News @ M-Media

Tag: 1001-inventions

  • ဆင်နာရီ နှင့် တီထွင်သူ အစ္စလာမ့်ရွှေခေတ် မွတ်စလင် အင်ဂျင်နီယာ အယ်လ်ဂျဇာရီ (Al-Jazari)  အကြောင်း

    ဆင်နာရီ နှင့် တီထွင်သူ အစ္စလာမ့်ရွှေခေတ် မွတ်စလင် အင်ဂျင်နီယာ အယ်လ်ဂျဇာရီ (Al-Jazari) အကြောင်း

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    al-jazari-ilustrasi-_120727200131-306
    အယ်လ်ဂျဇာရီ (Al-Jazari) ဟာ အစ္စလာမ့်ရွှေခေတ်အတွင်းမှာနေထိုင်ခဲ့တဲ့ အာရဗ် မွတ်စလင် ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အင်မတန်ဗဟုသုတ နှံ့စပ်သူလည်းဖြစ်ပါတယ်။ ခရစ်နှစ် (၁၁၃၆) ခုနှစ်မှာ ဂျဇီရတ် မြို့မှာ မွေးဖွားခဲ့လို့ မြို့နာမည်ကို အစွဲပြုပြီး သူ့ကို အယ်လ်ဂျဇာရီလို့ခေါ်တာဖြစ်ပါတယ်။ သူဟာ စွမ်းရည်အမျိုးမျိုးရှိတဲ့ ကျော်ကြားတဲ့ပညာရှင်ဖြစ်တဲ့အပြင် တစ်ပြိုင်တည်းမှာ ကျွမ်းကျင်တဲ့ တီထွင်ပညာရှင်၊ အနုပညာရှင်၊ လက်မှုအတတ်ပညာရှင် နဲ့ အင်ဂျင်နီယာ ပညာရှင်လည်းဖြစ်ပါတယ်။ သူနဲ့ပတ်သတ်လို့ သူကိုယ်တိုင်ရေးခဲ့တဲ့ စာအုပ်တွေကတစ်ဆင့်သာသိရှိရပြီး အခြားကသိပ်မသိရပါ။ သူဟာ ဖခင်ခြေရာကို နင်းပြီး ဘုရင့်နန်းတော်မှာ အင်ဂျင်နီယာချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

    အယ်လ်ဂျဇာရီဟာ ထက်မြတ်တဲ့ စက်ယန္တရား အင်ဂျင်နီယာပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဆန်းပြားတဲ့ စက်ပစ္စည်းတွေ ဒါဇင်နဲ့ချီပြီး တီထွင်ခဲ့ပါတယ်။ သူ့ရဲ့ တီထွင်မှုတိုင်းလိုလိုကို အံ့သြဖွယ်ဖြစ်အောင် ခမ်းခမ်းနားနားမွမ်းမံခြယ်လှယ်ထားလေ့လည်းရှိပါတယ်။ သူဟာ စက်ပစ္စည်းပေါင်း အမျိုး (၅၀) ကျော်ကို ဒီဇိုင်းဖန်တီးခဲ့တယ်။ အဲ့ဒီထဲမှာ နာရီတွေ၊ ရေပန်းတွေ၊ အလိုအလျှောက် လက်ဆေးစက်တွေ၊ ဂီတ တူရိယာတွေ၊ ရေတင်တဲ့စက်တွေ စတာတွေ ပါဝင်ပါတယ်။ သူ့ရဲ့ နာမည်ကျော် “ဆန်းပြားသည့်စက်ပစ္စည်းများ၏ အသိပညာကျမ်း” (“The Book of Knowledge of Ingenious Mechanical Devices”) ကို ခရစ်နှစ် (၁၂၀၆) ခုနှစ်မှာ ရေးသားခဲ့ပြီး ဖျော်ဖြေရေးနဲ့ဆိုင်တဲ့ စက်ပစ္စည်းတွေအကြောင်းအများအပြားပါရှိပါတယ်။

