News @ M-Media

Tag: 2015election

  • နိုဝင်ဘာရွေးကောက်ပွဲနိုင်လျှင် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးမည်

    နိုဝင်ဘာရွေးကောက်ပွဲနိုင်လျှင် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးမည်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    usdp

    – မြန်မာနိုင်ငံ၏ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၎င်းတို့အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရပါလျှ စစ်အာဏာရှင်များက ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးသွားမည်ဟု ယမန်နေ့တွင် ကတိပြုပြောကြားလိုက်သည်။

    အဆိုပါ အခြေခံဥပေဒမှ ဒီမိုကရေစီနည်းမကျဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသော အငြင်းပွားဖွယ် အချက်များကို ပြုပြင်ခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအတွက် အဓိက သော့ချက်တစ်ခု ဖြစ်နေပြီး နိုဝင်ဘာရွေးကောက်ပွဲတွင် မိမိတို့အနိုင်ရပါက လာမည့်အစိုးရသက်တမ်းအတွင်း အားလုံးပူးပေါင်းပါဝင်သော ပုံစံဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဆိုသည်။

    “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့နဲ့ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကျွန်တော်တို့ဟာ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုအပ်ပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ တိုင်းရင်းသားတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေနဲ့အတူ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” ဟု နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပါတီအဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ဦးတင်းနိုင်သိန်းက ပြောကြားခဲ့သည်။

    သို့သော်လည်း ၎င်း၏ပါတီက မည်သည့်အပိုဒ်များကို ပြင်ဆင်ရန် ရည်ရွယ်ထားသည်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိချေ။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ပြောင်းလဲခြင်းမှာ နိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စေရန် မိမိတို့၏ အာဏာရပါတီက ဆောင်ရွက်နေသည့် ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်

    Ref: RFA

  • ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးမည့် ကိုယ်စားလှယ်လောင်းများကို မဲပေးကြရန် ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း

    ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးမည့် ကိုယ်စားလှယ်လောင်းများကို မဲပေးကြရန် ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    charles

    – မကြာမီအချိန်ကာလအတွင်း ကျင်းပပြုလုပ်တော့မည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲတွင် နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီယဉ်ကျေးမှု၊ လူ့အခွင့်အရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို မြှင့်တင်ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်လောင်းများ၊ ပါတီများကိုသာ ရွေးချယ်ကြရန် ပုပ်ရဟန်းမင်းကြီး၏ ကာဒီနယ် ဆရာတော် ချားလ်စ်မောင်ဘိုက တိုက်တွန်းပြောကြားလိုက်သည်။

    “မြန်မာနိုင်ငံသားများသို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆရာတော်၏ မေတ္တာရပ်ခံ ပန်ကြားလွှာတွင် မြန်မာပြည်သူများအနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား စစ်မှန်သော ဒီမိုကရေစီကျင့်သုံးမှု ဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးမှာ ခက်ခဲရှည်ကြာမည်ဟု ဆိုသည်။

    “မဲပေးတယ်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးပါ။ ဒီတာဝန်ကို ရွေးကောက်ပွဲမှာ ဖြည့်ဆည်းပေးကြပါ။ မဲရုံတွေဆီ သွားကြပါ။ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးကြပါ” ဟု မြန်မာနိုင်ငံမှ ခရစ်ယာန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်မောင်ဘိုက စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် ထိုပန်ကြားလွှာ၌ တိုက်တွန်းခဲ့သည်။

    “ဒီရွေးကောက်ပွဲဟာ နိုင်ငံအတွက် တကယ့် အခွင့်အလမ်းကြီးပါ။ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုဟာ လွပ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်”

    ထိုပန်ကြားလွှာ မထုတ်ပြန်ခင်တစ်ရက်က ဆရာတော်ချားလ်စ်မှာ UCANEWS သို့ ပြောကြားရာတွင် ယခုရွေးကောက်ပွဲမှာ ပြောင်းလဲဖို့လိုအပ်နေသည့် နိုင်ငံအတွက် အလွန်အရေးကြီးသည့်အချိန် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အသိဥာဏ်ရှိရှိ မဲပေးကြရန် မိမိအနေဖြင့် တိုက်တွန်းချင်ကြောင်း ပြောကြားခဲ့သည်။

    “အာဏာရှင်ဟောင်းတွေ သတ်မှတ်ခဲ့တဲ့ စနစ်က ဘာပြောင်းလဲမှုမှ ဖြစ်မလာပါဘူး။ ဒါ့ကြောင့် ပြည်သူတွေဟာ ဘယ်သူက စစ်မှန်တဲ့အပြောင်းအလဲကို ယူဆောင်လာနိုင်လဲဆိုတာ သတိထားဖို့ လိုပါတယ်”

    ဆရာတော်ချားလ်စ်မှာ ယခင်က နိုင်ငံသားဖြစ်ခွင့်နှင့် အခြေခံလူမှုဝန်ဆောင်မှုများကို ငြင်းပယ်ခြင်းခံထားရသည့် ရိုဟင်ဂျာများ၏ ကိစ္စအပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ဖူးသည်။

    ယခုထုတ်ပြန်လိုက်သည့် ပန်ကြားလွှာတွင် ဆရာတော်က ကိုယ်စားလှယ်လောင်းများကို မှတ်ကျောက်တင်ရန် လမ်းညွှန်ချက် ၁၀ ခုကိုလည်း ဖော်ပြထားသည်။ ထိုလမ်းညွှန်ချက်များတွင် “မတူညီသော တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာတရားများ” နှင့်အတူ အလုပ်လုပ်နိုင်သည့် စွမ်းရည်နှင့် နိုင်ငံ၏ သဘာဝ သယံဇာတများကို နိုင်ငံခြား အင်အားကြီးနိုင်ငံများ၏ လက်ဝါးကြီးအုပ်ခြင်းမှ ကာကွယ်ပေးနိုင်သည့် စွမ်းရည်တို့ပါဝင်သည်။

