News @ M-Media
Tag: မြန်မာမွတ်စလင်မ်
  • ပုဂံခေတ်သူရဲကောင်း ဗျတ်ဝိ၊ ဗျတ္တ ညီနောင်နှင့် ရွှေဖျဉ်းညီနောင်
    ဗျတ်ဝိ နှင့် ဗျတ္တ
    မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံတော်ကြီးဖြစ်သည့် ပုဂံခေတ် ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်းတင်ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။ [၅၁] ( မျိုးနွယ် အမည် ဗျတ် ကို အီရတ်၊ အာရေဗျ နှင့် အချို့သောအိန္ဒိယမြောက်ပိုင်းသား စူရတီ မွတ်စလင်တို့အကြားတွင် ယနေ့တိုင်တွေ့ရှိ ရသည်။) ထို အာရပ် မွတ်စလင် နှစ်ဦးသည်သထုံရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။
    ထိုသူ နှစ်ဦး သည် အရပ်အမောင်းမြင့်မား ခံ့ညား ကြပြီး လျှင်မြန်ဖြတ်လတ် သန်မာသလို ရဲစွမ်းသတ္တိ လည်း ရှိ ၏ ဟု ပြောစမှတ် တွင်ခဲ့သည်။
    ထို ဗျတ် ညီနောင်နှစ်ဦးအကြောင်းဖော်ပြထားသော မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီနောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့သောဘုန်းကြီးဆွမ်းစားရန် စီစဉ်ထားသော ဇော်ဂျီ အသေ (ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီးနောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြထားသည်။ သထုံ ဘုရင် သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား ၎င်း ၏ ဇနီးမယား၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။
    ညီငယ်ဖြစ်သူသည် ပုဂံသို့ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီးအပါးတော်တွင်ဝင်ရောက်ခိုလှုံခစားခဲ့သည်။ သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သို့ တစ်နေ့လျှင် ဆယ်ကြိမ် သွား၍ ပန်းများကို ယူလာရလေ့ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်းပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက်ထွန်းကားခဲ့သည်။[၅၂] မြန်မာ့သမိုင်း ၏ မှတ်တမ်း တစ်ခု ဖြစ်သည့် မှန်နန်းရာဇဝင် တွင်လည်းမြန်မာနိုင်ငံသို့မွတ်စလင်တို့စတင် ရောက်ရှိသည့် ဒေသနှင့်ကာလကို ပထမမြန်မာနိုင်ငံတော်ကြီး (မြန်မာအင်ပါယာ)
    တွင်းခရစ်သကရာဇ် ၁၀၅၀ ခန့် ဟု ပြဆိုသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော အာရပ်ညီနောင်နှစ်ဦးတို့သည်သထုံ သို့ရောက်ရှိခဲ့ ကြောင်း ၊[၈][၅၃] သထုံ ဘုရင် သည် ထိုညီနောင် ၏ အစွမ်းသတ္တိ ကို ထိတ်လန့်မိပြီး အစ်ကိုဖြစ်သူ ဗျတ်ဝိ ကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း ၊[၅၄] အငယ်ဖြစ်သူ ဗျတ္တ သည် ပုဂံ သို့ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီး ထံတွင် ခိုလှုံခစား ခဲ့ကြောင်း ၊[၅၄] ပုပ္ပါး အရပ်ရှိ မိန်းမပျိုတစ်ဦးနှင့် အကြောင်းပါခဲ့ပြီး ရွှေဖျဉ်းညီနောင် ဟု တွင်သော သားနှစ်ဦးထွန်းကားခဲ့ကြောင်း ကို လည်းအဆိုပါ မှန်နန်းရာဇဝင်တွင် ဖော်ပြထားသည်။[၅၄]
    ရွှေဖျင်းညီနောင်
    နောက်ပိုင်းတွင် ရွှေဖျင်းညီနောင်တို့သည် လည်း အနော်ရထာမင်းထံပါးတွင် သူရဲကောင်းစစ်သည်တော် အဖြစ်အမှုတော် ထမ်းခဲ့ကြသည်။ ရန်သူ့နယ်မြေအတွင်းစည်းသို့ လျှို့ဝှက်ထိုးဖောက်ဝင်ရောက်ရသော အထူးစစ်သည် အဖြစ်ပင် အမှုတော် ထမ်းခဲ့ကြသည်။ ၎င်းတို့သည် တရုတ်ဘုရင် ဥတည်ဘွား ၏ ကိုယ်ရံတော်အစောင့်အရှောက်တပ်များ ကို လျှို့ဝှက် ထိုးဖောက်၍ ဥတည်ဘွား ၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့်
    မျဉ်းသုံးကြောင်းဆွဲခဲ့ပြီး နံရံပေါ်တွင်လည်း အနော်ရထာမင်းကြီး၏ရာဇသံ ကို ရေးထားခဲ့သည့် အဖြစ်အကြောင်း နောက်ပိုင်းတွင် ပိုမို ထင်ရှားကျော်ကြားလာခဲ့သည်။ ထိုအကြောင်းခြင်းရာကြောင့် အင်အား စွမ်းပကား ကြီးမားလှသော တရုတ် စစ်တပ်ကြီးနှင့် တရုတ်ဘုရင်ကြီး တို့သည် ကြောက်ရွံ့ ထိတ်လန့်၍ မြန်မာတို့နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ [55] ပုဂံပြည် ဦးတည်ဘွားတို့ အကြား အရေးတော်ပုံ
    တွင် အောင်မြင်စွာအမှုတော်ထမ်းခဲ့ သော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့သည် ကွပ်မျက်ခြင်းခံခဲ့ကြရသည် ။ မန္တလေးမြို့ ၏ မြောက်ဖက် တောင်ပြုန်းအရပ်တွင် တည်ထားမည့် စေတီ တစ်ဆူ ဌာပနာ ဆောက်လုပ် ရာတွင် ၎င်းတို့ ပါဝင် ရန် ငြင်းပယ်ခဲ့ သဖြင့် ရာဇမာန်ရှခြင်း ခံခဲ့ကြရသည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။ [56]
    ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ်စာနေရာကို အနော်ရထာမင်းကြီး မြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရထာမင်းကြီးသည် အမှုသွားအမှုလာကို စုံစမ်းကြားနာစစ်ဆေးတော်မူပြီးနောက် ၎င်းညီနောင်နှစ်ဦးအားအမိန့်တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင်တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။
    ၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာမင်းကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေခဲ့သည်။ ဤသို့ ဖြစ်ရခြင်း မှာ ရွှေဖျင်းညီနောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်က တော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။ အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များကရွှေဖျင်းညီနောင်တို့သည် အနော်ရထာမင်းကြီးအား သစ္စ္စာစောင့်သိစွာ အမှုတော်ထမ်းခဲ့သော်လည်း
    မတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ်ချက်ကို ဖော်ပြ သည့်အနေဖြင့် တော်ဝင်ဖောင်တော် ၏ တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော် ရွေ့လျားမရ ဖြစ်နေသည်ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက်တင်ကြသောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီးတစ်ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ် ပသ စေသည်။ [57]
    စွမ်းပကားကြီးမား စိုးရိမ်ဖွယ်ရာ သော ပြိုင်ဘက် တို့အား သတ်ဖြတ် ရှင်းလင်း ပြီးနောက် အသတ်ဖြတ်ခံ တို့ အား ကြည်ညိုသော ဘက်တော်သား မိတ်ဆွေ များ ကျေနပ်နှစ်သိမ့်စေရန် အလို့ငှါ သေပြီးသောသူတို့ ၏ အစိမ်းနတ် ကို လူတို့ကိုးကွယ် ရာ အဖြစ် သမုတ်၍ နတ်ကွန်း ဆောက်လုပ်ခြင်း အလေ့သည်ရှေးမြန်မာဘုရင်တို့ ပြုလေ့ပြု ထ ရှိသော ရာဇ ပရိယာယ် တစ်မျိုးသာလျှင် ဖြစ်သည်။ ဤသို့ဖြင့် တောင်ပြုန်း
    ရွာသည် ငါးရက် ခန့်စည်ကားသော ပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာ ဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့ မြောက်ဖက် ၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီးနတ်ကွန်း ၂၀၀၀ နီးပါးသည် ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထားခြင်း ဖြစ်သည်။ [58] ယနေ့တိုင် အယုံအကြည်ရှိသူများ သည်
    နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြသည်။ ထို ကိုးကွယ်သူ များသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှ ဝက်သားကို သယ်ဆောင်သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်းခံသည့်
    အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။[59]
    သို့ဖြင့် ရွှေဖျဉ်းညီနောင်တို့သည်မြန်မာနိုင်ငံတွင် ဘာသာရေး ယုံကြည်မှု ကြောင့် နှိပ်ကွပ် ခံရသည့် ဦးဆုံးသော မွတ်စလင်များအဖြစ်သို့
    ရောက်ရှိခဲ့သည်။ အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည်တော်များနှင့် ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန် (တလိုင်း) တို့ ၏ မြို့တော် မုတ္တမ မြို့ အား အနော်ရထာမင်းကြီး စစ်ပြုတိုက်ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ် ခဲ့သည်။ [60]
    Ref: http://en.wikipedia.org/wiki/Islam_in_Myanmar
    50 ^ .“THE EMERGENCE OF THE PANTHAY COMMUNITY AT MANDALAY”, BY MAUNG MAUNG LAY.
    51 ^ “The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2, paragraph 3, line 1,2&3
    52 ^ Pe Maung Tin and G.H.Luce, The Glass Palace Chronicle of the Kings of Burma
    53^ a b c Luce & Tin 1960, p. 76
    54 ^ ibid
    55 ^ ibid
    56 ^ ibid
    57 ^ Online Burma/Myanmar Library
    58 ^ Various Myanmar History tax-books of Ministry of Education, Myanmar.
    59 ^ a b “The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden.
    60 ^ Luce & Tin 1960, pp. 80-81
    News@MMSY
  • ၀ါသနာနဲ့ အားမလိုအားမရမှုတွေကြောင့် မြန်မာစာကို လေ့လာဖြစ်သူ ကိုသန်းမင်းထိုက် (Ph.D Candidate)-Part-2
    MMSY မိသားစုဝင်တဦးဖြစ်သူ ကိုသန်းမင်းထိုက် ကို မ၀ိုင်း တွေ့ဆုံ အင်တာဗျူးထားသည်ကို ဖော်ပြပေးလိုက်ပါတယ်။
    ကိုသန်းမင်းထိုက်ဟာ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာအထူးပြု ပါရဂူဘွဲ့(Ph.D) တက်ရောက်နေတဲ့ ဂုဏ်ယူဖွယ် ထူးချွန်မွတ်စလင်မ် လူငယ်တစ်ဥိးပဲဖြစ်ပါတယ်။
    အပိုင်း(၁)ကို ဒီနေရာမှာ ဖတ်ပါ။
    အပိုင်း(၂)
    မေး – အရင်က စကားဝိုင်းလေး ပြန်ဆက်လိုက်ရအောင် အစ်ကို။
    ဖြေ –    ဟုတ်ကဲ့ ။ဒါနဲ့ ကျွန်တော် နောက်ပိုင်း ကျူရှင်သင်တာလည်း သိပ်ဝင်ငွေမကောင်းတော့ အလုပ်တစ်ခု လုပ်မယ် စိတ်ကူးတယ်။ ကျောင်းစရိတ်ကလည်း ရှာရသေးတာကိုး။ ဒါနဲ့ သူငယ်ချင်းတွေကိုလည်း ပြောဖြစ်တယ်။ အင်မရာန်းဘိုင်က ကျွန်တော့်ကိုပြောတယ်။ “ခင်ဗျားကိုကျွန်တော် စာပေအလုပ်ကလွဲလို့ တခြားအလုပ်လုပ်နေတာ မမြင်ချင်ဘူး”တဲ့။ အင်မရားန်ဘိုင်ဆိုတာ ကဗျာဆရာလှိုင်းဖြူ။ သူလည်း ကဗျာရေးကောင်းတယ်။ နောက်တစ်နေ့ကျ အင်မရာန်းဘိုင်က သန်းမင်းထိုက် အလုပ်ရပြီလို့ပြောတယ်။ ဘယ်မှာလဲဆိုတော့ အစ္စလာမ့်တံခွန်မှာလို့ပြောတယ်။ အစ္စလာမ့်တံခွန်က “အလ်ဟစ်က်မဟ်”နာမည်နဲ့ စာအုပ်ထုတ်ထားတာရှိတယ်။ ပထမတစ်အုပ် ထွက်ပြီးပြီ။ တစ်အုပ်ထဲနဲ့ ရပ်နေတာကြာပြီဆိုတော့ ဆက်ထုတ်ချင်တယ်တဲ့။ အဲဒီမှာ ကျွန်တော့်ကို အယ်ဒီတာလုပ်ပေးဖို့။ အဲဒါ လခပေးမယ်လို့ပြောတယ်။ သူအဲဒီလိုပြောလိုက်တော့ စိတ်ထဲမှာ မကောင်းဘူးဖြစ်သွားတယ်။ မကောင်းဘူးဆိုတာက တစ်ဘက်က သူကိုယ့်ကို ဂရုစိုက်ပြီးတော့ အလုပ်ကိစ္စအတွက်စဉ်းစားပေးတာရယ်၊ နောက်တစ်ခုက ဘာသာရေးနဲ့ပတ်သက်ပြီး ကျွန်တော်အရင်က ခံယူထားတာ ကိုယ့်ဘာသာကိုယ်စီးပွားသပ်သပ်ရှာမယ်။ ဘာသာရေးလုပ်တာ သပ်သပ်လုပ်မယ်။ လခယူပြီး ဘာသာရေုးလုပ်ရမယ်ဆိုတာကို စိတ်ထဲမှာတစ်မျိုးတော့ဖြစ်တယ်။ သူကတော့ပြောတယ် ဘာမှမပူပါနဲ့။ နှစ်ဘက်စလုံးအတွက် အဆင်ပြေသွားတာပေါ့တဲ့။ အဲဒါနဲ့ အယ်ဒီတာလုပ်ပြီး သူနဲ့စာအုပ်တွေ ဆက်တိုက်စီစဉ်ပြီး လက်တွဲလုပ်ဖြစ်သွားတယ်။ နောက်ပိုင်းမှာ ဟာဝါရီ လူငယ်နဲ့ကလေးဘာသာရေးစာစောင်လေးကို မက္ကာဟ်သမိုင်း၊ မဒီနာသမိုင်း ဘာသာပြန် စာအုပ်တွေရေးခဲ့တဲ့ ကိုကျော်ကျော်ဝင်းနဲ့တွဲပြီး ထုတ်တယ်။ အဲဒီမှာလည်း ကျွန်တော့်ကို အယ်ဒီတာ အဖြစ်တာဝန်ပေးလို့ လုပ်လိုက်ရတယ်။ နောက်တစ်ခါ Friday Times စာစောင်ထုတ်တော့ အယ်ဒီတာ လုပ်ဖြစ်ပြန်တယ်။ Friday Times လုပ်ဖြစ်သွားတာကလည်း ပါကစ္စတန်သင်တန်းက ပြန်လာပြီးတော့ သင်တန်းမှာသင်တာတွေက Leadership နဲ့ပတ်သက်တာတွေ သင်တာ။ အဲဒါတွေ သိလာပြီးတဲ့ နောက်ပိုင်း ငါဘယ်တော့မှ Leader မဖြစ်နိုင်ဘူးလို့ သိလာတယ်။
