News @ M-Media

Tag: Bosnia

  • ၂၇ နှစ်အရင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ဆာ့ဘ်စစ်သားတစ်ဦး ထောင်နှစ် ၂၀ ကျ

    ၂၇ နှစ်အရင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ဆာ့ဘ်စစ်သားတစ်ဦး ထောင်နှစ် ၂၀ ကျ

    အောက်တိုဘာ ၃၁၊ ၂၀၁၉
    M-Media

    -လွန်ခဲ့တဲ့ ၂၇ နှစ်က ဘော့စနီယက်လူမျိုး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာမှာ ပါဝင်သူ ဆာ့ဘ်စစ်သားဟောင်းတစ်ဦးကို ဆာရာယေဗိုတရားရုံးက မနေ့မှာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

    အသက် ၆၄ နှစ်အရွယ် ရာဒိုမီရန် ဆွန်ဂျာဆိုသူဖြစ်ပြီး ပြစ်သစ်နိုင်ငံက ပြီးခဲ့တဲ့နှစ်မှာ လွှဲပြောင်းပေးခဲ့တာပါ။ ဆွန်ဂျာဟာ ၁၉၉၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ဘော့စနီးယားနိုင်ငံအရှေ့ပိုင်း ဗီဆီဂရဒ်မြို့က အိမ်တစ်အိမ်မှာ ဘော့စနီယက် အရပ်သား အနည်းဆုံး ၂၆ ဦးကို မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အို‌တွေအပြင် ၂ ရက်သား ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဟာ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယားစစ်ပွဲမှာ ဘော့စနီယက်တွေ အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    တရားသူကြီး Enida Hadziomerovic က ၁၉၉၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က သတ်ဖြတ်မှုမှာ ဘော့စနီယက် အရပ်သားတွေကို သော့ပိတ်ကာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ မီးရှို့ခဲ့တာဖြစ်ကြောင်း၊ ဆွန်ဂျာဟာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆာ့ဘ်စစ်သားတွေဟာ အိမ်ထဲက‌လူတွေ ထွက်မပြေးနိုင်အောင် အိမ်ရှိရာဘက်ကို ရိုက်ဖယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့လည်း တရားသူကြီးက ဆိုပါတယ်။ အမိန့်ချမှုအတွင်း သေဆုံးသွားသူ တစ်ဦးချင်းစီရဲ့ အမည်တွေကိုလည်း ဖတ်ကြားခဲ့ပါတယ်။

    ဆွန်ဂျာဟာ ဓားပြတိုက်မှု အရပ်သားတွေကို မတရားသဖြင့် ဖမ်းဆီးမှုတွေနဲ့လည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

    ဗီဆီဂရဒ်မြို့က အဲဒီအဖြစ်အပျက်မှာ စုစုပေါင်း အရပ်သား ၅၇ ဦး အိမ်ထဲမှာ ပိတ်လှောင်ခံခဲ့ရတာဖြစ်ပြီး လွတ်မြောက်သွားသူတွေဟာ ဆွန်ဂျာရဲ့အမှုမှာ တရားရုံးကို လာရောက် သက်သေထွက်ဆိုခဲ့ကြပါတယ်။

    ဒီသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆာ့ဘ် စစ်သားတွေထဲက ၂ ဦးကို ၂၀၁၂ ခုနှစ်မှာ The Hague နိုင်ငံတကာ ခုံသမာဓိရုံးက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ပါတယ်။ ဆွန်ဂျာဟာ ပြင်သစ်နိုင်ငံမှာ နှစ်အတော်ကြာ တိမ်းရှောင် နေထိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပြင်သစ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေချုပ်နဲ့ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လမှာတော့ ထပ်မံဖမ်းဆီးကာ ဘော့စနီးယားကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

    ဘော့စနီးယားစစ်ပွဲအတွင်း ဆာ့ဘ်တပ်ဖွဲ့ဟာ ဘော့စနီယက်တွေ၊ ခရိုအက်လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြပါတယ်။ စုစုပေါင်း လူ ၁ သိန်းလောက် သေဆုံးခဲ့ရာမှာ အများစုက ဘော့စနီယက်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • သမိုင်းဖျောက် ဖြိုချခံခဲ့ရသည့် ဘော့စနီးယားရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်

