News @ M-Media
Tag: အမေရိကန်
  • ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခြိမ်းခြောက်
    ထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဝေဖန်ခြိမ်းခြောက်
    စက်တင်ဘာ ၂၂၊ ၂၀၁၇
    M-Media
    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ စိတ်ကစဥ့်ကလျားဖြစ်နေသူတစ်ဦးဖြစ်ပြီး ၎င်း၏ ခြိမ်းခြောက်မှုများအတွက် ‘ကြီးကြီးမားမား’ ပေးဆပ်ရမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။
    မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ယနေ့မနက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထရမ့်မှာ ‘နိုင်ငံတစ်ခု၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်သူရန် မထိုက်တန်သူဖြစ်ကြောင်း’၊ ‘မီးဖြင့် ကစားရသည်ကို ကြိုက်နှစ်သက်သည့် လူပေလူတေ၊ ဂိုဏ်းစတားတစ်ဦးသာ ဖြစ်ကြောင်း’ ကင်ဂျုံအန်က ထည့်သွင်း ပြောဆိုခဲ့သည်။
    မြောက်ကိုရီးယားခေါင်းဆောင်က ထိုကဲ့သို့ တိုက်ရိုက်ပြောဆိုခြင်းမှာ ရှားပါးသည့် ကိစ္စမျိုးလည်းဖြစ်သည်။
    ယခုကြေငြာချက် ထွက်ပေါ်မလာခင် နာရီပိုင်းအရင်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အပေါ် အရေးယူမည်ဆိုသည့် ခေါင်းဆောင် ကင်ဂျုံအန်၏ စိတ်ပိုင်းဖြတ်မှုကို ဖြည့်ဆည်းပေးရန်အတွက် ပစိဖိတ်သမုဒ္ဒရာတွင် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
    ထရမ့်မှာ အင်္ဂါနေ့ ကုလ အထွေထွေညီလာခံ မိန့်ခွန်းတွင် ကင်ဂျုံအန်အား ‘ဒုံးကျည်လူသား’ ဟု ပြောင်လှောင်ခေါ်ဝေါ်ခဲ့ပြီး မြောက်ကိုရီးယားကို လုံးဝ ဖျက်ဆီးသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
    မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ပိုမိုဆောင်ရွက်ရေး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကိုလည်း ထရမ့်က ယမန်နေ့တွင် လက်မှတ်ရေးထိုခဲ့သည်။
    Ref: Aljazeera
  • အမေရိကန် – မြန်မာပြည်မှ မွတ်စလင်မ်များ အပေါ်ဖိနှိပ် ညှင်းပမ်းမှုများ ရပ်တန့်ပေး
    M-Media
    မတ်လ ၂၆ ရက်၊ ၂၀၁၄
    US panel: End persecution of Muslims in Myanmar
    အမေရိကန် – မြန်မာပြည်မှ မွတ်စလင်မ်များ အပေါ်ဖိနှိပ်ညှင်းပမ်းမှုများ ရပ်တန့်ပေး
    .အေပီသတင်းဌာန
    မက်သရူး ပဲနင်တန် သတင်းတင်ပြသည်။
    yahoonews
    အမေရိကန် ဥပဒေပြုလွှတ်တော် နိုင်ငံခြားရေးကော်မတီမှ မြန်မာပြည်ရှိ မွတ်စလင် ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှင်းပမ်းနေမှုများ အဆုံးသတ်ဖို့ရာ ယမန်နေ့ (မတ်လ ၂၅ ရက်၊ အင်္ဂါ) က တိုက်တွန်း နှိုးဆော်လိုက်ကြောင်း အေပီသတင်းတစ်ရပ်က တင်ပြသည်။
