News @ M-Media

Tag: Brazil

  • ဘရာဇီးလ်တွင် တိုင်းရင်းသားလူမျိုးစုတစ်ခု မျိုးတုန်းပျောက်ကွယ်

    ဘရာဇီးလ်တွင် တိုင်းရင်းသားလူမျိုးစုတစ်ခု မျိုးတုန်းပျောက်ကွယ်

    သြဂုတ် ၃၀၊ ၂၀၂၂
    M-Media

    -ဘရာဇီးလ်နိုင်ငံ အမေဇုန်တောနက်ထဲမှာ နေထိုင်တဲ့ ဌာနေမျိုးနွယ်စုတစ်ခုက တစ်ယောက်တည်းကျန်တဲ့သူတစ်ဦး သေဆုံးသွားခဲ့ပြီး ဒါဟာ လူမျိုးတစ်မျိုး မျိုးတုန်းပျောက်ကွယ်သွားတာလည်း ဖြစ်ပါတယ်။

    ‘တွင်းနက်လူသား’ လို့ အမည်ပေးထားတဲ့ အဲဒီအမျိုးသားကို ဘိုလီဗီယားနယ်စပ် ‘တာနာရူ’ တိုင်းရင်းသားဒေသက တဲတစ်လုံးထဲမှာ သြဂုတ်လ ၂၃ ရက်နေ့က သေဆုံးလျက် တွေ့ခဲ့ရတာပါ။

    သူ့လူမျိုးတွေဟာ ၁၉၉၀ ပြည့်နှစ်တွေမှာ တရားမ၀င် သစ်ခုတ်တဲ့အဖွဲ့တွေ၊ သတ္တုတွင်းတူးတဲ့ အဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆုံး သူတစ်ယောက်တည်း ကျန်ခဲ့ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ကာ တောထဲမှာပဲ နှစ်ပေါင်း ၃၀ လောက် ပုန်းရှောင်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

    သူ့တဲနားတစ်၀ိုက်မှာ သားကောင်တွေ မလာအောင်နဲ့ သူ၀င်ပုန်းနိုင်ဖို့ ကျင်းတွေ အများအပြားတူးတာကို အစွဲပြုပြီး ဒီအမည် တွင်ခဲ့တာပါ။ သူ့ရဲ့ အမည်အရင်းကို မသိရပါဘူး။

    “သူသေသွားတာဟာ သူ့လူမျိုးစုကို လူမျိုးတုန်းသတ်ဖြတ်မှု ပြီးမြောက်သွားတာလို့ ပြောလို့ရပါတယ်။ မြေနဲ့ ချမ်းသာကြွယ်၀မှုကို အာသာငမ်းငမ်း တက်မက်လိုချင်ကြတဲ့ ခရိုနီလုပ်ငန်းရှင်တွေက လူမျိုးစုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သုတ်သင်မှုပါပဲ” လို့ Survival International အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး တာ၀န်ရှိသူ ဖီအိုနာ ၀ပ်စတန်က ပြောပါတယ်။

    ဘရာဇီးလ်အာဏာပိုင်တွေက ဒီအမျိုးသား ဘာ့ကြောင့်သေဆုံးရတယ်ဆိုတာ မှတ်ချက်မပေးခဲ့ဘဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

    မကြာသေးခင်ကပြုလုပ်တဲ့ အစိုးရ စစ်တမ်းတွေအရ ဘရာဇီးလ်မှာ ဌာနေတိုင်းရင်းသား မျိုးနွယ်စုပေါင်း ၃၀၀ ကျော်ရှိပြီး လူဦးရေက ၈ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။ ဘရာဇီးလ်နိုင်ငံရဲ့ လူဦးရေဟာ စုစုပေါင်း ၂၁၂ သန်း ရှိတာပါ။

    အဲဒီမျိုးနွယ်စုတွေရဲ့ ထက်၀က်ကျော်လောက်က အမေဇုန်တောနက်ထဲမှာ နေထိုင်ကြပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် မလုပ်ကြပါဘူး။ တရားမ၀င် သစ်လုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ကြတဲ့ ခရိုနီ လုပ်ငန်းရှင်တွေကြောင့် ဌာနေလူမျိုးစုတွေရဲ့ နယ်မြေတွေ ဆုံးရှုံးနေသလို သတ်ဖြတ်မှုလည်း ခံနေရပါတယ်။

