News @ M-Media
Tag: Bangladesh
  • ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်တပ်တိုးချမှုမှာ အကြမ်းဖက်သတင်းကြောင့်ဟု မြန်မာပြော
    ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စစ်တပ်တိုးချမှုမှာ အကြမ်းဖက်သတင်းကြောင့်ဟု မြန်မာပြော
    မတ် ၂၊ ၂၀၁၈
    M-Media
    – ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ တပ်တွေချထားတာဟာ အကြမ်းဖက်တိုက်ဖျက်ရေးအတွက် ဖြစ်တယ်လို့ မြန်မာနိုင်ငံက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
    ရိုဟင်ဂျာဒုက္ခသည် ၆၀၀၀ လောက် ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားထဲက ဒေသအနီးမှာ  မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၀၀ လောက်ကို ကြာသာပတေးနေ့မှာ ထပ်တိုးချထားခဲ့တာပါ။
    ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်ဖက်က ဝေဖန်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကိုလည်း မနေ့က ခေါ်ယူသတိပေးခဲ့ပါတယ်။ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီကိစ္စအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ရိုဟင်ဂျာတွေရှိနေတဲ့ အဲဒီဒေသဟာ တရားဝင်သတ်မှတ်ချက်အရ မြန်မာပိုင်နက်ဖြစ်ပေမယ့် နယ်စပ်ခြံစည်းရိုးရဲ့ အပြင်ဘက်မှာ ရှိနေတာကြောင့် ‘ဘယ်သူမှမပိုင်တဲ့မြေ’ (no man’s land) အဖြစ် ဖော်ပြခံရပါတယ်။
    “အကြမ်းဖက်ဝါဒ အထူးသဖြင့် အာဆာလှုပ်ရှားမှုနဲပတ်သက်ပြီး ရရှိတဲ့ သတင်းအချက်အလက်ကို အခြေခံကာ ကျွန်တော်တို့ ဒီလိုဆောင်ရွက်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို စိတ်အနှောက်ဖြစ်စေဖို့ မရည်ရွယ်ပါဘူး” လို့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဖက်ကတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ အဲဒီနေရာကနေ ချက်ခြင်းဆုတ်ပေးဖို့ တိုက်တွန်းထားပါတယ်။ စစ်သားတွေဟာ no man’s land က ရိုဟင်ဂျာတွေကို ဖယ်ရှားပေးဖို့အတွက် လော်စပီကာနဲ့ သတိပေးခဲ့တယ်လို့လည်း သတင်းတွေ ထွက်ထားပါတယ်။
    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေ စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သန်းဝက်ကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
    စစ်ဆင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်ပြည်သူ့စစ်တွေဟာ ရိုဟင်ဂျာအရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်တပ်တို့ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။
    ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားကြပေမယ့် အခုအချိန်အထိတော့ ဒီလုပ်ငန်းစဉ်ဟာ အကောင်အထည် ပေါ်မလာသေးပါဘူး။
    Ref: Aljazeera
  • မသန်စွမ်းသူ ၁ သန်းခွဲကို လာမည့်နှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့ကြေးပေးမည်
    မသန်စွမ်းသူ ၁ သန်းခွဲကို လာမည့်နှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့ကြေးပေးမည်
    ဖေဖော်ဝါရီ ၁၊ ၂၀၁၈
    M-Media
    – ၂၀၁၃ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်း၌ ပါဝင်သော မသန်စွမ်းသူများကို လာမည့်နှစ်မှစ၍ ထောက်ပံ့ကြေးပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေငြာလိုက်သည်။
    လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ မသန်စွမ်းသူ ၈၁၅၀၀ မှာ အစိုးရထံမှ ထောက်ပံ့ကြေးများ ရရှိနေသည်။
