News @ M-Media
Tag: စာတမ်း
  • နေရပ်စွန့်ခွာ၍ တတိယနိုင်ငံများသို့ ထွက်ခွာနေကြသူများ အကြောင်း (စာတမ်း By Myo Myint)
    ဖေဖော်ဝါရီ ၂၄ ၊ ၂၀၁၃
    Paper About Rohingyas IDP By Myo Myint
    စာတမ်းပြုစုသူမှာ ဦးမျိုးမြင့်ဖြစ်ပြီး စာတမ်းမှာ ပါဝင်တဲ့ အခန်းအလိုက် ခေါင်းစဉ်များမှာ
    ၁။ ထိပ်တုံးခတ်ခံထားရသော ပြည်သူများ
    ၂။ တတိယနိုင်ငံသို့ ခိုးထွက်သည့် လမ်းကြောင်း(၈)ခု (အောက်လမ်းများ)
    (က) ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းသို့ ကုန်းလမ်းများမှနေရပ် စွန့်ထွက်ခွာခြင်း
    (ခ) ထိုင်းနိုင်ငံအတွင်းပိုင်းသို့ နေရပ်စွန့်ခွာခြင်း
    (ဂ) ထိုင်းနိုင်ငံသို့ ရေလမ်းဖြင့် နေရပ်စွန့်ခွာခြင်း
    (ဃ)မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်စွန့်ခွာခြင်း
    (င) မလေးရှားနိုင်ငံသို့ ရေလမ်းမှ စက်လှေဖြင့်နေရပ်စွန့်ခွာခြင်း
    (စ) ဂူအန်ကျွန်းသို့ ကုန်းလမ်းဖြင့် တတိယနိုင်ငံသို့ နေရပ်စွန့်ထွက်ခွာခြင်း
    (ဆ)အိန္ဒိယနိုင်ငံမှ ကုန်းလမ်းဖြင့် တတိယနိုင်ငံသို့ နေရပ်စွန့်ထွက်ခွာခြင်း
    (ဇ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းလမ်းမှတစ်ဆင့် တတိယနိုင်ငံများသို့ နေရပ်စွန့်ထွက်ခွာခြင်း
    ၃။ တတိယနိုင်ငံသွားခရီးစရိတ်များ
    ၄။ တိရစ္ဆာန်သန်းခေါင်းစာရင်း ကြားဖူးပါသလား
    ၅။ မတရားသော အမိန့်အာဏာဟူသမျှ တာဝန်အရတင်ပြကြ
    ၆။ မတရားဖမ်းဆီးချုပ်နှောင်မှု ဟုတ်မဟုတ်သုံးသပ်ပေးပါ
    ၇။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောရာဇဝတ်မှု ဟုတ်မဟုတ် သုံးသပ်ပေးပါ
    ၈။ လဝကအရာရှိများတွင် ဘယ်လူမျိုးရာခိုင်နုန်းအများဆုံးလဲ
    ၉။ ခွေးလူမျိုးဟုသာ ခေါ်ပါတော့
    ၁၀။ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ လူသတ်၊ မီးရှို့ရန် အမိန့်ပေးဦးဆောင် နေသည့်အနေအထားမျိုးဖြစ်နေ
    ၁၁။ ယုတ်ညံ့၍ အဓိပ္ပာယ်မဲ့သော ဘွဲ့လက်မှတ်
    ၁၂။ အသေအပျောက်စာရင်း
    ၁၃။ နိုင်ငံတော်သမ္မတ၏ လူ့အခွင့်အရေးချိုးဖောက်မှုကော်မရှင်
    ၁၄။ သတ်ဖြတ်သူနှင့် အသတ်ခံရသူ ကွဲကွဲပြားပြား သိစေလိုပါသည်
    ၁၅။ အစ္စလာမ်ဘာသာဝင်များ၏ရွာများ၊ ရပ်ကွက်များ၊ အကြမ်းဖက်များ၏ အဝိုင်းခံရသည့်အခါတိုင်း အကူအညီတောင်းခံခဲ့သော်လည်း အကူအညီမရ
    ၁၆။ ဒေါက်ဖြုတ်ခံ ကော်မရှင်လူကြီးနှစ်ဦး
    ၁၇။ လှေစီးပြေး နေရပ်စွန့်ခွာဒုက္ခသည်များကို အပြစ်မယူတော့
    ၁၈။ ကျောင်းပိတ်၍အိမ်အပြန်လူငယ်ကျောင်းသားတစ်ဦးနယ်ကျော်မှုဖြင့် ထောင်နန်းစံနေရ
    ၁၉။ ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦးအား အတင်းအဓမ္မရခိုင်သို့ ပို့ရန် ခြိမ်းခြောက်
    ၂၀။ အမိန့်ရမှလက်ထပ်ခွင့်ရ လက်ထပ်ခွင့်၊ ခွင့်ပြုမိန့်ပုံစံ
    နိဂုံး
    ပူးတွဲ (၁) ယုတ်ညံ့၍ အဓိပ္ပာယ်မဲ့သော ဘွဲ့လက်မှတ်
    ပူးတွဲ (၂) ရခိုင်ပြည်မှ အပြန်ခရီးသွားပုံစံ
    ပူးတွဲ (၃) ရခိုင်ဒေသတွင်းနေထိုင်သူများ နယ်ကျော်ခရီးထွက်ခွင့်ပုံစံ
    ပူးတွဲ (၄) အသေအပျောက်စာရင်း
    File DownLoad ယူရန်
    Paper About Rohingyas IDP by Myo Myint by Mmedia_Doc
    ** စာတမ်းပါ အကြောင်းအရာများမှာ M-Media ရဲ့အာဘော်မဟုတ်ဘဲ တင်ပြသူရဲ့တင်ပြချက်သာဖြစ်ပါသည်။
  • နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂ နိုင်ငံသား ဥပဒေ
    နေမင်း (Eastern Star)
    နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ
    justice3
    ၂၀၁၂-ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ လွန်ခဲ့သော နှစ် ၃၀ က ပြဌာန်းခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်သံများကြားနေရပါသည်။ ဘင်္ဂါလီဟုခေါ်ခံရသူများ၊ ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်သူများဘက်မှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်လိုကြသကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အခံဖြင့် တိုင်းရင်းသားလူမျိုးသစ်တစ်မျိုး ဖန်တီးမှုကို လက်မခံနိုင်သောအုပ်စုများကလည်း ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေကို ပြောင်းလဲ ပြင်ဆင်စရာမလို။ အစစပြီးပြည့်စုံသော ဥပဒေဖြစ်သည်ဟု ပြောဆိုဝေဖန်သံများ၊ ထောက်ခံ ဆန္ဒပြုမှုများကိုလည်း မြင်တွေ့ရပါသည်။ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင် လုပ်နေကြသည်ဟု စွပ်စွဲသံများကိုလည်း ကြားရပါ၏။ ၂၁-ရာစု ကမ္ဘာ့ရွာကြီးတွင် ယခင်က ပြည်တွင်းပြဿနာဟု သတ်မှတ်ထားသော အရာများသည် ယနေ့  နိုင်ငံတကာဆိုင်ရာ ပြဿနာဖြစ်လာနိုင်သည်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သတိရှိရှိ ဝေဖန်သိမြင်ဖို့ လိုအပ်လာကြောင်း အသိပေးလိုသဖြင့် ဤစာတမ်းကို ရေးသားရခြင်းဖြစ်ပါသည်။
    1982 Lawလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအား ပယ်ဖျက်သင့်ကြောင်း အဆိုတင်သွင်းဆွေးနွေးသူ အမျိုးသားလွှတ်တော်အမတ်များအား ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ မည်သည့်အခန်း မည်သည့်ပုဒ်မသည် အားနည်းနေကြောင်း၊ ပြင်ဆင်ရန်လိုကြောင်း၊ တိကျစွာ အတည်ပြုထောက်ပြပေးသင့်ပါသည်ဟု ၆.၁၁.၂၀၁၂ လွှတ်တော်အစည်းဝေးတွင် အကြံပြုသွားသည်ဟု သိရပါသည်။ အလားတူ နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနောက်ဥရောပခရီးစဉ်တစ်ခုတွင် ရခိုင်ပြည်နယ်မှ လူမှုပဋိပက္ခများအကြောင်း သတင်းထောက်တစ်ဦးက စူးစမ်းမေးမြန်းသောမေးခွန်းတစ်ခုကို နိုင်ငံသားဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်ရသည်ဟု တစ်နေရာတွင် ထင်မြင်ချက်ပေးခဲ့၏။ အခြားတစ်နေရာတွင် နိုင်ငံသားဥပဒေ၏ အားနည်းချက်ဆိုသည်မှာ ဘယ်အချက်ကို ဆိုလိုပါသလဲဟု အမေးခံရသောအခါ မိမိအဆိုပါနိုင်ငံသား ဥပဒေကို ကောင်းစွာ မလေ့လာရသေးဟု ၀န်ခံစကားပြောလိုက်ရသည်ဟု သတင်း ဂျာနယ်ဖတ်သူများက ကျွန်တော့်အား လာရောက်ပြောကြားရင်း နိုင်ငံခေါင်းဆောင်လုပ်မည့်သူများ အကဲဆတ်လှသည့် ကိစ္စများကို လွယ်လွယ်မပြောသင့်ကြောင်း၊ ယခုလည်း ဥပဒေသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ပြည်တွင်းမှာ အပြောများ၍ ပြည်ပက မေးလာပါလျှင် ဘယ်လိုဖြေကြ၊ ပြောကြမည်မသိပါ။ ခင်ဗျားလည်း ရှေ့နေ တစ်ယောက်ဖြစ်ခဲ့သဖြင့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ဘယ်လိုမြင်ပါသလဲဟု မေးမြန်းတာ မကြာခဏ ကြုံနေရပါသည်။
    အဆိုပါပုဂ္ဂိုလ်များအတွက် ဤစာတမ်းသည် ကျွန်တော်၏ ကိုယ်တွေ့အမြင်နှင့် သုံးသပ်ချက် အဖြေဖြစ်ပါသည်။
    ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းတွင် နေထိုင်ခဲ့သော ရန်ကုန်မွေးဇာတိ တိုင်းရင်းသား ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် ဦးအောင်မြင့် (ခ) Mr. L.Ambrosejustice4 အသက် ၆၂-နှစ်ရှိသူအပေါ် ၁၉၄၇-ခုနှစ်၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူ ခံရမှုနှင့်ပတ်သက်၍ ကျွန်တော်၏ တပည့် ရှေ့နေ ဦးကျော်ညွန့်က ဗဟိုတရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံသဖြင့် ၁၉၈၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်တော် လက်ခံဆောင်ရွက်ခဲ့ပါသည်။
    အမှုဖြစ်စဉ်အကျဉ်းချုပ်မှာ ဦးအောင်မြင့်၏သမီး Mrs. P. Ambrose, 121, Mills Street, Queens Park, W.A.6107 နေသူက တစ်ကွဲတစ်ပြားစီနေထိုင်ရသည့်အဖြစ်ကို လွမ်းဆွတ်လှသဖြင့် မိဘများကို တွေ့လိုကြောင်း ၁၉၈၂-ခုနှစ်ခန့်ကစ၍ အကြိမ်ကြိမ် မှာကြားဖိတ်ခေါ်သည်ကို သွားရောက်ရန်အတွက် မိဘများကလည်း သမီးထံ သွားရောက်နိုင်ရေး အကြိမ်ကြိမ် မဆလအစိုးရလက်အောက်ခံ ပြည်ထဲရေးဌာနတွင် Passport နှင့် Visa များရရှိအောင် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ ပွဲစားများ၏ အကြံပေးချက်အရ Passport မယူပဲ Certificate of Identity (C of I) ကို ယူ၍ နိုင်ငံခြားထွက်လို့ရကြောင်း (C of I) မှာ အလွယ်တကူ ရယူနိုင်ကြောင်းပြောသည်ကို ယုံကြည်ပြီး ဦးအောင်မြင့်သည် ပြည်ထဲရေးဌာနမှ (C of I) ကို လျှောက်ထားရယူခဲ့ပါသည်။
    ပြည်ထဲရေးဌာနမှ ၃.၆.၁၉၈၅ ရက်နေ့တွင် (C of I) လက်မှတ်အမှတ် ၁၁၇၄ ကို ဦးအောင်မြင့်အား ထုတ်ပေးခဲ့ပြီး အဆိုပါလက်မှတ်သည် မြန်မာနိုင်ငံအတွင်း ၂.၆.၈၆ နေ့အထိ အတည်ဖြစ်သည်ဟု လည်းကောင်း၊ ဦးအောင်မြင့်သည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာသွားပြီး ၃-လအကြာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟုလည်းကောင်း အဆိုပါလက်မှတ်တွင် ဖော်ပြထားပါသည်။ (အဆိုပါ C of I ကို ပူးတွဲ-၁ အဖြစ် ဖော်ပြထားပါသည်။)
    justice 1ဦးအောင်မြင့်သည် ၂၉.၆.၈၅ နေ့တွင် BAC လေကြောင်းခရီးစဉ် UB 221 နှင့် ဘန်ကောက်မှတဆင့် သြစတြေးလျသို့ သွားရောက်ခဲ့ပြီး ၁-လခန့်အကြာတွင် မြန်မာနိုင်ငံတွင်ကျန်ရှိသော ဇနီးဖြစ်သူက နှလုံးရောဂါ အသည်းအသန်ဖြစ်၍ မသေမီ တွေ့လိုပါသည်ဟု အကြောင်းကြားခြင်းခံရပါသည်။ ဦးအောင်မြင့်အနေဖြင့် ဇနီးနှင့်သမီးကြား  ဗျာများခဲ့ရပြီး နောက်ဆုံးအခြေအနေ ကြုံနေရသော ဇနီးထံပြန်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် မိမိလက်ဝယ်ရှိ (C of I)သည် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ပြန်လို့ ရမရ ဒွိဟဖြစ်စရာရှိသဖြင့် Camberra ရှိ မြန်မာသံရုံးသို့ ၇.၈.၈၅ နေ့စွဲဖြင့် တရားဝင် စာရေသားမေးမြန်းမှု ပြုခဲ့ပါသည်။ ၉.၈.၈၅ နေ့ နေ့လည် ၂-နာရီခန့်တွင် သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ် မစ္စက်လင့် ဆိုသူထံမှ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ် ရှိနေသေးသဖြင့် (C of I) သက်တမ်း ၃-လအတွင်း မြန်မာနိုင်ငံသို့ အချိန်မီပြန်နိုင်ကြောင်း ပထမဦးစွာ ဖုန်းဖြင့်ပြန်ကြားခဲ့သည်။ ထို့နောက် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် သံရုံးမှ စာဖြင့် အောက်ပါအတိုင်း သဘောထားမှတ်ချက် ထပ်မံပေးပို့ခဲ့ပါသည်။ အဆိုပါစာကို ဦးအောင်မြင့်မှ တရားရုံးတွင် သက်သေခံ ၃ အဖြစ် တင်ပြထားပါသည်။ အဆိုပါစာကို ပူးတွဲ-၂ အဖြစ် ဖော်ပြထားပါသည်။
    ဦးအောင်မြင့်သည် သံရုံးမှ တယ်လီဖုန်းဖြင့် အကြောင်းပြန်ကြားချက် ရလျှင်ရချင်း မြန်မာနိုင်ငံရှိ နှလုံးရောဂါသည် ဇနီးသည်ထံ အမြန်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့ရာ ၂၄.၄.၈၅ ရက်နေ့တွင် မင်္ဂလာဒုံလေဆိပ်သို့ ထိုင်းလေကြောင်းဖြင့် ခရီးစဉ်အမှတ် TG-305  နှင့် ညနေ ၄-နာရီအချိန် ဘန်ကောက်မြို့မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ လေဆိပ်တွင် လ၀ကဌာနမှ လူဝင်မှုကြီးကြပ်ရေး လတ်တလောဥပဒေပုဒ်မ ၃(၁) ၁၃(၁)အရ ဦးအောင်မြင့်အား ဖမ်းဆီးတရားစွဲဆိုမှု ပြုခဲ့ပါသည်။ လ၀ကဌာနမှ ဦးအောင်မြင့်သည် နိုင်ငံသားဥပဒေပုဒ်မ-၁၆ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇တို့အရ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်၍ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မပါရှိပဲ ၀င်ရောက်ခွင့်မရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း လ၀က ဦးစီးမှူးက တရားရုံးတွင် ထွက်ဆိုသွားပါသည်။
    အဆိုပါအမှုတွင် ဦးအောင်မြင့်၏ မူလ မင်္ဂလာဒုံမြို့နယ် ပြစ်မှုကြီးအမှုအမှတ် (၁၇၃၂/၈၅) တရားရုံးရှေ့နေ ဦးကျော်ညွန့်က လိုက်ပါ ဆောင်ရွက်ခဲ့ပြီး ဦးအောင်မြင့်လက်ဝယ်ရှိ (C of I) justice2သက်တမ်းမှာ ကုန်ဆုံးခြင်းမရှိသေး၍ မြန်မာနိုင်ငံသားအဖြစ် တရားဝင် တည်ရှိဆဲဖြစ်ကြောင်း သြစတြေးလျရှိ မြန်မာနိုင်ငံ သံရုံးမှ ဦးအောင်မြင့်ထံ တရားဝင် ပြန်ကြားကြရန်လည်း ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားဖြစ် ပြန်ခွင့်ရှိကြောင်း ဖော်ပြပါရှိသဖြင့် ဦးအောင်မြင့် မြန်မာနိုင်ငံသို့ပြန်လာခြင်းသည် ဥပဒေနှင့်အညီဖြစ်၍ အပြစ်မရှိကြောင်း၊ ခုခံချေပ ဖြေရှင်းခဲ့ပါသည်။
    မင်္ဂလာဒုံတရားရုံးမှ ဦးအောင်မြင့်အပေါ် လ၀က (အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေပုဒ်မ-၁၃(၁)အရ ငွေဒဏ် ၂၀၀ ထမ်းဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၆-လ ကျစေဟု အမိန့်ချခဲ့ပါသည်။ တိုင်းတရားရုံးကလည်း အောက်ရုံးအမိန့်ကိုပင် ထပ်ဆင့်အတည်ပြုပါသည်။ ယင်းအမှု ဗဟိုတရားရုံးတက်ရောက်ရန် အောက်ရုံးရှေ့နေ ဦးကျော်ညွန့် လွှဲအပ်သဖြင့် ကျွန်တော်သည် ဦးအောင်မြင့်အမှုကို ဗဟိုတရားရုံးအတွက် လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်က အမှုသည် ဦးအောင်မြင့် ယခုဘယ်မှာလဲဟုမေးမြန်းရာ ဦးအောင်မြင့်၏ မိတ်ဆွေများက မြို့နယ်တရားရုံးက စွဲဆိုသောအမှု၏ ဒဏ်ငွေ ၂၀၀ ကို ဦးအောင်မြင့်က ချက်ချင်းပေးဆောင်ခဲ့သော်လည်း လ၀ကမှ ဦးအောင်မြင့်သည် ယခု မြန်မာနိုင်ငံသားမဟုတ်တော့ကြောင်း မည်သည့်နိုင်ငံသားဟုလည်း သတ်မှတ်ရန်မဖြစ်နိုင်ပဲ နိုင်ငံမဲ့ဖြစ်သွားပြီဖြစ်၍ အင်းစိန်ထောင်အတွင်း ထည့်ထားရမည်ဖြစ်ကြောင်း ပြောဆိုပြီး အင်းစိန်ထောင်သို့ခေါ်သွားပြီဖြစ်ကြောင်း ပြောပါသည်။
    ၁-လနှင့် ၂၅-ရက်အတွင်း မွေးရာပါ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား၊ ရန်ကုန်ဇာတိဖွား ပုဂ္ဂိုလ်တစ်ယောက် နိုင်ငံမဲ့ဖြစ်သွားစေသည့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေ၏ အစွမ်းကို အထူးပင် တုန်လှုပ်သွားပါသည်။ ထို့ကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုလည်း အပြန်ပြန်အလှန်လှန် လေ့လာဖြစ်ခဲ့ပါသည်။ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေကို လေ့လာလိုသဖြင့် ရှာဖွေရာ ၁၉၈၆-ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်း လ၀ကမြို့နယ် ဦးစီးမှုအဆင့်ပင်တွင် စုံစမ်းမရခဲ့ပါ။ ရန်ကုန်မြို့ ကမ်းနားလမ်း ၆-ထပ်လုံးရှိ လ၀က တိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးထံတွင် ရှားရှားပါးပါး လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇ ကို ကူးယူမှတ်သားခွင့်ရခဲ့ပါသည်။ စာအုပ်တစ်အုပ်လုံး ဖတ်ရှုခွင့်မရပါ။ ထို့ကြောင့် အဆိုပါရှားပါးလှသော လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရှုလိုသဖြင့် ကြိုးစားလုပ်ဆောင်ရင်း ကံအားလျော်စွာ ထိုစဉ်က ၀န်ကြီးချုပ်ရုံးနှင့်သက်ဆိုင်သော ဌာနတစ်ခုမှ ညွှန်မှူးတစ်ယောက် ကူညီသောကြောင့် ထိုစာအုပ်တစ်အုပ်ကို ရရှိခဲ့ပါသည်။ နိုင်ငံသား လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရသဖြင့် ထိုစဉ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားများကိုင်ဆောင်ထားသော အမျိုးသား မှတ်ပုံတင်များသည် အနာဂတ်တွင် နိုင်ငံသားစိစစ်ရေးကတ်များကို ပြောင်းလဲ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကာလ လွန်မြောက်ပြီးမှ နိုင်ငံသားစာအုပ်ကို ပြောင်းလဲကိုင်ဆောင်ရမည်ဖြစ်ကြောင်း နမူနာကတ်နှင့် စာအုပ်ကိုပါ လုပ်ထုံးလုပ်နည်းစာအုပ်တွင် ပူးတွဲပါရှိသည်ကို တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါသည်။
    justice5ထို့ကြောင့် ယနေ့ ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့် ရသည့်သူများ ငါတို့တော့ မြန်မာနိုင်ငံသား ဖြစ်ပြီဟု ၀မ်းမြောက်မှု မစောကြစေချင်ပါ။ ယခု မြန်မာနိုင်ငံ ပြည်သူအားလုံး နိုင်ငံသားဖြစ်ထိုက်မဖြစ်ထိုက် စိစစ်ခံနေရသည်မှာ မြန်မာနိုင်ငံသားဥပဒေ စတင်ပြဋ္ဌာန်းသည့် ၁၉၈၂-ခုနှစ်မှရေတွက်လျှင် နှစ်ပေါင်း ၃၀-ကျော်တော့မည်ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီးမှစ၍ လွှတ်တော်အမတ်များအပါအ၀င် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်စရာမလို အစစပြည့်စုံသော ဥပဒေဖြစ်သည်ဟု ထောက်ခံပြောဆိုသူများထဲတွင် မြန်မာနိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေတွေပါရှိသော နိုင်ငံသားစာအုပ်ကိုင်ဆောင်ခွင့်ရသူ မည်သူပါရှိပါသနည်းဟု အလျဉ်းသင့်၍ ကျွန်တော် မေးလိုပါသည်။
    ကျွန်တော်သည် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့် အထက်ပါဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ ၂၀.၉.၈၃ နေ့စွဲပါ ၀န်ကြီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများကို လေ့လာခဲ့ပြီးနောက် ဗဟို တရားရုံးသို့ ဦးအောင်မြင့်ကိုယ်စား ပြစ်မှုပြင်ဆင်မှုအတွက် (၁၀၄(ခ)/၁၉၈၆)ကို ၂၄.၂.၈၆ နေ့တွင် တင်သွင်းမှုပြုခဲ့ပါသည်။ အမှုတင်သွင်းသည့်အခါ အမှုတွဲစိစစ်လက်ခံသူ တရားရေးအရာရှိနှင့် ပြဿနာပေါ်ပါသည်။ ကျွန်တော်က လျှောက်ထားသူအမှုသည် ဦးအောင်မြင့်၏အမည်အောက်တွင် (နိုင်ငံမဲ့အကျဉ်းသား အင်းစိန်ထောင်)ဟု ဖော်ပြထားချက်ကို တရားရေးအရာရှိက အထူးအဆန်းဖြစ်နေသဖြင့် အမှုတွဲတွင် ခပ်ကြောင်ကြောင် အရေးအသားများရေးသည်ကို တရားသူကြီးများက မကြိုက်ကြောင်း (နိုင်ငံမဲ့အကျဉ်းသား)ဟူသောအသုံးအနှုန်းကို ပြင်ဆင်ရေးသားရန် တောင်းဆိုပါသည်။ ကျွန်တော်က မိမိအမှုသည် ဦးအောင်မြင့် အကျဉ်းထောင်ထဲ ရောက်နေခြင်းမှာ ယခုပြင်ဆင်မှုတင်သွင်းသော အမှုကြောင့် ရောက်နေခြင်းမဟုတ်ကြောင်း ယခုပြင်ဆင်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သော ဒဏ်ငွေ ၂၀၀ ကို ပေးဆောင်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ငွေပေးဆောင်ရသော အမှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် နိုင်ငံမဲ့သူဖြစ်၍ အင်းစိန်ထောင်အတွင်း ရောက်ရှိနေထိုင် ရသူဖြစ်သဖြင့် နိုင်ငံမဲ့အကျဉ်းသား အသုံးအနှုန်းကို မပြင်နိုင်ကြောင်း ဤအသုံးအနှုန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မိမိလက်ခံမည်ဖြစ်ကြောင်း ကျွန်တော်က ပြန်လည်ရှင်းလင်းခဲ့ရပါသည်။
    အထက်ပါအတိုင်း ပြဿနာရှိသော အမှုဖြစ်သဖြင့် ဤအမှုနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က လစ်ဟင်းမှုမရှိအောင် အထူးဂရုစိုက်ပြီး လက်ခံသင့် မခံသင့် လျှောက်လဲချက်ကိုလည်း ပြင်ဆင်ထားခဲ့ပါသည်။ ပြင်ဆင်မှုလျှောက်လွှာတွင် “(၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်သော အဓိကအားနည်းချက်အဖြစ် ဤဥပဒေကို ၁၉၈၂-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်မှ ပြဌာန်းခဲ့စဉ်ကပင် အာဏာတည်ရမယ့်နေ့ရက် ဖော်ပြပါရှိခြင်းမရှိသောကြောင့် ယင်းဥပဒေသည် ယနေ့တိုင် တရားဝင် အကျိုးသက်ရောက်အာဏာတည်ခြင်း ရှိ/မရှိ ဒွိဟဖြစ်စရာအခြေအနေ ပေါ်ပေါက်နေပါကြောင်း) မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာလည်း ၀န်ကြီးအဖွဲ့က လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ (၂၀.၉.၈၃-နေ့တွင်) အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် နောက်ကျထုတ်ပြန်ခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေကိုလိုက်နာမည့် ပြည်သူများသာမက ယင်းဥပဒေကို အကောင်အထည်ဖော်ရသည့် ဌာနများတွင်ပင် အခက်အခဲများစွာ ရှိနေပါကြောင်း” နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေအရ တာဝန်လွှဲခြင်းခံရသော သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာသံရုံးတာဝန်ရှိ သံအရာရှိများက ဦးအောင်မြင့်၏ရည်မှန်းချက်အရ မြန်မာနိုင်ငံသားအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း မြန်မာနိုင်ငံသို့ တရားဝင် ပြန်နိုင်ကြောင်း အဆုံးအဖြတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ မင်္ဂလာဒုံမြို့နယ်မှ လ၀က အရာရှိများကမူ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားမဟုတ်တော့သဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ ပြန်လာခွင့်မရှိကြောင်း ယခုအခါ ကမ္ဘာပေါ်တွင် နိုင်ငံမရှိသော လူသားတစ်ဦးသာဖြစ်ကြောင်း ထို့ကြောင့် အင်းစိန်ထောင်ထဲတွင်သာ ထည့်ထားရမည့် လူသားတစ်ဦးဖြစ်ကြောင်း ဆန့်ကျင်ကွဲလွဲစွာ အဆုံးအဖြတ်ပေးခဲ့ကြခြင်းက ထင်ရှားသော သာဓကတစ်ရပ်ဖြစ်နေပါကြောင်း၊ ထို့အပြင် ဦးအောင်မြင့်အား ထုတ်ပေးခဲ့သော (C of I) သက်သေခံမှုလက်မှတ်တွင် ပြဋ္ဌာန်းပါရှိသော စည်းကမ်းချက်များသည် လ၀က လတ်တလော အက်ဥပဒေပုဒ်မ-၄(၂)အရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုထားသော သို့မဟုတ် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များအဖြစ် မှတ်ယူရမည်ဟူသော ပြဌာန်းချက်ကြောင့် သတ်မှတ်ကာလ ၃-လအတွင်း မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် တရားဝင် ပြန်လာခြင်းဖြစ်ပါကြောင်း တင်ပြလျှောက်ထားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် အထက်ဖော်ပြပါ ပြင်ဆင်မှုလျှောက်လွှာပါ ဥပဒေအချက်အလက်များနှင့် ဆက်စပ်၍ လျှောက်လဲချက်ပေးရန် ထပ်ဆင့်ပြင်ဆင်ခဲ့ရာတွင်
    (၁) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်-၄)တွင် ဥပဒေအာဏာတည်သည့်နေ့ သတ်မှတ်ပြဌာန်းထားခြင်းမရှိသော်လည်း ယင်းဥပဒေ ပုဒ်မ-၆၊ ၃၈၊ ၃၄၊ ၄၅၊ ၅၂၊ ၆၁၊ ၇၂ တို့တွင် ဤဥပဒေအာဏာတည်သည့်နေ့အပေါ် တည်မှီ၍ လုပ်ဆောင်ခွင့်ရှိသည့် အချက်များကို ကန့်သတ်မှုတွေ့ရသဖြင့် ဤဥပဒေ အာဏာတည်သည့်နေ့သည် အလွန်အရေးကြီး အဓိကကျနေပါကြောင်း၊
    (၂) မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၇၅)တွင် ၀န်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု လွှတ်တော်က လုပ်ကိုင်အပ်နှင်းထားသော်လည်း မူလ “မြန်မာနိုင်ငံသားဥပဒေ အာဏာမတည်သရွေ့ ကာလပတ်လုံး ၁၉၇၃-ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး (တော်လှန်ရေးကောင်စီဥပဒေ အမှတ် -၂၂) အခန်း-၅ “အာဏာမတည်သေးသော ဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ”ကဏ္ဍ ပုဒ်မ-၁၇(ဂ)တွင် “ယင်းသို့ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ သို့မဟုတ် အမိန့်သည် ယင်းဥပဒေ စတင် အာဏာမတည်သေးသမျှ ကာလပတ်လုံး အကျိုးသက်ရောက်မှု မရှိစေရ”ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၁၆၊ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇အရ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ပြီဟု မင်္ဂလာဒုံမြို့နယ် လ.၀.က မှဆုံးဖြတ်၍ အင်းစိန် အကျဉ်းထောင်အတွင်း ထည့်သွင်းထားခြင်းသည် မြန်မာနိုင်ငံအတွင်း အာဏာမတည်သေးသော ဥပဒေလုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးရာရောက်ပါကြောင်း၊
    (၃) ယခုအမှုတွင် အရေးကြီးသော ပြဿနာအဖြစ် တင်ပြလိုသောအချက်မှာ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေတွင် ဥပဒေအာဏာတည်သည့်နေ့ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခြင်းမရှိဘဲ ချန်လှပ်ထားမှုပင်ဖြစ်ပါသည်။ မ.ဆ.လအစိုးရလွှတ်တော်က ပြဋ္ဌာန်းထားသော မူလဥပဒေများစွာတွင် အာဏာတည်သည့်နေ့ရက်များပါရှိပါလျက် ယခုကဲ့သို့အရေးကြီးလှသော နိုင်ငံသားဥပဒေတွင် ပြဋ္ဌာန်းဖော်ပြရန် ပျက်ကွက် နေပါကြောင်း၊ ယင်းဥပဒေပုဒ်မ-၇၅ တွင် နိုင်ငံသားဥပဒေပြဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၀န်ကြီးအဖွဲ့အား လုပ်ထုံး လုပ်နည်းများရေးဆွဲ၍ နိုင်ငံတော်ကောင်စီ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု ဖော်ပြထားပါကြောင်း၊ “၀န်ကြီးအဖွဲ့က ရေးဆွဲသော လုပ်ထုံးလုပ်နည်းဥပဒေ၏ ပုဒ်မ-၇ နှင့် ၈ တွင် မြန်မာနိုင်ငံသားဥပဒေတည်သည့်နေ့သည် ၁၉၈၂-ခုနှစ် အောက်တိုဘာလ(၁၅)ရက်ဟု ဖော်ပြပါရှိသည်ကို တွေ့ရပါကြောင်း၊ ၀န်ကြီးအဖွဲ့သည် လွှတ်တော်က ဥပဒေပြဌာန်းသည့်ရက်ကိုပင် ဥပဒေအာဏာတည်သည့်ရက်ဟု မိမိသဘောဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနေသည်ဟု ယူဆပါကြောင်း၊ အမှန်မှာ ဥပဒေပြဋ္ဌာန်းလိုက်ယုံဖြင့် ယင်းဥပဒေသည် အာဏာသက်ဝင်ခြင်း မရှိကြောင်း၊ အာဏာတည်သည့်နေ့ရက် (၀ါ) ဥပဒေ၏ အကျိုးသက်ရောက်စေ၇မည့် နေ့ရက်ကို ဥပဒေရေးဆွဲသူ လွှတ်တော်ကသာ ပြဋ္ဌာန်းပေးမှ တရားဝင်ပါကြောင်း၊
