News @ M-Media
Tag: မြန်မာမွတ်စလင်မ်
  • ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
    ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
    ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
     စက်တင်ဘာ ၂၄၊ ၂၀၁၂
    M-Media
    ပသီဝိုင်းဝတ်ရည်မြင့်
    မနေ့က တစ်နေကုန်နီးပါး ဖုန်းတစ်လုံးနဲ့ အလုပ်များနေခဲ့တယ်။ ကိုယ်ကခေါ်လိုက်၊ တစ်ခြားသူတွေက ပြန်ခေါ်လိုက်နဲ့။ ညဘက်ရောက်တော့ ခေါင်းကလည်းကိုက်လာတာနဲ့ ခဏနားနေတုန်း ဖုန်းလာပြန်တာနဲ့ ဖုန်းပြောလိုက်ပြီးတော့ ဆေးသောက်ပြီးအိပ်လိုက်တယ်။ ည (၁၁)နာရီကျော်ကျော်လောက်မှာ ဖုန်းမြည်လာပြန်တယ်။ ဒါနဲ့ အိပ်ချင်လွန်းစွာနဲ့ ဖုန်းကိုပြန်ထူးလိုက်တော့ အစ်ကို ကိုခင်မောင်ထွန်းက ဖုန်းလှမ်းဆက်တာ။ “၀ိုင်း ရေ၊ ဦးကျော်ဝင်းမောင် အလ္လာ့ဟ်အမိန့်ခံယူ(ဆုံးပါး)သွားပြီ။”လို့ ကြားလိုက်ရတာနဲ့ ‘အင်းနားလလ္လာဟေ ၀အင်းနားအေလိုင်းဟေ ရားဂျေအူးန် (ဧကန်အမှန် ကျွန်ုပ်တို့သည် ထိုအရှင့်ထံသို့သာ ပြန်ရမည့်သူများဖြစ်ပါ၏။)’ လို့ စိတ်ထဲကရွတ်ဆိုလိုက်မိပြီး တစ်ပြိုင်နက်တည်း ဘယ်အချိန်က ဆုံးတာလဲ၊ ဘယ်အချိန် ဒါဖွနာ(မြှုပ်နှံ)မှာလဲ” လို့မေးလိုက်မိတယ်။ ကိုခင်မောင်ထွန်းက “မနက်ဖြန်နေ့ခင်းဘက်လောက်ဖြစ်မယ်။ အဲဒါ တစ်ခြားပြောရမယ့်သူတွေကိုလည်း ပြောလိုက်ပါဦး။ နောက်ပြီး ဆရာကြီးရဲ့သား ရန်ကုန်ကိုအခုညတွင်းချင်းပြန်မှာ။ ရန်ကုန်လိုက်ချင်တဲ့သူရှိရင်လည်း အခုညပဲသွားကြဖို့ ကားစီစဉ်နေတယ် လိုက်ချင်တဲ့သူရှိရင်”လို့ပြော တာကြောင့်။ အဖေ့ကိုပြောပြပြီး တစ်ခြားပြောသင့်သူတွေထံ ဖုန်းဆက်လိုက်တယ်။ အဖေကတော့ ဆရာကြီးသားထံဖုန်းဆက် ပြောစရာရှိတာပြောပြီး၊ ရန်ကုန်က မန္တလေးကမိတ်ဆွေတွေ၊ ရန်ကုန်ကမိတ်ဆွေတွေဆီ ဖုန်းဆက်ပြီး လုပ်သင့်တာတွေ ၀ိုင်းဝန်းစီစဉ်တိုင်ပင်နေကြတယ်။
    အဲဒီမှာပဲ ကျွန်မလည်း ဆရာကြီးဦးကျော်ဝင်းမောင်(၀မ်းအိုဝမ်း)အကြောင်း ပြန်တွေးမိသွားတယ်။ ဆရာကြီး … ဆရာကြီးလို့ပဲ သုံးနှုန်းပါရစေတော့။ ဆရာကြီးလို့ခေါ်ပေမယ့် တကယ်တမ်းမှာတော့ ဦးကျော်ဝင်းမောင်ဟာ အဖိုးအရွယ်ပါပဲ။ ကျွန်မအဖိုးနဲ့ သက်တူရွယ်တူ မိတ်ဆွေသူငယ်ချင်းတွေလည်း ဖြစ်တယ်လေ။ ဆရာကြီးနဲ့ ကျွန်မအဖိုးတို့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ တော်လှန်ရေးတွေနဲ့ ကြိုးပမ်းခဲ့ချိန်တွေကလည်း ကိုယ့်ကဏ္ဍအသီးသီးကနေ ကျရာတာဝန်ကို ကျေပွန်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးခေတ်အဆက်ဆက်မှာလည်း တာဝန်ကျေခဲ့ကြတယ်။ နောက်ပြီး ကိုယ့်နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်၊ ကိုယ့်အမျိုးသားတွေအပေါ် ချစ်စိတ်တွေကလည်း သူမတူအောင် ထားရှိခဲ့တယ်။ ကျွန်မအဖိုးနဲ့ ဆရာကြီးတို့ဟာ တစ်ခါတစ်လေမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်လို့ အငြင်းအခုံပြောဖြစ်ခဲ့ကြရင်တောင် အဲဒီကိစ္စပြီးတာနဲ့ ရှိရင်းစွဲ ခင်မင်ရင်းနှီးမှုအတိုင်း ခင်မင်ခဲ့ကြတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အဖိုးပြောပြဖူးတဲ့ အဖိုးတို့လုပ်ခဲ့ရတဲ့ တော်လှန်ရေးတွေအကြောင်းထဲမှာ “၀မ်းအိုဝမ်းကြီး၊ ၀မ်းအိုဝမ်းကြီး”ဆိုတာလည်း အမြဲကြားနေခဲ့ရတယ်။ အဲဒီကတည်းက ၀မ်းအိုဝမ်းကြီးဆိုတာ ဦးကျော်ဝင်းမောင်ဆိုတာကို သိခဲ့ရတယ်။ တော်လှန်ရေးအတွက် 101 တပ်ကနေ ပါဝင်ခဲ့သူမို့ နောင်တချိန်မှာ ၀မ်းအိုဝမ်းဆိုတဲ့ဂုဏ်ပုဒ်ပါ တွင်ခဲ့တာကြောင့် ၀မ်းအိုဝမ်းကျော်ဝင်းမောင် ဆိုပြီးနာမည်ကျော်ကြားခဲ့ပါတယ်။ ဆရာကြီးဟာ ဂျပန်ခေတ်က မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း တစ်ယောက်လည်းဖြစ်ပါတယ်။ ဆရာကြီးဟာ သူချစ်မြတ်နိုးတဲ့ တိုင်းပြည်၊ သူချစ်မြတ်နိုးတဲ့ အမျိုး၊ ဘာသာ၊ သာသနာအပေါ်မှာလည်း တာဝန်ကျေပွန်ခဲ့ပါတယ်။
    ပသီဦးကိုကိုလေးအထိမ်းအမှတ်ကော်မတီဖွဲ့စည်းစဉ်က ပါဝင်ခဲ့တဲ့ ဆရာကြီးဦးကျော်ဝင်းမောင် (၂၀၀၁-ခု)
    ဆရာကြီးဟာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ဒုတိယအဆင့်) တစ်ယောက်ဖြစ်ပြီး သက်ကြီးကန်တော့ခံစာပေပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။
    ပသီအမျိုးသားကွန်ဂရက်အတွက် ညှိနှိုင်းတိုင်ပင်ကြစဉ်က တက်ရောက်ပါဝင်ခဲ့တဲ့ဆရာကြီး
    (၂၀၁၁-ခု ဒီဇင်ဘာ)
    ဆရာကြီးက သူ့အတွေ့အကြုံတွေကနေ လူသားအကျိုးပြု စာပေတွေကိုလည်း ရေးသားခဲ့ပါတယ်။ မဂ္ဂဇင်းတွေ စာစောင်တွေမှာ ဆောင်းပါးတိုလေးတွေလည်း များစွာရေးခဲ့ပြီး ဆရာကြီး ဦးရာဇာတ် အတ္ထုပ္ပတ္တိ၊ ၀မ်းအိုဝမ်းနဲ့ဗမာ့မြေအောက်တော်လှန်ရေး၊ ၁၃၀၀ ပြည့် မန္တလေး အရေးတော်ပုံ၊ သခင်နက်ဖေ၊ ဂျပန်ခေတ် လေထီးသမားများ၊ နွေဦးရဲ့သမီးပျို၊ မေတ္တာလက်တလှမ်း ဆိုတဲ့ လုံးချင်းစာအုပ် ၂၀-ခန့်ကိုလည်း ရေးသားခဲ့ပါတယ်။ အဲဒီအထဲက နွေဦးရဲ့သမီးပျို နဲ့ မေတ္တာလက်တလှမ်းကတော့ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ဖူးတယ်။ အခုနောက်ဆုံးရေးခဲ့တာက အလံနီများ ရင်သွေးငယ်များကို ပေးအပ်ခြင်း ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဆရာကြီးရဲ့စာအုပ်တော်တော်များများကို ဖတ်ဖူးခဲ့ပါတယ်။ ဆရာကြီးဟာ သူ့အမျိုးသားတွေ (မြန်မာနိုင်ငံက မွတ်စလင်မ်တွေ)အတွက်လည်း သောကကြီး လွန်းခဲ့ပါတယ်။ ဆရာကြီးရေးသားခဲ့တဲ့ ‘စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ’ဆိုတဲ့စာအုပ်လေးဟာ ဆရာကြီးဦးရာဇတ်အကြောင်းကို တိုတိုရှင်းရှင်း မီးမောင်းထိုးပြထားတဲ့စာအုပ်ဖြစ်ပြီး ကျွန်မတို့လို လူငယ်တွေအတွက်လည်း အတုယူအားကျဖွယ်ဖြစ်စေခဲ့ပါတယ်။ နောက်ပြီး ‘တိမ်ကောပျောက်ကွယ်နေသော ပသီလူမျိုးစုအမည်ကို ပြန်လည်ဖော်ထုတ်ခြင်း’ဆိုတဲ့စာအုပ်လေးဟာလည်း လက်ရှိကာလမှာ လမ်းစပျောက်နေတဲ့ မြန်မာမွတ်စလင်မ်တွေရဲ့ အခန်းကဏ္ဍတစ်ခုကို မီးမောင်းထိုးဖွင့်လှစ်ပေးထားတာမို့ ဆရာကြီးရဲ့ သောကကိုလည်း မြင်တွေ့ခံစားမိပါတယ်။
