News @ M-Media

Tag: 1001-inventions

  • စိုက်ပျိုးရေးဆန်းသစ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၃)

    စိုက်ပျိုးရေးဆန်းသစ်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၃)

    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    အလယ်ခေတ် စပိန်မွတ်စလင် လယ်သမားများ၏ဘ၀ကို ပုံဖော်ထားမှု

    – ဥယာဉ်တစ်ခြံဖြစ်ဖြစ်၊ စပါးတစ်ခင်းဖြစ်ဖြစ် ရှင်သန်ကြီးထွားဖို့မှာ ဂေဟဗေဒစနစ်တွေ မျှတဖို့ လိုအပ်ပါတယ်။ အသီးအနှံတွေ အောင်မြင်ဖြစ်ထွန်းဖို့မှာ မြေဆီအရည်အသွေး၊ ရေရရှိမှု၊ လူသားတွေရဲ့ ပြုစုပျိုးထောင်မှုတွေ အချိုးကျကျ ပေါင်းစပ်ပါဝင်ရပါတယ်။ အလေအလွင့်မရှိဘဲ ကောက်ပဲသီးနှံတွေ အထွက်နှုန်းကောင်းစေဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီအရင်က စပိန်မွတ်စလင်တွေဟာ စိုက်ပျိုးရေးနည်းလမ်းတွေ၊ မြေဆီမြေနှစ်ရဲ့ သဘောသဘာဝတွေကို စနစ်တကျ လေ့လာခဲ့ကြပါတယ်။

    အဲဒီအချိန်က သူတို့တွေရဲ့ စိုက်ပျိုးမှုနည်းလမ်းဟာ ခေတ်ရှေ့ပြေးခဲ့ပြီး ဂေဟစနစ်နဲ့လျော်ညီတဲ့၊ အင်မတန် အကျိုးဖြစ်ထွန်းတဲ့ စနစ်တွေ ဖြစ်ခဲ့ပါတယ်။ ထယ်ထိုးတာ၊ မြောင်းဖော်တာ၊ ထွန်ချတာတွေနဲ့ လယ်မြေတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတာ အသေးစိတ်ဖော်ပြထားတဲ့ စာအုပ်တွေကိုလည်း ရေးသား ခဲ့ကြပါတယ်။ မြေဆီနဲ့ ရေကို အရည်အသွေးအလိုက် အဆင့်ခွဲတာတွေကိုလည်း မွတ်စလင်လယ်သမားတွေက စတင်ခဲ့တာဖြစ်ပါတယ်။ တော်လေဒိုဒေသ အုပ်ချုပ်ရေးမှူးရဲ့ ဥယျာဉ်မှူး အစ်ဗနေ့ ဘာဆဲလ် (Ibn Bssal) ဟာ ၁၀၈၅ ခုနှစ်မှာ Book of Agriculture (စိုက်ပျိုးရေးဆိုင်ရာကျမ်း) ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ဘာဆဲလ်က ရာသီအလိုက် မြေဆီကြွယ်ဝမှုကိုအခြေခံပြီး စိုက်ပျိုးမြေ အမျိုးအစား ၁၀ မျိုးကို သတ်မှတ်ခဲ့ပါတယ်။ မြေလွတ်မြေရိုင်းတွေကို ဇန်န၀ါရီနဲ့ မေလအတွင်း ၄ ကြိမ်လောက် ထွန်ယက်ဖို့၊ မြေထဲပင်လယ်ဒေသမှာ အဓိကစိုက်ပျိုးတဲ့ ၀ါပင်တွေအတွက်ဆိုရင် အနည်းဆုံး ၁၀ ကြိမ်လောက်ထွန်ယက်ဖို့ ဘာဆဲလ်က အကြံပြုထားပါတယ်။

    ဆီးဗီးလားက ၁၂ ရာစု ရုက္ခဗေဒပရှင် အစ်ဗနေ့ အလ်-အောင်ဝမ် (Ibn al-Awwam) က ဂရိ၊ အီဂျစ်နဲ့ ပါရှန်ပညာရှင်တွေ အရင်က လေ့လာဖော်ထုတ်မှုတွေကို စုစည်းကာ ကဏ္ဍပေါင်း ၃၄ ခုပါတဲ့ စိုက်ပျိုးရေးကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပါတယ်။ အပင်တွေအကြောင်းအပြင် ဒီစာအုပ်မှာ တရိစ္ဆာန်မွေးမြူခြင်းဆိုင်ရာ နည်းလမ်းတွေ၊ လယ်သမားတွေအတွက် အဖိုးတန်အကြံပြုချက်တွေလည်း ပါဝင်ပါတယ်။ အပင်ပေါင်း ၅၈၅ ခုအကြောင်း ဖော်ပြထားရာမှာ သီးပင်စားပင်ပေါင်း ၅၀ ပါဝင်ပြီး ကိုင်းကူးကိုင်းဆက်နည်း၊ မြေဆီပြုပြင်မှု၊ သဘာဝမြေသြဇာ အသုံးပြုမှု၊ အပင်ဖျက်ပိုးအကြောင်းနဲ့ နှိမ်နှင်းမှုနည်းလမ်းတွေ၊ ခြံစိုက်နည်း၊ ရေးပေးနည်း၊ ပျိုးထောင်နည်းတွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ သံလွင်ပင် စိုက်ပျိုးနည်းအကြောင်းကိုတော့ အလ်-အောင်ဝမ်က အပြည့်စုံဆုံး ရေးသားထားပါတယ်။

    ထယ်ထိုးမှုနည်းစနစ်၊ ပျိုးကြဲမှုကာလ၊ ပျိုးကြဲနည်း၊ ရေသွင်းမှု၊ အပင်ပေါက်လာပြီးတဲ့နောက် ထိန်းသိမ်း ပျိုးထောင်မှု၊ ရိတ်သိမ်းမှု စတဲ့ နည်းစနစ်ကိုတွေကို ဖော်ပြထားတဲ့ အခန်းတစ်ခုလည်း ဒီကျမ်းမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် အလ်-အောင်ဝမ်ရဲ့ ဒီစာအုပ်ာဟာ လယ်သမားတွေရဲ့ လက်စွဲစာအုပ်ဖြစ်ခဲ့ပြီး ၁၈ ရာစုအဆုံးပိုင်းနဲ့ ၁၉ ရာစု အလယ်ပိုင်းအထိ ပြင်သစ်၊ စပိန်ဘာသာစကားတွေနဲ့ အကြိမ်ကြိမ် ရိုပ်နှိပ်ထုတ်ဝေခဲ့ရပါတယ်။

    အီရန်မှ ခိုမျှော်စင်

    သက္ကရာဇ် ၉၆၁ ခုနှစ် ကော်ဒိုဘာမှာ တော်တော်လေးကိုတိကျတဲ့ လယ်သမားသုံး ပြက္ခဒိန်တစ်ခု ပေါ်ထွက်ခဲ့ပါတယ်။ တစ်လချင်းစီမှာ လယ်သမားတွေ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ သီးနှံစိုက်ပျိုးရမယ့် အချိန်တွေ၊ ဂေဟစနစ်ပြောင်းလဲမှုတွေကို ဒီပြက္ခဒိန်မှာ အပြည့်အစုံ ထည့်သွင်းထားပါတယ်။ ဥပမာအားဖြင့် မတ်လမှာ သဖန်းပင်တွေကို ကိုင်းကူးကိုင်းဆက်လုပ်ရမယ်၊ မျိုးစေ့တွေကနေ အညှောင့်ပေါက်မယ် ဆိုတာမျိုး၊ ဒီလဟာ ကြံစိုက်ရမယ့်လ၊ နှင်းဆီတွေ၊ တမာတွေ အဖူးဖူးတဲ့လ၊ ငုံးတွေ ပေါ်လာပြီး၊ ပိုးမျှင်ကောင်တွေ ဥဥတဲ့၊ ပင်လယ်ငါးတွေ မြူးတဲ့လ စသဖြင့် ဖော်ပြထားတာ ဖြစ်ပါတယ်။ သခွားတွေ၊ ၀ါတွေ၊ ကုံကုမံ၊ ခရမ်းသီးတွေလို ဒီလအတွင်း စိုက်ရမယ့် သီးနှံစာရင်းတွေလည်း ဒီပြက္ခဒိန်မှာ ဖော်ပြထားပါတယ်။ စစ်တပ်အတွက် တိုက်မြင်းတွေဝယ်ယူပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဆီကို အစိုးရက ဒီလအတွင်း စာပို့လေ့ရှိတာ၊ စိုက်ခင်းတွေမှာ ကျိုင်းကောင်တွေ ကျတတ်တာကြောင့် ဒီကျိုင်းကောင်းတွေကို နှိမ်နှင်းဖို့ အမိန့်ထုတ်တာ သံပုရာနဲ့ မာဂျိုရမ်လို့ခေါ်တဲ့ မြေထဲပင်လယ်က ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး စိုက်ရမယ့်ကာလ ဖြစ်တယ်ဆိုတာမျိုးတွေကိုလည်း ဖော်ပြထားပါတယ်။

