News @ M-Media

Tag: 2014census

  • စင်ကာပူ နေရှင်နယ် Census 2010 လုပ်တုန်းက ကြုံဖူးတဲ့ အတွေ့အကြုံ

    မတ် ၂၉ ၊ ၂၀၁၄
    M-Media
    ရေးသူ- အဒမ်ခို

    SG Census

    စင်ကာပူမှာ လူဦးရေ နှင့် ပတ်သက်တဲ့ Population Census ကို ၁၀ နှစ် တကြိမ် လုပ်လေ့ ရှိရာမှာ ၂၀၀၀ ခုနှစ် က တကြိမ် ၊ ၂၀၁၀ ခုနှစ်က တကြိမ် လုပ်ပြီးသွားပါပြီ။

    အောက်ပါ အချက်များကို အခြေခံပြီး ကောက်ယူသွားခဲ့ပါတယ်

    Singapore Census of Population 2010

    1: Demographic Characteristics, Education, Language and Religion Statistical Release

    2: Households and Housing Statistical Release

    3: Geographic Distribution and Transport

    ၂၀၁၀ ခုနှစ် က လုပ်သွားတဲ့ census မှာဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာကို အိမ်တိုင်းစေ့ လိုက်လံ ကောက်ယူခြင်းမျိုး မဟုတ်ဘဲ နိုင်ငံ အ၀န်း လူမျိုး စု တိုင်း ဆီမှိSelection ရွေးထားတဲ့ Family မိသားစု အချို့ကို သာ ဆက်သွယ်ပြီး အိမ်တိုင်ရာရောက် ဆက်သွယ်ကောက်ခံခဲ့ခြင်း ဖြစ်ပါတယ်။

    ကျနော်နဲ့ ကျနော်၏ မိသားစု ၀င်များလည်း ထို ရွေးချယ်ခံရသည့် မိသားစု စာရင်းထဲ၌ ပါခဲ့ပြီး တစ်လ လောက်အရင် အိမ်ကို စာရောက် ရှိကာ ရွေးချယ်ခံရသည့် အကြောင်း အကြောင်းကြားစာရရှိခဲ့ပါသည်။

    SG Census2ထို့နောက် ထိုစာပါ ညွှန်ကြားချက်အတိုင်း အစိုးရ၏ census website သို့ မိမိကိုယ်ပိုင် sing pass ဖြင့် log In  ၀င်ရောက်ပြီး မိမိသည် Census ကောက်ယူမှုကို ကူညီဖြေဆိုနိုင်ပါကြောင်း အတည်ပြု confirmation လုပ်ပေး၇ပါတယ် ၊( အကယ်၍ နိုင်ငံခြား ခရီးသွား စရာ ရှိပါက ၊ အခြား ခိုင်လုံသော အကြောင်းအကြားပြချက်ဖြင့် မအားလပ်ကြောင်း ပြောဆိုပြီး ပါဝင်မှုကို ငြင်းပယ် နိုင်ပါတယ် )

    ထို့နောက် census department မှ တာဝန်ရှိ ပုဂ္ဂိုလ်မှ ကျနော်၏ မိုဘိုင်းဖုန်း ကို ဆက်သွယ်ပြီး census ကောက်ယူမည့် သူ အိမ်သို့ လာနိုင်မည့် အချိန်နှင့် ကျနော် တို့ မိသားစု အားလပ်မည့် အချိန်ကို ညှိနှိုင်းပြီး Timing Appointment လုပ်ပါသည်။

    အကယ်၍များ Census question များကို ဖြေကြားသူများ ၏ ဖြေဆိုမှု အတိုင်း ထည့်သွင်းရေးချခြင်း မပြုလျှင် မေးခွန်း ၄၁ ခုကို ဆက်လက်ဖြေဆို စရာ မလိုတော့ဘဲ ၊ သန်းခေါင်စာရင်း လာကောက်သူအား ယဉ်ယဉ်ကျေးကျေး ပြန်ခိုင်းလိုက်ပါ ၊ (သင်၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဖြေကြားပိုင်ခွင့် ရွေးချယ် ပိုင်ခွင့် အတိုင်း ရဲရဲ ၀ံဝံ လုပ်လိုက်ပါ ) ။

    ဖြေဆိုသူမရှိလျှင် သန်းခေါင်စာရင်း အစစ် အမှန်ကို မည်သည်နည်းနှင့်မျှ အောင်မြင်စွာ ရရှိနိုင်မည် မဟုတ်သည်ကို ကျနော်တို့ မမေ့ပါနှင့်။

    အကြောင်းအမျိုးမျိုးကြောင့် ကျနော် မအားလပ်ပါက အချိန်ကို ထပ်မံရွှေ့ နိုင်ပါသည် ။ Hotline Number သို့ ဆက်သွယ်ခေါ်ယူပြီး Appointment change လိုက်ယုံဘဲ ဖြစ်ပါသည်။

    ချိန်းဆိုထားသည့်နေ့ နှင့်အချိန်သို့ ရောက်သောအခါ census ကောက်ယူမည့် လူငယ်လေးသည် (freelance or part time ၀င်လုပ်ပေးသည့် တက္ကသိုလ် ကျောင်းသား လေးဖြစ်မည်ထင်ပါသည် ) အချိန်အတိအကျ ကျနော်၏ အိမ်သို့ ရောက်ရှိလာပါသည်။

    သူ နှင့် အတူ census special device ( very similar like iPad or Samsusng pad 7 in ) တစ်ခုပါရှိလာပြီး ထို စက်အတွင်း ကျနော်၏ မိသားစု IC numbers ဖြင့် log in ၀င်ရောက်ပြီး system က မေးသော မေးခွန်းအားလုံးကို အပိုအလို မရှိမေးပြီး ၊ ကျနော်ဖြေဆိုလိုက်သော အဖြေများကို တခါတည်း key in လုပ်ပြီး၊ အကယ်၍ ဖြေဆိုသူမှ ဖြေဆိုနိုင်ခြင်း မရှိသော ၊ ဖြေဆိုခြင်စိတ်မရှိသော မေးခွန်းများကို NA ထည့်၍ မှတ်တမ်းရယူသွားပါသည်

    အားလုံးဖြေဆိုပြီးနောက် မှန်ကန်ခြင်း ရှိမရှိ နောက်ဆုံး အနေနဲ့ ကျနော့်အား စက်၏ screen ၌ စစ်ဆေးခိုင်းပြီး တခါတည်း ကျနော်အရှေ့၌ Submit button ကို နှိပ်ပြီး အစိုးရ၏ Census database system အတွင်းသို့ သိမ်းဆည်းခိုင်းလိုက်ပါသည်။

    နိဂုံးချုပ် အနေဖြင့် ပြောရလျှင် ကမ္ဘာ့ မည်သည့် နိုင်ငံတွင်မဆို National Census ကောက်ယူမှုသည် အစိုးရ တစ်ဘက်ထဲ လုပ်လို့ ရသည့် ကိစ္စ မဟုတ်ပါ ။ census ကို ဖြေကြားပေးမည့် နိုင်ငံအတွင်း နေထိုင်သော နိုင်ငံသားများ ၊ အမြဲတမ်းနေထိုင်သူများ ၊ ရွေ့ပြောင်း အလုပ်လုပ်ကိုင်နေထိုင်သူများ ၏ ပူးပေါင်းပါဝင် ဖြေကြားပေးမှုဖြင့်သာ အောင်မြင်သော National Census တစ်ခုကို ပြီးမြောက်ရရှိနိုင်မည် ဖြစ်ပါသည်။

    အကယ်၍များ Census question များကို ဖြေကြားသူများ ၏ ဖြေဆိုမှု အတိုင်း ထည့်သွင်းရေးချခြင်း မပြုလျှင် မေးခွန်း ၄၁ ခုကို ဆက်လက်ဖြေဆို စရာ မလိုတော့ဘဲ ၊ သန်းခေါင်စာရင်း လာကောက်သူအား ယဉ်ယဉ်ကျေးကျေး ပြန်ခိုင်းလိုက်ပါ ၊ (သင်၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဖြေကြားပိုင်ခွင့် ရွေးချယ် ပိုင်ခွင့် အတိုင်း ရဲရဲ ၀ံဝံ လုပ်လိုက်ပါ ) ။

    ဖြေဆိုသူမရှိလျှင် သန်းခေါင်စာရင်း အစစ် အမှန်ကို မည်သည်နည်းနှင့်မျှ အောင်မြင်စွာ ရရှိနိုင်မည် မဟုတ်သည်ကို ကျနော်တို့ မမေ့ပါနှင့်။

    အဒမ်ခို
    (၂၉-၀၃-၂၀၁၄)

  • စစ်တွေအကြမ်းဖက်မှုနှင့် သန်းခေါင်စာရင်းကိစ္စများအတွက် UNFPA မှ ကြေညာချက်ထုတ်ပြန်

    M-Media
    မတ် ၂၈ ရက်၊ ၂၀၁၄

    998951_308275109324548_252093493_n

    ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့လူဦးရေရံပုံငွေအဖွဲ့ (UNFPA) မှ ရခိုင်ပြည်တွင်း အကြမ်းဖက်မှု အပါအ၀င် သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ဆိုင်သည့် ကိစ္စများနှင့်စပ်လျဉ်းပြီး ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

    ယမန်နေ့က စစ်တွေတွင်ဖြစ်ပွားခဲ့သည့် အိုင်အန်ဂျီအိုနှင့် အင်ဂျီအိုအဖွဲ့အစည်းများအား လူအုပ်စုဖြင့် တိုက်ခိုက်ခဲ့သည့် အတွက် UNFPA က အလွန်စိုးရိမ် ကြောင်း၊ ကုလ၏ လူအခွင့်အရေးပူးပေါင်းဆောင်မှုနှင့် တာဝန်ခံ ကိုယ်စားလှယ်အနေဖြင့် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများကို အစိုးရမှ အကာအကွယ်ပေးရန် တောင်းဆိုလိုက်ကြောင်း ယင်းကြေညာချက်၌ ဖော်ပြပါရှိသည်။

    ထို့ပြင် ကြေညာချက်ပါ အချက်များမှာ –

    – UNFPA ၏ ၀န်ထမ်းများစာရင်း အတိအကျရှိပြီး ၄င်းတို့မှာ လုံခြုံလျက်ရှိသည်။ အခြေအနေ တိုးတက်မှုအပေါ်မူတည်၍ UNFPA က မရှိမဖြစ် လိုအပ်သည့် ၀န်ထမ်းများကို ဆက်လက်ထားရှိမည့် အကြောင်းကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

    – မတ်လ ၃၀ ရက်နေ့တွင် မြန်မာ့သန်းခေါင်စာရင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင်း လူထုအုံကြွမှုဖြစ်ပေါ်လာမည်ဟူသော သတင်း အချက်အလက်များကြောင့် UNFPA အနေဖြင့် စိုးရိမ်ပူပန်လျက်ရှိသည်။

    – နိုင်ငံတကာ စံချိန်စံညွှန်းများအရလည်းကောင်း၊ လူ့အခွင့်အရေး စည်းကမ်းနည်းနာများ အရသာမက ကုလနှင့် အလှူရှင်များ၏ သဘောဆန္ဒများအပေါ် မှာပါ အခြေခံ၍ (မြန်မာ) အစိုးရက သန်းခေါင်စာရင်း၌ လူတိုင်းလူတိုင်း ပါဝင်ကောက်ခံမှု ခံယူရရှိရေး အတွက် ကတိက၀တ်ပြုထားသည်။ ထို့ပြင် လူတိုင်း ကလည်း မိမိတို့၏ ကိုယ်ပိုင်လူမျိုးကို ထည့်သွင်းရေးချယ်ခွင့်ရှိကြောင်းကိုပါ ကတိက၀တ်ပြုထားသည်။ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကြောင့် ထိုကတိက၀တ်များကို မျက်နှာလိုက်ကာ ဖြည့်ဆီးခြင်းမျိုး ပြုလုပ်၍ ရလိမ့်မည် မဟုတ်။

    – ကောက်ခံသူများရော၊ ကောက်ခံခြင်းခံရမည့် သူများကိုပါ လုံခြုံရေးပေးမှသာလျှင် ယုံကြည်စိတ်ချရသော သန်းခေါင်စာရင်းအဖြေမှန်ကို ရရှိမည်ဖြစ်သည်။ ကောက်ခံခြင်းခံရမည့် သူများသည် မေးခွန်းများကို ဖြေကြားရာ၌ မိမိတို့ကိုယ်ကို လုံခြုံမှုရှိကြောင်း ခံစားနေကြရမည်ဖြစ်သလို ကောက်ခံမည့်သူများကလည်း အဖြေအားလုံးကို ယုံကြည်စိတ်ချရလောက်အောင် မှတ်တမ်းတင်ကြရမည်ဖြစ်သည်။ မည်သို့သော ခြိမ်းခြောက်မှုနှင့် ကြောက်ရွံ့မှုမျှ ရှိမနေစေရ။