    နိုင်ငံနဲ့ လူမျိုး၊ အမျိုးဘာသာ သာသနာအတွက် သောကကြီးပြီး လူသားအကျိုးပြုတွေ အများကြီးလုပ်ဆောင်သွားတဲ့ ဆရာကြီးဟာဝမ်းအိုဝမ်းကျော်ဝင်းမောင်ဟာ အသက်(၉၃)နှစ် ၂၀၁၂-ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့ ည(၁၀း၄၅)မှာ လူသားတွေရဲ့ လာရာလမ်းဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်သွားခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့ဟာ ဆရာကြီးရဲ့ မွေးရက်လည်းဖြစ်ပါတယ်။ ကျွန်မတို့လေးစားခဲ့တဲ့ ဆရာကြီး ကွယ်လွန်ဆုံးပါးသွားတာဟာ အနာဂတ်အတွက် ကြယ်တစ်ပွင့် ကြွေလွင့်သွားတယ်လို့ပဲ ခံစားရပါတယ်။ ကျွန်မတို့အတွက် ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့ပေမယ့် လူသားတွေရဲ့ လာရာလမ်းဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံသို့ ဆရာကြီးရဲ့ အပြန်ခရီးက ညင်သာချောမွေ့တာမို့ ဆရာကြီးအတွက် ကျေနပ်မိပါတယ်။
    “ဆုံးရှုံးခြင်း၏နောက်ကွယ်၌ နှမြောတသခြင်းသည် ထာဝရတည်ရှိနေမည်”ဆိုသလိုပါပဲ ကျွန်မတို့တွေအတွက်တော့ နှမြောတသဖွယ်ဖြစ်နေမှာ အမှန်ပါပဲ။
    x x x x x x x x x
  • ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခြင်း
    စက်တင်ဘာ ၂၃၊ ၂၀၁၂
    M-Media
    ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် အသက် (၉၃)နှစ် (၁၉၂၀ – ၂၀၁၂)
    •  လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်
    •  နိုင်ငံ့ ဂုဏ်ရည်ဘွဲ.ဒုတိယဆင့်
    •  ဂျပန်ခေတ်မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း
    •  သက်ကြီးကန်တော့ခံ စာပေပညာရှင်
    မြန်မာ့လွတ်လပ်ရေးအတွက် ကျိုးပမ်းခဲ့သူ၊ မြန်မာ့မြေအတွက် သောကရှိပြီး မြန်မာ့အရေးအတွက် ကျိုးပမ်းခဲ့သူ ဦးကျော်ဝင်းမောင်(၀မ်းအိုဝမ်းကျော်ဝင်းမောင်)၊ အသက်(၉၃)နှစ်သည် ၂၀၁၂-ခု စက်တင်ဘာလ (၂၃)ရက် ည(၁၀း၄၅)နာရီအချိန်တွင် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားကြောင်း သိရသည်။
    ဦးကျော်ဝင်းမောင်အား စက်တင်ဘာ ၂၄-ရက်နေ့၌ သံလျင်ဒါရ်ကာ ကဘာရ်စတာန်(မွတ်စလင်သုဿာန်)တွင် ဒါဖွနာ(မြှုပ်နှံ)မည်ဖြစ်ပါ၍ ဇဟိုရ်နမားဇ်အပြီး နေ့လည်(၂)နာရီအချိန်တွင် သာကေတနေအိမ် (အမှတ်-၃၃၁၊ အနော်မာ ၈-လမ်းထိပ်၊ ၁-ရပ်ကွက်)မှကားများ စတင်ထွက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။
    ဦးကျော်ဝင်းမောင်သည် ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ဒုတိယအဆင့်)၊ သက်ကြီးကန်တော့ခံစာပေပညာရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံအကျိုး အမျိုးဘာသာသာသနာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်အကျိုးပြုခဲ့သော ဆရာကြီးအလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားသည့်အတွက် M-Media မိသားစုမှ ဆရာကြီး၏မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
    ဆရာကြီး၏ အထ္ထုပ္ပတ္တိအကျဉ်းဖတ်ရန်
  • ဒိုးပတ်ဆရာကြီး စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာ
    အတိတ်ခေတ်မှ နေ့တစ်နေ့၊ အချိန်တစ်ချိန်၊ ခုနှစ်အားဖြင့် ၁၃၀၀ (၁၉၃၉-ခု) ဒေသက ကသာခရိုင် ကောလင်းမြို့၊ ရာသီက “သားပျိုးငယ်စုံ၊ မြရဂုံသီလာနယ်က၊ နှစ်သွယ်ရေတံခွန်နှင့် စိုးပန်းလဲ့မောင်၊ မုဝတ်ကယ်သင်းလှိုင်သည်၊ စုံဂနိုင်မြိုင်ယံမြင့်ငယ်မှာ၊ နွေလင့်ရွက်ညောင်း … “ဆိုတဲ့ မြ၀တီမင်းကြီးဦးစ သဖြန်ဖွဲ့ဆိုခဲ့တဲ့ တပေါင်း …. ။ လတပေါင်းဆိုတော့ အမြို့မြို့အနယ်နယ်တို့မှာ ဘုရားပွဲတော်များကျင်းပကြသည့်လ။ ဒီတပေါင်း လဆန်းပိုင်းမှာပဲ ကောလင်းမြို့ရဲ့ “ကိုးတောင်ပြည့်”စေတီတော် ကျင်းပတော့မယ့်ရက်ပိုင်းအလို စာရေးသူ အသက်က (၁၇) (၁၈)နှစ်ရွယ် အလယ်တန်းကျောင်းသားဘ၀။
    “ကိုးတောင်ပြည့် ဘုရားပွဲတော်မှာ စိန်ဒေါ်လာ ဒိုးပတ်ဝိုင်းပါမယ်တဲ့” တစ်ယောက်မှတစ်ယောက် ဆင့်ပွားလာတဲ့သတင်းကို စာရေးသူကြားရတော့ စိတ်ရွှင်လန်းမှုကို ရစေခဲ့တယ်။ ဒိုးဆရာ စိန်ဒေါ်လာလို့ အခေါ်များ ကျော်ကြားနေတဲ့ ဦးအပ္ပဒွလ္လာဟာ စာရေးသူ၏ဇာတိ၊ မန္တလေးမြို့ စကြာနွယ်စဉ်ရပ် အရပ်သားချင်းတူကြတာမို့တစ်ကြောင်း အဖဘက်မှ ဆွေမျိုးတော်စပ်နေတာကတစ်ကြောင်း အစ္စလာမ် သာသနာ ယုံကြည်ကိုးကွယ်သူ ပသီနယ်ဖွားတစ်ဦးက မြန်မာ့အနုပညာတစ်ရပ်ဖြစ်တဲ့ ဒိုးပတ်တီး ကျော်မော်ဖြစ်တာကတစ်ကြောင်းတို့ကြောင့် စိတ်၏ရွှင်လန်းမှု ဖြစ်ခဲ့ရပုံကို ဒီကနေ့ထိ တွေးမိမြင်ယောင်မိလျက်ပါ။
    ဒိုးပတ်ဝိုင်းဆိုတဲ့အနုပညာ
    မြန်မာလူမျိုးတို့ဟာ အလှူအတန်းကြီးကြသူများပါ။ လစဉ် လှူကြတန်းကြတဲ့ ပွဲလမ်းသဘင်များရှိကြတယ်။ လှူကြတန်းကြတဲ့ ပွဲတွေမှာလည်း ဒိုးပတ်ဝိုင်းပါကြတယ်။ အတိတ်ခေတ် စာရေးသူ ကျောင်းသားအရွယ်က  ကောက်စိုက်ရာမှာလည်း ဒိုးပတ်ဝိုင်းကြတယ်။ ဒိုးတီးပြီး ကောက်စိုက်ကြတာဟာ  တွင်ကျယ်မှုရှိတယ်။ ဒိုးပတ်ဝိုင်းမပါတဲ့ ကောက်စိုက်အဖွဲ့နဲ့ ဒိုးပတ်ဝိုင်းပါတဲ့ ကောက်စိုက်အဖွဲ့ယှဉ်စိုက်။ ဒိုးပတ်ဝိုင်းပါတဲ့အဖွဲ့က သာခဲ့တာအမှန်ပါ။ ခုခေတ်မှာတော့ ကောက်စိုက်ပွဲတွေမှာ ဒိုးဝိုင်းဟ မပါသလောက်ဖြစ်သွားပါပြီ။ လယ်ကသင်းပေါ်က ကက်ဆက်ကို အသံချဲ့စက်တပ်ပြီး အားပေးကြတဲ့ အဆင့်ရောက်နေပါပြီ။
    အတိတ်ဆီက ဒိုးဝိုင်းတွေ ခေတ်စားခဲ့ကြတယ်။ ၀ိုင်းတစ်ဝိုင်းမှာ လူအင်အားသိပ်လိုလှတာမဟုတ်ပါဘူး။ ဒိုးတီသမားတစ်ယောက်၊ အက၊  ဒါမှမဟုတ် နှစ်ယောက်၊ တချို့ဝိုင်းက နှဲတစ်ယောက်ထည့်ကြပါမှ ငါးယောက်ဆို ဒိုးဝိုင်းဖြစ်တော့တာပါ။ ဒီထက် ပိုချင်လို့ရှိရင်လည်း ၀ါးလက်ခုတ်သမား နှစ်ယောက်၊ သုံးယောက်ထည့်လို့ရပါတယ်။
    ကောလင်းရောက်လာတဲ့ စိန်ဒေါ်လာ
    ဘုရားပွဲစမယ့်ရက်က နီးလာလို့ စိန်ဒေါ်လာနဲ့အဖွဲ့ဟာ ကောလင်းရောက်ရှိလာကြပါတယ်။ သူတို့နဲ့အတူ လင်းကွင်းသမားတစ်ယောက်၊ နှဲသမားတစ်ယောက်၊ အဆို-အကတစ်ယောက် ပေါင်းမှ စိန်ဒေါ်လာပါ လေးယောက်သာ ပါခဲ့တယ်။ စိန်ဒေါ်လာ နာမည်ကြီးခေတ်စားနေချိန် မန္တလေးမှာ အကျော်အမော် ဒိုးဝိုင်းတွေကတော့ မိကျောင်းတံတား အနောက်ဘက်က ဘယ်ကျော် ကိုထွန်းမြတ်၊ အောင်ပင်လယ်က ဦးထွန်းသာာ၊ ဇီးအုပ်ရွာက ဦးရုံ၊ တံခွတိုင်က ဦးစံရ၊ မတ္တရာက ဦးဘရန်တို့ ဦးဆောင်ကြတဲ့ ဒိုးဝိုင်းတွေဟာလည်း နာမည်ကြီးဝိုင်းတေါပါ။ စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာဟာလည်း ဖော်ပြပါ ဒိုးသမားတွေနဲ့ ခေတ်ပြိုင်ပါ။ မန္တလေးမှာလည်း နာမည်ကြီးဝိုင်း တစ်ဝိုင်းဖြစ်လေတော့ နယ်တွေပါခြေဆန့်လာရတာကြောင့် ကောလင်းမြို့က တန်ခိုးကြီး “ကိုးတောင်ပြကည့်”ဘုရားပွဲကိုပင် ရောက်လာကြတာပါ။