    အလယ်ခေတ် မွတ်စလင် စိုက်ပျိုးရေးပညာရှင်ကြီးတွေဟာ သူတို့ရဲ့ ပညာရပ်တွေကို အိတ်သွန်ဖာမှောက် မျှဝေခဲ့ကြတာဖြစ်ပါတယ်။ ဥပမာအားဖြင့် စပါးစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး အစ်ဗနေ့ ဘာဆဲလ်က စိုက်မယ့်လယ်ကွက်ဟာ နေထွက်ရာ အရှေ့ဖက်ကို မျက်နှာမူရမယ်၊ ထွန်ယက်ပြီးတော့ မြေကို ပြုပြင်ရမယ်၊ (စပိန်ရာသီဥတုနှင့်အညီ) ဖေဖော်ဝါရီလကနေ မတ်လအတွင်းမှာ စိုက်ပျိုးရမယ် ဆိုတာတွေကို အကြံပြုခဲ့ပါတယ်။ အလ်-အောင်ဝမ်ကလည်း မြေကိုလိုက်ပြီး စိုက်ရမယ့် စပါးအမျိုးအစား၊ အရေအတွက်တွေ၊ စိုက်ပျိုးနည်းတွေကို ဖော်ထုတ်မှတ်တမ်းတင်ခဲ့ပါတယ်။ ပျိုးမကြဲခင်မှာ လယ်ကွက်ထဲကို ရေအမြင့်တစ်ခုအထိရောက်အောင် သွင်းကာ မြေက ရေကိုစုပ်ယူပြီးတဲ့နောက်မှ ပျိုးကြဲဖို့၊ အဲဒီနောက် ထပ်ပြီး ရေသွင်းဖို့ စသဖြင့် ရေသွင်းနည်းစနစ်တွေအကြောင်းကို ရေးသားခဲ့ပါတယ်။

    မွတ်စလင် စိုက်ပျိုးရေးပညာရှင်ကြီးတွေဟာ အပင်ဖျက်ပိုးမွှား နှိမ်နှင်းမှု၊ ပေါင်းသင်မှု၊ ရိတ်သိမ်းမှုနဲ့ သိုလှောင်သိမ်းဆည်းမှု နည်းလမ်းတွေကိုလည်း လေ့လာဖော်ထုတ်ခဲ့ပါတယ်။ ဆန်ကို ပုံစံအမျိုးမျိုး ချက်ပြုတ်မှုနဲ့ပတ်သက်ပြီး အစ်ဗနေ့ အလ်-အောင်ဝမ်ဟာ ထောပတ်၊ အုန်းဆီ၊ နို့တွေနဲ့ ချက်ပြုတ်စားသောက်တာဟာ အကောင်းဆုံးဖြစ်တယ်လို့ အကြံပြုခဲ့ပါတယ်။ အလ်မိုဟဒ်မင်းဆက် (Almohad) လက်ထက်မှာ အမည်မသိ စာရေးဆရာတစ်ဦးဟာ Cookery Book of Maghrib and Andalusia (မဂ်ရစ်ဘ်နှင့် အန်ဒါလူစီယာမှ ချက်နည်းပြုတ်နည်း) ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး  အရသာရှိကာ လူကြိုက်များတဲ့ ဆန်မုန့် ၅ မျိုး အပါဝင် ချက်နည်းပြုတ်နည်း တော်တော်များများ ပါဝင်ပါတယ်။

    လယ်ယာစိုက်ပျိုးရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက မြေဆီသြဇာ မျှတဖို့ဖြစ်ပါတယ်။ ဒီ နည်းလမ်းကို စိတ်ဝင်တစားနဲ့ သေသေချာချာ လေ့လာဖော်ထုတ်နေကြပေမယ့် လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကထက် များများစားစား ခြားနားသွားတာမျိုး မရှိပါဘူး။ အလယ်ခေတ် မွတ်စလင်တွေဟာ သဘာဝမြေသြဇာအတွက် ခိုချေးတွေကို အသုံးပြုပြီး ဒီကနေ့ခေတ် အသုံးအနှုန်းအရတော့ သဘာပတ်ဝန်းကျင်နဲ့ မျှတဆီလျော်ပြီး အော်ဂဲနစ်စစ်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

     

    အီရန်နိုင်ငံတစ်ဝှမ်းမှာ ခိုတွေနားနေဖို့အတွက် ရွှံ့နဲ့ ဆောက်လုပ်ထားတဲ့ မျှော်စင်ကြီးတွေ အမြောက်အများရှိပြီး ဒီမျှော်စင်တွေမှာ ခိုအိမ်လေးတွေကို ဖန်တီးပေးထားပါတယ်။ ၁၈ မီတာကနေ ၂၁မီတာ (ပေ ၆၀ မှ ၇၀) အထိ မြင့်စွင့်ပြီး သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်တဲ့ ခိုမစင်တွေကို ရယူဖို့၊ ခိုတွေ သားပေါက်စေဖို့ ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

    ဒီမျှော်စင်တွေကို တစ်နှစ်တစ်ခါ သန့်ရှင်းလေ့ရှိပြီး ရရှိတဲ့ခိုချေးတွေကို အနီးအနားက လယ်ယာတွေမှာ မြေသြဇာအဖြစ် အသုံးပြုပါတယ်။ တစ်ချိန်က အီရန်နိုင်ငံ အစ္စဖာဟန်မြို့အပြင်ဖက်မှာ ဒီလို မျှော်စင်ပေါင်း ၃၀၀၀ လောက်ရှိတယ်လို့ ပြောစမတ်ရှိပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • လေကြောင်းပျံသန်းမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၂)

    လေကြောင်းပျံသန်းမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၂)

    ဒီဇင်ဘာ ၂၉၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ ဖီရ်နက်စ်၏ ပျံသန်းမှု

    ကောင်းကင်ပေါ်မှာ ပျံဝဲဖို့ဆိုတဲ့ စိတ်ကူးဟာ လူသားတွေအပေါ် နှစ်ထောင်းပေါင်းများစွာ စိုးမိုးခဲ့ပြီး စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ရှေးဟောင်းအီဂျစ်လူမျိုးတွေဟာ ဖာရိုဘုရင်တွေ အတောင်နဲ့ ပျံသန်းတဲ့ပုံတွေကို ရေးဆွဲပြီး ပျံသန်းချင်တဲ့ သူတို့ရဲ့ စိတ်ဆန္ဒကို နံရံဆေးရေးပန်းချီတွေနဲ့ ဖော်ပြခဲ့ကြပါတယ်။ တရုတ်တွေ၊ ဂရိတွေနဲ့ ပါရှန်တွေမှာလည်း ပျံသန်းမှုနဲ့ ပတ်သက်တဲ့ ရာဇ၀င်တွေ၊ ဒဏ္ဍာရီတွေ ရှိကြပါတယ်။

    အဲဒီအထဲက အကျော်ကြားဆုံး ပုံပြင်တစ်ခုကတော့ သက္ကရာဇ် ၁၀၀၀ လောက်မှာ ရေးသားခဲ့တဲ့ အလ်-ဖီရ်ဒေါင်စီ (Al-Firdawsi) ရဲ့ Book of Kings (ရှင်ဘုရင်များအကြောင်း) စာအုပ်မှာ ဖော်ပြထားပါတယ်။ အဲဒါကတော့ ပါရှန်ဘုရင် ကိုင်ကောင်ဝက်စ် (Kai Kawus) ဟာ နတ်ဘုံနတ်နန်းကို သွားရောက်ဖို့ အကြံရလာတာကြောင့် သူ့ရဲ့ ပလ္လင်ကို ပျံသန်းမယ့်ယာဉ်အဖြစ် အသွင်ပြောင်းခဲ့တယ်ဆိုတာပါ။ ပလ္လင်ရဲ့ လေးဘက်လေးလံမှာ တိုင်လေးခုကို ထောင်ပြီး အသားတုန်းတွေတင်ကာ အလွန်ဆာလောင်နေတဲ့ သိန်းငှက်တွေကို တိုင်ရဲ့အောက်ခြေမှာ သံကြိုးနဲ့ချည်ထားပါတယ်။ သိန်းငှက်တွေက အသားတုံးကိုရဖို့ ပျံတက်ရင် ပလ္လင်ပါ လေပေါ်ပျံအောင် ရည်ရွယ်တာဖြစ်ပြီး ငှက်တွေ မောပန်းလာရင်တော့ ပလ္လင်ပျံကြီးလည်း ပျက်ကျမှာ အသေအချာပါပဲ။

    အစ္စလာမ်မတိုင်ခင် အာရပ်တွေရဲ့ဒဏ္ဍာရီမှာလည်း မိုးပေါ်ပျံတဲ့ မှော်ဆရာတွေအကြောင်း၊ ငှက်တွေအကြောင်း၊ တန်ခိုးရှင်တွေအကြောင်း၊ နတ်သားတွေအကြောင်း ပုံပြင်တွေ တော်တော်များများ ရှိခဲ့ပါတယ်။ မွတ်စလင်တွေအတွက် ပျံသန်းခြင်းဆိုတာ နာမ်ပိုင်းဆိုင်ရာ အဆင့်အတန်းတစ်ခုပါ။ အကျင့်သီလ စင်ကြယ်စွာနေထိုင်ကာ အချိန်အတိုင်းအတာတစ်ခုအထိ တရားအားထုတ် ကျင့်ကြံပြီးတဲ့နောက် ဒီအဆင့်အတန်းကို ရရှိကာ မိုးပေါ်ပျံတက်နိုင်တာ ဖြစ်ပါတယ်။

