News @ M-Media

Tag: 2016 Hajj

  • ဟဂ်ျပြုသူများအတွက် ဘက်စုံသုံး စမတ်ထီးကို ပါလက်စတိုင်းကုမ္ပဏီတစ်ခု တီထွင်

    ဟဂ်ျပြုသူများအတွက် ဘက်စုံသုံး စမတ်ထီးကို ပါလက်စတိုင်းကုမ္ပဏီတစ်ခု တီထွင်

    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media

    umbrella 3

    – ယခုနှစ် ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ ရောက်ရှိလာမည့် ဟဂ်ျဘုရားဖူးခရီးသည်များ အဆင်ပြေလွယ်ကူစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဘက်စုံသုံး ထီးတစ်ခုကို ဆော်ဒီ-ပါလက်စတိုင်း နည်းပညာကုမ္ပဏီက တီထွင်ခဲ့သည်။

    Knowledge-Base ကုမ္ပဏီဖြစ်ပြီး အဆိုပါ ထီးကို Kafya ဟု အမည်ပေးထားကာ ဓာတ်မီး၊ ပန်ကာနှင့် GPS စနစ်တို့ကို ထီးအရိုးတွင် တပ်ဆင်ထားသည်။ ထီးအရွက်ပေါ်ရှိ ဆိုလာဆဲလ်များက နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းပေးကာ ထီးတွင်တပ်ဆင်ထားသည့် ထိုစနစ်များအတွက် စွမ်းအင်ပေးမည်ဖြစ်သည်။

    ထို့ပြင် ဖုန်းများ၊ တက်ဘလက်များကို အားသွင်းနိုင်ရန်အတွက် USB အပေါက်များလည်း ထီးအရိုးတွင် ထည့်သွင်းထားသည်ဟု ထီထွင်သူ မာနဲလ် ဒန်ဒစ်က ပြောကြားခဲ့သည်။

    ဟဂ်ျကျင့်စဉ်တွင် မက္ကာဟ်နှင့် မဒီနာမြို့ရှိ ဒေသအများအပြားသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းမှုများ၊ ကျင့်စဉ်များကို ပြုလုပ်ရခြင်းကြောင့် အပူချိန်ပြင်းထန်သည့် ထိုဒေသတွင် ဘက်စုံသုံးနိုင်သည့် ယခုထီးက အလွန်အသုံးဝင်ဖွယ် ရှိနေသည်။

    ယခုနှစ်ဟဂ်ျရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိ ကျရောက်နေမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင် ၃ သန်းကျော် လာရောက်မည်ဟု ခန့်မှန်းထားသည်။

    umbrella 2

    umbrella

    Ref: citylab.com

  • ဟဂ်ျပြုသူများအား ကျန်းမာရေး အသိပညာပေးမှု ဆော်ဒီစတင်

    ဟဂ်ျပြုသူများအား ကျန်းမာရေး အသိပညာပေးမှု ဆော်ဒီစတင်

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    heal wareness

    – ယခုနှစ် ဟဂ်ျရာသီအတွင်း ဘုရားဖူးလာရောက်ကြသူများအား ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးရန်အတွက် ဆော်ဒီကျန်းမာရေးဝန်ကြီးဌာန MoH က ဖွဲ့စည်းပေးထားသည့် ရွေ့လျားအသိပညာပေး အဖွဲ့တစ်ခုမှာ ၎င်းတို့၏ လုပ်ငန်းများကို စတင်နေပြီဟု သိရသည်။

    နှစ်စဉ်ပြုလုပ်နေကြ ထိုအစီအစဉ်ကို မက္ကာဟ်၊ မဒီနာ၊ မီနာ၊ မွတ်ဇ်ဒါလီဖာ၊ အာရာဖတ်နှင့် ဂျမာရသ် စသည့် ဒေသများတွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ဟဂ်ျပြုသူများနေထိုင်ရာ စခန်းအထိ သွားရောက်၍ ကျန်းမာရေးအသိပညာများကို ပေးအပ်မည်ဖြစ်သည်။

    ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၀န်ကြီးဌာနအနေဖြင့် ဟဂ်ျပြုသူများအတွက် အမြင့်ဆုံးကျန်းမာရေး စောင့်ရှောက်မှုကိုပေးပြီး ၎င်းတို့၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များ၊ ကျန်းမာရေးဝန်ဆောင်မှုများ စသဖြင့် ဘက်ပေါင်းစုံ အသုံးပြုကာ ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

    ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုပါ ကျန်းမာရေးအသိပညာပေးလှုပ်ရှားမှုများကို Sanofi ဆေးဝါးကုမ္ပဏီနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

    “Together for a Healthy Pilgrimage” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါ ကျန်းမာရေး အသိပညာပေးအစီအစဉ်မှာ ဟဂ်ျကာလအတွင်း ဘုရားဖူးခရီးသည်များ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်၍ အသိပညာများကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    အသားဝါရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါတို့ အပါအ၀င် အဖြစ်များသော ရောဂါများအကြောင်း ဟောပြာခြင်း ရာသီအပြောင်းအလွဲကြောင့် ဖြစ်တတ်သည့် တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးများထိုးပေးခြင်း၊ ကျန်းမာရေး ဗဟုသုတ အမှားများအား ပြင်ဆင်ပေးခြင်တို့လည်း ထိုအစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။

    ထို့ပြင် ဟဂ်ျကာလအတွင်း ကျန်မာရေးနှင့်ပတ်သက်၍ ဘုရားဖူးများအား ဆဲလ်ဖုန်းများတွင် စာတိုများပေးပို့ကာ အသိပေးမည့် အစီအစဉ်ကိုလည်း ဆော်ဒီအစိုးရက ဆောင်ရွက်ထားပြီး၊ ဘာသာစကား ၁၀ မျိုးဖြင့် ရိုက်နှိပ်ထားသော ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဝေငှသွားမည်ဖြစ်သည်။ ထို့ပြင် ဘုရားဖူးခရီးသည်များ အလွယ်တကူ နားလည်သဘောပေါက်နိုင်ရန်အတွက် ရုပ်ပုံကားချပ်ဖြင့် ဖော်ပြထာသည့် အသိပညာပေး စာစောင်များလည်း ဝေငှရန် ရှိနေသည်။

    Ref : IINA

  • တရုတ်မွတ်စလင်တစ်ဦး စက်ဘီးဖြင့် မက္ကာဟ်ဟို့ ဟဂ်ျပြုရန်လာရောက်

    တရုတ်မွတ်စလင်တစ်ဦး စက်ဘီးဖြင့် မက္ကာဟ်ဟို့ ဟဂ်ျပြုရန်လာရောက်

    သြဂုတ် ၂၅၊ ၂၀၁၆
    M-Media

    cycle

    – အစ္စလာမ်ဘာသာဝင်တစ်ဦးအနေဖြင့် တစ်သက်တွင်တစ်ခါ ဖြည့်ဆည်းရမည့် ဘာသာရေးတာဝန်ကို ထမ်းဆောင်ရေးအတွက် တရုတ်မွတ်စလင်တစ်ဦးမှာ စက်ဘီးဖြင့် ကီလိုမီတာပေါင်း ၈၁၅၀ အကွာအဝေးရှိသည့် ခရီးကို ကျော်ဖြတ်ကာ ဆော်ဒီအာရေဗျသို့ ဟဂ်ျပြုရန် ရောက်ရှိလာခဲ့သည်။

