News @ M-Media
Tag: Anti-Terrorism
  • လက်​ရှိဖြစ်​ပွား​နေ​သော အကြမ်းဖက်​မှုများ၊ ​ကောလဟလများ အ​ပေါ် မြန်မာမွတ်စလင်မ် ​လူငယ်​များ၏ သ​ဘောထားအမြင်
    လက်​ရှိဖြစ်​ပွား​နေ​သော အကြမ်းဖက်​မှုများ၊ ​ကောလဟလများ အ​ပေါ် မြန်မာမွတ်စလင်မ် ​လူငယ်​များ၏ သ​ဘောထားအမြင်
    စီစဉ်ရိုက်ကူးသူ မြန်မာမွတ်စလင်မ် လူငယ်တဦး
    M-Media သို့ ဆက်သွယ်၍ ပေးပို့လာခြင်းဖြစ်ပါသည်။
  • လတ်တလော အခြေအနေတွေအပေါ် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ဘာပြောကြသလဲ
    လတ်တလော အခြေအနေတွေအပေါ် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ဘာပြောကြသလဲ
    လတ်တလောဖြစ်ပေါ်နေသည့် ရခိုင်အရေးဖြစ်စဉ်၊ လူမျိုးရေး ဘာသာရေး လှုံ့ဆော်မှုများ နှင့် ပတ်သက်ပြီး မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ဘာပြောကြသလဲ၊
  • အကြမ်းဖက်ဝါဒအား ကမ္ဘာ့မွတ်စလင်လူထုက ဆန့်ကျင်မှုများကို စုစည်းထားသည့် ၀ဘ်ဆိုက် ထွက်ပေါ်
    အကြမ်းဖက်ဝါဒအား ကမ္ဘာ့မွတ်စလင်လူထုက ဆန့်ကျင်မှုများကို စုစည်းထားသည့် ၀ဘ်ဆိုက် ထွက်ပေါ်
    မတ် ၂၇၊ ၂၀၁၇
    M-Media
    – အကြမ်းဖက်မှုတွေဟာ နေရာတိုင်းမှာ ဖြစ်နေပေမယ့် ကျူးလွန်သူဟာ မွတ်စလင်ဖြစ်နေရင် ကျန်တဲ့ အစ္စလာမ်ဘာသာဝင်တွေအားလုံးနဲ့ အစ္စလာမ်သာသနာကို သိမ်းကြုံးစော်ကားပြောဆိုတာဟာ ကမ္ဘာ့ဓလေ့ထုံးစံကြီးတစ်ခုလို ဖြစ်နေပါပြီ။
    ဒီထက် တစ်ဆင့်ထပ်တက်ရင်တော့ မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒကို မရှုတ်ချဘဲ အလိုတူအလိုပါ ထောက်ခံနေတယ်ဆိုတဲ့ ထိုးနှက်တိုက်ခိုက်မှုမျိုးတွေလည်း ရှိလာပါတယ်။
    တကယ်တော့ အစ္စလာမ်အမည်ကို အသုံးချပြီး ကျူးလွန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတိုင်းကို ကမ္ဘာတစ်ဝှမ်းက ထင်ရှားတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အစ္စလာမ်အဖွဲ့အစည်းတွေ၊ နယ်ပယ်မျိုးစုံက ထင်ရှားကျော်ကြားတဲ့ မွတ်စလင်တွေနဲ့ မွတ်စလင်လူထုဟာ ပြင်းပြင်းထန်ထန် ထိုးနှက် ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
    နောက်ပြီး အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အစ္စလာမ့်ဓမ္မသတ်အဖွဲ့အစည်းတွေကလည်း IS၊ အလ်ကိုင်းဒါး၊ ဘိုကိုဟရမ်တို့လို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ အယူအဆတွေဟာ စစ်မှန်တဲ့ အစ္စလာမ်သာသနာနဲ့ ဘယ်လိုမှ အပ်စပ်မှုမရှိတဲ့ သာသနာပ ဖောက်ပြန်ရေးအဖွဲ့အစည်းတွေ၊ အယူအဆတွေ ဖြစ်တယ်လို့ ဓမ္မသတ်ပေါင်း မြောက်များစွာ ထုတ်ပြန်ပြီး ဓမ္မစက်နဲ့ စည်းခြားခဲ့ကြပါတယ်။