    “မသန်စွမ်းသူများ သာယာဝပြောရေး အက်ဥပဒေ၊ ၂၀၁၃ ခုနှစ် မသန်စွမ်းသူများအား ကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအက်ဥပဒေတို့ကို အတည်ပြုပြီးတဲ့နောက် အစိုးရဟာ နိုင်ငံအတွင်းမှာနေထိုင်တဲ့ မသန်စွမ်းသူ ၁.၅၁ သန်း လောက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့တွေအားလုံးကို နောက်နှစ်ကနေစပြီး ထောက်ပံ့ကြေးပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် လူမှုဖူလှုံရေးဝန်ကြီး ဇီလာရဟ်မန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ဒါကာတွင် ပြုလုပ်ခဲ့သည့် မသန်စွမ်းသူ ကလေးငယ်များအား စွမ်းအားမြှင့်တင်ပေးရေးဆိုင်ရာ စီမံကိန် ဖော်ဆောင်မှု အခမ်းအနားတွင် ဇီလာရဟ်မန်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
    ကလေးငယ်များ၏ မသန်စွမ်းမှုများကို စောလျင်စွာ သိရှိနိုင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား စွမ်းဆောင်ရည် မြှင့်တင်ပေးရေး ရည်ရွယ်သည့် အဆိုပါ စီမံကိန်းကို ယူနီဆက်ဖ်နှင့် Shuchona ဖောင်ဒေးရှင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
    ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူ အဘ်ဒူလ် ကလမ် အဇဒ်က မသန်စွမ်းသူများအား အထူးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် အဖွဲ့တစ်ခုကို လေ့ကျင်ပျိုးထောင်ပေးနေသည်ဟု ပြောကြားခဲ့သည်။
    ဘင်္ဂလာဒေ့ရှ် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ၁၆ သန်းမှာ မသန်စွမ်းသူများဖြစ်သည်ဟု စာရင်းများအရ သိရသည်။
    Ref: Alarabiya
  • ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ကြိုဆိုလက်ခံထားတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
    ပုပ်ရဟန်းမင်းကြီးဟာ လွန်ခဲ့တဲ့ ၂ လအရင်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို သုံစွဲတာမျိုး၊ သူတို့အပေါ်မှာ စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ပြုမူတာတွေကို လူသိရှင်ကြား ဝေဖန်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။
    ဒါပေမယ့် ဘင်္ဂလာဒေ့ရှ်ကို သွားရောက်တဲ့အခါမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တစ်ချို့နဲ့ တွေ့ဆုံကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
    မနေ့က ဘင်္ဂလားဒေ့ရှ်ဝန်ကြီချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာတွေရဲ့ ဆိုးရွားလှတဲ့ ထိခိုက်ခံစားရမှုတွေအတွက် မျှတပြီး၊ တည်တံ့တဲ့ အဖြေတစ်ခုရမယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref : VOA
  • အမျိုးသမီးများ အိမ်ပြင်ထွက် အလုပ်မလုပ်ရဟု ဖသ်ဝါထုတ်သည့် ဗလီဆရာကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
    အမျိုးသမီးများ အိမ်ပြင်ထွက် အလုပ်မလုပ်ရဟု ဖသ်ဝါထုတ်သည့် ဗလီဆရာကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media
    – အမျိုးသမီးများ အိမ်ပြင်ထွက်၍ လယ်ယာလုပ်ငန်းများတွင် လုပ်ငန်းကိုင်မှုကို တားမြစ်သော ဖသ်ဝါဓမ္မသတ် ထုတ်ပြန်သည့် ဗလီဆရာနှင့် အပေါင်းအပါများကို ဘင်္ဂလားဒေ့ရှ်က ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    ဖမ်းဆီးခံရသူများမှာ နိုင်ငံအနောက်ပိုင်း ကူမာခါလီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှ ရှေ့ဆောင်အီမာမ်နှင့် ဗလီဂေါပက ၅ ဦး ဖြစ်သည်။
    “သောကြာနေ့ ၀တ်ပြုဆုတောင်းပြီးတဲ့နောက် သူတို့ဟာ အမျိုးသမီးတွေ အိမ်ပြင်ထွက်အလုပ်မလုပ်ရဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ဗလီက လော်စပီကာတွေသုံးပြီး အဲဒီဆုံးဖြတ်ချက်ကို ညနေပိုင်းမှာ ကြေငြာခဲ့ပါတယ်” ဟု ဒေသတွင်း ရဲတပ်ဖွဲ့အကြီးအကဲ အဘ်ဒူလ် ခါလစ်က ပြောကြားခဲ့သည်။
    မွတ်စလင်အများစုရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးမစွက်သည့်ပုံစံဖြင့် နိုင်ငံကို တည်ထောင်ထားသော်လည်း မွတ်စလင်ဗလီဆရာများမှာ အထူးသဖြင့် ကျေးလက်တောရွာများရှိ ပြည်သူများအပေါ် သြဇာညောင်းလေ့ ရှိသည်။