    ရိုဟင်ဂျာအရေးမှာ မြန်မာ အသွင်ပြောင်း အစိုးရအတွက် အမေရိကန်ကွန်ဂရက်မှ အပြင်းထန်ဆုံး ထိုးနှက်ဝေဖန်မှုများထဲတွင် တစ်ခု အပါအ၀င်ဖြစ်ကြောင်း အေပီက တင်ပြသည်။
    အမေရိကန် နိုင်ငံခြားရေးကော်မတီမှ မြန်မာပြည်ရှိ တိုင်းရင်းသားများနှင့် လူနည်းစုဘာသာခြားများကို အကာအကွယ်ပေးရန် တောင်းဆိုဖို့ အတွက် အမေရိကန်နိုင်ငံနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း တိုက်တွန်းလိုက်သည်။
    အမေရိကန် ကွန်ဂရက်တွင်မူ မြန်မာကိစ္စအတွက် အဖြေရှာဖို့ မရေရာဖြစ်နေသော်လည်း ယခုကြေညာချက်ကြောင့် ကွန်ဂရက်၏ မြန်မာအပေါ် စိုးရိမ်မှုကို မီးမောင်းထိုးပြရာရောက်ကြောင်း အေပီက ဆိုသည်။
    ရီပတ်ဘလီကန်ကော်မတီဥက္ကဌ အက်ဒ်ရွိုက်က မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအပေါ် ဆက်ဆံသည့်သဘောထား တိုးတက်အောင် မလုပ်ဆောင်ဘဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင်မူ တိုးတက် လာပါသည်ဟု ပြော၍ မဖြစ်နိုင်ကြောင်း ဆိုသည်။ သူက အမေရိကန်အစိုးရအနေဖြင့် မြန်မာအပေါ်ထားရှိသည့် နှင်းဆီရောင်သမ်းသော အကောင်းမြင် သဘောထားကို ချွတ်ပစ်လိုက်ဖို့ လိုပြီဖြစ်ကြောင်း တဆက်တည်းပြောကြားသည်။
    “ကျွန်တော်တို့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လက်သင့်မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ယို့ယွင်းနေတဲ့ ဒီနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့်ပါပဲ” ဟု ရွိုက်စ်က ဆိုသည်။
    အမေရိကန်၏ ဒီမိုကရက်တစ် ကွန်ဂရက်အမတ်ဟောင်းတစ်ဦးဖြစ်သူ တော်မ်အင်ဒရူးကလည်း မြန်မာအစိုးရက ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို အခြေခံပြီး လာမည့် ၂၀၁၅ အတွက် ပြင်ဆင်နေကြောင်း၊ မြန်မာပြည်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ အတွက် အရိပ်လက္ခဏာများ ရှိနေကြောင်း ရေးသားဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
    Ref: news.yahoo.com/us-panel-end-persecution-muslims-myanmar-195735457.html
  • ကန်အခြေဆိုက် ဂျီနိုဆိုဒ် တိုက်ဖျက်ရေး အဖွဲ့၏ ရခိုင်ကိစ္စ ပြောဆိုတင်ပြချက်မှာ မြန်မာ အစိုးရအား သတိပေးသည်နှင့် တူညီ
    အေပီ သတင်းဌာန
    မကြာသေးမီက မြန်မာရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် ကန်အခြေဆိုက် ဂျီနိုဆိုဒ်တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် အမေရိကန် ကွန်ဂရက် အမတ်ဟောင်း တစ်ဦးက ရိုဟင်ဂျာများသည် ဆေးဝါးကုသမှုများ ရရှိဖို့အတွက် အသက်အန္တရာယ် စိုးရိမ် ရသည် အထိ ခက်ခဲနေကြောင်း၊ တိုက်ခိုက်မှုများ ခံရမည့်အရေးကိုလည်း အထိတ်တလန့်ဖြင့် စိုးရိမ်နေရကြောင်း သတိပေးပြောဆိုလိုက်သည်။
