News @ M-Media

Tag: 2015election

  • ရခိုင် အမျိုးသားရေးပါတီ နှင့် ရခိုင်က မွတ်စလင်မ်များအတွက်  အန္တရာယ်အရိပ်အယောင်

    ရခိုင် အမျိုးသားရေးပါတီ နှင့် ရခိုင်က မွတ်စလင်မ်များအတွက် အန္တရာယ်အရိပ်အယောင်

    အောက်တိုဘာ ၄ ၊ ၂၀၁၅
    M-Media

    စစ်တွေမြို့ရှိ Arakan National Party (ANP) ရုံးချုပ်
    စစ်တွေမြို့ရှိ Arakan National Party (ANP) ရုံးချုပ် (ဓာတ်ပုံ – စိုးဇေယျာထွန်း – ရိုက်တာသတင်းဋ္ဌာန)

    တစ်လတာမျှသာ အချိန် ကျန်တော့သည့် မြန်မာ့သမိုင်းဝင်ရွေးကောက်ပွဲနှင့် အတူ ကြောက်စရာကောင်းလောက်အောင် သဘောထားတင်းမာသည့်  ဗုဒ္ဓဘာသာဝင်တို့၏ ပါတီသည် မြန်မာနိုင်ငံမှ ဖိနှိပ်ခံ ရိုဟင်ဂျာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်း၏ အခြေအနေ အတွက် ပိုမိုဆိုးရွားလာဖွယ် ရှိနေသည်။

    မြန်မာနိုင်ငံအနောက်ဖက်စွန်း ရခိုင်ပြည်နယ်ရှိ လူမျိုးစွဲ အမျိုးသားရေးဝါဒီတို့ထံ လုပ်ပိုင်ခွင့် အာဏာ လွှဲအပ်ပေးခြင်းမှာ လက်ရှိနှစ်များအတွင်း အိမ်နီးချင်းနိုင်ငံများသို့ ထောင်ချီ၍ ထွက်ပြေးနေကြရသည့် နိုင်ငံမဲ့ ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံမှု ပိုမိုပြင်းထန်လာနိုင်၏။

    ရိုဟင်ဂျာအများစုကို အစိုးရက မဲပေးခွင့်နှင့် အမတ်လောင်းမှတ်ပုံတင်ခွင့်များမှ တားမြစ်ထားသည်။ ၎င်းအပေါ် ကုသမဂ္ဂမှ ပြတ်ပြတ်သားသား ဝေဖန်ထားသလို၊ ယင်းသို့ ပြုလုပ်လိုက်ခြင်းက နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲသည် ၂၅ နှစ်အတွင်း ပထမဆုံးသော လွတ်လပ်မျှတသည့်ရွေးကောက်ပွဲအဖြစ် ဖော်ပြနိုင်ရန် ကြိုးပမ်းနေခြင်းအား အမြစ်လှန်ရာလည်း ရောက်သွားပေသည်။

    ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော Arakan National Party (ANP) ပါတီကို ယမန်နှစ်က ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးခွဲခြားမှုအခြေအနေ၌ ရှင်သန်နေကြသည့် ရိုဟင်ဂျာတစ်သန်းအပါအ၀င် မြန်မာနိုင်ငံ၏ ယာယီနိုင်ငံသားဆိုင်ရာ ကိစ္စများကို အပြင်းအထန် ဝေဖန်ကန့်ကွက်ခဲ့သည်။ ၎င်းအပြင် မြောက်များစွာသော ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံအတွင်း ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့လင့်ကစား သူတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ပြောင်းရွှေ့လာသူများ အဖြစ် ဆက်လက် သတ်မှတ်ကြရန် ဆွယ်တရားဟောခဲ့ကြ၏။

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ANP ပါတီဋ္ဌာနချုပ် သင်ပုန်းပေါ်တွင် ကိုယ်ရည်သွေး စိုးမိုးလိုသည့် စာသားများရေးသားထားပြီး၊ လက်ကမ်းစာစောင်များတွင်လည်း “မိမိလူမျိုးကို ချစ်ပါ၊ သွေးမနှောပါစေနှင့်၊ ရခိုင်ပီသပါ၊ ANP ကို မဲပေးပါ” စသဖြင့် ဖော်ပြထားသည်။

