News @ M-Media

Tag: Bangladesh

  • ရိုဟင်ဂျာကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဖက်ကရပ်တည်မည်ဟု ကန်သမ္မတပြော

    ရိုဟင်ဂျာကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဖက်ကရပ်တည်မည်ဟု ကန်သမ္မတပြော

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စအတွက် မိမိအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ ရှိနေပြီး ပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ စဉ်းစားရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တယ်လို့ Dhakatribune သတင်းဌာနက ဖော်ပြပါတယ်။

    “မြန်မာကိစ္စ (ရိုဟင်ဂျာကိစ္စ) နဲ့ပတ်သက်လာရင် ကျွန်တော်က ခင်ဗျားဘက်ကပါ” လို့ မနေ့က ကုလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အဆင့်မြင့်အစည်းအဝေး ‘Reforming the United Nations: Management, Security, and Development’ အပြီး ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံစဉ်မှာ ထရမ့်က ပြောကြားခဲ့တာပါ။

    ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကြည့်ရမှာဖြစ်ကြောင်း ထရမ့်က ထည့်သွင်းပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူလ် ဟက်က ဆိုပါတယ်။

    ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးမှတ်ချက်လည်းဖြစ်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ စီးပွားရေး ကိစ္စတွေအကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျကလည်း တနင်္ဂနွေနေ့က အဘူဒါဘီကနေ နယူးယောက်အသွား လေယာဉ်ပေါ်မှာ ၀န်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ ဆွေးနွေးခဲ့ပြီး ရိုဟင်ဂျာကိစ္စ ဖြေရှင်းရေးမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည်ချက်အတိုင်း လုံးဝရှိနေမယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    UNHCR အကြီးအကဲ ဖိလစ်ပို ဂရန်ဒီက မြန်မာနိုင်ငံက ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်ကို ကူညီဖို့ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က စာရင်းကောက်ယူမှုတွေ လုပ်နေပါတယ်။

    Ref: Dhakatribune

  • ခြိမ်းခြောက်မှုများကြောင့် ဗုဒ္ဓဘာသာအဆောက်အဦးများတွင် ဘင်္ဂလားဒေ့ရှ်က လုံခြုံရေးတိုးမြှင့်

    ခြိမ်းခြောက်မှုများကြောင့် ဗုဒ္ဓဘာသာအဆောက်အဦးများတွင် ဘင်္ဂလားဒေ့ရှ်က လုံခြုံရေးတိုးမြှင့်

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေကို ရရှိတာကြောင့် မြို့တော် ဒါကာမှာရှိတဲ့ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအဆောက်အဦးတွေမှာ ဘင်္ဂလားဒေ့ရှ်က လုံခြုံရေးကို တိုးမြှင့်ချထားလိုက်တယ်လို့ သိရပါတယ်။

    သြဂုတ်လနှောင်းပိုင်းက တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၄ သိန်းဝန်းကျင်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတယ်လို့ ကုလက ပြောကြားထားပါတယ်။

    ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှုအပေါ် ဆန့်ကျင်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်က မွတ်စလင်အဖွဲ့အစည်းတွေဟာ ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြပြီး၊ နိုင်ငံအတွင်းက လူနည်းစု ဗုဒ္ဓဘာသာတွေအပေါ် ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာအသင်းရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ Ashok Barua က စက်တင်ဘာ ၈ ရက်နေ့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ လူတစ်ချို့ဟာ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေအပေါ် လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှာ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် လှုံ့ဆော်ပြီး ရာမူးက ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လက်ရှိ အနေအထားကို စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို ရှုတ်ချဖို့ ဘုန်းကြီးတစ်ပါးကို ဆိုရှယ်မီဒီယာကနေ ဖိအားပေးတယ်ဆိုတဲ့ စွဲချက်နဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ကြာသာပတေးနေ့မှာ လူ ၃ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

    ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေမှာ လုံခြုံရေးတိုးမြှင့်တာ၊ အဆီးအတားတွေချထားတာ၊ စစ်ကားတွေ ချထားတာကိုလည်း ဘင်္ဂလားဒေ့ရှ်က လုပ်ဆောင်ထားပါတယ်။