    မေး – ဘာလို့ အဲလိုပြောနိုင်တာလဲ အစ်ကို။
    ဖြေ –    ဘာလို့လဲဆိုတော့ leader တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ချို့ ကျွန်တော့်မှာ မရှိ ဘူး။ ဥပမာ ကျွန်တော်က  self-confidence တော်တော်နည်းနည်းတယ်။ နောက်တော့ ဘာသာရေးကို စာပေအနေနဲ့သာ လုပ်ချင်တာ။ တရားဟောဆရာလည်း မဖြစ်ချင်ဘူး။ အဲလိုနဲ့ ကိုယ့်ကိုယ်ကို Leader မဖြစ်နိုင်မှန်းသိလို့ Leader မလုပ်တော့ဘူးလို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ သင်တန်းမှာက ဒအ်ဝဟ် အကယ်ဒမီက လုပ်တာဆိုတော့ ဒအ်ဝဟ်နဲ့ပတ်သက်တာတွေပါတယ်။ ဒအ်ဝဟ်နဲ့ပတ်သက်ပြီး ကျွန်တော်စိတ်ဝင်စားတယ်။ လိုလည်းလိုအပ်တယ်။ ဒအ်ဝဟ်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ လည်း ၀ယ်လာတယ်။ တစ်နေ့နေ့တော့ ဒအ်ဝဟ်နဲ့ပတ်သက်တာကို အာရုံစိုက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ၂၀၀၅-ခုနှစ်လောက်မှာ ဆရာဘိုင်လေးတို့ ကိုဇော်ဇော်ထွန်းတို့နဲ့အတူ Dawah group လေး ဖွဲ့လိုက်တယ်။ အဲလိုဖွဲ့ပြီးတော့ ပထမဦးဆုံး စလုပ်တာက စာဖတ်ဝိုင်း။ စာဖတ်ဝိုင်းမှာက စာအုပ်တွေ ကိုယ့်ဘာသာကိုယ်ဖတ်။ ဖတ်ပြီးရင် အပတ်စဉ် သောကြာနေ့တိုင်း စုပြီးတော့ ဆွေးနွေးကြတယ်။ ကောင်းနိုးရာရာဆောင်းပါးတွေကို ၀ိုင်းထဲမှာ ပြန်ဖတ်ပြကြတယ်။ အဲဒါလေး တော်တော်ကြာလုပ်ဖြစ်တယ်။ ကျွန်တော်တို့တင်မကဘူး ကျန်တဲ့သူတွေပါ စာဖတ်လာအောင် ဘာလုပ်ရင်ကောင်းမလဲလို့ ကျွန်တော်နဲ့ဆရာဘိုင်လေးတိုင်ပင်ကြတယ်။ ကျွန်တော့်ညီ ပါကစ္စတန်သင်တန်းက ပြန်လာတော့ စာစောင်လေးတစ်ခုယူလာတယ်။ အဲဒီစာစောင်လေးကို အိုင်ဒီယာယူပြီး ကျွန်တော်တို့ Friday Times စာစောင်လေး စလုပ်ဖြစ်တယ်။ စစချင်းတုန်းက အခု ကာတာကိုရောက်နေတဲ့ ကိုမင်းလွင်ဆိုတဲ့ အစ်ကိုတစ်ယောက်ပါပါတယ်။ ပထမဦးဆုံးစာစောင်က ၂၀၀၈-ပထမပတ်မှာပဲ စတယ်။ ကိုယ့်ဘာသာကိုယ်လုပ်ကြတာဆိုတော့ ကိုယ်တိုင်ပဲ အယ်ဒီတာလုပ် ဖြစ်သွားတာ။
    မေး – ဟုတ်ကဲ့ Friday Times ထွက်တဲ့အချိန်က မန္တလေးဘက်ကိုလည်းရောက်တယ်။ ညီမ သူငယ်ချင်းတစ်ချို့ လည်း ပြန်ဖြန့်ပေးတာရှိတယ်။ Friday Times ဂျာနယ် စာဖတ်သူ တော်တော်များများက ပြောတယ်။ Friday Times စာစောင်က စာတွေထက် အယ်ဒီတာ့စကားကို သဘောကျလို့ကို Friday Times ကို ၀ယ်ပြီးဖတ်ကြတယ်လို့ပြောတယ်။ ဒါဆို အဲဒီက အယ်ဒီတာ့စကားဆိုတော့ အစ်ကို့ရဲ့ အယ်ဒီတာ့စကားတွေပေါ့။ မှတ်သားစရာစကားတွေ၊ အားရှိစေတဲ့စကားတွေ အများကြီးကို Friday Times စာစောင်မှာ ဖတ်ရပါတယ်။
    ဖြေ –    ဟုတ်ကဲ့ တော်တော်များများကလည်း အဲလိုပြောကြတယ်။ အဲဒီစာရေးတဲ့အချိန်မှာလည်း ကျွန်တော် အတော်လေး သတိထားရတယ်။ ဘာလို့လဲဆိုတော့ အများကို ကိုယ်စားပြုတဲ့စာစောင်၊ အများဖတ်ဖို့ရည်ရွယ်တဲ့ စာစောင်ဆိုတော့ အယူအဆသတ်ကွင်းဖြစ်မသွားဖို့နဲ့၊ အဆိပ်အတောက်တွေ မပေးမိစေဖို့။ အဲဒါသတိထားရတယ်။ ဒီစာစောင်က အဖွဲ့တစ်ခုကို ကိုယ်စားပြုတာမဟုတ်ဘူးလေ။ ကန့်သတ်နဲ့ထုတ်တာဆိုတော့ ဘာမှလည်း အမှားခံလို့မရဘူးလေ။ အဲဒါကိုတော့ ကျွန်တော်တို့တော်တော်လေး ဂရုစိုက်တယ်။ လူကြီးတွေရဲ့ ဝေဖန်ချက်တွေ၊ အသံတွေကိုလည်း ကျွန်တော်တို့ တလေးတစားနားထောင်ရတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အမြင်တွေနဲ့ ထောက်ပြတာတွေကို လိုက်နာပြုပြင်ရင်း၊ ပရိသတ်ရဲ့ ဝေဖန်မှုတွေကို နားထောင်ရင်းနဲ့ပဲ အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ကြတာပါ။ အယ်ဒီတာ့ စကားကတော့ နိုင်ငံတကာသတင်းတွေ၊ ဆောင်းပါးတွေကို စာစောင်အတွက် အပတ်စဉ်ရှာဖတ်နေရတော့ ရလာတဲ့ အချက်အလက်တွေရယ်၊ လက်ရှိကျွန်တော်တို့ဆီမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေရယ်၊ ကိုယ်တွေးမိ၊ စဉ်းစားမိ၊ ဆက်စပ်မိတာ လေးတွေရယ်ကို ချိတ်ဆက်ပြီး လက်ရှိကာလနဲ့ ကိုက်ညီတဲ့ လိုအပ်မယ်ထင်တဲ့ message လေးတွေ ပေးသွားတဲ့သဘောပါပဲ။
    မေး – ဟုတ်ကဲ့။ ဒီအတောအတွင်းမှာပဲ အစ်ကို့ကဗျာစာအုပ် တစ်အုပ် ထွက်လာလိုက်သေးတယ်နော်။ အဲဒါလေးကရော ဘယ်လိုဖြစ်လို့ ကဗျာစာအုပ်လေးဖြစ်သွားတာလဲ။ ကဗျာစာအုပ်ထုတ်ရတဲ့ အကြောင်းလေးရေးထားတာကို အဲဒီမှာ ဖတ်လိုက်ရသေးတယ်။ ဒါပေမယ့် ဘယ်လိုစဉ်းစားမိပြီး ဘယ်လိုထုတ်ဖြစ်သွားတာလဲ နည်းနည်းပြောပြပေးပါဦး။
    ဖြေ –    အဲဒါလေးကလည်း ရိုးရိုးပါပဲ။ ကျွန်တော် ကိုယ့်ဘာသာကိုယ်ရေးထားတဲ့ ကဗျာလေးတွေရှိတယ်။ နောက်တစ်ခုက ကဗျာရွတ်ပွဲတွေ အစ္စလာမ်ကောင်စီနဲ့ ဓမ္မဗိမာန်တို့မှာ စုစုပေါင်း ၄ ပွဲလောက်လုပ်ခဲ့ တာ ရှိတယ်။ အဲဒီမှာဖတ်ဖို့အတွက် ကျွန်တော်ရေးခဲ့တာတွေရှိတယ်။ ဆရာလှိုင်းဖြူက ခင်ဗျားနဲ့ ကျွန်တော်ပေါင်းပြီး ကဗျာစာအုပ်လုပ်ကြရအောင်လို့ပြောတာနဲ့ အဲဒီကဗျာစာအုပ်လေး ထုတ်ဖြစ်သွားတာပဲ ဆိုပါတော့။ အတွင်းစာသားတွေကို ကျွန်တော်ကိုယ်တိုင်စာစီတယ်၊ မျက်နှာဖုံးကို ဆရာလှိုင်းဖြူက ဆွဲတယ်။
    မေး – အဲဒီကဗျာစာအုပ်လေးမှာ အစ်ကိုပေးထားတဲ့နာမည်က ဆန်းတယ်နော်။ ‘အာခေရသ်ကို အဆိပ်ခပ်သူများ’တဲ့။ ဘာကြောင့် အဲဒီနာမည်လေးကို ပေးဖြစ်သွားတာလဲ။
    ဖြေ –    အမှန်တော့ အစကတည်းက ကျွန်တော်ရေးထားတဲ့ “အာခေရသ်ကို အဆိပ်ခတ်သူများ”ဆိုတဲ့ ကဗျာက ရှိပြီးသားပါ။ အဲဒီကဗျာလည်း ဒီစာအုပ်ထဲမှာ ပြန်ပါတော့ စာအုပ်ရဲ့ Title ကို ဒီနာမည်ပဲ ပြန်ပေးလိုက်တာပါ။ ကဗျာက ကျွန်တော်တို့ရဲ့ အမြီးအမောက်မတည့်တဲ့လုပ်ရပ်လေးတွေကို ရေးထား တာပါ။ အမှားအယွင်းအလွဲအချော်တွေနဲ့ ကမောက်ကမဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့ အခြေအနေတွေ ပေါ့။ ဒါတွေဟာ ကိုယ့်ရဲ့ဒီဘ၀ အနာဂတ်ကနေ တမလွန်အာခေရသ်အထိကို ပျက်စီးရာပျက်စီးစေ ကြောင်းတွေ ဖြစ်တယ်ဆိုတာကို သတိပေးခေါင်းလောင်းထိုးလိုက်တဲ့ ကဗျာလေးပါ။ စာအုပ်မှာ တစ်ယောက်တစ်ခြမ်းစီဆိုတော့ ကိုယ့်ဘက်အပိုင်းကိုကိုယ် နာမည်ပေးမှာဆိုတော့ အဲဒီကဗျာ ခေါင်းစဉ်လေးကိုပဲ နာမည်ပေးလိုက်မိတာပါ။
    မေး – ဟုတ်ကဲ့။ အဲဒီစာအုပ်လေးထွက်လာတော့လည်း ညီမလည်း ဖတ်ခဲ့ရတယ်။ တော်တော်လေးလည်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ အဲဒီတုန်းက အစ်ကိုတို့ကဗျာစာအုပ်မှာ ကိုလှိုင်းဖြူကဗျာတွေက ပို့စ်မော်ဒန်လို့ တောင်ပြောတယ်နော်။ အစ်ကို့ကဗျာကျတော့ တစ်ခါတည်း ရှင်းကနဲမြင်တယ်။ ဒါကြောင့် ထိထိမိမိရှိတယ်လို့ ပြောလို့ရတယ်။ အစ်ကိုပြောခဲ့သလို ပေးချင်တဲ့ message ကို အကွေ့အ၀ိုက်မပါပဲ ထိမိအောင်ပေးနိုင်တယ်။ ဒါပေမယ့် အဲဒီကဗျာစာအုပ်လေးက အပြင်မှာ တော်တော်မပြန့်ဘူး။ တော်တော်များများက အဲဒီကဗျာစာအုပ်ကို မသိကြဘူး။ ဘာကြောင့် အဲလိုဖြစ်တယ်လို့ အစ်ကို ထင်ပါသလဲ။
    ဖြေ –    ကျွန်တော်တို့လောကမှာ ဖြန့်ချိရေးက တော်တော်အားနည်းတယ်လေ။ များသောအားဖြင့် စာရေးတဲ့သူတွေက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ဖြန့်နေကြရတာ။ မဖြန့်နိုင်၊ မထုတ်နိုင် ရင် ဘယ်လောက်ပဲ ရေးနိုင်ရေးနိုင် ပရိသတ်ရှေ့အရောက်ပို့ဖို့က မလွယ်ဘူး။ ဘာသာရေး စာအုပ်တွေကို သီးသန့်ဖြန့်ချိရေးတာဝန်ယူပြီး တစိုက်မတ်မတ်လုပ်နိုင်တဲ့သူတွေ များများစားစား ပေါ်လာဖို့လိုမယ်ထင်တယ်။ ဒါဆိုရင်တော့ စာအုပ်တွေလည်း ကောင်းရင်ကောင်းသလို ပရိသတ်အားလုံးရှေ့ရောက်နိုင်ပြီး ရွေးချယ်ဖတ်နိုင်တာပေါ့။
    မေး – ဟုတ်တယ်အစ်ကို။ မွတ်စလင်မ်လောကမှာ စာအုပ်ဆို သိပ်မပြန့်တာများတယ်နော်။
    ဖြေ –    ဟုတ်တယ်။ ကိုယ့်နီးစပ်ရာအသိုင်းဝိုင်းမှာ ကိုယ်သဘောကျတဲ့စာရေးဆရာရဲ့ စာအုပ်တွေ ထွက်ပြီဆိုမှသာ ဖတ်ကြရတာများတယ်။
    မေး – ဟုတ်ကဲ့ပါ။ ဒါနဲ့ အစ်ကိုက စာပေဆုပေးပွဲတို့ ဘာသာပြန်သင်တန်းတွေလုပ်ပေးခဲ့တာလည်း ကြားဖူးတယ်။ အဲဒါကရော ဘယ်လိုပုံစံလေးတွေ လုပ်ပေးခဲ့တာလဲ။
    ဖြေ –    ဘာသာပြန်သင်တန်းကတော့ ကျွန်တော်တို့ Friday Times လုပ်တဲ့ကာလမှာပဲ သိလာတယ်။ ကျွန်တော်တို့ မွတ်စလင်မ်လောကမှာ ဘာသာပြန်ဆရာတွေရှားတယ်ဆိုတာ။ ကျွန်တော်တို့က သတင်းဦးစားပေးလုပ်တာဆိုတော့ ဘာသာပြန်သမားက အလိုအပ်ဆုံးဖြစ်နေတယ်။ ကျွန်တော်တို့မှာက တစ်ယောက်နှစ်ယောက်နဲ့ပဲ အပတ်စဉ်လည်ပတ်နေရတာ။ လူငယ်တွေ အများကြီးဝိုင်းဝန်းနိုင်ရင် ကောင်းတာပေါ့။ တကယ်တော့ နိုင်ငံတကာမှာ အစ္စလာမ့်ရေးရာ စာအုပ်ကောင်းကောင်းတွေ၊ ဆောင်းပါးကောင်းတွေ အများကြီးရှိတယ်။ ဘာသာပြန်နိုင်တဲ့သူ ရှားတော့ ဒီဘက်ကလူတွေက မဖတ်ရဘူးပေါ့။ အဲဒီကွက်လပ်လေးကိုလည်း ဖြည့်ချင်တယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ တော့မရနိုင်ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စာအခြေခံရှိပြီး ဘာသာပြန်လည်း ၀ါသနာပါတဲ့ လူငယ်တွေကို တစ်ခုခုနည်းနာနိဿယတွေ ပံ့ပိုးပေးလိုက်နိုင်ရင် သူတို့ဘာသာသူတို့ ဆက်လုပ်သွားနိုင်လိမ့်မယ်လို့ တွေးမိတယ်။ ဒါကြောင့် မမလဌာနချုပ်က လူကြီးတွေနဲ့တိုင်ပင်ပြီး မမလမှာ သင်တန်း ဖွင့်လိုက်တယ်။ သူတို့ကလည်း ဆန္ဒတူတော့ ပူးပေါင်းလုပ်ရတာ အဆင်ပြေတယ်လေ။ သင်တန်းမှာ ဆရာဦးမင်းနိုင်၊ ဆရာဦးမြ၀င်း၊ ဒေါက်တာသန်းဝင်းတို့ အဓိကပို့ချတယ်။ ကျွန်တော်၊ ကိုဇော်ဇော်ထွန်းနဲ့ ဆရာဘိုင်လေးတို့ကတော့ အကူအနေနဲ့ ၀ိုင်းပြီးပံ့ပိုးဖြစ်တယ်ဆိုပါတော့။ သင်တန်းမှာ သူတို့ကို လက်တွေ့အနေနဲ့ စာစောင်လေးတွေလုပ်ခိုင်းတယ်။ အဖွဲ့ ၂-ဖွဲ့ခွဲပြီး ခေါင်းဆောင်တစ်ယောက်စီထားပေးတယ်။ သင်တန်းပြီးသွားတဲ့နောက်ပိုင်းမှာ အဲဒီ ၂-ယောက်က စာစောင်လေးတွေ ကိုယ်စီထုတ်တဲ့အဆင့်ထိ ဖြစ်သွားတယ်။ ကျွန်တော်တို့ဘက်က ပံ့ပိုးမှုနဲ့ အားပေးမှုလေးလောက်ပါပဲ။ သူတို့ရဲ့အခံနဲ့ ၀ါသနာအရ ဖြစ်လာကြတာပါ။
    မေး – ဟုတ်ကဲ့။ ဒါနဲ့ စာပေဂုဏ်ပြုပွဲလုပ်ဖြစ်တာကရော။
