News @ M-Media

Tag: Bundesliga 2016-17

  • ၅ နှစ်ဆက် လိဂ်ချန်ပီယံအဖြစ် ဘိုင်ယန်မြူးနစ် သမိုင်းသစ်ရေးထိုး

    ၅ နှစ်ဆက် လိဂ်ချန်ပီယံအဖြစ် ဘိုင်ယန်မြူးနစ် သမိုင်းသစ်ရေးထိုး

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – ဂျာမနီထိပ်သီး ဘိုင်ယန်မြူးနစ်မှာ ယမန်နေ့က ၀ုလ်ဖ်ဘာ့ဂ်အသင်းအား ၆ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ၅ နှစ်ဆက် ဘွန်ဒစ်လီဂါချန်ပီယံ ဖြစ်လာခဲ့သည်ဟု သိရသည်။

    ရာသီပြီးဆုံးရန် ၃ ပွဲ လိုသေးသော်လည်း ဘိုင်ယန်မှာ ဒုတိယနေရာမှ လီအစ်ပ်ဇစ်အသင်းအား ၁၀ မှတ် ဖြတ်ထားနိုင်သောကြောင့် ချန်ပီယံဖြစ်လာခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါသမိုင်းတွင် ပထမဆုံး ၅ နှစ်ဆက် ချန်ပီယံအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့သည်။

    ဥရောပ ထိပ်တန်းလိဂ် ၅ ခုတွင် ၄ ခု၏ ဆုဖလားများကို ပထမဆုံး ရယူနိုင်သူ ဖြစ်လာသည့် ဘိုင်ယန်နည်းပြ အန်ဆယ်လော့တီက ယခုတွေ့အကြုံမှာ မိမိအတွက် ထူးခြားသည့် အတွေ့အကြုံဖြစ်ကာ၊ အသင်းကိုလည်း ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    “ကြီးကျယ်တဲ့ကစာသမားတွေနဲ့ တစ်ရာသီလုံး ကျွန်တော်တို့ကို အုပ်အော်သောင်းနင်း အားပေးခဲ့တဲ့ ပရိတ်သတ်တွေ ရှိနေတဲ့ ဒီအသင်းကို ရောက်လာတာကိုက ကျွန်တော် ကံကောင်းတာပါ။ ကျွန်တော်တို့ဟာ ချန်ပီယံဘွဲ့နဲ့ ထိုက်တန်ပြီး ကောင်းကောင်းလည်း ကစားနိုင်ခဲ့ပါတယ်”

    အေစီမီလန်၊ ရီးယဲလ်နှင့် ချန်ပီယံလိဂ်ဖလားများကို ရရှိခဲ့ဖူးသည့် အန်ဆယ်လော့တီမှာ လက်ရှိတွင် အသင်း၏ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအတွက် ဦးဆောင်ရတော့မည်ဖြစ်သည်။

    Ref: BBC

  • ဂျာမနီတိုက်စစ်မှူး ကလိုဆေး ဘေလုံးလောကမှ အနားယူပြီ

    ဂျာမနီတိုက်စစ်မှူး ကလိုဆေး ဘေလုံးလောကမှ အနားယူပြီ

    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media

    klose

    – ဂျာမနီအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်တွင် ဂိုးအများဆုံးသွင်းယူထားသူ တိုက်စစ်မှူး မီရိုဆလက်ဗ် ကလိုဆေးမှာ ဘောလုံးလောကမှ အနားယူသွားပြီဟု သိရသည်။

    ၂၀၁၅-၁၆ ခုနှစ် ဘောလုံးရာသီအပြီး လာဇီယိုအသင်းနှင့် သက်တမ်းကုန်သွားခဲ့သည့် အသက် ၃၈ နှစ်အရွယ် ကလိုဆေးမှာ ပြီးခဲ့သည့်လများအတွင်း အမေရိကန်မေဂျာလိဂ်မှ အသင်းများနှင့် ဆက်သွယ်မှုရှိခဲ့သော်လည်း နောက်ဆုံးတွင် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ဂျာမနီလက်ရွေးစင်အသင်းတွင် နေရာတစ်နေရာ ယူမည်ဖြစ်ပြီး အနာဂတ်တွင် နည်းပြအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ဂျာမနီလက်ရွေးစင်နည်းပြ ဂျိုအာချင်းလိုနှင့် အားကစားဒါရိုက်တာ ဟန်ဆီ ဖလစ်တို့၏ လက်အောက်တွင် သင်ယူသွားမည်ဖြစ်သည်။

