News @ M-Media
Tag: Bangladesh
  • ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာကို ပုပ်ရဟန်မင်းကြီး တိုက်တွန်း
    ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာကို ပုပ်ရဟန်မင်းကြီး တိုက်တွန်း
    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    – ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ‘ထိရောက်တဲ့ ဆောင်ရွက်မှုတွေ’ ပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
    မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနေ့မှာ ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလာဒေ့ရှ်သမ္မတ အဘ်ဒူလ်ဟာမစ်၊ အစိုးရတာဝန်ရှိသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက သံတမန်တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို့ ပြောဆိုလိုက်တာပါ။
    ရခိုင်ပြည်နယ်က ဒုက္ခသည်အများအပြားကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရက်ရောမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေအတွက် ချီးကျူးတယ်လို့ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောဆိုခဲ့ပြီး အာရှရဲ့ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာမှာ နိုင်ငံတကာအစိုးရတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ၀ိုင်းဝန်းကူညီရမယ်လို့လည်း ဆိုပါတယ်။
    ပုပ်ရဟန်မင်းကြီးဟာ မိန့်ခွန်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးမပြုခဲ့ဘဲ ‘ရခိုင်ပြည်နယ်က ဒုက္ခသည်များ’ လို့ပဲ ရည်ညွှန်းခဲ့ပါတယ်။
    “အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုအပါအ၀င် ဒုက္ခသည်စခန်းတွေမှာ ပြွတ်သိပ်ကြပ်ညပ်နေပြီး အတောမသတ်နိုင်တဲ့ ဒုက္ခတွေ ခံစားနေရတဲ့၊ ဘ၀အာမခံချက်မရှိတဲ့ ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမတွေရဲ့ ဆိုးဆိုးရွားရွားအခြေအနေကို ဘယ်သူကမှ လစ်လျူရှုထားလို့ မရပါဘူး” လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်း ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေအကြောင်း ထည့်သွင်းပြောဆိုခြင်း မရှိတဲ့အတွက် ပုပ်ရဟန်းမင်းကြီးအပေါ် တက်ကြွလှုပ်ရှားသူတစ်ချို့က ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
    မြန်မာနိုင်ငံက ခရစ်ယာန်ကက်သလစ်အသင်းတော် တာဝန်ရှိသူတွေက ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးလိုက်ရင် နိုင်ငံအတွင်းက ခရစ်ယာန်တွေအပေါ် လူများစု ဗုဒ္ဓဘာသာဝင်တွေက အမြင်မကြည် ဖြစ်လာနိုင်တဲ့အတွက် ဒီအသုံးအနှုန်းကို မသုံးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
    ဗာတီကန်ကတော့ ပုပ်ရဟန်းမင်းကြီးဟာ မကြာသေးခင်ကမှ သံတမန်ဆက်ဆံရေး ရှိထားတဲ့ မြန်မာနိုင်ငံနဲ့ ပေါင်းကူးတံတားထိုးချင်တဲ့အတွက် ဆင်ခြင်ရခြင်းဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။
    Ref: Independent
  • ပထမဆုံး စီးပွားရေးသုံးဂြိုဟ်တုကို ဘင်္ဂလားဒေ့ရှ်က မတ်လတွင် လွှတ်တင်မည်
    ပထမဆုံး စီးပွားရေးသုံးဂြိုဟ်တုကို ဘင်္ဂလားဒေ့ရှ်က မတ်လတွင် လွှတ်တင်မည်
    နိုဝင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    – နိုင်ငံရဲ့ ပထမဆုံး စီးပွားရေးသုံးဂြိုဟ်တုကို ဘင်္ဂလားဒေ့ရှ်က လာမယ့်မတ်လမှာ အာကာသထဲ လွှတ်တင်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။
    Bangabandhu-1 လို့ အမည်ရတဲ့ အဲဒီ ဂြိုဟ်တုကို တည်ဆောက်မှုဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြီးစီးသွားခဲ့ပြီး မတ်လမှာ လွှတ်တင်ဖို့အတွက် အမေရိကန်ကို ပို့ဆောင်သွားမယ်လို့ ပြင်သစ်ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေး အာဏာပိုင်ကော်မရှင် (BTRC) ဥက္ကဌ ရှားဂျဟန်း မဟ်မူဒ်က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။
    နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားတဲ့ အဲဒီဂြိုဟ်တုဟာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ စီမံကိန်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်တာကာ ၂၉၆၇ ကုဋေလောက် ကုန်ကျခဲ့ပါတယ်။ ဂြိုဟ်တုရဲ့ အပြင်ပိုင်း ပုံသဏ္ဍာန်ကိုတော့ ပြင်သစ်က တည်ဆောက်ပေးတာဖြစ်ပါတယ်။
    Bangabandhu-1 ဂြိုဟ်တုဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တာ့ခ်မီနစ္စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တွေ အပါအ၀င် တောင်အာရှနိုင်ငံအားလုံးကို ၀န်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ နိုင်ငံခြား အော်ပရေတာတွေကနေ ဂြိုဟ်တုဆက်သွယ်ရေးကို ၀ယ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။
    အခုဂြိုဟ်တုရဲ့ သက်တမ်းဟာ ၁၅ နှစ် ရှိမှာဖြစ်ပြီး ဂြိုဟ်တုဆက်သွယ်ရေးလိုင်း ရောင်းချမှုကနေ ကန်ဒေါ်လာ ၁ ဘီလီယံ၊ အခြားဝန်ဆောင်မှုတွေကနေ နောက်ထပ် ဒေါ်လာ ၁.၅ ဘီလီယံ ဘင်္ဂလားဒေ့ရှ်က ၀င်ငွေရရှိမှာဖြစ်ပါတယ်။
    REf: The Daily Star
  • ရိုဟင်ဂျာကိစ္စကို မြန်မာနှင့် ဆက်ဆံရေးမထိခိုက်စေဘဲ ဖြေရှင်းမည်ဟု ဘင်္ဂလားဒေ့ရှ်ပြော
    ရိုဟင်ဂျာကိစ္စကို မြန်မာနှင့် ဆက်ဆံရေးမထိခိုက်စေဘဲ ဖြေရှင်းမည်ဟု ဘင်္ဂလားဒေ့ရှ်ပြော
    နိုဝင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    – နိုင်ငံတကာက အာရုံစိုက်နေတဲ့ ရိုဟင်ဂျာပြဿနာမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းကို မထိခိုက်စေဘဲ ဖြေရှင်းသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက မနေ့မှာ ပြောကြားလိုက်ပါတယ်။
    မြို့တော်ဒါကာမှာလုပ်တဲ့ သံတမန်များညီလာခံ (Envoys Conference) အဖွင့်မိန့်ခွန်းမှာ ဟာဆီနာက အခုလို ပြောကြားလိုက်တာဖြစ်ပြီး ​ဒီကိစ္စမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုကို တစ်ခဲနက်ရရှိတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သံတမန်သမိုင်းမှာ မကြုံစဖူးအောင်မြင်မှုဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။
    ‘ငြိမ်းချမ်းရေးနှင့် ပြည်သူများအတွက် သံခင်းတမန်ခင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်တဲ့ အဲဒီညီလာခံမှာ နိုင်ငံပေါင်း ၅၁ နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဘင်္ဂလားဒေ့ရှ် သံအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဒီလိုညီလာခံမျိုးကို ပထမဆုံးအကြိမ် ကျင်းပတာလည်း ဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဟာ ၁၉၈၀ ပြည့်နှစ်တွေကစပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားရတာပါ။
    ဒီဒုက္ခသည်တွေကို နေရပ်ပြန်လည်ပို့ဆောင်ဖို့ ၁၉၉၃ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ သဘောတူညီချက် ရခဲ့ပေမယ့် ပြီးဆုံးအောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိပါဘူး။
    သြဂုတ်လနှောင်းပိုင်းမှာ တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ၆ သိန်း ၂ သောင်းကျော်လောက် ထွက်ပြေးရတဲ့အခါမှာ ဒီကိစ္စကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အာရုံစိုက်လာပါတယ်။
    ဒါနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား တင်းမာမှုတစ်ချို့ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်မှာတော့ ရိုဟင်ဂျာတွေကို နေရပ်ပြန်လည်ပို့ဆောင်ရေး နှစ်နိုင်ငံ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
    Ref: The Daily Star