    ဖြေ –    အဲဒါကလည်း Friday Times ကနေ လုပ်ဖြစ်သွားတာပါ။ မွတ်စလင်မ်စာရေးဆရာတွေကို ဂုဏ်ပြုတဲ့အစီအစဉ်လေးလုပ်လိုက်တာပါ။ ဆရာကြီးဦးမောင်ကိုဂဖာရီ၊ ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင်၊ ဆရာဝါးခယ်မမောင်မင်းနိုင်၊ ဆရာဂျာဝိဒ်သန်း၊ ဆရာအလ်ဟာဂ်ျဦးအေးလွင်၊ ဆရာအလ်ဟာဂ်ျဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)၊ ဆရာ ပန်းဝါနွယ်တို့ကို သူတို့ရဲ့ စာပေရေးသားမှုတွေ အတွက် ဂုဏ်ပြုတဲ့အစီအစဉ်ပါ။ အခမ်းအနားကို ဒေါ်စောရွှေခန်းမမှာလုပ်တယ်။ အခက်အခဲတွေကြားထဲက လုပ်ခဲ့ရတာပါ။ ဒါပေမဲ့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ဖြစ်ခဲ့ပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေကလည်း သ၀ဏ်လွှာတွေ ပို့ပေးကြတယ်။ မွတ်စလင် စာပေအသိုင်းအ၀ိုင်း စုံစုံလင်လင်လည်း တက်ကြတယ်။ တော်တော်ကြည်နူးစရာကောင်းတဲ့ပွဲပါပဲ။ အမှတ်တရပါ။ အဲဒါက ၂၀၀၉ ရမသွာန် အီးဒ်အပြီးမှာလုပ်ခဲ့တာ။
    မေး – သြော်၊ အစ်ကိုက အခုဆို လုံးချင်းစာအုပ်လေးထုတ်လိုက်တယ်နော်။ အဲဒီစာအုပ်လေးအတွက်ရော အစ်ကို ဘယ်လိုကြိုးပမ်းခဲ့ရလဲ။
    ဖြေ –    အဲဒါက Friday Times မှာ အယ်ဒီတာလုပ်တုန်းက အယ်ဒီတာ့စကားလေးတွေကို ကြိုက်ကြတယ်လို့ ပြောတာများလာတော့ အဲဒီစာမူတွေကိုစုပြီး ပြန်ထုတ်လိုက်တာ။ “ဒီရေထဲက ပန်းကလေးများ”လို့ နာမည်ပေးထားတယ်။ မောင်ထော်လေးလမ်း၊ အလယ်ဘလောက်က Blue River education centre ကနေ ဖြန့်တာ။ နယ်ကလူတွေ မှာချင်ရင်တော့ ဖုန်းနံပါတ် ၀၉ ၇၃၀၃၁၃၆၇ (ဆရာ ဘိုင်လေး)ကို ဆက်ပြီး မှာလို့ရပါတယ်။ ဟဲ ဟဲ ကြော်ငြာဝင်တာ။
    မေး – ဟုတ်ကဲ့ပါအစ်ကို မေးတာတွေလည်း တော်တော်များသွားပြီနော်။ နောက်တစ်ခုအနေနဲ့ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့များရှိပါလဲ။ အစ်ကို့အနေနဲ့ သာသနာရေးအတွက်လည်း လုပ်ခဲ့တာတွေ၊ ပြင်ပ စာရေးတာတွေ၊ နောက် ပါရဂူဘွဲ့ရဖို့ ကြိုးစားနေတာတွေအတွက်ရော အများအတွက် ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးပြောပြပါဦး။
    ဖြေ –    လောလောဆယ်တော့ ကျွန်တော်က ကျူရှင်တွေတစ်ဖက် ကျောင်းတစ်ဖက်နဲ့ဆိုတော့ သိပ်တော့မအားဘူး။ ဒါပေမဲ့ ဒီကြားထဲကပဲ ကျွန်တော် ဘာသာရေးနဲ့ပတ်သက်ပြီး ရေးလက်စ စာလေးတွေ ဆက်လုပ်နေတယ်။ ကျွန်တော်ကိုယ်တိုင်က စာရေးတာဝါသနာပါတယ်။ ဒီတော့ ၀ါသနာဖြင့် သာသနာ့အမှုတော်ထမ်းခြင်းဆိုတဲ့ ကျွန်တော်ရေးခဲ့ဖူးတဲ့ ဆောင်းပါးထဲကလိုပေါ့။  အများအားဖြင့် ကျွန်တော်တို့တွေက ၀ါသနာကတစ်ခြား ပညာသင်တာကတစ်ခု၊ အလုပ်လုပ်တာက တစ်ခြားဖြစ်နေတယ်။ အဲဒီအခါမှာ အချိန်ကုန်ပြီး အကျိုးထိရောက်မှုနည်းတယ်။ ဒီတော့ ကျွန်တော်က သာသနာရေးကို ကျွန်တော်ဝါသနာပါတဲ့ ကျွန်တော်သင်ယူထားတဲ့ စာပေရေးသားခြင်းအတတ်ပညာ နဲ့ပဲ ဆက်လုပ်သွားမှာပါ။ စာရေးဆရာကြီးဖြစ်ချင်တာလည်း မဟုတ်ဘူး။ ဘာသာရေးဆရာဖြစ်ချင်တာ လည်း မဟုတ်ဘူး။ ကိုယ်ဝါသနာပါတာနဲ့ ကိုယ်သင်ထားတဲ့ပညာတွေကို အသုံးချဖို့အတွက် အမာနသ်တစ်ခုအနေနဲ့ တာဝန်ကျေအောင်လုပ်ချင်တဲ့ စိတ်ပဲ ကျွန်တော့်မှာရှိတယ်။ ကျွန်တော် သင်ယူထားတဲ့ ဘာသာဗေဒနဲ့ပတ်သက်ပြီးလည်း ကုရ်အာန်လေ့လာမှုနဲ့ ဆက်စပ်ပြီး စာအုပ်လေး တစ်အုပ်လုပ်ဖို့ ဆန္ဒရှိတယ်။ စုဆောင်းပြင်ဆင်ထားတာတွေတော့ ရှိနေပြီ။ ချရေးဖို့ပဲ ကျန်တာ။ လောလောဆယ်တော့ ကျူရှင်ဆရာအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတာပေါ့။ ၂၀၀၂ ကတည်းကစပြီး အစ္စလာမ်ဓမ္မဗိမာန်က ဖွင့်တဲ့နွေရာသီကလေးသင်တန်းတွေမှာ နှစ်စဉ်သွားသင်ပေး ရတယ်။ မနှစ်က ပဲခူးမှာလုပ်တဲ့ သင်္ကြန်တွင်းဘာသာရေးအခြေခံသင်တန်းမှာ “အစ္စလာမ်နဲ့မီဒီယာ” “အစ္စလာမ်နဲ့ လူငယ်”ဆိုတဲ့ခေါင်းစဉ်တွေနဲ့ သွားသင်ဖြစ်ခဲ့တယ်။ ဒါကတော့ အခြေအနေအရပါ။ ဘာသာရေးနဲ့ပတ်သက်ပြီး ဆရာအလုပ်တော့ သိပ်မလုပ်ချင်ဘူး။ စာပေအလုပ်ပဲ စိတ်ဝင်စားတယ်။ ဒအ်ဝဟ်နဲ့ပတ်သက်ပြီး လုပ်ချင်တာတွေတော့ရှိတယ်။ မသေခင်တော့ တမန်တော်မြတ်အတ္ထုပ္ပတ္တိကို အများလည်းဖတ်လို့ရအောင် ကောင်းကောင်းလေးရေးခဲ့ချင်သေးတယ်။
    မေး – အစ်ကိုပြောတဲ့ အများလည်းဖတ်လို့ရအောင်ဆိုတာက ဘယ်လိုလဲ။ ဘာသာပေါင်းစုံလား။
    ဖြေ –    ဟုတ်ပါတယ်။ မွတ်စလင်မဟုတ်သူ ဘာသာခြားညီနောင်တွေပါဖတ်လို့ရအောင်ပေါ့။
    မေး – ဟုတ်ကဲ့ အစ်ကိုလုပ်ချင်တာတွေ ရည်ရွယ်ချက်တွေက အများကြီးပေါ့နော်။ အဲဒါလေးတွေလည်း အကောင်အထည်ဖော်ပြီး လုပ်နိုင်စေဖို့ ဒုအာလုပ်ပေးပါ့မယ်။ အစ်ကို့အနေနဲ့ ဆိုလည်း မွတ်စလင်မ် လူငယ်တစ်ယောက်ပါပဲ။ ဒီတော့ မွတ်စလင်မ်လူငယ်တစ်ယောက်အနေနဲ့ နောက်ထပ် မျိုးဆက်သစ် ညီငယ် ညီမငယ်တွေကို ဘယ်လိုများ စကားလက်ဆောင်ပေးချင်ပါလဲ။
    ဖြေ –    စကားလက်ဆောင်ကတော့ လူငယ်ဘ၀မှာ ဘယ်ကိစ္စပဲဖြစ်ဖြစ် ကိုယ်ရည်မှန်းထားတဲ့ ဘ၀ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့၊ ဘယ်လိုအခက်အခဲကြုံကြုံ ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်တယ်။ အခက်အခဲဆိုတာ အောင်မြင်မှုရဲ့ မုခ်ဦးလို့ပြောပါရစေ။ ကျမ်းတော်မြတ်ကုရ်အာန်မှာလည်း ခက်ခဲမှုနဲ့အတူ လွယ်ကူမှုဟာ ဒွန်တွဲလျက်ရှိတယ်လို့ အားပေးထားပါတယ်။
    နောက်တစ်ခုက community နဲ့ ပတ်သက်တာပါ။ လူငယ်တွေ တော်တော်များများက ဘာသာရေးနဲ့ပတ်သက်ပြီး ခေါင်းထဲမှာ ရှုပ်ထွေးမှုတွေရှိနေတယ်။ အဖွဲ့အစည်းတွေ ကွဲနေတဲ့အတွက် အစုအဖွဲ့တွေ အယူအဆတွေကွဲနေတဲ့အတွက် စိတ်ရှုပ်ထွေးမှုမဖြစ်စေဖို့ပါ။ အများကို ကိုယ်စားပြုဖို့ အဖွဲ့တွေကတော့လိုအပ်ပါတယ်။ အဖွဲ့တွေများတာဟာ ကျွန်တော်တို့အတွက် အင်အားတွေပါ။ ဒါကတစ်ပိုင်းပါ။ နောက်တစ်ခုက အယူအဆကွဲနေတာ။ ခေတ်အဆက်ဆက်ပညာရှင်တွေ ကွဲလွဲခဲ့ကြတာတွေရှိပါတယ်။ အဲဒါကို မျိုးဆက်သစ်လူငယ်တွေက တော်တော်စိတ်ညစ်ကြတယ်။ အမှန်ကတော့ အစ္စလာမ်သာသနာက ကွဲပြဲနေတာမဟုတ်ပါဘူး။ လူတွေက ကွဲနေကြတာ။ ဒီတော့ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်အောင်ပဲ ကြိုးစားကြပါလို့ တိုက်တွန်းချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ထိုးနှက်နေတဲ့အထဲမှာ ကိုယ်မပါဘဲ နေတတ်အောင်နေဖို့နဲ့ ကွဲပြားမှုတွေရဲ့ အကြောင်းရင်းတွေကို သိအောင်ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်တယ်။ အဲဒါဆိုရင် ကွဲပြားမှုတွေဟာ သူ့အကြောင်းနဲ့ သူပါလားဆိုတာကို တွေ့လာကြပါလိမ့်မယ်။ အဲလိုမလုပ်ဘဲ ကိုယ်က တစ်ဘက်ဘက်မှာ အသေရပ်မိပြီး ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ စိတ်မျိုးထားမယ်ဆိုရင် နောက်ထပ် တက်လာမယ့် မျိုးဆက်သစ်တွေကိုပါ တစ်ဖက်နဲ့တစ်ဖက် အမုန်းမျိုးဆက်တွေအဖြစ် အမွေပေးခဲ့ သလိုဖြစ်သွားရင် ကျွန်တော်တို့အနာဂတ်အတွက် မကောင်းဘူး။ နှင်းဆီပန်းကို မြတ်နိုးရင် ဆူးကို လည်း လက်ခံပေးရတာ သဘာဝပဲ။  တစ်ယောက်နဲ့တစ်ယောက် ကိုယ်မကြိုက်တဲ့ ခံယူချက် အယူအဆတွေ ကွဲပြားနေပေမဲ့လည်း နားလည်လက်ခံပေးပြီး ညီနောင်စိတ်နဲ့ ၀ိုင်းဝန်းပူးပေါင်း ဆွေးနွေးတိုင်ပင်ပြီးတော့ ညီညွတ်ရေးကို ရှာကြမယ်၊ ပြဿနာတွေကို လက်တွဲဖြေရှင်းကြမယ်ဆိုရင် “မွတ်စလင်”(ငြိမ်းချမ်းသူ) ဆိုတဲ့ နာမည်နဲ့ကိုက်ညီတဲ့သူတွေအဖြစ် ဘာသာခြားတွေရဲ့ရှေ့မှာ ကျွန်တော်တို့ ဂုဏ်ရှိနေကြမှာပါ။ တမန်တော်မြတ်(ဆွ)က ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေး စာချုပ်ချုပ်တော့ ရန်သူကာဖရ်တွေနဲ့တောင် အလျှော့ပေးခဲ့တာရှိတယ်။ အထဲက အချက်အလက်တွေက တစ်ဖက်သတ်ဖြစ်ရုံတင်မဟုတ်ဘူးနော်။ မုဟမ္မဒ်ဒွရ်ရစူလွလ္လာဟ်လို့ ရေးတာကိုတောင် ရစူလွလ္လာဟ်ဖြုတ်ပေးခဲ့ရတဲ့အထိ လိုက်လျောခဲ့ရတာ။ အလကားအညံ့ခံတာတော့မဟုတ်ဘူး။ ပြေလည်ငြိမ်းအေးမှုကနေရလာမယ့် အကျိုးအမြတ်တွေကို အမြော်အမြင်ရှိရှိနဲ့ မျှော်ကိုးပြီး အဲလိုအလျှော့ပေးခဲ့တာ။ တမန်တော်မြတ်က ကျွန်တော်တို့ရဲ့စံပြတမန်တော်ပဲ။ တမန်တော်မြတ်ရဲ့ စွန္နသ်ကို ကျွန်တော်တို့ တန်ဖိုးထားကြတယ်ဆိုရင် ဒီလိုအွမ္မသ်အတွက် အကျိုးဖြစ်စေမယ့် အရေးကြီးတဲ့ စွန္နသ်တွေကို ကျွန်တော်တို့ ပိုပြီးလိုက်နာကျင့်သုံးအပ်တာပေါ့။ ပြောချင်တာက တမန်တော်မြတ်တောင် ရန်သူကာဖရ်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ရှေ့ရှုပြီး အလျှော့ပေးခဲ့သေး တယ်ဆိုရင် ကျွန်တော်တို့က မွတ်စလင်မ်ညီနောင်တွေအချင်းချင်း ညီညွတ်ရေးအတွက် သာမန်အသေးအမွှား အယူအဆမတူတာလေးတွေကို ဘာကြောင့်အလျှော့ပေးပြီး မဆက်ဆံနိုင်ရမှာ လဲ။
    မေး – ဟုတ်ကဲ့ပါ အစ်ကို။ အစ်ကို့ကို အခုလို အင်တာဗျူးလုပ်ရတာကလည်း MMSY မှာ ထူးချွန်မွတ်စလင်မ်လူငယ်ကဏ္ဍအတွက် လုပ်တယ်ဆိုတော့ MMSY နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကိုလည်း နည်းနည်းလောက်မေးချင်ပါတယ်။
    ဖြေ –    ဟုတ်ကဲ့မေးပါ။
    မေး – MMSY က မွတ်စလင်မ်လူငယ်တွေပဲစုစည်းပြီးတော့ လှုပ်ရှားနေကြတယ်။ နောက်ပိုင်း တစ်ချို့လူကြီးပိုင်းတွေလည်း ပါလာတယ်။ ဒီတော့ အစ်ကို့အနေနဲ့ MMSY ကို ဘယ်လိုမြင်ပါသလဲ။
    ဖြေ –    MMSY က ကမ္ဘာအနှံ့က မြန်မာမွတ်စလင်မ်တွေရဲ့ စုစည်းရာနေရာလည်းဖြစ်နေတယ်။ စုစုစည်းစည်းချစ်ချစ်ခင်ခင်လည်း ရှိကြပါတယ်။ တော်တော်လေးကောင်းတယ်။ ဒီအချိန်ကာလမှာ ဒီလို Social Website တစ်ခုအနေနဲ့ ရှိသင့်တာ အမှန်ပါပဲ။ MMSY မှာ ၀င်လာတဲ့သူ တော်တော်များများက ညီအစ်ကိုမောင်နှမစိတ်ဓါတ်လေးတွေရှိကြတယ်။
    မေး – ဟုတ်ကဲ့။ ကျေးဇူးပါအစ်ကိုရေ။ အခု နောက်ဆုံးအနေနဲ့ MMSY ရှေ့လျှောက် ပိုမိုတိုးတက်ကောင်းမွန်လာဖို့အတွက် အစ်ကို့အနေနဲ့ ဘယ်လို စကားလက်ဆောင် ပါးချင်ပါသလဲ။
    ဖြေ –    MMSY ရဲ့ အခုအစီအစဉ်တွေက တော်တော်ကောင်းတယ်။ အမြဲတမ်းလည်း ဆက်လက် ထိန်းသိမ်းနိုင်ပြီး ဘာလေးတွေ ဆက်လုပ်ရင်ကောင်းမလဲဆိုတာလည်း စဉ်းစားနေကြတယ်လေ။ တစ်ချို့ဟာတွေဆို ကျွန်တော်တောင် လိုက်မမီပါဘူး။ လုပ်နေကြတာတွေကလည်း အားကျစရာကောင်းပါတယ်။ ကျွန်တော့်အနေနဲ့လည်း မန်ဘာတစ်ယောက်ဖြစ်နေတော့ MMSY အနေနဲ့ လိုအပ်တာရှိလို့ ကျွန်တော်ပါဝင်နိုင်တာရှိရင်လည်း ပါဝင်ဖို့အသင့်ပါ။ ပြောနိုင်ပါတယ်။
    မေး – ဟုတ်ကဲ့ပါ။ အစ်ကို့အနေနဲ့ MMSY မှာ မိသားစုဝင်တစ်ယောက်အနေနဲ့ရှိတယ်။ MMSY ဆိုတာ မိသားစုဝင်အားလုံးပိုင်ဆိုင်တဲ့နေရာ။ မိသားစုဝင်အားလုံးရဲ့ အကြံဥာဏ်တွေလိုအပ်ပါတယ်။ အဲဒီတော့ MMSY ရဲ့လုပ်ငန်းစဉ်လေးတွေ လိုအပ်တဲ့အကြံဥာဏ်လေးတွေကို အစ်ကိုတို့အနေနဲ့ ၀ိုင်းဝန်းအားဖြည့်ပေးပါလို့ ပြောချင်ပါတယ်။
    ကျေးဇူးတင်ပါတယ် အစ်ကို …..။ အခုပြောသွားကြတာတွေထဲမှာ အစ်ကို့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိပါလဲ။
    ဖြေ –    မရှိတော့ပါဘူး။ မေးတာလည်း ပြည့်ပြည့်စုံစုံ ဖြေတာလည်း တော်တော်ပြည့်စုံသွားပါပြီ။ အခုလို မေးမြန်းတာတွေအတွက် ကျေးဇူးတင်ပါတယ်။
    မေး – ဟုတ်ကဲ့ပါအစ်ကို …….. အခုလို ရှည်ရှည်ဝေးဝေးမေးမြန်းမှုတွေကို စိတ်ရှည်စွာဖြေကြားပေးတဲ့ အစ်ကိုသန်းမင်းထိုက်ကိုလည်း MMSY ကိုယ်စား ညီမအနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်။