    United to End Genocide အဖွဲ့ခေါင်းဆောင် Tom Andrews
    United to End Genocide အဖွဲ့ခေါင်းဆောင် Tom Andrews
    United to End Genocide ဟုအမည်ရသည့် အမေရိကန်အခြေဆိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် တွမ်အင်ဒရူးက ယမန်နေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာကို အေပီက ပြင်းပြင်းထန်ထန် ထိုးနှက်သည့် အစီရင်ခံစာ (hard-hitting report) ဟု ဖော်ပြထားသည်။ United to End Genocide အဖွဲ့သည် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ ခဲ့အပြီးမှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းသည်။
    အမေရိကန် ဒီမိုကရက်တစ်ပါတီ၊ ဥပဒေပြုအမတ်ဟောင်းတစ်ဦးကမူ သမ္မတအိုဘားမားအား သူ၏ တတ်နိုင်သည့် အခန်းကဏ္ဍမှ နိုင်ငံမဲ့ရိုဟင်ဂျာများအား အကာအကွယ်ပေးဖို့ မြန်မာအစိုးရအား တောင်းဆိုသွားရန် တိုက်တွန်းနှိုးဆော်လိုက်သည်။
    “အန္တရာယ်ရဲ့ အရိပ်လက္ခဏာတွေက ရှင်းရှင်းလင်းလင်းကြီးရှိနေတယ်။ အဲဒီအန္တရာယ် လက္ခဏာတွေက တစတစ တိုးတက်နေသေးတယ်။ ကျွန်တော်တို့ ကပ်ဘေး ဒုက္ခကြီးတစ်ခုကို မြင်တွေ့ ရမယ့်အနေအထားပဲ။ အဲဒီ (ရခိုင်) မှာ အသက်ဆုံးရှုံးသွားရတဲ့ အရေအတွက်ကလည်း ပြောပလောက်အောင်ရှိနေပြီးပြီ။ အဲဒီမှာ ရှိနေတဲ့လူတွေ ဘာမှမလုပ်ဘဲ ဒါတွေဖြစ်လာတာမှ မဟုတ်ဘဲ။ ဘာကြောင့်လဲ၊ အဲဒီ (ရိုဟင်ဂျာ) တွေက (ဘာကြောင့် ဒီလို အလုပ်ခံရတာလဲဆိုတော့) သူတို့က လူမျိုးခြားဖြစ်နေတယ်၊ (တသီးတခြားဖြစ်နေတဲ့) သူတို့လူမျိုးစု၊ သူတို့ကိုးကွယ်တဲ့ ဘုရားရှင် စတဲ့ အကြောင်းများကြောင့် ဖြစ်တယ်။ ဒါကြောင့် သူတို့တွေ ဓါးစာခံဖြစ်နေရတယ်။” ဟု အင်ဒရူးက အေပီသို့ ပြောပြသည်။
    ထို့ပြင် အင်ဒရူးက “အဲဒီရခိုင်မှာ လူမျိုးတုန်း သတ်ဖြတ်ဖို့ အစီအမံ အစိတ်အပိုင်းတွေ ရှိနေတယ်။ ကြီးမားတဲ့ အကြမ်းဖက်မှုကြီးဖြစ်ဖို့  အရိပ်အယောင်တွေ ရှိနေတယ်” ဟု ဆိုသည်။
    ၂၀၁၂ နှစ်လည်ပိုင်းမှစ၍ ရခိုင်ပဋိပက္ခကြောင့် လူပေါင်း ၂၈၀နီးပါး သေဆုံးခဲ့ရသည်။ အများစုမှာ ရိုဟင်ဂျာများဖြစ်သည်။ ရိုဟင်ဂျာပေါင်း တစ်သိန်းလေးသောင်းခန့်မှာ လူဦးရေ ပြွပ်သိပ်ကျပ်တည်း နေသည့် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ခံခဲ့ရသည်။ ရိုဟင်ဂျာထောင်ပေါင်း များစွာမှာလည်း ပင်လယ်တွင်း လှေစီး ထွက်ပြေးခဲ့ကြရသည်။ အင်ဒရူးကမူ ယခုနှစ်အတွင်း လှေစီးထွက် ပြေးရသည့် ပမာဏမှာ နှစ်ဆမြင့်တက် လာကြောင်း၊ ထိုသို့ ထွက်သွားခြင်းမှာ အန္တရာယ် များလွန်းသလို အခြားနေရာများ၌ ခိုလှုံခွင့်ရနိုင်ရေးမှာလည်း အခွင့်အလမ်း အလွန်နည်းပါးကြောင်း ဆိုသည်။