    တကယ် လေပေါ်မှာပျံနိုင်တဲ့ စက်တစ်ခုကို စတင်တည်ဆောက်ကာ ပျံသန်းပြခဲ့တဲ့ ပထမဆုံး မွတ်စလင်က ၉ ရာစု ကော်ဒိုဘာက အဘတ်စ် အစ်ဗနေ့ ဖီရ်နက်စ် (Abbas ibn Firnas) ဖြစ်ပါတယ်။ သူဟာ ပျံသန်းမှုကို ပထမဆုံးလုပ်တဲ့ လူသားလည်း ဖြစ်ပါတယ်။ ဖီရ်နက်စ်ဟာ သူ့ခေတ် သူ့အခါက စွယ်စုံရ ပညာရှင်တစ်ဦး ဖြစ်ပြီး၊ ထင်ရှားတဲ့ ကဗျာဆရာ၊ နက္ခတ္တဗေဒပညာရှင်၊ ဂီတပညာရှင်နဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ အကြီးမားဆုံး ဂုဏ်သတင်းက လူသားကို လေထဲမှာ ပျံသန်းစေတဲ့ ကိရိယာတစ်ခု ပထမဆုံး တီထွင်နိုင်မှု ဖြစ်ပါတယ်။ သဲထူတဲ့နေရာတွေမှာ အကြိမ်ပေါင်းများစွာ ပျံသန်းကာ သူ့ရဲ့ ကိရိယာကို ပိုမိုကောင်းမွန်အောင် ဖီရ်နက်စ်က ပြင်ဆင်ခဲ့ပြီး ကော်ဒိုဘာမှာ ပြုလုပ်ခဲ့တဲ့ သရုပ်ပြပျံသန်းမှု နှစ်ကြိမ်ကတော့ တော်တော်လေး ထင်ရှားပါတယ်။

    ပထမဆုံးပျံသန်းမှုကို သက္ကရာဇ် ၈၅၂ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး သစ်သားဖရိန်နဲ့ လုပ်ထားတဲ့ ပိုးဝတ်ရုံကို ခန္ဓာကိုယ်မှာချည်ကာ ကော်ဒိုဘာ ဂျာမေဗလီကြီးရဲ့ မင်နာရတ်မျှော်စင်ကနေ ပျံသန်းပြခဲ့တာ ဖြစ်ပါတယ်။ ဒီပျံသန်းမှုဟာ မအောင်မြင်ခဲ့ဘဲ အကျတော်တာကြောင့် ဖီရ်နက်စ်ဟာ အသက်ဘေးက လွတ်ခဲ့ပြီး ဒဏ်ရာအနည်းသာ ရခဲ့ပါတယ်။ ဒါဟာ အစောဆုံး လေထီးခုန်မှုတွေထဲက တစ်ခုအဖြစ် မှတ်ယူခံခဲ့ရပါတယ်။ အနောက်တိုင်းရင်းမြစ်တွေက ဖီရ်နက်စ်ကို လက်တင်နာမည်မှားနဲ့ အာရ်မင် ဖီရ်မန်လို့ ဖော်ပြခဲ့ပါတယ်။

    အစ်ဗ်နေ့ ဖီရ်နက်စ်ဟာ အတွေ့အကြုံကနေ ကောင်းမွန်စွာ သင်ယူနိုင်သူတစ်ယောက်ပါ။ သူ့ရဲ့ နောက်ထပ်ဒီဇိုင်းကို ပိုကောင်းအောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့တီထွင်မှုကို ကိုယ်တွေ့ကြုံသူတွေရဲ့ ဖောက်သည်ချမှု၊ အလယ်ခေတ်မှတ်တမ်းတွေမှာ ဖော်ပြထားမှုတွေအရ ဖီရ်နက်စ်ရဲ့ လေပေါ်ဝဲ ကိရိယာမှာ တောင်ပံကြီးနှစ်ခု ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နှစ်ပေါင်း ၁၂၀၀ အရင်က အသက် ၇၀ နီးပါးရှိနေပြီဖြစ်တဲ့ အဘိုးအို ဖီရ်နက်စ်ဟာ ပျံသန်းတဲ့ အစီအနင်းတစ်ခုကို ပိုးထည်၊ သိန်းငှက်အမွှေးတွေနဲ့ ပြုလုပ်ခဲ့တယ်ဆိုတာ သိရှိရပါတယ်။

    ဒုတိယအကြိမ် သရုပ်ပြပျံသန်းမှုကို ဖီရ်နက်စ်ဟာ ကော်ဒိုဘာဆင်ခြေဖုံး ရူဆာဖာဒေသက တောင်တစ်ခုပေါ်ကနေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပိုးပိတ်စပေါ်မှာ သိန်းငှက်အမွှေးတွေနဲ့ စီရင်ထားတဲ့ ငှက်တောင်ပံဝတ်စုံကို ခန္ဓာကိုယ်မှာ ပိုးကြိုးတွေနဲ့ ခိုင်ခံ့အောင်ချည်ထားပြီး တောင်ပေါ်တက်သွားတဲ့ ဖီရ်နက်စ်ကို လူအုပ်ကြီးက မျှော်တလင့်လင့်နဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ ပထမဆုံး သူ့ရဲ့ လက်နှစ်ဖက်မှာ တပ်ဆင်ထားတဲ့ တောင်ပံတွေနဲ့ ဘယ်လို ပျံသန်းမလဲဆိုတဲ့ အစီအစဉ်ကို ဖီရ်နက်စ်က လူထုကို ရှင်းခဲ့ပါတယ်။

    “မကြာခင်မှာ ကျွန်တော်ဟာ ခင်ဗျားတို့ကို အံ့သြမှင်သက်စေမှာပါ။ ဒီတောင်ပံတွေကို တစ်ဖျတ်ဖျတ်ခတ်ပြီး ငှက်တစ်ကောင်လို ပျံဝဲဆင်းသက်မှာ ဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်ဆိုရင်တာ့ အချိန်အတိုင်းအတာတစ်ခုအထိ လေပေါ်မှာ ၀ဲပျံကာ အန္တရာယ်ကင်းကင်းနဲ့ ခင်ဗျားတို့ဆီကို ပြန်လာနိုင်မှာ ဖြစ်ပါတယ်”

    ဖီရ်နက်စ်ဟာ တော်တော်မြင့်မြင့်မှာ ၁၀ မိနစ်လောက် ပျံသန်းနိုင်ခဲ့ပေမယ့် မြေပြင်ပေါ်အဆင်းမှာ တစ်ရှိန်ထိုးကျခဲ့ပြီး တောင်ပံတွေ ပျက်ဆီးကာ ခါးရိုးနုတစ်ခုလည်း ကျိုးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက် နောက်ပိုင်းမှာ ဖီရ်နက်စ်က အမြီးရဲ့ အခန်းကဏ္ဍကို နားလည်သွားပြီး ငှက်တွေ မြေပြင်ကိုဆင်းတဲ့အခါ အမြီးအားပြု ဆင်းတာဖြစ်ကာ သူ့မှာ ဒီလို အမြီးမပါတဲ့အတွက် ပျက်ကျခဲ့တာလို့ မိတ်ဆွေတွေကို ပြောပြခဲ့ပါတယ်။

    ခေတ်သစ် လေယာဉ်တွေအားလုံးဟာ မြေပြင်ပေါ်ဆင်းတဲ့အခါမှာ နောက်ဘီးကို အရင်ချပြီး ဒါဟာ ဖီရ်နက်စ်ရဲ့မှတ်ချက်ကို သက်သေပြနေတာလည်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ကြုံတွေ့လိုက်ရတဲ့တစ်ယောက်က “သူဟာ ငှက်တစ်ကောင်လို တော်တော်ဝေးဝေး ပျံသန်းနိုင်ခဲ့ပေမယ့် စပျံတဲ့နေရာကို တစ်ရှိန်ထိုးပြန်ကျခဲ့ပြီး ခါးလည်း တော်တော်ထိသွားပါတယ်။ ငှက်တွေဟာ မြေပေါ်ကို အမြီးအားပြုပြီး သာသာလေးဆင်းတယ်ဆိုတာ သူ မသိခဲ့တာကြောင့် အမြီးထည့်ဖို့လည်း မေ့သွားခဲ့ပါတယ်” လို့ ရေးသား မှတ်တမ်းတင်ခဲ့ပါတယ်။

    ဖီရ်နက်စ်ရဲ့ ဒီကြိုးပမ်းဟာ လီယိုနာဒို ဒါဗင်ချီက ပျံသန်းနိုင်တဲ့စက်တစ်ခုကို ပုံဖော်ရေးဆွဲမှု၊ ရိုက်ညီနောင်ရဲ့ ပထမဆုံး လေယာဉ်တီထွင်မှု မတိုင်ခင် ရာစုနှစ်ချီအရင်က ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

    ကံမကောင်းတာက ဒီပျံသန်းမှုမှာ ဒဏ်ရာရသွားတာကြောင့် ဖီရ်နက်စ်ဟာ နောက်ပိုင်းမှာ စမ်းသပ်မှုတွေ ထပ်မလုပ်နိုင်တော့တာပါ။ ဒါပေမယ့် သူဟာ အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး သူ့အလုပ်သင်တွေထဲက တစ်ယောက်ယောက်ကို ပိုကောင်းတဲ့တစ်ခု ဖန်တီးဖို့ လမ်းညွှန်ခဲ့ပါတယ်။