    ရခိုင်ပြည်နယ် လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ရိုဟင်ဂျာများဖြစ်ကြသည်။ ၎င်းတို့အနက် လူများစွာမှာ အကျဉ်းသားဟု အမည်မတပ် ယုံတမယ် ဒုက္ခသည်စခန်းထဲ၌ လည်းကောင်း၊ သီးခြားခွဲ ကန့်ထားသည့် ရွာငယ်များ၌လည်းကောင်း နေထိုင်နေကြရသည်။ လွတ်လပ်စွာ ခရီးသွာလာခွင့် မရှိကြ၊ အချို့ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးခံစားခွင့် မရကြပေ။

    Aye Nu Sein (L), vice president of Arakan National Party (ANP), speaks during an interview with Reuters at her party's head office in Sittwe September 3, 2015. REUTERS/Soe Zeya Tun
    ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃ ရက်က ANP ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် (၀ဲဖက်)မှ စစ်တွေမြို့ပါတီဋ္ဌာနချုပ်ရုံးခန်းတွင် ရိုက်တာနှင့် အင်တာဗျူးပြုလုပ်နေစဉ်။ REUTERS/Soe Zeya Tun

    ယခင် စစ်အစိုးရလက်ထက်က ထုတ်ပေးခဲ့သော ယာယီနိုင်ငံသားလက်မှတ်များကို အသိအမှတ် မပြုတော့ဘဲ လက်ရှိဖျက်သိမ်းမှုအပေါ် မူတည်၍  “အခုဆိုရင် ၀ှိုက်ကဒ် ကိုင်ဆောင်သူများပြားတဲ့ မဲဆန္ဒနယ်တွေမှာ ကျွန်မတို့ အနိုင်ရဖို့ ပိုပြီး အခွင့်အလမ်းသာနေပါပြီ” ဟု ANP ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်မှ ဆိုသည်။ “နိုင်ငံတကာအသိုင်းအ၀ိုင်းက အသုံးပြုနေတဲ့ နိုင်ငံမဲ့ ဆိုတဲ့ အသုံးအနှုန်းကို ကျွန်မတို့ လက်မခံပါဘူး။ ဘင်္ဂလားဒေ့ရှ်ကနေ သူတို့ လာခဲ့ကြတာပါ။ သူတို့ရဲ့ ဘာသာ၊ မျိုးနွယ်၊ ယဉ်ကျေးမှုနဲ့ အသိအမြင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနဲ့ အတူတူပါပဲ” ဟူ၍လည်း ထပ်လောင်းပြောကြားထားသည်။ သူမ၏အဆိုအရ ANP သည် ရိုဟင်ဂျာအားလုံးကို ဒုက္ခသည်စခန်းများသို့ ပို့ရန် သို့တည်းမဟုတ် တိုင်းပြည်မှနှင်ထုတ်ရန် အလိုရှိနေကြောင်း သိရ၏။

    “ရိုဟင်ဂျာနဲ့ အခြားလူနည်းစုဝင်တွေအပေါ် ဒီလောက်အထိ ခွဲခြားချိုးနှိမ်ဆက်ဆံနေမှုအပေါ် ကျွန်တော် အလွန်စိတ်ပျက်မိပါတယ်။ အလားတူစွာဘဲ လက်ရှိရိုဟင်ဂျာပါလီမန်အမတ် ဖြစ်နေသူတွေကို  နောက်ရွေးကောက်ပွဲမ၀င်နိုင်အောင် တားမြစ်ခြင်းကလည်း အလွန်အင်မတန် အကျည်းတန်လှပါတယ်” ဟူ၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ပြီးခဲ့သည့်လတွင် မနှစ်မြို့စွာ ပြောကြားသည်။

    ၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးအနက် သုံးဦးမှာ ရိုဟင်ဂျာလူမျိုးဖြစ်သည်။ ထိုနှစ်အတွင်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ၃၅ ဦးအနက်၌လည်း ရိုဟင်ဂျာအမတ်နှစ်ဦး ပါဝင်ခဲ့သည်။