    သူ့ရဲ့စာအုပ်ထဲမှာ စက်ပစ္စည်းတစ်ခုချင်းစီအလိုက် အဆင့်ဆင့်တည်ဆောက်ပုံကို အသေအချာမှတ်တမ်းတင်ထားပါတယ်။ အယ်လ်ဂျဇာရီရဲ့ စာအုပ်တွေဟာ အစောပိုင်း မွတ်စလင် အင်ဂျင်နီယာပညာ အတွက် အဖိုးမဖြတ်နိုင်တဲ့ မှတ်တမ်းတွေဖြစ်ခဲ့ပါတယ်။ သူ့စာအုပ်တွေတမူ ထူးခြားပြီး အောင်မြင်ရတဲ့အကြောင်းအရင်းကတော့ သူဟာ စက်ပစ္စည်းတစ်ခုချင်းစီရဲ့ တည်ဆောက်ပုံကို အသေးစိတ် ညွှန်ကြားချက်တွေနဲ့တိတိကျကျ  မှတ်တမ်းတင် ထားတာကြောင့်ပဲဖြစ်ပါတယ်။ နောက်ပိုင်းလက်မှုပညာရှင် တွေဟာ သူ့စာအုပ်တွေကတစ်ဆင့် သူ့ရဲ့ကျွမ်းကျင်တဲ့ စွမ်းရည်အကျိုးကျေးဇူးကို ခံစားခဲ့ရပါတယ်။ သူတီထွင်ခဲ့တဲ့အထဲက တန်ဖိုးကြီးလှတဲ့ တီထွင်မှု တစ်ခုကတော့ မြို့အနှံ့ကို ရေပေးဝေတဲ့ စနစ်ပဲဖြစ်ပါတယ်။ အဲ့ဒီ စနစ်ဟာ ရေအားနဲ့ လည်ပတ်တာဖြစ်ပါတယ်။ အဲ့ဒီမှာ မြစ်တွေ ကန်တွေက ရေကို ဂီယာကြိုးတွေတပ်ဆင်ထားပြီး ကဲ့ယူတဲ့ခွက်တွေပါဝင်တဲ့ ဘီးကြီးတွေလည်ပတ်ရာကာနေ ရေကို အပေါ်တင်ပြီး ဗလီတွေ ဆေးရုံတွေကို ရေဖြန့်ဖြူးပေးပါတယ်။ အယ်လ်ဂျဇာရီ ဟာ ရေအားနဲ့လည်ပတ်တဲ့ စက်ရုံတွေ၊ ရေကဲ့ခွက်တွေပါတဲ့ ဘီးတွေ နဲ့ ရေတင်တဲ့စက်တွေအမျိုးအစားပေါင်း (၅) မျိုးလောက်ကို တီထွင်ခဲ့ပါတယ်။

    the_elephant_clock_by_nayzak-d4w9vr1

    အယ်လ်ဂျဇာရီ တီထွင်ခဲ့တဲ့ စက်ပစ္စည်းတွေဟာ ခေတ်မီလှလို့ (၈) ရာစုတီထွင်ခဲ့တယ်လို့ဆိုရင် ယုံဖို့တောင်ခက်နေပါလိမ့်မယ်။ သူဟာ သောက်စရာအအေးကို အလိုအလျှောက်လာချပေးနိုင်မယ့်စက်တွေ၊ လက်အလိုအလျှေက်ဆေးပေးမယ့် စက်တွေ၊ ဝူဇူ (မွတ်စလင်များ ဝတ်ပြုမှု မပြုလုပ်ခင် ကိုယ်လက်သန့်စင်ခြင်း) ပြုလုပ်ဖို့ အတွက် ရေပန်းစတာတွေ ကို တီထွင်ခဲ့ပါတယ်။ နောက်တခြား စက်ပစ္စည်းတွေဖြစ်တဲ့ ဂီတဖျော်ဖြေရေး စက်ရုပ်တွေ နဲ့ နာရီအမျိုးမျိုး ပါဝင်ပါတယ်။ အဲ့ဒီထဲက သူတီထွင်ခဲ့တဲ့ ဆင်နာရီမှာ အလိုအလျှောက်အချိန်ကိုပြောပြတဲ့ စနစ်ပါဝင်ပါတယ်။ ဒါ့အပြင် ဒီနာရီရဲ့တည်ဆောက်ပုံဟာ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်သာသနာရဲ့ တန်းတူညီမျှမှုသဘောတရား၊ တစ်ကမ္ဘာလုံးနဲ့ သဟဇာတဖြစ်နိုင်တဲ့ အစ္စလာမ်သာသနာရဲ့ သဘာဝကို ဖော်ပြထားပါသေးတယ်။ ဒီ ဆင်နာရီမှာဆိုရင် သူဟာ အိန္ဒိယ ဆင်၊ တရုတ်မြွေနဂါး၊ အာရဗ် ဗိသုကာ ပုံစံ၊ ဂရိတွေရဲ့ ရေကိုအသုံးချပုံ ၊ ကမ္ဘာ့လူမျိုးအားလုံးရဲ့ ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်ပြီး အစ္စလာမ့်ရွှေခေတ်ရဲ့ ခမ်းနားထည်ဝါကြွယ်ဝမှုကို ပုံဖော်ပြခဲ့ပါတယ်။ (ဆင်နာရီ တည်ဆောက်ပုံမြန်မာ စာတမ်းထိုးဖြင့်ကြည့်) အယ်လ်ဂျဇာရီရဲ့ ထူးကဲတဲ့စွမ်းရည်ဟာ ယနေ့အထိ သူလုပ်ကိုင်ခဲ့တဲ့ပစ္စည်းတွေမှာ ထင်ဟပ်လျှက်ရှိပြီး ယနေ့တိုင်လေးစားရတဲ့ မွတ်စလင် အင်ဂျင်နီယာပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