    ရိုဟင်ဂျာအများစုက မြန်မာပြည်တွင်းမွေးဖွားပြီး မျိုးဆက်ပေါင်း များစွာကပင် မြန်မာပြည်တွင်း နေထိုင်နေကြသော်လည်း မြန်မာ အစိုးရက တရားမ၀င် ခိုးဝင်လာသူများဟုသာ မှတ်ယူနေကြောင်း အေပီက ဆိုသည်။
    ပြီးခဲ့သည့်လအတွင်းကလည်း ရခိုင်ရှိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ လုပ်ငန်းစဉ်များအား မြန်မာအစိုးရက အင်အားသုံး ရပ်တန့်ပစ်ခဲ့သည်။ ထိုအဖွဲ့က လူပေါင်း ၇ သိန်းခန့်အား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဖွဲ့ဖြစ်သည်။ ထိုလူပေါင်း ၇ သိန်းတွင် ၂ သိန်းမှာ သွားလာရေးခက်ခဲသည့် ရွာများတွင် နေထိုင်သည့်လူများနှင့် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ ဖြစ်ကြသည်။ နိုဘယ်ဆုတံဆိပ်ရရှိထားသည့် ထိုအဖွဲ့အစည်းကို မြန်မာ အစိုးရက ဗုဒ္ဓဘာသာများထက် မွတ်စလင်များကို မျက်နှာသာပေးသည်ဟု စွပ်စွဲခဲ့သည်။
    အင်ဒရူးက သူ့အနေဖြင့် စစ်တွေအနီးရှိ ဒုက္ခသည်စခန်းတွင် လေးရက်တိတိ အချိန်ပေးလေ့လာခဲ့ကြောင်း၊ စခန်းတွင်နေထိုင်သူများ၏ ပြောပြချက်အရ ဒုက္ခသည်များက လှေဖြင့်ထွက်ပြေးတိုင်း စခန်းလုံခြုံရေးအစောင့်များက မသိချင်ယောင် ဆောင်နေကြကြောင်း၊ စစ်တွေဆေးရုံသို့ ဆေးကုသလိုသည့် ဒုက္ခသည်တိုင်း လုံခြုံရေးများကို လာဘ်ထိုးဖို့ လိုကြောင်း ပြောပြသည်။ အင်ဒရူးက မကျန်းမမာဖြစ်နေသည့် ဒုက္ခသည်များအတွက် ဆေးဝါး လုံလောက်မှုမရှိသည့်အကြောင်းနှင့် အချို့မှာ မိမိတို့ကိုယ်ကိုပင် သေလူအဖြစ် သတ်မှတ်ထားကြသည့် အချက်များကို လေးလေးနက်နက် ပြောပြခဲ့သည်။
    နယ်စည်းမခြားဆရာဝန်များအဖွဲ့ကလည်း ၄င်းတို့၏ လုပ်ငန်းစဉ်များ ပိတ်ပင်ခံရသည့်အတွက် လူအများ၏အသက် ထိခိုက်မည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ခေါင်းဆောင်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြန်မာပြည်သို့ လာခဲ့ပြီး မြန်မာအစိုးရထိပ်ပိုင်း ရခိုင်ပြည်နယ်တွင်း ဆေးကုသရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
    လွန်ခဲ့သည့် သုံးနှစ်အတွင်း မြန်မာပြည်၌ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကူညီခဲ့သည့် နိုင်ငံတကာ သံအဖွဲ့များအား ဦးဆောင်သူ အမေရိကန်နိုင်ငံက နိုင်ငံတကာ လူ့သားချင်းစာနာ ထောက်ထားရေး အဖွဲ့များအား နိုင်ငံတွင်း အကွပ်အထိန်းမဲ့ သွားလာလှုပ်ရှား ခွင့်ပေးရေးအတွက် မြန်မာအစိုးရအား တိုက်တွန်းလိုက်သလို ရိုဟင်ဂျာများအား နိုင်ငံသားပြုပေးရေး အတွက်လည်း ဆွေးနွေးဆောင်ရွက်ဖို့ တိုက်တွန်းသည်။
