News @ M-Media

Tag: Anti Muslim in Myanmar

  • အမုန်းစကားနှင့် အကြမ်းဖက်ရန်လှုံ့ဆော်မှုကြောင့် ဗုဒ္ဒစ်ဘင်လာဒင်၏အကောင့်ကို ပိတ်ပစ်ခဲ့ဟု Facebook အတည်ပြု

    အမုန်းစကားနှင့် အကြမ်းဖက်ရန်လှုံ့ဆော်မှုကြောင့် ဗုဒ္ဒစ်ဘင်လာဒင်၏အကောင့်ကို ပိတ်ပစ်ခဲ့ဟု Facebook အတည်ပြု

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
    M-Media

    – ‘မွတ်စလင်တွေအပေါ် မုန်းတီးအောင် လှုံ့ဆော်တဲ့ပို့စ်တွေ’ တင်တဲ့အတွက့်  ဗုဒ္ဒစ်ဘင်လာဒင်လို့ အမည်ရတဲ့ ဦးဝီရသူရဲ့ အကောင့်ကို ဖယ်ရှားလိုက်တယ်လို့ Facebook က အတည်ပြု ပြောကြားလိုက်ပါတယ်။

    အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်တဲ့ ဦးဝီရသူရဲ့ Facbook စာမျက်နှာမှာ follower သိန်းချီရှိနေပြီး သူက မွတ်စလင်တွေကို တိုက်ခိုက်ဖို့၊ ရိုဟင်ဂျာတွေကို ဝေဖန်ဖို့ အသုံးပြုနေတာ ဖြစ်ပါတယ်။

    Facebook တာဝန်ရှိသူတစ်ဦးက ဦးဝီရသူရဲ့ စာမျက်နှာကို ဖယ်ရှားခဲ့တယ်ဆိုတာ မနေ့က AFP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ Community Standards စံနှုန်းအရ အခြားသူတွေအပေါ် မလိုမုန်းထားဖို့၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေ၊ လူတွေကို လက်မခံပါဘူး။ မုန်းတီးအောင် လှုံ့ဆော်တဲ့အရာတွေကို လူတစ်ယောက်က အဆက်မပြတ် တင်လာပြီဆိုရင် သူတို့ ပို့စ်တင်လို့မရအောင် ယာယီပိတ်ပစ်တာမျိုးကနေ သူတို့ရဲ့ အကောင့်ကို ဖယ်ရှားတာမျိုးအထိ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်ပါတယ်” လို့ အီမေးလ်ကနေတစ်ဆင့် Facebook ပြောရေးဆိုခွင့်က ပြောကြားခဲ့တာပါ။

    ဦးဝီရသူရဲ့ Facebook စာမျက်နှာက ဇန်န၀ါရီ နှောင်းပိုင်းကတည်းက ဖယ်ရှားခံရတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း ရက် ၃၀ ယာယီပိတ်ခံရတဲ့အချိန်မှာ ဦးဝီရသူက ‘Facebook ကို မွတ်စလင်တွေ အပိုင်စီးပွားပြီ’ လို့ Youtube ဗီဒီယိုကနေ ပြောကြားဖူးပါတယ်။

    ၂၀၁၃ ခုနှစ်မှာ စစ်တပ်တစ်ပိုင်း အစိုးရက ဆက်သွယ်ရေးလုပ်ငန်းတွေ ဖွင့်ပေးခဲ့တဲ့နောက်ပိုင်းမှာ Facebook အသုံးပြုမှုဟာ မြန်မာနိုင်ငံမှာ ကြီးထွားလာခဲ့ပြီး ဦးဝီရသူလို သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေဟာ မွတ်စလင်မုန်းတီးရေးလုပ်ဖို့အတွက် Facebook ကို ကောင်းကောင်း အသုံးချခဲ့ပါတယ်။

    ရန်ကုန်အခြေစိုက် ဘာသာပေါင်းစုံ တက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းကတော့ Facebook ရဲ့ ဒီလုပ်ရပ်ဟာ အမုန်းစကားအပေါ် သည်းမခံဘူးဆိုတဲ့ ထင်ရှားတဲ့ ပြယုဂ်တစ်ခုဖြစ်ပေမယ့်၊ တကယ်တမ်း ပြဿနာကို မဖြေရှင်းနိုင်သေးဘူးလို့ သတိပေးခဲ့ပါတယ်။

