News @ M-Media

Tag: 2016 Ramadan

  • မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ မနက်ဖြန် စမည်

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ မနက်ဖြန် စမည်

    ဇွန် ၆၊ ၂၀၁၆
    M-Media

    ramadan 4

    – နက္ခတဗေဒဆိုင်ရာ ကြည့်ရှုတွက်ချက်မှုတွေအရ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လဟာ ဇွန်လ ၇ ရက်နေ့ (မနက်ဖြန်) မှာ စတင်မယ်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ယနေ့ညနေမှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

    ဒါ့ကြောင့် မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ မနက်ဖြန်မှာ ဥပုသ်သီလ စတင်ဆောက်တည်ရမှာဖြစ်ပါတယ်။ တစ်လတိတိကြာမြင့်မယ့် အဲဒီရမ်ဇာန်ဥပုသ်လဟာ အီဒွလ်ဖိသစ်ရ် ၀ါကျွတ်အီးဒ်ပွဲတော်နဲ့ အဆုံးသတ်မှာပါ။

    ဥပုသ်လအတွင်း သာရာဝီအထူးဝတ်ပြုမှုကိုတော့ ယနေ့ည ပုံမှန် အေရှာဝတ်ပြုမှု (ညဥ့်ဦးယံဝတ်ပြုမှု) အပြီး ဗလီဝတ်ကျောင်းတော်တွေမှာ စတင်မှာဖြစ်ပါတယ်။

     

  • အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ ဇွန် ၆ ရက်နေ့ စတင်မည်

    အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ ဇွန် ၆ ရက်နေ့ စတင်မည်

    ဇွန် ၅၊ ၂၀၁၆
    M-Media

    ra

    – အရှေ့တောင်အာရှ နိုင်ငံတစ်ချို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လဟာ ဇွန်လ ၆ ရက် (တနင်္လာနေ့) မှာ စတင်မယ်လို့ သိရပါတယ်။

    အစ္စလာမ့်ပြက္ခဒိန်စနစ်ဟာ လကို အခြေပြုတွက်ချက်တာဖြစ်ပြီး ပြီးခဲ့ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ ဘရူနိုင်း အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က သာသာနာရေးဆိုင်ရာ ၀န်ကြီးတွေရဲ့ တွေ့ဆုံမှုမှာ နက္ခတဗေဒတွက်ချက်မှုတွေအရ ဇွန်လ ၆ ရက်နေ့ဟာ အစ္စလာမ့်ပြက္ခဒိန်ရဲ့ န၀မမြောက်လဖြစ်တဲ့ ရမ်ဇာန်လရဲ့ လဆန်း ၁ ရက်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြကာ၊ အဲဒီနိုင်ငံတွေက အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့တွေကလည်း ပြည်သူတွေကို အသိပေးကြေငြာချက်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။

    သြစတေးလျနိုင်ငံက မွဖ်သီချုပ်ကလည်း ဇွန်လ ၆ ရက်နေ့ဟာ ရမ်ဇာန်ဥပုသ်လရဲ့ လဆန်း ၁ ရက်နေ့ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

    ဆော်ဒီအပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အာဖရိက နိုင်ငံတွေကတော့ ရမ်ဇာန်လ လဆန်း ၁ ရက်နေ့ကို ဇွန်လ ၅ ရက်နေ့ညမှာ ဆုံးဖြတ်မှာဖြစ်ပြီး ဇွန်လ ၆ ရက်နေ့မှာ စတင်ဖို့ ရှိနေပါတယ်။ အမေရိကနဲ့ ဥရောပ နိုင်ငံတွေမှာလည်း ဇွန်လ ၆ ရက်နေ့မှာ ရမ်ဇာန်ဥပုသ်လ စတင်မှာဖြစ်ပါတယ်။

    မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာတော့ ရမ်ဇာန်ဥပုသ်လဟာ ဇွန်လ ၇ ရက် (အင်္ဂါနေ့) မှာ စတင်ကျရောက်မယ်လို့ တွက်ချက်ထားပါတယ်။