  • ၀ါသနာနဲ့ အားမလိုအားမရမှုတွေကြောင့် မြန်မာစာကို လေ့လာဖြစ်သူ ကိုသန်းမင်းထိုက် (Ph.D Candidate)-Part-1
    MMSY မိသားစုဝင်တဦးဖြစ်သူ ကိုသန်းမင်းထိုက် ကို မ၀ိုင်း တွေ့ဆုံ အင်တာဗျူးထားသည်ကို ဖော်ပြပေးလိုက်ပါတယ်။
    ကိုသန်းမင်းထိုက်ဟာ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာအထူးပြု ပါရဂူဘွဲ့(Ph.D) တက်ရောက်နေတဲ့ ဂုဏ်ယူဖွယ် ထူးချွန်မွတ်စလင်မ် လူငယ်တစ်ဥိးပဲဖြစ်ပါတယ်။
    အပိုင်း(၁)
    မေး –  စလာမ်ပါ အစ်ကို။
    ဖြေ –    ၀အလိုင်းကွန်းမ်စလာမ်
    မေး – ထူးချွန်မွတ်စလင်မ်လူငယ်ကဏ္ဍအတွက် အင်တာဗျူးလုပ်မှာဆိုတော့ အမေးဖြေကဏ္ဍလေး စလိုက် ရအောင်နော်။
    ဖြေ –    ဟုတ်ကဲ့။
    မေး – အစ်ကို့ရဲ့ နာမည်လေးပြောပြပါလား။ မြန်မာနာမည်ရော၊ အာရဗီနာမည်ရောပေါ့။
    ဖြေ –    ဟုတ်ကဲ့ ကျွန်တော့်ရဲ့ မြန်မာနာမည်က သန်းမင်းထိုက်ပါ။ အာရဗီနာမည်ကတော့ မုဟမ္မဒ်ဖိုင်သွလ္လာဟ်။
    မေး – မွေးရပ်ဇာတိနဲ့ မွေးသက္ကရာဇ်ကရော။
    ဖြေ –    မွေးရပ်ဇာတိကတော့ သာကေတပါပဲ။ မွေးသက္ကရာဇ်က ၂၅-၂- ၁၉၇၇ ပါ။
    မေး – သန်းမင်းထိုက်ဆိုတာ နာမည်အရင်းပဲလား။ စာတွေရေးတော့ရော။
    ဖြေ –    ဟုတ်ကဲ့ နာမည်ရင်းပါ။ စာရေးတော့လည်း သန်းမင်းထိုက်ဆိုတဲ့နာမည်ကို မြန်မာစာနဲ့တွဲပြီးတော့ သန်းမင်းထိုက်(မြန်မာစာ) ဆိုတဲ့နာမည်နဲ့ ရေးပါတယ်။
    မေး –  မြန်မာစာမေဂျာပေါ့နော်။
    ဖြေ –    ဟုတ်ကဲ့ မြန်မာစာမေဂျာပါ။
    မေး –  ဟုတ်ကဲ့ ဒါဆို ကိုသန်းမင်းထိုက်ရဲ့ မိဘတွေနဲ့ ညီအစ်ကို မောင်နှမတွေရော ပြောပြလို့ရမလား။ လက်ရှိဘယ်မှာနေလဲ။
    ဖြေ –    ညီအစ်ကိုမောင်နှမ(၅)ယောက်ရှိတယ်။ ကျွန်တော်က အကြီးဆုံး။ အားလုံးကတော့ ဘွဲ့ရပြီးပါပြီ။ မိဘတွေကတော့ အဖေက ဦးမြသန်း( စာရေးဆရာမောင်သဲနီ)။ အမေက ဒေါ်မြစိန်ပါ။ နေတာကတော့ မိဘတွေနဲ့အတူ ဒေါပုံမှာ နေပါတယ်။
    မေး – ကိုသန်းမင်းထိုက်ရဲ့ ပညာရေးအခြေအနေကိုလည်း ပြောပြပါဦး။ ငယ်ငယ်ကတည်းက အခုလက်ရှိထိ ပညာသင်ကြားခဲ့တဲ့ အခြေအနေလေးပေါ့။
    ဖြေ –    ငယ်ငယ်က ကျောင်းစနေတာကတော့ သာကေတ အ.မ.က(၁)မှပါ။ မူလတန်းကျောင်းသားဘ၀မှာ တော့ ပညာရည်ချွန်ဆုတွေ ရခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီကနေ အလယ်တန်းကျောင်းပြောင်းတဲ့အချိန် ကျတော့  ပညာရေးက ထူးထူးချွန်ချွန်တော့ မဟုတ်ဘူး။ သာမန်ပဲပေါ့။ (၅)တန်းမှာ ဒေါပုံကို ပြောင်းတယ်။ (၆)တန်းရောက်တော့ နယ်ကိုပြောင်းရတယ်။ နယ်ဆိုတာက စစ်ကိုင်းတိုင်း ရေဦးဘက်။ အဖေက ဆည်မြောင်းဌာနက S.A. E ဆိုတော့ ၈၈ အရေးခင်းနောက်ပိုင်းမှာ နယ်ဘက်ကိုတာဝန်ကျ လို့ ပြောင်းရတာ။ အဲဒီကနေ (၈)တန်းနှစ်ရောက်တော့ အဖေက တောင်တွင်းကြီးကို ပြောင်းရပြန် တယ်။ အဲဒီနှစ်မှာပဲ အဖေလည်း ဟဂ်ျသွားဖြစ်တော့ မိသားစုကို ရန်ကုန်မှာပဲ ပြန်ထားမယ်ဆိုပြီး (၈)တန်းမှာတစ်ခါ ရန်ကုန်ပြန်ရောက်လာတာပေါ့။ အဲဒီလို လျှောက်ပြောင်းနေရတော့ မကြာခဏ ဆိုသလို ခံစားမှုအသစ် ဖြစ်တယ်။ သူငယ်ချင်းအပေါင်းသင်းကလည်း အသစ်၊ ဆရာကလည်း အသစ်။ နယ်နဲ့ ရန်ကုန် အကူးအပြောင်းမှာ နည်းနည်းလေးကွာခြားမှုရှိနေတယ်။ နယ်ကိုရောက်တော့လည်း ရန်ကုန်သား မြို့သားဆိုပြီး သူတို့ရဲ့အမြင်ကတစ်မျိုး။ နောက်ပြီး ကိုယ်ပြောတာဆိုတာနဲ့ သူတို့ပြောဆို ဆက်ဆံတာတွေက ကွာခြားတယ်။ ဟိုမှာနည်းနည်း အသားကျပြီးမှ ရန်ကုန်ပြန်ရောက်လာတော့ စရိုက်တွေက နည်းနည်းကွဲသွားပြီ။ အဲဒီတုန်းက ရန်ကုန်မှာ (၈)တန်းပြန်တက်ရတာ။ အ-လ-က (၄)၊ ဒေါပုံမှာ။ ဖြစ်ချင်တော့ ကျွန်တော်က နယ်ပြောင်းလည်းဖြစ် ကျောင်းအပ်ချိန်ကလည်း နောက်ကျတော့ နှစ်ကျတွေချည်းပဲ ထားတဲ့အခန်းထဲမှာ ကျွန်တော့်ကိုထားခံရတယ်။ သိပ်လည်းမပျော်ဘူး။ သူငယ်ချင်း အပေါင်းအသင်းလည်း မရှိဘူး။ နောက်ဆုံး စာထဲမှာပါ သိပ်အာရုံမရှိတော့ဘူး။ စာသင်တဲ့ဆရာ၊ ဆရာမတိုင်းကလည်း တစ်ခန်းလုံးကိုခြုံပြီး မနှစ်က သင်ပြီးသားလို့ သတ်မှတ်ပြီး ကွက်ကျော်သင်တာ တို့ တော်ရိလျော်ရိသင်တာတို့၊ မနှစ်က မှတ်စုရှိပြီးသားမဟုတ်လားလို့ပြောပြီး မှတ်စုအသစ်မပေး တော့တာတို့ အဲဒီလိုမျိုးတွေလုပ်တော့ ကြွားလိုက်ရဦးမယ် ကျွန်တော် ၈ တန်းနှစ်မှာ ကျရောဗျ။
    မေး –  သြော် …. အစ်ကိုတို့တုန်းက (၈)တန်းက အစိုးရစစ် စာမေးပွဲဖြစ်မယ်နော်။
    ဖြေ –     ဟုတ်တယ် အစိုးရစစ်။ (၈)တန်းမှာ တစ်နှစ်ကျပြီးတော့– နောက်–အဲဒီစစ်ကိုင်းတိုင်းကိုပဲ ပြန်ပြောင်း ရတယ်။ အဲဒီမှာပဲ (၈)တန်း ပြန်တက်တယ်။ ပြန်တက်တဲ့နှစ်မှာတော့ ဂုဏ်ထူး(၂) ဘာသာပါတယ်။ သင်္ချာနဲ့ သမိုင်း။ အဲဒီ အ-ထ-က(၁) ရေဦးကနေပဲ ဆယ်တန်းအောင်တယ်။ ဆယ်တန်းအောင်ပြီးတဲ့ အခါမှာလည်း ပုံမှန်ဆို မုံရွာဒီဂရီကောလိပ်တက်ရမှာ။ ဒါပေမဲ့ အဖေက တစ်ခါ လားရှိုးပြောင်းရတယ်။ အဲဒါနဲ့ လားရှိုးမှာ ကျောင်းတက်ရတယ်။ First Year ကို လားရှိုးကောလိပ်မှာ တက်တယ်။ အခုတော့ ဒီဂရီကောလိပ်ဖြစ်သွားပြီပေါ့။ ပထမနှစ်မှာ ပါဠိဂုဏ်ထူးနဲ့အောင်တယ်။ အောင်ပြီးသွားတော့ တစ်ခါ ပဲခူးကို ပြောင်းရပြန်တယ်။
    မေး – ဒါဆို အစ်ကို နယ်တွေတော်တော်စုံသွားပြီ။
    ဖြေ –     ဟုတ်တယ်။ မန္တလေး ချောင်းဝင်းကိုလည်း အဖေပြောင်းခဲ့ရဖူးတယ်။ ဒါပေမဲ့ မိသားစုက မပြောင်းဖြစ်တော့ ကျွန်တော် အလည်တစ်ခေါက်ပဲ ရောက်လိုက်တယ်။ နောက်ပိုင်းမှာ မွန်ပြည်နယ် မုဒုံနယ်က ၀င်းဖနုံဆည်စီမံကိန်းမှာလည်း အဖေလုပ်ခဲ့သေးတယ်။ အဖေ့အလုပ်ကိစ္စနဲ့ ကျွန်တော် နယ်တော်တော်များများမှာ နေခဲ့ရဖူးတယ်။ အတွေ့အကြုံတွေ၊ ဗဟုသုတတွေတော့ အများကြီး ရတာပေါ့။ ဒါပေမဲ့ ဆိုးတာတော့ ရန်ကုန်ပြန်ရောက်တော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း မရှိတော့သလိုဖြစ်သွားတယ်။ အဖေက ပဲခူးကိုပြောင်းရတဲ့အချိန်မှာ ရန်ကုန်နဲ့လည်း တော်တော်နီးသွားပြီဆိုတော့ ညီအစ်ကိုမောင်နှမတွေအကုန်လုံးကို ဘာသာရေးလောကနဲ့ နီးနီးစပ်စပ်ရှိဖို့ ရန်ကုန်မှာပဲ အထိုင်ချတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့မိသားစု ရန်ကုန်မှာ နေကြတယ်။ အဖေကတော့ လာလိုက် သွားလိုက်ပဲ။ နောက်တော့ ဆည်မြောင်းဌာန ဦးစီးမှူးဘ၀က အလုပ်ထွက်လိုက်တယ်။ အဖေလည်း စိတ်ကုန်သွားတယ်နဲ့တူပါတယ်။ ဒီတော့ ကျွန်တော်လည်း Second Year ကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာတက်တယ်။ အဲဒီကအောင်တော့ ဂုဏ်ထူးတန်းပါသွားတယ်။ ဂုဏ်ထူးတန်းက (၃)နှစ်ထပ်တက်တယ်။ အဲဒီကနေပြီးတော့တစ်ခါ မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှာ ပြောင်းတက်ခဲ့တယ်။ အဲဒီတုန်းက အရှေ့ပိုင်းတက္ကသိုလ်မှာပဲ ဆက်တက်မယ်ဆို တက်လို့ရပါတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာက ကျွန်တော့်အတွက် ငယ်ငယ်ထဲက မက်ခဲ့တဲ့ အိပ်မက်လေ။ အဓိပတိလမ်း၊ ဂျပ်စင်၊ RC ၊ ကံ့ကော်ပင်တန်း၊သစ်ပုတ်ပင် —ဒါတွေက သီချင်းတွေ၊ ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲကတစ်ဆင့် လွှမ်းမိုးနေတာကိုး။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကို ပြောင်းတက်ချင်ခဲ့တာ။
    နောက်တစ်ခုက ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ ဆရာကြီးဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ပါမောက္ခ-ဌာနမှူး ဖြစ်နေတဲ့အချိန်။ ဆရာကြီးလက်ထက်မှာ ဆရာကြီးရဲ့တပည့်ဖြစ်ချင်တာ လည်း ပါတာပေါ့။ အဲဒီနှစ်ခုကြောင့် ပြောင်းလိုက်ရပေမဲ့ အရှေ့ပိုင်းတက္ကသိုလ် မြန်မာစာဌာနက ဆရာ၊ဆရာမတချို့က ကျွန်တော်ပြောင်းတာကို သိပ်သဘောမတူကြဘူး။ ဌာနက မွေးထုတ်ထားတဲ့ အတော်ဆုံးကျောင်းသားသုံးယောက်တစ်ခါတည်း ပြောင်းသွားကြတာဆိုတော့ စိတ်မကောင်းဖြစ်ကြ တာပါ။ ခြေစုံကန်သွားတယ်၊ ဘာညာပေါ့။ ပါမောက္ခဆရာမကြီးကို ကျွန်တော်ရှင်းပြတယ်။ ကျွန်တော်တို့က ခြေစုံကန်တာမဟုတ်ဘူးလို့။ အရှေ့ပိုင်းတက္ကသိုလ်၊ မြန်မာစာဌာနရဲ့ဂုဏ်ကိုဆောင်ဖို့ အတွက် ရန်ကုန်တက္ကသိုလ်ကို သွားတာပါလို့။ ဆရာမကြီးကတော့ နားလည်ပေးပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ကျွန်တော်တို့ ပြောင်းတဲ့နှစ်က အထူးခြားဆုံးပဲ။ ဆရာကြီးဦးခင်အေးရဲ့ လက်အောက်မှာ ဆရာ၊ဆရာမတွေလည်း အညီညွတ်ဆုံး အတက်ကြွဆုံး ကာလတွေဖြစ်မယ်လို့ ထင်တယ်။ စာတမ်းတွေ၊ ဆွေးနွေးပွဲတွေဆိုတာလည်း ကျွန်တော်တို့အရင်က ကျောင်းသားတွေ အဲလောက်မလုပ်ခဲ့ရသလို နောက်ပိုင်းနှစ်သမားတွေလည်း မလုပ်ရတော့ဘူး။ ကျွန်တော်တို့တက်တဲ့ ၂ နှစ်မှာ ဆရာကြီးက သူလုပ်ပိုင်ခွင့်ရှိသမျှ အစွမ်းကုန်ပျိုးထောင်ပေးခဲ့ပုံရတယ်။ ဒီလိုနဲ့ မာစတာ ၂ နှစ်၊ semester ၄ ခု တက်ရတာမှာ Grade 4 (၁၃)ခု  ရတယ်။  (၈)ခုပါရင်တောင်မှပဲ  MRes ဆက်တက်ဖို့ ကွာလီဖိုင်းဖြစ်တယ်ဆိုတော့ ကျွန်တော်လည်း မထူးဘူး ဆက်တက်မယ်ဆိုပြီး တက်ဖြစ်ပြန်တယ်။
    မေး – MRes ဆိုတာက ဘာလဲအစ်ကို။
    ဖြေ –    Master of Research …. ။ ဒါက နောက်ပိုင်းမှ ပေါ်လာတဲ့ ကြားခံဘွဲ့တစ်ခုပါ။ ပါရဂူဘွဲ့ကို အရင်က ဆရာ၊ ဆရာမတွေပဲ ၀င်ခွင့်ဖြေပြီး လျှောက်လို့ရတယ်လေ။ နောက်ပိုင်းမှာ ဆရာ မဖြစ်သေးတဲ့ ကျောင်းသားတွေအနေနဲ့လည်း ထူးချွန်ရင် ထူးချွန်သလို တက်ခွင့်ရအောင် တစ်နှစ်သုတေသနဘွဲ့ တစ်ခု ထားပေးထားတာ။ ဒါပေမဲ့လည်း အဲဒီအတန်းတက်ခွင့်ရလို့၊ နောက်ပြီး ကျမ်းလည်းပြုနိုင်ပြီး ကျမ်းအောင်လို့ ပါရဂူတန်းကို တန်းပြီးတက်နိုင်တာတော့ မဟုတ်သေးဘူး။ ၀င်ခွင့်အတွက် နှုတ်ဖြေ(viva) ရှိသေးတယ်။ တော်တော်များများက အဲဒီမှာ ပြုတ်ကျန်ခဲ့တာလည်း ရှိတာပေါ့။ နောက်ပိုင်းမှာဆို ၂ နှစ်ဖြေလို့ မအောင်ရင် ပါရဂူအတွက် ဖြေခွင့်မရှိတော့ဘူးတို့ ဘာတော့ တဖြည်းဖြည်းတင်းကြပ်လာတယ်။ ကျွန်တော်တို့ရှေ့မှာကလည်း နည်းနည်းဖောင်းပွထားတာတွေ ရှိတာကိုး။ ထားပါတော့။ အဲဒီ MRes အတွက်က ကျောင်းလိုတော့ မတက်ရဘူး။ ကျမ်းကြီးကြပ်သူ (Supervisor) ချပေးထားတယ်။ ကျွန်တော့်ကျမ်းကြီးကြပ်သူက အဲဒီအချိန်က ပါမောက္ခဌာနမှူး ဆရာမကြီး ဒေါ်ခင်ဆွေမြင့်။ ကျမ်းခေါင်းစဉ်ကတော့ ‘မြန်မာကဗျာနှင့်ပန်းသင်္ကေတ’ဆိုတဲ့ခေါင်းစဉ်ပါ။
    မေး – ‘မြန်မာကဗျာနှင့် ပန်းသင်္ကေတ’ ဟုတ်လား။
    ဖြေ –    ဟုတ်တယ်။ ပန်းလေးတွေကို ကဗျာတွေထဲမှာ စာဆိုတွေက ထည့်ရေးကြတယ်။ အဲဒါ ဘယ်လို အဓိပ္ပာယ်၊ ဘယ်လို တင်စားမှုတွေနဲ့ ရေးထားတာလဲဆိုတာကို လေ့လာတာ။ MRes ပြီးသွားတဲ့ အခါကျတော့ Ph.D ဆက်တက်ရတယ်။ (၅)နှစ်တက်ရတယ်။ အဲဒါ ပညာရေးလမ်းကြောင်း သက်သက်ပေါ့။ နောက် …
    မေး – ခဏလေးအစ်ကို။ တစ်ခုလောက် ပြန်မေးပါရစေ။ ခုနက အစ်ကိုပြောသွားတယ်။ first year က လားရှိုးမှာ။ နောက် second year က ရန်ကုန်မှာ။ အဲဒါပြီးတော့ ဂုဏ်ထူးတန်း (၃)နှစ်။ အဲဒီ (၃)နှစ်ပြီးတော့မှ MRes က သီးခြားလား။