    “အကောင့်ကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ ဗီဒီယိုတွေ ဘာသာရေးမုန်းတီးစေတဲ့ ဟောပြောမှုတွေကို မဖယ်ရှားသေးပါဘူး။ ဒါတွေဟာ Facebook မှာ ဆက်ရှိနေပြီး သူ့နောက်လိုက်တွေက ထပ်ဖြန့်နေကြပါတယ်”

    Ref: straitstimes

  • ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အကြို ပိုမိုလောင်မြိုက်လာတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ

    ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အကြို ပိုမိုလောင်မြိုက်လာတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ

    နိုဝင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    – ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးအကြိမ် ခရီးစဉ်အတွက် မြန်မာနိုင်ငံက စိတ်ရှည်ရှည်ဖြင့် မျှော်လင့်စောင့်စား နေချိန်တွင်၊ ဗုဒ္ဒဘာသာ အမျိုးသားရေးဝါဒ၏ ဒေါသအမှတ်တံဆိပ်က ယခင်ကထက် ပိုမို လောင်မြိုက်လာပြီး နောက်တစ်ပတ် ဘာသာရေးသည်းခံခြင်းနှင့်ပတ်သတ်၍ တရားရေအေးတိုက်ကြွေးမည့် ပုပ်ရဟန်းမင်းကြီးအား စိန်ခေါ်မည့်အမူရာများ ပြသနေပေသည်။

    အယူသီးဘုန်းတော်ကြီးများထဲမှ တစ်စုမှာ နှစ်ပေါင်းများစွာကြာအောင် မြန်မာပြည်တွင် အစ္စလာမ်မုန်းတီးစိတ်ကို ရိုက်သွင်းပေးခဲ့သောကြောင့် “ဗုဒ္ဓဘာသာ အကြမ်းဖက်ဝါဒ” ကို မွေးဖွားပေးသူများအဖြစ် နာမည်ကျော်လာခဲ့သည်။

    သို့သော် သြဂုတ်လတွင် မြန်မာစစ်တပ်မှ ရိုဟင်ဂျာမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုပ်သည့် နှိမ်နင်းစစ်ဆင်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး တိုင်းပြည်တွင်းမှ လူပေါင်းသန်းတစ်ဝက်လောက် နှင်ထုတ်ခဲ့မှုက သူတို့၏ အရေးတော်ပုံအတွက် ထောက်ခံမှုပုံစံသစ် ဖြစ်လာခဲ့သည်။

    ကုလနှင့် အမေရိကန်အစိုးရတို့က လူမျိုးတုန်းရှင်းလင်းမှုအဖြစ် အမည်တပ်လိုက်ပြီး တစ်ကမ္ဘာလုံးက ထိုအကြမ်းဖက်မှုအပေါ် အမျက်ချောင်းချောင်းထွက်ခြင်းက  မြန်မာပြည်တွင်းရှိ အစွန်းရောက် အမျိုးသားရေးသဘောထားကို လှုံ့ဆော်လိုက်သလိုဖြစ်ကာ ရိုဟင်ဂျာဆိုသည်မှာ မကောင်းသည့်-ရည်ရွယ်ချက်ဖြင့် ပြင်ပက ကျူးကျော်လာသူများဟု မှတ်ယူထားခဲ့ကြသော တို့မီးရှို့မီး ဘုန်းကြီးများဘက်ကို ပြည်သူလူထုအား တွန်းပို့လိုက်လေသည်။

    “အခုအချိန်မှာ ဘုန်းဘုန်းတို့ရဲ့ အိုင်ဒီယာကို လူများစုကြီးက ထောက်ခံလာကြပြီ” ဟု ဗုဒ္ဓဘာသာ အမျိုးသားရေးအသိုင်းအ၀ိုင်းမှ ထင်ရှားသည့် ဘုန်းတော်ကြီး ဦးဥတ္တမက ပြောသည်။

    ရန်ကုန်မြို့က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၌ အေအက်ဖ်ပီ သတင်းဌာနနှင့် အင်တာဗျူးတွင်၊ ရွှေဝါရောင် သင်္ကန်းကို ဆင်မြန်းထားသည့် အဆိုပါ ဘုန်းကြီးက ဗုဒ္ဓဘာသာဝင်အများစုရှိရာ မြန်မာနိုင်ငံအပေါ်  မွတ်စလင်များက လူအုပ်စုဖြင့် အနိုင်ကျင့်ပြီး  “တိုင်းပြည်ကိုဝါးမျိုးရန်” အသင့်စောင့်ဆိုင်းနေကြကြောင်း ဖန်တရာတေနေသည့် မုသားကိုလည်း ပြောကြားခဲ့သေးသည်။