    – အာဏာပိုင်များက လုံခြုံရေးကိုအကြောင်းပြလျက် နိုင်ငံတကာ၏ စံချိန်စံညွှန်းများနှင့် လူ့အခွင့်အရေးသတ်မှတ်ချက်များကို ချိုးဖောက်ခြင်းမျိုး မရှိစေရ။ လူတိုင်း၏ အခွင့်အရေးကို အာမခံချက်ပေးမည့် ကိစ္စရပ်များကိုသာ တရားမျှတစွာ ဖြည့်ဆည်းပေးရမည်ဖြစ်သလို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပြည်နယ်မှ လစ်လပ်မနေစေဘဲ (သန်းခေါင်စာရင်းကောက်ယူမှု၌) တန်းတူညီစွာ ပါဝင်နေကြရမည်ဖြစ်သည်။

    ပိုမိုသိလိုပါက –

    William A.Ryan, [email protected], mobile Skype +66 89 897 6984+66 89 897 6984
    သို့မဟုတ် Malene Arboe-Rasmussen, [email protected], tel Skype +95 1 5429 109+95 1 5429 109 ext 146. Mobile Skype +95 9 2500 26961+95 9 2500 26961

  • သန်းခေါင်စာရင်းကိစ္စ တိုင်းရင်းသား/နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ အကူအညီတောင်းနိုင်သည့် ဖုန်းနံပါတ်များ

    မတ် ၂၈ ၊၂၀၁၄
    M-Media

    hot line
    တိုင်းရင်းသား/နိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှု ကာလများ (၂၉-၃-၂၀၁၄ မှ ၁၂-၄-၂၀၁၄) အတွင်း မိမိတို့အိမ်များအား သန်းခေါင်စာရင်း ကောက်ယူမှု မပြုပဲ ချန်လှပ်ထားခဲ့မှုများ၊ မိမိဖြေဆိုသည့်အတိုင်း ဖြည့်စွက်ခြင်းမပြုဘဲ ကောက်ယူသူမှ မိမိဖြေဆိုမှုအား ကွက်လပ်ချန်ထားခဲ့ခြင်းမျိုးများ ရှိခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့ အသိပေး အကြောင်းကြားရန်နှင့် အောက်ပါ ဖုန်းနံပါတ် များသို့ဆက်သွယ် အကြောင်းကြားရန် အစ္စလာမ်ဘာသာဝင်များနှင့် သက်ဆိုင်သော သန်းခေါင်စာရင်းအထောက်အကူပြု ကော်မတီမှ နှိုးဆော် တိုက်တွန်းထားပါသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး > ၀၁-၂၅၃၆၈၃ ၊ ၀၁- ၃၇၀၅၃၅ ၊ ၀၉- ၄၂၁၀၀၆၀၆၂ ၊ ၀၉- ၅၁၇၈၆၀၆ ၊ ၀၉- ၅၁၆၂၆၀၃၊ ၀၉- ၅၁၃၇၇၀၄ ၊ ၀၉- ၇၃၀၀၉၄၆၁ ၊ ၀၉- ၅၅၀၂၈၈၂ ၊ ၀၉- ၅၁၁၈၆၄

    UNC ပါတီဌာနချုပ် > အမှတ်- ၃၆၅ ၊ ကျိုက္ကဆံလမ်း ၊ တာမွေကြီး (၁) ရပ်ကွက်၊ တာမွေမြို့နယ်။ ဖုန်း – ၀၉- ၅၁၉၂၇၆၁ ၊ ၀၉- ၂၅၀၀၈၅၀၁၆ ၊ ၀၉- ၄၃၀၅၇၅၇၆ ၊ ၀၁- ၅၅၅၉၄၄ ၊ ၀၉- ၅၁၃၀၂၄၉။

    သန်းခေါင်စာရင်းအထောက်အကူပြုကော်မတီ /ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN) ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN) > အမှတ် (၂) ပထမထပ် ၁၁၉ – လမ်း၊ ရေတွင်းကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖုန်း – ၀၁- ၈၆၁၉၃၇၂ ၊ ၀၉- ၅၀၀၉၀၆၀ ၊ ၀၁- ၂၀၅၁၇၀ ၊ ၀၉- ၅၁၃၄၄၈၇ ၊ ၀၉- ၄၅၀၀၁၆၉၇၃၊ ၀၉- ၅၁၅၅၇၈၇ ၊ ၀၉- ၄၂၀၀၅၂၂၃၁၃ ၊ ၀၉- ၅၁၈၇၈၃၄ ၊ ၀၉- ၅၀၉၅၉၇၆။

    ===========================
    သန်းခေါင်စာရင်းနှင့် ပတ်သက်၍ သိရှိလိုသည်များ လေ့လာနိုင်ရန် သတင်း၊ ဆောင်းပါး၊ ကြေညာချက် လင့်ခ်များ

    >> သန်းခေါင်စာရင်း ကောက်ယူသူများ မမှန်မကန်ပြုလုပ်လျင် ချက်ခြင်း ဆက်သွယ် အသိပေးရန် ကြေညာချက်
    Link =>http://www.m-mediagroup.com/news/25691

    >> သန်းခေါင်စာရင်း မေးခွန်းများဖြေဆိုရာ ဆောင်ရန် /ရှောင်ရန်/ သတိပြုရန် အချက်များ
    Link => http://www.m-mediagroup.com/news/25584

    >>အစ္စလာမ်ဘာသာဝင်များ လူမျိုး အမည် ဖြေဆိုရန် သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ အသိပေးချက်
    Link => http://www.m-mediagroup.com/news/25530

    >>မြန်မာ/ဗမာ မွတ်စလင် မထည့်သွင်းရန် ကြေညာချက် ကိစ္စ BBCနှင့် အစ္စလာမ် အဖွဲ့ကြီး မေးမြန်းခန်း
    Link => http://www.m-mediagroup.com/news/25514

    >>သန်းခေါင်စာရင်း ပညာပေး အစီအစဉ်မှ မေးခွန်း(၈) လူမျိုးမေးခွန်း ဆိုင်ရာ ကောက်နှုတ်ချက်
    Link => http://www.m-mediagroup.com/news/25485

    >>ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုတွင် “ပန်းသေး” လူမျိုးများအတွက် အကြံပြုချက် ထုတ်ပြန်
    Link => http://www.m-mediagroup.com/news/24601

    >> M-Media တွင် ဖော်ပြပြီးသော သန်းခေါင်စာရင်းဆိုင်ရာ သတင်းနှင့် ဆောင်းပါးများကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပါ။
    Link =>http://www.m-mediagroup.com/news/tag/2014census

    >> သန်းခေါင်စာရင်း လူမျိုးနံပါတ် Code စာရင်း အောက်က လင်ခ့်မှာကြည့်ပါ။
    Link => http://goo.gl/fRf4XQ

    >> အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ သန်းခေါင်စာရင်း ကိစ္စ အသိပေးချက်နှင့် သန်းခေါင်စာရင်း မေးခွန်း ၄၁ ခုပါ ပုံစံနမူနာကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့နိုင်ပါသည်။
    Link => http://goo.gl/frr3QD

  • သန်းခေါင်စာရင်း ကောက်ယူရာ၌ ဘင်္ဂါလီသာရေးရန် ကျောက်နီမော်မှ ကမန်များ ဥပဒေမဲ့ ခြိမ်းခြောက် ခံနေရ

    မတ်- ၂၇၊ ၂၀၁၄
    M-Media
    ဇာဏီ

    ၂၀၁၄-သန်းခေါင်စာရင်း ကောက်ယူရာတွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးများအား ဘင်္ဂါလီဟုသာ ဖြည့်စွက်ရမည်ဟု အမိန့်ပေး ခြိမ်းခြောက်မှုများရှိနေသည်ဟုသိရသည်။

    Kyauk-Ni-Mor-Village
    ကျောက်နီမော် ကျေးရွာ- (Photo Credit=>Narinjara)

    ကျောက်နီမော် တိုက်နယ် လ၀ကဦးစီးမှူး လ.ဝ.က ဦးကျော်ကျော်အောင်၊ အထူးပိတ်ဆို့ရေး အဖွဲ့ မှ ဧည့်သည် လ.ဝ.က (အရာရှိ) တစ်ဦး၊ ကျောက်နီမော်ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးမြင့်လှိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး စာရေးဇော်မင်းနိုင်တို့သည် မတ်လ ၂၃-ရက်နေ့က ကျောက်နီမော်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကမန် ရပ်မိရပ်ဖများအား သန်ခေါင်စာရင်းကိစ္စ ခေါ်ယူတွေ့ ဆုံရာတွင် ဦးကျော်ကျော်အောင်မှ ခရို်င်ဦးစီးမှူး၏ အမိန့်ဟုဆိုကာ သန်ခေါင်စာရင်း မေးခွန်း အမှတ်-၇ (ကိုးကွယ်သည့် ဘာသာ)နှင့် အမှတ်-၈ (လူမျိုး)နေရာတွင် မည်သည့်လူမျိုးမှ မဖြည့်စွက်ရန်၊ ဖြည့်စွက်မည်ဆိုပါက ဘင်္ဂါလီဟုသာ ဖြည့်စွက်ရန်၊ ယခုအမိန့်အား နာခံခြင်းမရှိဘဲ အခြားလူမျိုး အမည်တစ်စုံတစ်ရာ ဖြည့်စွက်ရေးသားပါက ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး အစရှိသည့် အရေးပေါင်းစုံတွင် ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။။

    ၎င်းအမိန့်ကို ရွာသူရွာသားများအား အသိပေးရှင်းပြပြီး မတ်လ ၂၈-ရက် နေ့လည် ၂-နာရီတွင် လက်ခံ သဘောတူကြောင်း လက်မှတ်ရေးထိုး အကြောင်းပြန်ရမည်ဟု ရပ်မိရပ်ဖများအားဥပဒေမဲ့ ခြိမ်းခြောက်ခဲ့သည်။ ယခု မှာကြားသည့်အတိုင်း သဘောတူလက်ခံကြောင်း လက်မှတ်မထိုးပါက ရှေ့ဆက်ဖြစ်ပေါ်လာမည့် ပြဿနာများနှင့်ပတ်သက်ပြီး အာဏာပိုင်များမှ တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။

    အဆိုပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ ကျောက်နီမော်သို့ ဆက်သွယ်စုံစမ်းရာ “၂၃-ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရယ်။ ခရိုင်ရဲမှူးပါမယ်။ ခရိုင်လ၀ကမှူးပါပြီးတော့ လူမျိုးနဲ့ဘာသာဆိုတဲ့ အချက်ကို မဖြည့်နဲ့ဆိုပြီး တော့ ရပ်မိ ရပ်ဖတွေကိုခေါ်ပြီးတော့ ပြောတယ်။ ဖြည့်လိုက်ခြင်းအားဖြင့် ပြဿနာဖြစ်လာနိုင်တယ်။ ဥပမာ- ကမန်လူမျိုးတွေက ကမန်လို့ ဖြည့်လိုက်ရင် ရခိုင်တွေက ပြဿနာလုပ်မယ်။ ဒါအတွက် ကမန်မဖြည့်ပါနဲ့လို့ ပြည်သူလူထုကို ပြောပေးပါ။ အဲဒီလို သူတို့က လာပြောတယ်။ ကျွန်တော်တို့ ကမန်လူထုကို ချပြရင် ကမန်လူထုက ကန့်ကွက်ခံရ မယ်လေ။ အဲတော့ ကျွန်တော်တို့က လူထုကိုပြောတယ်။ လူထုက မလိုက်နာဘူးလို့ ကျွန်တော်တို့က သူတို့ကို ပြောတဲ့အခါကျ သူတို့က ကျွန်တော်တို့ရွာ ကောင်းကျိုး ဘာမှမလုပ်ပေးဘူး။ ရွာဖွံ့ဖြိုးဖို့ ဘာမှမလုပ်ပေးဘူးလို့ အကြပ်ကိုင်တယ်။ ဘာအကူအညီမှလည်း မပေးဘူးဆိုပြီး ရပ်မိရပ်ဖတွေကို ခြိမ်းခြောက်တယ်။

    မနေ့က ၂၆-ရက်နေ့ ၁၀-နာရီခွဲလောက်မှာ ဦးကျော်ကျော်အောင်က ရပ်မိရပ်ဖတွေကို ပြန်ခေါ်တယ်။ ခေါ်ပြီးတော့ သူတို့က ၁၁-နာရီခွဲ နောက်ဆုံးထားပြီးတော့ ပြည်နယ်တွေကို အကြောင်းကြားရမယ်။ ပထမ တစ်ခုက သန်းခေါင်စာရင်းစာရွက်ပေါ်မှာ လူမျိုးမဖြည့်နဲ့လို့ပြောတယ်။ ပထမတစ်ချက်က သူတို့က လူမျိုးနဲ့ ဘာသာဆိုတဲ့နေရာမှာ ကွက်လပ်ထားရမယ်။ ဒုတိယ တစ်ချက်က နိုင်ငံသားစိစစ်ရေးကတ်ရှိတဲ့လူကို ကမန်လူမျိုးလို့ ထည့်မယ်။ မရှိတဲ့လူကို ဘင်္ဂါလီလို့ ထည့်မယ်လို့ ပြောတယ်။ ဒါကို မလိုက်နာဘူးဆိုရင် သူတို့က သန်းခေါင်စာရင်းကို လာမကောက်ဘူး။ ပြီးတော့ မင်းတို့ဒေသကို မည့်သည့် အကူအညီမှ မပေးဘူး။ ဘာဖွံ့ဖြိုးမှုမှ မလုပ်ပေးဘူးဆိုပြီး ဒီလိုခြိမ်းခြောက်တယ်။