    အဲဒီအကြမ်းဖက်အဖွဲ့ရဲ့ ဒုက္ခပေးမှုကို ခါးစီးခံနေရတာကလည်း မွတ်စလင်တွေဖြစ်သလို၊ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတာကလည်း မွတ်စလင်တွေပဲ ဖြစ်တယ်ဆိုတာ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးမှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။
    သတင်းမီဒီယာတွေကတော့ မွတ်စလင်တစ်ဦး အကြမ်းဖက်မှု ကျူးလွန်လိုက်ပြီဆိုရင် ဘာသာလူမျိုးနဲ့ တွဲပြီး အဆက်မပြတ် ဖော်ပြကာ လူပြိန်းကြိုက် လိုက်လုပ်ကြပေမယ့် မွတ်စလင်တွေရဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကြေငြာချက်တွေ၊ လှုပ်ရှားမှုတွေကိုတော့ အရေးတယူ သိပ်မလုပ်ကြပါဘူး။
    ဒါ့ကြောင့် အမေရိကန်မွတ်စလင်ကျောင်းသူလေး ဟီရာ ဟက်ရှ်မီဟာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ကမ္ဘာ့မွတ်စလင်လူထုက ဆန့်ကျင်ရှုတ်ချမှု၊ ဓမ္မသတ်ထုတ် စည်းခြားမှုတွေကို မှတ်တမ်းပြုစုခဲ့ရာမှာ Google ရဲ့ အွန်လိုင်းမှတ်စုမှာ စာမျက်နှာပေါင်း ၇၁၂ မျက်နှာအထိ ရှိခဲ့ပါတယ်။
    သူ့ရဲ့ စုစည်းမှုကို muslimscondemn.com ဆိုတဲ့ အမည်နဲ့ ၀ဘ်ဆိုက်လေးတစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်။
    ဒီဝဘ်ဆိုက်လေးထဲမှာ IS၊ ဘိုကိုဟရမ်အပါအ၀င် မွတ်စလင်အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေ၊ အယူအဆတွေကို ကမ္ဘာ့မွတ်စလင်လူထုက ဆန့်ကျင် ရှုတ်ချထားတဲ့ ကြေငြာချက်တွေ၊ သဘောထားတွေ၊ ဓမ္မသတ်တွေကို တစ်နေရာတည်း ၀င်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
    ဒီဝဘ်ဆိုက်မှာ IS၊ Bokoharam စတဲ့ ကဏ္ဍတွေအပြင် မွတ်စလင်လူ့အဖွဲ့အစည်းမှာ အစ္စလာမ့်သွန်သင်ချက်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ရှုတ်ချထားတဲ့ အခြားကဏ္ဍတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
    Ref: muslimscondemn.com
  • မွတ်စလင်တွေက အကြမ်းဖက်ဝါဒကို မရှုတ်ချဘူးတဲ့လား
    မွတ်စလင်တွေက အကြမ်းဖက်ဝါဒကို မရှုတ်ချဘူးတဲ့လား
    မတ် ၂၇၊ ၂၀၁၇
    M-Media
    အမေရိကန်မွတ်စလင်ကျောင်းသူ ဟီရာ ဟက်ရှ်မီ