    သို့သော် ယခုနှစ်တွင်မူ ANP အဖို့ လူမျိုးခြားတစ်ဦးမျှ မပါဝင်အောင် ရှင်းလင်း ဖယ်ရှားတော့မည် ဖြစ်သည်။ ပါတီသည် ပြည်နယ်တွင်းသာမက ပြည်နယ်ပြင်ပရှိ အမတ်နေရာများ တွင်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

    “တကယ်လို့ ANP က မျှော်မှန်းထားသလို အပြတ်အသတ်နိုင်ခဲ့ရင် ၀န်ကြီးချုပ်နေရာ အတွက် အပြင်းအထန် တောင်းဆိုလိမ့်မယ်။ မွတ်စ်လင်မ်တွေ အပေါ် ထပ်မံ ကန့်သတ်ထိန်းချုပ်နိုင်ချေရှိမှု အပါအ၀င် သူတို့ရဲ့နိုင်ငံရေး အစီအမံကို ပုံဖော်ကြလိမ့်မယ်။ အမျိုးသားနိုင်ငံရေးထဲ လက်ရှိ လုပ်ဆောင်နေတာထက် ပိုမိုကျယ်လောင်မယ့် အသံတစ်ရပ်ရပ် ထုတ်ဖော်ဖို့လည်း ရှိနေနိုင်ပါတယ်။ ပြီးတော့ ပါလီမန်သစ်ထဲမှာ ရှေးရိုးစွဲ ဗုဒ္ဓ၀ါဒီ အစုအဖွဲ့ တစ်ခုကို ပုံဖော်လာနိုင်ပါတယ်” ဟု ရန်ကုန် အခြေစိုက် အလွတ်တန်းနိုင်ငံရေး သုတေသီ ရစ်ချဒ် ဟော်စီ Richard Horsey က ပြောကြားသည်။

    မြန်မာနိုင်ငံမှ လူများစု ဗမာလူမျိုးတို့နှင့် ရခိုင်တို့သည် ဗျူဟာဆန်သော ဆက်ဆံရေး ရှိနေကြသည်။ ဗမာလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြသော်လည်း ၎င်းတို့သည် မိမိတို့ဘာသာတရားကို ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှုထားကြသည်ဟု ရခိုင်များက ဆိုသည်။

    လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP နှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD – ပါတီနှစ်ခုစလုံး၌ အဓိကအားဖြင့် ဗမာလူမျိုးများ ပါဝင်နေကြ၏။

    NLD ခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ လလယ်ပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားသည်။ သို့သော် သူမသည် ရိုဟင်ဂျာ သို့မဟုတ် နိုင်ငံသားရေးရာတို့ကို ပြောဆိုဆွေးနွေးမည် မဟုတ်ကြောင်း၊ “ကျွန်တော်တို့ အဲ့ဒါတွေကို လုပ်ဆောင်ရင် သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်လာနိုင်တယ်။ NLD ကို မဲပေးဖို့လောက်ပဲ ကျွန်တော်တို့ ပြောဆိုသွားမှာ ဖြစ်ပါတယ်” ဟု NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်မှ ရိုက်တာသို့ ပြောကြားသည်။ ရခိုင်လူထုသည် လွန်ကဲသောမျိုးချစ်များ ဖြစ်နေကြကြောင်း၊ NLD အား မွတ်စ်လင်မ်ထောက်ခံသူ – ရိုဟင်ဂျာတို့ကိုစာနာသူအဖြစ် ရှုမြင်ထားကြသည့်အတွက် NLD အဖို့ တောင်ကုန်းတိုက်ပွဲသဖွယ် ရခိုင်ပြည်မဲဆန္ဒနယ်များတွင် ANP နှင့်အပြိုင် ရင်ဆိုင်ရဖွယ်ရှိရာ အခြေမလှနိုင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။