    “လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က မွတ်စလင် လူဦးရေက ၁၂ ရာခိုင်နှုန်းပဲရှိတာ- အခုတော့ သူတို့ လူဦးရေက ၃၈ ရာခိုင် နှုန်းအထိ ရှိသွားပြီ။” ဟု အဆိုပါ ဘုန်းကြီးက ပြောဆိုခဲ့သည်။

    သန်းခေါင်စာရင်းကောက်ယူမှုများအရ၊ ဗုဒ္ဓဘာသာအများစုရှိသည့်နိုင်ငံတွင် မွတ်စလင်လူဦးရေမှာ ငါးရာခိုင်နှုန်းပင်မရှိချေ။

    မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ၁.၁ သန်းကျော်ရှိ ရိုဟင်ဂျာများ၏ ထက်ဝက်ကျော်မှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးခိုလှုံခဲ့ရ၍ ထိုပမာဏာမှပင် ထပ်မံလျော့ပါးသွားရသည်။

    မြန်မာနိုင်ငံပြီးလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်မည့် ပုပ်ရဟန်းမင်းကြီးမှာ နှစ်နိုင်ငံနယ်စပ်တစ်လျောက်တွင် ရိုက်ခတ်နေသော အဆိုပါပြဿနာတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့သည်။

    ပုပ်ရဟန်းမင်းကြီးမှာ ရန်ကုန်မြို့တွင် လူထုအား ငြိမ်းချမ်းရေးတရား ဟောကြားမည်ဖြစ်ပြီး တိုင်းပြည်ရှိ ခရစ်ယာန် ကက်သလစ် ဘာသာဝင်ပေါင်း သိန်းချီ တက်ရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။

    ဖရန်စစ်မှာ အရပ်ဖက်အစိုးရအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင်လည်း တွေ့ဆုံမည်ဖြစ်ပြီး၊ နိုဗယ်ငြိမ်းချမ်း ရေးဆုရှင်နှင့် လူသတ်၊ အဓမ္မကျင့်သည်ဟု စွပ်စွဲခံထားရသော တစ်ဖွဲ့များ၏ အကြီးအကဲတို့ကြား ၀င်ရောက်မည့် အဆင့်မြင့်ဆုံး ပြယုဂ်တစ်ခုလည်း ဖြစ်နေသည်။

    အားလုံးကို တိုင်တည်၍

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ ရိုဟင်ဂျာတို့အား “ညီအစ်တော်များ”ဟု ရည်ညွန်းခဲ့ပြီး ကရုဏာသက်စကားများကို ပြောကြားခဲ့သည့်အတွက် ဗုဒ္ဓဘာသာ သဘောထားတင်းမာသူများ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံနေရသည်။

    “ဘင်္ဂါလီ”ဟု အခိုင်အမာပြောကြားထားသော တပ်မတော်၊ အစိုးရနှင့် ဗုဒ္ဓဘာသာ လူအများစုကြီးက လက်မခံနိုင်သော ရိုဟင်ဂျာဆိုသည့် ဝေါဟာရကို ဖရန်စစ်၏ လူထုအားပြောကြားမည့်မိန့်ခွန်းတွင် တစ်လုံးတစ်ပါဒ ထည့်သွင်းသုံးစွဲမည်လားဆိုသည်ကို အနီးက စောင့်ကြည့်ကြမည်ဖြစ်သည်။

    “ဒီလိုပဋိပက္ခဖြစ်နေတဲ့ အချိန်ကျမှ အချိန်ကိုက်ပြီး ဘာကြောင့် ပုပ်ရဟန်းမင်းကြီး လာလဲသလဲဆိုတာ ကျမတော့ နား မလည်တော့ဘူး။ သူဟာ ဘင်္ဂါလီတွေအတွက် လာတယ်ဆိုပြီး လူအများစုကြီးကတော့ ပြောနေတာပဲ” ဟု အမျိုးသားရေး ဘုန်းတော်ကြီးတစ်ပါး၏ နောက်လိုက်တစ်ဦးဖြစ်သူ မညိုညိုအောင်က အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