    Ref: BDnews24

  • မြန်မာဂျာနယ်လစ်နှစ်ဦးကို သူလျှိုမှုဖြင့် ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးထား

    မြန်မာဂျာနယ်လစ်နှစ်ဦးကို သူလျှိုမှုဖြင့် ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးထား

    စက်တင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    ခွန်လတ်(၀ဲ) နှင့် မင်းဇေယျာဦး (ညာ) (Photo credit – Coconut Yangon)

    – ရိုဟင်ဂျာကိစ္စ သတင်းယူဖို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးကို သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

    ဂျာမနီမဂ္ဂဇင်းတစ်ခုအတွက် တာဝန်ထမ်းဆောင်နေတဲ့ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဖြစ်ပြီး ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးရတဲ့ ကော့ဇ်ဘဇယားမှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ဖမ်းဆီးခံလိုက်ရတာပါ။

    သူတို့နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် ရှေ့နေက သူ့အမှုသည်တွေဟာ ဂျာနယ်လစ်ဗီဇာအစား အလည်အပတ်ဗီဇာနဲ့ နိုင်ငံအတွင်း ၀င်ရာက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ‘အတုအပပြုလုပ်ခြင်း’ ‘အချက်အလက်မှားယွင်းခြင်း’ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကော့ဇ်ဘဇားက ရဲချုပ် ရန်ဂျစ် ကူးမားရ် ဘာရူက အဲဒီ ဂျာနယ်လစ်နှစ်ယောက်ကို အဓိက ‘သူလျှိုမှု’ နဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    “သူတို့ဟာ မြန်မာနိုင်ငံအတွက် ရိုဟင်ဂျာတွေဆီကနေ သတင်းအချက်အလက်တွေ ရယူနေပါတယ်” လို့ ကူးမားရ်က ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ဆုရ ဓာတ်ပုံဂျာနယ်လစ်တစ်ဦးလည်း မြန်မာ သတင်းသမားနှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လွတ်လာပါတယ်။

    ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြပြီးတဲ့နောက်ပိုင်း နိုင်ငံတကာက ဂျာနယ်လစ်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စုပြုံရောက်ရှိလာခဲ့ကြပါတယ်။

    မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဟာ ဟမ်းဘတ်အခြေစိုက် Geo အတွက် ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး သတင်းပေးပို့ဖို့ စက်တင်ဘာလအစောပိုင်းမှာ ကော့ဇ် ဘဇားကို ရောက်ရှိလာတာပါ။

    ဒီလို ဖမ်းဆီးထားမှုကို ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဟူးနေ့မှ ကြေငြာတာဖြစ်ပြီး၊ မနေ့က ရုံးတင်ခဲ့ပါတယ်။ ဂျာနယ်လစ်နှစ်ဦးအတွက် အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့တယ်လို့ ရှေ့နေ Jyotirmoy Barua က ပြောပါတယ်။

    Ref: Yahoo

  • ဆစ်ခ်အဖွဲ့တစ်ခုက လဟာပြင်မီးဖိုကြီးဖြင့် ရိုဟင်ဂျာဒုက္ခသည်များအား ကျွေးမွေးမည်

    ဆစ်ခ်အဖွဲ့တစ်ခုက လဟာပြင်မီးဖိုကြီးဖြင့် ရိုဟင်ဂျာဒုက္ခသည်များအား ကျွေးမွေးမည်

    စက်တင်ဘာ ၁၄၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေကို နေ့စဉ် ချက်ပြုကျွေးမွေးမယ့် အစီအစဉ်တစ်ခုကို အိန္ဒိယအခြေစိုက် ဆစ်ခ် ပရဟိတအဖွဲ့ Khalsa Aid က ဒီကနေ့မှာ စတင်လိုက်ပါတယ်။

    Guru ka langar (လဟာပြင်မီးဖိုကြီး) လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရထံကနေ ခွင့်ပြုချက် တောင်းခံခဲ့ရပြီး တစ်နေ့ကို လူပေါင်း ၃၅၀၀၀ လောက်အတွက် အစားအသောက်တွေကို ချက်ပြုတ်ကျွေးမွေးမှာဖြစ်ပါတယ်။

