News @ M-Media

Tag: 2016 Hajj

  • ဟဂ်ျဗီဇာသက်တမ်း ကျော်လွန်နေထိုင်ခြင်းမပြုရန် ဆော်ဒီ သတိပေး

    ဟဂ်ျဗီဇာသက်တမ်း ကျော်လွန်နေထိုင်ခြင်းမပြုရန် ဆော်ဒီ သတိပေး

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    hajj

    – ဟဂ်ျပြုသူများအနေဖြင့် မိမိတို့၏ ဗီဇာသက်တမ်းထက် ကျော်လွန်နေထိုင်းခြင်းမပြုရန် ဆော်ဒီအာရေဗျ နိုင်ငံကူးလက်မှတ်ဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူးက သတိပေးခဲ့သည်ဟု Saudi Gazette သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် သက်တမ်းလွန် ဗီဇာဖြင့် နေထိုင်သူများ သို့မဟုတ် ယင်းကဲ့သို့ နေထိုင်ခြင်းကို အားပေးကူညီထားသူများအနေဖြင့် ကြီးလေးသော ပြစ်ဒဏ်ကို ကျခံရမည်ဟုလည်း ဆိုသည်။

    “ဟဂ်ျခရီးသည်တွေအနေနဲ့ မက္ကာဟ်၊ မဒီနာနဲ့ ဂျစ်ဒါမြို့တွေရဲ့ အပြင်ဘက်ကို ရွှေ့ပြောင်းနေထိုင်ခွင့် ဒါမှမဟုတ် နိုင်ငံတွင်း ဘယ်နေရာမှာမှ အလုပ်လုပ်ကိုင်ခွင့် ပြုမှာမဟုတ်ပါဘူး။ ဗီဇာသက်တမ်းလွန်နေသူတွေကို တွေ့ရှိမယ်ဆိုရင် ဒဏ်ငွေ ဆော်ဒီရီယဲလ် ၅၀၀၀၀၊ အမြင့်ဆုံးထောင်ဒဏ် ၆ လ ချမှတ်သွားမှာဖြစ်ပြီး နယ်နှင်ဒဏ်လည်း ပေးသွားမှာပါ” ဟု ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

    ဆော်ဒီနိုင်ငံသားများ၊ နိုင်ငံခြား အလုပ်သမားများအနေဖြင့် သက်တမ်းလွန်ဗီဇာသမားများကို မည်သည့် ကူညီထောက်ပံ့မှုမျိုးမှ မပေးရန်၊ ပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ ရီယဲလ် တစ်သိန်နှင့် နိုင်ငံခြာသားအလုပ်သမားများအတွက် နယ်နှင်ဒဏ်ဖြစ်ပြီး ကျူးလွန်သည့်အကြိမ်အရေအတွက်ကိုလိုက်၍ ပြစ်ဒဏ်နှစ်ဆ တိုးသွားမည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    ယခုနှစ်တွင် ဆော်ဒီသို့လာရောက်၍ ဟဂ်ျပြုသူမှာ ၁.၃ သန်းကျော်ရှိပြီး အင်္ဂါနေ့အထိ နိုင်ငံအတွင်း ၁.၂ သန်းကျော် ကျန်နေသေးသည်။

    Ref : IINA

  • အွမ္မရာဟ်ကာလကို တိုးမြှင့်ပေးရန် ဆော်ဒီစီစဉ်

    အွမ္မရာဟ်ကာလကို တိုးမြှင့်ပေးရန် ဆော်ဒီစီစဉ်

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    umrah

    – ဟဂ်ျအငယ်စားဖြစ်သည့် အွမ္မရာဟ်ဘုရားဖူးကာလ ၈ လ သတ်မှတ်ထားမှုကို ၁၀ လအထိတိုးပေးရန် အဆိုပြုချက်အား ဆော်ဒီအစိုးရက စဉ်းစားနေသည်ဟု အစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ Arab News သတင်းဌာနက ဖော်ပြခဲ့သည်။