    ထိုလမ်းညွှန်ချက်များမှ အချို့ကို လက်ရှိအစိုးရအား တိုက်ခိုက်မှုအဖြစ် သမုတ်နိုင်သော်လည်း မိမိအနေဖြင့် နိုင်ငံ၏ အခြေအနေအမှန်ကိုသာ ပွင့်ပွင့်လင်းလင်း ပြောကြားရန် လိုအပ်သည်ဟု အင်တာဗျူးတွင် ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။

    အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဆရာတော်ချားလ်စ်က မိမိတို့ ကက်သလစ်အသင်းတော်မှာ ဘာသာဝင်များကို လမ်းညွှန်မှုပေးခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်းဖြင့် နိုင်ငံအား ကူညီနိုင်မည်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: radiovaticana

  • မ.ဘ.သ အဖွဲ့ ၏အဆုံးသတ်ပစ်မှတ် NLD

    မ.ဘ.သ အဖွဲ့ ၏အဆုံးသတ်ပစ်မှတ် NLD

    စက်တင်ဘာ ၂၇ ၊ ၂၀၁၅
    M-Media

    12049635_1085279841516167_5911873362568271202_n
    ဓါတ်ပုံ ဧရာဝတီ

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဘသအဖွဲ့ အပေါ် သိက္ခာချတဲ့ တာဝန်မဲ့ စကားများပြောကြားပြီး မိမိတို့ရဲ့ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်ရေးကြိုးပမ်းချက်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြောင်း မဘသ အဖွဲ့ဝင် အမျိုးသားရေး ၀ါဒီဘုန်းကြီးများက တန်ပြန် တံဆိပ်တပ်ခဲ့ပါတယ်။

    မဘသအဖွဲ့ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက် တစ်ရပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဟာ ဆိုရှယ်မီဒီယာကဖြစ်စေ၊ ဘုန်းတော်ကြီးကျောင်း ကွန်ရက်များကဖြစ်စေ အစွန်းရောက် အမျိုးသားရေးဝါဒီများရဲ့ နိုင်ငံနဲ့အ၀ှမ်း အပုပ်ချတိုက်ခိုက်မှုကို ဘယ်လိုခံနေရကြောင်း ထပ်မံ မီးမောင်းထိုးပြသလိုက်ပါတယ်။

    NLD ပါတီကို သိက္ခာချဖို့၊ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အတွက် မဘသ အုပ်စုများဟာ တရားပွဲတွေ၊ လက်ကမ်း စာစောင်နဲ့ စီဒီခွေများဖြန့်ဝေခြင်းကို အသုံးချနေတယ်လို့ NLD ထိပ်တန်း ပါတီဝင်များက စက်တင်ဘာ ၂၁ ရက်မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဧရာဝတီတိုင်းက မြို့နယ်သုံးခု၊ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းက တစ်မြို့နယ်စီမှာ အဆိုပါနည်း အတိုင်း ပါတီကို တိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။

    နိုင်ငံရေးထဲ ဘာသာရေးကို တလွဲ အသုံးချနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ အကြောင်းကြား တိုင်တန်းခဲ့သော်လည်း အစိုးရဖက်က မည်သည့် အရေးယူမှု မရှိတာကို တွေ့ရတယ်လို့ ဦးဝင်းထိန်က ပြောကြားပါတယ်။

    ‘မဘသအဖွဲ့က ထုတ်ဝေဖြန့်ချိတဲ့ လက်ကမ်း စာစောင်တွေနဲ့တစ်ကွ ဓာတ်ပုံတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ပြန်ကြားမှု မရှိသေးပါဘူး’ ။

    စက်တင်ဘာ ၂၃ ရက်နေ့ မဘသအဖွဲ့ထုတ်ပြန်ချက်မှာ မဘသဟာ မည်သည့်အဖွဲ့အစည်း မည်သည့်ပါတီနောက် မလိုက်ခဲ့ပါ။ သို့သော် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး အတွက် မည်သည့်အုပ်စုနှင့် မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဘယ်ပါတီကိုမှ မတိုက်ခိုက်ကြောင်း ငြင်းဆိုခဲ့ပေမယ့် တိုင်းပြည် လူမျိုးဘာသာကို ဖျက်ဆီးဖို့ကြိုးစားနေတဲ့ မည်သည့်လူပုဂ္ဂိုလ်၊ အုပ်စုကိုမဆို ဖယ်ရှားသွားမယ်လို့ အခိုင်အမာ ဆိုပြန်ပါတယ်။

    NLD ရဲ့ထိပ်တန်းခေါင်းဆောင် ဦးတင်ဦးရဲ့မှတ်ချက်များဟာ တာဝန်မဲ့လှကြောင်း၊ အမျိုးဘာသာ သာသနာကာကွယ်ရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့ ယူဆရကြောင်း အဆိုပါထုတ်ပြန်ချက်ထဲ ပါဝင်နေပါတယ်။