    – ကိုလိုရာဒို တက္ကသိုလ်မှာ အသက် ၁၉ နှစ်အရွယ် အမေရိကန်မွတ်စလင်ကျောင်းသူ ဟီရာ ဟက်ရှ်မီဟာ သူ့ဘေးနာမှာရှိနေတဲ့ အမျိုးသားတစ်ဦးနဲ့ ခရူးဆိတ်စစ်ပွဲအကြောင်း ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒါက အဲဒီအမျိုးသားတစ်ဦးဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး တိုက်ခိုက် ပြောကြားတာမျိုးပါ။
    “မွတ်စလင်တွေအားလုံးကတော့ အကြမ်းဖက်သမားမဟုတ်ဘူး။ ဒါပေမယ့် အကြမ်းဖက်သမားအားလုံးကတော့ မွတ်စလင်တွေ” လို့ ဒီအတန်းဖော်က ဟက်ရှ်မီကို ပြောပါတယ်။ နောက်ပြီး မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒ ဆန့်ကျင်မှုကို ပြည့်ပြည့်၀၀ မလုပ်ဘူးလို့လည်း သူက စောဒကတက်ခဲ့ပါတယ်။
    ဟက်ရှ်မီတစ်ယောက် ဒီစောဒကကြောင့် စိတ်ရှုပ်ထွေးခဲ့ရပါတယ်။ အစ္စလာမ်ကို အလွဲသုံးစားလုပ်ပြီး ကျူးလွန်တဲ့ စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်မှန်သမျှကို မွတ်စလင်တွေက တစ်စိုက်မတ်မတ် ဆန့်ကျင်ကြတယ်။ ဒါပေမယ့် လူတော်တော်များများက မွတ်စလင်တွေဟာ အကြမ်းဖက်ဝါဒကို ထိထိရောက်ရောက်မဆန့်ကျင်ဘူးလို့ ထင်ကြပါတယ်။
    ဟက်ရှ်မီကတော့ ဒီကိစ္စအတွက် ဆန်းစစ်မှုတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက Google ရဲ့ အွန်လိုင်းမှတ်စုမှာ မွတ်စလင်တွေ အကြမ်းဖက်ဝါဒကို ရှုတ်ချတဲ့ အကြောင်းအရာတွေ၊ ကြေငြာချက်တွေကို စုဆောင်းခဲ့တာဖြစ်ပြီး စာမျက်နှာပေါင်း ၇၁၂ မျက်နှာ ရရှိခဲ့တယ်လို့ သူမက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါ
    တယ်။ ဒီစာရင်းထဲမှာ ၉/၁၁ အကြမ်ဖက်တိုက်ခိုက်မှုနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတိုင်းအတွက် မွတ်စလင်တွေရဲ့ တုန့်ပြန်မှု ပါဝင်ပါတယ်။
    “(မွတ်စလင်တွေဟာ အကြမ်းဖက်ဝါကို မတုန့်ပြန်ဘူးဆိုတဲ့) စောဒကဟာ ဘယ်လောက်အထိ ခိုင်လုံမှု အားနည်းလဲဆိုတာကို ပြသချင်တာပါ” လို့ ဟက်ရှ်မီက ရှင်းပြခဲ့ပါတယ်။
    ဟက်ရှ်မီရဲ့ ဒီဖော်ပြမှုကို ၂၄ နာရီအတွင်း အကြိမ်ပေါင်း ၁၅၀၀၀ လောက် ပြန်လည် မျှဝေခဲ့ကြပါတယ်။ Twiiter က သူမရဲ့ ပရိတ်သတ်ထဲက နှစ်ဦးဟာ ဒီ Google မှတ်စုကို ၀ဘ်ဆိုက်တစ်ခုအဖြစ် ကူညီဖန်တီးပေးခဲ့ပြီး တစ်ပတ်တာအတွင်းမှာပဲ muslimscondemn.com ဆိုတဲ့ ၀ဘ်ဆိုက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