    မြန်မာပြည်မှ ကက်သလစ်ဘုန်းတော်ကြီးများကတော့ နိုင်ငံရေးမှာ သြဇာအာဏာကြီးမားဆုံး အုပ်စုဖြစ်တဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေရဲ့ လက်တုန့်ပြန်မှုတွေ လုပ်လာမှာကို ရှောင်ကြဉ်တဲ့အနေနဲ့ အောင်ဆန်းစုကြည်ထုံးနှလုံးမူပြီး အာရ် (R)- ပါသည့် စကားလုံးကို ရှောင်သုံးဖို့ ပုပ်ရဟန်းမင်းကြီးကို အကြံပြုခဲ့သည်။

    နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့အနေနဲ့ အစ္စလာမ်မုန်းတီးရေးဆရာတော်ဟု သတင်းမွှေးနေသော အရှင်ဝီရသူကို တစ်နှစ် တရားဟောပြောခွင့် ပိတ်ပင်ခြင်းအပါအ၀င် အစွန်းရောက်သူများအား ထိန်းသိမ်းရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှု သိပ်မရှိလှ။

    ၂၀၁၆-ခုနှစ် ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲကို စီစဉ်ခဲ့သည့် ထင်ရှားသော အမျိုးသားရေးအစွန်းရောက်ဘုန်းကြီး ဦးပါမောက္ခကို ပုပ်ရဟန်းမင်းကြီးမလာခင်လေး ရက်ပိုင်းမှာပင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    သို့သော် ထိုဆောင်ရွက်မှုများက ဆိုရှယ်မီဒီယာတွင် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမှုများ၊ ရုပ်ပြောင်ကာတွန်းများ၊  ပုံဖျက်ဓာတ်ပုံများဖြင့် ၀ါဒဖြန့်နေသည့် ရိုဟင်ဂျာဆန့်ကျင်ရေးမှ အဆိပ်အတောက်များကို လျော့ပါးစေမှု မရှိခဲ့ပေ။

    အဆိုပါ လွန်ကျူးအမျိုးသားရေးဝါဒမှာ တောင်အာရှမှ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ဝင်ရောက်လာမှုကြောင့် စီးပွားရေးနှင့် လူမှုရေး တင်းမာမှုများ ဖြစ်ပွားခဲ့သည့်  ဗြိတိန်သျှ ကိုလိုနီခေတ်မှ သန္ဓေတည်လာသည်ဟု သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ဆိုသည်။

    “ဒါက အမျက်သိုမှု၊ ခံစစ်အမျိုးသားရေးဝါဒကို ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံ နိုင်ငံရေးသန္ဓေရဲ့ အဓိကနေရာမှာ ရှင်သန်ကျန်ရစ်ခဲ့ပါတယ်”ဟု ဦးသန်းမြင့်ဦးက ပြောသည်။

    ဝေဖန်သုံသပ်သူများက အဆိုပါ ရန်လိုမုန်းထားမှုမှာ စစ်အာဏာရှင်စနစ် ကြီးစိုးခဲ့ဖူးသည့် မြန်မာနိုင်ငံတွင် ဟိုတစ်စ ဒီတစ်စ ရထားသော ဒီမိုကရေစီတိုးတက်မှုများ ပျက်သုံးရန် ခြိမ်းခြောက်နေပြီး၊ ရိုဟင်ဂျာများကို ကာကွယ်ပေးရေး သူမ၏ နာမ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကို အသုံးမပြုခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ဖြစ်စေသည်ဟု သတိပေးခဲ့သည်။

    ဒုက္ခသည် ကပ်ဘေးကြီးကို ဖြစ်စေခဲ့သော စစ်တပ်၏ နှိမ်နှင်းမှုကို မရှုတ်ချခြင်းဖြင့် နိုင်ငံရေးအန္တရာယ် ထောက်ချောက်ကြီးတစ်ခုကို နိုဘယ်ဆုရှင်က ရှောင်ရှားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ လာရောက်လည်ပတ်မှုက ထိုငြင်းဆန်မှုအား စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပေသည်။

    (Buddhist nationalism burns as Pope visits Myanmar ကို ဆြာမိုးတိမ် ဘာသာပြန်ဆိုသည်။)

  • ရွှေတိဂုံစေတီ ဝတ္တကမြေအတွင်း ဘာသာခြားများကို ဈေးရောင်းခွင့် ကန့်သတ်ထားခြင်း မရှိဟုဆို

    ရွှေတိဂုံစေတီ ဝတ္တကမြေအတွင်း ဘာသာခြားများကို ဈေးရောင်းခွင့် ကန့်သတ်ထားခြင်း မရှိဟုဆို