    Khalsa Aid အဖွဲ့ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရောက်ရှိလာခဲ့တာပါ။

    Guru ka langar အစီအစဉ်ကို ရိုဟင်ဂျာဒုက္ခသည်တွေရှိရာ ရှာပူရီကျွန်းမှာ ဆောင်ရွက်မှာဖြစ်ပါတယ်။

    “ဒီနေ့စပြီး ကျွန်တော်တို့ ချက်ပြုတ်မှာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရဆီကနေ ခွင့်ပြုချက်ရပြီးတဲ့နောက်မှာ ဆန်၊ အသီးအနှံနဲ့ အိုးခွက်ပန်းကန်တွေလို လိုအပ်တာတွေကို ဗုဒ္ဓဟူးနေ့မှာ ၀ယ်ယူခဲ့ပါတယ်။ ကနဦးအစီအစဉ်က တစ်နေ့ကို လူ ၃၅၀၀၀ လောက် ကျွေးမွေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒုက္ခသည်အရေအတွက် မြင့်တက်လာတာကို ကျွန်တော်တို့ မြင်နေရပြီး အားလုံးကို ကျွေးမွေးဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် လုပ်နိုင်သလောက် စလုပ်ရမှာပါ” လို့ အဖွဲ့ရဲ့ မန်းနေးဂျင်းဒါရိုက်တာ အေမာရ်ပရစ်တ် ဆင်းက ပြောကြားခဲ့ပါတယ်။

    ဒုက္ခသည်တွေရဲ့ သနားစရာကောင်းတဲ့အခြေအနေတွေ၊ အထူးသဖြင့် ကလေးတွေဟာ ရက်တော်တော်ကြာ မစားရ မသောက်ရ ဖြစ်နေတာက သူတို့ရဲ့ ဒီအစီအစဉ်ကို ဘယ်မှာစတင်မယ်ဆိုတာ ဆုံးဖြတ်ဖို့ အခက်တွေ့ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    “ဒီမှာ ထမင်းကျွေးတယ်ဆိုတာကိုသိရင် လူတိုးမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီမှာ ဒုက္ခသည်က ၃ သိန်းလောက်ရှိတယ်။ လူတိုင်းကို ကျွန်တော်တို့ မကျွေးနိုင်ပေမယ့် စတော့ စရမှာပါ။ ဒီမှာ လူတွေဟာ အစားအသောက် ချို့တဲ့ကြတယ်။ ကလေးငယ်တွေဟာ လမ်းတွေပေါ်မှာထွက်ပြီး တောင်းတာမျိုးတွေ ဖြစ်နေတယ်။ အခြေအနေတွေက ဆိုးရွားနေဆဲပါ”

    ပထမဆုံးနေ့မှာ သူတို့အဖွဲ့ဟာ ထမင်းနဲ့ သီးစုံပဲဟင်း ကျွေးမှာဖြစ်ပြီး၊ လိုအပ်တဲ့ပစ္စည်းတွေကို ၀ယ်ယူတဲ့အခါ ဒေသခံတော်တော်များများက ကူညီကြကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီချင်တဲ့သူတွေရှိသလို၊ မကူညီချင်တဲ့သူတွေလည်း ဒေသခံတွေထဲမှာ ရှိကြောင်း ဆင်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ထမင်းကျွေးမွေးမှုမလုပ်ခင် ဆစ်ခ်ဘာသာအရ ၀တ်ပြုဆုတောင်းမှုလည်း လုပ်မှာဖြစ်ပါတယ်။

    Khalsa Aid အဖွဲ့ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စောစောပိုင်းကလည်း အစေားအသောက်တွေ၊ သောက်ရေတွေ ဝေငှပေးထားပါတယ်။

    Ref : Indiaexpress

  • ရခိုင်ပြည်နယ် အကြပ်အတည်းကို ကြားဝင်ပေးရန် ဘင်္ဂလားဒေ့ရှ် နိုဘယ်ဆုရှင်က ကုလကို တောင်းဆို

