News @ M-Media

Tag: Bangladesh

  • ၂၀၁၆ အကြမ်းဖက်မှုတွင် ပါဝင်သူ ၇ ဦးကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး

    ၂၀၁၆ အကြမ်းဖက်မှုတွင် ပါဝင်သူ ၇ ဦးကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး

    နိုဝင်ဘာ ၂၈၊ ၂၀၁၉
    M-Media

    -၂၀၁၆ ခုနှစ် မြို့တော်ဒါကာ သံတမန်ရပ်ကွက်က ကော်ဖီဆိုင်တစ်ခု အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း ပါဝင်သူ ၇ ဦးကို ဘင်္ဂလားဒေ့ရှ်က မနေ့မှာ သေဒဏ်တွေ ချမှတ်လိုက်ပါတယ်။

    ဇူလိုင်လ ၁ ရက် Holey Artisan Bakery ကော်ဖီဆိုင်ကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်မှုအတွင်း ၂၂ ဦး သေဆုံးခဲ့ပြီး ၁၇ ဦးက နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

    ဒါကာ အကြမ်းဖက်တိုက်ဖျက်ရေး အထူးခုံရုံးက တရားသူကြီး မိုဟာမက် မာဂျီဘူး ရဟ်မန်က ကျူးလွန်သူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ မတည်မငြိမ်ဖြစ်အောင် လုပ်ချင်နေပြီး ဂျီဟတ်နိုင်ငံတစ်ခု တည်ထောင်ချင်နေကြောင်း၊ သူတို့ရဲ့ လုပ်ရပ်တွေဟာ အများပြည်သူ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် မ‌သေမချင်း ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချလိုက်ကြောင်း အမိန့်စာ ဖတ်ကြားခဲ့ပါတယ်။

    အမိန့်ချမှတ်မှုအတွင်း သံသယရှိသူ ၁ ဦးကိုတော့ သက်သေမခိုင်လုံတဲ့အတွက် တရားသူကြီးက တရားသေ လွှတ်ပေးခဲ့ပါတယ်။ အဲဒီ ၈ ဦးဟာ အစိုးရက ပိတ်ပင်ထားတဲ့ လက်နက်ကိုင်အဖွဲ့ Jamaatul Mujahideen Bangladesh (JMB) က အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။

    မနေ့ကချမှတ်ခဲ့တဲ့ သေဒဏ်ကို ဘင်္ဂလားဒေ့ရှ် တရားရေးအသိုင်းအဝိုင်းကလည်း ကြိုဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာနိုင်ငံလာမည်

    ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာနိုင်ငံလာမည်

    နိုဝင်ဘာ ၂၈၊ ၂၀၁၉
    M-Media


    ဗိုလ်ချုပ် အဇစ် အဟ်မဒ်

    -နှစ်နိုင်ငံ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေဖို့အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အဇစ် အဟ်မဒ် ဒီဇင်ဘာအစောပိုင်းမှာ မြန်မာနိုင်ငံကို တစ်ပတ်တာ လာရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

    မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ နှောင့်နှေး ကြန့်ကြာနေတာကောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အပြန်အလှန်ပြစ်တင်ပြောဆိုမှုတွေ ရှိနေတာပါ။

    ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်တွင်းဆက်ဆံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး အဘ်ဒူလာ ဘင် ဇာဟစ်က စစ်တပ်အကြီးအကဲရဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်မှုဟာ ရှိပြီးသား စစ်ဖက်ဆက်ဆံရေး တိုးတက်စေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတွေ ရှာဖွေဖို့ဖြစ်ကြောင်း ရိုဟင်ဂျာကိစ္စနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “ရိုဟင်ဂျာကိစ္စက နိုင်ငံခြားရေးဝန်ကြီးဌာန ကိစ္စပါ။ ကျွန်တော်တို့အကြီးအကဲ လည်ပတ်မှာက နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းစေဖို့ ဖြစ်ပါတယ်”

    ဒါပေမယ့် ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက သီးသန့်ညွှန်ကြားတဲ့ကိစ္စဆိုရင်တော့ မြန်မာနိုင်ငံခရီးစဉ်မှာ ထည့်သွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ‌ဇာဟစ်က ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ အပြန်အလှန် လေ့ကျင့်ပေးရေးအပါအဝင် ဆက်ဆံရေးပိုမိုအားကောင်းစေဖို့ ကျွန်တော်လည်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်”

    ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာနိုင်ငံကိုသွားရောက်မှုဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကမ္ဘာရဲ့ တိုက်တွန်းအားပေးမှုကို အားနည်းစေလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် နိုင်ငံရေးသုတေသီတစ်ချို့က သုံးသပ်ခဲ့ကြပါတယ်။

    Ref: AA.com

  • မိန်းကလေးငယ်တစ်ဦးကို မီးရှို့သတ်သည့် မွတ်စလင်ဘာသာရေးဆရာနှင့် အပေါင်းအပါ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်က သေဒဏ်ပေး

    မိန်းကလေးငယ်တစ်ဦးကို မီးရှို့သတ်သည့် မွတ်စလင်ဘာသာရေးဆရာနှင့် အပေါင်းအပါ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်က သေဒဏ်ပေး

    အောက်တိုဘာ ၂၄၊ ၂၀၁၉
    M-Media

    -ဆယ်ကျော်သက် အမျိုးသမီးငယ်ကို မီးရှို့သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ ဗလီဆရာနဲ့ အပေါင်းအပါ ၁၆ ဦးကို ဘင်္ဂလာဒေ့ရှ်က ဒီကနေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

    နိုင်ငံအရှေ့တောင်ပိုင်း ဖီနီမြို့က Sonagazi Islamia Senior Fazil ဆိုတဲ့ မဒ်ရာဆာ ဘာသာရေးစာသင်ကျောင်းမှာ အသက် ၁၈ နှစ်အရွယ် နူဆရတ် ဂျာဟန်ဟာ ဧပြီလက မီးရှို့သတ်ဖြတ်ခံလိုက်ရတာပါ။ သတ်ဖြတ်မှုကို မွတ်စလင်ဘာသာရေးဆရာ ဆီရဂျ်ဒေါင်လာရဲ့ အပေါင်းအပါတွေက ကျူးလွန်ခဲ့တာဖြစ်ပြီး၊ လိင်စော်ကားမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါင်လာက သတ်ဖြတ်ခိုင်းခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဘာသာရေးဆရာဒေါင်လာဟာ ဂျာဟန်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်ခဲ့ပြီး ဂျာဟန်က ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရာမှာ မကျေနပ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးကာ သတ်ဖြတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

    ဒီအမှုအတွက် ဖမ်းဆီးခံထားရသူတွေထဲမှာ ၁၂ ဦးက သူတို့ကျူးလွန်ကြောင်း ဝန်ခံခဲ့ကြပါတယ်။ အစိုးရရှေ့နေအဖွဲ့က ခေါင်းဆောင် ဟာဖစ်ဇ် အဟ်မဒ်က ပြစ်ဒဏ်ချမှတ်မှုကို ကြိုဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ ရာဇဝတ်ဘေး ဘယ်သူမှ ပြေးမလွတ်ဘူးဆိုတာ သက်သေပြလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ ကျွန်တော်တို့တိုင်းပြည် တရားရေးစနစ်ရဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်”

    ဂျာဟန်ရဲ့ အစ်ကိုဖြစ်သူ မဟ်မူဒူလ် ဟာဆန် နိုမန်ကလည်း ပြစ်ဒဏ်အတွက် ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီသတ်ဖြတ်မှုဖြစ်ပွားပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက်အပြစ်ပေးရေး ပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

    မီးရှို့မှုကြောင့် ကြိုးတွေပြတ်ကာ ဂျာဟန်လွတ်မြောက်လာခဲ့ပြီး သူမကို ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ ပြောပြနိုင်ခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတာကြောင့် ဂျာဟန်ဟာ အခင်းဖြစ်ပွားပြီး ၅ ရက်အကြာ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

    Ref: Reuters

  • တမန်တော်ကိုစော်ကားသည့်ပို့စ်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြမှုဖြစ်၊ ၄ ဦးသေဆုံး

    တမန်တော်ကိုစော်ကားသည့်ပို့စ်ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြမှုဖြစ်၊ ၄ ဦးသေဆုံး

    အောက်တိုဘာ ၂၁၊ ၂၀၁၉
    M-Media

    -တမန်တော် မုဟမ္မဒ်ကိုစော်ကားပြောဆိုတဲ့ Facebook ပို့စ်တစ်ခုကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးကာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက တည်တည်ငြိမ်ငြိမ်ရှိကြဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။

