News @ M-Media

Tag: 2014census

  • သန်းခေါင်စာရင်း တွင် ခဲတံ၊ ခဲဖျက် အသုံးပြုမှု ဂယက် သံသယများနှင့် UNFPA ဖြေကြားချက်

    ဧပြီ ၂၊ ၂၀၁၄
    M-Media

    5337c49c0c77e
    ၂၀၁၄-ခု သန်းခေါင်စာရင်း ကောက်ယူနေချိန်မှာ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး နေရာအတော်များများမှာ လွဲချော်မှုတွေ ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ သန်းခေါင်စာရင်း မကောက်ယူမီက သန်းခေါင်စာရင်းကောက်ယူတဲ့ အခါမှာ 2B ခဲတံများဖြင့်သာ ရေးခြစ်ဖြည့် သွင်းမယ်ဆိုတဲ့အကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် အကြိမ်တော်တော် များများ ပြောခဲ့တာ ရှိခဲ့ပါတယ်။

    သို့သော်လည်း သန်းခေါင်စာရင်း တကယ်ကောက်ယူတဲ့ အခါမှာတော့ 2B ခဲတံနှင့် ရေးခြစ်ဖြည့်စွက်တာမျိုး မဟုတ်ဘဲ သာမန်ခဲတံများဖြင့် ရေးခြစ်ခြင်း၊ ခဲဖျက်ဖြင့် ဖျက်ခြင်းများ ပြုလုပ်နေတဲ့ အတွက်  သန်းခေါင်စာရင်း ဖြေဆိုသူများ အနေနဲ့ ဖြေဆိုသည့်အတိုင်း မဟုတ်ဘဲ ပြန်လည်ပြင်ဆင်ဖြည့်စွက် မည်လောဟု သံသယ၀င်နေကြပါတယ်။ အချို့နေရာ ဒေသများတွင်တော့ သန်းခေါင်စာရင်းကောက်ယူမှု စာရွက်များသည် UNFPA မှ ကူညီသည့် စာရွက်များ မဟုတ်ဘဲ ပုံစံတူ သာမန်စာရွက်များသာ ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေပါတယ်။

    ဒါကြောင့် ခဲတံဖြင့် ဖြည့်စွက်မှုပတ်သက်ပြီး UNFPA ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

    မေး – သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး နေရာအတော်များများမှာ ခဲတံနဲ့ဖြည့်စွက်မှုမှာ ခဲဖျက်နဲ့ဖျက်ပြီး ပြင်လို့ရတယ် ဆိုတာမျိုးတွေ သတင်းထွက်ပေါ်နေတဲ့ အတွက် ဖြေဆိုသူ တချို့အနေနဲ့ ဖြေဆိုမှု အပေါ် ပြောင်းပြီးရေး လိုက်မလားဆိုတဲ့ အတွေးမျိုးရှိနေကြတဲ့ အပေါ် UNFPA အနေနဲ့ ရှင်းပြပေးလို့ ရမလား မသိဘူး။

    UNFPA – ကျွန်မတို့ UNFPA အနေနဲ့ကတော့ Enumerator ဆိုတာ အစိုးရ အနေနဲ့ ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေပါ။ နောက်ပြီးတော့ အစိုးရအနေနဲ့ ဒါကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပြီး လုပ်မယ်ဆိုတဲ့ အပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် trust ပေါ့နော်။ ပြင်မယ်လို့တော့ မထင်ပါဘူး။ အဲ့ဒါကြောင့် ဒီ system ကို supervisor အထပ်ထပ်နဲ့ packing သေချာ လုပ်ပြီးတော့ ပို့ရမယ်ဆိုတာကို ကျွန်မတို့ process လုပ်ကတည်းက သေချာ စီစဉ်ထားတာပါ။ အဲ့ဒီတော့ ကျွန်မအနေနဲ့ ဒီလောက်ပဲပြောနိုင်ပါတယ်။ ပြင်မယ် မပြင်ဘူးဆိုတာကတော့ individual verification တွေရှိတော့ ဘယ်သူ့ကိုမှလည်း အာမ မခံနိုင်ဘူး။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် trust လုပ်ပြီးတော့ အခြေအနေပါ။ ကျွန်မတို့လည်း တတ်နိုင်သလောက် ပါဝင်ပြီးတော့ လုပ်ထားပြီးတဲ့ အခြေအနေ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