    ဒီလိုခြိမ်းခြောက်တဲ့အခါ ကျွန်တော်တို့ ဒေသခံတွေက လူတိုင်းဟာ ဒီလိုတော့ မဟုတ်ပါဘူး။ လူတိုင်းဟာ အပြစ်ပေးထိုက်သူ မဟုတ်ပါဘူး။ ဒေသဆိုင်ရာ ရပ်မိရပ်ဖတွေက အုပ်ချုပ်နေတယ်။ အုပ်ချုပ်နေတဲ့အခါ စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေတယ်။ ငါတို့ကို ဘာမှ မကူညီပေးဘူးဆိုပြီးပြောနေတယ်။ အခု သူတို့ အခက်အခဲကြုံနေကြတယ်။ တစ်နေရာနဲ့ တစ်နေရာ လွတ်လွတ်လပ်လပ် မသွားရဘူး။ ဆေးဝါးကုသမှု မရဘူး။ ခုလိုထပ်ပြီး ခြိမ်းခြောက်လာတဲ့အခါ ဒေသခံကမန်တွေက ပညာတတ်တွေဖြစ်နေတယ်။ သူတို့အလိုကျကို ပညာမဲ့တဲ့သူတွေက လိုက်လျောဖို့ ဖြည့်ချင်တဲ့ သူလဲရှိတယ်။ မဖြည့်ချင်တဲ့သူတွေလည်း ရှိတယ်။

    နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိတယ်ဆိုရင် နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ပြရမယ်။ အခု ကျွန်တော်တို့ ဒေသမှာ ဖြစ်နေတာက မိဘနှစ်ပါးမှာ စိစစ်ရေးကတ်ပြား ရှိနေတယ်။ သားသမီးမှာ မရသေးဘူး။ လျှောက်ထားတယ်။ ကျွန်တော်တို့ဆိုရင် အမေမှာရှိတယ်။ အဖေမှာရှိတယ်။ ကျွန်တော့်မှာရှိတယ်။ ကျွန်တော်ညီမ တစ်ယောက်မှာရှိတယ်။ ကျွန်တော့် ညီတစ်ယောက်နဲ့ ညီမတစ်ယောက်မှာ မရှိသေးဘူး။ ဒီတော့ ကျွန်တော်တို့က ကမန်ဖြစ်ပြီးတော့ သူတို့နှစ်ယောက်က ဘင်္ဂါလီဖြစ်သွားဖို့ရှိတယ်။ ဒါနဲ့ ကျွန်တော်တို့က တိုင်ကြားတယ်။ ဒီတော့ သူတို့က နောက်မှပြန်လျှောက်တဲ့။

    သန်းခေါင်စာရင်းကောက်တဲ့အခါမှာ နိုင်ငံသားစိစစ်ရေး ကဒ်ပြားကို ပြရမယ်ဆိုတာမျိုးတော့ မပြောဘူး။ ဒေသမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ထားတဲ့အရေအတွက် ၆၀၀ နီးပါးရှိတယ်။ ၆၀၀ နီးပါးခန့်က ကမန်လို့ ဖြည့်ရမယ်။ မရှိတဲ့လူက ဘင်္ဂါလီလို့ ဖြည့်ရမယ်။ ဒီလို သတ်မှတ် ဖြည့်ရမယ်လို့ ပြောတာက စိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ အရေအတွက်လောက်ပဲ ကမန်ထည့်နိုင်မယ်။ ဒီတော့ ကျွန်တော်ညီလဲ ဘင်္ဂါလီ ဖြစ်ရင်ဖြစ်သွားမယ်။

    ကျွန်တော်တို့ ဘက်ကတော့ သူတို့ကို မနေ့က ပြောလိုက်တယ်။ ကျွန်တော်တို့ ရွာမှာရှိတဲ့သူတွေကို ကျွန်တော်တို့ နားလည်အောင် ပြောပြမယ်။ ၂၈ ရက်နေ့ ၂-နာရီ အချိန်မှာ ကျွန်တော်တို့ ဒေသခံတွေဆီက အဖြေတွေကိုယူ ပြီးတော့ အဖြေသိမယ်လို့ ကျွန်တော်တို့ဖြေလိုက်တယ်။” ကျောက်နီမော်ဒေသခံတစ်ဦးက ပြောပါတယ်။

    လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေ တားမြစ်ချက်များ အခန်း(၅) ပုဒ်မ ၁၆(ဂ) ပါ “သန်းခေါင်စာရင်း ကောက်ယူသည့်အခါ မမှန်မကန်ဖြေဆိုစေရန် မေးခွန်း ဖြေဆိုသူအား တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် သွေးဆောင်ဖျားယောင်းခြင်း မပြုရ”ဟူသည့် ဥပဒေအား ပေါ်ပေါ်တင်တင် ကျူးလွန် ခြိမ်းခြောက်ခံနေရကြောင်းကို သက်ဆိုင်သူများအား သိရှိစေလိုကြောင်း ကျောက်နီမော်ကျေးရွာသားများက M-Media ကို ပြောကြားလာပါတယ်။

    အလားတူ စစ်တွေမြို့အနီး မွတ်စလင် အများစု နေထိုင်ရာ ဘုမေရပ်ကွက်သို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ပြည်နယ် လ၀ကမှူးအဖွဲ့တို့ လွန်ခဲ့သည့်(၃) ရက်ကရောက်ရှိလာပြီး သန်းခေါင်းစာရင်း ကောက်ယူသည့် အခါ ရိုဟင်ဂျာ အမည် ထည့်သွင်းခြင်း မပြုရန် တောင်းဆိုခဲ့သည့် သတင်းတပုဒ်ကို ဧရာဝတီသတင်းဌာမှာ ဖော်ပြထားတာကို တွေ့ရှိရပါသည်။

  • ၂၀၁၄- သန်းခေါင်စာရင်း နှင့်ပတ်သက်၍ တရား လွှတ်တော်ရှေ့နေ ဦးအုန်းမောင်နှင့် မေးမြန်းချက်

    ၂၀၁၄- သန်းခေါင်စာရင်း နှင့်ပတ်သက်၍ တရား လွှတ်တော်ရှေ့နေ ဦးအုန်းမောင်နှင့် မေးမြန်းချက်

    မတ် ၂၆၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး

    P1010511

    သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ အစ္စလာမ်သာသနာဝင် လူထုကြားတွင် မည်ကဲ့သို့ပြုလုပ်ရမည်ကို ထွေပြားမှုများရှိနေသဖြင့် အစ္စလာမ် ဘာသာဝင်များအား သန်းခေါင်စာရင်းအထောက်အကူပြု ကော်မတီမှ သန်းခေါင်စာရင်း အသိပေးကြေညာချက်တစ်ရပ်ကို ယနေ့ မတ်လ ၂၄-ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်အသိပေးလိုက်ပြီးနောက် တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်နှင့် မေးမြန်းထားတာဖြစ်ပါတယ်။

    မေး – အန်ကယ့် နာမည်လေးရယ်၊ ဘွဲ့လေးရယ်၊ PCN မှာ ဘာတာဝန်တွေနဲ့ ဆောင်ရွက်နေလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ အန်ကယ်လ်။
    ဖြေ – အန်ကယ်က တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်၊ ရန်ကုန်တက္ကသိုလ်က ဥပဒေဘွဲ့ရ၊ လက်ရှိ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက် (PCN)မှာ မူဝါဒရေးရာ ကော်မတီ၊ ညွှန်ကြားရေးမှူးတစ်ယောက်၊ အဲဒီတာဝန်ကို ထမ်းဆောင်ပါတယ်။

    မေး – သန်ခေါင်းစာရင်းပတ်သက်ပြီး ကြေငြာချက်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်လေးကို တစ်စိတ်လောက် ပြောပြပေးပါ။

    ဖြေ – ဒါကိုထုတ်ရတဲ့ ရည်ရွယ်ချက်က သန်းခေါင်စာရင်းရဲ့ ရည်ရွယ်ချက်နဲ့ သန်းခေါင်စာရင်း ဥပဒေက အလွန်ကောင်းပါတယ်။ နိုင်ငံတော် အတွက် လည်း တကယ်အကျိုးရှိပါတယ်။ သန်းခေါင်စာရင်းရဲ့ ဥပဒေမှာလည်း တားမြစ်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေပါတယ်။ အရေးယူမယ့် အကြောင်း အရာတွေ ပါတယ်။ မှန်မှန်ကန်ကန် ဖြေရမယ်၊ မမှန်မကန် မဖြေရဘူး။ မှန်မှန်ကန်ကန် ဖြည့်ရမယ်၊ မမှန်မကန် မဖြည့်ရဘူး ဆိုတဲ့ဟာတွေလည်း ပါတယ်။ သန်းကောင်စာရင်း ကောက်ယူတဲ့ အချက်အလက်ကလည်း သန်းခေါင်စာရင် ကောက်ယူတဲ့ ရည်ရွယ်ချက်ကလွဲလို့ ကျန်တဲ့ကိစ္စတွေမှာ မသုံးရဘူးလို့လည်း ပြောထားတယ်။

    ဒီမှာ ဖြေဆိုလိုက်တဲ့ အချက်အလက်တွေကိုလည်း အကာအကွယ်ပေးထားတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကူးယူခြင်း စစ်ဆေးခြင်း မပြုရဘူးလို့ ပြောထားတယ်။ အိမ်မှာရှိတဲ့ လ၀က လူဦးရေစာရင်းလို့ ပြောတဲ့ အိမ်ထောင်စုစာရင်းတွေ၊ နိုင်ငံသားကဒ်တို့၊ မှတ်ပုံတင် ကဒ်တွေ အဲလို ကဒ်တွေနဲ့လည်း တိုက်ဆိုင် စစ်ဆေးခြင်း မပြုဘူးလို့ ပြောထားတယ်။ နောက်တစ်ခါ ဖြေဆိုသူရဲ့ နှုတ်ကနေ ဖြေဆိုတဲ့ အတိုင်း ရေးသွင်း ပေးမယ်လို့လဲ ပြောထားတယ်။ သို့သော်လည်းပဲ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ကောလဟာလတွေ အများကြီး ဖြစ်ပေါ်နေတယ်။

    ဖြစ်ပေါ်နေတာက တဖြည်းဖြည်းနဲ့ နီးကပ်လာလေ၊ လူမျိုးစုတွေ ကြားထဲမှာလည်း လူမျိုးအမည် ဖြည့်စွက်မှုနဲ့ ပတ်သက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် နိဝါဒတွေ ကွဲကုန် ကြတယ်။ တစ်ဖက်မှာလည်း တရားမ၀င်သော နည်းတွေနဲ့ ခြိမ်းခြောက်မှုတွေ၊ တလွဲပြောဆိုမှုတွေ၊ တိုက်တွန်းမှုတွေ၊ ဖိအားပေးမှုတွေ၊ ဒါတွေလည်း ကြားသိနေရတယ်။ အဲဒီအပေါ်မှာ လူမျိုးအမည် ဖြေဆိုမှုအတွက် အမျိုးမျိုး ၀ိဝါဒတွေ ကွဲကုန်ကြတယ်။ တကယ်တော့ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ မှာ နိုင်ငံတော်က သတ်မှတ်ထားတာ တိုင်းရင်းသား မျိုးနွယ်စု ၈-စု ရှိတယ်။ အဲဒီ ၈-စုထက် ကြိုတင် Prepair လုပ်ပေးထားတာက ၁၀၁ ကနေ ၈၃၃ အထိရှိတယ်။