    စကားရပ်များ အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေ အခန်း (၅) ပုဒ်မ-၁၇ပါ ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းထုတ်ပြန်ပြီး ဖြစ်သော်လည်း ယင်းဥပဒေသည် ချက်ချင်းအာဏာတည်သော ဥပဒေ၊ ချက်ချင်း အာဏာမတည်သော ဥပဒေများဟု ရှိပါကြောင်း။ ယခု နိုင်ငံသား ဥပဒေတွင် “ချက်ချင်း အာဏာတည်စေရမည်” ဟူသော စကားရပ်မပါရှိသလို မည်သည့်အချိန်တွင် အာဏာတည်ရမည်ဟု သတ်မှတ်ဖော်ပြချက်လည်း မပါရှိပါကြောင်း၊ ယင်းအခြေအနေတွင် ၀န်ကြီးအဖွဲ့က (၁၅.၁၀.၈၂)နေ့မှစ၍ နိုင်ငံသား ဥပဒေသည် အာဏာသက်ဝင်သည်ဟု (၂၀.၉.၈၃) ရက်စွဲပါ စာအမှတ် ၃/၆၂(အထူး)၀ဖ ၈၃(၂)ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်တွင် ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်တင့်က လက်မှတ်ရေးထိုး ဖော်ပြထားခြင်းမှာ ဥပဒေပြု လွှတ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို ၀န်ကြီးအဖွဲ့ကျူးကျော် လုပ်ဆောင်ရာ ရောက်နေပါကြောင်း။
    ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄)အရ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်မှာသာရှိပြီး ၀န်ကြီးအဖွဲ့မှာ အခြေခံ ဥပဒေပုဒ်မ-၈၃၊ ၈၄အရ လွှတ်တော်ကိုjustice6 တာဝန်ခံရသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့သာ ဖြစ်ပါကြောင်း၊ (၁၉၇၃-ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေသည် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘဲ တော်လှန်ရေး ကောင်စီ ဥက္ကဌတစ်ဦးတည်းက အချုပ်အချာအာဏာ (၃)ရပ်ကို ကိုင်စွဲအုပ်ချုပ်သော ကာလအတွက် အဓိက ရည်စူးရေးဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာချိန်တွင် ဥပဒေပြုမှုအာဏာ၊ ဥပဒေအာဏာ သက်ဝင်ရမည့် ကာလကို ပြည်သူ့လွှတ်တော်ကသာ သတ်မှတ်ခွင့် ရှိပါသဖြင့် အခြားပုဂ္ဂိုလ် အဖွဲ့အစည်းများတွင် မရှိနိုင်သည်ကို သတိပြုသင့်ပါကြောင်း။)
    စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေပုဒ်မ-၁၇(ဂ)အရ မူလရေးဆွဲ ပြန်ဌာန်းထားသော ဥပဒေအာဏာ မတည်သေးသမျှ ကာလပတ်လုံး ကြိုတင် ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ (သို့မဟုတ်) အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ပြဌာန်းထားမှုအရ ၀န်ကြီးအဖွဲ့၏ နိုင်ငံသား လုပ်ထုံး လုပ်နည်းအမိန့် ကြော်ငြာစာအမှတ် (၁၃/၈၃)သည် မျက်မှောက်ကာလ၌ အကျိုးသက်ရောက်သော၊ ယနေ့တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိသော အမိန့်ဟုတ်မဟုတ် ဗဟိုတရားရုံးတော်မှ အလေးထား ဆုံးဖြတ်ပေးပါရန် အရေးကြီးလှပါကြောင်း။
    အလားတူပင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ရုတ်သိမ်းသော ဥပဒေမှာ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၂)ရပ်သာ ဖြစ်ပါသည်။ ဦးအောင်မြင့်အား (C of I) တရားဝင် ထုတ်ပေးခဲ့သော ၁၉၄၇-လ၀က (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ အပါအ၀င် အခြားဥပဒေ ပြဌာန်းချက်များမှာ တရားဝင် တည်ဆဲ ဥပဒေများအဖြစ် တည်ရှိဆဲ ဖြစ်ပါသည်။
    မိမိအသစ် ပြဌာန်းထားသော ဥပဒေနှင့် ဆန့်ကျင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို ဥပဒေပြုစဉ်ကပင် ပြင်ရန်လိုပါသည်။ ယခု အသစ်ပြဌာန်းထားသာ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၁၆သည် လ၀က လတ်တလော ဥပဒေပုဒ်မ(၂)ဆနှင့် ပုဒ်မ(၃)နှင့်လည်းကောင်း ဆက်စပ် ထုတ်ပေးသော (C of I) ပေါ်ရှိ စည်းကမ်းများ အပါအ၀င် အခြား လူဝင်မှု စည်းကမ်းများကို မပြင်ဆင်ဘဲ အုပ်ချုပ်ရေး အာဏာပိုင် ကိုယ်လိုရာဆွဲ အရေးယူမှု ပြုနေလျှင် မြန်မာနိုင်ငံအတွင်း မလိုလားအပ်သော နိုင်ငံသား ပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း။ ဦးအောင်မြင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမဟုတ်ဟု သတ်မှတ်လိုသော ဆန္ဒပြင်းပြနေကြသည်ဆိုလျှင်လည်း လ၀က (လတ်တလော) ပုဒ်မ-၄(၂) အရ မြန်မာနိုင်ငံတော် သမ္မတ (နိုင်ငံတော်ကောင်စီဥက္ကဌ)က မြန်မာနိုင်ငံမှ နှင်ထုတ်နိုင်ပါကြောင်း၊ ယခုမူ ဦးအောင်မြင့်အား နိုင်ငံမဲ့ဖြစ်၍ အင်းစိန်အကျဉ်းထောင်ထဲမှာ နေရမည်ဟု အုပ်ချုပ်ရေးအာဏာကိုင်စွဲသူတို့၏လုပ်ရပ်မှာ မည်သည့်ဥပဒေ စံနှုန်းနှင့်မျှ ထိန်းညှိ၍ မရနိင်သောအခြေအနေဖြစ်၍ ဗဟိုတရားရုံးတော်မှ တည့်မတ်ပေးရန် အထူးလိုအပ်နေပါကြောင်း၊
    (၄) U Aung Myint (a) Mr. LAmbrose. “Cases to be citizen of the Socialist Republic of the Union of Burma after three months from the date of depature” and since you departed from buma on 29th June 1985, and as such as you are still a citizen of Burma, we are of the opinion that you can still return to Burma within the period of three months.” ဟု သဘောထား မှတ်ချက်ပေး၍ မြန်မာနိုင်ငံသို့ပြန်နိုင်ကြောင်း လမ်းညွှန်ခဲ့သူပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမအတွင်းဝန်အဆင့် သံတမန်တစ်ဦးဖြစ်ပါသည်။ ၁၉၆၁-ခုနှစ် ဗီယာနာ သံတမန်စာချုပ် (1961 Vienna Convention on Diplomatic relations) ယင်းစာချုပ်အပိုဒ်(၃)အရ ၎င်းသံတမန်သည် မြန်မာနိုင်ငံကိုယ်စားပြု ပြောဆိုဆောင်ရွက်ရသူဖြစ်ပါသည်။ မိမိနိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက် အကာအကွယ်ပေးရန် မိမိတာဝန်ထမ်းဆောင်ရာ သြစတြေးလျနိုင်ငံတွင် တာဝန်ရှိသူပုဂ္ဂိုလ်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်၏လမ်းညွှန်ချက်ကိုပင် ယုံကြည်စိတ်ချနိုင်သော အခြေအနေမရှိလျှင် နိုင်ငံခြားရောက် မြန်မာလူမျိုးများအတွက် မိမိသံရုံးကိုပင် အားကိုးရာမရှိဖြစ်သွားနိုင်ပါကြောင်း။
    (၅) ကုလသမဂ္ဂလူ့အခွင့်အရေး ကြော်ငြာစာတမ်း အပိုဒ်-၁၅ တွင် လူသားတိုင်းသည် မိမိနှင့်သက်ဆိုင်ရာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုထားပါသည်။ အကယ်၍ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက မွေးရာပါနိုင်ငံသား တိုင်းရင်းသား ကရင်လူမျိုး ဦးအောင်မြင့်ကို မြန်မာနိုင်ငံသားအဖြစ် လက်မခံလိုပါက (C of I) ပါ သက်တမ်းတရားဝင်ကျန်ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ပြန်ထွက်သွားရန်၊ ယင်းသို့မထွက်ပဲ ငြင်းဆန်လျှင် နိုင်ငံမဲ့ဖြစ်သွားသော ဦးအောင်မြင့်အား ထောင်ထဲသို့ ထည့်ထားမည်ဖြစ်ကြောင်း ရှင်းပြခဲ့လျှင် ဦးအောင်မြင့်သည် မြန်မာနိုင်ငံမှ (C of I) ကိုင်ဆောင်၍ ထွက်သွားချိန်ရပါလျက် ထွက်သွားခွင့်မပေးဘဲ ချက်ချင်း ထောင်ထဲသို့ ဆွဲသွင်းခဲ့သည့်လုပ်ရပ် သည် လူသား၏ နိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးမထားပဲ လူသားချင်းမစာနာ အလွန်ရက်စက်ရာရောက်နေပါကြောင်း၊
    (၆) မကြင်မွှေးနှင့်နိုင်ငံတော် (ပြစ်မှုပြင်ဆင်မှု ၂၅၀(ခ)၁၉၆၈) စီရင်ထုံးကိုထောက်ထား၍ ပြည်သူတို့၏ အန္တရာယ်ကို တရားရုံးမှ စောင့်ရှောက်ကာကွယ်ရန် တာဝန်ဝတ္တရားရှိပုံကို ထောက်ထား၍ ဦးအောင်မြင့်၏ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို နစ်နာမှုမရှိအောင် ကုစားပေးပါရန်အလို့ငှာ ယခုအမှုကို လက်ခံစဉ်းစားပေးတော်မူပါဟု လျှောက်လဲချက်ကို ပြင်ဆင်ထားခဲ့ပါသည်။ ဗဟိုတရားရုံး၌ ဦးအောင်မြင့်အမှု လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော် တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော်တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ဗဟိုတရားရုံးမှ လက်ခံကြားနာ ဆုံးဖြတ်နိုင်သော အခြေအနေမရှိဟု ယူဆပါသောကြောင့် ယင်းအမှုကို အဆုံးအဖြတ်ပေးရန် နိုင်ငံတော်ကောင်စီသို့ လွှဲအပ်လိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီ၏ အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနာယူပါဟု ကျွန်တော်နှင့် အမှုသည် မိသားစုအား ရှင်းပြပါသည်။
    ဦးအောင်မြင့်၏ မိသားစုဝင်များဘက်မှ နိုင်ငံတော်ကောင်စီတွင် ဒေါက်တာမောင်မောင်နှင့် အဆက်အသွယ် ရှိသောကြောင့် နိုင်ငံတော်ကောင်စီနှင့် သက်ဆိုင်သော အမှုကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်မည်ပြောသဖြင့် ကျွန်တော်နှင့် အမှုသည် ဦးအောင်မြင့် ဆွေမျိုးများအကြား ထိုအချိန်မှစ၍ အမှုကိစ္စလုပ်ငန်း တာဝန်ရပ်စဲသွားခဲ့ပါသည်။
    (၂)နှစ်ခန့် ကြာသည့်တိုင်အောင် နိုင်ငံတော်ကောင်စီသည် ဦးအောင်မြင့်အမှုကို အဆုံးအဖြတ် မပေးခဲ့သဖြင် ၁၉၈၈-ခုနှစ်တွင် မဆလ နိုင်ငံတော် ပြိုကွဲသွားသည့်တိုင် ဗဟိုတရားရုံးမှ စစ်ဆေးစီရင်နိုင်ခြင်း မရှိ၍ နိုင်ငံတော်ကောင်စီသို့ လွှဲပြောင်းတင်ပြထားသော အမှုလက်ကျန် (၂၀)ကျော်တွင် ဦးအောင်မြင့်အမှုလည်း တစ်မှုအဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသား ဦးအောင်မြင့်တစ်ယောက် နိုင်ငံမဲ့ဘ၀ဖြင့် အင်းစိန်ထောင်အတွင်း (၁၃)နှစ်ကျော် ရောက်ရှိပြီးနောက် ၁၉၉၇-ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ၄င်းအမှုကို လက်ခံသင့် မခံသင့် လျှောက်လဲချက်ပေးရန် အမှုခေါ်စာရင်း စစ်အစိုးရခေတ် တရားရုံးချုပ်၌ ပေါ်ပေါက်ခဲ့သည်။
    ကျွန်တော်အနေဖြင့် နိုင်ငံရေးအရ ၁၉၈၈-ခုနှစ်တွင် ပထမတစ်နှစ် ထိန်းသိမ်းခံရစဉ်ကပင် ရှေ့နေလိုင်စင် ရုတ်သိမ်းခံထားရပြီးဖြစ်ကြောင်း၊ ဗဟိုတရားရုံးမှ နိုင်ငံတော်ကောင်စီသို့ အမှုလွှဲအပ်စဉ်ကပင် အမှုလိုက်ပါခွင့်တာဝန် ပြီးဆုံသွားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေငြာချက် (၄/၈၉)အရ ဦးအောင်မြင့်တစ်ယောက် လွတ်မြောက်ခဲ့ပြီဟု ယူဆခဲ့ပါကြောင်း ယခုအခါတွင် ၄င်းအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရှိသောကြောင့် ၄င်း၏ အခွင့်အရေးများ မဆုံးရှုံးသင့်ပါကြောင်း ဖြေရှင်းလွှာတစ်စောင်ကို တရားရုံးချုပ်သို့ ကျွန်တော်တင်ပြခဲ့ပါသည်။
    ဤစာရေးချိန်အထိ ဦးအောင်မြင့် မိသားစုနှင့် အဆက်အသွယ်မရှိသဖြင့် ဦးအောင်မြင့် အခြေအနေ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ တရားရုံးချုပ်က မည်သို့ ဆုံးဖြတ်သည်ကိုလည်း ယနေ့တိုင် မသိသေးပါ။ ကျွန်တော်ကိုယ်တိုင် အလွန်သိချင်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေသည် လွှတ်တော်မှ မူလ ရေးဆွဲစဉ်ကပင် ဥပဒေအာဏာသက်ဝင်စေသည့် ကာလသတ်မှတ်ချက် မပါရှိဘဲ ၀န်ကြီးအဖွဲ့မှ မိမိသဘောဖြင့် ကာလသတ်မှတ်၍ အကောင်အထည် အဖော်မှုသည် ဥပဒေနှင့် ညီမညီ ကျွန်တော်တင်ပြခဲ့သည်ကို မဆလခေတ် ဗဟိုတရားရုံး တရားသူကြီးများကလည်း အလေးထား ဆုံးဖြတ်ရမည့် ပြဿနာဟု ယူဆသောကြောင့်သာ ဦးအောင်မြင့်အမှုကို နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။
    ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ကျွန်တော်၏တင်ပြချက်များသည် မဆလခေတ် ဗဟိုတရားရုံးအဆင့်အထိ လက်ခံ စဉ်းစားပေးခဲ့သော်လည်း ၀န်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင်စီသည် မိမိတို့အမှားကို တာဝန်မယူပဲ လူညီလျှင် ဤကိုကျွဲဖတ်လိုက်ကြစို့ဟူသည့် သဘောဖြင့် နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ ဘ၀ရောက်သွားရသည့် နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းပါ မှားယွင်း အကောင် အထည်ဖော်မှုကို အနည်းငယ်မျှ ပြင်ဆင်ပေးခြင်း မရှိဘဲ မျက်စိမှိတ်၍ ဇွတ်တိုးခဲ့သည်မှာ နှစ်(၃၀) ရှိတော့မည်ဖြစ်ပါသည်။
    နိုင်ငံသားလုပ်ထုံးလုပ်နည်း ကျွဲခတ်၍ နိုင်ငံသားမည်မျှ နိုင်ငံသားဘ၀ ဆုံးရှုံးခဲ့ပြီကို ကျွန်တော် မမှန်းဆနိုင်တော့ပါ။
    ကျွန်တော် လက်လှမ်းမီသမျှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေ၊ နည်းဥပဒေများနှင့် ၎င်းဥပဒေပါ အာဏာတည်မှုဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကို ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရှာဖွေတင်ပြ ပေးလိုက်ပါသည်။
    (၁)    The Registration of Forigners Act (နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ) ပုဒ်မ-၁(၂)
    This act shall come into force on the 28th March 1940.
    ဤအက်ဥပဒေသည် ၁၉၄၀-ခုနှစ် မတ်လ(၂၈)မှစ၍ အာဏာတည်စေရမည်။
    (၂)    The Registration of Forigeners Rules, 1949 (၁၉၄၈-ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ)
    They shall come into force on 4th January 1949.
    ဤနည်းဥပဒေသည် ၁၉၄၉-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှစ၍ အာဏာတည်ရမည်။ ပုဒ်မ-၁(၂)
    (၃)    The Burma Immigation (Emergency Provisions) Act, 1947
    (၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များမှာ) It shall come into force at once.
    ဤအက်ဥပဒေသည် ချက်ချင်းအာဏာတည်စေရမည်။
    (၄)    ၁၉၄၉-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ၊ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၁(၂) ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြေငြာစာထုတ်ပြန်ကြော်ငြာ၍ သတ်မှတ်သည့်နေ့ရက်၌ အာဏာတည်ရမည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်သော အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
    (၅)    ၁၉၇၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေပုဒ်မ-၁(၂)
    ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
    (၆)    UNION CITIZENSHIP (ELECTION) ACT, 1948
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
    (၁၉၄၈-ခုနှစ် အက်ဥပဒေအမှတ်-၂၆) (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး)
    Wheres it is necessary to make provision ——- under section 11 (iv) of the constitutions.
    အထက်ပါ ဥပဒေနိဒါန်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပုဒ်မ-၁၁(ဃ) အရ ———— အောက်ပါအတိုင်း အက်ဥပဒေ ပြဋ္ဌာန်းလိုက်သည်ဟု ဖော်ပြထားပါသည်။
    (၇)    The Union Citizenship Act, 1948
    ၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး) ပုဒ်မ-၁(၂)
    It shall extend to the whole of the Burma and shall be deemed to have come info force on the 4th day of January, 1948.
    ဤအက်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးနှင့်သက်ဆိုင်သည်။ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ(၄)၇က်နေ့ ၁၃၀၉-ခု ပြာသိုလပြည့်ကျော် (၉)ရက်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
    (၈)    မြန်မာနိုင်ငံသားဥပဒေ ၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)
    ဤဥပဒေတွင် မြန်မာ နိုင်ငံ၏ မည်သည့်ဒေသတွင် မည်သည့်အချိန်ကစ၍ အာဏာတည်ရမည်ဟု ဖော်ပြပါရှိခြင်း အလျင်းမရှိပါ။ သို့သော်လည်း –
    ဤဥပဒေ၏
    ပုဒ်မ-၆ တွင် ဤဥပဒေ အာဏာတည်သည့်နေ့တွင် —–
    ပုဒ်မ-၃၈ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၄၃ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၄၅ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ-၅၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ —–
    ပုဒ်မ-၆၁ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
    ပုဒ်မ – ၇၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —– ဟု ဥပဒေအာဏာတည်မှုပြဿနာကို ပုဒ်မ-၇ တွင် (၇)ကြိမ် ဖော်ပြထားပါသည်။ ဥပဒေအာဏာတည်မှုပြဿနာသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင် မည်ရွေ့မည်မျှ အရေးပါခြင်း ရှိ-မရှိ စဉ်းစားကြပါ။
    မူရင်းဥပဒေအာဏာ မတည်သေးသမျှ ယင်းဥပဒေအပေါ် တည်မှီထုတ်ပြန်ရသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ သို့မဟုတ် အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၇ ပါ ပြဋ္ဌာန်းချက်များကို အလေးထားသုံးသပ်ကြပါ။
    နိုင်ငံသားလုပ်ထုံးလုပ်နည်းများကို လမ်းညွှန်မည့် နိုင်ငံသား ဥပဒေပုဒ်မ-၇၅ ရှိ နိုင်ငံတော်ကောင်စီစကားရပ်၏နေရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူက တာဝန်ယူရမည်ကိုလည်း စဉ်းစားဆုံးဖြတ်ကြပါ။ အထက်ပါ ဥပဒေအကြောင်းအချက်များကို ထည့်သွင်းစဉ်းစားလျှင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုသင့်၊ မသင့် တစ်စုံတစ်ရာ အဖြေထုတ်နိုင်မည်ဟု ကျွန်တော်ယူဆပါသည်။
    ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်ပါ။ မြေလတ်ကျေးလက်မှ တောသားရှေ့နေ ဘ၀ ခေတ္တမျှ ကျင်လည်ခဲ့ဖူးသူသာ ဖြစ်ပါသည်။ နှစ် ၃၀-ခန့်ကြာသည့်တိုင် ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံသားများ စိစစ်ခံနေရဆဲ ဘ၀မှ မလွတ်မြောက်သေးသည့် အတွက် နိုင်ငံသားဥပဒေ အကောင်အထည်ဖော်သည့် လုပ်ထုံးလုပ်နည်းတစ်နေရာတွင် မှားနေသည်က သေချာပါသည်။ မမှားသင့်သည်များ မမှားရအောင် ကျွန်တော်သိသမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
    ပညာ+သတိ ကြီးသူများ ဖြစ်ကြပါစေ။
    ဖြစ်ရပါလို၏။
    (နေမင်း)
    မဏ္ဍိုင်ဥပဒေ မဂဇင်းတွင် ဖော်ပြခဲ့သည့် စာတမ်းဖြစ်ပါသည်။
  • အနာဂတ် မြန်မာမွတ်စလင် နှင့် HIV အန္တရာယ် (စာတမ်း)
    အနာဂတ် မြန်မာမွတ်စလင် နှင့် HIV အန္တရာယ် (စာတမ်း)
    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media
    ဂျူလိုင်ရဲရင့်
    (  ဤဆွေးနွေးချက်၌ မြန်မာမုစ်လင်မ် ဟူသည် မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ်သာသနာဝင်များကိုလည်းကောင်း၊ PLHIV ဟူသည် People Living with HIV-AIDS  … HIV ဖြင့်ရှင်သန်နေသူများကိုလည်းကောင်း ရည်ညွှန်းပါသည်  )
    ­
    ၁။   နိဒါန်း
    (1982-83) ခုနှစ်ဝန်းကျင်မှ စတင်သိရှိခဲ့သည် HIV-AIDS ရောဂါသည် နှစ်အနည်းငယ်အတွင်း ကမ္ဘာအနှံ့ပျံ့နှံ့သွားပြိး 21 ရာစု၏အကြီးမားဆုံး နှင့် ကြောက်မက်ဖွယ် အကောင်းဆုံး ကူးစက်ရောဂါ ကပ်ရောဂါဆိုးကြီးအဖြစ် သမိုင်းတွင်ခဲ့သည်။
    လူ့သမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါများအနက် HIV/AIDS မှာ ပြိုင်ဖက်မရှိ ထိပ်တန်းအဆင့်(1)၌ ယနေ့တိုင် သရဖူဆောင်းထားဆဲဖြစ်သည်။ ကမ္ဘာ့ရာဇ၀င်အတွင်း အခြားကပ်ရောဂါဆိုး များနှင့်  စစ်ပွဲများကြောင့် သေဆုံးခဲ့သည့်ပမာဏထက် HIV-AIDS ကြောင့် ကြွေလွင့်ရသူများက အဆပေါင်း များစွာ သာပိုနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အကြီးမားဆုံးကပ်ရောဂါဟု သတ်မှတ်ခြင်း ဖြစ်သည်။ ၄င်းပြင် ဤရောဂါ၏ကူးစက်နိုင်ပုံလမ်းကြောင်းကို အချိန်မီသိရှိအောင်ကြိုးစားပြီး ထိရောက်သောကာကွယ် ထိန်းသိမ်းမှုမပြုလုပ်ခဲ့ပါက လူမျိုးနွယ်လိုက်ပင် မျိုးသုဉ်းမည့်အန္တရာယ်ရှိနေ၏။ သို့ဖြစ်၍ ကြောက်မက်ဖွယ် အကောင်းဆုံးကပ်ရောဂါဟု ဆိုနိုင်ပေသည်။ ဤနေရာ၌  ကြောက်မက်ဖွယ် နှင့် ရွံရှာဖွယ် ဟူသည်ကို ကွဲပြားဖို့ လိုသည်။ မြောက်များစွာသော ယနေ့မုစ်လင်မ်တို့သည်  (စာတတ်မြောက်မှုရာခိုင်နှုန်း မြင့်မားလာသော်ငြား) စာဖတ်ခြင်း၌ ရာခိုင်နှုန်းအနိမ့်ဆုံး လူ့အဖွဲ့အစည်းဖြစ်လို့နေပါသည်။ ဘွဲ့ဒီဂရီအထပ်ထပ်ယူထားသော်လည်း  HIV-AIDS အသိပညာနှင့်ပတ်သက်လာလျှင် သာမန်အခြေခံ အဆင့်မျှပင် နားမလည်ကြသေးသော ပညာတတ် အချို့ကို လက်တွေ့တွေ့မြင်နိုင်ပေသည်။ ခေတ်ပညာရှင်ဖြစ်စေ၊ ဘာသာရေးပညာရှင်ဖြစ်စေ ပညာ နှင့် အသိ တရား  ချိန်ခွင်လျှာ မညီမျှလျှင် သက်ဆိုင်ရာလူ့အဖွဲ့အစည်းသည် ရေရှည်တွင် နိမ့်ကျပြိုလဲသွားလေ့ရှိ၏။
    ( ဤသည်မှာ မမြင်ရသော အန္တရာယ်ဖြစ်၏ ) ။
    ပညာမြင့်မားသော်လည်း အသိနိမ့်ကျမှု ( ဂျာဟိလီယဟ် )ကြောင့် လူ့မျိုးနွယ်စုများစွာတို့မှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှ ကွယ်ပျောက်ခဲ့ရကြောင်း၊ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးတော်မူထားသော ပညာနှင့် စွမ်းရည်အား နည်းမှန်လမ်းမှန်အသုံးမချကြသဖြင့် ပြစ်ဒဏ်ကျရောက် အရေးယူခံရသည့် လူ့အဖွဲ့အစည်း များအကြောင်းကို ကျမ်းမြတ်ကုရ်အာန်ဝယ် ထင်ထင်ရှားရှားတွေ့နိုင်ပါသည်။ အသိမှန်မှ လုပ်ရပ် မှန်ပါမည်၊ လုပ်ရပ်မှန်မှ ကောင်းကျိုးအစစ်ဖြစ်ထွန်းပါသည်။ ကြောက်စရာ နှင့် ရွံစရာ ကို မခွဲခြားနိုင်ကြသဖြင့် ယနေ့မြန်မာမုစ်လင်မ်လောက၌  HIV-AIDS ကပ်ရောဂါကို ကြောက်ရမည့်အစား HIV-AIDS ဝေဒနာရှင်များ ကိုရွံမုန်းနေခြင်းက တစ်စစ ကြီးစိုးမင်းမူလာသည်။ ယခုအခါ ရွံမုန်းခြင်းကြောင့် ခွဲခြားနှိမ့်ချဆက်ဆံသည့်အဆင့် ကို ကျော်လွန်ပြီး HIV ပိုးရှိသူ၊ AIDS ဝေဒနာရှင်ဟု အခိုင်အမာသိရသည်နှင့် ရောဂါအပေါ်ခေါင်းစဉ်မတပ်ဘဲ အကြောင်းအမျိုးမျိုးရှာလျက် PLHIV တို့အား ( အသိုင်းအ၀ိုင်းမှထုတ်ပယ်နိုင်အောင် ) တိုက်ခိုက်စော်ကား မှုများ ကျွန်ုပ်တို့ထံတွင် တစ်စခန်းထလို့နေပါသည်။ တစ်ချိန်တစ်ခါတုန်းက (ရောဂါပေါ်ပေါက်ကာစ ဆယ်စုနှစ်များက ) PLHIV တို့အား ယင်းကဲ့သို့ပြင်းထန်စွာဆက်ဆံခြင်း၊ လူ့အသိုင်းအ၀ိုင်း၏အပယ်ခံဘ၀သို့ တွန်းပို့ခြင်း၊ နှိပ်စက်ကလူပြုခြင်း စသည်များ ရှိခဲ့သည်။ နောင်သော် HIV-AIDS ကူးစက်ပြန့်ပွားပုံမှာ အစောပိုင်းမီဒီယာသမားတို့၏ အရောင်းသွက်အောင် အပြိုင်အဆိုင်ရေးသားဖော်ပြခဲ့ကြသော လိင် အရှုပ်တော်ပုံ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ( လူအများစု မကင်းလွတ်နိုင်သည့် ) အခြားနည်းလမ်းများ ဖြင့်လည်း ကူးစက်နိုင်ကြောင်း သိရှိလာကြသောအခါ – မိခင်မှတဆင့် အပြစ်မဲ့မျိုးဆက်များထံ ကူးစက်မှု ကြီးထွားနေပြီကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ – အလျဉ်မီအသိဝင်ခဲ့ကြသည့် တိုင်းနိုင်ငံ ဒေသများ၊ လူ့အဖွဲ့အစည်းများသည် အထက်ဖော်ပြပါ အဓိပ္ပါယ်မဲ့ လုပ်ရပ်များကို ရှောင်ကြဉ်စွန့်လွှတ်လိုက် ကြသည်။ ထိရောက်သောကာကွယ်တားဆီးမှုအစီအစဉ်များဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်။ ရောဂါ အမြစ်ပြတ်ဆေး မပေါ်နိုင်သေးသော်လည်း ART ခေါ် ပိုးထိန်းဆေးက ထွက်ပေါ်လာခဲ့သဖြင့် ယခုနှစ်များ အတွင်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်းကို သိသိသာသာ ထိန်းချုပ်နိုင်ခဲ့ကြသည်။ ကမ္ဘာ့အစ္စလာမ့်လောက၌လည်း ဘာသာရေးပညာရှင်များက ရှေ့တန်းထွက်ပြီး စွမ်းဆောင်လိုက်သည်မှာ ကမ္ဘာ၏ချီးကျူးဂုဏ်ပြုမှု ခံရသည် အထိဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏ မြန်မာ့အစ္စလာမ့်လောကမှာကား ပြောင်းပြန်ဖြစ်လျက်ရှိသည်။ မကူညီသည့်အပြင် ဒုက္ခပေးနေကြသည်။ မိမိကိုယ်ကို ဓမ္မပညာရှင်ဟုကြေငြာထားသူများစွာကလည်း အစ္စလာမ့်လူထုအတွင်း HIV မပြန့်ပွားအောင် တားဆီးကာကွယ်ပညာပေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး အတွက် ရှေ့ထွက်ဦးဆောင်ဖို့နေနေသာသာ စကားပင် အဟမခံ။ စကားစမိသည်နှင့် မျက်နှာရှုံ့မဲ့ကာ ထပြေးတော့သည်။ ပို၍ ဆိုးဝါးသည်ကား အချို့သော ပညာရှင်ဆိုသူတို့က အထက်ဖော်ပြပါလုပ်ရပ်များကို အားပေးအားမြှောက်ပြုလုပ်ခြင်းက အလွန်အကျည်းတန်လှပေသည်။ လွန်ခဲ့သည့် ၁၅နှစ်ခန့်က အသိပညာ ဗဟုသုတ မလုံလောက် အားနည်းခဲ့၍ ယင်းသို့ကိစ္စမျိုး ရှိခဲ့ခြင်းအပေါ် မသိရှိခဲ့ကြခြင်း ဟူသောအချက်ဖြင့် နားလည်နိုင်သော်လည်း – ယနေ့ ကျွန်ုပ်တို့ထံ၌ အသိပေးမှုကိုပင်လျှင်လက်မခံကြခြင်း မှာ အတော်လေး ထူးခြားနေပေသည်။ ယင်းသို့သောအုပ်စုများအတွင်း မုစ်လင်မ်ဆရာဝန်အချို့ပါဝင်လာခြင်းက လူအများ အတွက် ပါးစပ်အဟောင်းသား ဖြစ်သွားစေပြန်သည်။ ယခုအခါ အခြားဘာသာတရားနှင့်လူ့အသိုင်းအ၀ိုင်းတို့ ထံတွင် ဒုက္ခပေးနှိပ်ကွပ်ခြင်း၊ ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ ( လုံးဝကွယ်ပျောက်သွားသည် မဟုတ်သော်လည်း  )  အလွန်ပင်နည်းပါးသွားသည်ကို ငြင်းမရအောင် တွေ့နိုင်ပါသည်။ မုစ်လင်မ် အသိုင်းအ၀ိုင်းတွင်း၌မူ တကယ့် ဖြစ်စဉ်နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ ရင်နင့်စရာကောင်းစွ !