    ဖြေ –    အဲဒီမတိုင်ခင် Master (၂)နှစ်တက်ရတယ်။ M.A ဘွဲ့ယူပြီးတော့မှ MRes က သီးသန့်ဘွဲ့တစ်ခုအနေနဲ့ တစ်နှစ်တက်ရတာ။ မဟာသုတေသနဘွဲ့လို့တော့ မြန်မာလိုသုံးကြတယ်။
    မေး – အခု ပါရဂူဘွဲ့အတွက်က နောက်ထပ်(၅)နှစ်ပေါ့။ ဒါဆို အစ်ကို ကျောင်းတက်ခဲ့တဲ့ နှစ်အတွေ့အကြုံ ကလည်း တော်တော်များသွားပြီပေါ့နော်။ အခုဆို အစ်ကိုက ပါရဂူဘွဲ့အတွက် လုပ်နေတဲ့အခါမှာရော ဘယ်လိုကြိုးစားခဲ့ရတာမျိုးတွေရှိခဲ့လဲ။ နည်းနည်းပြောပြပေးပါဦး။
    ဖြေ –    ဟုတ်ကဲ့ … အခုကျွန်တော်လုပ်နေတဲ့ ကျမ်းခေါင်းစဉ်ကတော့ ဘာသာဗေဒနဲ့ ပတ်သက်တာပေါ့။ Master ဒုတိယနှစ်ရောက်တော့ Major ခွဲရတယ်လေ။ Literature နဲ့ Language တစ်ခုခုကို ရွေးရတော့မယ်ဆိုတော့ ကျွန်တော်က language ကို ရွေးခဲ့တယ်။ ကျွန်တော်က နဂိုကတည်းက စာပေကို စိတ်ဝင်စားတဲ့သူ။ ဒါပေမဲ့ ဆက်ပြီး ကိုယ့်ဘာသာကိုယ်လေ့လာလို့ရတယ်။ ဘာသာစကားပိုင်းကျတော့ စာအုပ်ဖတ်ရုံနဲ့ မလွယ်ဘူးလေ။ ဒါကြောင့် ဘာသာစကားဘက်ကို ကျွန်တော်ယူလိုက်တာ။ အခု ပါရဂူကျမ်းတင်တော့ ခေါင်းစဉ်က “မြန်မာဘာသာစကား၏ စကားလုံးဖွဲ့ပုံကို သမူဟဘာသာဗေဒရှုထောင့်မှ လေ့လာခြင်း”။ သမူဟဘာသာဗေဒ(Integrational Linguistics) ဆိုတာက ဒီဘက်မှာ နည်းနည်းစိမ်းနေတယ်။ ဂျာမန်က ဆရာတစ်ယောက်က စခဲ့တာ။ အဲဒါက သင်္ချာမှာရှိနေတဲ့ set theory ကို ဘာသာစကားနဲ့ ချိတ်ပြီးလေ့လာတာ။
    မေး – သြော် set က (၁၀)တန်းတုန်းကတော့ သင်ဖူးလိုက်တယ်။ သိပ်တော့ မမှတ်မိတော့ဘူး။
    ဖြေ –    ဟုတ်တယ် ဘာသာစကားကို set theory နဲ့တွဲပြီး နယ်ပယ်(၂)ခုကို ရောပြီးတော့ လေ့လာတာ ဆိုတော့ နည်းနည်းတော့ခက်တယ်။ ကြားထဲမှာ စာတမ်းတွေလုပ်ထားတော့ အားလုံး အဆင်ပြေပါ တယ်။ ကျွန်တော့်ရဲ့ကျမ်းကြီးကြပ်သူ (Supervisor) ကိုယ်တိုင်က ဂျာမနီမှာသွားပြီး အဲဒီဘာသာရပ်ကို သင်လာခဲ့တာ။ ဆရာ့နာမည်က ဒေါက်တာကိုလေးတဲ့။ ပုသိမ်တက္ကသိုလ်က ပါမောက္ခ။ အခုတော့ ဆရာက နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ ဧည့်ပါမောက္ခဖြစ်နေတယ်။ ဆရာကိုယ်တိုင်ကလည်း ဒီခေါင်းစဉ်နဲ့ ကျွန်တော့်ကို လုပ်စေချင်တယ်။ မင်းလုပ်ပါလားလို့ မေးတယ်။ ကျွန်တော်ကလည်း နောက်ပိုင်းကိုယ့်အောက်အငယ်တွေ ဒီဘာသာရပ်ကို ဆက်သင်နေရမယ်ဆိုရင် ကိုးကားစရာ ကျမ်းတစ်ခု ရှိသွားအောင် လုပ်ပေးချင်တဲ့ စိတ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုယ်တိုင် ဖတ်စရာ၊ လေ့လာစရာ မြန်မာလိုစာအုပ် မရှိဘူးလေ။ ခက်ခဲမယ်ဆိုတာတော့ ကြိုတွက်ထားပြီးသား ပါပဲ။ ဒီတော့ ဂျာမနီက အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေကိုပဲ အဓိက ဖတ်ရတယ်။ အင်တာနက်က ရှာတော့လည်း တော်တော်နည်းတယ်။ အခုကံဆိုးချင်တော့ ဆရာက ကိုရီးယားက တက္ကသိုလ်တစ်ခု ကို ရောက်သွားတယ်။ အခုတော့ ရန်ကုန်တက္ကသိုလ်က လက်ရှိပါမေက္ခ ဒေါက်တာအောင်မြင့်ဦးက ကျွန်တော့်ရဲ့ Supervisor အသစ်ဖြစ်လာတယ်။ ဆရာကလည်း မြန်မာစာနဲ့ ပထမဦးဆုံး ပါရဂူဘွဲ့ရခဲ့ သူပါ။ လူတော်တစ်ယောက်ပါပဲ။ ဒါပေမဲ့ ယူထားတဲ့ခေါင်းစဉ်အပေါ်မှာတော့ ကျမ်းကပုံပေါ်အောင် တော်တော်အားစိုက်ရဦးမယ့်သဘောရှိတယ်။
    မေး – အဲဒီတော့ အစ်ကိုပိုပြီးတော့ လေ့လာဖြစ်တာပေါ့နော်။ ရှေ့မှာ အားကိုးစရာမရှိဘူးဆိုတော့။
    ဖြေ –    ဟုတ်တယ်။ ပိုတော့ စူးစိုက်လေ့လာဖြစ်သွားတာပေါ့။ တစ်ခါတစ်ခါ အားကိုးရာမဲ့သလိုလို၊ အဖော်မဲ့ သလိုလို၊ အခက်အခဲကြုံရတာတွေက ဘာနဲ့တူသလဲဆိုတော့ ငယ်ငယ်က ရဟတ်စီးရသလိုပဲ။ လှိုက်ခနဲ ရင်ဖိုပြီး ခံစားရခက်သွားရတာမျိုးဆိုပေမဲ့ အောက်ရောက်တဲ့အခါကျတော့ အဲဒီအရသာကို ကြိုက်နေမိတာမျိုး။ ကျွန်တော်လည်း အခက်အခဲဆိုတာမျိုးကို နည်းနည်းတော့ သဘောကျတတ်နေပြီ။
    ကျော်လွှားနိုင်မှုရဲ့ အရသာကို လိုချင်လို့လေ။
    မေး – ဒီတော့ အစ်ကိုက ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ပထမဦးဆုံးစတင်သူပေါ့နော်။
    ဖြေ –    ဟုတ်ကဲ့ ပြောလို့ရပါတယ်။
    မေး – ဟုတ်ကဲ့ပါအစ်ကို။ ပြီးတော့ အစ်ကို့ရဲ့ သာသနာ့ရေးရာနဲ့ပတ်သက်ပြီး သင်ယူခဲ့မှုနဲ့ လုပ်ဆောင်ချက်လေးတွေကို ပြောပြပေးပါဦး။
    ဖြေ –    သာသနာရေးပညာက ကျောင်းသီးသန့်တော့ မတက်ခဲ့ဖူးပါဘူး။ ငယ်ငယ်တုန်းက မဒရဆာလည်း ကောင်းကောင်းမတက်ခဲ့ရပါဘူး။ များသောအားဖြင့် အိမ်မှာ အဖေက သင်ပေးတယ်။ မဒရဆာကို ထားတော့ထားတယ်။ ထားပေမယ့် ဆရာအပြောင်းအလဲတွေနဲ့။ ဆရာတစ်ယောက် ပြောင်းသွားလိုက် အစကနေ ပြန်သွားလိုက်နဲ့ ရှေ့မတက်နိုင်တော့ဘူး။ အဲဒါနဲ့ ထွက်လိုက်ပြီး နောက်ဆုံး ကိုယ့်ဘာသာ ကိုယ်ပဲ ဖတ်တော့တယ်။ နောက်ပိုင်းကျမှ အစ္စလာမ်ဓမ္မဗိမာန်မှာ သင်တန်းလေးတွေတက်တယ်။ အငယ်တန်းကို (၁၉၈၆)ခုနှစ်မှာ တက်တယ်။ အဲဒီတုန်းက(၉)နှစ်သားပဲ ရှိသေးတယ်။ ၁၉၈၇ မှာ တစ်ကြိမ် ထပ်တက်တယ်။ ပြီးတော့ အဖွဲ့အစည်းတွေကလုပ်တဲ့သင်တန်းတွေ တက်တယ်။ အစ္စလာမ်သာသနာရေးရာကောင်စီကလုပ်တဲ့  စာစစ်ပွဲတို့၊ နောက် အိုလမာအဖွဲ့ကလုပ်တဲ့ စာစစ်ပွဲတို့ အဲဒါလေးတွေ ၀င်တက်၊ ၀င်ဖြေလုပ်တယ်။ အရင်က ရမသွာန်လဆိုရင် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်မှာ ဆရာကြီးဃာဇီဟာရှင်မ်ရဲ့ ဟောပြောပွဲတွေ ရှိတတ်တယ်။ တစ်နှစ်မှာတော့ ဗုခါရီဟောပြောပို့ချမှုသင်တန်းဆိုပြီး လုပ်တယ်။ ရမသွာန်တစ်လလုံး စ၊လယ်ဆုံး တက်တဲ့သူကိုပဲ သင်တန်းဆင်းလက်မှတ်ပေးတယ်။ အဲဒီတုန်းက ကျွန်တော့်အဖေလည်းတက်တယ်။ ဆရာမဒေါ်ခင်စန်းလွင်တို့လည်း တက်တယ်။ ကျွန်တော်က အငယ်ဆုံးသင်တန်းသားပေါ့။
    မေး – အဲဒီတုန်းက အစ်ကိုက အသက်ဘယ်လောက်လဲ။
    ဖြေ –    (၁၀)နှစ်လောက်ပဲရှိသေးတယ်။ ၁၉၈၇ တုန်းက။
    မေး – သြော် … ဟုတ်ကဲ့ပါ။
    ဖြေ –    အဲဒါပြီးတော့ စာပေမှတ်ကျောက်တင်ပြိုင်ပွဲတွေ၊ တမန်တော်နေ့အခမ်းအနားပြိုင်ပွဲတွေ ၀င်ပြိုင်တယ်။ ကေရာအသ်ပြိုင်တယ်၊ ဟောပြောပွဲပြိုင်တယ်။ အဲဒါမျိုးတွေ ပြိုင်တယ်။ နောက်ပိုင်း နယ်တွေရောက် သွားတော့ အဲဒီမှာတော့ ဘာမှ သင်ယူစရာမရှိဘူး။ ကိုယ့်ဘာသာကိုယ် စာအုပ်ဖတ်တာတွေလောက်ပဲ ရှိတယ်။ ရန်ကုန်ဘာသာရေးအသိုင်းအ၀ိုင်းနဲ့တော့ အဆက်မပြတ်ဘူး။ ဘာလို့လဲဆိုတော့ အဖေက ဒီဘက် ဘာသာရေးအသိုင်းဝိုင်းနဲ့ အဆက်အသွယ်ရှိနေတော့ စာတွေနဲ့ ဒီဘက်က လှုပ်ရှားမှု သတင်း တွေ ပို့ပေးတာတို့ အခွေတွေပို့ပေးတာတို့ လုပ်ပေးကြတယ်။ ပြီးတော့ မန္တလေးက အဖေ့မိတ်ဆွေတချို့ ကလည်း တရားခွေတွေ ကူး ကူးပေးတယ်။ ကျွန်တော်တို့လည်း နားထောင်၊ ဟိုဘက်က မွတ်စလင်မ် အသိုင်းအ၀ိုင်းကိုလည်း ပြန်ဖြန့်ပေါ့။ အဲလို လုပ်ဖြစ်တယ်။ အဲဒီအချိန်က ကျွန်တော်တို့က စစ်ကိုင်း တိုင်း၊ ရေဦးမြို့လေးမှာ။ ၈ တန်းတစ်နှစ် ရန်ကုန်မှာလာနေတော့ ဘာသာရေးအသိုင်းအ၀ိုင်းနဲ့ ပြန်ပြီးထိစပ်မှုရှိလာတယ်။ နောက် ၁၉၉၅ မှာ ဆယ်တန်းစာမေးပွဲအောင်ပြီးတော့ ရန်ကုန်မှာ ခဏလာနေတယ်။ အဲဒီအချိန်က မြန်မာမွတ်စလင်မ်ဘာသာရေးလောကမှာ ထူးခြားပြောင်းလဲမှု လေးတွေ နည်းနည်းဖြစ်နေတဲ့ကာလပေါ့။  အဲဒီတုန်းက အစ္စလာမ်ဓမ္မဗိမာန်မှာ သဂ်ျဝီဒ်သင်တန်း တက်တယ်။ ဆရာအဏ္ဏ၀ါမောင်စိန် သင်တာ။ ဆရာဦးမြတ်သူဆီမှာ အာရဗီသင်တယ်။ မအူကုန်း ဘက်က အိမ်တစ်အိမ်မှာ။ ဒါပေမဲ့ ၂ ပတ်လောက်သင်ပြီး ဆရာ့အမေဆုံးသွားလို့ မော်လမြိုင်ကို ပြန်သွားရာကနေ ပြန်မဆက်ဖြစ်တော့ဘူး။ ၁၉၉၈-ခုနှစ် လားရှိုးက ပြန်ပြောင်းလာတော့မှ အစ္စလာမ် ဓမ္မဗိမာန်မှာ သက်ကြီးသင်တန်းဝင်တက်တယ်။ နောက်ပြီးတော့ အာရဗီသဒ္ဒါက ဆရာသက်ဝေဆီမှာ တက်တယ်။ နောက် တစ်ခြမ်းပဲ့ဗလီမှာ ဆရာမုဖ်သီဦးမြင့်သိန်းသင်တဲ့ အရဗီသဒ္ဒါ သင်တန်းတက် တယ်။ နောက် ၁၉၉၉-ခုနှစ်မှာ အစ္စလာမ်ကောင်စီကဖွင့်တဲ့ အစ္စလာမ့်ရေးရာအဆင့်မြင့်သင်တန်း တက်တယ်။
    မေး – ဇုံသင်တန်းတွေလား။ ဘယ်ဇုံမှာတက်ခဲ့တာလဲဟင်။
    ဖြေ –    ဟုတ်တယ် ဇုံသင်တန်း၊ သန်လျင်မှာ လုပ်တာ။ အဲဒီတုန်းက အစ္စလာမ်သာသနာရေးရာကောင်စီရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ဟာဂျီဦးသိန်းက ဦးစီးပြီးလုပ်တာ။ သူကိုယ်တိုင်ကော၊ အခုလက်ရှိ ဥက္ကဋ္ဌဖြစ်နေတဲ့ အလ်ဟာဂ်ျဦးညွန့်မောင်သျှိန်ကော၊ နောက်တော့ ပသီဦးကိုကိုလေးကော သူတို့တွေသင်ကြတာ။ နောက်ပိုင်း ၂၀၀၅-မှာ (၅၁)ကြိမ်မြောက် အန်ဆွာရီ သင်တန်းတက်တယ်။ အစ္စလာမ်ဓမ္မဗိမာန်မှာပဲ မောင်လာနာအုမရ်မြင့်နိုင်ဆီမှာ အရဗီသဒ္ဒါသင်တန်းထပ်တက်တယ်။ ဆရာဦးမြ၀င်းသင်တဲ့ Islamic Study in English သင်တန်းတွေကိုလည်း တက်ခဲ့တယ်။ များသောအားဖြင့် ဘာသာရေးအသိုင်း အ၀ိုင်းကလုပ်တဲ့ သင်တန်းလေးတွေ၊ ပြိုင်ပွဲလေးတွေမှာ ပါဝင်ရင်း စာအုပ်စာပေတွေဖတ်ရင်း ဒီလိုပဲ လေ့လာဆည်းပူးခဲ့တာပါ။
    မေး – အစ်ကို အခုလိုပြောပြလို့ သတိရသွားလို့ တစ်ခုလောက်မေးပါရစေနော်။ အခုလို ပြိုင်ပွဲလေးတွေမှာ ၀င်ပြိုင်ခြင်းကလည်း မွတ်စလင်မ်လူငယ်တွေအတွက် ပိုပြီးအထောက်အကူပြုနိုင်မယ်လို့ အစ်ကို ထင်ပါသလား။
    ဖြေ –    အများကြီးဖြစ်တာပေါ့။ အများကြီးအထောက်အကူပြုပါတယ်။ ကျွန်တော်တို့ဆိုရင် အဲဒီအတွေ့အကြုံ တွေကြောင့် တော်တော်များများနေရာတွေမှာ ရင့်ကျက်တည်ငြိမ်မှုရတယ်။ ဥပမာ – ကျောင်းတို့၊ တက္ကသိုလ်တို့မှာ စာတမ်းဖတ်ပွဲဆိုရင် အများကြီးအထောက်အကူပြုတယ်။ တစ်ချို့က စာတမ်းဖတ်ရ မယ်ဆိုရင် ကြောက်နေတယ်။ ကျွန်တော်တို့ဆို ရဲသွားပြီ။  ငယ်ငယ်တုန်းကတည်းက ဟောပြောပွဲတို့ ကဆွီဒါတို့ စသဖြင့်ပေါ့ မကြာမကြာဝင်ပြိုင်ခဲ့ဖူးတော့ စင်အတွေ့အကြုံတွေ အများကြီးရှိတယ်။ ပြီးတော့ ဟောပြောပြိုင်တယ်ဆိုလည်း အချက်အလက်တွေလိုတယ်။ အဲဒီတော့ ပြိုင်ပွဲဝင်တဲ့ ကလေး တစ်ယောက်အနေနဲ့ အဲဒီအချက်အလက်တွေကို ကိုယ်ကိုယ်တိုင် သိလို့မဟုတ်ဘဲ တစ်ယောက်ယောက်က ရေးပေးလို့ပဲဖြစ်စေ၊ ကိုယ့်ဘာသာကိုယ် စာအုပ်ထဲက ရှာဖွေရတာပဲဖြစ်စေ အဲဒါကို ဖတ်ရကျက်ရ အကြိမ်ကြိမ်လေ့ကျင့်ပြီး အလွတ်ပြန်ပြောရတာတွေရှိတော့ ခေါင်းထဲစွဲသွားစေတာပေါ့။
    မေး – ကိုယ်ကိုယ်တိုင် လေ့လာရတဲ့အကျိုးရသွားတာပေါ့နော်။
    ဖြေ –    ဟုတ်တယ် …. ဒါကြောင့် ဒီလိုပြိုင်ပွဲလေးတွေက ဘာသာရေးအသိတွေကို တိုးစေပြီး ကိုယ်ရည်ကိုယ်သွေးလည်း မြှင့်တင်ပေးနိုင်တယ်လို့ ထင်တယ်။
    မေး – ဟုတ်ကဲ့ပါအစ်ကို။ နောက်ပြီးတော့ အစ်ကိုက အိမာမသ်သင်တန်းလည်းသွားတက်ထားရတယ်။ ပါကစ္စတန်နဲ့မလေးရှားမှာလို့ ကြားဖူးထားတယ်။ အဲဒီအတွေ့အကြုံလေးရော၊ အဲဒီကနေ ဘာအသိပညာတွေရခဲ့လဲ ပြောပြပေးပါဦး။
    ဖြေ –    ပါကစ္စတန်က ၂၀၀၂-ခုနှစ်က သွားတာ။ အဲဒါက ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ပေါ့။ ပြောမယ်ဆိုရင်တော့ နည်းနည်းတော့လန့်တာပေါ့ဗျာ။ ဒါပေမယ့် နောက်ထပ် (၂)ယောက်ပါတယ် သွားကြတုန်းက။ တစ်ယောက်က ကိုသန့်ဇင်ထွေး၊ နောက်တစ်ယောက်က ကိုမျိုးဝင်း။