    Photo by AFP

  • Mizzima :အစ္စလာမ်ဘာသာဝင်အချို့ကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးအမည် မမေးဟုဆို

    Mizzima :အစ္စလာမ်ဘာသာဝင်အချို့ကို သန်းခေါင်စာရင်း ကောက်ရာတွင် လူမျိုးအမည် မမေးဟုဆို

    ဧပြီ ၁၊ ၂၀၁၄
    Mizzima
    ရေခဲ(ပြည်)
    အစ္စလာမ်ဘာသာဝင်အချို့ကို ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မေးမြန်း ခြင်းမရှိဘဲ ကောက်ယူသွားသည်ဟု ပဲခူးတိုင်း မြန်မာမွတ်ဆလင် လူငယ်များအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်မြင့် က မတ်လ ၃၁ ရက်တွင် ပြောသည်။

    သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်တွင်းရှိ အစ္စလာမ် ဘာသာဝင်များသည် ဘင်္ဂါလီ၊ ရိုဟင်ဂျာတို့ နှင့်အတူ မြန်မာနိုင်ငံ အတွင်းရှိ အခြားလူမျိုးများနှင့် အခြားနိုင်ငံခြားသားများအဖြစ် ကုတ်နံပါတ်(၉၁၄)အုပ် စုတွင် ပါဝင်သည်ဟု ဆိုသည်။

    “ကျွန်တော့်ကို အနယ်နယ်အရပ်ရပ်က အစ္စလာမ်ဘာသာဝင်တွေ ဖုန်းနဲ့ အကြောင်းကြားတယ်။ လူမျိုး အမည် ဖြည့်ခွင့်မရလိုက်ဘူး။ ကုတ်ပဲဖြည့်လိုက်ရတယ်လို့ ပြောတယ်။ မော်လမြိုင်နဲ့ ပေါက်ခေါင်းမှာ တော့ ပြန်ဖြည့်ခွင့်ရသွားကြပြီ။ ပြည်မှာတော့ မရသေးဘူး။ အခုလို လူမျိုးအမည်မရေးဘဲ(၉၁၄)ပဲ ရေး မယ်ဆိုရင် ကျွန်တော်တို့ အလိုလို ဧည့်နိုင်ငံသားထဲရောက်သွားမယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။

    သို့သော် သန်းခေါင်စာရင်းကောက်ယူရာတွင် အစ္စလာမ်ဘာသာဝင်များကို လူမျိုးအမည် ထည့်သွင်းဖော် ပြပေး ခဲ့သည်ဟု ပြည်မြို့၊ ကျောင်းကြီးအိုးတန်း ရပ်ကွက် သန်းခေါင်စာရင်းရုံးမှ စာရင်းစစ် ဦးရဲလွင်က တုံ့ ပြန်ပြောဆိုသည်။

    “လူမျိုးထည့်ရေးပေးပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်းပဲ လုပ်တယ်။ ကျန်တာရေးလို့မရ ဘူး။ ကျွန်တော်တို့က မှားပြီးရေးလို့မရဘူး။ သူတို့ဘက်က မှန်မှန်ကန်ကန်ပြောဖို့လိုသလို ကျွန်တော်တို့ ဘက်ကလည်း မှန်မှန်ကန်ကန်ရေးဖို့လိုတယ်”ဟု ဆိုသည်။

    သန်းခေါင်စာရင်းကောက်ယူသည့် နေရာတချို့တွင် အစ္စလာမ် ဘာသာဟု ပြောလိုက်ရုံဖြင့် လူမျိုးအမည် မေးမြန်းခြင်းမရှိဘဲ ကုတ်နံပါတ်(၉၁၄)ဟုသာ ဖော်ပြမှုများရှိနေကြောင်း ၊ အစိုးရက နိုင်ငံခြားသားအဖြစ် အသိအမှတ်ပြုသွားမည်ကို အစ္စလာမ်ဘာသာဝင်များက စိုးရိမ်နေကြောင်း ဦးခင်မောင်မြင့်က သုံးသပ် ပြောဆိုသည်။

    ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဟိန္ဒူစတန်နီလူမျိုး ဦးဇော်ဝင်းဆိုသူက “ကျွန်တော်က အစ္စလာမ် ဘာသာလို့ ပြောလိုက်တာနဲ့ (၉၁၄)ပဲဆိုပြီး လာကောက်တဲ့ဆရာမက သူ့ဟာ သူဖြည့်လိုက်မယ်လို့ ပြောတယ်။ လူမျိုးဖြည့်ပေးဖို့ ရုံးသွားပြောတော့ ထည့်လိုက်ပါပြီ။ စိတ်ချပါလို့ပဲ ပြော တယ်။ ဖြည့်လား မဖြည့်လား ဘာမှကို မမြင်ရတာ။ ကျွန်တော် ဘာလူမျိုးပါဆိုတာ ပြောခွင့် မရသလိုဖြစ် နေတယ်”ဟု ပြောသည်။

    သန်းခေါင်စာရင်းကောက်မှုနှင့်ပတ်သက်၍ ဖြည့်စွက်ပြီးစာရင်းစာရွက်များအား စာရင်းစစ်၊စာရင်းကောက် နှင့် ကော်မရှင်မှသာ ကြည့်ခွင့်ရှိသဖြင့် ကာယကံရှင်များ ပြန်လည်စစ်ဆေးခွင့်မပေးနိုင်ကြောင်း၊ လူမျိုး အမည်စာရင်း ထည့်သွင်းခြင်းမရှိဟုဆိုသည်မှာလည်း အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၎င်းတို့၏ ထင် မြင်ယူဆချက်ကို တစ်ဖက်သတ်ပြောဆိုခြင်းဖြစ်ကြောင်း ဦးရဲလွင်က ပြန်လည်ပြောဆိုသည်။

    Mizzima မှ ကူးယူဖော်ပြပါသည်။

  • ရခိုင်ပြည်က ပဟေဠိဆန်ဆန် သန်းခေါင်စာရင်း

    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    ရေးသား ပေးပို့သူ- ယျာတင်( MYARF)

    Never_Give_Up

    “သား ဘယ်လိုလဲ…ဘယ်ချိန် ရောက်လာမယ်လို့ ကြားလဲ”

    မနက် (၇) နာရီတိတိအချိန်မှာ  ရောက်လာမယ်လို့ ပြောတဲ့ သန်းခေါင်စာရင်းကောက်ခံရေးအဖွဲ့  (၁၁) နာရီထိရောက်မလာခဲ့သောအခါ အဖေ ဖြစ်သူက သူ့ သားလေးကို အပြင်ထွက် စုံစမ်းခိုင်းလိုက်ခြင်းမှ သားလေးပြန်လာလျှင် အဖေဖြစ်သူက မေးလိုက်ခြင်းဖြစ်သည်။

    ” ဘုန်းကြီးကျောင်းထဲမှာ အစည်းအဝေးပြုလုပ်နေလို့ တဲ့ အဖေ…အုပ်ချုပ်ရေးမှူးး ကတော့ ရောက်လာမယ်လို့ ပြောတာပဲ…”

    သားလေးရဲ့ စကားကိုကြားကြားချင်းပဲ အဖေဖြစ်သူရဲ့ ဒေါသစိတ်က အထွဋ်အထိပ်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း ကြိတ်မှိတ်ခံထားလိုက်၏ ။

    “သန်းခေါင်စာရင်းကိစ္စ ကို ဘုန်းကြီးကျောင်းထဲမှာ ဘာဖြစ်လို့ စည်းဝေးဆွေးနွေးနေရတာလဲ…သေချာနေပြီ…ဟိုတစ်နေ့ တည်းက ထွက်ထွက်နေတဲ့ ကောလဟာလ သတင်းစကားတွေ ကအမှန်ပေကိုး…ရိုဟင်ဂျာလို့ ရေးခွင့်မပြုနိုင်ဘူးတဲ့…အာရ်ကန် ဦးအစကတည်းက ရှိနေတဲ့ လူတွေကို မနေ့ တစ်နေ့ က ဘဲ ခိုးဝင်လာသလိုလိုနဲ့ ပြောတာများ…

    ဒီရခိုင်ပြည်နယ်အစိုးရကလည်းနော် …တစ်နိုင်ငံလုံးမှာတစ်မျိုးသူတို့ ဒီမှာ ကြံစည်လုပ်ဆောင်နေတာတစ်မျိုး…ဒီမြန်မာပြည်ကို သူတို့ ရခိုင်တွေ အုပ်ချုပ်နေတာကျနေတာပဲ…တောက် ”  အဖေဖြစ်သူ ဘာသာသူ့ စိတ်ထဲပြောနေမိသည်။