    ဖီရ်နက်စ်ရဲ့ ဒီပျံသန်းတဲ့ကိရိယာကို ရော်ဂျာ ဘေကွန် (Roger Bacon) က သူ့ရဲ့စာအုပ်မှာ အော်နီသိုပတာ (Ornithopter) လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ ၁၂၆၀ ခုနှစ်မှာ ဘေကွန်ဟာ On the Marvelous Powers of Art and Nature (အနုပညာနှင့် သဘာဝ၏ အံ့ချီးဖွယ် စွမ်းအားများဖြင့်) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပြီး လူသားတွေ ပျံသန်းနိုင်မယ့် နည်းလမ်း ၂ မျိုးကို ဖော်ပြခဲ့ပါတယ်။ တစ်မျိုးကတော့ နောက်ပိုင်းမှာ အော်နီသိုပတာလို့ သိကြတဲ့ ကိရိယာအကြောင်း အကြမ်းဖျင်းဖြစ်ပါတယ်။ နောက်တစ်မျိုးက ပုံမှန်မဟုတ်တဲ့လေ ဖြည့်ထားတဲ့ ဘောလုံးအကြောင်းဖြစ်ပြီး တော်တော်အသေးစိတ် ရေးထားတာပါ။ ဘေကွန်ဟာ ဖီရ်နက်စ်ရဲ့ဇာတိ ကော်ဒိုဘာမှာ ပညာသင်ယူခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် အော်နီသိုပတာနဲ့ပတ်သက်ပြီး ခေတ်ပြိုင် မွတ်စလင်သိပ္ပံကျမ်းတွေကို မှီညမ်းရေးထားတာမျိုး ဖြစ်ဖွယ်ရှိပါတယ်။ အော်နီသိုပတာနဲ့ပတ်သက်ပြီး မွတ်စလင်သိပ္ပံကျမ်းတွေကတော့ အဲဒီကတည်းက ပျောက်ပျက်သွားခဲ့ပါတယ်။

    အစ်ဗနေ့ ဖီရ်နက်စ်ဟာ သက္ကရာဇ် ၈၈၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ ရေးသားမှုတွေ တစ်ခုမှ ဒီနေ့အချိန်မှာ မရှိတော့ပါဘူး။ သူ့ခေတ်တုန်းက အသက်ရှင်သူတစ်ချို့ရဲ့ ရေးသားမှတ်တမ်းတင်မှုတွေ၊ ရာဇ၀င်ဆရာတွေရဲ့ ဖော်ပြမှုတွေကနေတစ်ဆင့် သူ့ရဲ့အကြောင်းကို ပြန်လည် စုစည်းရတာ ဖြစ်ပါတယ်။

    အစ်ဗနေ့ ဖီရ်နက်စ်နောက်ပိုင်းမှာ မွတ်စလင်ရော၊ မွတ်စလင်မဟုတ်သူတွေပါ လေပေါ်ပျံသန်းနိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြပြီး၊ စမ်းသပ်ပျံသန်းမှု တော်တော်များများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ၁၀၀၂ ခုနှစ်မှာ တူရကီ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ အလ်-ဂျူဟာရီ (Al-Juhari) ဟာ သစ်သားနဲ့ ကြိုးတွေအသုံးပြုပြီး ဖန်တီးထားတဲ့ တောင်ပံကိုသုံးကာ အူလူဗလီ (Ulu Mosque) ရဲ့ မင်နာရတ်မျှော်စင်ပေါ်ကနေ ခုန်ချပျံသန်းပြခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ မြေပြင်ပေါ်ပျက်ကျ သေဆုံးခဲ့ပါတယ်။ သက္ကရာက် ၁၁ ရာစု အင်္ဂလိပ် ခရစ်ယာန်ဘုန်းတော်ကြီး အီလ်မာ အော့ဖ် မာလ်မက်စ်ဘူရီ (Eilmer of Malmesbury) ဟာ ၁၀၁၀ ခုနှစ်မှာ တာဝါတစ်ခုပေါ်ကနေ ပျံသန်းပြကာ ပေ ၆၀၀ လောက် အကွာအဝေးကို ရောက်ခဲ့ပေမယ့် အမြီးမပါတဲ့အတွက် တစ်ရှိန်ထိုးပြုတ်ကျကာ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားခဲ့ပါတယ်။

    အဲဒီကြိုးပမ်းမှုတွေနောက်ပိုင်းမှာ လူသားရဲ့ လေကြောင်းသမိုင်းဟာ ခေတ္တငြိမ်သက်ခဲ့ပြီး နာမည်ကျော် ဖလော့ရင့် အနုပညာရှင်နဲ့ သိပ္ပံပညာရှင် လီယိုနာဒိုဒါဗင်ချီရဲ့ လက်ထက်ရောက်မှ ပြန်လည်တစ်ခေတ်ဆန်းခဲ့ပါတယ်။

    လီယိုနာဒို ဒါဗင်ချီဟာ လူသားတွေ ပျံသန်းနိုင်ဖို့ ကြိုးစားမှုမှာ လက်တွေ့ကျတဲ့ သိပ္ပံဆိုင်ရာ အယူဆကို သွတ်သွင်းပေးခဲ့ပါတယ်။ ကိုယ်တိုင် မပျံသန်းခဲ့ပေမယ့် သူဟာ လူတွေရဲ့ ကျောကုန်းမှာ တပ်ဆင်ပျံသန်းရတဲ့ အော်နီသိုပတာလို့ခေါ်တဲ့ ငှက်အတောင်ပံ အပါအ၀င် လေယာဉ်ပျံ၊ ပျံသန်းမှုဆိုင်ရာနဲ့ ဆက်စပ်တဲ့ အကြောင်းတွေကို ပုံတွေ၊ စာတွေနဲ့တကွ တော်တော်များများ ရေးသားခဲ့ပါတယ်။ ဂလိုက်ဒါလို ယာဉ်မျိုး ရေးဆွဲထားတာတွေလည်းရှိပြီး တစ်ချို့က ဒါကို ဟယ်လီကော်ပတာလို့တောင် ခေါ်ဆိုကြပါတယ်။

    ၁၆၆၃ ခုနှစ်မှာ လာဂါရီ ဟာဆန် ဆီလီဗီ (Lagari Hasan Celebi) ဆို့တဲ့ တာ့ခ်လူမျိုးတစ်ယောက်ဟာ လောင်စာအဖြစ် ယမ်းမှုန့် ပေါင် ၃၀၀ ကို အသုံးပြုပြီး လူစီးတဲ့ ဒုံးပျံကို ပထမဆုံး တီထွင်ပစ်လွှတ်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ပန်းချီဆရာတစ်ယောက်က ရေးဆွဲ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ၀ီလီယံ အီး ဘာရိုး (William E.Burrows) က သူ့ရဲ့ The New Ocean: The Story of the First Space Age (သမုဒ္ဒရာသစ် – အာကာသခေတ်သစ်အကြောင်း) စာအုပ်မှာ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

    “လာဂါရီ ဟာဆန် ဆီလီဘီ ဆိုတဲ့ တာ့ခ်လူမျိုးတစ်ယောက်ဟာ ဆူလ်တန် မူရဒ် ၄ (Sultan Murad IV) ရဲ့ သမီး ကာယာ ဆူလ်တန် (Kaya Sultan) မွေးဖွားတဲ့အထိမ်းအမှတ်အဖြစ် ယမ်းမှုန့် ၅၄ ပေါင်ကို အသုံးပြုပြီး ကောင်းကင်ပေါ်ကို ပစ်ဖောက်ခဲ့ပါတယ်။ ဒီဒုံးပျံက ဆီလီဘီကို လေထဲ ခေါ်ဆောင်သွာပြီး ခပ်မြင့်မြင့်ရောက်တဲ့အခါ သူဟာ တောင်ပံတွေကိုဖြန့်ကာ နန်းတော်ရဲ့အရှေ့မှာ အန္တရာယ်ကင်းစွာ ဆင်းပြနိုင်ခဲ့ပါတယ်။ ဆီလီဘီဟာ ရွှေတုံးတစ်အိတ် ဆုလာဘ်အဖြစ် ရခဲ့ပြီး မြင်းတပ်အရာရှိလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ခရိုင်းမီးယားတိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ပြောစမတ်ရှိပါတယ်”