    နိုင်မြတ်ဇော် တင်ဆက်သည်။
    ဗီဒီယို စာတန်းထိုး- Zero

  • ပုံနှိပ်တော်လှန်ရေး အစပျိုးရာ စက္ကူ စက်ရုံများ၏ မူလဇစ်မြစ်

    ပုံနှိပ်တော်လှန်ရေး အစပျိုးရာ စက္ကူ စက်ရုံများ၏ မူလဇစ်မြစ်

    စက်တင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    The Beginning of the Paper Industryစက္ကူကို တရုတ်ပြည်မှ မွတ်စ်လင်မ်တို့က စတင်ဖော်ဆောင်လာခဲ့ခြင်းဖြစ်သည်။ အေဒီ (၇၅၁)ခုနှစ်က တရုတ်နှင့် မွတ်စ်လင်မ်တို့ အကြားဖြစ်ပွားသော Tallas စစ်ပွဲနောက်ပိုင်း တရုတ် အကျဉ်းသားများက စက္ကူပြုလုပ်နည်းကို မွတ်စ်လင်မ်တို့ထံ ပြောပြခဲ့ကြသည်။ မွတ်စ်လင်မ်တို့က အတတ်ပညာ တစ်ရပ်မှသည် လုပ်ငန်းကြီး တစ်ခုသို့ အဆင့်မြင့်တင်ခဲ့သည်။ စက္ကူထုတ်အလုပ်ရုံငယ်များ မွတ်စ်လင်မ်ကမ္ဘာ အနှံ့ များပြားစွာ ဖြစ်ထွန်းလာရာ မွတ်စ်လင်မ်တို့၏ စက္ကူ ထုတ်လုပ်ခြင်း သြဇာက ပုံနှိပ်တော်လှန်ရေး အတွက် လမ်းခင်းပေးခဲ့ခြင်းဖြစ်သည်။

    တရုတ်များက ပိုးစာပင် သစ်ခေါက်ကို အသုံးပြုခဲ့ကြသည်။ ယင်းနေရာတွင် မွတ်စ်လင်မ်တို့က လျှော်ချည်ဖြင့် ယက်လုပ်သောပိတ်ကို အစားထိုး အသုံးပြုလိုက်သည်။

    ပိတ်စ အ၀တ်စုတ်များကို ပြုတ်လိုက်ခြင်းဖြင့် အယ်လ်ကာလီ အကြွင်းအကျန်များ၊ ဖုန်အညစ်အကြေးများ သန့်စင်သွားသည်။ ၎င်းနောက် ယင်း အ၀တ်စုတ်များကို တူလေးများဖြင့် ရိုက်ကာ ပျော့ဖတ်အသွင် ဖြစ်စေသည်။ ထိုနည်းမှာ မွတ်စ်လင်မ်တို့မှ တီထွင်လိုက်သော မွမ်းမံ နည်းလမ်း တစ်ရပ်ဖြစ်၏။