    မေး – သြော် …. ဟုတ်ကဲ့။
    ဖြေ –    ၃ ယောက်အတူတူသွားတာဆိုတော့ တိုင်တိုင်ပင်ပင်လည်းရှိတယ်။ သိပ်တော့ အခက်အခဲ မတွေ့ခဲ့ ဘူး။ ဟိုရောက်တော့ အတွေ့အကြုံတွေကတော့ အများကြီးရတယ်။ အိမာမသ်သင်တန်းက Training Camp လည်းဖြစ်တော့ တာဝန်အလှည့်ကျယူတဲ့ စနစ်နဲ့ လေ့ကျင့်ပေးတယ်။ ဘာတာဝန်တွေရှိလဲ ဆိုတော့ မနက်စောစောထပြီး အဆောင်တစ်ခုလုံးကို ဖဂျရ်ဖတ်ဖို့ လိုက်နှိုးရတဲ့တာဝန်၊တစ်နေကုန် ဆွလာသ်အချိန်တွေအတွက် အာဇာန်ပေးဖို့ တာဝန်၊ အီမာမ်လုပ်ပြီး ဆွလာသ် ဦးဆောင်ပေးဖို့တာဝန်။ ဖဂျရ်အပြီး ၅ မိနစ်လောက် ဘာသာရေးအကြောင်းအရာတစ်ခုခုပြောရတဲ့ တာဝန်။ နောက်–ဖဂျရ်ဆွလာသ် ပြီးတာနဲ့ အားကစားလုပ်ကြရတယ်။ အဲဒီမှာ တစ်ယောက်က ဦးဆောင်ပြီး မောင်းပေးရတယ်။ စာသင်ခန်းမှာ MC လုပ်ဖို့ တစ်ယောက်က တာဝန်ယူရတယ်။ အဲဒီလူကပဲ workshop အချိန်ဆိုရင် Chairman လုပ်ရတယ်။ MC လုပ်တဲ့အခါ ၀င်မယ့်ဆရာအသစ်ကို မိတ်ဆက် ပေးရတယ်။ ပြီးရင် တစ်ခါတည်း ဆရာကို ကြိုပြောရတာက – အချိန်တစ်နာရီရမယ်။ ဆရာ့စာသင်ချိန် က ၄၅ မိနစ်၊ ၁၅ မိနစ်က အမေး-အဖြေ အချိန်ပါလို့။ ဆရာက စာသင်ရင်း ၄၅ မိနစ်ထက်ကျော်သင် ရင် MC လုပ်တဲ့ကျောင်းသားက “အချိန်ပြည့်ပြီ”လို့ ချက်ချင်းထပြောရတာ။ ပြောလည်းပြောကြတယ်။ အားမနာဘူး။ ဆရာကလည်း ပြောလိုက်တာနဲ့ တိခနဲရပ်လိုက်တယ်။ များသောအားဖြင့်တော့ သူ့ဟာနဲ့သူ အချိန်ကိုက်ဖြစ်ကြတာ များတယ်။ အချိန် လေးစားကြတယ်။ Projector နဲ့ Powerpoint နဲ့ သင်ကြတာဆိုတော့  အချိန်ကွက်တိဖြစ်အောင် ကြိုတင်ပြင်ဆင်ထားတဲ့သဘောရှိတယ်။ နောက်တော့ တစ်နေကုန်အတွက် ကျောင်းသားတွေအားလုံးကို ဦးဆောင်ရတဲ့ Leader တာဝန်ကို တစ်ယောက်က ယူရတယ်။ အပြင်လေ့လာရေးတွေ ဘာတွေ သွားတာပဲဖြစ်ဖြစ် စာသင်ခန်းမှာပဲဖြစ်ဖြစ် အားလုံးက သူ့အမိန့်အတိုင်းပဲ လိုက်နာရတယ်။ ဘယ်နှနာရီအတန်းပြန်တက်မယ်၊ ဘယ်အချိန် ဘယ်နေရာမှာ ပြန်ဆုံကြမယ်။ အဲဒါ သူ့ဆုံးဖြတ်ချက် အတိုင်းပဲ။ ညကျရင် အိရှာဟ်အပြီးမှာ evaluation အစီအစဉ်ရှိတယ်။ တစ်နေ့တာအတွက် မကျေနပ်တာတွေ ရင်ဖွင့်ကြ၊ feedback ပေးကြ၊ ဝေဖန်တာတွေ၊ ချီးကျူးတာတွေလုပ်ကြ အဲဒါမျိုးလုပ်တာတွေကို Leader လုပ်ရတဲ့လူက Report ပြန်လုပ်ရတယ်။ နောက်ရက်ကျတော့ သင်တန်းတာဝန်ခံတွေက လိုအပ်ချက်ရှိတာတွေကို ပြင်ဆင်ဖြည့်ဆည်းလိုက်လျောပေးတယ်။ အဲဒီလိုပဲ နေ့တိုင်း သွားတာ။ ဒီတော့ ရှိတဲ့တာဝန်တွေကို သင်တန်းသားတိုင်း လုပ်ဖူးအောင် အလှည့်ကျ ခွဲယူရတာ။ ဘယ်ဟာတော့မလုပ်ချင်ဘူးလို့ ငြင်းလို့မရဘူး။ နောက်ပိုင်း နှစ်တွေ ကျွန်တော်ကြားတာတော့ အဲလောက်သိပ်မလုပ်တော့ဘူးကြား တယ်။ နောက်တစ်ခု ကျွန်တော်တို့တုန်းက ဒဟ်ဝဟ်လက်တွေ့ဆိုတာရှိတယ်။ လက်ကမ်းစာရွက်လေး တွေ သူတို့လုပ်ပေးထားတယ်။ အဲဒါတွေကိုယူပြီး မြို့ထဲပတ်ရတာ။ အဖွဲ့တွေခွဲပြီး အိမ်တွေ၊ ဆိုင်တွေ မှာသွားပြီး အစ္စလာမ်အကြောင်း တင်ပြရတယ်။ မွတ်စလင်မဟုတ်တဲ့သူတွေကိုပဲ ရွေးချယ်ပြီးပြောရ တယ်။ နောက် နိုင်ငံခြားသားတွေ တွေ့ရင်လည်း ပြောပေါ့။ ပြန်ရောက်ရင် Report တင်ရတယ်။ ဘယ်တွေ သွားခဲ့တယ်။ ဘယ်လို တုန့်ပြန်မှုတွေရခဲ့တယ်။ ပြန်ပြီးသုံးသပ်ချက်၊ လိုအပ်ချက် အဲဒါတွေပါ တစ်ခါတည်း ရေးရတယ်။ poster competation တို့ ဘာတို့လည်း ရှိသေးတယ်။ အဖွဲ့ခွဲပြီး လုပ်ကြရတာ။ နောက် စာစောင်တစ်ခု လုပ်ကြရတယ်။ ဆောင်းပါး၊ ၀တ္ထု၊ ကဗျာ တွေနဲ့ အင်တာဗျူး တွေကို ကျောင်းသားတွေကပဲ ၀ိုင်းလုပ်ကြရတယ်။ ကျွန်တော်က အဲဒီမှာ အယ်ဒီတာအဖြစ် တာဝန်ယူတယ်။ နောက် အင်္ဂလိပ်လို ကဗျာတစ်ပုဒ်ရေးတယ်။ အင်တာဗျူးတစ်ခုလုပ်ပေးတယ်။ တချို့ကတော့ ကိုယ်ပိုင်ရေးတွေရော၊ ဖြတ်ညှပ်ကပ်တွေရော အစုံပေါ့။ ၀ိုင်းရေးကြတယ်။ အဲဒီလို လက်တွေ့ဆန်ဆန်လေ့ကျင့်ပေးတာလေးတွေကြောင့် ဒီသင်တန်းက တော်တော်ပဲ ထူးခြားပါတယ်။
    မေး – အဲဒီတော့ ပါကစ္စတန်သင်တန်းနဲ့ မလေးရှားသင်တန်းက အတူတူပဲလား။
    ဖြေ –    မတူဘူး ကွဲတယ်။ ပါကစ္စတန်သင်တန်းက နည်းနည်းအဆင့်မြင့်တယ်။ ပါကစ္စတန်သင်တန်းက လက်ရှိ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကို အစ္စလာမ့်ရှုထောင့်ကနေ တင်ပြတာမျိုးတွေသင်တာ။ ဥပမာပြောရရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဂလိုဗယ်လိုက်ဇေးရှင်း၊ Time Manangement ၊ Leadership ၊ Islamic Banking system စတာတွေ ကို အစ္စလာမစ် ရှုထောင့်ကနေ သင်တာများတယ်။ မလေးရှားမှာကျတော့ ဒီဘက်က အစ္စလာမ် ဓမ္မဗိမာန်တို့လို အလ်အဇ်ဟရ်ကဖွင့်တဲ့ ရဗ္ဗာနီသင်တန်းတို့လို ဘာသာရေးသင်တန်းတွေကတောင် မြင့်သေးတယ်။ အကြောင်းအရာတွေကို ပြောတာပါ။ သင်ကြားမှုနည်းစနစ်ကတော့ သင်ထောက်ကူ တွေ ဘာတွေက ကျွန်တော်တို့ဆီက သူတို့လို မသုံးနိုင်သေးဘူး။
    မေး – အစ်ကိုတို့ သင်တန်းကာလက ဘယ်လောက်လဲ။
    ဖြေ –    တစ်လပဲ။ ၂ နေရာစလုံးအတူတူပဲ။
    မေး – အစ်ကိုတို့သွားရတဲ့ သင်တန်း title ကရော။
    ဖြေ –    Title ကတော့ အီမာမသ်ပဲ။ မလေးရှားရော ပါကစ္စတန်ရော။ ပါကစ္စတန်က အစ္စလာမ်မာဘတ်မှာရှိတဲ့ နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ် IIU မှာ တက်ရတယ်။ Dawah Academy က စီစဉ်တာ။ မလေးမှာ ကျတော့လည်း IIU ပဲ။ IIUM ပေါ့။ မလေးလို UIA လို့လည်း အတိုကောက်ခေါ်တယ်။ ဒါပေမယ့် ဒီမှာကျတော့ RISEAP(Regional Islamic Da’wah Council of Southeast Asia and the Pacific) က ဦးဆောင်စီစဉ်တာ။ နှစ်ခုစလုံးက နိုင်ငံတကာအစ္စလာမ့်တက္ကသိုလ်တွေမှာ လုပ်ပြီးတော့ ဒအ်ဝဟ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ဦးဆောင်တယ်။ ခေါင်းစဉ်ကျတော့ အီမာမသ်သင်တန်းလို့ ပေးထားတယ်။ အဲဒီတူညီမှုက ထူးခြားတယ်။
    မေး – အဲဒီ မလေးမှာ သွားတက်ရတာက မကြာသေးဘူးထင်တယ်နော်။ ၂၀၁၀ ထဲမှာပဲထင်တယ်။
    ဖြေ –    ဟုတ်တယ် မကြာသေးဘူး။ ၂၀၁၀ ထဲမှာပါပဲ။ ရမသွာန်တောင်မှ ဟိုမှာ ၂-ရက် ၃-ရက်လောက် နေခဲ့ရတယ်။
    မေး – ဟုတ်ကဲ့အစ်ကို။ ဒါကတော့ အစ်ကို့ရဲ့ သာသနာ့ရေးရာနဲ့ပတ်သက်တာလေးတွေပေါ့။ နောက်တစ်ခုက အစ်ကိုက စာတွေလည်းရေးတယ်လေ။ အပြင်မှာလည်းရေးတယ်လေ။ အဲလိုစာတွေရေးဖြစ်ဖို့ ဒီစာပေလောကထဲကို အစ်ကို ဘယ်လိုပုံစံနဲ့ရောက်ရှိလာလဲ။ အဲဒါလေးတွေလည်း ပြောပြပေးပါဦးလား။
    ဖြေ –    စာရေးတာကတော့ ငယ်ငယ် (၈)တန်းလောက်ကတည်းက စာစရေးတယ်။ ကဗျာလေးတွေရေးတယ်။ အဲဒီအချိန်တုန်းကတော့ ဘယ်မဂ္ဂဇင်းမှာမှ မပါသေးဘူး။ သီချင်းရေးတယ်။ သီချင်းရေးတာကတော့ ကော်ပီပေါ့နော်။ ပြီးတော့ (၈)တန်းမှာ ဆရာကန်တော့ပွဲလုပ်တော့ ဆရာကန်တော့ပွဲသီချင်းရေးခဲ့ရဖူး တယ်။ သူငယ်ချင်းတွေက ကျွန်တော်သီချင်းရေးမှန်းသိတော့ ၀ိုင်းရေးခိုင်းကြတာ။
    မေး – သီချင်းတွေရေးတော့ အပြင်လူတွေ အဆိုတော်တွေ ဆိုဖို့ရေးတာလား။
    ဖြေ –    အဲလိုမျိုးတော့မဟုတ်ပါဘူး။ ကိုယ်တိုင် ၀ါသနာပါလို့ ရေးတာပါ။ အဲဒီကနေ ၀ါသနာစခဲ့တာပေါ့။ မကြာခင်ကတော့ အိန္ဒိယသီချင်းသံစဉ်နဲ့ ကော်ပီသီချင်း ၂ ပုဒ်ရေးပေးဖူးတယ်။ သူတို့က အပျော်တမ်းလုပ်ကြတာဆိုတော့ သိပ်တော့ မပေါက်ပါဘူး။ ဟိုအရင်တုန်းကတော့ ကချင်ပြည်နယ်က တိုင်းရင်းသားအဆိုတော်တစ်ယောက် ကျွန်တော့်သီချင်း အပုဒ် ၃၀ လောက်ကို စာချုပ်ချုပ်ပြီး ယူသွားဖူးတယ်။ ဘာတွေလုပ်ပစ်လိုက်လဲတော့ မသိဘူး။ ကျွန်တော်လည်း နောက်ပိုင်းမှာ အဲဒီဘက်ကို သိပ်အာရုံမရှိတော့ပါဘူး။ ထားပါတော့။ အဲဒီလိုနဲ့ အထက်တန်းကျောင်းသားဘ၀မှာ ဆုပေးပွဲတွေ ပြန်တက်ရတယ်။ ဆုပေးပွဲတွေတက်ရတာ ပညာရေးအတွက် မဟုတ်ဘူး။ စာစီစာကုံးပြိုင်ပွဲတွေအတွက်တက်ရတာ။ တစ်နှစ်ကို (၃)ပွဲလောက်တော့ တက်ခဲ့ရတယ်။ အဲဒါကတော့ (၉)တန်း (၁၀)တန်းလောက်ကပေါ့။ နောက် ရန်ကုန် ပြန်ရောက်တဲ့အချိန်ကျမှ မဂ္ဂဇင်းတွေကို ပို့ဖြစ်တယ်။ ပထမဦးဆုံး မောင်မောင်သိန်းမှုခင်းမဂ္ဂဇင်းမှာ “ကုမုဒြာရဲ့ မာန်ခဲသံ”ဆိုတဲ့ ကဗျာလေး စပါလာတယ်။ နောက်ပိုင်းမှာတော့ ကဗျာတော်တော်များများရေးဖြစ်တယ်။ နောက်ပြီး တော့ ၀တ္ထုတိုတွေ၊ တစ်မျက်နှာဝတ္ထုတွေ ရေးတယ်။ အပျိုမ၊ မှုခင်းစုံ၊ သပြေ၊ ကနောင်၊ ဂျစ်တူးကလေး စာစောင် စတဲ့နေရာတွေမှာ ရေးခဲ့တယ်။ သောကြာစာစောင်မှာ ဟာသ၀တ္ထုလေးတွေ ပုံမှန်ရေးဖြစ်တယ်။ ဆောင်းပါးလေးတချို့လည်း ရေးခဲ့တယ်။ အခုနောက်ပိုင်း News Watch အထိပေါ့။ အရှေ့ပိုင်းတက္ကသိုလ်နှစ်လည် မဂ္ဂဇင်းမှာလည်း ကျောင်းတတ်တဲ့အချိန်က ကလောင်ခွဲ ၃/၄ မျိုးနဲ့ရေးခဲ့တယ်။
    မေး – အဲဒါဆို အစ်ကို့ရဲ့ ကလောင်ခွဲလေးတွေပြောပြပါဦး။
    ဖြေ –    အဲဒီတုန်းက ကလောင်ခွဲတွေက နှိုင်းမဲ့စံ၊ နဒီချမ်းမြေ့၊ လွတ်လပ်ငြိမ်း၊ မင်းထိုက်သူ ။ အဲဒီနောက်ပိုင်း တော့ စာပေပြိုင်ပွဲတွေ ၀င်တာရှိတယ်။ ကျောင်းသားဘ၀တုန်းကတော့ ကဗျာစာအုပ်လေးတွေ သူငယ်ချင်းတွေစုပြီး လေး/ငါးအုပ်ထုတ်ဖြစ်တယ်။ “နှလုံးသား ဘာသာဗေဒ”ဆိုတဲ့နာမည်နဲ့။ ကျွန်တော်ပဲ ဦးစီးပြီးထုတ်ခဲ့တာ။ ကျွန်တော့်ညီဝမ်းကွဲ အခုမလေးရှားရောက်နေတဲ့ ဇော်လွင်မိုးနဲ့တွဲပြီး လုပ်ကြတာ။ နောက်အရှေ့ပိုင်း တက္ကသိုလ်ကနေ ပုဂံကိုခရီးသွားကြတယ်။ အဲလို ခရီးသွားရင်း လည်နေကြတဲ့အချိန်မှာပဲ ပါမောက္ခဆရာမကြီးက ‘ဆရာ ဆရာမတွေအတွက် ပြိုင်ပွဲလေးတစ်ခု လုပ်ပေးမယ်’လို့ပြောတယ်။ လာကြတာ ပျော်ပျော်ပါးပါးပဲ သိပ်လေ့လာတာမရှိဘူးလို့ ယူဆပြီး လုပ်လိုက်တယ်နဲ့ တူပါတယ်။ စာတမ်းပြိုင်ပွဲလုပ်မယ်ဆိုတော့ လေ့လာထားတာတွေ ပြန်ရေးရမယ်ပေါ့။ အဲဒီတော့မှ စာအုပ်တွေ ဘောလ်ပင်တွေထုတ်ပြီး ရေးကြတာပေါ့။ ဖြစ်ချင်တော့ ကျွန်တော်က ခရီးစဉ်အစကတည်းက ဘာရယ်ကြောင့်မှ မဟုတ်ဘူး၊ ကိုယ့်စိတ်နဲ့ကိုယ် လေ့လာမှတ်သားနေဖြစ်တာ။  ပြန်လာတဲ့ အခါကျတော့ ဆရာမက ကျောင်းသားတွေလည်း ၀င်ပြိုင်လို့ရတယ်တဲ့။ ဒီတော့ ကျွန်တော်ဝင်ပြိုင်ဖြစ်တယ်။ အဲဒီပြိုင်ပွဲမှာ ပထမရခဲ့တယ်။ နောက်ပြီး လေ့လာရေးခရီးသွားတုန်းက အတွေ့အကြုံတချို့ကို ဟာသအဖြစ်သောကြာစာစောင်မှာ ကျွန်တော်ရေးလိုက်သေးတယ်။ နောက်တစ်ခါ “အမျိုးသားဆောင်ပုဒ် စာပေနှင့် ဓာတ်ပုံပြိုင်ပွဲ”ဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးလုပ်တဲ့ ပြိုင်ပွဲမှာလည်း ပုဂံလေ့လာရေးအတွေ့အကြုံကို အခြေခံပြီး ၀တ္ထုတိုလေးတစ်ပုဒ်ရေးပြီး ပြိုင်လိုက်တယ်။ တစ်ပြိုင်တည်းမှာပဲ “စာမတတ်သူပပျောက်ရေး” ဆောင်းပါးပြိုင်ပွဲလုပ်တော့ ၀င်ပြိုင်ဖြစ်တယ်။ အဲဒီနှစ်ခုစလုံးမှာ ကျွန်တော် ဒုတိယရတယ်။ ၀တ္ထုတိုအတွက်ဆုပေးပွဲက အမျိုးသားကဇာတ်ရုံမှာ လုပ်တာ။ စာပေဗိမာန်စာမူဆု၊ အမျိုးသားစာပေဆုတွေနဲ့အတူ တစ်ပွဲတည်းဆုပေးတာ။ အဲဒီနှစ်က ရန်ကုန်တက္ကသိုလ်ပါမောက္ခ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)က အမျိုးသား စာပေဆုရတယ်။ နောက်ဂန္ထ၀င် စာရေးဆရာကြီးမောင်ထင်က ဘ၀တစ်သက်တာ စာပေဆုရတယ်။ ညဘက် ကရ၀ိတ်ဟော်တယ်မှာ ညစာစားပွဲလုပ်ပေးတယ်။ အမှတ်တရပါပဲ။