    ၁၇ ရာစုမှာ နောက်ထပ် တာ့ခ်လူမျိုးတစ်ဦးဖြစ်တဲ့ ဟာဇာဖန် အဟ်မဒ် ဆီလီဘီ (Hazaren Ahmed Celebi) ဟာ တောင်ပံမှာ သိမ်းငှက်အမွှေးတွေကိုချည်ကာ ပျံသန်းဖို့ ကြိုးစားခဲ့ပါတယ်။ စမ်းသပ်မှု ၉ ကြိမ်ပြုလုပ်ပြီးနောက်ပိုင်းမှာ တောင်ပံနောက်ဆုံးဒီဇိုင်းကို ဟာဇာဖန်က ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ အကျော်ကြားဆုံး ပျံသန်းမှုက ၁၆၃၈ ခုနှစ် အစ္စတန်ဘူလ်မြို့က ဘော့စ်ပိုရက်စ်ရေလက်ကြားအနီး ဂါလာတာတာဝါက  ပျံသန်းမှုဖြစ်ပြီး ရေလက်ကြားရဲ့တစ်ဖက်ကို အောင်မြင်စွာ ဆင်းပြနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကိုယ့်တွေ့ကြုံခဲ့တဲ့ တူရကီသမိုင်းပညာရှင် အီဗ်လီယာ ဆီလီဘီက ‘နာမည်ကျော် တူရကီ ပျံသန်းရေးသမားဟာ သိန်းငှက်တွေရဲ့ ပျံသန်းမှုကို လေ့လာမှုကနေ ထွက်လာတဲ့ အလ်-ဂျူဟာရီ (Al-Juhari) ရဲ့ တွက်ချက်မှုကို ပြင်ဆင်၊ ချိန်ညှိကာ အသုံးပြုခဲ့ပါတယ်။ ဟာဇာဖန်ဟာ သူ့ရဲ့အောင်မြင်မှုအတွက် လာဘ်လာဘအဖြစ် ရွှေတုံးတော်တော်များများ ရရှိခဲ့ပြီး သူ့ရဲ့ သမိုင်းဝင်ပျံသန်းမှုကို ဂုဏ်ပြုတဲ့အနေနဲ့ တူရကီ စာတိုက်တံဆိပ်ခေါင်းမှာလည်း သူ့ပုံကို ရိုက်နှိပ်ခဲ့ပါတယ်’ လို့ သူ့ရဲ့ A Book of Travel (ခရီးသွားမှတ်တမ်း) မှာ ဖော်ပြထားပါတယ်။

    ဘော့စ်ပိုရက်စ် ရေလက်ကြားကို ဖြတ်ပြီး ပျံသန်းခဲ့ပြီးတဲ့နောက်ပိုင်း မီးပုံးပျံနဲ့ လေပေါ်ပျံမယ့် အစီအစဉ်ကို လူသိရှင်ကြား ဆောင်ရွက်ခဲ့သူကတော့ မွန့်ဂိုလ်ဖိုင်ယာ (Montgolfier) ညီအစ်ကို ဖြစ်ပါတယ်။ သူတို့ရဲ့ ဒီပျံသန်းမှုမှာ သိုးတစ်ကောင်၊ ဘဲတစ်ကောင်နဲ့ ကြက်ဖတစ်ကောင်တို့ကို တင်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သီတင်းပတ်အနည်းငယ်အကြာမှာတော့ သိပ္ပံဆရာတစ်ဦးဖြစ်တဲ့ ဂျန် ဖရန်ကိုအစ် ပီလဲထရီ ဒီ ရိုဇီယာ (Jean Francois Pilatre de Rozier) နဲ့ စစ်တပ်အရာရှိ မားကွစ် ဒီ အာလန်ဒက်စ် (Mrquis d’rlandes) တို့ဟာ မီးပုံပျံနဲ့ ပဲရစ်မြို့ပေါ်မှာ ၉ ကီလိုမီတာ (၅.၆ မိုင်) လောက် ပျံသန်းပြခဲ့ပြီး ကမ္ဘာ့ ပထမဆုံး လေကြောင်းခရီးသွားတွေ ဖြစ်ခဲ့ပါတယ်။

    ၁၉ ရာစု လေကြောင်းနယ်ပယ်မှာ ထင်ရှားသူက ဂျာမန်နိုင်ငံသား အိုတို လီလီယန်သဲလ် (Oto Lilienthal) ဆိုသူဖြစ်ပြီး မြေပြင်က ပင့်တက်အား၊ အသုံးအ၀င်ဆုံး တောင်ပံအကွေးပုံစံ၊ တောင်ပံရဲ့ မတူညီတဲ့ ထောင့်ချိုးတွေကြောင့် ဖိအားပြောင်းလဲပြီး ရွေ့လျားမှု စတာတွေကို လေ့လာခဲ့ပြီး ဒါတွေဟာ လေယာဉ်တစ်ခု တည်ငြိမ်ဖို့အတွက် အရေးကြီးတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ သူ့မှာ လက်နဲ့ ချိတ်လိုက်ရတဲ့ ဂလိုက်ဒါကောင်းကောင်းတစ်ခု ရှိခဲ့ပေမယ့် ၁၈၉၆ ခုနှစ် ဘာလင်က တောင်းကုန်းတွေပေါ်မှာ ပျံသန်းစဉ် လေတစ်ချက်အဝှေ့မှာ ဂလိုက်ဒါက တစ်ရှိန်ထိုး ကျဆင်းပြီး ပြန်မထိန်းချုပ်နိုင်တာကြောင့် ပျက်ကျသေဆုံးခဲ့ပါတယ်။

    ၁၉၀၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ ရိုက်ညီနောင် လုပ်ခဲ့တဲ့ ပျံသန်းမှုဟာ လူတွေသိထားတဲ့ လေကြောင်းသမိုင်းမှာ အကျော်ကြားဆုံး ဖြစ်ပါတယ်။ ၀ီလ်ဘာ ရိုက် (Wilbur Wright) ဟာ အစ်ဗနေ့ ဖီရ်နက်စ်လို ငှက်တွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ ငှက်တွေဟာ ဘေးဟန်ချက် ထိန်းတဲ့အခါမျိုး၊ ဘေးလှည့်တဲ့အခါမျိုးမှာ တောင်ပံကို ကွေးပြီး လှည့်တယ်ဆိုတာ ၀ီလ်ဘာ ရိုက်က သတိထားမိခဲ့ပြီး ဒီလို ရွေ့လျားမှုစနစ် ပါဝင်တဲ့ စွန်တစ်ခုကို တီထွင်ကာ စမ်းသပ်ခဲ့ပါတယ်။

    စက်အားနဲ့သွားတဲ့ လေယာဉ်ကို မတီထွင်ခင်မှာ ရိုက်ညီနောင်ဟာ ဂလိုက်ဒါတွေကို အသုံးပြု ပျံသန်းခဲ့ပြီး ‘မတော်တဆဖြစ်ရပ်မျိုးကို ရှောင်ရှားဖို့၊ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေရဖို့’ ရည်ရွယ်တာဖြစ်ပါတယ်။ လေယာဉ်ကို ကွေ့တဲ့အခါမှာ ပိုမိုညင်သာဖို့အတွက် သူတို့နှစ်ယောက်ဟာ အမြီးပိုင်းနဲ့ တောင်ပံတွေမှာ တက်မတွေ တပ်ဆင်ကာ ပေါင်းစပ်အသုံးပြုတဲ့ အရေးပါတဲ့ နည်းလမ်းတစ်ခုကိုလည်း ဖော်ထုတ် အသုံးပြုနိုင်ခဲ့ပါတယ်။ ၁၉၀၈ ခုနှစ်မှာ ၀ီလ်ဘာ ရိုက်ဟာ ပြင်သစ်မှာ သူတို့ရဲ့လေယာဉ်ပျံကို ပထမဆုံး ပျံသန်းပြခဲ့ပြီး တစ်နှစ်အတွင်း ဟင်နရီ ဖာမန် (Henri Farman) နဲ့ လူးဝစ် ဘလီရီယော့တ် (Bleriot) တို့ကလည်း ပျံသန်းမှုတွေကို တိုးချဲ လုပ်ဆောင်ခဲ့ပါတယ်။

    ဒီလို လေကြောင်းသမိုင်း၊ အာကာသအထိ ခရီးပေါက်မှုတွေဟာ လေပေါ်ပျံတက်ဖို့ဆိုတဲ့ စိတ်ကူးကို သိန်းငှက်အမွှေး၊ ပိုးပိတ်စတွေနဲ့ အကောင်အထည်ဖော်ခဲ့တဲ့ အစ်ဗနေ့ ဖီရ်နက်စ်ဆိုတဲ့ လူတစ်ယောက်ကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  •  ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

     ကြယ်နက္ခတ်လေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၁)

    နိုဝင်ဘာ ၁၇၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda)

    –  စူးစမ်းလေ့လာရေးစင်တာတွေ ပေါများလားမှု၊ ညဖက် ကောင်းကင်ယံကို စိတ်ဝင်စားမှု မြင့်တက်လာတာနဲ့အတူ ၉ ရာစုနဲ့ နောက်ပိုင်း မွတ်စလင်နက္ခတ္တဗေဒပညာရှင်တွေဟာ ကောင်းကင်ယံကြီးကို ထဲထဲဝင်ဝင် လေ့လာစူးစမ်းခဲ့ကြပြီး ကြယ်နက္ခတ်တွေ၊ ကြယ်စင်စုကြီးတွေအကြောင်းကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီလို ဖော်ထုတ်မှုတွေထဲမှာ ၁၀ ရာစု ပါရှန် ပညာရှင်ကြီး အဘ်ဒဲလ် ရဟ်မန် အလ်-ဆူဖီ (Abd al-Rahman) လည်း ပါဝင်ပါတယ်။ အလ်-ဆူဖီဟာ တကယ့်ကို တစ်ဖက်ကမ်းခတ်တဲ့ နက္ခတ္တဗေဒသမားကြီးဖြစ်ပြီး သက္ကရာဇ် ၉၆၄ ခုနှစ်မှာ ကမ္ဘာနဲ့အနီးစပ်ဆုံးဖြစ်တဲ့ ‘အန်ဒရိုမီဒါ ဂလက်ဆီ’ (Andromeda) အကြောင်းကို ရေးသားခဲ့ပြီး ‘တိမ်မရှိတဲ့ ဂလက်ဆီ’လို့ ဖော်ညွှန်းခဲ့ပါတယ်။