    ဒါ တိုင်းရင်းသား ၁၃၅ မျိုးအတွက်၊ အဲဒါပြီးသွားရင် ဒုတိယ အုပ်စုအတွက်က သွေးနှော၊ မြန်မာနဲ့ နိုင်ငံခြား၊ အဲဒီသွေးနှောတွေကို ဘယ်သွေးနှောပဲ ဖြစ်ဖြစ်၊နိုင်ငံခြားသား ဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ်၊ နိုင်ငံသားပဲ ဖြစ်ဖြစ်၊ ဘယ်လူမျိုးနဲ့ ဘယ်သူပဲ သွေးပေါင်း သွေးပေါင်း၊ မြန်မာနဲ့ အခြား နိုင်ငံသား တစ်ခုရဲ့ သွေးနှောနှစ်မျိုး ပါရင် သူ့ကို Code နံပါတ် ၉၀၀ လို့ သတ်မှတ်ထားတယ်။ အဲဒီ ၉၀၀ မှာ ထည့်တဲ့အခါ အဲဒီလူမျိုးရဲ့ အမည်မပါဘူး။ အဲဒီဖြေဆိုသူက သွေးနှောပါလို့ ဖြေလိုက်တာနဲ့ Code နံပါတ် ၉၀၀ ကို ရေးသွင်းလိုက်တယ်။ ဒါ အန်ကယ်တို့ တရားဝင် ဥပဒေလို့ သိထားတယ်။ အဲဒါတွေ ကျော်သွားတဲ့ အခါကျလို့ရှိရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ နိုင်ငံတော်က ကြိုတင် ပေးထားတဲ့ နိုင်ငံ ၁၃ နိုင်ငံရှိတယ်။ အဲဒါ နိုင်ငံခြား။ အဲလို နိုင်ငံခြားဆိုတာ သာမန်အားဖြင့် ပြည်သူအားလုံး သိတာ FRC ၊ နိုင်ငံသား မဟုတ်သူများ၊ အဲလိုလူတွေအတွက် Code နံပါတ် ၉၀၁ ကနေ ၉၁၃။ အဲဒီလူတွေကိုလည်းပဲ သူတို့ဖြေတဲ့အတိုင်း ဒီလူမျိုးဆို ဒီ Code နံပါတ်ထဲ ထည့်ပေးတယ်။ အိန္နိယ ဖြေမယ်ဆို အန္ဒိယ Code နံပါတ်၊ ဘင်္ဂလားဒေရှ့်ဆို ဘင်္ဂလားဒေရှ့် Codeနံပါတ်၊ ပါကစ္စတန်ဆို ပါကစ္စတန် Code နံပါတ်၊ တရုတ်ဆို တရုတ်Code နံပါတ်၊ အမေရိကန်ဆို အမေရိကန် Code နံပါတ်၊ သူ့ကိုလည်း လူမျိုးနာမည် မရေးဘူး။ အဲဒီအမည်တွေကို ထိခိုက်တဲ့အခါကျတော့ လူမျိုးအမည်မဟုတ်ဘူး။

    တိုင်းပြည်အမည်ဖြစ်နေတယ်။ အဲလိုဆို ပြည်သူတွေက နားလည်မှု ရှုပ်ထွေးသွားမယ်။ အမေရိကန်မှာလည်း လူမျိုးတွေ အများကြီးရှိတယ်။ အမေရိကန် နိုင်ငံဖွား၊ အာဖရိကဖွား အမေရိကန် နိုင်ငံသား၊ ဥရောပဖွား အမေရိကန် နိုင်ငံသား အဲလိုလူမျိုးတွေ ရှိတယ်။ အဲဒီလိုပဲ တရုတ်မှာလည်း တရုတ်လူမျိုးတွေ ရှိတယ်။ အဲလိုပဲ အိန္နယမှာလည်း လူမျိုးတွေ အများကြီးရှိတယ်။ ပါကစ္စတန်လည်းရှိတယ်။ ဘင်္ဂလားဒေရှ့်လည်း ရှိတယ်။ အဲလိုဆိုရင် အဲဒီလူမျိုးတွေ အားလုံးသည် ပါကစ္စတန်ဆို ပါကစ္စတန်ထဲမှာပဲ ထည့်လိုက်တယ်။ ဒါဆို နိုင်ငံခြားသားလို့ အားလုံးနားလည်တယ်။ အဲဒီတော့ Code ၉၀၁ ကနေ ၉၁၃ ပြီးသွားရင် နောက်ထက် မြန်မာနိုင်ငံ အတွင်းမှာရှိနေတဲ့ လူမျိုးတွေဟာ တိုင်းရင်းသား အသစ်တွေ၊ နဂို ၁၃၅ မျိုးထည်းမှာ မပါတဲ့ အသစ်တွေ၊ ပြီးသွားရင် နိုင်ငံခြားသား ၁၃ မျိုးထဲမှာ မပါတဲ့ နိုင်ငံခြားသား အသစ်တွေ၊ ဥပမာ နိုင်ဂျီးရီးယားလိုလူမျိုး ၁၃ မျိုးထည်းမှာ မပါဘူး၊ မပါရင် သူက နိုင်ဂျီးရီးယားလို့ ဖြေလိုက်ရင် 914 နိုင်ဂျီးရီးယား၊ ဇိုမီးက မပါသေးတဲ့အတွက် 914 ဇိုမီး၊ အဲဒီလိုပဲ မပါသေးတဲ့ နိုင်ငံသားဖြစ်တဲ့ ပသီတို့ စသဖြင့် အဲလို မပါသေးတဲ့ မပါသေးတဲ့ လူမျိုးတွေအားလုံး 914 ပသီ စသဖြင့် ဖြေကြားပေးရမယ်။ အဲဒီလို ဖြေမယ့် လူတွေအားလုံးအတွက်က 914 ထဲ သွားကြတယ်။ အဲလို 914 ထဲသွားတဲ့လူတွေ အားလုံးက နိုင်ငံခြားသား ဖြစ်သွားစရာ အကြောင်းမရှိဘူး။ နောက်တစ်ခါ ဖြေတဲ့သူက သူဘာလူမျိုးလဲလို့ ဖြေလိုက်ရုံကအပ အဲဒီလူမျိုး အရေအတွက်ပဲ ပါတယ်။ ဒီလူက ဒီလူမျိုး ဖြေလိုက်တယ်၊ ဒီလူသည် နောင်ကို ဒီလူမျိုးနဲ့ နိုင်ငံသား၊ တိုင်းရင်းသား ဖြစ်မယ်ဆိုတဲ့ ကိစ္စနဲ့ သန်းခေါင်စာရင်း ကိစ္စနဲ့ မဆိုင်ဘူး။ မဆိုင်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားတွေ ဘယ်လောက်ရှိလဲ၊ ဘယ်လောက်ပျောက်သွားလဲ၊ ဘယ်လောက်တိုးလာလဲ၊ နိုင်ငံသားတွေ ဘယ်လောက်ရှိလာလဲ၊ နိုင်ငံခြားသားတွေ ဘယ်လောက်ရှိလဲ၊ ဘယ်လူမျိုးတွေ ဘယ်လောက်ရှိလဲ အဲလို အရေအတွက်နဲ့ ဖော်ထုတ်ပြီး အနာဂတ် မြန်မာနိုင်ငံတော် အတွက်ကို စီမံကိန်းတွေ ချနိုင်ဖို့အတွက် ဒီလိုစာရင်းကောက်တာ ဖြစ်တယ်လို့ အားလုံးက နားလည်ထားတယ်။ သို့သော် ဒီနေ့ သန်းခေါင်စာရင်း ကောက်ခါနီး သင်တန်းတွေ ပေးလာတဲ့ အခါမှာ ဘာတွေ သတင်းထွက်လာလဲဆိုတော့ အထူးသဖြင့် အန်ကယ်တို့ အစ္စလာမ် ဘာသာဝင်တွေဘက်မှာ၊ စိုးရိမ်မှု၊ စိုးရိမ်ပူပန်မှုတွေ၊ သောကတွေ၊ ကြောက်လန့်မှုတွေ ဖြစ်လာတယ်။

    ဘာဖြစ်လာလဲ ဆိုလို့ရှိရင် ဥပမာ- ပသီလို့ သူတို့ကိုယ်သူတို့ ပသီအရည်အချင်းနဲ့ ခံယူထားတဲ့သူတွေက ပသီဖြည့်တယ်။ အဲလိုဆို သူတို့က 914 ပသီလို့ သူက ဖြည့်တယ်။ ဥပမာ – ကျူလီယာဆိုလည်း သူက 914 ကျူလီယာ ဖြည့်မှာပေါ့။ စူရတီဆိုလည်း 914 စူရတီပေါ့။ ရိုဟင်ဂျာဆိုလည်း 914 ရိုဟင်ဂျာပေါ့။ တစ်ချို့လည်း မြန်မာမွတ်စလင် ထည့်ချင်တဲ့ သူတွေ ရှိကောင်းရှိမှာပေါ့။

    သို့သော် မြန်မာမွတ်စလင်ဆိုသည်မှာ မြန်မာသည် Nation နိုင်ငံ ဖြစ်တယ်။မွတ်စလင်သည် အစ္စလာမ်ကို အကြောင်းပြုပြီးတော့မှ ဘယ်နိုင်ငံမှာရှိရှိ မွတ်စလင်လို့ ခေါ်တာ။ နှစ်ခုစလုံးသည် လူမျိုးအမည်မဟုတ်ဘူး။ အဲဒီလို လူမျိုးအမည် မဟုတ်သော နာမည်တစ်ခုကို ဒီနိုင်ငံကတော်ကလည်း လက်မခံဘူးဆိုတဲ့ အသံတွေ ကြားရတယ်။ တကယ်တော့ ဥပဒေက ပြဋ္ဌာန်း ထားတာ မဟုတ်ဘူး။ ဥပဒေအရ ကြည့်မယ်ဆိုရင်တော့ ၇၂ ခုနှစ် စာရင်းကောက်တုန်းက ၁၄၄-မျိုး တိုင်းရင်းသားထဲမှာ မြန်မာမွတ်စလင်ဆိုတာ ပါခဲ့တယ်။ သို့သော် အခါကျတော့ ၁၃၅-မျိုးဖြစ်တယ်ဆိုပြီးတော့ အဲဒီနာမည်တွေ ပျောက်သွားတယ်။ အဲဒီတော့ မရှိဘူး၊ ရှိတယ်၊ တည်ရှိခြင်း မတည်ရှိခြင်းသည် အနာဂတ်မှာ ဥပဒေနဲ့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်။ ဒီနေ့ သန်းခေါင်စာရင်း ကိစ္စမှာကျတော့ ဘယ်လူမျိုးတွေ ဘယ်လောက် ရှိသလဲ ပေါ်လာရမယ့် ကိစ္စပဲဖြစ်တယ်။ အဲဒီအပေါ်မှာ ဒီလူမျိုးထည်းမှာ သူ့ပါးစပ်က ဖြေလိုက်တာကို ဘာမှ ဥပဒေအရ အရေးယူစရာ အကြောင်း မရှိဘူး။ သူ့လူမျိုး အမှန်ကို သူဖော်ထုတ်တာ။ လူမျိုးအမည်တွေ အများကြီးပေါင်းစပ်နေတာ လူမျိုးမဟုတ်ဘူး။ လူမျိုးအမည်ဆိုတာ တစ်မျိုးပဲရှိတယ်။

    ဥပမာ-ကရင် ကချင်ပေါင်းထားရင် ကရင်ရွေးရွေး၊ ကချင်ရွေးရွေး၊ ဥပမာ ကရင် ဘင်္ဂါလီပေါင်းထားရင် ကရင်ရွေးရွေး၊ ဘင်္ဂါလီရွေးရွေး၊ အဲလိုပဲ ၇-မျိုး ၈-မျိုးပေါင်းထားရင် ကြိုက်တဲ့လူမျိုးနာမည် သူ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်။ နိုင်ငံသားဆိုတာက ဒီလူတစ်ယောက်က သူ့ဘိုးဘေးဘီဘင်က ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာပဲ ကြီးပြီးတော့ ဒီနိုင်ငံမှာ သစ္စာခံယူပြီးတော့ ဒီနိုင်ငံမှာ သေမယ်လို့ ခံယူထားရင် သူဟာ ဒီနိုင်ငံသားပဲ။ အဲဒီတော့ နိုင်ငံသား ဖြစ်ခြင်းနဲ့ လူမျိုးနဲ့ ဘာသာသည် သီးခြားစီ။

    ဥပမာ ဆိုကြပါစို့။ မနေ့က ဗုဒ္ဒဘာသာ တစ်ယောက်ဟာ ဒီနေ့ ခရစ်ယာန်ဖြစ်ပြီး နောက်တစ်နေ့ အစ္စလာမ် ဖြစ်သွားတယ်။ နောက်တစ်နေ့ ဘာသာမဲ့ ဖြစ်သွားတယ်။ ဒါသူ့ရဲ့ ရင်ထဲက စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုဖြစ်တယ်။ လူမျိုးဆိုတာကို ရုပ်နဲ့ သတ်မှတ်လို့ မရဘူး။ လူမျိုးဆိုတာ အခုနပြောတဲ့ သူဘာ လူမျိုးလည်း ဆိုတာ သူ့ကိုသူ အသိဆုံး။ အဲ့တော့ လူမျိုးတစ်မျိုးကို နောက်လူမျိုး တစ်မျိုးက မင်းဒီလူမျိုးမဟုတ်ဘူး၊ ဒီလူမျိုးလို့ ဒီလိုမျိုး ပြဋ္ဌာန်းလို့မရဘူး။ အဲဒီလိုပဲ ဘာသာတစ်ခုက နောက်လူတစ်ယောက်ရဲ့ ဘာသာကို မင်းဒီဘာသာမဟုတ်ဘူး ဒီဘာသာဆိုပြီးတော့ ပြောလို့မရဘူး။ အဲလိုပဲ နိုင်ငံသားသည်လည်း ဥပဒေအရ နိုင်ငံသား ဒီကနေ့ ဥပဒေမှာ ရှိနေတယ်။