    မင်းမော်ဦး ရန်ကုန်၊အောက်တိုဘာ-၇

    ရွှေတိဂုံစေတီ ဝတ္တကမြေအတွင်း ဘာသာခြားများကို ဈေးရောင်းခွင့် ကန့်သတ်ထားခြင်းမရှိ ကြောင်း ရွှေတိဂုံစေတီတော်ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၇ရက်တွင် စံတော်ချိန်သို့ အတည်ပြုပြောဆိုသည်။

    ဘယ်ဘာသာမဆို
    ——————–
    “ကျွန်တော်တို့ ဘာသာခြားတွေကို ဈေးရောင်းခွင့် ကန့်သတ်ထားတာမျိုး မရှိဘူး။ ဒီတလော ဖြစ်သွားတဲ့ကိစ္စက သူတို့ဘာသာ သူတို့လုပ်သွားတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ စည်းကမ်းချက်ထုတ် ထားတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့နဲ့လည်း သက်ဆိုင်ခြင်းမရှိဘူး။ ကောင်းရောင်းကောင်းဝယ် ဈေးရောင်းတယ်။ ဘုရားဖူးပြည်သူတွေကို အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ဘယ်ဘာသာမဆို ရောင်းခွင့်ရှိတယ်” ဟု ၎င်းကပြောဆိုသည်။

    သို့သော်လည်း ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်နှင့် အနောက်ဘက်မုခ်များ၌ ဈေးရောင်းချ ရာတွင် ဘုရားဖူးပြည်သူများ အနှောင့်အယှက်မဖြစ်စေရန် လမ်းဘေးဈေးသည်များနှင့် ကျူးကျော်ဈေး သည်များကိုမူ ရောင်းချခွင့် မပြုကြောင်း ၎င်းကပြောဆိုသည်။

    ပျံ့နှံ့
    ——
    အောက်တိုဘာ ၅ ရက်က ရွှေတိဂုံစေတီဝတ္တကမြေ အတွင်း အစ္စလာမ်ဘာသာဝင်များဈေး ရောင်းချမှု မပြုလုပ်ရဟုဆိုကာ သံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့က ဈေးအတွင်း ငုံးဥပြုတ်ရောင်းချ ခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးကို မောင်းထုတ်ခဲ့သည့်ဖြစ်စဉ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့ နှံ့ခဲ့သည်။

    အဆိုပါသံဃာနှစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးကို အရေးယူနိုင်ရေးအတွက် အထက်အဆင့်ဆင့်သို့ တင်ပြထားကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သိရသည်။

    စံတော်ချိန် သတင်းစာမှ ကူးယူဖော်ပြပါသည်။

  • လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုထဲက ရုန်းမထွက်နိုင်သေးတဲ့ မြန်မာကာတွန်းများ

    လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုထဲက ရုန်းမထွက်နိုင်သေးတဲ့ မြန်မာကာတွန်းများ

    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    ကာတွန်းဆရာ အော်ပီကျယ်၏ တစ်ကွက်ကာတွန်း

    – ရိုဟင်ဂျာမွတ်စလင်တွေကို ရည်ရွယ်တဲ့ ကာတွန်းတွေဟာ ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ကို ပြန့်နှံ့နေပါတယ်။ ဒီပြဿနာအတွက် မြန်မာပြည်သူတွေရဲ့ သဘောထားဟာ နိုင်ငံတကာက ဝေဖန်မှုတွေနဲ့ တိုက်ရိုက်ကို ဆန့်ကျင်နေတာပါ။

    မြန်မာနိုင်ငံက အရပ်ဖက်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်တွေရဲ့ အားပေးအားမြှောက်ပြုမှုနဲ့အတူ သတင်းအချက်အလက်စစ်ပွဲဟာ ပြင်းထန်လာခဲ့ပြီး ပြောင်လှောင်သရော်ချင်သူတွေ၊ တစ်ရာဖိုး ၃ ပုဒ်သမားတွေနဲ့ အင်တာနက်မှာ တစ်လွဲဝါဒဖြန့်တဲ့ အုပ်စုတွေဟာလည်း ဒီစစ်ပွဲမှာ အလုအယက် ပါဝင်လာကြပါတယ်။

