News @ M-Media

Tag: ဘာသာပြန်

  • ငါဘာကိုပူပင်နေတာလဲ?

    I keep six honest serving-men

    (They taught me all I knew)

    Their names are What and Why and When

    And How and Where and Who.

    (Rudyard Kipling)

    ကျတော်တို့ဟာ ဘ၀မှာ အမျိုးမျိုးသော ပူပင်သောကတွေ၊ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းကြရပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ အဲဒီနည်းလမ်းလေးကတော့ အဆင့်သုံးဆင့်ပါဝင်ပါတယ်။

    (၁) အချက်အလက်တွေကို တတ်နိုင်သလောက်ပြည့်စုံအောင်စုဆောင်းပါ။

    (၂)ရလာတဲ့အချက်အလက်တွေကို သေချာလေ့လာသုံးသပ်ပါ။

    (၃)ဆုံးဖြတ်ချက်ချပါ။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ပါ။

    ဒီနည်းကို အရစ်တိုတယ် ပြောခဲ့တာပါ။ သူကိုယ်တိုင်လည်းအသုံးချခဲ့ပါတယ်။ ကျတော်တို့ရဲ့ နေ့တွေ ညတွေကို လောကငရဲ ဖြစ်အောင်လုပ်နေတဲ့ ဒီပူပင်သောကတွေကို ဖြေရှင်းချင်တယ်ဆိုရင်တော့ ကျတော်တို့လည်း ဒီနည်းကို သုံးသင့်ပါတယ်။

    ကဲ.. ပထမဆုံး အဆင့်ကို ကြည့်ရအောင်။ အချက်အလက်တွေကို တတ်နိုင်သလောက်စုဆောင်းပါ..တဲ့။ ဘာလို့ အချက်အလက်စုဆောင်းဖို့ အရေးကြီးတာလဲ?။ ဘာလို့လဲ ဆိုတော့ လိုအပ်တဲ့ အချက်အလက်တွေ ကို မကိုးကားပဲနဲ့ ဘယ်လိုမှ ပြသနာတွေကို လိမ်လိမ်မာမာ ဖြေရှင်း နိုင်မှာ မဟုတ်ပါဘူး။ လုပ်သမျှတွေဟာ ဆင်ကန်းတောတိုးသလိုဖြစ်နေမှာပါပဲ။ ဒါကျတော့် အယူအဆ လို့ ထင်ပါသလား?။ မဟုတ်ဘူးခင်ဗျ။ ကိုလန်ဘီယာ တက္ကသိုလ်မှာ နှစ်ပေါင်းနှစ်ဆယ်လောက် ကျောင်းအုပ်ကြီးလုပ်လာတဲ့ ဟာဗတ်ဟော့စ် ရဲ့အယူအဆဗျ။ သူဟာ ကျောင်းသားပေါင်း နှစ်သိန်း လောက်ရဲ့ သောကဗျာပါဒ တွေကို ကူညီဖြေရှင်းပေးခဲ့ဘူးတယ်။ “ အခြေအနေမှန်ကို နားမလည်မှု့ဟာ ပူပင်သောကတွေအားလုံးရဲ့ အကြောင်းရင်းပဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ပူပင်သောကတွေအားလုံးရဲ့ တ၀က်လောက်က လုံလောက်တဲ့ အချက်အလက်မရသေးခင် ဆုံးဖြတ်ချက်ချဖို့ ကြိုးစားနေတဲ့သူတွေ ကြောင့်ဖြစ်ရတာဗျ။” လို့ သူကပြောပါတယ်။ “ဆိုကြပါစို့ဗျာ.. ကျတော့်မှာ ပြသနာတစ်ခုရှိတယ်။ ဒါပေမယ့် ဒီပြသနာကို နောက်တပတ် အဂါင်္နေ့မှ ရင်ဆိုင်ရမယ်ဆိုပါစို့။ ကျတော် အင်္ဂါနေ့ မရောက်မချင်း ဘာမှ ဆုံးဖြတ်ချက်ချမထားဘူး။ ဒီကြားထဲမှာ ဒီပြသနာနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ရနိုင်သလောက် စုဆောင်းတယ်၊ လေ့လာတယ်။ ကျတော် ဘာမှ ပူပင်နေတာလဲ မရှိဘူး။ အိပ်ရေးလဲ မပျက်ဘူး။ ဒီလို သေချာ ပြင်ဆင်ထားတယ်ဆိုရင် အဂါင်္နေ့ရောက်တာ နဲ့ ပြသာနာက သူ့ဟာသူ ဖြေရှင်းပြီးသားဖြစ်သွားတာပဲ။”

    ကျတော်ကျောင်းအုပ်ကြီးကို ဆက်မေးပါတယ်။ “ဒီလိုလုပ်တော့ ဆရာ့မှာ ဘာသောက၊ ဘာပူပင်မှု့မှ မရှိတော့ဘူးလား”။ “အရိုးသားဆုံးပြောရ ရင်တော့ ကျတော့်ရဲ့ ပူပင်မှု့တွေ အကုန်နီးနီး ပျောက်ကုန်တာအမှန်ပဲဗျ။ လူတစ်ယောက်ဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြသနာရဲ့ အချက်အလက်တွေ ကို ဓမ္မဓိဌန် ကျကျ ရှာဖွေစုဆောင်းနိုင်မယ်၊ ဘက်မလိုက်ပဲ ဝေဖန်ပိုင်းခြားနိုင်မယ်ဆိုရင် သူရဲ့ ပြသနာတွေဟာ များသောအားဖြင့် သူ့ဟာသူ ဖြေရှင်းပြီးသားဖြစ်သွား တာပဲဗျ” ။

    အချက်အလက်တွေကို ကျတော်တို့ဘယ်လိုစုဆောင်းကြမလဲ။ ကိုလန်ဘီယာတက္ကသိုလ်ကျောင်းအုပ်ကြီးပြောသလိုပဲ အချက်အလက်တွေကို ဓမ္မဓိဌန်ကျကျရှာဖွေစုဆောင်းရမယ်၊ ဘက်မလိုက်ပဲဝေဖန်ပိုင်းခြားနိုင်ရမယ်။ တနည်းအားဖြင့်ပြောရရင် ကျတော်တို့ရဲ့ စိတ်ခံစားချက်တွေကို ခဏဘေးဖယ်ထားနိုင်ရမယ်။ တကယ်တမ်းကျ ကျတော်တို့ ပူပင်သောက တွေဖြစ်နေတဲ့အချိန်မှာ ဒီလိုခေါင်းအေးအေး စဉ်းစားနိုင်ဖို့ဆိုတာ သိတ်တော့ မလွယ်ဘူးဗျ။ ဒါပေမယ့် ကျတော် သုံးတဲ့နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

    (၁) ပူပင်နေတဲ့ ပြသနာအတွက် အချက်အလက်တွေကို စုဆောင်းတဲ့နေရာမှာ ကိုယ့်အတွက်ကို စုဆောင်းတယ်လို့ မမှတ်ယူပဲ တခြားသူတစ်ယောက်အတွက် စုဆောင်းပေးတယ်လို့ သဘောထားလိုက်ပါ။ အဲလိုလုပ်တဲ့အတွက် အတိုင်းအတာတစ်ခုအထိ ခေါင်းအေးအေး ထားပြီး စဉ်းစားနိုင်လာတယ်။

    (၂)ကိုယ့်ကိုယ် ကို အခြားတဖက်အတွက်လျှောက်လဲချက်ပေးမယ့် ရှေ့နေတစ်ယောက်အဖြစ်သဘောထားပြီး ဆန့်ကျင်ဘက် အချက်အလက် တွေကို သေချာစုဆောင်းပါ။ တနည်းအားဖြင့်ဆိုရင် အဆိုးဆုံးဖြစ်လာနိုင်တဲ့ အချက်အလက် တွေကို စုဆောင်း ပါ။

    ပြီးရင် ကိုယ်ရရှိထားတဲ့ နှစ်ဘက်လုံးကအချက်အလက်တွေကို ချရေးကြည့်ပါ။ ကိစ္စအတော်များများဟာ အဲဒီအစွန်းနှစ်ဘက် ကြားမှာ အဖြေပေါ် လာပါလိမ့်မယ်။

    ကျတော်ပြောချင်တာက စာဖတ်သူရော ကျတော်ရော အိုင်းစတိုင်းရော လုံလောက်တဲ့ အချက်အလက်မရရှိပဲ ဘယ်ပြသနာကိုမှ ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးဆိုတာပါပဲ။ အက်ဒီဆင်ဟာ သူ့ဘ၀တလျှောက်လုံးမှာ သူရင်ဆိုင်ရတဲ့အခက်အခဲတွေရဲ့ အချက်အလက်တွေကိုချရေးထားတဲ့ မှတ်စုစာအုပ်ပေါင်း နှစ်ထောင့်ငါးရာကျော်ရှိပါတယ်။

    ကဲ..ဒီတော့ ပြသနာတစ်ခုခုကို ရင်ဆိုင်ရတဲ့အခါမှာ အရင်ဆုံးလုပ်ရမယ့် စည်းမျဉ်းကတော့ အချက်အလက်တွေကို စုဆောင်းဖို့ပဲ။ ဒါပေမယ့် အချက် အလက်တွေစုဆောင်းနေရုံသက်သက်နဲ့တော့ ပြသနာဖြေရှင်းနည်းက ထွက်လာမှာမဟုတ်ပါဘူး။ စုဆောင်းထားတဲ့ အချက်အလက်တွေကို ခွဲခြမ်း စိတ်ဖြာဖို့ ဘာသာပြန်ဖို့လိုပါတယ်။

    ဒီနေရာမှာ ကျတော်ဘာတွေ့သလဲဆိုတော့ အချက်အလက်တွေကို သေချာ စာရွက်ပေါ်မှာ ချရေးလိုက်တာဟာ ဒီအချက်အလက်တွေကို ခွဲခြမ်းစိတ် ဖြာဖို့ ပိုလွယ်တယ်ဆိုတာပါပဲ။ ရရှိလာတဲ့ အချက်အလက်တွေရယ် ၊ ပြီးရင်ကိုယ် ရင်ဆိုင်နေရတဲ့ အခက်အခဲရယ်ကို သေချာချရေး လိုက်မယ်ဆိုရင် ဒီအခက်အခဲကို ဖြေရှင်းဖို့ အတော်ခရီးရောက်သွားပြီဗျ။ “သေချာချရေးထားတဲ့ ပြသနာတစ်ခုဟာ တ၀က်ဖြေရှင်းပြီးသားဖြစ်တယ်” လို့ဆိုရိုးရှိတယ် မို့လား။

    ကျတော်ပြောခဲ့တာတွေကို လက်တွေ့ပုံဖော်ဖို့ အဖြစ်အပျက်လေးတစ်ခုပြောပြချင်ပါတယ်။ တခါတလေကျ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါဆိုတာတွေပြော နေတာထက်စာရင် အဖြစ်အပျက်တစ်ခုခု ကိုပြောပြလိုက်တာက ပိုမှတ်မိလွယ်တယ်လေ။ ကျတော် ဂါးလန်းလစ်ခ်ျဖီးလ် ဆိုသူတစ်ယောက်အ ကြောင်းပြောပြမယ်။ သူက ကမ္ဘာ့အရှေ့ဖျားမှာ အောင်မြင်နေတဲ့ စီးပွားရေးသမား တစ်ဦးပါ။ ကျတော်နဲ့ သိတာတော့ အတော်ကြာပါပြီ။ ၁၉၄၂ ဂျပန်တွေ ရှန်ဟိုင်းကို ကျူးကျော်ဝင်ရောက်လာတုန်းက မစ္စတာလစ်ခ်ျဖီးလ် က ရှန်ဟိုင်းမှာပါ။ သူ့အဖြစ်အပျက်ကို သူပြောတဲ့အတိုင်းပဲ ရေးလိုက်ပါတယ်။