  • မွတ်စ်လင်မ်တို့၏ဥပုသ်လ (ရမဿွာန်လ) မှ သိမှတ်စရာအချို့

    မွတ်စ်လင်မ်တို့၏ဥပုသ်လ (ရမဿွာန်လ) မှ သိမှတ်စရာအချို့

    ဇွန် ၅၊ ၂၀၁၆

    M-Media

    ရမဿွာန်သည် မွတ်စ်လင်မ်အမြောက်အများ ဥပုသ်သီလဆောက်တည်ကြသော လတစ်လဖြစ်သည်။ အစ္စလာမ့်သမိုင်းအရ တမန်တော်မုဟမ္မဒ်ထံ ဤလအတွင်း ပထမဆုံး ကုရ်အာန်ဗျာဒိတ်တော် ကျရောက်လာခဲ့သည်။

    ရမဿွာန် လ၏နေ့ရက်များ

    စန္ဒမာသ(လ လမ်းကြောင်းအခြေပြု)ပြက္ခဒိန်သည် သူရိယမာသ(နေလမ်းကြောင်းအခြေပြု)ပြက္ခဒိန်နှင့် မကိုက်ညီသောကြောင့် နှစ်စဉ် ရမဿွာန်လ၏ နေ့ရက်များသည် ၁၁ ရက်ဝန်းကျင်ခန့် အရွေ့အပြောင်း ရှိသည်။ ၂၀၁၆ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု၏ ရမဿွာန်လမှာ ဇွန်လ ၆ ရက် တနင်္လာနေ့၌ စတင်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ရက်အတိအကျကို လမြင်တွေ့ခြင်းအပေါ်၌ သတ်မှတ်လေ့ရှိသည်။

    ၎င်းစတင်ရက်မှ ၂၉ သို့မဟုတ် ၃၀ ရက်မြောက်တွင် ရမဿွာန်လ အဆုံးသတ်ပြီး အီးဒုလ်ဖစ်သွိရ် အထိမ်းအမှတ်နေ့ကို ကျင်းပကြသည်။ ထိုနေ့နံနက် ၀တ်ပြုမှုပြီးလျှင် မိသားစုနှင့် မိတ်ဆွေများအကြား ကျွေးမွေးခြင်းနှင့် အထိမ်းအမှတ်ပွဲများ ပြုလုပ်ကြသည်။

    အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ဥပုသ်လတစ်လလုံး အခမဲ့ကျွေးမွေးသည့် စေတနာ့ဒါန၀ါဖြေစားပွဲဝိုင်းများ၌ အိဖ်သာရ် (၀ါဖြေ၀ါလွှတ်)အစားအသောက်များ စားသုံးနေကြသူများ

    ရမဿွာန်၏သမိုင်း

    အစ္စလာမ့်ပြက္ခဒိန်၏ န၀မမြောက်လမှာ ရမဿွာန် ဖြစ်သည်။ အရဗီဝေါဟာရ ရမဿွာန်သည် လောင်မြိုက်ခြင်း ဟု အဓိပ္ပာယ်ရသည်။ အေဒီ ၆၁၀ ခုနှစ်တွင် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်ပါစေ)ထံ ကုရ်အာန်ကျမ်းမြတ်ထုတ်ပြန်ပို့ချခံရပြီးနောက် မွတ်စ်လင်မ်များအတွက် ဤရမဿွာန်လမြတ်အား စတင်သတ်မှတ်ခဲ့သည်။ ကုရ်အာန်ကျရောက်လာသည့် ၎င်းညဥ့်ကို လိုင်းလသုလ်ကဒရ်(သြဇာတည်သောညဥ့်) ဟု ခေါ်ဆိုသည်။

    ရမဿွာန်လ၏ပြဋ္ဌာန်းချက်ကို ကုရ်အာန်ကျမ်း၊ စူရဟ်(ကဏ္ဍ) ၂၊ အာယဟ်(ပါဒစဉ်) ၁၈၅ ၌ တွေ့ကြရသည်။