    မိုဟာမက်ဟု အမည်ရသည့် အဆိုပါ မွတ်စလင်အမျိုးသားမှာ ၎င်း၏ဇာတိ ဇင်ကျန်းပြည်နယ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ၂ လတာ ကြာမြင့်ခဲ့ကာ တာအစ်ဖ်သို့ရောက်ရှိစဉ် ဒေသတွင်း စက်ဘီးစီးအသင်းက ကြိုဆိုကာ မက္ကာဟ်သို့ ဆက်လက် ခရီးဆက်ခဲ့ကြသည်။

    “ကျွန်တော်တို့ဟာ တရုတ်စက်ဘီးသမားကို ကြိုဆိုရတဲ့ ပထမဆုံး စက်ဘီးစီးအသင်း ဖြစ်ပါတယ်၊ သူ့ကို တခြားစက်ဘီးအသင်းတွေဆီ ခေါ်သွားဖို့လည်း ရည်ရွယ်ထားပြီး သူတို့အခြေစိုက်တဲ့ မြို့တွေကိုလည်း လိုက်ပို့ပေးမှာ ဖြစ်ပါတယ်” ဟု တာအစ်ဖ် စက်ဘီးစီးအသင်း၏ ဥက္ကဌဖြစ်သူ နာယက်ဖ် အလ်-ရာဝက်စ်က ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ သာသနာရေးဝန်ကြီးဌာန (SARA) က ယခုနှစ်တွင် တရုတ် မွတ်စလင် ၁၄၅၀၀ ခန့် ဟဂ်ျဘုရားဖူးခရီး သွားရောက်မည်ဟု ကြေငြာခဲ့သည်။ လက်ရှိတွင် စုစုပေါင်း တရုတ်လူမျိုး ဟဂ်ျဘုရားဖူးခရီးသည် ၁၁၀၀၀ ခန့်မှာ မက္ကာဟ်သို့ ရောက်နှင့်နေပြီးဖြစ်ကြောင်း စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

    ၂၀၀၇ ခုနှစ်ကလည်း ခြေချင်းညာဒေသမှ အသက် ၆၃ နှစ်အရွယ် မွတ်စလင်အမျိုးသားတစ်ဦးမှာ ကီလိုမီတာပေါင်း ၁၂၀၀၀ ခန့်ကို စက်ဘီးဖြင့်ဖြတ်ကာ မက္ကာဟ်သို့ လာရောက်ဟဂ်ျပြုခဲ့သည်။

    Ref : IINA

  • ဆော်ဒီက စရိတ်နည်းဟဂ်ျအစီအစဉ်တစ်ခုကို စီစဉ်ပေး

    ဆော်ဒီက စရိတ်နည်းဟဂ်ျအစီအစဉ်တစ်ခုကို စီစဉ်ပေး

    သြဂုတ် ၇၊ ၂၀၁၆
    M-Media

    hajj

    – ဆော်ဒီအစိုးရမှာ ယခုနှစ် ဟဂ်ျရာသီအတွင်း ဆော်ဒီနိုင်ငံသားများနှင့် နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း ၄၉၀၀၀ အတွက် စရိတ်နည်း ဟဂ်ျပြုခွင့် အစီအစဉ်တစ်ခုကို ဖန်တီးပေးခဲ့ပြီး ခရီးသွားကုမ္ပဏီများနှင့် အေဂျင်စီ ၇၆ ခုမှတစ်ဆင့် လျှောက်ထားနိုင်သည်ဟု သိရသည်။