    မဘသဗဟိုကော်မတီက ပုံနှိပ် စာရွက်စာတမ်းများ ထုတ်ဝေဖြန့်ချိဖို့ မည်သည့် ညွှန်ကြားချက်ကိုမှ မထုတ်ပြန်ခဲ့ပါဘူး၊ နိုင်ငံရေးထဲ ပါဝင်စွက်ဖက်မှု မရှိပါဘူးလို့ ရန်ကုန် မဘသအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးပါမောက္ခက ဆိုပါတယ်။ သို့တစေ ‘အမျိုးဘာသာသာသနာ ဖျက်ဆီးမယ့်သူအတွက် ပြည်သူတွေရဲ့ မဲပေးမှုကို မလိုလားဘူး’ လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

    မဘသ သို့မဟုတ် မဘသနဲ့ နီးစပ်သူများက မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ထင်ထင်ရှားရှား ပြုလုပ်နေကြတယ်၊ NLD ဟာ မွတ်စ်လင်မ်တွေနဲ့ အနီးကပ်ဆက်ဆံမှုရှိနေတယ်၊ ပါတီခေါင်းဆောင်ဟာ မွတ်စ်လင်မ်တွေ အပေါ် စာနာသူဖြစ်တယ် စသဖြင့် သတ်မှတ်ပြောဆိုနေကြောင်း ရန်ကုန်နဲ့ အခြားမြို့များက မဲဆန္ဒရှင်များထံမှ သိရပါတယ်။

    လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းကြဖို့ သမ္မတ ဦးသိန်းစိန်က ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စ်လင်မ်တွေကို မဲပေးခွင့် ရုပ်သိမ်းကြောင်း၊ မဘသအဖွဲ့ကတင်သွင်းတဲ့ မျိုးစောင့်ဥပဒေလေးရပ်ကို အတည်ပြုပြဋ္ဌာန်းကြောင်း – သမ္မတရုံးက အသိပေးသလိုလိုနဲ့ ဗုဒ္ဓအမျိုးသားရေးဝါဒလှိုင်းတံပိုးထဲ မဲဆန္ဒရှင်များကို မသိမသာ မောင်းသွင်းခဲ့ပါတယ်။

    ယမန်နေ့က ဘုန်းကြီး၊ မယ်သီလရင်၊ အမျိုးသားရေး ၀ါဒအဖွဲ့ဝင်လူငယ်များ ပါဝင်ကြတဲ့ မဘသထောက်ခံသူဦးရေ တစ်သောင်းဝန်းကျင်ရှိ လူအုပ်တစ်အုပ်ဟာ နေပြည်တော်ရဲ့တပေါင်းခန်းမမှာ စုရုံးပြီး မျိုးစောင့်ဥပဒေပြဋ္ဌာန်းမှု အတွက် အောင်ပွဲခံခဲ့ကြပါတယ်။

    ‘အမျိုးဘာသာသာနာ မပျောက်ကွယ်အောင် ထိန်းသိမ်း ကာကွယ်ပေးမယ့် ဥပဒေများကို ဖန်တီးဖော်ဆောင်ခွင့်ရရှိတဲ့အတွက် ၀မ်းမြောက်ကျေနပ်မိပါတယ်။ ဒီဝမ်းမြောက်မှု အပေါ် ဖော်ပြဖို့ရာ စကားလုံး မရှိပါဘူး’ လို့ နေပြည်တော်မဘသအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝိလာသက ဆိုပါတယ်။

    သမ္မတဦးသိန်းစိန်က သြဂုတ်လအတွင်း မျိုးစောင့် ဥပဒေလေးရပ် အသက်ဝင်ရေး လက်မှတ်ရေးထိုးပြီးနောက် မဘသအုပ်စုဟာ နိုင်ငံအနှံ့ လှည့်လည်အောင်ပွဲခံနေခဲ့ကြပါတယ်။ အဲ့ဒီဥပဒေများက ဘာသာရေးနဲ့လိင်ပိုင်းဆိုင်ရာ ခွဲခြားချိုးနှိမ်မှုကို ဆက်လက် အဓွန့်ရှည်စေတယ်ဆိုပြီး လူ့အခွင့်အရေး အုပ်စုများက ကန့်ကွက်ရှုတ်ချထားခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

    အောင်ပွဲခံအခမ်းအနားများအတွက် အစိုးရဖက်မှ ငွေကြေးထောက်ပံ့ပေးကမ်းမှု မရှိပါ။ အမျိုးသားရေးဝါဒီသံဃာများက တစ်သိန်းကျပ်ထည့်ဝင်ကြသလို ရန်ကုန်တိုင်းမဘသအဖွဲ့က ကျပ်ငွေ သုံးသန်း ထောက်ပံ့ပေးကမ်းပါတယ်လို့ ဦးဝိလာသက ပြောပါတယ်။

    မဘသအဖွဲ့ရဲ့အဆိုအရ တိုင်းပြည် အနှံ့အောင်ပွဲခံ အခမ်းအနားများ အတွက် မိုးထိမိုးမိ ဗုဒ္ဓဘာသာ အဖွဲ့အစည်းက ကျပ်ငွေ သန်း ၇၀ လှူဒါန်းခဲ့ပြီး၊ တော်သလင်းလပြည့် စက်တင်ဘာ ၂၈ ရက်နေ့မှာ ရန်ကုန်ကို ပြန်လာစုစည်းကြမယ်လို့ သိရပါတယ်။