    စိန်ဒေါ်လာနဲ့အဖွဲ့ ကောလင်းကိုရောက်ကြတယ်ဆိုရင်ပဲ ပွဲတော်ဖြစ်မြောက်ရေးကော်မတီက နားဖို့နေဖို့ နေရာချထားပေးကြလို့ ခဏနားကြ၊ ရပ်ဆွေရပ်မျိုးတို့အိမ်များကို တွေ့ဆုံ နှုတ်ဆက်ကြတယ်။
    နယ်ခံဆွေမျိုးတွေကလည်း စကြာနွယ်စဉ်ရပ် မန္တလေးက ရေကြည်ရာ မြက်နုရာ လာနေကြသူများ၊ မင်းတုန်းမင်းတရားကြီး မန္တလေးမြို့တည်ပြီး သီးသီးသန့်သန့် ဘုရင့်အမြောက်တပ် အမှုထမ်းများ စကြာအမြောက်တပ်ဗိုလ်မင်းဟာရှင်ရဲ့ အနွယ်များဖြစ်ပြီး စိန်ဒေါ်လာကလည်း ဗိုလ်မင်းဟာရှင်ရဲ့ အနွယ်၊ စာရေးသူကိုယ်တိုင်လဲ ဒီအနွယ်ဝင်ဆိုတော့ ပျော်ခဲ့ ဂုဏ်လည်းယူခဲ့မိတယ်။
    ဦးဒေါ်လာနဲ့ ပါတဲ့အဖွဲ့ဟာ ကံကောက်ရွာက လင်းကွင်းသမားကြီးဦးဘဂျမ်း၊ တံခွန်တိုင်က ဦးတုန်ပေါ့၊ ဆီဆုံကုန်းက ဆိုင်းမင်းသား ဦးဘခိုင်တို့လည်း ပါခဲ့ကြတယ်။
    ဦးအပ္ပဒွလ္လာတစ်ဦးတည်း နာမည်က သုံးမျိုး။ ဒါကိုတော့ နည်းနည်းရှင်းချင်ပါတယ်။ စနေမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း သုံးဆက် မင်းမှုထမ်းခဲ့တဲ့ အမြောက်တပ်သားကြီး ဦးဒူရာမန်း၊ အမိဒေါ်ဖီတို့က သားတစ်ဦး သမီးတစ်ဦးမွေးခဲ့တယ်။ မိဘနှစ်ဦးက ပသီမျိုးနွယ် အစ္စလာမ်သာသနာအရ အပ္ပဒွလ္လာလို့ အမည်ပေးခဲ့ကြတယ်။ ဒိုးတီးသမားဖြစ်လာတော့ မြန်မာလူမျိုးတို့က နာမည်အခေါ်ရခက်လို့ ကိုဒေါ်လာလို့ ခေါ်ခဲ့ကြတယ်။ စစ်မဖြစ်ခင်က ဝေလမင်းသား မြန်မာပြည်ရောက်လာပြီး မန္တလေးကိုလာတော့ ကြိုကြတဲ့အဖွဲ့ထဲမှာ ဦးဒေါ်လာရဲ့ ဒိုးဝင်းလည်းပါဝင်ခဲ့ရတယ်။ ဝေလမင်းသားကို ကြိုကြတဲ့အခါ ဦးဒေါ်လာရဲ့ ဒိုးထူးချွန်တာတွေ့ရလို့ ရွှေတံဆိပ် ချီးမြှင့်ခံရတယ်။ အဲဒီနောက်တော့ စိန်ဒေါ်လာဖြစ်လာတော့တယ်။ ဒိုးတီးကလည်းကောင်းပြန်၊ ဝေလမင်းသားကလည်း ရွှေတံဆိပ်ချီးမြှင့်ပြန်တော့ နာမည်ပိုကြီးလာတာပေါ့။ ဘယ်အထိ ဖြစ်ခဲ့ရသလဲဆိုရင် တောရွာတွေက ကြက်တိုက်ပွဲတွေမှာ အခွပ်ကောင်းတဲ့ကြက်ဖကို စိန်ဒေါ်လာကွ … တီးပေး … မလျော့နဲ့ … တီးပေးလို့ ရွာတွေထိ စိန်ဒေါ်လာ ခေတ်စားခဲ့တယ်လို့ သိရတယ်။
    ဒိုးတီးနဲ့စိန်ဒေါ်လာ
    ကောလင်းကို ရောက်ကြပြီး နောက်တစ်နေ့ ဘုရားပွဲက စပါတယ်။ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းဟာ လူတော်တော်စည်တဲ့ဝိုင်းပါ။ စိန်ဒေါ်လာ ဒိုးတီးကောင်းတဲ့အကြောင်းအရာတွေကတော့ လူက ထွားထွားကြိုင်းကြိုင်း၊ အားကကောင်းကောင်း၊ မောင်းကသန်သန်၊ လက်ချောင်းများကလည်းရှည်၊ ဒါကြောင့် သူ့ဒိုးတီးကွက်ဟာ စိတ်တဲ့အပြင် တီးချက်ကလဲပြင်းတယ်။ လက်နဲ့သက်သက်တီးတာမဟုတ်ပဲ ခြေဖ၀ါးတို့ကိုပါသုံးပြီး ဒိုးတီးတယ်။ ဒိုးမှာတပ်ထားတဲ့ ကြိုးကို ကတ္တီပါစွပ်ပြီးချုပ်ထားတယ်။ ကြယ်ပွင့်လေးတွေလဲစီပြီးတပ်ထားသေးတယ်။ ဒိုးကိုတီးရင်း လည်ပင်းမှာလွယ်ပြီး မင်းသား ပုလဲပုတီးလှည့်သလို ဒိုးကို အားနဲ့လှည့်လိုက်၊ နောက်ရောက်လာတဲ့ဒိုးကို ခြင်းလုါံ် စလွယ်ခတ်တီးဟန်နဲ့ ခြေဖ၀ါးနဲ့တီးပြီး ရှေ့ကိုပြန်ရောက်စေတယ်။ ဒိုးကို လည်ပင်းမှာဆွဲထားပြီး ဘယ်ဖ၀ါး ညာဖ၀ါးနဲ့လဲတီးတယ်။ ဒိုးကို ခြေရောလက်ပါတီးနေပေမယ့် ဟန်ချက်မပျက်စေရဘူး။
    ကျားကိုက်ကျွမ်းထိုးဆိုတာလဲ တီးလိုက်သေးတယ်။ ကျားကိုက်ကျွမ်းထိုး တီးတော့မယ်ဆိုရင် တိုက်ပုံအင်္ကျီချွတ် ပုဆိုးခါးတောင်းကျိုက်၊ ဒိုးတပ်ကြိုးကို ပါးစပ်နဲ့ကိုက်ပြီး မယ်ဥကျားချီပုံ၊ ဘယ်ယိမ်းညာယိမ်းလုပ်၊ ဒေါမာန်တွေထဟန်ပြု၊ ကျားဟန်ပါပါနဲ့ ဒိုးတီးချက်မပျက်စေဘဲ ရှေ့ကျွမ်းထိုးနောက်ကျွမ်းထိုး အမျိုးမျိုးတီးတယ်။ ဒါတွေဟာ စာရေးသူကိုယ်တိုင် ၁၇-နှစ်၊ ၁၈-နှစ်သားအရွယ်က တွေ့ခဲ့ရတာပါ။ စာဖတ်သူအနေနဲ့တော့ မျက်မြင် ကိုယ်တွေ့လောက် ခံစားရမှု အပြည့်မရှိနိုင်ပါဘူး။ အလေးအနက်ထားပြီး တွေးကြည့်ရင်တော့ ဒိုးလဲတီး၊ လှုပ်ရှားမှုမျိုးစုံကလည်းအဆက်မပြတ်လုပ်နေမယ့် ဟန်ပန်မူရာ စိတ်ဝင်စားစရာတွေ တရေးရေးမြင်လာလိမ့်မယ်လို့ ထင်ပါတယ်။
    စိန်ဒေါ်လာရဲ့ ဒိုးတီးကွက်ကို မြူးကြွစေဖို့ အပို့သမားကတော့ ကံကောက်ရွာက လင်းကွင်းဆရာကြီး ဦးဘဂျမ်းပါ။ ဦးဘဂျမ်းလင်းကွင်းတီးပုံကလည်း ပညာပါလှပါတယ်။ လင်းကွင်း ၂-ချပ် ရိုးရိုးတီးတာမျိုးမဟုတ်ဘူး။ လင်းကွင်းမှာတပ်ထားတဲ့ကြိုးဟာ တစ်ခုကို ခြောက်ပေလောက်ရှည်မယ်ထင်တယ်။ ကြိုးကို ကတီပါစွပ်ထားသေးတယ်။ လင်းကွင်းကြိုးမှာလဲ ငွေကြယ်လေးတွေစီလို့ပါ။ ကြိုးအဖျားမှာတော့ အဖွားတစ်ပေခန့်လောက်ရှိမယ့် ပန်းပွားတပ်ထားသေးတယ်။ လင်းကွင်းကြိုးကို ဝေ့ကာဝိုက်ကာ သိုင်းကွက်နင်းဟန်ကပြီး တီးပုံက စိန်ဒေါ်လာရဲ့ ဒိုးတီးကွက်နဲ့ စီးကိုက်လှတယ်။
    ကသာခရိုင် ကောလင်းမြို့ ကိုးတောင်ပြည့်ဘုရားပွဲက ၇-ရက် စိန်ဒေါ်လာတို့က တစ်ခြားမြို့မှာ ပွဲဆက်မလို့ ၃-ရက်ပဲ တီးကြတယ်။ ဒါတွေကတော့ စိန်ဒေါ်လာရဲ့ ဘ၀ဖြစ်စဉ် ကိုယ်တွေ့သိသမျှကလေးပါ။
    စိန်ဒေါ်လာဟာ စကြနွယ်စဉ် အမြောက်တပ်သားတို့မှ ဆက်နွယ်ခဲ့သူ သူကိုယ်တိုင် စကြာနွယ်စဉ်ဖွားဇာတိ။ ယနေ့တိုင် သူ့ဆွေမျိုးရင်းခြားများ စကြာနွယ်စဉ်ရပ်ကွက်တွင် ရှိလျက်ပါ။ ဗမာဘုရင်များလက်ထက် ပသီလူမျိုးလို့ သတ်မှတ်ခံကြရတဲ့ အစ္စလာမ်သာသနာဝင် မိဘနှစ်ပါးမှဆင်းသက်လာသူ၊ စကြာနွယ်စဉ်ရပ်မွေး စကြာနွယ်စဉ်ရပ်ကြီးခဲ့သူ၊ ဒိုးတီးကိုလဲ စကြာနွယ်စဉ်မှာပဲ တတ်မြောက်ခဲ့သူ။
    နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဗောဓိကုန်း၊ ပုဏ္ဏားအမျိုးသားများ စုဝေးနေထိုင်တဲ့ရပ်ကွက် ပုဏ္ဏားအမျိုးသားတို့ရဲ့ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုပွဲတွေမှာ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းမပါရင်မပြီးဘူး။ မင်္ဂလာအခမ်းအနားတွေမှာ သတို့သမီးဘက်က စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းပါရမယ်လို့ တောင်းဆိုတာ ရှိခဲ့ဘူးတယ်လို့သိရတယ်။
    စိန်ဒေါ်လာရဲ့ ဒိုးတီးကောင်းတဲ့ခေတ်ကို ရွာသားစိန်ဗေဒါကြီးကလည်း မီလိုက်တယ်လို့ဆိုတယ်။ “မင်းလိုလူတော့ ငါမတွေ့ဖူးသေးဘူး။ တို့က နှစ်ဘက်ပိတ်ကို မတီးတတ်ဘူး။ မင်းက ပသီဖြစ်ပေမယ့် ဒိုးကိုဆိုင်းဝိုင်းလောက်ကောင်းအောင်တီးနိုင်တာ တော်ပေတာပေါ့”လို့ ချီးကျူးသတဲ့။ (၁၉၇၁-ခု နိုဝင်ဘာလ ကြီးပွားရေးပုံနှိပ်တိုက် လက်ဆည်ကန်၊ မန္တလေး။ မှတ်ပုံတင်အမှတ် မြဲ-၀၀၄၅၇ မှာ ရိုက်နှိပ်ပြီး လူထုဦးလှမှတ်ပုံတင်အမှတ် မြဲ-၀၉၉၆ က တာဝန်ခံထုတ်ခဲ့တဲ့ စာပေလုပ်သား အင်အားသစ် အထက်ဗမာပြည် စာရေးဆရာများအသင်း စာအုပ်၊ စာမျက်နှာ (၁၅၀-၁၅၁)ကို ကြည့်ပါ။