    နိုင်ငံ့အဆင်းရဲဆုံးပြည်နယ်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးကို အလျဉ်းအလေးမထားဟု အာဏာရ USDP အပေါ် ရခိုင်ပြည်နယ်၌ အမြင်ထားရှိကြသည်။ USDP သည်လည်း စစ်တပ်ကြီးစိုးသော ဒေသများမှအပ ကာလရှည်ပဋိပက္ခများ ကြုံဆုံနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    ၂၀၁၁ ခုနှစ်ကစတင်လာခဲ့သော မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုလှိုင်းလုံးက ANP ကို ပို၍ ရေပန်းစားအောင် လုပ်ပေးထားသည်။ ၂၀၁၂ ခုနှစ် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားလာရာ အနည်းဆုံး လူ ၂၀၀ အသက်ဆုံးရှုံးပြီး ရိုဟင်ဂျာအများစုပါဝင်သော လူပေါင်း တစ်သိန်းလေးသောင်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရသည်။

    ရခိုင်ဗုဒ္ဓဘာသာဝင်များ၏အဆိုအရ သူတို့သည် နောက်တက်လာမည့် အစိုးရအပေါ်၌လည်း သံသယရှိသင့်သလောက်ရှိနေကြကြောင်း သိရသည်။

    စစ်တွေမြို့ရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုကျော်လွင်က ဤသို့ဆိုပါသည်။

    “ရခိုင်ပြည်နယ်မှာ ANP ပါတီက အင်အားအကောင်းဆုံးပဲ။ သူတို့(တခြားပါတီ)တွေ ဘယ်လို ကြိုးစားကြပါစေ၊ ကျွန်တော်တို့ရခိုင်ပြည်သူတွေကတော့ ရခိုင်ပါတီကိုသာ မဲပေးမှာဖြစ်ပါတယ်”။

    Xxxxxxxxxxxxxxxxxx

    Timothy Mclaughlin ၏ Rising Rakhine Party looming threat to Myanmar Muslim minority ရိုက်တာဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့  ရွေးကောက်ပွဲဝင်မယ့်  အမတ်လောင်း ဦးရန်နိုင်

    စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်

    အောက်တိုဘာ ၁ ၊ ၂၀၁၅
    M-Media
    မိုးစက် တွေ့ဆုံ မေးမြန်းသည်။
    U Yan Naing 2
    ၂၀၁၅ နိုင်ဝင်ဘာလ ရွေးကောက်ပွဲတွင် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးရန်နိုင်(တရားလွှတ်တော်ရှေ့နေ) နှင့် M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    M-Media။    ။ အန်ကယ်အနေနဲ့ဘာကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။
    ဖြေ။    ။ပြည်သူတွေအတွက် ပြောရေးဆိုခွင့်ရဖို့အတွက်၊ စစ်ကျန်ဖြစ်နေတဲ့ ဒီမိုကရေစီကနေ စစ်မှန်တဲ့ဒီမိုကရေစီ ရရှိဖို့အတွက်၊ ဒီမိုကရေစီစစ်စစ်ဖြစ်ဖို့၊ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့အတွက် အခုလိုဝင်ရောက် ယှဉ်ပြိုင်ရခြင်းဖြစ်တယ်။

    M-Media။    ။ အန်ကယ့်အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကိုရော စတင်လုပ်ဆောင်နေပြီလား။
    ဖြေ။    ။ အောက်တိုဘာလ ၄ ရက်နေ့မှာ ပါတီကအစည်းအဝေးလုပ်မယ်။ အဲ့အစည်းအဝေးပြီးတော့မှ ရွေးကောက်ပွဲမတိုင်မီထိ နေ့တိုင်းလိုလို မဲဆွယ်စည်းရုံးမှုတွေကို စတင်လုပ်ဆောင်မှာပါ။