    မုစ်လင်မ်တို့သည် အစ္စလာမ့်လမ်းစဉ်ဖြင့် နေထိုင်ရှင်သန်နေသူများဖြစ်ကြရာ အစဉ်သဖြင့် ဘာသာတရား ဟူသည့်ဝေါဟာရက လွှမ်းမိုးထား၏။ မုစ်လင်မ်လူထုအပေါ် ဘာသာရေးပညာရှင်တို့၏သြဇာ သက်ရောက်မှုမှာလည်း အခြားဘာသာတရားများနှင့်စာလျှင် အတော်အတန် ကြီးမားလေ့ရှိ၏။ သို့ဖြစ်ရာ ဘာသာရေးပညာရှင်များ၊ အဖွဲ့အစည်းခေါင်းဆောင်များ၊ ဆရာသခင်များ၊ ဗလီရှေ့ဆောင်များကိုယ်တိုင်က အသိမဲ့ကုလားထိုင် အပေါ် အခန့်သားထိုင်ပြနေလျှင် မုစ်လင်မ်လူထုများအနေနှင့် မည်သို့ဖြစ်လာတော့ မည်နည်း ? ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးဆွေးနွေးမှုများ၊ နှိုးဆော်မှုများ အမှန်ပင် လိုအပ်နေပြီဖြစ်၏။ HIV ဆိုင်ရာ ရောဂါအကြောင်း၊ ဝေဒနာအကြောင်း၊ ကုထုံးအကြောင်း အသာထားဘိဦး – ကူးစက်ပြန့်ပွားပုံကို နည်းလမ်းမှန်စွာ မသိရှိကြပါက ( အသိပညာပေးခြင်း၊ ဆွေးနွေးဟောပြောခြင်း၊ အမှန်တရားကိုတင်ပြခြင်း စသည်တို့အား ဘာသာရေးပညာရှင်ဟူသော တံတိုင်းဖြင့် ဆက်လက်ကာဆီးနေပါက ) သေချာသည်မှာ  လာမည့် ၁၀ စုနှစ်အတွင်း HIV အပျံ့နှံ့ဆုံး နှင့် အကြီးမားဆုံးအုပ်စုသည် ကျွန်ုပ်တို့မုစ်လင်မ်အသိုင်းအ၀ိုင်း များသာ ဖြစ်လာပေတော့မည်။ မိမိတို့၏အနာဂတ်လူ့အဖွဲ့အစည်းအတွင်း ထိုအဖြစ်မျိုးဖြစ်စေလိုပါသလားဟု ယနေ့မုစ်လင်မ်တိုင်းမှ မိမိကိုယ်ကို မေးမြန်းကြည့်ရန် အချိန်တန်ပေပြီ။
    ၂၀၁၁ ခုနှစ် World AIDS Day မှစ၍ ကမ္ဘာ့ဆောင်ပုဒ်ကို  Getting to Zero :  Zero New HIV  Infections, Zero Discriminations and Zero AIDS Related Deaths ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ ကမ္ဘာ တစ်ဝှန်းလုံးက သုညအဆင့်အထိ မျှော်မှန်းကြသည်။ ကျွန်ုပ်တို့ထံ၌မူ Discrimination – ခွဲခြားနှိမ့်ချဆက်ဆံမှု ကို တစ်ရာ ရာခိုင်နှုန်းအထိတိုးမြှင့်ရန် ရည်ရွယ်လမ်းခင်းနေကြသလောဟု မချင့်မရဲ တွေးမိပါသည်။ တွေးလောက်စရာအကြောင်းများရှိနေသဖြင့် အခြေခံကျကျ ဆွေးနွေးတင်ပြ လိုက်ပါသည်။ ဤဆွေးနွေးချက် များသည် မုစ်လင်မ် PLHIV ပေါင်းများစွာ၏ မျက်ရည်၊ အသက်၊ ဘ၀၊ ခံစားချက် နှင့် သာသနာ့ချစ်စိတ်တို့ကို ကိုယ်စားပြုထားပါကြောင်း။
    ၂။  HIV   နှင့်  ကိုယ်ကျင့်တရား
    လူသားများ၌ HIV ကို လိင်တိုချင်းဆက်ဆံသူတစ်ချို့ထံမှ စတင်တွေ့ရှိခဲ့သည်။ ဆက်လက်၍ အခြား လိင်တူဆက်ဆံတူများအား စစ်ဆေးစမ်းသပ်ကြည့်ရာ၌လည်း အလားတူပင်တွေ့ခဲ့ကြ၏။ တဖန် ယင်းသူတို့အတွင်း မူးယစ်ဆေးသုံးစွဲသူ များစွာရှိကြရာ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်းမှတဆင့် ထပ်မံ ကူးစက် ကုန်ကြောင်း တွေ့ရပြန်၏။ ထိုအချိန်မှစပြီး လူတို့၏အသိစိတ်တွင် ကိုယ်ကျင့်တရားမကောင်း၍ HIV ရသည် ဟု စွဲမြဲသွားကုန်၏။ HIV ပိုးရှိသူ သို့မဟုတ် AIDS ရောဂါရှင်ဟူသမျှ ကိုယ်ကျင့်တရားမကောင်းသူ၊ ယုတ်ညံ့ နိမ့်ကျသူအဖြစ် အဆင့်တက်ကာ တလွဲတချော် လှေကားထောင်လိုက်ကြကုန်၏။ ကျွန်ုပ်တို့ သတိမထားမိ ကြသည့်အချက်မှာ လိင်တူဆက်ဆံသူသော်လည်းကောင်း၊ မူးယစ်ဆေးသုံးစွဲသူသော်လည်းကောင်း မိမိသည် ယင်းသို့လူစားပါဟု ဆိုင်းဘုတ်တပ်မထား၊ ၄င်းတို့ကိုယ်၌က HIV ကူးစက်နေကြောင်းပင် မသိရှိကြ။ ၄င်းတို့မှ တဆင့် လိင်တူလိင်ကွဲဆက်ဆံမှုမှ ကူးစက်ရာတွင် –  (လိင်မှုရေးရာ၌ မရှုပ်ပွေမဖောက်ပြန်သည့်တိုင် ) ၄င်းတို့၏ဇနီးခင်ပွန်းတို့ထံ လက်ဆင့်ကမ်းရောက်ရှိပြန်၏၊ ထို့ပြင် HIV ပိုးသည် သွေးအတွင်း၌ ရှင်သန် သည်ဖြစ်ရာ သွေးသွေးချင်းထိစပ်ရောနှောတတ်သည့်အမှုများ (ဥပမာ – သွေးသွင်းကုသခြင်း၊ စုတ်ထိုးခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ အလိုမတူ လိင်ဆက်ဆံခံရခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာ၊ မသန့်ရှင်းသော ဆေးထိုးအပ် စသည် )တို့မှတဆင့် ကူးစက်ခံရသောလမ်းကြောင်း ဖြစ်လာပြန်၏။ HIV ရှိမရှိကို အပေါ်ယံ အပြင်ပန်းသဏ္ဍာန်ဖြင့် သိရသည်မဟုတ်။ ပြင်ပလက္ခဏာအားဖြင့် မဆုံးဖြတ်နိုင်။ ရောဂါရင့်ပြီး အခါလွန်မှသာ ပုံပေါ်လာတတ်သည်။ သွေးမစစ်ကြည့်မချင်း မသိနိုင်ကြသဖြင့် အဘယ်မျှ လျင်မြန်စွာ စိမ့်ဝင်ပျံ့နှံ့ကုန်ကြောင်း အသိဥာဏ်ရှိသူတိုင်း ရိပ်စားမိကြပေမည်။ HIV သည် လူမရွေးတော့ပါ။ ဖြစ်ရပ်မှန်အမြောက်အများထဲမှ မိသားစုတစ်ခုကို ဥပမာပေးပါမည်။  HIV ရှိမရှိ သွေးစစ်ခြင်း မကျယ်ပြန့်မီက လူတစ်ဦးသည် မတော်တဆမှုဖြင့် အရေးပေါ်သွေးသွင်းကုသရ၏။ အသက်လုချိန်ဖြစ်၍ ရရာသွေးရှာသွင်းခဲ့ရာ HIV ပိုးကို လက်ဆောင်ရရှိခဲ့၏။ သူမှတစ်ဆင့် သူ၏ဇနီး၊ သူမမှ တဆင့် ကလေးငယ်ထံသို့ ကူးစက်သွား၏။ ထို့ကြောင့် မိသားစုတစ်ခုလုံး HIV ပိုးကူးစက်ခံနေရကြောင်း မိမိတို့ဖာသာပင် မသိရှိနိုင်ခဲ့ချေ။ အကြောင်းတိုက်ဆိုင် လာသည့်အခါကျမှ မျက်ကလူးဆန်ပြာဖြစ်ကြရသည်။ လင်ရောမယားပါ အကျင့်စာရိတ္တက ထိပ်တန်းအဆင့်၊ သောက်စားမူးယစ်လိင်ဖောက်ပြန်မှု အလျဉ်းမရှိ၊ ဘာသာရေးကိုလည်း အလွန်ကိုင်းရှိုင်းသူများ၊ လုပ်ငန်းက လည်း သမ္မာအာဇီဝ – ဟလာလ်။ သို့သော်လည်း HIV လောကသို့ မအူမလည် ရောက်ရှိလာကြသည်။  မွေးဖွားသည့် ကလေးငယ်ထံ အဆစ်ပါသွားသည်။ ထိုသူတို့ အပြစ်ရှိပါသလား ?  မည်သည့် အကြောင်းပြချက်ကို ပေး၍ စက်ဆုပ်ရွံရှာဖွယ် – မုန်းတီးဖွယ်အဖြစ် ဆက်ဆံကြမည်နည်း ? လူ့အသိုင်းအ၀ိုင်းမှ အဘယ်ကြောင့် ဖယ်ကြဉ်ဖို့လိုပါသနည်း ? HIV နှင့်ပတ်သက်၍ မိမိတို့သိရှိထားသမျှ လက်တစ်ဆစ်စာ အသိပညာလေးဖြင့် PLHIV မှန်သမျှ ၀ါးလုံးရှည်ဖြင့် သိမ်းကျုံးရမ်းရိုက်နေသည်မှာ တရားပါ ၏လော ?  အပြစ်မဲ့ PLHIV တို့၏ လူမှု၊ စီးပွါးအရေးကိစ္စများအပေါ် ပိတ်ဆို့၊ နှောင့်ယှက်၊ ဒုက္ခပေးခြင်း၊ သိက္ခာချစော်ကားနေခြင်း၌ မည်သူတို့အတွက် မည်သည့်ကောင်းကျိုးဖြစ်ထွန်းနေပါသနည်း ?
    ယင်းသို့ပြုလုပ်ခြင်းဖြင့် ကုသိုလ်ရသည်ဟု အစ္စလာမ့်လမ်းစဉ်၌ သွန်သင်ထားပါသလား  ဟု အခြားဘာသာဝင် တို့မှ မေးမြန်းလာသော် မည်သည့်အဖြေကို ပေးကြမည်နည်း ? ( အစ္စလာမ်ကို မုန်းတီးနေသူ၊ မုစ်လင်မ်တို့ မျိုးသုဉ်းရေးကိုလိုလားနေသူတို့ကတော့ အထက်ဖော်ပြပါအတွေးအခေါ်ဆိုးများကို သွတ်သွင်းလျက် တိုက်ရိုက်၊ သွယ်ဝိုက် တွန်းအားပေးနေဦးမည်သာ မုချဖြစ်၏ )။
    အစ္စလာမ့်ကျင့်ဝတ်  နှင့်  ပြဌာန်းချက်များအပေါ် လိုက်နာစောင့်ထိန်းပါက HIV-AIDS ဖြစ်စရာ အကြောင်း လုံးဝ မရှိ ဟု မျက်စေ့စုံမှိတ်ကြွေးကြော်နေသည့် ပညာရှင်များအဖို့ လက်တွေ့လောကအတွင်း ခေတ္တမျှ ၀င်ရောက်လေ့လာစူးစမ်းပါဦးဟု ( ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည် ထင်လိုကထင်၊ ရှေ့မျက်နှာ နောက်ထား၍ ) ဖိတ်မန္တကပြုပါသည်။ အဘယ်ကြောင့်ဟူမူ HIV-AIDS  ဖြစ်သူမှန်သမျှ အစ္စလာမ့်ကျင့်ဝတ် နှင့် ပြဌာန်းချက်များကို စောင့်ထိန်းလိုက်နာခြင်းမရှိ  ဟု တစ်ဖက်သတ် စွပ်စွဲရာရောက်နေသောကြောင့်ဖြစ်သည်။ ဟူသမျှသော ကမ္ဘာ့ကပ်ရောဂါတို့မှာ လူမျိုး၊ ဘာသာ၊ နေရာဒေသ၊ အဆင့်အတန်း၊ အတန်းအစား၊ အဆိုးအကောင်းမရွေး ကူးစက်ပျံ့နှံ့လေ့ရှိသည်ချည်း ဖြစ်၏။
    ရှေ့ကနွားလားဖြောင့်ဖြောင့်မသွားက နောက်ကသိုးတစ်သိုက် ကောက်ကွေ့လိုက်၏ ဟူသော အဖိုးတန်မြန်မာစကားပုံတစ်ခုရှိပါသည်။ မီးရထားခေါင်းတွဲကြီးများ စက်နှိုး၍ထွက်ခွါကြရန် အချိန်တန် အခါသင့်နေပြီဖြစ်ကြောင်း သုံးသပ်ရပေသည်။ မည်သည့်ပညာရှင်ကိုမျှ မစော်ကားပါ။ အဖြစ်မှန်ကို ပြည်သူ့အော်သံအဖြစ် တင်ပြနေခြင်းသာဖြစ်သည်။
    HIV-AIDS ရောဂါတိုက်ဖျက်ရေး  ကို  PLHIV များအား တိုက်ဖျက်နှိပ်ကွပ်ရေး  အဖြစ် အမြင် မမှားစေ လိုပါ။  မိမိသာလျှင် ကိုယ်ကျင့်တရားကောင်းမြတ်သည်ဟု အများမှ အသိအမှတ်ပြုအောင် သွယ်ဝိုက်ရည်ညွှန်း လိုသည့်အတွက် …….         HIV ကို ခုတုံးလုပ်ပြီး တစ်ဖက်လှည့်ဟစ်ကြွေး ရုပ်လုံးဖော်နေကြခြင်းပေလော  ဟူ၍ မုစ်လင်မ် PLHIV တစ်ဦးမှ မချိပြုံးဖြင့် ၀မ်းနည်းအားငယ်ရင်ဖွင့်ညည်းတွားသံက ကျွန်ုပ်၏နားထဲတွင် ယနေ့ထက်ထိ ပဲ့တင်သံထပ် ရိုက်ခတ်လျက်ရှိပါတော့သည်။
    ၃။  အစ္စလာမ့်အယူအဆနှင့်ဆန့်ကျင်သောအဆိုတစ်ခု
     “ ကုရာနတ္ထိ ဆေးမရှိ ”
    HIV-AIDS ၏အန္တရာယ်ကြီးမားပုံကို လူအများမှ အထူးသတိပြုမိကြစေရန် ရည်ရွယ်ချက်ဖြင့် ကုရာနတ္ထိဆေးမရှိ ဟူသည့်ဆောင်ပုဒ် ထွက်ပေါ်ခဲ့ဖူး၏။ ဆောင်ပုဒ်၏ရည်ရွယ်ချက်က တစ်ခြား၊ ( အကျိုး သက်ရောက်ပုံ)တုန့်ပြန်မှုကတစ်ခြားဖြစ်လာသည်ကို မထင်မှတ်ဘဲတွေ့လာခဲ့ကြ၏။ ယင်းဆောင်ပုဒ်ကို ယခုအခါ တစ်ကမ္ဘာလုံးက တစ်ညီတစ်ညွတ်တည်း ဖျက်သိမ်းလိုက်ပြီးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ထံမှ (ဘာသာရေးအမည်ခံ) အုပ်စုတစ်စုက ဤဆောင်ပုဒ်ကို သာသနာ့အယူအဆကဲ့သို့ ကိုင်စွဲနေတုန်း – ဖြန့်ချိ နေတုန်းပင်။ ဆိုရေးရှိကဆိုအပ်သည်နှင့်အညီ အစ္စလာမ်သာသနာ့ရှုထောင့်အတွင်းမှ တင်ပြစရာရှိလာ ပေသည်။
    ယနေ့မုစ်လင်မ် PLHIV များအကြား လက်တွေ့လေ့လာကွင်းဆင်းဆွေးနွေးကြည့်ရာတွင် ကိုယ်ကျင့် တရား မကောင်း၍ HIV-AIDS ဖြစ်ရသူမှာ လူဆယ်ဦးလျှင် တစ်ဦးခန့်မျှ မဆိုစလောက်လေးသာ တွေ့လိုက်ရပါသည်။ PLHIV အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များသာဖြစ်သည်။  ကုရာနထ္ထိဆေးမရှိ ဆိုပြီး အပြစ်မဲ့လူသားများအပေါ် ဧရာမစွဲချက်တင်ကြမည့်အစား ဖေးမစာနာလက်တွဲလိုက်ခြင်းဖြင့် မုစ်လင်မ် တို့၏ညီနောင်ဝါဒအား ပိုမိုသက်ဝင်ထင်ရှားစေလိုသည်။ ရေနစ်သူကို ၀ါးကူထိုးခြင်းက သူရဲကောင်းတို့၏ လုပ်ရပ် မဟုတ်ပါလေ။
    အဗူ ဟုရိုင်ရဟ် (ရဒွိ) ဆင့်ပြန်ခဲ့သော တမန်တော်မြတ်(ဆွ)၏ဟဒီးဆ်တော်တစ်ပုဒ်မှာ ဤသို့ ဖြစ်၏။
    There  is  no  disease  that  Allah  has  created,  except  He  also  has  created  its  treatment.