    “ရမဿွာန်လ ပင်တည်း။ ထိုလ၌ ကုရ်အာန်(ကျမ်းတော်) ထုတ်ပြန်ပို့ချခံရသည်။ ယင်းကျမ်းမြတ်သည် လူသားခပ်သိမ်းအတွက် တရားဓမ္မအဖြစ်လည်းကောင်း၊ တရားလမ်းမှန်နှင့်မှတ်ကျောက်အလို့ငှာ ထင်ရှားလှစွာသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာခြင်း)ဖြစ်သည်။ သို့ဖြစ်ရာ (ထို)လမြတ်နှင့်ကြုံကြိုက်ပါလျှင် (တစ်လတာလုံး) ဥပုသ်သီတင်းဆောက်တည်ရမည်။ သို့ရာတွင် (ရောဂါဝေဒနာကြောင့်) မကျန်းမာသော် သို့တည်းမဟုတ် လမ်းခရီး၌ရှိနေခဲ့သော် ထိုသူသည် အခြားသောနေ့ရက်များတွင် (ပျက်ကွက်ရက်နှင့်)ညီမျှစွာ (ပြန်လည်ဖြည့်စွက်)ဆောက်တည်ရန် တာဝန်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ လွယ်ကူသက်သာမှုကိုလိုလားတော်မူပြီး၊ အသင်တို့အဖို့ ခက်ခဲမှုကို လိုလားတော်မူသည်မဟုတ်ချေ။ ထို့ပြင် အသင်တို့သည် (ပျက်ကွက်သောနေ့ရက်) အရေအတွက်ကို ပြည့်စုံပြုရန်၊ ထိုအရှင်မြတ် ညွှန်ပြတော်မူသောနည်းလမ်းအတိုင်း အလ္လာဟ်အရှင်မြတ် ကြီးကျယ်မြင့်မြတ်တော်မူကြောင်း ရွတ်ဆိုသတိရကြရန် (လိုလားတော်မူသည်)။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတရား သိတတ်ကောင်းပေမည်”။

    ဥပုသ်ဆောက်တည်ခြင်း၏ နေ့စဉ်လိုအပ်ချက်များ

    မွတ်စ်လင်မ်များသည် ရမဿွာန်တစ်လတာလုံး နံနက်အရုဏ်ချိန်မှ နေ၀င်ချိန်အထိ အစာရေစာ မစားသောက်ဘဲ ဥပုသ်ဆောက်တည်ကြ၏။ နေမထွက်မီအချိန်တွင် စုဟူးရ် (ခေါ်) အရုဏ်မတိုင်မီနံနက်စာကို စားသောက်ကြ၏။ နေ၀င်ချိန်တွင် မိသားစုများနှင့် မိတ်ဆွေများ စုပေါင်း၍ အိဖ်သာရ်(ခေါ်) ၀ါလွှတ်စာကို စားသောက်ကြ၏။ တမန်တော်၏ဓလေ့အဖြစ် ယုံကြည်မှုအတိုင်း စွန်ပလွံသီးဖြင့် ၀ါဖြေကြသည့် မွတ်စ်လင်မ်များစွာ ရှိသည်။

    ဥပုသ်သည်များ ၀ါဖြေစားသောက်နိုင်ရန် ပြင်ဆင်ပေးနေကြသည့် ပါကစ္စတန်နိုင်ငံသားလုပ်အားပေးများ

    ဤဥပုသ်သီလဆောက်တည်ခြင်းကို ဆွောင်မ် ဟုခေါ်ဆိုပြီး အစ္စလာမ့်မဏ္ဍိုင်ငါးရပ်အနက် အပါအ၀င်တစ်ခု ဖြစ်သည်။ ဥပုသ်ဆောက်တည်သူတိုင်းက (ဥပုသ်စောင့်ထိန်းနေစဉ်) စားခြင်း၊ သောက်ခြင်း၊ ဆေးလိပ်နှင့် လိင်ဆက်ဆံမှုတို့ကို ရှောင်ကြဉ်ကြရသည်။

    မိမိတို့၏ မြို့/ဒေသဆိုင်ရာ ရမဿွာန်ဥပုသ်ချိန်များကို IslamCity ၀က်ဘ်ဆိုက်တွင် သက်ဆိုင်ရာ မြို့အမည် သို့မဟုတ် သတ်မှတ်ကုဒ်နံပါတ်များ ထည့်သွင်း၍ ရှာဖွေနိုင်ပါသည်။ ထိုအချိန်များအပြင် ၀တ်ပြုချိန်များ၊ နေ၀င်ချိန်နှင့်နေထွက်ချိန်များကိုပါ ရရှိနိုင်သည်။