    ဟိန္ဒူအမျိုးသားတစ်ဦးက တမန်တော်ကို ဆိုရှယ်မီဒီယာမှာ စော်ကားရေးသားတယ်ဆိုတဲ့သတင်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် နိုင်ငံရဲ့ အကြီးဆုံး ဘိုလာကျွန်းက ‌ဘိုရ်ဟာနူဒင်မြို့မှာ လူပေါင်း ၂၀၀၀၀ လောက်က စနေနေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

    အဲဒီ ဟိန္ဒူအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ဘာသာ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပြီး ဆန္ဒပြလူအုပ်ကတော့ အဲဒီလူကို ကွပ်မျက်ဖို့ တောင်းဆိုခဲ့ပါတယ်။

    ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး၊ ၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြလူအုပ်ဟာ ခဲလုံးတွေနဲ့ ပစ်တာကြောင့် မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်လည်ပစ်ခတ်ရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ဘိုလာကျွန်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုးမြှင့်ချထားပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ ရှိတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဒေသတွင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောကြားခဲ့ပါတယ်။

    မုသာဝါဒ

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ဘာသာရေးစော်ကားမှုနဲ့ တရားစွဲဆိုခံရတဲ့ ဟိန္ဒူအမျိုးသားဟာ တမန်တော်ကိုစော်ကားတဲ့ပို့စ်ကို တကယ်ရေးတင်တာမဟုတ်ဘဲ သူ့ရဲ့အကောင့်ကို ခိုးယူသွားတဲ့သူတွေက နိုင်ငံအတွင်း ဘာသာရေးတင်းမာမှုဖြစ်လာအောင် လုပ်ဆောင်တာလို့ ပြောကြားခဲ့ပါတယ်။

    “မင်းမဲ့စရိုက်ပုံစံမျိုးဖြစ်လာအောင် Facebook ကနေ ကောလဟာလတွေဖြန့်နေတာကို ကျွန်မတို့ တွေ့ရပါတယ်။ ဒီလူတွေကဘယ်သူတွေလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ပြည်သူတွေအနေနဲ့ သည်းခံကြဖို့ ကျွန်မတောင်းဆိုပါတယ်။ လက်ခမောင်းခတ်ချင်တဲ့ တော‌ကြောင်တွေကိုတော့ ရှာဖွေပြီး ကျွန်မတို့ အရေးယူသွားပါမယ်”

    ဘိုလာဒေသရဲ့ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရှိခ် ဆာဘီရ်ကလည်း စွပ်စွဲခံရတဲ့ ဟိန္ဒူအမျိုးသားဟာ စခန်းကို လာရောက်အဖမ်းခံခဲ့ပြီး သူ့အကောင့် ဟက်ခံရကြောင်း ပြောကြားခဲ့တယ်လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်က နိုင်ငံအရှေ့ပိုင်းမြို့တစ်ခုမှာ ဟိန္ဒူဘုရားကျောင်းတွေကို လူအုပ်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အစ္စလာမ်ဘာသာရဲ့ အထွဋ်အမြတ်နေရာတွေကို ဟိန္ဒူတစ်ဦးက Facebook ကနေ စော်ကားရေးသားတယ်ဆိုတဲ့သတင်းကြောင့် ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာဝင်တစ်ဦးက ကုရ်အာန်ကျမ်းစာကို စော်ကားတဲ့ပို့စ်တစ်ခု ဆိုရှယ်မီဒီယာမှာ လွှင့်တင်မှုကြောင့် ၂၀၁၂ ခုနှစ်ကလည်း ကော့ဇ်ဘဇားခရိုင်က ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်‌တွေ၊ နေအိမ်တွေ၊ အဆောက်အဦးတွေ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပါတယ်။

    ဖျက်ဆီးခံရတဲ့သာသနိကအဆောက်အဦးတွေ အားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရက နောက်ပိုင်းမှာ ပြန်လည်ပြုပြင် တည်ဆောက်ပေးခဲ့ပါတယ်။

    Ref: AFP

  • ကမ္ဘာ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို ဘင်္ဂါလီတွေ ကြီးစိုးတော့မှာလား

    ကမ္ဘာ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို ဘင်္ဂါလီတွေ ကြီးစိုးတော့မှာလား