    မဘသအဖွဲ့ဟာ ရွေးကောက်ပွဲပြီးတဲ့နောက် ဘယ်အစိုးရ တက်တက် အမျိုးဘာသာသာသနာ အပေါ် မည်သည့်စော်ကားမှုကိုမျှ လက်ခံမှာမဟုတ်ဘူး၊ ဒါကြောင့် ကမ္ဘာဆုံးတိုင် မြန်မာနိုင်ငံမှာ မဘသ ရှိနေမှာဖြစ်ကြောင်း၊ မဘသဟာ နိုင်ငံရေးပါတီအသွင်မျိုး လုပ်ကိုင်ဆောင်ရွက်သွားမှာမဟုတ်သလို လက်ရှိအစိုးရရဲ့သြဇာတည်မြဲအောင်လုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိကြောင်း နာမည်ကြီး ဘုန်းတော်ကြီးတစ်ဦးဖြစ်သူ ဦးသောပါကမှ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းကို နိုင်ငံမဲ့ ဘ၀ဖြစ်စေခဲ့တဲ့ ၁၉၈၂ နိုင်ငံသားဥပဒေ ပြန်လည်ရုပ်သိမ်းအောင် မည်သည့် နိုင်ငံရေးပါတီကမှ မကြိုးစားကြဖို့ သူက သတိပေးလိုက်ပါတယ်။

    ဆောင်းပါးရှင်  Ei Ei Toe Lwin   ရေးသားပြိး Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် “Ma Ba Tha takes aim at defamation accusations ” ဆောင်းပါးကို မြင့်မိုရ်မောင်မောင် ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

  • UNC ပါတီမှ ပယ်ချခံ ကိုယ်စားလှယ် ၆ ဦးမှ သုံးဦးကို ကော်မရှင် ပြန်လည်ခွင့်ပြု

    UNC ပါတီမှ ပယ်ချခံ ကိုယ်စားလှယ် ၆ ဦးမှ သုံးဦးကို ကော်မရှင် ပြန်လည်ခွင့်ပြု

    စက်တင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    မိုးစက်
    UNC
    ရန်ကုန်။    ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော မူလက ပယ်ချခံထားရသော အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ ၆ ဦးအနက် ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါပါတီမှ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း (၁၂) ဦးတင်သွင်းထားသော်လည်း (၆) ဦးသာ ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ကိုယ်စားလှယ်လောင်း (၆) ဦးအဖြစ်လျှောက်ထားသူများသည် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အယူခံဝင်ခဲ့ရာ ကော်မရှင်မှ သုံးဦးကို ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီမှ ဥပဒေတာဝန်ခံ ဦးရန်နိုင် (မြောင်းမြ) က M-Media သို့ပြောသည်။

    “အန်ကယ်တို့ကိုသူတို့ပယ်တာက ၂၀၀၈ ဖွဲ့စည်းပုံမှာ မရှိတော့တဲ့ ဥပဒေတွေ၊ အဖေ အမေ နိုင်ငံသားဖြစ်မှုမှာ သံသယရှိတဲ့ ဆိုတဲ့ဟာတွေနဲ့ဆိုတော့ အဲဒါတွေကို အန်ကယ်တို့ဘက်က အထောက်အထားခိုင်မာစွာနဲ့ ပြန်လည်ဖြေရှင်းပြီး ကော်မရှင်မှာ အယူခံဝင်ခဲ့တာပါ” ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

    ရွေးကောက်ပွဲကော်မရှင်ထံမှ ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်သည့် တရားဝင်စာကို မရရှိသေးပေမယ့် လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကိုယ်တိုင် ဖုန်းဆက်၍ပြောသည်ဟုလည်း ဦးရန်နိုင်က ဆိုခဲ့သည်။

    အမျိုးသားညီညွတ်ရေး ပါတီမှ ပြန်လည်ရွေးချယ်ခံရသည့် ကိုယ်စားလှယ်များမှာ-  ဦးရန်နိုင် (မြောင်းမြ) (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)၊ ဦးအောင်မြင့်မင်း (တာမွေမဲဆန္ဒနယ်)၊ ဦးရန်နိုင်ဟိန်း (တောင်ဥက္ကလာမဲဆန္ဒနယ်) တို့ဖြစ်ကြသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင် အပါအဝင် အစ္စလာမ်ဘာသာဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲကော်မရှင်မှ ၇၀% ထက် မနည်းပယ်ချခဲ့ရာ သက်ဆိုင်ရာပါတီများမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရန် ကော်မရှင်ထံသို့ အယူခံဝင်လျက်ရှိကြသည်။

  • “နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက်အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့လိုတယ်”

    “နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက်အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့လိုတယ်”

    DHRP-1

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်လောင်းများစာရင်း စိစစ်ထုတ်ပြန်ခဲ့ရာတွင် ကိုယ်စားလှယ်လောင်း ၁၇ ဦး ပယ်ချခံခဲ့ရပြီး တဦးသာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို ဧရာဝတီ သတင်း ဌာနမှ ထွန်းထွန်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    ဦးကျော်မင်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ရန် စာရင်တင်သွင်းခဲ့ရာ တွင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခံခဲ့ရသူထဲများမှ တဦး အပါအ၀င် ဖြစ်သည်။