    နောက်တစ်ခါ မူလ မွေးရာပါ နိုင်ငံသား ရှိနေတယ်။ သို့သော် နိုင်ငံသားက တစ်မျိုးပဲ ရှိရမှာဖြစ်တယ်။ အဲတော့ အခု ဒီနေ့ ကြေငြာချက် ထုတ်ရမယ့် အကြောင်းအရာက ဒီပေါ်မှာ အခြေခံပြီးတော့ သင်တန်းတွေကနေပြီးတော့ ဒီလိုစာရင်းတွေ ကောက်တဲ့အခါမှာ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့သူတွေကို Code နံပါတ် ၉၀၀ ထဲကိုပဲ ထည့်ရမယ်။ ပသီထည့်လည်း ၉၀၀ သွား။ မြန်မာမွတ်စလင်ထည့်လည်း ၉၀၀ သွား၊ ဗမာ အိန္နိယလို့ နှစ်မျိုးပေါင်းလည်း ၉၀၀ သွား၊ အဲလိုမျိုး အစ္စလာမ် ဘာသာကိုကွယ်ပြီ ဆိုတာနဲ့ ၉၀၀ ထဲ ထည့်လိုက်တယ်။ ၉၀၀ ထဲမှာ သွေးနှောတွေချည်းပဲ ဖြစ်သွားတယ်။ ပြီးသွားလို့ရှိရင် ပသီထည့်ရင်လည်း ပါကစ္စတန်လာတာ အိန္ဒိယ လာတာ၊ ဘင်္ဂလားဒေရှ့်လာတာလို့ သတ်မှတ်ပြီး ၉၀၀ ထဲသွားတာ။ ၉၁၄ ထဲကို မထည့်ရဘူး ဆိုပြီးတော့ ညွှန်ကြားချက်တွေ ရှိသယောင် အဲလိုမျိုး ထွက်နေတယ်။ ဥပဒေကတစ်မျိုး ပြောနေတာတွေက တစ်မျိုးဖြစ်နေတယ်။ အဲလိုဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဥပဒေရဲ့ အပေါ်ကို ရောက်နေပြီးတော့ ဒီလိုမျိုးတွေ မမှန်မကန်တွေသာ စာရင်းကောက်မိမယ်၊ လူတွေကလည်း ကြောက်လန့်ပြီးတော့ အရောင်ရောင် အမှားမှားနဲ့ ဖြေမိမယ်ဆို စာရင်းအမှန် လူမျိုးအမှန်တွေ ထွက်လာမှာ မဟုတ်ဘူး။ အရေအတွက် အမှန်တွေလည်း ထွက်လာဖို့ မရှိဘူး။

    တစ်ချို့ဒေသတွေမှာဆိုရင် ဘာပြောလာလဲဆိုတော့ ဒါတရားဝင် ရိုဟင်ဂျာကို ဘာပြောလဲ ဆိုလို့ရှိရင် လူမျိုးနဲ့ ကိုးကွယ်တဲ့ဘာသာ မဖြေပဲ ကွက်လပ် ထားတာ။ အဲလိုဆိုရင် အဲဒီကွက်လပ်တွေကို တစ်စုံတစ်ယောက်က ဖြည့်လိုက်မယ် ဆိုလို့ရှိရင် မမှန်မကန် အဖြေတွေ ထွက်လာဖို့ရှိတယ်။ ဒါကြောင့်မို့ အန်ကယ်တို့က အဲလိုမျိုး ကွက်လပ်တွေလည်း မထားစေချင်ဘူး။ မိမိဘာဘာသာ ကိုးကွယ်လဲမေးရင် ရဲရဲတင်းတင်း နံပါတ် ၇-မှာ ဖြေလိုက်ပါ။ မိမိ ဘာလူမျိုးလဲ ရဲရဲတင်းတင်း နံပါတ် ၈-မှာဖြေလိုက်ပါ။ အဲလိုဖြေလိုက်ခြင်းအားဖြင့် အနာဂတ်မှာ ထွက်ပေါ်လာမယ့် လူမျိုးစု စာရင်းတွေ အမှန်ရမယ်။

    အဲဒီအခါမှာ အဲဒီလို မဟုတ်ဘဲနဲ့ စာရင်းကောက်တွေကနေ ဥပဒေနဲ့ ဆန့်ကျင်ပြီးတော့ ဒီလိုဖြေတာကို ဒီလိုမရေးပေးဘူးလို့ ငြင်းဆိုလာမယ်ဆိုရင် အန်ကယ်တို့က ရပ်လိုက်။ သက်ဆိုင်ရာ လူကြီးတွေကို တင်ပြ။ ဥပဒေနဲ့ ဆောင်ရွက်။ မရဘူး ဆိုလို့ရှိရင် ဒီနေ့ အစ္စလာမ် ဘာသာနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးနေတဲ့ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးရှိတယ်။ နောက် UNC ပါတီရှိတယ်။ အန်ကယ်တို့ PCN ကွန်ရက်ရှိတယ်။ ဒီအဖွဲ့တွေကနေ ဥပဒေနဲ့အညီ အမှန်တရား ပေါ်ပေါက်ရေးကို အချိန်မီ သက်ဆိုင်ရာတွေနဲ့ ဆက်သွယ် အကူအညီပေးတယ်။ အဲဒီဟာကို ပြည်သူကို အသိပေးခြင်း ဖြစ်တယ်။ ပြည်သူတွေ မှန်မှန်ကန်ကန် သိဖို့ အချိန်မှီ သတ်မှတ်နိုင်မယ်ဆိုရင် ဥပဒေနဲ့အညီ အမှန်အတိုင်း နိုင်ငံတော်ကိုလည်း ကူညီရာရောက်မယ်။ နိုင်ငံတော်အတွက်လည်း ကိန်းဂဏာန်းတွေ အမှန်အတိုင်းရမယ်။ အဲဒီအတွက် အန်ကယ်တို့က ဒီလိုကြေငြာချက်တွေထုတ်ဖို့ ဆောင်ရွက်ပေးတာဖြစ်တယ်။

    မေး – ဟုတ်ကဲ့ပါ အန်ကယ်။ တစ်ခုလောက် ထပ်မေးချင်ပါသေးတယ်။ ခုဏက အန်ကယ်ပြောသွားတဲ့ထဲမှာတော့ တပိုင်းတစ ပါသွား ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာလေးကို ထပ်ဖြည့်စွက်မေးချင်တာက မွတ်စလင် အများစုမှာ ဖြစ်နေတာက မှတ်ပုံတင်ထဲမှာက လူမျိုးက တစ်မျိုး၊ သူတို့အနေနဲ့က တကယ်လို့ သန်းခေါင်စာရင် လာကောက်ပြီဆိုရင် သူတို့ဖြေချင်တဲ့လူမျိုး၊ ဥပမာ- ပသီလို့ ခံယူတဲ့ လူမျိုးရှိမယ်၊ နောက် ကျူလီယာတို့ အစရှိသဖြင့် ဖြည့်မယ်ပေါ့။ သူတို့ရဲ့ လူမျိုးက သူတို့ခံယူထားတာ ဒီလူမျိုးတွေ။ မှတ်ပုံတင်ထဲမှာကျတော့ အိန္ဒိယ ဗမာတွေ ဖြစ်နေကြတာ ရှိတယ်။ အဲလိုမျိုးတွေ ဆိုရင်လည်း ဘယ်လို ဖြည့်ရမလဲဆိုတဲ့ ဒွိဟတွေပေါ့နော်။ အဲလိုမျိုးတွေ ဖြစ်နေတဲ့ ပေါ်မှာရော အန်ကယ်ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။ 

    ဖြေ – နံပါတ်-၁က နိုင်ငံသား စိစစ်ရေးကဒ်တွေ၊ စတင်ထုတ်ပေးစဉ် အခါကိုက လူမျိုးအမည် အမှန်အတိုင်း သက်ဆိုင်ရာကနေ စိစစ်ပြီးတော့ ထုတ်ပေးခဲ့ တာလည်း ရှိတယ်။ တချို့တွေကျတော့ ပြောတဲ့အတိုင်း မဟုတ်ပဲနဲ့ တာဝန်ရှိသူတွေက သူတို့ဘာသာ သူတို့ရေးသွင်းသွားပြီးတော့ ဒီလိုလူမျိုးထည့်မှ ဒီလိုကဒ်ရမယ်ဆိုတဲ့ သဘောတွေကြောင့် နိုင်ငံသား ထည့်ခွင့်ရှိတဲ့ သူတွေက သူတို့ နိုင်ငံသားကဒ် ရရင် ပြီးရောဆိုပြီးတော့ အဲလို မမှန်မကန် လူမျိုး အမည်တွေနဲ့ ထွက်လာတာတွေလည်း ရှိတယ်။ ဒီကနေ့တော့ ဒီသန်းခေါင်စာရင်း ကောက်တဲ့အခါမှာ အနာဂတ် နိုင်ငံသားကဒ်တွေ၊ စမတ်ကဒ်နဲ့ ထုတ်မယ်လို့ ပြောတယ်။ အဲလိုအခြေအနေမျိုးမှာ နိုင်ငံတော်မှာရှိတဲ့ လူမျိုးအမည်မှန်တွေ ပေါ်ပေါက်ဖို့ကျတော့ အဲလိုမှားယွင်း ဖော်ပြထားတဲ့ လူမျိုး အမည်တွေ၊ ခုနကလို လူမျိုးအမည် ၅-မျိုး ၆-မျိုးတွေ ဖြစ်နေပြီးတော့ လူမျိုးပျောက်သွားတဲ့ လူမျိုးအမည်တွေကို သူတို့အနေနဲ့ သူတို့ယုံကြည်တဲ့ အတိုင်း၊ သူတို့ဘာလူမျိုးလည်းဆိုတာကို သူတို့ဖြေပိုင်ခွင့်ရှိတယ်။ အဲဒီအခါမှာသူသည် ဟိုးသမိုင်းမှာ စကားမပြောသော သက်သေတွေဖြစ်တဲ့ ကျောက်စာမှာ ပါတဲ့ ပသီဆိုတဲ့ သမိုင်းရှိသလို နိုင်ငံ့သမိုင်း၊ ပထမ မြန်မာနိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယ မြန်မာနိုင်ငံ သမိုင်းတွေမှာ ပသီလူမျိုးရှိခဲ့တယ်။

    မြန်မာမွတ်စလင်ဆိုတာက ဒီဘက် အင်္ဂလိပ် ကိုလိုနီဖြစ်ပြီးတဲ့ နောက်ပိုင်း လွတ်လပ်ရေး မရခင်မှာ မြန်မာမွတ်စလင်တွေ ပြောင်းကြတာ။ ဗမာ မွတ်စလင်တွေ၊ မြန်မာမွတ်စလင်ဖြစ်ခဲ့တာ။ နောက်ဆုံး ၇၃ ခုနစ်မှာ မြန်မာမွတ်စလင်လို့ ကြေငြာခဲ့တာ။ အဲတော့ သူတို့ထည့်ချင်တဲ့ လူမျိုးအမည်ကို လွတ်လပ်စွာ ရွေးချယ်ထည့်ပိုင်ခွင့်ရှိတယ်။ ဒီလူတစ်ယောက်ကနေပြီးတော့ ဥပဒေအရ ဗမာနဲ့ အိန္ဒိယ သူ့ကို ရေးထားပေမယ့် သူဗမာပါလို့ ခံယူရင် သူဗမာ ဖြေပိုင်ခွင့် ရှိရမယ်။ သူကရင်နဲ့ ဘင်္ဂါလီ ပေါင်းနေရင် သူကရင်ပါလို့ ဖြေပိုင်ခွင့် ရှိရမယ်။ သူ့တိုင်းရင်းသားသွေး ပါတာကို။ အဲလိုမျိုး ဖြေပိုင်ခွင့် ရှိတဲ့အခါမှာ ဥပဒေက ဦးဖြူသည် သူက ကရင်ပါလို့ ဖြေလိုက်တဲ့အခါမှာ ဦးဖြူနာမည်နဲ့ Code က ထွက်မှာမဟုတ်ဘူး။ ကွန်ပျူတာက ဦးဖြူဖြေလိုက်သည့် ကရင်ဆိုတာပဲ ထွက်လာမှာဖြစ်တယ်။ နောင်ပြန်ပြီး ထွက်လာမှာက ကရင် ဘယ်နှစ်ယောက်ဆိုတာပဲ ထွက်လာမယ်။ အဲလိုပဲ သူဘင်္ဂါလီ ဖြေလိုက်ရင် ဘင်္ဂါလီ ဘယ်နှစ်ယောက်ပဲ ထွက်မယ်။ ဦးဖြူ ဘင်္ဂါလီလို့ မထွက်ဘူး။ ဒီလိုဆို ဥပဒေအရ ပြန်ကြည့်လိုက်မယ်။ ဦးဖြူဖြေလိုက်မှန်း မသိအောင် ကာကွယ် ပေးထားပါလျက်နဲ့ ဦးဖြူဟာ သူ့သန်းခေါင်စာရင်း၊ သူ့မှတ်ပုံတင်၊ သူ့နိုင်ငံသားကဒ်မှာ အတိုင်း မဖြေဘူးလို့ ဦးဖြူ အရေးယူပိုင်ခွင့် မရှိဘူး။ အရေးယူပြီ ဆိုတာနဲ့ သူ့ကို ဘာကြောင့် တိုက်ဆိုင် စစ်ဆေးတာလဲ။ သန်းခေါင်စာရင်း ဥပဒေက တိုက်ဆိုင်စစ်ဆေးခြင်း၊ ကူးယူခြင်း မရှိရဘူး။ သန်းခေါင်စာရင်း ကိစ္စကလွဲပြီး ကျန်တာ ဘာနဲ့မှ မသုံးရဘူးလို့ ပြောထားတယ်။ အခု အဲလိုမျိုးသုံးပြီး အရေးယူမယ်ဆိုရင် ဥပဒေနဲ့ ဆန့်ကျင်တယ်။ ဦးဖြူ ဖြေမှန်းမသိအောင် ကာကွယ်ထားရမည့် ကိစ္စ၊ ဦးဖြူကို ဒီလိုဖြေတယ်လို့ ဘယ်အချက်အလက်နဲ့ ထုတ်ယူစစ်ဆေးပြီး ဘယ်ဥပဒေနဲ့ သူ့ကို အရေးယူမလဲ။ အရေးယူပိုင်ခွင့် မရှိဘူး။ ဦးဖြူနဲ့ ဦးဖြူဖြေကြားချက်နဲ့က သီးခြားစီ။