    မြို့ရောတောပါ စိန်ဒေါ်လာ
    စိန်ဒေါ်လာ အရပ်တကာ မြို့တကာလှည့်ပြီး ဒိုးတီးတယ်ဆိုတော့ ရွှေမြို့တော်က မသုံးကြလို့လား … တွေးစရာပေါ့။ ဒီလိုလဲမဟုတ်ပါဘး။ မြို့မှာ နာမည်ကြီးလာတော့ နယ်တွေက လာငှားကြတာမို့ မြို့မှာလဲ ဒိုးဝိုင်းတွေဟာ တီးကြရတာ မအားကြရပါဘူး။ နှစ်စဉ် တပို့တွဲလပြည့်နေ့တိုင်း ရှင်မာလဲ ဘုရားပွဲလည်းရှိတယ်။ ဒီဘုရားပွဲတော်ချိန်မှာ ရှမ်းကုန်းမြေမြင့်ကြီးပေါ်က ရှမ်းမျိုးနွယ်စုများဖြစ်ကြတဲ့ လူမျိုးစုတို့ဟာ ဘုရားဖူးဆင်းကြတယ်။ ထမနဲပွဲကပ်လှူတဲ့နေ့မှာ တောင်ပေါ်တိုင်းရင်းသား လူမျိုးစုတွေဟ အတီးအမှုတ် အကအခုန်တို့နဲ့ သွားကြတယ်။ ဒီပွဲမျိုးဟာလဲ စိန်ဒေါ်လာရဲ့ ၀ိုင်းပါစမြဲပါ။
    အစ္စလာမ်သာသနာသက်ဝင်ယုံကြည်တဲ့ ပသီအမျိုးသားကြီးဖြစ်သော်လည်း စိန်ဒေါ်လာ ဒိုးတီးပိုင်ပုံ တီးကွက် ပြောင်မြောက်မှုတို့ကြောင့် အထက်ဗမာပြည်မှာ နာမည်ကျော်ခဲ့တယ်။ တန်ခိုးကြီးဘုရားပွဲတို့မှာ ကောက်စိုက်ပြိုင်ပွဲတို့မှာ နာမည်ကြီးဒိုးဝိုင်း(၅)ခုရှိတဲ့အထဲ စိန်ဒေါ်လာဝိုင်းပါရစမြဲပါ။
    စိန်ဒေါ်လာမှီခဲ့သူများနဲ့ကိုယ်တွေ့သိခဲ့တာတို့ကို တင်ပြတာပါ။ ဆရာတော် ဦးဥတ္တမ မန္တလေးကြွလာတော့ ဘုရားကြီး ၄၅-တာမှာ အငြိမ့်ပွဲ ဒိုးတီးပွဲတွေနဲ့ ကြိုဆိုခဲ့တယ်ဆိုပဲ။ စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းနဲ့ အငြိမ့်စင်ကနီးနေတော့ အငြိမ့်ပွဲကြည့်တဲ့လူနည်းပြီး စိန်ဒေါ်လာရဲ့ ဒိုးဝိုင်းမှာသာ ပွဲကြည့်များလို့ အငြိမ့်ပွဲပျက်ခဲ့ရတယ်လို့ အဆိုရှိခဲ့ပါတယ်။
    ဒိုးနဲ့ဇာတ်လမ်း
    ဒိုးပတ်တီးကြတယ်၊ အလှူပွဲ၊ မင်္ဂလာပွဲ၊ ကထိန်ပွဲတို့မှာ ဒိုးပတ်ဝိုင်းဆိုတာ ဒီနေ့ထိလည်းပါကြစမြဲပါ။ ဒိုးပတ်ဝိုင်းပါတော့ ပိုပြီးစည်တယ်။ ပိုပြီးမြူကြွတယ်။ ဒါပေမယ့် ခုခေတ် ဒိုးပတ်ဝိုင်းတွေရဲ့ တီးကြ မှုတ်ကြတာတွေဟာ ခေတ်ပေါ်သီချင်းတို့သာများကြတာ တွေ့ရမှာပါ။ စိန်ဒေါ်လာတို့က နမည်ကြီးဝိုင်းတွေဟာ ဒိုးတီးပညာ တက်လာတာနဲ့တစ်ပါတည်း ရုပ်သေးကြိုးဆွဲပညာကိုပါ တက်လာကြရတယ်လို့ဆိုတယ်။
    မိုးရာသီကောက်စိုက်ချိန်တို့မှာ လယ်စိုက်သူများ အလုပ်တွင်ကျယ်စေဖို့ ဒိုးဝိုင်းဟာ မန္တလေးမြို့ရဲ့ အရှေ့ဘက်ဆုံးအောင်ပင်လယ်ကွင်းမှာ မပါလို့ မဖြစ်ပါဘူး။
    စိန်ဒေါ်လာတို့ ဒိုးဝိုင်းပါရတဲ့ ကောက်စိုက်ပွဲမှာ တီးရတော့မယ်ဆိုရင် နံနက်(၅)နာရီမှ ကောက်စိုက်ကြမည့် လယ်သူမများနဲ့ ဒိုးအဖွဲ့ပါ လယ်ကွက်ထဲ ရောက်ကြရတယ်။ စတာနဲ့တစ်ပြိုင်တည်း (၃၇)မင်း ပင့်ဖိတ်သည်မှအစ အပျိုတော်(၁၂)ခန်းကို ကုန်အောင်တီးရတာ နေ့ဝက်ကျိုးတဲ့အထိဆိုပဲ။ နေ့ဝက်နားချိန်ပြီးလို့ အလုပ်ပြန်စတယ်ဆိုရင်ပဲ အလုပ်စကြဖို့ ကာလပေါ် တစ်ပုဒ်နှစ်ပုဒ်တီးရတယ်။ ပြီးတာနဲ့ ဇာတ်ပန္နက်ရိုက်တီးရတယ်။ များသောအားဖြင့် စိန်ဒေါ်လာရဲ့ဝိုင်းက မေဓါဝီနဲ့ ပဒကငသဇာတ်ခင်းတယ်ဆိုပဲ။ ၀န်ထွက်ခန်းဆိုတယ်တီးတယ်ရောက်တော့ ပြိုင်ထွက်နှစ်ပါးသွားအက ပြီးတော့ နေ့လည်မုန့်စးနားပြီးတာနဲ့ ပန္နက်ချီထားတဲ့ ဇာတ်လမ်းကိုဆက်ရတယ်။ ဒီလိုနဲ့ နေ့လည်းကုန် ကောက်စိုက်ကွင်းလဲပြီး ဇာတ်လမ်းလဲသိမ်းကြတယ်။ ဒိုးတီးဝိုင်းသမားတိုင်း ရုပ်သေးပညာတတ်ထားကြရတယ်။ ဒိုးသမားတို့တီးကြ ဆိုကြတာတွေဟာ အရုပ်သာမပါတာ ရုပ်သေးကဟန်၊ ရုပ်သေးဆိုဟန်စတဲ့ ရုပ်သေးပညာတတ်ကြရတယ်။ မတတ်ကြရင်တော့ ဒိုးသမားကောင်းမဖြစ်နိုင်ပါဘူး။ စိန်ဒေါ်လာဟာ ဒီပညာတွေ ဘက်စုံတတ်ခဲ့တယ်လို့ သမစဉ်အရ သိရတယ်။ ဒိုးတစ်လုံး လင်းကွင်းတစ်စုံ၊ နှဲတစ်လက်နဲ့ ဆိုင်းဝိုင်းကြီးတစ်ဝိုင်းရဲ့ တီးကွက်တာဝန်တို့ကို ထမ်းဆောင်ရတာ လွယ်လှတယ်လို့မထင်ပါ။ လေခင်းတီးတယ်၊ ငိုချင်းတီးတယ်၊ တောလေပြေ၊ ထီးလေပြေ၊ နန်းလေပြေတို့ကိုလည်း တီးသေးတယ်။
    ဒိုးပညာနဲ့ စိန်ဒေါ်လာ
    စိန်ဒေါ်လာမှာ ထူးခြားတာတစ်ခုရှိပါသေးတယ်။ ဒိုးတီးတော့မယ်ဆိုရင် ပတ်စာကပ် အသံညှိတာတို့ကို အလုပ်တစ်ခုအနေနဲ့ မလုပ်ပါဘူး။ ပတ်စာ စာလုံးကို ဒိုးပေါ်တင်ပြီး လက်မနဲ့ သုံးကြိမ်သာရစ်လိုက်ရင် ပတ်စကပ်ပြီးဖြစ်သွားတယ်။ သူလိုချင်တဲ့ (၅)ပေါက်သံ၊ (၆)ပေါက်သံ၊ (၇)ပေါက်သံ အားလုံး အဆင်သင့်ဖြစ်သွားတယ်ဆိုပဲ။ ဘုန်းတော်ရောင်ဘွဲ့တီးနေရာက ကြိုးတီးကြိုးက၊ ရေခင်းပြောင်းတီး၊ အဲဒီက ဗုံတောက်သံအထိတီးရင် ပတ်စာကို လက်မနဲ့ထိုးခါ ပြန်ကပ်အသံညှို့လုပ်တာတွေဟာ အတီးမပျက်စေရဘူးလို့ ဆိုတယ်။
    အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူ ပသီအမျိုးသားကြီး စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာဆိုတဲ့ဒိုးသမားကြီးဟာ ဒိုးမှာဘက်စုံတော်ခဲ့သူ မြန်မာ့အနုပညာရှင်ကြီးတစ်ဦးဖြစ်ခဲ့ဖူးကြောင်း သမိုင်းဇာတ်လမ်းတစ်ပုဒ်ဟာ သူမရှိတော့တဲ့နောက် ပျောက်ကွယ်သွားရတော့မယ့်အချိန်မှာ ၁၉၇၀-ခုနှစ် အထက်ဗမာပြည် စာရေးဆရာကြီးများ ကြီးမှူးကျင်းပတဲ့ စာတမ်းဖတ်ပွဲမှာ လူထုဒေါ်အမာဖတ်ကြားတဲ့ “ဗမာသံတွေပျောက်ကုန်ပြီ”ဆိုတဲ့ ခေါင်းစဉ်ပါ စာတမ်းမှာ စိန်ဒေါ်လာ (ခ) အပ္ပဒွလ္လာရဲ့အကြောင်း တစ်စိတ်တစ်ပိုင်းပါခဲ့လို့ ဂျပန်ခေတ်အတွင်း ဇာတ်သိမ်းသွားရှာတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြန်ပေါ်လာခဲ့ရပါတယ်။ စာာတမ်းအဖြစ်မှ စာပေလုပ်သား အင်အားသစ်အနေနဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာများအသင်းက စာအုပ်အဖြစ်ထုတ်ဝေခဲ့လို့ ၁၉၇၁-ခုနှစ် နိုဝင်ဘာလမှာ ပုံနှိပ်အက္ခရာအဖြစ်နဲ့ စာတမ်းတစ်စောင်အဖြစ် ပေါ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ (၁၇)နှစ်တာကာလအတွင်း အဆက်ပြတ်သွားပြန်တဲ့ ဇာတ်လမ်းကို ဒီဆောင်းပါးငယ်က ထပ်ပြီးကွင်းဆက်ပေးတဲ့သဘောပါ။
    စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာဆိုတဲ့ အနုပညာရှင်ကြီးကတော့ ဂျပန်ခေတ် စစ်ပြေးရင်း မန္တလေးလေယာဉ်ကွင်းရဲ့တောင်ဘက် (၄-၅)မိုင်အကွာမှာရှိတဲ့ ဇောင်းကလော ပုဏ္ဏားကုန်းဆိုတဲ့ ရွာကလေးမှာ စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ အလ္လာဟ်အရှင်မြတ်အမိန့်တော်ကျရောက်လာလို့ တဒင်္ဂမှသည် ထာဝရသို့ ကူးပြောင်းသွားရရှာပါတယ်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံသွားစဉ် ဇနီး ဒေါ်ဖွားခင်နဲ့ သားသမီး(၄)ယောက်ကျန်ခဲ့ပါတယ်။ ဆွေးရင်းမျိုးချာအဆက်အနွယ်များကတော့ မန္တလေးမြို့၊ စကြာနွယ်စဉ် ရပ်ကွက်ကြီးအတွင်းမှာ ဒီကနေ့အထိ ရှိကြပါသေးတယ်။