    သမိုင်းဖျောက် ဖြိုချခံခဲ့ရသည့် ဘော့စနီးယားရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်

    မေ ၇၊ ၂၀၁၆
    M-Media

    – ပြည်တွင်းစစ်အတွင်းက ဖျက်ဆီးခံခဲ့ရသည့် ဘော့စနီးယားရှိ ရှေးဟောင်းသမိုင်းဝင် ဗလီဝတ်ကျောင်းတော်ကြီးကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး တစ်ချိန်က ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲခဲ့သော ဘော့စနီးယား လူ့အဖွဲ့အစည်းအတွင်း ပြန်လည် ရင်ကြားစေ့ရေး ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

    ဖာဟာဒီဂျာ (Ferhadija) ဟု အမည်ရသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး ဘော့စနီးယားရှိ ဆာ့ဘ်လူမျိုး အများစုနေထိုင်ရာ ဆာ့ဘ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့တော် ဘန်ဂျာလူကာတွင် တည်ရှိသည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ လာရောက်ခဲ့ကြပြီး လုံခြုံရေးကိုလည်း တင်းကျပ်စွာ ချထားခဲ့သည်။

    ဗလီဝတ်ကျောင်းတော် ပြန်လည်ဆောက်လုပ်မှုတွင် ပါဝင်ကူညီခဲ့သည့် တူရကီနိုင်ငံမှ ၀န်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူမှာ ပရိသတ် ၁၀၀၀၀ ၏ ရှေ့တွင် ဗလီဝတ်ကျောင်းတော်ကို ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ငြိမ်းချမ်းရေးသတင်းစကားဖြစ်သည်ဟု ဆိုသည်။

    “မွတ်စလင်တွေ၊ ကက်သလစ်တွေ၊ အော်သိုဒေါ့စ်တွေနဲ့ ဂျူးတွေ တည်ရှိတဲ့ ဘော့စနီးယား ဟာဇီဂိုဗီနာဟာ ခန္ဓာကိုယ်တစ်ခု၊ နှလုံးသားတစ်ခုရှိတဲ့ လူတစ်ယောက်လိုပါပဲ။ ဒါကို အစိတ်အစိတ်အမွှာမွှာဖြစ်အောင် လုပ်မယ်ဆိုရင်တော့ ဒီနှလုံးသားလည်း ကွဲကြေသွားမှာပါပဲ” ဟု ဆာ့ဘ်ခွဲထွက်ရေးအစွန်းရောက်များ၏ ခြိမ်းခြောက်မှုကို ရည်ညွှန်း၍ ဒါဗူတော့ဂ်လူက ပြောကြားခဲ့သည်။

    ၁၆ ရာစုကတည်းက အောက်တိုမန် ဗိသုကာလက်ရာဖြင့် ဆောက်လုပ်ထားသည့် အဆိုပါ ဗလီတ်ကျောင်းတော်မှာ ယူနက်စကို၏ ရှေးဟောင်းသမိုင်းအမွေအနှစ်စာရင်းတွင် ပါဝင်ခဲ့ပြီး လွန်ခဲ့သည့် ၂၃ နှစ်က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရကာ နောက်ပိုင်းတွင် ကားပါကင်အဖြစ် ပြုလုပ်ခဲ့သည်။

    ဖောက်ခွဲမှုကို ဆာ့ဘ်များက ပြုလုပ်ခြင်းဖြစ်ပြီး တစ်ချိန်က လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်ခဲ့သော ဘော့စနီးယားရှိ မွတ်စလင်တို့၏ သမိုင်းအမွေအနှစ်များကို ဖျောက်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အများစုက ယုံကြည်ကြသည်။

    ထိုဗလီဝတ်ကျောင်းတော်အား ပြန်လည်ဆောက်လုပ်ရန်အတွက် ၂၀၀၁ ခုနှစ်က အုတ်မြစ်ချခဲ့သော်လည်း ဆာ့ဘ်အမျိုးသားရေးဝါဒီများက ထိုဗလီဝတ်ကျောင်းတော်သို့ လာရောက်လည်ပတ်သူများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များအား တိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာဝင်တစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