    ” သား…အဖေ သွားအနားယူလိုက်တော့မယ်…သူတို့ ရောက်လာရင်တော့ သားတစ်ခွန်းပဲအရင်မေးလိုက်…သန်းခေါင်စာရင်းဥပဒေအတိုင်းလုပ်မလား ဒါမှမဟုတ် သူတို့ ရခိုင်တွေရဲ့ ကိုယ်တိုင် ဥပဒေ နဲ့ လုပ်မလား …သန်းခေါင်စာရင်း ဥပဒေအတိုင်း လုပ်မယ်ဆိုမှပဲ အဖေကို အိပ်ရာက နှိုးပေး မဟုတ်ရင်တော့ အကောက်မခံဘူးလို့ ဘဲ ပြောလိုက်တော့…ကြားလားသား…”

    အဖေဖြစ်သူရဲ့ ပြတ်ပြတ်သားသား စကားကို ကြားလိုက်မိပြီးသည်နောက် သားလေးရဲ့ မျက်လုံးမှ မျက်ရည်စက်တွေ စီးဆင်းလာနေသည်။

    အာဏာရှင်ကြောင့် အတန်ကြာကြာ ဖြစ်တည်ခဲ့တဲ့ အကြောက်တရားတွေ အဖေ့ ရင်ထဲက နှလုံးသားထဲက လွင့်စင်သွားပါပြီလားဆိုတဲ့ အသိတရားက သားလေးကို အပျော်မျက်ရည်တွေ ယိုစေခဲ့တာဖြစ်၏ ။ ပါးပြင်ပေါ် စီးဆင်းလာနေသော အပျော်မျက်ရည်စက်တွေကို လက်ဖဝါးနှင့် အပြုံးမပျက် သုတ်နေရင်း သားလေးက အဖေဖြစ်သူကို ခေါင်းတညိတ်ညိတ်ပြလိုက်သောအခါ အဖေဖြစ်သူလည်း အခန်းထဲဝင်ပြီး အနားယူနေလိုက်တော့သည်။

    ဖိနှိပ်လေ သတ္တိမွေးလာလေပဲ ဆိုတာ သားအဖနှစ်ယောက် ကိုယ်တွေ့ ကြုံခဲ့ရတော့သည်။

    ယျာတင် ( MYARF)
    ဓါတ်ပုံ- Internet

    ** M-Media သို့ စာဖတ်သူပရိတ်သတ်တစ်ဦး ပေးပို့လာသော ကိုယ်တွေ့ခံစားချက် ဆောင်းပါးတို ဖြစ်ပါတယ်။

  • သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ဖြေခွင့်မပေးခြင်းကို UNFPA ကြေညာချက်ထုတ် တုံ့ပြန်

    ဧပြီ ၁ ရက် ၊ ၂၀၁၄
    M-Media

    UNFPA

    ရန်ကုန်။    ။  ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရက UNFPA သို့ နိုင်ငံတကာစံချိန်စံညွှန်းများ လိုက်နာပါမည်ဟု ကတိပေးထားပြီး လက်တွေ့ကောက်ခံချိန်တွင် သန်းခေါင်စာရင်းပါ လူမျိုးနေရာဖြည့်စွက်ရာ၌ ရိုဟင်ဂျာလူမျိုး ဟုဖြေဆိုလျှင် ကောက်ခံခြင်းမပြုဟု သန်းခေါင်စာရင်းစကောက်သည့်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့လူဦးရေရံပုံငွေအဖွဲ့ (UNFPA) မှ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

    ကြေညာချက်ပါ အချက်များမှာ –

    မိမိကိုယ်ကို ရိုဟင်ဂျာလူမျိုးအဖြစ် ဖြေကြားလိုသော ၂၀၁၄ သန်းခေါင်စာရင်း မေးခွန်းဖြေကြားသူများကို ယင်းသို့ ဖြေကြားရန် ခွင့်မပြုကြောင်း မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂ ကမ္ဘာ့ လူဦးရေရံပုံငွေအဖွဲ့ UNFPA အနေဖြင့် အထူး စိုးရိမ်မကင်းဖြစ်လျက်ရှိပါသည်။

    ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမှုနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကုလသမဂ္ဂနှင့် သဘောတူချက်တွင် အပြည်ပြည်ဆိုင်ရာ သန်းခေါင်စာရင်း စံနှုန်းများ၊ လူ့အခွင့်အရေး စည်းမျဉ်းများနှင့် အညီ ပြုမူဆောင်ရွက်ပါမည်ဟု မြန်မာအစိုးရမှ ခံဝန်ခဲ့သည်။ လူတိုင်းသည် မိမိ၏ ကိုယ်ပိုင်ခံယူသော လူမျိုးနွယ်ကို ကြေညာ ဖော်ထုတ်ခွင့်ရှိကြောင်း၊ သွေးနှောများ အနက်ဖြစ်ပါကလည်း မိမိဆန္ဒရှိရာအတိုင်း ပြောဆိုနိုင်ကြောင်း ဟူသည့် စည်းကမ်းအား လူသိရှင်ကြား လက်ခံခဲ့၏။ သတ်မှတ်တိုင်းရင်းသားစာရင်းထဲ မပါဝင်သူများမှာ မိမိတို့၏ မျိုးနွယ်စုကို ထုတ်ဖော်ပြောကြား၍ ခန့်အပ်စာရင်းကောက်များမှ ၎င်းတို့ပြောဆိုသည့်အတိုင်း မှတ်တမ်းယူထားရမည်ဖြစ်သည်။

    သို့သော်လည်း သန်းခေါင်စာရင်းစစ်တမ်းကောက်ယူမှု စလျှင်စချင်း ထိပ်တန်း အာဏာပိုင်များက ရိုဟင်ဂျာအဖြစ် သတ်မှတ်လိုသော လူမျိုးတို့အား ရိုဟင်ဂျာဟု သတ်မှတ်ထည့်သွင်းမှု လက်မခံနိုင်ကြောင်း ကြေညာခဲ့ကြသည်။

    နိုင်ငံတကာသန်းခေါင်စာရင်း စံချိန်စံနှုန်းများမှလည်းကောင်း၊ လူ့အခွင့်အရေးစ ည်းမျဉ်းများမှလည်းကောင်း၊ သဘောတူလက်ခံထားပြီးသော လုပ်ထုံးလုပ်နည်းများမှ လည်းကောင်း ဤသို့ ကျောခိုင်းခွဲထွက်လာမှုအပေါ် UNFPA မှ အထူးပင် စိုးရိမ်မကင်း ဖြစ်နေရပါသည်။ လူ့အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်မှုသမိုင်းကြောင်း ရှိနေသော ရခိုင်ပြည်နယ်၌ ဤလုပ်ရပ်က တင်းမာမှုများ မြှင့်တက်ကြီးထွား လာစေမည်ကို လည်းကောင်း၊ ကောက်ခံရရှိသည့် သန်းခေါင်စာရင်းအချက်အလက်များအပေါ် ယုံကြည်ထိုက်မှုတန်ဖိုး လျော့ကျလာမည်ကိုလည်း စိုးရိမ်ပါသည်။

    မြန်မာအစိုးရအနေနှင့် လူ့အသက်များကို ကာကွယ်ရေး နှင့် အကြမ်းဖက်မှုဖြစ်ပွားခြင်းတားဆီးရေး၌ ထိပ်တန်းတင် ဦးစားပေးရန်၊ ရိုဟင်ဂျာအဖြစ် ရွေးချယ်ခံယူလိုသူများအပါအ၀င် လူတိုင်း၏ လူ့အခွင့်အရေးအား အပြည့်အ၀ လေးစား၍ ကာကွယ်စောင့်ရှောက်ပေးရန် ရည်မျှော်လိုက်ရပါသည်။

    ပိုမိုသိလိုပါက –

    William A.Ryan, [email protected], mobile Skype +66 89 897 6984+66 89 897 6984
    သို့မဟုတ် Malene Arboe-Rasmussen, [email protected], tel Skype +95 1 5429 109+95 1 5429 109 ext 146. Mobile Skype +95 9 2500 26961+95 9 2500 26961

  • သန်းခေါင်စာရင်း လိမ်တဲ့ ကိစ္စဟာ အကျိုးဆက် အဆိုးတွေကို ရလာနိုင်စေပါတယ် (သူ့အမြင်)