    အဆိုပါ အဆိုပြုချက်မှာ အွမ္မရာဟ်ကာလတွင် အစ္စလာမ့်ပြက္ခဒိန်၏ ပထမမြောက်နှင့် ဒဿမမြောက်လဖြစ်သော မုဟရမ်နှင့် ရှောင်ဝလ်လများအား ထည့်သွင်းပေးရန်ဖြစ်သည်။

    လက်ရှိတွင် ဆော်ဒီအစိုးရက အွမ္မရာဟ်ဗီဇာချပေးမှုမှာ ဒုတိယမြောက်လဖြစ်သော ဆဖရ်လမှ န၀မမြောက်လဖြစ်သော ရမ်ဇာန်ဥပုသ်လအကုန်အထိသာ ဖြစ်သည်။ ထိုကဲ့သို့ ၁၀ လသတ်မှတ်ရေး အဆိုပြုချက်မှာ ၂၀၃၀ ခုနှစ်အရောက်တွင် အွမ္မရာဟ်ဘုရားဖူးခရီးသွား ၈ သန်းမှ သန်း ၃၀ အထိ ရောက်ရှိစေရေး ရည်ရွယ်ထားသော ဆော်ဒီ၏ အနာဂတ်စီမံချက် Vision2030 နှင့်လည်း ကိုက်ညီနေသည်။

    ထိုရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ ဆော်ဒီသို့ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရင်းဖြင့် လာရောက်မှု မြင့်တက်လာရေးဖြစ်ပြီး၊ အကြီးဆုံး အစ္စလာမ့်ပြတိုက်ကြီးကိုလည်း ဆောက်လုပ်သွားရန် ရည်ရွယ်ထားသည်။

    အဆိုပါ ပြတိုက်တွင် အစ္စလာမ် ဘာသာရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ ပစ္စည်းများ၊ စာရွက်စာတမ်းများ၊ အဖြစ်အပျက်များ စသည်တို့ကို စုစည်း ပြသမည်ဖြစ်သည်။

    ဆော်ဒီအစိုးရမှာ နှစ်စဉ်မြင့်တက်လာသည့် ဟဂ်ျဘုရားဖူးခရီးသွားများ၊ အွမ္မရာဟ်ဘုရားဖူးများအား ၀န်ဆောင်မှုပေးနိုင်ရန်အတွက် မက္ကာဟ်မြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလ်ီဝတ်ကျောင်းတော်ကြီးအား အကြီးအကျယ်တိုးချဲ့မည့် စီမံကိန်းကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။

    Ref: IINA

  • ဟဂ်ျရာသီအတွင်း ဆော်ဒီ၏ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုကို WHO ချီးကျူး

    ဟဂ်ျရာသီအတွင်း ဆော်ဒီ၏ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုကို WHO ချီးကျူး

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    hajj-2

    – ယခုနှစ် ဟဂ်ျကာလအတွင်း ကူးစက်ရောဂါကင်းစင်ရေး စီမံချက်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့အလယ်ပိုင်းဆိုင်ရာ ဒုတိယဥက္ကဌ ဂျဝဒ်အလ်မဂ်ျဟူးရ်က ဆော်ဒီအာရေဗျအား ချီးကျူးပြောကြားလိုက်သည်။

    ဆော်ဒီကျန်းမာရေးဝန်ကြီး သောင်ဖီးက် အလ်-ရာဘီအာနှင့်အတူ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလ်မဂ်ျဟူးရ်က WHO အနေဖြင့် ကျန်းမာရေး ၀န်ထမ်းများ၊ ဘုရားဖူးများအား ၀န်ဆောင်မှုပေးရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပြီး ၀မ်းမြောက်ဂုဏ်ယူမိသည်ဟု ဆိုသည်။