    “ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ၀င်တိုက်ပြီး သိတ်မကြာခင်ပဲ ရှန်ဟိုင်း ကိုဝင်လာတယ်ဗျ။ အဲဒီတုန်းက ကျတော်က ရှန်ဟိုင်းက အာရှအသက်အာမခံ ကုမ္ပဏီမှာ မန်နေဂျာလေ။ ဂျပန်တွေက ကျတော့် ကုမ္ပဏီ စာရင်းတွေရှင်းဖို့ အရာရှိတစ်ဦးလွှတ်လိုက်တယ်။ တကယ်တော့ သူက ဂျပန်စစ်ဗိုလ်။ ကုမ္ပဏီပိုင်ဆိုင်မှု့တွေ စာရင်းလုပ်တဲ့နေရာမှာ ကျတော်က သူ့ကိုကူညီရမယ်ဆိုပြီး ဂျပန်တွေက တခါတည်းအမိန့်ထုတ်လိုက်တယ်။ ကျတော်မှာ ဘာမှ ရွေးချယ်စရာမရှိဘူးလေ။ သူတို့နဲ့ ပူးပေါင်းရင်ပူးပေါင်း မပူးပေါင်းရင်တော့ သေဖို့ပဲ။ ဒီတော့ ကျတော်လဲ သူတို့ပြောသလိုလုပ်ရတော့တာပေါ့။ ဒါပေမယ့် ကျတော့်စာရင်းထဲမှာ ဒေါ်လာ ၇၅၀၀၀၀ လောက်တန်တဲ့ အာမခံတစ်ခုကိုတော့ ချန်ထားလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ဒီအာမခံက ကျတော်တို့ ရှန်ဟိုင်း ရုံးနဲ့ မဆိုင် ပဲ ဟောင်ကောင်ရုံးနဲ့သာ ဆိုင်တဲ့ဟာမို့လို့ပါ။ တချိန်တည်းမှာပဲ ကျတော်ကြောက်နေတာက ဂျပန်တွေကျတော့်ရဲ့ စာရင်းထိမ် ချန်မှု့ကို တွေ့သွားမှာကိုပဲ။ ကံဆိုးတာက ကျတော်ကြောက်တဲ့အတိုင်းပဲ ဖြစ်လာတာပါပဲ။ ”

    “အဲဒီအချိန်က ရုံးခန်းမှာ ကျတော်မရှိဘူးဗျ။ ဒါပေမယ့် ကျတော့် စာရင်းကိုင်တော့ရှိတယ်။ သူပြောပုံအရတော့ ဂျပန်စစ်ဗိုလ်ဟာ အရမ်းကိုဒေါသ ထွက်နေတယ်။ ပြီးတော့ ကျတော့်ကိုလည်း သူခိုး၊ သစ္စာဖောက်လို့ ခေါ်တယ်။ ဂျပန်တပ်မတော်ကို ဆန့်ကျင်တယ်လို့လဲ စွပ်စွဲတယ်။ ဒီပုံအတိုင်းဆို ရင်တော့ ကျတော့်ကို ကင်ပေတိုင်စခန်း ထဲပို့တော့မှာပဲ။ ကျတော့်မှာ ကင်ပေတိုင်စခန်းအပို့ခံရတဲ့ အသိတစ်ယောက်ရှိတယ်။ အဲဒီမှာ အနှိပ်စက်ခံ ရတာနဲ့ ဆယ်ရက်လောက်နေတော့ သေတာပါပဲ။ အခု ကျတော်ကိုယ်တိုင် အဲဒီစခန်းကို အပို့ခံရမယ့် ကိန်းဆိုက်လာပြီ”

    “ကျတော်ဘာလုပ်ရမလဲ။ ကျတော်ဒီသတင်းကို ကြားတာက တနင်္ဂနွေနေ့ နေ့လယ်မှာ။ ကြောက်လိုက်တာဆိုတာ တော့ ပြောစရာကိုမရှိဘူး။ ဒါပေမယ့် ကျတော့်မှာ ပြသနာကို ဖြေရှင်းတဲ့ နည်းတစ်ခုရှိတယ်။ ကျတော် အခက်အခဲတစ်ခုခုနဲ့ ပတ်သတ်ပြီး ပူပင်သောက ရောက်လာပြီ ဆိုတာနဲ့ မေးခွန်းနှစ်ခုကို လက်နှိပ်စက် နဲ့ရိုက်ကြည့်တတ်တယ်။

    (၁) ငါ ဘာကို ပူပင်နေတာလဲ (တနည်းအားဖြင့် ဆိုရင် –ပြသနာကဘာလဲ)

    (၂) ဒီပြသနာနဲ့ ပတ်သတ်ပြီး ငါ ဘာလုပ်နိုင်သလဲ

    ဒီမေးခွန်းနှစ်ခု နဲ့ အဖြေ ကို ချပြီးရိုက်ကြည့်လိုက်တာနဲ့ အဲဒီပြသနာကို ကျတော် ရှင်းရှင်းလင်းလင်းခေါင်းအေးအေး နဲ့ စဉ်းစားနိုင်လာတယ်။ အဲဒါနဲ့ ကျတော်လဲ အခန်းကိုပြန် လက်နှိပ်စက်ကိုထုတ်ပြီး ဒီမေးခွန်းနှစ်ခုနဲ့ အဖြေကို ချရိုက်လိုက်တယ်။

    (၁) ငါ ဘာကိုပူပင်နေတာလဲ

    တနလာင်္နေ့ မနက်မှာ ငါ့ကို ကင်ပေတိုင်စခန်း အပို့ခံရမှာကို ငါကြောက်နေတာ။

    (၂) ဒါနဲ့ပတ်သတ်ပြီး ငါဘာလုပ်နိုင်သလဲ

    ကျတော်အချိန်တော်တော်ကြာစဉ်းစားပြီးတော့ လုပ်နိုင်တဲ့နည်းလမ်း လေးခု နဲ့ ဒါတွေရဲ့ အကျိုးဆက်တွေကို ကျတော်ချရေးလိုက်တယ်

    (၁) ငါ ဂျပန်စစ်ဗိုလ်ကို သွားရှင်းပြမယ်။ ခက်တာက သူက ငါပြောတာကို တစ်လုံးမှနားမလည်ဘူး။ စကားပြန်ကနေ တဆင့်ရှင်းပြပြန်ရင်လဲ သူ့ကို ပိုပြီး ဒေါသထွက်အောင်လုပ်သလိုဖြစ်လာနိုင်သေးတယ်။ အခင့်မသင့်ရင် ချက်ချင်း ကင်ပေတိုင်စခန်း အပို့ခံရနိုင်တယ်။

    (၂) ထွက်ပြေးမယ်။ ဒါတော့ မဖြစ်နိုင်ဘူး။ သူတို့ငါ့ကို အမြဲ စောင့်ကြည့်နေတာ။ အခန်းထဲအ၀င်အထွက်တောင်လက်မှတ်ထိုးရတာ။ မလွတ်ခင် သေချာပေါက်ပြန်မိမှာ။ အဲဒါမှ တခါတည်း ပစ်အသတ်ခံရမှာ။

    (၃) တနလာင်္နေ့ ရုံးမတက်ပဲ အခန်းမှာပဲ နေလိုက်မယ်။ ဒီလိုဆိုရင်လည်း ဂျပန်စစ်ဗိုလ်က ပိုပြီး သံသယ၀င်လာမယ်။ မတော်လို့ စစ်သားတွေလွှတ်ပြီး ဘာစကားမှပြောခွင့်မရပဲနဲ့ ကင်ပေတိုင်စခန်းကို တန်းပို့လိုက်ရင် ဒုက္ခ။

    (၄)တနလာင်္နေ့မှာ ပုံမှန်အတိုင်းရုံးသွားမယ်။ ဘာမှ မဖြစ်သလိုနေလိုက်မယ်။ ကံကောင်းရင်ဂျပန်စစ်ဗိုလ် အလုပ်ရူပ်ပြီးငါ့ကိစ္စကို မစဉ်းစားနိုင်တာလဲ ဖြစ်နိုင်တယ်။ တကယ်လို့စဉ်းစားမိရင်လဲ အဲဒီအချိန်လောက်ဆို သူဒေါသပြေလောက်ပြီး ငါဘာကြောင့်စာရင်းချန်ထားရတယ်ဆိုတာ သူသဘော ပေါက်သွားတာလဲ ဖြစ်ချင်ဖြစ်နိုင်တယ်။ ကဲ..တကယ်လို့သဘောမပေါက်လို့ငါ့ကို မေးလားမြန်းလားလုပ်လာ ရင်တောင် အဲဒီအချိန်မှဆို ငါ အေးအေးဆေးဆေးရှင်းပြလို့ ရသေးတယ်။ ဒီတော့ တနလာင်္နေ့မှာပုံမှန်အတိုင်းရုံတက်မယ်။ ဘာမှမဖြစ်သလိုနေလိုက်မယ်ဆိုရင် ငါ့မှာ ကင်ပေတိုင်စခန်းအပို့မခံ ရဖို့ အခွင့်အလမ်း ပိုများတယ်။”

    “နံပတ်လေးအစီအစဉ်ကို လုပ်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့တပြိုင်နက် ကျတော်ပူပင်နေတာတွေ သက်သာသွားတယ်ဗျ။ တနလာင်္နေ့ရုံးတက်တော့ ကိုယ်တော်က ထုံးစံအတိုင်း စီးကရက်ခဲပြီးထိုင်နေတယ်။ ကျတော့်ကိုလည်း တချက်ကြည့်လိုက်တယ်။ ဘာမှတော့မပြောဘူး။ ဒီလိုနဲ့ ခြောက်ပတ်လောက်နေတော့ ဘုရားမလို့ မောင်မင်းကြီးသား တိုကျိုပြန်သွားတယ်။ ကျတော့်သောကတွေလည်း အေးသွားတာပေါ့ဗျာ”

    “ကျတော် ပြောခဲ့သလိုပဲ တနင်္ဂနွေနေ့နေ့လယ်မှာ ကျတော်လုပ်နိုင်တဲ့ အစီအစဉ်တွေကိုချရေးတယ်။ ပြီးတော့ ဒါတွေနဲ့ပတ်သတ်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုရေးတယ်။ နောက်ဆုံးမှာ ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်တယ်။ ဒီလိုလုပ်နိုင်တာဟာ ကျတော့်အသက်ကို ကယ်လိုက် တာပဲဗျ။ ဒီလိုမဟုတ်ပဲ တနင်္ဂနွေတနေ့လုံး ဘာဆုံးဖြတ်ချက်မှလည်း မချနိုင်ပဲ ပူပင်သောကတွေရောက်နေမယ်။ ၊ ညလည်းမအိပ်နိုင်ဖြစ် နေမယ် ဆိုရင် နောက်နေ့မနက် ရုံတက်တဲ့အခါကျ ကျတော့်ရုပ်က မျက်တွင်းဟောက်ပက်နဲ့ တစ်ခုခုမဟုတ်တာလုပ်ထားလို့ ကြောက်နေတဲ့ပုံပေါက်နေမှာပဲ။ ဒါတစ်ခုတည်းနဲ့ကို ဂျပန်စစ်ဗိုလ်က ပိုပြီးမသကာင်္ဖြစ်ချင်စရာ ဖြစ်လာနိုင်တယ်။”