    မေး – အစ်ကို့အနေနဲ့ အဲလိုပြိုင်ပွဲတွေပြိုင်တာ (၃-၄)ခါတော့ ကြားဖူးလိုက်တယ်။ တစ်ခြားဆက်ပြောပါဦးအစ်ကို။
    ဖြေ –    ဟုတ်ကဲ့။ ၂၀၀၃-မှာ တစ်ခုဝင်ပြိုင်သေးတယ်။ အဲဒါက စာမတတ်သူပပျောက်ရေးအထိမ်းအမှတ် ပြိုင်ပွဲပဲ။ တတိယရတာ။
    မေး – ဟုတ်ကဲ့ အစ်ကို။ အဲလိုပြိုင်တော့ သူတို့က ခေါင်းစဉ်ပေးထားတာလား။ ကိုယ်ကြိုက်တဲ့ ခေါင်းစဉ်ရွေးပြီးပြိုင်ရတာလား။
    ဖြေ –    ဟုတ်တယ်။ ၀တ္ထုတိုပြိုင်ပွဲတုန်းက ကိုယ့်ဘာသာကိုယ် သင့်လျော်ရာခေါင်းစဉ်နဲ့ ပြိုင်ရတာ။ အဲဒီတုန်းက “ရွှေဖလားကို ငွေအနားမကွပ်လိုတော့ပါ”ဆိုတဲ့ခေါင်းစဉ်နဲ့ ပြိုင်ခဲ့တယ်။ ပုဂံလေ့လာရေး ခရီးကို အခြေခံပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့တွေအကြောင်းကို ၀တ္ထုဖွဲ့ထားတာ။ စာမတတ်သူ ပပျောက်ရေးအထိမ်းအမှတ်ပြိုင်ပွဲတွေကျတော့ သူတို့ပေးထားတဲ့ခေါင်းစဉ်နဲ့ ပြိုင်ရတာ။ အဲဒီတုန်းက ကျွန်တော်က ဒုတိယ။ ပထမက ဘယ်သူလဲကြည့်လိုက်တော့ ကျွန်တော့်အစ်ကိုဝမ်းကွဲဖြစ်တဲ့ အခုဘားအံတက္ကသိုလ်၊ မြန်မာစာဌာနက ကထိက ဒေါက်တာသန်းဝင်း (မောင်သန်းဝင်း-ရန်ကုန် တက္ကသိုလ်) ဖြစ်နေတယ်။
    မေး – သြော် တိုက်တိုက်ဆိုင်ဆိုင်ပဲ …. အဲဒါက နိုင်ငံတော်အဆင့်ပြိုင်ရတာလား။
    ဖြေ –    ဟုတ်တယ်။ နိုင်ငံတော်အဆင့်ပြိုင်ရတာ။ အဲလို ပထမက ကိုသန်းဝင်းဖြစ်နေတော့ အံ့သြသွားတာပေါ့။ သူလည်းပြောတယ်။ သူလည်းကျွန်တော့်နာမည်တွေ့လိုက်တော့ အံ့သြသွားတယ်။ ဘာလို့လဲဆိုတော့ သူက ဘိတ်(မြိတ်)ကိုရောက်နေတယ်။ သူက ဟိုကနေ လှမ်းပြိုင်လိုက်တာ။ ကျွန်တော်က ဒီဘက်မှာ ပြိုင်လိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မသိလိုက်ကြဘူးလေ။ နောက်တော့ ကျွန်တော့်ပါမောက္ခက ပြောတယ်။ ပုဂံခရီးသွားတဲ့ဟာကို သောကြာမှာ ဟာသပုံစံနဲ့လည်းရေးတယ်။ ကျောင်းမှာလည်း စာတမ်းပုံစံနဲ့ ပြိုင်တယ်။ဆုရတယ်။ အခုလည်း ၀တ္ထုတိုအနေနဲ့ ပြိုင်တယ်။ form ပေါ့ အကြောင်းအရာတစ်မျိုးတည်းကို ပုံသဏ္ဍာန်(၃)မျိုးနဲ့ ရေးသွားတာကို တော်တော်လေး ကျေကျေနပ်နပ် ချီးကျူးတယ်။ အားလည်းအားပေးတယ်။ နောက် ပုဂံခရီးသွားဆုရတာနဲ့ပတ်သက်ပြီး ကျောင်းကနေ ကျွန်တော့်ကို ဂုဏ်ပြုပွဲတစ်ခုလုပ်ပေးတယ်။ ကျွန်တော်ရေးထားတဲ့စာမူတွေကို နံရံကပ်လေးလုပ်ပေးပြီးတော့ ပြပွဲလေးတစ်ခု လုပ်ပေးခဲ့တယ်။ နောက် ပြည်တက္ကသိုလ် လေ့လာရေး သွားတော့ ကျွန်တော့်ကို ဟိုမှာထပ်ပြီးဂုဏ်ပြုဖို့ရှိတယ်ဆိုပြီး ခရီးစရိတ်မပေးရဘဲ ခေါ်သွားတယ်။ အဲဒီတုန်းက ပညာရေးနှီးနှောဖလှယ်မှုအစီအစဉ်နဲ့ ချစ်ကြည်ရေးစာတမ်းသွားဖတ်ကြတာ။ သရေခေတ္တရာ လေ့လာရေးရော ပေါင်းပြီးတော့ပေါ့။ အဲဒီက ပါမောက္ခချုပ်က ဆရာကြီးမြ၀င်း-ဒဿန။ အဲဒီနှစ်က ဆရာများနေ့ဆုပေးပွဲအထိမ်းအမှတ်လက်ကမ်းစာစောင်မှာ ကျွန်တော့် စာမူတစ်ပုဒ်ပါတယ်။ ဆရာတွေဂုဏ်ပြုထားတဲ့ အက်ဆေးလေး ရေးထားတာ။ ဆရာကြီးကလည်း အဲဒီထဲမှာ မောင်လင်းကြည်(ပြည်တက္ကသိုလ်)ဆိုတဲ့နာမည်နဲ့ ကဗျာတစ်ပုဒ်ရေးထားတော့ ကျွန်တော့်ကို သတိထားမိနေပုံရတယ်။ မြန်မာစာပါမောက္ခဆရာမကြီးကိုလည်း ကျွန်တော့်ရဲ့မွေးနေ့အထိမ်းအမှတ် ထုတ်ထားတဲ့ ကဗျာစာအုပ်လေး လက်ဆောင်ပေးလိုက်တော့ စာတမ်းဖတ်တဲ့ခန်းမမှာ အဖွင့်အမှာစကားပြောတဲ့ အချိန်မှာပဲ ဆရာမကြီး ကဗျာစာအုပ်ကို ကောက်နုတ်ချက်တွေဖတ်ပြပြီး ချီးကျူးခန်းဖွင့်သွားသေးတယ်။ ၂၅ရက် ၂ လ မွေးတဲ့သူတွေက အနုပညာမှာ အောင်မြင်ထွန်း ပေါက်ကြတယ် ဘာညာပေါ့။ ကျွန်တော်တို့ ပါမောက္ခကိုလည်း ဒီလိုကျောင်းသားမျိုးတွေ မွေးထုတ်နိုင်တဲ့အတွက် လေးစားဂုဏ်ယူပါတယ်၊ ဘာညာနဲ့ဆိုတော့ ကျွန်တော့်ကျောင်းက ဆရာ၊ဆရာမတွေ၊ ကျောင်းသားတွေရော ပျော်လို့ ပြုံးလို့ပေါ့။ အဲလို အမှတ်တရလေးတွေတော့ ရှိခဲ့ပါတယ်။
    မေး – သြော် …. ၀မ်းသာစရာပဲပေါ့။ ဒါနဲ့ အစ်ကို ကြားဖြတ်လေးတစ်ခု မေးကြည့်ချင်ပါတယ်။ အစ်ကို ခုလို လုပ်ခဲ့တဲ့တစ်လျှောက်လုံး ကျောင်းမှာစာတမ်းပြိုင်တာတွေရော၊ တစ်ခြားပြိုင်ပွဲတွေမှာရောပေါ့ ကိုယ်က မွတ်စလင်မ်တစ်ယောက်ဖြစ်နေတဲ့အတွက် အစ်ကို့အပေါ် ဘယ်လိုရိုက်ခတ်မှုတွေရှိခဲ့လဲ။ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ။ ဘယ်လိုကျော်လွှားခဲ့ရလဲ။ အဲဒါလေးရောပြောပြပေးပါဦး။
    ဖြေ –    အဲလိုမျိုးတော့ သိပ်မရှိဘူး။ မရှိဘူးဆိုတာ ရှိတန်သလောက်တော့ ရှိခဲ့ပါတယ်။ အသေးအမွှားကိစ္စ လေးတွေမှာပေါ့။ နောက်တစ်ခုက ပညာရေးလောကမှာ တခြားနယ်ပယ်တွေထက်ပိုပြီး ဒါမျိုးခွဲခြားမှု နည်းပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ နည်းနည်းရှိလာသလားမသိဘူး။ ဥပမာ တချို့မွတ်စလင်မ် ဆရာတွေ နိုင်ငံခြားတက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် အရွေးခံရပြီး မှ မွတ်စလင်ဖြစ်နေတဲ့အတွက် မသွားခဲ့ရတာမျိုးတွေ ရှိတယ်။ တစ်ခါတုန်းက ကြုံဖူးတာ တစ်ခုရှိတယ်။ ဒါကတော့ အပြင်လောကမှာပါ။ အရှေ့ပိုင်းတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခဆရာမကြီးက ကျွန်တော့်ကို သူ့ရုံးခန်းထဲ ခေါ်တွေ့တယ်။ အယ်ဒီတာအလုပ်လုပ်ချင်လားတဲ့။ ကျွန်တော်ကလည်း ဟုတ်ကဲ့ လုပ်ချင်ပါတယ်ဆိုတော့ ဒါဆိုရင် ဒီလိပ်စာအတိုင်းသွား၊ ဆရာမလွှတ်လိုက်တာလို့ပြော။ ဆရာမလည်း ဖုန်းဆက်ထားမယ်လို့ပြောတယ်။ ဒါနဲ့ ကျွန်တော် သွားဖြစ်တယ်။ ဟိုကျတော့ ကျွန်တော့်ကို အင်တာဗျူးလုပ်တယ်။ အားလုံးအဆင်ပြေတယ်။ ဆရာမကြီးက အသင့်လျော်ဆုံး ကျောင်းသားကို ရွေးပြီးလွှတ်လိုက်တာဆိုလို့ ဘာမှ ပြောစရာမရှိပါဘူးတဲ့။ ဒါပေမဲ့ မွတ်စလင်ဖြစ်နေ တာကိုတော့ သိပ်ဘ၀င်ကျပုံမရဘူး။ ဒီမဂ္ဂဇင်းမှာ ဘုန်းကြီးတွေလည်းရေးချင်ရေးမယ်၊ ဘာသာရေး ဆောင်းပါးတွေလည်း ပါတယ်။ ဒါမျိုးတွေကျတော့ ဘာသာမတူတဲ့အတွက် ဘယ်လိုတည်းဖြတ်မလဲ၊ ဘာလဲ ညာလဲနဲ့ အကြောင်းပြချက်တွေပေးပြီး နောက်မှ ဆက်သွယ်လိုက်မယ်လို့ ပြောလွှတ်လိုက်တာ ရှိဖူးတယ်။ တချို့ကိစ္စတွေကျတော့ မွတ်စလင်ဖြစ်တဲ့အတွက်လို့ ယူဆရတာရှိပေမဲ့ အတည်မပြုနိုင် တာတွေတော့ရှိတယ်။ ကျွန်တော်တို့ မွတ်စလင်တွေကလည်း ချန်တာ၊ ခွဲခြားတာတွေ ကြုံဖူးထားတော့ အရာရာကို ဒီအမြင်နဲ့ပဲ တွေးမြင်ပြီး ကိုယ့်ဘာသာကို အားငယ်နေတာမျိုးတွေလည်း ရှိတတ်တာပေါ့။ ကျွန်တော်ကတော့ မသေချာရင် သိပ်မစွပ်စွဲချင်ဘူး။ တစ်ခါက ပထမနှစ်ဂုဏ်ထူးတန်းမှာ ကျောင်းသား စုံညီပွဲတော်တွေ လုပ်တာရှိတယ်။ ကျောင်းပေါင်းစုံပေါ့။ အဲဒီမှာ တက္ကသိုလ်ကျောင်းသားတွေကိုယ်စား စကားပြောဖို့ကို ကျွန်တော်တို့ဌာနက တာဝန်ယူရွေးပေးရမှာဆိုတော့ ပညာရေးအရကျွန်တော့်ကို ရွေးတယ်။ ဒါပေမဲ့ ရုပ်ကိုကြည့်ပြီး ဗမာရုပ်မဟုတ်လို့ လူကြီးတွေအမြင်မှာ တစ်မျိုးဖြစ်မှာစိုးတယ်ဆိုပြီး နောက်သူငယ်ချင်းတစ်ယောက်ကို ပြောင်းရွေးလိုက်တယ်။ အဲဒီပွဲက အဲဒီတုန်းက ပညာရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ခင်ညွန့် တက်တဲ့ပွဲကိုး။ ဒါကို အစည်းအဝေးတက်ခဲ့တဲ့ ဆရာမ တစ်ယောက်က ကျွန်တော့်ကိုပြန်ပြောပြတော့ ခွဲခြားမှုအတွက် စိတ်မကောင်းပေမဲ့ အဲဒီတုန်းကတော့ ကျွန်တော် ပျော်သွားဖူးတယ်။ အဲဒီအခန်းအနားမှာ နောက်ကရေးပေးတာတက်ဖတ်ပြီး တီဗွီမှာ ပါလာရင် ရှက်စရာကြီးလို့ ကျွန်တော်က တွေးပြီးစိုးရိမ်နေတာကိုး။ ဒါမျိုးက ချန်တာသိသိသာသာ ဆိုပေမဲ့ တချို့ဟာတွေကျတော့ မသေချာဘူးလေ။ ဥပမာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျူတာခေါ် တော့ တချို့တက္ကသိုလ်တွေမှာ တော်တဲ့မွတ်စလင် ကျောင်းသား၊ ကျောင်းသူတွေ မပါဘဲ သူတို့လောက်မှမတော်တဲ့သူတွေ ပါသွားလို့ တချို့က ဒီတစ်ခေါက် မွတ်စလင်မ်တွေကို ကျူတာမခေါ်တော့ဘူးလို့ သုံးသပ်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလိုသိပ်မထင်ဘူး။ ကျွန်တော်လည်း မအောင်ခဲ့ဘူး။ ဒါပေမဲ့ အားနည်းချက် ၂ ခုရှိထားတယ်။ တစ်ခုက အသက်(၃၀)နဲ့ ကန့်ခေါ်တာ ကျွန်တော်က (၃၁)ဖြစ်နေပြီ။ အသက်တစ်နှစ် ကျော်နေပြီ။ အသနားခံစာနဲ့ လက်ခံပြီးဖြေခွင့်ပြုခဲ့ပေမဲ့ ပွစိပွစိတွေမဖြစ်အောင် အခြေအနေထိန်းတဲ့ အနေနဲ့ ဖြေခိုင်းပြီးမှ ဖြုတ်ချပစ်တာလို့ သုံးသပ်တဲ့သူတွေလည်းရှိတယ်။ ထားတော့။ နောက်တစ်ခုက ကြံ့ခိုင်ရေးအသင်း ၀င်ရတယ်။ အဲဒီအတွက် ပေးမှတ်ရှိတယ်။ ကျွန်တော်က မ၀င်ထားဘူး။ ၀င်လည်း မ၀င်နိုင်ဘူး။ ဒီအခွင့်အရေးရဖို့ ဒီအသင်းဝင်ရတယ်ဆိုတာကလည်း အဓိပ္ပာယ်မရှိဘူး။ ကိုယ့်စိတ်နဲ့ ကိုယ်ပဲ ကောင်းပါတယ်။ ဒီအတိုင်းပဲ တင်မှာလားတဲ့။ ဖောင်တင်တော့ လက်ခံသူတွေက မေးတယ်။ မပြည့်စုံဘူးပေါ့လေ။ သူပြောချင်တာက။ ဟုတ်တယ် ဒီအတိုင်းပဲ ရရင်လည်း လုပ်မယ်၊ မရရင်လည်း မလုပ်တော့ဘူးလို့ ဗြောင်ပဲပြောခဲ့လိုက်တယ်။ ဒါတွေကြောင့် ဖြုတ်ခဲ့တာလို့ပဲထင်တယ်။ မွတ်စလင်မ်မို့  ကျူတာမခေါ်ဘူးဆိုတာလောက်အထိတော့ လုပ်မလာလောက်ဘူးထင်တာပဲလေ။
    မေး – ခုနက အစ်ကိုတော့ ပြောသွားတယ်။ အယ်ဒီတာအဖြစ် အပြင်မဂ္ဂဇင်းမှာ မလုပ်ဖြစ်လိုက်ဘူး။ ဒါပေမယ့် အစ်ကို အယ်ဒီတာလုပ်ခဲ့တဲ့ စာစောင်တွေ၊ ဂျာနယ်တွေ ရှိတယ်လို့ ကြားဖူးတယ်။
    ဖြေ –    ဟုတ်ကဲ့ အဲဒါက ဘာသာရေးပိုင်းပေါ့။ ကျွန်တော်က ငယ်ငယ်ကတည်းက ခံယူချက်တစ်ခုရှိတယ်။ စာပေအနုပညာ ဘာပဲလုပ်လုပ်။ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်သလို သာသနာအတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်အောင်လုပ်မယ်ဆိုတဲ့စိတ်ရှိတယ်။ ဒါကြောင့် ကဗျာရေးရင် ဘာသာရေးကဗျာလည်းရေးတယ်။ သီချင်းရေးရင်လည်း ဓမ္မတေးကဆွီဒါပါ ရေးတယ်။   (၁၀)တန်းအောင်ပြီးတဲ့နောက်ပိုင်းမှာ ဘာသာရေးစာပေ ပိုရေးဖြစ်လာတယ်။ ဆယ်တန်းအောင်ပြီးတဲ့အခါမှာ ခံယူချက်တစ်ခု ၀င်လာတယ်။ ဘာလဲဆိုတော့ အပြင်စာတွေက ကိုယ်မရေးလည်း ရေးမယ့်သူတွေ အများကြီးရှိတယ်။ ဒီဘက်မှာကျ အဲလိုသိပ်မရှိဘူး။ ကျွန်တော် မြန်မာစာကိုယူလိုက်မိတဲ့ အထဲမှာ အဲဒါတစ်ခုလည်းပါတယ်။ နံပါတ်(၁)အချက်က ကိုယ်ဝါသနာ ပါတယ်။ နံပါတ်(၂)အချက်က ဘာသာရေးစာပေတွေကို ဖတ်ရတာ အားမရဘူး။ အကြောင်းအရာတွေကောင်းပေမဲ့ တင်ပြပုံအပိုင်းမှာ နည်းနည်းအားမရဘူး။ အပြင်စာတွေဖတ်ရတာနဲ့ ဘာသာရေးစာအုပ်တွေဖတ်ရတာ တင်ပြပုံစွဲဆောင်မှုရှိတာချင်းကွာတယ်။ အဲဒီအပေါ်မှာ ကိုယ်ကိုယ်တိုင် ပိုပြီးတော့မှ improve ဖြစ်အောင် လုပ်ချင်လာတယ်။ ဆရာကြီးဦးမောင်ကို(ဂဖွာရီ)ထုတ်တဲ့ “အစ္စလာမ့်အလင်း” ၂၅ နှစ်မြောက်စာအုပ်မှာ ဘာသာရေးကဗျာ စရေးဖြစ်တယ်။ အဲဒီနောက်ပိုင်း စာစောင်တွေထဲမှာ စာတွေဆက်ရေးဖြစ်တယ်။
    ဆက်ရန်
    အပိုင်း(၂)
  • အစ္စလာမ်ဘာသာနှင့် မြန်မာနိုင်ငံ
    A Burmese-style mosque with an elaborately carved minaret in Amarapura during the Konbaung dynasty.
