News @ M-Media
Tag: Bangladesh
  • ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရှ်ထဲထည့်ရန် အဆိုပြုချက်ကို ရှိခ်ဟာဆီနာ ဝေဖန်
    ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ရှ်ထဲထည့်ရန် အဆိုပြုချက်ကို ရှိခ်ဟာဆီနာ ဝေဖန်
    ဇူလိုင် ၉၊ ၂၀၁၉
    M-Media
    -ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွတ်သွင်းဖို့ အမေရိကန်လွှတ်တော်အမတ်ရဲ့ ပြောဆိုမှုဟာ ‘မှားယွင်းတဲ့ အဆိုပြုမှု’ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားလိုက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မိမိတို့က အလေးထားတယ်လို့ ဆိုပါတယ်။
    ဇွန်လ ၁၃ ရက်နေ့ အမေရိကန်လွှတ်တော်အစည်းအဝေးအတွင်း အာရှပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီရဲ့ ဥက္ကဌ ဘရက်ဒလေ ရှားမန်းက မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို မလိုချင်ဘူးဆိုရင် ရိုဟင်ဂျာတွေရဲ့ဒေသကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ပေးသင့်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံကအပြန် ပြုလုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာက ရှားမန်ရဲ့ ဒီပြောကြားမှုကို ဝေဖန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ပြည်တွင်းစစ်ဒဏ် ခံစားခဲ့ရပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အလုပ်မျိုးကို မိမိတို့က ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ သူမက ပြောပါတယ်။
    ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်ပြီး ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားကြောင်း၊ မိမိတို့ လိုချင်တာက ရိုဟင်ဂျာတွေ သူတို့ရဲ့ဇာတိမြေကို အန္တရာယ်ကင်းစွာ ပြန်ရေးဖြစ်ကြောင်း ဟာဆီနာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ရှားမန်ရဲ့ ဒီပြောဆိုချက်ဟာ ‘မှားယွင်းတဲ့ အဆိုပြုမှု’ ဖြစ်တယ်လို့လည်း သူမကဆိုပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး လှုံ့ဆော်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    “ဒီမှတ်ချက်ဟာ မှားယွင်းတဲ့ အဆိုပြုမှုပါ။ စကွဲယားကီလိုမီတာ ၅၄၀၀၀ ရှိနေတဲ့ နယ်နမိတ်နဲ့တင် ကျွန်မတို့ အဆင်ပြေပါတယ်”
    ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်နဲ့ အကူအညီပေးနေတာဟာ ရခိုင်ပြည်နယ်ကို တိုင်းပြည်ထဲ သွတ်သွင်းချင်လို့ မဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ပြီးနောက် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။ ဒီစစ်ဆင်ရေးမှာ စစ်သားတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ ‘လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့’ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ကုလက ပြောကြားထားပါတယ်။
    နိုင်ငံတိုင်းမှာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိပြီး ရှားမန်းဟာ လူတွေ သူ့ကို ပိုသိလာအောင် ဒီလို အဆိုပြုတာဖြစ်ကြောင်း၊ အင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားပေမယ့် မြန်မာနိုင်ငံကတော့ နိုင်ငံသားတွေကို မောင်းထုတ်ခြင်းအားဖြင့် မိမိတို့
    ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်ခေါ်ရေး ဖိအားပေးဖို့ တရုတ်ခရီးစဉ်အတွင်း ပြောကြားခဲ့ပြီး တရုတ်ခေါင်းဆောင်တွေကလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ရပ်တည်မယ်လို့ အာမခံခဲ့ကြောင်း သူမက ဆိုပါတယ်။
    “ဒါဟာ ကျွန်မတို့အတွက် သတင်းကောင်းပဲ မဟုတ်လား”
    Ref: NDTV
  • ၁၉ နှစ်အရွယ် မိန်းကလေးအား မီးရှို့သတ်ဖြတ်သူများကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ဘင်္ဂလားဒေ့ရှ် တရားစွဲ
    ၁၉ နှစ်အရွယ် မိန်းကလေးအား မီးရှို့သတ်ဖြတ်သူများကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ဘင်္ဂလားဒေ့ရှ် တရားစွဲ
    မေ ၃၀၊ ၂၀၁၉
    M-Media
    ရာဖီ အသတ်ခံရမှုအတွက် ပြည်သူများ ဆန္ဒပြမှု
    -တစ်တိုင်းပြည်လုံး အုပ်အော်သောင်းနင်း ဖြစ်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦး မီးရှို့သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး လူ ၁၆ ဦးကို တရားစွဲဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူတွေကို သေဒဏ်ပေးနိုင်ရေး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
    နူဆရက် ဂျာဟန် ရာဖီလို့ခေါ်တဲ့ အဲဒီကျောင်းသူလေးဟာ ပြီးခဲ့တဲ့လတုန်းက အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတစ်ခုမှာ မီးရှို့ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အမှုဖွင့်ထားတာကို ပိတ်ပေးဖို့ ကျောင်းအုပ်က ခေါ်ပြောရာမှာ သူမက လက်မခံခဲ့တဲ့အတွက် တိုင်မှာ ကြိုးချည်ပြီး မီးရှို့ခဲ့တာဖြစ်တယ်လို့ ရာဖီက မသေဆုံးမီ သူ့ရဲ့ အစ်ကိုဖြစ်သူကို ဖွင့်ဟသွားခဲ့ပါတယ်။
    ရာဖီကို ကျောင်းရဲ့အပေါ်ထပ်က တိုင်တစ်တိုင်မှာ အ၀တ်တွေနဲ့ တုပ်ချည်ကာ ရေနံဆီလောင်း မီးရှို့ခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ နောက်ပိုင်းမှာ သတင်းလွှင့်လို့ရအောင် ကျောင်းအုပ်က ဖန်တီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ချည်ထားတဲ့အ၀တ်တွေ မီးလောင်ပြတ်ထွက်ကာ ရာဖီတစ်ယောက် ကျောင်းအောက်ကို ဆင်းပြေးတဲ့အတွက် တစ်ခြားလူတွေ သိရှိသွားခဲ့တာ ဖြစ်ပါတယ်။ ရာဖီဟာ မီးလောင်ဒဏ်ရာတွေကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
    ဖမ်းဆီး တရားစွဲဆိုထားတဲ့ လူ ၁၆ ဦးမှာ အဓိကသံသယရှိသူ ကျောင်းအုပ်ကြီးလည်း ပါဝင်ပါတယ်။
    “ကျွန်တော့်သမီးကို ဆုံးရှုံးလိုက်ရပြီ။ သူမဟာ အပြစ်ကင်းသူတစ်ယောက်ဖြစ်ပြီး တရားမဲ့မှုတွေကို လူတွေသိအောင် ဖော်ထုတ်သွားခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒီလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာပါ။ သမီးအတွက် တရားမျှတမှုကို ကျွန်တော် လိုချင်ပါတယ်” လို့ ဖခင်ဖြစ်သူ
    အေကေအမ် မူဆာ မာနစ်က်က ပြောကြားခဲ့ပါတယ်။
    ဒီအမှုမှာ တရားလိုအဖြစ် ဆောင်ရွက်နေတဲ့ ရာဖီရဲ့အစ်ကို မူဟာမက်ဒူလ် ဟာဆန် နိုမန်က အမှု မြန်မြန်ဆန်ဆန် ပြီးပြတ်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဘင်္ဂလားဒေ့ရှ်က တရားရေးကိစ္စ တော်တော်များများဟာ ကြန့်ကြာတာတွေရှိပါတယ်။ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ဒီလူသတ်မှုမှာ ပါဝင်သူတွေကို မညှာဘူးလို့ ပြောထားတယ်။ ဒါ့ကြောင့် တရားမြန်မြန်စီရင်ပြီး တရားမျှတမှု ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”
    ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းရေးဗျူရို PBI ရဲ့ အကြီးအကဲ မိုဟာမက် အစ်က္ကဘားလ်က ဖမ်းဆီးထားသူတွေကို အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုဥပဒေနဲ့ တရားစွဲဆိုထားပြီး သေဒဏ်ချမှတ်ပေးဖို့ တရားရုံးမှာ တောင်းဆိုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ကျောင်းသူတစ်ဦးကို လိင်အမြတ်ထုတ်မီးရှို့သတ်ခဲ့သည့် ဘာသာရေးဆရာကို အရေးယူရန် ဘင်္ဂလားဒေ့ရှ်ပြည်သူများ တောင်းဆို
    ကျောင်းသူတစ်ဦးကို လိင်အမြတ်ထုတ်မီးရှို့သတ်ခဲ့သည့် ဘာသာရေးဆရာကို အရေးယူရန် ဘင်္ဂလားဒေ့ရှ်ပြည်သူများ တောင်းဆို
    ဧပြီ ၁၉၊ ၂၀၁၉
    M-Media
    ဘင်္ဂလားဒေ့ရှ်ပြည်သူများ ဆန္ဒပြမှု
    – မွတ်စလင်ဘာသာရေးဆရာတစ်ယောက်က ကျောင်းသူတစ်ဦးကို လိင်အမြတ်ထုတ်ခဲ့ပြီး ရဲတိုင်မှုအတွက် ရေနံဆီလောင်း မီးရှို့ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြနေကြပြီး ၀န်ကြီးချုပ် ရှိခ်ဟာဆီနာကလည်း ဒီအမှုမှာ ပါဝင်သူအားလုံးကို အရေးယူသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
    အသက် ၁၉ နှစ်အရွယ် နူဆရတ် ဂျာဟန် ရာဖီဆိုသူ ကျောင်းသူလေးဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ မီးရှို့ အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သူ့ကို အဓမ္မပြုကျင့်တဲ့ ဘာသာရေးဆရာက ရဲစခန်းမှာ အမှုဖွင့်ထားတာကို ရုပ်သိမ်းဖို့ ပြောတာကို သူမက လက်မခံတဲ့အတွက် ရေနံဆီလောင်းပြီး မီးရှို့ခံလိုက်ရတာ ဖြစ်ပါတယ်။ ဂျာဟန်ဟာ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက် မီးလောင်ခဲ့ပြီး အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။
    ဒီအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ ကျူးလွန်တဲ့ ဘာသာရေးဆရာကို ထိထိရောက်ရောက် အရေးယူပေးဖို့ အကြီးအကျယ် ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒီကိစ္စအတွက် လူ ၁၇ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲက တစ်ဦးက လိင်အမြတ်ထုတ်ခဲ့တဲ့ ကျောင်းအုပ်ဆရာက သူတို့ကို ခိုင်းတဲ့အတွက် ဂျာဟန်ကို မီးရှို့ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
    ဘာသာရေးကျောင်းရဲ့ ကျောင်းအုပ်ဆရာက သူမကို လိင်အမြတ်ထုတ်ခဲ့မှုကို ဂျာဟန်က မတ်လနှောင်းပိုင်းမှာ ရဲစခန်းကို သွားတိုင်ခဲ့ပေမယ့် ရဲတွေက ဒါဟာ အသေးအဖွဲ့ကိစ္စလို့ ပြောကြားခဲ့ကြောင်း တိုင်ကြားမှုကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။
    ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ တာဝန်ရှိသူ မိုဟာမက် အစ်က္ကဘားလ်က ဖမ်းဆီးထားသူ ၁၇ ဦးထဲမှာ ၅ ဦးဟာ ဂျာဟန်ကို တိုင်မှာ ပုဝါနဲ့ချည်နှောင်ကာ ရေနံဆီလောင်း မီးရှို့ခဲ့သူတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေတယ်ဆိုတာမျိုးဖြစ်အောင် ဖန်တီးတာပါ။ ဒါပေမယ့် ချည်ထားတဲ့ပုဝါတွေ မီးလောင်ပြီး ဂျာဟန်က အပေါ်ထပ်ကနေ အောက်ထပ်ကို ထွက်ပြေးလာတာကြောင့် လူသိရှင်ကြား ဖြစ်ခဲ့တာဖြစ်ပါတယ်”
    သေမှာကိုသိနေတဲ့ ဂျာဟန်ဟာ လူနာတင်ယာဉ်ပေါ်မှာ အဖြစ်အပျက်တွေကို အစ်ကိုဖြစ်သူရဲ့ ဖုန်းထဲမှာ အသံသွင်းပေးခဲ့ပါတယ်။