    “ကျတော့်အတွေ့အကြုံအရဆိုရင် ဘာလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို သေချာ ချနိုင်တာ ဟာတော်တော်တန်ဖိုးရှိတယ်ဗျ။ ပြသနာတစ်ခုခု ကြုံလာတာနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိ တောင်ပြေးရမလိုမြောက်ပြေးရမလိုဖြစ်နေတာဟာ ကျတော်တို့ကို ပိုပြီး ပင်ပန်းစေတယ်။ သေချာတဲ့ဆုံး ဖြတ်ချက်တစ်ခုကို ချလိုက်နိုင်တာနဲ့ ကျတော်တို့ရဲ့ ပူပင်မှု့တွေဟာ ငါးဆယ်ရာနှုန်းလောက်သက်သာသွားတယ်ဗျ။ နောက်အဲဒီဆုံးဖြတ်ချက်အ တိုင်း လုပ်လိုက်တာနဲ့ နောက်ထပ် လေးဆယ်ရာနှုန်းလောက် သက်သာသွားပြန်တယ်။ ဒီတော့ ကျတော်တို့ရဲ့ ပူပင်သောကတွေဟာ ဒီအဆင့်လေး ဆင့်ကိုလုပ်လိုက်တာနဲ့ ကိုးဆယ်ရာနှုန်းလောက်သက်သာသွားတယ်မဟုတ်လား။”

    “(၁) ငါဘာကို ပူပင်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်းချရေးပါ။ (ပြသနာ အခက်အခဲ ရဲ့သဘောသဘာဝက  ဘာလဲ)

    (၂) ငါဘာလုပ်နိုင်သလဲ ဆိုတာချရေးပါ ချရေးပါ။

    (၃) ငါဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ပါ။

    (၄)ကိုယ်ဆုံးဖြတ်ထားတာကို ချက်ချင်းစလုပ်ပါ။”

    မစ္စတာ ဂါးလန်းလီခ်ျဖီးလ် အခုအချိန်မှာ အာရှမှာ အောင်မြင်နေတဲ့ စီးပွားရေးသမားတဦးဖြစ်နေပါပြီ။ သူ့ရဲ့အောင်မြင်မှု့တွေဟာ ပြသနာကို သေချာဝေဖန်ပိုင်းခြားနိုင်မှု့၊ ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်မှု့တွေကြောင့်လို့ သူဝန်ခံသွားပါတယ်။ မစ္စတာလီခ်ျဖီးလ် ရဲ့နည်းလမ်းက ဘာလို့ထိရောက်တာလဲ။ ဘာလို့လဲဆိုတော့ ဒီနည်းဟာ တကယ်လက်တွေ့ကျတဲ့နည်း၊ ပြသနာရဲ့အရင်းအမြစ်ကို ဖြေရှင်းတဲ့နည်းဖြစ်လို့ပဲဗျ။

    ကဲ…ဒီတော့ကျတော်တို့လည်း ကျတော်တို့ရဲ့ ပူပင်မှု့တွေကို ဒီနည်းရဲ့ ပထမဆုံးမေးခွန်းကိုမေးပြီး ဖြေရှင်းလိုက်ရအောင်။

    ငါဘာကိုပူပင်နေတာလဲ??????

    (Dale Carnegie ရဲ့ How to stop worrying and start living မှ ကောက်နုတ်ဘာသာပြန်ပါသည်)

    လူမင်းဟန်

  • အကြမ်းဖက်မှုဖြစ်ရခြင်း အကြောင်းအရင်းအမြစ်များ ရပ်တန့်ပေးပါ။

    လာမည့် တနင်္ဂနွေနေ့ -၂၀၁၁၊ စက်တင်ဘာ ၁၁ ရက် မှာ ကမ္ဘာမှာ လူထောင်နဲ့ချီသေခဲ့ရတဲ့ အမွှာညီနောင်မျှော်စဉ်ရဲ. ၁၀ နှစ်ပြည့်အတွက် အမှတ်ရကြဦးလိမ့်မယ်။ ဒီလို မနှစ်သက်၊ မလိုလားဖွယ် သေကြေ၊တိုက်ခိုက်ခံရမှုကနေ သမ္မတ ဂျော့ဘွတ်ရှ်နဲ့ အပေါင်းအပါများကို အကြမ်းဖက်မှုတွေအတွက်ဆင်နွှဲစစ်ပွဲ- war on terror လို့ နာမည်ပေးထားတဲ့ စစ်ကို စတင်ပြင်ဆင်ဖို့ ပုံစံတကျစုစည်းမှုဖြစ်စေခဲ့ပါတယ်။

    ပထမ သူတို့ရဲ. စာရင်းအရကတော့ အာဖဂန်ရဲ. တာလီဘန် (အမေရိကန်နဲ့အပေါင်းအပါများ-သူတို့ကိုယ်တိုင် တာလီဘန်ဖွဲ့စည်းဖြစ်တည်နိုင်ရန်ကူညီခဲ့) တွေကို မောင်းထုတ်ရှင်းဖို့ပါ။ နှစ်ကာလက ၂၀၀၁ ခုနှစ်။ ဒီနောက် သူတို့ အီရတ်ကို ရောက်သွားခဲ့ပြီး ဆဒ္ဒတ်ဟူစိန် (အမေရိကန်နဲ့အပေါင်းအပါများ-သူတို့ပဲ အစောပိုင်းက အာဏာနဲ့လက်နက်တပ်ဆင်ပေးပြီး အီရန်ကို စစ်ပွဲဆင်ခိုင်းခဲ့) ကို ဖယ်ထုတ်ရှင်းလင်းဖို့ လုပ်ခဲ့ကြပါတယ်။ သူတို့က ဆဒ္ဒတ်ဟူစိန်ဟာ အဖျက်လက်နတ်ကြီးတွေကို ထုထည်လိုက် ဆောက်တည်နေတယ်ဆိုတဲ့ စွတ်စွဲချက်တင်ခဲ့တာပါ။

    ဒါဟာလည်း နောက်ပိုင်းမှာ တကယ့် လိမ်လည်မှုများ ထိပ်ခေါင်အဖြစ် ပြောင်းခဲ့၊ ပေါ်လွင်ခဲ့ပါတယ်။ ဆဒ္ဒတ်ဟူစိန်ဟာ သူ့လူတွေအပေါ်မှာ အနိုင်ကျင့်ခဲ့တဲ့ပြစ်မှုများကျူးလွန်ခဲ့မှု၊ အထင်ကြီးဂုဏ်မောက်မှု၊ မတရားအာဏာရူးကာ ကူဝိတ်နိုင်ငံအားနယ်ချဲ.ခဲ့မှုတို့ရှိသော်လည်း သူတို့-အမေရိကန်၊ အင်္ဂလန်နဲ့ အပေါင်းအပါနိုင်ငံများစွတ်စွဲသလို လက်နတ်တွေ ထုတ်လုပ်နိုင်မှုအရည်အချင်း အတိုင်းအတာ လုံးဝမရှိတာ အများသိ ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ သူတို့ စွတ်စွဲသလို သက်သေမပြနိုင်ပဲ ရန်လိုရဲတင်းစော်ကား သိမ်းပိုက်အနိုင်ရလိုမှုနဲ့သာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ရှည်လကြာစွာ ဘတ်ဂရတ်မြို.ကြီးဟာ အပိုင်စီးဝင်ဖျက်ခံခဲ့ရတာပါ။ ကတ်ဒ်သူပုန်များအရေး ဦးတည်မထားပဲ ရှီအာနဲ့ စွန္နီ မွတ်စလင်မ် အုပ်စု ၂ ခုကြား သဘောတူညီမှု မရကြတဲ့ ဆူပူထကြွဖျက်ဆီးမှုတွေသာ နောက်ဆက်တွဲ ဆက်ဖြစ်နေခဲ့ရပါတယ်။

    ၂၀၀၃ ခုနှစ် မေလ ၁ ရက်နေ့မှာ ဘွတ်ရှ်က သူတို့ စစ်ဆင်ရေးပြီးမြောက်တယ်လို့ ကြေငြာလေရဲ.။ နေ့စဉ် အီရတ်ပြည်သူတွေ များစွာ သေနေကြရတယ်။ အမေရိကန်စစ်သားတွေလည်း သူတို့က စစ်ပွဲပြီးပြီ ကြေငြာနေတဲ့ နေရာတွေမှာပဲ သေဆုံးနေရတယ်။ ဒီ စိတ်ပျက်စရာ၊ ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေ အီရတ်နဲ့အာဖဂန်မှာ ဖြစ်နေစဉ် သူတို့ အမေရိကန်ရဲ. အိမ်တွင်းရှေ.တန်းမျက်နှာများဖြစ်တဲ့ အမေရိကန်လွှတ်တော်၊ ကာကွယ်ရေးအဖွဲ့တွေ၊ အမေရိကန်ပြည်နယ်ဌာန၊ ရဲ နဲ့ တခြားအစိုးရပတ်သတ်ရာ အဖွဲ့တွေကို အသုံးချပြီး သူ (ဂျော့ဘွတ်ရှ်)က သူ့ရဲ. အကြမ်းဖက်မှုအပေါ်ဆင်နွှဲစစ်အကြောင်း အကျယ်ချဲ.ပြပါတယ်။ သူက လွှတ်တော်မှာ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေကို ကန့်သတ်တဲ့ မျိုးချစ်ဥပဒေ ၁ နဲ့ ၂ ( Patriot Act I & II) ကိုထုတ်ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက် သူက အမြင့်ဆုံးဖြစ်တဲ့ တရားစီရင်ရေးကိုလည်း တလွဲအသုံးချကာ အခြေခံဥပဒေ မဟုတ်တာကို အခြေခံဥပဒေအဖြစ် ပြောင်းလဲ ဆုံးဖြတ်စေခဲ့ပါတယ်။

    တဖက်မှာလည်း သူတို့ရဲ.အောင်ပွဲလို့ အရေးမဆိုပင်မဲ့ အကြမ်းဖက်သမားတွေဟာ ဆက်လက်ရှိနေခဲ့ပါတယ်။ ၂၀၀၄ မတ်လ ၁ရက်နေ့မှာ စပိန်မှာ ဖျက်ဆီးတိုက်ခိုက်ခံခဲ့ရတယ်။ ၂၀၀၅ ဇူလိုင် ၇ ရက်နေ့ အင်္ဂလန်မှာ ပျက်စီးထိခိုက်မှုတွေဖြစ်ခဲ့တယ်။ စာရင်းထဲ အသေးစိတ်မဖော်ပြထားတာတွေက ပါကစ္စတန်ကို ဗုံးတွေကျဲ၊ ချေမှုန်းနေတာတွေ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျနဲ့ နောက်ဆုံးကတော့ အိန္ဒိယမှာ ပေါက်ကွဲမှုတွေ လောင်ကျွမ်းပျက်စီးမှုတွေကြောင့် အပြစ်မဲ့ အရပ်သားတွေ သေကြေဒဏ်ရာရကြတာအများကြီးပါ။ လက်တလော နော်ဝေမှာ အပြစ်မဲ့ ကျောင်းသားအရွယ်လူငယ်တွေ သေဆုံးခဲ့ရတာလည်း ထည့်စဉ်းစားကြရပါမယ်။