    အဲဒီတော့ လူနာမည် ထည့်ချင်းသည် ဒီအိမ်ကို သန်းခေါင်စာရင်း ကောက်ပြီးပြီလား၊ မကောက် ရသေးဘူးလားဆိုတာ ပြသနာတွေပေါ်ရင် ရှင်းလို့ ရအောင်လို့ နာမည်ကို ထည့်ကောက်တာ။ အဲဒီနာမည်သည် ကွန်ပျူတာထဲကို သွင်းသွားတဲ့ အခါမှာ ဒီနာမည် မဖတ်တော့ဘူး။ ကျန်ရစ်ခဲ့မှာ။ အဲတော့ နောင်တစ်ချိန်မှာ ဦးဖြူဘယ်လောက် ဘယ်လူမျိုးဖြေတယ်၊ ဘယ်ဘာသာ ဖြေတယ်ဆိုတာ ပေါ်လာစရာ အကြောင်းမရှိတော့ဘူး။ ပေါ်လာသည်ဆိုတာနဲ့ သန်းခေါင်စာရင်း ဥပဒေအရ အပေါက်ကြားလာမယ်။ တိုက်ဆိုင် စစ်ဆေးမှု ဖြစ်ပြီဆိုတာနဲ့ သန်းခေါင်စာရင်း ဥပဒေအရ ဆန့်ကျင်မှာပဲ။ ဒါကြောင့် အဲ့ဒီဥပဒေအရ အရေးယူမယ်ဆိုရင် ပထမဦးဆုံး မမှန်မကန် ဖြေသွင်းတဲ့သူ၊ ဦးဖြူက ဗမာဖြေရဲ့သားနဲ့ ကရင်ဖြေရဲ့သားနဲ့ အဲဒီလို မဟုတ်ဘဲနဲ့ သူတို့ သဘောနဲ့ သူတို့ ၉၁၄ ထဲမှာ မဖြည့်ပဲနဲ့ ၉၀၀ထဲ ပို့မယ်ဆိုရင် ဖြည့်သွင်းသူရဲ့ တာဝန်ပဲ ဖြစ်တယ်။ ဖြည့်သွင်းသူသည် ဥပဒေကိုဆန့်ကျင်တာ။ ဦးဖြူက သူ့ရဲ့ လူမျိုးအမည်မှန် ဖော်ထုတ်တဲ့ဟာကို ဦးဖြူ မင်းဘာမဟုတ်ဘူး ဆိုပြီးတော့ ပြောပိုင်ခွင့် မရှိဘဲနဲ့ ဦးဖြူ မင်းဒီလိုဖြေခဲ့တယ်လို့ ဖော်ထုတ်လိုက်ရင် ဦးဖြူကို ဒီသန်းခေါင်စာရင်း ဥပဒေနဲ့ ဆန့်ကျင်ပြီး ဆောင်ရွက်တာ ဖြစ်တဲ့အတွက် သူသည် သန်းခေါင်စာရင်း ဥပဒေကို အရင်ဦးဆုံး ဆန့်ကျင်တာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဖြေဆိုသူများသည် ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ဖြေဖို့လိုအပ်တယ်။ အဲဒီ့အပေါ်မှာ သူ့ကို အရေးယူစရာ အကြောင်းမရှိဘူးလို့ အန်ကယ်တို့က ဥပဒေကိုပဲ ပြောတယ်။ ဥပဒေရဲ့ အထက်က လုပ်တဲ့အလုပ်ကိုတော့ အန်ကယ်တို့ တာဝန်မခံနိုင်ဘူး။ အဲ့ဒါက သီးခြားကိစ္စပဲဖြစ်တယ်။

    မေး – ဟုတ်ကဲ့ပါ။ ဒါဆိုလို့ရှိရင် အခု သန်းခေါင်စာရင်း ကောက်မယ့်အချိန်မှာ မေးခွန်း ၄၁ ခု ရှိပေမယ့် တခြားမေးခွန်းတွေက ဘာမှ အခက်အခဲ မရှိပေမယ့်၊ အများစု တိုင်းရင်းသားတွေကြားမှာ အခက်အခဲ ဖြစ်နေတာက နံပါတ်-၈ လူမျိုးစုနေရာမှာ ဖြစ်နေပါတယ်။ အကယ်လို့ သန်းခေါင်စာရင်း ကောက်ချိန်မှာ ဖြေဆိုသူပြောတဲ့ လူမျိုးကို မေးမြန်းသူက မဖြည့်ပေးဘူးဆိုရင် ကျန်ရှိနေတဲ့ မေးခွန်းတွေကို မဖြေတော့ဘူးဆိုပြီး ကိုယ့်ဘက်က ရပ်ပစ်လို့ရမလား။ ရပ်ပစ်ပိုင်ခွင့်ကော ရှိပါသလား။

    ဖြေ – သန်းကောင်စာရင်း ဥပဒေကိုက ပြောထားပါတယ်။ သူဖြေတဲ့အတိုင်း မဖြည့်သွင်းဘူး။ အဲဒီလူပေါ်မှာ မကျေနပ်ဘူးဆိုရင် အနီးဆုံးမှာရှိတဲ့ စာရင်းစစ်ကို အကြောင်းကြားပါ။မရရင် ကွပ်ကဲရေးမှူးရုံးကို အကြောင်းကြားပါ။ မရခဲ့လျှင် သူ့ထက်မြင့်တဲ့ ခရိုင်၊ တိုင်း ဌာနချုပ်ကို အကြောင်းကြားပါ။ တခြား ရပ်ကွက်လူထု အဖွဲ့အစည်းကို အကြောင်းကြားပါ။ သူလွတ်လပ်စွာ ဖြေဆိုခွင့် ရှိလျက်နဲ့ သူဖြေဆိုတဲ့အတိုင်း မဖြည့်ပေးဘူးဆိုရင် ဘယ်မေးခွန်း နေရာပဲရောက်ရောက် လူမျိုးပဲဖြစ်ဖြစ်၊ ဘာသာပဲဖြစ်ဖြစ်၊ ကျန်မေးခွန်းတွေပဲဖြစ်ဖြစ် သူဖြေတဲ့အတိုင်း မဖြည့်ပေးဘူးဆိုရင် သူ့အနေနဲ့ ရပ်ဆိုင်း လိုက်ပြီးတော့ ကျွန်တော်သည် စာရင်းကောက်နဲ့ ဆက်ပြီးတော့ မဖြေချင်တော့ပါဘူး။ သက်ဆိုင်ရာကို ပြင်ဆင်ပေးပါလို့ အကြောင်းကြားပါ။ တကယ်လို့ သူဖြေတဲ့အတိုင်း မရေးဘဲနဲ့ မှားပြီးတော့ ရေးလိုက်မယ် ဆိုရင်လည်း ချက်ချင်းအကြောင်းကြား။ ပြန်ပြင်ပေးရမယ်။

    ဒါကြောင့်မို့လို့ ပြန်ကောက်မယ် ဆိုရင် ရပ်လိုက်လို့ရတယ်။ သက်ဆိုင်ရာကို အကြောင်းကြား။ ဒါသည် မဖြေဘူးဟု ငြင်းဆိုခြင်းမဟုတ်ဘူး။ ဖြေတဲ့အတိုင်း မဖြည့်သွင်းပေးတဲ့ အတွက်ကြောင့်မို့လို့ သူ့ရဲ့ လွတ်လပ်စွာ ဖြေဆိုခွင့်ကို တစ်ဖက်က ကန့်ကွက်လိုက်တာ ဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီတဲ့အတွက် သူက ဥပဒေကို အကူအညီ တောင်းပိုင်ခွင့်ရှိတယ်။ အဲဒီလိုအခါမှာ သတ်ဆိုင်ရာက စာရင်းကောက်အသစ်နဲ့ စာရင်းပုံစံအသစ်နဲ့ မှားယွင်းမှုကို ပြင်ဆင်ပြီးတော့ ဖြေတဲ့အတိုင်း ပြန်လုပ်ပေးရမယ်။ ဥပဒေအရ တာဝန်ရှိတယ်။

    မေး – ဟုတ်ကဲ့ပါ အန်ကယ်လ်။ အခု နောက်ဆုံးအနေနဲ့မေးချင်တာက ရန်ကုန်တိုင်း ဒလဘက်မှာ အိမ်ထောင်စုစာရင်းကို စမ်းသပ် ကောက်ယူသွားတာလေးတွေ ရှိပါတယ်။ စမ်းသပ်ကောက်ယူတဲ့ အချိန်မှာလဲ အစ္စလာမ်ဘာသာဝင်တွေက လူမျိုးနေရာမှာ တချို့က ပသီလို့ ပြောကြတယ်။ အဲလိုမျိုးကို လက်မခံဘဲနဲ့ အစ္စလာမ်ဆိုတာနဲ့ ဘင်္ဂါလီဆိုပြီးတော့ပဲ စာရင်းကောက်တဲ့လူတွေက လုပ်တယ်လို့ ဆိုကြတယ်။ ပြန်စုံစမ်းကြည့်တဲ့ အခါမှာ အခုကိစ္စက သန်းခေါင်စာရင်း ဌာနက လုပ်တာ မဟုတ်ပဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ တဆင့် လူငယ်တွေ ကို ကောက်ယူခိုင်းတဲ့ ပုံစံမျိုး ရှိနေတယ်။ အများစု စိုးရိမ်ကြတာက သန်းခေါင်စာရင်းကော်ယူမှု ကာလမှာ တကယ်သိ နားလည်တဲ့ လူတွေကိုတော့ သန်းခေါင်စာရင်း ပြန်ကောက်ပြီး နားမလည်တဲ့လူတွေကိုကျ ဟိုတခါက ကောက်ထားပြီးပြီ ဆိုပြီး မကောက်ဘဲ ချန်ထားခဲ့တာမျိုး ဖြစ်လာနိုင်မလားဆိုတဲ့ အတွေးသောကတွေက မွတ်စလင် လူထုကြားထဲမှာ စိမ့်ဝင်နေကြတယ်။ အဲဒီအပေါ်မှာရော အန်ကယ်အနေနဲ့  ဘယ်လိုများ သုံးသပ်ပြောပြချင်ပါသလဲ။

    ဖြေ – ဒီမေးခွန်းက သိပ်ကောင်းတယ်။ ဖြစ်လာနိုင်စရာ အများကြီးရှိတယ်။ အန်ကယ်တို့ သိထားတာက နိုင်ငံတော်က ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် မြို့နယ်၂၀ ကို ပဏာမအနေနဲ့ ကြိုတင်ပြီးတော့ သန်းခေါင် စာရင်း ကောက်ယူပြီးတော့ လေ့လာခဲ့ပြီးပြီ။ တွေ့ကြုံရမယ့် အခက် အခဲတွေနဲ့ ပြင်ဆင်ရမယ့် အချက်အခဲတွေကို ပြင်ဆင်ဖို့အတွက် သန်းခေါင်စာရင်း ကြိုတင်ကောက်ယူတဲ့ မြို့နယ် ၂၀ ပြီးသွားပြီ။ အဲဒီကြားထဲကနေ အခု ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမယ့် ၂၀၁၄ ခုနှစ် မတ်လ ၂၉-၃၀ ရက်နေ့ကနေ စပြီး ဧပြီ ၁၀ ရက်နေ့ မတိုင်ခင်အထိ နိုင်ငံတော်က သန်းခေါင်စာရင်း ဥပဒေအရ သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း ဘယ်မြို့နယ်တွေ ဘယ်ဒေသတွေမှာ ကြိုတင်ကောက်မယ်လို့ ကြေငြာပြီးတော့ ကြိုတင်ကောက်ယူတဲ့ နေရာဒေသကလွဲရင် ကျန်ဘယ်ဒေသမှာမှ ဘယ်လိုနည်းနဲ့မှ ဘယ်ပုံစံ ဇယားနဲ့မှ ကြိုတင်ကောက်ခွင့် မရှိဘူး။ လုံးဝ ကောက်ခွင့် မရှိဘူး။ အဲလို ကောက်ယူခြင်းသည် ဥပဒေနဲ့ ဆန့်ကျင်တာဖြစ်တယ်။

