အောက်တိုဘာ ၆၊ ၂၀၁၅
M-Media
– ဘော့စနီးယားမှ အသက် ၁၀ နှစ်အရွယ် မွတ်စလင်လူငယ်လေးတစ်ဦးမှာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ကျက်မှတ်နိုင်ခဲ့ပြီး နိုင်ငံအတွင်း အသက်အငယ်ဆုံး ဟာဖစ်ဇ် (ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်သူ) ဖြစ်လာခဲ့သည်။
“ကျွန်တော့်ရဲ့သား အဘ်ဒူရဟ်မန်ဟာ ကုန်အာန်ကျမ်းတော်မြတ်ရဲ့ ပထမဆုံးစာမျက်နှာကို ၃ ရက်နဲ့ အလွတ်ကျက်နိုင်ခဲ့ပါတယ်” ဟု ထိုကလေးငယ်၏ ဖခင်ဖြစ်သူ ဟမ်ဇာလီယာ တာဘာကိုဗစ်က World Bulletin သတင်းဌာနသို့ အောက်တိုဘာ ၆ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
အဘ်ဒူရဟ်မန်မှာ ကုရ်အာန်ကျမ်းတော်မြတ်ကို လွန်ခဲ့သည့် ၃ နှစ်မှစ၍ ကျက်မှတ်ခဲ့ပြီး၊ သားဖြစ်သူ၏ အစွမ်းအစကို သိသည့် တာဘာကိုဗစ်က ဒေသတွင်းရှိ ကုရ်အာန်သင်ကြားရေးကျောင်းသို့ ပို့ဆောင်အပ်နှံခဲ့သည်။
အောင်မြင်သော ဟာဖစ်ဇ်တစ်ယောက်ဖြစ်ရန်အတွက် ပေးဆပ်မှုများကို ပြင်ဆင်ထားရမည်ဟု အဘ်ဒူရဟ်မန်က ပြောကြားခဲ့သည်။
“ဟာဖစ်ဇ်တစ်ယောက်ဖြစ်ဖို့အတွက် ပေးဆပ်ရပါတယ်။ ကျမ်းတော်မြတ်ရဲ့ အချို့အစိတ်အပိုင်းတွေကို ကျွန်တော်
ကျက်မှတ်ရခက်တာမျိုး ရှိခဲ့ပါတယ်။ ဒါအတွက် သူငယ်ချင်းတွေနဲ့ ကုန်ဆုံးရမယ့်အချိန်ကို ပေးဆပ်ပြီး ကျက်မှတ်ခဲ့ရပါတယ်”
အတန်းပညာတွင် ၅ တန်းရောက်ပြီဖြစ်သည့် ၎င်းက အနာဂတ်တွင် အစ္စလာမ့်ရေးရာများကို သင်ယူလေ့လာရန် ဆန္ဒရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ကလေးငယ်များအား ငယ်ရွယ်စဉ်အခါတွင် ကုရ်အာန်ကျမ်းတော်မြတ်နှင့် အစ္စလာမ့်၏ စည်းမျဉ်းစည်းကမ်းများကို သင်ပေးမှုမှာ အစ္စလာမ်ဘာသာဝင် မိဘတိုင်းအတွက် အရေးကြီးသော တာဝန်ဝတ္တရားဖြစ်သည်ဟု သာသနာက သတ်မှတ်ထားသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော် စတင်ကျရောက်သည့် အချိန်မှစ၍ ယခုအချိန်အထိ ဗျည်းတစ်လုံး၊ သရတစ်လုံး အပြောင်းအလဲမရှိသည့် ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ခြင်းမှာ ကျမ်းတော်မြတ်အား ထိန်းသိမ်းမှုနည်းလမ်းများထဲမှ တစ်ခုလည်းဖြစ်သည်။
တမန်တော် မုဟမ္မဒ်သခင်ကလည်း “အသင်းတို့ထဲ၌ အမွန်မြတ်ဆုံးသောသူမှာ ကုရ်အာန်ကျမ်းတော်မြတ်အား သင်ယူပြီးသကာလ တစ်ခြားသူများအား ပြန်လည်သင်ကြားပို့ချပေးသောသူဖြစ်သည်” ဟု မိန့်မှာခဲ့သည်။
Ref: Onislam


Leave a Reply
You must be logged in to post a comment.