    “နိုင်ငံအသင်းနဲ့ ရရှိခဲ့တဲ့ ကြီးကျယ်တဲ့အောင်မြင်မှုကို ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ အဲဒီအချိန်တွေဟာ ကြီးကျယ်ပြီး ကျွန်တော့်အတွက် မေ့လို့မရတဲ့ အချိန်ပါပဲ။ ဒါ့ကြောင့်ပဲ လက်ရွေးစင်အသင်းကို ကျွန်တော် ပျော်ရွှင်စွာ ပြန်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်က နည်းပြလိုမျိုး အခြားနည်းလမ်းတစ်ခုနဲ့ ကွင်းအတွင်းမှာ ဆက်နေဖို့ အတွေးဟာ ကျွန်တော့်စိတ်ထဲ ရောက်လာခဲ့ပါတယ်။ ကျွန်တော်ကစားခဲ့တဲ့အချိန်မှာ နည်းစနစ်ပိုင်းတွေကို တိုးတက်အောင် လုပ်ရတာ၊ ပွဲအတွက်ပြင်ဆင်ရတာ၊ ပွဲဘာဖြစ်မလဲဆိုတာကို သုံးသပ်ရတာတွေကို ကျွန်တော် နှစ်ခြိုက်ခဲ့ပါတယ်” ဟု ကလိုဆေးက ပြောကြားခဲ့သည်။

    ကလိုဆေးမှာ ၎င်း၏ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ကို ဟွမ်ဘာ့ဂ်အသင်းတွင် စတင်ခဲ့ပြီး ကိုင်ဇာစလော့တန်၊ ၀ါဒါဘရီမင်၊ ဘိုင်ယန်မြူးနစ်နှင့် လာဇီယိုအသင်းတို့တွင် ကစားသမားဘ၀ကို ဖြတ်သန်းခဲ့သည်။ ဘိုင်ယန်ကစားသမားဘ၀မှာ ကလိုဆေး၏ အအောင်မြင်ဆုံးအချိန်ဖြစ်ပြီး ဘွန်ဒစ်လီဂါ ၂ ကြိမ်၊ ဂျာမန်ရှုံးထွက်ဖလား ၂ ကြိမ် ရရှိခဲ့သည်။

    ကလိုဆေးမှာ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ဘွန်ဒစ်လီဂါ ထိပ်တန်းဂိုးသွင်းဘုရင်ဆု ရရှိခဲ့သည်။

    ဂျာမနီလက်ရွေးစင်အသင်းအတွက်မူ ကလိုဆေးမှာ ၁၃၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီး လိုသာ မားသက်စ်ပြီးနောက် ဒုတိယ ပွဲအများဆုံး ကစားထားသည့် ကစားသမား ဖြစ်သည်။ ထို့ပြင် နိုင်ငံအသင်းအတွက် ၇၁ ဂိုးသွင်းကာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည်။

    ၂၀၁၄ ခုနှစ်တွင် ဂျာမနီနှင့် ကမ္ဘာ့ဖလားကို ရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဒုတိယ ရရှိခဲ့သည်။ ကမ္ဘာ့ဖလားတွင် ၄ ကြိမ်ပါဝင်ကစားခွင့်ရခဲ့သည့် ကလိုဆေးမှာ ၁၆ ဂိုးသွင်းနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်တွင် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    Ref : Goal

  • ဘိုင်ယန်အား ဝေဖန်မှုမှာ တရားမဲ့သည်ဟု မူလာပြော

    ဘိုင်ယန်အား ဝေဖန်မှုမှာ တရားမဲ့သည်ဟု မူလာပြော

    အောက်တိုဘာ ၆၊ ၂၀၁၆
    M-Media

    muller

    – လတ်တလော ရလဒ်ဆိုးဝါးမှုများအတွက် အသင်းအား ဝေဖန်မှုများမှာ တရားမျှတမှုမရှိဟု ဘိုင်ယန်မြူးနစ်၏ ပါရင့်ကစားသမား သောမတ်စ် မူလာက ပြောကြားလိုက်သည်။

    နည်းပြသစ် အန်ဆယ်လော့တီလက်ထက်တွင် ဘိုင်ယန်မှာ ပြိုင်ပွဲအားလုံးတွင် ၈ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ်ပွဲတွင် အက်သလက်တီကိုအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဘွန်ဒစ်လီဂါတွင်လည်း အိမ်ကွင်းတွင် ၁ ဂိုးစီ သရေကျခဲ့သည်။