    မေး။    ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာနဲ့ ပတ်သက်လို့ ရှင်းပြပေးပါဦး။
    ဖြေ။    ။ ရွေးကောက်ပွဲ ဥပဒေတွေ၊ နည်းဥပဒေတွေမှာတော့ နိုင်ငံသားစိစစ်ရေး လက်မှတ်ရှိသူတွေ၊ အမျိုးသား မှတ်ပုံတင် ကိုင် ဆောင် သူတွေ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပြီး နောက်ပိုင်းကျတော့ မိဘနှစ်ပါးပါ နိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက် အထား ပြရမယ်လို့ ပြောလာတယ်။ ကျနော်တို့ကတော့ မိဘနှစ်ပါးက နိုင်ငံသားဖြစ်တဲ့ အပေါ်မှာ ဘာမှသံသယ မရှိပါဘူး။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး လွှတ်တော်ရွေးကောက်ပွဲမှာကတည်းက ကျနော် တို့က ရွေးချယ်ခံခွင့်လည်း ရှိခဲ့တယ်။ မဲပေးခွင့်လည်း ရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲအထိ ကျနော်တို့ကို အမျိုးသား မှတ်ပုံတင်မရှိလို့၊ နိုင်ငံသားကတ် မရှိလို့ဆိုပြီး ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ မပြောခဲ့ဘူး။
    အခု ၂၀၁၅ ရွေးကောက်ပွဲ လုပ်မယ်ဆိုမှ ကျနော်တို့ကို ရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုပြီး ပယ်ချလိုက်တယ်။ ကျနော်တို့ ပါတီက ရခိုင်ပြည်နယ်မှာ ၁၁ ဦး၊ ရန်ကုန်တိုင်းမှာ ၇ ဦး ကိုယ်စားလှယ်လောင်း တင်ခဲ့တာ ရခိုင်မှာ အကုန် အပယ်ခံရတယ်။ ရန်ကုန်မှာက ၆ ဦး အပယ်ခံရတယ်။ အဲဒီထဲက ရန်ကုန်က ကမန်လူမျိုးတဦးကတော့ အယူခံ မ၀င်တော့ဘူး။ ကျန်တဲ့ ရခိုင်နဲ့ ရန်ကုန်က ၁၆ ဦး အယူခံ ၀င်ရာမှာလည်း ၁၅ ဦးကို ပယ်ချကြောင်း အကြောင်းပြန်လာတယ်။ တယောက်ကိုတော့ အကြောင်းမပြန်သေးပါဘူး။
    ဒီကိစ္စက ကျနော်တို့ရဲ့ သမိုင်းကြောင်းမှာ တော်တော် အရေးကြီးတဲ့ အပြောင်းအလဲ ဖြစ်နေပြီး နှစ်ပေါင်း ၇၀ လောက် ဒီနိုင်ငံမှာနေ လာပြီးမှ အခု နိုင်ငံသား မဖြစ်ဘူးဆိုတာက လူမျိုးတခုလုံးကို ထိခိုက်စေပါတယ်။ ကျနော်တို့လည်း တော်တော်စိတ်မကောင်း ဖြစ် တယ်။

    မေး။     ။ ဦးကျော်မင်းတို့ ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ဘာကြောင့် ပယ်ချခဲ့တာပါလဲ။
    ဖြေ။     ။ ခရိုင် ကော်မရှင်ကရော၊ ပြည်နယ်ကော်မရှင်ကပါ ပယ်ချခဲ့တဲ့ အဓိက အကြောင်းက မိဘနှစ်ပါးက နိုင်ငံသား ကတ် ကိုင် ဆောင် ထားခြင်း မရှိတဲ့အတွက် လူကြီးမင်းတို့ရဲ့ ကိုယ်စားလှယ်လောင်းအဆိုပြုလွှာကို ပယ်ချလိုက်တယ်လို့ပဲ ပြောတယ်။ အားလုံး ကို အကြောင်းပြချက်က ဒီအတိုင်းပဲ။ ကျနော်တို့သိထားတာက ဒီနိုင်ငံမှာ နိုင်ငံသားကတ်ကိုင်ဆောင်ထားတာ တယောက်မှမရှိသေး ဘူး။ အားလုံးက နိုင်ငံသား စိစစ်ရေးကတ်ပဲ ရှိကြတယ်။ နိုင်ငံသား လက်မှတ်ဆိုတာ  လ.၀.က နည်းပဒေတွေ အရ ပုံစံ ၆ ကို ပြော တာ။ အခု ရထားတဲ့ ပန်းရောင်ကတ်က ပုံစံ ၆ (က) ပဲ ရှိသေးတယ်။
    ကျနော်တို့ အိမ်ထောင်စု ဇယားတွေ၊ ကျောင်းတက်တာတွေမှာလည်း အမျိုးသားမှတ်ပုံတင် နံပါတ်တွေနဲ့ပဲ အားလုံး လုပ်ခဲ့ကြတာပဲ။ အင်္ဂလိပ်ခေတ်မှာ အမျိုးသား မှတ်ပုံတင်ကတ်လည်း မရှိဘူး။ နိုင်ငံသားကတ်လည်း မရှိခဲ့ဘူး။ ကျနော် အသက် ၇၀ ရှိပြီ။ ကျနော့် အဖေတွေ၊ ဘိုးဘွားတွေ မှတ်ပုံတင် ပြန်ထုတ်ပေးပါဆို ကျနော်ဘယ်က သွားထုတ်ရမလဲ။ ဒါဟာ ယုတ္တိဗေဒ မကျဘူး။ တခြား အခွန် ဆောင်တာတို့၊ အထောက်အထားတို့ ဆိုရင်တော့ ပြလို့ရတာပေါ့။ အယူခံ ပြန်တင်တော့လည်း ဒီလို အချက်အလက်တွေ တင်ပြ ခဲ့ပေမယ့် သူတို့က မစဉ်းစားတော့ ကျနော်တို့ ဘယ်လိုပြောရမှန်း မသိတော့ဘူး။
    အခု လွှတ်တော်မှာ ရောက်နေသူတွေ၊ ခေါင်းဆောင်တွေရဲ့ မိဘ၊ ဘိုးဘွားတွေလည်း အမျိုးသား မှတ်ပုံတင်ပဲ ကိုင်ကြတာပဲ။ အရင် ခေတ်ကဆို ဘာကတ်မှ မရှိကြပါဘူး။ အဲဒီတော့ အမျိုးသားမှတ်ပုံတင် ကိုင်တဲ့သူက နိုင်ငံသား မဟုတ်ဘူးဆိုရင် ဒီလူတွေရဲ့ မိဘ၊ ဘိုးဘွားတွေကိုရော နိုင်ငံသား ဖြစ်တယ်လို့ ဘယ်လိုပြောမလဲ။ အဲဒီတော့ နိုင်ငံသားဆိုတာ ဥပဒေအရ မဟုတ်ဘဲ လူမျိုးအရ၊ ရုပ် သဏ္ဌာန်အရ ဆုံးဖြတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး။