    စစ်အာဏာရှင်ဟောင်းတွေကို ဝေဖန်ပြီး ပြည်သူတွေရဲ့ လေးစားမှုကို ရခဲ့တဲ့ ပြည်တွင်းက ကာတွန်းဆရာ တော်တော်များများဟာ လက်ရှိအချိန်မှာတော့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားလာပါတယ်။

    ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန် မျှဝေကြတဲ့ ကာတွန်းတစ်ကွက်မှာ မိကျောင်းတစ်အုပ်ဟာ သွေးသံရဲရဲနဲ့ ကိုက်ဖြတ်ခံထားရတဲ့ သတ္တ၀ါတွေရှိတဲ့ ကမ်းကနေ စိတ်အားထက်သန်နေတဲ့ အနောက်တိုင်းမီဒီယာတွေဆီ ကူးလာနေတာကို ဖော်ပြထားပါတယ်။

    “အီး.. ဟီး.. ဟီး ဇာတိမြေကို စွန့်ခွာပြေးခဲ့ရတာပါ” လို့ မိကျောင်းတစ်ကောင်က မိုက်ခရိုဖုန်းမှာ ငိုယိုပြောကြားနေပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြရတဲ့ ရိုဟင်ဂျာတွေရဲ့ ပြောကြားမှုကို ပြောင်လှောင်သရော်ထားတာဖြစ်ပါတယ်။

    “(ရိုဟင်ဂျာတွေ) ပြောဆိုတာတွေမှာ မမှန်တာတွေ ရှိပါတယ်” လို့ မြန်မာနိုင်ငံက ထင်ရှားတဲ့ ကာတွန်းဆရာ ဦးဝင်းနိုင်က ပြောပါတယ်။

    အသက် ၅၈ နှစ်အရွယ်ရှိပြီး ကလောင်နာမည် အော်ပီကျယ်လို့မှည့်ထားတဲ့ သူက အကြီးအကျယ် အာရုံစိုက်ခံနေရတဲ့ ကိစ္စကို ပြန်လည် တုန့်ပြန်ချင်နေတယ်လို့ ဆိုပါတယ်။

    “တိုင်းပြည်ချစ်စိတ်နဲ့ ကျွန်တော်တို့ ကာတွန်းတွေ ဆွဲနေတာပါ”

    အရာရာကို သံသယမျက်စိနဲ့ကြည့်တဲ့ အာဏာရှင်ဟောင်းတွေဟာ ပြည်သူတွေကို ဆယ်စုနှစ်ချီ နည်းပညာ၊ ကမ္ဘာ့အတွေးအမြင်၊ သဘောထားတွေနဲ့ ဝေးကွာအောင် လုပ်ခဲ့ပါတယ်။

    ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဖွင့်ပေးလိုက်ကတည်းက မြန်မာပြည်သူလူထုဟာ Facebook နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကို အရူးအမူး သုံးစွဲလာကြပါတယ်။

    အခုအချိန်မှာတော့ ရိုဟင်ဂျာဆန့်ကျင်ရေး ကဲရဲ့ပြစ်တင်စကားတွေဟာ like တွေ၊ share တွေ ပလူပျံနေပြီး လူနည်းစုတွေအပေါ် အမြင်တွယ်နေတဲ့ ဘာသာရေးမုန်းတီးမှုကို ပိုပြီး အားကောင်းလာစေပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ရိုဟင်ဂျာမွတ်စလင် ၄၃၀၀၀၀ လောက်ဟာ စစ်တပ်ရဲ့နှိမ်နှင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ကုလကတော့ ဒါကို ‘လူမျိုးစုလိုက် သုတ်သင်မှု’ လို့ ခေါ်ဝေါ် သုံးစွဲနေပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ပြစ်တင်ရှုတ်ချမှုတွေဟာ ရိုဟင်ဂျာကို နိုင်ငံသားတွေအဖြစ် မသတ်မှတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ပုတ်ခတ်၊ ကဲ့ရဲ့ကြတဲ့ မြန်မာနိုင်ငံမှာ တုန့်ပြန်ရေးသဘောထားတစ်ခုကို ဖြစ်စေခဲ့ပါတယ်။

    ရိုင်းစိုင်းတဲ့ ပျက်ရယ်ပြုမှု၊ အင်တာနက်မှာ နာမည်ကျော်လိုမှု၊ ပြည်သူတွေရဲ့ သဘောထားအပေါ် လှေကြုံစီးမှုတွေနဲ့အတူ ကာတွန်းဆရာတွေဟာ ပြန်လည်တုန့်ပြန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

    ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မာလာလာ ယူစွဖ်ဇိုင်က ရှုတ်ချတဲ့အခါ ကာတွန်းဆရာတစ်ယောက်က မာလာရဲ့ ဦးခေါင်းထဲမှာ ဦးနှောက်အစား မစင်ရှိနေတဲ့ ကာတွန်းတစ်ကွက်ကို ရေးစွဲခဲ့ပြီး တာလီဘန်တွေက မာလာလာရဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ပြုလုပ်ခဲ့ရတဲ့ ခွဲစိပ်ကုသမှုကို ခနဲ့ခဲ့တာ ဖြစ်ပါတယ်။

    Facebook စာမျက်နှာမှာ like ၁ သောင်းနီးပါး ရရှိခဲ့တဲ့ ဥက္ကာကြည်ဝင်းရဲ့ ကာတွန်းတစ်ကွက်မှာတော့ ကုလရဲ့ လိုဂိုကို အရှေ့အလယ်ပိုင်းက ခေါင်းပေါင်းဆောင်းထားတဲ့ ပုံဖော်ထားပြီး ကုလဟာ အာရပ်ကမ္ဘာနဲ့ ကြံရာပါဖြစ်တယ်ဆိုတဲ့ သဘောမျိုးကို ဖော်ပြချင်တာ ဖြစ်ပါတယ်။

    ရည်ရွယ်ချက်ဟာ ပြက်ရယ်ပြုဖို့ ဖြစ်ပေမယ့် ဒီကာတွန်းတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နေတဲ့ ရိုဟင်ဂျာထောက်ခံသူအုပ်စုတွေနဲ့ ရန်ဖြစ်နေကြတဲ့ ကီးဘုတ်သူရဲကောင်းတွေရှိရာ မြန်မာနိုင်ငံမှာ သူတို့အပေါ် အားလုံးက ရန်လိုနေတယ်လို့ ထင်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကို မီးထိုးပေးနေတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ဗုဒ္ဓဘာသာလူများစုကြီး ကြားထဲမှာ ပြန့်နှံ့နေတဲ့အမြင်က နိုင်ငံခြားမီဒီယာတွေ၊ NGO တွေဟာ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေကိုသာ အာရုံစိုက်ကြပြီး နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ပုတ်ခတ်စော်ကားနေတယ် ဆိုတာပါ။

    ဒေါ်အောင်ဆန်းစုကြည်က ဒီပြောကြားမှုကိုတွေကို ငြင်းဆိုခဲ့ပြီး ‘သတင်းအချက်အလက်အမှားရဲ့ ထိပ်ပိုင်းလေးသာဖြစ်တယ်’ လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံ ပြင်ပကသူတွေဟာ စာနာနားလည်းမှု မရှိသူတွေဖြစ်တယ်လို့ အထင်ခံရပြီး တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေက သူတို့ကို ပုတ်ခတ် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    ရခိုင်မှာ တပ်တွေ အကြီးအကျယ်ချထားတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း Facebook ပို့စ်တွေမှာ ရိုဟင်ဂျာတွေကို ‘အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား’ လို့ ဆက်လက်သုံးစွဲနေပြီး ဒီအသုံးအနှုန်းဟာ ရိုဟင်ဂျာတွေကို တရားမ၀င် ခိုးဝင်သူတွေအဖြစ် ရှုတ်ချကာ နိုင်ငံတော် ကျောထောက်နောက်ခံပြု နှိမ့်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်းလည်း ဖြစ်ပါတယ်။

    သတင်းစာတွေ၊ ရုပ်သံဆွေးနွေးမှုတွေနဲ့ ဆိုရှယ်မီဒီယာတွေကလည်း ဒီအသုံးအနှုန်းကို သံယောင်လိုက် သုံးနှုန်းကြပြီး ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကို ပြက်ရယ်ပြုကြတယ်လို့ မြန်မာဂျာနယ်လစ်ဇင်အင်စတီကျုက ဦးစိန်ဝင်းက ပြောပါတယ်။

    အကျယ်ဆုံးအသံတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ဖိနှိပ်ချုပ်မယ်မှုတွေကို တွန်းလှန်ခဲ့တဲ့ လူတွေဆီကနေ ထွက်လာနေတယ်လို့လည်း သူက ဆိုပါတယ်။

