News @ M-Media
Tag: Al-Azhar
  • ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ပြင်းပြင်းထန်ထန် ရှုတ်ချ
    မေ ၈ ၊ ၂၀၁၄
    M-Media
    ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သည့် ဘိုကိုဟရမ်၏ လုပ်ရပ်အား အလ်-အဇ်ဟာရ် တက္ကသိုလ်နှင့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များက ပြင်းပြင်းထန်ထန် ရှုတ်ချ
    Muslims Vent Anger over Nigeria Abductions
    – နိုက်ဂျီးရီးယား စစ်သွေးကြအဖွဲ့ ဘိုကိုဟရမ်က ကျောင်းသူ ၂၀၀ ကျော်အား ပြန်ပေးဆွဲမှုကို အစ္စလာမ်ကမ္ဘာ၏ အမြင့်ဆုံး အစ္စလာမ် ဓမ္မတက္ကသိုလ် အလ်-အဇ်ဟာရ်က ရှုတ်ချလိုက်ပြီး၊ ထိုမိန်းကလေးများအား ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
    “ဒီလုပ်ရပ်ဟာ အစ္စလာမ်ရဲ့ မွန်မြတ်တဲ့ သွန်သင်မှုတွေနဲ့ ဘယ်လိုမှကို ဆက်နွယ်မှု မရှိပါဘူး။ ဒီမိန်းကလေးတွေကို ချက်ခြင်းလွှတ်ပေးဖို့ အလ်-အဇ်ဟာရ်က တောင်းဆိုပါတယ်” ဟု AFP သတင်း ဌာနက မေလ ၆ ရက်နေ့တွင် ဖော်ပြခဲ့သော အလ်-အဇ်ဟာရ်၏ ကြေညာချက်တွင် ရေးသားထားသည်။
    နိုက်ဂျီးရီးယားမြောက်ပိုင်း ဘိုနိုပြည်နယ် ချီဘွတ်မြို့ရှိ စာသင်ကျောင်း တစ်ခုမှ ကျောင်းသူ ၂၃၄ ဦးအား အစွန်းရောက် စစ်သွေးကြွအဖွဲ့မှ ဧပြီလ ၁၄ ရက်နေ့တွင် ဖမ်းဆီးပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။
    ထိုကဲ့သို ပြန်ပေးဆွဲခဲ့ခြင်းအား နိုက်ဂျီးရီးယား အာဏာပိုင်များနှင့် ဘာသာရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ကြသည်။ အမေရိကန်နှင့် ယူကေတို့မှ မွတ်စလင်များကလည်း ဒေါသထွက်ခဲ့ကြပြီး၊ ထိုလုပ်ရပ်မှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဟု ပြောဆိုခဲ့ကြသည်။
    “ဘိုကိုဟရမ်လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းကလုပ်တဲ့ ရွံစရာကောင်းပြီး အစ္စလာမ်နဲ့ ဘာမှမဆိုင်တဲ့ ဒီလုပ်ရပ်ကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ နိုက်ဂျီးရီးယားကျောင်းသူ ၂၀၀ ကိုပြန်ပေးဆွဲပြီး၊ ရောင်းစားမယ်လို့ ခြိမ်းခြောက်တာမျိုးကို အစ္စလာမ်ရဲ့ ထုံးတမ်းစဉ်လာတွေက ခွင့်ပြု မထားပါဘူး။ ပျောက်နေတဲ့ ကျောင်းသူလေးတွေကိုရှာပြီး၊ သူတို့ကို ဖမ်းဆီးတဲ့သူတွေကို တရား ဥပဒေရှေ့မှောက်ရောက်လာအောင် လုပ်ဖို့ နိုင်ဂျီးရီးယားအစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အမေရိကန်မွတ်စလင်များ၏ သက်တမ်း အရင့်ဆုံး အကူအညီပေးရေးအဖွဲ့ မြောက်အမေရိက အစ္စလာမ်အသင်း ISNA က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
    ထို့ပြင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအသင်း CAIR၊ လန်ဒန်မွတ်စလင်အသင်းနှင့် အခြားသော အစ္စလာမ်အသင်းအဖွဲ့များကလည်း ဘိုကိုဟရမ်၏ အဆိုပါလုပ်ရပ်အား ရှုတ်ချကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ကြသည်။