    လက်ရှိ လက်ယာစွန်းရောက်သမ္မတ ဘိုလ်ဆိုနာရိုဟာ သစ်တောခုတ်ထွင်မှုကို အားပေးကာ လုပ်ပိုင်ခွင့်တွေ ချပေးတာကြောင့် ဘရာဇီးလ်က ဌာနေတိုင်းရင်းသားတွေရဲ့ ရှင်သန်ရေးဟာ ပိုမို ခြိမ်းခြောက်ခံလာရပါတယ်။

    Ref: AFP

  • လက်တင်အမေရိကဒေသ Covid-19 ဗဟိုချက်ဖြစ်လာ

    လက်တင်အမေရိကဒေသ Covid-19 ဗဟိုချက်ဖြစ်လာ

    မေ ၂၇၊ ၂၀၂၀
    M-Media

    -လက်တင်အမေရိကဒေသဟာ Covid-19 ကူးစက်ရာ အချက်အခြာနေရာတစ်ခု ဖြစ်လာပြီလို့ ပန်အမေရိက ကျန်းမာရေးအဖွဲ့ (PAHO) က သတိပေးလိုက်ပါတယ်။

    တစ်နေ့တာ ကူးစက်မှုအရေအတွက်မှာ လက်တင်အမေရိကဟာ ဥရောပနဲ့ အမေရိကန်တို့ကို ကျော်ဖြတ်သွားပြီဖြစ်ပါတယ်။ အမေရိတစ်တိုက်လုံးမှာ ကူးစက်သူ ၂.၄ သန်းရှိပြီး၊ သေဆုံးသူက ၁၄၃၀၀၀ ဦး ရှိနေတာပါ။

    လက်ရှိ ဘရာဇီးလ်၊ ပီရူးနဲ့ ချီလီနိုင်ငံတိုမှာ ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး PAHO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Carissa Etienne က ကန့်သတ်မှုလျော့ချတာ၊ ကာကွယ်ရေးဗျူဟာတွေ ရုပ်သိမ်းတာမျိုး မလုပ်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

    ပီရူးနှင့် ချီလီတို့မှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ကူးစက်မှုနှုန်းဟာ ကမ္ဘာ့အမြင့်ဆုံး ပမာဏဖြစ်ခဲ့ပြီး ချီလီမှာဆိုရင် အနည်းဆုံး အစိုးရဝန်ကြီး ၂ ဦးအထိ ကူးစက်ခဲ့ပါတယ်။

    “အခုအချိန်ဟာ အားတင်းထားပြီး သတိရှိရမယ့်အချိန်၊ ထိရောက်တဲ့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရမယ့်အချိန်ပါ။ အခြားဒေသတွေကနေပြီး ကျွန်မတို့ သင်ခန်းစာရထားတယ်။ ဘယ်ဟာက အလုပ်ဖြစ်လဲ၊ ဘယ်ဟာက အလုပ်မဖြစ်ဘူးလဲဆိုတာကိုလည်း ကျွန်မတို့ သိရှိထားတယ်။ ကျွန်မတို့ရဲ့ အခြေအနေမှာ ဒီအသိတွေကို ဆက်လက်ပြီး ထည့်သွင်းအသုံးချရပါလိမ့်မယ်” လို့ Carissa Etienne က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: CNN

  • ပတ်စ်ပို့အတု ကိုင်ဆောင်မှုဖြင့် ပါရာဂွေးတွင် ရော်နယ်ဒင်ဟို ဖမ်းဆီးခံရ

    ပတ်စ်ပို့အတု ကိုင်ဆောင်မှုဖြင့် ပါရာဂွေးတွင် ရော်နယ်ဒင်ဟို ဖမ်းဆီးခံရ

    မတ် ၇၊ ၂၀၂၀
    M-Media

    -ဘရာဇီးလ်ဘောလုံးအသင်းရဲ့ ဂန္တဝင်ကစားသမား ရော်နယ်ဒင်ဟိုဟာ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုနဲ့ ပါရာဂွေးနိုင်ငံမှာ အခုတစ်ပတ်အတွင်း ဖမ်းဆီးခံလိုက်ရပါတယ်။