    ဒီဖြစ်ပျက်မှုတွေကြားက ကျွန်တော်တို့တွေ ဘာကို သင်ခန်းစာအဖြစ်ကောက်ချက်ဆွဲလို့ရမလဲ။

    ဒီနေရာမှာ ကျွန်တော် စောဒကတက်လိုတာက အကြမ်းဖက်မှုဖြစ်ရပ်တွေကို သြဇာကြီး အာဏာရှိ နိုင်ငံကြီးတစ်ခု ဦးဆောင်တဲ့ အနိုင်ကျင့်ချိုးနှိမ်မှုတွေနဲ့သော်လည်းကောင်း၊  ကိုလိုနီဆန်စွာ ဝင်ရောက်ကျူးကျော်သိမ်းပိုက် လုယက်ပြီး စီစဉ်မှုသော်လည်းကောင်း၊ ပိုမိုအင်အားကြီးတဲ့ ဖိအားဖြင့် သော်လည်းကောင်း ဘယ်လိုမှ မဖြေရှင်း၊ မရပ်တန့်နိုင်ပါဘူး ဆိုတာပါ။ ဒါကိုလည်း သမိုင်းက သက်သေတည်နေပါတယ်။

    အမေရိကန်၊ အင်္ဂလန်နဲ့ အပေါင်းအပါနိုင်ငံများလည်း အကြမ်းဖက် ဆူပူသောင်းကျန်းမှု လုပ်ခဲ့ကြတဲ့ အပြစ်ရှိသူတွေပါ။ သူတို့က တရားမျှတမှုအတွက်ဟု ဘယ်လိုပဲ ကြွေးကြော်သော်ငြား အပြစ်ကျူးလွန်သူတွေနဲ့ လုံးဝမခြားပါ။ အကြမ်းဖက်ဆူပူသောင်းကျန်းမှုတွေပဲဖြစ်စေတဲ့ ပုံစံတူ ကျူးလွန်နေတဲ့ သူတို့ကိုယ်တိုင် အကြမ်းဖက်သမားများ၊ အပြစ်ရှိသူများဖြစ်နေကြပါတယ်။

    အမေရိကန်က အကြမ်းဖက်သမားလို့ပြောတဲ့ သူတွေအပေါ် လူ့အခွင့်အရေးအတွက် မလေးစားပါ။ အဘူဂါရစ်ဗ် အကျဉ်းထောင်တွင်း သူတို့ရဲ. သားရဲတိရစ္ဆာန်ဆန်ဆန်၊ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်နည်းမျိုးဖြင့် အပြစ်ပေးခံခဲ့ရတာ လူထောင်နဲ့ချီရှိခဲ့ပါတယ်။ တကယ်အမှားအမှန် မဝေခွဲနိုင်ပဲ ပါလာခဲ့တဲ့ ဆဒ္ဒတ်ဟူစိန် သစ္စာခံတွေ၊ အလ်ကေဒါးအဖွဲ.အား အားပေးသူတွေအဖြစ် အများကြီး ဖမ်းဆီးထားခဲ့ပါတယ်။

    အမေရိကန်က အကြမ်းဖက်သမားတွေလို့ပြောတဲ့ သူတွေအပေါ်မှာ ဥပဒေနဲ့ နိုင်ငံတကာအဆုံးအဖြတ်တွေ အပေါ်မှာ မလေးစားပဲ ပြုမူခဲ့ပါတယ်။ ဒါဟာ အမှန်ပါ။ သူတို့ အီရတ်ကို စစ်ဆင်နွှဲခဲ့တာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလိုနဲ့ ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့တာပါ။ သူတို့လုပ်ခဲ့တာက ကုလသမဂ္ဂဆုံးဖြတ်ချက် အမှတ် ၁၄၄၁ ကို အတိအလင်းချိုးဖောက်ပုံကန်ခဲ့ခြင်းပါ။

    ကျွန်တော် ဆက်ပြီး ဆက်ပြီးတင်ပြနိုင်ပါတယ်။ သို့သော် အဓိက ကျွန်တော်ဖော်ထုတ်ပေးချင်တာက မှားပါတယ် သက်သေမပြနိုင်တဲ့ အမှန်ဆိုတဲ့ အချက်တွေကို ထုချေပြဖို့ပါ။ ကမ္ဘာတစ်ခုလုံးက ဒီအပြစ်ရှိသူ ၁၉ ယောက်လို့ သူတို့ကို အမွှာညီနောင်တိုက်ခိုက်ခံရမှုအတွက် ရှုံ.ချကြရမယ်။ သူတို့ဟာအကြမ်းဖက်သမားတွေပါ။

    ဒီလိုပဲ ကမ္ဘာတစ်ခုလုံးက အမေရိကန်၊ အင်္ဂလန်နဲ့ အပေါင်းနိုင်ငံများကိုလည်း သူတို့ လူ့အခွင့်အရေး ချိုးဖောက်ပြီး နိုင်ငံတကာနဲ့ချီပါဝင်စေခဲ့တဲ့အထိ အာဖဂန်၊ အီရတ်၊ ပါကစ္စတန် ပြည်သူတွေရပိုင်ခွင့်ကို ဆန့်ကျင် ကျူးလွန်ခဲ့မှုတွေအတွက် ရှုံ.ချ အပြစ်တင်ရပါမယ်။ သူတို့ဟာ သူတို့ကိုယ်တိုင် အကြမ်းဖက်သမားများပါ။

    တာလီဘန်နဲ့ အမေရိကန်တပ်သားတွေဟာ တစ်မျိုးတည်းပဲ၊ အတူတူတွေပါ။ သူတို့အချင်းချင်း လူအထင်ကြီးအောင် ပစ်ခတ်ဗုံးကြဲမိုင်းထောင်သတ်ပြနေကြခြင်းမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ ဒုက္ခကြီးစွာ ဝေဒနာမျိုးစုံရရှိခံစားကြပြီး အဆုံးမှာ သေကျေပျက်စီး နိဂုံးမလှဖြစ်ကြရတာသာ စိတ်မကောင်းစရာအဖြစ် ကျန်ခဲ့ရပါတယ်။

    ကမ္ဘာတစ်ခုလုံးက ပါကစ္စတန်လို နိုင်ငံမျိုးကိုလည်း အပြစ်တင်ရှုံ.ချရပါမယ်။ သူတို့က တစ်ချိန်တည်းမှာ စစ်အခြေစိုက်စခန်းအဖြစ် အနောက်နိုင်ငံတွေကို အခွင့်အရေးပေးသလို၊ တာလီဘန်နဲ့ အလ်ကေးဒါးတွေ အတွက်လည်း အခြေစိုက် ခိုလှုံပုန်းအောင်နေစရာဖန်တီးဖို့ အခွင့်အရေးပေးထားတာဟာ သူတို့ရဲ. ကြီးစွာသော အားနည်းချက်အမှားဖြစ်နေပါတယ်။

    နောက်ဆုံးအနေနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေဟာ တာလီဘန်၊ အလ်ကေးဒါးနဲ့ ဘယ်လိုနာမည်တပ်တပ်၊ ဘယ်လိုပုံစံနဲ့ပြပြ၊ နိုင်ငံရေးအရမှန်ပါတယ်ကြေငြာပြီးအလားတူအပြစ်မဲ့အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြုမူနေတဲ့ အကြမ်းဖက်သမားအားလုံးကို ရှုံ.ချအပြစ်တင်ကြရပါမယ်။

    ၉/၁၁ စက်တင်ဘာအကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ရပ် အမွေအနေနဲ့ ကမ္ဘာကြီးတစ်ခုလုံးအတွက် သတိရစရာပါ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ စဉ်းစားကြည့်ကြပါ။(ဘယ်သူတွေကြောင့်ဆိုတာ ကိုယ်တိုင်ရှာဖွေ အဖြေသိနိုင်ကြပါတယ်) မိုက်မဲခေါင်းမာတဲ့အကြံနဲ့ပြုမူမှုတွေ၊ ဘာသာရေး၊နိုင်ငံရေးအယူသည်းမှုတွေ၊ မုန်းတီးနာကျည်မှုတွေ၊ ခံယူချက်တယူသန်မှုတွေ၊ လူမျိုးရေးအစွန်းရောက်မှုတွေ၊ တခြားယဉ်ကျေးမှုအတွက် ဂရုတစိုက်မရှိမှုတွေနဲ့ ဒီလိုလူမျိုးတွေရဲ.နောက်လိုက်ဖြစ်သူတွေကြောင့် ကမ္ဘာမှာ ဒီလိုအဖြစ်ဆိုးတွေ ဖြစ်ပွားနေရတာပါ။

    ကမ္ဘာကြီးက အနောက်နိုင်ငံများအင်အားနဲ့ အကြမ်းဖက်ခြင်းအတွက်ဆင်နွှဲသောစစ်ပွဲများ ဖြစ်ပေါ်မှု (လက္ခံ) ဖြစ်ခဲ့ရတဲ့ ထောင်ချောက်မျိုးအောက် နောက် ထပ် မရောက်ဖို့ လုပ်ကြရမယ်။ သူတို့ရဲ. လွတ်မြောက်မှုနဲ့ လွတ်လပ်မှုအယူအဆအမှားတွေကြောင့် ပိုမိုဆိုးရွားတဲ့ အပျက်အစီးကြီးမျိုး ထပ်မဖြစ်စေဖို့လိုပါတယ်။

    ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဖက်မှုဖြစ်စဉ်အကြောင်းအရင်းအမြစ်ကို လေ့လာ၊ ရှာဖွေ၊ ဖယ်ရှားရပ်တည်စေရ ပါမယ်။ ဒါတွေကတော့ ဆင်းရဲမွဲတေမှု၊ စီးပွားရေးကျွန်ခံရမှု၊ လျစ်လျူရှုခံရမှု၊  စိတ်ဓါတ်ခံစားတက်ကြွခြင်းမရှိမှု၊ ဘာသာရေးအခြေခံဝါဒ အယူသီးပြင်းထန်မှု၊ ကိုယ့်ကိုမကြိုက်သူတွေ အန္တရာယ်ပေးလာမှာတွေးကြောက်မှုနဲ့ ယဉ်ကျေးမှုအသာစီးရလိုမှုတွေပေါ့။

    တကယ်လို့ ကျွန်တော်တို့ဟာ နိုင်ငံတကာလူ့အဖွဲ.အစည်းဝင် လူသားများအဖြစ် ဒီလို ကမ္ဘာလုံးဆိုင်ရာ အရေးအရာများ၊ စင်္ကြာဝဌာဆိုင်ရာ ပြဿနာများအရေးကိစ္စ မလုပ်ဆောင်ဘူးဆိုဘူးဆိုပါက ကျွန်တော်တို့ရဲ. အခွင့်အရေးက အကြမ်းဖက်သမားအုပ်စု ၂ မျိုးကြားကို ရွေးချယ်ဖို့ ဖြစ်ပါလိမ့်မယ်။ (ဒါဟာ နောက်ထပ်ရွေးချယ်စရာ မရှိတော့တာမျိုးဖြစ်သွားနိုင်ပါတယ်။)