    “မီဒီယာ၊ အရပ်ဖက်အဖွဲ့တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ တုန့်ပြန်မှုတွေအတွက် ကျွန်တော် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ကိုယ်နဲ့တူတဲ့သူတွေသာ မဟုတ်ဘဲ ထိခိုက်ခံစားရတဲ့ လူတွေအားလုံးအပေါ် ဂရုတစ်စိုက်ရှိဖို့ လိုပါတယ်”

    သောကြာနေ့မှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပက်ထရစ် မာဖီကလလည်း မြန်မာပြည်သူတွေအနေနဲ့ ရိုဟင်ဂျာတွေကို ရှုထောင့်ပြောင်းကြည့်ကာ စာနာနားလည်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒေါပမယ့် မောင်မောင်ဖောင်တိန်တို့လို ကာတွန်းဆရာတွေကတော့ သူတို့ရဲ့ ကာတွန်းတွေဟာ ‘ဘယ်လူမျိုး ဘယ်ဘာသာကိုမှ မစော်ကားဘူးလို့ ဆိုပါတယ်’

    သူ့ရဲ့ တစ်ကွက်ကာတွန်းတစ်ခုမှာ ရိုဟင်ဂျာမွတ်စလင်လို့ နာမည်တပ်ထားတဲ့ ကုလားအုတ်တစ်ကော်က မြန်မာအလံနဲ့ လုပ်ထားတဲ့ တဲတစ်ခုထဲကို ၀င်လာပြီး ‘လူ့အခွင့်အရေး’ လို့ ဟိန်းဟောက်မှုကြောင့် တဲထဲကလူဟာ ကြောက်လန့်ကာ ဖယ်ပေးလိုက်ရတဲ့ ပုံစံကို ဖော်ကျူးထားပါတယ်

    “တစ်ချို့လူတွေဟာ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ပိုပြီး လိုချင်နေတာကို ကျွန်တော် ရည်ညွှန်းတာပါ” လို့ သူ ပြောကြားခဲ့ပါတယ်။

    Ref: South China Morning Post

    (South China Morning Post တွင် ဖော်ပြထားသည့် Myanmar cartoonists lead the media in jeering Rohingya ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အဓိကရုန်းဖြစ်စေနိုင်သည့် သတင်းအလိမ် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေမှ ထပ်ဆင့်ဖြန့်ချီ

    အဓိကရုန်းဖြစ်စေနိုင်သည့် သတင်းအလိမ် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေမှ ထပ်ဆင့်ဖြန့်ချီ

    သြဂုတ် ၄ ၊ ၂၀၁၇
    M-Media
    သတင်း- သီဟ
    .
    အိန္ဒိယမှ ဥပဒေမဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှု ဖြစ်စဉ် တခုအား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဟူသော စာအရေးအသားများဖြင့် ယနေ့ ညနေတွင် လှုံ့ဆော်ဖြန့်ဝေလာကြတာကို တွေ့ရှိရပါတယ်။
    .
    အဆိုပါ လှုံဆော်လုပ်ကြံသတင်းအား Aung Thein Htwe အမည့်ဖြင့် အကောင့်မှ ဖော်ပြခဲ့ပြီး အချိန် ၈ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ ၁၂၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
    .
    အဆိုပါ လုပ်ကြံ သတင်းအား ယခင် အမျိုးသားလွှတ်တော်အမတ်ဟောင်း ကြံခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေမှလည်း ထပ်ဆင့် ဖြန့်ဝေခဲ့ပါတယ်။

    ဦးလှဆွေမှာ ၄င်း၏ ဆိုရှယ်မီဒီယာ စာမျက်နှာမှ တဆင့် လူမျိုးရေး ဘာသာရေး အမုန်းပွားစေမည့် လှုံ့ဆော်မှုများနှင့် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား အပုတ်ချပြိး စော်ကားသည့် လုပ်ဆောင်မှုများ အများအပြား ရေးသားခဲ့သော်လည်း ယခုအချိန်ထိ တရားဥပဒေအရ အရေးယူခံရခြင်းမရှိသေးပေ။

     

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည်ဟု လုပ်ကြံထားသည့် လင်ခ်
    https://www.facebook.com/aung.theinhtwe.18/posts/480019735695516

    အိန္ဒိယမှ ဖြစ်စဉ်အမှန် Mr.Sanjiv Bhatt ဆိုသူ တင်ထားသည့် လင့်ခ်
    https://www.facebook.com/sanjivbhattips/posts/10213896087417512