    ထို့နောက် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ရရန်အတွက် ၁၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရပြီး ယခင်ဖောက်ခွဲဖျက်ဆီးမှုမှ ကျန်ရစ်ခဲ့သော အစိတ်အပိုင်းများကို အနီးအနားရှိ ဗားဘက်စ်မြစ်နှင့် အမှိုက်ပုံများမှ ပြန်လည်ရှာဖွေကာ အသုံးပြုခဲ့သည်။

    ဖာဟာဒီဂျာ ဗလီဝတ်ကျောင်းတော်ဖွင့်လှစ်သည့် ယနေ့ (မေလ ၇ ရက်နေ့) မှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲတွင် နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်ပေါင်း ၆၁၄ လုံး ဖျက်ဆီးခံရသည်ကို အစွဲပြု၍ သတ်မှတ်ထားသော ဘော့စနီးယား ဗလီဝတ်ကျောင်းတော်များနေ့ (Day of the Mosque) လည်းဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်တည်ရှိရာ ဘန်ဂျာလူကာမြို့မှာ စစ်ပွဲအတွင်းက ဆာ့ဘ်များမှ ဘော့စနီယက်မွတ်စလင်များနှင့် ကက်သလစ် ခရိုအက်များကို လူမျိုးတုန်းသတ်ဖြတ်ရာ နေရာလည်းဖြစ်ပြီး ယနေ့တွင် မွတ်စလင်နှင့် ခရိုအက်တို့၏ လူဦးရေမှာ မြို့လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ရှိနေသည်။

    Ref: Reuters

  • လူမျိုးတုန်း သတ်ဖြတ်မှုအတွက့် ဆာ့ဘ်ခေါင်းဆောင်ဟောင်းတစ်ဦးကို ကုလခုံရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်

    လူမျိုးတုန်း သတ်ဖြတ်မှုအတွက့် ဆာ့ဘ်ခေါင်းဆောင်ဟောင်းတစ်ဦးကို ကုလခုံရုံးက ထောင်ဒဏ် နှစ် ၄၀ ချမှတ်

    မတ် ၂၅၊ ၂၀၁၆
    M-Media

    serb

    – ၁၉၉၀ ပြည့်နှစ်များအတွင်း ဖြစ်ပွားခဲ့သော ယခင် ယူဂိုစလားဗီယားစစ်ပွဲမှ ဆရီဘရီနီကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (Srebrenica massacre) နှင့် လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ဘော့စနီးယားမှ ဆာ့ဘ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကာရဒ်ဇ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    The Hague ရှိ နိုင်ငံတကာခုံရုံးမှ ကုလသမဂ္ဂ တရားသူကြီးများက ကာရဒ်ဇစ်အား ပြုလုပ်ထားသည့် စွဲချက် ၁၁ ခုတွင် ၁၀ ခုကို အပြစ်ရှိကြောင်း တွေ့ရှိရသည်ဟု ယမန်နေ့က ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် နှစ် ၄၀ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်း၏ အမှုအား ၅ နှစ်ကြာ စစ်ဆေးခဲ့ရခြင်းဖြစ်သည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အရင်က ဘော့စနီးယားကို လူမျိုးစုများအခြေခံ၍ ခွဲခြားပစ်ခဲ့သော စင်ပြိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့ကာ လူပေါင်း တစ်သိန်းခန့်သေဆုံးခဲ့သည့် ထိုစစ်ပွဲအတွက် ကုလသမဂ္ဂခုံရုံးတွင် အမှုရင်ဆိုင်နေရသူများတွင် အသက် ၇၀ အရွယ်ရှိ ကာရဒ်ဇစ်မှာ ရာထူးအကြီးဆုံးဖြစ်သည်။