    စက္ကူထုတ် အလုပ်ရုံ အများအပြားကို ဘဂ္ဂဒက်တွင် တည်ဆောက်ခဲ့ကြသည်။ ထိုမှတဆင့် ကမ္ဘာ့နေရာ အသီးသီးသို့ ယင်းလုပ်ငန်း ပြန့်ပွား သွားသည်။ ဒမတ်စကပ်တွင် စက္ကူစက်ရုံများကို တည်ဆောက်ပြီး ဥရောပသို့ အဓိကတင်ပို့ခဲ့သည်။ နောင်သော် ဥရောပ၌ ကုန်ထုတ်လုပ်ငန်း တိုးတက်လာပြီး စက္ကူများကို ပိုမို များပြားစွာ၊ ဈေးနှုန်းချိုသာစွာ၊ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်လာကြသည်။

    စက္ကူထုတ်လုပ်ရေးနည်းပညာမှာ အီရတ်၊ ဆီးရီးယားနှင့် ပါလက်စတိုင်းတွင် ပထမဦးဆုံး ထွန်းကားသည်။ ထို့နောက် အနောက်တိုင်းသို့ ပျံ့နှံ့ခဲ့သည်။ အာဖရိကတိုက်ရှိ ပထမဆုံး စက္ကူစက်ရုံကို အီဂျစ်၌ (၉၅၀)ခုနှစ်ဝန်းကျင်က တည်ထောင်သည်။ မော်ရိုကိုတွင် တည်ထောင်သော စက္ကူစက်ရုံမှတဆင့် စပိန်သို့ (၉၅၀)ခုနှစ်တွင် စက္ကူများ စတင်ရောက်ရှိသည်။ စပိန်နှင့် စစ္စလီမှ တဆင့် စက္ကူထုတ်လုပ်ခြင်း အတတ်ပညာမှာ စပိန်နှင့်အီတလီရှိ ခရစ်ယာန်တို့ထံ ပျံ့နှံ့သွားသည်။ အနောက်တိုင်း ခရစ်ယာန်လောက၌ ပထမဆုံး စက္ကူနှင့်ရေးသားပြုစုသော စာအုပ်မှာ (၁၂)ရာစုအလယ်လောက်က ကလောင်ရှင် Theophilus Presbyter ၏ “The Art of the Painter” ဖြစ်သည်။ ဘိုလော့ဂ်နာတွင် ပထမဆုံး စက္ကူစက်ရုံကို (၁၂၉၃)ခုနှစ်တွင် တည်ဆောက်သည်။ အင်္ဂလန်တွင် စက္ကူကို (၁၂၉၃) ခုနှစ်တွင် စတင်အသုံးပြုသည်။ (စက်မှုမထွန်းကားသည့်) အလယ်ခေတ် ကာလ ကျော်လွန် သွား ခဲ့သော်လည်း ဂျာမဏီ၌ (၁၄)ရာစုနှောင်းပိုင်းမှသာ အသုံးပြုသည်။ စက္ကူကို အများဆုံးနှင့်အဓိက ထုတ်လုပ်သည့် နေရာဌာနများမှာ အီတလီမြောက်ပိုင်း ဖြစ်ခဲ့သည်။

    ယနေ့ကာလ၌ စက္ကူကို သာမန် ပစ္စည်းအသွင်သာ မြင်နေရသော်လည်း ၎င်းအားအသုံးပြုမှုသည် ခေတ်သစ်လူ့ယဉ်ကျေးမှု၏ အခြေခံ အုဋ်မြစ် ဖြစ်ပါသည်။ Pedersen ၏ စကားဖြင့်ဆိုရလျှင် ဤကုန်ပစ္စည်းသစ်အား အသုံးပြုခြင်း၊ ကျယ်ပြန့်စွာထုတ်လုပ်ခြင်း၊ ထုတ်လုပ်ရေး နည်းလမ်းကို အဆင့်ဆင့် စနစ်ကျအောင် မြင့်တင်ခြင်းက – မွတ်စ်လင်မ်တို့သည် အစ္စလာမ့် ကျမ်းဂန်သမိုင်း သာမက ကမ္ဘာတစ်ခွင်ရှိ ကျမ်းစာအုပ်များ အတွက် မရှိမဖြစ် အရေးပါလှသော ပြီးပြည့်စုံသည့် အားထုတ်မှုတစ်ရပ်ကို ဆောင်ကြဉ်းဖြည့်ဆည့်ပေးခဲ့ သူများဖြစ်ကြောင်း ပြသနေပေသည်။