    “ဆရာက ကျွန်မကို စော်ကားတယ်။ ဒီရာဇ၀တ်မှုကို သေတဲ့အချိန်အထိ ရင်ဆိုင်သွားမယ်” လို့ ဂျာဟန်က ပြောကြားခဲ့ပြီး ဒီကိစ္စမှာ ပါဝင်သူတစ်ချို့ရဲ့ အမည်တွေကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
    ဘာသာရေးဆရာက သူမကို ဘယ်လို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်ကိုလည်း ဂျာဟန်က သူမသူငယ်ချင်းရဲ့ မှတ်စုစာအုပ်မှာ ရေးသားခဲ့ပါတယ်။ ဂျာဟန်ရဲ့ မိသားစုက ဒီကိစ္စကို တိုင်ကြားခဲ့တဲ့ မတ်လနှောင်းပိုင်းကစလို့ သူတို့ဟာ ဘာသာရေးဆရာကို ထောက်ခံသူတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
    ဆန့်ကျင်ဆန္ဒပြ
    ဒီကိစ္စဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာသာ မကဘဲ ကမ္ဘာတစ်ဝှမ်းမှာလည်း အုပ်အော်သောင်းနင်း ဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ကျူးလွန်သူတွေ တစ်ယောက်ကိုမှ အလွတ်မပေးဘူးလို့ ပြောကြားခဲ့ပါတယ။်
    လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ကျူးလွန်သူတွေကို အရေးယူဖို့ ပျက်ကွက်တာကြောင့် နိုင်ငံတစ်ဝှမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စတွေ မြင့်တက်လာတယ်လို့ ပြောကြားထားပါတယ်။
    ဘင်္ဂလားဒေ့ရှ်ပြည်သူတွေဟာ ဒီကိစ္စအတွက် ဆိုရှယ်မီဒီယာမှာရော၊ ပြင်ပမှာပါ ဆန့်ကျင်ကန့်ကွက်မှုတွေ၊ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
    Ref: Aljazeera
  • ဘင်္ဂလားဒေ့ရှ်တွင် လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားသူကို ကွန်မန်ဒိုများက အသေပစ်သတ်
    ဘင်္ဂလားဒေ့ရှ်တွင် လေယာဉ်ပြန်ပေးဆွဲရန် ကြိုးစားသူကို ကွန်မန်ဒိုများက အသေပစ်သတ်
    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉
    M-Media
    လေယာပြန်ပေးဆွဲခံရသည့်လေယာဉ်နှင့် ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်များ
    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချစ်တကောင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမားတစ်ဦးက လေယာဉ်ပြန်ပေးဆွဲဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့ပြီး စစ်ဆင်ရေးတစ်ခုပြုလုပ်ကာ ကွန်မန်ဒိုတွေက ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
    ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း Biman က လေယာဉ်အမှတ် BG147 ဟာ ဘင်္ဂလားဒေ့ရှ်ကနေ ဒူဘိုင်းကို ပျံသန်းစဉ်မှာ အသက် ၂၅ နှစ်အရွယ် အင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသားတစ်ဦးက ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
    လေယာဉ်ကို ချစ်တကောင်းမြို့က ရှားအမာနတ် နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်စေခဲ့ပြီး ပြန်ပေးဆွဲသူကို အချိန်ဆွဲကာ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်တွေက ၀င်ရောက် စီးနင်းခဲ့ရာမှာ ပြန်ပေးဆွဲဖို့ ကြိုးစားသူကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ပစ္စတိုလက်ဝယ်ရှိနေတဲ့ အဲဒီအမျိုးသားဟာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
    လေယာပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၁၄၈ ဦး လိုက်ပါလာပြီး အားလုံးကို အထိအခိုက်မရှိ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးကို ဘင်္ဂလားဒေ့ရှ် ကြည်တပ်၊ ရေတပ်နဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်လေတပ်က ဒုတိယအကြီးအကဲ ဗိုလ်ချုပ် မိုဖစ်က လေယာဉ်ပြန်ပေးသမားဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကို စကားပြောဖို့ တောင်းဆိုခဲ့ပြီး မိမိတို့က စကားပြောအချိန်ဆွဲကာ ကွန်မန်ဒိုတွေနဲ့ စီးနင်းရှင်းလင်းလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘ်ဒူလာ ဘစ်ဘနီ ဇာအစ်က ပြန်ပေးဆွဲဖို့ ကြိုးစားသူက သူ့မှာ သေနတ်နဲ့ ဗုံးခါးပတ်ပါဝင်တယ်လို့ ပြောကြားခဲ့ကြောင်း၊ ဒီကိစ္စမှာ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့လားဆိုတာ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ပြန်ပေးဆွဲသူဟာ စိတ်မနှံဘူးလို့ သတင်းတွေလည်း ထွက်ပေးနေပြီး ဘာ့ကြောင့် ဒီလို ဆောင်ရွက်လဲဆိုတာကို အတိအကျ မသိရှိသေးပါဘူး။
    ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစွန်းရောက်ဝါဒနဲ့ ရင်ဆိုင်လာရပါတယ်။ ၂၀၁၆ ခုနှစ်က မြို့တော် ဒါကာမှာရှိတဲ့ နာမည်ကြီး အနောက်တိုင်းစားသောက်ဆိုင်တစ်ခုကို သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်မှုကြောင့် နိုင်ငံခြားသားအများစု အပါအ၀င် ၂၂ ဦး သေဆုံးခဲ့ပါတယ်။
    အဲဒီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ပြီး စစ်သွေးကြွေတွေနဲ့ သူတို့ကို ထောက်ခံအားပေးသူတွေကို အသေပစ်ခတ် ဖမ်းဆီးတာ၊ ထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
    Ref: CNA
  • ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် မီးလောင်၊ လူ ၆၀ ကျော် သေဆုံး
    ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် မီးလောင်၊ လူ ၆၀ ကျော် သေဆုံး
    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media
    – ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာရဲ့ မြို့ဟောင်းဖက်ခြမ်းမှာ မနေ့ညပိုင်းကစလို့ မီးအကြီးအကျယ်လောင်မှု ဖြစ်ပွားခဲ့ပြီး လူ သေဆုံးမှုတွေလည်း တော်တော်များများ ရှိနေပါတယ်။
    ချောက်ဘဇားရပ်ကွက်က ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ ၄ ထပ်တိုက်မှာ မနေ့ည ၁၀ နာရီလောက်က စတင်လောင်ကျွမ်းတာဖြစ်ပြီး အနည်းဆုံး ၆၉ ဦး သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ်မီးသတ်က ထုတ်ပြန်ထားပါတယ်။ မီးကို ကြာသာပတေးနေ့ မနက်ပိုင်းအထိ ငြှိမ်းသက်နေရဆဲ ဖြစ်ပါတယ်။
    မီးသတ်တပ်ဖွဲ့အကြီးအကဲ အလီ အဟ်မဒ်က မီးဟာ ဂက်စ်အိုးပေါက်ရာကနေ ဓာတ်တုပစ္စည်းတွေကို ကူးစက်လောင်ကျွမ်းသွားတာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူက ၅၀ လောက်ရှိပြီး စိုးရိမ်ရတဲ့သူတွေ ရှိတာကြောင့် သေဆုံးသူ ထပ်မံ မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
    ဘင်္ဂလားဒေ့ရှ်က အဆောက်အဦးတွေ တော်တော်များများဟာ လူနေရုံသာမက စီးပွားရေးအတွက်ပါ အသုံးပြုတာကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေနဲ့ ညီညွတ်ခြင်း မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
    ၂၀၁၀ ခုနှစ်ကလည်း ဒါကာမြို့က အဆောက်အအုံဟောင်းတစ်ခု မီးလောင်မှုကြောင့် လူ ၁၂၀ ကျော် သေဆုံးခဲ့ပြီး မြို့ရဲ့အဆိုးဝါးဆုံး ဖြစ်ရပ်ဆိုးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
    Ref: Aljazeera