    ဒီဆောင်းပါးကို ပြုစုရာမှာ ကိုယ်တွေ့များနဲ့ စိန်ဒေါ်လာ (ခ) ဦးအပ္ပဒွလ္လာရဲ့အကြောင်းအရာများကို ရနိုင်သမျှ စုဆောင်းလေ့လာထားတဲ့ မြန်မာခြင်းလုံးသမိုင်းပြုစုသူ စာပေဗိမ္မာန်စာမူဆု ၁၉၈၁-ခုနှစ်၊ ပထမဆု ရရှိသည့် ခြင်းဦးဘသိန်း(ပီကင်းပြန်)ထံမှလည်းကောင်း၊ ၁၉၇၁-ခုနှစ် မန္တလေးမြို့ ကြီးပွားရေးစာအုပ်တိုက်ထုတ်၊ စာပေလုပ်သား အင်အားသစ် အထက်မြန်မာနိုင်ငံ စာရေးဆရာများအသင်းထုတ်စာအုပ်မှ လူထုဒေါ်အမာ၏ ‘ဗမာ့သံတွေ ပျောက်ကုန်ပြီ’စာတမ်းကိုလည်းကောင်း ကိုးကားရေးသားခြင်း ဖြစ်ပါတယ်။
    ရှေးခေတ်အနုပညာရှင်ကြီးများသမိုင်း တည်မြဲပါစေ။
    ပသီကိုကိုလေး
    * ဗမာဟူသောနေရာတွင် မြန်မာဟု ပြင်ဆင်ဖတ်ရှုပါရန် *
    =============================================================
    ၁၉၉၁-ခု၊ ဒီဇင်ဘာလထုတ်၊ မိုးသောက်ကြယ်မဂ္ဂဇင်း၊ စာမျက်နှာ(၇၉-၈၁၊ ၁၁၅)မှ ကူးယူပါသည်။
  • ဦးညီညီ (ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့)
    (ဖဆပလအစိုးရလက်ထက် အတွင်းဝန်များရုံး (ယခု ၀န်ကြီးများရုံးဟောင်း)တွင် ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးညီညီ တိုင်းရင်းသားလူနည်းစုဆိုင်ရာ အဆိုနှင့်စပ်လျဉ်း၍ဆွေးနွေးစဉ်)
    မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းအတွင်း၊ ဖခင် ဦးအလီ၊ မိခင်ဒေါ်ခန့်တို့မှ အဗ္ဗဒုလ်ဟမီးဒ် (ခေါ်) ဆရာဦးညီညီအား ၁၉၂၁-ခု၊ ဖေဖော်ဝါရီလ (၈) ရက်၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ မွေးချင်း နှစ်ဦးဖြစ်၍ ကိုကို၊ ညီညီဟု ငယ်မည်ခေါ်တွင်ရာ ကိုကို (ခေါ်) ဆရာဦးကို (M.A) ပါဠိကထိကသည် သားကြီးဖြစ်၍ ဆရာဦးညီညီမှာ သားငယ်ဖြစ်သည်။
    ဆရာဦးညီညီသည် ၀က်စလီ အထက်တန်းကျောင်း (ယခု အ.ထ.က-၁၆) တွင် တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ခဲ့သည်။ ၁၉၄၃-ခုတွင် ဈေးချိုတော်၊ အိုင်ရုံ၊ ပိုးကုန်သည် ဒေါ်အေးကြည်နှင့် လက်ထပ်သည်။ အထက်တန်းကျောင်းများတွင် အထက်တန်းကျောင်းသားများကို အင်္ဂလိပ်စာပြခဲ့သည်။ တိုင်းချစ်အထက်တန်းကျောင်း နေ့ကျောင်းနှင့် တိုင်းချစ် လူငယ့်ရေးရာ ညကျောင်း၌ အနှစ် (၂၀) ခန့် စာပြခဲ့သည်။ တရုတ်အမျိုးသားများ (Oversea) အိုဗာစီး ကျောင်းတွင်လည်း စာပြခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး (ဟာဂျီမကြီး) ဒေါ်ခင်ရီစိုး လက်ထက် အမှတ်(၂၁) အ.ထ.က တွင် နောက်ဆုံး စာသင်ပြပြီးနောက် အငြိမ်းစား ယူခဲ့သည်။
    ဆရာသည် အာဇာနည် ဆရာကြီး ဦးရာဇတ်၏ ညာလက်ရုံး တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အဆိုပြုစဉ်က ဆရာကြီးကိုယ်တိုင် ရွေးချယ်စေလွှတ်ခံရသူဖြစ်သည်။ ၁၉၄၆-ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်တွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီ အလယ်ပစ္စယံ၌ ကျင်းပသောနိုင်ငံလုံးဆိုင်ရာညီလာခံကြီးတွင် လုံးဝလွတ်လပ်ရေးအဆိုကို ဦးဖေခင်က အဆိုတင်သွင်းပြီးဆရာက ထောက်ခံခဲ့သည်။ ထိုစဉ်က အထက်မြန်မာပြည် မွတ်စလင်ထုကိုယ်စားနှင့် (ဗ.မ.က) ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပြီး ယင်းအဆိုမှာလည်းအောင်မြင်ခဲ့သည်။ အချိန်ပိုသွား၍ အခမ်းအနားမှူးက သတိပေးသော်လည်း ဗိုလ်ချုပ်အောင်ဆန်းက ဆရာ အင်္ဂလိပ်လိုပြောကြားသည့် မိန့်ခွန်းကိုနှစ်သက်၍ ဆက်လက်ပြောကြားစေခဲ့ကြောင်း သိရသည်။ ယင်းညီလာခံကြီး၏ မှတ်တမ်းသည်လည်း “၀ရမ်းပြေးဘိုးသိန်း” ရုပ်ရှင်ဇာတ်ကားတွင် မှတ်တမ်းအဖြစ်ပါဝင်ခဲ့သည်။
    ဆရာသည် “မြန်မာမွတ်စလင်မ်များ နိုးကြားရေး” အဖွဲ့တွင် အတွင်းရေးမှူးတာဝန် ထမ်းရွက်ခဲ့၍ “နိုးကြားရေး ဦးညီညီ” ဟု လူသိများခဲ့သည်။ ဆရာ၏လုပ်ဖော်ကိုင်ဘက်များမှာ သံအမတ်ကြီးဟောင်း ဦးဖေခင်၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ရ ဆရာဦးဘိုးချယ်၊ ဗိုလ်ဗကို၊ သခင်ချန်ထွန်း၊ ဦးသာထွန်းနှင့် ဦး A.စလင်းမ် စသူတို့ ဖြစ်၏။ ဆရာသည် ဂျွန်းဗလီဂေါပကတွင် ပါဝင်ခဲ့ပြီး ဂျွန်းဗလီ စည်းမျဉ်းရေးဆွဲရာတွင်လည်းပါဝင်ခဲ့သည်။ ကာစေ့မီယာဟ်ကျောင်း အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။
    ဆရာသည် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ ဗဟိုကော်မတီတွင် (၄၁)ကြိမ်မှစ၍ သာသနာ့စာပေပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်၊ (၄၅)ကြိမ်တွင် နာယကကြီး၊ (၄၆)ကြိမ်တွင် ဒု-ဥက္ကဌ၊ (၄၈) ကြိမ်တွင် ဘဏ္ဍာရေးကော်မတီတို့၌ ပါဝင်ဆောင်ရွက်ခဲ့သော သာသနာရေးနှင့် အမျိုးသားရေး ခေါင်းဆောင်တစ်ဦးအနေဖြင့် ဗဟိုကော်မတီမှ ဂုဏ်ပြုဖော်ပြအပ်ပါသည်။
    ၂၀၀၁-ခု၊ နိုဝင်ဘာလ (၂၈) ရက်တွင် အရှင်မြတ်အမိန့်တော်ခံယူခဲ့သည်။ သားသမီး (၇) ဦးကျန်ရစ်ပြီး ရတနာပုံအိုးဘိုဗလီဝင်းတွင် မိသားစုနေထိုင်လျက်ရှိသည်။
    (မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း ကကူးယူဖော်ပြပါသည်။)
    အထက်ပါ အကြောင်းအရာကို  http://www.myanmarmuslim.net မှ ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။ အချို့သော အချက်အလက်များ (ဥပမာ ဦးဖေခင်၏ အဆိုတင်သွင်းချက်ကို ဆရာက ထောက်ခံခဲ့သည် ဟူသည့်အချက်)ကို အခြားနေရာများတွင် ခိုင်လုံသော အထောက်အထားမတွေ့ရပါ။ မှားယွင်းမှတ်တမ်းတင်မိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
    တကယ်တော့ ဦးညီညီက ကျွန်တော့် အဖိုးလေးတော်စပ်ပါသည်။ ကျွန်တော့်အဖိုး ဦးကိုကို http://www.mmsy.org/profiles/blogs/m-a ၏ ညီအရင်းတော်စပ်သူ။ ဦးကိုကိုက ကျွန်တော်ငယ်သေးစဉ် ၁၉၈၇ခုနှစ်ကတည်းက အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူခဲ့သဖြင့် သူ့အကြောင်း သိပ်မမှတ်မိသော်လည်း ဦးညီညီနှင့်ကတော့ သူ၏ နောက်ဆုံးအချိန်များတွင် ကျွန်တော်က အရွယ်ရောက်နေပြီဖြစ်သည့်အတွက် သိချင်တာများ မေးခွင့်ရခဲ့ပါသည်။  ပုဂ္ဂိုလ်ရေးဆန်သော ရေးသားမှုဖြင့် သမိုင်းမှတ်တမ်းမတင်လိုပါ။ သို့သော်လည်း စာမတင်သေးသည့်သမိုင်းဝင်ပုံရိပ်တစ်ချို့ မသိကြသေးသူတွေလည်းသိစေရန် ရည်ရွယ်လျက် ကျွန်တော်မှတ်မိသော ဦးညီညီအကြောင်းကိုပါ ထပ်မံဖော်ပြလိုက်ပါသည်။