    ရခိုင်ပြည်နယ် အကြပ်အတည်းကို ကြားဝင်ပေးရန် ဘင်္ဂလားဒေ့ရှ် နိုဘယ်ဆုရှင်က ကုလကို တောင်းဆို

    စက်တင်ဘာ ၆၊ ၂၀၁၇
    M-Media

    ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်

    – မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို အဆုံးသတ်ရေး ချက်ခြင်း ကြားဝင်ဆောင်ရွက်ပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်က ကုလ လုံခြုံရေးကောင်စီကို မနေ့မှာ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

    “မြန်မာနိုင်ငံရဲ့ ရခိုင်ဒေသမှာ လူသားထုဆိုင်ရာ ဖြစ်ရပ်ဆိုးကြီးနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်လာနေတာဆိုတာကို ခင်ဗျားတို့လည်း သိရှိထားပါတယ်” လို့ အဲဒီစာမှာ ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် ယူနွတ်စ်က ရေးသားခဲ့ပါတယ်။

    ပြည်နယ်အတွင်းမှာ လတ်တလော မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် လူတွေ သေဆုံးရမှုကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

    “သိန်းနဲ့ချီတဲ့လူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ရွာတွေလည်း မီးရှို့ခံရပြီး အမျိုးသမီးတွေ အဓမ္မကျင့်ခံရတာ၊ အရပ်သားတော်တော်များများ တရားလက်လွတ် ဖမ်းဆီးခံရတာ၊ ကလေးတွေ သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။ အရေးအကြီးဆုံးက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေဟာ လုံးဝ ၀င်ရောက်ခွင့်မရတာဖြစ်ပြီး ဒါဟာ တော်တော်လေး ဆင်းရဲတဲ့ အဲဒီဒေသအတွင်း ဆိုးဝါးတဲ့ လူသားချင်းစာနထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ဖြစ်စေပါတယ်” လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြည်နယ်မြောက်ပိုင်းက ရဲကင်းပေါင်း ၃၀ လောက်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုအတွင်း ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာအစိုးရက ရခိုင်တိုင်းရင်းသားတွေကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ပေးထားပြီး တိုက်ခိုက်မှုအတွင်း လူ ၄၀၀ ကျော်လောက် သေဆုံးခဲ့ကာ အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

    ယူနွတ်စ်က ပြီးခဲ့တဲ့ ၁၂ ရက်တာအတွင်းမှာ ရိုဟင်ဂျာ ၁ သိန်း ၂ သောင်းကျော်လောက်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတယ်လို့ ဆိုပါတယ်။

    “ခင်ဗျားတို့ရဲ့ ဆောင်ရွက်မှုတွေ ရှိနေပေမယ့် အခြေအနေက တိုးတက်မလာပါဘူး။ ဒီတစ်ကြိမ်မှာတော့ အပြစ်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ရေး ပြတ်သားတဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့၊ ရခိုင်ပြည်နယ်မှာ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးဖို့ ခင်ဗျားတို့ကို ကျွန်တော် တိုက်တွန်းပါတယ်။ ဒီဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖြစ်ဆိုးတွေကို ရပ်တန့်ကာ၊ ငြိမ်းချမ်းမှု တည်ဆောက်ဖို့ ကုလလုံခြုံရေးကောင်စီရဲ့ ပါဝင်ဆောင်ရွက်မှုကို ကမ္ဘာကြီးက စောင့်မျှော်နေပါတယ်” လို့ ယူနွတ်စ်က စာထဲမှာ ရေးသားခဲ့ပါတယ်။

    ရခိုင်ပြည်နယ် မတည်ငြိမ်မှုနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ရှုတ်ချမှုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခပ်စိတ်စိတ်ဖြစ်လာခဲ့ပြီး နိုဘယ်ဆုရှင် မာလာလာ၊ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီတို့ကလည်း မြန်မာအစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုအတွက် မေးခွန်းထုတ်ခဲ့ကြပါတယ်။

    မိုဟာမက် ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဆင်းရဲနွမ်းပါးသူ ပပျောက်ရေး ထိရောက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်မှုကြောင့် ကမ္ဘာကျော်လာခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

    Ref : Daily Star