    အသက် ၃၉ နှစ်အရွယ် ရော်နယ်ဒင်ဟိုနဲ့ ညီဖြစ်သူ အလ်ဘာတို အက်စစ်တို့ဟာ ဗုဒ္ဓဟူးနေ့က ပါရာဂွေးနိုင်ငံကို ရောက်ရှိချိန် နိုင်ငံကူးလက်မှတ်အတုကိစ္စနဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရတာပါ။ ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာ​ကြောင့် အာဏာပိုင်တွေက ဖမ်းဆီး​ခြင်းမပြုဘဲ အခြားပြစ်ဒဏ်တစ်ခုပေးကာ ပြန်လွှတ်ခဲ့ပါတယ်။

    ဒါပေမယ့် ဒီလွှတ်ပေးမှုကို တရားရေးဌာနက ပယ်ချခဲ့ပြီး ဖမ်း၀ရမ်းထုတ်ခဲ့တာကြောင့် သောကြာနေ့မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။ ​ရော်နယ်ဒင်ဟိုရဲ့ရှေ့နေ ဆာဂျီယို ကွီရို့ဇ်က ဖမ်းဆီးခံရမှုကို အတည်ပြုခဲ့ပါတယ်။

    ပါရာဂွေးကာစီနိုသူဌေးတစ်ယောက်ရဲ့ ဖိတ်ကြားမှုကြောင့် ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံကို သွားရောက်ခဲ့တာ​ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်မှုအတွက် သူဟာ စနေနေ့မှာ တရားရင်ဆိုင်ရဖို့ ရှိ​နေပါတယ်။

    တစ်ချိန်က ကမ္ဘာကျော်ဘောလုံးသမားဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ ၂၀၁၅ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူခဲ့ပေမယ့် သူ့ရဲ့ ဘောလုံးကျွမ်းကျင်မှု၊ ကျော်ကြားမှုတွေကြောင့် အခုအချိန်အထိ​ ဘောလုံးပရိတ်သတ်တွေကြားမှာ နာမည်ကျော်ကြားဆဲ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဘရာဇီးလ်မှ အမေဇုန်ကာကွယ်ရေး ဌာနေအဖွဲ့ခေါင်းဆောင် အသတ်ခံရ

    ဘရာဇီးလ်မှ အမေဇုန်ကာကွယ်ရေး ဌာနေအဖွဲ့ခေါင်းဆောင် အသတ်ခံရ

    နိုဝင်ဘာ ၄၊ ၂၀၁၉
    M-Media

    သေဆုံးသွားသူ Paulo Paulino Guajajara

    -ဘရာဇီးလ်နိုင်ငံက အမေဇုန်တောထဲမှာနေထိုင်တဲ့ ဌာနေလူမျိုးစုတစ်ခုရဲ့ အမေဇုန် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ တရားမဝင်သစ်ခုတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

    သေဆုံးသူဟာ Paulo Paulino Guajajara ဆိုသူဖြစ်ပြီး မာရန်ဟိုပြည်နယ်က Arariboia ဌာနေ သစ်တောကြိုး၀ိုင်းကို ကာကွယ်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။

    သောကြာနေ့က အမဲလိုက်ခရီးသွားစဉ်အတွင်း တရားမဝင် သစ်ခုတ်သမားတွေရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရခဲ့ပြီး မျက်နှာကို သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ Guajajara မျိုးနွယ်စု ခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    ဘရာဇီးလ် ပြည်သူ့လုံခြုံရေးဝန်ကြီး ဆာဂျီယိုမိုရိုက ကျူးလွန်သူတွေကို အရေးယူနိုင်ရေး ဖက်ဒရယ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘရာဇီးလ်နိုင်ငံက အကြီးမားဆုံး ဌာနေလူမျိုးစုတိုင်းရင်းသားတွေထဲမှာ ပါဝင်ပြီး လူဦးရေ ၂ သောင်းလောက်ရှိတဲ့ Guajajaras လူမျိုးစုတွေဟာ ၂၀၁၂ ခုနှစ်ကစလို့ သစ်တောကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ပုံမှန်ကင်းလှည့်မှုတွေ ဆောင်ရွက်ခဲ့တာပါ။

    ဒါပေမယ့် တရားမဝင် သစ်ခုတ်သမားတွေ၊ သတ္တုတူးဖော်ရေးသမားတွေနဲ့ မကြာခဏ အချေအတင် ဖြစ်လေ့ရှိပါတယ်။ အခုနှစ်မှာ အာဏာရခဲ့တဲ့ လက်ယာစွန်းသမ္မတ ဂျာအီရ် ဘိုလ်ဆိုလ်နာရိုက ဌာနေလူမျိုးစုတွေရဲ့ နေရာတွေမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ခွင့်ပေးမယ်လို့ ပြောကြားပြီးတဲ့နောက် အမေဇုန်မှာ တရားမဝင်လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ကျူးကျော်မှုက တိုးမြင့်လာခဲ့ပါတယ်။