    မွတ်စ်လင်မ်တို့၏ စက္ကူ ထုတ်လုပ်ရေး အစပျိုး တီထွင်မှု အကျိုးတရားက ပုံနှိပ်စက် တီထွင်ခြင်းအတွက် လမ်းကြောင်းပေး လိုက်သော တော်လှန်ရေး တစ်ရပ်ကို မငြင်းသာအောင် ထင်ရှားစွာ ဖော်ဆောင်ပေးလိုက်ခြင်း ဖြစ်ပါတော့သည်။

    Ref : Muslim Heritage

    The Foundation for Science, Technology and Civilisation (FSTC) ၏ The Beginning of the Paper Industry ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

  • နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့်  မွတ်စ်လင်မ့် အမွေအနှစ်မှ အားကစားများ

    နှစ်တစ်ထောင်ကျော် မေ့လျော့ခံရသည့် မွတ်စ်လင်မ့် အမွေအနှစ်မှ အားကစားများ

    စက်တင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media

    ပရော်ဖက်ဆာ စာလင်မ် အလ်ဟတ်ဆာနီက (Spring 2012 Runnymede Bulletin – Sport) မှာ “မွတ်စ်လင်မ့်အမွေအနှစ်မှ အားကစားများ”ဆိုပြီး ဆောင်းပါးတို တစ်ပုဒ် ရေးသားခဲ့တယ်။ ဥရောပမှာ အမှောင်ခေတ်ဖြစ်ဆဲအချိန် အစ္စလာမ်ကမ္ဘာမှာတော့ အနုပညာ၊ သိပ္ပံနဲ့ အားကစားကဏ္ဍမှာ ရွှေခေတ်ရောက်ရှိနေခဲ့ကြောင်း အဲ့ဒီထဲ တခုတ်တရ ထည့်ရေးထားပါတယ်။ ဒီကာလရှည်ကြီး အတွင်း ဂန္ထ၀င် အစ္စလာမ့်လောကထဲမှာ အရဗီလို ရိယာဇာ လို့ခေါ်တဲ့ အားကစား အမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေခဲ့ပြီး ဒီအစဉ်အလာဟာ လက်ရှိ အချိန်ထိ ပျိုးထောင်စီးမျောလာခဲ့ပါတယ်။

    ဒါဟာ မွတ်စ်လင်မ်၊ တရုတ်နဲ့ အိန္ဒိယက ခရစ်သက္ကရာဇ် ၇၀၀ က ၁၇၀၀ ကာလ နှစ်တစ်ထောင်ဝန်းကျင် လူ့ယဉ်ကျေးမှုအတွင်း လူတို့မေ့လျော့ထားတဲ့ကိစ္စ တစ်ရပ် ဖြစ်နေတယ်။ ယနေ့ ကျွန်တော်တို့ရဲ့ပညာရေး စနစ်ဟာ အမှောင်ခေတ်၊ အလယ်ခေတ်က ဥရောပတိုက်ရဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သချာင်္ပညာရပ်တွေကို လျစ်လျူရှုပြီးသကာလ ရောမနဲ့ဂရိက ဥရောပပညာတန်ဆောင်ခေတ်ဆီ ခုန်ပေါက်ပြီး ကြည့်နေကြတယ်။ ဥရောပယဉ်ကျေးမှုတစ်ဖက်မှာ ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေ၊ တီထွင်ချက်တွေကို ဥပေက္ခာပြုထားကြပါတယ်။

     

    1000_Years_Amnesia
    ဇွတ်အတင်းမေ့ဖျောက်ခြင်းနှင့် မေ့လျော့အောင်ကြံဆောင်ခြင်း ပုံပြချက်

    ဒီလို လုပ်ဆောင်ချက်ကြောင့် ဥရောပလက္ခဏာထဲ အကဲလွန်အရှုပ်အထွေး၊ အခြားလက္ခဏာတွေထဲ အဆင့်လျှော့အရှုပ်အထွေးကို ကြီးမားစေသော ပြဿနာဖြစ်လာစေ ပါတယ်။ ဒီ ပုံပြချက်က ပြဿနာကို ရှင်းလင်းထားပြီး ဖြေရှင်းသင့်ပုံကိုပါ တင်ပြထားပါတယ်။ နှစ်ပေါင်း (၁၀၀၁)နှစ် လစ်ဟာမှုကို တွေ့ရမှာဖြစ်သလို အဲ့ဒီကွက်လပ်မှာ တရုတ်၊ ပါးရှန်း၊ အိန္ဒိယနဲ့ မွတ်စ်လင်မ့်ယဉ်ကျေးမှုတွေကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။