    “ဟဂ်ျရာသီအတွင်းမှာ ရောဂါကာကွယ်တာ၊ ထိန်းချုပ်တာနဲ့ ကူးစက်အန္တရာယ်များနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့အတွက် အသင်းတစ်ခု ဖွဲ့ပေးဖို့ ဆော်ဒီအစိုးရရဲ့ တောင်းဆိုချက်ကို WHO က ဖြေရှင်းပေးခဲ့ပါတယ်။ နိုင်ငံတကာစံနှုန်းလိုအပ်ချက်တွေနဲ့အညီ အန္တရာယ်ကင်းတဲ့ ဟဂ်ျရာသီဖြစ်ဖို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ စပ်လျဉ်းတဲ့ အန္တရာယ်တွေကို လျှော့ချဖို့အတွက် လုပ်ထုံးလုပ်နည်းတွေရဲ့ အရေးကြီးပုံကို မိမိတို့အဖွဲ့က အလေးထား ပြောကြားခဲ့ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အလ်မဂ်ျဟူးရ်က WHO ကို ဖိတ်ကြားခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဟဂ်ျကာလအတွင်း ၀န်ကြီးဌာန၏ ကြိုတင်ပြင်ဆင်ထားမှုအပေါ်လည်း ချီးကျူးပြောဆိုခဲ့သည်။

    Ref : IINA

  • ဝန်ဆောင်မှု ကုမ္ပဏီ ဖြင့် ဟဂ်ျသွားသူများ နစ်နာမှုရှိက ဆော်ဒီသံရုံး(ရန်ကုန်) သို့ တိုင်ကြားနိုင်

    ဝန်ဆောင်မှု ကုမ္ပဏီ ဖြင့် ဟဂ်ျသွားသူများ နစ်နာမှုရှိက ဆော်ဒီသံရုံး(ရန်ကုန်) သို့ တိုင်ကြားနိုင်

    စက်တင်ဘာ ၅ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .14212537_938863979557631_2776919423766463819_n
    ပြင်ပ ဝန်ဆောင်မှုကုမ္ပဏီများဖြင့် ဟဂ်ျ ခရီးစဉ်သွားရောက်သူများနစ်နာမှု ရှိပါက ဆော်ဒီသံရုံး(ရန်ကုန်) သို့ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း ဆော်ဒီသံရုံး(ရန်ကုန်) မှ ကြေညာထားပါတယ်။
    .
    “ဟဂ်ျ ခရီးစဉ် ဝန်ဆောင်မှု ကုမ္ပဏီတွေ ယူတဲ့ ငွေကြေးပမာဏ အရ လုပ်ပေးရမယ့် ဝန်ဆောင်မှုတွေကို အလုပ်အပ်တဲ့လူတွေကို တင်ပြမယ်၊ အဲဒီဝန်ဆောင်မှုတွေ မပေးခဲ့ရင်၊ ပျက်ကွက်ခဲ့ရင် သံရုံးကို တိုင်ပါ။ ငွေကြိုပေးထားပါပြီး ဟဂ်ျသွားခွင့်မရလို့ လူ ၂ ဦး ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်တိုင်ကြားခဲ့တယ် ” လို့ သွားရောက်တိုင်ကြားခဲ့သူနှင့် နီးစပ်သူ တစ်ဦးက ပြောပါတယ်။
    .
    ဆော်ဒီသို့ ဟဂ်ျခရီးစဉ် သွားဖို့ ဝန်ဆောင်မှု ကုမ္ပဏီတွေ ထံမှာ ငွေကြိုပေးထားပါလျက် ဟဂ်ျသွားခွင့်မရလိုက်သူများ၊ သွားခွင့်ရပါသော် လည်း ဝန်ဆောင်မှု ကုမ္ပဏီမှ သတ်မှတ်ထားသည့် ငွေထက် ပိုပေးရသူများ၊ ဝန်ဆောင်မှု ကုမ္ပဏီမှ ပေးပါမည်ဟု ကတိပြုထားသော service များကို အမှန်တကယ် မရရှိသူများ၊ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံရုံးကို အထောက်အထားများနှင့်တကွ သွားရောက်စာတင်ပြီး တိုင်တန်းနိုင်ကြောင်းသိရပါတယ်။ တိုင်တန်းတဲ့အခါ အထောက်အထားလည်း ပြည့်စုံတယ်၊ တစ်ဖက် ဝန်ဆောင်မှု ကုမ္ပဏီကို  ရုံးချိန်အတွင်း တစ်ပါတည်း ခေါ်ဆောင်သွားနိုင်တယ်ဆိုလျှင် တစ်ထိုင်တည်း ဖြေရှင်းပေးပါကြောင်းသိရှိပါတယ်။
    .
    ဆော်ဒီသံရုံးအနေဖြင့် စည်းကမ်းဖောက်ဖျက်သည့်  ဝန်ဆောင်မှု ကုမ္ပဏီများကို ဟဂ်ျအေးဂျင့် လုပ်ပိုင်ခွင့် Quota လျော့ချခြင်းမှ စတင်ပြီး လုံးဝအပြီး ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ကြေညာထားပါတယ်။