    ၂၀၀၀ခုနှစ်ဝန်းကျင် တစ်ရက် သူ့အိမ်ကို ကျွန်တော်သွားတော့ မန္တလေးတက္ကသိုလ် စိတ်ပညာဋ္ဌာန ပါမောက္ခ ဆရာ ဦးခင်မောင်သန်း [စာရေးဆရာ ခင်မောင်သန်း(စိတ်ပညာ)] ရောက်နေသည်။ ဆရာက သူ၏ဆရာတစ်ဦးဖြစ်ခဲ့ဖူးသော ဦးညီညီထံသိလိုသည့် အချက်တစ်ချို့မေးရင်း  လာရောက် နှုတ်ဆက် ခြင်းဖြစ်သည်။ ဦးညီညီက တစ်ဖက်ကသိလိုသည်ကို ဖြေကြားပေးပြီး ဖြစ်သော်လည်း အားမရသေးဘဲ ကျောင်းဆရာဟောင်းပီပီ ရသည့်အခွင့်အရေး အပြည့်အ၀ အသုံးချကာ စာအုပ်တစ်အုပ်ဆွဲလျက် အသက်၆၀တန်းဝင် မိမိတပည့်ဟောင်းများအား ဇွတ်ပင် စာသင်ပေးလိုက်သေးသည်။ ဆရာ ဦးခင်မောင်သန်းက “ သူတို့အနေဖြင့် ဦးညီညီအား Human Encyclopedia (သက်ရှိ လူသား အဘိဓာန်) ဟု ခေါ်ကြကြောင်း၊ ယခုချိန်တိုင်သိလိုသည်ကို မေးကြရစဲဖြစ်ကြောင်း” ပြောပြသည်။ တစ်ခေတ်တစ်ချိန်က အထက်တန်းအဆင့်အထိသာ ပညာဆည်းပူးဖူးသူ တစ်ဦး၏ ပညာ အမှန်တကယ်တတ်မြောက်မှုကို ပိုမိုသတိပြုမိသွားစေခဲ့ပါသည်။
    ထိုရက်ပိုင်းတွေအတွင်းက ဦးညီညီ ကျွန်တော်တို့အိမ်မှာ လေးငါးရက် လာနေသွားသည်။ တစ်ချိန်က သူ ထဲထဲဝင်ဝင် လှုပ်ရှားခဲ့သော ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့အကြောင်း မေးကြည့်မိသည်။
    “မျိုးကားဗမာ၊ ဘာသာမွတ်စလင်မ်
    ဖြစ်တုံအင်လည်း၊ တို့မျိုးတို့ဆွေ
    တို့တစ်တွေသည်၊ တို့ပြည်(ပြေ)တို့ရွာ
    တို့ဋ္ဌာနာမှာ၊ တို့ဟာထင်ရှား
    မရှိအားကြောင့်၊ တို့များကုလားဒိန်
    အများနှိမ်သည်၊ သို့ပါသော်ငြား
    တို့မျိုးသားကား၊ နိုးကြားမရှိ
    ဦးညီညီသည် ဆရာကြီး ဦးရာဇတ်၏ အမျိုးသားကျောင်းဆင်း ဆရာကြီး၏ တပည့်ရင်းချာတစ်ဦး မဟုတ်ခဲ့သော်လည်း ဆရာကြီး ဦးရာဇတ်မြို့မိမြို့ဖအဖြစ် တာဝန်ယူခဲ့သည့် မြို့ရွာအကျိုးပြု အဖွဲ့အစည်းများတွင် လက်တွဲလုပ်ကိုင်ခဲ့ရသည့်အတွက် ဆရာကြီးထံမှ အဆုံးအမများ၊ အင်္ဂလိပ်ဘာသာစာပေလေ့လာနည်း လမ်းညွှန်များ အနီးကပ် ရခဲ့ကြောင်းလည်း သိခဲ့ရသည်။
    ထိုအကြောင်းများ ပြောပြပြီးနောက် သူ့မျက်နှာ အမူအယာ ပြောင်းသွားသည်။ ကျော်မိုးအောင်ရေ…ဒါဒါလေး (သူ့ကိုယ်သူ ခေါ်ဝေါ်သည့် အသုံးအနှုန်းတစ်ခု – အဘိုးလေးဟု အဓိပ္ပ္ပါယ်ရသည်)က ကုလားကြီးပါကွ ဟုပြောသည်။ တော်ပြီကွာ..ဒီအကြောင်းတွေ ဆက်မပြောချင်တော့ဘူးဟု ဆိုကာ သူသိပ်ကြိုက်သော The Ten Commandments ရုပ်ရှင်ဖွင့်ပြခိုင်းသည်။ ခံစားချက် ကြီးကြီး ရှိခဲ့ရဖူးဟန်တူသည်။
    နောက်ပိုင်းရက်များတွင် သတိက သိပ် မကောင်းချင်တော့။ စကားတွေက ရှေ့ရောက်နောက်ရောက် ဖြစ်နေသောကြောင့် ထိုဗမာမွတ်စလင်သမိုင်းအကြောင်း ထပ်မေးခွင့် မရတော့။ ကျွန်တော့်ထံမှ စာရွက်နှင့် ခဲတံတောင်းကာ စာတစ်ကြောင်းကို ၃နာရီမျှကြာအောင် ကြိုးစားပမ်းစားရေးကာ ကျွန်တော့်အား ပေးသွားသည်။ ရေးထားသည်က “အသေးအဖွဲများသည် ပြည့်စုံခြင်းကို ဖြစ်စေ၏၊ ပြည့်စုံခြင်းသည် အသေးအဖွဲမဟုတ်” တဲ့။ ဘာကိုဆိုလိုသည်ကို သူပင် အသိဆုံးဖြစ်ပါလိမ့်မည်။
    ရေးသူ- ကိုကျော်မိုးအောင်
    News@MMSY
  • ဆရာဦးကို M.A [မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာ(ပါဠိ)ဌာန ဌာနမှူး]
    ဆရာဦးကို(ခ)ဦးကိုကို ကို မန္တလးမြို့ ချမ်းအေးသာဇံမြို့နယ် ၂၇ လမ်း၊ ၈၂-လမ်း နှင့် ၈၃-လမ်းကြားတွင် ဖခင် ဦးအလီ၊ မိခင် ဒေါ်ခန့်တို့မှ ၁၉၁၆ခု ဧပြီလ ၂၄-ရက် တနင်္လာနေ့တွင် ဖွားမြင်သည်။ သာသနာဘွဲ့မှာ မိုဟမ္မဒ်အလီဖြစ်သည်။ မွေးချင်းနှစ်ဦးဖြစ်၍ ကိုကို ညီညီဟု ငယ်အမည်ခေါ်တွင်ရာ ကိုကို ခေါ် ဦးကို သည် သားကြီးသြရသဖြစ်သည်။ ညီဖြစ်သူညီညီမှာ နောင်တွင် ဗမာမွတ်စလင်လောက၌ ဦးညီညီ (နိုးကြားရေး)ဟု ကျော်ကြားလာသူ ဖြစ်သည်။ ဦးညီညီသည် တိုင်းချစ်ကျောင်း အင်္ဂလိပ်စာ အထက်တန်းပြတစ်ဦးလည်း ဖြစ်သည်။
    ဆရာဦးကိုသည် ငယ်စဉ်က မန်္တလေးဝက်စလီအထက်တန်းကျောင်းတွင် ပညာဆည်းပူးသည်။ ထိုကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းကို အင်္ဂလိပ်စာ၊ ပါဠိဂုဏ်ထူးတို့နှင့် အောင်မြင်သည်။ ဆက်လက်၍ ရန်ကုန်တက္ကသိုလ်တွင် ပါဠိဘာသာဂုဏ်ထူးတန်း တက်ရောက်ပြီး မဟာဝိဇ္ဇာ ဂုဏ်ထူး (ပါဠိ)ဘွဲ့ရရှိသည်။ ဗိုလ်မှူးဗကိုM.A. (YALE)နှင့် သခင်ဗဟိန်းတို့သည် ဆရာ၏သူငယ်ချင်းများ ဖြစ်သည်။
    ဆရာသည် ၁၉၄၀-ပြည့်နှစ် မတ်လ ၁၇ ရက် တနင်္ဂနွေနေ့တွင် ရွှေကုန်သည် ဒေါ်ခင်မမနှင့် လက်ထပ်ခဲ့ပြီး သား ၂-ဦး၊ သမီး ၂-ဦး ထွန်းကားသည်။
    သားအကြီးဆုံးမှာ မွေးဖွားပြီး ကွယ်လွန်သည်။ဒုတိယသားမှာ မန္တလေးမြို့ တရားရုံးချုပ် ဂုဏ်ထူးဆောင် အင်္ဂလိပ်စာကထိက ဦးစိုးမြင့်(E.L.I) ဖြစ်သည်။ သမီး ၂-ဦးအနက် တစ်ဦးမှာလူမှုဝန်ထမ်းဌာန၊ လူငယ်သင်တန်းကျောင်း၊ လက်ထောက်ကျောင်းအုပ်ဒေါ်နုနုမေ(ငြိမ်း)ဖြစ်ပြီး တစ်ဦးမှာ မန္တလေး အမှတ် ၁၄ အထက အင်္ဂလိပ်စာအထက်တန်းပြ(ငြိမ်း) ဒေါ်မြင့်မြင့်ခင် ဖြစ်သည်။
    ဆရာသည် မန္တလေးမြို့ တိုင်းချစ်အထက်တန်းကျောင်းတွင် ဆရာအဖြစ် အမှုထမ်းသည်။ တိုင်းချစ်သတင်းစာတွင်လည်း အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ မန္တလေးတက္ကသိုလ် မွတ်စလင်အသင်း နာယက၊နိဗ္ဗာန်ဆော်အဖွဲ့ ပထမဆုံး နာယက၊ မွတ်စလင်ပညာရေးအဖွဲ့ အမှုဆောင်၊မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ ဆင်ယင်ကျင်းပရေး ဗဟိုကော်မတီအမှုဆောင် စသည့် အသင်းတာဝန်များ ထမ်းဆောင်ခဲ့သည်။
    တမန်တော်နေ့အခမ်းအနားတွင် တမန်တော်မြတ်၏ အတ္ထုပ္ပတ်္တိအကျဉ်းကျမ်းငယ်ကို ရေးသားပေးခဲ့သည်။ ဆရာသည် ၁၉၅၃ ခု ဇူလိုင်လထုတ် ကမ္ဘာ့အလင်း စာစောင်အတွဲ ၁၊ အမှတ် ၈ မှစ၍ ပါဝင်ရေးသားသည်။ ဦးကိုကိုM.A (မန္တလေးတက္ကသိုလ်)ကလောင် အမည်ြဖင့် အစ္စလာမ်နှင့်အမျိုးသမီးတို့ အခွင့်အရေး ဆောင်း ပါးကို ရေးသားတင်ြပခြင်း ဖြစ်သည။် ဆောင်း ပါးတွင် အထင်မှားအမြင်မှား အမျိုးသမီးတို့၏ဘ၀ဆိုး၊ မိဘမျက်စောင်း၊ အမင်္ဂလာဆိုး ကျေးကျွန်မျိုး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ အိမ်ထောင်ရေး၊ မယားလေးဦးပြဿနာ၊ အုဟုဒ်စစ်ပွဲ၊ အားကိုးရာမဲ့အမျိုးသမီးတို့အရေး၊ ပရ်ဒါအိမ်တွင်းပုန်းစနစ်၊ ကိုယ်တော်မြတ်လက်ထက်က အမျိုးသမီးများ၊ အမျိုးသမီးအာဇာနည်များ၊ တန်းတူအခွင့်အရေး ခေါင်းစဉ်ငယ်လေးများဖြင့်စိတ်ဝင်စားဖွယ် တင်ပြထားသည်။
    ဆောင်းပါးနိဂုံးတွင်-