    မေး။     ။ အခုလို ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတဲ့အတွက် ဦးကျော်မင်းတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် ဘယ်လို ဆုံးရှုံးမှုတွေ ဖြစ်လာပါလဲ။
    ဖြေ။      ။ ဒါက ပေါ်လွင်နေတာပဲ။ ကျနော်တို့ လျှောက်လွှာတွေမှာ ရိုဟင်ဂျာလို့ထည့်ရင် အစိုးရက ပယ်ချနိုင်တယ် ဆိုပြီးတော့ ကျနော်တို့တွေအားလုံး ကမန်၊ မြန်မာ/အစ္စလမ် စသည်ဖြင့် သူ့ဟာနဲ့သူ ထည့်ပြီး လျှောက်ကြရတာ။ ဒါပေမယ့် ကော်မရှင်က ဒီလူတွေရဲ့နေရာတွေ နာမည်တွေကို ကြည့်ပြီးပယ်လိုက်တာပဲ။ ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ လူမျိုးရေး ခွဲခြားမှုပဲ။ လူမျိုးတိုင်းက ကိုယ် စား ပြုခွင့် ရှိရမယ်။ ပိတ်ပင်တာမျိုး မရှိရဘူး။ အခု ကျနော်တို့ လူမျိုးစုကို ကျနော်တို့ ကိုယ်စားပြုခွင့်မရအောင် စီမံနေတဲ့ ပုံစံပဲ ဖြစ် တယ်။ ကျနော်တို့က တခါမှ မရဘူးတဲ့ အခွင့်အရေးတွေကို တောင်းဆိုတာ မဟုတ်ပါဘူး။
    ကျနော်တို့ သုံးသပ်တာက လူမျိုး၊ ဘာသာဆိုတာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။ နိုင်ငံ့အရေးအတွက် ဒီနိုင်ငံမှာရှိတဲ့ လုပ်အားရှင် အားလုံး ပါဝင်သင့်တယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်း၊ ဉာဏ်ရည်တွေကို အသုံးချနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အခု ကျနော်တို့ကို ပယ်ချခဲ့တဲ့အတွက် “မင်းတို့က နိုင်ငံသားတွေ မဟုတ်ဘူး။ မကြာခင် မင်းတို့ ထွက်သွားရတော့မှာ” ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ကြားရပါတယ်။ တနည်းအားဖြင့်လည်း ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်တယ်လို့ ကျနော် မြင်ပါတယ်။

    မေး။     ။ ဦးကျော်မင်း အနေနဲ့ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။
    ဖြေ။      ။ ဘယ်လို ပြောရမလဲ၊ မကောင်းဘူးပေါ့။ တိုင်းပြည်အတွက် မကောင်းဘူး။ နိုင်ငံတကာက နိုင်ငံကို မျက်စိ ဒေါက်ထောက် ကြည့်နေတာ။ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိုတာမှာ တိုင်းပြည်မှာရှိတဲ့ လူမျိုးစုအားလုံး တူညီမျှတတဲ့ အခွင့်အရေး ရသလား။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို နှစ်ဖက်အဖွဲ့တွေ လက်ခံနိုင်တဲ့ ပုံစံနဲ့ လုပ်နေတာ လား။ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေ လုပ်နေသလားဆိုတာ သူတို့က စောင့်ကြည့်နေတာပဲ။ သူတို့ရဲ့ စံနှုန်းတွေထဲမှာ မ၀င်ဘူးဆိုရင် ကမ္ဘာက မကူညီတော့ဘူး။ အဘက်ဘက်က ဖွံ့ဖြိုးမှုတွေ နိမ့်ကျနေတဲ့ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုတာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ မပါဘဲ မဖြစ်နိုင်ဘူး။
    အခု ရခိုင်တွေမှာ အထူးသဖြင့် လူငယ်တွေမှာ နိုင်ငံရေး အတွေးအခေါ်တွေက ပြောင်းသွားပြီ။ ဒီလူတွေကို နှင်ထုတ်မှ ရမယ်။ ဒီလိုပဲ ဖြစ်နေတာ။ သူတို့နဲ့အတူ ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်ဖို့ကို မတွေးတော့ဘူး။ အခုအစိုးရ လုပ်လိုက်တာက ဒါကို မြှောက် ပေး နေသလို ဖြစ်နေတယ်။ လက်ရှိ ဒီမိုကရေစီဆိုတဲ့ခေတ်မှာ ဒါကို မထိန်းနိုင်ရင် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု မရှိဘူး။ စီးပွားရေး တွေ ထိခိုက်မယ်။ ကျနော်တို့ကတော့ တဦးနဲ့တဦး မှီခိုပြီးတော့ သင့်သင့်မြတ်မြတ်ပဲ နေချင်တယ်။ ခေါင်းဆောင်လုပ်နေသူတွေကတော့ အမြော်အမြင်ကြီးတဲ့သူတွေပဲ။ အခုလို လုပ်နေတာက ရည်ရွယ်ချက်တခုနဲ့ လုပ်နေတယ်လို့ပဲ ထင်တယ်။ ဒီမိုကရေစီခေတ် မှာ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ လူတစုရဲ့ လူ့အခွင့်အရေးကို ပိတ်ပင် တားဆီးတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။