    M-Media။    ။  အန်ကယ်ဝင်ရောက်ယှဉ်ပြိုင်မဲ့ သင်္ဃကျွန်းမဲဆန္ဒရှင်တွေဆီကနေောက်ခံမဲတွေရအောင် အန်ကယ်ဘာတွေ လုပ်ဆောင်ထားပါသလဲ။
    ဖြေ။    ။ အခုတော့ လက်ကမ်းစာစောင်တွေ လုပ်ထားတယ်။ သင်္ဃန်းကျွန်းမှာလဲ ရပ်ကျေးရုံးဖွင့်ထားပါတယ်။ ရွေးကောက်ပွဲရက်နီးရင်တော့ door to door သွားရောက်ပြီး သူတို့ရဲ့လိုအပ်ချက်တွေကို မဲဆွယ်ပြီး လိုအပ်တာတွေလုပ်ဆောင်ပေးဖို့ ဆွေးနွေးပေးမှာပါ။

    M-Media။    ။ အန်ကယ်မဲဆွယ်တဲ့အခါမှာ ဘယ်လိုအချက်တွေနဲ့ ပြည်သူကိုမဲဆွယ်မလဲ။
    ဖြေ။    ။ အဓိကတော့ ပညာရေးပဲ။ အဲဒါ့ကိုအဓိကထားလုပ်ပေးမှာပါ။ သင်္ဃကျွန်းမြို့နယ်မှာ စနစ်တကျမဖြစ်တဲ့ လမ်းတို့ အဆောက်အဦးတို့ကိုလည်း စနစ်တကျဖြစ်သွားအောင် စီစဉ်ပေးမယ်။ အဲ့မှာ ဘိုးဘွားရိပ်သာတွေလည်းရှိတော့ အဘိုးတွေ အဘွားတွေအတွက် တစ်ခုခုစီစဉ်ပေးတာမျိုးပေါ့။ နောက်သင်္ဃကျွန်းက အခြေခံလူတန်းစားရပ်ကွက်ဖြစ်တော့ မြို့နယ်ကိုသပ်သပ်ရပ်ရပ်နဲ့ လှပသေသပ်အောင်ဆောင်ရွက်ပေးဖို့ပေါ့။ အဲ့လိုအချက်တွေကို မဲဆန္ဒနရှင်တွေကို နားလည်အောင်ပြောပြီး မဲဆွယ်စည်းရုံးသွားမှာပါ။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဒီမဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် သင်္ဃန်းကျွန်းကပြည်သူတွေအတွက် ဘာတွေလုပ်ဆောင်ပေးဖို့ရှိပါသလဲ။
    ဖြေ။    ။ သူတို့တွေဘာတွေလိုလားလဲဆိုတာ အရင်မေးမယ်။ အန်ကယ် အဓိကလုပ်ချင်တာကတော့ သင်္ဃန်းကျွန်းမှာကလေးတွေပညာရေးပေါ့။ အဲ့မှာပညာမသင်နိုင်တဲ့ကလေးတွေ အများကြီးရှိတယ်။ အဲ့ကလေးတွေအတွက် ပညာရေးကိုအဓိကထားလုပ်ဆောင်မှာပါ။

    M-Media။    ။ သင်္ဃန်းကျွန်းကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပြိုင်ဖက်ပါတီတွေအတွက်ရော စိုးရိမ်စိတ်တွေရှိလား၊ ဘာတွေပြင်ဆင်ထားပါသလဲ။
    ဖြေ။    ။ သူတို့လဲ သူတို့လမ်းကြောင်းနဲ့သူတို့ သွားနေတာပါပဲ။ စိုးရိမ်လားဆိုတော့ သူတို့အားသာချက်၊ အားနည်းချက်တွေကို လေ့လာထားပြီး သူတို့အားနည်းချက်တွေကို အန်ကယ့်ဘက်က ဘယ်လိုဖြည့်တင်းပေးမလဲဆိုတာတော့ စဉ်းစားထားပါတယ်။