    ဟက်ရှ်မီရဲ့ ဒီဆန်းစစ်မှုဟာ မွတ်စလင်တွေက အကြမ်းဖက်ဝါဒကို တစ်စိုက်မတ်မတ် ရှုတ်ချတယ်ဆိုတာကို သက်သေပြရုံတင်မကပါဘူး၊ အကြမ်းဖက်လုပ်ရပ်တွေဖြစ်လာတိုင်း မွတ်စလင်ကဘဲ တောင်းပန်ရမယ်ဆိုတဲ့အတွေးဟာ ဘယ်လောက် အဓိပ္ပါယ်မဲ့လဲဆိုတာကို ပြသဖို့လည်း ဖြစ်ပါတယ်။
    “မွတ်စလင်တွေဟာ အခြား လူနည်းစုတွေနဲ့ယှဉ်ရင် မတူညီတဲ့ စံနှုန်းနဲ့ ချည်နှောင်ခံထားရတယ်ရှင့်။ ရူးနှမ်းတဲ့ လူ ၂ ဒါဇင်လောက်အတွက် မွတ်စလင် သန်း ၁၆၀၀ လောက်ဆီကနေ တောင်းပန်ဖို့၊ ရှုတ်ချဖို့ မျှော်လင့်ကြတယ်။ ဒါဆို (ခရစ်ယာန်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့) ကေသုံးလုံး၊ Westboro Baptist အသင်းတော်၊ Lord’s Resistance Army တွေက ခရစ်ယာန်သာသနာကို တကယ်ကိုယ်စားပြုနေသလား။ စိတ်မနှံ့သူအချို့ရဲ့ လုပ်ရပ်အတွက် ကိုယ်ကိုယ့်ကို ကာကွယ်နေရတာ၊ တောင်းပန်နေရတာဟာ သိပ်ကို စိတ်ပျက်စရာ ကောင်းလွန်းပါတယ်ရှင်” လို့ ဟက်ရှ်မီက ပြောကြားခဲ့ပါတယ်။
    ဟက်ရှ်မီရဲ့ ကျေးဇူးကြောင့် အခုအချိန်မှာ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေ အကြမ်းဖက်မှုကို ဆန့်ကျင်ရှုတ်ချတဲ့ ကြေငြာချက်တွေ ပြောကြားမှုတွေကို စုစည်းထားတဲ့ ၀က်ဆိုက်လေးတစ်ခု ဖြစ်လို့လာခဲ့ပါပြီ။ ဒါ့ကြောင့် မွတ်စလင်တွေက အကြမ်းဖက်ဝါဒကို ဘာ့ကြောင့် မရှုတ်ချတာလဲလို့ မေးလာတဲ့သူတွေအတွက် muslimscondemn.com ကို သွားကြည့်လိုက်ပါလို့ အကြံပြုပါရစေ။
    Ref: The Guardian
  • အကြမ်းဖက်ဝါဒ တိုက်ဖျက်ရာမှာ စစ်မှန်တဲ့ မွတ်စလင်တွေကသာ အဓိက တွန်းအား တစ်ရပ်ဖြစ်သည်
    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရာမှာ စစ်မှန်တဲ့ မွတ်စလင်တွေကသာ အဓိက တွန်းအား တစ်ရပ်ဖြစ်သည်
    အောက်တိုဘာ ၂၈ ၊ ၂၀၁၆
    တင်မောင်ထွေးရေးသည်။
    ၉ / ၁၁ ပြီးကတည်းက အကြမ်းဖက် တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစီးတွေ ထင်ပေါ်လာခဲ့ပါတယ်။ အဲဒီခေါင်းစီးတွေအောက်ကနေ အကာအကွယ်ယူပြီး  မွတ်စလင်တွေရော မွတ်စလင် မဟုတ်သူတွေကပါ အစ္စလာမ်သာသနာကို မိမိသဘောနဲ့ စိတ်ထင်ရာ ဖန်တီးပုံဖော်နေကြပါတယ်။ ဒီလို ဖန်တီး ပုံဖော်မှုကနေ ငွေကြေးအမြတ် မြိုးမြိုးမြက်မြက် ရရှိနေကြပါတယ်။ မွတ်စလင်နဲ့ အစ္စလာမ်သာသနာကို ကြောက်ရွံ့လာအောင် လှုံဆော်ဖို့အတွက် ဒေါ်လာ ၅၇ မီလီယံကျော် သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။ (ကိုးကား – https://goo.gl/7LCNWU)