    ဒီဖော်ပြချက်ဟာ မိမိတို့ရဲ့ ဂလက်ဆီအပြင်ဘက်က အရာတွေအကြောင်းကို ပထမဆုံးဖော်ပြချက်လည်း ဖြစ်ပါတယ်။ အလ်-ဆူဖီဟာ ကြယ်တွေရဲ့ အနေအထား၊ အရွယ်အစား၊ အရောင်အဆင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကြယ်အစုအဝေးတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ကြယ်အစုအဝေး တစ်ခုချင်းစီအတွက်လည်း ကမ္ဘာကနေ မြင်ရတဲ့ပုံစံ၊ အာကာသကနေ မြင်ရတဲ့ပုံစံ စသဖြင့် နှစ်မျိုး ရေးဆွဲခဲ့ပါတယ်။ အလ်-ဆူဖီဟာ နက္ခတ္တအိမ်မြှောင်နဲ့ သူတို့ရဲ့ အသုံးဝင်ပုံတွေအကြောင်းကိုလည်း ရေးသားခဲ့ပါတယ်။

    ဒီလိုလေ့လာမှုတွေကြောင့် ကြယ်တွေနဲ့ ကြယ်အစုအဝေး တော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ပြီး ဒါတွေအတွက် အခုအချိန်အထိ မူရင်းအာရဘီအမည်တွေကို သုံးစွဲနေကြတုန်းဖြစ်ပါတယ်။ မွတ်စလင် နက္ခတဗေဒပညာရှင်ကြီးတွေဟာ ကြယ်တွေကို နာမည်ပေးတာ၊ အကွာအဝေးသတ်မှတ်တာတွေ လုပ်ကြပြီး ဒီကနေ့မှာ ကြယ်တော်တော်များများကို မူရင်း အာရဘီအမည်ရဲ့ အငွေ့အသက်ပါတဲ့ အမည်တွေနဲ့ အခုအချိန်အထိ ခေါ်ဝေါ်နေကြတုန်း ဖြစ်ပါတယ်။

    မွတ်စလင်ပညာရှင်ကြီးတွေဟာ ကြယ်ပြမြေပုံတွေကိုလည်း တီထွင်ရေးဆွဲခဲ့ကြပြီး ဒါတွေကို ဥရောပနဲ့ အရှေ့တိုင်းမှာ ရာစုနှစ်နဲ့ချီ အသုံးပြုခဲ့ကြပါတယ်။ အာကာသကောင်းကင်ကို ဖော်ကျူးရေးဆွဲမှုတွေဟာ မွတ်စလင်ကမ္ဘာမှာ အနုပညာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ၈ ရာစုက ဆောက်လုပ်ခဲ့တဲ့ ဂျော်ဒန်နန်းတော်ကြီး ‘ကူဆီရ် အမ်ရာ’ (Qusayr’ Amra) ရဲ့ ရေချိုးခန်းအမိုးခုံးမှာ အင်မတန် လက်ရာမြောက်တဲ့ စက်လုံးသဏ္ဍာန် မိုးကောင်းကင်ပြမြေပုံ ရေးချယ်ထားပါတယ်။ အဲဒီရေးဆွဲထားမှုထဲက အကောင်းပကတိအတိုင်းရှိနေတဲ့ အစိတ်အပိုင်းတွေမှာ ကြယ်အစုအဝေး ၃၇ ခုနဲ့ ကြယ်ပေါင်း ၄၀၀ လောက်ကို တွေ့မြင်နိုင်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • စစ်လက်နက်ပစ္စည်းတီထွင်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၀)

    စစ်လက်နက်ပစ္စည်းတီထွင်မှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၆၀)

    အောက်တိုဘာ ၂၈၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – ၁၃ ရာစုက မွတ်စလင်ကမ္ဘာက စစ်ရေးဆွေးနွေးပွဲတွေဟာ တော်တော်လေးကို ခေတ်မီပြီး လက်ပစ်ဗုံး၊ ဆာလဖာဗုံး၊ အမြှောက်၊ ဒုံးကျည်နဲ့ တော်ပီဒိုတွေလို အဲဒီခေတ်က လက်နက်ဆန်းတွေအကြောင်း ပါဝင်ပါတယ်။ စစ်လက်နက် နည်းပညာမှာ အရေးပါဆုံး စာအုပ်တွေထဲကတစ်ခုဟာ ဆီးရီးယားပညာရှင် ဟာဆန် အလ်-ရမ္မာဟ် (Hasan al-Rammah) က သက္ကရာဇ် ၁၂၇၀ လောက်မှာ ရးသားခဲ့တဲ့ Book of Horsemanship and Ingenious War Devices (မြင်းစီးသူရဲအတတ်နှင့် စစ်လက်နက်ပစ္စည်းဆိုင်ရာကျမ်း) ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ဒုံးကျည်အကြောင်း ပထမဆုံး ဖော်ပြထားမှုအပါအ၀င် လက်နက်အသစ်အဆန်း တီထွင်ထုတ်လုပ်မှုကို ပုံတွေနဲ့တကွ ရေးသားထားပါတယ်။ ဟာဆန် အလ်-ရမ္မာဟ်ရဲ့ ဒီစာအုပ်ထဲက ဒုံးကျည်အကြောင်း ရေးသားထားမှုကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီက အမျိုးသား လေကြောင်းအာကာသဆိုင်ရာပြတိုက်မှာ ပြသထားပါတယ်။

    တရုတ်လူမျိုးတွေဟာ ပထမဆုံး ယမ်းမှုန့်ကို တီထွင်ခဲ့တာပါ။ ယမ်းမှုန့်မှာ ပါဝင်ပစ္စည်းဖြစ်တဲ့ ယမ်းစိမ်းကို သူတို့ ထုတ်လုပ်နိုင်ခဲ့ပေမယ့် မီးရှူး၊ မီးပန်းလောက်မှာသာ အသုံးပြုခဲ့ဖွယ်ရှိပါတယ်။ BBC ရဲ့ What the Ancients Did for Us အစီအစဉ်အတွက် စုံစမ်းလေ့လာမှုအရ မွတ်စလင် ဓာတုဗေဒပညာရှင်တွေဟာ စွမ်းအားမြင့် ယမ်းမှုန့်ဖော်မြူလာကို ဖော်ထုတ်ကာ လက်နက်တွေမှာ ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ တွေ့ခဲ့ရပါတယ်။

    ယမ်းမှုန့်ကို မှန်ကန်တဲ့ အချိုးအစားရအောင် မဆောင်ရွက်နိုင်တာ၊ ပိုတက်ဆီယံနိုက်ထရိတ်ကို မသန့်စင်နိုင်တာကြောင့် တရုတ်လူမျိုးတွေဟာ အဲဒါကို ဖောက်ခွဲရေးပစ္စည်းတွေမှာ မသုံးခဲ့ကြပါဘူး။ ၁၄၁၂ ခုနှစ်မှာ Huo Lung Ching ရေးသားပြီး ပေါက်ကွဲစေတတ်မှုအတွက် ယမ်းအချိုးအစားတွေကို အသေးစိတ် ဖော်ပြထားတဲ့ စာအုပ်မထွက်ခင်အထိ ဒါမျိုး မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီအရင် နှစ် ၁၀၀ လောက်ကတည်းက ထွက်ခဲ့တဲ့ ဟာဆန် အလ်-ရမ္မာဟ်ရဲ့ စာအုပ်မှာ ပိုတက်ဆီယမ်နိုက်ထရိတ် သန့်စင်မှုနည်းလမ်းကို ပထမဆုံး ရှင်းပြနိုင်ခဲ့တာ ဖြစ်ပြီး ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ပြုလုပ်နည်း တော်တော်များများကိုလည်း ဒီစာအုပ်မှာ တွေ့ရပါတယ်။

    ဟာဆန် အလ်-ရမ္မာဟ်၏ Book of Horsemanship and Ingenious War Devices ကျမ်းတွင် ဖော်ပြထားသည့် ၁၃ ရာစု စစ်လက်နက်ပစ္စည်းများ

    “Baybars တွေဦးဆောင်တဲ့ အစ္စလာမ့်စစ်တပ်ကြီးတွေဟာ ၁၂၄၉ ခုနှစ် ကျူးကျော်သူ ခရူးဆိတ်သာသနာပြုစစ်သည်တွေနဲ့ စစ်ပွဲမှာ ယမ်းကိုအသုံးပြုနိုင်ခြင်းက အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။ အီဂျစ်က အလ်-မန်ဆူရာဒေသ တိုက်ပွဲမှာ မွတ်စလင်တွေရဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက တော်တော်လေးကြောက်စရာကောင်းကာ၊ စွမ်းအားလည်းပြင်းခဲ့တာကြောင့် ပြင်သစ်စစ်တပ်ကြီး တပ်ဆုပ်ကာ ဘုရင် လူးဝစ် ၈ အဖမ်းခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်” လို့ BBC ရဲ့ What the Ancients Did For Us အစီအစဉ်ကို တင်ဆက်သူ အမာနီဇာအင်က ပြောကြားခဲ့ပါတယ်။