    ယဉ်ကျေးမှုချင်း အပြန်အလှန် ထိထိရောက်ရောက်လေးစားရေးနဲ့ လူမှုဆိုင်ရာသဟဇာတဖြစ်ရေးအတွက် အားကစား အပါအ၀င် သင်ကြားနေကြတဲ့ ဘာသာရပ်အားလုံးကို အခြားယဉ်ကျေးမှု အမွေအနှစ်များ၊ အထူးသဖြင့် မွတ်စ်လင်မ့်အမွေအနှစ်နဲ့ ဥရောပ ပညာတန်ဆောင်ခေတ် မရောက်မီ စပိန်က ယဉ်ကျေးမှုများထဲက အကျိုးပြုစွမ်းဆောင်ချက်တို့ကို တိုးမြှင့် ထည့်သွင်းသွားဖို့ လိုအပ်ပါတယ်။

    မွတ်စ်လင်မ့် ယဉ်ကျေးမှုထဲက အားကစားကဏ္ဍကို အထူးပြုဖော်ပြလိုပါတယ်။ မွတ်စ်လင်မ်တွေဟာ ရှေးခေတ် မွတ်စ်လင်မ်လောကကို သာမက အားကစား တိုးတက်ရေးမှာလည်း  ကြီးကြီးမားမား အကျိုးပြုခဲ့ပါတယ်။ ဥပမာအားဖြင့် ခရစ်ကက်အားကစားနည်းကို ဗြိတိသျှနည်းလမ်းအဖြစ် ကျွန်တော်တို့အားလုံး လက်ခံထားသော်လည်း တကယ်တော့် ဒီကစားနည်းဟာ ခရစ် (၇၀၀)ခုနှစ် အိန္ဒိယမြောက်ပိုင်းကနေ စတင်မြစ်ဖျားခံလာတာပါ။  အဲ့ဒီကနေတဆင့် ဗြိတိသျှတို့ မွေးယူလိုက်ရာမှ အနောက်တိုင်းဖက်မှာ ထိပ်တန်းအဆင့်အဖြစ် ရွေ့လျောသွားခဲ့ရတာပါ။ နောက်တစ်ခုကတော့ ပိုလိုကစားနည်းပါပဲ။ အဲ့ဒါက ပါးရှားပြည်နဲ့ အာဖဂန်နစ္စတန်က ရှေးဟောင်းကစားနည်းတစ်ခုဖြစ်တယ်။ မွတ်စ်လင်မ်တွေဟာ အဲ့ဒီအားကစားနည်းကို အလွန်နှစ်သက်ခဲ့ကြတယ်။ အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်ခဲ့ကြကြောင်း မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

    Ruqaya_Al-Gassra
    (၂၀၀၆)ခုနှစ် ဒိုဟာတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာရှအားကစား ပွဲတော်တွင် မီတာ(၂၀၀) တာတိုပြေးပွဲ၌ ဗိုလ်စွဲပြီး ရွှေတံဆိပ်ရခဲ့သူ Ruqaya al-Ghasara ။ မီတာ ၁၀၀ နှင့် ၂၀၀ တွင် ဗိုလ်စွဲခဲ့သည်။

    တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမှုခညောင်းပါစေ)လည်း အားကစားကို နှစ်သက်မြတ်နိုးတော်မူခဲ့တယ်။ တမန်တော်မြတ်ရဲ့ဖြစ်စဉ်/ဓလေ့/သြ၀ါဒ (ဟဒီးဆ်) မှတ်တမ်းမှာ ကိုယ်တော်ဟာ မိမိကြင်ရာတော် အာအိယှဟ်နဲ့ အပြေးပြိုင်ခြင်းကို ဖော်ပြထားတယ်။ ပထမအကြိမ်မှာ အာအိယှဉ် အနိုင်ရပြီး ဒုတိယအကျော့မှာ ကိုယ်တော်မြတ်က အနိုင်ရခဲ့တယ်လို့ တွေ့ရပါမယ်။ ထို့အတူ ကိုယ်တော်မြတ်ဟာ ကလေးငယ်များကို ရေကူး၊ မြင်းစီး၊ လေးမြား အတတ် သင်ကြားပေးဖို့ မိဘတွေကို တိုက်တွ န်းအားပေးတော်မူခဲ့တယ်။