    M-Media။    ။ ရွေးကောက်ပွဲမှာ အနိုင်သာရခဲ့ရင် အန်ကယ်ကရှေ့နေတစ်ယောက်လည်းဖြစ်နေတော့ လွှတ်တော်ထဲမှာ ဘာတွေဆက်လုပ်ဖို့ရှိပါသလဲ။
    ဖြေ။    ။ အဓိကတော့ စစ်မှန်တဲ့ဒီမိုကရေစီရဖို့ ဆောင်ရွက်မှာပါ။ ပြည်သူမကြိုက်တဲ့ဥပဒေတွေကို ပြည်သူကြိုက်တဲ့ ဥပဒေတွေရရှိအောင် လွှတ်တော်ထဲမှာ စည်းရုံးသွားမှာပါ။ နောက် လူ့အခွင့်အရေး၊လူနည်းစုအခွင့်အရေးတွေပေါ့။ ဥပဒေအရ တန်းတူညီမျှရှိရမဲ့ အခွင့်အရေးတွေရရှိဖို့ ဥပဒေရှုထောင့်ကနေပဲ လုပ်ဆောင်သွားမယ်။ နောက်တော့ ကိုယ့်နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်သွားမှာပါ။

    M-Media။    ။အန်ကယ့်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုလေးလဲ ပြောပြပေးပါဦး။
    ဖြေ။    ။ ၉ တန်းလောက်ကတည်း ဦးသန့်အရေးအခင်းမှာစပါခဲ့တယ်။ ၁၉၈၇မှာ ၇၅ ကျပ်တန်အရေးအခင်းဖြစ်တော့ ကျောင်းသားတွေကို ဦးဆောင်ခဲ့တယ်။ နောက် ၈၈ အရေးအခင်းရောက်တော့ ရှေ့နေအသင်းကနေ တရားတွေတက်ဟောတယ်။ နောက် ၅(ည) မှုနဲ့ ထောင်ထဲမှာ ခဏထိန်းသိမ်းခံရတယ်။

  • မဘသက ငြိုငြင်မည်စိုးသောကြောင့် မွတ်စလင်ကိုယ်စားလှယ်လောင်းများကို NLD က မရွေးခဲ့ခြင်းဟု ဦးဝင်းထိန်ပြော

    မဘသက ငြိုငြင်မည်စိုးသောကြောင့် မွတ်စလင်ကိုယ်စားလှယ်လောင်းများကို NLD က မရွေးခဲ့ခြင်းဟု ဦးဝင်းထိန်ပြော

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    – လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် အောင်နိုင်ရန် မိမိတို့ပါတီ၏ မဟာဗျူဟာ အစိတ်အပိုင်းအဖြစ် မွတ်စလင်အမတ်လောင်းများကို တမင် ချန်လှန်ခဲ့ခြင်းဖြစ်သည်ဟု အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အကြီးတန်းပါတီဝင် ဦးဝင်းထိန်က ပြောကြားလိုက်သည်။

    အသက် ၇၄ နှစ်အရွယ်ရှိပြီး လက်ရှိ NLD ကိုယ်စားပြု လွှတ်တော်အမတ်လည်းဖြစ်သူ ဦးဝင်းထိန်က နိုင်ငံရေးအကြောင်းအရင်းများမှာ မွတ်စလင်အမတ်လောင်းများကို ချန်လှပ်ရန် ဖိအားဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့မှာ အရည်အသွေးပြည့်ဝတဲ့ မွတ်စလင်ကိုယ်စားလှယ်လောင်းတွေ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကြောင်းအရင်းတွေကြောင့် သူတို့ကို့ မရွေးခဲ့ရပါဘူး။ ပြီးတော့ မွတ်စလင်ကိုယ်စားလှယ်လောင်းတွေကလည်း ကျွန်တော်တို့ရဲ့ အခြေအနေကို သိထားတာကြောင့် ကျွန်တော်တို့ကို နားလည်ပေးပါတယ်” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။

    သဘောထားတင်းမာသော ဘုန်းကြီးများ ဦးဆောင်ဦးရွက်ပြုသည့် အမျိုးသားရေးဝါဒနှင့် မွတ်စလင်ဆန့်ကျင်ရေး သဘောထားရားများ ကြီးထွားလာခြင်းက မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေးပါတီနှစ်ခုကို ဖိအားဖြစ်စေခဲ့သည်။ ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံတွင်
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှစ်ခုစလုံးမှာ မွတ်စလင် ကိုယ်စားလှယ်လောင်းများကို ရှောင်ရှားခဲ့သည်။