    အလ္လာဟ်အရှင်မြတ်သည် သက်ဆိုင်ရာကုထုံး (ဆေးဝါး/အကြောင်းခံ) ကို မဖန်ဆင်းထားဘဲနှင့် ဖြစ်ပေါ်လာစေသည့်ရောဂါဟူ၍ မရှိ။
    ဆွဟီးဟ်အလ်ဗုခါရီကျမ်း(၇း၅၈၂)။ အတွဲ(၇)၊ ဟဒီးဆ်အမှတ်စဉ် (၅၈၂)။ စာမျက်နှာ(၃၉၅)။ ဆေးဝါးကဏ္ဍ။
    လွန်ခဲ့သည့်နှစ်ပေါင်း(၃၀)ကျော်က ကမ္ဘာတစ်ဝှန်းသည်းသည်းလှုပ်ခဲ့သောကပ်ရောဂါ TB – အဆုတ် ရောဂါအား အနီးကပ်ဆုံး ပြန်လည်ကြည့်ရှုပါလေ။ ထိုကာလများ၌လည်း TB ကို ကုရာနတ္ထိဆေးမရှိ ဟုပင် ဆိုခဲ့ကြ၏။ ယနေ့သော် အမြစ်ပြတ်ဆေးဝါးထွက်ပေါ်ခဲ့သည်သာမက အခမဲ့ပင် အရံသင့်ရရှိနိုင်ကြပေပြီ။ ရောဂါသစ်တစ်ခု ပေါ်ပေါက်လာတိုင်း လူတို့မှ ယင်းအဆိုကို လက်ကိုင်ပြုတတ်လေကြောင်း သိရှိအပ်ရာသည်။ HIV နည်းတူ ယနေ့ထက်တိုင် အမြစ်ပြတ်အောင်မကုသနိုင်သေးသော ကင်ဆာကဲ့သို့ အခြားရောဂါများလည်း ရှိနေသေးသည်ကို မြင်အောင်ကြည့်ရှုအပ်ပေသည်။ ရောဂါမှန်သမျှ၏ဆေးဝါးတို့မှာ အချိန်တန်လျှင် ထွက်ပေါ်လာသည်ချည်းပင်။ အချုပ်အားဖြင့် မုစ်လင်မ်တို့သည် အစ္စလာမ့်အယူအဆနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့်အဆိုများကို ဖက်တွယ်မထားအပ်ပါချေ။
    ၄။  ကုရ်အာန်ကပြောသော HIV ရာဇ၀င်
    HIV-AIDS ၏ရာဇ၀င်ကို ဆေးလောကနှင့်သမိုင်းပညာရှင်များက အောက်ပါအတိုင်း ပူးပေါင်းတင်ပြ ထား၏။
    HIV ပိုးသည် အာဖရိကတိုက်ရှိ ချင်ပန်ဇီမျောက်ဝံတို့၏မူလဗီဇ၌ သဘာဝအလျောက် ပါဝင်တည်ရှိ နေ၏။ ၄င်းပိုးက မျောက်ဝံများကို AIDS ရောဂါ မဖြစ်စေ။ အာဖရိကသားတို့အနက် အချို့သည် လူလူချင်း သာမက မျောက်ဝံများနှင့်ဆက်ဆံမှုပြုသည်အထိ ကာမသောင်းကျန်းလေသောအခါ ယင်းရောဂါပိုးသည် လူ့ခန္ဓာကိုယ်သို့ စတင်ကူးပြောင်းရောက်ရှိလာသည်။ လူ့ခန္ဓာကိုယ်တွင် လူ နှင့်တိရစ္ဆာန်၏ခံနိုင်ရည်မတူ သဖြင့် AIDS ရောဂါဖြစ်ပေါ်စေသည်။ ကိုလိုနီခေတ်ဦးတွင် အနောက်တိုင်းသားတို့သည် အာဖရိကတိုက်သား များစွာကို ဖမ်းဆီးကျွန်ပြု၍ ဥရောပသို့တင်သွင်းကြသည်။ ကာမသောင်းကျန်းသူများအဖို့ ရောက်သည့်နေရာ၌ အလျဉ်းသင့်သူတို့နှင့် ဆက်ဆံကြသည်ချည်းဖြစ်ရာ ဥရောပလူ့အဖွဲ့အစည်း အကြား HIV စတင်ပျံ့နှံ့သွား၏။ ဥရောပတိုက်သားအများစုကလည်း ကမ္ဘာအနှံ့ခရီးဆန့်တတ်ကြ၏။ ထိုစဉ်က ကိုယ်ခံအား/ခုခံအားကျဆင်းစေ သည့်ရောဂါမှန်း မည်သူမျှမသိခဲ့ကြ။ (၁၉၈၀)ခုနှစ်များကျမှ အမေရိကန်၌ ရောဂါပိုးကိုတွေ့လိုက်ရ၍ စတင်သတိပြုမိကြ၏။ ၄င်းနောက် လူသိများလာခဲ့ကြသည်။ မည်သို့ဆိုစေ အခြားတစ်ဖက်၌ သဘာဝမကျသော လိင်ဆက်ဆံမှုကြောင့် HIV ထွက်ပေါ်သည်ဟုယူဆလက်ခံကြသူများလည်း မနည်းလှချေ။  ဤဒုတိယအယူအဆကိုလက်ခံသူ ဘာသာရေးပညာရှင်တို့က တမန်တော်လူးသွ် ( Lot ) လက်ထက် လိင်တူချင်းဆက်ဆံကြသော ဆိုဒုမ်းနယ်သား လူ့အဖွဲ့အစည်းများထံမှ HIV မြစ်ဖျားခံလာသည်ဟု ထောက်ပြ ကြ၏။ ထိုအယူအဆသာမှန်ကန်ပါက HIV ၏ သက်တမ်းမှာ နှစ်ပေါင်းလေးထောင်ကျော်နေပြီဟု ဆိုနိုင်ပေ သည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင့်လေးရာကျော်ကပင် ကျမ်းမြတ်ကုရ်အာန်က ဤအကြောင်းကို ဖော်ပြ ထားပြီးဖြစ်သည် ( သို့သော် ရောဂါအကြောင်း မပါဝင်ချေ )။ ကုရ်အာန်၏လမ်းကြောင်းမှာ ကိုယ်ကျင့်တရား ကိုသာ ဇောင်းပေးတင်ပြထားသောကြောင့်ဖြစ်၏။ ထပ်ဆင့်ဆွေးနွေးရပါသော် – ကမ္ဘာ့သမိုင်းမှ ရုတ်ခြည်း ပျောက်ကွယ်သွားကုန်သည့် လူမျိုးစုများရှိခဲ့ကြလေရာ ယင်းကိစ္စ၏အဓိကဇာတ်ကောင်မှာ HIV  ဖြစ်နေ သလောဟု တွေးစရာပင်။ ဤရှုထောင့်အမြင်အရဆိုလျှင် HIV- AIDS မှာ ထူး၍ မဆန်းသောကိစ္စသာ ဖြစ်နေပါတော့သည်။
    ၅။  ခွဲခြားနှိမ့်ချမှုမှ ထွက်ပေါ်လာသည့်ဆိုးကျိုးများ
    HIV-AIDS  အကြောင်းခံဖြင့် ခွဲခြားနှိမ့်ချမှုများရှိခဲ့ရာမှ ထွက်ပေါ်ခဲ့သော/ရှိနေဆဲ  လူ့အဖွဲ့အစည်း ဆိုင်ရာ ဆိုးကျိုးအချို့ကို အစ္စလာမ့်ရှုထောင့်မှ ဆက်လက်ဆွေးနွေးတင်ပြပါမည်။ ၄င်းအား မတင်ပြမီအလျင် ပဋိပက္ခ ဟူသော ကန့်လန့်ကာနောက်ကွယ်ရှိ အကြောင်းရင်းခံအချို့ကို စတင်ဆွေးနွေးလိုပါသည်။  အဓိကအားဖြင့် Misconceptions – နားလည်မှုလွဲမှားခြင်း/ တလွဲတချော်အယူအဆ/အမှားကိုအမှန်ဟုထင်မြင် လက်ခံမိခြင်း ကိစ္စကို ဦးတည်ပါသည်။
    မည်သည့်နယ်ပယ်တွင်မဆို  Misconceptions ဖြစ်လာရခြင်း၏ မူရင်းဇာစ်မြစ်သည် Mis-information ( တလွဲတချော်ဖြစ်သော/တစ်ဝက်တစ်ပျက်သာမှန်သော သတင်းနှင့်အချက်အလက်များ )ကြောင့် ဖြစ်သည်။ သတင်းအချက်အလက်တစ်ခုခုကို အမှားအမှန် နှင့် တိကျပြည့်စုံမှုရှိမရှိ မစိစစ်ဘဲ လက်ခံမိပြီဆိုလျှင် ဦးစွာ ဇဝေဇ၀ါ ဖြစ်မည်၊ ထိုအချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာထပ်မံမသိရလျှင် သိထားပြီးသားကို အမှန်ဟု စတင်ယူဆလာတတ်၏။ ထိုမှတဆင့် အစွဲဝင်၍အတွေးချော်သွားပေသည်။ မိမိမျက်စေ့အမြင် စွေစောင်းနေ သည်ကို သတိမပြုမိဘဲ ကမ္ဘာလောက၏မြင်ကွင်းတစ်ခုလုံး ရွဲ့စောင်းနေသည်ဟု ဝေဖန်လာတော့သည်။  Reality (အဖြစ်မှန်) နှင့် Misconception ထိပ်တိုက်တွေ့သောအခါ နားလည်မှုသဘောပေါက်မှု – Convicton သော်လည်းကောင်း၊ ပဋိပက္ခ – Conflict သော်လည်းကောင်း ဖြစ်လာတတ်၏။ အသိတရားမြင့်မားသူများက နားလည်မှု နှင့် ငြိမ်းချမ်းမှုထံသို့ ဦးတည်သွားပြီး အသိတရားနိမ့်ကျသူများက အာဃာတ နှင့် ပဋိပက္ခသို့ ဦးတည်သွားပေသည်။ ဤကိစ္စမှာ မကောင်းသော သစ်ပင်တစ်ပင်နှင့်အလားသဏ္ဍာန်တူ၏။ အကိုင်းအခက် အသီးအပွင့်များအား ခုတ်ဖြတ်ယုံနှင့် အပင်မသေနိုင်။ အမြစ်လှန်မှ ကိစ္စပြတ်ပါသည်။ ထို့ကြောင့် ဇာစ်မြစ်ကို ဆွဲထုတ်တင်ပြပါသည်။  ( HIV ဟု အခြေပြုဆွေးနွေးထားသော်လည်း ကဏ္ဍအားလုံးနှင့် သက်ဆိုင်ပါသည်)။ ဤကဏ္ဍ၌ နိုင်ငံ၊ နိုင်ငံရေး၊ ဘာသာတရားများ အကြားတွင်ရှိသည့် Misconception များအား မဆွေးနွေးပါ။ (အထူးသဖြင့်) မြန်မာမုစ်လင်မ်လူ့အဖွဲ့အစည်းအတွင်း၌ဖြစ်နေသော Misconception တို့ကို အကျဉ်းအားဖြင့် ခြုံငုံ ဆွေးနွေးပါမည်။
    က။  ပညာရေးဆိုင်ရာ Misconceptions
    ဘာသာရေး၌ အစွန်းရောက်နေသူ ပညာရှင်များကို ခုတုံးလုပ်၍ ကိုလိုနီဝါဒက (အိန္ဒိယ တိုက်နယ်ရှိ အစ္စလာမ့်လောကအတွက်) ဘာသာရေးပညာ နှင့် ခေတ်ပညာ ဟုဆိုကာ ပညာရေးကို ခုတ်ပိုင်းပြ လိုက်၏။ ကိုလိုနီစံနစ်၊ ပဒေသရာဇ်စံနစ်၊ အာဏာရှင်စံနစ်၊ လူမျိုးကြီးစံနစ်၊ အစွန်းရောက်စံနစ်တို့သည် အာဏာတည်တံ့ရေးအလို့ငှါ လက်အောက်ခံရှိမည်သည့် နယ်ပယ်တွင်မဆို တွဲရေး – ခွဲရေးပြဿနာအား သွတ်သွင်းထားလေ့ရှိသည်။ ထိုအခါ၎င်းတို့၏တွက်ကိန်းအတိုင်း တစ်ယူသန်တဇောက်ကန်း ပညာရှင်တို့က တစ်ဖက်လပ်မြင်းကိုတက်စီး၍ တစ်လမ်းမောင်းစံနစ်ဖြင့် တရှိန်ထိုးခရီးနှင်တော့သည်။ မီးရထား စက်ခေါင်းများ စက်ခုတ်မောင်းနှင်ရာသို့ ချိတ်ဆက်ထားသမျှနောက်တွဲတို့သည်လည်း တသီတတန်းကြီး ပါသွားတော့သည်။ တစ်ခါ ကိုလိုနီပညာရေးစံနစ်က လက်တွေ့ရုပ်ဝါဒအယူအဆများ ( ဥပမာ – ဒါဝင်သီအိုရီ )ကို ရိုက်သွင်းသည်၌ ခေတ်ပညာနှင့်နာမ်ပိုင်းဆိုင်ရာပညာများ ၀ိရောဓိဖြစ်ကာ ရင်ကြားစေ့မရတော့။ သို့နှင့် တစ်ဖက်နှင့်တစ်ဖက် အသိနိမ့်ကျသည်ဟု အပြန်အလှန် ပုတ်ခတ်စွပ်စွဲကြကုန်၏။ သို့ရှိရာ ပညာရေးခေါင်းစဉ်အောက်၌ အကြမ်း အားဖြင့် သုံးစုကွဲထွက်လေ၏။ မုစ်လင်မ်တို့၏စည်းလုံးမှုကို ပညာရေးဟူသောရှုထောင့်မှ သေနတ်တစ်ချက် မဖောက်ဘဲ လှပစွာအင်အားဖြိုခွဲပြလိုက်ခြင်းဖြစ်သည်။ ကိုယ်စီကိုယ်ငှ မာနတံခွန်ထူစေလိုက်စေရာ အလိုအလျောက် ၀ါးအစည်းပြေသွားပါတော့သည်။ ဘာသာရေးအုပ်စုများကို (အစ္စလာမ်၌မရှိသော) သာသနာပိုင်ဝါဒလမ်းကြောင်းသို့လည်းကောင်း၊ ခေတ်ပညာအုပ်စုကို (ဓန၊ရာထူး၊အာဏာ စသော) လောကီရေးထွန်းပေါက်မှု လမ်းကြောင်းသက်သက်သို့လည်းကောင်း၊ နာမ်ပိုင်းဆိုင်ရာ အုပ်စုများကို စိတ်ကူးယဉ် လမ်းကြောင်းသို့လည်းကောင်း တွန်းပို့ခဲ့ကြသည်။ ဤနေရာ၌ ကျွန်ုပ်တို့မုစ်လင်မ်များ အလွန် လိမ္မာကြ၏၊ အဆင်းဘီးတပ်ပေးခြင်းအပေါ် သာယာသည့်အပြင် မိမိဖာသာ အရှိန်ပင်မြှင့်တင်လိုက်သေးသည်။ မျိုးဆက်တစ်ခုလွန်မြောက်ပြီးသော် ဘာဖြစ်ကုန်ကြသနည်း ?  ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သို့သော် ရင်ထဲကစကား နှင့် တကယ့်အမှန်တရားများမှာ လည်ချောင်းပြင်ပသို့ ထွက်မလာနိုင်တော့ပါလေ။
    ( မိမိတို့၏သက်ဆိုင်ရာဂိုဏ်းဂဏအယူအဆများကို အခြေမခံထားသည့်၊ လိုရာဆွဲ မဟုတ် သည့် ) တမန်တော်မြတ်မုဟမ္မဒ်(ဆွ)၏ ထေရုပ္ပတ္ထိတော်များအား သေသေချာချာ ဖတ်ရှုလေ့လာကြည့်ပါက ယနေ့ကျွန်ုပ်တို့မှ ခွဲခြမ်းစိပ်ဖြာပစ်လိုက်ကြသော အသိပညာ၊ အတတ်ပညာအားလုံးမှာ တစ်ပေါင်းတစ်စည်း တည်းသာဖြစ်နေသည်ကို တွေ့ရ၏။ ဤသည်မှာ အစ္စလာမ်ကပြောသော အစ္စလာမ့်ပညာရေးအစစ်အမှန် ဖြစ်၏။ အစ္စလာမ်လောက၌ အစ္စလာမ့်ပညာရေးအစစ် ပျောက်ဆုံးနေပါသည်။ မိမိတို့၏ပညာရေးစံနစ်အပေါ် မိမိတို့ဖာသာ Misconception ဖြစ်လျက်ရှိနေပါသည်။
    ယင်းသို့ခွဲခြားမှု၏အကျိုးဆက်ကြောင့် နိမ့်ကျမှုကိုသာ အမွေခံရပေသည်။ အခြားအရာများ နိမ့်ကျလျှင် တိုးတက်အောင်ကြိုးစားပုံဖော်လို့ဖြစ်နိုင်သည်။ ပညာကိုလည်း မြှင့်တင်နိုင်သည်။ သို့သော် ပညာ နှင့်တွဲနေသော အသိတရားနိမ့်ကျလျှင် ဆွဲတင်ရ တော်တော်ခက်သည်။ တမန်တော်မုဟမ္မဒ်(ဆွ)သည် ၂၃ နှစ်တိုင်တိုင် အခါမလပ် ကြိုးပမ်းသော်ငြား ပရိနိဗ္ဗာန်စံလွန်ချိန်ထိ အာရေဗျတစ်ခွင်လုံး အသိတရား တန်းမညီခဲ့ (အစ္စလာမ် မဖြစ်ကုန်သေး)။ မိမိ၏အသိတရားကို မိမိဖာသာ မပြင်ဆင်မမြှင့်တင်သမျှ နိမ့်ကျခြင်းဝဲဂယက်၌ ချာချာလည်နေဦးမည်သာ။ ကျမ်းမြတ်ကုရ်အာန်၌ ဤသဘောတရားကို အပုံအပင်တွေ့ရပါမည်။
    လူ့ဓမ္မတာအရ ကျန်းမာရေးယိုယွင်းလျှင် ကျန်သည့်အရေးအရာမှန်သမျှ အနည်းနှင့် အများ ထိခိုက်နစ်နာနိမ့်ကျရစမြဲဖြစ်သည်။ ကျန်းမာရေးကဏ္ဍကျဆုံးသွားသော လူ့အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကြည့်လိုက်ပါလေ။ မြင်သာထင်ရှားလှသည့်အဖြေများ အရံသင့်ဝိုင်းရံထားပြီးဖြစ်သည့်အတွက် ဋီကာမချဲ့လို တော့ပါ။ ပညာရေးဆိုရာ၌ မှန်ကန်သည့်သတင်းအချက်အလက်များအပေါ်အခြေခံသော ကျန်းမာရေးဆိုင်ရာ အသိပညာများလည်း ပါဝင်နေပါသည်။ ယင်းအသိပညာများကို မိမိတို့၏အနာဂတ်လူ့အဖွဲ့အစည်း မချည့်နဲ့ စေရေးအလို့ငှါ မြန်မာမုစ်လင်မ်အသိုင်းအ၀ိုင်းအကြား နိုးကြားမှုတစ်ရပ် လိုအပ်နေပါပြီ။ တမန်တော်မြတ်(ဆွ) ၏ ဟဒီးဆ်တော်တစ်ရပ်ရှိ၏။
    ( ကောင်းမြတ်/အကျိုးပြုသည့် ) ပညာမှန်သမျှ မုစ်လင်မ်တို့၏ ပျောက်ဆုံးနေသော ရတနာများ ဖြစ်ကုန်၏။
    ထို့ကြောင့် ကျန်းမာရေးအသိပညာပေးခြင်းကို  မချည့်နဲ့သွားစေရေးအချက်ပေးသံ  အဖြစ် အမြင်ထားရှိသင့်ပေသည်၊ လက်ခံသင့်ပေသည်။ သက်ဆိုင်ရာကဏ္ဍအသီးသီးမှပညာရှင်များအနေနှင့် ပညာ ရေးကို အားပေးမည်လော၊ တားဆီးမည်လော ဟူသည်ကို ဖာသာဆန်းစစ်ကြပါကုန်။ ဦးမဆောင်နိုင်လျှင် နေပါစေ၊ ပူးပေါင်းဆောင်ရွက်မှုသာရှိပါက အနာဂတ်မြန်မာမုစ်လင်မ်တို့အပေါ် ကျရောက်လတ္တံ့သော အန္တရာယ်အား ကြိုတင်ကာကွယ်တားဆီးခြင်း မည်ပေသည်။ မုစ်လင်မ် မရှိတော့သည့်နေရာဒေသ၌ အစ္စလာမ်သာသနာ မရှိကြောင်း  မြော်မြင်ဥာဏ် ပွါးများနိုင်ပါစေသတည်း။
    ခ။  လူမျိုးရေး နှင့် လူမှုဆက်ဆံရေးဆိုင်ရာ  Misconceptions
              အစွဲကြီးက အသိနိမ့်ရပါသည်။ “ အိမ်ကြက်ချင်းအိုးမည်းသုတ်၍ခွပ်ခိုင်းပြီး နိုင်သည့်ကြက် ငါ့ကြက် “ ဟူသောစံနစ်ကို ပညာရေးသာမက လူမျိုးရေး၊ လူမှုဆက်ဆံရေး ၊ နိုင်ငံရေး နှင့် သာသနာ့အရေး၌လည်း အသုံးပြုခဲ့ကြ၏။ ကျွန်ုပ်တို့မြန်မာမုစ်လင်မ်များ အလွန်ကံဆိုးပါသည်။ အထက်ပါ လက်ရွေးစင်ကြက်များ နှင့် မျိုးတူအဆင့်တူ စိတ်တူကိုယ်တူများ မြန်မာနိုင်ငံသို့ အခမဲ့ရောက်ရှိလာကြသည်။ ကြည့်ပါလေ – ယနေ့ခေတ်၌ အချင်းချင်းခွပ်ကြသည့်ပွဲတွင် နည်းမျိုးစုံသုံးပြီး အနိုင်ရသူကို သူရဲကောင်းများအလား ဂုဏ်ပြု အမွှမ်းတင်နေကြကုန်၏။ ထိခိုက်နစ်နာကြေမွသွားရသူမှာ မိမိတို့၏ မုစ်လင်မ်ညီနောင်မျာသာဖြစ်နေကြောင်း လုံးလုံးသတိမ၀င်ကြ။ ဘ၀င်လေဟပ်၍ ခြေထောက်များ မြေမထိတော့ – သို့သော် အတောင်ပံများလည်း မရှိကြပါလေ။ ပျံသန်းနေသည့်ငှက်သည်ပင်လျှင် မြှားမှန်တတ်ပါသည်။ မပျံတတ်သောကြက်မှာကား လောက်စာလုံးများနှင့် မကြာခဏ ကြုံဆုံဖူးပြီးပြီ – အမှတ်မရှိကြသေး။
    လူမျိုးရေးပဋိပက္ခဖော်ဆောင်လိုသူများက မျိုးချစ်စိတ်  ဟူသောစကားလုံးကို မပြတ်တမ်း အသုံးချ တတ်သည်။ စင်စစ်၌ ဤဝေါဟာရသည် အနှစ်သာရ ရှိလှ၏။ တိုင်းကျိုးပြည်ပြုပုဂ္ဂိုလ်များက ၄င်းကို ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးသည်။ အဖျက်သမား ( လူ့ယှိုင်သွာန် ) များကတော့ ထိုးဆွသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုကြသည်။ မခံချင်စိတ်ဖြစ်လာအောင် ဆွပေးနိုင်လေ ခွဲခြားဆက်ဆံမှု ကြီးမားလာလေလေ ဖြစ်သည်။ ရည်ရွယ်ချက်ဟူသည်မှာ မမြင်ရသဖြင့် သတိထားအပ်ရာ၏။ မုစ်လင်မ်များအဖို့ နေရာတကာ မျိုးချစ်စိတ်ဟူ၍ အသုံးမပြုအပ်ချေ။ အစ္စလာမ့်လမ်းစဉ်နှင့် မဆီလျော်ခြင်း  ကြောင့် ဖြစ်ပါသည်။
    မည်သည့်လူသားပင်ဖြစ်စေကာမူ မိမိလူမျိုးကို မိမိတို့ကိုယ်တိုင် ဖန်တီးရွေးချယ်သတ်မှတ်လို့ မရပါ။ မမွေးဖွားမီ သတ်မှတ်ခံထားရ၏။ မွေးဖွားလာသော် ပညတ်ခံရ၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ် သတ်မှတ်တော်မူထားသည့်အတိုင်းသာ လူ့လောကသို့ ရောက်ရှိလာရပေသည်။ ပြုပြင်ပြောင်းလဲလို့မရသည့် အတူတူ ကျေနပ်စွာ လက်ခံရမည်ဖြစ်၏။ လူမျိုးဆိုတာ မလိုပါဘူးဟု ပြောလို့မရပါ။ ကျွန်ုပ်တို့၏ မဟာ တမန်တော်မြတ် (ဆွ)သည် အာရပ်လူမျိုး ဖြစ်တော်မူ၏၊ အာရပ်ယဉ်ကျေးမှုကို မြတ်နိုးတော်မူ၏၊ အာရပ်တို့၏ အရဗီဘာသာစကားဖြင့် ကျမ်းမြတ်ကုရ်အာန် ကျရောက်သည်။ သို့ရာတွင် ကိုယ်တော်မြတ်သည် လူမျိုးစွဲ မထားရှိခဲ့ပါ။ အစ္စလာမ်သာသနာဝင်အချင်းချင်းသည် ညီအစ်ကိုမောင်နှမများသာဖြစ်၏ ဟု မိန့်ဆိုခဲ့ခြင်းမှာ လူမျိုးဖျောက်ဖျက်ခြင်း မဟုတ်၊  အပြန်အလှန်နားလည်မှုဖြင့် စည်းလုံးညီညွတ်စေခြင်း ဖြစ်ပါသည်။ အစ္စလာမ် သာသနာသည် လူမျိုး၊ ဒေသ၊ ခေတ်ကာလ၏ ဘောင်ကန့်သတ်ချက်များအား ထွင်းဖောက်သွားခြင်းကို ဆိုလို သည်။ ဥပမာ – ကုရ်အာန်က သပ်က်ဝါတရားအထားရှိဆုံးသူသည် အလ္လာဟ့်ထံတော်၌ အမြင့်မြတ်ဆုံး ဟုလည်းကောင်း၊ လူမျိုးနွယ်အသီးသီးဖြစ်စေခြင်းမှာ အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး မှတ်မိသိရှိနိုင်စေ ရန်သာဖြစ်သည် ဟုလည်းကောင်း ဖော်ပြထားပေသည်။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် လူမျိုးကို အသိ အမှတ်ပြုတော်မူထားကြောင်း တွေ့ရပါမည်။ ထို့ကြောင့် အစ္စလာမ်သည် လောကပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၏ ခိုလှုံရာသာသနာဖြစ်ကြောင်း ထင်ရှားပါသည်။ အက်ကြောင်းရှိနေသောမျက်မှန်ကို တပ်ထားသူမှာ အက်ကြောင်း ထနေသည့်မြင်ကွင်းကိုသာ တွေ့မြင်ရမည်ဖြစ်၏ ( ကုရ်အာန်ဋီကာဖွင့်ခြင်း မဟုတ်၍ ဤမျှနှင့်ပင် ရပ်ပါမည် )။ တမန်တော်မြတ် (ဆွ)၏ လက်ရင်းသာဝကတော်ကြီးများထံ၌ပင် မျိုးချစ်စိတ်ကြီးမားခဲ့ကြောင်း ထင်ထင်ရှားရှားတွေ့ရသည်။ အဆင့်မြင့် အဆ်ွဟဗ်တော်တစ်ဦးမှ ဤသို့ ပြောဆို ခဲ့ဖူး၏ “  တမန်တော်မြတ်၏တားမြစ်ချက်သာမရှိပါက ကျွန်ုပ်သည် ကျွန်ုပ်၏အာရပ်လူမျိုးတို့ကို ကမ္ဘာပေါ် ခါးစောင်းတင်နိုင်အောင် ဆက်လက်ပြုလုပ်မိမည် ဖြစ်ပါအံ့ “ ( ကြည့် – အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ် ထုတ် ရိဂျားလု ဟောင်းလရ် ရစူလ် – Men Around The Messenger )။ သူတို့သည် မျိုချစ်စိတ်ကို သာသနာ့ ချစ်စိတ်အဖြစ် အသွင်ပြောင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။ မုစ်လင်မ်မဟုတ်သော အာရပ်လူမျိုးများ၊ အာရပ်အနွယ်မဟုတ်သည့် အခြားလူမျိုးများမှာ ထိုခေတ်မှသည် ယနေ့တိုင် အာရေဗျတွင် နေထိုင်လျက်ရှိနေ သည်မှာ လက်တွေ့မြင်နိုင်ပါသည်။
    လူမျိုးဆိုသည်နှင့် ယဉ်ကျေးမှုက တွဲ၍ ပါလာသည်။ သို့ဆိုလျှင် ကမ္ဘာ့ပထမဆုံးလူသား အာဒံမ် (အလိုင်) သည် မည်သည့်လူမျိုးဖြစ်၍ မည်သည့်ယဉ်ကျေးမှုကို ကျင့်သုံးခဲ့သနည်းဟု မေးခွန်းတစ်ခု ပေါ်ခဲ့ဖူး၏။ စင်စစ် လူမျိုး၊ မျိုးနွယ်၊ ယဉ်ကျေးမှုဟူသည် အာဒံမ်၏နောက်မျိုးဆက်များတွင်မှ စတင်ထွန်းပေါ်သည်ဖြစ်ရာ ထိုမေးခွန်း/စောဒကသည် အာဒံမ်နှင့် မသက်ဆိုင်သဖြင့် မေးမြန်းဖို့ပင် မဆီလျော်ချေ။ လူမျိုးတိုင်းဝယ် သက်ဆိုင်ရာယဉ်ကျေးမှုကိုယ်စီ ရှိကြသည်။  သို့သော် အစ္စလာမ့်ယဉ်ကျေးမှုနှင့် မရောထွေးအပ်ပါ။ အစ္စလာမ့် ယဉ်ကျေးမှုဟူသည် အစ္စလာမ့်သွန်သင်ချက်များကို အကောင်အထည်ဖော်ချက်များ ဖြစ်သည်။  ထို့ကြောင့် အစ္စလာမ်သာသနာဝင်များအဖို့ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုကို အစ္စလာမ့်ယဉ်ကျေးမှု၏ဘောင်အတွင်းသို့ ရောက်နေအောင် ပြုပြင်ရ၏။ အစ္စလာမ့်ယဉ်ကျေးမှုအပေါ် မိမိကိုယ်ပိုင်ယဉ်ကျေးမှုလွှမ်းမိုးသွားအောင် မပြုအပ် မဖန်တီးအပ်ကြောင်း သိနိုင်ပေမည်။ အစ္စလာမ်သည် မုစ်လင်မ်တို့ကို ယူနီဖောင်းဝတ်စက်ရုပ်များအဖြစ် ပုံသွင်း ခြင်း မပြု၊ သုခဘုံသို့သွားရာလမ်းကိုသာ ညွှန်ပြထား၏။ ယဉ်ကျေးမှုကို မပြောင်းခိုင်း၊ မယဉ်ကျေးသောအမှု ကိုသာ ပြောင်းခိုင်းထားပါသည်။
    အချို့သူများ ကိုယ်စီးသည့်မြင်း အထီးလား အမလား ခွဲခြားမသိကြ၊ အချို့သူများမှာမူ မိမိ တက်စီးမိ သည့်အရာမှာ “ ဘည “ ဟူသည်ကိုပင် သိရှိရန် မကြိုးစား။
    ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ဟုဆိုကာ ငရဲစခန်းလှမ်းနေသူများက မရှားသလို၊ ပဒိုင်းသီးကို အားတိုးဆေးအဖြစ် ဖော်စားသူ နှင့် လက်ခံကြသူတို့လည်း မနည်းလှပါလေ။
    အိခ်ဝါန် မည်သော အစ္စလာမ့်ညီနောင်မောင်နှမ၀ါဒ၏ အခြေခံအရင်းအမြစ်မှာ အပြန်အလှန် နားလည်မှုထားရှိခြင်း ဖြစ်ပါသည်။ နားလည်မှုမထားရှိဘဲ ဘတစ်ပြန်ကျားတစ်ပြန် မာနတံခွန်ထူကာ ကိုယ့်လမ်း ကိုယ်ဖောက် လျှောက်လှမ်းသည်၌ ကွဲပြားမှုအက်ကြောင်း ကျယ်ပြန့်လာသည်။ ကွဲပြားခြင်း၏မျဉ်းပြိုင်လမ်း နှစ်ခုကို နားလည်စာနာမှု  တည်းဟူသော ပေါင်းကူးတံတားခင်းရမည့်အစား မောဟကော်ဇော ခင်းလိုက် လေသောအခါ ကွဲပြားမှုမှ ခွဲခြားမှုသို့ ဦးတည်သွားရပေသည်။ သို့ဖြင့် တစ်ဖက်နှင့်တစ်ဖက် အမြင်စောင်းခြင်း များက ရင်ကြားစေ့မရတော့ချေ။
    ကျွန်ုပ်တို့မုစ်လင်မ်လောကတွင်းရှိ လူမျိုးရေး နှင့် လူမှုဆက်ဆံရေးဆိုင်ရာ နှိမ့်ချခွဲခြားနေမှုများ အပေါ် လက်ကုန်နှိုက်ပြီး ဆန်းစစ်ကြည့်လျှင်  “  ဟိန္ဒူဝါဒမှ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်းစံနစ်၏ အနံ့အသက် “ များကို တစ်စွန်းတစ်စ ရှူရှိုက်မိလေရာ ရိုးမှရိုးပါ၏လောဟု အတွေးဝင်စရာပင်။ အရိပ်ပြလို့မှ အကောင်မထင် ပါလျှင် – အပွေးမြင်သည့်တိုင် အပင်မသိသေးလျှင် အသိနိမ့်ကျရလေခြင်း ဟူ၍ ရင်ဆို့နေယုံမှအပ အခြား မရှိတော့လေပြီ။
    အစ္စလာမ်၏ ဒီးန် ( ဘ၀လမ်းစဉ် ) အယူအဆ၌ လူ့သဘာဝ၏ အရေးအရာအားလုံးမှာ တစ်ခုနှင့် တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန်ဆက်စပ်နေကြောင်း ဖော်ပြ၏။ အရေးအရာတစ်ရပ်၏ ဂယက်က အခြားနောက်အရေးကဏ္ဍတစ်ရပ်ရပ်ထံ ကူးလူးချိန်ဆက်သွားတတ်စမြဲသာ ဖြစ်သည်။ သာသနာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး အစရှိသည်တို့က သီးသန့်သီးခြားကဏ္ဍများ မဟုတ်။ ဘယ်အရာသည် အဓိက။ ဘယ်အရာသည် သာမည ဟူသည်ကိုလည်း မြင်အောင်ကြည့်ခိုင်းထား၏။ ၄င်းပြင် အစ္စလာမ်သည် လူသားတိုင်းအပေါ် တန်းတူအခွင့်အရေး ပေးထားသည်။ မိမိတို့၏ ကိုယ်ပိုင်အယူအဆ သတ်မှတ်ချက်များဖြင့် သူတစ်ထူးအား အယုတ်အလတ်အမြတ်၊ အကောင်းအဆိုး၊ အနိမ့်အမြင့် စသည်ဖြင့် ခွဲခြားနိုင်ခွင့် မရှိ၊ အလ္လာဟ် နှင့် တမန်တော့် သတ်မှတ်ချက်များဖြင့်သာ သတ်မှန်ညွှန်းဆိုနိုင်ပါသည်။ ဤအခြေခံအချက်များကို မသိရှိသူသည်လည်းကောင်း၊ သိသော်လည်း ဇွတ်ပေမိုက်ကန်းနေသူ သည်လည်းကောင်း ယှိုင်သွာန်၏ဘက်တော်သားအဖြစ် ခွဲခြားခြင်းကစားပွဲ တွင် နစ်မျောနေဆဲပါတကား !
    ထို့ကြောင့် မုစ်လင်မ်အချင်းချင်းကြား စည်းလုံးညီညွှတ်မှု အက်ကွဲပြိုလဲကြရသည်ကို ဗွေဆော်ဦး သိသာထင်ရှားလာတော့သည်။ ထိုမှတဆင့် နွားကွဲလျှင် ကျားဆွဲသည် ဆိုသော ဆိုးကျိုးတရားများဖြစ်လာခြင်း ကို မမြင်ချင်မှအဆုံး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် လူစားများ တိုးပွားလာသည်။ စေတနာ ရည်စူးချက်များ အရောင် စွန်းထင်းကုန်သည်။ နိယဟ် ဖြူစင်ပါမှ အလ္လာဟ့်အကူအညီ ရရှိပါမည်။ စည်းလုံး ညီညွတ်မှ ခိုင်မာအားကောင်းပါသည်။ အင်အား၊ စာနာနားလည်မှု၊ ကြံ့ခိုင်မှု၊ လက်တွဲကူညီဖေးမမှု ရှိနေမှသာ စည်းရိုး လုံခြုံပါသည်။ မလုံခြုံသည့်အိမ်မှာ သူခိုးအကြိုက်ဖြစ်သဖြင့် ကျွန်ုပ်တို့၏ မြန်မာမုစ်လင်မ်အသိုင်းအ၀ိုင်း၊ လူ့အဖွဲ့အစည်းများထံ ဖိသ်နဟ် ( အရှုပ်ထုပ် ) မိုးများ အကြိမ်ကြိမ် ရွာချမည်ကို စိုးရွံ့မိပေသည်။
    ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွ) လက်ထက်တော်မှ ရှေးဦးမုစ်လင်မ်အစုအဝေးများကဲ့သို့ စံပြ လူ့အဖွဲ့အစည်း အဆင့်အထိ မရောက်ရှိနိုင်တော့သော်လည်း …
    မိမိတို့၏ အားနည်းချက်ကို မိမိတို့ကိုယ်တိုင် ပြုပြင်နိုင်သည့် – လူ့အရင်းအမြစ်ကို အဆင့်မြှင့်တင်နိုင် သည့် – ( ကျန်းမာရေး အပါအ၀င် ) ဘ၀၏ကဏ္ဍတိုင်းကို ဘက်ညီမျှတပြေပြစ် လှပအောင် ပုံဖော်နိုင်သည့် –  အနာဂတ်အန္တရာယ်ကို မြော်မြင်ဥာဏ်ဖြင့် ကာကွယ်နိုင်သည့် လူသားများ မဖြစ်နိုင်သေးသလော ?
             မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အကျိုးပြုကောင်းကျိုးဆောင်သူ / လောကအလှဆင်သူ / ကောင်းမှုရေးရာများ၌ မွေ့လျော်သူများကို ချစ်ခင်မြတ်နိုးတော်မူ၏  ဟူသော ကျမ်းမြတ်ကုရ်အာန်မုက္ခပါဌ်တော် ကို ဆင်ခြင်နှလုံးသွင်းနိုင်ကြပါစေ။
    ၆။  အစ္စလာမ့်နည်းကျ ကာကွယ်တားဆီးရေး၊ အားပေးနှစ်သိမ့်ရေး၊ ဖေးမကူညီရေး
    ဤအခန်းကဏ္ဍကို ကျွန်ုပ်တို့ထက် ဦးစွာအကောင်အထည်ဖော်ခဲ့ကြကုန်သည့် – လက်ရှိအချိန် မှာလည်း အောင်မြင်မှုရနေဆဲဖြစ်သည့် အစ္စလာမ်နိုင်ငံများစွာ ရှိနေပါသည်။ ၄င်းတို့၏ လုပ်ထုံးလုပ်နည်းများ၊  စံနစ်များ၊ ခြေလှမ်းများကို (သြဇာကြီးမားသော ဘာသာရေးပညာရှင်များ၊ ပေါက်ရောက်ထင်ရှားသူများ၊ နားလည်ကျွမ်းကျင်သူများ၊ အတွေ့အကြုံကောင်းသူများမှ ရှေ့ထွက်ဦးဆောင်၍ ) လေ့လာချပြအပ်သည်။       (ထုတ်ဖော် သိက္ခာချခြင်း မဟုတ်သော)  ကွင်းဆင်း သုတေသနပြုမှုများ ရှိလာသင့်သည်။ မုစ်လင်မ်တို့၏ ကျန်းမာရေး မဏ္ဍိုင် မပြိုလဲစေရေးအလို့ငှါ မြန်မာမုစ်လင်မ်လူထုအတွင်း အစ္စလာမ့်နည်းကျ ပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးမှုများ၊ နှိုးဆော်ချက်များ စသည်ဖြင့် ဆောင်ရွက်သင့်သည်။ မိမိတို့၏ နိုင်ငံအနေအထားနှင့် ကိုက်ညီသင့်လျော်မည့်ပုံစံတို့ကို လက်ကိုင်ပြုသင့်သည် သို့တည်းမဟုတ် စီမံသင့်ပေသည်။ အရာရာတိုင်းကိုမူ အတုယူလို့ မရပါ။ အစ္စလာမ်နိုင်ငံမဟုတ်သော ကြောင့်ဖြစ်သည်။ မြန်မာမုစ်လင်မ် လူ့အဖွဲ့ အစည်းများ၊ အစ္စလာမ်ဘာသာရေးအဖွဲ့များ၊ မုစ်လင်မ်လောကမှ သာရေးနာရေး လူမှုရေးအသင်းများမှ အခန်း ကဏ္ဍခွဲဝေတာဝန်ယူပြီး တစ်တပ်တစ်အား လက်တွဲရှေ့ထွက်လာအပ်ပေသည်။ မိမိတို့၏အသိစိတ်ဓါတ်ဖြင့် ဆိုင်ရာဆိင်ရာမှ အားပေး ဆောင်ရွက်နေသူများကို ပုတ်ခတ်ခြင်း၊သရော်ခြင်း၊ ဘာမှထူးခြားလာမှာမဟုတ်ဘူး ဟူသောစကားဖြင့် ခြေလှမ်းတုန့်အရှိန်တန့်သွားစေခြင်းမျိုး မပြုသင့်ပါ။ မြင်သာထင်ရှားသည့် ရန်သူထက် မမြင်ရသော အန္တရာယ်က ပိုမိုဆိုးဝါးနိုင်သည်ကို သတိတရား လက်ကိုင်ထားနိုင်ပါလျှင် နောင်လာမည့် ကျွန်ုပ် တို့၏ သားစဉ်မြေးဆက်များ အတွက် ရင်အေးနိုင်ဖွယ်ရာ အကြောင်း တစ်ရပ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
    HIV ကုထုံးဆေးဝါးများ ဈေးနှုန်းအလွန်ကြီးမြင့်ပါသည်။ တစ်သက်တာလုံး တစ်ရက်မပြတ် သောက်သုံးရသည်။ မြန်မာနိုင်ငံရှိ အချို့ဒေသ တစ်ခုနှစ်ခုမှလွဲ၍ ရောဂါဝေဒနာသည်များ အားလုံး အခမဲ့ ဆေးဝါး ရရှိနိုင်သည့်အခြေအနေတွင် မရှိသေးပါ။ ရောဂါပိုးရှိသူ မုစ်လင်မ်အများစုက ထိုစားရိတ်စကများအတွက် ငွေကြေး မတတ်စွမ်းနိုင်ကြပါ။ ( ကြွယ်ဝချမ်းသာကြသူများကမူ ပြည်တွင်းရှိ ကျွမ်းကျင်သောဆရာဝန်များထံ ငွေပုံအောကာ တိတ်တဆိတ်ကုသခြင်း၊ နိုင်ငံခြားထွက်ပြီး ဆေးဝါးကုသမှုခံယူခြင်း စသည်ဖြင့် ပြုလုပ်နိုင်ပါ သော်လည်း ) သာမန်အလယ်အလတ်တန်းစားများမှာကား တံတိုင်းပေါင်းများစွာကို ထိုးဖောက်ကျော်လွှားရန် မစွမ်းသာကြပါ။ ကိုယ်ကျင့်တရားကြောင့် ရောဂါရရှိသူများ/ကူးစက်ခံရသူများသက်သက်ကိုသာ ကွက်၍ကြည့်ရှု နေခြင်းထက် အပြစ်မဲ့ကလေးသူငယ်များ၊ ဖြူစင်ပါလျက် ကံခေ သွားရသူများ၏ မျှော်လင့်တကြီး အားကိုးရာမဲ့ မျက်နှာတို့ကို ခေတ္တလေးမျှ မြင်ယောင်ကြည့်စေလိုပါသည်။ သူတို့သည်လည်း လူသားများ ဖြစ်ကြပါသည်။ မိမိတို့၏ ညီနောင်မောင်နှမများ ဖြစ်ကြပါသည်။ လျစ်လျူမည့်အစား စာနာနားလည်မှု၊ နွေးထွေးမှုတို့ဖြင့် မြှင့်တင်ဝန်းရံပေးစေချင်ပါသည်။ လေဘေး ရေဘေး မီးဘေး ငလျင်ဘေး စသည့် တစ်ခဏတာမျှ ကပ်ဘေး သင့်ခံရသူတို့ မည်မျှအထိ ဒုက္ခရောက်ရသည်၊ မည်မျှအထိ အကူအညီလိုအပ်သည်၊ မည်မျှအထိ မျက်နှာငယ် ရသည်ကို ကြားသိတွေ့မြင်နိုင်ကြပေသည်။ သို့ဆိုပါလျှင် တစ်ဘ၀တာလုံး ဘေးသင့်ရသူများအဖို့ ဆိုဖွယ်ရာ ပင်မရှိခြင်းအပေါ် ငဲ့ညှာသနားတတ်သော စက္ခုဖြင့် ထွင်းဖောက်တွေ့မြင်နိုင်ကြပါစေသတည်း။
     ၇။  မုစ်လင်မ်  PLHIV  များအတွက် အကြံပြုလမ်းညွှန်ချက်အချို့
    ( လုံးဝပြည့်စုံလုံလောက်သည့် လမ်းညွှန်ချက်များ မဟုတ်သေးပါ။ အတိုင်းအတာတစ်ရပ်အထိ အထောက်အကူဖြစ်ထွန်းရေးအတွက် ရည်ရွယ်ပါသည်။ အမှန်တကယ်ဖြစ်တည်နေသည့် အခြေအနေများ၊ ရင်ဖွင့်ချက်များ၊ ကူညီမှုများ၊ လေ့လာမှုများမှ စွမ်းသမျှလေးဖြင့် ကောက်နှုတ်တင်ပြပေးခြင်းသာ ဖြစ်ပါကြောင်း၊ လူတတ်ကြီးလုပ်ခြင်း မဟုတ်ရပါကြောင်း အများသိစေအပ်ပါသည် )
    ၇-၁ ။   ခန္ဓာကိုယ် နှင့် လိင်အင်္ဂါများ၌ အနာများဖြစ်လာလျှင်သော်လည်းကောင်း၊ ပါးစပ်တွင်း၌ မက်ခရု ဖြစ်လာ                       လျှင်သော်လည်းကောင်း၊ မကြာခဏ အဖျားဝင်၍ အချိန်တိုအတွင်း ကိုယ်အလေးချိန် သိသာစွာကျဆင်းသွား လျှင်သော်လည်းကောင်း၊ မိမိ၏ဖြစ်ရပ်တစ်ခုခုကြောင့် သံသယ၀င်လျှင်သော်လည်းကောင်း နီးစပ်ရာ ကာလသားရောဂါတိုက်ဖျက်ရေး ဌာနများသို့ သွားရောက်ပြသပြီး HIV ပိုးရှိမရှိ သွေးစစ်ကြည့်ပါ။ ( ကာလသား နှင့် HIV  တိုက်ဖျက်ရေးစီမံချက်မှာ ပူးတွဲထားရှိသည် )။ စာရင်းသွင်းခြင်းမှအပ အခမဲ့ စစ်ဆေးပေးပါသည်။ သွေးအဖြေကို အမည်နာမဖြင့်မသုံးဘဲ Code Number များဖြင့်သာသတ်မှတ်သဖြင့် သတင်းမပေါက်ကြားပါ။ နေရာအများစုတွင် သွေးမစစ်မှီ HIV နှင့်စပ်လျဉ်း၍ တင်ကြိုနှစ်သိမ့်ဆွေးနွေးမှု – Pre Test Counselling ပြုလုပ်ပေးပါသည်။ သွေး၏အဖြေမှာ HIV ပိုးမရှိ – Negative  ဟုဆိုပါက တင်ကြိုလမ်းညွှန်ဆွေးနွေးချက် အတိုင်း မိမိထံ HIV  ပိုး ထာဝရကူးစက်မခံရရေးအတွက် အသိ၊ သတိဖြင့် ဆင်ခြင်နေထိုင်သွားပါ။ ၆ လအကြာ တွင် နောက်တစ်ကြိမ်ပြန်စစ်ပါ။ လတ်တစ်လောကူးစက်ခံရသူမှာ ပိုးငုပ်ကာလ – Window Period  ရှိနေသဖြင့် ၄င်းကာလအတွင်း၌ စစ်ဆေးလျှင်  အဖြေမှန်မထွက်နိုင်ခြင်းကြောင့်ဖြစ်သည်။
    ၇-၂ ။   သွေး၏အဖြေမှာ Positive – HIV ပိုးရှိသည်ဟုဆိုပါက တစ်ဖက်စွန်းရောက်အောင် စိတ်ဓါတ်ကျခြင်း၊ တုန်လှုပ်ပေါက်ကွဲခြင်း၊ စိတ်လျှော့လိုက်ခြင်း မဖြစ်ပါနှင့်။ အခိုက်အတန့်မျှ ၀မ်းနည်းအားငယ်မှု ဖြစ်ကောင်း ဖြစ်သွားနိုင်ပါသည်။ သို့သော် မုစ်လင်မ်ပီသစွာ စိတ်ထိန်း၍ တည်ငြိမ်အောင်ကြိုးစားပါ။ နောက်တစ်ကြိမ် နှစ်သိမ့်ဆွေးနွေးမှု Post Test Councelling ပြုလုပ်ပေးပါလိမ့်မည်။ ၄င်းဒုတိယအကြိမ်၌ အသေးစိတ်ဆွေးနွေး ရှင်းလင်းပေးပါလိမ့်မည်။ ယင်းသို့ဆွေးနွေးလမ်းကြောင်းပေးသည့် ဆရာဝန်များ၊ Counsellor များသည် လူနာ၏ ကိုယ်ရေးကိုယ်တာအတွင်းရေး Confidentiality အား ထုတ်ဖော်ခွင့်မရှိသဖြင့် မိမိသိလိုသမျှ ပွင့်လင်း စွာ မေးမြန်းဆွေးနွေးနိုင်ပါသည်။ မိမိသာလျှင် ကွက်၍ ကံဆိုးရသည်ဟု မခံယူပါနှင့်။ များမကြာမီ မိမိနှင့်ဘ၀တူ အများအပြားကို တွေ့ရပါလိမ့်မည်။ မိမိ၏ သပ်က်ဒီရ်အရ ကြုံရခြင်းဖြစ်သည်၊ ယင်းကိစ္စ၌ မိမိအဖို့ ကောင်းကျိုး တစ်စုံတစ်ရာရှိနေတတ်သည်ဟု နှလုံးပိုက်ပါ။ အနိမ့်ဆုံးအားဖြင့် စောစောသိရခြင်းက အချိန်လွန်မှသိရှိခြင်း ထက် များစွာသာလွန်ကောင်းမွန်ပါသည်။ အနာသိက ဆေးရှိပါသည်။ ထိုဆွေးနွေးမှုမှတစ်ဆင့် ဆေးဝါးကုသမှု ခံယူရေး၊ ဆေးဝါးရရှိရေးလမ်းကြောင်းသို့ဝင်ရောက်လိုက်ပါ။ ညွှ့န်ကြားအကြံပြုသည်များအပေါ် ကရုတစိုက် လိုက်နာပါ။ ချမ်းသာကြွယ်ဝသူ နှင့် တတ်စွမ်းနိုင်သူအများစုမှာ သွေးအဖြေသိပြီးသည်နှင့် ( လူသိများမည်ကို စိုးရွံ့ပြီး ) ပြင်ပဆရာဝန်များ၊ အထူးကုများထံ တိတ်တဆိတ်ပြသ ကုသလေ့ရှိကြသည်။ ယင်းသို့ဆောင်ရွက်လို သူများအနေနှင့် မိမိပြသမည့်ဆရာဝန်မှာ HIV – AIDS လောက၌ ကျင်လည်နေသူ၊ ကျင်လည်နှံ့စပ်ခဲ့ဖူးသူ ဟုတ်မဟုတ် ဦးစွာ စုံစမ်းသင့်ပေသည်။ ဆရာဝန်တိုင်း ဤအရေးကိစ္စ၌ နိုင်နင်းသည်ဟု မထင်လေနှင့်။ ( ငွေ ဒလဟောကုန်ပြီး အသေစောသွားနိုင်ပါသည် )။
    ၇-၃ ။   မိမိသည် လူပျိုလူလွတ်ဖြစ်ပါက မိမိမှတစ်ဆင့် အခြားသူထံ မကူးစက်သွားစေဖို့ ကရုစိုက်ထိန်းသိမ်းပါ။ ကိုယ်ကျင့်တရားကြောင့်ဖြစ်ရမှန်း သိပါလျှင် မိမိကိုယ်ကို ပြုပြင်ပါ။ သောင်ဗဟ်ပြုပါ။ နောက်ထပ် မမှားအောင် ကရုစိုက်ပါ။ အိမ်ထောင်သည်ဖြစ်ပါက – မိသားစုရှိပါက ဇနီး၊ ခင်ပွန်း၊ သားသမီးများကိုပါ သွေးစစ်စေသင့်၏။ ရေရှည်ကောင်းကျိုးအတွက် ဖြစ်ပါသည်။ ရောဂါပိုး ကင်းလွတ်သူများအတွက် စိတ်အေးသက်သာရရနိုင်ပြီး၊ ပိုးရှိ နေသူများအတွက် အနာဂတ်လမ်းကြောင်းကို စီမံပေးနိုင်ရန်ဖြစ်သည်။ မိမိ၏မိသားစုဝင်များကို သွယ်ဝိုက်၍ လည်းကောင်း၊ တဖြည်းဖြည်းနားသွင်း၍လည်းကောင်း နားလည်မှုရအောင် ကြိုးစားစေချင်သည်။ သို့မှသာ အရေးကြုံလျှင် ၀ိုင်းဝန်းစောင့်ရှောက်ပြုစုပေးနိုင်ပါလိမ့်မည်။
    ၇-၄ ။   မိမိတို့၏အခြေအနေများကို မည်မျှပညာတတ်သူဖြစ်စေ၊ မည်မျှ ခင်မင်ရင်းနှီးသူဖြစ်စေ၊ မည်မျှ ဘာသာရေးကိုင်းရှိုင်းသူဖြစ်စ ဤလောကထဲကလူ သို့မဟုတ် ဘ၀တူများ မဟုတ်လျှင် ဖွင့်ဟတိုင်ပင်ခြင်း အလျဉ်း မပြုလုပ်ပါနှင့်။ ကျွန်ုပ်တို့၏ မြန်မာမုစ်လင်မ်လူ့အဖွဲ့အစည်းများအတွင်း HIV – AIDS ဆိုင်ရာ ဗဟုသုတများ အလွန်အားနည်းနေသေး၍ မိမိသာလျှင် တစ်စစနှင့် ဒုက္ခနွံထဲ နစ်သွားနိုင်ပါသည်။ မိမိအပေါ် နားလည်ပေးသူကို လိုက်ရှာနေခြင်းထက် မိမိ၏ကျန်းမာရေးပုံမှန်အခြေအနေ၌ ရှိနေစေရန်ကိုသာ ကရုစိုက်ပါ။ လက်တွေ့လေ့လာမှုများအရ စိတ်ဓါတ်ကျလျှင် ရောဂါနှစ်ဆတိုးလာတတ်ပါသည်။ HIV သည် AIDS ရောဂါကို ဖြစ်စေသော်လည်း HIV  ပိုးရှိယုံမျှနှင့်( အလျဉ်မီ ထိန်းသိမ်းကုသပါက ) AIDS  ရောဂါအဆင့်သို့ မရောက်နိုင် ပါ။ သူလိုကိုယ်လို သာမန်လူများအတိုင်း သွားလာနေထိုင်ပြောဆိုနိုင်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် သပ်က်ဒီရ်အား သတ်မှတ်တော်မူထားသလို ၊ အသိဥာဏ်နှင့်တစ်ကွ ဆင်ခြင်တုံတရားကို လည်း အပ်နှင်းပေးသနားတော်မူထားကြောင်း မမေ့လျော့ပါနှင့်။
    ၇-၅ ။   ခန္ဓာကိုယ်တွင်းရှိ HIV  ပိုးများ ဆက်လက်ပြန့်ပွားကြီးထွားမလာအောင်ထိန်းချုပ်ပေးသော ART  ဆေးဝါးမျိုးစုံကို ပြင်ပ၌လည်း ၀ယ်ယူရရှိနိုင်ပါသည်။ သို့သော် ဝေဒနာရှင်၏အနေအထားအရ ဆေးအမျိုး အစားကွဲလွဲမှု၊ ဆေးပြောင်းရမှု၊ ဆေးစပ်ပေးရမှုများ မကျွမ်းကျင်သောသမားတော်တို့၏ ညွှန်ကြားချက်အရ ဖြစ်စေ၊ ဖတ်ရှုလေ့လာယုံအသိပညာအရဖြစ်စေ လက်တည့်စမ်းသောက်သုံးခြင်းမျိုးကို ရှေုာင်ကြဉ်စေလို ပါသည်။  ဆေးဝါးများတွင် သက်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ရှိနေတတ်ခြင်းကို သတိပြုပါ။ ထို့ကြောင့် စံနစ် တကျစစ်ဆေးစမ်းသပ်ပြီးမှသာ ဆေးဝါးသတ်မှတ်ပေးသည့် တရားဝင်ကုသမှုလမ်းကြောင်းက ပိုမိုစိတ်ချရ၏။ ကျွန်ုပ်၏ ကွင်းဆင်းသုတေသနပြုချက်များအရ ယင်းသို့စံနစ်တကျကုသမှုခံယူပြီး ကရုတစိုက် ART သောက်သုံးနေရသူများအနက် အချိန်မှီသိရှိသည့်အချိန်မှစ၍ ဆယ်နှစ်အထိရှိလာသည့်တိုင် ( ယခုချိန်ထိ ) သာမန်လူများထက်ပင် ကျန်းမာရေးဒေါင်ဒေါင်မြည်နေသောလူများစွာကို လက်တွေ့မြင်ရပါသည်။ ယနေ့ထိ မြန်မာနိုင်ငံသို့ဝင်ရောက်နေသော ART  ဆေးဝါးအများစုမှာ ( ၀ယ်ယူခြင်းဖြစ်စေ၊ အခမဲ့ရရှိခြင်းဖြစ်စေ ) အဆင်းရဲဆုံးနိုင်ငံအချို့တွင်သာ အသုံးပြုတော့သည့် ရှေးဦးဆေးဝါးများသာ ဖြစ်နေပါသေးသည်။ ဤအဆင့် မှာပင် ဤသို့အခြေအနေကို အားတက်စဖွယ် တွေ့ရပေသည်။ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများတွင်ကား ဤ အဆင့်ထက်များစွာ အာနိသင်ထက်မြက်သော ဆေးဝါးများအသုံးပြုနေသည်သာမက ကာကွယ်ဆေး ထုတ်လုပ်မှုပင် အောင်မြင်နေပါပြီ။
    ၇-၆ ။   ယနေ့ ကျွန်ုပ်တို့ထံရှိ ART ဆေးဝါး( အားလုံးနီးပါး )မှာ ပိုးထိန်းချုပ်မှု ၁၂ နာရီသာခံပါသည်။ ထို့ကြောင့် နေ့စဉ် တစ်ရက်နှစ်ကြိမ် အချိန်အတိအကျဖြင့် တစ်သက်တာလုံး သောက်ရပေသည် ( ဥပမာ – နံနက် ၆ နာရီတိတိတွင် တစ်ကြိမ်သောက်ပါက ညနေ ၆ နာရီတိတိတွင် နောက်ထပ်တစ်ကြိမ် မဖြစ်မနေ ထပ်မံ သောက်ရသည် )။ ရက်ပျက်ခြင်း၊ အချိန်မမှန်ခြင်းဖြစ်လျှင် ရောဂါအဆင့်တက်လာတတ်သဖြင့် အထူးသတိထား ရ၏။  **   သာမန်အခြေခံအဆင့်ဆေးဝါးများမှာ ( လက်ရှိဈေးနှုန်းအရ ) တစ်လစာကို ကျပ်ငွေတစ်သိန်းမှ တစ်သိန်းခွဲဝန်းကျင်၊ ဒုတိယအဆင့်ဆေးဝါးများမှာ တစ်လစာ ကျပ်သုံးသိန်းခွဲအထိရှိနေကြောင်းသိရ၏  **   သို့ဖြစ်လေရာ မုစ်လင်မ် PLHIV  တို့အတွက် ရိုဇာ (ဆွောင်မ်) – ဥပုသ်သီလစောင့်ထိန်းခြင်းကို လက်လွှတ် လိုက်ရသည့် အခြေအနေ၌ ရှိပါသည်။ ၀မ်းနည်းစရာကိစ္စဖြစ်သော်ငြား အခြားအိဗာဒဟ်များကို ဆထက်ထမ်းပိုး လုပ်နိုင်ပါသေးသည်။ ထိုသို့ပြုလုပ်နိုင်ခွင့်ကိုလည်း အလ္လာဟ်အရှင်မြတ်မှ အစားထိုးချီးမြှင့်တော်မူလိမ့်မည်ဟု ယုံကြည်မှုထားပါ။ အရှင်မြတ်သည် လူသားကိုဖန်ဆင်းသည့်အရှင်သခင်ဖြစ်တော်မူသည်နှင့်အညီ လူသား၏ အရေးအရာများကို လူသားအချင်းချင်းထက် ပို၍သိနားလည်တော်မူပါသည်။ မိမိတို့အနေနှင့် လုပ်သင့် လုပ်ထိုက်သည်ကိုပြုလုပ်ပြီးသကာလ အလ္လာဟ့်ထံ၌သာ မျှော်လင့်အားကိုးပုံအပ်လိုက်ပါလေ။ သို့သော် မုစ်လင်မ့်သိက္ခာကို စောင့်စည်းသောအားဖြင့် အခြားသူများရှေ့မှောက်တွင် စားသောက်ပြခြင်း မပြုပါနှင့်။ မျှော်လင့်ချက်လည်း မကင်းပါနှင့်။ ယခုအခါ ၂၄ နာရီအထိခံသော ( တစ်ရက်လျှင် တစ်ကြိမ်သာ သောက်ရသော) ဆေးဝါးများလည်း နိုင်ငံတကာဈေးကွက်တွင်ရရှိနေပြီဖြစ်ရာ အင်န်ရှာအလ္လာဟ် များမကြာမီ မြန်မာနိုင်ငံသို့ရောက်လာပါက မုစ်လင်မ် PLHIV  များအဖို့ ညဥ့်ကာလ၌ တစ်ကြိမ်သာသောက်ယုံမျှဖြင့် ရိုဇဟ် စောင့်ထိန်းမှုကို ပြန်လည်ပြုလုပ်နိုင်မည့်အလားအလာရှိနေပါသည်။ ဒုက္ခသည်များ၊ ဝေဒနာသည်များ၏ဒုအာအ် ကို အလ္လာဟ်အရှင်မြတ်မှ သီးသန့် ကဗူလ် ပြုတော်မူကြောင်း အသိတရားထားရှိ၍ မပြတ်ဆုပန်ပါလေ။ အလ္လာဟ်အရှင်မြတ်၏စီမံမှုအပေါ် လူသားတို့မှ ဥာဏ်မမှီနိုင်ပါ။ မိမိတို့ဘ၀၀ယ် ထူးခြားဖြစ်စဉ်မှန်သမျှ အလ္လာဟ့်စမ်းသပ်ချက်များဖြစ်လေရာ ဆွဗရ် – ကြံ့ခိုင်မှု အားကောင်းပါစေ။ ဆွဗရ်တရားထားရှိသူတိုင်းကို အလ္လာဟ်အရှင်မြတ်က ချစ်ခင်မြတ်နိုးတော်မူသည်ဟု ကျမ်းမြတ်ကုရ်အာန်တွင် ထင်ထင်ရှားရှား တွေ့ရပါမည်။