    ၁၅ ရာစုက အော်တိုမန်တွေအသုံးပြုခဲ့တဲ့ အမြှောက်တွေဟာ တော်တော်လေး ကောင်းမွန်ခဲ့ပြီး ၁၈ တန်ရှိတဲ့ အဲဒီ ကြေးအမြောက်ကြီးကို ယူကေက ပို့စ်မောက်မြို့မှာရှိတဲ့ ဖော့တ်နဲလ်ဆင်ပြတိုက်မှာ ပြသထားပါတယ်။ အမြောက်တစ်ခုလုံးရဲ့ အရှည်ဟာ ၁၆ ပေကျော်ရှိပြီး အချင်းက ၂ ပေလောက်ရှိတာကြောင့် သယ်ယူပို့ဆောင်ရာမှာ လွယ်ကူဖို့အတွက် အမြှောက်ကို ၂ ပိုင်းလုပ်ကာ ၀က်အူနဲ့ ဆွဲထားတာ ဖြစ်ပါတယ်။ အမြှောက်ပြောင်းရဲ့ အရှည်က ၁၀ ပေနီးနီးရှိပြီး ယမ်းမှုန့်ထည့်တဲ့အပေါက်က အချင်း ၁ ပေလောက် ရှိပါတယ်။ ဒီအမြှောက်ကြီးမတိုင်မီ ဥရောပမှာ ဖြုတ်လို့၊ တပ်လို့ရတဲ့ အမြှောက်မျိုး ဒီလောက် ကြီးကြီးမားမား မရှိပါဘူး။

    ဒီထူးထူးခြားခြား အမြှောက်ကြီးကို  ၁၄၆၄ ခုနှစ်မှာ ဆူလ်တန် မဟ်မဒ် ၂ (Sultan Mehmed II) ရဲ့အမိန့်နဲ့ သွန်းလုပ်ခဲ့တဖြစ်ပါတယ်။ ဆူလ်တန် မဟ်မဒ်ဟာ စစ်လက်နက်ပစ္စည်း၊ အထူးသဖြင့် အမြှောက်တွေကို အလွန်စိတ်ဝင်စားပြီး ကွန်စတီနိုပယ်ကို ၀ိုင်းတဲ့အချိန်မှာ အရင်က မရှိဖူးသေးဘဲ ပစ်လိုက်ရင် အမြှောက်ဆံ တစ်မိုင်လောက်အထိရောက်မယ့် အမြှောက်ကြီးတစ်ခုကို သွန်းလုပ်ဖို့အတွက် သူ့ရဲ့ လက်နက်ခဲယမ်း ပညာရှင်ကို အမိန့်ပေးခဲ့ပါတယ်။

    ဟာဆန် အလ်-ရမ္မာဟ် တီထွင်ခဲ့သည့် ပထမဆုံး တော်ပီဒို ကားချပ်

     

    အဲဒီအမြှောက်ကြီးကို ရရှိဖို့အတွက် ဗြိတိန်သျှဘုရင်မ ဗစ်တိုးရီးယားဟာ နှစ်ပေါင်း ၆၀ လောက် အော်တိုမန် ပြည့်ရှင်တွေကို စွဲဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အော်တိုမန်ပြည့်ရှင်တစ်ဦးဖြစ်တဲ့ ဆူလ်တန် အဘ်ဒူလ် အဇစ် (Sultan Abdul Aziz) ဥရောပကို သွားရောက်လည်ပတ်တဲ့အခါ ဗစ်တိုးရီးယား ဘုရင်မဟာ ဒီအမြှောက်ရရှိဖို့အတွက် အလ်ဒူလ်အဇစ်ကို နှစ်ကိုယ်ကြား မေတ္တာရပ်ခံခဲ့ပြီး တစ်နှစ်ကြာတဲ့အခါ ဆူလ်တန်ဟာ ဒီအမြှောက်ကို လက်ဆောင်အနေနဲ့ ပေးပို့ခဲ့ပါတယ်။ ဒါဒါနီလက်စ်မြို့ (Dardanelles) ကနေ လန်ဒန်ကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ၁၈၆၈ ခုနှစ်မှာ ဒီ ဆူလ်တန်မဟ်မဒ်အမြှောက်ကို ပို့စ်မောက်ပြတိုက်မှာ စတင်ပြသခဲ့ပါတယ်။ အဲဒီအမြှောက်ကြီးဟာ ‘ဥရောပသမိုင်းမှာ အရေးပါဆုံး အမြှောက်တစ်လက်’ ဖြစ်တဲ့အတွက် ဗစ်တိုးရီးယား ဘုရင်မက လိုချင်ခဲ့တာဖြစ်ပါတယ်။

    မွတ်စလင်တွေဟာ ဒုံးကျည်တွေ၊ ပထမဆုံး တော်ပီဒိုတွေကိုလည်း တီထွင်ထုတ်လုပ်ခဲ့ကြပါတယ်။ အဲဒီဒုံးကျည်ကို ‘အလိုအလျောက်သွားပြီး ပေါက်ကွဲစေတဲ့ ဥကြီး’ လို့ခေါ်တွင်ခဲ့ပါတယ်။ တော်ပီဒိုကတော့ တော်တော်လေး သေသပ်ပြီး ဒုံးကျည်ကိုပဲ ရေပေါ်ရှပ်ပြေးနိုင်အောင် ဖန်တီးထားတာပါ။ ဟာဆန် အလ် ရမ္မာဟ် (Hasan al Rammah) ရဲ့ စာအုပ်ထဲက တော်ပီဒိုလုပ်နည်းမှာ  သံဒယ်အိုးနှစ်ခုကို သက္ကလပ်စနဲ့ တင်းနေအောင်ချည်ကာ အဖျားမှာ လှံပုံသဏ္ဍာန် အချွန်လုပ်ထားပါတယ်။ အထဲမှာ ယမ်းစိမ်းပါဝင်တဲ့ ပေါက်ကွဲစေတဲ့ ဒြပ်ပေါင်းကို ထည့်သွင်းပြီး အနောက်ဖက်မှာ သစ်သားချောင်းနှစ်ခုနဲ့ အမြီးပုံစံလုပ်ကာ ဒုံးကျည်နဲ့ တွန်းအားပေးပြီး ရွေ့လျားစေတာပါ။ တော်ပီဒိုရဲ့ ထိပ်ပိုင်းကအချွန်ဟာ ရန်သူ့သင်္ဘောရဲ့ ကိုယ်ထည်ထဲကို စိုက်ဝင်ပြီး တော်ပီဒိုကို မြဲနေအောင်လုပ်ဖို့ ရည်ရွယ်ပုံရပါတယ်။

    ယမ်းမှုန့် လုပ်နည်း

    ပို့စ်မောက်ပြတိုက်ရှိ မဟ်မဒ် အမြှောက်

    ယမ်းမှုန့်လုပ်တော့မယ်ဆိုရင် သန့်ရှင်းခြောက်သွေ့တဲ့ ယမ်းစိမ်းနဲ့ မြေကရားနှစ်ခု လိုအပ်ပါတယ်။ ယမ်းစိမ်းကို မြေကရားတစ်ခုထဲမှာထည့်ပြီး ယမ်းစိမ်းမြုပ်သွားအောင် ရေထည့်ပါ။ ကရားနွေးအောင် မီးအေးအေးနဲ့ အပူပေးပြီး ရေပ်ါတက်လာတဲ့ အညစ်အကြေးတွေကို ခပ်ထုတ်ပါ။ ဒီအရည် ကြည်တောက်သွားတဲ့အထိ မီးထပ်မြှင့်ပါ။ အဲဒီနောက်မှာ အခြား ကရားတစ်ခုထဲကို အနည်မရှိတော့တဲ့ အဲဒီယမ်းစိမ်းရည်ပြောင်းထည့်ပြီး မီးအေးအေးနဲ့ ခဲသွားတဲ့အထိ အပူပေးပါ။ အဲဒီနောက်မှာတော့ အခဲကို မှုန့်ညက်နေအောင် ထောင်းလိုက်ရင် ယမ်းမှုန့်ရပါပြီ။

    (ဟာဆန် အလ်-ရမ္မာဟ်၏ ၁၄ ရာစု လက်နက်ခဲယမ်းစာအုပ်မှ ယမ်းမှုန့်လုပ်နည်း)

     

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • လကမ္ဘာလေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၉)

    လကမ္ဘာလေ့လာမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၅၉)

    အောက်တိုဘာ ၁၃၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)

    – ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ‘အပိုလို ၁၁’ အာကာသယာဉ် လမျက်နှာပြင်ပေါ်ကို ဆင်းသက်ခဲ့ပြီး နီးလ်အမ်းစထရောင်းဟာ လကမ္ဘာပေါ်မှာ ခြေချနိုင်တဲ့ ပထမဆုံး လူသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမ်းစထရောင်း ဒီလိုခြေမချနိုင်ခင်၊ အားလုံးအမှတ်ရနေမယ့်စကားတွေ မပြောနိုင်ခင် အချိန်တော်တော်ကြာကြာ အရင်ကတည်းက မွတ်စလင်ပညာရှင်ကြီးတွေဟာ ကမ္ဘာရဲ့ အနီးကပ်ဆုံး ဒီဂြိုဟ်ကြီးကို စူးစမ်းလေ့လာခဲ့ကြပါတယ်။

    ‘ဟစ်ဂ်ျရီ’ လို့ ခေါ်တဲ့ အစ္စလာမ့်ပြက္ခဒိန်ဟာ လရဲ့ လည်ပတ်မှုကို အခြေခံတာကြောင့် မွတ်စလင်တွေအတွက် လဟာ တော်တော်လေးကို အရေးပါပါတယ်။ ဒါပေမယ့် သူတို့ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက တစ်လကို ၂၉.၅ ရက်နဲ့ အဆုံးသတ်တဲ့ လပြက္ခဒိန်ဟာ နေပြက္ခဒိန်ဖြစ်တဲ့ တစ်နှစ်ကို ၃၆၅ ရက်နဲ့ မကိုက်ညီတာပါ။ လ ပြက္ခဒိန်ရဲ့ ၁၂ လကို ပေါင်းလိုက်ရင် ၃၅၄ ရက်ပဲ ရပါတယ်။