    ခုံရုံးတွင် သဘာပတိအဖြစ် ဆောင်ရွက်သော တရားသူကြီး အို-ဂွန် ၀ွန်ကမူ ၁၉၉၂-၁၉၉၅ စစ်ပွဲတွင် ဘော့စနီးယားမြို့ တော် ဆာရာယေဗိုအား ၄၄ လကြာ ပိတ်ဆို့မှုအတွင်း ဆာ့ဘ်တပ်ဖွဲ့အား ကြီးကြပ်သော ကာရဒ်ဇစ်မှာ မျိုးတုန်းသတ်ဖြတ်ခြင်း၊ လူသတ်မှု၊ အရပ်သားများအား တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်မှုများအတွက် ရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိသူတစ်ဦး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ နိုင်ငံရေးရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် မြို့အတွင်းရှိ အရပ်သားများအား ပစ်မှတ်ထားကာ စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းတို့ကို အသုံးပြုခဲ့သည်ဟုလည်း တရာသူကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘော့စနီးယားမှ ၁၀ နှစ်အရွယ် လူငယ်လေး အသက်အငယ်ဆုံး ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်သူဖြစ်လာ

    ဘော့စနီးယားမှ ၁၀ နှစ်အရွယ် လူငယ်လေး အသက်အငယ်ဆုံး ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်သူဖြစ်လာ

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    bos

    – ဘော့စနီးယားမှ အသက် ၁၀ နှစ်အရွယ် မွတ်စလင်လူငယ်လေးတစ်ဦးမှာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ကျက်မှတ်နိုင်ခဲ့ပြီး နိုင်ငံအတွင်း အသက်အငယ်ဆုံး ဟာဖစ်ဇ် (ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်သူ) ဖြစ်လာခဲ့သည်။

    “ကျွန်တော့်ရဲ့သား အဘ်ဒူရဟ်မန်ဟာ ကုန်အာန်ကျမ်းတော်မြတ်ရဲ့ ပထမဆုံးစာမျက်နှာကို ၃ ရက်နဲ့ အလွတ်ကျက်နိုင်ခဲ့ပါတယ်” ဟု ထိုကလေးငယ်၏ ဖခင်ဖြစ်သူ ဟမ်ဇာလီယာ တာဘာကိုဗစ်က World Bulletin သတင်းဌာနသို့ အောက်တိုဘာ ၆ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    အဘ်ဒူရဟ်မန်မှာ ကုရ်အာန်ကျမ်းတော်မြတ်ကို လွန်ခဲ့သည့် ၃ နှစ်မှစ၍ ကျက်မှတ်ခဲ့ပြီး၊ သားဖြစ်သူ၏ အစွမ်းအစကို သိသည့် တာဘာကိုဗစ်က ဒေသတွင်းရှိ ကုရ်အာန်သင်ကြားရေးကျောင်းသို့ ပို့ဆောင်အပ်နှံခဲ့သည်။

    အောင်မြင်သော ဟာဖစ်ဇ်တစ်ယောက်ဖြစ်ရန်အတွက် ပေးဆပ်မှုများကို ပြင်ဆင်ထားရမည်ဟု အဘ်ဒူရဟ်မန်က ပြောကြားခဲ့သည်။

    “ဟာဖစ်ဇ်တစ်ယောက်ဖြစ်ဖို့အတွက် ပေးဆပ်ရပါတယ်။ ကျမ်းတော်မြတ်ရဲ့ အချို့အစိတ်အပိုင်းတွေကို ကျွန်တော်
    ကျက်မှတ်ရခက်တာမျိုး ရှိခဲ့ပါတယ်။ ဒါအတွက် သူငယ်ချင်းတွေနဲ့ ကုန်ဆုံးရမယ့်အချိန်ကို ပေးဆပ်ပြီး ကျက်မှတ်ခဲ့ရပါတယ်”

    အတန်းပညာတွင် ၅ တန်းရောက်ပြီဖြစ်သည့် ၎င်းက အနာဂတ်တွင် အစ္စလာမ့်ရေးရာများကို သင်ယူလေ့လာရန် ဆန္ဒရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ကလေးငယ်များအား ငယ်ရွယ်စဉ်အခါတွင် ကုရ်အာန်ကျမ်းတော်မြတ်နှင့် အစ္စလာမ့်၏ စည်းမျဉ်းစည်းကမ်းများကို သင်ပေးမှုမှာ အစ္စလာမ်ဘာသာဝင် မိဘတိုင်းအတွက် အရေးကြီးသော တာဝန်ဝတ္တရားဖြစ်သည်ဟု သာသနာက သတ်မှတ်ထားသည်။

    လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော် စတင်ကျရောက်သည့် အချိန်မှစ၍ ယခုအချိန်အထိ ဗျည်းတစ်လုံး၊ သရတစ်လုံး အပြောင်းအလဲမရှိသည့် ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ခြင်းမှာ ကျမ်းတော်မြတ်အား ထိန်းသိမ်းမှုနည်းလမ်းများထဲမှ တစ်ခုလည်းဖြစ်သည်။

    တမန်တော် မုဟမ္မဒ်သခင်ကလည်း “အသင်းတို့ထဲ၌ အမွန်မြတ်ဆုံးသောသူမှာ ကုရ်အာန်ကျမ်းတော်မြတ်အား သင်ယူပြီးသကာလ တစ်ခြားသူများအား ပြန်လည်သင်ကြားပို့ချပေးသောသူဖြစ်သည်” ဟု မိန့်မှာခဲ့သည်။

    Ref: Onislam

  • ဘော့စနီးယား စစ်ရာဇ၀တ်မှုအတွင်း ပါဝင်ခဲ့သူ ဘော့စနီးယန်းများကို အမေရိကန် နှင်ထုတ်မည်

    ဘော့စနီးယား စစ်ရာဇ၀တ်မှုအတွင်း ပါဝင်ခဲ့သူ ဘော့စနီးယန်းများကို အမေရိကန် နှင်ထုတ်မည်

    မတ် ၂၊ ၂၀၁၅
    M-Media

    aa

    – ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ် စစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော သံသယဖြင့် ဘောစနီးယန်းလူမျိုး အနည်းဆုံး ၁၅၀ ဦးကို တိုင်းပြည်မှနှင်ထုတ်ရန် အမေရိကန်အဏာပိုင်များက စဉ်းစားနေသည်ဟု နယူးယောက်တိုင်မ်းစ် သတင်းစာက စနေနေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါ ၁၅၀ တွင် အချို့မှာ ၁၉၉၅ ခုနှစ် ဆရဘ်ရန်စီယာဒေသတွင် ပြုလုပ်ခဲ့သော လူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ အမေရိကန်တွင် ဘော့စနီယားလူမျိုး ရာပေါင်းများစွာမှာ ၎င်းတို့၏ မေးခွန်းထုတ်ဖွယ်ကောင်းသော အတိတ်နှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သော စစ်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိမှုအတွက် စုံစမ်းစစ်ဆေးမှုများ ခံနေရသည်။

    ဘော့စနီးယားစစ်ပွဲပြီးနောက် ဘော့စနီးယားဒုက္ခသည် ၁၂၀၀၀၀ ခန့်မှာ အမေရိကန် ဗီဇာအတွက် လျှောက်ထားခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့၏ အတိတ်ဖြစ်ရပ်နှင့်ပတ်သက်၍ တိတိကျကျ စုံစမ်း စစ်ဆေးခဲ့ခြင်း မရှိပေ။

    ယခုအချိန်အထိ အမေရိကန်နိုင်ငံသားခံထားသူ အချို့အပါအ၀င် ဘော့စနီးယားမှ ပြောင်းရွှေ့အခြေချလာသူ ၃၀၀ ခန့်မှာ ၎င်းတို့၏ အတိတ်ဇာတ်ကြောင်းများအား လိမ်လည်ကာ အမေရိကန်သို့ ၀င်ရောက်ခဲ့ကြသည်ကို တွေ့ရှိထားသည်။ ထိုအရေအတွက်မှာ ၆၀၀ အထိတက်သွားနိုင်သည်ဟု တာဝန်ရှိသူများက နယူးယောက်တိုင်မ်းစ်သို့ ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ရှာလေလေ အထောက်အထားတွေ တွေ့လေလေပါပဲ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန စစ်ရာဇ၀တ်မှုဌာနခွဲမှ စုံစမ်းစစ်ဆေးသူနှင့် သမိုင်းပညာရှင်ဖြစ်သူ မိုက်ကယ် မက်ကွင်းက ပြောကြားခဲ့သည်။

    Ref: RT