    အင်ဒရူးကမူ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင်း ဘာသာရေးနှင့် လူမျိုးရေးတင်းမာမှုများအား ကိုင်တွင်ဆောင်ရွက်ဖို့ လုပ်ကိုင်ရာတွင် (ရခိုင် များ၏) ဖိအားပေးမှု  အနည်းငယ်ရှိနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ၌ ဗုဒ္ဓဘာသာ အမျိုးသားရေး ဦးစားပေး မဲဆွယ်မှုကလည်း တိုးတက်မြင့်မားလာနေကြောင်း ဆိုသည်။ သို့သော် အင်ဒရူုးက မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်ပတ်သက်နိုင်ရေး သဘော ဆန္ဒရှိနေသဖြင့် အမေရိကန်ကဲ့သို့သော နိုင်ငံခြားအစိုးရများက ၄င်းတို့၏ အခန်းကဏ္ဍကို ဆုပ်ကိုင်ထား (ပြီး လိုသလို ဆောင်ရွက်) ကြဖို့လိုကြောင်း ဆိုသည်။
    အင်ဒရူးမှာ ၁၉၉၁ မှ ၁၉၉၅ အထိ အမေရိကန် ကွန်ဂရက်တွင် အမှုထမ်းခဲ့သည်။ သူ၏ မြန်မာခရီးစဉ်မှာ တရားဝင်ခရီးစဉ် မဟုတ်သလို ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ရေတွက်ပါက သူ၏ ခရီးစဉ်မှာ ဒုတိယအကြိမ်ဖြစ်သည်။
    United to End Genocide မှာ ဆီးရီးယား၊ ဆူဒန်စသည့် နိုင်ငံများအရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။
  • အမေရိကန်၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်ဖြစ်သည်ဟု ၀ါရှင်တန်ပို့စ်ရေးသား
    M-Media
    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    islamခရစ်ယာန်သာသနာမှ ပြီးလျှင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယကိုးကွယ်သူအများဆုံး သာသနာမှာ အစ္စလာမ်သာသနာဖြစ်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာ ဖော်ပြသည်။ အစ္စလာမ် သာသနာ ကိုးကွယ်သူအများစုမှာ ပြည်နယ်ပေါင်း ၂၀ တွင် ပျံ့နှံ့နေပြီး ထိုပြည်နယ်များမှာ အမေရိကန်ပြည်ထောင်စု၏ အလယ်ပိုင်း (အနောက်ဘက်) နှင့် တောင်ပိုင်းတို့တွင် တည်ရှိနေကြောင်း သိရသည်။
    အမေရိကန်ပြည်ထောင်စုအနောက်ဘက်တွင်မူ ဗုဒ္ဓသာသနာက အကြီးမားဆုံးအဖြစ်နေရာယူထားပြီး ပြည်နယ်ပေါင်း ၁၃ ခု၌ ပျံ့နှံ့လျက်ရှိသည်။ ဂျူးသာသနာကမူ ပြည်နယ်ပေါင်း ၁၅ ခုတွင် ပျံ့နှံ့နေသည်။ ဟိန္ဒူသာသနာကမူ ဒီလာဝဲနှင့် အရီဇိုးနားပြည်နယ်နှစ်ခု၌ အများဆုံးနေရာယူထားပြီး ဘဟာအီသာသနာကမူ ကာရိုလိုင်းနားတောင်ဘက်တွင် အများဆုံးအဖြစ် နေရာယူထားသည်။
    နယူးယောက်ဒေးလီးသတင်းစာက ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့က သတင်းတစ်ရပ်တင်ပြခဲ့ရာ ယင်းတွင် အစ္စလာမ်သာသနာမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် ကိုးကွယ်သူ နှစ်ဆမြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။ နယူးယောက်ဒေးလီးသတင်းစာက 9/11 အရေးအခင်းနောက်ပိုင်း အစ္စလာမ်သာသနာက အမေရိကန် ပြည်ထောင်စုတွင် အလျင်မြန်ဆုံးပျံ့နှံ့ခဲ့သည့် သာသနာဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကိုးကွယ်သူပေါင်း ၆၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကြောင်း၊ 2010 U.S. Religion Census ကိုပင် အခြေခံကာ သတင်းတင်ပြခဲ့ခြင်းဖြစ်သည်။