    အလှူဒါနဆိုင်ရာ မျှော်လင့်ချက်များ

    လှူဒါန်းပေးကမ်းခြင်းသည် ရမဿွာန်လ၏ အရေးကြီးသောအစိပ်အပိုင်းတစ်ရပ်ဖြစ်၏။ ဥပုသ်ဆောက်တည်ခြင်းအမှုသည် ကိုယ်ကျိုးစွန့်ခြင်းကိုလည်းကောင်း၊ ဆာလောင်သောအလေ့အထဖြင့် ငတ်မွတ်သူများအပေါ် ပိုပြီး မျှဝေခံစားတတ်လာရန်ကိုလည်းကောင်း အလေးထားစေသည်။ ရမဿွာန်ကာလအတွင်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများသည် ဆင်းရဲနွမ်းပါးသူတို့အတွက် ငွေပင်ငွေရင်း မတည်ပေးခြင်း၊ အ၀တ်အထည်နှင့် အစားအသောက်များကို လှူဒါန်းခြင်း ပြုလုပ်ကြလေ့ရှိပြီး အခက်အခဲရှိသူများအတွက် ၀ါဖြေညစာများကို စီစဉ်ပေးကြပေသည်။

    ရမဿွာန်လ၌ မွတ်စ်လင်မ်နှင့်ကုရ်အာန် နီးကပ်မှုများ

    ရမဿွာန်လအတွင်း များစွာသောမွတ်စ်လင်မ်တို့သည် ကုရ်အာန်ကျမ်းမြတ် တစ်စောင်လုံးကိုလည်းကောင်း၊ နေ့စဉ်ဖတ်ရွတ်သရဇ္ဈာယ်နိုင်ရန်လည်းကောင်း ကြိုးစားလေ့ရှိသည်။ ကုရ်အာန်ကို အပိုင်းအခြားအလိုက် နေ့စဉ်ဖတ်ရွတ်သွားပြီး ရမဿွာန်လအကုန် အီးဒုလ်ဖစ်သွိရ်နေ့တွင် အဆုံးသတ်ကြသော အသိုင်းအ၀ိုင်းလည်း အများအပြားရှိပါသည်။

    မွတ်စ်လင်မ် မဟုတ်သူများလည်း ပါဝင်နိုင်သလော ?

    ရမဿွာန်လ၏အစီအစဉ်မှန်သမျှ၌ မွတ်စ်လင်မ်မဟုတ်သူများလည်း လွတ်လပ်စွာ ပါဝင်နိုင်သည်။ မွတ်စ်လင်မ်မဟုတ်သူများစွာတို့သည် သူတို့၏မွတ်စ်လင်မ်မိတ်ဆွေများ၊ မိသားစုဝင်များနှင့် အတူတစ်ကွ ဥပုသ်စောင့်ထိန်းကြသည့်အပြင် ၀တ်ပြုမှုများ၌ပါ ပါဝင်တတ်ကြ၏။ ၀ါဖြေညစာစားပွဲများ၊ ၀တ်ပြုမှုများ တက်ရောက်ပါဝင်ဖို့လည်း မွတ်စ်လင်မ်မဟုတ်သူများကို မကြာခဏ ဖိတ်ကြားလေ့ရှိနေပေသည်။

    တူရကီရိုးရာ ၀ါဖြေညစာစားပွဲတစ်ခုတွင် တွေ့ကြရသော ဘာသာပေါင်းစုံ ဧည့်သည်တော်များ

    ရမဿွာန် ဥပုသ်သီလဆောက်တည်ထားသူတို့ကို ဂုဏ်ပေးလေးစားသောအားဖြင့် ရမဿွာန်မုဘာရပ်(မင်္ဂလာရှိသော ရမဿွာန်ဖြစ်ပါစေ)ဟုလည်းကောင်း၊ ရမဿွာန်ကရီးမ်(မြင့်မြတ်သော ရမဿွာန်ဖြစ်ပါစေ) ဟုလည်းကောင်း နှုတ်ခွန်းဆက်သလေ့ရှိကြောင်း တွေ့ကြရပေမည်။

    ဆီးချို/သွေးချိုဝေဒနာရှင်မွတ်စ်လင်မ်များ ဥပုသ်ဆောက်တည်သင့်သလော ?