    သို့သော် တိုင်းရင်းသားတွေ၊ အရပ် အဖွဲ့အစည်းတွေဟာ သူတို့လူမျိုးတွေ သူတို့ ဒေသတွေမှာ ဘယ်လောက်ရှိသလဲ၊ ဘယ်ဘာသာဝင်တွေ ဘယ်လောက်ရှိလဲဆိုပြီးတော့ သူတို့အဖွဲ့အစည်းတွေက ကောက်ခြင်းဟာ သီးခြားကိစ္စ ဖြစ်တယ်။ နိုင်ငံတော်က သန်းခေါင်စာရင်း ကောက်ယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားဝင် ကောက်ယူရမယ့် ဒေသက လွဲရင် အခြားနည်းနဲ့ ဘယ်လိုပဲ ကောက်ကောက် ဘယ်ပုံစံနဲ့ပဲကောက်ကောက် တရားမ၀င်ဘူး။

    အဲဒီလို တရားမ၀င်ဘဲနဲ့ ဘယ်အဖွဲ့အစည်းကပဲ ကောက်ကောက် အဲဒီ ဥစ္စာတွေနဲ့ ပတ်သက်လို့ ဖြေဆိုခွင့် လုံးဝမရှိဘူး။ ဖြေဆိုဖို့လဲ မလိုဘူး။ အဲလို ငြင်းဆိုတဲ့ အတွက်ကြောင့်မို့လဲ ဘာဥပဒေနဲ့မှ အရေးယူပိုင်ခွင့် မရှိဘူး။ အကယ်လို့ အဲလိုမျိုး လာကောက်ယူသွားလို့ မလွန်ဆန်နိုင်လို့ ဖြေလိုက်ရပြီ ဆိုလည်း ဥပဒေက ဘာပြောထားလဲဆိုတော့ သတ်မှတ်ကာလ အတွင်းမှာ ကိုယ့်အိမ်မှာ သန်းခေါင်စာရင်းပုံစံ မူရင်းနဲ့ လာမကောက်ဘူးဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပါ။ ကိုယ့်အိမ်မှာ လာကောက်ရမယ်လို့ ဥပဒေက ပြဌာန်းထားတယ်။ ကြိုတင် ဘယ်လိုပဲ ဖြေလိုက်ဖြေလိုက်၊ ဘာကြောင့်ပဲ ဖြေလိုက်ဖြေလိုက်၊ ဒါဟာ တရားဝင် သန်းခေါင်စာရင်း ကောက်ယူခြင်း မဟုတ်တဲ့ အတွက် တရားမ၀င်ဘူး။ တရားဝင် လာမကောက်ရင် တရားဝင် လာကောက်ဖို့အတွက် တောင်းဆိုရမယ်။ အဲဒီ တရားဝင် ပုံစံပေါ်မှာပဲ ဖြေဆို ဖြည့်သွင်းခြင်းက တရားဝင်မှာဖြစ်တယ်။ အဲဒီအခါမှာလည်း သန်းကောင်စာရင်း ဖြေတဲ့သူတွေဟာ သန်းခေါင်စာရင်း ပုံစံ အစစ် အတု၊ ပုံစံ ဟုတ်မဟုတ်ကို ဗဟုသုတ ရှိဖို့လိုတယ်။ အဲဒါတွေကိုလည်း သိတဲ့လူတွေ က တဆင့် ပြန်ပြောပြဖို့လိုတယ်။ အရောင်လေး တူရုံနဲ့ စာရွက်ကလေး တူရုံနဲ့ မရဘူး။ 2B ခဲတံနဲ့ ခြစ်မခြစ်၊ တချို့နေရာတွေမှာ တခြားပုံစံတစ်ခုနဲ့ ဒီလိုမျိုး အရောင်ဆောင်ပြီး ခြစ်ချင် ခြစ်သွားမယ်။ အရောင်ဆောင်တဲ့သူတွေက လုပ်ချင်လုပ်သွားမယ်။ ဒီလိုမျိုးတွေ လည်းဖြစ်နိုင်တယ်။ အဲဒါလည်း ဥပဒေက ပြဌာန်းထားတယ်။ အယောင်ဆောင်ခွင့်မရှိဘူး။ လိမ်လည်ခွင့် မရှိဘူး။ အတုပြုလုပ်ခွင့် မရှိဘူး။ ဒီစာရင်းဇယားတွေကို သေသေချာချာ လုံလုံခြုံခြုံနဲ့ ထိန်းသိမ်းထားဖို့ ကာကွယ်ပေးဖို့ နည်းလမ်းတွေနဲ့ အားလုံး စာချုပ်တွေ ချုပ်ပေးထားတွေရှိတယ်။ အဲဒါတွေ မပေါက်ကြားရဘူး။ အဲဒါကြောင့် ခုနပြောတဲ့ ကြိုတင်ကောက်ယူတာတွေက၊ တရားဝင် ကြေငြာခြင်း မရှိတဲ့ ဒေသတွေမှာ ကောက်ယူလို့ မရပါဘူး။ ဖြေစရာမလိုပါဘူး။ အဲလို ဖြေလိုက်တဲ့ ဟာကို သန်းခေါင်စာရင်း အစစ်ထဲမှာ ကာယကံရှင်ရဲ့ ရှေ့မှာ မဟုတ်ဘဲနဲ့ ကွယ်ရာမှာ ကူးယူခွင့် မရှိဘူး။ ကာယကံရှင်က အစစ်ထဲမှာရော ကြိုတင် ကောက်ထားတဲ့ အထဲမှာရော ဘာလက်မှတ်မှ လက်ဗွေမှ ထိုးပေးစရာ အကြောင်းမရှိဘူး။

    ဒါကြောင့်မို့ ကာယကံရှင် အားလုံးက ဥပဒေကို နားလည်ပြီး ရဲရဲသိရမှာက ကြိုတင်ကောက်ခြင်းကို မဖြေပါနဲ့။ တကယ်တရားဝင် လာကောက်တဲ့ ၁၂-ရက် အတွင်းမှာ ဖြေပါ။ လာမကောက်ဘူးဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပါ။ အဲဒီအခါမှာ ကောက်ပေးပါလိမ့်မယ်။ အဲဒီအခါမှာလည်း ဖြေတဲ့ အတိုင်းပဲ ရေးရမှာ။ ခုနပြောတဲ့ သွေးက ဘင်္ဂါလီဆိုရင် ဒီလိုမျိုးမရပါဘူး။ သူဘင်္ဂလီဖြေရင် ဘင်္ဂါလီ ထည့်ပေးရမှာပါ။ ရိုဟင်ဂျာ ဖြေရင် ရိုဟင်ဂျာ ထည့်ပေးရမှာပါ။ Pre-Code ထဲမှာ မပါသမျှ လူမျိုးနာမည်အားလုံး ၉၁၄ ထဲပဲ ထည့်ရမှာဖြစ်ပါတယ်။ ၉၀၀ ထဲမှာ ထည့်ရမယ်လို့ ဥပဒေက မရှိဘူး။ နည်းဥပဒေလည်း ပြဌာန်းခြင်း၊ ကြေငြာထားခြင်း မရှိဘူး။ ညွှန်ကြားချက် အမိန့်တွေလည်း တရားဝင် ထုတ်ပြန်ထားချက် မရှိဘူး။ အဲဒါကြောင့် ဥပဒေ ပြင်ပက ဥပဒေ အထက်ကနေပြီးတော့ တရားမ၀င်သော နည်းလမ်းနဲ့ ညွှန်ကြားမှုတွေသည် ပေထပ်အက္ခရာ စာရွက်နဲ့ တရားဝင် ထုတ်ပြန်ကြေငြာခြင်း၊ ပြည်သူကို အသိပေးခြင်း မရှိဘဲနဲ့၊ ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ ဒီလိုပြောတာတွေကို လိုက်နာစရာ အကြောင်းမရှိဘူး။

    သန်းခေါင်စာရင်းသည် နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ ပွင့်လင်းမြင်သာစွာ ကောက်ယူမယ်လို့ ပြောထားတယ်။ ဒါကြောင့်မို့ ဥပဒေ ထုတ်ပြန်ပြီးပြီ။ ဥပဒေ ထုတ်ပြန်ပြီး နည်းဥပဒေ ထုတ်ပြန်ရမယ်။ ပြီးရင် အမိန့်တွေ ကြေငြာစာတွေ၊ ညွှန်ကြားချက်တွေ ထွက်ရမယ်။ အဲတော့ ဘယ်လိုကောက်ပါ။ ဘယ်လိုဖြေပါ။ ဘာဆိုရင် မဖြေရဘူး၊ ဘာဆိုရင် ဖြေရမယ်။ ဘယ်လိုဆိုရင် မဖြည့်ရဘူး၊ ဘယ်လိုဆိုရင် ဖြည့်ရမယ်ဆိုတာ ဒီနေ့အထိ ဘာမှမရှိဘူး။ မရှိတဲ့ဟာတွေသည် ဥပဒေမဟုတ်ဘူးလို့ ဒီလိုပဲ ပြည်သူက သိရမယ်။ ဒါကြောင့်မို့လို့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမယ်။

    မေး – အခု သန်းခေါင်စာရင်း ကောက်တဲ့အခါမှာ နိုင်ငံတော် အစိုးရကလည်း ပြောထားတယ်။ သန်းခေါင်စာရင်း ကောက်တာဟာ အိမ်ထောင်စု စာရင်းကောက်တာဟာ၊ တိုင်းပြည်နဲ့ လူမျိုးရဲ့ အခြေအနေကို သိရအောင်ဆိုပြီး သူတို့ကတရားဝင် ကြေငြာထားတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးရဲ့ ပြည်သူတွေရဲ့ စိတ်ထဲမှာတော့ ဒါရဲ့ နောက်ကွယ်မှာ တစ်ခုခု ဖြစ်လာနိုင်မလား ဆိုတဲ့အတွေးက ရှိနေတယ်။ ဒီသန်းခေါင်စာရင်းက သူတို့ပြောတဲ့ ဒီစာရင်းအတိုင်း မဟုတ်နိုင်ဘူး ဆိုတဲ့ အတွေးက ရှိနေတယ်။ အဲဒီအပေါ်မှာရော အန်ကယ့်အနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။ 

    ဖြေ – တကယ်တော့ သန်းခေါင်စာရင်း ဥပဒေနဲ့အညီ နိုင်ငံတော်နဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကနေပြီးတော့ နည်းလမ်းတကျ မှန်မှန်ကန်ကန် ရိုးရိုး သားသားနဲ့ ကောက်ယူကြမယ်ဆိုရင် နိုင်ငံတော်အတွက် အင်မတန် အကျိုးရှိပါတယ်။ အဲလိုမှ မဟုတ်ပဲနဲ့ ပရိယာရ် တစ်မျိုးနဲ့ နိုင်ငံရေးအမြတ်ထုတ် ပြီးတော့ ဒီလိုကောက်မယ်ဆိုရင်တော့ ပြည်သူတွေ ကြားထဲမှာ သံသယတွေ သောကတွေ ရှိမယ်။ အခုလက်ရှိ တိုင်းရင်းသားတွေ ကြားထဲမှာလည်း အဲဒီလိုတွေ ဖြစ်နေတယ်။