  • ရိုဟင်ဂျာကိစ္စ နိုင်ငံတကာက ၀င်ပါမှု တရုတ်မလိုလား
    ရိုဟင်ဂျာကိစ္စ နိုင်ငံတကာက ၀င်ပါမှု တရုတ်မလိုလား
    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ
    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာကို နိုင်ငံတကာက ဖြေရှင်းတာထက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့က ဆွေးနွေးညှိနှိုင်းကာ ဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက တရုတ်သံရုံးမှာ အကျဉ်းရုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀မ်ယီက နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အခြေအနေကို ရှုပ်ထွေးအောင်မလုပ်သင့်ဘဲ ကုလလုံခြုံရေးကောင်စီရဲ့ လုပ်ဆာင်မှုတွေဟာ ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ပူးပေါင်းေ
    ဆာင်ရွက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုကနေတစ်ဆင့် ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်က ထောက်ခံပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    ဒီပြဿနာဟာ ရှုပ်ထွေးပြီး ပြီးပြည့်စုံတဲ့ အဖြေတစ်ခု လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပြီး ဒီအတွက် တရုတ်က ကူညီဖို့ အစီအစဉ်ရှိကြောင်းလည်း ၀မ်ယီက ဆိုပါတယ်။
    စောစောပိုင်းမှာ ၀မ်ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာပြဿနာဖြေရှင်းရေး တရုတ်က ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မဟ်မူဒ် အလီက မိမိတို့တိုင်းပြည်ဟာ ဒုက္ခသည်တွေရဲ့ ၀န်ထုပ်ဝန်ပိုးကို မထမ်းနိုင်တာကြောင့် ဒီကိစ္စကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နည်းလမ်း ၂ မျိုးစလုံးနဲ့ ဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တရုတ်နိုင်ငံက ဒီပြဿနာမှာ ဘက်လိုက်မှာမဟုတ်ဘဲ၊ ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်ပြဿနာကို ခါးစီးခံနေရတယ်ဆိုတာကို နားလည်လက်ခံကြောင်း ၀မ်ယီက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    Ref: Reuters
  • စက်ရုပ်များ ၀န်ဆောင်မှုပေးသည့် စားသောက်ဆိုင်တစ်ခု ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး ဖွင့်လှစ်
    စက်ရုပ်များ ၀န်ဆောင်မှုပေးသည့် စားသောက်ဆိုင်တစ်ခု ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး ဖွင့်လှစ်
    နိုဝင်ဘာ ၁၇၊ ၂၀၁၇
    M-Media
    – ဘင်္ဂလားဒေ့ရှ်မှာ စက်ရုပ်တွေ ၀န်ဆောင်မှုပေးတဲ့ ပထမဆုံး စားသောက်ဆိုင်ကို မြို့တော်ဒါကာရဲ့ အဆဒ်ဂိတ်ရပ်ကွက်မှာ ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။
    Mexwel Robot Restaurant လို့ အမည်ပေးထားတဲ့ အဲဒီစားသောက်ဆိုင်ကို ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်တွေနဲ့ တရုတ်အခြေစိုက် စက်ရုပ်အသင်း HZE Electronic Technology Company တို့ ပူးပေါင်းပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။
    လက်ရှိ အဲဒီစားသောက်ဆိုင်မှာ လူသားနဲ့တူညီတဲ့ စက်ရုပ်နှစ်ခုကို ထားရှိပြီး ဆိုင်ဒါရိုက်တာ ရာဟင် ရိုင်ယန်က ဒီအစီအစဉ်ဟာ စားသုံးသူတွေ ပျော်ရွှင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
    “စက်ရုပ်တွေဟာ လူသား စားပွဲထိုးတွေထက် ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုမျိုး ပေးပါလိမ့်မယ်။ နောက်ပြီး ဒီဝန်ဆောင်မှုဟာ အသက်အရွယ်မရွေး အထူးသဖြင့် ကလေးတွေအတွက် ပျော်ရွှင်စရာလည်း ဖြစ်မှာပါ” လို့ ရာဟင်က ပြာကြားခဲ့ပါတယ်
    စားသောက်ဆိုင်မှာ အစားအသောက်တွေကို ဈေးချိုအောင် စီစဉ်ပေးထားပြီး၊ အဆင့်အတန်းမရွေး စားသုံးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Dhaka Tribune