    ကျွန်တော်တို့အားလုံး အကြမ်းဖက်မှုမျိုးစုံကို လူသားဆန်မှုဖြင့်လည်းကောင်း၊

    ဆူပူထကြွ သောင်းကျန်းမှုတွေကို ကြောင်းကျိုးဆင်ခြင်နိုင်မှုတွေဖြင့်လည်းကောင်း၊ မုန်းတီးရန်လိုမှုတွေကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း၊

ိဲတိရစ္ဆာန်ဆန်စွာ အနိုင်ကျင့်နှိပ်စက်မှုတွေကို လူသားပီပီ ကိုယ်ချင်းစာနာမှု သနားဂရုဏာ တို့ဖြင့် လည်းကောင်း တော်လှန်ခုခံတိုက်ထုတ်ခြင်းဖြင့် ပြောင်းပြန်လှန်ကြရပါလိမ့်မယ်။

    ဒါတွေအတွက် ရွေးချယ်မှုကတော့ ကျွန်တော်တို့ ကိုယ်တိုင်သာပဲဖြစ်ပါတော့တယ်။

    (အကြမ်းဖက်မှုဖြစ်ရခြင်း အကြောင်းအရင်းအမြစ်များ ရပ်တန့်ပေးပါ။ ကဲ- မိတ်ဆွေ၊ ဘာလုပ်မလဲ။ သင်မှာ အဖြေရှိပါတယ်။)

    ဘာသာပြန်။ မြတ်ဇေယျာ

    News@MMSY

    မှတ်ချက်။  ၉ ရက်၊ စက်တင်ဘာ ၂၀၁၁ မလေးရှားနိုင်ငံထုတ်  The Sun  သတင်းစာ၏ စာမျက်နှာ ၁၆ မှတ်ချက်ခေါင်းစဉ်အားဆီလျော်သလိုမြန်မာပြန်ဆိုပေးခြင်းဖြစ်ပါတယ်။ Jose Mario Dolor De Vega စာရေးသူမှာ   Nilai University College – Department of Social Science, School of Humanities and Social Science မှ ကထိက တစ်ဦးဖြစ်ပါသည်။

  • သုခမိန်နှင် ကင်းမြီးကောက်

    မြစ်ကမ်းနံဘေးတနေရာ၌ အိုမင်းမစွမ်း သုခမိန် တစ်ယောက် ပတ်ဝန်းကျင်၏ အလှအပ ကိုထိုင်ပြီး ခံစားရင်း ပါစပ်ကလည်း တတွတ်တွတ် ရွတ်နေသည်။ရုတ်တရက် ကင်းမြီးကောက်တစ်ကောင် ရေထဲကျသွားသည်ကို ၀ိုးတ၀ါးလေး လှမ်းမြင်လိုက်သည်။ ထိုကင်းမြီးကောက် ရေထဲ၌ အသက်လုနေသည်ကို မြင်သော် သူသည် ရေထဲမှ ဆယ်တင်ပေး ရန် ဆုံးဖြတ်ပြီး လက်ကိုဆန်.တန်.ကာ လှမ်းကယ်ပါလေတော.သည်။ထိုအခါ ကင်းမြီးကောက်လည်း ကိုက်ထည်.လိုက်လေရာ ထိုသူ ငယ်သံပါအောင် အော်ပြီး လက်ကိုအမြန်ပြန်ရုတ်လိုက်ရပါတော.သည်။ တခဏကြာသော် ထိုသူသည် ဒုတိယ တစ်ကြိမ် ကင်းမြီးကောက်၏ အသက်ကိုကယ်ရန် လက်ကိုပြန်ဆန်.လိုက် ရာ ကင်းမြီးကောက်လည်း ကိုက်ထည်.လိုက်ပြန်သည်။

    ထို.နောက် သူ တတိယ တစ်ကြိမ် အသက်ကယ်ရန် ပြင်ဆင်သော် ၊အနီးအနား၌ ထိုအဖြစ်အပျက် ကို ထိုင်ကြည်.နေသော

    လူတစ်ယောက်ရှိလေရာ ထိုသူက (အို သုခမိန် အသင် သည် ပထမ အကြိမ် ဒုတိယ အကြိမ် မှာကတည်း က သင်ခန်းစာ ယူသင်.ပါပြီး ။

    ယခု အသင် တတိယ အကြိမ် အသက်ကယ်ရန် ကြိုးစား ပြန်ပြီးလား?) သုခမိန် လည်း ထိုသူ၏ ငေါက်ငမ်းမှု ကို ဂရုမမူဘဲ ကင်းမြီးကောက်အသက်ကို ရေထဲမှ ရအောင်ဆယ်ယူပြီး ကယ်တင်ပေးလိုက်လေသည်။

    ထို.နောက် သုခမိန် သည် ထိုသူရှိရာ သို.လျောက်သွားပြီး ပခုံးကို သပ် ကာ ဆိုလေသည်။

    ( အို ချစ်သား ကင်းမြီးကောက် ၏ ဗီဇ သည် ကိုက်ခဲ ခြင်းပင်ဖြစ်သည်။ ကျွန်ုပ် ၏ ဗီဇသည် ချစ်ခင်မြတ်နိုးခြင်း ၊ဂရုဏာထားခြင်းပင်ဖြစ်သည်။ သို.ဖြစ်လေရာ ကင်းမြီးကောက် ၏ ဗီဇ သည် ကျွန်ုပ်၏ ဗီဇ အပေါ်လွှမ်းမိုး အောင် အသင်မကြိုးစားပါလေနှင်.။)

    (( လူအပေါင်းကို ဆက်ဆံရာဝယ် မိမိ၏ ဗီဇဖြစ်သော ဖြောင်.မတ်မှန်ကန်သော ဂရုဏာနှလုံးသားဖြင်. သာဆက်ဆံပါလေ။ လူတို.ဆိုးသွမ်း ယုတ်မာမှု ကြောင်.မိမိ နာကျင်ဆုံးရူံးရသည်.တိုင်အောင် ဆိုးသွမ်းသူတို.၏ ဗီဇ မိမိအပေါ်လွှမ်းမိုးပြီး မိမိကိုယ်ကိုမပျက်ဆီးပါစေနှင်.))

    قال الله تعالى

    {وَلَا تَسْتَوِي الْحَسَنَةُ وَلَا السَّيِّئَةُ ادْفَعْ بِالَّتِي هِيَ أَحْسَنُ فَإِذَا الَّذِي

    بَيْنَكَ وَبَيْنَهُ عَدَاوَةٌ كَأَنَّهُ وَلِيٌّ حَمِيمٌ *

    ကျမ်းတော်မြတ် ကုရ်အာန်

    အလိုသဘောမှာ (35

    المسلم الحق مسلم ذو أخلاق حميدة وخصال طيبة صالحة ، وخاصة

    إذا تعامل مع الناس بجميع أنواعها من الاقارب و الاصحاب وحتى

    الاعداء و الجهلاء ،فالتعامل بين الناس فى الاسلام يحتاج لخلق العفو

    و التسامح و هو الخلق الذى ترتاح به القلوب و تزال به الضغائن

    و الحقود ) မွတ်စလင်မ် ဟူသည် သစ္စာသမာဓိရှိသူ ကိုယ်ကျင်.သီလ ပြည်.စုံသူပင်ဖြစ်သည်။

    လူအပေါင်းဖြင်. ဆက်ဆံရာဝယ် ဆွေးမျိုးသားချင်း မှ အစပြု၍ ပညာမဲ.သူ ၊ရန်သူပင် ဖြစ်လင်.ကစား ခွင်.လွတ်တတ်သော နှလုံးသာ ဖြင်.လှိက်လှဲရိုကျိုးစွာ ပေါင်းသင်းအပ်ရာ၏။

    မြတ်တမန် ၏ ရိုကျိုးမှု၊မိမိကိုယ်ကို ထိခိုက်အနာကျင်ခံပြီး ကောင်းသော အကျင်.သီလ ဖြင်.ရန်သူအပေါ် ကိုပင် ဂရုဏာထား ချစ်ခင်မှုတို.ကြောင်. အစ္စလာမ်နှင်.မြတ်တမန် အပေါ် အသည်းခိုက်မတတ် နားကျည်းမုန်းတီးခဲ.

    သော ရန်သူတော်ကြီး အဗူစွဖ်ယာန်း အစပြု၍ အလုံးစုံသော ရန်သူ တို.သည် ၊အဆုံးတွင် အစ္စလာမ်အပေါ်အသက်မကချစ်မြတ်နိုးကြသော ၊နှစ်ကိုယ်.တစ်စိတ် ရင်ချင်းအပ်အဆွေခင်ပွန်း အစ္စလာမ်ညီနောင်ဝင် များအဖြစ် ပြောင်းလည်း ကာ နှစ်ဘ၀နှစ်ငှာန ၏အောင်မြင်သူများပင် ဖြစ်လာကြပေတော.သည်။

    ရေးသူ-ကတိုး

  • The Millionaire Mentality

    သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ ကံကောင်းမှု့၊ အလုပ်ကြိုးစားမှု့ ဒါတွေ အားလုံးလိုပါတယ်။ အထူးသဖြင့် အလုပ်ကြိုးစားမှု့ ပိုပြီးလိုပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးထက်အရေးကြီးတဲ့ အရာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Millionaire Mentality လို့ခေါ်တဲ့ သူဌေးစိတ်ဓာတ် ပါပဲ။ မိမိစီးပွားရေး ရည်မှန်းချက်ကို ရောက်အောင် လူတစ်ဦး ချင်းစီရဲ့ ကျွမ်းကျင်မှု့တွေ၊ အရည်အသွေးတွေ အသိပညာတွေ အားလုံးကိုစုစည်း ကြိုးကိုင်နိုင်မောင်းနှင် နိုင်တဲ့ စိတ်ဓာတ်ကို ဆိုလိုပါတယ်။