    LargestNonChristian
    ကိုးကား –
    ၁) http://www.washingtonpost.com/blogs/govbeat/wp/2013/12/12/religion-in-americas-states-and-counties-in-6-maps/?tid=sm_fb
    ၂) http://www.nydailynews.com/news/national/number-muslims-u-s-doubles-9-11-article-1.1071895
  • ကန်တို့၏ အကြမ်းဖက်စောင့်ကြည့်ရေး စာရင်းတွင် မင်ဒဲလားပါဝင်ခဲ့
    M-Media
    ဒီဇင်ဘာ ၇ ၊ ၂၀၁၃
    mendalaနိုင်ငံတကာမှ နိုင်ငံရေးသမားများ၏ လူ့အခွင့်အရေးစံပြ သရုပ်အဖြစ်သတ်မှတ်ခြင်းခံထားရသူ နယ်လ်ဆင်မင်ဒဲလားမှာ အမေရိကန်တို့၏ အကြမ်းဖက် စောင့်ကြည့်ရေးစာရင်းတွင် ၂၀၀၈ ခုနှစ်အထိ ပါဝင်နေခဲ့ကြောင်း သတင်းများကဆိုသည်။
    ကန်တို့ကမူ လူမည်းခေါင်းဆောင် မင်ဒဲလားအား အကောင်းမွန် ဆုံးဟန်ပြဆက်ဆံရေးဖြင့် ဆက်ဆံခဲ့သော်လည်း မင်ဒဲလားမှာ ၄င်းတို့၏အကြမ်းဖက် သမားစောင့်ကြည့်ရေးစာရင်းဝင်အဖြစ် လျို့ဝှက်စွာ အကျုံးဝင်နေခဲ့ရခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင်မူ သမ္မတဂျော့ဘုရှ်၏ လက်မှတ်ဖြင့် မင်ဒဲလားအား ထိုစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
    တောင်အာဖရိကနိုင်ငံ၏ လူတန်းစားခွဲခြားရေး လူဖြူအစိုးရက မင်ဒဲလားခေါင်းဆောင်သည့် African National Congress (ANC) ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် စာရင်းသွင်းထားခဲ့ပြီး ANC ၏ အစိုးရကိုဆန့်ကျင်ဆောင်ရွက်ရသည့် လူဖြူလူမည်းခွဲခြားဆက်ဆံရေးတိုက်ဖျက်မှုများမှာ ၁၉၄၈ မှ ၁၉၉၄ ထိ ကြာမြင့်ခဲ့သည်။
    အင်္ဂလန်နိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကလည်း မင်ဒဲလား၏ ANC အား အကြမ်းဖက်အဖွဲ့ဟု ၁၉၈၇ တွင် ခေါ်ဝေါ်သမုတ်ခဲ့ဖူးသည်။ မာဂရက်သက်ချာက ကန်သမ္မတ ရော်နယ်ရေဂင် လုပ်ခဲ့သည့်အတိုင်း တောင်အာဖရိက လူဖြူအစိုးရအား ပိတ်ဆို့အရေးယူဖို့ အဆိုအား ပယ်ချခဲ့သည်။
    ANC အား အသိအမှတ်ပြုဖို့ရာအတွက် ၁၉၈၆တွင်  အမေရိကန်တို့၏ လွှတ်တော်၌ မဲခွဲခဲ့ရာ ယခင် သမ္မတ ဘုရှ်လက်ထက်၊ ဒုတိယသမ္မတ အဖြစ် ဆောင်ရွက်ခဲ့သည့် ဒစ်ချေနီက အခြားသော ကွန်ဂရက်အမတ် ၁၇၉ ဦးနှင့်အတူ ဆန့်ကျင်သည့်ဘက်မှ ရပ်တည်ခဲ့ဖူးသည်။ ထိုမဲခွဲမှုမှာ နယ်လ်ဆင်မင်ဒဲ လားအား ထောင်မှ လွှတ်ပေးဖို့ တောင်းဆိုရန်ကိစ္စလည်း ပါဝင်ခဲ့သည်။
    ကန်တို့၏ ဆောင်ရွက်ချက်များမှာ အငြင်းပွားဖွယ်များအဖြစ် တည်ရှိနေပြီး ပါလစ္စတိုင်းရှိ လွတ်လပ်ရေးကြိုးပမ်းသူ ဟားမားစ်အဖွဲ့ကိုလည်း အကြမ်းဖက် အဖြစ် အစဉ်အဆက် သမုတ်လာခဲ့သည်မှာ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။