    အောက်တိုဘာ ၁၅၊ ၂၀၁၉
    M-Media

    -ဘင်္ဂလားဒေ့ရှ်ဟာ ပြည်တွင်းထုတ်သင်္ဘောတွေကို လက်ရှိမှာ အာရှ၊ အာဖရိကနဲ့ ဥရောပက နိုင်ငံပေါင်း ၁၂ နိုင်ငံလောက်ကို တင်ပို့ရောင်းချနေပြီး လာမယ့် ၁၀ စုနှစ်တစ်ခုအတွင်း ကမ္ဘာ့သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ ထိပ်တန်းနေရာတစ်ခု ရောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူအေအီးအခြေစိုက် သင်္ဘောကုမ္ပဏီ Al Rashid က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထိပ်တန်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်း Western Marine Shipyard Limited (WMS) နဲ့ ဆွေးနွေးမှုတွေပြုလုပ်ကာ ကန်ဒေါ်လာ ၆.၈ သန်း တန်ဖိုးရှိတဲ့ ရေနံတင်သင်္ဘော ၂ စင်း ဆောက်လုပ်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

    WMS ဥက္ကဌ ဆိုက်ဖွလ် အစ္စလာမ်က အစိုးရရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ နိုင်ငံရဲ့ ‌ပို့ကုန်ပုံစံ ပြောင်းလဲမှုမှာ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီကဏ္ဍမှာ အဓိကပြဿနာက စီမံကိန်းကြီးတွေ လုပ်ဆောင်ဖို့အတွက် အရင်းအနှီး လိုအပ်တာပါ။ ဘဏ်တွေ၊ ဘဏ္ဍာရေးလုပ်ငန်းတွေက ရှေ့ထွက်လာပြီး ပါဝင်ကူညီပေးမယ်ဆိုရင် ပြည်တွင်းနဲ့ ပြည်ပကနေ အမှာတွေ ပိုရလာနိုင်ပါတယ်”

    ဘင်္ဂလားဒေ့ရှ် သင်္ဘောကျင်းများအဖွဲ့ AEOSIB ရဲ့ ဥက္ကဌ အဘ်ဒူလာဟီ ဘာရီက ဘင်္ဂလားဒေ့ရှ်ကထုတ်လုပ်တဲ့ သင်္ဘောတွေဟာ အိန္ဒိယ၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ဂျာမနီနဲ့ အာဖရိကနိုင်ငံအချို့ကို တင်ပို့နေရပြီး အလားအလာကောင်းတွေ အများကြီးရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ သင်္ဘောကျင်းပေါင်း ၁၀၀ ကျော်လောက် ရှိနေပြီး ပြည်တွင်းနဲ့ ပြည်ပစျေးကွက်အတွက် သင်္ဘောအရွယ်အစားပေါင်းစုံကို ထုတ်လုပ်နေပါတယ်။ အဲဒီအထဲမှာ သင်္ဘောကျင်း ၁၂ ခုက နိုင်ငံတကာရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မယ့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ဘာရီက အစိုးရနဲ့ ပုဂ္ဂလိကတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ နောက်ထပ် ၅ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း ရွှေခေတ်ကာလကို ရောက်ရှိလာတော့မယ်လို့ သုံးသပ်ခဲ့ပါတယ်။

    “စီစဉ်ထားတဲ့အတိုင်းသာ သွားမယ်ဆိုရင် လာမယ့် ၅ နှစ်အတွင်း ကျွန်တော်တို့ရဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကနေ ရရှိမယ့်ဝင်ငွေဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လာပါလိမ့်မယ်”

    ဆော်ဒီနဲ့ ယူအေအီးအပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်တာကြောင့် နိုင်ငံရဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ ပိုမို အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ဘာရီက ဆိုပါတယ်။

    ဘာရီဦးစီးတဲ့ Ananda သင်္ဘောကျင်းဟာ လက်ရှိမှာ ကုန်တင်သင်္ဘောတွေ တည်ဆောက်ကာ ဂျာမနီနိုင်ငံကို တင်ပို့နေပြီး ဥရောပစျေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တစ်ရိပ်ရိပ် တက်လာခဲ့ပြီး ကမ္ဘာ့အထည်ချုပ်လုပ်ငန်းမှာလည်း တရုတ်နိုင်ငံကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့အထိ ဖြစ်လာပါတယ်။

    Ref: Arab News