    မူလာက ထိုရလဒ်ဆိုးရွားမှုများအတွက် တုန့်ပြန်မှုများမှာ လွန်ကျူးနေသည်ဟု ဆိုသည်။

    “ဘိုင်ယန်မှာ နည်းပြသစ်နဲ့ ကျွန်တော်တို့ ပထမ ၈ ပွဲကို နိုင်အောင် ကစားနိုင်ခဲ့ပါတယ်။ ၂ ပွဲလောက် ဆက်တိုက်မနိုင်တာနဲ့ နေလို့ကို မရတော့ပါဘူး။ ကျွန်တော်တို့မှာ တက်ကြွမှု မရှိဘူးလို့ မခံစားရပါဘူး” ဟု မူလာက ပြောကြားခဲ့သည်။

    အန်ဆယ်လော့တီမှာ ပက်ဂွါဒီယိုလာနှင့်ယှဉ်ပါက လျော့တိလျော့ရဲဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး မူလာကမူ ထိုမှတ်ချက်မှာ အခြေအမြစ်မရှိဟု ဆိုသည်။

    “သူ့ရဲ့ သဘာဝက အကျပ်အတည်းဆိုက်လာတဲ့အခါမှာ ကောင်းမွန်ပြီး၊ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူက အရမ်းတင်းကျပ်တာကို ခွင့်မပြုဘူးလေ”

    Ref: Goal

  • ဂျာမန်ကလပ်အသင်းက ၎င်းတို့၏ကွင်းကို ပရိတ်သတ်တစ်ဦး၏ အမည်ပေး

    ဂျာမန်ကလပ်အသင်းက ၎င်းတို့၏ကွင်းကို ပရိတ်သတ်တစ်ဦး၏ အမည်ပေး

    စက်တင်ဘာ ၅၊ ၂၀၁၆
    M-Media

    bundesliga

    – ဘွန်ဒစ်လီဂါ ကလပ်အသင်းတစ်ခုဖြစ်သည့် Damstadt က ကင်ဆာဖြင့် သေဆုံးသွားခဲ့သော ပရိတ်သတ်တစ်ဦးကို ဂုဏ်ပြုသောအားဖြင့် ကွင်းအမည်အား ၎င်း၏အမည်သို့ ပြောင်းလဲခဲ့သည်ဟု သိရသည်။

    သေဆုံးခဲ့သူမှာ ဂျိုနသန် ဟိုင်းမက်စ်ဆိုသူဖြစ်ပြီး အသင်းကွင်းအား ၎င်း၏အမည် ပြောင်းပေးရန်အတွက် ကွင်း၏ စပွန်ဆာဖြစ်သော Merck နှင့် သဘောတူညီချက်ကိုလည်း ရယူနိုင်ခဲ့သည်။ ဟိုင်းမက်စ်မှာ ဆယ်ကျော်သက်အရွယ်ကတည်းက ကင်ဆာရောဂါကို ခံစားခဲ့ရခြင်းဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ပြီးခဲ့သည့် မတ်လက သေဆုံးသွားခဲ့သည်။

    ယခုအချိန်မှစ၍ ရာသီကုန်အထိ အသင်း၏ကွင်းအား Jonathan-Heimes-Stadion am Bollenfalltor ဟု ခေါ်ဆိုသွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်မှုမှာ ကင်ဆာရောဂါ ခံစားနေရသည့် ကလေးငယ်များအား ကူညီထောက်ပံ့မှု ပြုလုပ်နေသည့် အကျိုးအမြတ်မယူသော Du Musst Kampfen အဖွဲ့အား ပံ့ပိုးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

    “ကျွန်တော့်သား အလွန် ချစ်မြတ်နိုးတဲ့၊ အားပေးတဲ့အသင်းရဲ့ကွင်းကို သူ့နာမည်ပေးဖို့အတွက် Merck က ခွင့်ပြုတာဟာ ကြီးကျယ်တဲ့ ဆောင်ရွက်ချက်တစ်ခုပါပဲ။ ဒီလိုနည်းလမ်းနဲ့ Du Musst Kampfen အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို လူတွေ ပိုသိလာမှာပါ” ဟု ဟိုင်းမက်စ်၏ ဖခင်ဖြစ်သူ မာတင်က ပြောကြားခဲ့သည်။

    အသင်းခေါင်းဆောင် အေတက် ဆူလူကလည်း ထိုကဲ့သို့ ကွင်းအမည်ပြောင်းလဲလိုက်ခြင်းက အသင်းတန်းဆင်းရမည့် အခြေအနေမှ ရှောင်လွှဲနိုင်ရေး တွန်းအားတစ်ခု ဖြစ်လာမည်ဟု ဆိုသည်။

    Ref: Goal