    ကာလီဖိုးနီးယားက ကျတော့်ရဲ့ ရေနံလုပ်ကွက် တွေကို စီမံခန့်ခွဲဖို့ လူတစ်ယောက်ကိုငှားဖူးပါတယ်။ သူ့နာမည်ကို ဂျော့မီလာ လို့ပဲ ခေါ်ကြပါစို့။ သူက ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ ပြီးတော့ ရေနံလုပ်ငန်းကိုလည်း ကျွမ်းကျင်ပါတယ်။ သူ့ကိုကျတော်ပေးတဲ့လစာဟာလည်း သူတာဝန်ယူရတဲ့ အလုပ်နဲ့ မျှတပါတယ်။ သူကိုယ်တိုင်လည်း ကျေနပ်ပုံရပါတယ်။ ဒါပေမယ့် အဲဒီရေနံလုပ်ကွက်တွေကိုသွားပြီး ရေနံတွင်းတွေ၊ စက်ပစ္စည်းတွေကို စစ်ဆေး တိုင်း ကျတော် အားမရပါဘူး။ ဂျော့မီလာ ရဲ့ စီမံခန့်ခွဲမှု့ဟာ ထင်သလောက်အရာမရောက်ဘူးလို့ ဆုံးဖြတ်မိပါတယ်။ မလိုအပ် ပဲ လူတွေ အများကြီးခန့်ထားတယ်။ ကုန်ကျစားရိတ်တွေ အရမ်းများနေတယ်။ တချို့အလုပ်တွေ နှောင့်နှေးနေတယ်။ တချို့အလုပ်တွေ ကျပြန်တော့လည်း မြန်မြန်လုပ်ပြီး သေချာဂရုမစိုက်။ တချို့ပစ္စည်းကိရိယာတွေ လိုနေတယ်။ တချို့ဟာတွေကျ မလိုအပ် ပဲ ပုံနေတယ်။ ဂျော့မီလာကိုယ်တိုင်လည်း လုပ်ကွက် ထဲကို သေချာဆင်းပြီး မလေ့လာပဲ ရုံးခန်းမှာချည်းပဲ အချိန်ကုန်နေ တယ်လို့ ကျတော်ထင်ပါတယ်။ တကယ်တမ်းဆို ဒါတွေအားလုံးဟာ သူ့တာဝန်ပါ။ ဒါတွေကြောင့် အလုပ်ဟာ စားရိတ်တွေကြီး၊ ထုတ်လုပ်မှု့ကလည်း ကျ၊ အမြတ်လည်း လုံးဝအားရစရာမရှိဖြစ်နေပါတယ်။ ဒါပေမယ့် ကျတော် ဂျော့မီလာ ကိုသဘောကျ တယ်။ နောက်ပြီးသူ့မှာ ဒီအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေ အားလုံးပြည့်စုံတယ်လို့ကျတော်ယုံကြည်တယ်။ ဒါကြောင့် တနေ့မှာတော့ ကျတော် ဂျော့မီလာနဲ့ နှစ်ယောက်တည်း စကားပြောပါတယ်။ သူ့ရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ပဲ သူ့ကိုပြောပြလိုက်ပါတယ်။

    “ငါ ဒီဆိုဒ်ထဲမှာ တစ်နာရီလောက် အချိန်ယူလိုက်တာနဲ့ ဘာတွေလိုနေတယ်၊ ဘယ်လို ပြုပြင်ရမယ်ဆိုတာ ငါသိတယ်။ အပွင့်လင်းဆုံးပြောရရင် မင်းဘာလို့ ဒါတွေ မမြင်တာလည်းဆိုတာ ငါနားမလည်ဘူး။ ” ကျတော်က သူ့ကိုပြောပြသည်။

    “ဟုတ်မှာပေါ့။ ခင်ဗျားက ဒါတွေ အကုန်လုံးပိုင်တယ်လေ။ ဒီကရတဲ့ အကျိုးအမြတ်တွေအကုန်လုံးလဲ ခင်ဗျားပဲရမှာလေ။ ဒီတော့ ခင်ဗျားမျက်စိက ဘာတွေလိုတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ပိုမြင်တာပေါ့။” သူကလည်း ကျတော့်ကို ပွင့်ပွင့်လင်းလင်းပဲ သူ့အမြင်ကိုပြန်ပြောပါတယ်။
    အမှန်အတိုင်းပြောရရင် သူပြောတာကို ကျတော် အရင်က မစဉ်းစားမိပါဘူး။ ဒါနဲ့ကျတော်လည်း ရက်အနည်းငယ်လောက် စဉ်းစားပြီးတော့ စမ်းသပ်မှု့တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တကြိမ် ဂျော့မီလာ နဲ့ ကျတော်စကားပြောပါ တယ်။

    “ဒီမှာ ကြည့်စမ်း ဂျော့…. ဒီဆိုဒ် ကို မင်းကို ငါလွှဲပေးလိုက်မယ်။ မင်းကို ပုံမှန်လစာမပေးတော့ဘူး။ ဒီ ဆိုဒ် က ရတဲ့ အကျိုးအမြတ်ကို ရာခိုင်နှုန်းနဲ့ အချိုးကျ ခွဲပေးမယ်။ ဘယ်လိုလဲ။ မင်းလက်ခံမလား။”

    ကျတော့် ကမ်းလှမ်းချက်ကို သူသေချာစဉ်းစားပြီးကျေကျေနပ်နပ်လက်ခံလိုက်ပါတယ်။
    ပြောင်းလဲမှု့ ကတော့ ချက်ချင်းဆိုသလိုပါပဲ။ ဒီဆိုဒ်က ရတဲ့ အကျိုးအမြတ်ဟာ သူနဲ့ ဆိုင်တယ်ဆိုတာလည်း သိရော၊ ဂျော့ ဟာ သူ့ရဲ့ အစွမ်းကို အကုန်ထုတ်သုံးတော့တာပါပဲ။ ကုန်ကျစားရိတ်တွေကို လျှော့ချတယ်။ ထုတ်လုပ်မှု့တွေတိုး တက်အောင်လုပ်တယ်။ အရင်က သူမမြင်ခဲ့တဲ့ လုပ်ပုံကိုင်ပုံအမှားတွေကို ချက်ချင်းပြင်ပါတယ်။ မလိုအပ်တဲ့ အလုပ်သမားတွေကိုလည်း ချက်ချင်းလျှော့ပစ်ပါတယ်။ အရင်တုန်းက တပတ်ကို သုံးရက်လောက် ရုံးခန်းမှာပဲ အချိန်ဖြုန်းနေတဲ့ ဂျော့ဟာ အခုတော့ ဆိုဒ်ထဲမှာပဲ အချိန်ကုန်ပါတယ်။ ရုံးခန်းကို တစ်လ လေးခေါက်လောက်ပဲ လာပါတော့တယ်။ နောက်နှစ်လ လောက်နေတော့ ကျတော် ဂျော့မီလာ ရဲ့ လုပ်ကွက်ကို ထပ်ပြီး စစ်ဆေးခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ ဘာအမှား အယွင်းမှ မရှိပါဘူး။ ကျတော်ကိုယ်တိုင် သူ့နေရာဝင်ပြီးလုပ်ရင်တော့ သူ့လောက် အပေါက်အလမ်း တည့်အောင်လုပ်နိုင်မယ် မထင်ပါဘူး။ ကျတော်တို့ရဲ့ အမြတ်ဟာလည်း  ပြောစရာမလိုအောင်ကို  တောက်လျှောက်တိုးတက်လာခဲ့ပါတယ်။

    စီးပွားရေးရူ့ဒေါင့်က ကြည့်ရင် လူလေးမျိုးရှိပါတယ်။ ပထမတစ်မျိုးက ကိုယ်ပိုင်စီးပွားရေးသမားတွေပါ။ သူတို့ ဟာ ဘယ်သူ့ဆီမှာမှ လခစား မလုပ်လိုပဲ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်သူတွေပါ။ လွတ်လွတ်လပ်လပ် နဲ့ကိုယ့် ဘ၀ရဲ့ အာမခံချက်အတွက် ကိုယ်တိုင်ကြိုးစားချင်သူတွေဖြစ်ပါတယ်။ ကိုယ်တိုင်စွန့်စားလုပ်ကိုင်မယ်။ ဖြစ်လာမည့် အကျိုးဆက်ကိုလည်း ကိုယ့်ဟာကို တာဝန်ယူရဲတဲ့သူတွေပါ။

    ဒုတိယတစ်မျိုးကတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ပိုင် စီးပွားရေးတော့ မလုပ်ပါဘူး။ ဒါပေမယ့် အမြတ်ခွဲဝေမှု့ ပုံစံနဲ့ သူများဆီမှာအလုပ်လုပ်တဲ့ပုံစံမျိုးပါ။ ဒီအမျိုးအစားထဲမှာ ကော်မရှင်နဲ့ လုပ်တဲ့အရောင်း ကိုယ်စားလှယ်ကနေ စီးပွားရေးလောက ရဲ့ ထိပ်တန်း မန်နေဂျာတွေ၊ စီအီးအိုတွေ အထိပါပါတယ်။ ဂျော့မီလာဟာ ဒီ ဒုတိယ အမျိုးအစားထဲမှာပါပါတယ်။

    တတိယတစ်မျိုးကတော့ ၀န်ထမ်းပဲ လုပ်ချင်သူတွေပါ။ သူတို့ဟာ ပုံမှန်လစာလိုချင်တယ်။ အလုပ်အာမခံချက်လိုချင်တယ်။ သူတို့ကိုခိုင်းတဲ့ အလုပ်ကိုလည်းကောင်းကောင်းမွန်မွန်လုပ်မယ်။ ဒီအုပ်စုမှာပါတဲ့သူတွေဟာ အလုပ်ကြိုးစားတဲ့၊ ယုံကြည်စိတ်ချရတဲ့ ၀န်ထမ်းကောင်းတွေပါ။ ဒါပေမယ့် သူတို့မှာ စွန့်စားလုပ်ကိုင်ချင်စိတ်၊ ဦးဆောင်ချင်စိတ် မရှိပါဘူး။ နောက်ပြီး ပထမအုပ်စုနဲ့ ဒုတိယအုပ်စုက လူတွေလိုမဟုတ်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လည်းနည်းပါးကြပါတယ်။

    စတုထ္တတစ်မျိုးကလည်း ၀န်ထမ်းတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့ အလုပ်အပေါ်မှာထားတဲ့ စိတ်ထားဟာ ဘာနဲ့တူသလဲ ဆိုရင် စာတိုက်ကစာရေးတွေ ဆက်သွယ်ရေးဝန်ကြီးဌာန အပေါ်မှာ ထားတဲ့သဘောထားမျိုးနဲ့တူပါတယ်။ စာတိုက်စာရေး တွေကိုစော်ကားတာမဟုတ်ပါဘူး။ ဒါပေမယ့် စာတိုက်စားရေးတွေဟာ သူတို့ အလုပ်ရှင် မြတ်သလား ရူံးသလားဆိုတာ သိတဲ့သူ၊ မြတ်စေလိုတဲ့ စိတ်နဲ့ ကြိုးစားအလုပ်လုပ်သူ မရှိသလောက်ရှားပါတယ်။ စာတိုက်ဌာနရဲ့ အရူံးဟာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ။ ဒီအရူံးတွေကို ပြည်ထောင်စု အစိုးရက ကျခံပေးပါတယ်။ ကျတော့် အထင်တော့ စာတိုက်စာရေး ဆယ်ယောက်မှာ တစ်ယောက် တောင် စာတိုက်ဌာန ရူုံးသလား၊ မြတ်သလားဆိုတာ ဂရုစိုက်သူမရှိဘူးလို့ထင်ပါတယ်။
    ဒီလိုစိတ်ထားမျိုးရှိသူတွေကို အလုပ်ခန့်တာဟာ စာတိုက်ဌာန အတွက် ဘာမှ မဖြစ်ပေမယ့် ဈေးကွက်စီးပွားရေးစနစ် မှာတော့ ဒီလိုစိတ်ထားရှိတဲ့သူကို အလုပ်ခန့်မိတဲ့ စီးပွားရေးလုပ်ငန်းဟာ ကိုယ့်သေတွင်းကိုယ်တူးတာပါပဲ။

    ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေမှာ စာတိုက်စာရေးစိတ်ဓာတ်မျိုးရှိတဲ့ သူတွေ ရာထူးကြီးကြီးယူထားတာကို အများကြီးတွေ့ရပါတယ်။ သူတို့ဟာ လစာပုံမှန်ရနေသ၍ သူတို့ကို အလုပ်ခန့်ထားတဲ့ ကုမ္ပဏီ မြတ်သလား၊ ရူံးသလားဆိုတာကို သိတ်ပြီး ဂရုမစိုက်ကြပါဘူး။ ကျတော်ကိုယ်တိုင် ဒီလိုလူမျိုးတွေကို အများကြီးကြုံဘူးပါတယ်။ တချို့ဆိုရင် နာမည်ကြီး စီးပွားရေးကျောင်းတွေက ဘွဲ့ယူထားတဲ့သူတွေတောင်ပါပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ Balance Sheet ကိုတောင် ကောင်းကောင်းမကြည့်တတ်ပါဘူး။ အမြတ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုတောင် နားလည်အောင် ရှင်းမပြနိုင်ကြပါဘူး။ ဒီလိုလူမျိုးတွေဟာ ဘယ်လောက်ပဲ ကြီးကျယ်တဲ့ ဘွဲ့တွေကို ရထားပါစေ။ သူတို့ရဲ့ စိတ်ဓာတ်ဟာ စာတိုက် စာရေးထက် မပိုပါဘူး။ သူတို့ဟာ ကိုယ့်အကျိုးအတွက် ကြည့်တတ်တာကလွဲရင် သူလုပ်နေတဲ့ အလုပ် အပေါ်မှာ တာဝန်ယူလိုစိတ်မရှိကြပါဘူး။ သူတို့ဟာ အပြင်ပန်းအားဖြင့်တော့ ရာထူးကြီးကြီးအတွက် ထိုက်တန်တဲ့ အရည်အချင်းတွေ အတွေ့အကြုံတွေ ရှိသလိုလိုထင်ရပါတယ်။ တကယ်တမ်းကျ သူတို့ရဲ့ ဆယ်နှစ် အတွေ့အကြုံဟာ တစ်နှစ်အတွေ့အကြုံကိုပဲ ဆယ်ခါ ထပ်တလဲလဲ ရှိနေသလိုပါပဲ။ ဆယ်နှစ်အတွေ့အကြုံရှိတယ်ဆိုတဲ့ စကားနဲ့တန်တဲ့ အရည်အချင်း၊ လုပ်ချင်ကိုင်ချင်စိတ် မရှိကြပါဘူး။ မြောက်များလှစွာသော စာတိုက်စာရေးစိတ်ဓာတ် နဲ့လူတွေဟာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပေမယ့် ဘာလို့ မအောင်မြင်တာပါလိမ့်၊ ဘာလို့ မကြီးပွားတာပါလိမ့်လို့ မေးတတ်ကြပါတယ်။
    ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ စိတ်ဓာတ်ကြောင့်ပါပဲ။

    ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Millionaire Mentality လို့ခေါ်တဲ့ သူကြွယ်စိတ်ဓာတ် ဆိုတာ တကယ်ရှိပါတယ်။ ဒီစိတ်ဓာတ်ရှိသူဟာ ကိုယ်ပိုင်စီးပွားရေးလုပ်သူဖြစ်စေ၊ ၀န်ထမ်း ဖြစ်စေ အောင်မြင်မှု့လမ်းကြောင်းမှာ သူများထက် ရှေ့ကရောက် နိုင်ပါတယ်။ အချုပ်အားဖြင့် ဆိုရင်တော့ သူကြွယ်စိတ်ဓာတ်ရှိသူဟာ ကုန်ကျစားရိတ်ကို တတ်နိုင်သမျှလျှော့ချ၊ အမြတ်ရရှိဖို့အတွက် ရှေ့ရူ့ပြီး လုပ်ကိုင်နိုင်တဲ့ အရည်အချင်းမျိုးရှိသူပါ။ ဒီလို သူကြွယ်စိတ်ဓာတ်မျိုးဟာ ကျတော် အပေါ်မှာပြောခဲ့တဲ့ လူလေးမျိုးထဲက ပထမတစ်မျိုးနဲ့ ဒုတိယ တစ်မျိုးမှာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ တတိယ အုပ်စုမှာ ဒီစိတ်ဓာတ်မျိုး သိတ်မတွေ့ရတတ်ပါဘူး။ ဒီအုပ်စုက လူတွေဟာ အလယ်အလတ်တန်းစားဘ၀ လောက် နဲ့တင်ကျေနပ် တတ်ကြတဲ့သူတွေပါ။ စတုထ္တအုပ်စုမှာတော့ ကျတော်ပြောတဲ့ သူကြွယ်စိတ်ဓာတ်မျိုး လုံးဝ မရှိနိုင်ပါဘူး။ ဒီလူမျိုးတွေဟာ နည်းနည်းလုပ်ပြီးများများပြန်လိုချင်သူတွေပါ။ သူတို့ဟာ အလုပ်ခန့်တဲ့ကုမ္ပဏီ ကို တိုးတက်အောင်၊ ကြီးပွားအောင် ၀ိုင်းဝန်းကြိုးပမ်းရမယ့် အရာလို့မမြင်ပဲ သူတို့လိုတာကိုပေးတဲ့ ပဒေသာပင် အဖြစ်မြင်ချင်ကြပါတယ်။

    ကျတော်အရင်တုန်းက တွေးဘူးပါတယ်။ သူတို့တွေ မအောင်မြင်ရတာဟာ ငါ့လောက် ကံမကောင်းကြလို့၊ ငါ ပညာတွေ သင်ခဲ့ရသလို သူတို့ မသင်ခဲ့ကြရလို့၊ ငါ့လောက် စီးပွားရေးအတွေ့အကြုံတွေ မရှိလို့ လို့ ဖေးဖေးမမ တွေးဘူးပါတယ်။
    ဒါပေမယ့် ကျတော် တဖြည်းဖြည်း နဲ့သိလာတာက ခုနက စီးပွားရေးအတွေ့အကြုံမရှိပါဘူး၊ ကံမကောင်းပါဘူး ဆိုတဲ့သူတွေဟာ သူတို့အကျိုးအတွက်ဆိုပါက အတော်ဆုံး စီးပွားရေးသမားတွေထက်တောင် တွက်တက်ချက်တတ်တယ် ဆိုတာပါပဲ။ ကျတော်တစ်ခါ တုန်းက ကုမ္ပဏီတစ်ခုကို ၀ယ်လိုက်ပါတယ်။ ဒီကုမ္ပဏီဟာ အောင်မြင်နိုင်တဲ့ အခြေအနေတွေ ၊ အခွင့်အလမ်းတွေ အများကြီးရှိပါလျက်နဲ့ မအောင်မမြင်ပါဘူး။ ဘာလို့လဲ ဆိုတာ ကျတော် အဖြေရှာကြည့်ပါတယ်။ မကြာပါဘူး ပြသနာရဲ့ အရင်းအမြစ်ကိုသိလိုက်ရပါတယ်။ ကုမ္ပဏီရဲ့ အဓိက တာဝန်ရှိသူ မန်နေဂျာ သုံးယောက်ဟာ စာတိုက်စားရေး တွေ ဖြစ်နေတာကိုး။ သူတို့ဟာ မလိုတဲ့အသုံးစားရိတ်တွေကို လျှော့ချရမယ်၊ အမြတ်ရရှိဖို့ ရှေ့ ရူ့အလုပ်လုပ်ရမယ် ဆိုတာ မသိကြပါဘူး။

    သူတို့ရဲ့ တစ်လ လစာဟာ ထောင်ဂဏန်းရှိပါတယ်။ လကုန်ခါနီးတော့ သူတို့ လစာထဲက ငါးဒေါ်လာ နုတ်ထားဖို့ စာရင်းဌာန ကို ကျတော်ညွန်ကြားလိုက်ပါတယ်။ တကယ်လို့ သူတို့ဘက်က မေးလာရင် ကျတော့်ဆီကို တိုက်ရိုက်လွှတ်လိုက် ဖို့လည်း ထပ်ပြီး ညွန်ကြားထားလိုက်ပါတယ်။ ကျတော်ထင်ထားသလိုပါပဲ လစာချက် ရပြီး တစ်နာရီအတွင်းမှာ မန်နေဂျာကြီးသုံးယောက်ကျတော်ဆီရောက်လာပါတယ်။

    “ကုမ္ပဏီ စာရင်းအင်းတွေကို ငါ အကုန်ကြည့်ပြီးပြီ။ ဒီထဲမှာ မလိုအပ်တဲ့ အသုံးစားရိတ်တွေ အများကြီးတက်နေတာတွေ့ရတယ်။ ဒါတွေကြောင့် မနှစ်တုန်းက ဒေါ်လာသောင်းဂဏန်းလောက် နစ်နာခဲ့တယ်။ မင်းတို့ ဒါတွေကို ဂရုမစိုက်ခဲ့ဘူး။ ပြီးတော့ ဒီလို အသုံးစားရိတ်တွေ အများကြီး ဘာလို့တက်နေတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာလည်းမရှာဘူး။ ပြင်လည်း မပြင်ဘူး။ အခု မင်းတို့ လစာ ငါးဒေါ်လာလျှော့နေတာကျတော့ ချက်ချင်း သိပြီး complain လုပ်တယ်။” ကျတော်လည်းသူတို့ကို ဆုံးမရပါတယ်။ နှစ်ယောက်ကတော့ ကျတော့်စကားကို နားထောင်ပြီး ပြင်ကြပါတယ်။ နောက်တစ်ယောက်ကတော့ တခြားမှာအလုပ်ရှာဖို့ ထွက်သွားပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုဟာ အမြတ်မရပဲ ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောစရာကိုမလိုပါဘူး။ နောက်ပြီး စီးပွားရေးတစ်ခုမှာ ပိုင်ရှင်ရော အလုပ်သမားတွေရောဟာ ထုတ်လုပ်မှု့တိုးတက်ဖို့၊ အသုံးစားရိတ်တတ်နိုင်သလောက်လျှော့ချနိုင်ဖို့၊ ထုတ်လုပ်မှု့အရည်အသွေး တိုးတက်ဖို့ ဒါတွေကို သတိရှိရှိနဲ့ အမြဲကြိုးစားနေရမှာပါ။ ဒါမှလည်း စီးပွားရေးလုပ်ငန်းဟာ တိုးတက်လာမှာပါ။ ဒါတွေဟာ စီးပွားရေး ပညာရဲ့ အခြေခံအကျဆုံး အပိုင်းတွေပါ။ ဒီသဘောတရားကို တချို့ စီးပွားရေးသမားတွေသိတ်နားမလည် ကြပါဘူး။ တချို့ဆိုလုံးဝ ကိုနားမလည်တာပါ။