    ၇-၇ ။   မုစ်လင်မ် PLHIV  များမှာ အလုပ်အကိုင်၊ စိတ်ခံစားချက်တို့နှင့်စပ်လျဉ်း၍ သတိထားရပါမည်။ မကြာ ခဏ ခရီးထွက်ရခြင်း၊ အအိပ်အစားမမှန်ခြင်း၊ စိတ်ဖိစီးမှုများပြားခြင်းရှိနေသော လုပ်ငန်းများကို မိမိအခြေအနေ နှင့် လျော်ညီစွာ ပြုပြင်ပြောင်းလဲအပ်သည်။ အချို့သူများမှာ သက်မွေးဝမ်းကျောင်းကိုပင် ပြောင်းလဲရသည်မျိုး ရှိပါသည် ( ၀င်ငွေကောင်းခြင်းတစ်ခုတည်းသာ ကြည့်မြင်ပါက သိသိကြီးနှင့် မိမိကိုယ်ကို သတ်သေရာရောက် စေပါသည်။ ပညာရှင်တစ်ချို့မှ ကွမ်း၊ ဆေးလိပ် ကိုပင်လျှင် ကြောက်ခမန်းလိလိပုံကြီးချဲ့နေကြရာ ကိုယ်တွင်း အင်အားဆုတ်ယုတ်သည်ထက်ဆုတ်ယုတ်သွားစေမည့် အလုပ်အကိုင်ဖြစ်နေပါလျှင် ပိုမိုဆင်ခြင်တတ်ရမည် ဖြစ်ပါ၏ )။ မိမိ၏စိတ်ခံစားချက်ကိုပြင်းထန်စေမည့် – မိမိကို ခွဲခြားဆက်ဆံဒုက္ခရောက်စေသည့်ကိစ္စများ၊ လူစား များ၊ အသိုင်းအ၀ိုင်းများအား တတ်နိုင်သလောက် ရှောင်ပါ ( အဆက်ဖြတ်ခိုင်းခြင်း မဟုတ်ပါ )။ ရှောင်မရပါက လိုအပ်သလောက်သာ သွားလာပြောဆိုဆက်ဆံသင့်သည်။ အစ္စလာမ့်လူမှုဆက်ဆံရေး၌ သူတစ်ပါး၏ အတွင်းရေးအထိ ၀င်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ထိရောက်ပြတ်သားစွာ ဟောပြောပို့ချသူများ ကျွန်ုပ်တို့ ထံတွင် အလွန်နည်းပါးလှသည်ကလည်း ပြဿနာတစ်ခုဖြစ်ပါသည် ( လူမုန်းများက စားပေါက်ပိတ်မည်ကို စိုးကြောက်၍လား မပြောတတ်ပါလေ )။ မည်သို့ဆိုစေ မိမိကိုယ်တိုင်က နေတတ်စားတတ်ရန် စိတ်ထားတတ် ရန် အရေးကြီးပါသည်။
    ၇-၈ ။   မိမိဖာသာ သိမ်ငယ်စိတ်ကို မမွေးမြူပါနှင့်။ ယင်းသိမ်ငယ်စိတ်ကြောင့် ယုန်ထင်ကြောင်ထင်ဖြစ်ကာ လူမှုဆက်ဆံရေး ထိခိုက်လာတတ်ပါသည်။ မိမိနှင့်ဆက်ဆံ ပတ်သက်ရသူတိုင်းမှာ မိမိအကြောင်း နှင့် HIV  အကြောင်းကို မသိရှိနိုင်သဖြင့် ၄င်းတို့၏ သာမန်စကားနှင့်အပြုအမူအချို့က မိမိအားစော်ကားခြင်း၊ ချိုးနှိမ်ခြင်း၊ မတန်မရာသဘောထားခြင်း ဟူ၍ ( သိမ်ငယ်စိတ်ကြောင့် ) အမြင်မှားပြီး စိတ်ထိခိုက်သွားစေ တတ်ပါသည်။ ဘယ်ကိစ္စမှာမဆို အရှိအတိုင်း သိမြင်တတ်အောင် ကြိုးစားပါ။ သာမန်လူမှုဆက်ဆံရေး အခြေအနေများဖြစ်သော လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်နမ်းရှုပ်ခြင်း၊ အတူတစ်ကွသွားလာနေထိုင် စားသောက်ခြင်း၊ ( သွေးထွက်သံယို မဖြစ်စေသော ) အသုံးအဆောင်များ ဖလှယ်သုံးစွဲခြင်း စသည်တို့ဖြင့်  HIV  မကူးစက်နိုင်ပါ။ သူတစ်ပါး၏အတွင်းရေးကို လိုက်လံနှိုက်ယူဒုက္ခပေးလေ့ရှိသော မုနာဖစ်က်များ၊ မိမိ အကြောင်းကို တစ်နည်းနည်းဖြင့် သိရှိသွားသူများနှင့် လူထုပရိသတ်ကြား၌ တွေ့ဆုံဆက်ဆံရသည့်အခါတွင် ဟန်မပျက်သာ ပြောဆိုဆက်ဆံပါ။ လူယုတ်မာတို့၏ မျက်ရိပ် မျက်ခြေပြခြင်း၊ စောင်းချိတ်ခြင်းတို့အပေါ် အလေးမထားပါနှင့်။ မလုံမလဲ ဖြစ်ခြင်းက ၄င်းတို့၏အောက်တန်းကျသည့်အပြုအမူများကို မိမိကိုယ်တိုင်မှ အတည်ပြုပေးသလို ဖြစ်သွားစေတတ်ပါသည်။ အကယ်၍ တစ်နည်းနည်းဖြင့် တမင်သက်သက်လူသိရှင်ကြား ပြောဆိုဖော်ထ်ုပုတ်ခတ်ပြီး သိက္ခာချလာပါက ယှရီအသ်တရားတော်အရလည်းကောင်း၊ နိုင်ငံတော်၏ ဥပဒေကြောင်းအရလည်းကောင်း တိတိပပ တရားစွဲဆိုအရေးယူနိုင်ပါသည်။ လူ့အသိုင်းအ၀ိုင်းအားလုံး သိရှိသွားရသည့်အတွက်  မိမိထံ ထိခိုက် နစ်နာမှုများ ဆက်တိုက်ကြုံတွေ့ရတော့မည့်အတူတူ ထိုသို့သော မုနာဖစ်က်များကို ထိရောက်အောင် အရေးယူသင့်ပေသည်။ သို့မှသာ အခြား အပြစ်မဲ့ PLHIV  များအပေါ် အကြောင်းမဲ့စော်ကားတိုက်ခိုက်နေမှုများ လျော့နည်းပပျောက်သွားမည်ဖြစ်သည်။ ၄င်းပြင် အမှန်တကယ် အသိတရားပြည့်ဝသူ၊ စာနာနားလည် ဖေးမတတ်သူများ ရဲရဲဝံ့ဝံ့ထွက်ပေါ်လာမည်ဖြစ်သည်။ မြှောက်ပေးခြင်း မဟုတ်ပါ။ ကုရ်အာန် နှင့် ဟဒီးဆ် (စွန္နဟ်)၌ ရှိနှင့်ထားပြီးသော ( ထိမ်ချန်ဖုံးကွယ်ခံရသည့် ) လူ့အခွင့်အရေးတစ်ရပ်အား ဖော်ပြပေးခြင်းဖြစ်ပါသည်။  HIV  ပိုးကူးစက်ခံထားရသူများမှာ ကုလသမဂ္ဂ ၀န်ထမ်းများ၊ တိုင်းကျိုးပြည်ပြုပုဂ္ဂိုလ်များ၊ အပြည်ပြည်ဆိုင်ရာအရေးကို ဆောင်ရွက်နေသူများ၊ နိုင်ငံရေး/ စီးပွားရေး/ဘာသာရေးနယ်ပယ်၌ ထွန်းပေါက်ထင်ရှားသူများ စသည်ဖြင့် ကမ္ဘာ တစ်ဝှန်း ဒုနှင့်ဒေး ရှိနေကြပါသည်။ ထို့ကြောင့် အသင့်အနေဖြင့် သိမ်ငယ်စိတ်ကို မွေးမြူပိုက်ထွေးထားရန် မည်သည့် အကြောင်းရှိဘိနည်း ?  အသိအမြင်ကျဉ်းမြောင်းက ဘ၀လမ်းကြောင်းကျဉ်းမြောင်းသွားမည်ကို အသိအမြင် ရှိတတ်ပါစေ။
    ၇-၉ ။   အဆင့်အတန်း ဟူသည် စိတ်ဓါတ်နှင့်သာ အဓိက သက်ဆိုင်ပါသည်။ မည်သည့်အပေါ်ယံ အပြင်ပန်း သဏ္ဍာန်နှင့်မျှ ဆုံးဖြတ်သတ်မှတ်စရာ မဟုတ်ပါ ( ကြည့် – ကုရ်အာန် ၆၃း၎ )။ အချို့နေရာဒေသများတွင် AIDS  ရောဂါနှင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ သေဆုံးကွယ်လွန်ရသော မုစ်လင်မ် PLHIV  ၏ မိုင်ယဒ်များကို ကောင်းမွန် ကျနစွာ ရေချိုးသန့်စင်မှု မပြုခြင်း၊ ဂျနာဇဟ် ဆွလာသ် ၀တ်မပြုပေးခြင်း၊ ပို့ဆောင် မြှုပ်နှံရာတွင် စေတနာမထားရှိကြခြင်း၊ ကျန်ရစ်သူမိသားစုတို့အပေါ်လည်း အထင်သေးခြင်း တို့ကို တွေ့ရ ပေသည်။ ထိုမြင်ကွင်း ထိုသတင်းများကြောင့် PLHIV  အများစုမှာ ရတက်မအေး ဖြစ်ရလေ့ရှိသည်။ သောက မပွားလေနှင့်။ လူတိုင်း အကြောင်းခံ တစ်ခုခုဖြင့် သေဆုံးကြရမည် ချည်းဖြစ်၏။ နောက်ဆုံးခရီး၌ မည်မျှပင် လှပကြီးကျယ်ခမ်းနားစည်ကားသည်ဖြစ်စေကာမူ အလ္လာဟ်အရှင်မြတ်မှ မနှစ်မြို့သူဖြစ်လျှင် ကိုယ်ကျိုးနည်း လေပြီ။ ထို့ကြောင့် အသက်ရှင်သန်နေချိန်အတွင်း အလ္လာဟ့်နှစ်မြို့သူဖြစ်အောင်သာ မိမိကိုမိမိ အလေးထား ရာ၏။ မကောင်းသောလုပ်ရပ်ပြုကျင့်သူသည် ထိုလုပ်ရပ်၏ဆိုးကျိုးကို ခံစားရမည်ဖြစ်ပြီး၊ ကောင်းကျိုးပြုသူ သည် ကောင်းမှု၏အကျိုးကို မုချစံစားရမည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး၏ ပန်းတိုင်အစစ်မှာ နောင် တမလွန် အာခိရသ်ဘ၀သာဖြစ်ကို မမေ့လျော့ပါလေနှင့်။
    ၇-၁၀ ။   HIV  ပိုးရှိသူ အိမ်ထောင်သည်များကို ကလေးမယူရန်၊ သားကြောဖြတ်တောက်ရန်၊ PLHIV  လင်မယား အချင်းချင်းဖြစ်သော်ငြား Condom – ကွန်ဒုံးသုံး၍သာ ဖိုမဆက်ဆံကြရန် တိုက်တွန်းခံရလေ့ရှိ၏။  ဤနေရာ၌ မလွဲမရှောင်သာ တင်ပြရမည့်ကိစ္စများ ပေါ်လာပါသည်။
    (က) ကွန်ဒုံးကိစ္စ – ဘာသာရေးပညာရှင်တို့မှ လွန်စွာအကဲပိုခြင်းများရှိခဲ့သော ကိစ္စဖြစ်သည်။ အကြင် လင်မယားဟူသည် ဖိုမဆက်ဆံမှု မကင်းလွတ်နိုင်ပါ။ အကြင်လင်မယားဖြစ်နေသည့်တိုင် တစ်ဦးက ပိုးရှိပြီး နောက်တစ်ဦးက HIV  ပိုးကူးစက်မလာသည့် ရှားပါးထူးခြားဖြစ်ရပ်အချို့ တွေ့မြင်ကြုံကြိုက်ဖူးပါသည်။ သို့သော် ရေရှည်တွင် မကူးစက်နိုင်ပါဟု မည်သည့်ပညာရှင်မှ အာမမခံနိုင်ကြပါ။ တဖန် ဇနီးခင်ပွန်း ၂ ဦးလုံး ၌ ရှိနေလျှင်လည်း ( တစ်ဦးနှင့်တစ်ဦး ကိုယ်ခံစွမ်းရည် မတူညီသောကြောင့် ) ဆက်လက်ပြီး အကာ အကွယ်မဲ့ ဆက်ဆံနေပါက ပိုးထိန်းဆေးသောက်နေလင့်ကစား ခန္ဓာကိုယ်၏ပင်ကိုယ်ခုခံအား CD4  ကျဆင်း ပြီး ရောဂါအဆင့် တိုးလာတတ်သည်။ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းသည် စွန္နသ်တော် ဖြစ်ပါ၏။ Prevention is better than cure  ဟူသည့်အဆိုလည်း ရှိသည်။ ထို့ကြောင့် အန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် လင်မယားအကြား ကွန်ဒုံးအသုံးပြုခြင်းမှာ မည်သို့ အပြစ်ရှိနိုင်ပါသနည်း ?  သန္ဓေသားဗေဒ နှင့် ဆေးသိပ္ပံပညာကို ကျနစွာလေ့လာထားသည့် ကမ္ဘာ့အစ္စလာမ့်ပညာရှင်များစွာကလည်း – ကိုယ်ဝန်ဆောင် မိခင်သည် မီးဖွားခြင်းဖြင့် အသက်အန္တရာယ်ရှိနိုင်ကြောင်း စိုးရိမ်ရလျှင် သန္ဓေသားဖျက်ချခွင့်ရှိကြောင်း၊ အကြောင်းသော် သန္ဓေသားထံ၌ ဘ၀ဟူ၍မရှိသေးဘဲ မိခင်ဖြစ်သူထံ၌ လူ့လောကတာဝန်၊ သာသနာ့ တာဝန်၊ ဘ၀ နှင့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ရှိနှင့်ပြီးဖြစ်သောကြောင့်ဟူ၍ ဓမ္မသတ်ဖြတ်ထုံး ပေးထားကြ၏၊ သက်ဝင်လှုပ်ရှားလာသည့် သန္ဓေသားကိုပင်လျှင် ခိုင်လုံသောအကြောင်းရင်းရှိပါက မလွဲမရှောင်သာ ဖျက်ခွင့် ရှိနေသည်။ ဤကိစ္စတွင်လည်း ကိုယ်ဝန်ရလာလျှင် မိခင်မှကလေးသို့ ကူးစက်သွားနိုင်သဖြင့် ကွန်ဒုံးအား အသုံးပြုစေခြင်းဖြစ်သည်။ သို့မဟုတ်ပါက လောကသို့ရောက်ရှိလာမည့် အပြစ်မဲ့ကလေးငယ်ထံ ရောဂါပိုး ကြိုတင်သွတ်သွင်းပေးလိုက်သည့်နှယ် ဖြစ်နေပေသည်။ ထို့ကြောင့် အိမ်ထောင်သည်တို့၏ အကြောင်း ကြောင်းကြောင့် ကွန်ဒုံးသုံးနေခြင်းအပေါ် အရမ်းကာရော မရှုတ်ချအပ်ပါချေ။  ( ရှေးအခါကာလက ရေဒီယို နားထောင်ခြင်းပင်လျှင် ဂျဟန္နမ် ရောက်မည်ဟူသော အသိမဲ့ဟောပြောချက်များကို ပြန်ပြောင်း အမှတ်ရစေ လိုပါသည် )။
    (ခ)  ပဋိသန္ဓေတားဆေး သောက်ခြင်း၊ ထိုးခြင်း၊ သားကြောဖြတ်တောက်ခြင်း ကိစ္စ –  ရံဖန်ရံခါ ကွန်ဒုံးများ သည်လည်း ရာနှုန်းပြည့်စိတ်ချရသည်မဟုတ်။ သို့အတွက် ဆရာဝန်များ၊ သမားတော်များက – ကလေးရနိုင် သည့်အရွယ်ဖြစ်ပြီး သားကြောလည်း မဖြတ်ရသေးပါက ပဋိသန္ဓေတားဆေး၊ ထိုးဆေးကိုပါ တွဲသုံးရန် လမ်းညွှန်လေ့ရှိ၏။ အကယ်၍ ဇနီးရောခင်ပွန်းပါ  CD4  ၃၅၀ အောက်သို့ နိမ့်ဆင်း၍ ART  သောက်နေရပြီ ဆိုလျှင် မိခင်မှ ကလေးသို့ ကူးစက်သွားရန်သေချာသလောက်ဖြစ်နေသောကြောင့် မဖြစ်မနေ သားကြော ဖြတ်တောက်ခိုင်းတတ်ပါသည်။ ( CD4  ၃၅၀ အထက်ရှိနေသေးလျှင် ART  သောက်ရန် မလိုအပ်သေး ကြောင်း၊ မတော်တဆ ကိုယ်ဝန်ရသွားလျှင်လည်း ကလေးထံကူးစက်နိုင်ခြေ ၅၀ % သာရှိကြောင်း သိရ၏ )။ ဤကိစ္စသည် ဖြစ်တည်ပြီးသော အသက်တစ်ချောင်းကို ဆုံးရှုံးစေခြင်း မဟုတ်သဖြင့် အထက်ဖော်ပြပါ အကြောင်းရပ်တို့ကြောင့် ဟရာမ်ဟု တရားသေသတ်မှတ်လို့ မဖြစ်နိုင်ပါ။ တဖန် သားကြော ဖြတ်ခြင်းကိုလည်း အဓမ္မဆောင်ရွက်နိုင်သည် မဟုတ်၊ ကာယကံရှင်တို့၏ သဘောတူချက်ရှိမှသာ ပြုလုပ်ခွင့် ရှိပေသည်။ မည်သို့ပင်ဖြစ်စေ အခန့်မသင့်ဘဲ ကိုယ်ဝန်ရသွားပါလျှင် နီးစပ်ရာ ဒေသန္တရကျန်းမာရေးဌာန များသို့သွားကာ ပွင့်လင်းစွာပြောပြပြီး ကိုယ်ဝန်အပ်စေလိုသည်။ ယခုအခါ PMCT  – Prevention of Mother to Child Transmission  စီမံချက်ရှိနေပြီဖြစ်သည်။ ( ချုပ်၍ဆိုရလျှင် ) ညွှန်ကြားချက်အတိုင်း တိတိ ကျကျ လိုက်နာကျင့်သုံးပါသော် မွေးကင်းစကလေးသူငယ်ထံ HIV  ပိုးကူးစက်မှု ၂ % သာရှိပြီး ၉၈ % ကင်း လွတ်သည်ကို လေ့လာချက်ရလဒ်များက ဖော်ပြနေသည်။ တစ်ခုတော့ သတိချပ်ရပါမည်။ ဆေးရုံတက်၍ ခွဲစိပ်မွေးဖွားရပြီး တစ်ခါသုံးခွဲစိပ်ကိရိယာတစ်စုံ နှင့် လိုအပ်သည်များကို ၀ယ်ပေးရသည်။ လိုရင်းသိရန်မှာ မွေးဖွားစားရိတ် နှင့် ကလေးစားရိတ် ကြီးမားပါသည်။ ကလေးကို အထူးကရုစိုက်ရသည်။ ညွှန်ကြားမှုအတိုင်း ကောင်းစွာလိုက်နာသွားရမည်။ မိခင်နို့ကို အများဆုံး ၆ လအထိသာ တိုက်ကျွေး၍ နို့ဖြတ်ရသည်။ သွေးစစ် ကြည့်သောအခါ ကလေးငယ်အများစုထံ၌ HIV  ကင်းလွတ်သွားကြောင်း တွေ့မြင်သိရှိရလေသည်။ မိဘ ဖြစ်သူတို့မှာ သာမန်လူများထက် ကြိုတင်ပြင်ဆင်ထားရသည်၊ ပို၍ အပင်ပန်းခံရသည်။ လူအများစုသည် ထို ဒဏ်များကို မခံနိုင်ကြသည့်အပြင် ကံတရားအပေါ်စွန့်စားရသည်ဖြစ်သောကြောင့် သက်ဆိုင်ရာမှ ယင်းသို့ လမ်းညွှန်ရခြင်းဟု နားလည်သဘောပေါက်ရန် လိုအပ်သည်။ လူသားချင်း မစာနာရကောင်းလားဟု အပြစ် မမြင်အပ်ပါ။
    ၇-၁၁ ။   တစ်ကိုယ်ရည်သန့်ရှင်းရေး၊ စိတ်ဓါတ်ကြံခိုင်ခြင်း၊ ရုပ်ခန္ဓာသန်စွမ်းမှုတို့သည်လည်း ကိုယ်ခံအား အတွက် ကြီးစွာ အထောက်အကူဖြစ်စေသည်။ သို့ဖြစ်ရာ ဆွလာသ်၊ ဒုအာအ်၊ ဇိက်ရ် တို့ကို မပြတ်စတမ်း လက်ကိုင်ပြုကျင့်ဆောင်အပ်သည်။ ၄င်းပြင် မပြင်းထန်လွန်းသော အားကစားနည်းတစ်ရပ်ရပ်ကိုလည်း စွဲစွဲ မြဲမြဲ လိုက်စားခြင်းဖြင့် ကိုယ်ခံအားပြန်လည်မြှင့်တက်မှုမြန်ဆန်လာကြောင်း သုတေသီများက ဆိုကြပါသည်။ အစားအသောက်၊ အနေအထိုင် ဆင်ခြင်တတ်ရန်လည်း အရေးကြီး၏။
    ၇-၁၂ ။   ဆင်းရဲနွမ်းပါးသည့်ကြားထဲ အခမဲ့ဆေးဝါး မရနိုင်သူများအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ရပေသည်။ သို့သော် အချို့ဒေသ၌ ဆေးဝါးထောက်ပံ့ခွဲတမ်းမှာ လူနာဦးရေထက် များပြားနေသဖြင့် ယင်းအရပ်သို့ အိမ်ထောင်စု၊ လုပ်ငန်း ပြောင်းရွှေ့ပြီး ထိုအခက်အခဲမှ ကင်းလွတ်သက်သာသွားသူ မနည်းလှပါချေ။  ဥပမာ – တောင်ကြီးမြို့နယ် ။ ( အရိပ်ပြ အကောင်မြင်တတ်ပါစေ )။
    ၇-၁၃ ။   လူမျိုး ဘာသာမရွေး PLHIV  များအား ကူညီပေးကြသော SHG – Self Help Group များ အမည် နာမကိုယ်စီဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း၌ ရှိနေကြပါသည်။ ၄င်းတို့မှတဆင့် ဆက်သွယ်လမ်းကြောင်းဖော်နိုင် ပါသည်။ သို့သော် အယုံကြီးယုံ၍ ပုံအပ်ခြင်းများ၊ အလွန်အကျွံ ကူညီဦးဆောင်ခြင်းများ အဆင့်အထိ မရောက်စေလိုပါ။ လူမှုဘ၀ပုံဟန်ချင်း ကွဲပြားနေသောကြောင့် အချို့အစုအဖွဲ့များအတွင်း လူမျိုး၊ ဘာသာ ခွဲခြားဆက်ဆံမှုများ ရှိလာ၍ဖြစ်သည် ( အားလုံးကို မဆိုလိုပါ)။ သို့သာမက အချို့ကဏ္ဍများ၌  Influency ,  Blockage စသည်မျိုးလည်း ရှိနေသည်။ အနှောင့်အသွားလွတ်သည့် ကူညီမှုများကိုတော့ စေတနာ အလျောက် ဆောင်ရွက်ပေးနိုင်ပါသည် – အားပေးတိုက်တွန်းမှုလည်း ပြုပါသည်။
    ၈။  နိဂုံး
    ဤဖော်ပြဆွေးနွေးချက်မှာ နည်းပင်နည်းငြား လျှို့ဝှက်ချက်အချို့ ပါဝင်သွားသည်၌ ကျွန်ုပ်အဖို့ အန္တရာယ်မကင်းလှကြောင်း အချို့လူများ ရိပ်စားမိကောင်းပေမည်။ အနိမ့်ဆုံး အနေနှင့်  အချို့အစုအဖွဲ့၏ မုန်းတီးမှုကိုခံရမည်မှာ သေချာပြီးဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်ချစ်သော မြန်မာမုစ်လင်မ်များ နှင့် အနာဂတ်မျိုးဆက်များအတွက် ကျွန်ုပ်တတ်စွမ်းသည့် ကလောင်အားဖြင့် တာဝန်တစ်ရပ် ကျေပွန်သွားချင် ပါသည်။ တစ်စုံတစ်ရာ အကျိုးထူးလာမည်ဟုလည်း မျှော်လင့် ရည်သန်လိုက် ရပေသည်။
    အင်န်ရှာအလ္လာဟု သအားလာ !
    စာနာတရားရှိသူမည်သူမဆို ဤဆွေးနွေးချက်စာတမ်းအား လက်ဆင့်ကမ်းနိုင်ပါသည်။  မုစ်လင်မ်  PLHIV များကိုယ်စား ကျွန်ုပ်မှ ကြားခံ၍ ကျေးဇူးတင်နေပါမည်။ မြန်မာမုစ်လင်မ်လူ့ အဖွဲ့အစည်းများမှလည်း ပြည့်နေသည့်အိုးကို လျှံထွက်အောင် ၀ိုင်းသွန်နေခြင်းထက် မပြည့်သည့်အိုးကို  ဖြည့်ဆည်းပေးနိုင်ကြပါစေဟု …….