    အစ္စလာမ်မိုဖိုးဘစ် တိုင်းက အစ္စလာမ် သာသနာရေးမှာ တဖက်ကမ်းခတ်ကျွမ်းကျင်သူ ပါရဂူတွေ အဖြစ် သူတို့ကိုယ်သူတို့ သတ်မှတ်ထားကြပါတယ်။ အစ္စလာမ်မိုဖိုးဘစ်တွေထဲမှာ ပညာမတတ်သူတွေ ပါဝင်သလို အစ္စလာမ့် တရားစီရင်ရေးစနစ်နဲ့ ပတ်သတ်ပြီး နကန်းတလုံးတောင် မသိတဲ့ သူတွေလည်း ပါဝင်နေပါတယ်။ ဥပမာ – အစ္စလာမ် အကြောက်အမုန်းတရားတွေ အကြီးထွားဆုံးဖြစ်နေတဲ့ နိုင်ငံလို့ ယေဘုယျဆိုနိုင်တဲ့ အမေရိကန်မှာ ၂၀၁၂ ခုနှစ်က အကျော်ကြားဆုံး ထိပ်သီး အစ္စလာမ်မိုဖိုးဘစ် ၂၅ ယောက်ကို စနစ်တကျ သုတေသနပြုလေ့လာ ခဲ့ပါတယ်။ လေ့လာခဲ့တဲ့ စစ်တမ်းအရ မိမိတို့ကိုယ်ကို အစ္စလာမ် သာသနာအကြောင်း သိလှပါတယ်ဆိုနေကြတဲ့ အစ္စလာမ်မိုဖိုးဘစ် အယောက် ၂၅ ယောက်မှာ ၁ ယောက်ကသာ အစ္စလာမ်သာသနာနဲ့ပတ်သတ်ပြီး ကျွမ်းကျင် အဆင့်ရှိသူဖြစ်ကြောင်း သိရပါတယ်။ အဲဒီစစ်တမ်းကတော့ အဆုံးမှာ အခုလို ကောက်ချက်ချထားပါတယ်။
    “အစ္စလာမ်သာသနာနဲ့ ပတ်သတ်ပြီး ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိဘဲ သူတို့ကိုယ်သူတို့ အစ္စလာမ် သာသနာရေးကျွမ်းကျင်သူတွေအဖြစ် ကျွေးကြော် သတ်မှတ်ထားသူတွေကြောင့် ကျွန်ုပ်တို့နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအပေါ် အနုတ်သဘော အကျိုးသက်ရောက်မှုတွေ ဆိုးရွားစွာ ဖြစ်နေပါတယ်။” (ကိုးကား – https://goo.gl/x8x0PA)
    muslims-against-isis_s877x658
    ဒီလိုရှိလာနေတော့ ၉  / ၁၁ နောက်ပိုင်း ခေတ်စားလာတဲ့ အေးသီးယိစ် ခေါ် ဘာသာမဲ့တွေက အကြမ်းဖက်ဝါဒ ပပျောက်ဖို့ သူတို့လိုမျိုး အေးသီးယိစ်တွေ အဖြစ် ပြောင်းလဲခံယူကြပါလို့ ဆိုလာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အေးသီးယိစ် ၀ါဒကသာ သာသနာရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး ရိုးရိုးသားသား သုံးသပ်တတ်အောင် ပြုလုပ်ပေးနိုင်တယ် စသဖြင့် သူတို့က ဆိုကြပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက သူတို့ပြောဟော တင်ပြတဲ့ အယူအဆအတွေး အခေါ်အချို့က အစွန်းရောက်မှုကို အထောက်အပံ့ပြုရာ ရောက်နေလေရဲ့။ ဥပမာ – နာမည်ကြီး အေးသီးယိစ် Christopher Hitchens က အီရတ်အပေါ် အမေရိကန် ကျူးကျော်စစ်ကို ထောက်ခံအားပေးခဲ့သူဖြစ်ပါတယ်။ အီရတ်စစ်ပွဲကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၅ သိန်းကျော် သေခဲ့ ရပါတယ်။ နိုင်ငံအတွင်း ဖရိုဖရဲဖြစ်ခဲ့ရပြီး အဆုံးမှာ အိုင်ဆစ်လို့ခေါ်တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်သမားတွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။ အီရတ် ကျူးကျော်စစ်ကြောင့် အိုင်ဆစ် ထွက်ပေါ်လာခဲ့ကြောင်းကို အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင်က ၀န်ခံထားခဲ့ရပါပြီ။ (ကိုးကား – https://goo.gl/U4g91M) အေးသီးယိစ်တို့ရဲ့ ဆရာတစ်ဆူဖြစ်တဲ့ နာမည်ကျော် အစ္စလာမ်မိုဖိုးဘစ် ရစ်ချက်ဒေါ်ကင်းက ၂၀၁၃ ခုနှစ်တုန်းက တွီတာမှာ အခုလို ၀န်ခံခဲ့ဖူးပါတယ် – “(ကျွန်တော်ကိုယ်တိုင်) ကိုရန်ကျမ်း မဖတ်ဖူးတော့ ဘိုင်ဘယ်လိုမျိုး အခန်းနံပါတ်တွေ၊ မုက္ခပါတ် အမှတ်စဉ်တွေအတိအကျနဲ့ ကိုးကားနိုင်တာမျိုး မလုပ်နိုင်ပါ။ ဒါပေမယ့် အစ္စလာမ်သာသနာကတော့ ယနေ့ကာလအတွက် အကြီးဆုံး မကောင်းဆိုးဝါးကောင်ကြီးဖြစ်တယ်လို့တော့ (ကျွန်တော်) မကြာခဏပြောပါတယ်။”  (ကိုးကား – https://goo.gl/EaqInl )
    ဒေါ်ကင်းလို အေးသီးယိစ်တွေကတော့ သူတို့ကိုယ်သူတို့ အစ္စလာမ် သာသနာအပေါ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေကြ သူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ကိုရန်ကျမ်းစာကိုတော့ မဖတ်ဖူးပါဘူး။ ဒီလိုအေးသီးယိစ်တွေ၊ အစ္စလာမ်မိုဖိုးဘစ်တွေက အမေရိကန်ရဲ့ အီရတ်ကျူးကျော်စစ် အကျိုးဆက်ကို လျစ်လျူပြုပြီး လူပေါင်း ၃ သောင်းခန့်သာပါဝင်တဲ့ အိုင်ဆစ် အကြမ်းဖက်အဖွဲ့ကြီးက တင်ပြတဲ့ အစ္စလာမ်က လူပေါင်း ၁.၆ ဘီလီယံကျော်ကျင့်သုံးဆောက်တည်နေတဲ့ အစ္စလာမ် သာသနာထက်ကို ပိုပြီး စစ်မှန်တဲ့အကြောင်း တင်ပြပြောဆို ၀ါဒဖြန့်ချိလျက်ရှိပါတယ်။ အစ္စလာမ်သာသနာကို ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သူ အစ္စလာမ်မိုဖိုးဘစ်တွေမှာ အစ္စလာမ်သာသနာနဲ့ပတ်သတ်ပြီး အခြေခံလေ့လာထားမှုမျိုးတောင် မရှိတာကြောင့် သူတို့မှာ အစ္စလာမ် သာသနာပြုပြင်ပြောင်းလဲ နည်းလမ်းဆိုတာလဲ ဗလာနတ္ထိဖြစ်လို့နေပါတယ်။ အဓိက ကတော့ သူတို့တွေအားလုံးဟာ ၉ / ၁၁ မဖြစ်မီ ကမ္ဘာပေါ်မှာ ရှိနေခဲ့တဲ့ အစ္စလာမ်သာသနာကို လျစ်လျူပြုပြီး ယခုလက်ရှိ တီထွင်ဖန်တီးထားတဲ့ အစ္စလာမ်သာသနာကိုသာ ပညာရပ်ပိုင်းဆိုင်ရာ အဓိကထား လေ့လာရမယ့်ကိစ္စရပ် အဖြစ် တွန်းတင်လျက်ရှိနေကြပါတယ်။ သူတို့တွေက အစ္စလာမ်သာသနာကို ပြုပြင်ဖို့ မလိုအပ်ဘဲ မွတ်စလင်အဖွဲ့အစည်းကြီးတွေကိုသာ ပြုပြင်ဖို့လိုအပ်တယ်ဆိုတာ မသိနားမလည်ကြပါ။