    ဦးဝင်ထိန်ကမူ မဘသ၏ သြဇာလွှမ်းမိုးမှုကို အပြစ်တင်ခဲ့သည်။ မဘသမှ ထင်ရှားသည့် အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ၏ မွတ်စလင်လူနည်းစုများအပေါ် ဆန့်ကျင်သည့် သွေးဆူစေသော စကားများကို ပြောကြားမှုဖြင့် နာမည်ထွက်သည့် ဘုန်းကြီးများဖြစ်သည်။

    “တကယ်လို့များ ကျွန်တော်တို့က မွတ်စလင်ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရင် မဘသက ကျွန်တော်တို့ကို လက်ညှိုးထိုး အပြစ်တင်မှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့က ဒါကို ရှောင်ခဲ့ရတာပါ” ဟု ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းသူ ၁၂၄ ဦးကို အငြင်းပွားဖွယ် နိုင်ငံသားဖြစ်မှု လုပ်ငန်းစဉ်ပြီးနောက် ပယ်ချခဲ့ပြီး အများစုမှာ မွတ်စလင်များဖြစ်သည်။

    ထိုကဲ့သို့ ပယ်ချခဲ့သော ကိုယ်စားလှယ်လောင်းများတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်အရွေးခံခဲ့ပြီး အမတ်ဖြစ်ခဲ့သည့် မွတ်စလင်အမတ် ဦးရွှေမောင်လည်း ပါဝင်ခဲ့သည်။ ကော်မရှင်က ၎င်း၏ တစ်သီးပုဂ္ဂလကိုယ်စာလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှုကို ၎င်းမွေးဖွားသည့်အချိန်က မိဘများမှာ နိုင်ငံသားမဖြစ်ဆိုသော အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ခြင်းဖြစ်သည်။

    Ref: ucanews

  • ရွေးကောက်ပွဲတွင်မဲပေးရန် နိုင်ငံရပ်ခြားမှ မြန်မာနိုင်ငံသား သုံးသောင်းကျော် လျှောက်လွှာတင်

    ရွေးကောက်ပွဲတွင်မဲပေးရန် နိုင်ငံရပ်ခြားမှ မြန်မာနိုင်ငံသား သုံးသောင်းကျော် လျှောက်လွှာတင်

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    myan
    မြန်မာပြည်သူတစ်ဦး မဲစာရင်းကြည့်ရှုနေစဉ်

    – လာမည့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် နိုင်ငံရပ်ခြားမှ မဲပေးရန် စာရင်းပေးသူ မြန်မာနိုင်ငံသား အရေအတွက်မှာ ၃၅၀၀၀ နီးပါး ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

    စာရင်းပေးသွင်းမှု နောက်ဆုံးရက်မှာ သြဂုတလ ၂၃ ရက်နေ့ဖြစ်သော်လည်း စက်တင်ဘာ ၂၀ ရက်နေ့အထိ ထပ်မံ တိုးပေးခဲ့ခြင်းဖြစ်ပြီး လျှောက်လွှာတင်သူမှာ ၃၄၆၉၇ ဦး ရှိခဲ့သည်။ ယခုစာရင်းပေးသည့် နိုင်ငံရပ်ခြားမှ မြန်မာနိုင်ငံသားများ၏ လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်များသို့ ပေးပို့ကာ စစ်ဆေးသွားမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့နေထိုင်ရာ နိုင်ငံများသို့ မဲကဒ်ပြားများကို ပြန်လည် ပို့ဆောင်သွားမည်ဖြစ်သည်။

    နိုင်ငံခြားတွင်နေထိုင်သူ မြန်မာနိုင်ငံသားများမှာ ထိုနိုင်ငံမှ မြန်မာသံရုံးများ၏ အကူအညီဖြင့် နိုဝင်ဘာ ပထမပတ် သို့မဟုတ် ဒုတိယပတ်တွင် မဲထည့်နိုင်မည်ဖြစ်သည်။