    “အမျိုးသားနှင့် အမျိုးသမီးတို့ တန်းတူအခွင့်အရေးရှိကြောင်း ထင်ရှားစိမ့်သောငှာ ကုရ်အာန်ကျမ်းတော်မြတ်တွင် စိစစ်လျှင် တရားတော်၌ ကျိုးနွံသော အမျိုးသားအမျိုးသမီးတို့လည်းကောင်း၊ တရားတော်ကို သက်ဝင်ယုံကြည်ကြသည့် အမျိုးသားအမျိုးသမီးတို့လည်းကောင်း၊ သည်းခံခြင်းရှိသော အမျိုးသားအမျိုးသမီးတို့ကိုလည်းကောင်း၊ တရားတော်ကို လိုက်နာကျင့်ကြံကြကုန်သည့် အမျိုးသားအမျိုးသမီးတို့ကိုလည်းကောင်း၊ ကိုယ်ကိုနှိမ့်ချသည့် အမျိုးသားအမျိုးသမီးတို့ကိုလည်းကောင်း၊ လှူဒါန်းပေးကမ်းတတ်သော အမျိုးသားအမျိုးသမီးတို့ကို လည်းကောင်း၊ ဥပုသ်သီတင်းဆောက်တည်ကြသော အမျိုးသားအမျိုးသမီးတို့ကို လည်းကောင်း၊ကျင့်ဝတ် စင်ကြယ်သော အမျိုးသားအမျိုးသမီးတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ကို အထူးသဖြင့်အမှတ်ရကုန်သော အမျိုးသားအမျိုးသမီးတို့ကိုလည်းကောင်း အလ္လာဟ်အရှင်မြတ်သည် အပြစ်ဘေးတို့မှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူအံ့။ ကြီးစွာသောဆုလာဘ်ကိုလည်းပေးသနားတော်မူအံ့ဟု အတိအလင်း ဖော်ပြချက်ရှိလေသည်။ ဤဗျာဒိတ်သည်ပင်လျှင် လောကီရေးလောကုတ္တရာရေးတို့၌ အမျိုးသားနှင့် အမျိုးသမီးတို့အား အစ္စလာမ်သာသနာတွင် အခွင့်အရေးတူ အဆင့်တန်းတူဖြစ်ကြကြောင်း လုံလောက်သည့် အထောက်အထားဖြစ်၏။ အစ္စလာမ် သာသနာတော်က အမျိုးသမီးတို့၏ လူတန်းစေ့အခွင့်ရေးအတွက်ဆောင်ရွက်ပေးခဲ့သဖြင့် ဖြစ်ထွန်းလာခဲ့သော အကျိုးကျေးဇူးတို့သည်ကား စင်စစ်လျှင် ထူးကဲလှပါပေသည်”ဟု ကုရ်အာန်ကျမ်း မုက္ခပါဌ်ကို ကိုးကား၍ အဆုံးသတ်လိုက်သည်မှာ ဆီလျော်လိုက်ဖက် ခိုင်လုံလှပါသည်။
    ပရ်ဒါအကြောင်းပြော၍ အမျိုးသမီးများကို ပြတ်သားစွာ ခွဲခြားနေသောကာလတွင် တစ်မူထူးသော ဆောင်းပါးဖြစ်ပါသည်။ မြန်မာမွတ်စလင်လောကတွင် အမျိုးသမီးအခွင့်အရေး ဖော်ထုတ်သော ရှေးဦး ဆောင်းပါးများအနက် ဂရုပြုထိုက်သည့် ဆောင်းပါးဖြစ်ပါသည်။ နောင်သော် ဤကိစ္စကို ကျမ်းအစောင်စောင် ပြုစုရေးဖွဲ့ တင်ပြ၍လည်းကောင်း၊ လူထုလှုပ်ရှားမှု အသွင်ဖြင့် စည်းရုံး၍လည်းကောင်း အလေးပေး ဆောင်ရွက်လာကြသည်မှာ အထင်အရှား ဖြစ်ပေသည်။
    ဆရာသည် ရန်ကုန်တက္ကသိုလ်မွတ်စလင်အသင်း မဂ္ဂဇင်း(၁၉၅၄-၅၅) အင်္ဂလိပ်စာ ကဏ္ဍတွင် Holy Prophet Mohamad as A Revolutionary Reformer ခေါင်းစဉ်ဖြင့် တမန်တော်မြတ်ကြီးအကြောင်း ဆောင်းပါးရေးသားတင်ပြသည်။ ၁၉၅၉-ခု ဧပြီလထုတ်အစ္စလာမ် ယဉ်ကျေးမှုစာစောင် (မန္တလေး)တွင်လည်း တမန်တော်နှင့်ခေတ်ပြောင်းတော်လှန်ရေး ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသည်ကိုတွေ့ရသည်။
    ဆရာသည် ၁၉၅၅ ခု ဇန်န၀ါရီလတွင် မန္တလေးမြို့မှ စတင်ထုတ်ဝေသော အလင်းရောင် စာစောင်၏ ဂုဏ်ထူးဆောင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ အလင်းရောင်စာစောင် ၁၉၅၅ ခု ဇန်န၀ါရီလထုတ် အတွဲ(၁)၊ အမှတ်(၁)တွင် အစ္စလာမ်နှင့်ခေတ်ပညာ၊ ၁၉၅၅ ခုမတ်လထုတ် အတွဲ(၁)၊ အမှတ်(၂) တွင် အလုပ်သမားလောက၊ ၁၉၅၅ခုနိုဝင်ဘာလထုတ် အတွဲ( ၁)၊ အမှတ် (၅)တွင် အမြင်မှားနေကြသော အစ္စလာမ်သာသနာ စသည့် ဆရာတင်ြပသောခေါင်း စဉ်များမှာ ခေတ်လူငယ်များအတွက် ဆွဲဆောင်မှုရှိလှသည်။ ခေတ်မီသောအတွေးများဖြင့်ဖော်ကျူးထားသည်။ ဂုဏ်ယူဖွယ်ဖြစ်သည်။
    တစ်ပြိုင်တည်းမှာပင် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှထုတ်ဝေသည့် အစ္စလာမ်စာစောင်တွင်လည်း ပါဝင်ရေးသားသည်။၁၉၅၆ ခု ဧပြီလထုတ် အစ္စလာမ်စာစောင် အမှတ် ၄ ပါ အစ္စလာမ်ဟူသည် ငြိမ်းချမ်းရေး၊ ၁၉၅၆ ခု အောက်တိုဘာလထုတ် အမှတ် ၁၀ပါ အစ္စလာမ်၏ သဘောသရုပ် စသည့် ဆောင်းပါးများသည်လည်းခြေခြေမြစ်မြစ် ရှိလှသည်။
    ဆရာသည် ပြီးစလွယ်မပြု၊ ဆောင်းပါးတိုင်းလိုလို ခြေခြေမြစ်မြစ်လေ့လာပြီး တိတိကျကျ ရေးလေ့ရှိသည်။ ခေတ်မီမီတွေးပြီး ခိုင်ခိုင်မာမာရေးလေ့ရှိသည်။ နှောင်းလူတို့ လက်စွဲပြုရမည့် ကျမ်းငယ်များပမာ ရေးခဲ့သည်ဟု ဆိုနိုင်ပါသည်။ ဆရာ့ကို ၁၉၅၆-ခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မန္တလေးမြို့  ၀န်မင်းဝင်း တွင် ကျင်းပပြုလုပ်သော အထက်ဗမာပြည်မွတ်စလင်ကလောင်ရှင်များ အသင်းစည်းဝေးပွဲက အသင်း၏ဘာသာပြန်ဌာန တာဝန်ခံအဖြစ် တင်မြှောက်သည်။ဘာသာပြန်တာဝန်ခံအဖြစ် တင်မြှောက်ခြင်းခံရလောက်အောင်လည်း ဆရာသည် ဘာသာပြန်အရာတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်သည်။သာဓကအဖြစ် Victor Denner ၏ Islamic Mysticism ကိုဆရာက ဆူဖီဝါဒဟု ပြန်ဆိုထားသည့် ဘာသာပြန်ချက်ကို လေ့လာနိုင်သည်။ ဆူဖီဝါဒကို အစ္စလာမ်၏ အဘိဉာဏ် အသိထူးတရားဟု အနက်ပြန်လျှင် သင့်မြတ်လျော်ကန်လှပါသည်ဟု နိဒါန်းပြုပြီး “ဆူဖီဝေါဟာရ၊ အတွင်းအပြင်တရား (အလ်ဇွာဟိရ်၊ အလ်ဗာတွင်)ဗျာဒိတ်တော်များသည် အတွင်းအပြင်တရားနှစ်မျိုးလုံးနှင့် ဆိုင်သည်။ရှရီအတ်နှင့်သွရီကတ်၊ ဆူဖီတို့အမြင်၊ ရှရီအတ်ဘက်က အလေးပိုနေခြင်း၊ဆူဖီဝါဒအတွက် အထောက်အထားများ၊ မူလက တွရီကတ်နှင့် ရှရီအတ်တို့သိသာထင်ရှား မကွဲပြားခဲ့၊ ဆူဖီဝါဒကျယ်ပြန့်မှု၊ သုခမိန်နှင့်လမ်းစဉ်၊အတိုက်အခံပညာရှင်နှင့် သုခမိန်တို့၏၀ိဝါဒ၊ ခေတ်အမြင်၊ ရှေးရိုးအယူနှင့်ဆူဖီဝါဒ၊ ဆူဖီဝါဒကို နှစ်လိုသူများ၊ ဆူဖီဝါဒ၏ ကျယ်ပြန့်သောသဘော၊အခြေခံအားဖြင့် ဘာသာတရားအားလုံး တူညီမှု၊ သုခမိန်နှင့်လမ်းစဉ်၊မွတ်စလင်တို့၏ ရှုထောင့်အထွေထွေ၊ အရောင်လက်တိုင်း ရွှေမဟုတ်၊စစ်မှန်သော သုခမိန် ၊ သမိုင်းအထောက်အထား၊ အရေခြုံဆရာများ၊အပြစ်ကင်းသော စင်ကြယ်ခြင်းသို့ ဆရာကောင်းတပည့်၊ အလ္လာဟ်နှင့်ပေါင်းဆုံနိုင်ရေး၊ ခရီးဆုံးသို့ ရောက်နိုင်ခဲ၏၊ လမ်းစဉ်အသွယ်သွယ်” ဟူ၍ အကန့်လိုက်၊ အကန့်လိုက် ဖတ်ရှုသူ နားလည် သဘောပေါက်အောင် ကြိုးပမ်းထားသည်။ ခက်ခဲနက်နဲသော သဘောတရားကို ရှင်းလင်းလွယ်ကူပြေပြစ်သောစကားပြေမှတစ်ဆင့် နားလည်လွယ်အောင် စိတ်ဝင်စားဖွယ်ဖြစ်အောင် ပို့ဆောင်ပေးသည်မှာ ချီးကျူးထိုက်လှသည်။ မျက်မှောင် ကြုတ်၍ဖတ်စရာ ဝေါဟာရ၊ ၀ါကျစာပိုဒ်တစ်ပိုဒ်တလေမျှ မပါခြင်းသည်ဘာသာပြန်သူ၏ ပညာစွမ်းပင် ဖြစ်ပါသည် ဆရာသည် ပညာရပ်ကိုပိုင်သည်။ အင်္ဂင်္လိပ်စာကို နိုင်သည်။ မြန်မ်မာစာတွင် ခိုင်သည်။ထို့ကြောင့် ခက်ခဲနက်နဲသော သဘောတရား ဘာသာပြန်များ ဖြစ်လင့်ကစား အများနားလည်လွယ်သည့် မှတ်ကျောက်တင်ခံ စံဘာသာပြန်လက်ရာများ ဖြစ်လာသည်ဟု ဆိုချင်ပါသည်။