    မေး။      ။ အယူခံဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ထပ်ပယ်ချ ခံထားရတော့ ဦးကျော်မင်းတို့ ဘယ်လို ဆက်လုပ်သွားဖို့ စီစဉ်ထားပါလဲ။
    ဖြေ။      ။ ကျနော်တို့ပါတီ တာဝန်ရှိသူတွေ အစည်းအဝေးတွေမှာ ညှိနှိုင်းပြီး ဆက်လုပ်သင့်တာတွေကို ဆက်ပြီး လုပ်သွားရမှာပါ။ အဓိကအနေနဲ့  ကော်မရှင်က မှားသလား။ ကျနော်တို့က မှားသလား ဆိုတာကို ဗဟိုအစိုးရက စိစစ်ပြီး ဆုံးဖြတ်ပေးလို့ရအောင် ကျနော်တို့က ဗဟိုအစိုးရကို စာတင်ပြဦးမယ်။ အဲဒီမှာမှ ခရီး မရောက်သေးရင်တော့ ဘာဆက်လုပ်ရမလဲ ဆိုတာ ကြိုပြောဖို့ ခက်နေပါသေးတယ်။

    မေး။      ။ ပါတီမှတ်ပုံတင် ဥပဒေအရ ပါတီတခုက အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာ မပြိုင်ရင် ပါတီဖျက်သိမ်းရမယ် ဆိုတော့ ဦးကျော်မင်းတို့ ပါတီအနေနဲ့ အဲဒီအပေါ် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါလဲ။
    ဖြေ။       ။ အဲဒါနဲ့ပတ်သက်လို့ ပါတီမှတ်ပုံတင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေမှာတော့ ပါတီတခုဟာ ရွေးကောက်ပွဲကို အနည်း ဆုံး ကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ယှဉ်ပြိုင်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် ပါတီဖျက်သိမ်း ခံရမယ်ပေါ့။ အခု ဦးတို့ပါတီရဲ့ ကိုယ်စား လှယ်လောင်း အားလုံးနီးပါးကို ပယ်ချလိုက်တယ်ဆိုတော့ ပါတီကို မရပ်တည်စေချင်လို့၊ ဖျက်သိမ်း စေချင်လို့လား။ တိုက်ဆိုင်မှုပဲ လား။
    ဒါမှမဟုတ် ဦးတို့အားလုံးက နိုင်ငံခြားသားမို့လို့လား ဆိုတာ ဗဟိုအစိုးရက ဆုံးဖြတ်ပေးသင့်တယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီ လို ဖြစ်လာရင်တော့ အယူခံဖို့ ရှိတယ်။ အဲဒါမှ မရရင်တော့ တရားပြန်စွဲဖို့ပဲ ရှိတော့တယ်။ အခုတော့ ကျနော်တို့မှာ ဘယ်လိုအကြောင်းပြချက် ဘယ်လိုလုပ်ဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ ကျနော်တို့ စိုးရိမ်နေတယ်။

    မေး။      ။ ဦးကျော်မင်းတို့ ပါတီက ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းကရော ဘယ်မဲဆန္ဒနယ်က ၀င်ပြိုင်မှာပါလဲ။
    ဖြေ။       ။ ပါတီက ကိုယ်စားလှယ်လောင်း ၁၈ ဦးတင်တာမှာ ၁ ဦးပဲ ပြိုင်ခွင့်ရတယ်။ သူက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အတွက် ပန်းပဲတန်းမြို့နယ်ကနေ ၀င်ပြိုင်မယ့် ဒေါ်ကျိုကျိုဝင်း၊ သူတဦးပဲ ရှိတယ်။ နောက်တဦးကတော့ ပန်းပဲတန်းကပဲ ဒေါ်ချိုချို၊ သူ့ကိုတော့ အယူခံ ပြန်ဝင်ထားတာ ပယ်မပယ်က တရားဝင် မထုတ်ပြန်ပေးသေးဘူး။ ကျနော်တို့ကတော့ သူ့ကိုလည်း အတည်ပြုတယ်လို့ ယူဆထားတယ်။ ဒီ နှစ်ယောက်တည်း ရှိရုံနဲ့တော့ ပါတီက ရပ်တည်လို့ မရဘူး။

    မေး။     ။ ဦးကျော်မင်းအနေနဲ့ရော လာမယ့်ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်မယ်လို့ ထင်ပါလား။
    ဖြေ။     ။ အခု ကိုယ်စားလှယ်လောင်း ပယ်ချမှုတွေ ရှိနေတယ်။ အဲဒါတွေကို ခိုင်လုံတဲ့ ဥပဒေကြောင်းလည်း မပြနိုင်ရင် ဘယ်လို လုပ်ပြီးတော့ တရားမျှတမှု ရှိမလဲ။ လွတ်လပ်မှု ရှိမလဲ။ သိသာမြင်သာ မရှိဘဲ တဖက်သတ် ဖြစ်သွားမယ်လို့ မြင်တယ်။ အစိုးရက လုပ်တာ မဟုတ်ဘူး၊ ကော်မရှင်က လုပ်တာလို့ ပြောချင်ပြောမယ်။ ကျနော်တို့ မြင်တာတော့ အစိုးရလည်း ကော်မရှင်၊ ကော်မရှင် လည်း အစိုးရပဲ။ အစိုးရခန့်တဲ့သူပဲ ကော်မရှင် ဖြစ်နိုင်တာကိုး။ အခုလည်း တ၀က်လောက် ပါနေတာပဲ။