    ဗလီဆရာများ ဖသ်ဓမ္မသတ်ထုတ်ကာ နိုင်ငံ၏ ဥပဒေရေးရာတွင် ၀င်ရောက်စွက်ဖက်မှုကို ဘင်္ဂလားဒေ့ရှ် ၂၀၀၁ ခုနှစ်တွင် တားမြစ်ပိတ်ပင်ခဲ့သော်လည်း တရားရုံးချုပ်က ပြစ်ဒဏ်မပါသော ပုဂ္ဂိုလ်ရေးရာနှင့် ဘာသာရေးရာ ဓမ္မသတ်များကို ထုတ်ပြန်ခွင့်ရှိသည်ဟု ၂၀၁၁ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။
    လူ့အခွင့်အရေးအဖွဲ့များက ဘင်္ဂလားဒေ့ရှ် ကျေးလက်တောရွာများရှိ တရားရုံးများမှာ နိုင်ငံဥပဒေနှင့် ဆန့်ကျင်သည့် ဖသ်ဝါဓမ္မသတ်များကို အခြေခံကာ ဆုံးဖြတ်လေ့ရှိသည်ဟု ဝေဖန်ခဲ့ကြသည်။
    ဘင်္ဂလားဒေ့ရှ်ရှိ ကျေးလက်တောရွာများတွင် အမျိုးသမီးများမှာ များသောအားဖြင့် အလုပ်ထွက်လုပ်လေ့မရှိသော်လည်း နိုင်ငံအတွင်း လုပ်သားပြတ်လတ်မှုကြောင့် ပြီးခဲ့သည့်နှစ်များတွင် သန်းနှင့်ချီသော ဘင်္ဂလားဒေ့ရှ်အမျိုးသမီးများမှာ လယ်ယာလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လာကြသည်။
    Ref: Arab News
  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံအားပေး
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံအားပေး
    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media
    – ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ မြို့တော်ဒါကာမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံခဲ့ပြီး ကမ္ဘာကြီးက လစ်လျူရှုထားမှုအပေါ် ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
    မြန်မာနိုင်ငံက ထွက်ပြေးလာရပြီး ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ၁၈ ဦးကို မြို့တော်ဒါကာက ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးရဲ့ အိမ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
    သူတို့ရဲ့ ထိခိုက်ခံစားရမှုတွေကိုလည်း ပုပ်ရဟန်းမင်းကြီး နားထောင်ခဲ့ကာ မြန်မာနိုင်ငံမှာ ရှောင်ရှားခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုလည်း အသုံးပြုခဲ့ပါတယ်။
    “ဒီကနေ့ ဘုရားသခင် တည်ရှိမှုကို ရိုဟင်ဂျာလို့လည်း ခေါ်ပါတယ်”
    ရိုဟင်ဂျာတွေကို ကောင်းချီးပေးခဲ့ပြီးတဲ့နောက် ညှင်းပမ်းနှိပ်စက်သူတွေ၊ နာကျင်စေသူတွေ၊ ကမ္ဘာကြီးက လစ်လျူရှုထားမှုတွေကို ခွင့်လွှတ်ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။
    “သင်တို့အတွက် ကျွန်ုပ်တို့ အများကြီး မလုပ်ပေးနိုင်ပေမယ့် သင်တို့ရဲ့ ဖြစ်ရပ်ဆိုးတွေအတွက် ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ နက်နက်နဲနဲ ခံစားရပါတယ်။ သင်တို့ကို ညှင်းပမ်းနှိပ်စက်ခဲ့တဲ့သူတွေ၊ နာကျင်အောင်လုပ်ခဲ့တဲ့သူတွေ၊ ကမ္ဘာကြီးက လစ်လျူရှုထားမှုတွေအတွက် ခွင့်လွှတ်ပေးပါလို့ ကျွန်ုပ် တောင်းဆိုပါရစေ။ သဘောထားကြီးတဲ့ သင်တို့အနေနဲ့ ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်”
    ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆုတောင်းနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ
    ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေ အသိအမှတ်ပြုခံရတဲ့အထိ ဆက်လက် ကြိုးပမ်းသွားဖို့လည်း ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။
    မြန်မာနိုင်ငံက ကက်သလစ်အသင်းတော် အကြီးအကဲတွေက မေတ္တာရပ်ခံမှုကြောင့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ပါဘူး။
    မနေ့က ဘင်္ဂလားဒေ့ရှ်ကို ရောက်ရောက်ချင်းမှာပဲ ပုပ်ရဟန်မင်းကြီးက ရိုဟင်ဂျာကိစ္စကို ပြောကြားခဲ့ပြီး သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ဖြရှင်းပေးရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးထားတဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ်ကို ချီးကျူးခဲ့ပါတယ်။
    မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်းမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို အလေးထားကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။
    Ref: US News