    အားကစားကို အရဗီလို ရိယာဇဟ် လို့ခေါ်ပါတယ်။ ထူးခြားမှုတစ်ခုကတော့ သင်္ချာပညာနဲ့ ဆူဖီတို့ရဲ့နာမ်ပိုင်းလေ့ကျင့်ခန်းကိုလည်း ဒီစကားလုံးကို အသုံးပြုတာပါပဲ။ မွတ်စ်လင်မ့်အမွေအနှစ်က အားကစားဟာ ခန္ဓာ၊ အသိဥာဏ်နဲ့ စိတ်ကို လေ့ကျင့်ခြင်းနဲ့ တွဲထားပါတယ်။ အားကစားရဲ့သဘောသဘာဝဟာ ရိုးသားမျှတမှု၊ ယုံကြည်စိတ်ချမှု၊ သဘောထားကြီးဦးစားပေးမှုကဲ့သို့သော ရုပ်ပိုင်းနာမ်ပိုင်း စံပြအပြုအမူတို့နဲ့ ဆက်နွယ်နေပါတယ်။ စပိန်၊ စစ္စလီ၊ အစ္စတန်ဘူ(ကွန်စတန်တီနိုပယ်)နဲ့ အခြားကမ္ဘာ့ဒေသများကို မွတ်စ်လင်မ်တို့ ရောက်ချိန်တုန်းက ပါဝင်သူတွေကို အန္တရာယ်ဖြစ်စေသော သက်စွန့်ထိုးသတ်ပွဲနဲ့ အလားတူကစားနည်းဖြစ်တဲ့ အားကစားအားလုံးကို ပိတ်ပင်ထားကြတယ်။ အဲ့ဒီအချိန်က မွတ်စ်လင်မ်တွေအနေနဲ့ အလဲထိုးစနစ်သာ မတင်ပြခဲ့ကြရင် လက်ဝှေ့အားကစား ဖြစ်လာမှာ မဟုတ်ပါဘူး။

    လက်ရှိကာလမှာ အိုလံပစ်ပွဲတော်အတွင်း မွတ်စ်လင်မ်ကမ္ဘာက အားကစားသမား၊ အားကစားမယ်တွေ တအုံတကျင်း ၀င်ပြိုင်တာကို လက်ရှိမှာ ကျွန်တော်တို့ သတိထားမိကြပါပြီ။ အမျိုးသမီးယှဉ်ပြိုင်သူရာခိုင်နှုန်း မြင့်မားမှုက စိတ်ဝင်စားစရာ တစ်ခုပါပဲ။ အလားတူစွာ လူတွေစိတ်ဝင်စားကြတာက မွတ်စ်လင်မ်အမျိုးသမီးတွေ ဟိဂျာ့ဗ်ဝတ်စုံနဲ့ ပြိုင်ပွဲဝင်လာကြတာပဲ ဖြစ်ပါတယ်။ ဟိဂျာ့ဗ် ဆိုတာ အစ္စလာမ့်ဥပဒေ(ရှရီအဟ်)နဲ့အညီ မျက်နှာနဲ့လက်ကိုသာ ဖွင့်ဖော်ထားရတဲ့ အမျိုးသမီးဆိုင်ရာ ၀တ်စားဆင်ယင်မှုပါ။ (၂၀၀၈)ခုနှစ်မှာ ဘာရိန်းသူ Ruqaya al-Ghasara က မီတာ ၁၀၀နဲ့ ၂၀၀ တာတိုပြေးပွဲမှာ ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တယ်။ သူမရဲ့ တစ်ကိုယ်လုံး လုံခြုံစွာ ဆင်ယင်ပြီး ပြိုင်ပွဲဝင်ခဲ့ပုံက ကမ္ဘာကို အံ့အားသင့်သွားစေခဲ့တယ်လေ။

     

    Muslim Heritage တွင် ဖော်ပြထားသည့် “A 1000 Years Amnesia: Sports in Muslim Heritage” ဆောင်းပါးကို မင်းထွဋ်ခေါင် ပြန်ဆိုရေးသားသည်။