    မေး။      ။ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမယ့် အပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါလဲ။
    ဖြေ။       ။ ပြောရရင် အများကြီးပဲ။ မြန်မာပြည် အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲ ပါသွားတာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလို့ပဲ။ မမှန်ကန်တဲ့ အုပ်ချုပ်မှုတွေကြောင့်ပေါ့။ အခု အဲဒီလူတွေကပဲ ဆက်ပြီးတော့ ဒီတိုင်းပြည်ကို အုပ်ချုပ်နေမယ်ဆိုရင် ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ဖို့ အခြေအနေ သိပ်မရှိဘူး။ နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက်အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့ လိုတယ်။ အပြောင်း အလဲ မရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး။ ဒါကို လူထုကပဲ ရွေးချယ်ရမယ်။ ဒီလို ရွေးချယ်တဲ့နေရာမှာ လူထုနဲ့ ထိုက်တန်တဲ့ အစိုးရ ကို ရလာမှာပေါ့။

    မေး။      ။ လက်ရှိနိုင်ငံရေး အခြေအနေ အပေါ်မှာရော ဦးကျော်မင်း ဘယ်လိုမြင်ပါလဲ။
    ဖြေ။       ။ နိုင်ငံရေးက ဘယ်လိုလာဦးမယ်ဆိုတာ ပြောဖို့က စောနေပါသေးတယ်။ နိုင်ငံရေးသမားတွေထဲမှာလည်း စစ်မှန်သော ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ချင်သူရှိသလို မိမိအာဏာ ရရှိရေးအတွက် ကြိုးစားတဲ့ နိုင်ငံရေးသမားလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလို အုပ်စုကများရင် နိုင်ငံရေး အပြောင်းအလဲက ဖြစ်မလာနိုင်ဘူး။ နိုင်ငံအတွက် အကျိုးရှိတာကိုပဲ ငါတို့လုပ်သွားမယ်ဆိုရင် အကောင်းဆုံးပေါ့။ အခုလောလောဆယ်တော့ နေရာမရခင် ပြောတာက တမျိုး၊ နေရာရပြီးသွားရင် ပြောတာကတမျိုးပဲ ဖြစ်နေသေး တယ်။

    မေး။      ။ ဦးကျော်မင်း ကိုယ်တိုင်ရော ဘယ်မြို့နယ်ကနေ ၀င်ပြိုင်ဖို့ စာရင်းပေးခဲ့တာပါလဲ။
    ဖြေ။       ။ အရင်တုန်းက ၁၉၉၀ ခုနှစ်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြိုင်ခဲ့တာ။ အခု ၂၀၁၅ မှာလည်း ဘူးသီးတောင်မြို့နယ်ကနေပဲ ၀င်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း တင်ခဲ့တာ။ အခုတော့ ပယ်ချခံခဲ့ရတယ်။ ကျနော်တို့က နိုင်ငံခြားသားဆို ဘာလို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ၀င်ပြိုင်ခွင့်ရပြီး အနိုင်ရတာပါလဲ။
    အခု သူတို့က အဲဒီတုန်းက သေချာမစိစစ်ခဲ့ရလို့ပါလို့ ပြောတယ်။ ဒါက မဖြစ်နိုင်ပါဘူး။ အဲဒီတုန်းက စိစစ်ခဲ့တာက မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့် စစ်ဆေးပြီးမှ အတည်ပြုပါသည် ဆိုပြီး ပေးခဲ့တာပါ။ ပေးနိုင်တဲ့ ဥပဒေလည်း ရှိတယ်။ မပေးချင်လည်း ဥပဒေ ကို အဓိပ္ပာယ် ဖွင့်ဆိုတဲ့နေရာမှာ မူတည်ပါတယ်။

    မေး။     ။ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။
    ဖြေ။      ။ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတယ် ဆိုတာက ပြည်နယ်အဆင့်က ပယ်တာပဲ။ ဥပဒေမှာတော့ ပြည်နယ်က ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည် ဖြစ်တယ်ဆိုတာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးကိစ္စ ဆိုတာ ဘယ်အခါမှ နောက်ဆုံး ဆိုတာ မရှိဘူး။ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။
    ကျနော်တို့ ကိစ္စကို ဗဟိုကော်မရှင်က ပြန်ပြီးတော့ သုံးသပ်ရင် အမှုတွဲတွေကို ပြန်ပြီးတော့ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက် တခု ခု ပေးရင် ရနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပါတီက ကိုယ်စားလှယ်တွေ ပယ်ချခံရတာက ဥပဒေကြောင်းထက် လူမျိုးရေးနဲ့ ပေါ်လစီ ပိုင်း ကို အခြေခံတယ်လို့ ကျနော်တို့ ပြောနိုင်တဲ့ အထောက်အထား ရှိတယ်။ အဲဒါကို ပြင်ဆင်ပေးပါ။ ကျနော်တို့ လုပ်မယ်။ လုပ်လို့ရနိုင်တဲ့ အထိ ကျနော်တို့က ဆက်လုပ်သွားမယ်။   ။

     

    http://burma.irrawaddy.org/interview/2015/09/18/94871.html