    ဟဂ်ျနှင့် အွမ္မရာဟ်ဆိုင်ရာ ၀န်ကြီးဌာနက ယင်းအစီအစဉ်အတွက် လျှောက်လွှာများကို ကြာသာပတေးနေ့က ခေါ်ယူခဲ့သည်။ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကို အွန်လိုင်းဖြင့်လုပ်ဆောင်ရန် လိုအပ်ပြီး ယင်းကိစ္စဆောင်ရွက်ရန် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ပေးထားသည်ဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    အစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် လိုအပ်သောအချက်အလက်များ၊ လက်ကိုင်ဖုန်းနံပါတ်ကို ပေးပို့ရမည် ဖြစ်သည်။ ၀န်ကြီးဌာနကမူ ထိုအစီအစဉ်တွင် ၀န်ဆောင်မှုပေးရန် လျှောက်ထားသည့် ဟဂ်ျကုမ္ပဏီအရေအတွက်မှာ ၂၀၀ ကျော်ခဲ့ပြီး ထိုအထဲမှာ ၇၆ ခုကိုသာ ဇကာတင် ရွေးချယ်ခဲ့ကြာင်း၊ မကျေနပ်မှုများရှိပါက ၀န်ကြီးဌာန၏ ပြည့်သူ့ဆက်ဆံရေးဌာနနှင့် ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    ဟဂ်ျဘုရာဖူးရာသီအတွက် ဆော်ဒီအစိုးရမှာ ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီး မကြာသေးမီကလည်း မီနာဒေသတွင် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားသည့် လေအေးပေးစက်အသစ် ၈၅၀၀ ကို တပ်ဆင်ခဲ့သည်။

    Ref : IINA

  • အင်ဒိုတွင် လူတစ်ဦး ဟဂ်ျပြုခွင့်ရရန် ၃၇ နှစ် စောင့်ရမည်

    အင်ဒိုတွင် လူတစ်ဦး ဟဂ်ျပြုခွင့်ရရန် ၃၇ နှစ် စောင့်ရမည်

    ဇွန် ၂၅၊ ၂၀၁၆
    M-Media

    haj

    – အင်ဒိုနီးရှားနိုင်ငံက ဟဂ်ျဘုရားဖူးခရီးသွားဖို့ စောင့်ဆိုင်းနေရတဲ့စာရင်းမှာ လူပေါင်း ၂.၃ သန်းလောက်ရှိနေပြီး လူတစ်ယောက် ဟဂ်ျဘုရားဖူးခရီးသွားနိုင်ဖို့အတွက် ၃၇ နှစ်လောက် စောင့်ရဖို့ရှိနေတယ်လို့ အင်ဒိုနီးရှား ဟဂ်ျနဲ့ အွမ္မရာဆိုင်ရာ ဥက္ကဌ အက်စ်မိုရိုက ပြောကြားလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင် သန်း ၂၂၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ကမ္ဘာ့မွတ်စလင်အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်တာနဲ့အညီ ဟဂ်ျပြု လုပ်လိုတဲ့ ပမာဏ ကြီးမားမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အက်စမိုရိုကတော့ ဟဂ်ျပြုလိုသူတွေအနေနဲ့ အစိုးရရဲ့ ဟဂ်ျပြုခွင့်ရသူစာရင်းထဲမှာ ပါဝင်ဖို့ သူတို့ရဲ့ အမည်တွေကို စာရင်းသွင်းထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

    “ဟဂ်ျပြုခွင့်ရဖို့စောင့်ရတဲ့ ပျှမ်းမျှကြာချိန်ဟာ ၃၇ နှစ်လောက်ရှိပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းပြီး သိပ်စောင့်စရာမလိုတဲ့ အွမ္မရာကို လျှောက်ထားသူ ပိုများလာပါတယ်”

    အင်ဒိုနီးရှားမှာ ခရီးသွားအေဂျင်စီပေါင်း ၃၅၀၀ လောက်ရှိပေမယ့် အဲဒီအထဲကမှ ၆၆၈ ခုသာ အွမ္မရာခရီးစဉ် ၀န်ဆောင်မှုပေးဖို့အတွက် ခွင့်ပြုချက်ရထားတယ်လို့ အက်စ်မိုရိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဟဂ်ျခရီးစဉ်ဝန်ဆောင်မှုပေးဖို့ ဆော်ဒီ ဟဂ်ျနဲ့ အွမ္မရာဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ခရီးသွားအေဂျင်စီတွေကတော့ ၂၀၀ လောက်သာရှိပါတယ်။

    Ref: IINA