    စီးပွားရေးလောကမှာ အားလုံးသိတဲ့ သဘောတရားတစ်ခု အကြောင်းကိုလည်းပြောချင်ပါသေးတယ်။ တခါတုန်းက လူငယ်မန်နေဂျာ တစ်ယောက်ဟာ သူ့ဌာန အသုံးစားရိတ်ခွင့်ပြုမှု့ကို ဒေါ်လာ ၂၀,၀၀၀ လျော့ချလိုက်တဲ့အကြောင်း ကျတော့ ကို မကျေမနပ် ပြောပြပါတယ်။
    “အဲလို လျှော့ချလိုက်တဲ့အတွက် မင်း ဌာနရဲ့ စွမ်းဆောင်ရည် ဒါမှမဟုတ် ထုတ်လုပ်မှု့ ကျသွားလို့လား။” ကျတော်သူ့ကို ပြန်မေးလိုက်ပါတယ်။
    သူက ခဏစဉ်းစားပြီး “အဲလိုတော့ မဟုတ်ပါဘူး။”
    “ဒါဖြင့် ဘယ်နှယ့်ကြောင့် မကျေမနပ်ဖြစ်နေတာတုန်း။”
    “ဒါပေမယ့် ကျတော်တို့ သုံးစရာတစ်ခုခုတွေ့လာမှာပေါ့။ နောက်ပြီး စီးပွားရေးမှာ အောင်မြင်ဖို့အတွက်ဆို အကြီးကြီးစဉ်းစားပြီး ပိုက်ဆံများများသုံးရမယ်မို့လား။” သူကလည်း သူ့သဘောထားကိုပြန်ပြောပါတယ်။
    ဒီကောင်လေးဟာ ကျတော့် ၀န်ထမ်း မဟုတ်တာတော်သေးတယ်လို့ အောက်မေ့မိပါတယ်။ နို့မဟုတ်ရင် အဲနေရာမှာတင် သူ့ကို အလုပ်ဖြုတ်ပစ်မှာ။

    “အောင်မြင်ဖို့အတွက် ကြီးကြီးစဉ်းစားပြီး များများသုံးရမယ်” ဆိုတဲ့သဘောတရားကို ကျတော်စီးပွားရေးလောက ထဲစ၀င်လာကတည်းက ကြားဘူးပါတယ်။ ဒီသဘောတရားလောက် နားလည်မှု့လွဲမှားခံရတဲ့ သဘောထား စီးပွားရေးလောက မှာ မရှိဘူးထင်ပါတယ်။ စီးပွားရေးမှာ အောင်မြင်ဖို့အတွက်ဆိုရင် စဉ်းစားဥာဏ်ရှိရမယ်။ မျက်စိတစ်ဆုံးကို ကြိုတင်တွေးတောနိုင်ရမယ်ဆိုတာ ကျတော် နားလည်ပါတယ်။ နောက်ပြီး ငွေကြေးကိုလည်း လိုအပ်တဲ့နေရာမှာ သုံးစွဲရမယ်၊ လိုအပ်ရင် ဆုံးရူံးနိုင်ချေ ရှိတဲ့နေရာမှာတောင် ရင်းနှီးရမယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမမယ့် သုံးတဲ့နေရာမှာ သေချာတွက်ချက်ရမယ်။ ဆုံးရူံးနိုင်ချေ ရှိတဲ့နေရာမှာလည်း ဆုံးရူံးနိုင်ချေ ကို သေချာတွက်ချက်ပြီး ပြန်ရမှာနဲ့ တန်တဲ့ နေရာတွေမှာပဲ ရင်းနှီးရမှာပါ။ ဆင်ကန်းတောတိုး သလိုလုပ်ဖို့ မဟုတ်ပါဘူး။

    ကျတော့် ကိုယ်ပိုင်အမြင်အရတော့ သူကြွယ်စိတ်ဓာတ်ရှိသူတစ်ယောက်ဟာ ကြီးကြီးမားမားတွေကိုစဉ်းစားဖို့ထက် အသေးစိတ်ကိစ္စတွေကို သတိထားဖို့ ပိုပြီးလိုတယ်လို့ထင်ပါတယ်။ မလိုအပ်တွေအသုံးစားရိတ်တွေကို လျှော့ချဖို့အတွက် အသေးစိတ်ကိစ္စတွေကို သေသေချာချာလေ့လာသင့်ပါတယ်။ ကျတော် ဒီသဘော ကိုပြောတဲ့အခါ တစ်ယောက်က စီးပွားရေးမှာအောင်မြင်ဖို့ ကပ်စီးနည်း ရမှာလားလို့ မေးဘူးပါတယ်။ တစ်နေရာမှာ ကပ်စီးနည်း တယ်လို့ ထင်ရတဲ့ကိစ္စလေး တွေဟာ တခြားတနေရာမှာ ကြီးမားတဲ့ကုန်ကျစားရိတ်တွေကို သက်သာစေနိုင်တယ်လို့ ကျတော်သူ့ကို သေချာရှင်းပြရပါတယ်။ တစ်ခါတုန်းက အမေရိကန် ကော်ပိုရေးရှင်းကြီးတစ်ခု ဟာ သူ့ရုံးခန်းအမှိုက်ပုံးထဲက စွန့်ပစ်ပစ္စည်းတွေကို လေ့လာ ပါတယ်။ ဒီထဲက အသုံးဝင်မည့် ပစ္စည်းအသေးအမွှားလေးတွေကို ရွေးပြီး တန်ဖို့းဖြတ်ပါတယ်။ ဥပမာ- စက္ကူညှပ်တဲ့ကလစ်တို့၊ သားရေကွင်းတို့၊ ခဲတံတို့ပေါ့။ ဒါတွေအာလုံး ပေါင်းလိုက်တာ တစ်နှစ်ကို ဒေါ်လာ ၃၀,၀၀၀ လောက်ဟာ အမှိုက်ပုံးထဲရောက်နေတာကိုတွေ့ရပါတယ်။ ထရပ်ကား ကုမ္ပဏီတစ်ခု မှာလဲ အဲသလိုပါပဲ။ ကားသမားတွေဟာ ကားကို ဓာတ်ဆီဖြည့်တဲ့အခါ ပိုက်ထဲမှာ ကျန်ပြီး မြေကြီးပေါ်ကျ ကုန်တဲ့ ဓာတ်ဆီဟာ တစ်နှစ်ကို ဒေါ်လာ ၁၅,၀၀၀ လောက် ရှိပါသတဲ့။

    ကျတော်ပိုင်တဲ့ကုမ္ပဏီတစ်ခုက အငယ်တန်းမန်နေဂျာတစ်ယောက်ဟာ ထုတ်လုပ်မှု့ကို သေချာလေ့လာပြီး ပစ္စည်းတစ်ခုကို ဆင့်တ၀က် ထုတ်လုပ်မှု့ကုန်ကျစားရိတ်သက်သာအောင်လုပ်ပါတယ်။ ဒါပေမယ့် အဲဒီဆင့်တစ်ဝက် ဟာ တစ်နှစ်လုံးပေါင်းလိုက်တဲ့အခါ ဒေါ်လာ ၂၅,၀၀၀ ရှိပါတယ်။ ဒီပမာဏဟာ သူ့လစာ ထက်များပါတယ်။ နောက်တစ်နှစ်ကျတော့လည်း အဲဒီ မန်နေဂျာပဲ သူ့ဌာနမှာ ကုန်ကျစားရိတ် ၂၀ ရာနှုန်းလျော့ချပြီး၊ ထုတ်လုပ်မှု့ ၁၂ ရာနှုန်းတက်လာ အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီကောင်လေးမှာ ကျတော်ပြောတဲ့ သူကြွယ်စိတ်ဓာတ်အပြည့်အ၀ ရှိပါတယ်။ ကျတော် သေသေချာချာပြောရဲ ပါတယ်။ ဒီကောင်လေး ဟာ အငယ်တန်း မန်နေဂျာအဖြစ်နဲ့ပဲမနေဘူးဆိုတာ။ မကြာခင်အချိန်အတွင်းမှာ သူ ကိုယ်တိုင် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်မှာပါ။

    အခုလို ပြိုင်ဆိုမှု့တွေ အရမ်းများနေတဲ့ ခေတ်မှာ စီးပွားရေးလုပ်ငန်းတိုင်းဟာ ကုန်ကျစားရိတ်လျှော့ချဖို့နဲ့ ထုတ်လုပ်မှု့တိုးတက်ဖို့ကို အပြင်းအထန်ကြိုးစားနေကြရတာပါ။ ဒီလိုခေတ်ကြီးမှာ ကုမ္ပဏီတစ်ခု ရဲ့ အနိမ့်ဆုံးဝန်ထမ်းနေရာမှာ တောင် စာတိုက်စာရေးလို လူစားမျိုးတွေ အတွက် နေရာမရှိပါဘူး။ အဲသလိုပဲ Millionaire Mentality ရှိတဲ့ မန်နေဂျာတွေ ၀န်ထမ်းတွေ အလွန်လိုအပ်ပါတယ်။

    ကျတော်နောက်တစ်ခေါက်ထပ်ပြောပါရစေ။ သူကြွယ်စိတ်ဓာတ်ရှိတယ်ဆိုတာ ကပ်စီးနည်းတာ၊ တွန့်တိုတာကိုပြောတာမဟုတ်ပါဘူး။ မိမိပိုင်တဲ့ ဒါမှမဟုတ်လဲ မိမိ အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ အကျိုးကို မျှော်မှန်းပြီး မလိုအပ်တဲ့ကုန်ကျစား ရိတ်တွေကို လျှော့ချဖို့၊ အမြတ်ရရှိဖို့အတွက် ရှေ့ရူ့လုပ်ကိုင်ဖို့ပါ။ မန်နေဂျာတစ်ယောက်အနေနဲ့ဆိုရင် မိမိကို ကုမ္ပဏီရဲ့ အစုရှယ်ယာ ပိုင်ရှင်တွေဟာ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ လွှဲအပ်ထားခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှု့နဲ့တန်အောင် ကိုယ်က ကြိုးစားဖို့လိုပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခု ဆက်လက်ရပ်တည်နေဖို့ တစ်ခုတည်းမဟုတ်ပဲ အခွင့်အရေးရတိုင်း ဘယ်လို တိုးချဲ့လုပ်ကိုင်မယ်ဆိုတာကိုပါ ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။ ။

    ***********************************************************************

    ရေနံသူဌေးကြီး J. Paul Getty ၏ How to be rich စာအုပ်မှ The Millionaire Mentality ကို ကျတော်နားလည်သလို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ Getty ဟာ တစ်ချိန်တုန်းက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ Getty Interest ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းမှာ ရေနံစ တူး တဲ့ ကုမ္ပဏီတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ အလှူအတန်းတွေလည်း အများကြီးလုပ်ခဲ့ပါတယ်။ သူဟာ အနုပညာပစ္စည်း စုဆောင်းရတာကိုလည်း ၀ါသနာပါပြီး သူစုဆောင်းခဲ့တဲ့ အနုပညာပစ္စည်းတွေကို အခုအခါမှာ Getty Museum မှာ ပြသထားပါတယ်။ Getty ပြောတဲ့ Millionaire Mentality စိတ်ဓာတ်မျိုးရှိဖို့ ကျတော်တို့ လူငယ်တွေအတွက် အလွန်အရေးကြီးတယ်လို့ထင်ပါတယ်။ အရာရာကို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ ဟိုယောင်ယောင်၊ဒီယောင်ယောင် တောင်မရောက်မြောက်မရောက်ဖြစ်နေမဲ့အစား အလုပ်တစ်ခုခုကို Millionaire Mentality စိတ်ဓာတ်မျိုးနဲ့ သေသေချာချာလုပ်ကြဖို့လိုမယ်လို့ ထင်ပါတယ်ခင်ဗျာ။

    လူမင်းဟန်