစ်ခန့်မျှသာ သွားရသော ခရီးတိုတစ်ခုဟုပင် ယူဆနေမိသောကြောင့် ဖြစ်လေသည်။

    Khalay

  • ဟောင်ကောင်မှ ဗလီနှင့် ဆွလာသ်ဝတ်ပြုဆောင်များ အပိုင်း (၂)

    ဒီရက်ပိုင်း ရုံးမှာအလုပ်ရှုပ်နေတာနဲ့ အပိုင်း ၂ ကို ဆက်မရေးဖြစ်ခဲ့တာပါ။ စိတ်ထဲမှာတော့ အကြွေးတစ်ခုကျန်နေတာမို့ ကသိ ကအောက်နဲ့ပါ။ အက်ဒ်မင်က ကျွန်မရဲ့ပိုစ့်စ်ကို ခရီးသွားဆောင်းပါးဆိုတဲ့ ခေါင်းစဉ်အောက်ထည့်ပေးတာ ကျေးဇူးပါ။ နေရာဒေသ တွေချည်းပဲရေးရတာ ပျင်းစရာကောင်းပါတယ်။ အတွေ့အကြုံလေးပါထည့်ရေးမှ ဖတ်တဲ့သူလဲ စိတ်ဝင်စားမှာပေါ့…နော်။ နောက်ထပ်ရေးပြချင်တဲ့ ဗလီကတော့ ၀န်ချိုင်းဆိုတဲ့အရပ်မှာရှိတဲ့ မက်စ်ဂျစ်ဒ်အမ်မာ နဲ့အွတ်စ်မန်းရမ်ဂျူးစဒစ်အစ္စလာမ်မစ်စင်တာပါ။ ၁၉၈၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လူအယောက် ၇၀၀ဆံ့ပါ တယ်။ ဒီဗလီမှာအမှတ်ရစရာကတော့ မြန်မာပြည်က (more…)

  • ဟောင်ကောင်မှ ဗလီနှင့် ဆွလာသ်ဝတ်ပြုဆောင်များ(၁)

    မြင့်မြတ်မှန်ကန်တော်မူတဲ့ အလ္လာဟ်(စွဗ်ဟာနဟူဝသအားလ) ရဲ့ နာမတော်နဲ့အစပြုပါတယ်။

    MMSY မှာအဖွဲ့ဝင်တစ်ယောက်ဖြစ်တာ တော်တော်ကြာပြီဖြစ်ပေမယ့် ရုံးတစ်ဖက်၊ တစ်ခြားလူမှုရေးကိစ္စတွေနဲ့မို့ ဘာပို့စ်မှ မတင်ဖြစ်သလို စုပေါင်းလုပ်ဆောင်တဲ့ပွဲတွေမှာလဲ မပါဝင်ဖြစ်ခဲ့ပါဘူး။ အလုပ်မအားတဲ့ကြားကပဲ ရေးသားချင်စိတ်ပြင်းပြနေတဲ့အချိန်မှာ အလ္လာဟ့်အသနားတော်နဲ့ ဒီပို့စ်လေးရေးဖြစ်ခဲ့တာပါ။ ဆော်ဒီအာရေးဗီးယား၊ လန်ဒန် နဲ့ အမေရိကန်လို နိုင်ငံတွေမှာ အမျိုးသမီးတွေ ဗလီတက်ပြီး နမားဇ်ဝတ်ပြုခွင့်ရှိတာ လူတိုင်းလိုလိုသိပြီးသားပါ။ ဒါကြောင့် ဟောင်ကောင်မှာလဲ ဒီလိုပဲ ၀တ်ပြုနိုင်တယ်ဆိုတာ မသိသေးတဲ့သူတွေကို ဗဟုသုတအဖြစ် သိစေချင်တာရော၊ ဗလီဝတ်ကျောင်းတော်တွေမှာ အမျိုးသမီးတွေနမားဇ်ဝတ်ပြုခွင့်ရတဲ့အတွက် အလုပ်လုပ်တဲ့၊ အလည်အပတ်သွားလာနေတဲ့ အမျိုးသမီးတွေအတွက် နမားဇ်ဖတ်ဖို့ ဘယ်လောက်လွယ်ကူမှုရှိတယ်ဆိုတာကိုပါ မျှဝေချင်တာပါ။ (more…)