    OnIslam & News Agencies
  • ကမ္ဘာ့ဖလားဖွင့်ပွဲ မိန့်ခွန်းပြောရန် အလ်အဇ်ဟာ အစ္စလာမ့် တက္ကသိုလ်မှ ဆရာတော်ကြီးအား ဘရာဇီးဖိတ်ကြား
    ဧပြီ ၁၈ ၊ ၂၀၁၄
    M-Media
    – ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားပေးရန် အလ်-အဇ်ဟာရ် အစ္စလာမ့် ဓမ္မတက္ကသိုလ်မှ အကြီးဆုံး ရှေ့ဆောင် ဆရာတော်ကြီး ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်အား ဘရာဇီးနိုင်ငံက ဖိတ်ကြားခဲ့သည်ဟု သိရသည်။
    Ahmed El-Tayeb
    “အကြမ်းဖက်ဝါဒ သိသိသာသာ တိုးလာနေတဲ့အချိန် အစ္စလာမ်ရဲ့ သမာသမတ်ကျတဲ့ အရှိတရားတွေကို ဖော်ဆောင် တည်ဆောက်တဲ့နေရာမှာ အလ်-အဇ်ဟာရ် တက္ကသိုလ်ရဲ့ ထင်ရှားတဲ့ အခန်းကဏ္ဍကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတယ်ဆိုတာ အခုလို ဖိတ်ကြားခြင်းက ကိုယ်စားပြုပါတယ်” ဟု ကိုင်ရိုရှိ ဘရာဇီး သံအမတ် မာကို ဘရန်ဒါအိုက အီဂျစ်ထုတ်နေ့စဉ် သတင်းစာ al-Shorouk သို့ပြောကြားခဲ့သည်။
    ဆရာတော် အလ်-တိုင်ယစ်ဘ်နှင့် အင်္ဂါနေ့ကတွေ့ဆုံစဉ် အတွင်း အလ်-အဇ်ဟာ တက္ကသိုလ်မှာ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု တန်ဖိုးများ ပျံ့နှံ့စေခြင်း၊ တည်ငြိမ်အေးချမ်းမှုအား ထောက်ပံ့ခြင်းနှင့် အကြမ်းဖက် ၀ါဒအား ရှုံချခြင်းတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်နေသည်ဟု ဘရန်ဒါအိုက ထည့်သွင်းပြောကြားခဲ့သည်။
    ဆရာတော် တိုင်ယစ်ဘ်ကလည်း အလ်-အဇ်ဟာရ် တက္ကသိုလ်မှာ သည်းခံခြင်း တရားထားရှိခြင်းနှင့်  မတူညီမှုများအား လက်ခံခြင်းကဲ့သို့ သာသာသာသနာ၏ တန်ဖိုးများကို မြဲမြံစွာ ဆုပ်ကိုင်ထားရန် တိုက်တွန်းသည့် အစ္စလာမ်၏ တရားစစ် တရားမှန်များကို အသေးစိတ်ချပြနေသော ပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း တွေ့ဆုံပွဲပြီးနောက်  ပြောကြားခဲ့သည်ဟု အီဂျစ် သတင်းအချက်အလက် ထုတ်ပြန်ရေးဌာနက ဖော်ပြခဲ့သည်။
    ထို့ပြင် ဘရာဇီးရှိ မွတ်စလင်များ အနေဖြင့် ဘရာဇီးလူ့အဖွဲ့အစည်းအတွင်း အပြုသဘောဆောင်သည့် ပေါင်းစည်းမှုများဖြစ်လာရန် အလို့ငှာ အစ္စလာမ်၏ တန်ဖိုးများကို ထိန်းသိမ်းလျက် နိုင်ငံအတွင်းရှိ လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လည်း ဆရာတော်က တိုက်တွန်းခဲ့သည်။
    ဘရန်ဒါအိုကလည်း ဘရာဇီးရှိ မွတ်စလင်များမှာ ဘရာဇီးလူ့အဖွဲ့အစည်း အတွင်း တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ဆောင်ရွက်နေပြီး နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့် အဖွဲ့အစည်းများ အများအပြားရှိကြောင်း ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ဖိတ်ကြားမှုကို ဆရာတော်၏ အကြံပေးဖြစ်သူ မိုဟာမက် မီဟန်နာကလည်း ချီးကျူးပြောဆိုခဲ့ပြီး  သမာသမတ်ကြသည့် အစ္စလာမ့် သဘောတရားများကို အလ်-အဇ်ဟာရ်မှ ဖော်ပြမှုကို တစ်ကမ္ဘာ့လုံးက အလေးထားကြောင်း၊ အစ္စလာမ်ကလည်း ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုအတွက် အားကစား လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။