    ဒီလိုပါပဲ။ ရှေးနှစ်ပရိစ္ဆေဒမြောက်မြားစွာကတည်းက မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်လာကြတဲ့ မွတ်စလင် လူတန်းစားကြီးထဲမှာ ကောင်းသူကယ် မကောင်းသူပယ်ဖို့ အလွန်အင်မတန်မှ လွယ်ကူပါတယ်။ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ၀ါဒဖြန့်မှုတွေကြောင့် မြန်မာနိုင်ငံကို ရိုက်ခတ်လာတဲ့ အစ္စလာမ်မိုဖိုးဘစ် ဒဏ်အန္တရာယ်ကို သတိထားရပါမယ်။ ရခိုင် အရေးနောက်ပိုင်း လက်တစ်ဆုပ်စာ လူနည်းစု အကြမ်းဖက်တာကို အကြောင်းပြုပြီး အဲဒီ လက်တဆုပ်စာရဲ့ အစ္စလာမ်ကသာ အစ္စလာမ်ဖြစ်ပြီး ကျန်ရှိတဲ့ နိုင်ငံလူဦးရေရဲ့ ၄ ရာခိုင်နှုန်း ကျော်သော မြန်မာပြည်ဖွားမွတ်စလင်တွေ ကျင့်သုံးတဲ့ အစ္စလာမ်က အစ္စလာမ်မစစ်မှန်ဖူးလို့ ဆိုကြမယ်၊ လက်တဆုပ်စာရဲ့  အပြုအမူတွေကို ကျန်တဲ့ ၄ ရာနှုန်းသော မွတ်စလင်တွေ အပေါ် တာဝန်ယူပေးဖို့ဆိုကြမယ်ဆိုရင် ဒါဟာ အဓမ္မမှု ဖြစ်ပါလိမ့်မယ်။
    အကြမ်းဖက်မှုများဟာ မတရားမှုနဲ့ အကြောက်တရားတွေကနေ ထွက်ပေါ်လာဖြစ်ပါတယ်။ ဘာသာတရားတွေကနေ ထွက်ပေါ်လာ မဟုတ်ပါ။ ဒါကြောင့် ၊ စံထားနိုင်တဲ့ အစစ်အမှန် မွတ်စလင်တစ်ယောက်ရဲ့ ၀ိသေသလက္ခဏာက အစွန်းရောက်မှုကို ခုခံကာကွယ်ဖို့ အကောင်းဆုံး လက်နက်ဖြစ်ပါတယ်။ ဒီအဆိုမှန်ကန်ကြောင်း အမေရိကန်နိုင်ငံရဲ့စစ်တမ်းတစ်ခုကို ကိုးကားပါရစေ။
    ၂၀၁၆ ခုနှစ် ၊ “American Muslims from the Institute for Social Policy and Understanding” ဆိုတဲ့ စစ်တမ်းအရ “ဗလီကျောင်းကို နေ့တိုင်းတက်တဲ့ မွတ်စလင်တစ်ယောက်ဟာ သူ့အိမ်နီးနားချင်းနဲ့ အတူတကွ အလုပ်လုပ်နိုင်သူတွေဖြစ်ပါတယ်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း အိမ်နီးချင်းတွေနဲ့ အတူ ပူးပေါင်းလက်တွဲ ဖြေရှင်းနိုင်ပါတယ်။ သူတို့တွေဟာ နိုင်ငံရွေးကောက်ပွဲမှာ ပါဝင်ဖို့ စာရင်းပေးသွင်းပြီး ကိုယ်တိုင်ကိုယ်ကျ မဲဆန္ဒပေးဖို့လည်း ရာနှုန်းများသူတွေဖြစ်ပါသတဲ့။ (ကိုးကား – https://goo.gl/2LPmg1) ” စသဖြင့် သိရပါတယ်။ ဒီစစ်တမ်းကို ဗြိတိသျှထောက်လှမ်းရေး MI5 ရဲ့ ၂၀၀၈ ခုနှစ် သုတေသနစစ်တမ်းကလည်း ထောက်ခံပေးနေပါသေးတယ်။ MI5 စစ်တမ်းက “သာသနာရေးအပေါ်မှာ စနစ်တကျ အခြေခံတည်ဆောက်ထားတဲ့ ကိုယ်ပိုင် စရိုက် လက္ခဏာက အကြမ်းဖက် အစွန်းရောက် ၀ါဒကို အကာအကွယ်ပေး၏။ (ကိုးကား –  https://goo.gl/TXq4A6) ” လို့ ဖော်ပြထားပါတယ်။