    စလာမ်၊ ဒုအာအ်ဖြင့်
    ဂျူလိုင်ရဲရင့်
  • ရခိုင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ အကြံပြု စာတမ်းပေးပို့ခြင်း။
    ရခိုင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ အကြံပြု စာတမ်းပေးပို့ခြင်း။
    သို့
    ဥက္ကဋ္ဌ
    ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းရေးကော်မရှင်၊
    ရန်ကုန်မြို့။
    အကြောင်းအရာ ။ ။ ရခိုင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ အကြံပြု စာတမ်းပေးပို့ခြင်း။
    လေးစားစွာဖြင့်
    ၂၀၁၂ ခုနှစ်၊ မေလ (၂၈)ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာ နေအမျိုးသမီးတစ်ဦးအား အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလုမှုဖြင့် ကျောက်နီမော်ရွာနေ လူငယ်သုံးဦး အဖမ်းခံရ သည်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း အရေးအခင်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုပြစ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံပိုင် ရေဒီယို၊ သတင်းစာများမှ တရားခံများကို ဖမ်းဆီးပြီး၊ ပြစ်မှုကျူးလွန်သူများကို ထိရောက်ဟန့် တား သည့် ပြစ်ဒါဏ်ချမှတ်နိုင်ရန် တရားစွဲအဖွဲ့အစည်းများက စိစစ်နေကြောင်း ထည့်သွင်းဖော်ပြခြင်းမပြုဘဲ ပျက်ကွက်ခဲ့သဖြင့် တောင်ကုတ်မြို့ပေါ်ရှိ ပါတီအဖွဲ့အစည်းများမှ ၀ံသာနုရက္ခိတ အမည်ခံ လူငယ် အချို့ က ဘာသာလူမျိုးကို အကြောင်းပြု၍ လှုံ့ဆော်စာများ ရေးသားခဲ့ကြသည်။
    ၂၀၁၂ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ ညနေပိုင်းတွင် သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွက်လာသည့် ရိုးမသစ္စာခရီးသည်တင်ယာဉ် တောင်ကုတ်မြို့၊ အေးရိပ်ငြိမ်ကားကြီးဝင်းအတွင်း ရပ်နားစဉ် မွတ်ဆလင် ကုလား များပါရှိကြောင်း ၀ံသာနုရက္ခိတလူငယ်များ၏ သတင်းလွှင့်ချက်အရ မြို့နေလူထုကဓါးလှံ တုတ်စသည့်ရရာ လက်နက်ကိုင်စွဲပြီး ရောက်လာခဲ့ကြရာ အတူပါရှိလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများကထိန်းသိမ်းကွပ်ကဲမှုမရှိသဖြင့်(၁၀)လောင်းပြိုင်လူသတ်မှု ပေါ်ပေါက်လာခဲ့ ရသည်။
    ဇွန်လ(၃)ရက်နေ့(၁၀)လောင်းပြိုင်လူသတ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံပိုင်သတင်းစာနှင့် ရေဒီယိုလိုင်းများက ၄င်းတို့နှင့် မသက်ဆိုင်သလို နှုတ်ဆိတ်နေခဲ့ပြီး၊ ဇွန်လ(၅)ရက်နေ့တွင် နိုင်ငံပိုင်သတင်းမီဒီယာ များ က တောင်ကုတ်မြို့တွင် အသင့်စောင့်နေသော လူ(၃၀၀)ခန့်အုပ်စုက တောင်ကုတ်မှ ပြည်မြို့သို့ အထွက် ခရီးသည်တင်ကားကို ပိတ်ဆို့တားဆီးကာ ယာဉ်ကိုရပ်တန့်စေပြီး၊ ယာဉ်ပေါ်ပါ “မွတ်ဆ လင်ဘာသာဝင်“ များအား အတင်းဆွဲချရာမှ ရက်ရက်စက်စက်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ မွတ်ဆလင်လူမျိုး(၁၀)ဦး သေဆုံးရသည့်အပြင် မော်တော်ယာဉ်ကိုလည်း ဖျက်ဆီးခဲ့ ကြောင်း၊ အခင်း ဖြစ်ပွားရာနေရာသို့တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် ရပ်မိရပ်ဖ များလာရောက်ထိန်းသိမ်းခဲ့၍ လူစု ကွဲသွား ကြောင်း ဖော်ပြခဲ့သည်။
    မွတ်ဆလင်ကုလားဆိုသည့် စကားရပ်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ မြန်မာ မွတ်ဆလင်များက မကျေနပ်ကြောင်း ဆူးလေစေတီအနီး ဘင်္ဂလီဗလီရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ သတင်းစာများက မွတ်ဆလင်ကုလားဆိုသည့် စကားရပ်ကို အနည်းငယ်ပြင် ဆင်ပေးခဲ့သည်။ ပြန်ကြားရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်အရ သတင်းစာတွင် ထည့်သွင်းဖော်ပြခြင်းသည် မြန်မာပြည် တနံတလျား မွတ်ဆလင်နှင့် ဗုဒ္ဒဘာသာဝင်များအကြား မလိုလားမှု၊ မုန်းတီးမှုကို ဖြစ်ပွားစေခဲ့သည်။ ထိုကိစ္စနှင့်တပြိုင်တည်းပင် စစ်တွေမြို့နယ် နာဇီရွာရှိ ဈေးကောက်ကိစ္စနှင့် စပ်လျဉ်း၍ ဈေးသူဈေးသားများနှင့် ရခိုင်တိုးတက်ရေးပါတီမှ အမှုဆောင်အဖွဲ့ဝင်များနှင့် ဈေးကောက်တို့အကြား ပြဿနာ ဖြစ်ပွား ရာကအစ စစ်တွေအမှတ်(၁) ရဲစခန်းကိုခဲနှင့်ပေါက်ကြရာ ပြည်သူပိုင်ပစ္စည်းအချို့နှင့် မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ရသည်။
    နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်ရှိ အထက်ဖော်ပြပါ အရေးအခင်းများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ရာတွင် တောင်ကုတ်လူသတ်မှုတွင် အဓိကတာဝန်ရှိသော ခရိုင် အုပ်ချုပ် ရေးမှူး ခရိုင်ရဲမှူးကြီး၊ ခရိုင်ဥပဒေအရာရှိကဲ့သို့သော သူများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့သဖြင့် ဓားပြကိုပုလိပ်မင်းကြီးခန့်သကဲ့သို့ ဖြစ်နေ၍ မွတ်ဆလင်များ မကျေမနပ်ဖြစ်ကြသည်။
    တောင်ကုတ်လူသတ်မှုနှင့်သက်ဆိုင်သော သတင်းဓါတ်ပုံအချို့ကိုထုတ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များသို့ ပေးပို့ဖြန့်ဝေခဲ့ရာ သောကြာနေ့ (၈-၆-၂၀၁၂)နေ့တွင် အစ္စလာမ်ဘာသာအရ သေဆုံးသူများအတွက် ဆုတောင်းပွဲပြုလုပ်၍ ပလီမှအတွက် လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များက မဆင်မခြင် သေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့်ရမည့်အစား တည့်တည့်ပစ်၍ လူတစ်ဦးသေ ဆုံး သွားရာ မှ အနီးရှိ တည်းခိုခန်းနှင့် ဆိုင်အချို့ပျက်စီးခံရပြီး အုံကြွမှုဖြစ်လာခဲ့ရပါသည်။ ဒေသခံလူနည်းစု ရခိုင်ပိုင်အဆောက်အဦးအချို့ ပျက်စီးခံရသဖြင့် ဘူးသီးတောင် မောတောမြို့နယ်များတွင် ပုဒ်မ-၁၄၄ ထုတ်ပြန် ကြောင်း ဇွန်လ (၈)ရက်နေ့က ကြေငြာခဲ့သည်။
    မောင်တောကိစ္စကိုအခြေပြု၍ စစ်တွေမြို့ပေါ်တွင် ရခိုင်ပါတီ (၂)ခု၏ လှုံ့ဆော် ချက်အရ ရခိုင်လူမျိုးများအုံကြွလာကာ ရခိုင်လူမျိုး လုံထိန်းများ၏ အကူအညီရယူပြီး၊ လူနည်းစု ရိုဟင်ဂျာအိမ်များမှ ပစ္စည်းများ လုယက်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများကို ပြုလုပ်လာကြသည်။ ထိုသို့ တဖက်နှင့်တဖက် အပြန်အလှန် အမှားသံသရာ လည်ပတ်သည်ကို ထိန်းသိမ်းခြင်းမပြုလျှင် နိုင်ငံတော်၏ လုံခြုံရေးကိုပါ ထိခိုက်လာနိုင်သဖြင့် ဇွန်လ(၁၀)ရက်နေ့တွင် ရခိုင်ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။ ၁၉၄၂ခုနှစ်က ဖြစ်ပွားခဲ့သည့် မူစလင်-ရခိုင် အဓိကရုဏ်းအနာဟောင်းပြန်ပေါ် လာပြီးနောက် ရိုဟင်ဂျာများအား အမြစ်ပြတ်ချေမှုန်းရေး၊ လူမျိုးတုံး သုတ်သင်ရေးအထိ အစွန်းရောက်ပါတီဝင်များက စဉ်းစား ဟောပြော စည်းရုံးလာခဲ့ကြသည်။
    စစ်တွေမြို့ပေါ်တွင် ဖြစ်ပွားသော ကိစ္စရပ်အားလုံးသည် အရေးပေါ်ကြေညာချက် မထုတ်ပြန်မီအချိန်အထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေပြီး လုံထိန်းအဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပြီး၊ပြစ်မှု ကျူးလွန်ခဲ့သဖြင့် ထိုသို့သေကြေပျက်စီး ဆုံးရှုံးများအတွက် အဓိကတာဝန်ရှိအဖွဲ့ အစည်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပင်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အနီးကပ်ထိမ်းကျောင်း ပေးရ မည့် ရခိုင်ပြည်နယ်လွှတ်တော်ကလည်း လတ်တလော အရေးပေါ်အစည်းအဝေးခေါ်ယူကျင်းပပြီး ပြဿနာကို ထိန်းချုပ်သင့် ပါလျှက် ထိုသို့ထိန်းချုပ်ခြင်းမပြုသည့်အပြင် ရခိုင်အမျိုးသားတိုးတက်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် မီးလောင်ရာလေပင့် ပြုလုပ်နေခဲ့ကြသည်။
    တပ်မတော်က လုံခြုံရေးကိစ္စရပ်များကိုသာ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါက ရခိုင်လူမျိုးသည်လည်း ကမ္ဘာ့ပြည်သူများအကြား အော့နှလုံးနာဘွယ်ရာ လူရိုင်းဘ၀သို့ ကျရောက်သွားမည်ဖြစ်သည်။ ၁၆ရာစုနှစ်ပင်လယ်ဓါးပြ ပြုလုပ်ရင်းက အများပြည်သူအော့နှလုံးနာခဲ့ကြသဖြင့် ထိုစဉ်က မှဲ့ခေါ်သော မာဂဓ လူမျိုး၊ မောဂ်လူမျိုး၊ ရက္ခောသျှားလူမျိုး အမည်ကို မသုံးချင်၊ မသုံးစွဲချင်ဘဲ စွန့်ပယ်ရန် အင်္ဂလိပ်အစိုးရထံတင်ပြခဲ့ကြသည်။
    ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်ချက်များအနက် ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ မွတ်ဆလင်ကုလားလူမျိုးဟုရေးသားဖော်ပြချက် သတင်းလွှင့်ထုတ်ချက်များသည် အဓိကရုဏ်းများကို တဟုန်ထိုးဖြစ်ပေါ် စေပြီး တစ်ဖက်နှင့်တစ်ဖက် ပိုမိုနာကျည်းစေရန် ဓါတ်ဆီလောင်းပေးရာ ကျရောက်ခဲ့ပါသည်။
    တောင်ကုတ်(၁၀)လောင်းပြိုင် လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် တာဝန်ပေါ့လျော့မှုအရ အရေးယူအပြစ်ပေးရမည့် ပုဂ္ဂိုလ်များကို ထည့်သွင်းခန့်ထားခဲ့သဖြင့် ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေ ဖော်ထုတ်ခြင်းမပြုနိုင်ခဲ့ပါ။ တနည်းဆိုရပါလျှင် လူသတ်မှုကျူးလွန်စဉ် ရိုက်ကူးထားသော ဖုန်းကင်မရာများမှတဆင့် စုပေါင်းထုတ်ယူထားသော VCD ခွေအရ လူသတ်မှုကျူးလွန်သည်ဟု ပေါ်ပေါက် နေသူ များနှင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူရန် ပျက်ကွက်ခဲ့ကြပါက ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်မကျစေရေးအတွက် ကာကွယ်တားဆီးရန်ပျက်ကွက်ခဲ့သူများကိုပါ အရေးယူရမည်ကဲ့သို့ ဖြစ် နေ သဖြင့် နိုင်ငံတကာမြင်ကွင်းတွင် Good Government Clean Government ဟု ချီးမွမ်းခန်းဖွင့်ရန် မဖြစ်နိုင်ပါ။ အထူးသဖြင့် ထိုသို့တာဝန်ရှိသူများကို အဖွဲ့ဝင်လူကြီးများအဖြစ် ခန့်အပ် တာဝန်ပေး ခဲ့ခြင်းသည်ပင်လျှင် ပြဿနာကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ရသည့်အကြောင်းရင်းဖြစ်ပါသည်။
    ရခိုင်ပြည်အရေးအခင်းတွင် အဓိက ပါဝင်ပြစ်မှုကျူးလွန်သူများသည် လုံထိန်းအဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများဖြစ်ကြသည်။ပြည်နယ်ခရိုင်အုပ်ချုပ်ရေး မှူးများအနက် ရခိုင်လူမျိုး အုပ်ချုပ် ရေးမှူးများ ကိုယ်တိုင် ပြဿနာတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြသဖြင့် အရာရှိအဆင့်ရှိသော ရခိုင်လူမျိုးလုံထိန်းအဖွဲ့ဝင်များနှင့် ရခိုင်လူမျိုးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ လက်ထောက်အုပ်ချုပ်ရေးမှူးများကို မြန်မာပြည်မသို့ ပြောင်းရွှေ့စေပြီး လစ်လပ်သော နေရာတွင် အခြားသင့်တော်သော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားအရာရှိများဖြင့် အစားထိုး တာဝန်ပေးအပ်သင့်ပါသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းမှ ယင်းအရေးအခင်းတွင် ကိုယ်တိုင်ပါဝင် ပတ်သက်နေသူများကို ဖယ်ရှားပြီး အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသင့်ပါသည်။
    ရခိုင်တိုးတက်ရေးပါတီ၏ ဆောင်ပုဒ်များ၊ သတင်းမီဒီယာများတွင် Interview များ၏ နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုကို ဖြစ်ပေါ်စေရန် လှုံ့ဆော်ရာကျရောက်သဖြင့် ဟန့်တားသင့်ကြောင်း နိုင်ငံတော်အကြီးအကဲများထံသို့ပါတီအချို့မှ စာများတင်သွင်းကန့်ကွက်ခဲ့ကြောင်းကိုလည်း တွေ့ရှိရသည်။
    ၂၀၁၁ခုနှစ်၊ ဇူလိုင်အတွင်း ဘူးသီတောင်မောင်တောခရိုင် အုပ်ချုပ်ရေးမှူးကမ ကထပြုလုပ်ထုတ်ဝေသည့် “ပစ္ဆိမရပ်ဝန်းမဂ္ဂဇင်း´´ (ပစ္ဆိမဆိုသည်မှာ ရိုဟင်ဂျာဘာသာစကားဖြင့် အနောက်ဖက်ဟု အဓိပ္ပါယ်ရရှိရာ မဂ္ဂဇင်းအမည်မှာ အနောက်ဖက်ရပ်ဝန်းဟု အဓိပ္ပါယ်ရရှိသည်) ထိုမဂ္ဂဇင်းကို တာဝန်ယူထုတ်ဝေခဲ့ကြသော ရခိုင်လူမျိုးခရိုင် အဆင့် နိုင်ငံဝန်ထမ်းများ ကိုယ်တိုင်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်ထားကြောင်း ထိုစာအုပ်ပါ ဆောင်းပါးများအရ တွေ့ရှိရသည်။ စာအုပ်နှင့် စပ်လျဉ်း၍ အရေးယူပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ကြသည်ဟုလည်း သိရှိရသည်။
    (၃၀-၅-၂၀၁၂)နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ်ညီလာခံကို ကျင်းပခဲ့ရာ ရိုဟင်ဂျာအရေးကိစ္စကို အဓိကဇောင်းပေး ဆွေးနွေးခဲ့ကြသည်။(၂၅-၅-၂၀၁၂)နေ့ ကျောက်နီမော် လူသတ်မုဒိန်းမှုကိစ္စကိုဝံသာနုရက္ခိတအဖွဲ့၏ (၁-၆-၂၀၁၂)ရက်စွဲပါ လှုံ့ဆော်ချက်နှင့် ပေါင်းစပ်ပေးခဲ့သဖြင့် တောင်ကုတ်လူထုမှ လူသတ်ရန် အကြောင်းဖြစ်ပေါ်လာခဲ့သည်။ တောင်ကုတ် လူထု ပယ်ဖျက်ရန်ခက်ခဲသော အမည်းစက်တစ်စက် ထင်ခဲ့ရသည်။
    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်ကို Eleven Media Group စာစောင်မှမေးမြန်းရာတွင် ဒီလိုကာလမှာ ဘာကြောင့်သံတွဲ့က ပုဂ္ဂိုလ်တွေက ဗမာပြည်ဖက်ကို “ဒီလို အင်္ကျီ အ၀တ် အစားနဲ့ လူမြင်ကွင်းမှာ မှန်လုံကားနဲ့သွားရတာလဲ။ ဒီဟာတွေဟာ ပလူပျံနေတယ်။ ခုနကပြောသလို မသီတာထွေးကိစ္စမှာ ဓါတ်ပုံအထောက်အထားတွေ အားလုံး တောင်ကုတ်မှာ ပျံ့နေတဲ့ ကာလ လေ´´ ဟု ဖော်ပြပါရှိရာ ၎င်းတို့၏ပါတီမှ (၄-၆-၂၀၁၂)နေ့ ဈေးကောက်ကိစ္စနှင့် စပ်လျဉ်း၍ ဖြစ်ပွားနေသော ပြဿနာကို မှေးမှိန်သွားစေရန် တဖက်သို့ မီးမောင်းထိုးပြခဲ့ရာ ကျရောက်ပါသည်။ ထို့ပြင် ဘင်္ဂလီ များသည် တဖက်နိုင်ငံမှ လက်နက်သယ်ဆောင်ပြီး ရခိုင်များကို ရက်စက်ယုတ်မာစွာ သတ်ဖြတ်နေကြောင်းဖြင့်လည်း ဒေါက်တာအေးမောင်က ပါတီကို ကိုယ်စားပြုပြောဆိုခဲ့ပါသည်။
    စုံစမ်းရေးအဖွဲ့၏ အဓိကလိုအပ်ချက်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ (၈-၈-၂၀၁၂)နေ့တွင် မိန့်ကြားလမ်းညွှန်ခဲ့သည့် အတိုင်း နှစ်ဦးနှစ်ဖက်ပြေငြိမ်းအေးချမ်းအောင် နှစ်ဖက်ပါတီများကို ညှိနှိုင်းပေးရန်၊ လုံခြုံမှုရှိရန်နှင့် တည်ငြိမ်အေးချမ်းရန်အတွက်အုပ်ချုပ်ရေးအာဏာပိုင်များကို ကျောသား၊ ရင်သားမခွဲခြားဘဲ ပြစ်မှုကျူးလွန်သူများကို အရေးယူရန် လူမျိုးဘာသာကို အခြေခံပြီး အစွန်းရောက်သော စကားရပ်များကို ရှေ့တန်းမတင်ဘဲ လူ့အခွင့်အရေးအမြင်ကိုသာ ရှေ့တန်းတင်ပြီး ပြောဆိုကြစေရန်၊ အကြမ်းဖက်မှုများဖြစ်ပွားရန် လက္ခဏာပေါ်ပေါက်လာပါက နှစ်ဖက်ညှိနှိုင်းခြင်း၊ ပြစ်မှုကျူးလွန်ရန် အားထုတ်သူများကို ထိန်းသိမ်းခြင်းတို့ပြုလုပ်ရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာ ပြည်ထောင်စုနိုင်ငံဖြစ်ပေါ်ရေးအတွက်နှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စိတ်ချစွာ ပြုလုပ်လာနိုင်ရေး အတွက် နှစ်ဖက်စိတ်ဖြေလျော့စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က ဆောင်ရွက်နိုင်ရေးအတွက် အချက်အလက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှာဖွေဖော်ထုတ်ပြီး အကြံပြုတင်ပြရန်လို အပ်ပါ သည်။
    အဓိကရုဏ်းဖြစ်ပွားရာတွင် ရိုဟင်ဂျာများနှင့် ရခိုင်လူမျိုးနှစ်ဖက်စလုံးတွင် ပျက်စီးဆုံးရှုံးမှု၊ သေကြေမှုများဖြစ်ပွားခဲ့ရသည့်အပြင် ညမထွက်ရအမိန့်အရ လက်လုပ်လက်စားများ အနေဖြင့် ငတ်မွတ်သည့် အဆင့်သို့ ရောက်ရှိခဲ့ကြရာ မြန်မာပြည်တနံတလျားက အလှူရှင်များက လှူတန်းကူညီထောက်ပံ့ခဲ့ကြသည်။ မြန်မာပြည်သူများသည် မူလကပင် အလွန်ချမ်းသာကြွယ်ဝသူများမဟုတ်ကြသဖြင့် လှူဒါန်းငွေများမှ အမေရိကန်ဒေါ်လာ (၁၀)သန်းခန့်မျှ တန်ဖိုးကိုပင် မရနိုင်ခဲ့သဖြင့် ၀င်ငွေမရှိသူတိုင်းထံသို့ အလှူငွေနှင့် ပစ္စည်းများကိုပေးပို့ရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်။
    မထင်မှတ်ဘဲ တူရကီဝန်ကြီးချုပ်၏ဇနီးဦးဆောင်သောအဖွဲ့က လူမျိုးဘာသာ မခွဲခြားဘဲ အမေရိကန်ဒေါ်လာ (၅၀)သန်းအထောက်အကူပြုပစ္စည်းများကိုပါ လှူဒါန်းကြောင်း နေ့စဉ်ထုတ်သတင်းစာများအရ သိရှိရသည်။ လက်လုပ်လက်စားအနက် ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်သို့ထွက်ကာ ငါးဖမ်းရန် အခက်အခဲရှိနေသဖြင့် ပင်လယ်စာများ ရှားပါးလာခြင်း၊ လက်လုပ်လက်စားများ စားဝတ်နေရေး အခက်အခဲကြုံလာခြင်းတို့ကို တွေ့ရှိရသည်။
    တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ခြင်းမပြုနိုင်မီကာလအတွင်း တဖက်က ထုတ်လုပ်ရောင်းချသော ပစ္စည်းကို အခြားတစ်ဖက်က၀ယ်ယူစားသုံးခြင်းမပြုနိုင်သဖြင့် ကုန်စည်စီးဆင်းမ မှန်ကန် မြန်ဆန် ရေးကိစ္စကို သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
    အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံကလည်း စစ်တွေရေနက် ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နေရာ အရေးအခင်းကြောင့် ရပ်တန့်ထားသည့်အပြင် ကျောက်ဖြူမြို့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆောင်ရွက်နေသည့် ကိစ္စများမှာလည်း ညမထွက်ရအမိန့်အရ ရပ်တံ့နေခဲ့ရာ အလုပ်လက်မဲ့များနှင့် ငတ်မွတ်သူ များပြားလာခဲ့ပါသည်။
    မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများကလည်း လူမျိုး၊ ဘာသာမခွဲခြားသော အကူ အညီများကို တတ်အားသရွှေ့လာရောက် ပံ့ပိုးပေးသဖြင့်သာ ဆင်းရဲသားများအတွက် အသက်ရှုရဖြောင့်ခဲ့ရကြပါသည်။ နိုင်ငံရပ်ခြားမှ အကူအညီများကို နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးရရှိသည့်အချိန်အထိ ရယူကြရန် အားလုံးကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
    စစ်တွေမြို့ဈေးအတွင်းသို့ ကုလားမ၀င်ရဟူသော အယူအဆ၊ မြေပုံမြို့ဈေးမှ ဆိုင်များမှ ကုလားများကို ပစ္စည်းမရောင်းရဟူသော လူမျိုးရေးအစွန်းရောက်ပါတီအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ဆောင်ရွက်ဟန့်တားနေမှုကို အချိန်မီဖော်ထုတ်အရေးယူဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
    မီးလောင်ပျက်စီးမှုမရှိခဲ့သော မြို့နယ်အချို့တွင် လူနည်းစုများနေထိုင်ရာ ဒေသသို့ ကုန်စည်စီးဝင်မှုမရှိသဖြင့် ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေသဖြင့် ထိုသို့အဖြစ်မျိုး မဖြစ်ပွားစေရန် ကာကွယ်စောင့်ရှောက်သည့် တာဝန်ကို မြို့နယ်အဆင့် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့များသို့လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးအပ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်သင့်ပါသည်။
    ၁၉၅၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်တွင်ကျင်းပသော လွှတ်တော်အစည်း အဝေး၌ ရတညအမတ် ဦးဘမြိုင်က ၁၉၅၆ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပြင်ဆင်ချက်)ဥပဒေကျမ်းကို အဆိုပြုတင်သွင်း ခဲ့ရာတွင် ဖွဲ့စည်းပုံတွင် ရခိုင်ပြည်နယ်ဟု ထည့်သွင်းဖော်ပြလိုကြောင်းပါရှိခဲ့သည်။
    ဦးဘမြိုင်၏အဆိုကို ဖဆပလအမတ် ဦးအဘုလ်ဘော်ရှေရ်က ပြင်းပြင်းထန်ထန် ကန့်ကွက်တင်ပြခဲ့သည်။“ပြည်နယ်ဆိုတဲ့ ရေကန်ထဲမှာ ကျွန်တော်တို့အနေနဲ့ မနေချင်ဘူး။ သမုဒ္ဒရာနှင့်တူတဲ့ ပြည်မကြီးနှင့်သာ ပူးပေါင်းနေချင်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား အကယ်၍သာအစိုးရက ပြည်နယ်အုပ်ချုပ်ရေးပေး လိုက်ပါလျှင် လူမျိုးရေး အဓိကရုဏ်းဖြစ်လာမှာ ဧကန်မုချဘဲဖြစ်ပါ သည်။
    ´´အကယ်၍ အစိုးရက ရခိုင်တိုင်းကို ပြည်နယ်ပေးမည်ဆိုလျှင် မောင်တော၊ ဘူးသီးတောင်နယ်ကို ရခိုင်ပြည်နယ်အတွင်း မထည့်သွင်းဘဲ သီးခြားခရိုင်တစ်ခုအဖြစ် ပြည်မ လက်အောက်တွင် ထားပေးဖို့ မေတ္တာရပ်ခံ ကြောင်းကိုလည်း ထည့်သွင်းတင်ပြခဲ့ပါသည်။
    ဦးလှထွန်းဖြူတင်ပြသော ၁၉၅၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (ပြင်ဆင်ချက်)ကိုလည်း သံတွဲအမတ် ဦးကျော်ဝင်းနှင့် ၀န်ကြီးဦးဘစောတို့အပြင် မစ္စတာအဘူခိုင်တို့ ကန့်ကွက် တင်ပြခဲ့ကြ သည်။(၂၆-၉-၅၈)တွင် လွှတ်တော်အတွင်း နိုင်ငံရေးအကြပ်အတည်းကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်းက ကြားဖြတ်အစိုးရအဖြစ် အုပ်ချုပ်ခဲ့သည်။
    (၁၅-၅-၁၉၆၁)နေ့တွင် မွန်ဘာသာ၊ ပအို့ဝ်ဘာသာ၊ လားဟူဘာသာနှင့် ရိုဟင်ဂျာဘာသာတို့ကို မြန်မာ့အသံတွဲဖက်အစီအစဉ် (တိုင်းရင်းသား အစီအစဉ်) မှ အသံလွှင့်ခွင့်ရရှိခဲ့သည်။ အစီအစဉ်မှူး ဦးဘထွန်း (B.A..,B.L)က ဦးစီးအသံလွှင့်ခဲ့သည်။ တော်လှန်ရေးအစိုးရတက်လာပြီး နောက် (၁-၁၀-၆၅)တွင် မွန်၊ ပအို့ဝ်၊ လားဟူနှင့် ရိုဟင်ဂျာဘာသာ အစီအစဉ်များကို အသံလွှင့်ခွင့်ရပ်ဆိုင်းခဲ့သည်။
    (၁၉၇၄)ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ ပြည်သူ့အစိုးရအဖြစ်သို့ ပြောင်းလဲ ခဲ့ရာတွင် ရခိုင်ပြည်နယ်ရရှိခဲ့သော်လည်း မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင် အားလုံး ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ တွင် ရွေးချယ်ခံပိုင်ခွင့် ရရှိခဲ့သည်။ မဲဆန္ဒပေးပိုင်ခွင့်ရှိခဲ့သည်။
    ၁၉၈၂ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းရာတွင် ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် မပါရှိသော ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့် ရသူတို့ကို ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။
    မြန်မာနိုင်ငံသားဥပဒေလုပ်ထုံးလုပ်နည်းကို (၂၀-၉-၈၃)နေ့တွင် ထုတ်ပြန်ခဲ့ရာ ရခိုင်လူမျိုးပင်ဖြစ်လင့်ကစား အခြားနိုင်ငံအတွင်း ပင်ရင်းနိုင်ငံအဖြစ်အမြဲ နေထိုင်ကြသူများသည် တိုင်းရင်းသား မဟုတ်ကြောင်း၊ AD ၁၈၂၃ခုနှစ်နောက် ပိုင်းနိုင်ငံတော်အတွင်းသို့ ၀င်ရောက်နေထိုင်ကြသော အမည်တူ မျိုးနွယ်တူများသည်လည်း တိုင်းရင်းသား (မွေးရာပါနိုင်ငံသား)များ မဟုတ်ကြကြောင်း ပြဋ္ဌာန်းပါရှိသည်။
    သို့ရာတွင် ၁၉၇၅ခုနှစ် ပတ်ဝန်းကျင်က ဘင်္ဂလားဒေ့ခ်ျနေ လူ(၅၀၀၀၀၀)ခန့်မှာ ရခိုင်ပြည်တွင်းသို့ ၀င်ရောက်ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးထံသို့ ပေးပို့သည့်စာတွင် ၀န်ခံထားသည်။ ဘူးသီးတောင်မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ အသိအမြင်ရှိ နယ်စပ်ဒေသနေ ရခိုင်တိုင်းရင်းသားများ အမည်ခံ ဦးမြစိန်ထွန်းပါ(၅)ဦးတို့ ရန်ကုန်မြို့၊ ရခိုင်သဟာယအသင်းဥက္ကဋ္ဌနှင့် ရခိုင်သဟာယသတင်းစာစောင်စာတမ်းအဖွဲ့ထံသို့ (၁၀-၁-၉၇)ရက်စွဲဖြင့် ပေးပို့သည့်စာတမ်းတွင်လည်း လွန်ခဲ့သော နှစ်-၂၀/၂၅နှစ်ခန့် က ဘင်္ဂလီများပြည်တွင်းသို့ ခိုးဝင်လာခြင်းမရှိဘဲ ခိုးထွက်သူများသာရှိကြောင်း၊ ၀င်လာသူများမှာ ရခိုင်များသာဖြစ်ကြောင်း၊ ရခိုင်(၅)သိန်းခန့်ဝင်လာပြီး၊ ပြည်နယ်အနှံ့တွင်နေထိုင်ကြောင်း၊ အချို့ရခိုင်ပညာတတ်များမှ တဖက်မှတတ်မြောက်လာသော ပညာရပ်ဖြင့် အစိုးရအဖွဲ့အစည်းများ၌ အမှုထမ်းနေကြဆဲဖြစ်ကြောင်း ထည့်သွင်းဖော်ပြပါရှိသည်။
    ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌဗိုလ်မှူးကျော်မောင်လက်ထက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာအရာရှိ၊ အရာခံများပင် စစ်ဆေးခံရခြင်း၊ ရာထူးသစ်များတွင် ရိုဟင်ဂျာများကို ခန့်ထားခြင်း မရှိတော့ခြင်းတို့ကြောင့် နောက်နှစ်ပေါင်းများစွာ ကြာလာသည့်အခါ ဌာနဆိုင်ရာ ၀န်ထမ်းအကြီးအကဲများတွင် ရိုဟင်ဂျာဟူ၍ပင် မရှိတော့သည် အထိဖြစ်ပါသည်။