    “သန်းပေါင်းများစွာသောပြည်သူတွေက ဒီ(ကမ္ဘာ့ဖလား)ပွဲကို စောင့်ကြည့်ကြမှာပါ။ ပြီးတော့ ဆရာတော်ကြီးရဲ့ မိန့်ခွန်းကနေ သူတို့တွေဟာ အစ္စလာမ်နဲ့ ပတ်သက်ပြီး ပိုသိလာပါလိမ့်မယ်” ဟု မီဟန်နာက ဆိုသည်။
    အလ်-အဇ်ဟာရ် တက္ကသိုလ်မှာ အစ္စလာမ်ကမ္ဘာတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး အစ္စလာမ့်ဓမ္မ တက္ကသိုလ်ဖြစ်ပြီး ထိုတက္ကသိုလ်မှ အကြီးဆုံး ရှေ့ဆောင် ဆရာတော် ရှိခ်အဟ်မဒ် အဲလ်-တိုင်ယစ်ဘ်မှာလည်း အစ္စလာမ် ဘာသာရေးဆိုင်ရာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
    ၂၀၀၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အရ ဘရာဇီးနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် ဦးရေမှာ ၂၇၂၃၉ ဦးရှိသည်ဟု သိရသည်။ သို့သော်လည်း ဘရာဇီးအစ္စလာမ်အသင်းကမူ ဘရာဇီးရှိ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၁ သန်းခွဲ ၀န်းကျင်ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
    ယခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ ဇူလိုင် ၁၃ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို မြို့ ၁၂ မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဆာပေါ်လိုမြို့တွင် ပြုလုပ်မည်ဖြစ်သည်။
    OnIslam & News Agencies
  • မွတ်စလင်မ်နိုင်ငံများမှ မြန်မာနိုင်ငံအား စီးပွားရေးအရ သပိတ်မှောက်ရန် ကမ္ဘာကျော် အလ်အဇ်ဟရ်တက္ကသိုလ် အကြီးအကဲပြော
    ဇွန်-၁၆၊၂၀၁၃
    M-Media
    ကိုင်ရို ၊ အီဂျစ်။       ။ IINA ၏ တင်ပြချက်များအရ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအပေါ် ထပ်မံကျူးလွန်သည့်ပြစ်မှုများကို ကာကွယ် တားဆီးရန်အတွက် လက်တွေ့ကျသော အဆင့်များ စတင်ပြုလုပ်သင့်ပြီဟု အလ်အဇ်ဟရ် တက္ကသိုလ် အကြီးအမှူးက ပြောဆိုလိုက်သည်။
    Ahmed Al-Tayyeb
    အလ်အဇ်ဟရ် အကြီးအမှူး ရှိုင်းခ် အဟ်မဒ် အလ်သွိုင်ယစ်ဗ် နှင့် အီဂျစ်သမ္မတ မော်စီ
    မြန်မာအစိုးရ၏ အုပ်ချုပ်ပုံအပေါ် ဖိအားပေးရမည့် တစ်ခုတည်းသော နည်းလမ်းမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ဤသည်နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝှန်းမှ မွတ်စ်လင်မ်ပညာရှင်များ ညီညွတ်သွေးစည်းရန် လိုအပ်ကြောင်း၊ မွတ်စ်လင်မ်လူ့ဘောင်အဖွဲ့အစည်း၏ လွတ်မြောက်မှုမှာ ညီညွတ်မှု အရှိန်မြှင့်တင်ခြင်း နှင့် သဘောကွဲလွဲနေမှုများမှ ရှောင်ကြဉ်ခြင်း၌ တည်မှီနေကြောင်း အလေးအနက်ထား ပြောဆိုခဲ့သည်။
    အလ်သွိုင်ယစ်ဗ်ကိုယ်တိုင်လည်း  မြန်မာမွတ်စ်လင်မ်တို့၏အနေအထားကို လေ့လာအကဲဖြတ်ရန် မြန်မာနိုင်ငံသို့ များမကြာမီလာရောက်ဖို့ပြင်ဆင်ထားကြောင်း သတင်းများအရ သိရသည်။
    Ref:Ahlul Bayt News Agency