    ရန်ကုန်မြို့ရှိ ဆော်ဒီသံရုံး လိပ်စာ နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ
    ——————-
    No.6 /S, Inya Avenue Street
    10th Quarter, Mayangone Township
    Yangon
    Myanmar
    TELEPHONE -(+95) 1-657-985 / 657-986
    FAX- (+95) 1-657-983
    EMAIL- [email protected]

  • ဟဂ်ျရာသီအတွင်း ကျန်းမာရေးနှင့် အစားအသောက် စောင့်ကြည့်မည့် အစီအစဉ် မက္ကာဟ်စတင်

    ဟဂ်ျရာသီအတွင်း ကျန်းမာရေးနှင့် အစားအသောက် စောင့်ကြည့်မည့် အစီအစဉ် မက္ကာဟ်စတင်

    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media

    holy

    – ဟဂ်ျရာသီအတွင်း မြို့အတွင်းရှိ ဈေးများ၊ စူပါမားကတ်များ၊ မုန့်ဖုတ်စင်တာများ၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်များကို စောင့်ကြည့်ရန် အစီအစဉ်၊ လူထုကျန်းမာရေးနှင့် ဆက်စပ်သည့် စောင့်ရှောက်မှုပေးမည့် အစီအစဉ်များကို မက္ကာဟ်မြို့တော် စည်ပင်သာယာရေးအဖွဲ့က ကြေငြာလိုက်သည်။

    ယခုဆောင်ရွက်မှုများမှာ မက္ကာဟ်သို့လာရောက်သည့် ဘုရားဖူးများနှင့် ဧည့်သည်တော်များ၏ လုံခြုံရေးနှင့် လူစည်ကားသည့် ဟဂ်ျရာသီအတွင်း ဈေးကွက်များ အန္တရာယ်ကင်းရှင်းရေးကို သေချာစေရန် ဆောင်ရွက်မှုလည်းဖြစ်သည်။

    ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးဌာန၏ အထွေထွေညွှန်ကြားရေးမှူးက ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် မီးဖိုဆောင်များကို စောင့်ကြည့်ရေးနှင့် ဈေးကွက်အတွင်း မကောင်းသောအမူအကျင့်များကို အရေးယူနိုင်ရေးအတွက် ကော်မတီအများအပြားကို ဖွဲ့စည်းခဲ့သည်။

    အစိုးရအာဏာပိုင်အဖွဲ့များ၊ စောင့်ကြည့်ရေးကော်မတီများဖြစ်သော စတိုးဆိုင် ဖြန့်ချီရေးကော်မတီ၊ စားသောက်ကုန် အဟာရတန်ဖိုး ဆန်းစစ်ရေးကော်မတီ၊ အစားအဆိပ်သင့်မှုဆိုင်ရာ ကော်မတီ၊ စားသောက်ကုန်ဈေးနှုန်းဆိုင်ရာကော်မတီ၊ ရေတိုင်ကီများ ပိုးသတ်ရေးဆိုင်ရာကော်မတီ၊ လုံခြုံရေးကော်မတီတို့ဖြင့် ထိုလှုပ်ရှားမှုကို ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည်။

    ယခု စီမံချက်မှာ ဟဂ်ျဘုရားဖူးလာရောက်ကြသူများအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရေး ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ပေးနိုင်ရေး၊ ကောင်မွန်သော ပြည်သူ့ကျန်းမာရေးစနစ်မျိုး ရရှိခံစားနိုင်ရေး ရည်ရွယ်ခြင်းဖြစ်သည်။

    Ref : IINA