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒါရိုက်တာ ဦးစိုင်းကျော်သူက အချို့သော လျှောက်လွှာတင်သူများမှာ ၎င်းတို့၏ လိပ်စာ တိကျမှုမရှိသောကြောင့် မဲပေးခွင့်ဆုံးရှုံးမည်ဟု ပြောကြားခဲ့သည်။

    “တစ်ချို့စာရင်းပေးတဲ့သူတွေက မရှင်းလင်းတဲ့ လိပ်စာတွေ ရေးထားပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ အရမ်းသတိထားပါတယ်။ လိပ်စာအပြည့်အစုံနဲ့ လျှောက်လွှာပြန်တင်ဖို့ သူတို့ကို ကျွန်တော်တို့ ပြောထားပါတယ်။ ပြည့်စုံတဲ့လုပ်ငန်းစဉ်အတွက် အချိန်ပေးရပါတယ်။ တကယ်လို့များ ပေးထားတဲ့ လိပ်စာတွေ ရှာမတွေ့ဘူးဆိုရင် အဲဒီသူဟာ မဲပေးခွင့် ဆုံးရှုံးမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

    ရွေးကောက်ပွဲအတွက် အဆိုပါစာရင်းပေးမှုမှာ နိုင်ငံရပ်ခြားတွင် တရားဝင်နေထိုင်သော မြန်မာနိုင်ငံသားများအတွက်ဖြစ်ပြီး တရားမ၀င်နေထိုင်သူများ ပါဝင်ခြင်းမရှိဘဲ၊ ၎င်းတို့ နေထိုင်ရာဒေသသို့ ပြန်လာမှသာ မဲပေးခွင့်ရမည်ဖြစ်သည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ နိုင်ငံရပ်ခြားတွင် တရားမ၀င်နေထိုင်သူ မြန်မာနိုင်ငံသား ၃ သန်းမှ ၅ သန်းအထိမှာ မဲပေးခွင့် ဆုံးရှုံးမည်ဟု ပြောကြားခဲ့သည်။

    Ref: nationmultimedia

     

  • မြန်မာ့ရွေးကောက်ပွဲအတွက် စောင့်ကြည်သူများကို ဥရောပသမဂ္ဂ စေလွှတ်မည်

    မြန်မာ့ရွေးကောက်ပွဲအတွက် စောင့်ကြည်သူများကို ဥရောပသမဂ္ဂ စေလွှတ်မည်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာဌာန ဥက္ကဖြစ်သူ ဖက်ဒရီကာ မွဂ်ဟီရီနီ

    – လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူများကို စေလွှတ်သွားမည်ဟု ဥရောပသမဂ္ဂက ယနေ့တွင် ပြောကြားလိုက်သည်။

    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဥရောပသမဂ္ဂရဲ့ ဆက်လက်အာရုံစိုက်မှုကို ဒီဆောင်ရွက်ချက်က အတည်ပြုလိုက်တာပါပဲ။ ငြိမ်ချမ်းပြီး၊ အားလုံး ပူးပေါင်းပါဝင်တဲ့ အခြေအနေမျိုးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲက တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေး နောက်ပြန်မသွားဘူးဆိုတာရဲ့ ခိုင်မာမှုကို အကူအညီ ဖြစ်စေပါလိမ့်မယ်” ဟု သမဂ္ဂမှ ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ နိုင်ငံခြားရေးရာဌာန ဥက္ကဖြစ်သူ ဖက်ဒရီကာ မွဂ်ဟီရီနီက ပြောကြားခဲ့သည်

    ဥရောပသမဂ္ဂ၏ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်မှုလုပ်ငန်းတွင် လေ့လာဆန်းစစ်သူ ၉ ဦး၊ ရေရှည် စောင့်ကြည့်သူ ၃၀ ဦးနှင့် ရေတိုစောင့်ကြည့်သူ ၆၂ ဦး ပါဝင်မည်ဖြစ်သည်။ သမဂ္ဂမှ သံအမတ်များနှင့် ဥရောပပါလီမန်မှ သီးခြားအဖွဲ့တစ်ခုကလည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Channelnewsasia