    နယူးယောက်တိုင်းမ်စ်သတင်းစာရဲ့ နာမည်ကြီး ဆောင်းပါးရှင် နစ်ကိုလတ်စ် ကရစ်တော့ဗ် က သူရဲ့ “The Diversity of Islam” ဆိုတဲ့ ဆောင်းပါးမှာ အခုလို ရေးသားခဲ့ဖူးပါတယ်။
    “အစ္စလာမ်ကို အကြမ်းဖက် အစွန်းရောက်သာသနာအဖြစ် ပုံဖော်ခြင်းဟာ အလွန်ဆိုးဝါးတဲ့ ချွတ်ချော်မှုပါ။ အစွန်းရောက် မွတ်စလင်တွေကို (ပေါ်ပေါ်တင်တင်) ဆန့်ကျင် ရပ်တည်ပြနေသူတွေ အများစုဟာ မွတ်စလင်တွေဆိုတာ သတိချပ်ပါ။ ပါကစ္စတန်မှာ မွတ်စလင် လူအုပ်စုတစ်စုက မွတ်စလင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တယ်၊ အဲဒီအမျိုးသမီးက တရားရုံးမှာ အမှုအနိုင်ရတော့ အစိုးရဆီက သူမရရှိခဲ့တဲ့ လျော်ကြေးငွေတွေကို သူမရဲ့ရွာမှာ ကလေးတွေအတွက် စာသင်ကျောင်းဆောက်လုပ်ဖို့ လှူဒါန်းခဲ့တယ်။ ပညာရေးအတွက် တိုက်ပွဲဝင်လို့ မာလာလာကို သေနတ်နဲ့ ပစ်ခဲ့သူတွေကလည်း တာလီဘန် မွတ်စလင်တွေပဲ၊ ဒါပေမယ့် မာလာလာကလည်း မွတ်စလင် အမျိုးသမီးတစ်ယောက်ပါပဲ။ အီရန်မှာ ဘဟာအီတွေ၊ ခရစ်ယာန်တွေကို ညှင်းပန်းနှိပ်စက်တယ်၊ ဒါပေမယ့် အစိုးရရဲ့ မတရားမှုကို ဆန့်ကျင်ရပ်တည်ပြခဲ့သူက မွတ်စလင်ရှေ့နေ မိုဟာမက် အလီဒက်ကာဆိုသူဖြစ်ပါတယ်၊ သူဟာ အစိုးရကို ရဲဝံ့စွာရင်ဆိုင်ခဲ့တာကြောင့် အခုတော့ ထောင် ၉  နှစ်ကျသွားခဲ့ရရှာပါပြီ။ ”  (ကိုးကား – https://goo.gl/RZmKTw)
    စာရှုသူ မိတ်ဆွေများခင်ဗျား – ခက်ထန်တင်းမာတဲ့ သဘောထားပိုင်ရှင် အစ္စလာမ်မိုဖိုးဘစ်တွေဆီကနေ ငြိမ်းချမ်းရေး ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ အစွန်းရောက်မှုကို ခုခံဖို့ အားလုံး လက်တွဲဆောင်ရွက်ကြ ရပါလိမ့်မယ်။ ငြိမ်းချမ်းရေးကို လိုလားပါသလား။ နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့တဲ့ သက်သေပြလောက်စရာ သာဓကတွေ တပုံတပင်ကြီး ရှိထားရစ်ခဲ့တဲ့ မွတ်စလင်ထုကြီးကို ကူညီဝန်းရံလိုက်ပါ။ စစ်မှန်တဲ့ အစ္စလာမ်ကို ကျင့်သုံးဆောက်တည်သူ မွတ်စလင်တိုင်းဟာ ခင်ဗျားတို့ရဲ့ အိမ်နီးချင်းကောင်းတွေဆိုတာ ပြသပါလိမ့်မယ်။
    အစွန်းရောက်တရားကို အဆုံးသတ်ဖို့ ကျွန်တော်တို့ကို အသုံးချပါခင်ဗျား။
    ** ဆောင်းပါးရှင်မှ M-Media သို့ အီးမေးလ်ဖြင့် ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။