    အမေရိကန် ဆီးချို/သွေးချိုရောဂါအဖွဲ့အစည်းက ဆီးချို/သွေးချိုဝေဒနာရှင်များ ရမဿွာန်လအတွင်း ဥပုသ်သီလစောင့်ထိန်းခြင်းကို အားမပေးကြပါ။

    “အစ္စလာမ်နိုင်ငံ ၁၃ ခုထဲက ရမဿွာန်လအတွင်း ဥပုသ်စောင့်တဲ့ ဆီးချို/သွေးချိုဝေဒနာရှင် ၁၂၂၄၃ ဦးအပေါ် အကျယ်တ၀င့် လေ့လာချက်များအရ ရောဂါပျောက်ကင်းအောင်ကုသဖို့ ပိုမိုခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်လာကြောင်း ပြသနေပါတယ်”။

    သို့သော်လည်း ယင်းလေ့လာမှုက အဆုံးသတ်အဖြေ မထွက်သေးကြောင်း ဆိုထားသည်။ ဥပုသ်စောင့်ကြသည့် ဆီးချို/သွေးချို ဝေဒနာသည်များစွာတို့မှာ အဆိုပါလက္ခဏာမျိုး မပြသခဲ့ပေ။ မည်သို့ဆိုစေ ဝေဒနာသည်များအဖို့ ဥပုသ်စောင့်လိုပါက မိမိတို့၏ဆရာဝန်များနှင့် တိုင်ပင်စီမံသင့်ပေသည်။

    ရမဿွာန်၏ ပန်းတိုင်

    ရမဿွာန်လအတွင်းကျင့်ကြံမှုများသည် ယေဘူယျအားဖြင့် အစ္စလာမ်နှင့်ဆန့်ကျင်နေသော အတွေးအမြင်နှင့် လုပ်ရပ်များမှ မိမိ၏စိတ်ရိုင်းကို သန့်စင်စေကြောင်း ဖွင့်ဆိုဖော်ပြကြသည်။ လောကီဆန္ဒများကို ဖယ်ရှားလိုက်ခြင်းဖြင့် သာသနာ့ကျင့်ဝတ်နှင့် တာဝန်များအပေါ် အပြည့်အ၀ အာရုံစူးစိုက်လာနိုင်သည်။ မွတ်စ်လင်မ်များစွာတို့သည် ဥပုသ်ဆောက်တည်ခြင်း၏ ရုပ်ပိုင်းဆိုင်ရာဓလေ့အစဉ်အလာများထက် မသန့်စင်သော အတွေးအမြင်နှင့် စိတ်ရိုင်းများကို အရောင်ချွတ်ဆေးကြောသန့်စင်ခြင်း၌ ပို၍ အားထုတ်လေ့ရှိသည်။

    မွတ်စ်လင်မ်မှန်သမျှ ရမဿွာန်ဥပုသ်ကို ဆောက်တည်ကြပါသလား ?

    ရမဿွာန်လ၏ ဥပုသ်ဆောက်တည်ခြင်းမှာ မပြုမနေရတာဝန်တစ်ရပ်ဖြစ်ကြောင်း မွတ်စ်လင်မ်အများစု ယုံကြည်ထားကြသည်။ သို့သော် အချို့လူများအတွက်တော့ ခြွင်းချက်ဖြစ်သည်။ ၎င်းတို့မှာ ပဋိသန္ဓေလွယ်ထားသူ၊ နို့တိုက်ကျွေးနေရသော မိခင်များ၊ ရောဂါပြင်းထန်သည့် ဝေဒနာသည်များ၊ ခရီးသည်များ၊ ဥပုသ်စောင့်ခြင်းကြောင့် ရောဂါဆိုးဝါးလာနိုင်သူများဖြစ်ကြ၏။ အရွယ်မရောက်သေးသော ကလေးသူငယ်တို့မှာလည်း ရမဿွာန်လအတွင်း ဥပုသ်ဆောက်တည်ရန် တာဝန်မရှိကြပေ။

     

    (The Huffington Post မှ ဘာသာရေးကဏ္ဍအယ်ဒီတာများ ရေးသားသော A Quick Lesson About Ramadan, The Muslim Month Of Fasting ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)