    ဆရာသည် တက္ကသိုလ် မွတ်စလင် ဆရာဆရာမ ကျောင်းသူကျောင်းသားများနှင့် ရင်းရင်းနှီးနှီးရှိသည်။ ၁၉၆၂-၆၃ ပညာ သင်နှစ်မန္တလေးတက္ကသိုလ် မွတ်စလင်အသင်းကထုတ်ဝေသည့် ယမုန်နာမဂ္ဂဇင်း အတွဲ(၁)၊အမှတ်(၁)တွင် ပါမောက္ခ ဟာဂျီအလီအာမက်၊ ကထိကဒေါက်တာဒီတို့နှင့်အတူ အတိုင်ပင်ခံစာတည်းအဖြစ် တာဝန်ယူပေးခဲ့သည် ။ ၁၉၆၃-ခု နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပသော တက္ကသိုလ်မွတ်စလင်အသင်း ပညာရည်ချွန်ဆုပေးပွဲနှင့်မိတ်ဆုံပွဲတွင် ရူပဗေဒဌာနမှူး ပါမောက္ခ အလီအာမက်၊ ဓာတုဗေဒဌာန ဒေါက်တာဒီ၊ ဟာဂျီဦးသန်းတင် MCFB တို့ အသီးသီး ဆုံးမစကားပြောကြားချီးမြှင့်သကဲ့သို့ ဆရာသည်လည်း သြ၀ါဒစကားချီးမြှင့်ခဲ့သည်ဟု သိရှိရသည်။
    ဆရာသည် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် အမှုထမ်းစဉ်သုတေသနလုပ်ငန်းများကို ထူးချွန်စွာဆောင်ရွက်ခဲ့သည်။ ဤတွင်သာဓကမျှ တင်ပြပါသည်။ ဆရာသည် ၁၉၆၆ ခု မတ်လ ၂၅ ရက်နေ့ပထမအကြိမ် မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲတွင် သုတေသနစာတမ်းတင်သွင်း ဖတ်ြကားခဲ့သည်။ မြန်မာပြည် ပါဠိစာပေခေတ်ဦး ခေါင်း စဉ်နှင့်ဖြစ်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံစာပေနှင့် လူမှုရေးသိပ္ပံဂျာနယ် အတွဲ(၁)အမှတ်(၁)တွင် ဖော်ပြပါရှိသည်။ စာတမ်းတွင် ရှေးဦးသာသနာ၊ မြန်မာပါဠိစာပေ၏ ပဏာမ၊ မောင်းကန်ရွာ ရွှေပေချပ်များ၊ ဘောဘောကြီးကျောက်ချပ်လွှာ၊ ခင်ဘကုန်း ရွှေချပ်လွှာ၊ ပျူခေတ်ပါဠိ စာပေအကဲဖြတ်၊ပုဂံခေတ်ဦး ပါဠိစာပေ၊ မြစေတီကျောက်စာ၊ ရွှေဂူကြီးကျောက်စာ၊ ပုဂံခေတ် ပါဠိသဒ္ဒါကျမ်းများ၊ ဓမ္မ၀ိလာသဓမ္မသတ်၊ ပုဂံခေတ် ဇာတ်သိမ်း၊ ခေတ်ဦး၏နောက်ကြောင်းပြန်ဟူသော ခေါင်းစဉ်ငယ်များကန့်၍ စိတ်ဝင်စားဖွယ် တင်ပြထားသည်။ ပြည်တွင်းပြည်ပ စာပေအထောက်အထားရှေးဟောင်း သုတေသန အထောက်အထားများဖြင့် ကျိုးကြောင်းခိုင်လုံစွာတင်ပြခြင်း ဖြစ်သည်။
    မြန်မာပြည် ပါဠိစာပေခေတ်ဦး သုတေသနစာတမ်း အကြောင်းအရာအကျဉ်းမှာ –
    “မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာရောက်ပြီးမကြာမီ အေဒီ (၇)ရာစုခန့်တွင် ပျူတို့ပါဠိစာပေကို ကောင်းစွာသိကျွမ်းလျက်ရှိပြီးဖြစ်ကြောင်း၊ မြောက်မြားလှစွာသော ပျူအက္ခရာတွင် ရှေး ဟောင်းသုတေသန သာဓကများအရ အထင်အရှား သိရပေသည်။ ထိုစဉ်က မြန်မာနိုင်ငံ ပါဠိကျမ်းဂန်များ မပေါ်ထွန်းခဲ့သော်လည်း ပေါ်ထွန်းလာစေရန် အခြေခံအုတ်မြစ်ကိုမူ ချနိုင်ခဲ့ပြီဟု ဆိုရပေမည်။ သို့ဖြစ်သောကြောင့် ပုဂံပြည်၏တန်ခိုးရှိန်ဝါ ထွန်းပချိန် မြန်မာတို့ပါဠိစာပေကို စတင်ပြုစုနိုင်ခဲ့ကြောင်း မြစေတီကျောက်စာ၊ ရွှေဂူကြီးကျောက်စာတို့က အခိုင်အမာ သက်သေခံလျက်ရှိပေတော့၏။ ပုဂံခေတ်တွင် မြန်မာပညာရှင်တို့ အထူးအားသွန် ပြုစုခဲ့သော ပါဠိကျမ်းများသည်ကား သဒ္ဒနီတိ၊ သံပျင်ဋီကာ စသော သဒ္ဒါကျမ်းကြီးများပင် ဖြစ်၏။ယင်းကျမ်းကြီးများသည်ပင် မြန်မာပညာရှင်များ၏ ဂုဏ်သတင်းကို မြှင့်တင်ပေးခဲ့သည်။ ပုဂံခေတ်သည်ကား မြန်မာအက္ခရာ၊ မြန်မာစာပေနှင့်မြန်မာပြည် ပါဠိစာပေတို့ တစ်ပြိုင်နက် စတင်ပေါ်ထွန်းလာချိန် ဖြစ်သဖြင့်သုံးထပ်ကွမ်း သိဒ္ဓိမော်ကွန်းတင်ရမည့် ခေတ်သမယပေတည်း။”ဟူ၍ ဖြစ်သည်။
    “မြန်မာပြည် ပါဠိစာပေ ခေတ်ဦးစာတမ်းကို မြန်မာကအစနှောင်း၍ ရှေ့ကပြေးနှင့်သော သီဟိုဠ်၏ စံချိန်ကို ပုဂံခေတ်အတွင်းမှာပင် အပြေးအလွှားမီအောင်လိုက်နိုင်ခဲ့၍ မြန်မာ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့လေသည်။ ဤသည်ကားမြန်မာကျမ်းပြုပုဂ္ဂိုလ်တို့၏ အံ့ချီး၍မကုန်နိုင်သည့် ရာဇ၀င်အမွေအနှစ်ပေတည်း” ဟု အဆုံးသတ်ထားရာ အမျိုးဂုဏ်ဇာတိဂုဏ်အတွက် အရေးပါလှသော ဖော်ကျူးမှုဟု ဆိုနိုင်ပါသည်။
    ဆရာပြုစုသည့် မြန်မာပြည် ပါဠိစာပေသမိုင်းကို မန္တလေးတက္ကသိုလ်အရှေ့တိုင်းပညာဌာနက ပြဋ္ဌာန်းစာအဖြစ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ တက္ကသိုလ်နှင့် ကောလိပ်များဆိုင်ရာ ပါဠိဘာသာ သင်ကြားရေးအဖွဲ့၏ ၁၉၇၀ ပြည့်နှစ် မတ်လ ၃ ရက်နေ့တွင်ကျင်းပသော အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ထုတ်ဝေခြင်း ဖြစ်သည်ဟု သိရသည်။
    မန္တလေးတက္ကသိုလ်၌ အရှေ့တိုင်းပညာဌာနမှူးအဖြစ် ဆရာတာဝန်ယူစဉ် ၁၉၇၃ ဒီဇင်ဘာ ၃၁ ရက်နေ့က ဗြဟ္မဇာလသုတ်နှင့်ဗုဒ္ဓခေတ်အယူဝါဒ သုတေသနစာတမ်း ကို ပညာပဒေသာစာစောင်တွင်တင်ပြခဲ့သည်။ ဆောင်းပါးနိဒါန်းတွင် ဗြဟ္မဇာလသုတ်နှင့်ပတ်သက်၍အစဉ်အလာအယူအဆတွင် ပြဿနာ ၂-ရပ်ရှိနေကြောင်း ဖော်ပြသည်။
    အဆိုကို ခိုင်လုံစွာရှင်းပြပြီး နိဂုံးတွင် –
    “ဗြဟ္မဇာလသုတ်၏ အဓိကရည်မှန်းချက်မှာ အခြားတစ်ပါးသော ဂိုဏ်းဂဏတို့၏ အတွေးအခေါ်အယူဝါများကို ဖော်ထုတ်ရှုတ်ချသည်ထက် ဗုဒ္ဓဓမ္မနှင့်အရောရောအနှောနှော မဖြစ်စေသင့်၊ ဗုဒ္ဓဓမ္မဟူ၍ မယိုးမှားသင့်သော အတွေးအခေါ် မိစ္ဆာဒိဋ္ဌိတို့ကိုရှင်းပြပြီး ဗုဒ္ဓခေတ်နှင့် ဗုဒ္ဓခေတ်လွန်ကာလများတွင် ဗုဒ္ဓဓမ္မနှင့် စပ်လျဉ်း၍ ထင်မိယောင်မှားသံသယများကိုဖျောက်ဖျက်ရေးသာဖြစ်သည်ဟု ယုံကြည်ယူဆသည်။ အကျဉ်းအားဖြင့် ဗြဟ္မဇာလသုတ်၏ မူရင်းရည်ရွယ်ချက်သည် ဗုဒ္ဓခေတ်ပေါ် တစ်ဖက်ဂိုဏ်းသားတို့၏ ၀ါဒအသီးသီးကို ဖော်ထုတ်ရှုတ်ချရေးထက် ဗုဒ္ဓဓမ္မကို ယင်းတစ်ဖက်ဂိုဏ်းသားတို့က ပြစ်တင်ရှုတ်ချခြင်းကို ကာကွယ်ဖြေရှင်း ဟန့်တားလိုခြင်းသာ ဖြစ်သည်ဟု အလေးအနက် ကြံဆမိပါသည်”ဟု တင်ပြကာ ခုဒ္ဒကနိကာယ၊ ဒီဃနိကာယ မဟ၀ဂ္ဂပါဠိ၊ ဒီဃနိကာယသီလက္ခန္ဓ၀ဂ္ဂပါဠိ၊ မဇ္ဇျိမနိကာယကျမ်းများနှင့် နိုင်ငံခြားကျမ်းများကို အထောက်အထားပြု၍ ခိုင်လုံသော၊ ပြတ်သားသော မိမိအကြံအဆ တင်ပြလိုက်ခြင်းဖြစ်သည်။ ဆရာသည် ကျမ်းကို နှံ့စပ်သည်။ ထက်မြက်ထူးချွန်သည်။ သုတေအရာ လေးစားရသော ပုဂ္ဂိုလ်ြဖစ်သည်။ ကိုယ်ခံအားကောင်းသည့် တိုင်း ရင်း မွတ်စ်လင်မ်ြကီးအဖြစ် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ အမျိုးဘာသာ သာသနာအတွက် အင်္ဂလိပ်မြန်မာ ဆောင်းပါးများရေးခဲ့ရုံမျှမက ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားဦးဆောင်ခဲ့သည့် ဆရာသည် ၁၉၈၇-ခု ဧပြီလ ၅ ရက် တနင်္ဂနွေနေ့တွင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူခဲ့ပါသည်။
    Credit : ပါမောက္ခ ဒေါက်တာအောင်ဇော် ၏ တိုင်းရင်း မွတ်စလင်မ် စာပြုစာဆိုပုဂ်္ဂိုလ်ကျော်များ -၂
    ရေးသူ- ကိုကျော်မိုးအောင်
    News@MMSY