    ဦးမြစိန်ထွန်းပါ(၅)ဦး ရေးသားတင်ပြသည့်စာတွင် ၁၉၄၂ခုနှစ် ကုလား၊ ရခိုင်အဓိကရုဏ်းတွင် ကုလား (၇)သောင်းခန့်အသတ်ခံရကြောင်း၊ ရခိုင် (၃)သောင်းခန့်လည်း အသက်ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားပြီး၊ ထိုကိစ္စဖြစ်ရပ်မှန်များကို ရခိုင်သမိုင်းပညာရှင်များက ဖြစ်ရပ်မှန်ကို ဖုံးကွယ်ပြီး မွတ်စလင်က ရခိုင်ကို သတ်ဖြတ်ဟန် ဖန်တီးရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။
    လွန်ခဲ့သောနှစ်(၅၀) အလျင်ကပင် ထုတ်ပေးထားသော (၃)ခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို လ၀က၀န်ထမ်းများက အတင်းအကြပ်သိမ်းယူပြီး၊ ယာယီနိုင်ငံ သားကတ်ပြားအဖြူရောင် ထုတ်ပေး ခဲ့ကြသည်။ ၁၉၈၂ခုနှစ်၊ မြန်မာ နိုင်ငံသားဥပဒေတွင် မပါရှိသော ´´အဖြူကတ်´´ကို နည်းဥပဒေများကို ရည်ညွှန်းထုတ်ပေးခြင်းဖြစ်သည်။ ၁၉၄၈ခုနှစ် ဥပဒေအရဆိုပါလျှင် ထိုယာယီ သက်သေခံလက်မှတ်မှာ သက်တမ်း (၁)နှစ်သာရှိသော်လည်း ရိုဟင်ဂျာလူမျိုးများကိုမူ နည်းဥပဒေတွင်မပါသော ချွင်းချက်ဖြင့်အချိန်ကြာမြင့်စွာ ကိုင်ဆောင်စေခဲ့ပါသည်။
    ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် နိုင်ငံသားဖြစ်မှုဥပဒေတို့ အရ ၁၉၄၇ခုနှစ် မတိုင်မီ (၁၀)နှစ်အတွင်းက ပြည်တွင်းတွင် အနည်းဆုံး (၈)နှစ် နေထိုင်သူများသည် နိုင်ငံသားအဖြစ်ကို ရရှိကြပြီးဖြစ်သော်လည်း ရခိုင်ပြည်မှရိုဟင်ဂျာလူမျိုးများကို ရရှိပြီးသည့် နိုင်ငံသားအခွင့်အရေးကို နည်းမျိုးစုံဖြင့် ရုပ်သိမ်းရန်ကြိုးပမ်းခဲ့သည်။
    ရိုဟင်ဂျာရွာများတွင် မူလတန်းပညာ မသင်မနေရဆိုသည့် ဆောင်ပုဒ်ကို အကောင်အထည် ဖော်ပေးခြင်းမရှိဘဲ မူလတန်းကျောင်းရှိသည့် ရွာများကို ရခိုင်ဆရာ/ဆရာမများ အနေဖြင့်လည်း တစ်လလျှင် တစ်ပတ်မျှပင် ကျောင်းသို့လာ ရောက်ခြင်းမရှိခဲ့ကြသဖြင့် မြန်မာမှုကိစ္စများကို ရိုဟင်ဂျာများနားမလည်ခဲ့ကြပါ။ ရိုဟင်ဂျာလူမျိုး ဆရာ/ဆရာမများ ခန့်ထားရန် အထူး လိုအပ်ပါသည်။
    စားခြင်း၊ သောက်ခြင်း၊ မေထုံမှီဝဲခြင်းတို့ကိုသာ သိနားလည်သည့်တိရစ္ဆာန်ထက် အနည်းငယ်ပိုရုံသာ ဗဟုသုတရှိသော လူသားများအဖြစ် ရပ်တည်လာခဲ့ကြခြင်းမှာ ၁၉၆၅ခုနှစ် နောက်ပိုင်းက စတင်ခဲ့သည်။ မိန်းကလေးငယ်များ အသက်(၁၄)နှစ် (၁၅)နှစ်အရွယ်တွင် ရောက်လာလျှင် လင်ယူသားမွေးသည့် အလုပ်မှအပ အခြားအလုပ်မရှိ။ ပညာသင်ကြားခွင့် ရရှိသော ရခိုင်မိန်း ကလေး များအနေဖြင့် အသက် (၂၀)၊ (၂၅)အရွယ်မှ လင်ယူသားမွေးခဲ့ကြသည်ဖြစ်ရာ (၁၄)နှစ် (၁၅)နှစ် အရွယ်တွင် လင်ယူသားမွေးခဲ့ကြသောသူများ၏ မွေးဖွားနှုန်းကို မှီနိုင်ရန်အကြောင်းမရှိတော့ဘဲ လူဦးရေကွဲလွဲမှုဖြစ်လာသည်။ စားဝတ်နေရေးအဆင်မပြေသော်လည်း ခလေးမွေးဖွားနှုန်းကို ထိန်းချုပ်မှုမရှိသဖြင့် စံချိန်မှီ ပညာရှင်များဖြစ်လာရန် မဖြစ်နိုင်တော့ဘဲ ပတ်ဝန်းကျင်ရှိ အခြားလူမျိုးများနှင့် သဟဇာတမဖြစ်နိုင်တော့ပါ။ နိုင်ငံတော်က ထိုသို့အဆင့်အတန်းမမှီသော တိရစ္ဆာန်သာသာလူများအဖြစ်မွေးဖွားရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေသည်။
    သားသမီးများအိမ်ထောင်ခွဲရာတွင်းလည်း လ၀က၏ နိုင်ငံမျိုးချစ်ဝန်ထမ်းများ က အိမ်ထောင်စုစာရင်းခွဲပေးခြင်းမရှိဘဲ အဘေး၊ အဘိုး၊ အဖေ၊ ညီအစ်ကိုမောင်နှမ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးနှင့် သမ္မတကြီးတို့ပြောဆိုသကဲ့သို့ မိသားစုအတွင်း လူဦးရေ (၈၀)ခန့်ရှိနေခဲ့သည်။ အခြားလူမျိုးများ၏မိသားစုတို့ ဘိုးဘေး သား သမီး မြေး မြစ်များကို ပေါင်းကြည့်လျှင် လူဦးရေ (၈၀)ရှိမည်မှာ အမှန်ဖြစ်ပါသည်။
    ရိုဟင်ဂျာများအား အခြားတိုင်းရင်းသားများကဲ့သို့ အခွင့်အရေးမပေးဘဲ သံသယ နိုင်ငံသားအဆင့်ကိုသာထားရှိသဖြင့် အခြားပြည်နယ်နှင့်တိုင်းများသို့ လွတ်လပ်စွာ ခရီးသွားလာ စီးပွား ရှာဖွေ လုပ်ကိုင်ခွင့်မရရှိသဖြင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာများတွင် ထွက်ပေါက်ကိုအမြဲရှာနေကြရသည်။ အဆင်ပြေလျှင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ မိသားစုတိုင်းတွင် အနည်းဆုံး (၁) ဦးမှ (၄)ဦးအထိ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည်။ ခိုးဝင်လာသူ မရှိသည့်အပြင်၊ ပြင်ပသို့ထွက်သွားသူများ သာရှိနေကြသည်။
    ဆရာဝန်နှင့် သူနာပြုများကို ဆေးပညာသင်ကြားပေးခဲ့စဉ်က တဖက်ရန်သူစစ်သား တိုက်ပွဲတွင် ဒဏ်ရာနှင့်ဖမ်းမိသည်ဆိုလျှင်ပင် လုံလောက်စွာဆေးဝါး ကုသပေးပါမည်ဟု ကျိန်ဆိုထားသူများဖြစ်ရာ အစွန်းရောက်အယူအဆများကို ဖယ်ရှားရန် လိုအပ်ပါသည်။ အချို့ဆေးရုံများတွင် မူလကပင် တက်ရောက်ကုသနေသော ရိုဟင်ဂျာလူနာအချို့ကို တာဝန်ကျသူနာပြုများက ကူညီဆောင်ရွက်ပေးရန် ပျက်ကွက် လစ်လျူရှုထားခဲ့ကြသဖြင့် လူနာအချို့ဆေးရုံက ဆင်းလာခဲ့ရသည်။ ကွယ်လွန်သေဆုံးခဲ့ရသည်။
    အထက်ပါကိစ္စရပ်များကို အမျိုးသားရေးအဆင့် စီမံချက်ဖြင့် ဆောင်ရွက်သင့်ပါသည်။ကျေးရွာအုပ်စုကြီးများတွင် လူဦးရေမည်မျှရှိပါက တိုက်နယ်ဆေးရုံတည်ဆောက်ပေးမည်။ ဆရာဝန်နှင့် သူနာပြုများထားရှိမည်ဆိုသည့် ကိစ္စရပ်ကိုလည်း စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်သင့်ပါသည်။
    ဘာသာလူမျိုး မတူညီသော ဆရာ၊ ဆရာမများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် အခြားဝန်ထမ်းများ၏ စားဝတ်နေရေးနှင့်အဆက်အနွယ်မရှိရေးကိုမူ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက တာဝန်ယူပြီး ကျေးရွာအုပ်ချုပ်ရေးနှင့် ပြည်သူများအား အပြည့်အ၀တာဝန်ယူစေသည့် စီမံချက်များ ချမှတ်ဆောင် ရွက်သင့်ပါသည်။
    ဘူးသီးတောင်မောင်တော ဒေသအတွင်း ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် ရိုဟင်ဂျာအမျိုးသမီး သူနာပြုများ၊ ရှေးဦးသူနာပြုများ ခန့်ထားရေးကို စီမံကိန်းတွင်ထည့်သွင်းဆောင်ရွက်ပေးသင့်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမိစသည့်လူမျိုးစုများနှင့် ရိုဟင်ဂျာများမှာ နှစ်ကာလရှည်ကြာစွာကပင် အတူတကွ လက်တွဲနေထိုင် လာခဲ့ကြရာ စစ်အစိုးရအုပ်ချုပ်သည့် နှစ်(၄၀)ခန့်ကာလ အတွင်း ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးများ ကန့်သတ်ခံလာခြင်း ဌာနဆိုင်ရာဝန်ထမ်းများအား အတင်းအကြပ် အငြိမ်းစားယူစေခဲ့ခြင်း အသစ်ခန့်ထားသည့် ၀န်ထမ်းများတွင် ရိုဟင်ဂျာလူမျိုးများကို ခန့်ထားခြင်း မပြုတော့ခြင်းတို့ အကြောင်းပြု၍ လူမျိုးစုကြီး နှစ်မျိုးအတွင်း ကွာဟမှုကြီးမားလာခြင်းဖြစ်သဖြင့် အမှိုက်ကစ ပြဿဒ် မီးလောင်ဆိုသကဲ့သို့ ဖြစ်လာခဲ့ရခြင်းသာဖြစ်၍ လူ့အခွင့်အရေးရှုထောင့်က ပြန်လည်ထိန်းညှိပေးသင့်ပါသည်။
    အနောက်သားရခိုင်၊ မရမာကြီး၊ မြို့၊ ဒိုင်းနက်နှင် ခမိတို့မှာ ရိုဟင်ဂျာများ ပြောဆိုသော စကားအတိုင်းပင် ပြောဆိုကြသူများဖြစ်ရာ ဘင်္ဂလီစကားဟု စွပ်စွဲခြင်းမပြုဘဲ ရခိုင်ပြည်နယ် နှင့်စစ်တကောင်း အရှေ့ဖက်ကမ်းတစ်ဝိုက် သီးခြားပြောဆိုသော ဘာသာစကား တစ်မျိုးသာဖြစ်၍အထက်က တင်ပြခဲ့သော ရှေးရခိုင်ကြီးများ၏ စကား၊ “ဝေသာလီ ခေတ်စကား´´ ပြောဆိုတတ်သူများဟု သုံးသပ်ကာ ညီအစ်ကိုမောင်နှမအရင်းအခြာကဲ့သို့ ပြန်လည်ရင်ကြားစေ့ရေးကို အကြံပြုတင်ပြအပ်ပါသည်။
    ရခိုင်ဒေသ၌ မတည်မငြိမ်ဖြစ်နေသည့် အချိန်တွင် ရိုဟင်ဂျာလူမျိုးများ၏ ဂုဏ်သိက္ခာကို လွန်စွာနစ်နာစေပြီး ရိုဟင်ဂျာလူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ လူမျိုးတူသကဲ့သို့ ရိုဟင်ဂျာလူမျိုးများ၏ နိုင်ငံသားဖြစ်မှုကိုပင် ထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုးများအနေဖြင့် သမိုင်းအထောက်အထားဖြင့် တင်ပြဖြေရှင်းပေးရန် လိုအပ်လာ၍ ဖြေရှင်းပေးရတော့မည် ဖြစ်ပါသည်။
    ရှားဘရိဒ်ခန်က ၁၆ ရာစုတွင် ရေးသားထားသော“ဟာနီဖာနှင့် ခိုင်ယာ ပူရီ“ စာအုပ်တွင် မောင်တောမြို့ လဘောစားကျေးရွာသို့ အေဒီ-၆၈၈ ခုနှစ် မိုဟာမတ်ဟာနိဖ် နောက်လိုက်ရဲဘော်များနှင့် ရောက် ရှိခဲ့ သည်။ ထိုအချိန်တွင် ခိုင်ယာပူရီ ဘုရင်မသည် မေယုတောင်တန်းတစ်လျှောက် မင်းမူအုပ်စိုးနေခဲ့သည်။ ဘုရင်မ ခိုင်ယာပူရီနှင့်တကွ ဘုရင်မ၏ အခြွေအရံများအားလုံး တိုက်ခိုက်သိမ်းယူပြီး အေးချမ်းစွာ အတူတကွ ပူးပေါင်း နေထိုင်လာခဲ့ကြောင်း ယနေ့အထိဖော်ပြပါ ´´မေယုတောင်တန်း´´ တွင် “ဟာနီဖာတောင် ကီ´´ နှင့် “ခိုင်ယာပူရီတောင်ကီ´´ဟူ၍ အထင်အရှားတွေ့မြင်နိုင်သည်။
    ၁၉၉၇-ခုနှစ် မတ်လ စာမူခွင့်ပြုချက်အမှတ် ၃၄/၉၇(၃) ´´သာသနာရောင်ဝါထွန်း စေဖို့´´ ကို ဒုတိယဗိုလ်မှူးကြီးဝင်းမောင် ဦးစီးအရာရှိ (ပထမတန်း) ပြန်လည်နေရာချထား ရေး၊ ညွှန်ကြားရေး မှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသော စာအုပ် စာမျက်နှာ (၆၅)တွင် အေဒီ ၇၀၀နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှန်ကုန်သည်နှင့် ရောမကုန်သည်တို့သည် မိမိပင်ရင်း တိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည်ကမ်းခြေသို့ လည်းကောင်း ကူးသန်း ရောင်းဝယ်ရေး အတွက် ရောက်ရှိခဲ့ကြ သည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသွားသော အာရဗ်သင်္ဘောရှိ မွတ်စလင်တို့သည် ထိုအခါက ပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ကြောင်း တွေ့ ရှိရပေသည်။ ရခိုင်ဘုရင် မဟာတိုင်စန္ဒြ လက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာ ပျက်စီးခဲ့ကြောင်း အီစ္စလာမ် ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မ သို့ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏ဟု ဖော်ပြပါရှိသည်။
    အေဒီ ၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ်ဝလီခန်နှင့် ပါလာသော နောက်လိုက်ဗိုလ်ပါများနှင့် ဗိုလ်ချုပ်စန်ဒီခန်နှင့် အတူပါလာသော နောက်လိုက်ဗိုလ်ပါများ ရခိုင်မြေသို့ ရောက်ရှိပြီး ရခိုင်ဘုရင် နရမိတ်လှ(ခ) မင်းစောမွန် (၁၄၀၄-၁၄၃၄)အားနန်းတင်၍ မြောက်ဦးမြို့ တစ်ဝိုက် အခြေချနေထိုင်ခဲ့သည်။ မြောက်ဦးမြို့ရှိရှေးဟောင်းအမွေအနှစ် စန္ဒီခန်ဗလီမှာ ထင်ရှားသော အမှတ်အသား လက္ခဏာလည်းဖြစ်ပါသည်။
    အာရကန်တွင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် လက်ခံယုံကြည်ကိုးကွယ်နေသူအနက်မှ အချို့မှာ အီစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ် ယုံကြည်လာသူများရှိကြောင်းကိုလည်း ဓည၀တီဆရာတော် ဦးဥာဏက ရခိုင်ရာဇ၀င်ဒုတိယအတွဲ စာမျက်နှာ (၁၆၁/၁၆၃)တွင် မင်းဘာကြီးလက်ထက် ပါရှန် အင်ပါယာ ဖတ်တာကာဒီ ဦးဆောင်သော သံအမတ် (၃)ဦး ဘုရင်ထံရောက်လာကြောင်း၊ အိန္ဒိယမှ အီစ္စလာမ် တရား ဟောသာသနာပြုဆရာများပါလာကြပြီး ရခိုင်ပြည်သူတို့အား အီစ္စလာမ်တရားတော်ကို ဟောပြောသင်ကြားပြသရာ ရခိုင်အမျိုးသားအချို့ ယုံကြည်လာ ကြပြီး အီစ္စလာမ်ဘာသာသို့ ကူးပြောင်း ကိုး ကွယ်ကြသည်ဟု ဖော်ပြထားပါသည်။ ဗုဒ္ဓဘာသာဝင်များသည် အီစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း မြို့ဟောင်းမြို့သား ပဏ္ဍိတ ဦးသာထွန်း ရေးသားသော ရခိုင်မဟာရာဇ၀င် စာအုပ်တွင် ထင်ထင် ရှားရှား ရေးသားထားကြောင်း သိရှိရပါသည်။ ရခိုင်အမျိုးသား ခေါင်းဆောင်ကြီး နိုင်ငံတော် ကောင်စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူက ရေးသားထားသော ´´အောင်ပန်း ကြီးငွေ စကား ရည်လုပွဲ´´ စာအုပ်တွင် ဗုဒ္ဓဘာသာဝင်အချို့ အီစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြောင်း ထောက်ခံ ရေးသားထားပါသည်။
    ရန်ကုန်တက္ကသိုလ်ပညာရေး မဟာဌာန ကထိက ဦးကြည်ဘီအေ (ရာဇ၀င်ဂုဏ်ထူး) ဘီအီးဒီ၊ ဘီအယ်လ်ရေး မြန်မာရာဇ၀င် သိအပ်ဖွယ်ရာ အဖြာဖြာ စာအုပ်စာမျက်နှာ (၁၂၂) တွင် (၃)ရာစုလောက်ကစပြီး ဟိန္ဒူဘာသာ ရခိုင်ပြည်သို့ ရောက်လာသည်။ ၁၅ရာစုတွင်မူကား အီစ္စလာမ်ဘာသာရောက်လာပြီး များစွာသော ရခိုင်တို့သည် မွတ်စလင်ဘာသာဝင်များ ဖြစ်လာကြသည်။ ထိုအချိန်မှစ၍ ရခိုင်မင်းများသည် ဗုဒ္ဓဘာသာကိုးကွယ်ကြသော် လည်း သူတို့၏ ဘွဲ့များမှာမူကား မွတ်စလင်ဘွဲ့များဖြစ်သည်။ ဥပမာ “ဘစောဖြူ´´ မင်းကို “ကလီမားရှား“ ဟူ၍လည်းကောင်း၊ “မင်းခမောင်း“ကို “ဟူစိန်ရှား“ဟူ၍ လည်း ကောင်း မွတ်စလင်ဘွဲ့များဖြင့် ခေါ်ဆိုကြသည်။
    ၁၉၆၂ခု၊ ဧပြီလ (၃၀)ရက်ထုတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ်မှ ထုတ်ဝေသော “အခြေပြုမြန်မာနိုင်ငံရေးသမိုင်း´´ စာမျက်နှာ (၃၈၇) “မင်းစောမွန်“ နောက် ဆက် ခံသော မင်းဆက်များမှာ အောက်ပါအတိုင်းဖြစ် သည်-
    ၁။ မင်းခရီး (နရမိတ်လှကိုဆက်ခံသူ (အေဒီ ၁၄၃၄-၁၄၅၉) (အလီခန်)။
    ၂။ ဘစောဖြူ (အေဒီ ၁၄၅၉-၁၄၈၂) (ကလီမားရှား)။
    ၃။ မင်းဒေါလျာ (အေဒီ ၁၄၂၈-၁၄၉၂) (မေနုရှား)။
    ၄။ ဘစောမင်းညို (အေဒီ ၁၄၉၂-၁၄၉၄) (မူဟာမက်ရှား)။
    ၅။ မင်းရန်အောင် (အေဒီ ၁၄၉၄) (နုရီရှား)။
    ၆။ စလင်္ကသူ (အေဒီ ၁၄၉၄-၁၅၀၀) (ရှိတ်အဗ္ဗဒုလ္လာရှား)။
    ၇။ မင်းရာဇာ (အေဒီ ၁၅၀-၂၃) အီလီသျာ (ဒီလိုင်ယပ်ရှား)။
    ၈။ မင်းစောအို (အေဒီ ၁၅၂၅) ဇလသျာ (ဂျလာလ်ရှား)။
    ၉။ သဇာတ (အေဒီ ၁၅၂၅-၃၁၀) အီလီသျာ (အလီရှား)။
    အထက်ပါ မင်းတို့သည် ယင်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့်အတိုင်း မူစလင် ဘွဲ့မည်များကို ခံယူထားသော်လည်း စင်စစ်ဗုဒ္ဓဘာသာဝင် ရခိုင်မင်းများသာဖြစ်ကြသည်။ မိမိတို့ပိုင်နက်အတွင်း အထူးသဖြင့် အီစ္စလာမ်ဘာသာဝင်များကို သိမ်းသွင်းစည်းရုံးထားနိုင် စေရန် မဂိုဧကရာဇ်နှင့် တန်းတူရည်တူ ဘွဲ့မည်ခံယူထားနိုင်ကြောင်းကို ပြသရန်ဖြစ်ပေ သည်ဟု ဖော်ပြပါရှိပါသည်။
    ၁၉၅၄ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့၊ ည၈နာရီအချိန်တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွှင့် မိန့်ခွန်းမှ ကောက်နုတ်ချက်
     ပြည်ထောင်စုရဲ့ အနောက်တောင်ဖက်မှာ ရခိုင်တိုင်းရှိတယ်၊ အဲဒီရခိုင်တိုင်းရဲ့ စစ်တွေခရိုင်ထဲမှာ ဘူးသီးတောင်နှင့် မောင်တောဆိုတဲ့မြို့နယ် (၂)မြို့နယ်ရှိတယ်။ အဲဒီမြို့နယ် (၂)မြို့နယ်ဟာ အရှေ့ပါကစ္စတန်နှင့် နယ်ချင်း ဆက်စပ်နေတယ်။၊ ဒီဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ပြည်ထောင်စုသားများဟာ များသောအားဖြင့် “ရိုဟင်ဂျာ`` အမျိုးသားများဖြစ်ပြီး မွတ်စလင်များဖြစ်ကြပါတယ်ဟု အသံလွှင့် မိန့်ခွန်း ရှင်းလင်းချက်စာအုပ်စာမျက်နှာ (၃) တွင် ဖော်ပြထားပါသည်။
    နိုင်ငံတော်ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဦးဗဆွေ၏လူထုအစည်းအဝေး မိန့်ခွန်းကောက်နုတ်ချက်။
     ၁၉၅၉ခုနှစ်၊ နိုဝင်ဘာလ (၃-၄)ရက်နေ့များတွင် ဘူးသီးတောင် မောင်တောမြို့လူထု အစည်းအဝေး၌ အောက်ပါအတိုင်း မိန့်ခွန်းမြွတ်ကြားခဲ့ပါသည်။
    “ရိုဟင်ဂျာ“ လူမျိုးစုများသည် လူနည်းစုများဖြစ်ကြသော ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်စသော တိုင်းရင်းသားလူမျိုးများနှင့် တန်းတူဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးနှစ် ပေါင်း များစွာက ရာဇ၀င်အရ နေထိုင်လာခဲ့ကြကြောင်း၊ ၎င်းတို့သည် သစ္စာသမာဓိနှင့် ပြည့်စုံကာ တိုင်းရင်းသားအခြားလူမျိုးများနှင့် ရင်းနှီးစွာ ချစ်ကြည်ကြကြောင်း ရာဇ၀င်အထောက် အထားများနှင့် မိန့်ကြားသွားခဲ့ပါသည်။
    မြန်မာ့နိုင်ငံရေး ၁၉၅၈-၁၉၆၂ တတိယတွဲ ဦးကျော်ဝင်း၊ ဦးမြဟန်နှင့် ဦးသိန်းလှိုင်တို့က ပြုစု၍ မြန်မာ့သမိုင်းဖြစ်ရပ်မှန်များ ရေးသားပြုစုရေးအဖွဲ့စီစဉ်ပြီး (၁၉၉၁)ခုနှစ်တွင် ထုတ်ဝေခဲ့ရာတွင်လည်း ရိုဟင်ဂျာလူမျိုးများနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ အသင်းမှ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ် ပေးသင့်မပေးသင့် ဆွေးနွေးခဲ့ကြောင်း ဖတ်ရှုရပါသည်။
    ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးနှင့် စိတ်ဓာတ်ရေးရာ ညွှန်ကြားရေးမှူးရုံး တပ်မတော်ခေတ်ရေး စာစောင်(၂)စောင်အနက် (၈.၈.၆၁)နေ့ထုတ် အတွဲ ၁၂အမှတ် (၉) စာစောင်တွင် “ပျောက်သော သူပြန်တွေ့သည့်ပမာ´´ ခေါင်းစဉ်ဖြင့် ဘူးသီးတောင် မောင်တောတွင် ရိုဟင်ဂျာလူမျိုး (၉၇%)ရှိကြောင်း ဖော်ပြပါရှိပါသည်။
    ၁၉၆၄ခုနှစ် စာပေဗိမာန်မှ ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်းအတွဲ (၉)စာမျက်နှာ ၈၉/၉၀တွင် မေယုနယ်ခြားခရိုင်အကြောင်း ဖော်ပြထားရာ (ဘူးသီးတောင် မောင်တော)တွင် လူဦးရေ (၄)သိန်း (၅)သိန်းခန့် ရှိရာ (၇၅%)မှာ ရိုဟင်ဂျာလူမျိုးများဖြစ်ကြောင်း ဖော်ပြထား ပါသည်။
    (၁၅.၅.၆၁)နေ့မှစ၍ ရိုဟင်ဂျာတိုင်းရင်းသားလူမျိုးစု၏ အစီအစဉ်တစ်ရပ်ကို တစ်ပတ်လျှင် (၃)ကြိမ်နှုန်းဖြင့် ဒုတိယမြန်မာပိုင်းအစီအစဉ်မှ ရိုဟင်ဂျာဘာသာစကားဖြင့် အသံလွှင့်ခွင့် ရရှိခဲ့ပါသည်။ ထိုသို့ ရိုဟင်ဂျာဘာသာ အစီအစဉ်ဖြင့် အသံလွှင့်ခဲ့သည့် ကိစ္စကို ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနထုတ် နှစ်(၃၀)မြန်မာအသံစာအုပ် စာမျက်နှာ (၇၁)တွင် တရားဝင်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
    မြန်မာ့အသံ (၂၅)နှစ်မြောက် ငွေရတုသဘင်စာအုပ်အဖြစ် ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် သောတရှင်မဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာ ထိုစာအုပ် စာမျက်နှာ ၅၅တွင် ၁၉၄၇ခုနှစ်စ၍ တိုင်းရင်းသားဘာသာ စကားများဖြင့် စတင်အသံလွှင့်ခွင့်ပြုခဲ့သည့် ရက်စွဲများကို ဖော်ပြရာ၌ ၁၉၄၇ ခုနှစ်တွင် အဓိက ရှမ်းနှင့် ကချင်ဘာသာ၊ ၁၉၄၉ခုနှစ်တွင်-စကောကရင်နှင့် ပိုးကရင်ဘာသာ၊ ၁၉၅၉နှစ်တွင် ချင်းဘာသာ၊ ၁၉၆၁ခုနှစ်တွင် မွန်ဘာသာ၊ ပအို့စ်ဘာသာ၊ လားဟူဘာသာ၊ ရိုဟင်ဂျာဘာသာနှင့် ကယားဘာသာတို့ အသံလွှင့်ခဲ့ကြောင်း ဖော်ပြထားပါသည်။
    လူသားမျိုးနွယ်အချို့သည် မူလက သမိုင်းစဉ်အရ ၎င်းတို့ ခေါ်ဝေါ်ခဲ့ကြသည့် လူမျိုး အမည်မှ ၎င်းတို့ကြိုက်နှစ်သက်ရာ လူမျိုးအမည်ကို ပြောင်းလဲမှည့်ခေါ်လာခဲ့ကြကြောင်း အထင်အရှားတွေ့မြင်နိုင်ပါ။ ယင်းကဲ့သို့ မိမိတို့လူမျိုးအမည် မိမိတို့ကြိုက်နှစ်သက်ရာ ပြောင်းလဲမှည့်ခေါ်သတ်မှတ်လာခဲ့ကြခြင်းကို အခြားလူတစ်စု လူမျိုးတစ်မျိုးက ကန့်ကွက်ခွင့် ရှိမည်မဟုတ်ချေ။ လူတိုင်းလူတိုင်း ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သော လူသားတို့၏ မွေးရာပါ အခွင့်အရေးလည်း ဖြစ်ပါသည်။
    မြန်မာနိုင်ငံတွင် ယခင်က “လ၀“လူမျိုးမှ “၀“လူမျိုး၊ “ကရင်နီ“မှ “ကယား“လူမျိုး၊ “တလိုင်း“ လူမျိုးမှ “မွန်“လူမျိုးဟု လည်းကောင်း အသီးသီး ပြောင်းလဲခေါ်ဝေါ်လာခဲ့ကြသည်။ သမိုင်းစဉ် အရ ငြင်းဆိုနိုင်မည်မဟုတ်ချေ။
    ပြည်ထောင်စုမြန်မာသမ္မတနိုင်ငံတော် ရှမ်းပြည်နယ်တွင် “ရှမ်း´´၊ “ပအို့ဝ်“၊ “ကိုးကန့်“၊ “၀“၊ “ဓနု“၊ “ပလောင်“ စသဖြင့် လူမျိုးနွယ်စုများ စုံလင်စွာ ရှိနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ “ကိုးကန့်“၊ “၀“၊ “ပအို့စ်“၊ “ဓနု“၊ “ပလောင်“ လူမျိုးများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးရရှိထားပြီးဖြစ်ပါသည်။ ရှမ်းလူမျိုးတို့က အဆိုပါ ကိစ္စများအပေါ် တစ်စုံတစ်ရာ ကန့်ကွက် မှုမရှိသည့်အပြင် ကြိုဆို လက်ခံထားလျက်ရှိသည်ကို မြင်တွေ့နိုင်ပါသည်။
    ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာများအား အလွန်ယုံကြည်လေးစားကြပါသည်။ နိုင်ငံတကာ သတင်းဌာနအချို့နှင့် မြန်မာဂျာနယ်အချို့သည် ရိုဟင်ဂျာကိစ္စကို သာသာ ထိုးထိုး နှိမ့်ချရေးသားကြသည်ကို ဖတ်မိသော ပရိတ်သတ်များ သို့လော သို့လော ဖြစ်ကုန်ကြပါသည်။ မိမိဂျာနယ်မှာ ရေးသားသော သတင်းမှန်သည် မှားသည် တစ်ဘက် စောင်းသည် မီးလောင်ရာလေပင့်သလို ဖြစ်နေသည်ကို မစဉ်းစားဘဲ သတင်းဖော်ပြရန်သာ ဆန္ဒစောနေကြပါသည်။ ရိုဟင်ဂျာလူမျိုးများ သတင်းမှန်ရင် ဖော်ပြခွင့်မရှိပါ၊ ဂျာနယ် များက မဖော်ပြချင်တာလည်း ဖြစ်နိုင်ပါသည်။ သတင်းဘယ်လောက်မှန်တယ် မှားတယ် ဆိုတာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တားယူရသည့်အထိ ဖြစ်ခဲ့ပါသည်။
    တစ်ဖက်နှင့်တစ်ဖက် ဖြစ်ပြီဆိုရင် နှစ်ဖက်ကို မျှတအောင်မေးမြန်းသင့်ပါသည်။ ရိုဟင်ဂျာသတင်း ရိုဟင်ဂျာကို မေးမြန်းမှ သင့်တော်မည်။ တစ်ဖက်လူကိုလည်း မေးမြန်းပါ။ တစ်ဖက်စွပ်စွဲချက်များနှင့် ရိုဟင်ဂျာတို့အပေါ် စွဲချက်မတင်သင့်ဘူးလို့ ရိုးသားစွာ ယုံကြည် ပါသည်။
    ရိုဟင်ဂျာဘယ်တုန်းကမှ မြန်မာနိုင်ငံမှာ မရှိခဲ့ဘူးလို့ ပြောနေကြသည့် ပုဂ္ဂိုလ်ကျော် ကြီးများကို ပြောချင်တာက ရိုဟင်ဂျာသည် လူသားမျိုးနွယ်စုတစ်စုပါ။ ရိုဟင်ဂျာများသည် မဆလပါတီ ခေတ်ကတည်းက လူသားဆန်သော ဆက်ဆံမှုမျိုး ယနေ့တိုင် မျှော်လင့်စောင့် စားနေပါသည်။ ခေတ်သစ်ဒီမိုကရေစီဖြစ်သည့်အတွက် စိတ်သစ်၊ လူသစ်နှင့် လူသား မျိုးနွယ်စု တစ်စုလို အမြင်ကြည်လင် စေချင်ပါသည်။ ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရ များမှ အသိအမှတ်ပြုမှုများပင် လက်ရှိအချိန်၌ နောက်ကြောင်းပြန် အာဏာသက်ရောက်စေ ပြီး ပယ်ဖျက်ခံရသကဲ့သို့ ခံစားနေရ ပါသည်။
    တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးတွင် ရိုဟင်ဂျာမပါဘူးလို ပြောဆိုခြင်းသည် မဆလ တစ်ပါတီအာဏာရှင်များနှင့် ရခိုင်ပြည်နယ်မှ နိုင်ငံရေးသမားအချို့ ကန့်ကွက်ခဲ့ကြလို့ တိုင်းရင်းသားလူမျိုး (၁၃၅)စာရင်းထဲ ပါဝင်ခွင့်ကို အခုအမြင်အတိုင်း ရိုဟင်ဂျာလူမျိုးများ မဆလပါတီ အုပ်ချုပ်စဉ်က ပါဝင်ဆွေးနွေးခွင့်မရရှိဘဲ တရားမျှတမှု ကင်းမဲ့စွာ ပစ်ပယ်ခံခဲ့ ကြရပါသည်။ ရိုဟင်ဂျာသည် ခိုးဝင်လာသူများဖြစ်သည်ဟု မဆလ အာဏာရှင်ခေတ်မှစ၍ ယနေ့အထိ ပြောဆိုခြင်းသည် မဆလပါတီကို လွမ်းနေသူများပြောဆိုနေသည်ဟု ခံစားမိပါ သည်။ မဆလ ပါတီက တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးမှ (၁၄၃)မျိုးဟု (၁၉၇၃)ခုနှစ်တွင် ကြေငြာခဲ့ခြင်းဖြစ်ပါသည်။
    ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးမှ တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးဟု မည်သည့် အစိုးရလက်ထက် မည်သည့်လွှတ်တော်အစည်းအဝေးက အတည်ပြုသည်ကို အတိအလင်းမတွေ့မြင် မသိရှိရပါ။ ၁၉၇၃-ခုနှစ် နိုင်ငံခြားသားစာရင်းတွင် ပါရှိခဲ့သော ဒိုင်းနက်လူမျိုးသည် ယခုအခါ တိုင်းရင်းသားလူမျိုးစာရင်းတွင် ပါဝင်လာခဲ့ရာ မည်သည့်အ စိုးရလက်ထက် မည့်သည့်လွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်ကိုလည်း မတွေ့ မြင်မသိရှိရပါ။
    ရိုဟင်ဂျာမျိုးနွယ်စုဝင်များ ကွယ်ပျောက်ရန်အန္တရာယ်ရှိနေခြင်းကြောင့် သမိုင်းပညာ ရှင်များ၊ ဥပဒေပညာရှင်များ၊ နိုင်ငံတော်အကြီးအကဲများနှင့်စုံစမ်းရေး ကော်မရှင်တို့က နှစ်ပေါင်း(၅၀) နီးပါး သမိုင်း စာမျက်နှာ မှ ပျောက်နေခဲ့သော ရိုဟင်ဂျာ မျိုးနွယ်စု၏ သမိုင်း ကြောင်း အစစ်အမှန်တို့ကို တရားမျှတစွာ လေ့လာဖော်ထုတ်ပေးပြီး လူမျိုးစုငယ်များအား ဥပဒေများဖြင့် ကာကွယ်စောင့် ရှောက်ပေးသင့်ပါကြောင်း အကြံပြု တင်ပြလိုက်ပါသည်။
    မေယု-မျိုးအောင်
    စာရေးဆရာ
    ၁၂/မဂဒ(နိုင်) ၀၉၈၃၃၈