    ဌာနေလူမျိုးစုတွေထဲက အမေဇုန်ကာကွယ်ရေးအဖွဲ့တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတေ ကြုံတွေ့လာခဲ့ရပြီး ကင်းလှည့်တဲ့အခါ ကျည်ကာအင်္ကျီတွေ ဝတ်ဆင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမေဇုန်ကို ကာကွယ်ရေး G7 နိုင်ငံများ ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်း

    အမေဇုန်ကို ကာကွယ်ရေး G7 နိုင်ငံများ ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်း

    သြဂုတ် ၂၇၊ ၂၀၁၉
    M-Media

    -အမေဇုန်သစ်တောကြီး မီးလောင်နေမှုကို တားဆီးနိုင်ရေးနဲ့ ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် ကန်ဒေါ်လာ သန်း ၄၀ ကျော် လှူဒါန်းသွားမယ်လို့ G7 နိုင်ငံတွေက မနေ့မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။

    ဘရာဇီးလ်က အမေဇုန်သစ်တောကြီးမှာ တောမီးလောင်မှုဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကတည်းက စတင်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ မီးလောင်မှု နောက်ထပ် ၁၁၁၃ ခု ဖြစ်ပွားတယ်လို့ ဘရာဇီးလ် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    G7 ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံမှာ ပြုလုပ်နေတာဖြစ်ပြီး အဖွဲ့အနေနဲ့ အမေဇုန်အတွက် ကန်ဒေါ်လာ သန်း ၂၀၊ ဗြိတိန်နဲ့ ကနေဒါတို့က သီးသန့် ၁၂ သန်းနဲ့ ၁၁ သန်းစီ ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားခဲ့တာပါ။ ကနေဒါဟာ မီညှိမ်းသတ်ဖို့အတွက် မီးသတ်လေယာဉ်တွေ လွှတ်ပေးဖို့လည်း ရှိနေပါတယ်။

    ဘရာဇီးလ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ရီကာဒို ဆာလက်စ်က ဒီလို ကူညီမှုကို ကြိုဆိုကြောင်း ရရှိငွေတွကို ဘယ်လိုအသုံးပြုသွားမလဲဆိုတာ ဘရာဇီးလ်က ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    တောင်အမေရိကက နိုင်ငံပေါင်း ၉ နိုင်ငံလောက်မှာ ပြန့်နှံ့နေတဲ့ အမေဇုန် သစ်တောကြီးဟာ ကမ္ဘ္ဘာ့ ရာသီဥတုကို ထိန်းသိမ်းပေးရာမှာ အဓိကကျတဲ့ သစ်တောကြီး ဖြစ်ပါတယ်။ လူသားတွေ ရှူရှိုက်နေတဲ့ အောက်ဆီဂျင်ရဲ့ ၂၀ ရာခိုင်နှုန်းကို ထုတ်ပေးပြီး ရေချိုရင်းမြစ်ရဲ့ ၂၀ ရာခိုင်နှုန်းကိုလည်း အမေဇုန်က ထိန်းသိမ်းပေးထားပါတယ်။

    ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုအတွင်း အမေဇုန်သစ်တော ထိန်းသိမ်းကာကွယ်ရေးအတွက် ကမ္ဘ္ဘာ့နိုင်ငံတွေက စုစုပေါင်း ကန်ဒေါ်လာ ၁ ဘီလီယံကျော် လှူဒါန်းခဲ့ကြပါတယ်။ လှူဒါန်းမှု အများစု ပြုလုပ်ခဲ့တဲ့ ဂျာမနီနဲ့ နော်ဝေတို့က ဘရာဇီးလ်အစိုးရဟာ အမေဇုန်ကာကွယ်ရေးကို ကောင်းမွန်စွာ မဆောင်ရွက်နိုင်ဘူးလို့ဆိုကာ လှူဒါန်းမှုကို မကြာသေးခင်ကပဲ ရပ်ဆိုင်းခဲ့ပါတယ်။

    လက်ရှိ ဖြစ်ပွားနေတဲ့ အမေဇုန်သစ်တော မီးလောင်မှုအတွက် ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရိုကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။

    Ref: Aljazeera