    ဒါကို အခုချိန်ထိ ဖြေရှင်းနိုင်ခွင့် မရှိဘူး။ မရှိတဲ့အတွက် တချို့ တိုင်းရင်းသား ဒေသတွေမှာ စာရင်း အကောက်မခံဘူး ဆိုတာတွေလည်း ဖြစ်ပေါ်နေတယ်။ အဲဒီလိုမှ အချိန်မှီ နိုင်ငံတော်မှ တာဝန်ရှိနေတဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်၊ ၀န်ကြီးဌာန၊ ဦးစီးဌာနတွေကနေပြီးတော့ ဒီလို မဟုတ်ဘူး၊ ဒီလိုပါပဲ၊ အဲဒီ အတိုင်း စာရင်းကောက်တွေ အားလုံးနဲ့ စာရင်းစစ်တွေ၊ အဖွဲ့အစည်းတွေ အားလုံးက ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူ သိအောင် အခုကြေငြာမယ်ဆိုရင် အချိန်မီပါသေးတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ သန်းခေါင်စာရင်း အမှန်လဲ ရလိမ့်မယ်လို့၊ အချက်အလက် အမှန် ရလိမ့် မယ်လို့ မထင်ဘူး။ တချို့လည်း ရှောင်တိမ်းသွားမယ်။ တချို့လည်း မဖြေကြဘူး။ အငြင်းပွားမှုတွေ ဖြစ်မယ်။ တချို့နေရာတွေမှာ စာရင်းကောက်ရတာ တွေ အခက်အခဲတွေ ဖြစ်လာတဲ့အခါမှာ နိုင်ငံတော်ရဲ့ စီမံကိန်းအတွက် ဒီသန်းခေါင်စာရင်းကောက်ယူတဲ့ ရည်ရွယ်ချက်ကို တကယ် ထိထိ ရောက်ရောက် အောင်မြင်မှု မရှိလာနိုင် ဘူး။ အဲဒါဆိုရင် ငွေကြေးတွေ ကုန်သွားတာရယ်၊ ပြည်သူတွေ စိတ်ဆင်းရဲတာပဲ အဖတ်တင်မယ်။ အဲလိုဆိုရင် အန်ကယ်တို့ တိုင်းပြည်အတွက် အနာဂတ် လူမျိုးစုတွေရဲ့ အရေးတွေကို မှန်မှန်ကန်ကန် ဘယ်လိုမှ ဖော်ထုတ်ပြီးတော့ အကျိုးပြုတဲ့အလုပ်တွေ လုပ်နိုင်မှာ မဟုတ်ဘူး။

    ဒီတော့ အန်ကယ်က နိုင်ငံတော် အကြီးအကဲတွေကို ပြောချင်တာက သန်းခေါင်စာရင်းဥပဒေ၊ သန်းခေါင်စာရင်း ရည်ရွယ်ချက်နဲ့ အညီ ပြည်သူတွေအားလုံး စိတ်ရှင်းရှင်းသန့်သန့်နဲ့ နိုင်ငံခြားသားဖြစ်တာ၊ နိုင်ငံသားဖြစ်တာတွေ ခဏဘေးဖယ်လိုက်ပြီးတော့ စာရင်းအမှန်ကို သတ်မှတ်ထားတဲ့ Code နံပါတ်တွေနဲ့အညီ ဖြေဆိုစေခြင်းအားဖြင့် ထွက်ပေါ်လာတဲ့ လူမျိုးတွေ၊ လူမျိုးစုအမည်တွေကို ပေါင်းစပ်ပြီးတော့ လိုတိုး ပိုလျော့တွေ ရှိလာတာတွေ အဲဒါကို ပြုစုပြီးတော့မှ အနာဂတ် အရေးကို ဆက်လက်ပြီးတော့မှ ဥပဒေ ဘောင်ထဲကနေ ဆွေးနွေးကြမယ်၊ ဆုံးဖြတ်ကြမယ်၊ ဆောင်ရွက်ပေးကြမယ်ဆိုရင် ပြည်သူတွေ အနာဂတ် အေးချမ်းသာယာမယ်။ အဲဒါဆို တိုင်းရင်းသားတွေအားလုံးရော၊ နိုင်ငံသားတွေ အားလုံးပါ ပူးပေါင်းဆောင်ရွက်လာမယ်။ အဲလို အန်ကယ်က မြင်တာပေါ့နော်။

    မေး – ဟုတ်ကဲ့ပါ အန်ကယ်လ်။ ဖြေကြားပေးတာတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ အန်ကယ့်လ်အနေနဲ့ရော ဘာများဖြည့်စွက် ပြောချင်ပါသေးသလဲ။

    ဖြေ – အန်ကယ့်လ်အနေနဲ့ကတော့ နိုင်ငံသား ပြည်သူအားလုံး တိုင်းရင်းသားများ အပါအ၀င်ပေါ့၊ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံမှာ သီးခြားသတ်မှတ်ထားတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးမှာ နိုင်ငံတော်ရဲ့ အာဏာသည် နိုင်ငံသားများမှ ဆင်းသက်တယ်လို့ ပြောထားတယ်။ အခွင့်အရေးနဲ့ တာဝန်မှာလည်း နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ တာဝန်လို့ ပြောထားတယ်။ ဒါကြောင့် နိုင်ငံတော်မှာ တိုင်းရင်းသားတွေ ရှိသကဲ့သို့ တိုင်းရင်းသားတွေ အပါအ၀င်ဖြစ်သော နိုင်ငံသားတွေ အားလုံးနဲ့ ဒီအခြေခံဥပဒေက သက်ဆိုင်နေတယ်။ ဒီအခြေခံ ဥပဒေတစ်ခုကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မပြင်ရသေး၊ မပယ်ဖျက်ရသေးသည့်အတွက် အတည်ဖြစ်နေတယ်။ အဲဒီအတည်ဖြစ်နေတဲ့ ဥပဒေရဲ့ ဘောင်အတွင်းကနေ နိုင်ငံသားတွေရဲ့ အကျိုးအတွက် ဥပဒေနဲ့အညီပဲ အန်ကယ်တို့က ဆောင်ရွက်စေချင်တယ်။ ဒီနေ့ နိုင်ငံတော်မှာ ဖြစ်နေတဲ့ ပြသနာတွေက ဥပဒေရဲ့ အထက်က ပြသနာတွေက ဖြစ်နေပါတယ်။ အဲဒီတော့ အဲဒါတွေ မဖြစ်အောင်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင်၊ တရားဥပဒေ စိုးမိုးအောင်၊ နိုင်ငံတော် အကြီးအကဲတွေက အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးမယ်ဆိုရင် အန်ကယ်တို့ နိုင်ငံသားဖြစ်ထိုက်ခွင့်ရှိသူတွေအားလုံး နိုင်ငံသားတွေ ဖြစ်မယ်။ အဲဒီနိုင်ငံသား တွေက နိုင်ငံတော် တာဝန်တွေကို ထမ်းဆောင်ကြမယ်။ နိုင်ငံသားအခွင့်အရေးတွေကို ရရှိကြမယ်ဆိုရင် နိုင်ငံတော်ကြီးက အေးချမ်းသာယာမှာ ဖြစ်တယ်။ တိုင်းရင်းသားတွေ အားလုံးကလည်း ယုံကြည်မှုတွေရှိတယ်။ ယုံကြည်မှု တည်ဆောက်နိုင်ပြီဆိုရင် ပဋိပက္ခတွေဆိုတာ လည်း မရှိနိုင်တော့ဘူး။ ပြည်တွင်းပဋိပက္ခလည်း မရှိနိုင်တော့ဘူး။ ဘာသာရေး ပဋိပက္ခလည်း မရှိနိုင်တော့ဘူး။ လူမျိုးပဋိပက္ခလည်း မရှိနိုင်တော့ဘူး။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုရင် နိုင်ငံသူ နိုင်ငံသားတွေအားလုံး အကျုံးဝင်တယ်။ အဲဒီအပြင် နိုင်ငံတွင်းမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေပါ အကျုံးဝင်ပါတယ်။ သူတို့လည်း သူတို့အပိုင်းနဲ့သူတို့ တိုင်းပြည်ပေါ်မှာ သစ္စာရှိရမယ်။

    အဲလိုပဲ နိုင်ငံသားတွေက ပိုပြီးတောင် သစ္စာရှိရမယ်။ သစ္စာရှိခြင်း၊ မရှိခြင်းဆိုတာ လူတစ်ဦးချင်းရဲ့အပိုင်း။ လူမျိုးနဲ့လည်း မဆိုင်ဘူး။ ဘာသာနဲ့လည်း မဆိုင်ဘူး။ သစ္စာမရှိဘူး၊ သစ္စာဖောက်တယ်ဆိုတာ လူတစ်ဦးချင်းနဲ့ဆိုင်တယ်။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်ထဲက သစ္စာဖောက်သွားတဲ့ သူတွေ အများကြီး။ မဆလ လက်ထက်မှာ၊ ပါတီအတွင်းမှာ သစ္စာဖောက်သွားတဲ့လူတွေ အများကြီး။ ဒီဘက်ခေတ်တွေမှာလည်း ထိုနည်းလည်းကောင်း ပဲ။ အဲလိုလူတွေကို အရေးယူခဲ့တာတွေ အများကြီးရှိတယ်။ ဒါဖြင့် သမိုင်းကို ပြန်ကြည့်ရမယ်ဆိုရင် အစ္စလာမ် ဘာသာဝင်တွေ သစ္စာမဲ့တယ်၊ သစ္စာ ဖောက်တယ်ဆိုတာ အလွတ်ပဲ ပြောနေတာရှိတယ်။ အထောက်အထား မရှိဘူး။ တစ်ယောက်စ နှစ်ယောက်စရဲ့ လုပ်ရပ်တွေကို အစ္စလာမ် ဘာသာဝင် ထုတစ်ခုလုံး၊ မွတ်စလင်ထု တစ်ခုလုံးကို စွပ်စွဲလို့ မရဘူး။ တိုင်းရင်းသားထဲကလည်း ရှိကောင်းရှိမယ်။ နိုင်ငံသားထဲမှာလည်း ရှိကောင်းရှိမယ်။

    ဥပမာ-ဗမာလူမျိုး-ဂဠုန်ဦးစော သစ္စာဖောက်သွားတယ်။ အဲတော့ နိုင်ငံတော်က လက်ရှိအစိုးရ ဖြစ်နေခဲ့ရင် တောထဲကို ဆန့်ကျင်ပြီး ၀င်သွားတဲ့သူအားလုံးကို သူပုန်လို့ ခေါ်ခဲ့တာ။ အဲဒီ သူပုန်ဟာ သူရဲ့ ခံယူချက် သူ့အကြောင်းကြောင့် သူ တောခိုသွားတာ။ အမြင်မှန်ရလာလို့ အလင်းပြန်ဝင်လာတဲ့အခါ နိုင်ငံတော်ကလက်ခံရမယ်။ ဒါဖြင့် တချိန်က သစ္စာဖောက်တယ်။ တချိန်က သစ္စာမဲ့တယ်လို့ ပြောတယ်။ ဒီနေ့ သစ္စာဖောက်တယ်လို့ အဲလိုလူကို ဘယ်လို ပြန်သတ်မှတ်မလဲ။ အဲတော့ သစ္စာဖောက်ခြင်း၊ သစ္စာမဲ့ခြင်းဆိုတဲ့ သစ္စာခိုင်ခြင်းဆိုတာ အခြေအနေနဲ့ အကြောင်းအရာတွေမှာ မူတည်ပြီးတော့ ပြောင်းလဲဖြစ်ပေါ်နေကြတာ။

    တကယ်တော့ တိုင်းရင်းသားတွေရော နိုင်ငံသားတွေ အားလုံးက ကိုယ့်နိုင်ငံကို ချစ်တဲ့လူတွေချည်းပဲ။ နိုင်ငံကို ချစ်တဲ့ လူတွေ အားလုံးဟာ သစ္စာဖောက်စရာ လည်းမလိုဘူး။ သစ္စာမဲ့စရာလည်း မလိုဘူး။ သို့သော် သစ္စာဖောက်အောင်၊ သစ္စာမဲ့အောင်၊ တိမ်းရှောင် သွားအောင်၊ တောထဲရောက် သွားအောင်၊ တွန်းပို့နေတဲ့ အခြေအနေကြောင့် တချိန်တုန်းကလည်း အဲလိုမျိုးတွေ ဖြစ်ခဲ့လို့ တိုင်းပြည်အတွက် တကယ်ကို ရွပ်ရွပ်ချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်း နဲ့ တွဲလုပ်ခဲ့တဲ့ ပုဂိုလ်တွေ ဥပမာ- သခင်သန်းထွန်းတို့ သခင်စိုးတို့ တောထဲရောက်ခဲ့ပြီး သေတဲ့အထိ ခံခဲ့ရတယ်။ တိုင်းပြည်အတွက် အင်မတန်မှ ဆုံးရှုံးသွားတဲ့ ခေါင်းဆောင်တွေ။ အဲတော့ အဲလိုမျိုး မဖြစ်အောင် ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ တိုင်းပြည်ကြီးကို ထူထောင်။ တိုင်းရင်းသားတွေရော နိုင်ငံသားတွေရော အားလုံးကို ဥပဒေတမျိုးတည်း အောက်မှာ တူညီတဲ့ ခံစားခွင့်တွေနဲ့ တူညီတဲ့ တာဝန်တွေ ပေးကြမယ်ဆိုရင် ဒီလိုဟာမျိုးတွေ ပေါ်လာစရာ အကြောင်းမရှိတော့ဘူးလို့ အန်ကယ်လ် မြင်တယ်။ ဒါကြောင်မို့လို့ ဒီနေ့ ခံစားနေရတဲ့ ပြည်သူတွေ အနေနဲ့ အဲဒီလို ခံစားမှုတွေကို ကျော်လွှားသွားနိုင်အောင် အားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ လက်တွဲပြီးတော့ အမှန်တရား ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

    မေး – ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်အန်ကယ်။