    ဧပြီ ၁ ၊ ၂၀၁၄
    ရေးသူ- ရောဘတ်အယ်လ်ဟို့စ်

    1609607_221717848027155_1424921123_n
    လက်ဘနွန် ပြည်တွင်းစစ် စဖြစ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းဟာ သန်းခေါင်စာရင်း လိမ်ညာရာက စဖြစ်လာတယ် ဆိုတာ ကို အားလုံးသတိချပ်သင့်ပါတယ်။ တိုင်းပြည်ကို ပြည်တွင်း စစ်မီးကြီး ထဲကို ၀ှဲချီးခေါ်ဆောင်သွားခဲ့တာ အဲ့ဒီ သန်းခေါင်စာရင်းကို မရိုးမသား လိမ်ညာဖုံးကွယ် တဲ့ မာရိုနိုက်ခရစ်ယာန် များဆိုတာ သမိုင်းမှာ ကျန်ခဲ့ပါတယ်။

    လက်ဘနွန် လို နိုင်ငံဟာလည်း အချင်းချင်း တစ်ဂျိန်းဂျိန်း ချတဲ့ စစ်မီးကို ငြိမ်းသတ် ဖို့ အချိန် အကြာကြီး ယူခဲ့ရသလို။ နာလံထူဖို့မှာလည်း အချိန်အကြာကြီး ယူခဲ့ရတယ်( ဗမာပြည်မှာ ဖြစ် ခဲ့တဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ် တိုက်ခိုက်မှု တွေနဲ့ သဘောသဘာဝ အင်မတန် ကွာခြားတာကို သတိပြုရပါမယ်)။ ဗရုတ်ဗရက် ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ် ကာလမှာ အားမွေးခွင့်ရသွားကြတဲ့ လက်နက်ကိုင် အုပ်စုတွေဟာ တစ်ဗိုလ်တစ်မင်း ဖြစ်လာတာ ဒီနေ့ထိ မငြိမ်းချမ်းနိုင်ဘူး။

    ဥပမာ စစ်ပွဲပြီးဆုံးခဲ့တာ ကြာမြင့်လှပြီဖြစ်တဲ့ ဒီနေ့ထိ လက်ဘနွန်ဗဟို အစိုးရ ရဲ့ အာဏာစက် ဟာ လက်နက်ကိုင် ပြည်သူ့စစ် အဖွဲ့တစ်ခုသာ ဖြစ်တဲ့ ဟစ်ဇ်ဘိုလာတွေလောက်တောင် မစူးရှဘဲ ဒီနေ့ထိ မငြိမ်မသက်ဖြစ် နေရတာ မျိုးတွေပါ။

    ဗမာပြည်မှာလည်း ဗမာလူမျိုးကြီး ၀ါဒ၊ ဗုဒ္ဓဘာသာသာ လွှမ်းမိုးရမယ် ဆိုတဲ့ ငါတကောကော တဲ့ အတ္တ၀ါဒီတွေရဲ့ ရူးကြောင်ကြောင် အတွေးအခေါ် တွေကြောင့် လူနည်းစု မွတ်စလင်မ် နဲ့ ခရစ်ယာန်တွေ အပေါ် အခု သန်းခေါင်စာရင်းကို မရိုးမသား လိမ်ညာကောက်ကျစ်နေတာ အတိုင်းသားကို မဖုံးဖိနိုင် တွေ့နေရပါပြီ။ ဒါတွေကို နိုင်ငံတကာ အသိုင်းအ၀န်းက သက်သေ အဖြစ် မိနစ်မလပ် စောင့်ကြည့်နေကြတယ် ဆိုတာလောက်တော့ ဒီလို ပေါတောတော Policy Makers တွေကို သိစေ့ချင်လှပါတယ်။

    အတ္တသမား လူမိုက်လူညာတွေကြောင့်တော့ဖြင့် တိုင်းပြည်မနာရပါစေသား။ လက်ဘနွန်လို ပိုးစိုးပက်စက် အဖြစ်မျိုးတွေနဲ့ မကြုံကြရပါစေသား လို့သာ ဆန္ဒပြုလိုက်ပါ တယ်။ ဆန္ဒပြုရုံက လွဲလို့ ဘာမှလည်း မတတ်နိုင်ပါ။