    အစ္စလာမ်ဘာသာစတင်ဝင်ရောက်ပုံ
    အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀)ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံ့နှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။
    မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိပါသည်။
    အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များမှတစ်ဆင့် အာရဗ်ကုန်သည်များသည် မြိတ်မြို့သို့ ရောက်ရှိနေကြပြီးဖြစ်သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကောလစ်ရေး Into Hidden Burma စာ-၂၁၁)
    အေဒီ ၇၀၀ နှင့် ၁၅၀၀ အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှင်းကုန်သည်နှင့် ရောမကုန်သည်တို့သည် မိမိတို့ ပင်ရင်းတိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကိုလည်းကောင်း၊ ယင်းကိုကျော်လွန်ကာ အရှေ့ဘက် တရုတ်ပြည် ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။ ရမ်းဗြဲကျွန်းအနီး ပျက်စီးသော အာရဗ်သင်္ဘောရှိ မွတ်စလင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း တွေ့ရပေသည်။ ရခိုင်ဘုရင် မဟာတိုင်စန္ဒ လက်ထက် အေဒီ ၇၈၈-၈၁၀ တွင် ရမ်းဗြဲကျွန်းအနီး သင်္ဘောများစွာပျက်စီးခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးခဲ့ကြောင်း တွေ့ရ၏။ မြန်မာနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများပျက်ပြားခြင်းဆိုင်ရာ အကြောင်းအရာများမှာ အချိန်ကာလစောစွာကပင် ရှိခဲ့သည်။ မွန်နှင့်မြန်မာ ရာဇ၀င်များနှင့် အချို့သော ဘုရားသမိုင်းများတွင် သင်္ဘောပျက်စစ်သားများ၊ ကုန်သည်များ၊ သင်္ဘောသားများအကြောင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။
    ထို့ကြောင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါများခေါ် သူတော်စင်များ၏ ဂူဗိမာန်များက သက်သေခံနေသည်။ (၁၈၇၉-ခုနှစ် ဗြိတိသျှဘားမား ဂေဇက်ကို ကိုးကား၍ ဆရာချယ်ရေး ဗမာမွတ်စလင်မ် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆) သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ်ကုန်သည်များ ရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ်ကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ (ဦးကြည်၊ ဘီအေ၊ ရာဇ၀င်ဂုဏ်ထူးရေး၊ မြန်မာရာဇ၀င်မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇) တပင်ရွှေထီးလက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလားပန်းသေးတို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်းသုတေသီ ပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချ နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
    ပြန့်နှံ့ပုံ
    မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစုအတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျားပင်လယ်များတွင် လွှမ်းမိုးခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများသို့လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည်၌ ရှာဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာသည် နောင်ထောင် ကြရန်အဇစ်နှင့် နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄)ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။ စန္ဒသုဓမ္မမင်းအား ကတိမတည်ဟုဆိုရာ ရှာရှုဂျာက ပုန်ကန်ခဲ့ရာ ရှာရှုရျာကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေးသည်တော်)တို့အား ရခိုင် ဘုရင်၏ ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
    စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာသော ကမန်တို့အား ရမ်းဗြဲကျွန်း၊ စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ်စလင်မ်တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြသော အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။
    ၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ၀င်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက်ရှိလာသော သင်္ဘောများမှ မွတ်စလင်များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌လည်းကောင်း နေရာချထားခဲ့ကြောင်း တွေ့ရသည်။
    ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန်လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင်ဘက်မှ ၀င်ရောက်လာသော မွတ်စလင် ၃၀၀၀ ကျော်အား မြန်မာသက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက်ဖော်ပြပါ ၁၂-နေရာ၌ နေရာချထားခဲ့ကြောင်းတွေ့ရသည်။
    (၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ (၉) သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့တွင် ဖြစ်သည်။
    အထက်ဖော်ပြပါအတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက် နေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာသို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့်လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။ ၁၉၉၃-ခုနှစ် ကောက်ယူရရှိသည့် သန်းခေါင်းစာရင်းအရ အစ္စလာမ်ဘာသာဝင်များမှာ မြန်မာနိုင်ငံ ပြည်နယ် တိုင်းများတွင် လူဦးရေ ၁၆,၂၀,၂၃၃ ဦး ရှိသဖြင့် မြန်မာနိုင်ငံ လူဦးရေ၏ ၃ ဒဿမ ၇၉ % မျှရှိလေသည်။
    အစ္စလာမ်ဘာသာဝင်များ တစ်နေ့ ငါးကြိမ် ၀တ်ပြုနိုင်ရန် ရန်ကုန်မြို့တွင် ဗလီကျောင်း ၁၇၁-ကျောင်းနှင့် တစ်နိုင်ငံလုံးတွင် ဗလီဝတ်ကျောင်းပေါင်း ၂,၂၆၆ ခန့်ရှိပါသည်။
    (သာသနာရောင်ဝါထွန်းစေဖို့စာအုပ်၊ စာမျက်နှာ ၆၅-၆၈)မှ ထုတ်နှုတ်ပါသည်။
  • အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်
    အာဇာနည်များ၏ မြှုပ်နှံမှုမှ ဖေါ်ကြူးသော စည်းလုံးညီညွတ်ရေး စိတ်ဓါတ်
    ဇူလိုင်-၁၁၊ ၂၀၁၁
    ဆောင်းပါးရှင် -၀မ်းအိုဝမ်းကျော်ဝင်းမောင်
    ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေသုသာန် သို့ ဆရာကြီးဦးရာဇတ်၏သားများလာရောက် ဆု တောင်းစဉ်
    ဆရာကြီးဦးရာဇတ်ကို ဒဖနာမြေမြှုပ်သဂြို င်္ဟ်သောနေသည် ဇူလိုင်လ ၂၁ ရက်နေ့ဖြစ်သည်။ ထိုနေ့သည် ရမသွာန်လ (၁) ရက်နေ့နှင့် သွားရောက်ကိုက်ညီနေပါသည်။
    ရမသွာန်လဆိုသည်မှာ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဖြစ်ပါသည်။ ဥပုသ် စစောင့်တဲ့ ပထမရက်ဖြစ်ပါသည်။ ဤတွင် ပြဿနာတစ်ခု ရှိလာပြန်ပါသည်။ ရဲဘော်မောင်ထွေးဟာ ရှီအာမွတ်စလင်မ်တစ်ဦးဖြစ်ပါသည်။ သူ၏ ဖခင်မှာ (၃၁)လမ်းတွင်ရှိသော မဂိုရှီအာ ပလီမှ ဂေါပက လူကြီးဦးကိုလေးဆိုသူဖြစ်သဖြင့် ရှီအာ မွတ်စလင် သင်္ချိုင်းတွင် သဂြို င်္ဟ်ရန်ပထမ စီစဉ်ကြပါသေးသည်။
    အဲဒီအချိန်တွင် ဗ-မ-က အထွေထွေအတွင်းရေးမှုး မစ္စတာလတစ်ခန်( ခ) ဦးခင်မောင်လတ်၊ ဗ-မ-က အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကြွယ်ဝ စတဲ့ ခေါင်းဆောင်များက ဦးကိုလေးနှင့် ဆွေးနွေးကြပါသည်။ ဆရာကြီးဦးရာဇတ်က စွန်နီသင်္ချိုင်းသွားမယ် ၊ ရဲဘော်မောင်ထွေးက ရှီအာမွတ်စလင်သင်္ချိုင်းသွားမယ်၊ အဲဒီလိုဆိုယင် မွတ်စလင်ညီညွတ်ရေးဟာ ပျက်ပြားသွားနိုင်တယ်၊ အဲဒါကြောင့်မွတ်စလင်တွေအနေနဲ့ စုစုစည်းစည်းနဲ့ပဲ တာမွေ စွန်နီမွတ်စလင် သင်္ချိုင်းမှာ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ဖို့လိုတယ် လို့ဆွေးနွေးညှိနှိုင်းကြပါသတဲ့။ တခြားဘာသာခြားတွေထဲမှာ ကိုယ့်အထုပ်ကိုယ်ဖြေပြသလိုဖြစ်နေမယ်။
    စွန်နီမွတ်စလင်တွေ အနေနဲ့လဲ သူတို့စွန်နီ ( သင်္ချိုင်း ) ကဘတ်စတန်မှာ ရှီအာမွတ်စလင် တွေရဲ့ မယတ် (အလောင်း) ကို မြှုပ်ခွင့်ပြုဖို့ ဆိုတာလဲ အစဉ်အလာမရှိဘူး။ ဒီလိုမြှုပ်ခွင့်ရအောင်လဲ ဗ-မ-က ခေါင်းဆောင်တွေအနေနဲ့ စွန်နီမွတ်စလင် အိုလမာအဖွဲ့ဝင်များနဲ့ သဘောတူချက်ရယူရပါတယ်။
    284034_251291044884610_100000111498246_1092923_8053015_n
    နှစ်ဘက်သဘောတူညီချက် ရတော့မှပဲ တာမွေ ကဘတ်စတန် (သင်္ချိုင်း) မှာ သဂြို င်္ဟ် မြှုပ်နှံလိုက်ပါတယ်။ ဒီဂျနာဇာ နမာဇ် (သရနဂုံတင်ပွဲ) ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ရဲ့ ဥက္ကဌင်္ကြီးဖြစ်တဲ့ မွတ်ဖ်သီ မာမွတ် ဒါဝတ် ယူစွတ် ကနေပြီး အီမာန်ရှေ့ဆောင် လုပ်ပြီး ဖတ်ပေးသွားမှာပါတဲ့။
    ဆေးရုံကြီးကနေ အလောင်းတွေကို ယူပြီးတော့ သယ်ဆောင်သွားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များရဲ့ အလောင်းများကို ဂျူဗလီဟောကို သယ်ဆောင်သွားတဲ့အခါမှာ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်မောင်ထွေးတို့ရဲ့ အခေါင်း ၂ခုလဲ ပါသွားတယ်၊ ဒီအခေါင်းတွေကို ရဲဘော်တွေကပဲ ထမ်းပြီး သယ်ဆောင်သွားခြင်းပါ။
    နောက်တစ်ခါ ဂျနာဇာ ၂ ခုသတ်သတ်ကို အဲဒီ အာဇာနည်တွေရဲ့ ခေါင်းတွေနောက်မှာ အစ္စလာမ်ဂျနာဇာ (အလောင်းထမ်းစဉ်) ၂ ခုလဲဆက်တိုက်ထမ်းလာခဲ့ကြတယ်။ ဂျူဗလီဟောကို ရောက်တဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ခေါင်းတွေအားလုံးကို ဂျူဗလီဟောမှာပဲ ချထားလိုက်ပါတယ်။
    အဲဒီနောက် ဆရာကြီးနဲ့ ရဲဘော်ကိုထွေးတို့ရဲ့ ဂျနာဇာ ၂ ခုကို အနောက်ဖက်ကနေ ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ကျယ်လောင်စွာ ဖတ်ရွတ်ပြီး အပြင်ဘက်ကိုထမ်းပြီးထွက်လာကြပါတယ်။ အပြင်ဘက်ကိုရောက်တဲ့အခါမှာ ၀င်းပေါက်က စောင့်ကြိုနေတဲ့ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) ထုကြီးဟာဆီးကြိုပြီး တစ်ယောက်တစ်လက် ထမ်းသွားပါတော့တယ်။ အဲဒီ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) လူအုပ်ကြီးထဲမှာပဲ ဆရာကြီး ဦးရာဇတ်ရဲ့ ဇနီးသည် ဒေါ်ခင်ခင်ကိုယ်တိုင်လဲ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ကန်တော်ကြီးလမ်းအတိုင်းသယ်ဆောင်သွားရာမှာ ဆရာကြီးဦးရာဇတ်အိမ်ရှေ့ ပဒုမ္မာလမ်း ခြံအမှတ်( ၁၀ ) အရှေ့ရောက်တော့ ဒေါ်ခင်ခင်လဲရှေ့ဆက်လိုက်မပို့တော့ဘူး၊ အိမ်မှာပဲဝင်နေလိုက်ပါတယ်။
    ဒီအသုဘပို့ဆောင်ရေးလုပ်ငန်းတစ်ခုလုံးကို ဗ-မ-က အဖွဲ့ချုပ်က မစ္စတာလတစ်ဖ်ခန်း( ဦးခင်မောင်လတ်) ၊ ဦးကြွယ်ဝ အစရှိတဲ့ ခေါင်းဆောင်များက ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဦးကြွယ်ဝ ကအရှေ့ ကဂျနာဇာကို ဦးဆောင်ပြီး အစီအစဉ်နဲ့ ရှေ့ဆောင်သွားပါတယ်၊ ကြက်ပျံမကျ စည်စည်ကားကား လိုက်ပို့ပေးကြပါတယ်။
    ဒီပရိတ်သတ်ထဲမှာ ဗမာမွတ်စလင် (မြန်မာမွတ်စလင်) အမျိုးသားအမျိုးသမီးများအပြင် အခြားမြန်မာတိုင်းရင်းသားလူမျိုးများ ဘာသာကွဲများကလဲ လိုက်ပါပို့ဆောင်ကြပါတယ်။ တစ်လမ်းလုံး ကလေမာ ရှဟာဒတ်ကို (အလ္လာဟ် အရှင်မြတ်နှင့် တမန်တော်မြတ်ကို သက်သေထွက်ဆိုခြင်း) ရွတ်ဆိုသွားတဲ့ အသံကြီးဟာလဲ မိုးပြိုမတတ်ပါဘဲ။
    လူတွေအားလုံးရဲ့ စိတ်ဓါတ်တွေဟာလဲ ကြေကွဲဝမးနည်းမှု တစ်ဘက်က ရှိနေသလို၊ တစ်ဘက်ကလဲ စိတ်ဓါတ်တွေဟာ ရန်သူ့အပေါ် အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဒေါသရောင်တွေကလဲ လွှမ်းလျက်ရှိနေပါတယ်။ စိတ်ဓါတ်တွေဟာတက်ကြွမှုအပြည့်နဲ့ပါ။
    ရွှေတိဂုံပတ်ဝန်းကျင်ရောက်တဲ့အခါမှာလဲ မြန်မာများနဲ့ တခြားမြန်မာတိုင်းရင်းသား လူထုကြီးတစ်ရပ်လုံး ဟာလဲ လှိုက်လှိုက်လှဲလှဲ ဂျနာဇာကို စောင့်ကြိုနေကြပါတယ်။ အဲဒီကနေ့တစ်ချို့လဲ လိုက်ပါပို့ဆောင် ကြပါတယ်။ တာမွေ မွတ်စလင် စွန်နီ ( ကဘတ်စတန်) သင်္ချိုင်း ရောက်တဲ့အထိပဲ တစ်ယောက်နဲ့ တစ်ယောက် ပခုံးပြောင်းပြီး ဂျနာဇာများကို ထမ်းပို့ကြပါတယ်။
    ဒီအချိန်က အစ္စလာမ်ဘာသာဝင်များရဲ့ ပထမဦးဆုံး ဥပုသ်လ၀င်တဲ့ ပထမရက်။ တစ်နေ့လုံး အစားအစာ မစားရဘူး၊ ရေကြည်တစ်ပေါက်လဲ မသောက်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ပါ။ လိုက်ပါပို့ဆောင်ကြတဲ့ မွတ်စလင်အများစုဟာလဲ ဥပုသ်စောင့်သူက အများစုဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗလီဟောကနေ တာမွေဆိုတဲ့ခင်္ရီးဟာ ၂ မိုင် လောက်ဝေးပါမယ်။ နေပူထဲမှာပဲ ဒီဂျနာဇာ ကိုမောတာပန်းတာကို အပထားပြီး ပို့ဆောင်ကြပါတယ်။
    ကဘတ်စတန်သင်္ချိုင်း ရောက်ပြန်တော့ မျက်နှာဖြူ နိုင်ငံခြားသား တော်တော်များများလဲ ရောက်နေပါတယ်။
    အင်္ဂလိပ်တွေပဲ ဖြစ်မယ်လို့ ဆရာမောင်ကို ဂဖာရီက ပြောပြပါတယ်။ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ဖြစ်ပါမယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်မတန်ရင်းနှီးခဲ့တဲ့ ဗြိတိသျှ လေဘာပါတီရဲ့ ပါလီမန်အမတ် မစ္စတာ ဘော့ထွန်လီလဲ ပါရှိပါတယ်။ ဥရောပတိုက်သားဧည့်သည်တွေထဲက တချို့တွေလဲ ဓါတ်ပုံတွေရိုက်ကြတယ်။ တချို့လဲ ရုပ်ရှင်ရိုက်ကြတယ်။
    ဂျနာဇာနမာဇ်ဖတ်ရာမှာလဲ အခုခေတ် ဂျနာဇာနမဇ်ဖတ်ဖို့လုပ်ပေးထားတဲ့နေရာမှာပဲ ဖတ်ကြတယ်။ လူတွေကများလွန်းလို့ ဂျနာဇာနမာဇ်ဖတ်ရာမှာ ပြွတ်သိပ်ပြီး တန်းစီဖတ်ကြရတယ်။ ဂျနာဇာ နှစ်ခုစလုံးကို တနေရာတည်းမှာထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာသာသနာ့ ပညာရှင်များ အဖွဲ့ချုပ် ဥက္ကဌကြီး မွတ်ဖတီ မာမွတ်ဒါဝတ်ယူစွတ်က အီမာန်ရှေ့ဆောင် လုပ်ပြီး တစ်ချိန်တည်းဖတ်ပေးပါတယ်။
    (ဒီတုန်းက စွန်နီနဲ့ ရှီယာ မွတ်စလင်များရယ်လို့ ကွဲနေပေမယ့် အစ္စလာမ်ဘာသာဝင်အဖြစ် ကွဲကွဲ ပြားပြားရှိနေတဲ့ စွန်နီရှီယာရယ်လို့ခွဲတဲ့စိတ်ကို မျက်ကွယ် ပြုပြီး အစ္စလာမ်တို့ရဲ့ညီညွတ်ရေးကို ရှေးရှုတဲ့အနေနဲ့ ရှီအာနဲ့ စွန်နီ မွတ်စလင်အသိုင်းအ၀ိုင်းခေါင်းဆောင်ကြီင်္းတွေက ခွဲခြားမှုမလုပ်ပဲ ဒီ အာဇာနည်များရဲ့ ဂျနာဇာကို တစ်နေရာတည်းမှာ ပဲ ဒဖနာ (မြေမြှုပ် သဂြို င်္ဟ်) ခြင်းကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။
    တကယ်တော့ ဒီမြှုပ်နှံမှုကိုကြည့်ယင် မွတ်စလင်များအတွင်းမှာ စွန်နီ – ရှီအာ စုစည်းမှုတစ်ရပ်ကို တွေ့နိုင်သလို တိုင်းပြည်ကိုချစ်ကြတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားညီနောင်များ အချင်းချင်းထားရှိခဲ့တဲ့ ချစ်ခင်မှု စိတ်ဓါတ်ကို အတုယူနိုင်ကြမှာဖြစ်ပါကြောင်း
    (၁၄-၂-၈၈) နေ့က ဆရာဦးမောင်ကို ဂဖာရီကို ကျမ်းပြုသူအိမ်မှာ ဖိတ်ကြားပြီး ဆရာကြီး ဦးရာဇတ် ဂျနာဇာ ( အသုဘ) ချတဲ့ နေ့က အကြောင်းတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းတဲ့ အခါမှာသိရတဲ့ အချက်တွေကို မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် စာအုပ်တွင်ဖေါ်ပြနိုင်ရန် ကျမ်းပြုသူ ၀မ်းအိုဝမ်းကျော်ဝင်းမောင်မှ မေးမြန်း စုစည်းတင်ပြချက်အား ပြန်လည်ကူးယူဖေါ်ပြပါသည်။