    ခရစ်ယာန်နဲ့ ဂျူးတွေဟာလည်း ဒီပြဿနာမျိုး ကြုံရပါတယ်။ သူတို့က ဘီစီ ၄၃၀ မှာ အေသင်က နက္ခတ္တဗေဒပညာရှင် မီတန် (Meton) ရဲ့ ရှာဖွေတွေ့ရှိမှုကို အခြေခံထားတဲ့ နည်းလမ်းတစ်ခုကို လက်ခံသုံးစွဲခဲ့ပါတယ်။ မီတန်က ၁၉ နှစ် ပါဝင်တဲ့ ရာသီစက်ဝန်းတစ်ခု (Metonic Cycle) ကို ဖော်ဆောင်ခဲ့ပြီး အဲဒီမှာ ၁၂ လပါဝင်တဲ့ နှစ် ၁၂ နှစ် ၁၃ လပါဝင်တဲ့ နှစ် ၇ နှစ် သတ်မှတ်ခဲ့ပါတယ်။ ၁၃ လဆိုတာ ရာသီတွေနဲ့ ကိုက်ညီအောင် တစ်လပိုထည့်ထားတာ ဖြစ်ပါတယ်။

    မွတ်စလင်တွေကလည်း စောစောပိုင်းက ဒီရာသီစက်ဝန်းကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ချို့ ကျင့်ဝတ်မရှိတဲ့ အုပ်ချုပ်သူတွေက သူတို့ရဲ့အကျိုးကိုလိုက်ပြီး ၁၃ လကို တစ်နှစ် သတ်မှတ်တာမျိုး ဖြစ်လာတာကြောင့် သက္ကရာဇ် ၆၃၄ ခုနှစ်ကစပြီး အစ္စလာမ့်အင်ပါယာကို ၁၀ နှစ်တိုင်တိုင် အုပ်စိုးခဲ့တဲ့ ခလီဖာ အိုမရ် အစ်ဗနေ့ အလ်-ခသာ့ဘ် (Umar ibn al-Khattab) လက်ထက်မှာ ဟစ်ဂ်ျရီသက္ကရာဇ်ကို စတင်အသုံးပြုခဲ့ပြီး ဒီနေ့အချိန်အထိ အစ္စလာမ့်မစ်နိုင်ငံတွေမှာ သုံးစွဲနေဆဲ ဖြစ်ပါတယ်။

    ဟစ်ဂ်ျရီသက္ကရာဇ်ဟာ လရဲ့ လည်ပတ်မှုကိုလိုက်ပြီး တွက်ချက်တာကြောင့် နေနှစ်ထက် တစ်နှစ်ကို ၁၁ ရက်နည်းပါတယ်။ ရမ်ဇာန်ဥပုသ်လလို လမျိုးဟာ တစ်နှစ်ပတ်လုံးမှာ လည်ပတ်ကျရောက်နေတတ်ပြီး နောက်နှစ် ရမ်ဇာန်ဥပုသ်လဟာ လက်ရှိနှစ်ထက် ၁၁ ရက်စောပြီး ကျရောက်ပါတယ်။ ရမ်ဇာန် ဥပုသ်လ်တစ်လရဲ့ ရက်အတိအကျဟာ နေနှစ် ၃၃ နှစ်ကြာပြီးမှ တစ်ကြိမ်ပြန်ကျပါတယ်။

    အစ္စလာမ့်ပြက္ခဒိန်မှာ လတွေကို ဆန်းဦးစလကို မြင်တွေ့မှ စတင်တာကြောင့် ရမ်ဇာန်ဥပုသ်လ စတင်မယ်ဆိုရင် ဆန်းဦးစလကို မြင်တွေ့ဖို့ လိုပါတယ်။

    ဘယ်အချိန်မှာ ဆန်းဦးစလ ထွက်မယ်ဆိုတာကို ခန့်မှန်းရတာဟာ မွတ်စလင် နက္ခတ္တဗေဒ ပညာရှင်တွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ လရွေ့လျားမှုနဲပတ်သက်တဲ့ တော်လမီရဲ့ သီအိုရီဟာ လဆန်းပေါ်ထွက်မှုအတွက် တိကျပေမယ့် လကြတ်မှု၊ လလှည့်ပတ်မှု စတာတွေနဲ့ ပတ်သက်ပြီး မှန်ကန်မှုမရှိပါဘူး။

    ဆန်းဦးစလ ထွက်မယ့်အချိန်ကို တွက်ချက်ဖို့အတွက် မိုးကုပ်စက်ဝိုင်းမှာ လရဲ့ ရွေ့လျားမှုကို လေ့လာဖို့ လိုအပ်တယ်ဆိုတာကို မွတ်စလင်ပညာရှင်ကြီးတွေက သိရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စဟာ စက်လုံးဆိုင်ရာ ဘူမိဗေဒ ဒါမှမဟုတ် စက်လုံးတစ်ခုရဲ့ မျက်နှာပြင်နဲ့ပတ်သက်တဲ့ ဂျီသြမေတြီကို ဆန်းသစ်ဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ စက်လုံးဆိုင်ရာ ဂျီသြမေတြီပညာရပ်ကို ပထမဆုံး ဖော်ထုတ်ခဲ့သူက ၉ ရာစု ဘဂ္ဂဒတ်မှာ ကျော်ကြားခဲ့တဲ့ မွတ်စလင်ပညာရှင် အလ်-ကင်ဒီ (Al-Kindi) ဖြစ်ပြီး သူရဲ့ နက္ခတ္တဗေဒဆိုင်ရာ လေ့လာမှုတွေမှာ ဒီပညာရပ်ကို ထဲထဲဝင်ဝင် သုံးစွဲခဲ့ပါတယ်။

    အလ်-ကင်ဒီ

    စက်လုံးဆိုင်ရာ ဂျီသြမေတြီပညာရပ်ဟာ မွတ်စလင်တွေ ၀တ်ပြုတဲ့အခါ မျက်နှာမူရာအရပ် ‘ကစ်ဘလာ’ ကို ရှာဖွေရာမှာလည်း လိုအပ်ခဲ့ပြီး ကမ္ဘာ့ ဘယ်နေရာကနေမဆို ကစ်ဘလာရှာနိုင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့သူက မွတ်စလင်ပညာရှင်ကြီး အလ်-ဘီရူနီ (Al-Biruni) ဖြစ်ပါတယ်။ အလ်-ဘီရူနီဟာ အရာအားလုံးကို ထဲထဲဝင်ဝင် လေ့လာသူဖြစ်ပြီး သူ့ခေတ်သူ့အခါရဲ့ လီယိုနာဒို ဒါ ဗင်ချီ (Leonardo da Vinci ) လို့ သမုတ်ခံရသူပါ။ လနဲ့ပတ်သက်လို့ သက္ကရာဇ် ၉၉၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ အလ်-ဘီရူနီဟာ ဒီနေ့ ဥဇဘက်ကစ္စတန်မှာရှိနေတဲ့ ကက်သ်မြို့ (Kath) မှာ နေကြတ်မှုကို တွက်ချက်ပြနိုင်ခဲ့ပါတယ်။ ဒီနေကြတ်မှုကို ဘဂ္ဂဒတ်ကနေလည်း တွေ့မြင်ခဲ့ရပြီး ဘဂ္ဂဒတ်မှာ သွားကြည့်ဖို့ကိုတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် နက္ခတ္တဗေဒပညာရှင် အဘူ အလ်-၀ါဖာ အလ်-ဘူဇ်ဂျာနီ (Abu Al-Wafa al-Buzjani) ကို စီစဉ်ပေးခဲ့ပါတယ်။ ဒီနေကြတ်မှုအချိန်ကို နှိုင်းယှဉ်ပြီးတော့ သူတို့နှစ်ဦးဟာ မြို့တွေ့ရဲ့ မတူညီတဲ့ လောင်ဂျီကျုတွေကို ဖော်ထုတ်သတ်မှတ်နိုင်ခဲ့ပါတယ်။

    အလယ်ခေတ်တုန်းက လကြည့်ဖို့နဲ့ လ၀င် လထွက် မှတ်တမ်းတင်ဖို့ဟာ တကယ့်ကို ဂရုတစ်စိုက် လုပ်ကြရတဲ့အလုပ်မျိုး ဖြစ်ပြီး လေ့လာလို့မကုန်နိုင်တဲ့ ရင်းမြစ်ကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီလို လေ့လာမှုကနေတစ်ဆင့် မွတ်စလင်ပညာရှင်ကြီးတွေဟာ လရဲ့ ရွေ့လျားမှုကို ဖော်ထုတ်နိုင်ခဲ့ပြီး အရာအားလုံးဟာ အစီအစဉ်အတွင်း သွားလာလှုပ်ရှားနေကြတယ်ဆိုတဲ့ သူတို့ရဲ့ အယူအဆလည်း ပိုမို ခိုင်မာလာခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေကနေ ဟစ်ဂ်ျရီပြက္ခဒိန်ကို တည်ဆောက်အသုံးပြုခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၁၄၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်